一个钢镚儿(A lucky coin)
အပိုင်း၂၅
ယမ့််ဟန် အဖေနဲ့အတူ နေရာအတော်များများကို သွားခဲ့ဖူးသည်။သို့သော်လည်း လေယာဥ်စီးတာကတော့ ဒါက ပထမဆုံး အကြိမ်ပင်။
အဖေက အမြင့်ကြောက်သည်။အရင်က သူ့က်ိုခေါ်ပြီး ရဟတ်သွားစီးရာ ၊ အမြင့်တစ်၀က်ရောက်သည့် အချိန်၌ သူက ဘာမှတောင် မခံစားရသေးပဲ ၊ အဖေက နောက်ဆုံး အမှာစကား ပြောတော့မည့် ပုံလိုဖြစ်နေလေပြီ။
ယမ့််ဟန် ရယ်လိုက်မိသည်။
လေယာဥ်က မပျံသန်းသေးပေ။နေရောင်ဖြာကျမှုကြောင့် ဖြူဖွေးနေသည့် အပြင်ဘက်ရှိ ကြမ်းပြင်ကိုကြည့်၍ သူ အတွေး ပျံ့လွင့်နေမိသည်။
"သိုးမွှေးစောင်ရှ်ိလား?"
ချွေးယိက မေးလာသည်။
"တစ်နာရီခွဲလောက်ကြာအောင် စီးရမှာ ၊ မင်း ခဏလောက် အိပ်လို့ရတယ်"
"တစ်နာရီခွဲ ၊ သုံးခေါက်လောက် ခေါက်သွားခေါက်ပြန် လုပ်ရင်တောင်မှ အိပ်ချင်စိတ်နည်းနည်းလောက် ဖြစ်လာရင် အဲ့ဒါထူးဆန်းနေလို့ပဲ"
ယမ့််ဟန်က ပြောလိုက်သည်။
"ကျွန်တော် ခဏလောက် ငေးနေလိုက်ရင်ကို ရပြီ"
"ဦးလေး မင်းအတွက် ဆရာ၀န်နဲ့ ဆက်သွယ်ပေးထားတယ်"
ချွေးယိက ပြောလာသည်။
"ဟိုနေရာကို ရောက်သွားရင် ၊ မင်း တစ်ပတ်လောက် ကောင်းကောင်းအနားယူ ၊ ပြီးရင် စကားသွားပြောကြည့်လိုက်"
"အင်း"
ယမ့်ဟန် ခေါင်းညိတ်ပြလိုက်သည်။
"ဦးလေးက မင်း ငြင်းမယ် ထင်နေတာ"
ချွေးယိက ရယ်လိုက်ပြီး
"ဒီလေါက်တောင် စကားနားထောင်တယ်"
"ကောင်းမယ့်ကိစ္စကို ဘယ်သူက သဘောမတူပဲ နေပါ့မလဲ"
ယမ့်ဟန်က ပြောလိုက်သည်။
"ကျွန်တော်လည်း တကယ် သေချင်နေတာမှ မဟုတ်တာ"
ချွေးယိက ဘာမှပြန်မပြောပဲ ၊ သူ ပခုံးကိုသာ ပုတ်လာသည်။
ဒီနေ့ လေယာဥ်က နာရီ၀က်လောက် နောက်ကျသော်လည်း ၊ မြန်သည်ဟု ပြော၍ ရသည်ပင်။
လူတိုင်း ဖုန်းစက်ပိတ်ထားရန် ကြေလာသည့် အချိန်၌ ၊ ချွေးယိက သူ့ကို ကြည့်လာပြီး :
"ဖုန်းစက်ပိတ်ပြီးပြီလား?"
"ဦးလေးကို လာရှာတဲ့ အချိန်ကတည်းက ဖုန်းပိတ်ထားတာ ၊ တစ်ချိန်လုံး မဖွင့်တော့ဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"သူငယ်ချင်းတွေ အကုန်လုံးကို နှုတ်ဆက်ခဲ့ပြီးပြီလား?"
ချွေးယိက မေးလာသည်။
".........သူငယ်ချင်းလား"
ယမ့်ဟန်မှာ တစ်ခဏအတွင်း ချူးယိကို တွေးလိုက်မိသည်နှင့် သူ့စိတ်ခံစားချက်များက ချက်ချင်း ကျဆင်းသွားကာ
"မရှိဘူး"
ချွေးယိမှာ ကြောင်အသွားပြီး :
"သူငယ်ချင်းတွေကို ဘာမှမပြောပဲ ထွက်သွားမလို့လား?"
"မရှိဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
ချွေးယိက သူ့ကို ကြည့်နေပြီး ဘာမှ မပြောလာပေ။
"ကျွန်တော်......တကယ်တော့"
ယမ့်ဟန်မှာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တိုးတိုးလေး ပြောလိုက်သည်။
"ဘယ်လိုနှုတ်ဆက်ရမလဲကို ကျွန်တော် မသိဘူး"
"မင်းသူ့ကို နှုတ်မဆက်ခဲ့ဘူး?"
ချွေးယိကလည်း လေသံတိုးတိုးဖြင့် မေးလာခဲ့သည်။
"အင်း"
ယမ့်ဟန်သည် အပြင်ဘက်ရှိ စတင်၍ ဖြည်းဖြည်းချင်း ပြောင်းလဲလာနေသည့် မြင်ကွင်းကို လှည့်ကြည့်လိုက်ပြီး
"ကျွန်တော် ဘယ်သွားသွား ခင်ခဲ့တဲ့လူလည်း မရှိဘူး ၊ ဘယ်သူ့ကိုမှလည်း နှုတ်ဆက်စရာ မလိုဘူး"
"သြော်"
ချွေးယိက အသံတစ်ချက်ပြုလိုက်ပြီး ၊ တွေးရင်းတွေးရင်း သက်ပြင်းချလိုက်မိသည်။
"ကျွန်တော် ဘယ်လိုပြောလိုက်မှ "
ယမ့်ဟန်က ပြောလိုက်သည်။
"သူ စိတ်မကောင်း မဖြစ်မှာလဲဆိုတာကို ကျွန်တော်မသိဘူး"
"ဘယ်သူလဲ?"
ချွေးယိမေးလိုက်သည်။
"ကောင်လေးတစ်ယောက်"
ယမ့်ဟန် ရယ်လိုက်သည်။
ချွေးယိ၏ အိမ်မှာ တိတ်ဆိတ်အေးချမ်းသည့် ဒုတိယအဆင့် မြို့တွင် ရှိလေသည်။ယမ့်ဟန် အဖေနဲ့ မလာဖူးသော်လည်း ၊ ဘေးနားရှိ မြို့ငယ်လေးကိုတော့ ရောက်ဖူးသည်။ရှု့ခင်းများက အလွန်လှပပြီး ၊ ချူးယိ၏ သစ်ခေါင်းပေါက်ဘေးရှိ ဟိုမြစ်ကမ်းထက် အများကြီး ပိုလှသည့် မြစ်တစ်ခုလည်း ရှိလေသည်။
သူတို့ အဲ့မြို့တွင် လ၀က်လောက်သာ နေခဲ့ကြပြီး ၊ ယမ့်ဟန်မှာ နေ့တိုင်းလိုလို မြစ်ဘေးနားသွား၍ ထိုင်တတ်သည်။
ထိုမြို့ထွက်လာသည့်နေ့၌ ၊ သူ သောင်တူးသင်္ဘောနှစ်စီးကို တွေ့ခဲ့ရပြီး ၊ ကြည်လင်နေသည့် ရေများမှာ တစ်ခဏအတွင်းမှာပင် အဝါရောင် ဖြစ်သွားခဲ့သည်။
တစ်ရက်လောက် စောပြီး ထွက်လာခဲ့ရင်ကောင်းမှာပင်။ဒါဆို သူ့မှတ်ဥာဏ်ထဲတွင် ထိုမြစ်မှာ အမြဲတမ်း ကြည်လင်ပြီး လူ့စိတ်ကို အပန်းပြေစေသည့် ပုံစံအတိုင်း ကျန်ရှိနေခဲ့မှာ ဖြစ်သည်။
"ဦးလေး မင်းအတွက် တိုက်ခန်းငှါးပေးထားတယ် ၊ ဦးလေးနေတဲ့ နေရာတဲ့ တစ်နေရာတည်းပဲ"
ချွေးယိက ပြောလာသည်။
"အမှန်တော့ ဦးလေးက တစ်ယောက်တည်း နေတာ ၊ မင်း ဦးလေးအိမ်မှာ နေလည်း ပြဿနာမရှိဘူး ၊ ဒါပေမယ့် ဦးလေးအထင်တော့ မင်း သဘောမတူလောက်ဘူး"
"အင်း"
ယမ့်ဟန် ရယ်လိုက်မိသည်။
"အရင်ဆုံး မင်းကို ခေါ်သွားပေးမယ် ၊ ခဏလောက် အနားယူပြီးလို့ အပြင်ထွက်ချင်တဲ့ အချိန်ကျရင် ဦးလေးကို ဖုန်းလှမ်းဆက်လိုက် ၊ ဦးလေး မင်းကို ထမင်းစားဖို့ ခေါ်သွားပေးမယ်"
ချွေးယိက ပြောလာသည်။
"ကျေးဇူးတင်ပါတယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"အားမနာပါနဲ့"
ချွေးယိက ပြန်ပြောလာသည်။
ထို စံညွှန်းကျသည့် ပြန်ဖြေလာမှူက ယမ့်ဟန်ကို ရယ်မောမိသွားစေသည်။
ချွေးယိနေသည့် ဒီအိမ်ရာက အိမ်ရာမြေအဟောင်းဖြစ်သော်လည်း ၊ အလွန်ကြီးမားလှသည်ပင်။အတွင်းပတ်၀န်းကျင်က အရမ်းကောင်းပြီး ၊ စိမ်းလန်းစိုပြေအောင် အားထုတ်၍ လုပ်ထားလေသည်။အိမ်ရာထဲ ရေသွင်းထားတာကြောင့် ၊ သစ်ပင်များလည်း ရှိသည်။
ချွေးယိ ယမ့်ဟန်အတွက် ငှါးပေးထားသည့် ဒီတိုက်ခန်းက အိမ်ရာမြေ၏ အတွင်းဘက်ဆုံး အပိုင်းတွင် ရှိကာ ၊ တိုက်ထိပ်ပိုင်းရှိ တစ်ထပ်တွင် အခန်းတစ်ခန်းပါ အထပ်တစ်ထပ်ဖြစ်ပြီး ၊ သိပ်မမြင့်မားသည့် တောင်ငယ်လေး တစ်လုံးနှင့် နီးကပ်နေကာ ၊ အရမ်း တိတ်ဆိတ်လှသည်။
"အဆင်ပြေရဲ့လား?"
