အပိုင်း (၁၁)
ဒေါင်းသက်ညိုတစ်ယောက် မန္တလေးဈေးချိုကို ရောက်နေသည်။ ဝတ်စားထားပုံကလည်း အင်္ကျီအနက်အကွက်ကို အောက်က ဂျင်းပွအပြာနှင့် ပေတီတီခပ်စုတ်စုတ်ဒီဇိုင်း။ အင်္ကျီရင်ဘတ်ထဲမှာ အထုပ်တစ်ထုပ်ကို ထည့်ထားပြီး လက်ဖက်ရည်ဆိုင်ထဲသို့ ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်း၍ ဝင်လာခဲ့သည်။
လက်ဖက်ရည်တစ်ခွက်မှာပြီး ခုံပေါ်က သတင်းစာကို လှမ်းယူ၍ ခြေချိတ်ထိုင်လိုက်သည်။ သိပ်မကြာခင် အတောအတွင်း စားပွဲထိုးက လက်ဖက်ရည်တစ်ခွက် လာချပေးသည်။ သူလည်း သတင်းစာကို ဖတ်နေရာကနေ လက်ဖက်ရည်ခွက်ကို ကောက်မလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်၍ တစ်ငုံ,ငုံလိုက်သည်။
" အာ့!"
" ဟာ...အစ်ကို ရရဲ့လား၊ လက်ဖက်ရည်တွေ ပေကုန်ပြီ"
ဘေးဝိုင်းရှိ လူတွေက သူတို့ကို ဘာဖြစ်သလဲဟု လှမ်းကြည့်လာသည်။ ပြဿနာကို သိသွားတော့ သူတို့နှင့် မဆိုင်တာမို့ ဆက်မကြည့်တော့ပေ။ သူ့ကို ဝင်တိုက်သည့် ကောင်လေးဟာ အနားက လူတွေ မမြင်အောင် သူ့ကို wink တစ်ချက် ပြသည်။
" မင်းလည်း စိုသွားတာပဲ"
ထို့နောက် ဒေါင်းသက်ညိုလည်း စားပွဲထိုးလေးကို လှမ်းခေါ်လိုက်သည်။
" ညီလေး အစ်ကိုတို့ အဝတ်တွေလက်ဖက်ရည်ပေသွားလို့၊ အဲ့ဒါ ဆေးချင်လို့"
" အာ...ဟုတ်ကဲ့၊ အနောက်မှာ သန့်စင်ခန်း ရှိတယ်"
" ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျေးဇူးနော်၊ ညီလေး ဒီမှာ ပိုက်ဆံ ထားခဲ့မယ်"
" ဟုတ်ကဲ့ဗျာ့"
ဒေါင်းသက်ညိုက အရင်ဦးအောင် အနောက်သို့ ဝင်သွားလိုက်တော့ သူ့ကို ဝင်တိုက်သည့် တစ်ယောက်ကလည်း ပြုံးပြီး လိုက်လာသည်။ သန့်စင်ခန်းနားသို့ ရောက်တော့ ဒေါင်းသက်ညိုလည်း ခြေစုံရပ်၍ ဘေးဘီကို အကဲခတ်လိုက်သည်။ မည်သူမှ မရှိတာ သေချာတော့မှ ရင်ဘတ်ထဲက အထုပ်ကို ထုတ်လိုက်ပြီး အရှေ့က တစ်ယောက်ကို ကမ်းပေးလိုက်သည်။
သူ့အရှေ့မှ ကောင်လေးကလည်း သူ့ဆီသို့ ဘူးတစ်ဘူး ကမ်းပေးလာသည်။ ထို့နောက် နှစ်ယောက်လုံး အပြန်အလှန် ဖွင့်ကြည့်လိုက်ကြပြီး အထဲက လိုချင်သည့် ပစ္စည်း မှန်ကန်ကြောင်း သေချာတော့မှ ခေါင်းညိတ်ပြ၍ လက်ဖက်ရည်ဆိုင်အနောက်မှ ပြန်ထွက်သွားကြသည်။
အိမ်ကို ပြန်ရောက်တော့ ပါးပါးက ဧည့်ခန်းမှာ သူ့လက်နက်တွေကို တိုက်နေသည်။ ပါပါးကို ပြုံးပြလိုက်ပြီး သူ ပါပါးရှေ့မှာ ဝင်ထိုင်လိုက်သည်။
" ပါပါး ငြိမ်းချမ်းနေပါလား"
" ဒါပေါ့၊ မနက်ကတောင် ဆွမ်းလောင်း လိုက်သေးတယ်"
" ဟားဟား!"
