一个钢镚儿(A lucky coin)
အပိုင်း၂၁
အခုအချိန်မှာတော့ လမ်းပေါ်မှာ ဘာဆ်ိုဘာမှ ရှိမနေပဲ ၊ ပုံမှန်အချိန်ထက် ပိုပြီး ခြောက်ကပ်နေသည်။နေ့လည်က ဒီနေရာနားမှာ လူသေသွားတာကြောင့် ၊ စောစောက ချူးယိအိမ်ပြန်သည့်အချိန်ကတည်းကပင် လမ်းပေါ်မှာ လူသိပ်မရှိတော့ပေ။
ချူးယိကတော့ မကြောက်ပေ။လူမရှ်ိသည့် အချိန်၌ သူ ဒီနေရာမှာ ရပ်နေသည်က ၊ အနည်းဆုံးတော့ လူတွေက သူရူးနေသလားဟု တွေးကြမှာ မဟုတ်တော့ပေ။
သို့သော်လည်း ညမှာတိုက်ခတ်လာသည့် လေက ခြေထောက်ကိုတော့ အေးသွားအောင် မလုပ်နိုင်ခဲ့ပေ။ခြေထောက်က အခုထိ ပူစပ်စပ် ဖြစ်နေဆဲပင်။
ကြိုသိထားပါက အိမ်မှာကတည်းက သွားတိုက်ဆေးသုံးပြီး အရင်လိမ်းထားလိုက်မှာပင်။
ချူးယိ သက်ပြင်းချလိုက်မိသည်။
သူအတော်ကြာသည်အထ်ိ ရပ်နေမိပြီး နည်းနည်း ညောင်းလာသလ်ို ခံစားလာရသည်။နာရီကို ကြည့်လိုက်ရာ ရပ်နေတာ နာရီ၀က်လောက်ပင် ရှ်ိနေပြီဖြစ်သည်။
သူ ဘယ်ဘက်ဆီ ခြေလှမ်းအနည်းငယ်လောက် ခုန်ပြေးလိုက်ပြီး ၊ ညာဘက်ဆီ ပြန်ပြေးလာခဲ့လိုက်သည်။ဒီလိုမျိုး ဘယ်ဘက်ဆီပြေးလိုက် ညာဘက်ဆီ ပြန်ပြေးလာလိုက် လုပ်နေရသည်က ၊ နည်းနည်း ခံစားရ သက်သာလာသလို ထင်မိသည်။
ယမ့်ဟန်အိမ်က တစ်ချိန်လုံး မီးမလင်းလာပဲ မှောင်မည်းနေသည်။လှုပ်ရှားမှု နည်းနည်းလေးမှ မရှ်ိပေ။ကြည့်ရတာ ယမ့်ဟန် တကယ်အိပ်ပျော်သွားပြီ ထင်သည်။ပြီးတော့ အစောကြီးကတည်းက အိပ်ပျော်သွားတာ ဖြစ်နိုင်သည်။ယမ့်ဟန်က တစ်ညလုံး သူ့က်ို မဆက်သွယ်လာခဲ့ပေ။
တကယ်လို့ ပုံမှန်အချိန်သာ ဆိုရင် ၊ သူ ခဏလောက် ရပ်ပြီး ပြန်သွားမှာပင်။
ဒါပေမယ့် ဒီနေ့က သာမန်နေ့တွေနဲ့ မတူပေ။
ယမ့်ဟန်ရဲ့ အခြေအနေက အရမ်းထူးဆန်းနေသည်။ဘာကြောင့်လဲ ဆိုတာကို မသိပေမယ့်လည်း အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်မှာတော့ သေချာလေသည်။သူ ဒီနေရာမှာပဲ ရပ်နေမိပြီး ဘယ်မေးခွန်းကိုမှ အဖြေမရှာနိုင်ဖြစ်နေသည်။အိမ်ပြန်ပြီး နေရတာထက် ပိုပြီး စိတ်အေးရသည်။
အခုလောလောဆယ်တော့ အိမ်က အေးချမ်းနေသည်။ဒါပေမယ့် သူ အိမ်မပြန်ချင်ပေ။အဖေက ရုတ်တရက်ကြီး ဆက်သွယ်လို့ မရဖြစ်နေပြီး ၊ ထိုအချက်က သူ့ကို အတော်လေး စိတ်ခံစားချက် မကောင်းအောင် လုပ်နေသည်။အိမ်ကလူတွေက ဒီကိစ္စအတွက် စဥ်းစားပြီး ဆုံးဖြတ်ချက် ချတာတောင် ဘယ်သူမှ မလုပ်ကြပေ။အမေက မနက်ဖြန် ကုမ္ပဏီကို သွားပြီး မေးကြည့်ဦးမယ်ဆိုပြီး တစ်ခွန်းပြောတာက လွဲလို့ ကျန်တဲ့လူတွေက ဆဲဆိုအပြစ်တင်ဖို့လောက်သာ ဂရုစိုက်ကြသည်။
သူ စဥ်းစားရင်း စဥ်းစားရင်း စိတ်ပျက်လာသလို ခံစားလိုက်ရကာ ၊ ခါးကိုင်း၍ ဒူးကိုလက်ဖြင့်ထောက်ထားလိုက်မိပြီး ၊ ချက်ချင်း လက်အမြန် ပြန်ဖယ်လိုက်သည်။
နာတယ်နာတယ်နာတယ်နာတယ်။
သူ ဆက်ပြီး ပြေးရန် ပြင်လိုက်ချိန်တွင် ၊ မျက်နှာချင်းဆိုင်ရှိ ယမ့်ဟန်အိမ်၏ ပြတင်းပေါက်လိုက်ကာ အနောက်မှ ရုတ်တရက် အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။
တစ်ဆက်တည်းမှာပင် သူ့ဖုန်းက မြည်လာခဲ့သည်။
ယမ့်ဟန်ပင်!
သူ ချက်ချင်း ဖုန်းကို ထုတ်ယူလိုက်သည် ၊ တကယ်ကို ယမ့်ဟန်ပင်။
သူ နှစ်ချက်သုံးချက် ပွတ်ဆွဲတာတောင်မှ ဖုန်းက ပြန်ဖြေလို့ မရပေ။သို့ဖြစ်၍ ဖုန်းကို ပြန်ဖြေမနေတော့ပဲ ၊ အိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး ၊ လမ်းမကို ဖြတ်၍ ပြေးလာခဲ့လိုက်သည်။
"ယမ့်ဟန်?"
သူ ပြတင်းပေါက်နား ပြေးသွားလိုက်ပြီး အသံတိုးတ်ိုးဖြင့် ခေါ်လိုက်သည်။
ပြတင်းပေါက် လိုက်ကာမှာ ဆွဲတင်ခံလိုက်ရကာ ၊ ယမ့်ဟန်က ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး :
"ငါ မင်းကို လေးစားသွားပြီ"
"မင်း အိပ်,အိပ်ပျော်နေပြီ မ,ဟုတ်လား?"
သူရယ်၍ မေးလိုက်သည်။
"မအိပ်သေးဘူး ၊ ဒီနားမှာ ရပ်နေတာ တစ်နာရီလောက် ရှိပြီ"
ယမ့်ဟန်က ပြန်ဖြေလာသည်။
"အာ?"
ချူးယိမှာ ကြောင်အသွားခဲ့သည်။
"မင်း ဘယ်အချိန်ပြန်သွားမလဲ ကြည့်ချင်လို့"
ယမ့်ဟန်က ပြောလာသည်။
ချူးယိမှာ ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း ၊ စကားလုံးတစ်လုံးမှ မပြောလာပေ။
"မင်း ခြေထောက်က ဘာဖြစ်တာလဲ?"
ယမ့်ဟန်က မေးလာသည်။
"ငါ့ခြေထောက်က အ,အရမ်းလှတယ်လေ"
ချူးယ်ိက ပြန်ပြောလိုက်သည်။
"သြော်"
ယမ့်ဟန်က တစ်ချက် ပြန်ထူးလာပြီး ၊ သူနဲ့ မျက်လုံးချင်းဆိုင်၍ ကြည့်နေကာ ၊ အတော်ကြာသွားကာမှ တံခါးဆီ လက်ညှ်ိုးထိုးပြလာပြီး
"ဝင်လာခဲ့လေ"
ချူးယိ အိမ်ထဲဝင်လ်ိုက်တာနဲ့ ဆေးလိပ်နံ့ကို ရှူရှိုက်လိုက်မိသည်။ယမ့်ဟန်က ပုံမှန်အချိန်လည်း ဆေးလိပ်သောက်တတ်သည်ပင်။ဒါပေမယ့် အများကြီးတော့ မသောက်ပေ။ဒီနေ့တော့ တံခါးဖွင့်လိုက်တာနဲ့ အနံ့ရနေသည်........ ..
