ည ကောင်းကင်က ရောင်စဉ် နှစ်သွယ် သန်းနေ၏။
ပုံမှန်နှင့် မတူစွာ အထက်ပိုင်းတွင် ပိန်းပိတ်ထူအောင် နက်မှောင်နေပြီး မိုးကုပ်စက်ဝိုင်း အခြေတွင် နက်ပြာရောင် သန်းနေသည်။ ထိုရောင်စဉ် နှစ်သွယ် ထိစပ်သော နယ်နိမိတ် အစွန်းမှာတော့ ဆန်းကြယ်စွာပဲ အရောင် ဖျော့နေပြီး အဖြူရောင် အလင်းတန်း မှိန်မှိန်များ မထင်မရှား ဖြာထွက်နေသည်။
ဝရန်တာတွင် မတ်တတ်ရပ်ပြီး မန္တလေးမြို့၏ ည မြင်ကွင်းကို ဝေယံ ငေးကြည့်နေမိသည်။ ညချမ်းလေက တဖြူးဖြူး တိုက်ခတ်လျက်။ ဆောင်း ဝင်လာပြီ ဖြစ်၍ ခန္ဓာကိုယ်ကို ဖြတ်တိုက်သွားသော လေညင်းတို့တွင် ချမ်းစိမ့်သော အအေးဓာတ်ကလေးများ ပါဝင်နေသည်။ ဝေယံ လေပူ တစ်ချက် မှုတ်ထုတ်ကာ ခန္ဓာကိုယ်ကို ကျုံ့ပြီး လက် နှစ်ဖက်ဖြင့် လက်မောင်းများကို ခပ်ဖွဖွ ပွတ်သပ်မိသည်။ အေးစက်နေရာမှ အနည်းငယ် နွေးထွေးသွားသယောင်ယောင် ရှိသည်။
ဝရန်တာမှ ကြည့်ပါက မန္တလေးမြို့၏ ည အလှကို ကောင်းစွာ မြင်ရသည်။ သို့သော် နက်မှောင်သော ကောင်းကင်ယံတွင် ကြယ် မရှိ။ လ မရှိ။ အလင်း တစ်စက်မှ မရှိဘဲ မှောင်မည်းနေသည်။ သို့ရာတွင် မဟူရာ အမှောင်လို ပိန်းပိတ်ထူအောင် အလင်း မဲ့နေခြင်းမျိုးတော့ မဟုတ်။ တိုက်ခန်း၊ အထပ် မြင့်သည့် အဆောက်အဦးတို့ဆီမှ လာသော အလင်းများက လင်းလက်မှုကို ပံ့ပိုးပေးထားသည်။
မြေပြင်မှ ထိန်ထိန်ညီးစွာ တောက်ပနေသော အလင်းတို့က ကောင်းကင်ယံကို သွား၍ ထင်ဟပ်နေသည်။ ထို့ကြောင့် မိုးသားများကပါ ကိုယ်ပိုင် အရောင်အဝါ ရှိသလို လင်းလက်နေကြသည်။ ခြုံငုံရပါက မန္တလေးမြို့၏ ညချမ်းက အလင်း တစ်ဝက်၊ အမှောင် တစ်ဝက်ဖြင့် ထူးထူးခြားခြား လှပနေကာ မှော်ပညာဖြင့် ဖန်တီးထားသော ပန်းချီကား တစ်ချပ်လို ဆန်းပြားနေသည်။
အလင်း တစ်ဝက်၊ အမှောင် တစ်ဝက်။
အကောင်း တစ်ဝက်၊ အဆိုး တစ်ဝက်။
လွန်ခဲ့သည့် နာရီပိုင်းက မိဘ နှစ်ပါးနှင့် ဆုံပြီး ညစာ စားဖြစ်ခဲ့ကြသည်။ ညစာ စားပွဲတွင် ဒေါ်စန္ဒာခင်၏ ထိန်းကွပ်မှုဖြင့် ဦးဝေယံဟိန်းနှင့် နေသူရိန်မင်းခန့်တို့ အကြား ဘယ်လို ပြဿနာမျိုးမှ မရှိခဲ့။ သို့ရာတွင် ဂူ တစ်ဂူထဲ ခြင်္သေ့ နှစ်ကောင် အောင်းနေခြင်း ဖြစ်၍ ပြဿနာက တစ်ချိန်ချိန် ဖြစ်လာမှာ သေချာသည်။
အနှေးနှင့် အမြန်။
ကြီးကြီးမားမားနှင့် သေးသေးမွှားမွှား။
ဘယ်သို့ ဘယ်ပုံ ဖြစ်လာမည်ကို မှန်းဆ မရရုံသာ။
ဝေယံ စိတ်ပူမိသည်။
သူနှင့် နေမင်းကြီး လက်ထပ်ဖို့ ကိစ္စက ဦးဝေယံဟိန်း၏ ဆုံးဖြတ်ချက်အပေါ် မူတည်နေသည်။ သား တစ်ယောက်အနေနှင့် ဖခင်ဖြစ်သူ အကြောင်းကို ဝေယံ အသိဆုံး ဖြစ်သည်။ ဖခင်က တည်ထားခဲ့သည့် ကတိကို လွယ်လွယ် ချိုးဖောက်တတ် သူ မဟုတ်ပေမယ့် လက်ထပ်ခြင်း အမှုကိစ္စအပေါ် လိုလိုလားလား ခွင့်ပြုပေးဖို့ကတော့ ခက်ခဲနေလိမ့်မည်။
ဘယ်လောက်ပဲ မဖြစ်နိုင်သည့် ကိစ္စကို ဖြစ်မြောက်အောင် လုပ်ပေးခဲ့တာ ဆိုဦးတော့ သူဟာ ဦးဝေယံဟိန်း၏ အဖိုးတန် သား တစ်ယောက် ဖြစ်သည်။ ဘယ်လို ဖခင်မျိုးကများ ယောကျာ်းချင်း လက်ထပ်မည့် ကိစ္စကို လွယ်လင့်တကူ သဘောတူပေးနိုင်မှာလဲ။ အတ္တကြီးသည် ဟု ဆိုချင်ဆိုပါစေ။ သို့ရာတွင် ဖခင်၏ ခံစားချက်ကို ဝေယံ နားလည်သည်။ ယခုအချိန်မှာ သဘောမတူနိုင်ဘူး ဟု ဦးဝေယံဟိန်းမှ ပြောလာခဲ့တောင် သူ အံ့သြတော့မည် မဟုတ်။
လက်ထပ်မည့် ကိစ္စနှင့် ပတ်သက်ပါက မျှော်လင့်ချက်များကို အစွန်းဆုံးအထိ လျှော့ချထားမိသည်။ ဦးဝေယံဟိန်းထံမှ ဘယ်လို အဖြေမျိုးပဲ ထွက်လာပါစေ။ လက်ခံလိုက်ဖို့ သူ အဆင်သင့် ဖြစ်နေပြီပဲ ဖြစ်သည်။
ဝေယံ လက်မှ ပတ်ထားသည့် နာရီကို ကြည့်လိုက်သည်။ နောက် မိနစ်ဝက်လောက် နေပါက မိဘ နှစ်ပါးနှင့် ဧည့်ခန်းမှာ ဆုံပြီး လက်ထပ်မည့် ကိစ္စအတွက် ပြတ်သား ရှင်းလင်းသည့် အဆုံးအဖြတ်ကို ခံယူရတော့မည် ဖြစ်သည်။
နေသူရိန်မင်းခန့် ဘယ်ရောက်နေပါလိမ့်။
ဝေယံ တွေးလိုက်သည့် တစ်ခဏ ခန္ဓာကိုယ်က ရုတ်ခြည်း နွေးထွေးသွားသည်။ နေသူရိန်မင်းခန့်က ဝေယံ့ကို အနောက်မှ ညင်သာစွာ ဖက်ပြီး တစ်ကိုယ်လုံးကို ရင်ခွင်ထဲ သွင်းလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ပခုံးထက် မေးဖျား တင်ကာ စကားပြောလာသည်။ စကားပြောလိုက်သည့်အခါ ပူနွေးသော ဝင်သက် ထွက်သက်များက နားရွက်ဖျားကို တိုးတိုးဖွဖွ လာရောက် ပွတ်တိုက်ကြသည်။
