ဓားခုတ်ကောင်သည် ပုစဉ်းကိုဖမ်းရန်ချောင်းနေသည်နှင့် သူ့နောက်တွင် ငှက်ဝါတစ်ကောင် ရောက်နေသည်ကို မသိဘဲရှိသည်။
--------------------------------------------------
ကျားရှင်း ပုံသွင်းလုပ်ငန်းနှင့် ထုတ်ပိုးကုန်ပစ္စည်းထုတ်လုပ်ရေးစက်ရုံဧရိယာသည် စတုရန်းမီတာ သုံးသောင်းမျှကျယ်ဝန်းပြီး အဓိကစက်ရုံမှာ နှစ်ထပ်အဆောက်အဦးဖြစ်ကာ ပတ်လည်တွင် သိုလှောင်ရုံအများအပြားနှင့် ရုံးအဆောက်အအုံအနည်းငယ်မျှရှိလေသည်။
စက်ရုံထဲ၌ ပြန်ပေးသမားသုံးယောက်ရှိသည်ကို စနိုက်ပါသမားမှ အတည်ပြုပြီး ဖြစ်သည်။ ထို့ပြင် အဖမ်းခံထားရသော ဓားစာခံများမှာ ဒုတိယထပ်တစ်နေရာရာတွင် ရှိနေနိုင်သည်ဟု ခန့်မှန်းရသော်လည်း နေရာအတိအကျကိုမူ မသိရသေးပေ။
ပြန်ပေးသမားတို့ သတိမထားမိစေရန် အထူးရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့တို့၏ ကားများကို စက်ရုံနှင့်ဝေးရာတွင် ရပ်ထားခဲ့လေသည်။ ညွှန်ကြားရေးကားတစ်စီးသာ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှကားကဲ့သို့ အသွင်ယူဟန်ဆောင်၍ စက်ရုံအဆောက်အအုံ၏ မျက်နှာချင်းဆိုင်ထောင့်ကိုဝင်သွားလေသည်။ ဒါရိုက်တာလွီက စီရင်စုစခန်းများမှ စေ့စပ်ဆွေးနွေးရေးကျွမ်းကျင်သူများကို ခေါ်ဆောင်လာကာ ကိုယ်တိုင်ကိုယ်ကျညွှန်ကြားနေပေ၏။
"စစ်ဆင်ရေးတပ်သားတွေကို နှစ်ဖွဲ့ခွဲမယ်။ ပထမတစ်ဖွဲ့က အရှေ့ဘက်ကနေ စက်ရုံထဲကိုဝင်၊ နောက်တစ်ဖွဲ့က တောင်ဘက်နေဝင်။ သက်ဆိုင်ရာစစ်ဆင်ရေးလမ်းကြောင်းတွေကို တစ်သီးတစ်ခြားစီခွဲထားတယ်။ ပထမအဖွဲ့ရဲ့ ပစ်မှတ်က စက်ရုံခေါင်မိုး ဖြစ်ပြီးတော့ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဓားစာခံတွေရဲ့ တည်နေရာကို အတည်ပြုနိုင်ပြီဆိုတာနဲ့ သူတို့ ခေါင်းဆောင်ခန်းကို သတင်းပို့လိမ့်မယ်။ အဲ့ဒီအခါကျရင် ခေါင်းဆောင်ခန်း ဦးဆောင်တဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေက ကြိုးသုံးပြီးတော့ ပြတင်းပေါက်မှန်တွေကိုခွဲပြီး အလစ်ဝင်တိုက်ရမယ်။"
"အထူးရဲတပ်ဖွဲ့ရဲ့ ပထမဦးစားပေးက ဓားစာခံတွေကိုကယ်ထုတ်ပြီး မဖြစ်မနေကလွဲလို့ အပြန်အလန်ပစ်ခတ်မှုကို အတတ်နိုင်ဆုံးရှောင်ဖို့ပဲ။ ယန်ရှယ်၊ မင်းရဲ့တာဝန်က စစ်ဆင်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးကို ဦးဆောင်ပြီး စက်ရုံ ပထမထပ်နဲ့ ဒုတိယထပ် လမ်းတစ်လျှောက်လုံးမှာ သီးခြားစီ အစောင့်ချခဲ့ရမယ်။ ပြီးရင် ခေါင်းဆောင်ခန်းက ဓားစာခံတွေကို ကယ်ထုတ်လာတာနဲ့ တစ်ခါတည်း ချက်ချင်း အားဖြည့်ပြီး အကာအကွယ်ပေးရမယ်။"
"တကယ်လို့များ အခါတစ်သောင်းမှာတစ်ခါဖြစ်တတ်သလိုမျိုး စစ်ဆင်ရေးသမားတွေကို ပြန်ပေးသမားတွေ သတိထားမိသွားပြီး ဓားစာခံတွေကို အကြမ်းဖက်တဲ့အခြေအနေရောက်လာခဲ့ရင် ပြန်ပေးသမားတွေရဲ့ စိတ်ကိုမဆွမိအောင် ငါချက်ချင်း အဖွဲ့နှစ်ကို တပ်ဆုတ်ဖို့ အမိန့်ပေးလိုက်မယ်။ အဲ့ဒီအချိန် ပြန်ပေးသမားတွေကို မျှားခေါ်ပြီး စနိုက်ပါသမားတွေအတွက် လမ်းဖွင့်ပေးဖို့ ကြိုးစားရမယ်။ အားလုံးနားလည်လား!"
ဦးတီဘွားကြီးသည် မိမိ၏ ကြောက်ရွံ့လေးစားဖွယ် သရုပ်မှန်ကို ဖော်ပြလိုက်သည့်အလား ဒါရိုက်တာလွီ၏ ဖောင်းဖောင်းလုံးလုံး မျက်နှာဝိုင်းဝိုင်းတွင် သာမန်အချိန်၌ရှိနေကျ ကြင်နာမှုတို့ပျောက်ဆုံးနေပေ၏။
ဆက်သွယ်ရေးကိရိယာဆီမှ ယန်ရှယ်နှင့် ခန်းရှူချန်နှစ်ဦးလုံး၏အသံ ပြိုင်တူထွက်ပေါ်လာသည်။
"နားလည်ပါပြီ!"