"မီး,ဖွင့်လိုက်ရမလား?"
သူ ဖိနပ်လဲစီးနေရင်းက လှမ်းမေးလိုက်သည်။
"ဖွင့်လ်ိုက်လေ"
ယမ့်ဟန်က ပြန်ပြောလာသည်။
"မင်းခြေထောက် ဘာဖြစ်လာတာလဲ ငါကြည့်ကြည့်မယ် ၊ ဒဏ်ရါရလာတာလား?ဘောင်းဘီအပွကြီးတောင် ၀တ်လာတာဆိုတော့"
"ရာသီဥတုက ပူလို့"
ချူးယိက မီးဖွင့်ခလုတ်ကို တစ်ချက်နှိပ်လိုက်သည်။အခန်းထဲ မီးလင်းလာပြီး ၊ သူ တစ်ချက်လှမ်းကြည့်လိုက်တာနဲ့ လက္ဖက်ရည်စားပွဲပေါ်ရှိ အရက်ပုလင်းများနှင့် ဆေးလိပ်ပြာခွက်ထဲ အပြည့်ဖြစ်နေသည့် ဆေးလိပ်များကို တွေ့လိုက်ရသည်။
ပြီးတော့ ယမ့်ဟန်ရဲ့ မျက်နှာက အရမ်းပင်ပမ်းနေပုံ ပေါက်နေသည်။မျက်နှာအရောင်ကပင် မှိုင်းတိုင်းတိုင်း ဖြစ်နေသည်။
"အပူလောင်တာလား?"
ယမ့်ဟန်က သူ့ခြေထောက်ကို ကြည့်လိုက်ပြီး ၊ အတော်လေး ထိတ်လန့်သွားကာ
"အပူလောင်ပြီး ဒီလိုတောင် ဖြစ်နေပြီ ၊ ဆေးမလိမ်းထားဘူးလား?"
ချူးယိမှာ ဘယ်လိုပြန်ပြောရမလဲ မသ်ိတော့ပေ။ဆေးလိမ်းခဲ့ဖို့ မေ့သွားတာလို့ ပြောလိုက်သင့်လား ၊ ဒါမှမဟုတ် ဆေးက အရမ်းစျေးကြီးလို့ မ၀ယ်ခဲ့ဘူးလို့ ပြောလိုက်ရမလား.........
"ထိုင်နေလိုက် ၊ ငါ့မှာ အပူလောင်ပျောက်ဆေး ရှိတယ်"
ယမ့်ဟန်က TV စင်၏ အံဆွဲကို ဆွဲဖွင့်ကို ရှာလိုက်ပြီး ၊ ရွှေရောင်လိမ်းဆေးဗူး သေးသေးလေး တစ်ဗူးကို ယူလာခဲ့သည်။
ဒီဆေးကို ချူးယိ ဆေးဆိုင်မှာ တွေ့ခဲ့သည်။ယွမ်သုံးဆယ်တန်ပင်။
ဒီဆေးက အရမ်းကောင်းပြီး ၊ ဒဏ်ရါကို သက်သာစေသည်ဟု ဆေးရောင်းသည့်သူက ပြောသော်လည်း သူကတော့ အရမ်းစျေးကြီးသည်ဟု ထင်မိသည်!
အရမ်းကို စျေးကြီးလွန်းသည်!
သူ့အိမ်က သွားတိုက်ဆေးတောင်မှ ဆယ်ယွမ်ပင် မပေးရပေ။
သို့သော် ၊ ယမ့်ဟန်အိမ်ရှိ ဆေးသေတ္တာ သေးသေးလေးထဲတွင် အပူလောင် ပျောက်ဆေးရှိနေတာကြောင့် သူအတော်လေး အံ့သြသွားမိသည်။သူ ယမ့်ဟန်ကို ကြည့်လိုက်ပြီး :
"မင်းအိမ်မှာ ဒီ,လိုဆေးတောင် ရှိ,ရှိတယ်ပေါ့?"
"အရင်တစ်ပတ်က ၀ယ်ထားတာ"
ယမ့်ဟန်က မီးဖိုခန်းထဲ ဝင်သွားကာ လက်ဆေးလိုက်ပြီး ၊ သူ့ခြေထောက်ဘေးနား ထိုင်ချ၍ လိမ်းဆေးကိုယူလိုက်ပြီး ဆေးလိမ်းပေးရန် ပြင်လိုက်ကာ
"ငါ့အဖေ ဟင်းရွက်ကြော်တုန်းက ဆီပူလောင်သွားခဲ့တာ ၊ အပူလောင်တာက ဘာမှ သိပ်မဖြစ်ပဲနဲ့ တစ်ဗူးသွား၀ယ်ထားတာ"
ချူးယိက ထိုအကြောင်းကို နားထောင်ရင်း ရယ်လိုက်မိသည်။
"တအားနုရွနေတာ"
ယမ့်ဟန်ပါ လိုက်ရယ်လာပြီး ၊ ရယ်ပြီးနောက်မှာတော့ လိမ်းဆေးဗူးကိုကိုင်ထားကာ မလှုပ်လာတော့ပေ။
ချူးယိက ခေါင်းစောင်း၍ ယမ့်ဟန်မျက်နှာကို တိတ်တိတ်လေး တစ်ချက် ခိုးကြည့်လိုက်ရာ ယမ့်ဟန်၏ မျက်လုံးများက နီရဲနေသည်ကို တွေ့လိုက်သည်။အိပ်ရေး မ၀လို့လား ၊ ငိုချင်နေတာလားတော့ မသိပေ။
သို့သော် သူ ဆက်မတွေးနိုင်သေးမီမှာပင် ယမ့်ဟန်က ခေါင်းငုံ့သွားပြီး သူ့ကို ဆေးလိမ်းပေးလာသည်။
"တော်သေးတယ်"
ယမ့်ဟန်က ဆေးလိမ်ပေးနေရင်းက ပြောလာသည်။
"အရမ်းမပြင်းဘူး ၊ မင်း ဒီလေါက်အကြီးကြီး အပူလောင်အောင် ဘာလုပ်ခဲ့တာလဲ?"
"ငါ ဟင်းချိုရည်ပန်းကန်ကို သယ်တာ လက်မ,ငြိမ်လို့"
ချူးယိက အတော်ကြာသည်အထိ တုံ့ဆိုင်းသွားပြီးမှ အမှန်အတိုင်း မပြောဖို့ ဆုံးဖြတ်လိုက်သည်။အိမ်ပြန်ပြီး ထမင်းမစားမယ့်အကြောင်းက်ို လှမ်းပြောဖို့ မေ့သွားခဲ့တယ်ဆိုတဲ့အကြောင်းက်ို သူ ယမ့်ဟန်ကို မသိစေချင်ပေ။
ယမ့်ဟန်က ရယ်လိုက်သည်။
ခြေထောက်တစ်ဖက်လုံး ဆေးလိမ်းပေးပြီးသွားကာမှ ယမ့်ဟန်က ပြောလာခဲ့သည်။ :
"မင်းအဖွားကြောင့် ဖြစ်တာမလား"
ယမ့်ဟန်က တစ်ခါတည်းနဲ့ မှန်းနိုင်သွားလိမ့်မည်ဟု ချူးယိမတွေးခဲ့မိပေ။ပြန်မတုန့်ပြန်ပဲ နေလိုက်သည်။
"တစ်ခါတည်း မှန်းနိုင်သွားတယ်"
ယမ့်ဟန်က ပြောလာသည်။
"တော်တယ်မဟုတ်လား?"
ချူးယိက ရယ်လိုက်ပြီး :
"တော်တယ်"
"ဒီကိုပြေးလာပြီး အကြာကြီးပဲ နေနေတာ ၊ အိမ်ပြန်တဲ့အချိန်ကျရင် မင်းအဖွားက မင်းကို ရိုက်လောက်မယ် ထင်တယ်?"
