Married Life Story:Happy Ever After
ထမင်းစားပြီးကလေးတွေကိုခဏဝင်ကြည့်ပြီး ဝရန်ဒါကိုထွက်လာခဲ့တော့ညဥ့်လေအေးက ဒီညမှထူးထူးခြားခြားဖြူးနေတယ်။
တီရှပ်လေးတစ်ထည်ပဲဝတ်ထားတာမို့ စိမ့်နေတဲ့လေနဲ့ဆိုတော့ ကြက်သီးလေးထချင်တယ်။လူဦးရေအဆမတန်ထူထပ်နေတဲ့ မြို့ကြီးမှာ ဒီလိုလေစစ်စစ်နဲ့တူတဲ့လေကတိုက်လာခဲတာမို့ နွေဦးမျက်နှာကိုမော့ထားရင်း လေအေးအေးလေးရဲ့ဖြတ်တိုက်ကျီစယ်မှုကိုခံယူနေလိုက်တယ်။
ကောင်းကင်ကိုမော့ကြည့်လိုက်တော့လဲ ကြယ်တွေလတွေစုံနေတာကိုတွေ့ရတာမို့ နွေဦးမျက်နှာလေးပြုံးသွားရတယ်။
သူနဲ့မိုးပင်လယ် စပြီးရင်းနှီးခဲ့တာလဲ ကြယ်တွေစုံနေတဲဲ့ ည ခြုံလွှာအောက်မှာပဲ...လရောင်ပျပျအောက်မှာတောင် မိုးပင်လယ်ရဲ့မျက်ဝန်းညိုတွေက ကြယ်တွေနဲ့အပြိုင် တောက်ပနေတာကို သူမှတ်မိနေသေးတယ်။
စင်္ကြာဝဠာထဲက ကျောက်ခဲအပိုင်းအစတွေကဆုတောင်းပြည့်တာကိုသူနောက်ဆုံးတော့ အင်တင်တင်နဲ့လက်ခံလိုက်ရပြီ။သူ့ဆုတောင်းက ပြည့်သွားတယ်လို့ပြောရမှာပဲ..အချစ်ဦးနဲ့လွဲခဲ့ပေမယ့် အချစ်စစ်နဲ့ဆုံခဲ့ရတာတော့အမှန်ပဲ။
"ဒီပေါ်မှာလေတိုက်သားနော်...ရော့!"
အလင်္ကာကဘေးမှလာရပ်ရင်း တစ်ဆက်ထဲ ကော်ဖီခွက်လို့ထင်ရတဲ့ခွက်တစ်ခုလှမ်းပေးတယ်။ယူလိုက်တော့တကယ်ပဲကော်ဖီခွက်...သေချာတာတော့ ဒီကော်ဖီခွက်က မိုးပင်လယ်ပေးလိုက်တာမဖြစ်နိုင်ဘူး။သူညဘက်ကော်ဖီမသောက်တတ်မှန်းသိလို့ ရေနွေးကြမ်းပဲပေးချင်ပေးမှာ...
"ကော်ဖီလား!"
"အင်း...ကိုယ်တိုင်ဖျော်လာတာ"
"သြော်..."
နွေဦးရဲ့ နည်းနည်းအကြပ်ရိုက်သွားတဲ့ပုံစံကြောင့် အလင်္ကာက ပြုံးပြီး...
"ညဘက်ကော်ဖီမသောက်ဘူးလား"
"အင်း..အိပ်မပျော်တော့လို့...ကော်ဖီဖျော်တုန်းက မိုးပင်လယ်မပြောဘူးလား"
"ပြောတယ်...ကိုယ်ကကော်ဖီပဲတိုက်ချင်လို့"
အမ်!!နွေဦးကြောင်သွားရပြန်ပါပြီ။အလင်္ကာဆိုတာလေးက ဘာလေးပါလိမ့်။တကယ့်ကို တကယ့်ကိုပဲ လူတစ်မျိုးဆိုတာကိုပဲနွေဦးပြောနိုင်တော့တယ်။အေးလေ!တိုက်ချင်တော့လဲ သောက်ပေးရမှာပေါ့..ကလေးတွေအမေပဲဟာ...
"ကျွန်တော်သောက်ပါမယ်"
"အင်း...သောက်ရမှာပါပဲ"
"ဟုတ်ပါပြီ!"
စကားဆုံးတော့ ဘာရယ်မဟုတ် တစ်ပြိုင်တည်းလိုလို ဖူးခနဲရယ်လိုက်မိကြတယ်။သူ့စိတ်ထဲမှာ အလင်္ကာ့ကို သိပ်လဲအမြင်မကြည်တာမျိုးမရှိတော့သလိုအလင်္ကာနဲ့စကားပြောရတာ စစတွေ့ချင်းတုန်းကလောက်တော့ မခက်ခဲတော့ဘူးလို့ထင်လာတယ်။ဘာဖြစ်လို့မှန်းမသိပေမယ့် စိမ်းစိမ်းသက်သက်ကြီးဟုတ်မနေတော့ဘူး။
ရယ်လို့ဆုံးတော့ အလင်္ကာက ဝရန်ဒါလက်ရမ်းကိုကျောမှီပြီး သူ့ဘက်ကိုခေါင်းစောင်းကြည့်ရင်း...
"ကိုယ် ပင်လယ်နဲ့စသိခဲ့တာ ဆယ်တန်းနှစ်တုန်းက...ကိုယ်ကကျောင်းမှာဆိုလဲမိန်းကလေးတန်မဲ့အမြဲပြဿနာရှာတတ်တာ...အိမ်မှာဆိုးလို့မရတဲ့ကလေးကျောင်းမှာဆိုးသလိုပဲ..အိမ်မှာမကျေနပ်သမျှကိုကျောင်းရောက်ရင်ပြဿနာရှာတဲ့နည်းနဲ့ ဖြေရှင်းတာ။ကိုယ်လဲအဲ့လိုလုပ်ချင်လွန်းလို့တော့မဟုတ်ပါဘူး...ဒါပေမယ့်အဲ့လိုမှမလုပ်ရင် ကိုယ့်ကိုကိုယ်လက်လျော့မိမှာစိုးလို့ ငါအသက်ရှင်နေသေးတယ်ဆိုတဲ့အသိလေးရှိအောင်လေ...ဆင်ခြေပေးသလိုဖြစ်နေတယ်မလား?"
နွေဦးနားလည်စွာခေါင်းခါပြလိုက်တော့ အလင်္ကာက မဲ့တဲ့တဲ့နဲ့ပြုံးတယ်။အလင်္ကာ့မျက်လုံးတွေက နက်ရှိုင်းပြီး အထီးကျန်နေတယ်။ကော်ဖီကိုတစ်ငုံသောက်ပြီး အလင်္ကာက ဆက်ပြောတယ်။
"ပင်လယ်နဲ့ကိုယ်နဲ့ကတစ်ခန်းထဲ အဆင့်ရှေ့ဆင့်နောက်ဆင့်တွေဖြစ်တဲ့အပြင် ကိုယ်တို့မိဘတွေကလဲတစ်မျိုးတွေဖြစ်တာမှာတူနေတော့ သိပ်မကြာဘူး ငယ်ပေါင်းကြီးဖော်လိုဖြစ်သွားကြတာပဲ။ပင်လယ်ကကိုယ်နဲ့မတူတဲ့အချက်က သူကသူ့ကိုယ်သူလမ်းမှားမရောက်အောင် ထိန်းနိုင်တယ်။နောက်ပိုင်းကျတော့ အဒမ်နဲ့ကိုယ်နဲ့က ရန်ဖြစ်တိုင်းမိုးပင်လယ်က အဖေကြီးလိုလိုက်ရှင်းရတော့တာပဲ။အဲ့အချိန်တွေက အရမ်းပျော်ဖို့ကောင်းတာ...ကိုယ့်ကိုစိုးရိမ်ပြီးစိတ်ပူပေးတဲ့လူတစ်ယောက်ရှိတာဘယ်လောက်ကောင်းလိုက်လဲနော်...
မိုးပင်လယ်ရဲ့ကျေးဇူးနဲ့ပဲ ကိုယ်ဆေးလိုင်းမှီတယ်။ကိုယ်ကသားဖွားမီးယပ်ဖက်ကိုရွေးပြီး သူကတော့ဆာဂျရီပေါ့...Batchမတူပေမယ့် အမြဲတွေ့ဖြစ်တယ်။သားဖွားမီးယပ်ဘာလို့ရွေးလဲသိလား?"
"ဟင့်အင်း!"