သူ ရယ်တော့ ပါပါးက လိုက်ရယ်သည်။ ပါပါး ရယ်လိုက်တိုင်း ပေါ်လာသည့် သွားစွယ်ဖွေးဖွေးနှစ်ခုဟာ ချွန်မြလို့ စွဲဆောင်မှု ရှိ၏။
" ရော့ ပါပါး"
ပါပါးရှေ့သို့ ဘူးတစ်ဘူး တင်ပေးလိုက်တော့ ပါပါးက ဖွင့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။
" စစ်ရဲ့လား"
" ကျွန်တော်က ပတ္တမြားကြားမှာ မွေးလာတဲ့ ကောင်ပါ၊ ပတ္တမြား စစ်မစစ် ကျွန်တော် တပ်အပ်ပြောနိုင်တယ်"
"ဟုတ်ပြီ၊ ငါ ဒေါင်းကို ယုံလိုက်မယ်"
" သား သွားနားတော့မယ်"
" ကောင်းပြီ"
ဒေါင်းသက်ညိုလည်း ဒီတစ်နေ့အတွက် ပါပါးကို အလုပ် လုပ်ပေးပြီး သွားပြီမို့ သွားနားဖို့ရန် ပြင်လိုက်သည်။ မနေ့က ပြန်ရောက်ရောက်ချင်း ငမိုးတို့အဖွဲ့နှင့် ပါပါးအတွက် လူသွားစစ်ပေးရသည်။ အစစအရာရာ ပါပါးက သူ့ကိုပဲ လွှဲထားတာမို့ သူ့ဘက်ကလည်း စေ့စပ်သေချာမှုနှင့် သူ့အရည်အချင်းကို ပါပါး ယုံကြည်အောင် သက်သေပြရသည်။
လူက မန္တလေးရောက်နေပေမဲ့ စိတ်ကတော့ ညီ့ဆီမှာ။ ညီတစ်ယောက် အခုချိန် ဘာလုပ်နေမလဲဟု သိချင်စိတ်ဖြင့် ဖုန်းကို လက်လှမ်းလိုက်သည်။ မနက် အပြင်သွားခါနီးတုန်းကတော့ မက်ဆေ့ပို့ခဲ့တာပဲ။ ညီတစ်ယောက် ဒီအချိန် နိုးပါဦး မလား။ ဘာလို့ဆို ညီက အိပ်ပုပ်လေးလေ။ ညီမိုးယံကို တစ်နေ့လုံး အိပ်ခိုင်းထားမည် ဆိုလျှင်တောင် ညီက အိပ်နိုင်သည့် လူမျိုး။
သို့ပေမဲ့ သူ လိုင်းပေါ် တက်ကြည့်လိုက်တော့ ထိုသို့ ဟုတ်မနေ။ ညီ သောင်းကျန်းထားသည်။ မနက်၇နာရီခွဲလောက်က သူ့ကို tag ပြီး တင်ထားသည့် post တစ်ခု။ caption က "အဲ့ဒီမှာ တစ်ယောက်လောက် ငါ့ရဲ့အသက်ကို တွေ့မိကြသေးလား"တဲ့။ စာတစ်ကြောင်း ရေးတင်ပြီး ချက်ချင်း ပြန်အိပ်ပျော်သွားပုံ ရသည်။
( အဲ့ဒီမှာ တစ်ယောက်လောက် သူ့ကို ဒေါင်းဆီ ပို့ပေးလိုက်စမ်းပါ)
( ကျောင်းဖွင့်တော့လည်း ကျောင်းမှာ မျက်စိနောက်တယ်၊ ကျောင်းပိတ်တော့လည်း လိုင်းပေါ် မျက်စိနောက်ကြတယ်၊ နင်တို့ မလွန်ကြဘူးလား!)