ယမ့််ဟန်က မေးလိုက်သည်။
"ညဆို ငါ့က်ို ဘယ်သူမှ,ဂရုမစိုက်ကြဘူး"
ချူးယိက ပြောလိုက်သည်။
"အဲ့တော့"
ယမ့််ဟန်က သူ့ကိုကြည့်လာပြီး
"မင်း ဒီနေ့ည အိမ်မပြန်တော့ဘူးလို့ တွေးထားတာလား?"
ချူးယိက ခေါင်းငုံ့နေပြီး ၊ အတော်ကြာသွားကာမှ တိတ်တိတ်လေး ခေါင်းညိတ်ပြလာခဲ့သည်။
"အိမ်က ထွက်လာတာပဲ"
ယမ့််ဟန်က သူ့ခြေထောက်အနောက်က်ိုပါ ဆေးလိမ်းပေးလိုက်ပြီး ၊ မတ်တပ်ထရပ်လိုက်ကာ
"အပူလောင်လာတာကို ပြေးနေတယ်.........မင်း အခုအသက်အရွယ်အထိအတန်းပြေးတာတို့ ၊ အိမ်က ထွက်လာတာတို့ကို ဒါက ပထမဆုံးအကြိမ် လုပ်ဖူးတာမဟုတ်လား?"
ချူးယိက ရယ်နေပြီး ဘာမှ ပြန်မပြောပေ။
ယမ့််ဟန်က မီးဖိုခန်းထဲသွားကာ လက်ဆေး၍ ဧည့်ခန်းထဲ ပြင်ဝင်လာပြီး ထိုင်ချလိုက်ကာ ငေးငိုင်နေသည့် ချူးယိကို ကြည့်လိုက်သည်။
သူ ဒီအသက်ဒီအရွယ်အထိ ၊ ညဆို အခြေအနေ နှစ်မျိုးပဲ ရှိခဲ့ဖူးသည်။ပထမတစ်မျိုးက သူတစ်ယောက်တည်း ဖြစ်ပြီး ၊ နောက်တစ်မျိုးကတော့ သူနဲ့ အဖေ နှစ်ယောက် အတူရှိနေတာပင်။တစ်ခြားလူတစ်ယောက်က သူ့အိမ်မှာ ညအိပ်ညနေ နေတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
ဒါပေမယ့် ချူးယိက နေချင်တယ်ဆိုရင် ၊ သူကလည်း ငြင်းမှာ မဟုတ်ပေ။
သူ အထီးကျန်တာနဲ့ အသားကျနေပြီဟု တစ်ချိန်လုံး ထင်နေခဲ့မိသည်။ဒီနေ့လိုမျိုးအခြေအနေတွင် အထီးကျန်ရုံတင်မကပဲ အမျိုးအမည်မသိသည့် ကြောက်လန့်မှုကိုပါ ခံစားနေရသည်။ဒိီလိုအချိန်မျိုး၌ ဘေးနားတွင်အဖော်အဖြစ်နေပေးမည့်သူ ရှိပါက ၊ စကားတစ်ခွန်းမှ မပြောပဲ နေနေရင်တောင် အဲ့လောက်ကြောက်စရာမကောင်းတော့ဘူးဟု ခံစားရသည်။
"မင်းနဲ့ငါ ကျပ်ကျပ်သပ်သပ် အိပ်ကြတာပေါ့"
ယမ့််ဟန်က ပြောလာသည်။
"ဒီဆိုဖာက လူအိပ်လ်ို့ မရဘူး ၊ ငါ့အဖေအခန်း........."
အဖေ့အခန်းကို သူ မသုံးချင်ပေ။
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို မင်းသွားအိပ်တော့လေ"
ချူးယိက အတော်လေး အိပ်ချင်နေပြီကို ယမ့််ဟန်သိနေတာကြောင့်
"မနက်ဖြန်ကျရင် အတန်းသွားတက်ရဦးမယ်မဟုတ်လား"
"မင်း မအိပ်ဘူးလား?"
ချူးယိက သူ့ကို ကြည့်လာသည်။
"ငါ........အိပ်မှာ"
ယမ့််ဟန်က မတ်တပ်ထရပ်လိုက်ပြီး ၊ ကုတင်ပေါ်တင်လိုက်ကာ ဆက်ပြီး ငေးငိုင်နေသည်။
ကုတင်ပေါ်က ခေါင်းအုံးနှစ်လုံးကို ယမ့််ဟန်က အမြဲတမ်း ထပ်၍အိပ်လေ့ရှိသည်။ခေါင်းအုံးမြင့်မြင့်နဲ့ အိပ်ရတာကို သူသဘောကျသည်။ဒါပေမယ့် ဒီနေ့ ချူးယိကို ခေါင်းအုံးတစ်လုံးပေးလိုက်ပေမယ် သူအိပ်တာကို ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ပေ။သူ အိပ်မပျော်မှာက သေချာနေသည်ပင်။
"စ,စကား ပြောကြမလား?"
ချူးယိက ကုတင်ပေါ် လှဲ၍ မေးလိုက်သည်။
"အထစ်လေးက သူများတွေနဲ့ စကားပြောချင်နေတယ်"
ယမ့််ဟန်က ကုတင်ခေါင်းရင်းကို မှီ၍ ၊ မီးကို လှမ်းပိတ်လိုက်ပြီး ၊ ဖုန်းကို ယူ၍ ဖွင့်လိုက်ကာ
"မင်းဘာသာ အိပ်ပါ"
"သြော"
ချူးယိက ရယ်လိုက်ပြီး
"Goodnight"
"Goodnight"
ယမ့််ဟန်က ပြန်ပြောလာသည်။
သူ့ဖုန်းပေါ်တွင် ခုနက ဖတ်နေသည့် စာမျက်နှာ ရှိနေသေးသည်။မြို့တွင်းသတင်း ဖိုရမ်တစ်ခုပင်။စီးပွါးရေး ကြော်ငြာအမျိုးမျိုး ၊ ကြော်ငြာ စတစ်ကာများ ၊ ကောလဟာလများအပြင် ၊ ရုတ်တရက် ဖြစ်ပေါ်လာသည့်ကိစ္စများအကြောင်း အတင်းအဖျင်း ပြောထားကြသည်များ ရှိလေသည်။
ချူးယိ မျက်နှာချင်းဆိုင် လမ်းမပေါ်တွင် ရပ်နေသည်က်ို မြင်လိုက်ရသည့် အချိန်၌ ၊ သူအိမ်သာ အရင်သွားတက်ပြီးမှ ၊ 《လင်ဟယ်ခရိုင်က လူသတ်ခံလိုက်ရတဲ့ကိစ္စက်ို သိလိုက်ကြသလား》ဆိုသည့် ခေါင်းစဥ်နှင့် ဖိုရမ်ကို ကြည့်ရန် ပြင်နေဆဲဖြစ်သည်။
ဘာလို့ ဖိုရမ်ကို ချက်ချင်း မဖွင့်ကြည့်ပဲ အိမ်သာအရင်သွားတာလဲဆိုတော့..........
သူ ကြောက်နေလို့ပင်။
အရင်က အဖေပြန်မလာမှာကိုပဲ သူကြောက်ခဲ့သည်။အခုတော့ သူကြောက်တဲ့ကိစ္စတွေက ပ်ိုပိုများလာနေသည်။ဘယ်လို သတင်းအသေးအဖွဲလေးကမဆို သူ့နှလုံးကို လူတစ်ယောက်က ဆွဲဆုပ်လိုက်တာ ခံလိုက်ရသလိုမျိုး ခံစားနေရသည်။
ချူးယိက Goodnight ဟု ပြောပြီးနောက်တွင် ၊ တိတ်ဆိတ်သွားခဲ့ပြီး ဘာအသံမှထွက်မလာတော့ပဲ လှုပ်တောင် မလှုပ်တော့ပေ။
ယမ့်ဟန် ဖိုရမ်ကို ဖွင့်ကြည့်လိုက်သည်။
သူ နှစ်ချက်လောက် အမြန် ကြည့်လိုက်သည်။အကုန်လုံးက ဝေဖန်စာများနှင့် ဖြစ်စဥ်အပြည့်အစုံကို မေးမြန်းထားကြသည်များပင်။တစ်ချက်ကြည့်လိုက်ရာ အသုံး၀င်သည့် အကြောင်းအရာ တစ်ခုမှ မရှိပေ။ဒါပေမယ့် သူ သက်ပြင်း ချလိုက်မိသည်။
-အဲ့ဒီလူကြီးက လက်စားချေတာ ခံလိုက်ရတာ!ငါ့သူငယ်ချင်းက အဲ့နားမှာ ကျက်စားနေတာ!ငါ့ကိုလာမမေးနဲ့ ၊ ကျန်တဲ့ကိစ္စတွေကိုတော့ ငါလည်းမသိဘူး!