ချွေးယိက တံခါးက်ို ဖွင့်လိုက်ပြီး ၊ သူ့ကို သော့ပေးလာသည်။
"အရမ်းအဆင်ပြေတယ်"
ယမ့်ဟန် တစ်ချက် ကြည့်လိုက်သည်။အိပ်ခန်း၏ လေသာဆောင်က တောင်ကို မျက်နှာမူထားရာ ၊ မနက်စောစော အိပ်ရာထသည့် အချိန်တွင် စိမ်းစိုနေသည့် မြင်ကွင်းအား ကြည့်လိုက်ရပါက အရမ်း စ်ိတ်သက်သာရာ ရမည်ကို တွေးကြည့်၍ပင် ရလေသည်။
"ဒါဆို မင်း အရင်ဆုံး ခဏလောက် နားလိုက်လေ"
ချွေးယိက ပြောလာသည်။
"အခန်းကို အရင်ကတည်းက လူခေါ်ပြီး သန့်ရှင်းခိုင်းထားပြီးပြီ ၊ တစ်ခါတည်း တန်းနေလို့ ရတယ် ၊ ပစ္စည်းတွေလည်း အစုံပဲ ၊ ဦးလေးတောင် နေ့စဥ်သုံးပစ္စည်း နည်းနည်းပါးပါး ၀ယ်ထားပေးသေးတယ် ၊ လိုတာရှိရင်လည်း အိမ်ရာမြေထဲမှာ စူပါမားကတ်တစ်ခု ရှိတယ်"
"အင်း"
ယမ့်ဟန် အသံတစ်ချက်ပြုလိုက်သည်။
ချွေးယိက ဘာမှ ထပ်မပြောလာတော့ပဲ ၊ အခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။
ယမ့်ဟန် ဆိုဖာပေါ် ထိုင်၍ ၊ မျက်လုံးကို မှိတ်ချလိုက်သည်။
ချွေးယိဆိုသည့် လူက သူ့ကို စိတ်သက်သာရာ ရစေသည်။အသက်ကြီးသူက အသက်ငယ်သူအား ယဥ်ကျေးသမှုမျိုး ပြုလုပ်နေတာတွေ မရှိပဲ ၊ ပြောလို့ပြီးတာနှင့် ထွက်သွားခဲ့သည်။
အနားယူတယ် ဆ်ိုတာကလည်း ၊ အမှန်တော့ ခဏလောက် ထိုင်လိုက်ခြင်းသာပင်။အခန်းထဲ ပတ်၍ ၊ ဘာတွေလိုနေသေးလဲဟု ကြည့်လိုက်သည်။ဒီတစ်ခေါက်က.......သူ နေရာတစ်ခုတွင် အကြာဆုံးနေထိုင်မည့် အခေါက်လည်း ဖြစ်နိုင်သည်ပင်။လိုအပ်သည့် ပစ္စည်းက နည်းနည်းတော့ များလိမ့်မည်။
ဒီတိုက်ခန်းက အလှဆင်ထားပြီးသားဖြစ်ရာ ၊ ရှိရှိသမျှ အိမ်အသုံးအဆောင်ပစ္စည်းများ ၊ လျှပ်စစ်ပစ္စည်းများ အားလုံး အပြည့်အစုံ ရှိပြီး ၊ ကြမ်းခင်းကလည်း ယမ့်ဟန်အကြိုက်ဆုံး သစ်သားကြမ်းခင်းပင်။
ယမ့်ဟန် ခြေဗလာဖြင့်ပင် အခန်းထဲ လှည့်ပတ်ကြည့်နေလိုက်ပြီး ၊ လေသာဆောင်သို့တက်ကာ ခဏကြာအောင် ရပ်နေမိသည်။
ထို့နောက်မှာတော့ အခန်းထဲ ပြန်၀င်လာခဲ့ပြီး ၊ ခရီးဆောင်အိတ်ကို ထုတ်ယူလိုက်သည်။
အင်္ကျီ ၊ စာအုပ် ၊ ပစ္စည်းကိရိယာလေးများ ၊ မရှိတော့ပေ။
အိပ်ခန်းထဲတွင် စာအုပ်စင်တစ်ခု ရှိရာ ၊ ယမ့်ဟန်က စာအုပ်များကို စင်ပေါ်တင်၍ ၊ နံပါတ်စဥ်အလိုက် နေရာချလိုက်သည်။
ဒီစာအုပ်အတော်များများက အဖေ သူ့အတွက် ရှာပြီး ၀ယ်လာပေးခဲ့တာပင်။တကယ်လို့ ပုံမှန်အချိန်ဆိုပါက သူ မလိုအပ်တော့သည့် စာအုပ်အချို့ကို ၊ အိမ်ပြောင်းသည့်အချိန်တွင် သယ်လာခဲ့မှာ မဟုတ်ပေ။
ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူ စာအုပ်အားလုံးကို သယ်လာခဲ့လိုက်သည်။ဒီစာအုပ်အားလုံးတွင် အဖေ့၏ အငွေ့အသက်များ ရှိလေသည်။လွှင့်ပစ်လိုက်ပါက အငွေ့အသက်တွေ ရှိတော့မှာ မဟုတ်ပေ။
စာအုပ်စင်ပေါ်တွင် သံဘူးတစ်ဘူးရှိနေ၍ ၊ ယမ့်ဟန် ယူပြီး ကြည့်လိုက်ရာ ၊ ဘာမှမရှိပဲ ၊ ဘူးအဖုံးပေါ်တွင် ပန်းပွင့်ပုံလေးများရေးထွင်းထားသည်......တိုက်ခန်းပိုင်ရှင်ဟာလား ၊ အရင်တိုက်ခန်းငှါးသူရဲ့ ဟာလားတော့ မသိပေ။
ပန်းပွင့်ဆိုလည်း ပန်းပွင့်ပေါ့။ယမ့်ဟန် သူ့ပစ္စည်းကိရိယာလေးများကို ဘူးထဲ ထည့်လိုက်သည်။
အရင်က ပစ္စည်းများမှ လွဲ၍ ၊ ဘောပင်တစ်ချောင်းနှင့် ကြိုးအနီတစ်ကြိုးသာ ပိုလာခဲ့သည်။
ထိုပစ္စည်းများကို မြင်လိုက်ရသည့် အချိန်၌ ၊ ယမ့်ဟန်မှာ စိတ်ထဲ ရုတ်တရက်ပင် ထိတ်လန့်သွားကာ ၊ ခြေကျင်း၀တ်ဆီ အလောတကြီး စမ်းကြည့်လိုက်မိသည်။ကျောက်ခဲလေး ရှိနေသေးသည်ပင်။သူ ထပ်ပြီး သက်ပြင်းချလိုက်မိပြန်သည်။
ကျောက်ခဲလေးအား ဘူးထဲထည့်ထားရမလား ၊ ခြေကျင်း၀တ်တွင် ဆက်ပြီး ချည်ထားရမလားကို အတော်ကြာအောင် ခက်ခက်ခဲခဲ စဥ်းစားနေမိပြီးနောက်တွင် ၊ အနောက်ကတစ်ခုကိုပဲ သူ ရွေးချယ်လိုက်သည်။
ရိုးရှင်းလှသည့် ခရီးဆောင်အိတ် တစ်ခုလုံးကို နေရာချချိန်မှာ ငါးမိနစ်ပင် မကုန်လိုက်ပေ။သူ မီးဖိုခန်းကို သွားကြည့်လိုက်ပြန်သည်။ကိုယ့်ဘာသာ ချက်စားဖို့ နည်းနည်းလေးပင် ပြဿနာ မရှိပေ။ရေခဲသေတ္တာထဲ၌ ဘလက်ကော်ဖီအေး တစ်ကဒ်ပင် ထည့်ထားပေးသေးသည်။
ဒါက သေချာပေါက် အဖေ ပြောပြထားတာ ဖြစ်ရမည်။
