"နေရောင်ကိုကျောခိုင်းထားတဲ့နေကြာ"
အပိုင်း (၁၆)
ကိုခန့် နိုးလာသည့်အချိန်တွင် ခေါင်းကထိုးကိုက်နေပြီး အားခေါင်များခြောက်ကပ်နေသည်။ မျက်လုံးများဖွင့်ဖို့ပင် အတော်လေးအားယူနေရသည်။ အားယူပြီးထလိုက်သော်လည်း ကိုယ်က မထိန်းနိုင်သည့်အတွက် ပြန်လှဲနေလိုက်ရသည်။ ထို့ကြောင့် ကိုမြတ်ဆီသို့ ဖုန်းလှမ်းဆက်ရသည်။ ကိုမြတ်က ဂျူတီရှိသော်လည်း ပြန်လာမည်ဟု အကြောင်းပြန်သည်။
ကိုမြတ်ရောက်လာပြီး ဆေးထိုးပြီးသည့်တိုင်အောင် ကိုခန့်က မသက်သာခဲ့။
"ခန့် ကိုပြောတာကြားရဲ့လား "
ကိုခန့် ခေါင်းညိတ်ပြလိုက်မိသည်။ ခေါင်းညိတ်ပြလိုက်သော်လည်း လူကနုံးချိနေသည်။ ကြားရုံသာကြားရပြီး ခေါင်းများမူနောက်နေသည်။
"ဘယ်လိုဖြစ်ပြီး ဒီလောက်ဖျားရတာလဲ... ဆေးခန်းသွားမလား"
ကိုမြတ်မေးသည့်အခါ ကိုခန့် ခေါင်းခါပြမိသည်။
"ဒါဆိုရင်လည်း ထ .. ဆန်ပြုတ်စားပြီး ဆေးသောက်ရအောင် ကိုယ်ထူပေးမယ်"
"မ စား ချင် ဘူး"
ထိုစကားလေးလုံးကိုပင် ကိုခန့် အတော်အားယူပြီး ပြောလိုက်ရသည်။ တစ်ကိုယ်လုံးကိုက်ခဲနေပြီး နုံးနေသည့်အတွက် ကိုခန့်မထချင်ပါ။ ထို့နောက် မျက်လုံးများမှိတ်ပြီး ပြန်အိပ်ပျော်သွားတော့သည်။
မြတ်မင်းသာက ဆေးရုံကိုပြန်သွားရမည်ဖြစ်သည့်အတွက် ကိုခန့်နိုးလာမှ တစ်ခုခုကျွေးပြီး ဆေးတိုက်ရန် မေမြတ်ကို မှာရသည်။
"မြတ် အဆင်ပြေရဲ့လား အကိုပဲ စောင့်ပေးရမလား"
"မစောင့်ပါနဲ့ .. ကိုမြတ် ဂျူတီရှိတယ် မဟုတ်ဘူးလား .. ကိုကိုက ဘယ်ချိန်နိုးမယ်မှန်းမသိဘူး မြတ်သင်တန်းမသွားတော့ဘူး.. မြတ်ပဲ စောင့်ပါ့မယ်"
"အင်း.. အကို နေ့လည်ပြန်လာရင် ဝင်ခဲ့ပါ့မယ်"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုမြတ်"
"ရေပတ်တိုက်ပေးလိုက်ရင် ကောင်းမယ်ထင်တယ် မြတ်လေး"
"ဟုတ်ကဲ့ မြတ်လုပ်လိုက်ပါ့မယ်"
ပိုင်ငယ်က ကိုခန့်ဖုန်းကို ခေါ်နေသော်လည်း ဖုန်းမကိုင်သဖြင့် ထိုင်မရ ထမရဖြစ်နေသည်။
ပိုင်ငယ်နှင့် နှင်းက Pre Wedding ရိုက်ရန် ဝတ်စုံရွေးနေခြင်းဖြစ်သည်။ မနေ့က ကိုခန့်နှင့်တွေရသည်က ပျော်စရာကောင်းစရာကောင်းပြီး ယခုအချိန်ကို ပိုင်ငယ် မပျော်ပါ။