"အဖွဲ့နှစ် နားလည်ပါပြီ!"
"ဒါရိုက်တာလွီ"
ဒေသဆိုင်ရာစီရင်စုစခန်းခေါင်းဆောင်ချန်လည်း လိုက်လာခဲ့သည်ဖြစ်ရာ ကားပေါ်တွင်ထိုင်ရင်း မနေနိုင်ဘဲ ဝင်ပြောလေသည်။
"စစ်ဆင်ရေးက တအားအရေးကြီးတယ်။ တကယ်လို့များ တစ်စုံတစ်ရာ ချွတ်ချော်ခဲ့မယ်ဆိုရင်၊ ဓားစာခံတွေ.........."
"လောင်ချန်"
ဒါရိုက်တာလွီက လေးနက်စွာပြော၏။
လူတိုင်း၏ နှလုံးသားလေးမှာ တက်ခနဲ ခုန်သွားရသည်။
"မင်းအနေနဲ့ ငါတို့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေအပေါ်မှာ ယုံကြည်မှုရှိသင့်တယ်။အာ...ငါကတော့ယုံကြည်တယ်။ ပထမဆုံးအနေနဲ့ ငါတို့က ပြီးပြည့်စုံမှုကိုရည်မှန်းပြီး အကြီးမားဆုံးသော အားအင်စိုက်ထုတ်မှုတွေနဲ့ အတင်းကြပ်ဆုံး ပြင်ဆင်မှုတွေလုပ်တယ်။ ဗျူဟာချမှတ်တဲ့အခါ ရန်သူကို အထင်မကြီးပေမဲ့ ဗျူဟာအကောင်အထည်ဖော်တဲ့အခါ သတိကြီးကြီးထားပြီး ချဉ်းကပ်တယ်။ ဒုတိယတစ်ချက်အနေနဲ့ ဓားစာခံတွေကိုကယ်ထုတ်မဲ့နေရာတစ်ဝိုက်မှာ လေ့ကျင့်ရေးကို ဇွဲရှိရှိလုပ်ဆောင်ခဲ့ကြပြီး ရုံးချုပ်ရဲ့ ရည်ရွယ်ချက်နဲ့ ချမှတ်ပေးတဲ့ လမ်းညွှန်မှုမှန်သမျှကို ပြတ်ပြတ်သားသား လုပ်ဆောင်လေ့ရှိတဲ့ ကျန်းနင် လုံခြုံရေးဌာနချုပ်က အထက်အောက် ခေါင်းဆောင်အဆင့်အားလုံး အလေးအနက်ထားပြီး............"
မင်းဘာလို့ လွီမျိုးရိုးကို စကားပြောခွင့်ပေးလိုက်ရတာလဲကွာ!
အခြားသော လိုက်ပါလာသူအကြီးအကဲတို့မှာ ချန်ချူကို ဒေါသတကြီးကြည့်နေကြပြီး ချန်ချူခမျာမှာတော့ ပါးစပ်တစ်ခြမ်းအုပ်လျက် မျက်ရည်နတ္ထိနှင့် ငိုကြွေးနေရပါတော့သည်။
19:45 pm
အာကာပြင်တွင် မှောင်ရိပ်သန်းလာကာ လမ်းမီးတို့ ထိန်လင်းစပြုချေပြီ။
စက်ရုံပထမထပ်ဝင်ပေါက်နေရာ၊ ချုံနွယ်ပိတ်ပေါင်းကြားမှ ပုန်းလျှိုးကွယ်လျှိုးနေရာတစ်ခု။
"ဟေး လောင်ယန်"
နားကြပ်တစ်ဖက်မှ ဒါရိုက်တာဟွမ်၏ ခပ်နိမ့်နိမ့်အသံထွက်ပေါ်လာသည်။
"မင်း ခုနက ငါ့ကို ဘာလို့ခေါ်တာလဲ? ပြီးတော့ ဘာလို့ ကိုယ့် ကိုယ်ပိုင်Chipပြားကို ပြန်ပြီး တည်နေရာစစ်ချင်ရတာလဲ?"
ယန်ရှယ်သည် ကျည်ကာအင်္ကျီဝတ်ဆင်ထားခြင်းဖြစ်ပြီး အတွင်းအင်္ကျီလက်ကို တံတောင်ဆစ်အထိ ခေါက်တင်ထားကာ နံရံထောင့်တွင်အကာအကွယ်ယူရင်း သေနတ်ကို သေချာဆုတ်ကိုင်ထားချေသည်။ ထို့နောက် ပုန်းခိုရာနေရာအသီးသီးတွင် နေရာတကျရှိနေပြီဖြစ်သော ရဲဘော်တို့ကို တစ်ချက်ပြန်လှည့်ကြည့်ပြီးမှ နားကြပ်မှတစ်ဆင့် ခပ်တိုးတိုးပြောလိုက်၏။
"မင်းကိုစစ်ခိုင်းရင်စစ်လိုက်၊ စကားမများနဲ့။"
"ဟေး ဘာလို့တအားဒေါသထွက်နေတာတုန်း၊ ဘာလဲ မင်းစော် မင်းနောက်ကွယ်မှာ ဖောက်ပြန်နေလားဆိုတာ ဆန်းစစ်ကြည့်မလို့လား? ဪဟုတ်သား၊ မင်းမှာစော်မှမရှိတာ။"
ယန်ရှယ် : "............"
"ငါမင်းကိုပြောသားပဲ၊ စံနှုန်းသတ်မှတ်ချက်လေးလျှော့ပါလို့ဆိုတာကို၊ အင်တာနက်ဆယ်လီလေးလောက်ဆိုတော်ရောပေါ့။ ကိုယ့်အခြေအနေကိုလည်းပြန်ကြည့်ဦး။ ဒါနဲ့များ သူများကို ရင်ဘက်ချင်းနီးတဲ့လူဖြစ်ရမယ်ကလာသေးတယ်။ ဘယ်သူကများမင်းလို ဦးခေါင်းကိုခါးစည်းကြိုးမှာချည်ထားရတဲ့လူနဲ့ လက်တွဲဖော်ဖြစ်ချင်ပါ့မလဲ? သူများသမီးပျိုလေးတွေက အကန်းမှမဟုတ်တာ!"
