一个钢镚儿(A lucky coin)
အပိုင်း၁၀၀
အစက ချူးယိ၏ အာရုံအများစုမှာ ယမ့်ဟန်ခန္ဓာကိုယ် အပေါ်တွင်သာ ရှိနေပြီး ၊ ကျန်နေသည့် အာရုံနည်းနည်းကို ယမ့်ဟန်အစား ဦးလေးယမ့်ကို လေ့လာဖို့ ချန်ထားခဲ့သည်။တစ်ခြားအကြောင်းအရာများကို သူ စဥ်းစားနေဖို့ မအားပေ။
အခုမှ ရုတ်တရက်ကြီး အသိပြန်၀င်လာရာ ၊ နောက်ကျနေသည့် စိုးရိမ်မှုများက ချက်ချင်းဆိုသလို သူ့နောက်ကျောအား ချွေးများဖြင့် စိုရွှဲသွားစေသည်။
ဦးလေးယမ့် ခေါင်းလှည့်ကြည့်လာသည့် အချိန်၌ ၊ ယမ့်ဟန်က သူ၏ လက်က်ို ဆုပ်ကိုင်ထားပြီး အရိုးချိုးသိုင်းကွက် လေ့ကျင့်နေသည်ကို ထပ်ပြီး တွေးမိသွားရာ......မင်းတို့နှစ်ယောက်က come out လုပ်တာလည်း လုပ်ပေါ့ ၊ ဘယ်လို့ဖြစ်ပြီး တရားရုံး တံခါးမကြီးအထိ လာပြီး ရှိုးလာပြနေကြတာလဲဟု ဦးလေးယမ့် ထင်သွားမလားတော့ မသိပေ။
အရမ်းကို ရဲတင်းနေတာပဲ။
ချူးယိမှာ ယမ့်ဟန်ကို စိုက်ကြည့်နေမိပြီး ၊ စိတ်ခံစားချက်များက နိမ့်လိုက် မြင့်လိုက်ဖြင့် အမျိုးမျိုး ပြောင်းလဲနေကာ ၊ အချိန်အတော်ကြာသည်အထိ စကားပင် မပြောနိုင်တော့ပေ။
"နှစ်လှမ်းလောက် လျှောက်ကြည့် ၊ ငါ ကြည့်ကြည့်မယ်"
ယမ့်ဟန်က ရယ်၍ ပြောလိုက်သည်။
"လမ်းလျှောက်လို့ ရသေးလား?"
"မင်း သတ်,သတ္တိရှိရင် ခေါင်းလှည့်,ကြည့်လိုက်လေ"
ချူးယိက ပြောလိုက်သည်။
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက် စုတ်သတ်လိုက်ပြီး :
"မဟုတ်တာတွေ တတ်နေပြီပဲ"
ချူးယိမှာ ရယ်လိုက်မိသည်။
ယမ့်ဟန်မှာ ခေါင်းလှည့်မကြည့်ရဲပေ။ဦးလေးယမ့်က အခု ၀င်သွားပြီဆိုတာကို သိနေတာတောင်မှ ၊ စောင့်ရှောက်ရန် လိုက်လာပေးသည့် ကားလည်း မောင်းထွက်သွားခဲ့ပြီ ဖြစ်တာတောင်မှ ၊ သူ ခေါင်းလှည့် မကြည့်ရဲပေ။
ဒီလို ခံစားချက်မျိုးကို ချူးယိ မခံစားဖူးပေ။အခု ယမ့်ဟန်စိတ်ထဲတွင် သေချာပေါက် ခံစားချက်မျိုးစုံ ရှိနေမည် ဆိုတာကိုသာ သိသည်။
နှစ်ယောက်လုံး ဘာမှ ထပ်မပြောဖြစ်ကြတော့ပေ။တရားရုံး အဆောက်အဦးကြီး၏ အပြင်ဘက်ရှိ လှေကားအောက်တွင် ထိုပုံစံအတိုင်း ရပ်နေရင်း ငေးငိုင်နေမိကြသည်။
အချိန်အတော်ကြာအောင် ငေးငိုင်နေပြီးကာမှ ၊ ယမ့်ဟန်က စကားတစ်ခွန်း ဆိုလိုက်သည်။ :
"သွားကြစို့ ၊ ဘယ်လိုပဲဖြစ်ဖြစ် လူကိုလည်း တွေ့ပြီးသွားပြီပဲ ၊ ဒီနေရာမှာ စောင့်နေစရာ မလိုတော့ဘူး"
"သြော"
ချူးယိက ကိုယ်ကိုလှည့်လိုက်ပြီး ၊ ယမ့်ဟန်နှင့်အတူ အပြင်ဘက်ဆီ ဖြေးဖြေးချင်း လျှောက်လာခဲ့လိုက်သည်။အခု ဘာလူထုကြားနာမှုမှ ရှိမနေတာကြောင့် ၊ တရားရုံးတစ်ခုလုံး လူတစ်ယောက်မှ မရှိပေ။သူတို့နှစ်ယောက် ဒီနေရာမှာ ရပ်နေခြင်းက တော်တော်လေး မျက်စိစပါးမွှေး စူးချင်စရာ ဖြစ်နေမှာပင်။တံခါးမကြီးဆီ ရောက်ခါနီး အချိန်ကျမှသာ သူ အနောက်ကို တစ်ချက်ပြန်လှည့်လိုက်ပြီး :
"ထွက်,ထွက်လာတဲ့ အချိန်ကျ နောက်တစ်ခေါက်လောက် ထပ်,ကြည့်ဖို့ မစောင့်တော့ဘူးလား?"
ယမ့်ဟန်က ကျစ်ခနဲ တစ်ချက်စုတ်သတ်လိုက်ပြီး :
"ငါက သနားစရာ ပုံစံလေးနဲ့ စောင့်နေရဦးမှာလား ၊ ငါ အပြင်မှာ ဒီလောက်အကြာကြီး ရပ်နေတယ်ဆိုတာကို သူသာ တွေ့သွားလို့ကတော့ ၊ သေအောင် အရယ်ခံရမှာ ၊ သူ့ကို ဒီအခွင့်အရေးမျိုး ပေးလို့ မဖြစ်ဘူး"
"ဟုတ်ပါတယ်လေ"
ချူးယိက ရယ်၍ ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို တ,တကယ်လို့ ရှေ့နေ,လျုံက အရမ်းတော်,တော်လို့ ၊ အပြစ်ကင်းသွားတယ်ဆိုရင် ၊ ဒီ,ဒီနေ့ ထွက်,လာနိုင်မှာလား?"
"လောင်ချွေးပြောတာကတော့"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒီလိုအမှုမျိုးက တရားရုံးမှာပဲ ဆုံးဖြတ်ချက်ကို မကြေငြာဘူးတဲ့ ၊ ရက်သတ်မှတ်ရဦးမှာ ၊ သတ်မှတ်ရက်ကို ဆုံးဖြတ်ပြီးလို့ ကြေငြာပြီးသွားတဲ့အချိန်ကျမှ ၊ တကယ်လို့ အပြစ်ကင်းတယ်ဆိုရင် ၊ အဲ့အချိန်ကျမှ လွှတ်ပေးမှာ"
"အာ"
ချူးယိက စဥ်းစားလိုက်ပြီး
"ဒါဆို ဒီမြို့,မှာ စောင့်နေမှာလား?"
"မစောင့်တော့ဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်းက မနက်ဖြန် ပြန်ပြီး အလုပ်သွားရဦးမှာ ၊ မင်း ပိုက်ဆံမရှာတော့ရင် ၊ ငါတို့နှစ်ယောက် ငတ်သေသွားလိမ့်မယ် ၊ ငါက သိပ်မကြာခင် စာမေးပွဲဖြေရတော့မှာ"
"ဒါဆို လွှတ်ပေးတယ်ဆိုရင် လာ,ကြိုဦးမှာလား?"
