SUN { Season 1 }
By AKA_404
1.6M 110K 14.2K
Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov... More
Citation And References Books List
Prologue
Unicode - Prologue
SUN { 1 }
Unicode - 1
SUN { 2 }
Unicode - 2
SUN { 3 }
Unicode - 3
SUN { 4 }
Unicode - 4
SUN { 5 }
Unicode - 5
SUN { 6 }
Unicode - 6
SUN { 7 }
Unicode - 7
SUN { 8 }
Unicode - 8
SUN { 9 }
Unicode - 9
SUN { 10 }
Unicode - 10
SUN { 11 }
Unicode - 11
SUN { 12 }
Unicode - 12
SUN { 13 }
Unicode - 13
SUN { 14 }
Unicode - 14
SUN { 15 }
Unicode - 15
SUN { 16 }
Unicode - 16
SUN { 17 }
Unicode - 17
SUN { 18 }
Unicode - 18
SUN { 19 }
Unicode - 19
SUN { 20 }
Unicode - 20
SUN { 21 }
Unicode - 21
SUN { 22 }
Unicode - 22
SUN { 23 }
Unicode - 23
SUN { 24 }
Unicode - 24
SUN { 25 }
Unicode - 25
SUN { 26 }
Unicode - 26
SUN { 27 }
Unicode - 27
SUN { 28 }
Unicode - 28
SUN { 29 }
Unicode - 29
SUN { 30 }
Unicode - 30
SUN { 31 }
Unicode - 31
SUN { 32 }
Unicode - 32
SUN { 33 }
Unicode - 33
SUN { 34 }
Unicode - 34
SUN { 35 }
Unicode - 35
SUN { 36 }
Unicode - 36
SUN { 37 }
Unicode - 37
SUN { 38 }
Unicode - 38
SUN { 39 }
Unicode - 39
SUN { 40 }
Unicode - 40
SUN { 41 }
Unicode - 41
SUN { 42 }
Unicode - 42
SUN { 43 }
Unicode - 43
SUN { 44 }
Unicode - 44
SUN { 45 }
Unicode - 45
SUN { 46 }
Unicode - 46
SUN { 47 }
Unicode - 47
SUN { 48 }
Unicode - 48
SUN { 49 }
Unicode - 49
SUN { 50 }
Unicode - 50
SUN { 51 }
Unicode - 51
SUN { 52 }
Unicode - 52
SUN { 53 }
Unicode - 53
SUN { 54 }
Unicode -54
SUN { 55 }
Unicode - 55
SUN { 56 }
Unicode - 56
SUN { 57 }
Unicode - 57
SUN { 58 }
Unicode - 58
SUN { 59 }
Unicode - 59
SUN { 60 }
Unicode - 60
SUN { 61 }
Unicode - 61
SUN { 62 }
Unicode - 62
SUN { 63 }
Unicode - 63
SUN { 64 }
Unicode - 64
SUN { 65 }
Unicode - 65
SUN { 66 }
Unicode - 66
SUN { 67 }
Unicode - 67
SUN { 68 }
Unicode - 68
SUN { 69 }
Unicode - 69
SUN { 70 }
Unicode -70
SUN { 71 }
Unicode - 71
SUN { 72 }