လူကြီးများက ဝတ်စုံရွေးရန်ပြောလာသဖြင့် ပိုင်ငယ် လက်ခံခဲ့ရသည်။ ကျောင်းပြီးပါက လက်ထပ်တော့ဟု ပြောလာသဖြင့် စီစဉ်စရာများ စီစဉ်ကြရသည်။ အရင်ဆုံး Pre Wedding ရိုက်ရမည်ဖြစ်သည့်အတွက် Wedding Studio သို့ရောက်နေကြသည်။ ဝတ်စုံအရင် ရွေးရမည်ဖြစ်သည့်အတွက် ပိုင်ငယ်က နှင်းနှင့်အတူရောက်လာခဲ့ရခြင်းပင်။
"ပိုင်"
"အင်း နှင်း.. ရပြီလား ကိုယ်ကြည့်ပေးမယ်လေ"
"မဟုတ်ဘူး...ကိုခန့်ကို ခေါ်လိုက်ပါလား ပိုင်"
"ဟင် .. သူ့ကိုခေါ်ပြီး ဘာလုပ်မလို့လဲ နှင်း"
"ကူရွေးခိုင်းမယ်လေ.. နှစ်ယောက်ရွေးတာထက် သုံးယောက်ရွေးတာကပိုမကောင်းဘူးလား"
ပိုင်ငယ် သက်ပြင်းချလိုက်မိသည်။ နှင်း ဘာလုပ်ချင်သည်ကို ပိုင်ငယ်သိပါသည်။
"နှင်းရယ် ဘာတွေလုပ်ချင်ပြန်တာလဲကွာ.. ဝတ်စုံရွေးတာက ကိုခန့်လိုလို့လား ကိုယ်တို့ပဲရွေးရမှာလေ"
"ခေါ်ပေး ပိုင်"
"နှင်း.."
"ဘာလဲ ပိုင်.. သူကို့ ပိုင်ကြိုက်နေလို့လား... ဒါမှမဟုတ် သူက ပိုင့်ကို ကြိုက်နေလို့လား"
"နှင်း မင်း...မင်း လွန်မလာနဲ့"
"ဘာလဲ ပိုင်.. အနာပေါ်တုတ်ကျသွားတာလား"
"နှင်း.. မင်းကွာ"
"ဒါမှမဟုတ် အနာရှိလို့ စပ်တာလား"
"နှင်း တော်လိုက်တော့.. ကိုယ်ခေါ်ပေးရင် ရပြီမဟုတ်လား.. ခေါ်ပေးမယ်ကွာ"
"ရပြီလေ.. ခေါ်ပေး.. မြန်မြန်လာခိုင်းလိုက်"
သို့သော် ပိုင်ငယ် ခေါ်နေသည့် ဖုန်းကို ကိုခန့်က တော်တော်နှင့် မကိုင်ပါ။ ကိုးကြိမ်မြောက်ခေါ်မှ ကိုခန့်က ဖုန်းကိုင်လေသည်။ ကိုခန့်က လာတွေ့ရန် ငြင်းလိမ့်မည်ဟု ပိုင်ငယ်ထင်ခဲ့မိသည်။
သို့သော် ကိုခန့်က လာခဲ့မည်ဟုသာပြောပြီး ဖုန်းချသွားလေသည်။
ကိုခန့် နိုးလာသည့်အချိန်တွင် မေမြတ်က ဆန်ပြုတ်စားခိုင်းပြီး ဆေးသောက်စေသည်။ ဆေးထိုးလိုက်သဖြင့် သက်သာသွားသော်လည်း လူက နုံးနေသေးသည်။ ခေါင်းကလည်း တရိပ်ရိပ်မူးနေသည်။
"ကိုကို ဂျူတီမသွားဘူးမဟုတ်လား"
"သွားရမယ် မြတ်လေး"
"ဟင် ဒီပုံစံနဲ့ ဘယ်လိုသွားမှာလဲ .. ကိုမြတ်ကလည်း အပြန်ကျရင် လာခဲ့မယ် ပြောသွားတာ"
"ရတယ် မြတ်လေး ... ဟို ... ကိုကို အခု အပြင်သွားမလို့...ခဏပဲသွားပြီးပြန်လာမယ်"
"ကိုကို ဘယ်သွားမှာလဲ"
"ပိုင်ငယ် .. ခေါ်လို့"