သူ ဘလက်ကော်ဖီအေးကို စိုက်ကြည့်နေမိပြီး ၊ ဒီရက်တွေအတွင်း သူ တစ်ချိန်လုံး ကြိုးစား၍ လျစ်လျူရှု့ထားခဲ့သည့် အဖေ့ကိုလွမ်းသည့်စိတ်က ရုတ်တရက်ပင် ကာကွယ်ချိန်မရလိုက်ပဲ အရှိန်အဟုန်ဖြင့်ထိုးတက်လာခဲ့သည်။
သူ ရေခဲသေတ္တာကို ပိတ်လိုက်ပြီး ၊ နံရံကို မှီ၍ အကြာကြီး ငေးငိုင်နေမိသည်။
အခု အဖေ သေသလား ၊ ရှင်သလား ၊ ဘယ်နေရာမှာ ရှိနေသလဲကို ၊ သူ ခန့်မှန်းလို့ပင် မရပေ။
သူ အဖေ့ရဲ့ အစွမ်းအစကို ရှင်းရှင်းလင်းလင်း သိလေသည်။အကယ်၍ သူ အသက်ရှင်နေသေးပြီး ၊ သူ့ကို ရှာမတွေ့စေချင်ဘူးဆိုလျှင် ၊ တကယ်ကို လွယ်လွယ်နဲ့ ရှာလို့ရမှာ မဟုတ်ပေ။
လွန်ခဲ့သည့် နှစ်ရက်က သူ လျန်ပင်းကို သွားရှာခဲ့သေးသည်။သို့သော်လည်း လျန်ပင်းတွင် ဘာသဲလွန်စမှ မရှိပေ။
တစ်ခုတည်း သိခဲ့ရသည့်အရာမှာ လောင်တင်းက အဖေ့၏ နောက်ဆုတ်လို့ရမည့်လမ်းကို လျန်ပင်းအား တားခိုင်းထားခြင်းပင်။ထိုဘက်က လမ်းမကြီးဖြစ်တာကြောင့် လူအရမ်းများလေရာ ၊ ထွက်ပြေးတာဖြစ်ဖြစ် ၊ အကူအညီတောင်းတာဖြစ်ဖြစ် အတော်လေးလွယ်ကူသည်ပင်။
ဒါပေမယ့် အဖေက ထိုလမ်းက မသွားခဲ့ပေ။
ဘာကြောင့်လဲဆိုသည်ကို ယမ့်ဟန် ခန့်မှန်း၍ ရသည်။အထဲကို ဆက်သွားပါက အိမ်ရာမြေဟောင်းများနှင့် လမ်းဟောင်းများသာ ရှိတော့ရာ ၊ စောင့်ကြည့်ကင်မရာများက အပြည့်အစုံ မရှိပေ။ယမ့်ဟန် အဖေ့အကြောင်းကိုနားလည်ထားသလောက်ဆိုလျှင် ၊ အဖေ တစ်ခါတစ်လေ အပြင်ထွက်ပြီး လျှောက်ပတ်ကြည့်ထားတာကြောင့် ၊ ဘယ်နေရာမှာ စောင့်ကြည့်ကင်မရာ မရှိဘူးလဲကို သိထားဖို့က လွယ်ကူလှသည့်ကိစ္စပင်။ဘယ်လိုပဲဖြစ်ဖြစ် တစ်ခါအိပ်လျှင်တောင် သုံးမိနစ်လောက်ဖြင့် နိုးနိုးကြားကြား ပြန်ဖြစ်သွားတတ်သည့် မြေခွေးအိုကြီးပင်။
ထိုသွေးများသာ။
အဲ့လောက် သွေးတွေများနေတာ ၊ သူ့ဒဏ်ရါက ပြင်းထန်သည် ဆိုသည့် သဘောပင်။ထိုဒဏ်ရါနဲ့ သူ ဘယ်လိုလုပ် စောင့်ကြည့်ကင်မရာတွေကို ရှောင်ပြီး ပျောက်ကွယ်သွားခဲ့တာလဲ?
ယမ့်ဟန် အခု ခန့်မှန်းလို့ ရသွားလေပြီ။လာကြိုသည့် လူတစ်ယောက် ရှိနေတာပင်။
အိမ်ကမထွက်သွားခင် ဖုန်းခေါ်လာသည့်လူက ၊ အဖေ့ကို လာကြိုသည့် လူပင်။
ဘယ်သူလဲ?
ယမ့်ဟန် ဧည့်ခန်းထဲ ပြန်၀င်လာခဲ့လိုက်သည်။ဒီကိစ္စမှာ အချိန်တိုလေးအတွင်း အသုံး၀င်မည့် ဘယ်လိုအကြောင်းအရာမှ ရှင်းရှင်းလင်းလင်းသိရအောင် စဥ်းစားနိုင်ဖို့ မဖြစ်နိုင်ပေ။
သူ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ညနေစာ စားသင့်နေပေပြီ။ချွေးယိက ထမင်းအတူတူသွားစားဖို့ သူ့ကို စောင့်နေသည်။သူအခု လ၀က်လောက် ဘာမှ မစားပဲ နေလို့ ရသော်လည်း ၊ ချွေးယိကတော့ စားဖို့လိုသည်ပင်။
ယမ့်ဟန် ဖုန်းဆက်ရန် ဖုန်းကို ထုတ်ယူလိုက်သည်။ဖုန်းကို ထုတ်ယူလိုက်ပြီးနောက်တွင် သူ ထပ်ပြီး တုံ့ဆိုင်းသွားမိပြန်သည်။
သူ ထွက်သွားပြီ ဆိုသည်ကို ချူးယိ သိသွားလောက်ပြီပင်။
သူ နှုတ်ဆက်စကား မပြောခဲ့ပဲ ၊ ဘာသတင်းမှလည်း မချန်ထားခဲ့ပေ။
သူ ကြောက်သည်။ဒီလို ခွဲခွါမှုမျိုးကို ဘယ်လိုရင်ဆိုင်သင့်ကြောင်း သူ မသိပေ။
ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် ၊ ဘယ်လိုလူကိုပဲ ဖြစ်ဖြစ် ဘာအမှတ်တရမှ သူ မချန်ထားတတ်ခဲ့ပေ။ထိုနေရာတစ်ခုတည်း ၊ ပြီးတော့ ချူးယိ ၊ သို့သော်လည်း ထိုအမှတ်တရများက ၊ သူ့အား ဘယ်လိုပြောသင့်လဲ ၊ ဘယ်လိုလုပ်သင့်လဲ ဆိုသည်ကို မသိစေပေ။
ပြီးတော့ ချူးယိက ဒါကို မသိပေ။
သူ နှုတ်မဆက်ပဲ ထွက်သွားသည်ကိုသာ ချူးယိ သိမှာပင်။
ယမ့်ဟန် ဖုန်းကိုယူ၍ ၊ လက်ထဲတွင် အပြန်ပြန် အလှန်လှန် လှည့်နေမိသည်။
အကြိမ်အတော်ကြာအောင် လှည့်နေပြီးသည့် နောက်တွင် ၊ လက္ဖက်ရည်စားပွဲပေါ်၌ စက္ကူအိတ်တစ်လုံးတင်ထားသည်ကို သူ မြင်သွားသည်။
ဖုန်းဆင်းကဒ်ပင်။
ချွေးယိက သူ့အတွက် ပြင်ပေးထားတာ ဖြစ်နိုင်သည်။
ဒီလူက အတော်လေး အသေးစိတ်ဂရုစိုက်တတ်သည့် လူပင်။သူ ခုနက ရေချိုးခန်းထဲ ၀င်ကြည့်လိုက်ချိန်တွင် ခေါင်းလျှော်ရည် ၊ ရေချိုးဆပ်ပြာ ၊ သွားတိုက်ဆေး ၊ သွားတိုက်တံများအားလုံး အပြည့်အစုံ ပြင်ဆင်ပေးထားရုံသာမက ၊ မုတ်ဆ်ိတ်ရိတ်ခရင်မ်ကိုပါ ထားပေးထားသည်။