ချူးယိက မေးလိုက်သည်။
ယမ့်ဟန်က သက်ပြင်းချလိုက်ပြီး ၊ ချူးယိကို ကြည့်လိုက်သည်။ :
"မင်း တကယ် စိတ်ပူတတ်တာပဲ"
"ငါက တစ်ခြားသူကို စိတ်ပူနေတာမှမ,ဟုတ်တာ"
ချူးယိက ပြောလိုက်သည်။
"မကြိုတော့ဘူး ၊ လောင်ချွေးရဲ့ သဘောကတော့ သူ လူကိုခေါ်ပြီး ပြန်လာရင် ရပြီတဲ့"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ့အဖေဆိုတဲ့ လူကလည်း ၊ ဒီလို အချိန်အကြာကြီးနေမှ ပြန်တွေ့ရလို့ မျက်ရည်မျက်ခွက် ဖြစ်နေတဲ့ အခြေအနေမျိုးကို အသားမကျဘူး"
"သိပါပြီ"
ချူးယိက ရယ်လိုက်ပြီး
"ဒါဆိုလည်း ပြန်ကြတာပေါ့"
ယမ့်ဟန်မှာထားသည့် လက်မှတ်မှာ ညသန်းခေါင် အချိန်ဖြစ်သည်။ပထမအချက်မှာ တရားရုံးစတာ ပြီးဆုံးသွားသည့် နောက်တွင် ချွေးယိ ၊ ရှေ့နေလျုံတို့နှင့် တွေ့ဆုံကာ အခြေအနေကို စုံစမ်းချင်လို့ ဖြစ်ပြီး ၊ ဒုတိယအချက်မှာ ညသန်းခေါင် အချိန် လက်မှတ်က စျေးပေါလို့ပင်။
ဒုတိယအချက်ကိုတော့ ၊ ချူးယိ သံသယ ဖြစ်နေမိသည်။
"မင်းက စျေး,စျေးပေါတာကို ဂရုစိုက်မှာ မဟုတ်လောက်ပါဘူး"
ချူးယိက ပြောလိုက်သည်။
"မ,မနက်ဖြန် ငါအလုပ်သွားလို့ရအောင် မင်းက လောနေတာပါ"
"အဲ့ဒါက အတူတူပဲ မဟုတ်ဘူးလား"
ယမ့်ဟန်က လက်ချောင်းနှစ်ချောင်း ထောင်ပြလိုက်ပြီး
"နှစ်ချက်စလုံးက ပိုက်ဆံကို ခြွေတာ တာပဲလေ ၊ လက်မှတ်ဖိုးလည်း ခြွေတာနိုင်တယ် ၊ တစ်ရက် အလုပ်ပိုလုပ်နိုင်တော့ တစ်ရက်စာပိုက်ဆံ ပိုရှာနိုင်သေးတယ်"
"......ဟုတ်လား?"
ချူးယိမှာ ယမ့်ဟန်ကို ကြည့်လိုက်မိသည်။
"တကယ့်ကို ဟုတ်တာပေါ့"
ယမ့်ဟန်က ပြောလိုက်သည်။
"ငွေ,ငွေကြေးထောက်ပံ့မယ့် သခင်ကို ကျွန်ခံဖို့ အရင်ဆုံးရွေး,ရွေးခဲ့တာ ဘယ်,သူလဲ"
ချူးယိက ပြောလိုက်သည်။
"မော်တော်ကားပြုပြင်တဲ့ ငွေကြေးထောက်ပံ့သူကို ရှာတာကလည်း ငါပဲ ရှိတာ"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါသာ နည်းနည်းပါးပါး ဖိအားမပေးရင် ၊ နောက်ဆို ထမင်းတောင်းစားရတော့မှာ"
ချူးယိမှာ ရယ်လိုက်မိသည်။ယမ့်ဟန်လည်း ချူးယိနှင့် အတူတူ အတော်ကြာအောင် လိုက်ရယ်မိသွားသည်။
တရားရုံး စသည့် အချိန်က အမှန်တော့ သိပ်မကြာပေ။ချူးယိ တွေးထားသည်ထပ် အချိန်တိုတောင်းလှသည်ပင်။
သူနှင့် ယမ့်ဟန်မှာ နေ့လည်၌ ဟော်တယ်တွင် အဆင်ပြေတာ နည်းနည်းပါးပါး စားနေကြချိန်တွင် ၊ ချွေးယိနှင့် ရှေ့နေလျုံတို့ ပြန်ရောက်လာခဲ့ကြသည်။
"ငါ သူတို့အခန်းမှာ စကား သွားပြောလိုက်ဦးမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်း အရင်ဆုံး ခဏလောက် အိပ်နေလိုက်ဦး"
"အင်း"
ချူးယိက အသံတစ်ချက် ပြန်ပေးလိုက်သည်။
အမှန်တော့ သူလည်း အတူတူ လိုက်သွားချင်မိသည်။သို့သော်လည်း သိပ်ပြီး မသင့်တော်ဘူးဟု တွေးမိသွားပြန်သည်။
အဓိက အချက်မှာ ဒီတရားရုံးစတာက မနက်ကနေ ညနေအထိ ကြာလိမ့်မည်ဟု သူ ထင်ထားမိခြင်းပင်။ထိုသို့မဟုတ်ပါက ၊ ဒီနှစ်တွေ အတွင်း စိုက်ထုတ်ခဲ့သည့် ဦးလေးယမ့်၏ အင်အားများ ၊ မှားလား မှန်လား ဆိုသည်ကို ဘေးလူတွေ နားမလည်နိုင်လောက်သည့် ကိစ္စများကို ......ရှင်းအောင် မပြောပြနိုင်လောက်ပေ။
သူ့အနေနှင့် ကြည့်ရလျှင် ဦးလေးယမ့်က ကိစ္စနှစ်ခုစလုံးတွင် ဆွဲသွင်းခံလိုက်ရသည့် သံသရှိသူ တစ်ယောက်သာ မကပဲ ၊ ပုံပြင်စာအုပ် တစ်အုပ်နှင့်လည်း တူသည်ပင်။စာအုပ်ကို လှန်ပြီး တစ်မျက်နှာချင်း မဖတ်ပါက ၊ သေသေချာချာ မသိနိုင်လောက်ပေ။
ယမ့်ဟန် ချွေးယိအခန်းကို ထွက်သွားသည့်နောက်တွင် ၊ ချူးယိမှာ ကုတင်ပေါ်ထိုင်၍ အချိန်အတော်ကြာအောင် ငေးငိုင်နေမိသည်။ပြီးနောက်တွင်မှ တီဗွီကို ဖွင့်လိုက်သည်။
ရင်းနှီးနေသည့် သီချင်းသံကို ကြားလိုက်ရသည့် အချိန်ကျမှသာ ၊ မိမ်ိမှာ ငယ်ငယ်လေးကတည်းကနေ ကြီးလာသည်အထိ ဆယ်စုနှစ်စာလောက် နားထောင်လာခဲ့သည့် ဒီမြို့တွင်း တီဗွီလိုင်းကို မကြည့်ရသည်မှာ နှစ်နှစ်ရှိနေပြီဖြစ်ကြောင်း သတိထားလိုက်မိသည်။
အခုတော့ talk show အစီအစဥ်တစ်ခုကို ထုတ်လွှင့်နေသည်။အစီအစဥ်တင်ဆက်သူများက အလွန် အနေရခက်နေဟန်ဖြင့် စကားပြောဆိုနေကြသည်။အရင်ကဆို အဖွား(အမေရဲ့အမေ)က ဒီအစီအစဥ်ကို ကြည့်ရတာ အရမ်း သဘောကျသည်ပင်။ဒီအစီအစဥ်က တစ်ခါတစ်လေဆို အိမ်တွင်းဇာတ်လမ်းတို ၊ ယောက္ခမနှင့် ချွေးမ၏ ရန်ပွဲ ၊ သားက အမေအရင်းကို ရိုက်သည် ဆိုသည့် အကြောင်းအများကို ပြောဆိုတတ်သည်။အဖွားက ကြည့်တိုင်း အဟီးဟီးနှင့် ရယ်နေတတ်သည်။တစ်ခြားသူ အိမ်က အဆင်မပြေမှု နည်းနည်းလေး ရှိနေလျှင် ၊ တီဗွီထဲမှာ ဖြစ်နေလျှင်တောင်မှ ၊ အဖွားက အရမ်းကို ၀မ်းသာနေတတ်သည်။
အတော်ကြာအောင် ကြည့်နေပြီးနောက်တွင် ၊ နှစ်နှစ်လောက် မတွေ့လိုက်ရသည့် အချိန်အတွင်း ၊ အစီအစဥ်တင်ဆက်သူများမှာ အရင်အတိုင်းပဲ ဆိုတာကို ချူးယိ သတိထားမိလိုက်သည်။ဆံပင်ပုံစံများကိုပင် အသစ် မပြောင်းကြပေ။သို့သော်လည်း အိုမင်းလာသည်က သိသာလှသည်။
အရမ်းကို ထူးဆန်းသည့် ခံစားချက်ပင်။
သူ ရုတ်တရက် ၀မ်းနည်းမိသွားသည်။အကယ်၍များ အခုအချိန် အမေ့ကို ရုတ်တရက် တွေ့လိုက်ရလျှင် ၊ ဒီလိုခံစားချက်မျိုး ခံစားနေရလောက်မလား?