"ကလေးလေးတွေကိုကြည့်တဲ့ သူတို့မိဘတွေရဲ့ အကြည့်တွေအပြုံးတွေကိုတွေ့ချင်လို့...ကျားကြောက်လို့ရှင်ကြီးကျားထက်ဆိုးတဲ့ခံစားချက်မျိုးပါပဲကွာ...သူတို့ကလေးတွေကိုကြည့်တဲ့ မိဘတွေရဲ့အကြည့်က ကိုယ့်အိမ်မှာတစ်ခါမှတောင်မမြင်ဖူးတဲ့ အကြည့်မျိုး အမူအရာမျိုးတွေ...အဲ့အချိန်ကျအိုဂျီတစ်ယောက်အနေနဲ့ မွေးခါစလေးတွေကို မနာလိုထိုင်ဖြစ်နေရတော့တာပဲ! တကယ့်သောက်ကျိုးနည်း ခံစားချက်ပဲ!"
အလင်္ကာမျက်နှာဘေးစောင်းကို နွေဦးလှည့်ကြည့်ရင်း ရင်ထဲမှာတစ်ဆို့လာရတယ်။ပေါ့ပေါ့ပါးပါးပြောနေပုံပေါ်နေပေမယ့် မပေါ့ပါးနေဘူးဆိုတာ သူစိတ်ရင်းနဲ့ခံစားလို့ရတယ်။ဘာပဲဖြစ်ဖြစ်သူဝမ်းသာရပါတယ်...ပင်လယ်နဲ့မေပါယ်တို့ ရဲ့မေမေက သန်မာတဲ့အမျိုးသမီးလေးတစ်ယောက်ပဲ!
"ပင်လယ်နဲ့လက်ထပ်ဖြစ်ခဲ့တာက သူဟောက်စ်စဆင်းတဲ့နှစ်..ကိုယ့်အိမ်ကသူတို့လူယုံနဲ့အတင်းပေးစားနေလို့ မယူချင်တာနဲ့ ပင်လယ်နဲ့လက်ထပ်လိုက်တော့ အိမ်ကကိုယ်နဲ့ရေစက်ဖြတ်လိုက်တယ်။ကိုယ့်အိမ်ကရယ်ရတယ်..သမီးလေးတစ်ယောက်ရှိတာကို သူတို့သဘောမကျတာကိုလုပ်လို့ ရေစက်ဖြတ်တော့လဲ ကိုယ့်ထက်တောင်သူတို့ကပြတ်သေးတယ်။ကိုယ့်ကိုကိုယ်အထင်ကြီးမိတာလဲ ပါမှာပေါ့...သူတို့အတွက်ကကိုယ်ကသမီးတစ်ယောက်ဖြစ်ရုံလေးပဲ...သူတို့မွေးထားလို့ ကျွေးရမယ့် မွေးရမယ့် လူသားတစ်ယောက်ဖြစ်နေရုံပဲ။သူတို့အတွက်က အသုံးချလို့ရမယ့်လူကရှိပြီးသားလေ..."
"ဘယ်သူလဲ!"
"ကိုယ့်မောင်လေး...သနားစရာလေး..ဟွန်း!ကိုယ်ကတကယ့်ကိုမကောင်းတဲ့လူသိလားနွေဦး...ကိုယ့်မောင်လေးကကိုယ့်ကိုလိုအပ်နေတဲ့အချိန်မှာ ကိုယ်သူ့ကိုထားပစ်ခဲ့လိုက်တာ...မျှော်လင့်ချက်အမှားတွေပေးပြီးတော့ပေါ့...ကိုယ်သူ့ကို ကိုယ်ထွက်သွားပြီး၁နှစ်နေရင်ပြန်လာခေါ်မယ်ဆိုပြီးပြောခဲ့ပြီးထွက်လာခဲ့တာ...တကယ်တော့ထွက်ပြေးခဲ့တာဆိုပိုမှန်မှာပေါ့"
"အိမ်နဲ့အဆက်အသွယ်မလုပ်တော့ဘူးဆိုပြီးဒီနိုင်ငံမှာမနေပဲ နိုင်ငံရပ်ခြားတွေမှာလျှောက်နေနေတာလဲ"
"လက်ထပ်ပြီးပြီးချင်းပဲ ကိုယ်စင်္ကာပူကိုသွားဖို့လုပ်ခဲ့တာ...စင်္ကာပူကိုရောက်ရောက်ချင်း ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်တယ်။လက်ထပ်လိုက်တဲ့အချိန်က၇၂နာရီတောင်မပြည့်ချင်ဘူး။ပင်လယ်မို့လို့လဲ ကိုယ့်ကိုအဲ့လိုကူညီခဲ့တာ...အိမ်ကလူတွေက ကိုယ်အိမ်ထောင်မရှိဘူး ဟန်ဆောင်ခဲ့တာဆိုတာကို ၅နှစ်လောက်နေတော့သိသွားတယ်။သိသွားကတည်းက နည်းမျိုးစုံနဲ ့အိမ်ပြန်ခေါ်တာလေ။အဲ့တုန်းကတည်းက ကိုယ် နိုင်ငံပေါင်းစုံဆေးရုံပေါင်းစုံ လျှောက်ပြောင်းပြီး ကိုယ်ယောင်ဖျောက်နေခဲ့တာ...
နောက်တော့ ဘန်ကောက်ကိုအငှားကိုယ်ဝန်ဆောင်ဖို့ လာဆွေးနွေးတဲ့ ပင်လယ်နဲ့ ကိုယ်နဲ့က ဆရာဝန်နဲ့ပေးရှင့်အနေနဲ့ပြန်ဆုံတော့ ကိုယ်ပဲပင်လယ့်ကိုကမ်းလှမ်းခဲ့တာ...အငှားကိုယ်ဝန်ဆောင်ဖို့ကို"
"ဘာဖြစ်လို့လဲ ခင်ဗျားနဲ့ကျွန်တော်သိတောင်မသိကြဘူးလေ"
"အင်း...ဒါပေမယ့် ပင်လယ်တန်ဖိုးထားရတဲ့လူဆိုကတည်းကကိုယ်ဝန်ဆောင်ပေးဖို့ကို ကိုယ်တွန့်ဆုတ်မနေပါဘူး။ကိုယ့်ရဲ့သွေးသားလေးတွေလိုချင်တာလဲပါမယ်။ကိုယ်ကယောကျ်ားမယူချင်ပေမယ့် ကလေးတော့လိုချင်တယ်။ပြီးတော့ ကိုယ့်ရဲ့ကလေးကို ကိုယ်တို့မောင်နှမလိုအချစ်မခံရတဲ့ကလေးမဟုတ်ပဲ ချစ်ခင်ဂရုစိုက်တဲ့သူတွေလက်ထဲကိုထည့်ပေးပြီး အချစ်ခံစေချင်တယ်"
"ခုပြန်လာတာရော သူတို့သိကြလား...အမြွှာလေးတွေရှိမှန်းကိုရောသိလောက်လား"
"ပြန်လာတာကို သိတယ်...အမြွှာလေးတွေအတွက်တော့ နွေဦးမပူနဲ့ အမြွှာလေးတွေရှိမှန်း သူတို့တစ်သက်မသိစေရဘူး...ကိုယ်ကအမေမို့လို့ ကိုယ့်ကလေးတွေကိုကာကွယ်ရမှာပေါ့...အမြွှာလေးတွေကိုကိုယ်တို့လိုမဟုတ်ပဲ လူသားဆန်ဆန်ပဲကြီးပြင်းစေချင်တယ်။နွေဦးလက်ထဲမှာဆို ကိုယ်စိတ်ချနိုင်ပါတယ်...နောက်ဆို ကိုယ်က ကလေးမိဘတွေရဲ့ သူငယ်ချင်းမိတ်ဆွေဆိုတဲ့ စည်းမှာပဲနေတော့မှာ"
ဒါမှလဲ သားနဲ့သမီးကိုအလင်္ကာစိတ်ချနိုင်မှာ...
"အလင်္ကာစိတ်ချပါ...ကျွန်တော်တို့အကောင်းဆုံးချစ်ပေးကြမှာ"
အလင်္ကာပြုံးရင်းခေါင်းညိတ်လိုက်တယ်။သူယုံပါတယ်။
မပျော်ရွှင်ရတဲ့ကလေးဘဝကိုပိုင်ရတာ သူတို့မောင်နှမနှစ်ယောက်နဲ့တင်လုံလောက်ပြီမို့ သားနဲ့သမီးကို လူသားဆန်တဲ့ပတ်ဝန်းကျင်မှာပဲကြီးပြင်းစေချင်တယ်။
နွေဦးက တစ်ချိန်လုံး မ ထားရတဲ့သက်ပြင်းကိုချလိုက်ရင်းတစ်လျောက်လုံးလက်ထဲမှာကိုင်ထားတဲ့ကော်ဖီခွက်ကို တစ်ကျိုက်ထဲမော့သောက်ပစ်လိုက်တယ်။ခါးသက်သက်ကော်ဖီအရသာက လျှာဖျားမှာစွဲကျန်ခဲ့တယ်။သေချာတယ် ဒီလောက် ကဖင်းဒာတ်နဲ့ဆို သူဒီနေ့ညတင်မဟုတ်ဘူး နောက်နေ့ညအထိအိပ်စရာမလိုလောက်တော့ဘူး။
"ကော်ဖီကလဲခါးလိုက်တာ..သကြားမထည့်ခဲ့ဘူးလား"
"ထည့်ခဲ့တယ်"
"မဖြစ်နိုင်ဘူး တော်တော်လေးခါးနေတယ်"
"ဟုတ်လား အယ်!ကိုယ့်ခွက်နဲ့မှားပေးတာနေမှာ"
အလင်္ကာ့ကိုတော့ နွေဦးတကယ်ကိုမျက်ဖြူလန်တာပါပဲ...