Unicode - 72
SUN { 73 }
Unicode - 73
Unicode - 74
SUN { 75 }
Unicode - 75
SUN { 76 }
Unicode - 76
SUN { 77 }
Unicode - 77
SUN { 78 }
Unicode - 78
SUN { 79 }
Unicode - 79
SUN { 80 }
Unicode - 80
Epilogue
Unicode - Epilogue
Season ( 2 )
SUN { 74 }
1.4K 123 10
By AKA_404
သာမန်ထက် အနည်းငယ် အေးဆေးသည့် မနက်ခင်း တစ်ခု။
နွေးပူ လင်းထိန်သော နေ အလင်းတန်းက အိမ်ကြီး၏ ပြတင်းမှန်ကို ဖြတ်ကျော်လို့ ဧည့်ခန်းရှိ ခမ်းနား ကြီးကျယ်သည့် ဖန်မီးဆိုင်းကြီး၏ စိန်သဏ္ဌာန် ဖန်တုံးများထံ တိတိကျကျ အလင်း ထိုးနေသည်။ ထိုသို့ ရောင်ခြည် သက်ဆင်းလာသည့်အခါ ဖန်တုံးဖန်စများက အဘက်ဘက်မှ အလင်းဖြာပြီး ဧည့်ခန်း တစ်ခွင် သက်တံ့ရောင် အနန္တ အလင်းစအား ဖြန့်ဝေပေးသည်။
သို့ရာတွင် ခုနစ်ရောင်စဉ် အလင်းတန်းတို့က အကြာကြီး အကြာကြီး တောက်ပစွာ မလင်းဖြာနိုင်။ ဘာကြောင့်ဆို ဧည့်ခန်းရှိ ဆိုဖာထက် ဣန္ဒေကြီးစွာ ထိုင်နေသည့် လူ တစ်ယောက်ကြောင့်ပေ။
ထိုသူက နေသူရိန်မင်းခန့်ပဲ ဖြစ်သည်။
ဟုတ်ပါသည်။
ပူလောင် ပြင်းပြသော နေမင်းကြီး တစ်စင်းအလား မျက်စိ ကျိန်းလောက်အောင် အလင်းဓာတ်တို့ ထုတ်လွှတ်နိုင်သော တန်ခိုး သြဇာကြောင့် ကြားခံနယ် ရှိမှ အလင်း ဖြာနိုင်သည့် ဖန်တုံးဖန်စများ၏ အလင်းထုဟာ လွယ်လင့်တကူ ကွယ်ပျောက်သွားခြင်း ဖြစ်သည်။ မှိန်မှိန်ပါးပါး အလင်းစတို့က သူ၏ ထည်ဝါ တောက်ပမှုလောက် မခမ်းနားနိုင်။ တုနှိုင်း မမဲ့နိုင်။ ထို့ကြောင့် ရှက်ရွံ့စွာ ပြေး၍ ပုန်းကွယ်သွားကြတာပဲ ဖြစ်သည်။
"နေယံနဲ့ ပြိုင် ဘယ်သူ နိုင် ဆိုတဲ့ ကစားပွဲသာ ရှိရင် . . ဒီအဆော့ ပြိုင်ပွဲမှာ သားကို နိုင်မယ့် သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး"
နေသူရိန်မင်းခန့် ဆိုဖာ လက်ကိုင်ပေါ် တံတောင် ထောက်လျက် ပါးပြင်ထက် လက်ဖဝါး အပ်ကာ ဝေယံတို့ သားအဖ နှစ်ယောက် ဆော့ကစားနေတာကို တိတ်တဆိတ် ငေးကြည့်နေသည်။
ဝေယံက ဧည့်ခန်းရှိ ကြမ်းပြင်တွင် ဖျာ တစ်ချပ် ခင်းစေကာ အရုပ်များ စုပုံပြီး နေယံ နေသာအောင် အဖော်ပြု ဆော့ကစားပေးနေသည်။ ချပေးထားသည့် အရုပ်များက နေသူရိန်မင်းခန့် ကိုယ်တိုင် တန်ဖိုးထားပြီး တယုတယ သိမ်းဆည်းထားသည့် အဖိုးတန် အရုပ်များပဲ ဖြစ်သည်။