သို့သော်လည်း နောက်တစ်ကြိမ် ထပ်တွေ့နိုင်ပါတော့မလားဆိုတာကို သူ မသိပေ။
သူ ကုတင်ပေါ် မှီ၍ ၊ ထိုအတိုင်းပင် တီဗွီကို စိုက်ကြည့်နေလိုက်မိသည်။
မိမိမှာ တစ်ချိန်လုံး နိုးနေသည်ဟု ထင်နေသော်လည်း ၊ အိပ်ပျော်သွားသည့်ပုံပင်။
ယမ့်ဟန် ဘယ်အချိန်တုန်းက အခန်းထဲ ၀င်လာခဲ့လဲဆိုတာကို သူ မသိလိုက်တာကြောင့်ပင်။ယမ့်ဟန်က သူ့ မျက်နှာပေါ် နှစ်ချက်လောက် ပုတ်လာမှသာ ၊ သူ ချက်ချင်း ထထိုင်လိုက်မိသည်။မျက်လုံးကို ဖွင့်လိုက်ရသည့် ဖြစ်စဥ် ရှိနေခဲ့သည်ပင်။
"အိပ်ပျော်သွားတာလား?"
ယမ့်ဟန်က ချူးယိကို ကြည့်လိုက်သည်။
"သတိမ,မထားလိုက်မိဘူး"
ချူးယိမှာ ဝေဝေဝါးဝါးဖြင့် ဖြေလိုက်သည်။
"အိပ်ပျော်သွားတာကိုတောင် သတိမထားမိဘူးလား"
ယမ့်ဟန်က ရယ်လိုက်ပြီး
"ကုန်ကောလို့ မပြောရဘူး"
"ဘယ်လိုလဲ?"
ချူးယိမှာ အသိပြန်၀င်လာပြီး ၊ ခုနက ယမ့်ဟန် ထွက်သွားသည့် အကြောင်းအရင်းကို သတိရလာမိသည်။
"ရှေ့နေလျုံပြောတာကတော့ ဘာပြဿနာမှ မရှိတော့ဘူးတဲ့"
ယမ့်ဟန်က ပြောလိုက်သည်။
"သူက တစ်ချိန်လုံး သတိထားပြီး ပြောနေတာ ၊ တကယ်လို့ သူတောင်မှ ဘာပြဿနာမှ မရှိတော့ဘူးလို့ ပြောတယ်ဆိုရင် ၊ ဘာပြဿနာမှ မရှိလောက်တော့တဲ့ ပုံပဲ"
"အာ"
ချူးယိမှာ နည်းနည်း စိတ်လှုပ်ရှားသွားမိသည်။
"ဒီတစ်ခေါက်က မင်းအဖေကို တရားရုံးရှေ့ထွက်ပြီး သက်သေလုပ်ဖို့ မခိုင်းထားဘူးလေ ၊ သုံးတာတွေ အကုန်လုံးက စာရွက်စာတမ်း သက်သေခံတွေပဲ"
ယမ့်ဟန်က ပြောလိုက်သည််။
"တကယ်လို့ တစ်ဖက်က သက်သေခံတွေကို ကန့်ကွက်လာရင် ၊ အဲ့လိုဆို မင်းအဖေကို တရားရုံးမှာ ထွက်ဆိုခိုင်းရမယ်"
"ဒါဆို ကန့်ကွက်တာ မ,မရှိဘူးလို့ ပြောချင်တာလား"
ချူးယိက ပြောလိုက်သည်။
"အင်း"
ယမ့်ဟန်က ကုတင်အစွန်းတွင် ၀င်ထိုင်လိုက်ပြီး
"အပြစ်ကင်းလွတ်ခွင့် ရနိုင်ဖို့ အဓိက သက်သေက မင်းအဖေရဲ့ သက်သေခံစကား မဟုတ်ဘူးလို့ လောင်ချွေးက ပြောပေမယ့် ၊ ဘယ်လိုပဲဖြစ်ဖြစ် အကျိုးတော့ ရှိတယ်"
"ဘယ်အ,အချိန်လောက် ဆုံးဖြတ်ချက်ကို ကြေငြာမှာလဲ?"
ချူးယိက မေးလိုက်သည်။
"နှစ်လအတွင်း"
ယမ့်ဟန်က ပြောလိုက်သည်။
"အများဆုံးဆိုရင်တောင် သုံးလတော့ မကျော်ဘူး"
"ဒါဆို စာ,စာမေးပွဲ ဖြေပြီးရင်"
ချူးယိက ပြောလိုက်သည်။
"ဦးလေး,ယမ့်က်ို တွေ့နိုင်ပြီပေါ့"
ယမ့်ဟန်က ဘာမှပြန်မပြောပဲ ၊ အသာလေး လေတစ်ချက် မှုတ်ထုတ်လိုက်ကာ ၊ ကုတင်ပေါ် လှဲလိုက်သည်။
ချူးယိလည်း ဘာမှ ထပ်မပြောတော့ပဲ ၊ ယမ့်ဟန်အနား တိုးကပ်၍ ကုတင်ပေါ် ပြန်လှဲလိုက်ကာ ၊ တစ်ချိန်က အရမ်းရင်းနှီးခဲ့သော်လည်း ၊ အခုကြည့်နေရသည်မှာတော့ ပြန်လည် သတိရနေသလ်ို ဖြစ်နေသည့် တီဗွီအစီအစဥ်ကို ဆက်ကြည့်နေလိုက်သည်။
အချိန်သိပ်မကြာသေးမီမှာပင် ၊ ယမ့်ဟန်၏ အသက်ရှူသံ တိုးတိုးကို သူ ကြားလိုက်ရသည်။
သူ တော်တော်လေး အံ့သြသွားမိသည်။ယမ့်ဟန်က အခုလို အချိန် ၊ အခုလို ပတ်၀န်းကျင်မျိုးတွင် ၊ ဒီအတိုင်း သာမန်ကာလျှံကာ လှဲနေရုံဖြင့် အိပ်ပျော်သွားခဲ့သည်။သူ အိပ်ပျော်သွားသော်လည်း သတိမထားမိလိုက်တာထက် ပို၍ ထူးဆန်းသည်ပင်။
သူ ဘေးနားကို အသာလေး နည်းနည်းရွှေ့လိုက်သည်။မိမိ၏ လှုပ်ရှားမှုကြောင့် ယမ့်ဟန် နိုးသွားမှာကို ကာကွယ်ရန်ပင်။
ယမ့်ဟန် ဒီတစ်ရေးအိပ်တာက အချိန်တော်တော်ကြာလှသည်။နှစ်နာရီနီးပါးလောက် ကြာသွားပြီး ၊ ညစာ စားရတော့မည့် အချိန်အထိ ၊ နိုးမလာပေ။
ချူးယိမှာ ဖုန်းကို ကြည့်လိုက်ပြီး ၊ ကုတင်ပေါ်မှ ဆင်း၍ ၊ အောက်ထပ်ရှိ ၀န်ဆောင်မှုပေးရာ ကောင်တာဆီ သွားလိုက်ပြီး ၊ အစားအသောက် ပို့ပေးရန် မှာလိုက်သည်။
စားပွဲထိုးက အခန်းထဲ အစားအသောက် လာပို့သည့် အချိန်ကျမှသာ ယမ့်ဟန် နိုးလာခဲ့သည်။
"မင်း အိပ်ပျော်သွားတယ်"
ချူးယိက မှာယူထားသည့် အစားအသောက် နှစ်ပွဲကို စားပွဲပေါ် တင်လိုက်သည်။
"အင်း"
ယမ့်ဟန်က ရယ်လိုက်ပြီး ၊ ရေချိုးခန်းထဲ၀င်၍ မျက်နှာသစ်ကာ ပြန်ထွက်လာခဲ့လိုက်သည်။
"အိပ်မက်တောင် မက်နေလိုက်သေးတယ်"
"ဘာ,တွေ မက်တာလဲ?"