"ကျွန်တော်တော့ အတွေးများတဲ့ ကောင်လေးကိုမှ မိန်းမ တော်ထားမိတာပဲ၊ အပြင်မှာ ရပ်နေတာ ကြာပြီနော်၊ အအေးမိတော့မှာပဲ ယံရာ"
"မမိပါဘူး၊ မင်း ရှိနေတာပဲ"
ဝေယံ လှည့်မကြည့်ဘဲ နေသူရိန်မင်းခန့် ပါးပြင်ကို လက်ချောင်းများဖြင့် နောက်ပြန် စမ်းပြီး ခပ်ဖွဖွ ဖျစ်ညှစ်လိုက်သည်။ နေသူရိန်မင်းခန့် အသာအယာ ပြုံးလိုက်သည့်အခါ ပါးချိုင့်ခွက်ကလေးကို လက်ညှိုးဖြင့် မသိမသာ ထိမိသွားသည်။
"မင်းနဲ့သာဆို ဆောင်း ရာသီမှာတောင် အနွေးဓာတ် မလိုဘူး၊ အခုလို ဖက်ထားပေးရုံနဲ့တင် နွေးမြစေပြီ"
နေသူရိန်မင်းခန့် ဝေယံ့ကို မျက်နှာချင်းဆိုင် ဆွဲလှည့်ပြီး ခါးမှ ချီမြှောက်ကာ ဝရန်တာ ဘောင်ပေါ် ထိုင်စေသည်။ ထို့နောက် လက်မောင်းများဖြင့် တင်းကျပ်စွာ ဖက်တွယ်ပြီး နဖူးချင်း ထိအပ်လာသည်။ ထိမိသော နေရာမှ နူးညံ့မှုနှင့် နွေးထွေးမှုကို ဝေယံ ခံစားရသည်။
ည အမှောင်တွင် နေသူရိန်မင်းခန့် မျက်လုံးများက တောက်ပသည့် ပတ္တမြား တစ်လုံးလို လင်းလက်နေသည်။ စူးရှသည့် ထိုမျက်လုံးများက ဝေယံ၏ နှလုံးသားနက်နက်မှ အတွေးများနှင့် ခံစား သက်ဝင်မှုများကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိသည်။
သေချာပါသည်။
မျက်လုံးများဆီမှ အတွေးရိပ်ကို နေသူရိန်မင်းခန့် ဖျတ်ခနဲ ရိပ်မိသွားသည်။ ဝေယံ နှလုံးသားက ဒိန်းခနဲ ခုန်သွားသည်။ ရင်ခုန်မှုကြောင့်လား။ စိုးရိမ်စိတ်ကြောင့်လား။ နှစ်မျိုးစလုံး ဖြစ်နိုင်ပါသည်။
"ယံ့အဖေဆီက ဘယ်လို အဖြေမျိုးပဲ ထွက်လာပါစေ . . ၊ ဒီတစ်ခါတော့ ကျွန်တော့်ကို ရွေးမယ် မဟုတ်လား ယံ"
ထိုမေးခွန်းကို ဝေယံ မျှော်လင့်ခဲ့ပြီးသား ဖြစ်သည်။ သူ အဖြေ တစ်ခု ပေးလိုက်သည်။ သို့သော် အဖြေက လေလှိုင်းထဲ မရှိ။ အသံ ဟူ၍ ထွက်ပေါ်မလာ။ အဖြေက အနမ်း တစ်ပွင့် ဖြစ်နေခဲ့တာကြောင့်ပဲ ဖြစ်သည်။ ဝေယံ နေမင်းကြီး၏ မေးဖျားကို ပင့်ကိုင်ပြီး နွေးထွေးသော နှုတ်ခမ်းအိအိများကို ကြင်နာစွာ နမ်းရှိုက်လိုက်သည်။
အနမ်းကို စတင်ခဲ့သူမှာ ဝေယံ ဖြစ်သော်လည်း အချိန် တစ်ခု ကြာသည့်အခါ အနမ်းကို ဦးဆောင်သူက တခြား တစ်ယောက် ပြောင်းသွားသည်။ နေသူရိန်မင်းခန့်ပဲ ဖြစ်သည်။ နေမင်းကြီး၏ သိမ်းပိုက်မှု အောက် ဝေယံ တစ်ယောက် ဘုရင်၏ အမိန့်အား မငြင်းသာသည့် ကြင်ရာတော် တစ်ယောက်လို ရိုကျိုးစွာ နာခံနေမိသည်။ နှုတ်ခမ်းလွှာ နှစ်ခု ကင်းလွှတ်သွားသည့်အခါ ရင်အစုံက မောဟိုက်မှုကြောင့် နိမ့်ချည် မြင့်ချည် ဖြစ်နေသည်။ ဝေယံ လေကို တဝကြီး ရှူမိသည်။ နှုတ်ခမ်းများက နီသွေးကြွယ်လျက် စိုစွတ်နေဆဲ။
နေသူရိန်မင်းခန့် ဝေယံ၏ ယာဘက် မျက်လုံးပေါ် နှုတ်ခမ်းများ ဖိကပ်ထားသည်။ ယားယံသည့် ထိတို့ ပွတ်ဆွဲမှုကြောင့် ဝေယံ ခပ်သဲ့သဲ့ ပြုံးမိသွားသည်။ ထိုအခိုက် အစောပိုင်းက မေးခဲ့သည့် နေမင်းကြီး၏ မေးခွန်းအတွက် အနမ်း တစ်ခုတည်းနှင့်တင် မလုံလောက်မှန်း တွေးမိသွားတာမို့ အဖြေ တစ်ခု ပေးဖို့ နာမည်ကို တိုးတိုးလေး ခေါ်လိုက်မိသည်။
"ဒါလင် . ."
နေသူရိန်မင်းခန့် ချက်ချင်း မော့ကြည့်လာသည်။ ယခု အချိန်မှာ ဝေယံက ဝရန်တာ ဘောင်ပေါ် ထိုင်နေတာ ဖြစ်၍ နေသူရိန်မင်းခန့်ထက် အနည်းငယ် မြင့်နေသည်။ သူ နေမင်းကြီး မျက်နှာကို လက် နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ နဖူးချင်း ထပ်မံ ထိအပ်လိုက်သည်။ ထို့နောက် ပြောဖို့ ရည်ရွယ်ထားသည့် စကားများကို အလေးနက်ဆုံး ညင်သာစွာနှင့် ဖြည်းညင်းစွာ ပြောမိသည်။
"ငါ မင်းကို အမြဲတမ်း ရွေးချယ်ခဲ့တာပါ၊ မင်းက ငါ့ဘဝရဲ့ ပထမဆုံးနဲ့ နောက်ဆုံးသော ရွေးချယ်မှုပဲ"
နေသူရိန်မင်းခန့် ဝေယံ့ကို မြဲမြဲမြံမြံ စိုက်ကြည့်နေသည်။ စူးရှသည့် အကြည့်များနှင့် ရင်မဆိုင်ရဲတာမို့ နေသူရိန်မင်းခန့် အင်္ကျီ ရင်ဘတ်မှ အိတ်ကပ်ကလေးကိုသာ ဝေယံ ငုံ့ကြည့်နေမိသည်။ သို့သော် သူ ပြောလိုက်သည့် စကားအပေါ် နေသူရိန်မင်းခန့် မယုံမည်ကို ဝေယံ စိုးရိမ်နေမိသည်။ လိမ်ညာသူက မျက်လုံးချင်း မဆုံရဲဘူး ဆိုသော စကား တစ်ခွန်း ရှိတာကြောင့်ပဲ ဖြစ်သည်။ ထိုကြောင့် ဝေယံ အရဲစွန့်ပြီး နက်မှောင်သော မျက်ဝန်းများကို ထပ်မံ အကြည့် ပို့ကာ သေချာအောင် အတည်ပြုမိသည်။