အလင်္ကာကအရယ်တဝက်သံနဲ့..
"နွေဦး!"
"ဘယ်လိုခံစားရလဲ!"
"ဘာကလဲ!"
"အချစ်ခံရတာကလေ!"
"သြော်...ဒီလိုပါပဲ"
"တိတိကျကျပြောပါ..."
"သိပ်မကောင်းပါဘူး...ကျွန်တော်ကချစ်ရတာကိုပိုကြိုက်တာ...ပိုမိုက်တယ်ဗျ!"
"ဘယ်လို!"
"အချစ်ခံရတာကတစ်ခါတစ်လေ ပျင်းဖို့ကောင်းပေမယ့် ချစ်နေရတဲ့လူကကျနည်းမျိုးစုံနဲ့ချစ်လို့ရတယ်လေ။ကျွန်တော်က ချစ်ရတာကိုပိုကြိုက်တယ်...နောက်ကွယ်ကနေကာကွယ်မယ်...ဘေးကနေတူတူရှိနေပေးမယ်။အားငယ်နေရင်ပွေ့ဖက်ပေးမယ်...ငိုချင်နေရင် ရင်ခွင်ထဲမှာဖွက်ပေးထားမယ်။စိတ်တိုနေရင် အတူတူဆဲပေးမယ်...ပျော်ရွှင်တဲ့အချိန်မှာအတူတူရယ်မယ်...
အလင်္ကာ ခင်ဗျားလဲ အမြွှာလေးတွေကိုနည်းမျိုးစုံနဲ့ချစ်ပေးလို့ရတာမို့ တအားစည်းခြားပြီးမနေပါနဲ့...ခင်ဗျားချစ်ပေးရင် ခင်ဗျားလဲပြန်အချစ်ခံရမှာပဲ...ဥပမာ ကျွန်တော့်ကိုပဲကြည့်!"
"သြော်...ဂုဏ်ကလဲဝင်ဆာလိုက်သေးတယ်နော်"
"ဟားဟား တစ်ခါတစ်လေမှပါဗျာ"
အလင်္ကာကခေါင်းတစ်ညိတ်ညိတ်နဲ့ ရယ်တယ်။
"ကိုယ် မိုးပင်လယ်ကိုမနာလိုဘူး!"
"ဘာလို့!"
"သူ့မှာမင်းရှိတယ်လေ"
"ခင်ဗျားမှာလဲ သားနဲ့သမီးရှိတယ်လေ...ပြီးတော့ ကျွန်တော်တို့ရှိပါတယ်"
သူ့စကားဆုံးတော့အလင်္ကာကပြုံးတယ်။ပြီးတော့ သူ့မျက်နှာနားကိုတိုးလာပြီး...
"နွေဦး!"
"ဟုတ်ကဲ့"
"ကိုယ်တို့ထွက်သွားရအောင်!"
"ဗျာ!ဘာကို!"
နားမလည်နိုင်ပဲ နွေဦးပြန်မေးလိုက်တော့ အလင်္ကာကတော့ သူ့ထုံးစံအတိုင်းခပ်တည်တည်ပဲ...ပုခုံးကိုအသာအယာတွန့်ပြီး...
"မိုးပင်လယ်ပြာဆိုတဲ့ကောင်ကိုထားပြီးတို့တွေထွက်သွားကြမယ်လေ..ကိုယ်တို့တွေကဘာမှမဟုတ်ကြပေမယ့် သားနဲ့သမီးရဲ့အဖေနဲ့အမေပဲဟာ ဘယ်လိုလဲ!"
"ဟမ်!"
"မိုးပင်လယ်က မင်းလိုလူကိုရှာတွေ့ထားပေမယ့် ကိုယ်ကဒီတစ်သက်ရှာတွေ့ဖို့ မလွယ်လို့ သူ့ဆီကမင်းကိုခိုးသွားမလို့လေ"
"ဗျာ!ပေါက်ကရတွေဗျာ!"
နွေဦး တွေးလေရယ်ချင်လေနဲ့တစ်သိမ့်သိမ့်ရယ်တော့ ဘေးကအလင်္ကာကပါလိုက်ရယ်ပြီး...
"သားနဲ့သမီးကိုအများကြီးချစ်ပေးနော် နွေဦး!ကိုယ်တို့တုန်းကအချစ်မခံခဲ့ရတော့..."
အလင်္ကာကဆက်မပြောတော့ပဲ မျက်တောင်တစ်ဖျပ်ဖျပ်ခတ်ရင်းကောင်းကင်ကိုမော့ငေးနေတယ်။မှောင်ရိပ်ကျနေတဲ့ အလင်္ကာမျက်ဝန်းတွေထဲမှာ လက်ခနဲ...ငိုချင်တာတောင် ဘာလို့မျက်ရည်ကိုထိန်းထားနေသေးတာလဲ။
အချို့လူတွေက အချို့အချိန်တွေမှာ လူသားဆန်ဖို့ကိုမေ့နေကြတာလား?ငိုချင်ရင်ငိုချလိုက်ဖို့ကို ဘာလို့တွန့်ဆုတ်နေကြတာလဲ?
"စိတ်ချပါ ကျွန်တော်ရော မိုးပင်လယ်ရော အများကြီးချစ်ပေးမှာပါ..."
"အင်း...ကိုယ်ယုံပါတယ် ကိုယ့်အတွက်ပါပိုချစ်ပေးပါလား"
"မချစ်ပေးပါဘူး...ကိုယ့်ဟာကိုချစ်ပေါ့"
"ကပ်စီးနည်းလိုက်တာ!"
"ဟုတ်တယ် ကျွန်တော်ကအဲ့လိုပဲ!"
ပြိုင်တူရယ်မိကြပြန်ရော...အလင်္ကာရဲ့နည်းနည်းပေါက်ကရပြောတတ်တာတွေဖယ်လိုက်မယ်ဆိုရင် သူနဲ့သူငယ်ချင်းကောင်းတွေဖြစ်လာနိုင်မယ်ထင်တယ်။ခုတော့ ...အင်း...ဒီတိုင်းလေးပဲကောင်းပါတယ်။အလင်္ကာ့ဒဏ်ကို သူကြာကြာခံနိုင်မယ်မထင်ဘူး။ဒီလိုဆိုတော့လဲ သူ မိုးပင်လယ်ကိုတောင်လေးစားသွားမိတယ်။အဒမ့်လိုညီနဲ့အလင်္ကာ့လိုသူငယ်ချင်းကို ဘယ်လိုတောင် တည့်အောင်ပေါင်းပါလိမ့်...သေချာတာတော့ မိုးပင်လယ်လဲ ပုံမှန်မဟုတ်တာတစ်ခုခုတော့ရှိလိမ့်မယ်ထင်တယ်။သူသာပုံမှန်အတိုင်းဆို ခံနိုင်မှာမဟုတ်လောက်ဘူး...
"အိမ်ထဲပြန်မဝင်ကြသေးဘူးလား!"
မိုးပင်လယ်က ပြောပြောဆိုဆိုနဲ့နွေဦးဘေးကို ရိပ်ခနဲနေအောင်ရောက်လာပြီး လက်တစ်ဖက်ကခါးကိုဆွဲဖက်လိုက်တယ်။ပြီးတော့ "အေးနေပြီလား"လို့ ကြင်ကြင်နာနာလေးခေါင်းလေးကိုငဲ့မေးတော့ အလင်္ကာက လျှာကိုထုတ် မျက်ဖြူလန်ပြတယ်။
အပျိုကြီးတွေဆိုတာ အဲ့လိုပါပဲ...
အလင်္ကာ့ပုံစံကို နွေဦးရယ်မိရင်း မိုးပင်လယ်ကိုမေးလိုက်တယ်။
"သားနဲ့သမီးနိုးနေပြီလား"
"ဟင့်အင်း...သမီးလေးက ချွေးထွက်နေလို့ ကိုယ်အင်္ကျီလဲပေးခဲ့တယ်"
"အင်း...အလင်္ကာ ဒီမှာညအိပ်မှာမလား"
အလင်္ကာကခေါင်းညိတ်ပြီး..