ထိုအခိုက် မသဲကွဲသည့် အရာဝတ္ထု တစ်ခုက နေမင်းကြီး မျက်နှာ အနီးသို့ အရှိန်ပြင်းပြင်း လွင့်ပျံလာသည်။ နေသူရိန်မင်းခန့် ထိုအရာကို မျက်တောင် တစ်ချက် မခတ် အားနေသည့် ဝဲရာ လက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်လိုက်သည်။ ဖမ်းမိသည့် အရာကို လက်ဖဝါးထဲမှ ထုတ်ကြည့်သည့်အခါ အရုပ် တစ်ရုပ်၏ ခန္ဓာကိုယ်မှ ပြုတ်ထွက်လာသည့် ခေါင်း တစ်ခု ဖြစ်နေမှန်း သိလိုက်ရသည်။
နေသူရိန်မင်းခန့် ဝေယံတို့ သားအဖထံ အကြည့် ပြန်၍ ဝေ့ဝဲလိုက်တော့ နေယံက အရုပ် တစ်ရုပ်ကို လက်ထဲမှာ ဆုပ်ကိုင်ပြီး အုတ်သမံတလင်းနှင့် အဆက်မပြတ် ထုရိုက်နေသည်။ ဆော့ကစားနေခြင်းလား။ ဖျက်ဆီးနေခြင်းလားပင် မသဲကွဲ။ သို့ရာတွင် ထိုအရုပ်တွင် ခေါင်း မရှိတော့။ ထိုမျှမက ပွန်းပေပြီး ကျိုးပဲ့နေတော့၏။ ကြည့်ရတာ သမံတလင်းနှင့် ရိုက်ဆောင့်ရာမှ မခံနိုင်စွာ အရုပ် ခန္ဓာကိုယ်မှ ကျွတ်ထွက်ပြီး နေမင်းကြီးကို လာစင်တာပဲ ဖြစ်ရမည်။
"ဒါလင် . . ၊ မင်း တန်ဖိုးထားပြီး စုထားတဲ့ အရုပ်တွေ ပျက်စီးကုန်ပြီ၊ သိမ်းလိုက်ရတော့မလား"
ဝေယံက ပျက်စီးသွားသည့် အရုပ်များကို ကြည့်ပြီး နှမြောတသ ဖြစ်စွာ အသိပေးလာသည်။ နေသူရိန်မင်းခန့် ပြုံးရုံသာ ပြုံးလိုက်သည်။
"ကိစ္စ မရှိဘူး၊ အိပ်ခန်းထဲမှာ ဒီထက်ပိုပြီး များတဲ့ အရုပ်တွေ ရှိသေးတယ်၊ နေယံ ဖျက်ဆီးလို့ ဒီအရုပ်တွေ ကုန်သွားရင် . . နောက်ထပ် အရုပ်တွေ ပေးမယ်၊ သူ ကြိုက်သလောက် ဖျက်ဆီးပါစေ၊ သူပဲ ဖျက်ဆီးနိုင်မလား၊ ကျွန်တော်ပဲ ထပ်ပေးနိုင်မလား၊ သိရတာပေါ့"
"ကလေးကို အလိုမလိုက်နဲ့လေ"
"ငယ်တုန်း ဆော့ရတာ ဆော့စမ်းပါစေ၊ ကျွန်တော့် အရုပ်တွေက အဖိုးတန်တာ မှန်ပေမယ့် . . သား ပျော်ရွှင်မှုလောက် ဘယ်အရာမှ တန်ဖိုး မကြီးဘူး"
သို့သော် ဝေယံက ထိုစကားကို သိပ်ပြီး လက်ခံချင် ပုံ မရ။ တစ်ခုခုကို စိုးရိမ်မကင်း ဖြစ်နေသေးသည်။
"ဒီလိုကနေ ဆိုးသွမ်းသွားရင် ဘယ်လိုလုပ်မလဲ"
"ယံ တစ်ယောက်လုံး ရှိနေတာပဲ၊ သားအတွက် ဘာများ စိတ်ပူစရာ လိုသေးလို့လဲ"
နေသူရိန်မင်းခန့် မျက်လုံး တစ်ချက် ဝင့်ကာ ဝေယံ့ကို အထာ ပေးလိုက်သည်။ ဝေယံက မနိုင်ဘူး ဆိုသည့် အကြည့်ဖြင့် သိသိသာသာ ကြည့်လျက် ခပ်သဲ့သဲ့သာ ပြုံးသည်။ သို့ရာတွင် အပြုံးက အလျှော့ပေးသည့် အပြုံး။
ဝေယံ မျက်နှာကို ကြင်ကြင်နာနာ စိုက်ကြည့်နေသည့် တစ်ခဏ အိမ်ကြီး၏ တံခါးဝမှ လှမ်းဝင်လာသော ခြေသံ တချို့ကို နေသူရိန်မင်းခန့် ကြားလိုက်ရသည်။ ပြုံးနေသော ဝေယံ မျက်လုံးများက ပို၍ ပြုံးသွားသည်။ နေသူရိန်မင်းခန့် အိမ် တံခါးဝသို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။ သမီးဖြစ်သူ နန်းယုဝေကို မြင်လိုက်ရသည်။