( ငါ ဒီ post ကို report ထုသင့်လား)
post အောက်က comment တွေကို ဖတ်ပြီး ဒေါင်းသက်ညိုလည်း ဝင်မန့်လိုက်သည်။
( အဲ့ဒီမှာ တစ်ယောက်လောက် ညီ့ကို ငါ့အပိုင် ဆိုတာ မမေ့ဖို့ သတိပေးလိုက်ကြပါ)
စိတ်ရှိတိုင်း ဝင်မန့်လိုက်ပြီးမှ ဒေါင်းသက်ညို ရှက်သွားမိသည်။ ညီနှင့် တွေ့မှ သူလည်း ဗရုတ်ကျတတ်လာ၏။ တံငါနားနီး တံငါ ဆိုသလို ညီ့နားနီး ညီ့ချစ်သူဖြစ်။ ညီနှင့် အသွင်တူပြီး ညီ့အိမ်သူ ဖြစ်နေ၏။ ကိုယ့်အတွေးနှင့် ကိုယ် တဟားဟား အော်ရယ်မိရပြန်သည်။
ထိုစဉ် ညီ့ထံမှ ဖုန်းဝင်လာသည်။
" ဟယ်လို ညီ "
" အသက် ဘာလုပ်နေလဲ၊ မနက်စာ စားပြီးပြီလား၊ မောင် အသက်ကို လွမ်းနေတာ၊ မနက်က မက်ဆေ့ကိုလည်း တွေ့တယ် သိလား၊ အသက် နေကောင်းရဲ့လား၊ ဟိုမှာ ဘယ်လိုလဲ၊ အသက်ရဲ့ပါပါးကရော..."
" ဟိုး! နေပါဦး ညီရေ၊ ကိုယ် ဘာပြန်ဖြေရမှန်း မသိတော့ဘူး၊ ကိုယ်လည်း လွမ်းတာပေါ့"
" အသက် မောင့်ကို အသက်နေတဲ့လိပ်စာ ပေးပါလား"
" ဘာလုပ်မို့လဲ ညီရဲ့"
" ပေးပါဆို"
" အင်း....@&&& ရပြီလား "
" ဟုတ်ပြီ"
"ညီ မင်းရော ဘာလုပ်နေလဲ"
" အကောက်ကောက်နေတယ်"
" ဘာ "
" ဪ...ဖဲဝိုင်းတွေကို အကောက် ကောက်တယ်၊ ဘိန်းလာရောင်းတဲ့ လူတွေဆီက ကြားကနေ ခေါင်းပုံဖြတ်တယ်၊ ဒီလိုပါပဲ"
" ဪ...မင်း ဆံပင်ကောက်နေတာလားလို့"
" စိတ်မပူပါနဲ့၊ ညရောက်တိုင်း အသက်ကို မောင် လုပ်ထားတဲ့ ကုသိုလ်တွေနဲ့မေတ္တာပို့ပေးတယ်လေ"
" မင်းက ကုသိုလ်တွေ အတော်လုပ်တာဆိုတော့"
" အသက် မောင့်ကို အထင်မသေးပါနဲ့၊ မောင် မကြိုက်ဘူး၊ မလှူတတ်ရင် ဈေးရောင်း ဆိုတဲ့ စကားပုံတောင် ရှိသေးတယ်၊ အဲ့ဒါကြောင့် မောင်က မောင့်အလုပ်မှာ ဘိန်းတွေကို လက်လီလက်ကား ယူပြီး ရောင်းပေးတယ်လေ"
" ဪ သာဓုပါဗျာ"
ညီ့စကားအရဆိုလျှင် သူ့သက်တမ်းတစ်လျှောက် သူ လုပ်ခဲ့သည့်ဘိန်းစိုက်ပျိုးရေး၊ ဖြန့်ချိရေး လုပ်ငန်းတွေက ကုသိုလ်ရမည့် အလုပ်တွေမှန်း သူ အခုမှ သိရတော့သည်။
" အသက်"
" ဟင်"
" မင်းကို သိပ်ချစ်တယ်လို့"
" ကိုယ်လည်း ညီ့ကို ချစ်တယ်"