"ကိုကို ရူးသွားတာလား.. ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်သွားမှာလဲ.. လမ်းမှာမူးလဲသွားလိမ့်မယ်"
"ကားမယူဘူး မြတ်လေး တက္ကစီစီးသွားမှာ"
"ကိုကို"
"ခဏပါပဲ မြတ်လေးရယ် နော်"
ထို့နောက် ကိုခန့်က အဝတ်အစားလဲကာ ထွက်ခဲ့လိုက်သည်။ ပိုင်ငယ်က သူ၏ မင်္ဂလာဝတ်စုံကို ကူရွေးပေးရန် တောင်းဆိုလာသည်။ အကြိမ်ကြိမ်ခေါ်ထားသော ဖုန်းအဝင်များက ကိုခန့်ကို တစ်စစီခြွေမွဖို့ ဖြစ်နေခဲ့သည်။ သို့သော် ကိုခန့်က ပိုင်ငယ်၏ သတို့သားဝတ်စုံနှင့် ပုံကို မြင်ချင်ပါသည်။ ထို့အပြင် ပိုင်ငယ် တောင်းဆိုသည်ကို ကိုခန့် ငြင်းနိုင်စွမ်းမရှိခဲ့ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။
တက္ကစီပေါ်မှ မြင်ကွင်းများက ဝေဝါးလာသည့်အတွက် ကိုခန့် မျက်လုံးများကို မှိတ်ထားလိုက်မိသည်။ ထိုအခိုက်တွင် ကိုခန့် ပါးပြင်ထက်သို့ မြစ်တစ်စင်းက ဖြတ်သန်းစီးဆင်းခဲ့သည်။ နာကျင်သည်။ ထပ်ခါထပ်ခါ နာကျင်ရသည်။ သို့သော် ကိုခန့်ကတော့ ထို နာကျင်မှုကိုပင် ဖက်တွယ်ထားဆဲ။
'တစ်ချို့ခံစားချက်တွေက ဘာနဲ့မှဖော်ပြခွင့်မရှိတဲ့အခါ
မျက်ရည်အဖြစ် ပြောင်းလဲ စီးဆင်းပါတယ်'
'မင်း အကြိမ်ကြိမ်နာကျင်စေဖို့ ရွေးချယ်လိုက်တဲ့သူက
ကိုယ် ဖြစ်နေခဲ့ရင်
ကိုယ်က အကြိမ်ကြိမ်နာကျင်ရဖို့ကိုပဲ
ကျိန်းသေ ရွေးချယ်ပေးပါ့မယ်'
ကိုခန့် ကားမမောင်းနိုင်သဖြင့် တက္ကစီဖြင့်သာ Forever Wedding Studio သို့ရောက်လာခဲ့သည်။
Forever Wedding Studio က နာမည်ကြီးဖြစ်ပြီး ဝတ်စုံများမှာလည်း အတော့်ကိုလှသည်။ ဆက်ဆံရေးကောင်းသည့်အတွက် လူအများနှစ်သက်ကြသည်။ Wedding နှင့် ပတ်သက်ပြီး တစ်နေရာတည်းတွင် စီစဉ်နိုင်သည့် Studio များထဲတွင် နာမည်ကြီးသည်။ ပိုင်ငယ်ရွေးချယ်ထားသည်က မမှားပေ။
ကိုခန့် အထဲသို့ ဝင်သွားသည့်အခါ ပိုင်ငယ်နှင့် နှင်းက Tablet ဖြင့် ဝတ်စုံများကို ရွေးနေကြသည်။ ပိုင်ငယ်က နှင်းကို ပြုံးရင်းကြည့်နေခဲ့သည်က ကြည်နူးဖွယ်ရာပင်။ လိုက်ဖက်လွန်းသည့် လူသားနှစ်ယောက်က ကိုခန့်နှလုံးသားကိုတော့ နာကျင်စေရန်သာ ဖန်တီးပေးခဲ့သည်။ ကိုခန့် ပြုံးရင်း ဝင်သွာလိုက်မိသည်။
"ပိုင်ငယ်"