ယန်ရှယ် : "..................."
(T/N- ဟွမ်ရှင်းပြောချင်တာက ယန်ရှယ်လို အမြဲတမ်း အန္တရာယ်ကြားမှာ ပြေးလွှားနေရတဲ့လူနဲ့ ဘယ်သူကများ လက်တွဲဖော်ဖြစ်ချင်ပါ့မလဲ လို့ပြောချင်တာပါ)
အရှေ့ရှိ အထူးရဲတပ်ဖွဲ့ဝင်တစ်ယောက်က စင်္ကြံအဝမှလက်ထုတ်လာကာ ရှေ့ဆက်သွားရန် အချက်ပြလေသည်။ ယန်ရှယ်သည် ညအမှောင်ထဲမှ အသံတိတ်မြှားတစ်စင်းအလား ကိုယ်ကိုညွတ်လျက် စင်္ကြံကို လျင်မြန်စွာဖြတ်ကူး၍ တစ်ဖက်မှ ဒါရိုက်တာဟွမ်၏ပြောစကားများကိုလည်း စိတ်ဝင်တစား နားစွင့်နေသည်။
"မင်းရဲ့ စံနှုန်းသတ်မှတ်ချက်ကြီးကို မလျှော့ချခြင်းရဲ့ အကျိုးဆက်ကြောင့် အခုတော့ နွားလုံးလုံးဖြစ်ပြီမလား? မင်း Chipပြားကဖြင့်ရွေ့နေပေါ့--"
ယန်ရှယ်မှာ မှောက်လျက်လဲတော့မလိုပင် ဖြစ်သွားရသည်။
"ရပ်သွားပြီ!"
ဟွမ်ရှင်းက ပျော်ပျော်ကြီးကို အစီအရင်ခံနေ၏။
"မူလကိုဩဒီနိတ်ကနေ မီတာနှစ်ဆယ်လောက်အကွာမှာ ရပ်သွားတယ်။"
"..........."
ယန်ရှယ်က အေးစက်စွာပြောလိုက်၏။
"မီယာ၅၀၀ အကွာအထိမရောက်မချင်း ကျေးဇူးပြုပြီး ပါးစပ်လေးပိတ်ထားစမ်းပါ။"
ထို့နောက် လက်ကိုမြှောက်၍ ညွှန်ကြားရေးလိုင်းကိုပြောင်းကာ လှေကားထောင့်နားကပ်လျက် သေနက်မောင်းတင်လိုက်ပြီး ဘယ်လက်ဖြင့် 'ရှေ့ဆက်သွားရန်' အချက်ပြအမိန့်ပေးလိုက်ချေ၏။
လွန်ခဲ့သော သုံးမိနစ်က၊ သိုလှောင်ရုံအပြင်ဘက်တွင်
ကျန်းထင်တစ်ယောက် Grand Cherokee ကားတံခါးဖွင့်လျက် အင်္ကျီလက်ရှည်နှင့် ထွက်လာပြီး နောက်လှည့်မကြည့်ဘဲ ကိုယ်တိုင်မောင်းလာခဲ့သည့် ငွေရောင် Mercedes ကားဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားသည်ကို ဟန်ရှောင်မိန် မြင်လိုက်လေသည်။
"လု....လုလုလု......"
ဒုခေါင်းဆောင်ယန်၏အမိန့်အရ ဤနေရာတွင်ထောင်စောင့်အဖြစ်ကျန်နေခဲ့သည့် ဟန်ရှောင်မိန်လေးမှာ ငိုတောင်ငိုချင်သွားရသည်။ သူမ သူ့ကိုတားလိုက်ချင်ပါသော်လည်း ရှေ့မတိုးရဲ။ နောက်ဆုံးတွင်တော့ ရှိရှိသမျှ သူရသတ္တိတို့အား စုစည်းစေလျက် စကားလုံးအပြည့် သုံးလုံးကို ညစ်ထုတ်နိုင်လိုက်ပါသည်။
"လူကြီးမင်းလု........"
(T/N- တရုတ်လိုဆို 陆先生ဆိုတဲ့သုံးလုံးတည်းပါ)
Mercedes ကားတံခါးကို ဖွင့်နေသော ကျန်းထင် : "ကိစ္စရှိလို့လား?"
ဟန်ရှောင်မိန်သည် နှင်းကဲ့သို့ တည်ကြည်ခံ့ညားလှသော မျက်နှာချောချောပိုင်ရှင်၏ မဟူရာမျက်ဝန်းတို့နှင့် ဆုံတွေ့ရသည့်အခါ ရုတ်တရက် ဘာမှမပြောနိုင်တော့ဘဲ နှုတ်ခမ်းကိုတင်းတင်းစေ့၍ ခေါင်းတွင်တွင်ခါလေတော့သည်။
ကျန်းထင်လည်း Mercedes ကားထဲဝင်သွားပြီး တံခါးပိတ်လိုက်လေသည်။
ထိုအချိန်တွင် ဟန်ရှောင်မိန်၏ မျက်လုံးထဲ၌ ဂျပန်စစ်ပွဲအတွင်းက မရေမတွက်နိုင်သော အာဇာနည်သူရဲကောင်းများစွာ၏ ပုံရိပ်တို့ပေါ်လာသည်။ ကတုတ်ကျင်းကို ရွတ်ရွတ်ချွံချွံဖောက်ခွဲခဲ့ခြင်း မှသည် ပြောင်းဝရှေ့၌ဝင်ကာ၍ အသက်စွန့်သွားရသည်အထိ၊ "ရဲဘော်တို့ ချီတက်" မှသည် "ပစ္စည်းမဲ့လူတန်းစားတွေ မတ်တတ်ရပ်" ဆိုသည်အထိ ကြယ်ငါးပွင့်နှင့် အနီရောင်အလံကြီးမှာ ရှန်ကျိုးမြေပေါ်တွင် ဂုဏ်မာန်ဝံ့ချီစွာ တလူလူ လွင့်ထူနေလျက် တော်လှန်သော သွေးတို့မှာလည်း ဟန်ရှောင်မိန်၏ နှလုံသည်းပွတ်တွင် ကြာမြင့်စွာ ပွက်ပွက်ဆူလာချေပြီ!