ချူးယိက မေးလိုက်သည်။
"ငါ့အဖေ"
ယမ့်ဟန်က ထိုင်၍ ၊ စားပွဲပေါ်ရှိ ထမင်းဟင်းများကို ကြည့်လိုက်သည်။
"ပြီးတော့ အရင်ကအကြောင်းတွေရောပဲ အများကြီးမက်တယ် ၊ သေတော့မယ့် ဆဲဆဲမှာ အမှတ်တရတွေက တစ်ခုပြီးတစ်ခု ပြန်ပေါ်........"
စကားဆုံးအောင် မပြောရသေးမီမှာပင် ၊ ချူးယိက လက်ကို ဆန့်ထုတ်၍ ယမ့်ဟန်၏ ပါးစပ်ကို အားဖြင့် တစ်ချက်တောက်ပစ်လိုက်သည်။
"အိုင်း"
ယမ့်ဟန်က ပါးစပ်ကို ဖိပွတ်လိုက်ပြီး
"ငါက ဒီအတိုင်း ပါးစပ်ထဲ ရှိရာ ပြောလိုက်တာ ၊ ဒီမော်တော်ကားပြင်တဲ့ အလုပ်သမားရဲ့ လက်အားက"
"ထမင်းစားစို့"
ချူးယိက ထိုင်လိုက်ပြီး
"သိပ်မကြာခင် တွေ့ရတော့,တော့မှာကို ၊ အမှတ်တရတွေ ပြန်ပေါ်,စရာ မလိုတော့ဘူး"
ဟုတ်သည်ပင်။သိပ်မကြာခင် အချိန်တွင် တွေ့နိုင်တော့မည့်ပုံပင်။
မိမိမှာ အရမ်းကို ထူးဆန်းနေသည်ဟု ယမ့်ဟန် တွေးလိုက်မိသည်။အဖေ ဒီကိစ္စဖြစ်ပြီး အပြစ်၀န်ခံလိုက်သည်အထိ ၊ သူ့ စိတ်ခံစားချက်များက နိမ့်လိုက်မြင့်လိုက်ဖြင့် ကြီးကြီးမားမား လှုပ်ရှားခဲ့ရသော်လည်း ၊ ဒီနေ့လိုမျိုး အဖေ့ကို လွမ်းလွန်းလို့ မနေနိုင်တော့တဲ့အထိတော့ မဖြစ်ခဲ့ဖူးပေ။အဖေကို အလွမ်းလွန်ပြီး အိပ်ပျော်သွားသည့် ကလေးလေး တစ်ယောက်လိုပင်။
အမှန်တော့ သူ မြေခွေးအိုကြီးကို ဒီလို ရူးမတတ် လွမ်းနေတာမျိုး မဖြစ်ချင်ပေ။အရမ်းကို အားနည်းသည့်ပုံစံ ပေါက်နေသည်။အဖေမရှိတော့ရင် မဖြစ်တော့သလိုမျိုးပင်။သို့သော်လည်း သူ သူ့ကိုယ်သူ ထိန်းချုပ်၍ မရပြန်ပေ။
တကယ်ကြီး မျှော်လင့်ချက် ရှိနေသေးကြောင်း ရုတ်တရက် ခံစားလိုက်မိလို့ ဖြစ်နိုင်သည်ပင်။သိပ်မကြာခင် အချိိန်မှာပင် ၊ နောက်တစ်လလောက် ကြာသွားလျှင်ပင် အဖေ့ကို တွေ့နိုင်လောက်ပြီ။ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်တွေ အတွင်း အဖေက တစ်လျှောက်လုံး သူ့စိတ်ထဲရှိ အားကိုးမှီခိုရာ ဖြစ်ခဲ့သည်။စိတ်မအေးချမ်းစရာ ခံစားချက် အမျိုးမျိုး၏ မြစ်ဖျားခံရာမှာ အဖေ ဖြစ်နေသော်လည်း ၊ အဖေက သူ၏ အားကိုးမှီခိုရာ ဖြစ်နေဆဲပင်။
"သေချာ စာ,ပြန်လုပ် ၊ များများ နားထောင် ၊ များများပြော"
ချူးယိက အလုပ်သွားတော့မည့် အချိန်၌ ယမ့်ဟန်ကို မှာကြားနေသည်။
"စာ,စာမေးပွဲ ဖြေဖို့ သိပ်မလိုတော့ဘူး ၊ မင်းက အင်္ဂလိပ်စာဒီ,ဒီလောက်တော်တာ ၊ လယ်ဗယ် 3 ကိုတောင် အောင်,အောင်အောင် မဖြေနိုင်ရင် ၊ အရမ်း မျက်နှာ,ပျက်ရလိမ့်မယ်"
"သိပါတယ်"
ယမ့်ဟန်က နားကြပ်တပ်လိုက်သည်။
"လယ်ဗယ်2ကို တစ်,တစ်ခါတည်း မလျှောက်လိုက်လို့ တော်သေးတယ်"
ချူးယိက ဖိနပ်စီးနေရင်း ပြောလာသည်။
ယမ့်ဟန်က ဘေးနားရှိ စက္ကူလုံး တစ်လုံးကို ယူ၍ လှမ်းပေါက်လိုက်ရာ ၊ ချူးယိ၏ ခေါင်းထိပ်တည့်တည့်ကို မှန်သွားခဲ့သည်။
"လူ့ဘ၀က ပင်ပမ်းပြီး တိုတောင်းတယ်"
ချူးယိက စက္ကူလုံးကို ကောက်ယူ၍ ဆိုဖာပေါ် တင်လိုက်ပြီး
"အ,အချိန်ကို တန်ဖိုးထား"
ယမ့်ဟန်က နားကြပ်ကို ဆွဲဖြုတ်လိုက်ပြီး ၊ ပြတင်းပေါက်ပေါ်မှ ခုနချလိုက်ကာ ၊ တံခါးရှိရာ တဟုန်ထိုး ပြေးလာခဲ့လိုက်သည်။
ချူးယိက သူ့လွယ်အိတ်ကို အမြန် ဆွဲယူလိုက်ပြီး ၊ တံခါးကို ဖွင့်၍ ထွက်ပြေးသွားခဲ့သည်။
ကံဆိုးစွာဖြင့် ဓာတ်လှေကားက သူတို့အထပ်ကို ရောက်ဖို့ နည်းနည်း လိုနေသေးသည်။ယမ့်ဟန် တံခါးအပြင်ဘက် ပြေးလိုက်လာသည့် အချိန်၌ ၊ သူက ဓာတ်လှေကား အပေါက်၀တွင် ရပ်နေဆဲ ရှိသေးသည်။