အောက်ကို ပွတ်ဆွဲနေသည့် ယမ့်ဟန်၏ လက်ချောင်းမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။
အမှန်အတိုင်း ပြောရရင်တော့ ၊ ဒီစာက အရမ်းအထက်စီး ဆန်နေသလိုပင်။အထူးသဖြင့်ကတော့ အနောက်က စာကြောင်း ငါ့ကိုလာမမေးနဲ့ ဆိုသည့် စာသားပင်။တစ်ခြားနည်းနဲ့ ပြောရလျှင် ထိုစာကြောင်းက "ငါ့ကို အမြန်လာမေးကြလေ ၊ မင်းတို့က ငါ့ကို လာမမေးရင် ၊ ငါက ဘယ်လိုလုပ်ဆက်ပြောပြရမှာလဲ" ဆ်ိုသည့် အဓိပ္ပါယ်ပင်။
အနောက်က စာပြန်သည့် လူကလည်း ဒီလိုအတွေးမျိုး တွေးမိပုံရသည်။ထိုစာကို အဖက်လုပ်သည့်သူ မရှိပေ။
ဒါပေမယ့် ယမ့်ဟန်၏ အလိုလိုသိစိတ်က ဒီလူပြောတာက အမှန်ပဲဟူ၍ ပြောပြနေသည်။
သူငယ်ချင်းက ဒီနားမှာ ကျက်စားနေတာ။
ဒီနားမှာ ကျက်စားနေတာ။
လျန်ပင်း။
ယမ့်ဟန်သည် လျန်ပင်းနှင့် ဟိုတစ်ခါကသာ ရန်ဖြစ်ဖူးသည်။ဒါပေမယ့် ဒီလမ်းမတစ်ချို့တွင် ပုံမှန် "ကျက်စား"နေသည်ဟု သတ်မှတ်၍ သည့်သူက ၊ သေချာပေါက် လျန်ပင်းတစ်ယောက်သာ ရှိလေသည်။
စာထဲတွင် နောက်ထပ် စာကြောင်းတစ်ကြောင်း ပါသေးသည်။ကျန်တဲ့ကိစ္စတွေကိုတော့ ငါလည်းမသိဘူးဟူ၍။
ဒီစကါးကလည်း အမှန်ဖြစ်လောက်သည်။
လျန်ပင်းရဲ့ ပုံစံကို ကြည့်ရတာတော့ ၊ လူဆိုးတစ်ယောက်ပုံ ပေါက်နေပြီး ၊ ဒီနားက လမ်းမတစ်ချို့ပေါ် သွားလာနေကာ ၊ စိတ်တိုလာတာနဲ့ လူကို ဂဏန်းတစ်ကောင်လို ဖြစ်သွားသည်အထိ ထိုးမည့်ပုံပင်။
ဒီလို စကေးနဲ့လူကို ၊ နည်းနည်းလောက် သိတယ်ဆိုတာကလည်း ၊ များများစားစား သိနိုင်မှာ မဟုတ်ပေ။
ဒါပေမယ့် ဘယ်လောက်ပဲ သိသ်ိ ၊ သိသည်ဟု သတ်မှတ်ရမှာပင်။
ထို့အပြင် သူရဲ့ "ပိုင်နက်"မှာ ဒီလေါက်အရေးကြီးသည့် ကိစ္စကြီး ဖြစ်သွားတာတောင်မှ ၊ လျန်ပင်းက တစ်ခါမှ မထွက်ပေါ်လာခဲ့ပေ...........
ယမ့်ဟန်မှာ မျက်မှောင်ကြုတ်၍ အတော်ကြာအောင် စဥ်းစားနေမိပြီး ၊ ချူးယိ အိပ်သွားပြီလားဟု ခေါင်းတစ်ချက်လှည့်၍ ကြည့်လိုက်သည်။ချူးယိကတော့ လျန်ပင်းရဲ့ အခြေအနေကို ပိုသိလောက်မှာပင်။
ခေါင်းလှည့်လိုက် ချင်းမှာပင် ၊ ချူးယိ၏ သက်ပြင်းချသံ တိုးတိုးကို ကြားလိုက်ရသည်။ :
"ယမ့်ဟန်"
"အင်း?"
ယမ့်ဟန်က တစ်ချက်ပြန်ထူးလိုက်ပြီး
"မင်း အိပ်ပျော်သွားပြီ ထင်နေတာ"
"အိပ်,မပျော်ဘူး"
ချူးယိက ခေါင်းကိုစောင်းငဲ့၍ သူ့ကိုကြည့်လာသည်။
"ငါ့ဖုန်းအလင်းရောင် တအားများနေလို့လား?"
ယမ့်ဟန်က ဖုန်းscreenကိုကြည့်လိုက်ရာ ၊ အလင်း50%ရှိနေတာကြောင့် ၊ နည်းနည်းထပ်လျှော့လိုက်ပြီး
"ဒါမှမဟုတ် အိပ်ရာအသစ်ပြောင်းလို့လား?"
"မဟုတ်ဘူး"
ချူးယိက မျက်မှောင်ကြုတ်လိုက်ပြီး ၊ အတော်ကြာသွားကာမှ တိုးတိုးလေး ပြောလာသည်။
"ဒီနေ့ ငါ့အဖေ အိမ်ကိုပြန်မ,မလာဘူး"
ယမ့်ဟန်မှာ ဖုန်းကို ငြိမ်အောင် မကိုင်နိုင်တော့ပဲ ၊ ဖုန်းက နှာဖျားပေါ် ပြုတ်ကျလာခဲ့သည်။
တော်တော်နာသွားသည်ပင်။
"ဖုန်း,ဖုန်းထောက်တိုင်တစ်ခုလောက် ၀ယ်လိုက်လေ"
ချူးယိက လက်ဆန့်တန်းလာပြီး သူ့နှာဖျားကို ပွတ်ပေးလာသည်။
"မင်းအဖေက ပုံမှန်လည်း ခဏခဏအိမ်ပြန်မလာဘူးလား?"
ယမ့်ဟန်က မေးလိုက်သည်။
"တစ်,တစ်ခြားမြို့တွေ သွားရင်တော့ အိမ်ပြန်မ,မလာဘူး ၊ ဒါပေမယ့် အမြဲတမ်း အ,အမေ့ကို ပြောသွားတယ်"
ချူးယိက သက်ပြင်းချလိုက်ပြီး
"ဒီနေ့ကျတော့ မပြောသွားဘူး ၊ ဖုန်းလည်း ဆက်,ဆက်လို့ မရဘူး"
ယမ့်ဟန်သည် မိမိမှာ အအေးခန်းထဲ တွန်းထည့်ခံလိုက်ရသလို ခံစားလိုက်ရသည်။
အအေးဓာတ်က ရုတ်တရက်ထွက်ပေါ်လာကာ ၊ ခြေဖျားအောက်မှ တစ်ဆင့် တစ်ဖြေးဖြေးချင်း တိုး၀င်လာပြီး လက်ချောင်းထိပ်လေးတွေဆီရောက်သည်အထိ ခန္ဓာကိုယ်ထဲ ထိုးဖောက်၀င်လာခဲ့သည်။
ဒီလေါက်များတဲ့ ကိစ္စတွေက ၊ တိုက်ဆိုင်တာ မဖြစ်နိုင်ပေ။
သူ တစ်ချိန်လုံး စိုးရိမ်နေခဲ့တဲ့ကိစ္စက........ဖြစ်လာခဲ့ပြီပင်။
နားမလည်နိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရာမှာ ၊ ချူးယိအဖေက ဒီကိစ္စနဲ့ ဘယ်လို ပတ်သက်နေတာလဲဆိုတာကိုပင်။
"မင်းအဖေရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ၊ အလုပ်ခေါင်းဆောင်တွေကို ဘယ်လိုဖြစ်တာလဲဆိုတာ မမေးကြည့်ဘူးလား?"