(T/N- ရှန်ကျိုး ဆိုတာ ကျုံးကော်ရဲ့ ဟိုးအရင်တုန်းကနာမည်ပါ။ ကဗျာစာပေအရေးအသားတွေမှာလည်းတွေ့ရပါတယ်)
ကျန်းထင်က တိုလီမုတ်စဘူးငယ်လေးထဲမှ ကေဘယ်ကြိုးတစ်ချောင်းထုတ်လာပြီး ဖုန်းအားသွင်းလိုက်သည်။ ထို့နောက်မော့ကြည့်လာ၏။
ကားခေါင်းရှေ့တွင် ဟန်ရှောင်မိန်သည် လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းလျက် နောက်မဆုတ်တမ်း ဆုံးဖြတ်ချက်အခိုင်အမာချပြီးဟန်နှင့် "ရှင်ဒီလမ်းကိုဖြတ်ချင်ရင် ကျွန်မအလောင်းပေါ်နင်းသွားမှရမယ်" ဟူသော အမူအရာကိုချိတ်ဆွဲထားကာ လမ်းလယ်ခေါင်၌ မားမားမတ်မတ် ရပ်နေလေ၏။
"............"
နှစ်ယောက်လုံး တစ်ယောက်နှင့်တစ်ယောက် အတန်ကြာအောင် စိုက်ကြည့်မိကြသည်။
ကျန်းထင်က ချောကလက်လေးနှစ်ခုကို စမ်း၍ ကားပြတင်းမှ ခေါင်းထုတ်ကာ မေးလိုက်၏။
"မင်း နားနားနေနေ အထဲဝင်ထိုင်ပြီး သကြားလုံးလေးစားမလား?"
ဟန်ရှောင်မိန် : "......အော"
ဟန်ရှောင်မိန်က နှုတ်ခမ်းလေးကိုစိ၍ ကျန်းထင်ပေးသော သကြားလုံးလေးကို ရှေ့တိုးယူပြီး ကားအနောက်ခုံ၌ ဝင်ထိုင်လိုက်လေသည်။
19:50 pm
စက်ရုံဒုတိယထပ်ရှိ အခန်းတစ်ခန်းတွင် မီးလင်းနေကာ မီတာတစ်ရာညကောင်းကင်ကိုဖြတ်လျက် မှိန်ဖျော့ဖျော့ လူရိပ်တစ်ခုကို စနိုက်ပါမှန်ပြောင်းမှမြင်တွေ့လိုက်ရသည်။
"ညွှန်ကြားရေးယာဉ်ကို သတင်းပို့ပါတယ်၊ ကင်းပုန်းနေရာ A ကပါ။ စက်ရုံဒုတိယထပ် အရှေ့ဖက်ထောင့်မှာ လှုပ်ရှားမှုတစ်ခုရှိနေပါတယ်။ ပြန်ပေးသမားတွေလား၊ ဓားစာခံတွေလားမသဲကွဲပါဘူး။ စနိုက်ပါရှုထောင့်ကမသဲကွဲဖြစ်နေပါတယ်။ Over"
"နားလည်ပြီ၊ ဆက်ပြီးစောင့်ကြည့်နေပါ။"
ညွှန်ကြားရေးယာဉ်ထဲ၌ ဒါရိုက်တာလွီသည် စီရင်စုအကြီးအကဲများ၏ ရတက်မအေး ဖြစ်နေသော အကြည့်များအောက်၌ ညွှန်ကြားမှုကို ခေတ္တရပ်လိုက်၏။
"---ရှောင်ခန်း၊ ကြားလား?"
စက်ရုံခေါင်မိုးထပ်တွင် ကောင်းမွန်စွာ လေ့ကျင့်ထားသော အထူးရဲတပ်ဖွဲ့မှာ ညအမှောင်ကို အကာအကွယ်ယူလျက် ကင်းပုန်းဝပ်နေသည်။ ခန်းရှူချန်က ကြိုးကိုကိုင်လျက် ကြမ်းပြင်တွင် တွားသွားရင်းပြန်ဖြေ၏။
"ကြားပါတယ်၊ ပစ်မှတ်နေရာကို အဖွဲ့တစ်ဖွဲ့ ချက်ချင်းသွားလိုက်ပါပြီ။"
"ယန်ရှယ်?"
ဒါရိုက်တာလွီကခေါ်လိုက်သည်။
"နားလည်ပါပြီ။"
ဒုတိယထပ်၏ ထောင့်တစ်နေရာတွင် ယန်ရှယ်သည် သေနတ်တစ်လက်နှင့် ဒူးထောက်ထားလျက် မျက်ဝန်းထောာင့်များမှာ အမှောင်ထုထဲ၌ ဝင်းလက်နေပေ၏။
"အဖွဲ့နှစ်က လူခွဲပြီး အဓိကလမ်းသုံးကြောင်းကို ပိတ်ဆို့ထားပြီး ဖြစ်ပါတယ်။ အချိန်မရွေးတုံ့ပြန်ဖို့ အသင့်ဖြစ်နေပါပြီ။"
ဒါရိုက်တာလွီက ခေါင်းညိတ်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
"အခုအခြေအနေဘယ်လိုလဲ လောင်လွီ?"