အရွယ် ရောက်နေပြီ ဖြစ်သည့် နန်းယုက ချည်သား၌ ဟိုတစ်နေရာ ဒီတစ်နေရာ ရေးခြစ်ထားသော ကာတွန်းရုပ်များ ပါသည့် အင်္ကျီ ကျပ်ကျပ်ကလေးကို ဝတ်ထားသည်။ ပွဖောင်းသော လက်မောင်းစက ပခုံးစွန်းတွင်သာ ရှိတာမို့ ကြော့ရှင်းသော လည်တိုင်နှင့် ဝင်းမွတ်ပြီး ညိုမြသော ပခုံးသားများကို လစ်ဟာ ဖော်ပြပြီးသား ဖြစ်နေသည်။ အင်္ကျီဖြူနှင့် လိုက်ဖက်အောင် ဖက်ရှင်ဆန်ဆန် ရွေးချယ်ထားတာက အနက်ရောင် ဒူးဖုံး စကတ်တို ဘောင်းဘီ အဆင်ပဲ ဖြစ်သည်။
အပြင်အဆင် အားလုံးကို ခြုံငုံ ကြည့်ပါက အနည်းငယ် ရိုးစင်းပေမယ့် လူငယ်ဆန်ပြီး ပေါ့ပါး သွက်လက်တာမို့ နန်းယုအား အပျိုဖြန်းလေး တစ်ယောက်လို အလှ ပိုသွားစေသည်။ သို့ရာတွင် သူမ မျက်နှာထားက ဝင်းလက် ပြိုးပြက်သည့် အဆင်အယင်များနှင့် မလိုက်ဖက်စွာ သိသိသာသာ သုန်မှုန်နေသည်။ နှုတ်ခမ်းများက မပြုံးမရယ်။ မျက်လုံးများက ရွှင်လန်းမှု မရှိ။ စိတ် မချမ်းမြေ့စရာ ကောင်းသည့် ကိစ္စ တစ်ခုနှင့် လောလောလတ်လတ် ကြုံကြိုက်ခဲ့ရသည့်အလား။ အပြုအမူများက တောင့်ဆတ်ပြီး အသက်မဲ့နေသည်။ 
ဧည့်ခန်းသို့ ရောက်လာပြီးနောက် သူမ စကား စပြောသည်။
"လာမယ့် တနင်္ဂနွေနေ့ ညမှာ ထမင်း အတူ စားဖို့ ဘွားဘွားက ဖေဖေတို့ကို ဖိတ်ခိုင်းလိုက်တယ်"
"အို . . ကောင်းတာပေါ့၊ သမီးရော ဘွားဘွားတို့ဆီမှာ နေရတာ အဆင်ပြေတယ် ဟုတ် . . ၊ ကိစ္စ ထွေထွေထူးထူး မရှိဘူးမလား"
နန်းယုက ဆိုဖာမှာ မထိုင်ဘဲ နေယံ ဆော့နေသည့် ဖျာပေါ် တင်ပျဉ်ခွေ ထိုင်ပြီး မောင်ဖြစ်သူကို တစ်ချက် ကြည့်သည်။ အကြည့်က နည်းနည်းတော့ ထူးဆန်းသည်။ နှစ်ခြိုက်မှု မရှိသည့် အကြည့်များလား ဟု နေသူရိန်မင်းခန့် တစ်ခဏ တွေးမိလိုက်သည်။ သို့သော် သူမက လေပူ တစ်ချက် မှုတ်ထုတ်ကာ ပေါ့ပေါ့ပါးပါး ပြုံးရယ်လိုက်သည်။ အပြုံးက သိပ်တော့ မပီပြင်။
"ဟုတ် . . ၊ အဆင်ပြေပါတယ်၊ ဒါပေမယ့် အခုတော့ ယုလေး အရမ်း အထီးကျန်နေတယ်၊ ဖေဖေသာ သမီးကို အဖော်ပြုပေးရင် ပျော်မိမှာ အမှန်ပဲ"
"သေချာပေါက် အဖော်ပြုပေးရမှာပေါ့"
ထိုစကားကြောင့် နန်းယု ပြုံးမိသွားပေမယ့် အပြုံးက သိပ် မခံလိုက်။ ဆက်ပြောလိုက်သည့် ဝေယံ စကားကြောင့် မျက်နှာက ချက်ချင်း မဲ့သွားသည်။ ထိုအပြုအမူကို အပေါ်စီး မြင်ကွင်းမှ နေသူရိန်မင်းခန့် ရှင်းလင်းစွာ မြင်လိုက်ရသည်။ သူ နည်းနည်းတော့ သဘောပေါက်လာသည်။
"နေယံလေး အိပ်ရင် သမီးနဲ့ အတူ ဆော့ပေးမယ်နော်"