"မင်း ယုံတယ်မလားဟင်"
"ယုံတာပေါ့ ဘေဘီ"
နေသူရိန်မင်းခန့် ခပ်ပြုံးပြုံး ပြောသည်။ ပေါ့ပါးပေမယ့် လေးနက်သော အဖြေ တစ်ခု ဖြစ်မှန်း ဝေယံ ခံစားမိသည်။ ထိုခဏ နေသူရိန်မင်းခန့်က ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူ အထင်ကြီးသည့် စကား တစ်ခွန်းကို မဆိုင်းမတွ ပြောလာသည်။ ထိုစကားကြောင့် ဝေယံ မျက်လုံး မှေးပြီး မကျေမနပ် စိုက်ကြည့်လိုက်မိသည်။
"ယံက ကျွန်တော် မရှိရင် မဖြစ်ဘူးလေ"
"မင်းလည်း ငါ မရှိဘဲ မနေနိုင်ပါဘူးနော်"
ဝေယံ၏ စူထွက်နေသည့် နှုတ်ခမ်းကို နေသူရိန်မင်းခန့် အားပါစွာ ပြွတ်ခနဲ နမ်းပြီးနောက် ဝရန်တာ ဘောင်ပေါ်မှ အောက်သို့ ပြန်ချပေးလိုက်သည်။ သူ နေမင်းကြီးကို နှာခေါင်း ရှုံ့ပြီး မျက်စောင်း ထိုးမိသည်။ သို့သော် ထိုမျက်စောင်းတွင် ရှက်သွေးဖြာမှုများ ရောပါနေသည်။ နေမင်းကြီးလည်း ရိပ်မိလိုက်သည်။
ဝရန်တာ မှန်တံခါးကို တွန်းဖွင့်ပြီး အခန်းတွင်းသို့ သူတို့ နှစ်ဦး ဝင်လာသည့်အခါ လေထုက အနည်းငယ် နွေးထွေးသွားသည်။ အပြင်မှ ချမ်းစိမ့်သော လေစိမ်းတွေ အိပ်ခန်း အတွင်းသို့ တိုးဝင် မလာခင် ဝေယံ ဝရန်တာ မှန်တံခါးကို ပြန်ပိတ်လိုက်သည်။
သူ ငယ်ငယ်က နေခဲ့သော အခန်းက ဘာမှ ပြောင်းလဲမသွား။ ယခင်အတိုင်းပဲ ဖြစ်သည်။ ပြောင်းလဲသွားသည့် အရာ ဟူ၍ ပင်လယ်ပြာ ခုတင်ပေါ် ခေါင်းချင်း ထိကပ်ပြီး ပူးကပ်စွာ အိပ်ပျော်နေသည့် နေယံဝေနှင့် နန်းယုဝေတို့ပဲ ဖြစ်သည်။ တကယ်ဆို အခန်း ပိုင်ရှင် ဖြစ်သည့် ဝေယံလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မသိလိုက်ခင်မှာဘဲ အရွယ် ရောက်လာကာ ချစ်ရသူနှင့် တစ်အိုးတစ်အိမ် ထူထောင်ပြီး သားသားမီးမီးလေးတွေကိုပါ ဘဝထဲသို့ ခေါ်သွင်းခဲ့ပြီးသား ဖြစ်နေခဲ့ပြီ။
အချိန်တွေက မြန်ဆန်လွန်းသည်။
မျက်စိ တစ်မှိတ်အတွင်း အများကြီး ပြောင်းလဲသွားခဲ့ပြီ။
ဝေယံ မျက်နှာချင်းဆိုင်ရှိ ကိုယ်လုံးပေါ် မှန်ထဲမှာ ပေါ်နေသည့် ပုံရိပ်ကို ငေးမော ကြည့်နေမိသည်။ အချိန်တွေက တိုက်စားသွားခဲ့ပြီ။ တစ်ချိန်က လူတွေအပေါ် အေးစက်ပြီး စာအုပ်များနှင့် တစ်ကိုယ်တည်း နေရတာကို နှစ်ခြိုက်ခဲ့သော ကောင်လေးက ယခုတော့ အများကြီး ပြောင်းလဲသွားခဲ့ပြီ။ ယခင် ပုံရိပ်ကို ဖမ်းမရအောင်အထိ လူသစ် တစ်ယောက်လို ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဘာကြောင့်များလဲ။
ဝေယံ၏ ပုံရိပ် နောက်မှ နောက်ထပ် အရိပ် တစ်ခု ပေါ်လာသည်။ နေသူရိန်မင်းခန့်ပဲ ဖြစ်သည်။ သေချာ တွေးပါက သူ ပြောင်းလဲသွားရသည့် အကြောင်းပြချက်၏ ခိုင်လုံသော အဖြေဟာ နေမင်းကြီးပဲ ဖြစ်သည်။ နေသူရိန်မင်းခန့်ကြောင့်သာ အဖော် မဲ့နေသည့် ကမ္ဘာက စ၍ စိတ်လှုပ်ရှားဖွယ် ကောင်းလာပြီး ပျော်ရွှင်မှု ဆိုသည့် စကားလုံးကို နားလည်ခွင့် ရခဲ့သည်။ တစ်ဆက်တည်းမှာပဲ စိတ်ကူးယဉ်ဆန်ပြီး ချိုမြိန်လွန်းသော အချစ်ကို ခံစား သိရှိခွင့် ရခဲ့သည်။ မထူးဆန်းစွာဘဲ အေးခဲနေသော နှလုံးသား နေရာမှာ နွေးထွေး လှိုက်ခုန်သည့် နှလုံးသား အသစ် တစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုနှလုံးသားနှင့် အမြဲ အုပ်စိုးပြီး ထားရာ နေ၊ စေရာ သွားစေခဲ့သည့် ဖခင်ကို ပထမဆုံး အကြိမ် ရဲတင်းစွာ အာခံရဲလာခဲ့သည်။ ငြင်းဆန်ရဲလာခဲ့သည်။ ဖီဆန်ရဲလာခဲ့သည်။
ဝေယံ တွေးမိသည်။
တစ်စုံတစ်ရာကို အရူးအမူး ချစ်မြတ်နိုးလာသည့်အခါ အကြောင်းပြချက်တွေ မလိုတော့။ အချစ်ဟာ ထူးဆန်းစွာဖြင့် လူတွေကို မိုက်မဲတာတွေ လုပ်ရဲဖို့ သတ္တိတွေ ပေးလာသည်။
ယခု အချိန်၌ ထိုသို့သော သတ္တိများ ဝေယံ့ကိုယ်ထဲ၊ သွေးသားထဲ ပူနွေး ဖြာဝေစွာ စီးဆင်းနေကြသည်။
သတ္တိတွေ စတင်ပြီး ဖြစ်ပေါ်လာသော အကြောင်းပြချက်။
အချစ်တွေ စတင်ပြီး ဖြစ်တည်လာသော အကြောင်းပြချက်။
ပျော်ရွှင်မှုတွေ စတင်ပြီး ဖြစ်မြောက်လာသော အကြောင်းပြချက်။
ထိုအရာတွေ၏
ခိုင်လုံသော အဖြေဟာ
နေသူရိန်မင်းခန့်ပဲ ဖြစ်သည်။
ဝေယံ နောက်သို့ လှည့်ပြီး နေသူရိန်မင်းခန့် လက်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ရဲဝံ့သည့် မျက်လုံးများဖြင့် စကား တစ်ခွန်းအား လေးနက်စွာ ပြောလိုက်သည်။
"ရင်ဆိုင်ကြစို့ . ."
"ကောင်းပြီ . ."