စီရင်စုအကြီးအကဲတစ်ဦးက အသံတိုးတိုးနှင့် မေးလာသည်။
ဒါရိုက်တာလွီ၏ ပြည့်ဖောင်းဖောင်း လုံးဝိုင်းဝိုင်းမျက်နှာမှာ အမူအရာပြောင်းလဲသွားခြင်းမရှိဘဲ တသမတ်တည်းပြောလိုက်၏။
"စောင့်ဦး။"
ဓားခုတ်ကောင်သည် ပုစဉ်းကိုငမ်းနေသည်နှင့် နောက်မှ ငှက်ဝါတစ်ကောင်ရောက်နေသည်ကို သတိမထားမိချေ။ တင်းမာလှသော အခြေအနေတွင် ပြန်ပေးသမားများမှာ ဆေးထုတ်ဖော်မှု ကို ထက်သန်စွာစောင့်ဆိုင်းနေကြသည်၊ ဓားစာခံများမှာ ကယ်ဆယ်ရေးရောက်လာဖို့ အချိန်ဆွဲနေကြသည်၊ အထူးရဲတပ်ဖွဲ့မှာမူ ကင်းပုန်းဝပ်နေကြလျက် ထိုးဖောက်ဝင်ရောက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေကြပြီး စနိုက်ပါသမားများမှာတော့ အမြင့်နေရာတွင် ညအမှောင်ထုနှင့် ရောနှောနေကြသည်။ မည်သူမျှ အန္တရာယ်များလှသည့် ဟန်ချက်ကို အလောတကြီး ထိုးဖောက်ခြင်း မပြုရဲကြ။
ဆံစတစ်စကို ဆွဲလိုက်သည်နှင့် တစ်ကိုယ်လုံးလှုပ်ရှားသွားပေမည်။
(T/N- ပြောင်းလဲမှုသေးသေးလေးက အခြေအနေတစ်ရပ်လုံးကို သက်ရောက်မှုရှိနိုင်တယ် လို့ပြောချင်တာပါ)
ဓာတ်ခွဲခန်းနံရံမှာ fluorescent မီးချောင်းများကြောင့် မှိုင်းညို့စွာ ရောင်ပြန်နေ၏။ နံကပ်နာရီမှ နာရီလက်တံဟာလည်း တဖြည်းဖြည်းနှင့် ရှစ်နာရီတိတိကို ညွှန်ပြချေပြီ။
ချူစင်သည် ကိရိယာကိုပိတ်ပြီး ဓာတ်ခွဲခန်းသုံးမျက်မှန်ချွတ်၍ ခေါင်းမော့လိုက်ရာ သူ့ခေါင်းနောက်တွင် နီးနီးကပ်ကပ်ချိန်ထားသော သေနက်ပြောင်းဝနှင့် ထိကပ်လုနီးနီးဖြစ်သွားရသည်။
မူးယစ်ဆေးရောင်းဝယ်သူသုံးဦးတို့မှာ သူ့ကို ပေါက်ထွက်မတတ် စိုက်ကြည့်နေကြပြီး ဝမ်လော့က သေနက်နှင့်ချိန်လျက် စိတ်မရှည်စွာမေးလေ၏။
"မင်းလုပ်လို့ရလား?"
".......နည်းနည်းခက်တယ်"
ချူစင်၏ အသံကား အလွန်တရာ အက်ရှနေပါ၏။
"ဒါပေမဲ့ အမြောက်အမြားထုတ်လုပ်ဖို့အတွက် ကုန်ကျငွေက သမားရိုးကျ မော်ဖင်းအခြေပြုဆေးတွေထက်စာရင် လက်ခံနိုင်တဲ့ပမာဏပါပဲ။"
ချင်ရွေ့က စက်ဆရာနှင့် အကြည့်ချင်းဖလှယ်လိုက်ရာ တစ်ဖက်မှ အတည်ပြုခေါင်းညိတ်ပြလာသည်။
"အဲ့ဒါဆိုလည်း မြန်မြန်လုပ်!"
ဝမ်လော့မျက်နှာကြီး ဝင်းထိန်လာ၏။
ချူစင်၏ လည်စိမှာ အထက်အောက်လှုပ်ရှားသွားပေသည်။ တစ်စုံတစ်ရာကို ခက်ခက်ခဲခဲမျိုချလိုက်သည့်နှယ်---တကယ်တမ်းမှာဖြင့် သူရေမသောက်ရသည်မှာ ကြာပြီဖြစ်ရာ စကားပြောသည့်အခါတိုင်း လည်ချောင်းက အလွန်ခြောက်ကပ်နေသည်။
"ပစ္စည်းကိရိယာတွေမစုံဘူး။"
သူက မျက်လွှာချလျက် ဘေးပတ်ဝန်းကျင်ကို ညွှန်ပြ၍ ပြောလေသည်။
"ခင်ဗျားတို့ ဓာတ်ခွဲခန်းကဖြင့် methamphetamine ထုတ်ဖို့တောင် အဆင့်အတန်းမမီတာ ဒီအတိုင်းဆို အပူပေးပြင်ဆင်တဲ့အဆင့်နဲ့ ထုတ်ဖော်တဲ့အဆင့်ကို တစ်ပြိုင်တည်းလုပ်ရလိမ့်မယ်။ ကံမကောင်းရင် ပြင်ဆင်တဲ့အဆင့်မှာ ပေါက်ကွဲမှုဖြစ်ပြီး Pseudoephedrine နဲ့ Phosphorus အနီတို့ပေါင်းသွားပြီး Phosphine အဆိပ်ဓာတ်ငွေ့တွေ အများကြီးထွက်လာနိုင်တယ်။ အဲ့ဒီအချိန်ကျရင် ဘယ်သူမှလွတ်မှာမဟုတ်ဘူး၊ အကုန်သေကုန်မှာ။ ဒီရှားပါး Fentanyl ဒြပ်ပေါင်းအသစ်ကို ထုတ်ဖော်ချင်ရင် အထူးကိရိယာတွေလိုအပ်တယ်။"
မူးယစ်ဆေးရောင်းဝယ်သူတို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခဏတာမျှ တိတ်ဆိတ်သွားပေသည်။ ထို့နောက် ချင်ရွေ့က သေနတ်ကိုအိတ်ကပ်ထဲထည့်၍ အပြင်ထွက်သွားလေ၏။
စက်ဆရာက ချောင်းဟန့်လျက် ချူစင်ထံလျှောက်လာပြီး ရေဘူးကမ်းပေးလေသည်။
"ကျေးဇူး"
ချူစင် ယဉ်ကျေးစွာပင် ပြော၏။
"ကျွန်တော်ရေမဆာဘူး။"
ရေထဲ၌ ဆေးတစ်မျိုးမျိုးခတ်ထားမည်ကို သူကြောက်သည်။
စက်ဆရာက များများစားစား ဂရုစိုက်မနေဘဲ သူ့ရှေ့တွင် ခုံတစ်လုံးဆွဲထိုင်ကာ မေး၏။
"ကောင်လေး၊ မင်းအသက်ဘယ်လောက်ရှိပြီလဲ?"