"အာ.. ကိုခန့်လာ.. ရောက်လာတာ မြန်သားပဲ"
"အင်း ကိုယ်အားနေတာနဲ့ ချက်ချင်းထွက်လာလိုက်တာ"
"ရွေးတော့ ရွေးထားတယ် Pre Wedding အတွက်ပဲလေ ကိုခန့် ကူကြည့်ပေးဦး"
ပိုင်ငယ် ပေးလာသည့် Tablet ကို ကိုခန့်ယူကြည့်လိုက်သည်။ ရွေးထားသော ဝတ်စုံများက အတော့်ကို လှသည်။ ပိုင်ငယ်က ဖက်ရှင်အမြင်လည်းအတော်တန်ရှိသည့်အတွက် ရွေးချယ်ထားပုံမှာ စနစ်ကျလှသည်။
"လှတယ် ပိုင်ငယ်"
ထို့နောက် တိတ်ဆိတ်နေသည့် နှင်းက စကားဝင်ပြောသည်။ နှင်း၏ စကားသံများသည် အောင်ပွဲရစစ်သူကြီးပမာပင်။
"နှင်း သေချာဝိုင်းရွေးထားတာလေ ကိုခန့်.. လှတယ်မဟုတ်လား"
"ဟုတ်လား နှင်းက တော်လိုက်တာ .. အမြင်ရှိတယ်.. ဝတ်စုံတွေက လှတယ်"
"ကျေးဇူးနော် ... နောက်လထဲ Pre Wedding ရိုက်ရင် ကိုခန့်လည်းလိုက်ခဲ့လေ"
"ဟုတ်ကဲ့ နှင်း .. ကျွန်တော် ဂျူတီမရှိရင် လိုက်ခဲ့ပါ့မယ်"
"ဂျူတီရှိရင် ချိန်းလိုက်လေ ကိုခန့်ရဲ့.. မရဘူးလား"
"ရပါတယ် နှင်း"
"အဟင်း ကိုခန့်က Idea ကောင်းတယ်တဲ့ .. Wedding ကျရင်လည်း ကိုခန့်ဆီက Idea တောင်းရမယ်"
"မဟုတ်ပါဘူး နှင်းရယ်"
နှင်းကို ဆက်မပြောစေလိုသဖြင့် ပိုင်ငယ်က စကားဝင်ဖြတ်ပေးလိုက်ရသည်။
"ကိုခန့်က Wedding တွေ စီစဉ်ဖူးတာမှမဟုတ်ပဲ နှင်း... ကိုယ်တို့ Studio မှာပဲ အပ်မှာလေ"
"အာ ဟုတ်သားပဲ ကိုခန့်မှ လက်မထပ်ဖူးတာ... ဒါနဲ့ ကိုခန့်က လက်မထပ်တော့ဘူးလား"
ကိုခန့်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ပြန်ဖြေသည်။
"ကျွန်တော်က ကြိုးစားရဦးမှာ နှင်း လိုပါသေးတယ်.. လက်ထပ်ဖို့အထိ အဆင်သင့်မဖြစ်သေးလို့ပါ"
"ဟုတ်သားပဲ... ပြီးတော့ ချစ်သူလည်း မရှိသေးဘူးမဟုတ်လား"
"ဟုတ်ကဲ့"
"ကိုခန့်က ချောတာပဲ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာကို ရည်းစားမထားဘူးနော်.. ဘာလဲ ကောင်မလေးတွေကို စိတ်မဝင်စားဘူးလား"
"မဟုတ်ပါဘူး နှင်း.. ကျွန်တော် အချိန်မပေးနိုင်လို့ပါ"
"အချိန်ကတော့ သူ့အလိုလို ဖြစ်သွားပါလိမ့်မယ် .. ရည်းစားလေးဘာလေး ထားကြည့်လေ ကိုခန့်"
ကိုခန့်က နှင်းပြောသည့် ထိုစကားများကိုတော့ တုံ့ပြန်ခြင်းမရှိခဲ့ပါ။