"ကိုယ် အမြွှာလေးတွေအခန်းမှာအိပ်မယ်ရလား နွေဦး"
"ရတာပေါ့..ဟုတ်တယ်မလား ကိုမိုးပင်လယ်"
မိုးပင်လယ်ကခေါင်းညိတ်ပြရင်း...
"ဒါပေါ့...ကလေးတွေနဲ့ဝင်အိပ်ပြီး နိုးနိုးကြားကြားတော့အိပ်နော် အလင်္ကာ...ငါ့အမြွှာလေးတွေ တစ်ခုခုဖြစ်တာငါမလိုချင်ဘူး"
မိုးပင်လယ်ရဲ့ကြိမ်းမောင်းစကားကိုကြားတော့ အလင်္ကာကစိတ်ပျက်သလိုခေါင်းခါပြီး...
"ပွစိပွစိနဲ့ ဟာ မိန်းမအကြီးကြီးကျနေတာပဲ...နွေဦးရေ ဘယ်က အဒေါ်ကြီးကိုကောက်ယူထားတာလဲ..အဒေါ် ဘယ်ကလဲဟင်!"
"ဘာ!အလင်္ကာ နင်...မသိဘူး သွား!မအိပ်နဲ့တော့ ကိုယ့်ဟာကို ဟိုတယ်ပြန်အိပ်"
"ငါ Taxiနဲ့လာတာ မပြန်နိုင်ဘူး"
"အဒမ့် ဟိုတယ်မှာတည်းတာမလား...အဒမ့်ကိုလာခေါ်ခိုင်းလိုက်!"
"ဟားဟား!မပြန်ဘူး...ကြီးဒေါ်ရေ...ရှင်မောင်းထုတ်နေလို့ကို ကျုပ်မပြန်ဘူး"
"အလင်္ကာ! နင်!အရူးမ!"
ဆဲမယ့်စကားတွေကို လည်ချောင်းထဲတက်မလာအောင် ထိန်းချုပ်လိုက်ရတဲ့မိုးပင်လယ်ရဲ့ ကြိတ်မနိုင်ခဲမရပုံကိုကြည့်ပြီး အလင်္ကာနဲ့နွေဦးရယ်ရပြန်တယ်။သူတို့ရယ်နေကြတော့ မိုးပင်လယ်ကပါမနေနိုင်ဘဲလိုက်ရယ်တော့ တိတ်ဆိတ်နေတတ်တဲ့ ဝရန်ဒါလေးက ကြယ်တွေအောက်မှာ အသက်ဝင်လှုပ်ရှားနေတော့တယ်။
နွေဦးဘေးကိုခေါင်းလေးအသာငဲ့ပြီး မိုးပင်လယ်ရဲ့ပုခုံးစွန်းလေးကို နမ်းရှိုက်လိုက်တော့ မိုးပင်လယ်ကပြုံးပြီး သူ့နဖူးကိုဖိကပ်နမ်းလိုက်ရင်း "ချစ်တယ်" လို့ ပါးစပ်လှုပ်ရုံလေးပြောလာတော့
သူ့နှလုံးခုန်သံကဒုတ်ခနဲ မြည်သံနဲ့အတူ နှုတ်ခမ်းတွေကလဲပြုံးနေမိတယ်။
နွေဦးစိတ်ထဲမှာပျော်နေတယ်...အလင်္ကာက ကလေးတွေမေမေဖြစ်တာအတွက်လဲသူ့စိတ်ထဲမှာ စိုးရိမ်စိတ်တစိုးတစိမှမရှိတော့ဘူး။ပြီးတော့မိုးပင်လယ်ရဲ့အချစ်ကိုသူခံစားနေမိတာအတွက်ရောပေါ့။လေတစ်ဖြူးဖြူးတိုက်နေပေမယ့် သူကမိုးပင်လယ်ရဲ့ရင်ခွင်ထဲမှာမို့ နွေးနေတယ်။သူအဆုံးမရှိတဲ့ချစ်ခင်နွေးထွေးမှုကိုခံစားနေရတယ်။
ပြီးတော့ မိုးပင်လယ်ကို သူချစ်တယ်....
____________________
Elite Pre-School
မူကြိုကျောင်းရဲ့ ကားရပ်နားခွင့်နေရာမှာနွေဦး ကားကိုရပ်လိုက်ပြီးစက်သတ်လိုက်ကာ ရှုပ်ယှက်ခပ်နေတဲ့လာကြိုတဲ့လူတွေကိုစိတ်ညစ်ညစ်နဲ့ကြည့်နေမိတယ်။လူတွေ လူတွေ တစ်နှစ်တစ်နှစ်ကို ကလေးဘယ်နှစ်ယောက်တွေတောင်မွေးနေကြတာလဲ...ပြောသာပြောရတယ် သူတောင် ကလေး၂ယောက်တစ်ပြိုင်တည်းမွေးထားသေးတာပဲလေ။
ပြောတော့ဖြင့် ကလေးများများလက်မခံဘူးလဲ ဆိုသေး ထွက်လာတဲ့ကလေးတွေက မနည်းပါလား...ခါတိုင်းမိုးပင်လယ်ပဲလာကြိုနေကျမို့ သူကမူကြိုရဲ့အထာကိုလဲမသိသေး...ခက်ပြီ။
နွေဦး လူတွေကိုဖြတ်ကျော်လာပြီး ကလေးတွေရဲ့အတန်းအပေါက်ဝကိုရောက်သွားတော့ မိဘတစ်ယောက်လာတိုင်း ကလေးနာမည်အော်ခေါ်ပေးနေတဲ့ဆရာမလေးက ...
"အစ်ကို ဘယ်သူ့ကိုလာကြိုတာလဲရှင့်"
အာ...ဟုတ်သားပဲ သူကလာကြိုနေကျမှမဟုတ်တာ...
"နွေဦးပင်လယ်နဲ့နွေဦးမေပါယ် ပါဗျ"
"သြော်..လာကြိုသွားပြီရှင့်"
"ခင်ဗျာ!"
"လာကြိုသွားပြီရှင့် ဒီနေ့တော့ အစောကြီးလာကြိုသွားတာ"
"သြော်...ဟုတ်ကဲ့ ခွင့်ပြုပါဦးခင်ဗျ"
"ဟုတ်ကဲ့ပါရှင့်"
နွေဦး အူကြောင်ကြောင်နဲ့ပြန်လှည့်လာခဲ့ရပြီး ကားပေါ်တက်ကာမိုးပင်လယ်ဆီဖုန်းခေါ်လိုက်တယ်။တကယ်လို့ အားသွားလို့သွားကြိုပြီးရင်လဲ သူ့ကိုပြောသင့်တာပေါ့...ဖုန်းကလဲတော်ရုံနဲ့မကိုင်ဘူး။ကားမောင်းနေလို့များလား...
၁၀မိနစ်လောက်ဆက်တိုက်ခေါ်ပြီးတော့မှ မိုးပင်လယ်ကဖုန်းဖြေတယ်။
"ဟဲလို..နွေဦး ဘာလို့လဲဟင်..missed callတွေအများကြီးပဲ..."
မိုးပင်လယ် အသံက အေးအေးဆေးဆေး..နွေဦး ပိုစိတ်တိုသွားရပြီး...
"ခင်ဗျားကလေးတွေကို ကြိုသွားပြီးရင်လဲအကြောင်းကြားလေဗျ"
"နွေဦးဘာတွေပြောနေတာလဲ ကလေးတွေသွားကြိုတာကနွေဦးလေ..ကိုယ်ကခုမှအစည်းအဝေးပြီးတာ အဲ့ဒါကြောင့် နွေဦးဖုန်းခေါ်တာတောင်ခုမှတွေ့တာ"
"အဲ့ဒါဆိုကလေးတွေကိုဘယ်သူလာကြိုသွားတာလဲ"
"နွေဦး...ဘာတွေဖြစ်နေတာလဲ"
"ကလေးတွေ...ကလေးတွေကိုတစ်ယောက်ယောက်ခေါ်သွားတာ ကိုမိုးပင်လယ်..ကျွန်တော်သွားကြိုတော့ လာကြိုသွားပြီတဲ့...ကျွန်တော်ကခင်ဗျားလာကြိုသွားတယ်ထင်တာ...ခုခင်ဗျားလဲမဟုတ်ဘူး ကျွန်တော်လဲမဟုတ်ဘူးဆိုတော့ ဘယ်သူလဲ"
သူ့အသံကထိတ်လန့်မှုတွေကြောင့် ပျာယာခတ်နေတယ်။သူ့သားနဲ့သမီးကို ဘယ်သူခေါ်သွားတာလဲ...အလင်္ကာလား..မဖြစ်နိုင်ဘူး။ဒါဆိုအလင်္ကာ့အိမ်ကလား..အဲ့ဒါတော့ဖြစ်နိုင်မယ်ထင်တယ်။
"ကိုမိုးပင်လယ်...အလင်္ကာ့အိမ်ကများ လာခေါ်သွားလားဟင်!"