ချူစင် ပြန်ဖြေလိုက်သည်။
"နှစ်ဆယ့်တစ်"
"နှစ်ဆယ့်တစ်နှစ်အရွယ်လူငယ်လေးပဲ။"
စက်ဆရာက ခေါင်းညိတ်လိုက်ပေ၏။ သူသည် အသားညိုညို ပိန်ပိန်ပါးပါး အသက်သုံးဆယ်ကျော် လေးဆယ်အရွယ် သက်လတ်ပိုင်းလူကြီးတစ်ဦးဖြစ်ပြီး တစ်ဖက်သားကို မျက်စိမှိတ်ယုံကြည်တတ်ပုံပေါ်သည်။
"ငါတင်းကျားဝမ့်ဆီက ကြားတာကတော့ မင်းရဲ့မိသားစုက အဆင်မပြေပေမဲ့ မင်းက စာအရမ်းတော်တယ်ဆို?"
ချူစင် မငြင်းခဲ့ပါ။
"မင်းက အပြင်လောကကို တစ်ခါမှ ထွက်မလာဖူးတဲ့ ကျောင်းသားတစ်ယောက်ပဲ။ ငါတို့ဓာတုဗေဒကျောင်းသားတွေက နာမည်ကြီးကျောင်းကနေ ဘွဲ့ရခဲ့ရင်တောင် တစ်လကို ရှစ်ထောင်ကိုးထောင်လောက်ပဲရပြီး သင်္ချိုင်းကန်တော့တဲ့အခါ အမွှေးတိုင်လေးမီးခိုးထွက်အောင် ထွန်းနိုင်ရုံလောက်ပေါ့။ မင်းပေကျင်းလိုနေရာမျိုးမှာ ရှစ်ထောင်ကိုးထောင်လောက်နဲ့ ဘာများ လုပ်နိုင်မှာမလို့လဲ? အိမ်ဝယ်ဖို့ ဒါမှမဟုတ် မိန်းမတင်တောင်းဖို့? မိဘတွေ၊ အငယ်တွေကို ချောင်ကြိုချောင်ကြားကနေခေါ်ထုတ်ပြီး မြို့ကြီးပြကြီးကို ခေါ်လာဖို့ ပိုက်ဆံလောက်ပါ့မလား?"
"ငါ့ကိုကြည့်၊ ငါလည်းဓာတုဗေဒမေဂျာကပဲ။ အဲ့ဒါကြောင့် သရဲလိုလိုဘာလိုလို ရောသမမွှေတဲ့ပုံစံဖြစ်နေတာ။"
စက်စရာက လက်ကိုဆန့်ရင်း ထပ်ပြောပြန်၏။
"မင်းလည်းသိပါတယ်၊ တင်းကျားဝမ့်က ကုမ္ပဏီကြီးတစ်ခုမှာ အင်ဂျင်နီယာရာထူးရထားတာကွာ မမိုက်ပေဘူးလား? အမှန်အတိုင်းပြောရရင် သူ့လစာမှ တစ်သောင်းကျော်ပဲရတာ။ ငါတို့ရဲ့ဒီအလုပ်သာမလုပ်ရင် သူဘယ်လိုလုပ် မိန်းမနဲ့ သမီးကိုတင်ကျွေးနိုင်မှာလဲ? အိမ်လခ၊ ကားခ ဘယ်လိုလုပ်ပေးနိုင်မှာလဲ? ကောင်လေး မင်း စာပညာမှာ ဘယ်လောက်ပဲတော်တော် ဓာတုဗေဒကိုရွေးချယ်လိုက်ကတည်းက လမ်းမှားရောက်သွားပြီပဲ!"
"အဆင်ပြေပါတယ်။"
ချူစင်က မမှိတ်မသုန်ပြောလေသည်။
"ကျွန်တော်က အိုလံပစ်ဆုရ ဓာတုဗေဒကျောင်းသားမလို့ နေရာတစ်နေရာတော့ သေချာပေါက်ရပြီးသားလေ"
စက်ဆရာ : ".........."
စက်ဆရာမှာ စိတ်ထဲကတော့ အားရပါးရ ကျိန်ဆဲနေလောက်ပါသည်။ သို့သော် အပြင်ပန်းတွင်တော့ ထိန်းချုပ်ထားပေ၏။
"ဟုတ်တာပေါ့၊ မင်းအခုတော့ အဆင်ပြေတယ်လို့ ထင်နေဦးမှာပေါ့။ ဒါပေမဲ့ အနာဂတ်မှာ အပြင်လောကထဲ ခြေဆန့်တဲ့ အခါကျရင် လောကကြီးက ဘယ်လောက်တောင် မတရားလိုက်လဲဆိုတာ သိလာလိမ့်မယ်။ အရာရှိကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေထဲမှာ လောဘမကြီးတဲ့လူ၊ တရားမဝင်လုပ်ငန်းတွေမလုပ်တဲ့လူ ဘယ်သူရှိလဲ? လူသတ်သမားတွေ မီးရှို့တဲ့ကောင်တွေတောင် ကွင်းလုံးကျွတ်လွတ်လာကြသေးတာ၊ ငါတို့က ကိုယ့်ပညာလေးကိုသုံးပြီး ဆေးလေးနည်းနည်းထုတ် ပိုက်ဆံရှာရုံပဲ။ ဘယ်သူမှ အသတ်မခံရသေးသ၍ ရဲတွေက ငါတို့ကို တကယ်ဖမ်းပါ့မလား?"