" မောင်တို့ တွေ့ရဖို့ သိပ်မလိုတော့ဘူး"
" အင်း "
ကျောင်းပြန်ဖွင့်ဖို့ရက်တွေကို စိတ်ထဲမှာတွက်ပြီး ညီမိုးယံ ပြောလိုက်မိသည်။ ဒီရက်ပိုင်းအတွင်း ဘာစားစား စားမဝင်လောက်အောင် သူ အသက်ကို လွမ်းနေရသည်။ သို့ရာတွင် ဖုန်း အကြာကြီး ပြောပြီးတော့မှ သူ့အလုပ်သူ ဆက်လုပ်ဖို့ အသက်ကို နှုတ်ဆက်လိုက်သည်။
" ညီမိုးယံ အောက်မှာ ရန်ဖြစ်နေကြပြန်ပြီ"
" ဟုတ် ဒေါ်လေး၊ ကျွန်တော် ဆင်းလာခဲ့မယ်"
ဝတ်ထားသည့်အနောက်တိုင်းဝတ်စုံ နက်ပြာရောင်မှ အပေါ်က ကုတ်ကို ဆွဲချွတ်၍ ပစ်တင်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ သူ ကျောင်းတက်နေချိန် အတောအတွင်း ဒေါ်လေးက Vim ကို ဘယ်လိုနိုင်အောင် ထိန်းသိမ်းခဲ့လဲတော့ မသိ။ ဒီရက်ပိုင်းအတွင်းတောင် သူ စိတ်ပျက်လာသည်။ မိဘလက်ထက်ကတည်းက လုပ်ကိုင်ခဲ့သည့်လုပ်ငန်းမို့သာ သူ ဆက်လုပ်နေရတာ။ ဒီလို လောင်းကစားဝိုင်းတွေ လုပ်မည့်အစား ဓားပြသာ တိုက်စားလိုက်ချင်သည်။
" ဟျောင့် မင်းဆရာပါ ခေါ်လာခဲ့၊ ရတယ်သိလား၊ ခွေးမသား"
" မင်း ငါနဲ့ပဲ ရှင်းစမ်းပါ၊ မင်းက ဘာကောင်လဲ"
ဖြစ်နေကြတာကတော့ ပွဲကြီးပွဲကောင်းပဲ။ နှစ်ဖက်လုံးကို အနောက်မှ ကစားဖော်တွေက ချုပ်ထားကြတာတောင် ဓားကိုင်ပြီး တစ်ဖက်နှင့် တစ်ဖက် မာန်ဖီနေကြသည်။ လွှတ်ပေးလိုက်ကြည့်။ တကယ် ပြေးထိုးရဲကြမည့် ကောင်တွေ တစ်ကောင်မှ မပါ။
" ဟျောင့်တွေ ရပ်လိုက်စမ်း!"
" ရိန်း ရိန်း"
ကြည့်နေသည့်ပရိတ်သတ်ထဲမှ ညီမိုးယံကို မြင်တော့ ကယ်တင်ရှင်ကို မြင်လိုက်သလို အသံတိုးတိုး ထွက်လာကြသည်။
" တားနေတဲ့ကောင်တွေ လွှတ်ပေးလိုက်၊ မင်းတို့ နှစ်ကောင် သတ်ချင်တာမလား၊ အပြင်ထွက် သတ်ကြ၊ ငါ့ပိုင်နက်အတွင်းမှာတော့ လာမရမ်းကားကြနဲ့!"
ရိန်းက ပိတ်ပြောလိုက်တော့ နှစ်ဖက်လုံး ရှူးရှူးရှဲရှဲ ဖြစ်သွားကြသည်။
" မင်းတို့ကောင်တွေ အဲ့သည့်လို ရန်ဖြစ်ရင် နောက်တစ်ခါ ဒီမှာ လာမဆော့နဲ့၊ ဒီနေရာက မင်းတို့ ဆရာတွေ ပိုင်တဲ့ စားကျက် မဟုတ်ဘူး၊ လာပြီး ထောင်ထောင်ထောင် မလုပ်ကြနဲ့၊ နားလည်လား!"