"နွေဦး နွေဦး...စိတ်အေးအေးထား...ကိုယ်အခုအဲ့ကိုလာခဲ့မယ်...ဘာမှစိတ်မပူနဲ့နော်...ကိုယ်တို့အမြွှာလေးတွေကို အိမ်ကိုပြန်ခေါ်မယ်"
"အင်း...ဖြေးဖြေးလဲလာဦး!ကျွန်တော် CCTV recordတောင်းကြည့်ဦးမယ်"
"အင်း နွေဦး ကိုယ်ခဏနေရောက်မယ်"
CCTV recordကြည့်ရဖို့ နွေဦးတော်တော်လေးအားထုတ်လိုက်ရတယ်။မူကြိုကျောင်းကသူတို့မှန်ပါတယ်ဆိုပြီး နွေဦးကိုမယုံကြလို့ အလုပ်ID ကဒ်တွေရော မှတ်ပုံတင်တွေရောသူနဲ့ကလေးတွေရဲ့ဓာတ်ပုံတွေရော အကုန်ထုတ်ပြပြီးမှ ခက်ခက်ခဲခဲကြည့်ခွင့်ရတယ်။နွေဦး ကြည့်နေတုန်းမှာပဲ မိုးပင်လယ်ရောက်ချလာပြီး မူကြိုက တာဝန်ရှိသူကို ဆူပူကြိမ်းမောင်းနေသေးလို့ အတင်းဆွဲခေါ်ပြီး သားနဲ့သမီးကိုလာကြိုသွားတဲ့ကားကို ပြရတယ်။
ကားကိုမြင်မြင်ချင်းမှာပဲ မိုးပင်လယ်ရဲ့မျက်နှာက တည်တင်းသွားပြီး...
"ကိုယ် ကလေးတွေဘယ်မှာလဲ သိပြီ"
"ဘယ်မှာလဲ.."
"အိမ်မှာ.."
"အိမ်!ဘယ်အိမ်...မဟုတ်မှလွဲရော..."
"ဟုတ်တယ်...ကိုယ့်အိမ် မေမေလာခေါ်သွားတာ"
နွေဦးစိတ်ထဲမှာအနည်းငယ်ရင်အေးသွားတာနဲ့အတူတစ်ပြိုင်တည်းမှာပဲလေးလံတင်းကြပ်သွားရတယ်။စိတ်အေးရတာက အခြားလူဆိုးတွေခေါ်သွားတာမဟုတ်လို့...လေးလံသွားရတာက သူ့ယောက္ခမဖြစ်နေလို့ပဲ။ဒီနေ့ကတော့ သူနဲ့သူ့ယောက္ခမကြီးနဲ့ပထမဆုံးတွေ့တဲ့နေ့ဖြစ်ပြီပေါ့...ယောက္ခမကြီးရယ်...ခင်ဗျားနှယ်လဲခက်လိုက်တာ...ကောင်းကောင်းမွန်မွန်လုပ်လဲရပါတယ်ဗျ!
မိုးပင်လယ်ကတော့ မတည်စဖူးမျက်နှာကြီးတည်တင်းနေတာမို့ နွေဦးတောင် မရဲတရဲရှိန်နေရတယ်။ကားတွေနားရောက်တော့ မှ မိုးပင်လယ် ကနွေဦးလက်ကိုဆွဲပြီး...
"နွေဦး ကားထားခဲ့လိုက်မလား..နောက်နေ့မှကိုယ့်အလုပ်သမားတစ်ယောက်ကိုလာယူခိုင်းလိုက်မယ်"
"အင်း...အဲ့လိုလုပ်လဲရတယ်လေ...ကျွန်တော်လဲ ကား၂စီးကိစ္စကိုစဥ်းစားနေတာ"
မိုးပင်လယ်က နွေဦးရဲ့ပြုံးမဲ့မဲ့မျက်နှာလေးကို စိုက်ကြည့်ပြီး ဖွဖွလေးထိကိုင်လိုက်ရင်း...
"အင်း...ဆောရီးပါနွေဦးရယ် ကိုယ့်မေမေကြောင့် ကိုယ့်ကလေးလေးလန့်သွားရပြီ"
ကလေးလေး!သူ့ကိုမိုးပင်လယ်အဲ့လိုအသုံးအနှုန်းနဲ့မခေါ်တာဘယ်လောက်ကြာနေပြီလဲ။
နွေဦး သဘောတကျပြုံးလိုက်ရင်း...
"ကလေးလေး!ကျွန်တော်တော့ ခင်ဗျားအဲ့လိုခေါ်လိုက်လို့ပိုကြက်သီးထတယ်နော်"
"အဟွန်း!နွေဦးကလဲလုပ်ပြီ!"
"ကျွန်တော်ကစတာပါ...မခေါ်တာကြာပြီမို့..."
"အင်း...နောက်ဆို အမြဲခေါ်တော့မှာ"
"အင်း!"
"တကယ်ခေါ်မှာနော်!"
"အင်း..."
"ပြီးရော...ခုတော့ သွားကြမယ်"
သွားကြမယ်ဆိုပြီး မျက်နှာကချိုမြိန်မှုတွေပါရုတ်ချည်းပျောက်သွားပြီး ကားကိုလီဗာနင်းချလိုက်ပုံကအစ ဒေါသတကြီးမို့ နွေဦးလန့်သွားရပြီး..တံတွေးတစ်ချက်မျိုချရင်း...
"ဖြေးဖြေးလုပ်ပါဗျ!"
"အင်းပါ..."
ဒီတစ်ခါတော့ မိုးပင်လယ်ရဲ့ 'အင်းပါ'ကအပြောသက်သက်သာ...
အရှိန်ကိုတစ်စက်မှမချပဲမောင်းသွားလိုက်တာ နွေဦးမှာ သားနဲ့သမီးအကြောင်းတောင်ခေါင်းထဲကခဏထွက်သွားပြီး သရဏဂုံကို ပါးစပ်ဖျားကမချပဲရွတ်ခဲ့ရတယ်။နို့မို့ ကလေးတွေကိုပြန်မခေါ်နိုင်ခင် သူသေသွားရင်တောင် ကောင်းရာမွန်ရာရောက်လိုရောက်ငြားပေါ့။ ရင်တုန်လို့မှမဆုံးခင်မှာ ယောက္ခမကြီးအိမ်ရောက်သွားတော့တယ်။အင်း...ဒီတစ်ခါတော့ သမ္ဗုဒ္ဓေပေါ့...အန္တရာယ်ကင်းတယ်လေ။
ကားကိုခြံဝမှာပဲ ထိုးရပ်လိုက်လိုက်ပြီး ခါးပတ်ကိုဖြုတ်ပြီးဆင်းချသွားတဲ့ သူ့အမျိုးသားပုံစံက သူ့ကိုမဲဘာန်းမှာပြဿနာလိုက်ရှာတုန်းကပုံစံထက်တောင်နည်းနည်းသာချင်နေသေးတယ်။သူမမြင်ဘူးတဲ့ပုံစံပဲမို့ နွေဦးကြောင်ကြည့်နေမိတယ်။
ပြီးခါမှ ခါးပါတ်ကိုကပျာကယာဖြုတ်ပြီး ပြေးလိုက်ရင်း...လက်မောင်းကိုဆွဲကာ...
"ဟေ့လူ!...ဘာလို့အဲ့လောက်တောင်ဒေါသထွက်နေရတာလဲ...ကလေးတွေဘာမှမဖြစ်လောက်ပါဘူး ခေါ်သွားတာလဲအခြားလူမှမဟုတ်တာကို"
"အခြားလူဆိုရင်တောင် ကိုယ်ဒီလောက်ဖြစ်နေမှာမဟုတ်ဘူး ကိုယ့်မေမေမို့လို့"
"ဘာမှမဖြစ်လောက်ပါဘူး...သူ ကလေးတွေကိုတွေ့ချင်လို့နေမှာပေါ့...ကျွန်တော်တို့တွေသူနဲ့တခါမှတွေ့မပေးဘူးသေးဘူးမလား"
နွေဦးရဲ့ရိုးရှင်းတဲ့အတွေးလေးကို မိုးပင်လယ်သဘောတကျနဲ့ပြုံးမိတယ်။နွေဦးအတွေးက ရိုးရှင်းပေမယ့် သူ့အမေနဲ့သူနဲ့ကြားကမရိုးရှင်းဘူးဆိုတာသူသိတာပေါ့...သူထင်တာမမှားဘူးဆို သူ့အမေကလေးတွေကို အဲ့့အကြောင်းကြောင့်ခေါ်သွားတာပဲနေမှာ။
"လာပါ နွေဦးရယ်...ကိုယ့်အမေအကြောင်းကိုယ်သိပါတယ် "
နွေဦးခေါင်းပဲညိတ်လိုက်ပြီး မိုးပင်လယ်ခေါ်ရာနောက်ကိုလိုက်သွားလိုက်တယ်။ခြံကအတော်လေးကျယ်ပြီး အိမ်နဲ့ခြံဝနဲ့ကလဲဝေးတာမို့ တော်တော်လေးလမ်းလျှောက်ပြီးမှ အိမ်ပေါက်ဝကိုရောက်တယ်။မိုးပင်လယ်က တံခါးကို ဒေါသတကြီးတွန်းဖွင့်လိုက်ပြီး သူ့အမေရှိနေတဲ့ ဧည့်ခန်းကိုနွေဦးလက်ကိုဆွဲပြီး တန်းသွားတယ်။ဧည့်ခန်းထဲမှာ သူ့ယောက္ခမကြီးက ကလေးနှစ်ယောက်ကို အသီးခွံကျွေးနေတာမြင်တော့ မိုးပင်လယ်က မျက်ခုံးပင့်ပြီး ခနဲ့တဲ့တဲ့ ပြုံးကာ...