နေသူရိန်မင်းခန့် ညင်သာစွာ ဖြေလာသည်။
ထိုအခိုက် နံရံပေါ်ရှိ တိုင်ကပ် နာရီမှ အသံ မြည်သွားသည်။
ကိုး နာရီ ထိုးသွားပြီပဲ ဖြစ်သည်။
သူတို့ နှစ်ဦး လက်တွဲ မဖြုတ်ဘဲ အောက်ထပ်သို့ ဆင်းလာသည့်အခါ ဧည့်ခန်း၌ ထိုင်နေသည့် ဦးဝေယံဟိန်းနှင့် ဒေါ်စန္ဒာခင်ကို မြင်လိုက်ရသည်။ ဦးဝေယံဟိန်းက စားပွဲထိပ် ဆိုဖာမှာ ထိုင်ပြီး မျက်နှာထားက မှန်းမရသည့် အပြုအမူနှင့် ဖြစ်သည်။ ဒေါ်စန္ဒာခင်က ဦးဝေယံဟိန်းနှင့် အနီးဆုံး ဆိုဖာတွင် ထိုင်နေသည်။ ပြုံးနေသော မျက်လုံးများက လှေကားမှ ဆင်းလာသည့် ဝေယံနှင့် နေသူရိန်မင်းခန့်ကို အတူ လာထိုင်ဖို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်နေဟန်။
နေသူရိန်မင်းခန့် ဝေယံ့ လက်ကို ဆွဲပြီး ဒေါ်စန္ဒာခင်နှင့် မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။ ဦးဝေယံဟိန်းက စားပွဲထိပ်တွင် ရှိနေ၍ နေသူရိန်မင်းခန့်နှင့် မျက်စောင်းထိုး အနေအထား ဖြစ်သွားသည်။ သူတို့ လေးဦး အလယ်၌ ကနုတ် လက်ရာများဖြင့် ထွင်းထုပြီး အရောင် တောက်နေအောင် အလှဆင် မွမ်းမံထားသော ကျွန်းသား စားပွဲကြီး တစ်ခု ရှိနေသည်။
ထိုစားပွဲပေါ်၌ နှင်းဆီဝါများ ပန်း ထိုးထားသည့် အဖြူရောင် ကြွေ ပန်းအိုး၊ စာရွက်ဖြူ တစ်ရွက်နှင့် ဖောင်တိန် တစ်ချောင်း ရှိနေခဲ့သည်။ စာရွက်ဖြူထဲတွင် စာသားများကို နံပါတ် တပ်ထားပြီး အစဉ်လိုက် သပ်သပ်ရပ်ရပ် ပုံနှိပ်ထားသည်။ အောက်ဆုံးထောင့်တွင် ခံဝန်ကတိ ဟူ၍ လက်မှတ် ထိုးရမည့် နေရာလွတ် နှစ်ခု ရှိနေသည်။
သူတို့ နှစ်ယောက် သေချာစွာ နေရာ ယူပြီးသည့်အခါ ဦးဝေယံဟိန်းက တည်ကြည်သော မျက်နှာထားဖြင့် စာရွက်ဖြူကို ကမ်းပေးသည်။ ဝေယံ ထိုစာရွက်ကို လက် နှစ်ဖက်ဖြင့် ရိုသေစွာ လှမ်းယူပြီးနောက် စာရွက်ပေါ်မှ အချက်အလက်များကို ဖတ်ကြည့်မိသည်။ နေသူရိန်မင်းခန့် ဖတ်သာအောင်ပါ စာရွက်ကို မြင်မြင်သာသာ ပြပေးသည်။ စာရွက်ဖြူထဲမှ စာသားများမှာ အောက်ပါအတိုင်း ဖြစ်သည်။
ထိမ်းမြား လက်ထပ်ခြင်းဆိုင်ရာ သဘောတူ စာချုပ်
လိုက်နာရမည့် စည်းကမ်းချက်များ
၁။ နေသူရိန်မင်းခန့် ပိုင်ဆိုင်ရမည့် အမွေ အားလုံးကို သားဖြစ်သူ နေယံဝေ တစ်ဦးတည်းကိုသာ လွှဲပြောင်း ဆက်ခံခွင့်ပေးရမည်။
၂။ ဦးဝေယံဟိန်းဘက်မှ သားဖြစ်သူ ဝေယံအောင်ကို ပေးအပ်သွားမည့် စီးပွားရေး လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများအား နေသူရိန်မင်းခန့်ဘက်မှ လုံးဝ လုံးဝ ဝင်ရောက် စွက်ဖက်ခြင်း မပြုရ။
၃။ မြေးဖြစ်သူ နေယံဝေ၏ အုပ်ထိန်းခွင့်နှင့် ပြုစု စောင့်ရှောက်မှု အလုံးစုံကို အဘိုးဖြစ်သူ ဦးဝေယံဟိန်းထံ လွှဲပြောင်းပေးရမည်။
လက်ထပ် ထိမ်းမြားရန်အတွက် ဦးဝေယံဟိန်းဘက်မှ တောင်းဆိုလာသော အထက်ပါ အချက်အလက်များကို ကျွန်တော် ဝေယံအောင်နှင့် ကျွန်တော် နေသူရိန်မင်းခန့်တို့ နှစ်ဦးမှ ငြင်းပယ်မှု မရှိ လက်ခံ သဘောတူကြောင်း ကတိပြုပါသည်။
ခံဝန်ကတိ
_______
ဝေယံ စာရွက်ကို ကိုင်လျက် ကြောင်အစွာ ငြိမ်နေမိသည်။ သို့သော် စာရွက်ကို ကိုင်ထားသော လက်များက တဆတ်ဆတ် တုန်ယင်နေပြီး စာရွက်ဖြူကပါ တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ ယခု အချိန်၌ ဝေယံ ဘယ်လို ခံစားနေရမည်ကို နေသူရိန်မင်းခန့် ကောင်းကောင်းကြီး သိသည်။ ဦးဝေယံဟိန်း လုပ်လိုက်သည့် အပြုအမူများက သူတို့ နှစ်ဦးအား သိပ်ကို အံ့သြ မှင်တက်သွားစေသည်။ မထင်မှတ်ထားသည့် ရိုက်ခတ်မှုကြီး တစ်ခုပဲ ဖြစ်သည်။
အလွန်ဆုံး ထားဦးတော့။
စာချုပ်ထဲမှ စည်းကမ်းချက်များ ဖြစ်သည့် နံပါတ် တစ်နှင့် နှစ် အချက်ကို နေသူရိန်မင်းခန့်ဘက်မှ မျက်စိစုံမှိတ် လိုက်လျောပေးလိုက်နိုင်သည်။ သို့သော် နံပါတ် သုံး အချက် ဖြစ်သည့် သားဖြစ်သူ နေယံဝေ၏ အုပ်ထိန်းခွင့်ကို ဦးဝေယံဟိန်း လက်ထဲ ထည့်ပေးလိုက်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်။ လိုက်လျောဖို့ ခက်ခဲလွန်းသည့် တောင်းဆိုမှု တစ်ခုပဲ ဖြစ်သည်။
ငါးကြင်းဆီနှင့် ငါးကြင်းကို ပြန်ကြော်ခြင်းသာ။
သားဖြစ်သူကို ယူမိသည့် တန်ရာတန်ကြေးအတွက် ကိုယ် မွေးထားသည့် သားကို ပြန်ပေးရမည့် ကိစ္စက လက်ထပ်ဖို့ ခွင့်ပြုသည့် သဘောတူညီမှု မဟုတ်တော့။ စီးပွားရေး ဆန်သည့် အလဲအလှယ် တစ်ခုလို ဖြစ်နေပြီပဲ ဖြစ်သည်။ ဒီတောင်းဆိုမှုက သိပ်ကို လွန်လွန်း အားကြီးသည်။ မဖြစ်နိုင်သည့် ကိစ္စတို့ကို တောင်းဆိုပြီး လက်ထပ်ဖို့ သဘောမတူနိုင်ကြောင်း သွယ်ဝိုက်စွာ ပြသနေတာပဲ မဟုတ်လား။ နေသူရိန်မင်းခန့် စိတ်ထဲ အောင့်သက်သက် ခံစားလိုက်ရသည်။