"ကိုယ့်အ,အရှေ့ကလူကို တန်ဖိုးထား"
ချူးယိက ဒူးထောက်ထိုင်ချ၍ ခေါင်းကို ဖက်ထားလိုက်သည်။
"ဒီတစ်,တစ်ယောက်ပဲ ရှိတာနော် ၊ ရိုက်လို့ သေသွားရင် မရှိနိုင်တော့ဘူး"
ယမ့်ဟန်က ချူးယိ၏ တင်ပါးကို ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ပြီး :
"ထ"
"နေပါစေ ၊ မတော်လို့များ အိမ်နီးနားချင်းတွေ ထွက်,ထွက်လာလို့ ၊ လူကို ရိုက်နေတာ မြင်,မြင်သွားရင်"
ချူးယိက ပြောလိုက်သည်။
"မကောင်းဘူးလေ"
"မင်းကို live တစ်ခေါက်လောက် လွှင့်ပေးလိုက်သင့်တယ်"
ယမ့်ဟန်က အိတ်ကပ်ကို စမ်းလိုက်သည်။ဖုန်းက အခန်းထဲမှာပင်။မယူလာခဲ့မိပေ။
"ခေတ်မမှီတဲ့ live,လွှင့်သူက နာမည်,ကြီးလာတော့ ၊ ပိုက်ဆံပင်ကို ချက်,ချက်ချင်း ရိုက်,နှက်နေပြီ"
ချူးယိက ပြောလိုက်သည်။
"ဓာတ်လှေကားလာပြီ"
ယမ့်ဟန်က သက်ပြင်းချလိုက်သည်။
ချူးယိက စခရင်ကို လှမ်းကြည့်လိုက်ပြီး ၊ မတ်တပ်ထရပ်လိုက်ကာ ၊ ယမ့်ဟန်အနား တိုးကပ်၍ မျက်နှာကို တစ်ချက် နမ်းလိုက်သည်။ :
"သွားပြီ ၊ အလုပ်သွားပြီ"
"သွားတော့ ၊ အချိန် တစ်လက်မလောက်က ရွှေတစ်လက်မလောက် တန်တယ်"
ယမ့်ဟန်က ပြောလိုက်သည်။
ချူးယိ ဓာတ်လှေကားထဲ လှည့်၀င်သွားသည်ကို ကြည့်နေမိပြီးကာမှ ၊ သူ အခန်းထဲ ပြန်၀င်လာခဲ့လိုက်သည်။
ချူးယိက အလုပ်သွားတော့မယ် ဟူသော စကားကို ပြောရတာ တော်တော် သဘောကျသည်ပင်။
ဒီစကား၏ အဓိကက အလုပ်သွား ဆိုတာ ဖြစ်နိုင်သည်။အရင်က အရာရာကို သတိထားပြီး နေထိုင်ခဲ့ရသည့် ရှောင်ကုန်ဇီက ၊ အခုတော့ အိမ်က ငွေတစ်ပြားတစ်ချပ်ကိုမှ လုံး၀ မမှိီခိုတော့ပေ။ချောချောမွေ့မွေ့ဖြင့် အလုပ် စတင်လုပ်နိုင်နေလေပြီ။
တစ်ရက်ကို တစ်ခါလောက်တော့ ရေရွတ်ပြောဆိုနေဖို့ အရမ်းကို ထိုက်တန်လှသည်။
ယမ့်ဟန်မှာ ပြတင်းပေါက်ပေါ် မှီထိုင်၍ ၊ စာအုပ်ကို ကိုင်ထားရင်း အပြင်ဘက်ကို ကြည့်နေလိုက်မိသည်။
သိပ်မကြာမီ အချိန်မှာပင် ၊ ကောင်းကင်ကြီး၏ အောက်တွင် တစ်ချက်ကြည့်လိုက်ရုံဖြင့် အားအင်အပြည့် ပျော်ရွှင်မှုအပြည့် ဖြစ်နေသည့် ချူးယိက စင်္ကြံလမ်းထဲမှ ထွက်လာပြီး ၊ လက်မောင်းကို လွှဲယမ်း၍ အရှေ့ဘက်ကို ထွက်သွားခဲ့သည်။
မီတာနှစ်ဆယ် သုံးဆယ်လောက် လျှောက်ပြီးသွားသည့် နောက်တွင်တော့ ၊ လက်မောင်းကို ရုတ်တရက် ပင့်မြှောက်လိုက်ပြီး ၊ အနောက်ဘက်ဆီ လက်ချောင်းဖြင့် V ပုံစံ လုပ်ပြလာသည်။
ခေါင်းကို လှည့်မကြည့်သော်လည်း ၊ ဒါက သူ့ကို လုပ်ပြနေခြင်း ဖြစ်ကြောင်းကို ယမ့်ဟန် သိသည်ပင်။အတော်ကြာအောင် ရယ်လိုက်မိသည်။ဒီကလေးက ရှိုးထုတ်တာကိုတောင် သင်ယူတတ်မြောက်နေလေပြီ။
ယမ့်ဟန်၏ စာမေးပွဲက ချောချောမွေ့မွေ့ဖြင့်ပင် ဖြေဆိုလို့ ပြီးသွားခဲ့သည်။ယမ့်ဟန် စာမေးပွဲ သွားဖြေသည်ဟုပင် ချူးယိ မခံစားလိုက်ရပေ။အလုပ်သွားသည့် အချိန်က ယမ့်ဟန် စာမေးပွဲ သွားမဖြေရသေးပေ။သူ ပြန်လာသည့် အချိန်၌ ယမ့်ဟန်က စာမေးပွဲ ဖြေပြီးသွားပြီပင်။
"ဘယ်လိုလဲ?"
ချူးယိက မေးလိုက်သည်။
"ပြဿနာမရှိဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"ဆယ့်တစ်လပိုင်းကျရင် ငါ လယ်ဗယ်2ကို ထပ်ပြီး သွားဖြေလိုက်မယ်"
"တကယ်ကြီး ပြဿနာမ,မရှိဘူးလား?"