"လိုချင်တာယူပြီးသွားပြီလား မေမေ"
ဘာကိုယူတာလဲ?မိုးပင်လယ် ဘာကိုပြောတာလဲ?
နွေဦးကသာသဘောမပေါက်လို့ အူကြောင်ကြောင်လေးဖြစ်သွားပေမယ့် ဒေါ်မြရတနာကတော့သဘောပေါက်ပုံရတယ်။ခပ်သဲ့သဲ့ပြုံးပြီး သူတို့ဘက်ကိုလှည့်ကြည့်ရင်း...
"အင်း...ပြန်ခေါ်သွားလို့ရပြီ"
"နွေဦး သားနဲ့သမီးကိုခေါ်ပြီး ကားပေါ်မှာသွားထိုင်စောင့်နေလိုက်...ကိုယ်ပြီးရင်လိုက်လာခဲ့မယ်"
နွေဦး သားနဲ့သမီးကိုလက်တစ်ဖက်ဆီမှာ ဆွဲထားရင်း...
"အတူတူသွားကြမယ်လေ...ကျွန်တော် စိတ်မချဘူး"
"ရပါတယ် နွေဦးရဲ့ ခြံထဲမှာဘယ်သူမှမရှိပါဘူး ရော့ကားသော့ ကိုယ်ခဏပဲလိုက်လာခဲ့မယ်"
"မဟုတ်ဘူး...ကျွန်တော်စိတ်မချတာက ...."
ထိုင်နေတဲ့ဒေါ်မြရတနာကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...
"ကျွန်တော်စိတ်မချတာက ခင်ဗျားကို"
"ကိုယ့်ကို!"
"အင်း...တူတူသွားရအောင်ပါ လာ!"
နွေဦးကမိုးပင်လယ်ကြားရုံတိုးတိုးပြောလိုက်တယ်ဆိုပေမယ့် နားပါးတဲ့သူ့ယောက္ခမကြီးကတော့ကြားသွားတယ်ထင်တယ်။
သူ့ဘက်ကိုချာခနဲလှည့်ကြည့်ပြီး...
"ငါကမိုးပင်လယ်ရဲ့အမေပါ ကိုယ့်သားကိုဘာလုပ်မှာလဲ"
နွေဦးစိတ်ထဲမှာဖျင်းခနဲ...အမေဆိုရင်မိုးပင်လယ်ရဲ့ကားအက်စီးဒန့်က သားအမိချင်းစနောက်တာလား။သူ့ရဲ့ယောက္ခမကြီးကတော့ပုံမှန်မဟုတ်တာတော့ တကယ်ပဲ။
နွေဦး တည်တည်ငြိမ်ငြိမ်ခေါင်းလေးညိတ်ချလိုက်ပြီး...
"ဟုတ်ကဲ့...အန်တီလဲ အမှားတစ်ခုကိုထပ်ခါထပ်ခါလုပ်ရလောက်တဲ့အထိမငယ်တော့ဘူးဆိုတာကျွန်တော်မေ့သွားလို့ အန်တီကတော့မေ့မနေဘူးမလား"
"ဘာ!ဟား ဟား ဟား...အမလေး...ဟုတ်ပါပြီ မေ့မနေပါဘူး ခုတော့ သားအမိချင်းပြောစရာရှိလို့ မင်းယောကျ်ားပြောသလိုကားပေါ်မှာသာသွားစောင့်နေလိုက်ပါ...ငါ မင်းယောကျ်ားကို လက်ဖျားနဲ့တောင်မထိဘူးဟုတ်ပြီလား"
နွေဦး မကျေနပ်စွာနဲ့ မိုးပင်လယ်ကိုလှည့်ကြည့်လိုက်တော့လဲ ...
"သွားစောင့်နေနော် ကိုယ်လိုက်လာခဲ့မယ်"
ဘာအကြောင်းပြောမှာမို့လဲ။အတင်းသွားစေချင်လေ သူ့စိတ်ထဲမှာ သံသယတွေကြီးလာလေမို့ ..
"ဟင့်အင်း...မသွားဘူး ဘာအကြောင်းပြောမှာမို့လဲ ကျွန်တော်ကခင်ဗျားနဲ့လက်ထပ်ထားတာ ကျွန်တော့မှာလဲ သိပိုင်ခွင့်ရှိတယ်။ အတူတူနားထောင်ချင်တယ်"
နွေဦး ဇွတ်ပေကပ်ရပ်နေတော့ မိုးပင်လယ်ကသူ့နာမည်ကို ခပ်ကြိတ်ကြိတ်ခေါ်တယ်။
"နွေဦး!"
ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာမိုးပင်လယ်ကိုသူတစ်ယောက်ထဲသွားမှာမဟုတ်ဘူး။ပြောတဲ့စကားကရော ဘာပြောမှာမို့လဲ...သူနားမထောင်ရဲစရာတစ်ကြောင်းမှမရှိဘူး။
သူတို့နှစ်ယောက်ကြိတ်ကြိတ် ကြိတ်ကြိတ်ဖြစ်နေတော့ဒေါ်မြရတနာကသဘောတကျ လက်ခုပ်လက်ဝါးတီးရယ်ရင်း...
"အဟင်း!ဟုတ်ပြီလေ...ကဲ..သိချင်တာက မိုးပင်လယ် အမြွှာလေးတွေက မင်းကလေးတွေမဟုတ်ဘူးမလား"
သိချင်နေတာက ဒါလား။နေပါဦး!မိုးပင်လယ်က ဒီအကြောင်းကိုလျို့ဝှက်ထားတာလား။
"• • •"
မိုးပင်လယ်ဘာမှပြန်မဖြေတော့ နွေဦးပြန်ဖြေဖို့လုပ်တော့ မိုးပင်လယ်က လက်မောင်းကိုဆွဲပြီး ခေါင်းခါပြတယ်။လျို့ဝှက်ထားတာလား...ဘာဖြစ်လို့လဲ။
"နွေဦးဧရာ မင်းပြော...ကလေးတွေက မင်းကလေးတွေမလား"
"မေမေ!"
"မဖြေလဲဘာမှမဖြစ်ပါဘူး...DNAစစ်ရင်အကုန်ပေါ်မှာပဲကို ခုတော့စစ်စရာတောင်မလိုတော့ပါဘူး"
မိုးပင်လယ်က အံကြိတ်ပြီး သူ့အမေကိုစိုက်ကြည့်နေမိတယ်။သူ့အမေရဲ့လုပ်ချင်ရာလုပ်တတ်တာတွေကဘယ်တော့ရပ်မှာလဲ။
နွေဦးကတော့ ကလေး ၂ယောက်ကို သူ့လက်ထဲထိုးထည့်ပြီး သူ့အမေနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်ကာ...
"DNAစစ်တယ်...အန်တီ့လုပ်ရပ်ကတရားမဝင်ဘူးဆိုတာသိလား..."
"သိတယ် ဒါပေမယ့် ငါ့သားရဲ့သွေးသားဟုတ်လားမဟုတ်လား သိချင်လို့စစ်တာ ဘာဖြစ်လို့လဲ"
"သိချင်ရင် ခိုးကြောင်ခိုးဝှက်နဲ့စစ်တာတွေဘာတွေလုပ်မနေပဲ ကာယကံရှင်ကိုပဲမေးလိုက်ပါလား ကျွန်တော် အားရဝမ်းသာဖြေပေးမှာပါ"
"ငါမမေးဘူးလို့ထင်နေတာလား"
"အဲ့တော့ အန်တီဖြစ်ချင်တာကဘာလဲ"
"မင်းကလေးတွေမလား"
"ဟုတ်တယ်"
"ငါ ငါ့မြေးအရင်းထပ်လိုချင်တယ်...ဒါမှ အမွေဆက်ခံဖို့...."