အဖေနဲ့ တကယ်ကို အကြီးကြီး ကွာခြားလှသည်ပင်။ဒီလိုလူနှစ်ယောက်က မထင်မှတ်ထားပဲ သူငယ်ချင်းတွေ ဖြစ်နေကြသည်။ထို့အပြင် သူတို့ဆက်ဆံရေးက.......သားအရင်းကိုပင် ကြည့်ရှု့စောင့်ရှောက်ခိုင်းထားလို့ရအောင် ယုံကြည်ကြသည့် ဆက်ဆံရေးပင်။
သူတို့နှစ်ယောက်ရဲ့ နာမည်၀ှက်အပေါ် ထားတဲ့ သဘောထားက အရမ်းကို တူညီနေကြသည်က လွဲလို့ပေါ့။
ယမ့်ဟန်သည် ဆင်းကဒ်အသစ်ကို ဖုန်းထဲထည့်လိုက်ပြီး ၊ ဆင်းကဒ်အဟောင်းကိုတော့ လွှင့်မပစ်ပဲ ၊ ဟိုဘူးထဲ ထည့်ထားလိုက်သည်။ထို့အပြင် သူ ထိုဆင်းကဒ်ကို အမြဲတမ်း ပိုက်ဆံထည့်ထားမည်ဖြစ်ကြောင်းကို သူ့ကိုယ်သူ သိနေသည်။
ဒါပေမယ့် ဒီလိုလုပ်တာက အဖေ့အတွက်မဟုတ်မှန်း သူ့ကိုယ်သူ သိနေသည်။အကယ်၍ အဖေက သူ့ကို ရှာချင်တယ်ဆိုလျှင် ၊ ဒီအတိုင်း သူ့ကို တိုက်ရိုက်ဆက်သွယ်လာမှာ သေချာပေါက်ပင်။အရင်ဆုံး ချွေးယိကို ဆက်သွယ်လာမည်သာ။
ချူးယိအတွက် လုပ်ခြင်းပင်။
သေသေချာချာ နှုတ်ဆက်ဖို့ကိုတောင်မှ သင့်တော်သည့် ပုံစံကို ရှာမတွေ့ခဲ့သော်လည်း ၊ ဆက်သွယ်လို့ရမည့် ပစ္စည်းကိုတော့ ချန်ထားလိုက်သည်။
နည်းနည်းတော့ ရယ်စရာကောင်းလှသည်။
ချွေးယိက ဘေးနားရှိ တိုက်တွင် နေရာ ၊ သူဖုန်းခေါ်လိုက်သည်နှင့် တိုက်အောက်ကနေ သူ့ကို စောင့်နေလေသည်။
သူ ဆင်းလာသည့် အချိန်၌ ၊ ချွေးယိမှာ တိုက်အရှေ့ရှိ ပန်းတစ်ပွင့်အား ဖုန်းဖြင့် ဓာတ်ပုံရိုက်နေလေသည်။
"ပန်းကို ရိုက်နေတာလား?"
ယမ့်ဟန်ကလျှောက်သွားလိုက်ပြီး မေးလိုက်သည်။
"ရှူး"
ချွေးယိက ပြောလာသည်။
ရှူးဟု ပြောလိုက်သည့် အချိန်မှာပင် လိပ်ပြာတစ်ကောင်က ပန်းပေါ်မှ ပျံသန်းလာခဲ့ကာ ၊ တောင်ပံများကို ဖြန့်လျက် ပန်းခင်းထဲသို့ ၀င်သွားခဲ့သည်။
"တောင်းပန်ပါတယ်"
ယမ့်ဟန် ပြောလိုက်သည်။
"လက်ဆော့ပြီး ရိုက်ကြည့်နေတာ"
ချွေးယိက ပြောလာသည်။
"Wechat ထဲက ကောင်မလေးတွေက ပန်းပုံတွေပဲ တင်နေကြတာ ၊ ဦးလေးက အမြဲတမ်း တုတ်ထိုးအကင်တွေပဲ တင်နေတာ တော်တော်လေး သဟဇာတဖြစ်ဘူး"
ယမ့်ဟန် ရယ်လိုက်မိသည်။
"သွားစို့ ၊ သွားစားကြမယ်"
ချွေးယိက ဖုန်းကို ပြန်သိမ်းလိုက်သည်။
"ဘာစားမှာလဲ?"
ယမ့်ဟန်က မေးလိုက်သည်။
"တုတ်ထိုးအကင်"
ချွေးယိက ပြောလာသည်။
"ဒါမှမဟုတ် မင်းဘာစားချင်လဲ?"
"အကင်တုတ်ထိုးပဲ စားကြမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
ချွေးယိက ဒီအကင်ဆိုင်ရဲ့ ပုံမှန်စားသုံးသူ ဖြစ်နိုင်သည်။ဆိုင်ထဲ ၀င်လိုက်သည်နှင့် စားပွဲထိုးအားလုံးက သူ့ကို မှတ်မိကြလေသည်။အကင်များ မှာယူပြီးနောက်တွင် သူဌေးက အသီးပန်းကန်တစ်ချပ်ကို သူကိုယ်တိုင် လာပို့ပေးသည်။
"ဒီနေ့တော့ တစ်ယောက်ထဲ လာတာ မဟုတ်တော့ဘူးပဲ"
သူဌေးက ပြောလာသည်။
"အင်း"
ချွေးယိက ယမ့်ဟန်ကို လက်ညှိုးထိုးပြလိုက်ပြီး
"ကျုပ်မွေးစားသား"
"ရုပ်က တော်တော်တူတာပဲ"
သူဌေးက ပြောလာသည်။
"ခင်ဗျား ဒီ IQ နဲ့ ဆိုင်ကို ဆယ်နှစ်ကျော်လောက် ဘယ်လ်ိုဖွင့်နိုင်ခဲ့တာလဲ"
ချွေးယိက သက်ပြင်းချလိုက်သည်။
သူဌေးက ကြောင်အသွားပြီးကာမှ ၊ အသိပြန်၀င်လာကာ ရယ်လိုက်ပြီး :
"ကျုပ်ပြောချင်တဲ့သဘောက ၊ နှစ်ယောက်စလုံးက အရမ်းချောတယ် ၊ နှစ်ယောက်စလုံး အရမ်းချောတယ် အဲ့လိုပါ"
"အကင် မြန်မြန်သွားကင်တော့"
ချွေးယိက လက်ယမ်းပြလိုက်သည်။
သူဌေးထွက်သွားကာမှ ၊ ချွေးယိက သူ့ကိုကြည့်လာပြီး :
"မင်းနဲ့ မင်းအဖေက တကယ်ကို တစ်ပုံစံတည်းပဲ"
"ဦးလေးတို့သိတာ ဘယ်လောက်ကြာနေပြီလဲ?"
ယမ့်ဟန် မေးလိုက်သည်။
"မင်း သူ့ကို သိတာထက် နှစ်အများကြီး ပိုကြာတယ်"
ချွေးယိက ရယ်လိုက်ပြီး
"သူ မာနကြီးပြီး နယ်တကာကို လျှောက်သွားနေခဲ့တဲ့ နှစ်တွေကတည်းက"
"ဦးလေးတို့ ဘယ်လို သိခဲ့ကြတာလဲ?"
ယမ့်ဟန် ထပ်မေးလိုက်သည်။
"ဒါကလား"
ချွေးယိက အတော်ကြာအောင် တုန့်ဆိုင်းသွားခဲ့ပြီး ၊ ပြန်လည်စဥ်းစားနေသလိုမျိုး မျက်လုံးများက ဖျော့တော့သွားခဲ့ကာ ၊ နောက်ဆုံးမှာတော့ ရယ်လိုက်ပြီး
"ပြောရမယ်ဆိုရင် တော်တော်ရှည်တယ်"
ယမ့်ဟန် ထပ်မမေးတော့ပေ။
"နောက်လက မင်းမွေးနေ့ မဟုတ်လား?"
ချွေးယိက မေးလာသည်။
"အင်း"
ယမ့်ဟန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"ကျွန်တော့်အဖေက ဦးလေးကို ပြောပြထားတာလား?"