ချူးယိမှာ စာမေးပွဲဆိုသည့် ဒီကိစ္စအပေါ် မကောင်းသည့် အမြင်မျိုး ရှိနေသည်။
သူ အိမ်က ထွက်မလာခင် အချိန်ကဆို ၊ စာမေးပွဲ တစ်ခါဖြေပြီးတိုင်း အမေနှင့် အဖွား၏ လှောင်ပြောင်သရော်မှုကို အနည်းဆုံး တစ်လလောက်တော့ ခံရတတ်သည်ပင်။စက်မှုသက်မွေးပညာကောလိပ် တက်ပြီးနောက်ပိုင်းတွင် ၊ သူ စာမေးပွဲ ဖြေတိုင်း အဓိကမေဂျာအမှတ်တွင် အမြဲတမ်း အဆင့်တစ် ရနေသော်လည်း ၊ သူ စာမေးပွဲအပေါ် မြင်နေသည့် အတွေးကို ပြုပြင်ရန် အရမ်းကို ခက်ခဲနေသည်။
"တကယ် ပြဿနာ မရှိဘူး ၊ ငါ ခံစားလို့ ရနေတယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်း စိတ်ပူမနေနဲ့တော့"
"အင်း"
ချူးယိက သက်ပြင်းချလိုက်ပြီး
"ဒီနေ့ ငါ့အဖေ ဖုန်း,ဖုန်းဆက်တယ် ၊ သဘက်ခါကျရင် လာ,လာတော့မယ်တဲ့"
"မင်းအဖေက တော်တော်းအချိန်ဆွဲတာပဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"အခန်းတောင် ငှားထားတာ လ၀က်လောက် ရှိနေပြီ"
"သူ့ဘ၀မှာ အလုပ်နှစ်,နှစ်ခါပဲ ပြောင်း,ဖူးတယ်"
ချူးယိက ပြောလိုက်သည်။
"ငါ့အထင် ပတ်၀န်းကျင် ပြောင်းပြီး အစ,ကနေ ပြန်စရမှာ သူနည်း,နည်း ကြောက်,နေတယ် ထင်တယ်"
"သူက မင်းလောက်တောင် သတ္တိမကောင်းဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ ထွက်,ထွက်လာခဲ့တဲ့ အဲ့,အဲ့အချိန်တုန်းက ဘယ်လိုပဲဖြစ်ဖြစ်"
ချူးယိက စဥ်းစားလိုက်ပြီး
"နောက်ဆုတ်စရာ လမ်း,မရှိတော့ဘူးလေ"
ယမ့်ဟန်မှာ ချူးယိ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"ငါ့အဖေ မြန်,မြန်လေး အလုပ်ရှာ,ရှာတွေ့သွားဖို့ မျှော်လင့်တယ်"
ချူးယိက ပြောလိုက်သည်။
"ငါလည်း ကူမေးပေးမယ်လေ"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒရိုင်ဘာ အလုပ်ကတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး ၊ ပြဿနာရှာတတ်တဲ့ လူလည်း မဟုတ်ဘူးလေ"
"အင်း"
ချူးယိက အသံတစ်ချက် ပြန်ပေးလိုက်သည်။
အဖေက ရထားစီး၍ လာခဲ့ခြင်း ဖြစ်သည်။သူ အဲ့နှစ်က လာခဲ့သလိုမျိုးပင်။
ချူးယိမှာ ထွက်ပေါက် ဂိတ်၀တွင် ရပ်နေလိုက်မိသည်။သူ လာခဲ့သည့် ထိုအချိန်က လာကြိုသည့်သူ မရှိပေ။သူ့တစ်ယောက်တည်း ၊ ကျောင်းက အကြောင်းကြားစာ နှင့် ရှောင်လီအကင်ဆိုင်၏ လိပ်စာကို ယူ၍ ၊ ဒီအတိုင်း လာခဲ့ခြင်း ဖြစ်သည်။
အခု ပြန်စဥ်းစားကြည့်လိုက်ကာမှ ၊ သူက တော်တော်လေး သတ္တိကောင်းသည်ပင်။
ဂိတ်ပေါက်မှ ထွက်လာသည့် လူအုပ်ထဲမှ လူတစ်ယောက်က လက်ကိုမြှောက်၍ သူ့အား လက်ဝှေ့ယမ်းပြလာသည်။ထိုသူက အဖေမှန်း သေချာမြင်လိုက်ရ၍ ၊ ချူးယိလည်း လက်ပြန်ယမ်းပြလိုက်သည်။
"ဒီရထားက တော်တော်မြန်တာပဲ"
အဖေက ခရီးဆောင်အိတ်ကြီး တစ်လုံးကို သယ်၍ အနားကို လျှောက်လာခဲ့သည်။
"ကျွန်တော်သယ်ပေးမယ်"
ချူးယိက လက်ကို ဆန့်ထုတ်၍ ခရီးဆောင်အိတ်ကို ယူလိုက်သည်။
"ဒီကောင်လေး"
အဖေက ချူးယိကို ကြည့်လိုက်ပြီး
"တွေ့ရတဲ့ အချိန်တိုင်း အဖေဖြင့် ကြောင်အသွားမိတယ်"
ချူးယိက ရယ်သာရယ်နေပြီး ဘာမှ ပြန်မပြောဖြစ်ပေ။အဖေ့ကို ဦးဆောင်၍ အငှားကားဂိတ်ဘက်ကို ထွက်လာခဲ့လိုက်သည်။
"ငှားထားတဲ့ အခန်းက ဒီနေရာနဲ့ ဝေးလား?"
အဖေက မေးလာသည်။
"ဝေးတယ်"
ချူးယိက ပြောလိုက်သည်။
"ခရိုင်နှစ်ခုစာလောက်"
"သြော"
အဖေက ခေါင်းညိတ်ပြလာပြီး
"ကားငှားရင် စျေးကြီးတယ် မဟုတ်လား?"
"ဘာမှမဖြစ်ဘူး"
ချူးယိက ပြောလိုက်သည်။
"ဘတ်စ်ကားက တစ်ခါတည်း မ,မရောက်ဘူး"
"သြော်"
အဖေက ခေါင်းဆက်ညိတ်ပြနေပြီး ၊ လေးဖက်လေးတန်ကို ကြည့်လိုက်သည်။
"ဒီမြို့က မဆိုးဘူးပဲ ၊ အဆောက်အဦးတွေက တော်တော်လေး ခေတ်မှီတယ်"
"ထမင်းစားပြီးပြီလား?"
ချူးယိက မေးလိုက်သည်။
"မစားရသေးဘူး"
အဖေက ရယ်လိုက်ပြီး
"ခဏနေကျရင် အဖေတို့ သားအဖနှစ်ယောက် ထမင်းတစ်နပ်လောက် ကောင်းကောင်းလေး စားကြတာပေါ့"
ချူးယိက ရယ်လိုက်သည်။
အဖေ့အခြေအနေက တော်တော်လေး အဆင်ပြေသည်ပင်။အရင်တုန်းကထက် ပိုပြီး သန်သန်မာမာ ဖြစ်လာသည်။သိပ်ပြီး အသားမကျသေးသော်လည်း ၊ မြို့အသစ်တွင် ဘ၀အသစ် ပြန်စရမည် ဖြစ်တာကြောင့် မျှော်လင့်ချက်များ ရှိနေပုံပင်။
အဖေ့ကို ငှားထားသည့် အိမ်ဆီ ခေါ်လာခဲ့ပြီး နောက်တွင် ၊ အဖေက အခန်းပြင် အခန်းတွင်းကို လှည့်ပတ်ကြည့်နေသည်။ :
"တော်တော်လေး ကောင်းတယ် ၊ နေဖို့လောက်တယ်"
"ပတ်၀န်ကျင်ကလည်း အ,အရမ်း အဆင်ပြေတယ်"
ချူးယိက ပြောလိုက်သည်။
"အင်း ၊ ခဏနေကျရင် တံခါးမကြီးနားက ဟို ထမင်းဆိုင်မှာ သွားစားကြတာပေါ့ ၊ ကြည့်ရတာတော့ တော်တော်လေး စားကောင်းမယ့် ပုံပဲ"
အဖေက စကားပြောနေရင်း ခရီးဆောင်အိတ်ကို ထပ်ယူလိုက်ပြန်သည်။
"လာ ၊ မင်းအဖိုးနဲ့ မင်းအဖွားက မင်းအတွက် စားစရာတွေ အများကြီး ထည့်ပေးလိုက်တယ်"
"အာ"
ချူးယိမှာ အမြန်ပင် အနားကို လျှောက်သွားလိုက်မိသည်။
"ပြီးတော့ ကြယ်ငါးပွင့်အတွက်ရောပဲ"
အဖေက ပြောလာသည်။
"ကြယ်ငါးပွင့်ဆိုတာ.....ယမ့်ဟန် မဟုတ်လား?"
"ဟုတ်တယ်"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
"သူ့အဖေ........."