"အခု မရဘူးလား"
"အခုက သမီး မောင်လေးကို ထိန်းရဦးမယ်လေ"
ဝေယံက နေယံလေးကို ရင်ခွင်ထဲ ထည့်ပြီး သူ လိုချင်သည့် အရုပ်များကို ယူပေးနေသည်။ နေယံက ဝေယံ လက်ထဲ ထည့်ပေးလာသည့် အရုပ်ကို မျက်တောင်များ ကော့စင်းနေသည့် မျက်လုံးပြူးကြီးများဖြင့် တစ်ချက် စိုက်ကြည့်သည်။ ထို့နောက် စားစရာ အမှတ် ပါးစပ်ထဲသို့ ပစ်သွင်းတော့သည်။ ပူထူသွားသော စိတ်ဖြင့် ပါးစပ်ထဲမှ ချက်ချင်း ထုတ်ပေးဖို့ ဝေယံ လုပ်ရသည်။
ဝေယံ တစ်ယောက် နေယံလေး နေပျော်အောင် ထိန်းနေရ၍ သမီးဖြစ်သူ၏ မျက်နှာ အမူအရာကို သေချာ မကြည့်မိ။ နန်းယုက ဟန်ဆောင် တင်းခံစိတ်များ ကုန်ခန်းနေပြီ ဖြစ်သည်။ နောက်ဆုံး မရည်ရွယ်ထားသည့် စကားလုံးများ သူမ နှုတ်မှ ထွက်ကျလာတော့သည်။
"ဘာလို့လဲ၊ ဘာလို့ နေယံက ပထမ ဖြစ်ရတာလဲ၊ ယုလေးက ဖေဖေ့အတွက် နေယံလောက်တောင် အရေးမပါတော့ဘူးလား"
ဝေယံ အံ့သြသွားကာ သူမကို စိုက်ကြည့်လာသည်။ ပြောစရာ စကားများပါ မဲ့နေသည်။ သို့ရာတွင် နေသူရိန်မင်းခန့်ကတော့ မတူ။ နန်းယု စိတ်ထဲ ရှိနေသည့် ခံစားချက် မှန်သမျှကို ကြည်လင်နေသည့် ကန်ရေပြင်ပမာ ထွင်းဖောက် မြင်နေရတာမို့ သူမ ထိုသို့ ဖြစ်နေရသည့် အကြောင်းအမှန်ကို ရှင်းလင်းစွာ နားလည်လိုက်သည်။ ထို့နောက် လက်ဟန် ပြပြီး အနား လာဖို့ လှမ်းခေါ်လိုက်သည်။
"ယုဝေ . . ၊ ဒီနား လာခဲ့"
နန်းယုက ထိုင်ရာမှ ထပြီး နေသူရိန်မင်းခန့် ရှိနေသည့် ဆိုဖာသို့ သာမန်ထက် နှေးကွေး လေးလံသည့် ခြေလှမ်းများဖြင့် လျှောက်လာသည်။ လှမ်းနေပုံက ခြေလှမ်းများကို ရေတွက်နေသလို။ အနားသို့ ရောက်သည့်အခါ မျက်လွှာ ချ ခေါင်း ငုံ့လျက် ချွေးစေးများ ပြန်နေသည့် လက် နှစ်ဖက်ဖြင့် အင်္ကျီ အနားစကို ဆုပ်ကိုင်ပြီး အားဖြင့် ဖိဖိစီးစီး ခြေမွနေသည်။ ပုံစံက စိတ် ဂနာမငြိမ် ဖြစ်နေဟန်။ လုပ်ချင်တာကို လုပ်လိုက်ပြီးမှ အဆူ ခံရတော့မည်ကို ထိတ်လန့်နေသည့် သုံးနှစ် အရွယ် ကလေး တစ်ယောက်လို။
"ဦးဝေယံဟိန်းက သမီးကို တစ်ခုခု ပြောလိုက်တယ် . . ဟုတ်တယ်မလား"
နေသူရိန်မင်းခန့် သမီးဖြစ်သူ၏ ခါးကို လက် တစ်ဖက်ဖြင့် ဖက်ရင်း ရင်ခွင်ထဲထိ ရောက်အောင် ဆွဲသွင်းလိုက်သည်။ ထို့နောက် တိုးတိုးဖွဖွ မေးသည်။ ထိုမေးခွန်းကြောင့် နန်းယု အံ့သြသွားကာ ပြူးကျယ်သော မျက်လုံးများဖြင့် မော့ကြည့်လာသည်။ အညိုရောင် မျက်လုံးများက ပြောလိုက်တာ ဟုတ်သည် ဟု အဖြေ ပေးနေသယောင်ယောင်။
"ဒီအဘိုးကြီးကတော့ . ."