"မေမေ!ကျွန်တော်မလိုချင်ဘူး ကြားရဲ့လား ကျွန်တော်မလိုချင်ဘူး"
ကြားထဲကနေ ဖြတ်အော်လိုက်တဲ့ မိုးပင်လယ်ရဲ့အသံက စိတ်ပျက်သံတွေ စွက်နေပြီး ကူရာကယ်ရာမဲ့သလိုတောင်ဖြစ်နေတယ်။
နွေဦးဟက်ခနဲရယ်မိရင်း စိတ်ပျက်လက်ပျက်ခေါင်းခါမိတယ်။
နောက်ဆုံးတော့လဲ ဒီဘူတာပဲဆိုက်တာပါပဲလား ယောက္ခမကြီးရယ်...
မိုးပင်လယ်ကရပ်နေရာနေထိုင်ချလိုက်ပြီးကလေးနှစ်ယောက်ကိုပွေ့ဖက်လိုက်ကာ...
"သားနဲ့သမီးက ကျွန်တော့ကလေးတွေပဲမေမေ အခြားကလေးတွေထပ်မလိုဘူး နောက်တစ်ခါထပ်ပြီးမပြောပါနဲ့တော့...လာနွေဦး!"
လူကြီးတွေကြားမှာ ငိုမဲ့မဲ့ဖြစ်နေတဲ့ သားနဲ့သမီးကို တစ်ယောက်ကောက်ချီလိုက်ပြီး ပြန်ဖို့လုပ်တော့ သူ့သဘောအတိုင်းမဖြစ်သွားတဲ့ ဒေါ်မြရတနာက ထအော်တော့တယ်။
"မိုးပင်လယ်ပြာ!ခုရပ်လိုက်စမ်း!"
"မေမေ ကျွန်တော့်ကို ဒါ့ထက်အဝေးကိုထွက်သွားအောင်မလုပ်ပါနဲ့တော့...ကျွန်တော်တောင်းပန်ပါတယ်...မေမေ့ကိုကျွန်တော်မမုန်းချင်ဘူး"
သူ့အမေရဲ့အိမ်ကနေ သူတို့အိမ်ကိုရောက်တဲ့အထိ သူတို့စကားတစ်ခွန်းမှမပြောဖြစ်ကြဘူး။ကားရပ်လိုက်တော့လဲ ကားပေါ်ကမဆင်းဖြစ်ဘဲ ဆက်ထိုင်နေမိကြတယ်။နှစ်ယောက်လုံးကိုယ်စီအတွေးတွေနဲ့ တိတ်ဆိတ်နေကြရင်း တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူက နွေဦး...
"ကိုမိုးပင်လယ်...ကျွန်တော်..."
"ခဏ!ကိုယ်အရင်ပြောမယ်"
"အင်း...ဘာပြောမှာလဲ"
"ကိုယ့်ကလေး ကိုထပ်မယူဘူးနော်...နွေဦးအဲ့ဒါပြောမလို့မလား"
"အင်း...ဟုတ်တယ်..ဒါပေမယ့်"
"ဒါပေမယ့်ဆိုတာမရှိဘူး...နွေဦး ကိုယ်လေ သားလေးနဲ့သမီးလေးကို ကိုယ့်ကလေးလေးတွေမဟုတ်ဘူးလို့ တွေးမိတဲ့နေ့တစ်ရက်တောင်တောင်မရှိဖူးဘူး..အဲ့ဒါကြောင့် အဲ့အကြောင်းကိုကိုယ်တို့နှစ်ယောက်မပြောရအောင်ပါ နော်"
"အင်း...မပြောတော့ဘူး"
"အင်း..."
"ဒါပေမယ့်..လိုချင်ခဲ့မယ်ဆိုရင်တောင် ကျွန်တော် ကြည်ဖြူပါတယ်"
မိုးပင်လယ် ကသူ့ခေါင်းကိုလက်ဖဝါးနဲ့ဖိချရင်း...
"ကိုယ်သိပါတယ် ကြည်ဖြူမှန်းကို...ဒါပေမယ့် ကိုယ့်ကလေးလေးက ခု ကိုယ့်ဘေးမှာရှိနေပြီးသားကို ဘာလို့ထပ်လိုမှာလဲ"
မိုးပင်လယ်စကားကြောင့် နွေဦး ရှက်သွားရပြီး...
"အာ..တူမှမတူတာကို..."
"ဘာကမတူတာလဲ"
"မသိဘူးဗျာ...မေပါယ့်ကိုချီလာခဲ့ ကျွန်တော် ပင်လယ့်ကိုခေါ်သွားလိုက်မယ်"
"ဟင်...ဘာကမတူတာလဲလို့!"
"ကိုမိုးပင်လယ်!ကလေးကိုချီလာခဲ့တော့"
"ဟုတ်ကဲ့!"
နွေဦး သမီးလေးရဲ့ ကိုယ်လုံးလေးကိုကွယ်ပြီးရယ်လိုက်မိတယ်။လိုက်စ တတ်တာကိုမကြိုက်ပေမယ့် စ'လိုက်တိုင်း မိုးပင်လယ်ကိုသူပိုပိုပြီးချစ်လာပြန်ရော...ကဲ!မခက်ဘူးလား။
_______________
၄နှစ်ကြာပြီးနောက်....
"ကိုမိုးပင်လယ်..သနပ်ခါးသွေးပြီးပြီလား"
"ပြီးပြီ နွေဦး!"
"ပင်လယ် ရေမြန်မြန်ချိုးမယ်"
"ဟုတ်ကဲ့!"
ထွက်လာတဲ့အသံနောက်မှာ တစ်ခိခိရယ်သံလေးတွေထွက်လာတာမို့ နွေဦး စုတ်သတ်လိုက်ရင်း...
"ရေသရဲ!မြန်မြန်လုပ်!ပထမဆုံးကျောင်းတက်ရက် နောက်မကျချင်ဘူးဆို!"
"ဟုတ်ကဲ့ပါ ဖေကလဲ...မမရော!"
"မေပါယ်က သနပ်ခါးတောင်လိမ်းနေပြီ..သားကဘာတွေသဘောကျနေတာလဲ"
နွေဦး ကျောကုန်းလေးကို ဆပ်ပြာတိုက်ပေးရင်းမေးတော့ ပင်လယ်က အတောမသတ်ရယ်ပြန်ရင်း...
"သားဘာသား ဂျိုင်းကိုဆပ်ပြာတိုက်လိုက်တာ ယားလို့ ခိခိ"
"ဘာ!ဟားဟားဖြစ်ရမယ်...ကဲ ရေလောင်းပြီနော်"
"ဟုတ်!"
ပင်လယ်လေးက ရေချိုးခန်းကအထွက် ထမင်းချိုင့်ပြင်ပေးနေတဲ့သူ့ဖေဖေကို လှမ်းမှာနေသေးတယ်။ထမင်းများကြီးထည့်နော် ဖေဖေတဲ့...မေပါယ်ကတော့ သူ့မောင်ကိုကြည့်ပြီး
"အများကြီးစားရင် မောင်လေး ဝလာလိမ့်မယ် "
"သားကဝချင်လို့ မမကဝ ဝလေးဆိုတော့ချစ်စရာလေး"
"မမကအရပ်သိပ်မရှည်လို့မောင်လေးရဲ့...ဖေဖေ ပုံမှန်ပဲထည့်ပေးနော်"
မေပါယ်က သူ့မောင်လေးရဲ့အလှတရားကိုစိတ်ပူနေပေမယ့် ပင်လယ်ကတော့ နှုတ်ခမ်းကိုစူထော်ပြီး...
"မမက သူကျလှနေပြီး ငါ့ကျမလှစေချင်ဘူး..."
"မမကစေတနာနဲ့ပြောနေတာ...စေတနာကို သဘောမပေါက်တဲ့ဟာလေး သွား!နင့်ဟာနင်ကြိုက်သလိုလုပ်"
အဲ့ပြဿနာတွေက အမြဲလိုလိုပါပဲ...သူတို့မေမေနဲ့တူလို့စကားတတ်ကြတဲ့ မောင်နှမနှစ်ယောက်ကစကားပြောရင် လူကြီးစတိုင်တွေနဲ့မို့ သူနဲ့မိုးပင်လယ်က အမြဲကြိတ်ကြိတ် ရယ်ရတယ်။
၆နှစ်ပြည့်တော့ ပင်လယ်လေးက အရင်လိုတုတ်တုတ်တစ်တစ်လေးမဟုတ်တော့ဘဲ ကိုယ်ရည်လေး စစစ်လာတော့ ပိန်ရှည်လေးလို ဖြစ်နေတာမို့ ဝချင်တာတစ်ပိုင်းသေနေရော...