"မဟုတ်ဘူး ၊ ဦးလေး အမြဲတမ်း မှတ်မိနေတာ"
ချွေးယိက ပြောလာသည်။
"ဘယ်နှစ်ရက်လဲဆိုတာကိုပဲ သေချာ မမှတ်မိတော့တာ ၊ မင်း မွေးတဲ့အချိန်တုန်းက ဦးလေး လာကြည့်ခဲ့သေးတယ် ၊ သေးသေးလေး ၊ တော်တော် ရုပ်ဆိုးတာ ၊ ကြီးလာရင် ဒီလိုပုံစံ ဖြစ်လာမယ်လို့ မထင်ထားမိခဲ့ဘူး"
".........သြော်"
ယမ့်ဟန်မှာ စကားကို ဘယ်လိုဆက်ပြောရမလဲကို မသိတော့ပေ။
"မင်း အလုပ်ရှာချင်တယ်ဆိုရင် ၊ ဦးလေး မင်းအတွက် မေးပေးလို့ရတယ်"
ချွေးယိက ပြောလာသည်။
"လုပ်ချင်တဲ့ အတွေး ရှ်ိလား?"
"ကျွန်တော် အနောက်တိုင်း စားသောက်ဆိုင်မှာ အမြဲတမ်း အလုပ်လုပ်ချင်ခဲ့တာ"
ယမ့်ဟန်က ပြောလိုက်သည်။
"အခြေခံလောက်ပဲ ချက်တတ်တာ ၊ ရပါ့မလားတော့ မသိဘူး"
"မင်း အင်္ဂလိပ်စာ တော်တော်ရတယ် မဟုတ်လား"
ချွေးယ်ိက ပြောလာသည်။
"မင်းအဖေက မင်းအရမ်းတော်တယ်ဆိုပြီး ဦးလေးကို ကြွားဖူးတယ်"
"နည်းနည်းတော့ ရပါတယ်"
ယမ့်ဟန် ရယ်လိုက်မိသည်။အဖေက အခြားသူများအား သူ့အကြောင်း ကြွားပြောနေသည့်အချိန်၌ ဘယ်လိုပုံစံ ဖြစ်နေမလဲဆိုသည်ကို သူ တွေးကြည့်လို့ မရပေ။
"ဦးလေး မင်းအတွက် မေးကြည့်ပေးမယ်"
ချွေးယိက ပန်းကန်ပြားအား သူ့အရှေ့ တွန်းပို့ပေးလာပြီး
"စား"
**************
ချူးယိသည် သစ်ပင်အနောက်တွင် ကပ်၍ ၊ ယမ့်ဟန်၏ အိမ်တံခါးကို စိုက်ကြည့်နေမိသည်။
မဟုတ်ဘူး ၊ အဲ့နေရာက ယမ့်ဟန်အိမ် မဟုတ်တော့ဘူး။
တိုက်ခန်းပိုင်ရှင် အစ်မကြီးက ၊ ယမ့်ဟန် အိမ်ပြောင်းသွားခဲ့ပြီဟု ပြောလာသည်။
ပြောင်းသွားခဲ့ပြီ။
အစကတည်းက သူတို့က နေရာတစ်နေရာမှာ အကြာကြီး မနေတတ်ကြဘူးဟု ယမ့်ဟန် သူ့ကို ပြောပြထားခဲ့သော်လည်း ၊ အရင်ရက်တွေတုန်းက ယမ့်ဟန်ထွက်သွားတော့မည်ဟု သူ ကြိုတင်ခံစားခဲ့မိသည်။
ဒါပေမယ့် ဒီလို ရုတ်တရက်ကြီး ထွက်သွားလိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။
ယမ့်ဟန်က သူ့အတွက် စာတစ်လုံးတစ်လေတောင်မှ ရေးမထားခဲ့ပဲ ၊ ဒီအတိုင်း ထွက်သွားခဲ့သည်။
ချူးယိ အရမ်း ၀မ်းနည်းမိသည်။
အရမ်း ၀မ်းနည်းသည်။
သူ ဒီလိုခံစားချက်မျိုးကို တစ်ခါမှ မခံစားဖူးခဲ့ပေ။ဒီခံစားချက်က အဖေ လူသတ်မှူမှာ ပါ၀င်ပတ်သတ်နေသည်ဆိုသည့် အကြောင်းအား ဖုံးလွှမ်းသွားပြီး ၊ လူသတ်သမားရဲ့သားဟု လူတွေပြောတာ ခံနေရသည့် ခံစားချင်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
၀မ်းနည်းတာအပြင် ၊ ပြောမပြတတ်သည့် မွန်းကြပ်မှူတစ်မျိုးကိုလည်း ခံစားနေရသေးသည်။
မနက်ကမှ ယမ့်ဟန်ထွက်သွားခဲ့တာပင်။
ဒီနေ့ မနက်မှာပင်။
သူ အိမ်ပြန်ဖို့ Bus ကား စီးလာနေသည့် အချိန်တွင် ၊ ယမ့်ဟန် ထွက်သွားခဲ့သည်။
အကယ်၍များ သူ သာ တစ်ရက်လောက် စောပြီးပြန်လာခဲ့ရင် ၊ နည်းနည်းလောက်စောပြီး ယမ့်ဟန်ကို ဆက်သွယ်လိုက်မယ်ဆိုရင် ၊ ဒီလို ရုတ်တရက်ကြီး ဖြစ်မသွားလောက်ပေ။
အနည်းဆုံးတော့ တစ်ခါလောက် တွေ့လိုက်နိုင်မည်ပင်။
သူ ပြန်လာအုံးမှာလား မေးလို့ရမည်ဖြစ်ပြီး ၊ သူ ဘယ်ကိုသွားမှာလဲဟု မေးလိုက်နိုင်မှာပင်။
အခုတော့ ၊ သူ ယမ့်ဟန်အား ဓာတ်ပုံတစ်ပုံပင် မရိုက်လိုက်ရပေ။
ဖုန်းထဲ ကျန်နေခဲ့သည့် တစ်ခုတည်းသောအရာမှာ ၊ သူ ယမ့်ဟန်ကို ခိုးရိုက်သည့်အချိန်က ရိုက်မိလိုက်သည် အငွေ့တစ်ထောင်းထောင်းထနေသည့် အိုးအဖုံးတစ်ခုသာ။
၀မ်းနည်းသည်။
သူ သူငယ်ချင်း မရှိခဲ့ဖူးပေ။အခုတော့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားတာက ဘယ်လောက် ၀မ်းနည်းဖို့ ကောင်းသည်က်ို သူ ပထမဆုံးအကြိမ် သိရှိသွားခဲ့သည်။
ညမှောင်လာ၍ ၊ လမ်းမပေါ်တွင် လူတစ်ယောက်မှ မရှ်ိတော့ပေ။သူ သစ်ပင်နောက်က ထွက်လာခဲ့ပြီး ၊ လမ်းမကို ဖြတ်၍ ပြေးလာခဲ့လိုက်သည်။
ခုနက မြေကြီးပေါ်မှ တွေ့ရာကောက်ယူလာခဲ့သည့် ကဒ်တစ်ကဒ်ကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်သည်။ကဒ်ပေါ်တွင် 24 နာရီ လော့ခ်ဖွင့်ပေးသည်ဟု ရေးထားသည်။
သူ အရပ်လေးမျက်နှာကို ကြည့်လိုက်ပြီး ၊ ကဒ်အား သော့ဘေးနားရှိ တံခါးကြားထဲ ထိုးထည့်၍၊ ဖြည်းဖြည်းချင်း လှုပ်ပြီး အထဲကို ထိုးထည့်လိုက်ရာ တံခါးက ပွင့်သွားခဲ့သည်။
ဒီလေါ့ခ်က အတော်လေး ဟောင်းနေလေပြီဖြစ်ရာ ၊ တိုက်ခန်းပိုင်ရှင်က အိမ်ငှါးများလုံခြုံရေးအတွက် တံခါးဂျက်သုံးခုနှင့် သော့ခလောက်တစ်ခုကို အတွင်းဘက်တွင် တပ်ဆင်ပေးထားသည်။သို့သော်လည်း အခု က နေသည့်လူမရှိတာကြောင့် ၊ သော့ မခတ်ထားပေ။
ချူးယိ အခန်းထဲ ၀င်လာခဲ့ပြီး ၊ တံခါးကို သေချာပြန်ပိတ်လိုက်ကာ ၊ ဧည့်ခန်းအလယ်တွင် ရပ်နေမိသည်။
အမှောင်ထဲတွင် ပျောက်ကွယ်လုနီးနီး ဖြစ်နေသည့် ဆေးလိပ်နံ့ဖျော့ဖျော့ကို သူ ရှူရှိုက်လိုက်မိသည်။
သူ ယမ့်ဟန်အိပ်ခန်းထဲ ၀င်လာခဲ့ပြီး ၊ ခက်ခက်ခဲခဲဖြင့် ဖုန်းမီးကို ဖွင့်လိုက်ကာ ၊ ပြောင်ရှင်းနေပြီဖြစ်သည့် အခန်းကို ကြည့်လိုက်မိသည်။
ဘာပစ္စည်းမှ မရှိတော့ပေ။ယမ့်ဟန်၏ အိပ်ခန်းထဲတွင် အစကတည်းက ဘာပစ္စည်းမှ သိပ်မရှိသော်လည်း ၊ အခုလို ပြောင်ရှင်းနေသည်က လူကို အသက်ပင်ရှူလို့မရစေပေ။
ဖုန်းမီး၏အလင်းရောင်မှာ ဗလာဖြစ်နေသည့် ကုတင် ၊ ဘာမှ မရှိတော့သည့် စားပွဲ ၊ ဘာမှ တင်လွှားထားခြင်း မရှိတော့သည့် ကုလားထိုင်နောက်မှီ ၊ အ၀တ်တစ်ထည်မှမရှိတော့သည့်အ၀တ်ဗီရိုတို့အပေါ် ဖြာကျနေသည်။
တစ်ပတ်ပတ်ကြည့်ပြီးသည့် နောက်မှာတော့ သူချက်ချင်း ရပ်လိုက်မိသည်။ဖုန်းက မီးမလင်းတော့ပေ။သူ အလောတကြီးဖြင့် ဖုန်းလော့ခ်ဖွင့်နေပြီး စားပွဲဘေးနားကို လျှောက်သွားလိုက်ကာ ၊ လက်ကိုဆန့်တန်း၍ စားပွဲမျက်နှာပြင်ကို စမ်းကြည့်လိုက်သည်။
လက်က ထိုပုလင်းကို စမ်းမိသွားသည့် အချိန်တွင် ဖုန်းက ပြန်လင်းလာခဲ့သည်။
ထို**ရေမွှေးကို ယမ့်ဟန် ယူမသွားခဲ့ပေ။
ချူးယိသည် လက်ထဲရှိ ထို**ရေမွှေးပုလင်းကို ကြည့်နေမိပြီး ၊ ပျော်သွားသလို ခံစားချက်မျိုးအား ရုတ်တရက် ခံစားလိုက်ရသည်။
သူ ပုလင်းကို အသာလေး လှုပ်ကြည့်လိုက်ရာ၊ ပုလင်းတစ်၀က်လောက်တော့ ကျန်နေသေးသည်!