ယမ့်ဟန်သည် မိမိ၏ စိုးရိမ်နေသည့်စိတ်ကို ထိန်းချုပ်၍ လေသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဖုန်းနံပါတ် မ,မရှိဘူး"
ချူးယိက ပြန်ဖြေလိုက်သည်။
"မနက်ဖြန်ကျရင် အ,အမေက ကုမ္ပဏီကို သွား,သွားကြည့်မလို့တဲ့"
"အင်း"
ယမ့်ဟန်သည် နောက်ထပ် ပြောစရာစကား ထပ်ရှာရန် စဥ်းစားလိုက်သည်။မိမိ၏ စိုးရိမ်နေသည့်စိတ်ခံစားချက်ကို အရမ်းသိသာသွားစေလို့ မဖြစ်ပေ။သို့သော် ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း စကားလုံးတစ်လုံးပင် ရှာ၍မတွေ့ပေ။
"ငါ ဒီ,အကြောင်းကို မ,မပြောပြသင့်ဘူး"
ချူးယိက အသံတိုးတိုးဖြင့် ပြောလာသည်။
"မင်းက အစကတည်းက စိတ်,စိတ်ညစ်နေတာက်ို"
"ကိစ္စမရှိဘူး ၊ ငါ........ဘာမှ မဖြစ်ဘူး"
ယမ့််ဟန်က ပြောလိုက်သည်။
"ငါက အမြဲတမ်း စိတ်ခံစားချက်က ပြောင်းလဲနေလို့ ၊ အရမ်း ရန်လိုနေတာ"
"မဟုတ်ဘူး"
ချူးယ်ိက ပြောလိုက်သည်။
"ဘာကို မဟုတ်တာလဲ?"
ယမ့််ဟန်က မေးလာသည်။
"မဟုတ်ဘူး"
ချူးယိက နှုတ်ခမ်းကို တွန့်ကွေး၍ ရယ်လိုက်ပြီး
"မင်း က အရမ်း မိုက်,တယ်"
"ချီးကိုမိုက်"
ယမ့််ဟန်ကလည်း ရယ်လာပြီး
"မင်းက အရမ်းငယ်သေးတယ်"
မိုက်တာ။
ယမ့််ဟန်သည် မိမိမှာ အရမ်းမိုက်သည်ဟု မကြာမကြာ တွေးခဲ့မိဖူးသည်။အဖေကတော့ အရိုးထဲကနေ ထိုးထွက်လာတဲ့ ပုံစံမျိုးနဲ့ ပိုလို့ပင် မိုက်သေးသည်။
အမှန်တော့ သူတို့နှစ်ယောက်စလုံးက တူညီသည့် နည်းလမ်းကို သုံး၍ အပေါ်ယံတွင် ဖုံးကွယ်ထားကြရုံ သက်သက်သာ။
"ယမ့််ဟန်"
ချူးယိ၏ လက်က ဆန့်တန်းလာခဲ့ပြီး ၊ သူ့ပုခုံးပေါ် အကြိမ်အနည်းငယ်လောက် ထိလိုက်ကာ ၊ သူ့လက်ကောက်၀တ်ကို ဆုပ်ကိုင်၍
"မင်းမှာ,ဘာစိတ်ညစ်စရာ ရှိ,ရှိနေတာလဲ ၊ ပြောပြချင်တဲ့အ,အချိန်ကျရင် ၊ ငါ့က်ို အကုန် ပြော,ပြောပြလို့ရတယ်"
"အင်း"
ယမ့််ဟန်က ရယ်လိုက်ပြီး
"နတ်သားလေး"
ယမ့််ဟန်၏ လက်ကောက်၀တ်က အတော်လေး သေးလှသည်။ဆုပ်ကိုင်လိုက်သည့် အချ်ိန်၌ လက်ဆစ်ကိုပင် ခံစားမိနေသည်။
ချူးယိမှာ အတော်လေး သက်သောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရပြီး ၊ မျက်လုံးကို မှိတ်ချလိုက်ကာ ယမ့််ဟန်၏ လက်အား လက်ချောင်းဖြင့် သာသာလေး ပုတ်နေမိသည်။
တစ်ခါတစ်လေ အိပ်မပျော်နိုင်ဖြစ်သည့် အချိန်၌ ၊ ဒီလိုမျိုး သာသာလေး စည်းချက်လိုက်၍ ပုတ်နေသည်က ၊ အထပ်ထပ်အခါခါ ပုတ်သည့် ခံစားချက်အောက်တွင် အိပ်ပျော်ဖို့က ပိုလွယ်ကူလေသည်။ဒီနည်းလမ်းက ယမ့််ဟန်အတွက် အသုံးတည့်လား မတည့်လားကိုတော့ သူမသိပေ။
အတော်ကြာအောင် ပုတ်ပေးပြီးသည့် နောက်မှာတော့ ၊ ယမ့််ဟန်၏ လက်ကောက်၀တ်အတွင်းဘက်ခြမ်း၌ နည်းနည်းကွဲပြားနေသည်ဟု သူရုတ်တရက် ခံစားလိုက်ရသည်ည်။
မသိမသာလေး 凸 လိုမျိုး ဖြစ်နေသလိုပင်။
အမာရွတ်လား?
သူ့ရဲ့ ပထမဆုံး တုန့်ပြန်မှုက သိပ်တော့မကောင်းပေ ၊ ဒါပေမယ့် ဒီ 凸 လို ဟာလေးက ထိုးထွက်နေသည်ပင်..........
နောက်တစ်ကြိမ် ထပ်ထိကြည့်ဖို့ တွေးလိုက်စဥ်မှာပင် ၊ ယမ့်ဟန်က လက်ကို ဆွဲယူသွားပြီး ၊ သူ့နဖူးကို တစ်ချက်တောက်လိုက်ကာ :
"အိပ်တော့"
"အင်း"
ချူးယိက ပြန်ပြောလိုက်သည်။
အတော်ကြာသွားကာမှ ယမ့်ဟန်က စကားတစ်ခွန်းထပ်ပြောလာသည်။ :
"အမာရွတ်သေးသေးလေးပါ ၊ ဟိုတုန်းက ချောလဲရင်း ချိတ်နဲ့ခြစ်မိသွားတာ"
"အာ ၊ နာလား?"
ချူးယိက မေးလိုက်သည်။
"မနာပါဘူး ၊ တကယ်တော့ ဘာမှကို မခံစားရတာ"
ယမ့်ဟန်က ပြောလိုက်သည်။
ချူးယိက ကိုယ်ကိုစောင်း၍ ယမ့်ဟန်ကို မျက်နှာမူလိုက်ရန် စဥ်းစားလိုက်သော်လည်း ၊ ကိုယ်ကို တစ်ချက်စောင်းလိုက်သည့်အချိန်တွင် ခြေထောက်ကို ဖိထားမိကြောင်း သိသွားရာ နောက်ပြန်လှည့်လိုက်ပြီး ပက်လက်လှန်အိပ်လိုက်ရသည်။
ယမ့်ဟန်က ခေါင်းအုံးဘေးနားဆီ စမ်း၍ ပုလင်းတစ်ပုလင်းကို ယူလိုက်ကာ ၊ သူ့(ချူးယိ) ခေါင်းအုံးအပေါ်သို့ ဘာမှန်းမသိသည့် ပစ္စည်းတစ်ခုကို ဖြန်းလိုက်သည်။
အရမ်းမွှေးသည် ၊ ဖျော့ဖျော့လေးမွှေးသည့် အနံ့ပင်။ယမ့်ဟန်၏ ကိုယ်သင်းနံ့နှင့် ရောနှောသွားပြီး ၊ အိပ်ချင်စိတ်က တဖြည်းဖြည်း ဖြစ်တည်လာခဲ့သည်
"အိပ်ဆေး,အမွှေးရည်လား?"