"နေယံလေးရဲ့ အုပ်ထိန်းခွင့် တဲ့လား၊ သား မျက်စိ လျှမ်းပြီး ဖတ်မိတာများလား"
ဝေယံ စကားသံတွင် မယုံကြည်နိုင်ခြင်း များစွာ ပါဝင်နေသည်။
"မမှားဘူး၊ မင်း ဖတ်တာ အမှန်ပဲ"
ဦးဝေယံဟိန်း၏ အေးစက်သော လေသံက မရှေးမနှောင်း ထွက်လာသည်။ ထိုစကားကြောင့် ဒေါ်စန္ဒာခင် အံ့သြသွားကာ ဦးဝေယံဟိန်းကို မှင်သေသည့် မျက်လုံးများဖြင့် စိုက်ကြည့်သည်။ အကြည့်များက သူမကို တစ်လုံးမှ မတိုင်ပင်ဘဲ ဘာတွေ လုပ်လိုက်တာလဲ ဟု မေးနေသလို။ စာချုပ်ပါ အချက်အလက်တို့ကို ဒေါ်စန္ဒာခင် မသိတာ ဖြစ်နိုင်လောက်သည်။
သေချာသည်။
သတ်မှတ်ချက် အားလုံးကို ဦးဝေယံဟိန်း တစ်ယောက်တည်း ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ရမည်။ ပြေးကြည့်စရာပင် မလိုတော့။ ဤစကားဝိုင်း၏ ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်နှင့်တင် နေသူရိန်မင်းခန့် နားလည်လိုက်ရသည်။
သိပ်ကို တစ်ကိုယ်ကောင်း ဆန်လွန်းသည်။
"ဒါ . . ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ နေယံ့ကို Pa လက်ထဲတော့ ထည့်မပေးလိုက်နိုင်ဘူး၊ Pa က နေယံ့အတွက် အဘိုး ဟုတ်ပေမယ့် အဖေတော့ လုပ်လို့ မရဘူးလေ၊ နောက်ပြီး ဒီစည်းကမ်းချက်တွေက သားတို့အတွက် နည်းနည်းမှ မမျှတဘဲ"
"မျှတတာကို လိုချင်တာလား"
ဦးဝေယံဟိန်းက နှုတ်ခမ်းကို လက်သီးဆုပ်ဖြင့် အုပ်ရင်း ခပ်သဲ့သဲ့ ရယ်လိုက်သည်။ ရယ်သံက လှောင်ပြောင် သရော်နေသလိုလို။
"ကောင်းပြီးလေ၊ သဘောထားကြီးကြီးနဲ့ နောက်ထပ် ရွေးချယ်စရာ တစ်ခုကို ထပ်ပေးရတာပေါ့"
ထို့နောက် ခြေထောက် တစ်ဖက်ကို ချိတ်ထိုင်လိုက်ပြီး လက်ချောင်းထိပ် အားလုံးကို ထိစပ်ကာ ပူးလိုက်ခွာလိုက် လုပ်နေသည်။ ပုံစံက မကြာခင် လည် စင်းခံရတော့မည့် အပြစ်သားကို ဘယ်လို နည်းလမ်းနှင့် အသက်သာဆုံး သေချင်သလဲ ဟု လှောင်ပြောင်စွာ မေးခွန်း ထုတ်နေသည့် ရက်စက်တတ်သော ဧကရာဇ် တစ်ပါး အလား။
"နေသူရိန်မင်းခန့်ကို ပစ်ပြီး မင်းတို့ သားအဖ နှစ်ယောက်တည်း ငါ့ဆီ ပြန်လာခဲ့ . . ၊ ဒါဆို ဒီစာချုပ်ကို မရှိခဲ့ဘူးလို့ သတ်မှတ်လိုက်မယ်၊ အရင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကိုပါ မေ့ပြီး . . ၊ ငါ့အပေါ် လုပ်ခဲ့တဲ့ အပြစ်တွေအတွက်ပါ မင်းကို ခွင့်လွှတ်ပေးမယ်၊ ဘယ်လိုလဲ . . ၊ ဒီအခွင့်အရေးက ရခဲတယ်နော်၊ ငါ့အကြောင်းကို မင်း သိပါတယ်၊ ဟုတ်တယ်မလား . . ဝေယံ"
ဝေယံ မျက်နှာက ပြိုတော့မည့် မိုးလို ဖြစ်နေသည်။ ဒေါ်စန္ဒာခင်က စိတ် မသက်သာသည့် မျက်နှာထားဖြင့် မျက်နှာချင်းဆိုင်မှ သားဖြစ်သူကို သနား ငဲ့ညှာစွာ စိုက်ကြည့်နေသည်။ နှုတ်ခမ်းများက ရံဖန်ရံခါ လှုပ်ခတ်သွားပေမယ့် ဘယ်လို စကားသံမျိုးမှ ထွက်မလာ။ ယခု အချိန်တွင် သူမထံ၌ ဦးဝေယံဟိန်းကို တားမြစ်နိုင်သည့် အင်အားမျိုး ရှိမနေတာ သေချာသည်။
"မင်းမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ် ဝေယံ၊ စာချုပ်မှာ လက်မှတ် ထိုးမလား၊ ဒါမှမဟုတ် အားလုံးကို ပစ်ပြီး ငါ့ဆီ ပြန်လာမလား၊ ကြိုက်ရာ ရွေးလိုက် . ."
ဝေယံ အသံ တိတ်နေ၍ ဦးဝေယံဟိန်း ထပ်ပြောလာသည်။ အမှန်က ဖိအား ပေးခြင်းပဲ ဖြစ်သည်။ ဝေယံ မျက်နှာက အမှောင် ဖုံးသွားသည့် လပြည့်ဝန်းလို တဖြည်းဖြည်း ညှိုးငယ် နွမ်းချိလာသည်။ ချောင်ပိတ် ရိုက်ခံရသည့် ခွေးပေါက်လေးလို ဖြစ်နေလေပြီ။ ဤအခြေအနေကို တစ်ယောက်သော သူကပဲ ကယ်တင်နိုင်လိမ့်မည်။
နေသူရိန်မင်းခန့် ခိုင်မာစွာ ဆုံးဖြတ်ချက် ချပြီးနောက် ရဲတင်းသော စကား တစ်ခွန်းကို စပြောလိုက်သည်။
"အန်ကယ်လ်က အရမ်း တစ်ကိုယ်ကောင်း ဆန်တာပဲနော်"
နေသူရိန်မင်းခန့်၏ မထင်မှတ်ထားသော စကားက ဦးဝေယံဟိန်း ဒေါသများကို ကိုင်ဆောင့်လိုက်ပုံ ရသည်။ မျက်နှာထားက အရှိန်ပြင်းပြင်း ပေါက်ကွဲတော့မည့် မီးတောင် တစ်ခုလို မှိုင်းညှို့ အုပ်ဆိုင်းလာပြီး မီးစမီးပွားများ လွင့်စဉ် ဖြာကျလာသည်။ ငရဲမီး အလား ပူလောင်သည့် ရှေ့ပြေး ဒေါသ အစအနများပဲ ဖြစ်သည်။
"ငါ တစ်ကိုယ်ကောင်း ဆန်တာကို မပြောခင် ဒီမိသားစုအတွက် ဝေယံ လုပ်ပေးခဲ့တာတွေကို တွေးသင့်တယ်၊ ငါ့သားက မိသားစုအတွက် ဘာတွေများ ဖြည့်ဆည်းပေးခဲ့လို့လဲ၊ သူက သား တစ်ယောက်ရဲ့ တာဝန်တွေကိုတောင် မကျေပွန်ခဲ့ဘူး၊ ဒါနဲ့များ မင်းတို့ နှစ်ယောက် ပေါင်းဖက်ဖို့အတွက် ငါ့ရဲ့ အသိအမှတ်ပြုမှုကို ပြောင်ပြောင်တင်းတင်း တောင်းဆိုရဲတယ်ပေါ့၊ ဒီလို အရှက်မဲ့ရဲရအောင်အထိ မင်းကိုယ်မင်း ဘာထင်နေလဲ"