အဖုံးကို ဖွင့်၍ တစ်ချက်ဖြန်းလိုက်ရာ ၊ လေထုထဲတွင် ခပ်ဖျော့ဖျော့မွှေးသည့် ရေမွှေးနံ့များဖြင့် ဖုံးလွှမ်းသွားခဲ့ကာ ၊ ယမ့်ဟန်ဘေးတွင် လှဲအိပ်ခဲ့သည့်ညကို ချက်ချင်း သတိရသွားခဲ့သည်။
သူ ထို**ရေမွှေးပုလင်းအား ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။
ယမ့်ဟန် ထွက်သွားသည့် အချိန်က သူ့ကို ဘာကြောင့်မပြောသွားမှန်း ၊ သူ့ကို ဘာကြောင့် နှုတ်မဆက်သွားလဲကို သူ မသိသော်လည်း ၊ ဒီ**ရေမွှေးကိုတော့ ယမ့်ဟန်က သူ့အတွက် သေချာချန်ပေးထားခဲ့ကြောင်းကို သူ အတိအကျ သိနေလေသည်။
နောက်ဆုံးစာမေးပွဲ ဖြေသည့်နေ့၌ ၊ ချူးယိသည် အဖွားနှင့်အိမ်နီးချင်းတစ်ယောက် ရန်ဖြစ်နေကြသည့် အသံများကြားမှ လှေကားအတိုင်း ဆင်းလာခဲ့လိုက်သည်။
အိမ်မှ ကျောင်းသို့ သွားသည့်လမ်းအား ၊ အချိန်အကြာကြီး မဖြတ်သွားခဲ့သလိုမျိုး ခံစားနေရကာ နည်းနည်း စိမ်းသက်နေမိသည်။
လမ်းမှာ လီဇီဟောင်နှင့် တွေ့လေသည်။
လီဇီဟောင်က ပုံမှန်နှင့် သိပ်တူပေ။ပုံမှန်ဆိုလျှင် သူ့ကို တွေ့သည်နှင့် လီဇီဟောင်က စကားနှစ်ခွန်းလောက် နောက်ပြောင်ကာ ၊ လက်ဝါးဖြင့်နှစ်ချက်လောက်ကတော့ သေချာပေါက် လာရိုက်မှာပင်။ဒါပေမယ် ဒိီနေ့တော့ သူ့ကို တစ်ချက်သာ ကြည့်ရုံကြည့်လာသည်။
ချူးယိ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည့် အချိန်တွင် ၊ သူ့မျက်လုံးထဲ၌ အကြည့်လွှဲသလိုမျိုး ဖြတ်ခနဲပင် ဖြစ်သွားသေးသည်။
ကျောင်းသို့ ရောက်လာမှသာ ချူးယိမှာ ရုတ်တရက် အသိ၀င်လာခဲ့သည်။
သူ လျန်ပင်းကို ထိုးလိုက်တာကြောင့် ဖြစ်နိုင်သည်။
အရမ်းကောင်းတယ်။
ချူးယိ အတော်လေး ပျော်သလို ခံစားလိုက်ရသည်။အနည်းဆုံးတော့ နောက်ဆိုရင် လီဇီဟောင်က သူ့ကို လွယ်လွယ်နှင့် ပြဿနာလာရှာတော့မှာ မဟုတ်ပေ။
သို့သော်လည်း ကျောင်းထဲ၀င်လိုက်ပြီးနောက်မှာတော့ သူ ထိုပျော်ရွှင်မှုကို ဆက်ပြီး မထိန်းသိမ်းထားနိုင်တော့ပေ။
မိမိ၏ အကြားအာရုံက အတော်လေးကောင်းသည်ကို ချူးယိသိလေသည်။သို့သော် ကျောင်းပေါက်၀မှ စာသင်ခန်းသို့လာသည့် လမ်းတိုတိုလေးတွင် ၊ မိမိ၏နာမည်အား ကြောက်လန့်ပြီး မနှစ်မြို့စွာဖြင့် ပြောနေကြသည်ကို အနည်းဆုံး လေးခေါက်လောက် ကြားခဲ့ရသည်။
ရုတ်တရက်ကြီး ဒေါသထွက်လာပါက ပေါက်ကွဲတတ်သည့် အကျင့်ရှိသည့် လူသတ်တရားခံ၏ သားတစ်ယောက်။
ယခုအချိန်တွင် လူတိုင်း၏ မျက်လုံးထဲ၌ မိမိမှာ ထိုပုံစံ ဖြစ်နေမှာပင်။
ဒီလို လေထုမျိုး၌ ၊ ချုးယိမှာ နောက်ဆုံးစာမေးပွဲသုံးရက်ကိုပင် တောင့်မခံနိုင်တော့သလို ဖြစ်လာသည်။
ငယ်ငယ်ကလေးတည်းကနေ အခုအချိန်အထိ ၊ သူ ကြိုးစား၍ ကိုယ်ပျောက်သလို နေခဲ့ကာ ၊ လူတွေကို မတွေ့စေပဲ ၊ လူအများ၏ မျက်စိရှေ့သို့ မထွက်ပဲ နေခဲ့သည်။တစ်ယောက်တည်း ချောင်ထဲတွင် တိတ်တိတ်လေး နေနေရသည်ကို သူ ကျင့်သားရနေခဲ့လေပြီ။
အခုတော့ အရာအားလုံး ပျက်စီးသွားပြီဖြစ်ပြီး ၊ သူ ဘယ်နေရာကို သွားသွား ၊ အကြည့်များကို ခံစားလို့ရနေသည်။
နောက်ဆုံးဘာသာ ဖြေဆိုပြီးနောက်မှာတော့ ၊ သူအိမ်ပြန်လာခဲ့ကာ ၊ အဖွားက သူ့ကို ဆေးလိပ်သွား၀ယ်ခိုင်းတာကိုတောင်မှ ၊ သူ မသွားချင်ပေ။
လူသတ်တရားခံရဲ့ သားပဲဖြစ်ဖြစ် ၊ ဒေါသဖြင့် ပြဿနာကို ဖြေရှင်းတတ်သည့် "လူရိုးကြီး" ပဲဖြစ်ဖြစ် ၊ အကုန်လုံးက သူ့ကို လိုက်လျောညီထွေဖြစ်စေဖို့ ခက်ခဲလှသည်။
"ဘာက်ို အချိန်ဆွဲနေတာလဲ!"