သူမေးလိုက်သည်။
"နည်းနည်းလောက် မျက်နှာသာပေးပါဦး"
ယမ့်ဟန်က ပြောလာသည်။
"လာဗင်ဒါအမွှေးရည်ပါ ၊ အိပ်ပျော်အောင် ကူညီပေးတယ်"
"........သြော်"
သူ မျက်လုံးကို မှိတ်ချလိုက်ပြီး ရယ်လိုက်မိသည်။
ဖိုရမ်မှာ တင်ထားသည့်စာက တော်တော်လေး ရှည်လှသည်။ယမ့်ဟန်သည် အစကနေ အဆုံးအထိ တော်တော်ကြာအောင် ဖတ်ယူလိုက်ရသည်။လုယက်တာ ၊ လက်စားချေတာ ၊ ရန်ဖြစ်တာ အမျိုးမျိုး ပြောဆ်ိုထားကြသည်များ ရှိနေသော်လည်း အကုန်လုံးက ခန့်မှန်းပြောဆိုနေကြသည်များသာ။
"ငါ့ကို လာမမေးနဲ့" ဆိုသည့် လူကလွဲ၍ ၊ ကျန်သည့်စာအားလုံးက သင့်တော်သည့် အကြောင်းအရာမရှိကြပေ။
ယမ့်ဟန်က သတင်းအသစ်များ ရှိနေသေးမလားဟု နောက်တစ်ကြိမ် ရှာကြည့်ရန် ပြင်လိုက်သည့်အချိန်တွင် ၊ ဖိုရမ်က ဖျက်ခံလိုက်ရပြီး ပျောက်သွားခဲ့ပြီဖြစ်သည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းကို ဘေးနားသို့ လှမ်းပစ်လိုက်သည်။
အိပ်တာလည်း အိပ်မပျော်ပေ။အိပ်မပျော်တာ ရက်နည်းနည်းကြာနေပြီပင်။ဒီနေ့တော့ စိတ်ရှုပ်ထွေးနေတာတွေက တစ်စက္ကန့်လောက်ပင် ပေါ်မလာခဲ့ပေ။
သူ ခေါင်းအုံးကို မှီ၍ မျက်လုံးကို မှိတ်ချလိုက်ပြီး လက်ကောက်၀တ်ရှိ အမာရွတ်ကို ပွတ်လိုက်မိသည်။
အတော်ကြာအောင် ငိုင်နေပြီးနောက်တွင် ၊ သူ အသာလေး ထထိုင်လိုက်ပြန်သည်။ဘေးနားက ချူးယိကတော့ အသက်ရှူသံ မှန်မှန်ဖြင့်အိပ်ပျော်နေပြီပင်။
ယမ့်ဟန်သည် ကုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်လိုက်ပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။
ခေါင်းကို ရှင်းသွားအောင် ဖြည်းဖြည်းချင်း လုပ်လိုက်သည်။
ဒါက လုပ်ရတာ အတော်လေး ခက်လှသည်။အဖေက တရားထိုင်ရအောင်ဟု ပြောလာသည့်အချိန်တိုင်း သူတစ်ခါမှ မလုပ်နိုင်ခဲ့ပေ။
အခု တစ်ညလုံး အချိန်ရှိနေသော်လည်း သူ မလုပ်န်ိုင်ကြောင်းကို မစရသေးခင်ကတည်းကပင် ကြိုသိနေပြီးသားဖြစ်သည်။ပုံမှန်အချိန်မှာတောင် မလုပ်နိုင်တာ ၊ ဒီလိုအခြေအနေမျိုးမှာဆို ပိုလို့တောင် လုပ်နိုင်မည်မဟုတ်ပေ။
အချိန်ကုန်ဆုံးသွားစေရန်အတွက်သာ လုပ်နေလိုက်သည်။
ခေါင်းထဲတွင် ကိစ္စများနှင့် ပြည့်နှက်နေလျက် ရှိသည်။
အဖေ။
ဟို သေသွားတဲ့လူ။
ချူးယိရဲ့ အဖေ။
လျန်ပင်း။
သူ ထိုလူအားလုံးကို ဆက်စပ်ကြည့်ချင်သော်လည်း ၊ အကြောင်းရင်းကို ရှာမတွေ့ချေ။
ကုတင်ခေါင်းရင်းတွင် တစ်ညလုံး မှီနေပြီး ၊ နေထွက်လာသည့်အချိန်၌ မိမိမှာ လှုပ်လို့မရတော့ဘူးဟု သူခံစားလိုက်ရသည်။ခါးက တအားကို နာနေသည်။
ထို့အပြင် သူ လေးစားမိသည့်အရာကတော့ ၊ ချူးယိက တစ်ညလုံး ခန္ဓာကိုယ် လှည့်လာမျိုးပင် မရှိတာကိုဖြစ်သည်။နာရီအတော်ကြာ မျက်နှာကြပ်ကို မျက်နှာမူထားသည့် အနေအထားဖြင့် အိပ်နေပြီး ဟောက်တာ ၊ သွားကြိတ်တာ ၊ အိပ်မက်ယောင်ပြီး စကားပြောတာမျိုး မရှိပေ။
ငြိမ်သက်နေသည်မှာ သူမရှိနေသလိုပင်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့်လည်း ဖြစ်နိုင်သည်။
ယမ့်ဟန် နာရီကို တစ်ချက်ကြည့်လိုက်သည်။ပုံမှန်ကျောင်းတက်ချိန်အရဆိုလျှင် နောက်ထပ်နာရီ၀က်လောက် ထပ်အိပ်နေလို့ ရသေးသည်။ဒါပေမယ့်လည်း သူ အခု ချူးယိကိုနှိုးလိုက်ပြီး အိမ်အရင်ပြန်ခိုင်းလိုက်ရမလား မသိဖြစ်နေမိသည်။
သူစဥ်းစားနေစဥ်မှာပင် ၊ ခေါင်းအုံးဘေးနား ချထားသည့် ချူးယိ၏ ဖုန်းက မြည်လာခဲ့သည်။
ယမ့်ဟန် တစ်ချက်လှမ်းကြည့်လိုက်ရာ ၊ screen ပေါ်မှာ "အမေ"ဟု ပေါ်နေသည်။
"ချူးယိ"
သူ ချူးယိက ချက်ချင်း တွန်းနှိုးလိုက်ပြီး
"မင်းအမေ ဖုန်းခေါ်နေတယ်"
"အင်း.........."
ချူးယိက အိပ်ချင်မူးတူးဖြင့် အသံတစ်ချက်ပြုလာပြီး မျက်လုံးကတော့ မပွင့်လာပေ။
"မင်းအဖွားက မင်းကိုရိုက်တော့မှာ!"
ယမ့်ဟန်က ဖုန်းကို ကောက်ယူလိုက်ပြီး ၊ အရင်ဆုံး ချူယိအစား ဖုန်းဖြေပေးရန် တွေးလိုက်သည်။ဆယ်ကြိမ်လောက် ပွတ်ဆွဲနေသော်လည်း ဖုန်းက သေနေသလိုပင်။နည်းနည်းလေးမှ အသုံးမ၀င်ပေ။ဖုန်း screen က မည်းသွားလေပြီ။
"ငါထပြီ"
ချူးယိက နိုးလာပြီး ၊ မျက်လုံးကိုပွတ်၍ ဖုန်းကို လှမ်းယူလိုက်သည်။ကံကောင်းထောက်မစွာဖြင့် ဖုန်း screen က လင်းလာခဲ့သည်။ထို့နောက်မှာတော့ ဖုန်းလက်ခံဖြေဆိုသည့် အ၀ိုင်းလေးအား ဖြည်းဖြည်းချင်း ဘေးသို့ ဆွဲလိုက်သည်။ဒီတစ်ခေါက်တော့ ဖုန်းပြန်ဖြေလို့ ရသွားပြီပင်။ချူးယိက ထထိုင်လိုက်ပြီး ,
"ဟယ်လို?"
"နင်ဒီနေ့နေ့လည် ပြန်လာရဲတယ်ဆိုရင် ငါနင့်ကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပြမယ်!"
ဟိုဘက်ကအသံက တိုးထွက်လာခဲ့သည်။
"နင် ရူးသွားပြီလား!နင်းအဖေက တစ်ရက်နဲ့တစ်ည အပြင်မှာ ပျောက်နေတယ်!နင်ကလည်း ပျောက်သွားတယ် ဟုတ်လား!နင်သတ္တိရှိရင် ပြန်မလာပဲ နေကြည့်လိုက်!"