မာထန်သော ဦးဝေယံဟိန်း စကား အောက် ဝေယံ ခေါင်း ပုသွားကာ မျက်နှာ ပျက်ယွင်းသွားသည်။ သားလိမ္မာ တစ်ယောက်အဖြစ် အမြဲ နေထိုင်ခဲ့ သူ ဖြစ်တာကြောင့် ထိုစကားက ဝေယံ၏ လစ်လင်းမှုများကို မီးမောင်း ထိုးပြလိုက်သလို ဖြစ်သွားသည်။ ဝေယံ လိပ်ပြာ မလုံတော့။ ရှက်ရွံ့မှုနှင့် အတူ မျက်နှာပါ ပူလာရသည်။
သို့သော် ဟာသ မြောက်လွန်းသည့် ပြက်လုံး တစ်ခုကို ကြားလိုက်ရသလို ကျယ်ကျယ်လောင်လောင် အော်ရယ်လိုက် သူက နေသူရိန်မင်းခန့်ပဲ ဖြစ်သည်။ ထိုရယ်မောသံက တည်တင်းနေသော ဦးဝေယံဟိန်း၏ မျက်ခုံးများကို တွန့်ကျိုးသွားစေသည်။ တစ်ချိန်တည်းမှာပဲ ဒေါ်စန္ဒာခင်နှင့် ဝေယံတို့၏ အံ့သြရိပ်များ ပြည့်နေသော မျက်လုံးတွေနှင့် အကြည့် ခံလိုက်ရသည်။
မတတ်နိုင်။
ရယ်ချင်နေသည့် စိတ်များကို အတင်း ထိန်းချုပ်လိုက်ရသည်။
ထို့နောက် အားရပါးရ ရယ်မောလိုက်ခြင်းကြောင့် မျက်ခမ်းစပ်မှာ စို့နင့်လာသည့် မျက်ရည်များကို နေသူရိန်မင်းခန့် လက်ညှိုးဖြင့် အသာ သုတ်လိုက်သည်။ သုတ်လိုက်ပြီးနောက် မျက်နှာထားကို ရုတ်ခြည်း ပြင်လိုက်သည်။ ထိုအခါ ပေါ့ပျက်ပျက် အမူအရာနှင့် လူငယ်လေး တစ်ယောက်မှ လေးနက် တည်ကြည်ပြီး ရဲဝံ့သော လူ တစ်ယောက် အသွင်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ စူးရှ နက်မှောင်သည့် မျက်လုံးများကပါ ရင်ဆိုင် ခုခံ ကာကွယ်နိုင်စွမ်း ရှိသော မျက်လုံးများအဖြစ် ကူးပြောင်းသွားသည်။
"ယံက မိသားစုအတွက် အမြဲ ပေးဆပ်ခဲ့ပါတယ်၊ အန်ကယ်လ် လိုချင်သမျှကို ကလေး ဘဝက စပြီး အရွယ် ရောက်ချိန်အထိ အမြဲ ဖြည့်ဆည်းပေးခဲ့တာပဲ မဟုတ်လား၊ တစ်ခါ . . ၊ တစ်ခါလေးပဲ ကျေပွန်အောင် ဆောင်ရွက်ပေးဖို့ လစ်ဟာသွားခဲ့တာ၊ အချစ်ကြောင့် မှားယွင်းခဲ့တယ် ပြောရမှာပေါ့၊ ဒါတွေကလည်း အန်ကယ်လ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ဖြစ်လာခဲ့တာ၊ ဒီအမှားကို နားလည်ပေးပြီး ခွင့်လွှတ်ရမှာ အဖေ တစ်ယောက်ရဲ့ တာဝန် မဟုတ်ဘူးလား"
နောက်ဆုံး စကားကို နေသူရိန်မင်းခန့် ယုံကြည်ချက် ရှိစွာ ပြောလိုက်ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ကပါ ဖခင် တစ်ယောက် ဖြစ်နေ၍ သားသမီးအပေါ် လုပ်ဆောင်ပေးရမည့် ဖခင် တစ်ယောက်၏ တာဝန်နှင့် ဝတ္တရားများကို သိရှိနေပြီပဲ ဖြစ်သည်။
"ခွင့်လွှတ်တတ်အောင် နေပါ . . အန်ကယ်လ်၊ လူ တစ်ယောက်ရဲ့ လုပ်ရပ်က အမြဲ မမှန်နိုင်ဘူး၊ ခွင့်လွှတ်တတ်တဲ့ နှလုံးသား မရှိတဲ့ သူက ရှင်လျက်နဲ့ သေနေတဲ့ ဘဝမျိုးမှာ နေထိုင်ရတတ်တယ်"
ဦးဝေယံဟိန်း ခပ်သဲ့သဲ့ ရယ်သည်။ ရိုင်းပြစွာ စော်ကား ခံလိုက်ရတာတွေအတွက် ပြန်၍ တုံ့ပြန်ချင်ဟန် အပြည့် ရှိသည်။
"မင်းလို မနူးမနပ် အရွယ်နဲ့ ယဉ်ကျေးမှု မရှိတဲ့ သူက ဒီလို စကားမျိုးတွေလည်း ပြောတတ်တယ်ပေါ့၊ နားထောင်ရတာ ဆီလျော်မှု မရှိလိုက်တာ"
"ဘာလို့လဲ၊ ဒဏ်ရာပေါ် ဆား ဖြူးခံလိုက်ရလို့လား"
နေသူရိန်မင်းခန့် မျက်လုံးများက တွန့်ဆုတ်မှု မရှိ ပြင်းပြင်းပြပြ တောက်ပနေသည်။ ရိုင်းပြခြင်း တံခါးပေါက်ကို ဆွဲဖွင့်လိုက်ပြီ ဖြစ်၍ အဆုံးအထိ သွားတော့မည့် ပုံ ပေါ်နေသည်။ ဘရိတ် ပေါက်သွားသည့် ကား တစ်စီးလို အရှိန် သတ်မရတော့ဘဲ အန္တရာယ် များသည့် နှုန်းထားဖြင့် လမ်းမပေါ် ပြေးလွှားနေပြီပဲ ဖြစ်သည်။ လာရောက် ပိတ်ကွယ် တားဆီးပါက အသေ တိုက်သတ်ပစ်တော့မည့် အန္တရာယ်၏ ဖမ်းစားမှုများပါ စွန်းထင်းနေသည်။
"လူ တစ်ယောက် အကြောင်း သိချင်ရင် သူတို့ကို ဒေါသ ဖြစ်စေတဲ့ အရာကို ရှာရမယ် ဆိုတဲ့ စကား တစ်ခွန်း ရှိတယ်၊ ဘာကြောင့် ယံ့ကို အပြစ် ပြောရတာလဲ၊ ကျွန်တော့်ရဲ့ အပြုအမူ . . အပြောအဆိုတွေက ရိုင်းလှပြီ ထင်တယ်ပေါ့"
နေသူရိန်မင်းခန့် စကားပြောနေရင်းမှ ဟက်ခနဲ ခပ်ရွဲ့ရွဲ့ ရယ်လိုက်သည်။
"အန်ကယ်လ်ရဲ့ ပြဿနာက ဒါပဲ၊ သူများ ဘဝကိုကျ စိတ်ကြိုက် ဝေဖန်သွားပြီး . . ကိုယ့်အလှည့် အပြောခံရတော့ မခံစားနိုင်ဘူး၊ ဒီလောက်တောင် ခါးသီးနေရင် အန်ကယ်လ်ကို ယောက္ခမအဖြစ်ကနေ စွန့်လွှတ်ပေးမယ်လေ၊ ဘယ်လိုလဲ . . ၊ ဒါဆို ကျွန်တော့်ကို သားမက်အဖြစ် လက်ခံစရာလည်း မလိုတော့ဘူးပေါ့၊ မကောင်းဘူးလား"
ပြောလို့ ပြီးသည့်အခါ ထပ်၍ နားထောင်စရာ အကြောင်း မရှိတော့ပုံဖြင့် နေသူရိန်မင်းခန့် ဝေယံ့ လက်ကို ဆွဲပြီး ဆိုဖာမှ ထသည်။ ပျော့ခွေနေသော ဝေယံ၏ ခန္ဓာကိုယ်က နေသူရိန်မင်းခန့် လက်ထဲ အရုပ် တစ်ရုပ်လို ပေါ့ပါးစွာ ပါလာသည်။ သူ နည်းနည်းတော့ နာကျင်သွားသည်။