ချူစင်သည် အချိန်တစ်ခုအထိ တိတ်ဆိတ်နေခဲ့ပြီး အနည်းငယ် ချီတုံချတုံ ဖြစ်နေဟန် ပေါ်သည်။
စက်ဆရာလည်း ချူစင်မှာ ခေါင်းအင်မတန်မာသည့်ကလေးမဟုတ်မှန်း မြင်တွေ့ရလေသဖြင့် အနည်းငယ် စိတ်အေးသွားချေသည်။ သူက ခုံကို ဆွဲ၍ ရှေ့တိုးလာပြန်၏။
"ဒီမှာ ကျောင်းသား၊ ငါပြောပြမယ်။ ငါတို့ခဏနေရင် သေချာပေါက်ထွက်ပြေးရတော့မှာ၊ အဲ့ဒီအခါကျရင် လိမ်လိမ်မာမာနဲ့ ငါတို့နဲ့ ပူးပေါင်း။ ငါတို့ တောင်ပိုင်းကိုရောက်တာနဲ့ နေရာသေးသေးလေးတစ်ခုရှာပြီး မင်းလိုချင်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကို တည်ဆောက်ပြီးတဲ့ အချိန်အထိစောင့်မယ်၊ မင်းဝေစု ဘယ်လောက်ရမယ်ဆိုတာတော့ နောက်မှပြောတာပေါ့? မင်းအနေနဲ့ 'ရွှေပြာ' ကိုအမှန်တကယ်ထုတ်ဖော်နိုင်ပြီဆိုတာနဲ့ သေချာပေါက် ငွေပုံပေါ်နေလို့ရပြီ။ ဘယ်သူက မင်းအတွက်မကောင်းတာကို ကမ်းလှမ်းပါ့မလဲ?"
စက်ဆရာက နောက်လှည့်၍ ဝမ်လော့ကို မျက်စိမှိတ်ပြလိုက်သည်။
"ဟေ့ မင်းတို့ကောင်တွေ ဘာကိစ္စ သုံးစားမရတဲ့ စကားတွေပြောနေတာလဲ!"
ဝမ်လော့က တမင်တကာ ကြမ်းကြမ်းတမ်းတမ်းပြောဆိုလျက် အခန်းထောင့်ရှိ ဓာတုပစ္စည်းများထားရာ ဗီရိုဆီလျှောက်သွားလိုက်သည်။ ထို့နောက် ဗီရိုအောက်ထပ်မှ ခရီးဆောင်အိတ်အစုတ်ကိုထုတ်ပြီး ချူစင်ကိုပစ်ပေးလိုက်ရာ အိတ်ထဲမှ ယွမ်ပိုက်ဆံများ အထပ်လိုက် ကျလာ၏။
"သုံးစရာအပြည့်ပဲ၊ ထိပ်တန်းကျောင်းသားလေး၊ ဒါတွေအကုန်မင်းဟာဖြစ်သွားပြီ!"
ချူစင်၏ အကြည့်များမှာ ပန်းရောင်ပိုက်ဆံထပ်အထူကြီးထံမှ အတော်ကြာ မခွာနိုင်ဖြစ်နေပြီး စိတ်ထဲ၌ အလွန်အမင်းအကြပ်ရိုက်နေသည့်အလား အကြည့်လွှဲသွားလေသည်။
အခြေအနေကောင်းတယ်! မူးယစ်ဆေးရောင်းဝယ်သူနှစ်ဦးသား၏ မျက်နှာများ ဝင်းပသွားကြသည်။
"ဟေး လောင်ဝမ် မင်းဘယ်လိုလုပ်လိုက်တာလဲ? မင်းပုံစံက သူများကို စော်ကားနေတာနဲ့တူနေပြီ။ နောက်ပိုင်း ငါတို့ 'ရွှေပြာ' ကို ထုတ်လုပ်နိုင်တဲ့အချိန်ကျရင် ဒီပိုက်ဆံမဖြစ်စလောက်လေးက သူတောင်းစားတောင်ပေးလို့မလောက်ဘူး!"
စက်ဆရာကပြောရင်းဆိုရင်း အနားကပ်လာပြီး ချူစင်၏ ပုခုံးကိုပုတ်လျက် ရည်ရွယ်ချက်ရှိရှိ အသံတိုးကာ ပြောလိုက်လေသည်။
"စကားမစပ်၊ ကျောင်းသားလေး မင်းတစ်ခါမှ မချစ်ဖူးဘူး ဟုတ်တယ်ဟုတ်?"
ချူစင် ငြိမ်နေသည်။ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းမည်၏။
စက်ဆရာကပြောသည်။
"ငါ့အထင် တင်းမိသားစုရဲ့ ရိုးသားမှုမရှိတဲ့ ကောင်မလေးက မင်းကို အတော်လေး သဘောကျနေပုံပဲ။ မင်းငါတို့နဲ့သာ ပူးပေါင်းလိုက်၊ အစ်ကိုကြီးက ဒီနေ့ သူ့ကို မင်းအတွက်ပေးမယ်လို့ ကတိပေးတယ်။ ဘယ်လိုလဲ?"
ချူစင်၏ မျက်ခုံးများ မြောက်တက်သွားရသည်။ တံခါးပွင့်လာပြီး မတိုင်ခင်က အပြင်ထွက်သွားသော ချင်ရွေ့သည် တင်းတန်း၏ ခေါင်းကို သေနက်နှင့်တေ့ထားလျက် တံခါးဝ၌ ရပ်နေ၏!