နေသူရိန်မင်းခန့် ဝေယံ မကြားအောင် ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ ထို့နောက် သေချာအောင် အတည်ပြုသည့်အနေဖြင့် နန်းယု ခန္ဓာကိုယ် ရှေ့မှ ခေါင်း လှန်ထုတ်လျက် ဝေယံတို့ သားအဖကို တစ်ချက် လှမ်းကြည့်သည်။ ဝေယံက အေးအေးလူလူပင်။ နေယံလေး လက်ကို အုပ်ကိုင်ပြီး ပလုတ်တုတ် ဗုံလေးကို အသံ မြည်အောင် လှည့်ပေးနေသည်။ ဗုံကလေးဆီမှ အသံ ထွက်လာတိုင်း နေယံက ပို၍ ရွှင်မြူးလာကာ ယုန်ပေါက်လေးလို ခုန်ဆွ ခုန်ဆွ လုပ်နေတော့၏။
နေသူရိန်မင်းခန့် မတ်တတ်ရပ်နေသည့် နန်းယုကို ရင်းနှီးစွာ ပြုံးပြပြီးနောက် နံဘေးမှ ဆိုဖာတွင် ထိုင်စေလိုက်သည်။
"ဦးဝေယံဟိန်းက သမီးကို ဘာတွေ ပြောလိုက်မှန်း ဖေကြီး သေချာ မသိပေမယ့် . . သမီး ရင်ထဲမှာ အစိုင်အခဲ ဖြစ်နေတဲ့ သံသယတွေကိုတော့ ဖေကြီး သေချာပေါက် ရှင်းပေးနိုင်တယ်၊ ဒီတော့ ဖေကြီး ပြောတာကို လေးလေးနက်နက် နားထောင် . ."
သူတို့ ထိုင်နေသည့် ဆိုဖာ ထိုင်ခုံများ အလယ်တွင် ကျွန်းစားပွဲကြီး တစ်ခု ရှိသည်။ ထိုစားပွဲထက်၌ ပန်းနုရောင် ကာနေးရှင်း ပန်းများက ဆီးနှင်းဖြူထက် ပို၍ ဖွေးဖြူသည့် ကြွေ ပန်းအိုးထဲ ကဗျာဆန်ဆန် မိန်းမောနေသည်။ ထိုပန်းခိုင်များဆီမှ ခုန်ဆင်းလာသော နုနယ် သေးကွေးသည့် ပွင့်ဖတ်ကြွေများက သစ်စေးရောင် ကျွန်းစားပွဲ မျက်နှာပြင်တွင် မတုန်မလှုပ် အိပ်မောကျလျက် ရှိသည်။ လှပ ကြော့ရှင်းသည့် ပန်းအိုးဖြူ ဘေးတွင် သစ်သီး ပန်းကန်၊ ဖျော်ရည်ခရားနှင့် ဖန်ခွက် အစုံစုံကို လင်ပန်း တစ်ချပ်ထဲ သေသေသပ်သပ် စီထည့်ထားသည်။
လင်ပန်းထဲမှ ဖန်ခွက် နှစ်ခွက်ကို နေသူရိန်မင်းခန့် ယူကာ ဖျော်ရည်ခရားကို မလိုက်သည်။ ထို့နောက် ထိုဖန်ခွက် နှစ်ခွက်ထဲ ဖျော်ရည်များ လောင်းထည့်လိုက်သည်။ ဖန်ခွက် နှစ်ခွက်က ပုံစံ လုံးဝ မတူ။ တစ်ခွက်က အဝ ကျဉ်းကာ အမြင့် ရှည်သည်။ တစ်ခွက်က အဝ ကျယ်ပြီး အနည်းငယ် ပုသည်။ ထိုခွက် နှစ်ခွက်ထဲတွင် လောင်းထည့်လိုက်သော အဝါရောင် အရည်များ တစ်ဝက်ကျော်ကျော် နေရာ ယူနေကြပြီ ဖြစ်သည်။ သို့သော် ဖျော်ရည်များ၏ နေရာယူမှုက တစ်ခွက်နှင့် တစ်ခွက် အနိမ့်အမြင့် မတူ။