သူ့မမမ မေပါယ်ကကျ ဘဝအဆက်ဆက်မိန်းကလေးဖြစ်ခဲ့ပုံရတယ်။အလှအပ အရမ်းကြိုက်ပြီး သူ့မျက်လုံးထဲမှာ အရာရာတိုင်းလှပသေသပ်နေမှကြိုက်တယ်။သူ့ရဲ့စိတ်တိုင်းကျမဟုတ် ရင် ဝေဖန်ခံရတာ အဖေနှစ်ယောက်အပြင် တစ်ခါတစ်လေမှ တွေ့ရတဲ့ ဦးလေးနဲ့ မေမေ ပြီးတော့အဘိုးအဘွားတွေလဲ ပါတယ်။မေပါယ်ဘာတွေဘဲ ဝေဖန်ဝေဖန် ခံယူချက်မယိမ်းယိုင်တာကတော့ သူ့ရဲ့ချစ်လှစွာသော မောင်လေး ပင်လယ်ပါပဲ...ဘယ်လိုပဲပြောပြော နင့်ဟာနင်လုပ်ချင်ရာလုပ် ဆိုတာနဲ့ပဲ အဆုံးသတ်သတ်သွားတတ်တယ်။
ပင်လယ်လေး သနပ်ခါးလိမ်းနေတုန်း နွေဦးကဆေးရုံသွားဖို့တစ်ခါတည်းပြင်လိုက်တယ်။မိုးပင်လယ်ကတော့ ရုံးသွားဖို့ တစ်ခါတည်းပြင်ပြီး ကလေးတွေရဲ့ဝေယာ၀စ္စတွေလုပ်နေတာမို့ အဆင်သင့်ပဲ...
"ကဲ အကုန်အဆင်သင့်ပဲလား..."
"ဟုတ်ကဲ့!" "ဟုတ်ကဲ့!"
ပင်လယ်နဲ့မေပါယ့်အသံက စိတ်လှုပ်ရှားမှုအပြည့်...မနက်ကဆိုမောင်နှမနှစ်ယောက်လုံး အစောကြီးနိုးနေကြတာ။အစောကြီးရှိသေးလို့ ဆက်အိပ်ပါဆိုတော့လဲ ကျောင်းတတ်ရမှာမို့ စိတ်တွေလှုပ်ရှားပြီး ရင်တွေခုန်လို့ ဆက်အိပ်လို့မရတော့ဘူးဆိုပဲ...
ခါတိုင်းလဲကားပေါ်မှာလှုပ်ရွနေတတ်တဲ့ ၂ယောက်ကဒီနေ့မှာငြိမ်နေတာမို့ သူတို့နှစ်ယောက်လုံးပြုံးမိပြန်ရော...တကယ်တော့ စိတ်လှုပ်ရှားနေတာ သားနဲ့သမီးတင်မကဘူး အဖေနှစ်ယောက်လဲပါတယ်။ကိုယ့်သားသမီးကို ပထမဆုံးကျောင်းလွှတ်ရတဲ့ခံစားချက်ကနည်းနည်း တစ်မျိုးပဲ..ဝမ်းနည်းသလို ဝမ်းသာသလိုမျိုး။သူတို့မိဘတွေတုန်းကလဲ အဲ့လိုမျိုးပဲနေမှာ...
ကျောင်းပေါက်ဝကိုရောက်တော့ တာ့တာပြနှုတ်ဆက်ပြီး မောင်နှမနှစ်ယောက် လက်ချင်းတွဲပြီး ဝင်သွားတာကိုကြည့်နေရင်း မိုးပင်လယ်က...
"ဟာနွေဦး ကိုယ်သားကိုမှာဖို့မေ့သွားတယ်"
"ဘာလဲ!"
"ရန်ဖြစ်ရင် နိုင်အောင်ချဖို့"
"ခင်ဗျားသားက ခုမှKGနော်..."
"ဘာဖြစ်လဲ နွေဦးကလဲ အနိုင်ကျင့်ရင်တော့ပြန်ချရမှာပဲလေ"
"ခင်ဗျားသားရဲ့ အရပ်နဲ့ အခြားကလေးတွေရဲ့ အရပ်လဲယှဥ်ကြည့်ပါဦး"
"အင်း ဒါပေမယ့် နောက်နေ့ကျရင်တော့မှာရမယ်"
နွေဦးစိတ်ပျက်လက်ပျက်ခေါင်းခါရင်း မရယ်ပဲမနေနိုင်တော့ဘူး။ရန်မဖြစ်ဖို့မှာရမယ့်အစား နိုင်အောင်ချဖို့မှာဦးမတဲ့...ပြီးရင် သူ့အပြင် သားနဲ့သမီး အနာတရဖြစ်မှာကြောက်တဲ့လူမရှိဘူး။
"ကဲကဲ ပေါက်ကရတွေပြောမနေပဲ သွားကြမယ် အလုပ်တွေကို"
"နွေဦး.."
"ဟင်!"
"ကိုယ်တို့ Dateကြမလား"
"ဟမ်!"
"Dateကြမယ်လေ...လို့..ခွင့်ယူလိုက်လို့မရဘူးလားဟင်!"
"အာ..."
"လုပ်ပါ နော် နော်...ကလေးတွေကျောင်းစတတ်တဲ့အထိမ်းအမှတ်နဲ့လေ"
"ဘာမှလဲမဆိုင်ဘူး..."
ပါးစပ်ကပြောနေပေမယ့် နွေဦး ခွင့်တိုင်တဲ့စာကိုတော့ ပို့ပြီးပါပြီ။
"စာပို့ပြီးပြီလား"
မိုးပင်လယ်ရဲ့အသံက ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်...
"အင်း..ဒီနေ့တစ်နေ့တော့ ဆေးရုံမှာကျွန်တော်မရှိလဲ အဆင်ပြေပါတယ်"
"ဒါပေါ့ ဒါပေါ့"
"ကျွန်တော်တို့ ဘယ်သွားကြမလဲ"
"ဘယ်သွားချင်လဲ"
"မသိဘူး!"
"အဲ့ဒါဆို အိမ်ပဲသွားကြမလား"
နွေဦးက'ဘာလား' ဆိုပြီးမျက်မှောင်ကျုတ်ကြည့်တော့ မိုးပင်လယ်က မျက်ခုံးပင့်ပြီးပြုံးပြတယ်။ဆိုလိုတာကို နွေဦးသဘောပေါက်သွားတာမို့ နားရွက်တွေပူလာပြီး မျက်နှာတွေပါ ထူလာတော့တယ်။အဲ့ဒါကိုပဲ မိုးပင်လယ်ကကြည့်ရင်း သဘောတကျရယ်ပြန်ရော...
သူတို့ရဲ့အချစ်ခရီးမှာ ဝမ်းနည်းစရာတွေအများကြီးရှိခဲ့ကြပေမယ့် သူတို့ရဲ့အချစ်နဲ့ပဲ ခိုင်မာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်အောင်တည်ဆောက်နိုင်ခဲ့ကြတယ်။
သူတို့အချစ်တွေထာဝရထက်ပိုခိုင်မြဲစေဖို့က ဘာမှထွေထွေထူးထူးလိုမနေပါဘူး။
တစ်ယောက်ကိုတစ်ယောက်ကပိုနားလည်ပေးရင်း...
တစ်ယောက်ကိုတစ်ယောက်ကပိုနွေးထွေးပေးရင်း...
တစ်ယောက်ကိုတစ်ယောက်ကပိုပွေ့ဖက်ပေးရင်း...
တစ်ယောက်အတွက်တစ်ယောက် ပိုသန်မာပေးရင်း..
တစ်ယောက်ကိုတစ်ယောက်ပိုချစ်ပေးဖို့ပဲလိုတာပါ။
မိုးပင်လယ်က ကားမောင်းနေရင်း နွေဦးလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ ..
"နွေဦး အရမ်းချစ်တယ်..."
"ကျွန်တော်က ပိုချစ်တယ်"
ပြီးပါပြီ...
10.06PM Nov-29
______________________________________________________
တကယ်ကလေ စောစောလေးတင်ဖို့ပဲရယ်...ရေးနေတာလဲ ကြာနေရော...ဒီနေ့တော့ ပြီးအောင်ရေးပြီး စောစောတင်မယ်ပေါ့။ဒါပေမယ့် Not Me Trailerကြီးကကောက်ထွက်လာပါရောလား...
အခါခါကြည့်ပြီး ရင်တွေခုန်လို့ စိတ်ကစုစည်းမရတာနဲ့ ခုချိန်ထိတွေရောက်ကုန်ရော 5555
Offgunရော Squadတစ်ခုလုံးရော မိုက်နေတဲ့ Not Meပဲနော်...
ဘာပဲဖြစ်ဖြစ်အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။Daffodilsကတော့လုံးဝပြီးသွားပါပြီနော်....နောက်Fictionတွေမှာပြန်တွေ့ကြဖို့မျှော်လင့်ပါတယ်ရှင်။
အကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင့်။
Rak na!Jub Jub!