တင်းတန်း၏ နီရဲနေသော ပါးပြင်လေးမှာ အရိုက်ခံထားရပုံပေါ်သည်။ သူမ ငိုချလိုက်ချင်သော်လည်း မငိုရဲ။ ကတုန်ကယင်နှင့်သာ ထိုနေရာတွင် ရပ်လျက် အချိန်မရွေးပြိုလဲသွားနိုင်သော အကြည့်တို့နှင့် သူ့ကိုကြည့်ကာ အကူအညီတောင်းခံနေပေသည်။
တစ်ချိန်တည်းမှာပင် မီတာပေါင်းများစွာကွာဝေးသော ဖြိုချနေဆဲ တိုက်ခန်းအဆောက်အအုံတစ်နေရာ၌
"အကုန်ယူမယ်။ ငါ့ကိုထုပ်ပေး။"
လှည်းခြင်းထဲမှ လက်ကျန် ပန်းသီးနှင့် သစ်တော်သီးများမှာ ပိုးထိုးသည့်အလုံးများနှင့် ရှုံ့တွအိပြဲနေသည့်အလုံးများသာ များဖြစ်ပေ၏။ အနီးတစ်ဝိုက်တွင်လည်း နေ့တစ်ဝက်လုံး ဖြတ်သွားဖြတ်လာပင်မရှိ။ ပထမကတော့ ဈေးသည်ခမျာ နောက်နာရီဝက်လောက်နေမှ ဝယ်သူမရှိလျှင် မျှော်လင့်ချက်လေးကို လွှတ်ချရင်း အိမ်ကို ညစာထုတ်သွားမည်ဟု စိတ်ကူးထားခဲ့ခြင်းသာ။ စိတ်ဓာတ်ကျနေစဉ် မထင်မှတ်ပါဘဲ ရှိသမျှအကုန်ဝယ်မည့် ဝယ်သူတစ်ဦး ရုတ်တရက်ရောက်ချလာခြင်း ဖြစ်သည်။ ဈေးလည်းမဆစ်သလို အအမ်းလည်းမတောင်း။
ဈေးသည်ဖြစ်သူမှာ အပျော်လုံးဆို့သွားပြီး ဝယ်သူစိတ်မပြောင်းခင် သစ်သီးများကို အမြန်ထုပ်ပိုးလိုက်သည်။ ထို့နောက် အကြွေအအမ်းကိုပင် သုတ်ပြီးမှ ချိုသာစွာပြုံး၍ ရှေ့တိုးပေးလိုက်၏။
ဝယ်သူက ပလက်စတစ်အိတ်ကို ယူလိုက်လေသည်။
--ဟမ်? ဈေးသည်မှာ အနည်းငယ်စိတ်ဝင်စားသွားလေသည်။
မေလဆန်းကြီးမှာ ဒီလူဘာကိစ္စ သားရေလက်အိတ်ကြီးဝတ်ထားတာပါလိမ့်?
သူဤသို့တွေးပြီး ဝယ်သူကိုလည်း စပ်စပ်စုစုကြည့်ရင်း ပစ္စည်းများသိမ်းကာ ပြန်ရန်ပြင်လိုက်သည်။
လမ်းမီးများသည် ခပ်မှိန်မှိန်သာဖြစ်၍ အနောက်ဖက်မှ ကောင်းစွာမမြင်ရသော်လည်း ဝယ်သူမှာ ငယ်သေးပုံပေါ်ပြီး ခေါင်းအစခြေအဆုံး ဖိနပ်ကစ အနက်ရောင်ချည်းသာဆင်မြန်းထားကာ ညအမှောင်ထဲတွင် ပျောက်လုဆဲဆဲပင်ဖြစ်နေသည်။ ဘယ်လက်တွင် ကြီးစွာသော ခရီးဆောင်အိတ်ကြီးကို ဆွဲထားပြီး ရုံးဝန်ထမ်းတစ်ဦး အလုပ်မှပြန်လာသည်နှင့်ပင်တူသည်။ သို့ရာတွင် သူ၏ ဘေးတိုက်မြင်နေရသောမျက်နှာမှာ အနီးတစ်ဝိုက်တွင် မြင်တွေ့နေကျမဟုတ်ဘဲ စိမ်းသက်သက်ဖြစ်နေ၏။
ဈေးသည်လည်း တွေးကောင်းကောင်းနှင့် တွေးနေရင်းမှ ရုတ်တရက် ဝယ်သူက တစ်စုံတစ်ခုကို သတိရသွားဟန် ပြန်လှည့်လာ၏။
"...........!"
အကြည့်ချင်းဆုံသွားခိုက် ဈေးသည်၏ နှလုံးအိမ်မှ ကြက်သီးဖြန်းဖြန်းထလာရသည်။ သူ့ကိုယ်သူ လင်းယုန်ကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်းခံနေရသော ယုန်ငယ်လေး၊ သို့မဟုတ် မြွေကြီးတစ်ကောင် မျက်စိကျနေသော ဖားကလေးသဖွယ် ခံစားသွားရသည်။ ချက်ချင်းဆိုသလို ကြောက်ရွံ့ထိတ်လန့်ခြင်းတို့က ကျောရိုးတစ်လျှောက် ခရီးနှင်ကာ တစ်ကိုယ်လုံးမှ အာရုံကြောလေးများကိုလှုံ့ဆော်လျက် သူ့ကို နွေခေါင်ခေါင်တွင် တဆက်ဆက် တုန်ယီလာစေသည်။
ဝယ်သူက မေးပင့်၍ မေးလာ၏။
"ဘာလဲ? ပိုက်ဆံမပြည့်လို့လား?"
ပုံစံကတော့ အေးအေးလူလူပင်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။"
ဈေးသည်မှာ အမြန်လက်ခါပြလိုက်ရပြီး စိတ်ထဲ၌ 'ငါစပ်စုတာများနေပြီ' ဟုတွေးရင်း ဆက်မကြည့်တော့ဘဲ လှည်းကိုတွန်းလျက် အိမ်ကို ခပ်သုတ်သုတ်ပြန်လေတော့သည်။
အသီးသည်တစ်ယောက် ညချမ်း၏ လမ်းတဆုံး၌ ပျောက်ကွယ်သွားပြီးနောက် အားကျယ် ယဲ့ယဲ့လေးပြုံးလိုက်၏။ ထို့နောက် ပန်းသီးတစ်လုံးကိုထုတ်၍ သုတ်ကာ တစ်ကိုက်ကိုက်လိုက်ပြီး ကျန်အသီးများကိုမူ ပလက်စတစ်အိတ်နှင့်အတူ လွှင့်ပစ်လိုက်ကာ တိုက်ခန်းအဆောက်အအုံဆီသို့ နောက်လှည့်ထွက်ခွာသွားတော့သည်။
20:00pm
ညခင်း၏ လေပြေညင်းက မိုးကုတ်စက်ဝိုင်းမှ တိုက်ခန်းအဆောက်အအုံထိပ်သို့ တဝီးဝီးတိုက်ခတ်နေသည်။
အားကျယ်သည် ခပ်လှမ်းလှမ်းရှိ ပုံသွင်းစက်ရုံကို ကြည့်လိုက်၏။ ထို့နောက် ခရီးဆောင်အိတ်ကိုဖွင့်၍ Sniper ပြောင်းရှည်သေနတ်ကို အကျအနဆင်လိုက်ချေတော့သည်။
-------------------------------------------------