ချူးယိ ဘာမှပြန်မပြောရသေးမီမှာပင် ၊ ဟ်ိုဘက်က ဖုန်းချသွားခဲ့ပြီဖြစ်သည်။
ချူးယိအမေက အရမ်းဒေါသထွက်နေတာ ဖြစ်ရမည်။အသံက တအားကျယ်နေပြီး ၊ ယမ့်ဟန်ပင် ဘေးနားကနေ ရှင်းရှင်းလင်းလင်း ကြားနေရသည်။
"ငါ မင်းကို လိုက်ပို့ပေးမယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"ငါ သူတို့ကို ရှင်းပြလိုက်မယ် ၊ ငါ့အပြစ်ပဲ ၊ မနေ့က မင်းကို အိမ်ပြန်ခိုင်းလိုက်သင့်တာကို"
"မ,မလိုဘူး"
ချူးယိက ခေါင်းယမ်းလိုက်ပြီး
"မင်း ငါ့ကို မ,မနေခိုင်းလည်း ငါကအိမ်ပြန်မှာမ,မဟုတ်ဘူး"
ယမ့်ဟန်က သူ့ကို ကြည့်လာပြီး ဘာမှ မပြောတော့ပေ။
ချူးယိသည် ဒီနှစ်ရက်အတွင်း သူ၏ စကားများက နည်းနည်း ကျိုးကြောင်းမဆီလျော်ဘူးဟု ခံစားလိုက်ရသည်။
ကျိုးကြောင်းမဆီလျော်ဘူးလို့လည်း ပြောလို့မရပေ။သူ ဆယ်စုနှစ်ကျော်လောက် လုပ်လာခဲ့သည့် လုပ်ရိုးလုပ်စဥ်များကို ရုတ်တရက် မလုပ်တော့တာပင်။
သူဘာဖြစ်နေတာလဲဆိုတာကို သူကိုယ်တိုင်လည်း မသိတော့ပေ။
တစ်ခါမှ မလုပ်ခဲ့ဖူးသည့် ၊ အမြဲတမ်းလည်း လုပ်လောက်မည် မဟုတ်သည့် ပုန်ကန်မှုကို သူ ရုတ်တရက်ကြီး ထလုပ်လိုက်မိသလိုပင်။
ယမ့်ဟန်ကြောင့်ဟု ပြော၍လည်းမရပေ။အိမ်မှာ အဖေက ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့ပြီး ၊ နောက်ထပ် ထပ်ပြီး သည်းမခံနိုင်တော့သည့် ဖိအားများကြောင့်လည်း ပါသည်ပင်။
သူ ရုတ်တရက်ဆိုသလို ဘာက်ိုမှ ဂရုမစိုက်တော့နိုင်တော့ပေ။အမေ့ရဲ့ မဲ့ရွဲ့နေတဲ့ မျက်နှာ ၊ လက်သီးလက်မောင်း တန်းနေတတ်တဲ့ အဖွား ၊ အဖိုးရဲ့ တွင်းနက်ကြီးနှစ်ပေါက်လို ဖြစ်နေတဲ့.........
သို့သော် ယမ့်ဟန်ချက်ပေးသည့် မနက်စာကို စားပြီးသွားသည့်နောက်မှာတော့ ၊ သူ ကျောင်းသွားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
ဘယ်လိုပဲ ဖြစ်ဖြစ် အခု အိမ်မှာက ပြဿနာတွေ ဖြစ်နေသည်။သူပုန်ကန်သည်ကို အရင်ဆုံး ခဏဘေးဖယ်ထားလိုက်ရင်တောင် ၊ အမေက သေချာပေါက် အရမ်းဒေါသထွက်နေမှာပင်။
"နေ့လည် မလာနဲ့တော့"
ယမ့်ဟန်က ပြောလာသည်။
"ကျောင်းဆင်းရင် အိမ်ကိုပဲ တန်းပြန်လိုက်"
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
"မင်းအဖေရဲ့ သတင်း တစ်ခုခုသိရရင် ငါ့ကိုလှမ်းပြောဦး"
ယမ့်ဟန်က ပြောလိုက်သည်။
"အင်း"
ချူးယိက အသံတစ်ချက် ပြုလိုက်ပြီး
"မင်းကိစ္စတစ်,တစ်ခုခုရှိရင် ငါ့ကို ဖုန်း,ခေါ်လိုက်"
"အင်းပါ"
ယမ့်ဟန်က သူ့ပုခုံးက်ို တစ်ချက်ပုတ်လာသည်။
ယမ့်ဟန်အိမ်က ထွက်လာခဲ့သည့်အချိန်၌ ချူးယိမှာ နည်းနည်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေမိသည်။
သူ ယမ့်ဟန်နဲ့ အတူတူနေရတာကို သဘောကျမိသည်။အခုလိုမျိုး မှိုင်းတ်ိုင်းတိုင်းဖြစ်နေသည့် ဟမ့်ဟန်ဆိုရင်တောင်မှ ၊ သူ ကိစ္စမရှိပေ။
ကျောင်းသို့ လမ်းလျှောက်လာခဲ့သည့် အချိန်တွင် သူဖုန်းကို နောက်တစ်ခေါက်ထပ်ထုတ်ပြီး ကြည့်လိုက်မိပြန်သည်။ဘာကို ကြည့်နေတာလဲဆိုတာကိုတော့ သူမသိပေ။
ဒီလေါက် အချိန်တိုလေးအတွင်းမှာ ၊ အမေပဲဖြစ်ဖြစ် ၊ ယမ့်ဟန်ပဲဖြစ်ဖြစ် သူ့ကို အဲ့လောက်မြန်မြန်ဆန်ဆန်ကြီး ဆက်သွယ်လာမှာမဟုတ်ပေ။
သူ သက်ပြင်းချလိုက်ပြီး ၊ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထိုးထည့်လိုက်သည်။
ကျောင်းရောက်၍ စာသင်ခန်းထဲ ၀င်လိုက်သည့်အချိန်တွင် ၊ ပုံမှန်ထက်ပိုပြီး ဆူညံနေသည်ဟု သူထင်လိုက်မိသည်။
နေရာတွင် ၀င်ထိုက်လိုက်ချိန်၌ ၊ အနောက်ဘက်က လီဇီဟောင်က အရှေ့တိုးလာခဲ့ပြီး :
"ဟေ့ ချူးယိ"
ချူးယိက အသံလည်း မထွက်သလို လှုပ်လည်း မလှုပ်ပေ။
"မနေ့က မြစ်ဘေးနားမှာ လူသေသွားတယ် ၊ ဘယ်လိုဖြစ်တာလဲဆိုတာ မင်းသိလား?"
လီဇီဟောင်က မေးလာခဲ့သည်။
"မင်းအိမ်က အဲ့နေရာနဲ့ အနီးဆုံးပဲ ၊ ပြီးတော့ မင်း မနေ့နေ့လည်တုန်းက အတန်းပြေးတာပဲ ၊ တစ်ခုခုကို မြင်လိုက်တယ်မဟုတ်လား?"
"မမြင်လိုက်ဘူး"
ချူးယိက ပြန်ဖြေလိုက်သည်။တကယ်တော့ ဒီကိစ္စကို ပြောဆ်ိုနေကြတာပဲ။
"Fuck!"
လီဇီဟောင်က သူ့ကို တစ်ချက်တွန်းလာပြီး
"မင်းက ဘာကို အေးစက်စက်လုပ်နေတာလဲ!"
"တကယ်မသိတာ"
ချူးယိက ပြောလိုက်သည်။
"ပြောသံကြားတာတော့ ရန်ဖြစ်တာတဲ့ ၊ မင်း နည်းနည်းလေးတောင် မကြားမိဘူးလား"
လီဇီဟောင်က ဒေါသထွက်နေတာတောင်မှ စပ်စုချင်စိတ်ကြောင့် ဒေါသကို ထိန်းချုပ်ထားကာ ဆက်မေးလာသည်။
"ဒါဆ်ို မင်း မနေ့နေ့လည်တုန်းက ဘာလုပ်နေတာလဲ?"