ထို့နောက် ပိုင်ငယ်နှင့် နှင်းက ရုပ်ရှင်ကြည့်မည်ဆိုသောကြောင့် ကိုခန့် ပြန်လာခဲ့လိုက်သည်။ ရုပ်ရှင်ရုံတွင် အေးမည့် အအေးဒါဏ်ကို ကိုခန့်ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် ကိစ္စရှိသည်ဟု အကြောင်းပြကာ ပြန်လာမိသည်။
ကိုခန့် အိမ်ပြန်ရောက်ချိန်တွင် မြတ်မင်းသာက ရောက်နှင့်နေသည်။
"ခန့် ဘယ်တွေသွားနေတာလဲ... နေမကောင်းပဲနဲ့ကွာ"
"ကိုမြတ် ရောက်နေပြီလား"
ထို့နောက် မြတ်မင်းသာက ကိုခန့်ကို အခန်းထဲသို့ခေါ်လာကာ ကုတင်ပေါ်တွင် လှဲစေသည်။
"လမ်းမှာ မူးလဲသွားရင် ဘယ်လိုလုပ်မှာလဲ ခန့်"
ကိုခန့်က မြတ်မင်းသာ၏စကားကို ပြုံးလိုက်ပြီး လက်ကိုင်အိတ်ထဲမှ Note စာရွက်လေးကို ထုတ်ပြသည်။ ထိုစာရွက်တွင် အလွန်လှသော လက်ရေးလေးများဖြင့် ရေးထားသည့်စားလုံးလေးများ။
'ဒေါက်တာမြတ်မင်းသာ၊ ဖုန်း - ၀၉၅၀xxxxx' ဟူ၍ ဖြစ်လေသည်။
"ကျွန်တော်မူးလဲသွားရင် ကိုမြတ်ဆီကို ဖုန်းဆက်ကြမှာလေ"
"စနောက်နိုင်သေးတာလား ခန့်... ကိုယ် စိတ်ပူနေတာ သေတော့မယ်.. ဖုန်းလည်းမကိုင်ဘူး"
"ဖုန်းက အသံပိတ်ထားမိလို့ပါ... ကိုမြတ် စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်"
"ခန့်"
"ကိုမြတ်... ကျွန်တော် ခဏလောက်အိပ်ချင်တယ်... ဂျူတီဝင်ရဦးမှာ... ကျွန်တော့်ကို နောက်တစ်နာရီကြာရင်နှိုးပေး"
"ဂျူတီတွေ ချိန်းခိုင်းထားတယ် ခန့် ... အိပ်လိုက်... ဒီပုံစံနဲ့ ဘယ်လိုလုပ်ဂျူတီဝင်ဦးမှာလဲ"
"ကျေးဇူးတင်ပါတယ်"
"ဘာအတွက်လဲ ခန့်"
"အစစအရာရာအတွက်ပါ"
"အဖျားတော့ နည်းနည်းရှိတယ်.. ဒါပေမယ့် သွေးပေါင်ကျနေတော့ ကိုယ် ဆေးချိတ်ပေးမယ် အိပ်လိုက်"
"ဟုတ်ကဲ့.. ကိုမြတ်"
ထို့နောက် မြတ်မင်းသာက ဆေးချိတ်ပေးသည်ကို ကိုခန့်က ဘာမှမပြောပဲ ငြိမ်နေမိသည်။ မြတ်မင်းသာက လုပ်စရာများလုပ်ပေးပြီးမှ သက်ပြင်းချပြီး စကားဆက်ပြောလာသည်။
"နိုးမှ တစ်ခုခုစားပြီး ဆေးသောက်ရမယ်.. အခု ကိုယ်အပြင်ထွက်ပေးမယ် အိပ်လိုက်တော့"
မြတ်မင်းသာ ထထွက်လိုက်သည့်အချိန်တွင် ကိုခန့်က မြတ်မင်းသာ၏လက်ကို ဆွဲထားလိုက်သည်။ ထို့ကြောင့် မြတ်မင်းသာ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့ရသည်။ လှည့်ကြည့်လိုက်သည့်အခါ ကိုခန့်က ခပ်ယဲ့ယဲ့ပြုံးပြသည်။ ထိုအပြုံးက မြတ်မင်းသာအကြိမ်ကြိမ်သေစေဖို့အထိ လုံလောက်နေပြီဖြစ်သည်။