ရိန်း၏ Vim ကို ရိန်းရှိနေသည့်အချိန် လာမထိရဲကြပေ။ ထူးထဲသည့်မျက်ခုံး၊ မျက်တောင်များနှင့် စူးရဲသည့်မျက်လုံးများကြောင့် ရိန်းကို ရှိန်ကြသည်။ အင်္ကျီလက်ကို ခေါက်ထားသောကြောင့် ပေါ်လွင်နေသော အမွှေးရှည်ရှည် လက်တစ်စုံဟာ အရာအားလုံးကို လက်ရဲဇက်ရဲ ရှိပုံပေါ်နေသည်။ နောက်ဆုံး ရန်ဖြစ်သည့်နှစ်ဖွဲ့လုံး Vim ထဲက ထွက်သွားမှ အားလုံးလည်း စိတ်အေးသွားကြသည်။ ထိုအခါမှ ဘိလိယက် ဆက်ထိုးသူများနှင့် ဖဲဝိုင်း၊ ဂျင်းဝိုင်းများကလည်း ပြန်လည်ပတ်ကြတော့သည်။
/~/
ညီမိုးယံဟာ အသက် ပေးသည့်လိပ်စာအတိုင်း မန္တလေးမြို့၏အောင်မြေသာစံမြို့နယ်ကို ရောက်လာခဲ့၏။ အောင်မြေသာစံမြို့နယ်သည် မန္တလေးမြို့၏မြောက်ဖက်အပိုင်းတွင် တည်ရှိသည့်မြို့နယ်တစ်ခု ဖြစ်ပြီး မန္တလေးမြို့၏အထင်ကရ နေရာများဖြစ်သည့်မန္တလေးတောင်နှင့် မန္တလေးနန်းတော်တို့လည်း ထိုမြို့နယ်၌ တည်ရှိကြသည်။
ညီမိုးယံသည် မန္တလေးကို လာမည်ဆိုသည့်အကြောင်းကို အသက်ထံ ကြိုအသိမပေးထားခဲ့ချေ။ သို့ဖြစ်ရာ အသက် သူ့ကို ရုတ်တရက် မြင်ပြီး အံ့သြသွားမည်ကို သူ ကြိုတွေးပြီး ပျော်နေသည်။ ထို့နောက် ကားပေါ်မှ ဆင်း၍ အသက် ပေးထားသည့်လိပ်စာနှင့် ခြံနံပါတ်ကို တိုက်စစ်ကြည့်လိုက်သည်။
" ဒီအိမ်ပဲ"
သူ အိမ်ခေါ်ဘဲလ်ကို တီးလိုက်တော့ အိမ်ထဲမှ လူသုံးယောက် ထွက်လာကြပြီး သူ့ကို ဘယ်သူလဲဆိုသည့်သဘောနှင့် ရန်လိုသလို ကြည့်သည်။
" ညီလေးက ဘယ်သူလဲ"
" ကျွန်တော်က ညီမိုးယံပါ၊ ဒေါင်းသက်ညိုနဲ့ တွေ့ချင်လို့ပါဗျာ့"
ညီမိုးယံ၏စကားကြောင့် သူတို့အချင်းချင်း တစ်ယောက်ကို တစ်ယောက်ကြည့်၍ မေးငေါ့ပြနေကြသည်။
" ခဏလေး သွားပြောပေးမယ်"
"ဟုတ်ကဲ့ဗျာ့"
ဒီပုံစံအတိုင်းဆိုလျှင်တော့ သူ အိမ် မမှားလာတာ သေချာသွားပြီ။ ခဏကြာတော့ သူ့အသက်ဟာ အိမ်ထဲမှ အပြေးထွက်လာတော့သည်။
" ဟာ...ညီ ဘယ်လိုလုပ်၊ မင်းတို့ ဘာလုပ်နေတာလဲ၊ တံခါးဖွင့်လေ"
" ဟုတ် ဟုတ်"
ထိုအခါ ညီမိုးယံလည်း ကားပေါ် ပြန်တက်လိုက်ပြီး ခြံထဲသို့ မောင်းဝင်လိုက်သည်။ သူ ကားပေါ်မှ ဆင်းတော့ အသက်က သူ့ကို ဆွဲဖက်တော့သည်။
" ညီရာ...ဘာလို့ အကြောင်းမကြားဘဲ ဗြုန်းစားကြီး ရောက်ချလာတာလဲ"
" မောင် အသက်ကို အံ့သြသွားစေချင်လို့ပါ"
" အံ့သြသွားတာပေါ့၊ မနက်ကလည်း ညီ ဖုန်းမကိုင်လို့ ကိုယ် စိတ်ပူနေတာ"
" ကားမောင်းနေလို့ပါ၊ ဟားဟား!"