"ဖျား,နေလို့"
ချူးယိက ပြောလိုက်သည်။
"အိမ်မှာ အိပ်,အိပ်နေတာ"
"ဖျား,နေလို့ ၊ အိမ်မှာ အိပ်,အိပ်နေတာ"
လီဇီဟောင်က သူ(ချူးယိ)ပြောသည့်အတိုင်း လိုက်ပြောလာရာ ၊ ဘေးနားက လူတွေအကုန်လုံးက ၀ိုင်းရယ်လာကြသည်။လီဇီဟောင်က သူ့ကို နောက်တစ်ခေါက် တွန်းလာပြန်ကာ
"ဒီလေါက် တုံးအနေတာ ၊ မင်းတ်ို့အိမ်အောက်မှာ လူသေသွားရင်တောင် မင်းမသိလိုက်မှာစိုးရတယ်"
ချူးယိ နောက်ထပ် ဘာမှပြောစရာ မလိုတော့ပေ။လေးဖက်လေးတန်ရ်ှိ လူအားလုံးက အတော်ကြာအောင် ရယ်မောနေကြပြီးနောက်တွင် ခေါင်းစဥ်ပြောင်းသွားကြကာ ၊ မြစ်ဘေးနားရှ်ိ ကိစ္စကို ဆက်ပြီး ပြောဆိုနေကြသည်။
ဒီလူတွေက ဘာကို စိတ်လှုပ်ရှားနေကြတာလဲဆိုတာကို သူ တော်တော်လေး နားမလည်နိုင်ဖြစ်နေမိသည်။ဓားနဲ့ထိုးတာ ၊ ဓားနဲ့အထိုး ခံရတာ ၊ ဘယ်လိုပဲဖြစ်ဖြစ် ဒိီလိုမျိုး သွေးတွေအိုင်နေတဲ့ ပုံစံနဲ့ သေသွားတာပဲ မဟုတ်လား?
အတန်းချိန်နှစ်ချိန် ဆက်တိုက်ပင် သူ့ဘေးနားရှိလူများက ထိုအကြောင်း ပြောဆ်ိုနေကြသည်ကို မရပ်တန့်ကြသေးပေ။
ဒုတိယအတန်းချိန် ပြီးဆုံးသွားသည့်အချိန်မှာတော့ အတန်းပိုင်ဆရာက စာသင်ခန်းထဲ ၀င်လာခဲ့ပြီး ၊ အခန်းတံခါး၀တွင် ရပ်၍ စာသင်ခန်းထဲ နှစ်ချက်လောက် ဝေ့ဝဲကြည့်လိုက်ကာ နောက်ဆုံးမှာတော့ အကြည့်က ချူးယိဆီ ရောက်လာပြီး :
"ချူးယိ ၊ ခဏလာခဲ့ဦး"
ချူးယိမှာ ကြောင်အသွားခဲ့သည်။ အတန်းထဲကနေ လာခဲ့ဦးဟု ဆရာခေါ်တာကိုသူ တစ်ခါမှမခံခဲ့ရဖူးပေ။တစ်ခါတစ်လေဆို ဆရာက သူ့ကို သိတောင်မသိဘူးဟု သူထင်မိခဲ့ဖူးသည်။
အနားက လူတွေကလည်း အံ့သြသွားကြသည်။သူထရပ်လိုက်သည့်အချိန်၌ တစ်ယောက်က ပြောလာသည်။ :
"အဲ့လူကို ချူးယိသတ်လိုက်တာတော့ မဟုတ်လောက်ဘူးမလား?"
အကုန်လုံးက တစ်ပြုင်နက် ရယ်မောလာကြသည်။
ချူးယိက ထိုစကားပြောသည့်သူကို တစ်ချက်ကြည့်လိုက်ပြီး အခန်းတံခါး၀ဆီ လျှောက်သွားလိုက်သည်။အတန်းပိုင်ဆရာက ထိုကျောင်းသားများကို လက်ညှိုးထိုးလိုက်ပြီး :
"ဒီလိုကိစ္စမျိုးနဲ့ မနောက်ပြောင်ရဘူး"
ချူးယိမှာ စိတ်မအေးစွာဖြင့် အတန်းပိုင်ဆရာနှင့်အတူ ကျောင်းဆောင်အောက်သို့ လိုက်ဆင်းလာခဲ့လိုက်သည်။ကျောင်းဆောင်အောက် ရောက်သည်နှင့် အတန်းပိုင်ဆရာက ရပ်လိုက်ပြီး :
"မင်း အိမ်ပြန်လိုက်တော့ ၊ မင်းတို့အိမ်မှာ ကိစ္စနည်းနည်း ရှိလို့တဲ့ ၊ ခုနက မင်းအဒေါ် ကျောင်းကိုဖုန်းလှမ်းဆက်ပြီး ခွင့်တိုင်လာတယ်"
"ဘာ,ဘာ,ဘာကိ,စ္စလဲ?"
ချူးယိမှာ ထိုစကားကိုကြား၍ ကြောင်အသွားခဲ့ပြီး ၊ ရုတ်တရက်ကြီး မတွေးတတ်အောင် ဖြစ်သွားခဲ့သည်။
"သူမက မပြောသွားဘူး"
အတန်းပိုင်ဆရာက ပြောသည်။
"စိုးရိမ်မနေပါနဲ့ ၊ အိမ်ပြန်ပြီး ဘာဖြစ်တာလဲဆိုတာ သွားကြည့်လိုက်"
"ကျေး,ကျေး,ကျေး........."
ချူးယိမှာ အလောတကြီး ဖြစ်လာပြီ ဆိုတာနှင့် စကားပြောတက ပိုပြီး အဆင်မချောတော့ပေ။
"ပြန်လိုက်တော့လေ ၊ မပြောနဲ့တော့"
အတန်းပိုင်ဆရာက လက်ကို ယမ်းပြလာပြီး
"လမ်းမှာ ဂရုစိုက်ဦး!"
ချူးယိက ဘာမှ ပြန်မပြောတော့ပဲ ၊ ကျောင်းတံခါး၀ဆီသို့ လှည့်ပြေးလာခဲ့လိုက်သည်။
ဘာကိစ္စများ ဖြစ်တာလဲ?
အိမ်မှာ ဘာကိစ္စ ဖြစ်နိုင်လဲ?
အဖွားက အင်္ကျီချွတ်ပြီး လူတွေနဲ့ ရန်ဖြစ်တာကို ကိစ္စတစ်ခုခုဖြစ်တာလို့ ပြောလို့မရပေ။ဒါဆို ဘာကိစ္စဖြစ်နိုင်လဲ?
......အဖေ?
အဖေက ဘာကိစ္စဖြစ်နိုင်လဲ?
ကားမတော်တဆဖြစ်တာလား?
သူ အသေးစိတ် မစဥ်းစားရဲပဲ ၊ ပြေးနေရင်း ဖုန်းကို ထုတ်ယူလိုက်သည်။အခုလောလောဆယ်တော့ အမေ့ကို ဖုန်းမဆက်ရဲပေ။အရင်ဆုံး အန်တီလေးကို ဖုန်းခေါ်လိုက်သည်။
အတော်ကြာသည်အထိ ဘာတုန့်ပြန်မှူမှ မရှိသည့်ဖုန်းကြောင့် ၊ ဒီဖုန်းအစုတ်ကို ပထမဆုံးအကြိမ်အနေနှင့် ကောက်ပေါက်ချင်စိတ် ဖြစ်လာသည်။
လမ်းတစ်၀က်လောက် ပြေးလာပြီးကာမှ ၊ ဖုန်းက ခေါ်လို့ရသွားသည်။
အန်တီလေးက ချက်ချင်း ဖုန်းပြန်ဖြေလာသည်။ :
"ခွေးပေါက်လေး?"
"ဘာဖြစ်လို့လဲ!"
ချူးယိက အော်မေးလိုက်သည်။
"မစိုးရိမ်နဲ့ ၊ မစိုးရိမ်နဲ့"
အန်တီလေးက အလောတကြီး ပြောလာသည်။
"အန်တီလေးက မင်းတ်ို့အိမ်မှာ ၊ အန်တီလေး လမ်းမမှာ ထွက်စောင့်နေမယ် ၊ မစိုးရိမ်နဲ့!"
"ကျွန်တော့်အဖေလား!"
ချူးယိက မထိန်းထားနိုင်တော့ပဲ မေးလိုက်သည်။
"ကား,ကား......... "
"ကားမတော်တဆဖြစ်တာ မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ရဲက နည်းနည်းပါးပါး လာမေးတာ"
အန်တီလေးက ပြောလာသည်။
"အခုလောလောဆယ်တော့ အခြေအနေ အပြည့်အစုံက မရှင်းလင်းသေးဘူး........."