"မသွားပါနဲ့ ကိုမြတ် ဒီမှာပဲစောင့်နေပေး.. ကျွန်တော် ခဏလေးပဲအိပ်မှာ"
ထို့ကြောင့် မြတ်မင်းသာက ပြန်ထိုင်လိုက်ပြီး ကိုခန့်နဖူးပေါ်မှ ဆံပင်လေးများကို သပ်တင်ပေးမိပြန်သည်။
"အင်း .. ကိုယ်စောင့်နေပေးမယ် ခန့်"
ကိုခန့် အိပ်ပျော်သွားချိန်တွင် မြတ်မင်းသာက ဆေးသွင်းမထားသည့် ညာဖက်လက်ကို အသာယာဆုပ်ကိုင်မိသည်။
"ဒီလိုလေး အမြဲဆုပ်ကိုင်နိုင်ရင် သိပ်ကောင်းမှာပဲ ခန့်ရယ်... ဒါပေမယ့် ခန့်က နှလုံးသားတစ်ခုလုံးကို တစ်စုံတစ်ယောက်ဆီမှာ မြှုပ်နှံပြီးသားဖြစ်လို့နေတယ်"
'ခန့်ဆိုတဲ့လူသားက ကိုယ့်အတွက်
ကမ်းခြေမှာဆောက်တဲ့ သဲအိမ်လေးတွေလိုပဲ
လှပေမယ့် ထိလိုက်တာနဲ့ ပျက်စီးသွားတော့တယ်
နေရောင်ရှိရာ လိုက်လှည့်တတ်တဲ့ နေကြာတွေလိုပဲ
ခန့်က တစ်ယောက်တည်းကိုသာ ငေးကြည့်တယ်
ကိုယ်ကတော့ နေရောင်ကို မျက်နှာမူနေရတဲ့
မင်းပင်ပန်းမှာစိုးလို့
မင်းကို အနည်းငယ်လောက် အေးမြစေမယ့်
လေပြေအေးလေးပေါ့ဗျာ
မင်းရှိရာအရပ်မှာ ခေတ္တမျှလောက် နားခိုရရုံလေး
ဒီဆုလေးသာ တောင်းပါတယ် ခန့်ရယ်'
............................................................................................
ပိုင်ငယ်က နှင်းနှင့် ရုပ်ရှင်ကြည့်နေရသော်လည်း ကိုခန့်ကိုသာ မြင်ယောင်နေမိသည်။ ကြည့်နေသည့် ရုပ်ရှင်ကိုလည်း စိတ်မဝင်စားခဲ့ပေ။ ညစာကိုလည်း ဘာစားမိသည်ကိုပင် မမှတ်မိတော့ပါ။
ထို့နောက် အိမ်ပြန်ရောက်သည့်အချိန် ကိုခန့်ထံသို့ ပိုင်ငယ် ဖုန်းခေါ်လိုက်သည်။ သို့သော် ဖုန်းကိုင်သူမှာ ကိုခန့်မဟုတ်ပဲ မြတ်မင်းသာဖြစ်နေသည်။
"ဟယ်လို ညီ"
"ဟင် .. ကိုခန့်ရော ကိုမြတ်"
"ခန့် အိပ်နေတယ်.. ကိစ္စရှိလား ညီ"
"အထွေအထူးတော့မရှိပါဘူး ကိုမြတ်.. ဒီအတိုင်း အိမ်ပြန်ရောက်ပြီလားပဲ မေးမလို့ပါ"
"ပြန်ရောက်ပါပြီ ညီ"
"ဒါနဲ့ ကိုခန့်က ဘာလို့အိပ်နေတာလဲ"
"ခန့် နေမကောင်းဘူး.. ဖျားနေတာ"
"ဗျာ"
"အင်း ညီနဲ့ သွားတွေ့တာလေ.. ညီ မသိလိုက်ဘူးလား"
"ကျွန်တော်..."