ဧည့်ခန်းမှ မထွက်ခင် ဒေါ်စန္ဒာခင်ကို နေသူရိန်မင်းခန့် တစ်ချက် ဦးညွှတ်ပြီး နှုတ်ဆက်လိုက်သည်။ ဒေါ်စန္ဒာခင်က နွမ်းဖျော့သော အပြုံးဖြင့် အသိအမှတ်ပြုစွာ တစ်ချက်သာ ပြုံးပြသည်။ မျက်လုံးများက ဦးဝေယံဟိန်းကို နားလည်ရခက်စွာ ငေးကြည့်နေသည်။ စိတ်ပူသည့် ဟန်ပန်များပါ ရောပါနေသည်။ ဦးဝေယံဟိန်းက ကြောင်အစွာ ငြိမ်သက်လျက်။ အစောပိုင်းက နေမင်းကြီးထံမှ ကြားလိုက်ရသော စကားများကို မယုံနိုင်ပုံဖြင့် မှင်သေနေသည်။
"တောင်းပန်ပါတယ်၊ ယံ့ကို ပြောခဲ့တဲ့ စကားတွေကို မနှစ်မြို့တာကြောင့် ပြောထွက်မိသွားတာပါ"
နေသူရိန်မင်းခန့် တောင်းပန် စကား ဆိုတော့ ဝေယံက ခေါင်းညိတ်ရုံသာ ညိတ်သည်။ အပြုအမူများက ဝိညာဉ် ကင်းလွတ်နေသည့် လူ တစ်ယောက်လို ဖြစ်နေသည်။ ခန္ဓာကိုယ် အခွံသက်သက်ဖြင့် သွားလာ လှုပ်ရှားနေသလို။ နေသူရိန်မင်းခန့် ဝေယံ့ လက်ကို တွဲပြီး ဧည့်ခန်းမှ ထွက်လာခဲ့သည်။
လှေကားရင်းသို့ ရောက်သည့်အခါ အစောပိုင်းက စကားဝိုင်း၌ အနိုင် အရှုံး မပြတ်သားဘဲ တိုးလိုးတန်းလန်း ချန်ထားခဲ့မိတာကို သူ သတိရသွားသည်။ ဒီပုံစံအတိုင်းဆို နောက်တစ်နေ့ ထပ်မံ ဆုံပြီး အဆုံးအဖြတ်ကို ခံယူနေရဦးမည် ဖြစ်သည်။ တော်သင့်ပါပြီ။ စာချုပ် ကိစ္စကြောင့် ဝေယံ အများကြီး နာကျင် ပင်ပန်းခဲ့ရတာ ဖြစ်၍ နောက်ထပ် မလုပ်တော့ဖို့ လုံလောက်နေပြီ ဖြစ်သည်။
နေသူရိန်မင်းခန့် လှေကားပေါ် လှမ်းတော့မည့် ခြေလှမ်းများကို ခဏ ရပ်ကာ ခန္ဓာကိုယ်ကို နောက်သို့ လှည့်ရင်း စကား တစ်ခွန်း အော်ပြောလိုက်သည်။ ထိုစကားက ဦးဝေယံဟိန်း၏ နှလုံးသားကို အရှိန်အဟုန် ပြင်းပြင်း ရိုက်ချလိုက်သလို ခါးခါးသီးသီး နာကျင်သွားစေသည်။ ရင်ဘတ်ထဲပါ အောင့်သက်သက် ဖြစ်သွားရသည်။
"စကားမစပ် . . ကျွန်တော်တို့ နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို အန်ကယ်လ် လာစရာ မလိုဘူးနော်၊ သိတယ်မလား . . ၊ လက်ထပ်ပွဲ ဆိုတာ သူစိမ်းတွေ တက်ရောက်ရမယ့် အခမ်းအနားမျိုး မဟုတ်ဘူးလေ"
နေသူရိန်မင်းခန့် ခပ်ရိရိ အပြုံးမျိုးကို ပြုံးပြပြီးနောက် ဝေယံ့ လက်ကို ဆွဲပြီး အပေါ်ထပ်သို့ တက်သွားလိုက်သည်။ နောက်တွင် ဘယ်လိုဘယ်ပုံ ကျန်ရစ်နေခဲ့မည်ကို သူ နည်းနည်းမှ စိတ်မဝင်စား။ လှမ်းသွားသော ခြေလှမ်းများက လှေကားနှင့် လုံးဝ မထိလိုက်သလို လွတ်လပ် ပေါ့ပါးနေသည်။
"ဇနီးမယား တစ်ယောက်အတွက် လင်ယောကျာ်းဟာ အလေးထား ဆက်ဆံရမယ့် ပုဂ္ဂိုလ်ပဲ၊ သူ ဘာလုပ်လုပ် . . သူ ဘာထင်ထင် အရာအားလုံး မှန်တယ်"
တိတ်ဆိတ်နေသည့် ဧည့်ခန်းထဲ ဒေါ်စန္ဒာခင်၏ စကားသံ တိုးတိုးက ခပ်လွင့်လွင့် ထွက်ပေါ်လာသည်။
ဦးဝေယံဟိန်း ခေါင်း ငိုက်စိုက်လျက် အတွေး များနေရာမှ ဇနီးဖြစ်သူ စကားကြောင့် ဖျတ်ခနဲ မော့ကြည့်လိုက်မိသည်။ ဒေါ်စန္ဒာခင်က နွမ်းဖျော့သည့် မျက်လုံးများနှင့် ငေးကြည့်နေခဲ့သည်။ ထိုမျက်လုံးများထဲမှ မြတ်နိုး တန်ဖိုးထားမှုကို ထင်ထင်ရှားရှား မြင်ရသည်။ သို့သော် ခင်ပွန်း တစ်ယောက်အပေါ် ယုံကြည် အားကိုးလိုသည့် ဇနီး တစ်ယောက်၏ တွယ်တာမှု အရောင်အဝါတို့က ယခင်လောက် လင်းဖြခြင်း မရှိတော့တာကို ဦးဝေယံဟိန်း ထိတ်လန့်စွာ သတိပြုမိလိုက်သည်။
သူ အံ့သြသွားသည်။
"ကို့ရဲ့ မြတ်နိုးမှုတွေကြောင့် သားကို မွေးဖွားလာခဲ့တာ မှန်တယ်၊ သားကို အချစ်တွေ အများကြီး ပေးအပ်ခဲ့တာ မှန်တယ်၊ ကို့ရဲ့ လက် နှစ်ဖက်နဲ့ သားကို တန်ဖိုးထား ပျိုးထောင်ခဲ့တာ မှန်တယ်၊ ဒါပေမယ့် သားကို ချုပ်ချယ်ခဲ့တာတော့ မှားတယ်၊ သားကို အိမ်က ထွက်သွားခွင့် ပေးခဲ့တာလည်း မှားတယ်၊ မိခင်နဲ့ သားကို ကွဲကွာစေခဲ့တာလည်း မှားတယ်၊ မိသားစုကို ကွဲကြေစေတာလည်း မှားတယ်၊ အိမ်ထောင် တစ်ခုရဲ့ စံပြပုဂ္ဂိုလ် တစ်ယောက်ဟာ အမှားတွေ အများကြီးကို မကျူးလွန်ရဘူး၊ ဒါပေမယ့် ကိုကတော့ ဒီအမှားတွေကို ဆက်တိုက် ဖန်တီးခဲ့တယ်၊ ဒီပုံစံက အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ရဲ့ ပုံစံ မဟုတ်ဘူး၊ အလေးထား ဆက်ဆံရမယ့် လင်ယောကျာ်း တစ်ယောက်ရဲ့ ပုံစံ မဟုတ်ဘူး"
ထိုစကားများကို ဒေါ်စန္ဒာခင် ဆက်တိုက် ပြောလာခြင်း ဖြစ်သည်။ ဦးဝေယံဟိန်း တစ်ခုခု ခွန်းတုံ့ပြန်ဖို့ ကြိုးစားပေမယ့် အမှန်တရားများ ဖြစ်နေသည့် ခြိမ်းခြောက်မှုကြောင့် နှုတ်ဆိတ်နေမိသည်။ တကယ်တမ်း ဦးဝေယံဟိန်းထံ၌ ပြောစရာ စကားတွေ အများကြီး ရှိနေသည်။ သို့သော် ယခု အချိန်၌ ထိုစကားများဟာ ပြောဖို့ မလိုအပ်တော့။ နားထောင်ဖို့လည်း မလိုအပ်တော့။ အချိန် လွန်သွားခဲ့ပြီပဲ ဖြစ်သည်။
"သားကို စွန့်လွှတ်ရတာ ကို့အနေနဲ့ မခံစားရဘူးလား"