အဖေက စကားစလာပြီး ဆက်မပြောတော့ပေ။ခေါင်းငုံ့၍ စားစရာများကို တစ်မျိုးချင်းစီ ထုတ်ယူနေသည်။
ဦးလေးယမ့် တရားရုံးစသည့် ကိစ္စကို သူ အဖေ့ကို မပြောပြထားပေ။သို့သော်လည်း အဖေ သိနေလောက်သည်ပင်။အရင်က ဦးလေးယမ့်၏ အမှုအား စုံစမ်းနေသည့် အဆင့်တွင် ၊ အဖေ့ကိုလည်း သေချာပေါက် လာရှာပြီး မေးမြန်းကြမှာပင်။
ဒိီကိစ္စကို ၊ အဖေ ပြန်လွတ်လာသည့် ထိုအချိန်ကသာ သူတို့နှစ်ယောက် တစ်ခေါက်ပြောဆိုခဲ့ကြပြီး ၊ နောက်ထပ် ထပ်မပြောဖြစ်ခဲ့ကြတော့ပေ။
အနေရ ခက်တာကြောင့်လား ၊ ဒါမှမဟုတ် ဒီကိစ္စကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများက အရမ်း ကြီးမားနေတာကြောင့်လားတော့ မသိပေ။လူတွေ အများကြီး၏ ဘ၀ကို ပြောင်းလဲသွားစေခဲ့တာကြောင့် ၊ လွယ်လွယ်နှင့် စကားမစရဲကြပေ။
"ဒီဟာတွေက ယမ့်ဟန်ကို ပေးတာ ၊ မင်း ဒီနှစ်ရက်အတွင်း သူ့ကို ယူသွားပေးလိုက်ပေါ့"
အဖေက ပြောလာသည်။
"မင်းအဖိုးလုပ်ပေးလိုက်တဲ့ ဘဲသားလေ ၊ ရာသီဥတုက ပူတော့ ထားတာ အချိန်ကြာသွားရင် မကောင်းတော့မှာ ဆိုးလို့"
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
"ညကျရင် ယူ,သွားပြီး သူ့ကို ပေးလိုက်မယ်"
"ယူသွားမှာ?"
အဖေက ကြောင်အသွားပြီး ၊ ချူးယိကို ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်က အတူတူ နေနေကြတာလား?"
"......အာ"
ချူးယိမှာ ရုတ်တရက်ကြီး ဘာပြောရမယ်မှန်း မသိတော့ပေ။ထူးထူးဆန်းဆန်းဖြင့် စိတ်ထဲ ဗလာသက်သက် ဖြစ်သွားမိသည်။မသဲမကွဲဖြင့်သာ အသံတစ်ချက် ပြန်ပေးလိုက်သည်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးက သိပ်မဆိုးဘူး ဆိုတာကိုသာ အဖေက သိထားသည်။သို့သော်လည်း သူတို့နှစ်ယောက် ဆက်ဆံရေး ကောင်းသည်က အတူတူ နေနေကြတဲ့အထိ ဖြစ်နေလောက်မည်ဟု ထင်မထားသည့်ပုံပင်။အတော်ကြာအောင် ကြောင်အနေပြီးကာမှ ၊ ခေါင်းကို ပြန်ငုံ့၍ ယမ့်ဟန်ကို ပေးရမည့် ပစ္စည်းများအား စျေး၀ယ်အိတ်တစ်ခုယူ၍ ထုပ်ပိုးလိုက်သည်။
ချူးယိမှာ ဘေးနားတွင် ငေးငိုင်နေမိသည်။အဖေနှင့် စကားနည်းနည်း ပြောနိုင်ရန် စကားစ ရှာဖို့ တွေးလိုက်သည်။သို့သော်လည်း အတော်ကြာသည်အထိ ရှာမတွေ့ပေ။
အလုပ်ကိစ္စမေးကြည့်ရန် ခက်ခက်ခဲခဲဖြင့် စဥ်းစား၍ ရသွားရာ ၊ ပြောရန် ပါးစပ်ဟလိုက်သည့် အချိန်မှာပင် ၊ သူ့ဖုန်းက အသံမြည်လာခဲ့သည်။
"မင်းဖုန်းက မြည်နေတယ်"
အဖေ့ကို ကြည့်ရသည်မှာလည်း ပြောစရာစကား ရှိမနေသည့်ပုံပင်။ဖုန်း အသံမြည်လာသည်ကို ကြားသွားသည်နှင့် ၊ ချက်ချင်း စကားတစ်ခွန်း ဆိုလာသည်။
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်ပြီး ၊ ဖုန်းကိုထုတ်၍ ကြည့်လိုက်သည်။
ယမ့်ဟန် ပို့လာသည့် စာပင်။
-ညကျရင် ထမင်းစားဖို့ ပြန်မလာတော့ဘူး မဟုတ်လား ၊ မင်းအဖေနဲ့ ထမင်းတစ်နပ်လောက် စားလိုက်
-အင်း ၊ ခဏနေကျရင် တံခါးမ နားက ထမင်းဆိုင်မှာ စားမှာ
-အခန်းကို မင်းအဖေ စိတ်တိုင်းကျရဲ့လား?
-စိတ်တိုင်းကျတယ် ၊ ငါ့အဖိုးက မင်းအတွက် ဘဲသား ထည့်ပေးလိုက်တယ် ၊ အရင်တစ်ခေါက်က အရမ်းငန်ပေမယ့် မင်း အရမ်းစားကောင်းတယ်ဆိုပြီး ဖျစ်ညှစ်ပြောခဲ့တဲ့ ဟိုဘဲသားလေ ၊ တစ်ကောင်လုံးပဲ
-。。。。。ငါ့အစား သူ့ကို ကျေးဇူးတင်ပေးဦး
-အင်း ၊ ဒါဆို အဲ့လိုပဲ ငန်နေရင် ဘယ်လိုလုပ်မှာလဲ
ချူးယိမှာ ရယ်လိုက်မိသည်။
-ငါ တစ်ချက်လောက် ပြင်လိုက်ရင် ရတယ်
ယမ့်ဟန်နှင့် ခဏလောက် စကားပြောပြီးသွားသည့် နောက်တွင် ၊ တော်တော်လေး စိတ်ပေါ့ပါးသွားသလို ချူးယိ ခံစားလိုက်ရသည်။သူနှင့် အဖေကြားတွင် အစကတည်းက ပြောစရာ စကားရှားပြီး ၊ အခု အတူတူမနေကြတာ တော်တော် ကြာသွားပြီ ဖြစ်တာကြောင့် ပို၍ပင် ပြောစရာစကား မရှိတော့သည့် အနေရခက်သလို ခံစားချက်မှာ နည်းနည်း ပျောက်ကွယ်သွားခဲ့သည်။
"သူငယ်ချင်းက မင်းကို ရှာနေတာလား?"
အဖေက ဘေးနားကနေ မေးလာသည်။
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
"အတန်းဖော်လား ၊ လုပ်ဖော်ကိုင်ဖက်လား?"
အဖေက ထပ်မေးလာသည်။
"လုပ်ဖော်.....ကိုင်ဖက်"
ချူးယိမှာ တစ်ချက်လောက် တုံ့ဆိုင်းသွားမိသည်။
"သြော်"
အဖေက ခေါင်းညိတ်ပြလာပြီး ၊ ခဏလောက် ကြာသွားသည့် နောက်တွင် ၊ စကားမရှိ စကားရှာ၍ တစ်ခွန်း ထပ်မေးလာသည်။
"မိန်းကလေးလား?မင်းရယ်နေတာ တော်တော်လေး ပျော်နေတဲ့ပုံပဲ"
"အာ?"
ချူးယိမှာ ယမ့်ဟန်ကို ကြည့်လိုက်မိသည်။
"သြော် ဟုတ်သားပဲ ၊ မင်းတို့ မော်တော်ကား အလုပ်ရုံမှာ.....မိန်းကလေး မရှိလောက်ဘူး?"
အဖေက အနည်းငယ် နေရခက်နေသည့် ပုံဖြင့် ရယ်လိုက်သည်။
"ရှိပါတယ် ၊ အရာင်း၀န်ထမ်းနဲ့ ဧည့်,ဧည့်သည်၀န်ဆောင်မှုပေးတဲ့ဘက်မှာ မိန်းကလေးတွေ ရှိတယ်"
ချူးယိမှာ အဖေ့ကြောင့် အနေရခက်သည့် ခံစားချက်မျိုး ပြန်ဖြစ်သွားသည်။
"သြော်"
အဖေက တစ်ချက် တွန့်ဆုတ်နေပြီး
"မင်း အခု ကောင်မလေး ရှိနေပြီ မဟုတ်လား?"