"ခန့် နေမကောင်းဘူး.. ပိုင်ငယ်.. လာခဲ့ပေးမလား"
ပိုင်ငယ် ဖုန်းချပြီးနောက် ကိုခန့်ထံသို့ ထွက်လာခဲ့မိသည်။ မာမီမေးသည်ကိုပင် အလောတကြီးသာ ပြန်ဖြေခဲ့လိုက်သည်။ ကိုခန့် နေမကောင်းသည်ကို ပိုင်ငယ် မသိခဲ့ပါ။ နှင်းက ခေါ်ပေးဆိုသဖြင့် ခေါ်ပေးလိုက်မိသည်။ ပြန်တွေးမိသည့်အခါ ဘာကိုဒေါသထွက်မှန်းမသိ ပိုင်ငယ် ဒေါသဖြစ်မိရပြန်သည်။ နေ့လည်က ကိုခန့်ပုံစံမှာ အားနည်းနေသလို ရှိနေသော်လည်း ပိုင်ငယ် မမေးမိခဲ့ပါ။ ကိုခန့်က ကားယူမလာခဲ့သည်ကိုပင် မမေးမိခဲ့ပေ။
ကိုခန့်အိမ်သို့ ပိုင်ငယ်ရောက်ချိန်တွင် ညနေ ၆ နာရီခန့်ရှိနေပြီဖြစ်သည်။ ဘဲလ်ကို နှိပ်ရသည့် ပိုင်ငယ့် လက်များပင်တုန်နေသည်။ ဘာကို အလိုမကျဖြစ်ကာ စိုးရိမ်နေမှန်း ပိုင်ငယ်လည်းမသိခဲ့ပါ။
ထို့နောက် တံခါးလာဖွင့်ပေးသူမှာ မေမြတ်ဖြစ်နေသည်။
"ဘာလာလုပ်တာလဲ"
"ဟင် .. ကိုခန့်နေမကောင်းဘူးဆိုလို့လာတာလေ"
"ကိုကို နေမကောင်းတာ နင်ကဘာလုပ်ပေးတတ်လို့လဲ.. ကိုမြတ်ရှိတယ်"
"မြတ်လေး"
"ဝင်မှာဆိုရင်လည်းဝင် .. မဝင်ရင်လည်းပြန်"
"ဝင်မှာ"
ပိုင်ငယ် ဝင်သွားသည့်အခါ ကြီးမေက ပြုံးပြီးနှုတ်ဆက်သည်။
"ပိုင်ငယ်လေးပါလား လာ... သားခန့်လေးကိုလာတွေ့တာလား သူက ဖျားနေပြန်တယ်"
"ဟုတ်ကဲ့ ကြီးမေရော... နေကောင်းလား"
"ကြီးမေ နေကောင်းပါတယ်ကွယ်... ညစာစားဦးမလား"
"မစားတော့ပါဘူး ကြီးမေ"
"အေး အေး သားခန့်ဆီလာတာမဟုတ်လား... အခန်းထဲသွားလိုက်လေ"
"ဟုတ်ကဲ့ပါ ကြီးမေ"
ပိုင်ငယ် အခန်းတံခါး ခေါက်လိုက်သည့်အခါ မြတ်မင်းသာက လာဖွင့်ပေးသည်။
ကုတင်ပေါ်တွင် ကိုခန့်က အိပ်ပျော်နေပြီး ချိတ်ပေးထားသည့်ဆေးက သုံးပုံတစ်ပုံခန့်ကျန်နေသည်ကို တွေ့ရသည်။ ရေပတ်တိုက်ပေးထားပုံရသည့် ရေစိုအဝတ်ကို မြတ်မင်းသာက ကိုင်ထားသည်။
"ဆေးအရှိန်နဲ့ နိုးဦးမှာမဟုတ်လောက်ဘူး ညီ"
"ကိုခန့်က တော်တော် နေမကောင်းတာလား"
"အင်း"
"ကျွန်တော် စောင့်နေပေးလိုက်မယ်.. ရတယ်မဟုတ်လား"
"အင်း ဆေးအပ်ဖြုတ်ပေးလို့ရလား... ပြီးတော့ နိုးလာရင် ဆန်ပြုတ်ကျွေးပြီး ဆေးတိုက်လိုက်ပါ ညီ"
"အင်း"
ပိုင်ငယ်က မြတ်မင်းသာ ပြောသမျှကို ဖြေနေသော်လည် အကြည့်များက ကိုခန့်ထံတွင်သာ ရောက်ရှိနေသည်။ ကိုခန့်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး ပိတ်ထားသောမျက်လုံးလှလှလေး များတွင် မျက်တောင်ရှည်များက စင်းနေသည်။
ထို့နောက် မြတ်မင်းသာက ကိုခန့်ကိုတစ်ချက်ကြည့်ပြီး လှည့်ထွက်လိုက်သည်။ သို့သော် ပိုင်ငယ့်စကားကြောင့် မြတ်မင်းသာ၏ ခြေလှမ်းများရပ်တန့်သွားသည်။
"ကိုမြတ် သူ့ကိုချစ်လား"
"....................................................."