အဖွားက ဆေးလိပ်ကိုခဲရင်း သူ့ကို စိုက်ကြည့်လာကာ
"နင့်အဖေက ဒီအိမ်ကို အခုလိုဖြစ်အောင် လုပ်သွားတာ!နင်ကလည်း ရန်ဖြစ်ပြီး သတင်းတွေကြီးအောင်တောင် လုပ်လိုက်သေးတယ်ပေါ့ ဟုတ်လား!ခဏလောက် ပြေးသွားလိုက်တာနဲ့ နင့်အရေပြား ကွဲသွားမှာ မို့လို့လား!"
ချူးယိ ခုန်ထလိုက်ပြီး ၊ အဖွားစားပွဲပေါ်ပစ်တင်ထားသည့် ပိုက်ဆံကို ဆွဲယူ၍ အိမ်အပြင်ကို ထွက်လာခဲ့လိုက်သည်။
လှေကားမှ ဆင်းလာသည့် အချိန်တွင် သူ လှေကားလက်ရန်းကို ဆုပ်ကိုင်၍ အကြိမ်အနည်းငယ်လောက် လှုပ်ယမ်းလိုက်ပြီး ၊ ခြေထောက်ဖြင့် နှစ်ခါလောက် ထပ်ကန်လိုက်ပြန်သည်။
ခန္ဓာကိုယ်ထဲရှိ ဒေါသက ၊ နောက်ကျောတစ်ခုလုံး ချွေးတွေဖြင့် စိုရွှဲသွားစေသည်ကိုသာ ခံစားမိသည်။
ကုန်စုံဆိုင် အသေးလေးဆီသို့ ရောက်လာချိန်တွင် ၊ လူအချို့က ဆိုင်ထဲမှ ထွက်ခဲ့ကြသည်။
လျန်ပင်းနှင့် သူ့တပည့်များပင်။
"ရိုး"
လျန်ပင်းက သူ့ကို မော့ကြည့်လာပြီး ၊ မျက်လုံးအကြည့်က တစ်ခဏအတွင်းမှာပင် ပြောင်းသွားခဲ့သည်။
ချူးယိက အကျင့်ပါနေသည့်အတိုင်း ရပ်လိုက်မိကာ ၊ အနောက်ကို ခြေလှမ်းတစ်လှမ်းလောက် ဆုတ်လိုက်မိသည်။
လျန်ပင်းက ဘေးနားကို လှည့်ပတ်ကြည့်လိုက်ပြီး ကုန်စုံဆိုင်၏ ကြမ်းတိုက်တံကို ဆွဲယူလိုက်ကာ သူ့ဆီ ပြေး၀င်လာခဲ့သည်။
ချူးယိ လှည့်ပြေးရန် ပြင်လိုက်သည့် အချိန်တွင် ၊ ကြမ်းတိုက်တံက သူ့ခါးကို ထိသွားခဲ့သည်။
သူ့တစ်ကိုယ်လုံး ဟိုနေ့က လျန်ပင်းနဲ့ရန်ဖြစ်ခဲ့ချိန်က ရခဲ့သည့် ဒဏ်ရါများဖြင့် ပြည့်နှက်နေသည်။ရေချိုးသည့် အချိန်တွင် ခန္ဓာကိုယ်ပေါ်ရှိ မကျက်သေးသည့် ဒဏ်ရါများကို သူမြင်နေရသည်။
ကြမ်းတိုက်တံက ခါးပေါ်ရှိ ထိုအကြီးဆုံး ဒဏ်ရါကို ထိသွားတာ ဖြစ်နိုင်သည်။
အစက သိပ်မသိသာတော့သည့် နာကျင်မှုမှာ တစ်စက္ကန့်အတွင်းမှာပင် အသည်းခိုက်မတတ်ပြန်လည်နာကျင်လာခဲ့သည်။
"အခု မင်းကို ကျောထောက်နောက်ခံ လုပ်ပေးမယ့်လူ မရှိတော့ဘူး မဟုတ်လား!"
လျန်ပင်းက ချက်ချင်းပင် သူ့နောက်ကျောအား တစ်ချက် ကန်လာပြီး
"မင်းမေ ၊ မင်းဘယ်လောက်ထိ အရူးထနိုင်မလဲဆိုတာ ငါ ကြည့်ကြည့်မယ်!"
ချူးယိမှာ အကန်ခံလိုက်ရတာကြောင့်လည်ပင်းက ချက်ချင်း နောက်လန်ကျသွားခဲ့ကာ ၊ မြေကြီးပေါ် ဒူးထောက်ကျသွားခဲ့ပြီး ၊ အရှေ့ကို ပစ်လဲသွားတာကြောင့် ၊ လက်က မြေကြီးပေါ် ထောက်မိသွားခဲ့ကာ မြေကြီးပေါ်တွင် ပြည့်နှက်နေသည့် ကျောက်ခဲများအပေါ်၌ ဖုန်မှုန့်များ ထလာခဲ့သည်။
"အိုင်း!"
ကုန်စုံဆိုင်ပိုင်ရှင်က ပြေးထွက်လာခဲ့ပြီး
"ဘာလုပ်ကြတာလဲ!ဒီနေရာမှာ လူကို ရိုက်နေတယ်!လျန်ပင်း မင်းကတော်တော်ဆိုးတာပဲ!"
"ပါးစပ်ပိတ်ထား!"
လျန်ပင်းက ကုန်စုံဆိုင် ပိုင်ရှင်ကို တစ်ချက်ကြည့်လိုက်သည်။
ကုန်စုံဆိုင်က အဆောက်အအုံအချို့၏ ဘေးမှာ ဖွင့်ထားတာကြောင့် သွားသွားလာလာ လုပ်နေကြသည့် အိမ်နီးချင်းများက မနည်းလှပေ။အကုန်လုံးက ဆယ်စုနှစ်တစ်ခုစာလောက် အိမ်နီးချင်း ဖြစ်လာကြသည်ဖြစ်ရာ ၊ အခုအချိန်မှာတော့ အကုန်လုံးက ဒီဘက်ကို လှမ်းကြည့်လာကြသည်။
လျန်ပင်းက ကြမ်းတိုက်တံကို လွှင့်ပစ်လိုက်ပြီး ၊ ချူးယိကို တစ်ချက်ကြည့်၍ ၊ တပည့်များက်ိုခေါ်ကာ လမ်းမဘက်ဆီ လှည့်ထွက်သွားခဲ့သည်။
ချူးယိက ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး၊ မြေကြီးပေါ်ရှိ ကြမ်းတ်ိုက်တံက်ို ကောက်ယူလိုက်သည်။
ကျောထောက်နောက်ခံ?
သူ့ကို ကျောထောက်နောက်ခံ လုပ်ပေးမယ့်လူကို ဘယ်တုန်းကမှ မလိုခဲ့ပေ။ယမ့်ဟန် သူ့ကို ကူညီပေးတာကလည်း ကျောထောက်နောက်ခံ လုပ်ပေးတာ မဟုတ်ပေ။သူငယ်ချင်းမို့ လုပ်ပေးတာပင်။
သို့သော် ဒီကိစ္စက စပြီးသွားပြီပင်။ချူးယိသည် ကြမ်းတိုက်တံထိပ်အား ခြေထောက်ဖြင့် ဖိလိုက်ပြီး ၊ တုတ်တံကို လက်ဖြင့် ဆုပ်ကိုင်၍ ချက်ချင်း မတင်လိုက်ရာ ၊ ကြမ်းတိုက်တံတုတ်က ဂျွတ်ခနဲမြည်ကာကျိုးသွားခဲ့သည်။
ဒါဆိုလည်း ဒီအတိုင်း ဆက်လုပ်လိုက်ရုံပေါ့။
သူ တုတ်ကို ကိုင်လျက် လျန်ပင်းအနောက်သို့ လျှောက်သွားလိုက်ကာ :
"လျန်ပင်း"
လျန်ပင်း လှည့်ကြည့်လာသည်။
ချူးယိသည် တုတ်ကိုကိုင်၍ လျန်ပင်း၏ မျက်နှာဆီ လှမ်းရိုက်ပစ်လိုက်သည်။
တုတ်က လျန်ပင်း၏ ခေါင်းကို ရိုက်မိသွားသည့် အချိန်တွင် ၊ ထိတ်လန့်မှုကြောင့် ပါးစပ်ပင် ထုံကျင်သွားခဲ့သည်။
အရပ်လေးမျက်နှာစလုံး အလန့်တကြားအော်ဟစ်လိုက်ကြသည့် အသံများ ထွက်လာခဲ့သည်။
လျန်ပင်းမှာ အရိုက်ခံလိုက်ရ၍ အသိတရားကင်းမဲ့သွားပုံဖြင့် ၊ နေရာမှာပင်ရပ်နေပြီး တုပ်တုပ်မှ မလှုပ်ပေ။စက္ကန့်အနည်းငယ် ကြာသွားပြီးနောက်တွင် ၊ လျန်ပင်း၏ ဆံပင်လိုင်းကြားထဲမှ သွေးများ စီးကျလာခဲ့သည်။
"မင်း.....မေ.....ငါလူး....."