ပြောပြောဆိုဆိုဖြင့် နှစ်ယောက်လုံး ဧည့်ခန်းထဲကို ဝင်လာကြတော့ အသက်၏ပါပါးနှင့် ဆုံသည်။
" ဒီလလေးတွေတောင် မခွဲနိုင်ရလောက်တဲ့အထိ ငါ့သားကို မင်း စွဲလမ်းနေတာလား၊ အင်းပေါ့လေ၊ သျှောင်နောက် ဆံထုံးပါ ဆိုသလိုမျိုး၊ မင်းလည်း သျှောင်နောက် ပါလာတာပေါ့"
အဂ္ဂမင်းညို၏ခရီးဦးကြိုလိုက်သောစကားက ကိုယ့်ဘက်ကိုယ် ရပ်သည့်စကားမျိုး ဖြစ်နေသည်မို့ ညီမိုးယံလည်း ပြုံးလိုက်ရင်း ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။
" ပါပါးပြောတာ မှန်ပါတယ်၊ အသက် မရှိတော့ ကျွန်တော်လည်း အောင်းစရာ တွင်းမရှိတဲ့ မြွေဆိုးလေးလို ခိုကိုးရာမဲ့ ဘဝ ရောက်နေခဲ့တော့ လိုက်လာခဲ့ရတာပါ"
" ညီ!"
ပါပါးရှေ့မှာတောင် ဒီလောက်အထိ ပြောရဲသော ညီ့ကို သူ လက်မြှောက်မိ၏။ ပါပါးခမျာ မျက်နှာတစ်ခုလုံး ပြာနေပြီ။ ညီကတော့ သူပြောလိုက်သည့်စကားတစ်ခွန်းအပေါ် အရှက်အကြောက် မရှိသည့်အပြင် စပ်ဖြီးဖြီးနှင့်။
" ညီ သွားနားရအောင်၊ ကားမောင်းလာတာ၊ ပင်ပန်းတယ်မလား"
" ဟုတ်တယ် အသက်၊ မောင် စိမ်ချင်နေပြီ"
" ညီ!"
" ဘာတုံး၊ အသက်ကလည်း ပါပါး ရှေ့မှာ ပေါက်ကရတွေ လျှောက်မတွေးကောင်းဘူးနော်၊ မောင် ပြောတာက ရေစိမ်ချင်တယ်လို့၊ ရေချိုးချင်လို့ပါ ဟီး..."
" ဟင်းဟင်း"
အဂ္ဂမင်းညိုလည်း ဒီသားနှင့် သမက်ကြား ဆက်နေနေလျှင် သွေးအန်ရလောက်သည်မို့ မပြောမဆိုနှင့် အနားမှ ထထွက်သွားလိုက်သည်။
" ညီ ထ အခန်းထဲ သွားမယ်၊ ဒီနေရာမှာ ပေါက်ကရတွေ လျှောက်ပြောနေတာ၊ ပါပါးတောင် ထွက်သွားပြီ၊ တွေ့လား"
" အွန်း! ဟုတ်တယ်၊ အခန်းထဲ သွားသင့်ပြီ"
ညီက မန္တလေးအထိ လိုက်လာပြန်တော့လည်း ဒေါင်းသက်ညိုမှာ အလွမ်းပြေရ၏။ ကျောင်းပြန်ဖွင့်ဖို့က သိပ်မလိုတော့ပေမဲ့ ဒီကြားထဲမှ ပိတ်ရက်တွေကို အလွမ်းဒဏ်တွေနှင့် ကျော်ဖြတ်နေရမှာ။ အခန်းထဲရောက်တော့ ညီနှင့်အတူ ခဏအိပ်လိုက်ပြီး နိုးလာတော့ ရေအတူ ချိုးကြသည်။
" ညီ ဘယ်သွားချင်လဲ"
" ဘယ်ပဲဖြစ်ဖြစ် ရတယ်"
" မန္တလေး ရောက်မှတော့ မြနန်းစံကျော် မန္တလေးနန်းတော်ကြီးကို အရင်သွားသင့်တယ်"
" အသက် သဘောလေ"