မြတ်မင်းသာက ပိုင်ငယ့်ကို လှည့်ကြည့်လာသည်။
"ညီ ဘယ်လိုအဖြေမျိုးကို မျှော်လင့်လဲ"
"ကိုမြတ်... ကိုခန့်ကလေ ဒီအသိုင်းအဝိုင်းထဲမှာ ရှင်သန်ရမှာ ကိုမြတ်နဲ့ အဆင်ပြေမယ်ထင်လား"
"ညီ ဘာကို ဆိုလိုချင်တာလဲ"
"ကိုမြတ်ရော ကိုခန့်ရော ယောကျာ်းလေးတွေလေ"
"ကိုယ်သိပါတယ် ညီ... ဒါပေမယ့် ညီ သိရဲ့လား... အချစ်က အချစ်ပဲလေ... လူတစ်ယောက်က နောက်လူတစ်ယောက်ကို ချစ်မိသွားနိုင်တယ် ဒါက အပြစ်တစ်ခုမဟုတ်သလို မထူးဆန်းဘူးညီ"
"ဒါပေမယ့်... ပတ်ဝန်းကျင်ဆိုတာကရှိသေးတယ်"
"ပတ်ဝန်းကျင်ဆိုတာ ဂရုစိူက်သင့်သလောက်ပဲ ဂရုစိုက်ရမှာ... သူတို့က ကိုယ့်ကို တစ်သက်လုံး စိတ်ချမ်းသာအောင် ထားမယ့်သူတွေမဟုတ်ဘူး ညီ... ကိုယ့်ကိုယ်ကိုပဲ စိတ်ချမ်းသာအောင်ထားရမှာ"
"ကိုမြတ် သူ့ကိုချစ်တယ် ဟုတ်လား..."
ပိုင်ငယ် မေးရင်းရင်နာမိသည်။ သို့သော် ပိုင်ငယ်အဖြေရှာမရခဲ့ပါ။ ရင်နာရသည့်အကြောင်းကို ပိုင်ငယ် နားမလည်ခဲ့ပါ။
"ကိုယ် ခန့်ကို ချစ်တယ်... ဒါပေမယ့် ခန့်က ကိုယ့်ကို မချစ်ဘူး"
"ကိုမြတ်ကို သဘောကျတယ်လို့ ကိုခန့်က ပြောဖူးပါတယ်"
"အဟင်း အဲ့ဒီ ညနေက ခန့်ဆီက စကားကို ဆုံးအောင် နားထောင်ခဲ့သေးလား"
"သဘောကျတယ်လို့ ဖြေခဲ့တာပဲလေ ကိုခန့်က"
"အင်း အပြည့်အစုံကို ကိုယ်ပြောမယ် နားထောင်"
".................................................................."
"သ ဘော ကျ တယ် အကိုတစ်ယောက်လိုမျိုး"
ပိုင်ငယ် ရင်ထဲတွင် တင်းကျပ်လာရသည်။ မြတ်မင်းသာက ထိုစကားကိုပြောပြီး အခန်းထဲမှ ထွက်သွားသည်။ ပိုင်ငယ် မေးကြည့်ချင်သည်။ ကိုခန့် သဘောကျနေသည့်လူကို ပိုင်ငယ် သိချင်သည်။ ကိုခန့် သဘောကျနေသူက ကျောင်းနေဘက် ဆရာဝန်မိန်းကလေးများလည်း ဖြစ်နေနိုင်သည်။ ပိုင်ငယ် သိချင်သော်လည်း မမေးရဲပါ။ အဖြေကို ပိုင်ငယ် နားထောင်နိုင်စွမ်း ရှိမည်လား ဆိုသည်က ပိုင်ငယ်ကိုယ်တိုင်ပင် မသေချာခဲ့ပါ။
ဆက်ရန်...