လျန်ပင်းမှာ ထိတ်လန့်သွားပြီး ရီဝေဝေဖြင့် စကားတစ်ခွန်း ဆိုလာသည်။
တပည့်တစ်ယောက်က အသိပြန်၀င်လာကာ ၊ ပြေး၀င်လာတာကြောင့် ချူးယိက နောက်တစ်ကြိမ် တုတ်ကို လွှဲ၍ ထိုလူ့ဆီ လှမ်းရိုက်လိုက်ရာ ၊ ထိုလူ၏ ပခုံးကို ရိုက်မိသွားခဲ့သည်။
တုတ်က အသံတစ်ချက်မြည်၍ ကျ်ိုးသွားခဲ့သည်။
တစ်၀က်ကျိုးသွားခဲ့သည့် တုတ်က ကုန်စုံဆိုင်ပိုင်ရှင်၏ အရှေ့ကို လွှင့်သွားကာမှ ၊ ကုန်စုံဆိုင်ပိုင်ရှင်က အလန့်တကြား ထခုန်လာပြီး :
"ချူးယိ!"
ချူးယိ တုတ်ကို တတိယအကြိမ်မြောက် လှမ်းပစ်ရန် ပြင်လိုက်သည့် အချိန်၌ ၊ စတိုးဆိုင်ပိုင်ရှင်က အရှေ့ကနေ ၀င်တားလာကာ :
"ချူးယိ!မင်းဘာလုပ်တာလဲ!"
"အိုင်းရိုး ဘုရားရေ!"
အဖွားကြီးတစ်ယောက်က အလန့်တကြားအသံဖြင့် အကျယ်ကြီး အော်ပြောလာသည်။
"မင်း နောက်ဆို"
ချူးယိက လျန်ပင်းကို လက်ညှ်ိုးထိုးလိုက်ပြီး
"ငါ့ကို တွေ့ရင်,ရှောင်သွား"
လျန်ပင်းမှာ တုတ်ဖြင့်တစ်ချက်အရိုက်ခံလိုက်ရရာမှ အသိပြန်၀င်လာပုံ မရသေးပဲ ၊ သူ့ကို စိုက်ကြည့်နေပြီး အတော်ကြာသည်အထိ လှုပ်မလာပေ။
"သွားတော့လေ"
ကုန်စုံဆိုင်ပိုင်ရှင်က လျန်ပင်းကို အကျယ်ကြီး အော်ပြောလိုက်သည်။
"အရိုက်ခံချင်သေးလို့လား!"
ထ်ိုအခါကျမှ လျန်ပင်းက သူ့မျက်နှာကို တစ်ချက် သုတ်လိုက်ပြီး ၊ သူ့လက်တစ်ခုလုံး သွေးတွေစိုသွားသည်ကို အတော်ကြာသည်အထိ စိုက်ကြည့်နေကာ ၊ အိပ်မက်ယောင်နေသလိုမျိုး စကားတစ်ခွန်းဆိုလာသည်။ :
"သွားမယ်"
ကုန်စုံဆိုင်ပိုင်ရှင်က ချူးယိ လက်ထဲရှ်ိ တုတ်ကို ဆွဲယူသွားပြီး ၊ သူ့ကိုကြည့်လာကာ :
"မင်း ရူးနေလား?"
"မရူးပါဘူး"
ချူးယိ ရယ်လိုက်မိသည်။
"မင်းက လူကိုတောင် ရိုက်လိုက်သေးတယ်?"
ကုန်စုံဆိုင်ပိုင်ရှင်က သူ့ကို စိုက်ကြည့်နေဆဲပင်။
"အာ"
ချူးယိက အသံတစ်ချက် ပြုလိုက်ပြီး ၊ ကုန်စုံဆိုင်ထဲ ၀င်လိုက်ကာ ၊ အိတ်ကပ်ထဲမှ ပိုက်ဆံကို ထုတ်ယူ၍ ငွေသိမ်းကောင်တာပေါ် တင်လိုက်ပြီး
"ဆေးလိပ်"
ကုန်စုံဆိုင်ပိုင်ရှင်က ဆေးလိပ်ကို သူ့အားပေးလာသည်။မျက်နှာကတော့ ထိတ်လန့်နေသည့် ပုံစံနှင့်ပင်။
ချူးယိက ဆေးလိပ်က်ို ယူပြီး အိတ်ကပ်ထဲထိုးထည့်လိုက်ကာ ၊ လှည့်ထွက်လာခဲ့ပြီး ၊ အိမ်ပြန်သည့် ဘက်က်ို မသွားပဲ လမ်းမငယ်လေးဆီ လျှောက်လာခဲ့လိုက်သည်။
တုတ်က နှစ်ပိုင်းကြိုးသွားခဲ့သည်။လျန်ပင်းက သူရိုက်တာ ခံလိုက်ရတာကြောင့် မူးဝေသွားပုံရသည်။ရုတ်တရက်ပင် အအေးခံဆီတစ်အိုးသောက်လိုက်သကဲ့သို့ ၊ နိုးနိုးကြားကြားဖြစ်နေသည်မှာ သူ့မျက်လုံးနှစ်လုံးက ပြောင်လက်တောက်ပလာသည်ကိုပင် ခံစားလိုက်မိသည်။
သူ အရင်ကချူးယိ ပြန်လုပ်ဖို့ နည်းလမ်းမရှိတော့ပေ။လုပ်လို့မရမှတော့ မလုပ်ရုံပဲပေါ့။
ယမ့်ဟန်က ထွက်သွားခဲ့ပြီ ၊ သူ့ကို ဘာမှလည်း ပြောမသွားပေ။
သို့သော်လည်း သူ နှစ်များစွာ အသက်ရှင်ခဲ့သည့် ဘ၀တွင် ယမ့်ဟန်က အလှပဆုံး မြင်ကွင်းတစ်ခုပင်။
ယမ့်ဟန်ရဲ့ အထက်စီးဆန်ပြီး လွတ်လပ်မှုကို သူ အားကျသည်။ယမ့်ဟန်ရဲ့ နွေးထွေးမှုက သူ့ကို ဆွဲဆောင်လေသည်။ယမ့်ဟန်ကလည်း အားနည်းပြီး အမှောင်ထုထဲ ကျရောက်တတ်သည်ကို သူ သိနေတာတောင်မှ ၊ သူ ယမ့်ဟန်နှင့် တူချင်နေဆဲပင်။
ယမ့်ဟန်နဲ့ တစ်ပုံစံတည်း တူချင်သည်။
ချူးယိသည် လမ်းမပေါ်တွင် ဦးတည်ရာ မရှိပဲ အကြိမ်ပေါင်းများစွာ လှည့်ပတ်နေမိပြီး ၊ နောက်ဆုံးမှာတော့ စာရေးကိရိယာဆိုင် တစ်ဆိုင်ထဲ ၀င်လာခဲ့လိုက်သည်။
စျေးအနည်းဆုံး မှတ်စုစာအုပ်တစ်အုပ် ၀ယ်ခဲ့ပြီးနောက် အိမ်ပြန်လာခဲ့လိုက်သည်။
"ဆေးလိပ်တစ်ဗူးသွား၀ယ်တာ တစ်နာရီတောင်ကြာတယ်!"
အဖွားက ဆိုဖာပေါ်တွင် ထိုင်နေပြီး
"နင်အခု ဆေးလိပ်ရွက်စိုက်တဲ့ဆီ သွားလိုက်ပါတော့လား!"
ချူးယိက ဘာမှပြန်မပြောပဲ ၊ ဆေးလိပ်ကို အဖွားလက်ဘေးနား ချပေးလိုက်ပြီး ၊ စာကြည့်စားပွဲဘေးတွင် ထိုင်ချလိုက်သည်။
စာအုပ်ကို ဖွင့်လိုက်သည်။
သူ စာနည်းနည်းလောက် ချရေးရန် တွေးလိုက်မိသည်။ဒိုင်ယာရီတော့ မဟုတ်ပေ။နည်းနည်းပါးပါး မှတ်ထားချင်ရုံသာ။
-မနက်ဖြန် ဆံပင်ညှပ်မယ်။
-လက်ဝှေ့ရုံကို သွားမယ်။
-ယမ့်ဟန်။
ယမ့်ဟန်, ယမ့်ဟန်, ယမ့်ဟန်။