မန္တလေးနန်းတော်ကြီးကို ၁၈၅၇-၁၈၅၉ ခုနှစ်အတွင်း မင်းတုန်းမင်းသည် မန္တလေးမြို့သစ်ကို တည်ထောင်ရာ၌ တစ်ပါတည်း တည်ဆောက်ခဲ့သည်။ မန္တလေးနန်းတော်တွင် မင်းတုန်းမင်းနှင့် သီပေါမင်းတို့သာ စိုးစံတော်မူခဲ့ပေမဲ့ တတိယအကြိမ် အင်္ဂလိပ်နှင့် မြန်မာ စစ်ပွဲအပြီး၌ ဗြိတိသျှတို့ဟာ နန်းတော်ကို သိမ်းပိုက်လိုက်ပြီး ဒပ်ဖရင်ခံတပ် အဖြစ်သို့ ပြောင်းလဲခဲ့သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်အတွင်း နန်းဆောင်တော်တော်များများမှာလည်း မီးလောင်ပျက်စီးခဲ့ရပြီး နန်းဆောင်တချို့နှင့် နန်းမြင့်မျှော်စင်သာ ကျန်ရှိတော့သည်။
ယနေ့အခါ ၁၉၉၀ နောက်ပိုင်းမှ ပြန်လည်တည်ဆောက်ထားခဲ့သောမန္တလေးနန်းတော်ကြီးဟာ နိုင်ငံခြားသားတို့အတွက် အဓိက လည်ပတ်စရာနေရာ ဖြစ်လာ၏။
စလေ ဦးပုညကတော့ နန်းတော်ကြီးကို ရတနာနဒီ မော်ကွန်းတွင်
"ဓာတုမဏ္ဍ၊ ပတ်လည်ချသား၊ ကွန်းမပြာသာဒ်၊ ဒွါဒရသ်လည်း၊ မျဉ်းခတ်တသွန်၊ စတုကဏ်၌ ဗိမာန်လေးသွယ်၊ ဘဝဂ်ကယ်မျှ၊ တနယ်တနယ်၊ တလာပယ်မူ၊ ရွှေကြယ်ငွေကြယ်၊ မျက်စုံခြယ်လျက်၊ တိမ်စွယ်ထဲချောင်၊ ရဲရဲပြောင်သည်၊ ရှစ်ဆောင်ရှစ်ဆောင်၊ ရစ်မြှောင်ဝန်းလည်၊ ရွှန်းရွှန်းကြည်မျှ၊ ရောင်ခြည်တွဲ့တွဲ့၊ ယိုအံ့ကဲ့သို့၊ လေးဆယ့်ရှစ်တန်၊ ဝေဇယန်လည်း၊ ဘုန်းဝှန်သတိုး၊ ရှင့်တန်ခိုးကြောင့်၊ လိုစိုးမျက်မှောက်၊ မြေမှပေါက် ၏"
ဟု စပ်ဆိုခဲ့သည်။
ရွှေနန်းတော်ထဲကို လှည့်ပတ်ကြည့်နေသော ညီမိုးယံ၏ပုံရိပ်ကို ဒေါင်းသက်ညိုသည် အနောက်မှ ငေးကြည့်နေ၏။ ကြည့်နေရင်းဖြင့် မိမိချစ်သူဟာ ယောက်ျားပီသပြီး ဘုရင်းတစ်ပါးကဲ့သို့ ထည်ဝါလွန်းသည်ဟု ကောက်ချက်ချ လိုက်သည်။
" နန်းတော်ကို ရှေးမူမပျက် ပြန်တည်ဆောက်ထားကြပေမဲ့ရေရှည်တည်တံ့ဖို့အတွက်ကတော့ ခေတ်ပေါ်ပစ္စည်းတွေကို မဖြစ်မနေ အသုံးပြုရတာပဲ"
ဒေါင်းသက်ညို၏စကားကို ကြားတော့ ညီမိုးယံဟာ အနောက်သို့ ပြန်လှည့်ကြည့်လာပြီး ဒေါင်းသက်ညို ရှိရာဆီ ပြန်လျှောက်လာရင်း နားစိုက်ထောင်နေ၏။
" နန်းဆောင်တွေရဲ့အတွင်းမှာလည်း အရင်လို အဆောင်အယောင်တွေ မထားကြတော့ နိုင်ငံခြားသားတွေရဲ့အမြင်မှာ ပုံရိပ်ကျစေတယ်၊ မှန်နန်းဆောင်က ဘုရင်စက်တော်ခေါ်ရာ နန်းဆောင်မှာဆို သလွန်တစ်ခုက လွဲပြီး ကျန်တာ မရှိဘူး၊ ဘယ်လောက် ရုပ်ပျက်လိုက်လဲ"