ဒီစကားက နည်းနည်း ဆက်ပြောလို့ မရတော့သလို ချူးယိ ခံစားလိုက်ရတာကြောင့် ၊ ရယ်သာ ရယ်နေမိပြီး ၊ တိတ်ဆိတ်နေဖို့ကိုသာ ရွေးချယ်လိုက်သည်။
"မင်းလည်း ဆယ့်ရှစ်နှစ် ရှိပြီပဲ......ဆယ့်ရှစ်နှစ် မဟုတ်လား?"
အဖေက ပြောလာသည်။
"ကောင်မလေး ထားတာလည်း ပုံမှန်ပါပဲ ၊ ဖိအားဖြစ်နေစရာ မလိုဘူး"
ချူးယိမှာ ခုနကအတိုင်း ဘာမှ ပြန်မပြောမိပေ။
"သဘောကျတဲ့သူ ရှိရင် ၊ အဖေတို့ တွေ့လို့ရအောင် ခေါ်လာခဲ့လို့ ရတာပဲ"
အဖေက ရယ်လိုက်သည်။
ဖုန်းထဲက စာကို ကောင်မလေးက ပို့လာသည်ဟု အဖေက အတည်ပြုလိုက်သည့်ပုံပင်။ချူးယိက ဖုန်းရှိလာသည့် နေ့ကစပြီး ၊ ဘာစာမှ မရခဲ့ဖူးပေ။အ၀င်ဖုန်းဆို ပြောနေစရာပင် မလိုတော့ပေ။
ခုနက မိမိ၏ အပြုံးမှာ အရမ်းကို ချိုမြိန်နေတာကြောင့်လည်း ဖြစ်နိုင်သည်ပင်။အဖေက အထင်လွဲသွားခဲ့သည်။
"မင်း......"
အဖေက တစ်ခုခုကို ပြောချင်နေသည့်ပုံပင်။သို့သော်လည်း ချူးယိက သူ၏ စကားကို ဖြတ်ပြောလိုက်သည်။
"အဖေ"
သူ အဖေ့ကို ကြည့်လိုက်ပြီး
"ကျွန်တော် အဖေ့,ကို ပြောပြချင်တဲ့ ကိစ္စ,တစ်ခု ရှိတယ်"
"အာ ၊ ပြောလေ"
အဖေက အလောတကြီး ခေါင်းညိတ်ပြလာပြီး ၊ ချူးယိကို ကြည့်လိုက်သည်။
"ဘာကိစ္စလဲ ပြောလေ"
စကားပြောတော့မည့် အချ်ိန် တစ်စက္ကန့် အတွင်းမှာပင် ၊ ချူးယိမှာ နည်းနည်း တုံ့ဆိုင်းသွားမိသည်။အရမ်းလည်း စိုးရိမ်လာမိသည်။မိမိ၏ လက်တွေ ခြေထောက်တွေ အားလုံး ပါးစပ်ဟလိုက်သည့် အချိန်၌ အေးခဲလာသည်ကိုပင် ခံစားလိုက်မိသည်။
သို့သော်လည်း အစပျိုးပြီးသည့် နောက်တွင် ၊ သူ ချက်ချင်းပင် တည်ငြိမ်သွားခဲ့သည်။မိမိမှာ အရာအားလုံးကို စွန့်လွှတ်ပစ်လိုက်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း သိနေတာကြောင့်လည်း ဖြစ်နိုင်သည်ပင်။ရောက်တတ်ရာရာ စိတ်ပူမှုများနှင့် စိတ်မအေးမှုများ မရှိတော့တာကြောင့်လည်း ဖြစ်နိုင်သည်ပင်။
"ကျွန်တော်"
သူ လည်ချောင်းရှင်းလိုက်ပြီး
"ကျွန်တော် မိန်းကလေးကို သဘောမ,မကျဘူး"
".....အာ?"
အဖေက ကြောင်အသွားခဲ့သည်။
"ကျွန်တော် မိန်းကလေးကို,သဘောမကျဘူး"
ချူးယိက နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။
အဖေက အချိန်အကြာကြိီး ကြောင်အသွားခဲ့ပြီး ၊ ထို့နောက်တွင်တော့ တစ်ခုခုကို ရုတ်တရက်ကြီး နားလည်သွားသလိုမျိုး ရယ်လိုက်ကာ :
"ဒီကလေးကတော့ ၊ သဘောကျတဲ့ မိန်းကလေး မရှိဘူးလို့ မင်း ပြောချင်တာလား?"
"မဟုတ်ဘူး"
ချူးယိက စကားကို ဖြေးဖြေးချင်း ပြောလိုက်သည်။
"ကျွန်တော် ယမ့်ဟန်ကို သဘောကျတယ်"
အဖေက ဘာမှ မပြောတော့ပေ။
မိမိမှာ အဖေ့၏ အသက်ရှူသံကိုပင် မကြားရတော့သလိုမျိုး ချူးယိ ခံစားလိုက်ရသည်။
အဖေ့၏ အသက်ရှူသံကို ထပ်ကြားရသည့် အချိန်၌ ၊ အစက ခရီးဆောင်အိတ် အရှေ့တွင် ဒူးထောက်ထိုင်နေသည့် အဖေက ၊ ခုန်ထလာကာ ၊ အထိတ်တလန့်ဖြစ်ပြီး ဒေါသထွက်နေသလို အသက်ပြင်းပြင်းရှူသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"မင်း ဘာပြောလိုက်တာ?"
အဖေက ချူးယိကို စိုက်ကြည့်လိုက်သည်။
"ကျွန်တော် ယမ့်ဟန်ကို,သဘောကျတယ်"
ချူးယိလည်း မတ်တပ် ထရပ်လိုက်ပြီး ၊ စကားကို နောက်တစ်ခေါက် ထပ်ပြောလိုက်သည်။
အဖေ့၏ ပုံစံက သူ့ကို နည်းနည်းတော့ စိတ်မအေး ဖြစ်သွားစေသည်။သို့သော်လည်း ထိုစကားကို ထုတ်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ၊ လူတစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားချက်က ၊ စိတ်မအေးမှူကို ဖိနှိပ်သွားခဲ့သည်။
အဖေက တစ်ချက် အော်ပြောလာသည်။ :
"မင်း ရူးသွားပြီလား ! "
"မရူးပါဘူး"
ချူးယိက ပြန်ဖြေလိုက်သည်။
"မင်းအဖိုးနဲ့ အဖွားကို ဘယ်လို အသက်ရှင်ခိုင်းမလို့လဲ ! "
အဖေက နောက်တစ်ခေါက် ထပ်အော်ပြောလာသည်။
"ငါက သူတို့ကို ဘယ်လိုပြောပြစေချင်နေတာလဲ ! "
တစ်ဆက်တည်းမှာပင် သူ့မျက်နှာဆီ လက်ဝါးဖြင့် လွှဲရိုက်လာခဲ့သည်။
ဒိီလို အဖြစ်အပျက်မျိုး ဖြစ်ပေါ်လာနိုင်ကြောင်း ချူးယိ ခန့်မှန်းမိပြီးသားပင်။သို့သော်လည်း တကယ်ကြီး ဖြစ်လာသည့် အချိန်၌ ၊ သူ အရမ်းကို အံ့သြသွားမိသည်။
အဖေ့လက်ဝါးက သူ့မျက်နှာပေါ် မရိုက်မိခင်တွင် ၊ လက်ကိုမြှောက်၍ အဖေ့၏ လက်ကောက်၀တ်ကို ဖမ်းကိုင်လိုက်ပြီး ၊ တစ်ချက် တွန်းလိုက်သည်။
အဖေက အနောက်ကို ခြေလှမ်းနှစ်လှမ်းလောက် နောက်ဆုတ်သွားခဲ့ပြီး ၊ မယုံကြည်နိုင်သလို မျက်နှာ အမူအယာမျိုးဖြင့် သူ့ကို ကြည့်လာသည်။
"ကျွန်တော်ပဲ သူ,တို့ကို ပြောပြလိုက်မယ် ၊ သူတို့ ကျွန်တော့်ကို ရိုက်လို့ ရတယ်"
ချူးယိက ပြောလိုက်သည်။
"အဖေကတော့ မရဘူး"