ဒေါ်စန္ဒာခင် ဦးဝေယံဟိန်း၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်ပြီး မေးလာသည်။ စိုက်ကြည့်လာသော မျက်လုံးများတွင် ညှို့ယူ ဆွဲဆောင်မှုများ ပါနေသည်။ ထို့နောက် ဆိုဖာမှ ထကာ ဦးဝေယံဟိန်း ထိုင်ရာ အနီး တိုးကပ်ပြီး ကြွေပြားများ ကပ်ထားသည့် ကြမ်းပြင်ပေါ် ဒူးတုပ်လျက် ထိုင်ချလိုက်သည်။ ဦးဝေယံဟိန်း စိတ်လှုပ်ရှားကာ အနည်းငယ် စွန့်အသွားသည်။
တောင်းဆိုသည့် မျက်လုံးများနှင့် ကြင်နာစွာ မော့ကြည့်ပြီးနောက် နူးညံ့ ဖြူသွယ်နေသည့် သူမ လက်ချောင်းများကို ဦးဝေယံဟိန်း ဝဲရာ ရင်ဘတ်ပေါ် ဒေါ်စန္ဒာခင် တင်လိုက်သည်။ ဖိကပ်လာသော လက်ချောင်းများ အောက်တွင် တဒုတ်ဒုတ် လှိုက်ခုန်နေသော နှလုံးသား တစ်ခု ရှိနေသည်။ အေးစက်သော နှလုံးသား တစ်ခုပဲ ဖြစ်သည်။ သို့သော် နွေးပူသော နှလုံးသား၏ လှုပ်ရှားသံကိုတော့ ထိကပ်ထားသော လက်ဖျားများမှ တစ်ဆင့် ကောင်းမွန်စွာ ခံစားရသည်။ ဒေါ်စန္ဒာခင်၏ လက်ဖျားထိပ်၌ နွေးမြသည့် အပူဓာတ်ကလေး တစ်ခု မသိမသာ ရွေ့လျားနေသည်။
"ဒီမာကျော အေးစက်တဲ့ နှလုံးသားရဲ့ အောက်မှာ သားကို တန်ဖိုးထား ချစ်မြတ်နိုးပြီး နွေးထွေးတဲ့ ခံစား သက်ဝင်မှုလေး တစ်ခုတော့ မျှင်မျှင်ကလေး ရှင်သန်နေဦးမယ် ဆိုတာ ခင် သိပါတယ်၊ ကျေးဇူးပြုပြီး တောက်လောင်တဲ့ အတ္တတွေရဲ့ လောင်ကျွမ်း ဝါးမျိုမှုကို မခံလိုက်ပါနဲ့ . . ၊ ဒီထက်ပိုပြီး နောက်ကျမသွားခင် ဆုံးဖြတ်ချက်တွေကို ပြန်ပြီး ပြင်ဆင်ပေးပါ၊ မိဘတွေ လိုချင်တာ သားသမီးရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုပါ၊ ဒါကို ဖြည့်တင်းပေးဖို့ . . ကိုနဲ့ ခင့်မှာ တာဝန် ရှိနေတယ်"
စကား ဆုံးသည့်အခါ ဦးဝေယံဟိန်း သူ၏ ရင်ဘတ်ပေါ် ဖိကပ်ထားဆဲ ဖြစ်သော ဒေါ်စန္ဒာခင်၏ လက်ပေါ် ညာဘက်လက် တင်ပြီး ယုယစွာ ဆုပ်ကိုင်မိသည်။ လက် နှစ်ဖက် ပေါင်းစပ်သွားသည့် တစ်ခဏ ဒေါ်စန္ဒာခင်၏ လက်ဖျားဆီမှ နွေးပူနေသော လှုပ်ခတ်မှုက ဦးဝေယံဟိန်းထံသို့ လျင်လျင်မြန်မြန် စီးကူးသွားသည်။ ထိုအခိုက် အသိတရား တစ်ခု ဖျတ်ခနဲ ရလိုက်သလို မထင်မှတ်ထားသော စကား တစ်ခွန်းက ဦးဝေယံဟိန်း နှုတ်မှ ထွက်ကျလာသည်။
"ကိုယ် မှားသွားတယ်"
ဦးဝေယံဟိန်း အံ့သြသွားသည်။
ထိုစကားကို သူ၏ နှုတ်မှ ထွက်လာသည် ဟု မယုံချင်။
သို့သော် နှလုံးသားက သိသိသာသာ လှုပ်ရှားသွားသည်။ နှစ်ပေါင်းများစွာ ကျူးလွန်ထားသည့် ကိစ္စ တစ်ခုကို ခွင့်လွှတ်နိုင်မည့် လူ တစ်ယောက်ထံ ဝန်ခံလိုက်ရသလို ပေါ့ပါး လှိုက်ခုန်သွားသည်။
ဝန်ခံရပါက မှားပါသည် ဟူသော စကားမျိုးကို ဘယ်တုန်းကမှ ဦးဝေယံဟိန်း မပြောဖူးခဲ့။ အလုပ်မှာ ဖြစ်စေ၊ အိမ်မှာ ဖြစ်စေ မှားသည် ဟုသော စကားမျိုး ဘယ်သောအခါမှ မသုံးခဲ့ဖူးပေ။ လုပ်ခဲ့သည့် ကိစ္စ အရပ်ရပ်နှင့် ဖန်တီးခဲ့သော ဖြစ်ရပ်များအပေါ် မှန်သည် ဟုသာ တရားသေ တွက်ထားခဲ့သည်။ လုပ်တိုင်း တင့်တယ်၊ ကြံတိုင်း အောင်သည် ဟု ကိုယ့်ကိုယ်ကိုယ် သွေး နားထင် ရောက်သည်အထိ အထင်ကြီးခဲ့သည်။ တွေးကြည့်ပါက သူ သိပ် အတ္တကြီးခဲ့တာပဲ ဖြစ်သည်။
ထိုသို့သော လူမျိုးအား စိတ်ပျက်ခြင်း မရှိ နှစ်တွေ အကြာကြီး ချစ်မြတ်နိုးနိုင်သည့် ဒေါ်စန္ဒာခင်ကို ဦးဝေယံဟိန်း အံ့သြမိသည်။ ထိုခဏ တွယ်တာမှု အပိုင်းမှာ အရောင် မှိန်လာသော ဇနီးဖြစ်သူ၏ မျက်လုံးများကို မြင်ယောင်မိသွားတာမို့ ရုတ်ခြည်း စိုးရိမ်သွားရသည်။
"မေ . . ၊ ကျေးဇူးပြုပြီး ကိုယ့်ကို မမုန်းလိုက်ပါနဲ့နော်"
ဦးဝေယံဟိန်း ဒေါ်စန္ဒာခင် လက်ကို ဆွဲယူပြီး ပါးပြင်မှာ ကပ်ထားလိုက်သည်။ ထို့နောက် လက်ဖမိုးကို နှုတ်ခမ်းများဖြင့် ခပ်ဖွဖွ ထိတို့ နမ်းရှိုက်မိသည်။ ထိုလက်ဖျားများဆီမှ သင်းမွှေးသော ချစ်ခြင်းမေတ္တာ ရနံ့ကို သဲ့သဲ့လေး ရလိုက်သည် ဟု ထင်မိသည်။
"ဒါတွေက အဖေ တစ်ယောက်အနေနဲ့ သားကို သိပ် ဖြစ်စေချင်လွန်းလို့ မရည်ရွယ်ဘဲ ဖြစ်သွားရတဲ့ ကိုယ့်ရဲ့ မှားယွင်းမှုတွေပါ"
ထိုအခါ ဒေါ်စန္ဒာခင် တိုးတိုးလေး ရယ်မောလိုက်သည်။ ထိုရယ်မောသံတွင် ချစ်မဝနိုင်သည့် အရိပ်ကလေးများ ဖြတ်ပြေးနေသည်။
"ခင်ကိုယ်တိုင်က မုန်းချင်ရင်တောင် ခင့်နှလုံးသားက ကို့ကို မုန်းဖို့ နည်းနည်းလေးတောင် ခွင့်ပြုမှာ မဟုတ်ဘူး"
ချစ်မိခြင်းကို
စိတ်ကုန်ခြင်းနှင့်
ဖာထေး အုပ်မိုးပစ်လျှင်တောင်
ဘယ်သောအခါမှ ခရီးဆုံးအထိ ရောက်နိုင်မည် မဟုတ်။
ဒီလောက်အထိ
သူမထံ၌ အချစ်စိတ်များ
မကုန်နိုင် မခန်းနိုင် တိုးပွားနေရသည်။
"ဒါကြောင့် စိတ်မပူနဲ့နော်"
နောက်ဆုံး စကားက တိုးတိုးလေး။
သို့သော် ဦးဝေယံဟိန်း သေချာစွာ ကြားလိုက်ရသည်။
~•~ S U N ~•~
12 / November / 2021
5 : 52 PM