" အသက် ပြောတာ မှန်တယ်၊ ပျက်စီးနေတဲ့အုတ်ခုံတွေကိုလည်း ပြန်မပြင်ကြသလို နန်းဆောင်အတွင်းက တိရစ္ဆာန်တွေရဲ့အညစ်အကြေးတွေနဲ့ မြက်ရိုင်းတွေကိုလည်း ရှင်းလင်းမဲ့လူ မရှိဘူး၊ အဲ့ဒီလို မရှိကြတော့ တစ်နှစ်ထက် တစ်နှစ် ပိုဟောင်းနွမ်းလာရောပေါ့"
ညီမိုးယံမှ သူ့အမြင်ကို ပြောနေ၍ ဒေါင်းသက်ညိုလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြီး နားထောင်နေသည်။
" နန်းတော်ပြန်လည်တည်ဆောက်ရခြင်းရဲ့ရည်ရွယ်ချက်တွေ ဖြစ်မဖြစ်တော့ မသိဘူး၊ ထိန်းသိမ်းမှုအားနည်းတော့ ပြင်ပခရီးသည်တွေရဲ့ အမြင်မှာ မြန်မာဘုရင်တွေရဲ့ပုံရိပ် ကျတာပေါ့"
သို့ရာတွင် နန်းတော်အတွင်းသို့ လည့်ပတ်ကြည့်ရှုကြပြီး တစ်ခုခုကို လွမ်းသည့်ခံစားချက်များ၊ ဝမ်းနည်းသည့်ခံစားချက်များနှင့် မြန်မာဘုရင်မင်းဆက်တို့၏အငွေ့အသက်များကို ခံစားမိကြသည်။ ထို့နောက် နှစ်ယောက်အတူ ကျုံးဘက်သို့ စက်ဘီးပတ်စီး ကြလေသည်။ ကျုံးကို တည်ဆောက်ထားရခြင်း၏အဓိက ရည်ရွယ်ချက်မှာ နန်းတော်အတွင်းသို့ ရန်သူများ အလွယ်တကူ ဝင်၍ မရစေရန် ဖြစ်၏။
ထိုစဉ် ဒေါင်းသက်ညိုက စက်ဘီးနင်းနေရင်း ရပ်လိုက်ပြီး ညီ့ကို မေးလိုက်သည်။
" ညီ ကိုယ် ဘယ်လို အလုပ်ကို လုပ်လုပ်၊ မင်း လက်ခံပေးမှာလား"
" အသက်အပေါ် မောင် တစ်ခါမှ သံသယဆိုတာ မထားဖူးဘူး၊ သေချာတာတော့ မောင်တို့ နှစ်ယောက်လုံးက သွားမဲ့လမ်းကြောင်း တူတယ် ထင်ပါရဲ့၊ အနားမှာ ဘယ်သူမှ မရှိရင်တောင် မောင်က ရှိနေပေးမှာပါ"
" ကိုယ်တို့ ရှေ့ဆက်လျှောက်ရမဲ့လမ်းက အမှောင်လမ်းပဲ၊ ဒါပေမဲ့ အမှောင်ထဲက ကိုယ့်ကို ညီ မြင်နိုင်ရုံလောက်ပဲ လင်းပေးနိုင်ရင် ကိုယ် ကျေနပ်ပြီ"
အရှေ့ဘက်မှနေသည် အနောက်ဂေါယာကျွန်းဆီသို့ ဝင်လုပြီ။ ထိုအချိန် ကျုံးဘေး၌ မတ်တတ်ရပ်နေကြသော ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်မျက်နှာကို တစ်ယောက် ယုံကြည့်မှုအပြည့်၊ ခွန်အားအပြည့်နှင့် ငေးစိုက်ကြည့်နေကြ၏။
___________________