"ဒီဖျော်ရည် နှစ်ခွက်မှာ ဘယ်ဟာက ပို များလဲ"
နေသူရိန်မင်းခန့် ထိုဖန်ခွက် နှစ်ခွက်ကို စားပွဲပေါ် ချကာ နန်းယု မြင်သာအောင် ရှေ့သို့ တိုးပေးလိုက်သည်။
"ဒီခွက်က ပို များတာပေါ့"
နန်းယုက အဝ ကျဉ်းပြီး အမြင့် ရှည်သည့် ဖန်ခွက်ကို လက်ညှိုး ထိုးသည်။ ထိုသို့ ရွေးချယ်မည်ကို သိနေပြီးသား ဖြစ်၍ နေသူရိန်မင်းခန့် နှုတ်ခမ်း တွန့်ရုံသာ ပြုံးလိုက်မိသည်။
"အမှန်တော့ ဒီဖန်ခွက် နှစ်ခွက်စလုံးက အတူတူပဲ"
"ဟင့်အင်း၊ မဖြစ်နိုင်တာ၊ နန်း မယုံဘူး"
နန်းယုက မျက်မှောင်ကုတ်ပြီး လက်သင့်မခံနိုင်စွာ ငြင်းသည်။
"ဟုတ်ပြီ၊ ဒါဆို ဖေကြီး သက်သေပြမယ်၊ သေချာ ကြည့်နော်"
နေသူရိန်မင်းခန့် လင်ပန်းထဲမှ အဝ ကျဉ်းပြီး အမြင့် ရှည်သည့် နောက်ထပ် ဖန်ခွက် အသစ်ကို ယူကာ အဝ ကျယ်ပြီး ပုသေးနေသည့် ဖန်ခွက်ထဲမှ ဖျော်ရည် အားလုံးကို တစ်စက်မှ မချန် အမြင့် ရှည်သည့် ဖန်ခွက်ထဲ အကုန် လောင်းထည့်လိုက်သည်။ အဝါ အရည်တို့ ထည့်လောင်းပြီးသည့်အခါ ဖန်ခွက် နှစ်ခွက်ထဲမှ ဖျော်ရည်များ၏ နေရာယူမှုနှင့် အနိမ့်အမြင့်က တူညီနေကြောင်း မထင်မှတ်စွာ မြင်လိုက်ရသည်။ နန်းယု အံ့သြ မှင်တက်သွားသည်။
"ဝါး . . ၊ တကယ် အတူတူပဲ"
"ရုတ်တရက် ကြည့်ရင် မြင့်တဲ့ ခွက်က ပိုများတယ်လို့ ထင်ရတယ် ဟုတ်တယ်မလား၊ ဒါပေမယ့် ဒီဖန်ခွက် နှစ်ခုက အတူတူပဲ"
နန်းယုက နေမင်းကြီး ရှင်းပြသမျှကို ဂရုတစိုက် နားထောင်ပြီး ခေါင်း တညိတ်ညိတ် လုပ်နေသည်။ သူမ စိတ်ဝင်စားနေပြီကို နေသူရိန်မင်းခန့် သိသည့်အခါ ဤသက်သေပြချက် နောက်ကွယ်မှ ပြောဖို့ ရည်ရွယ်ထားသည့် စကားများကို မကွယ်မဝှက် ဖွင့်ချလိုက်သည်။
"ဖေဖေနဲ့ ဖေကြီးက မောင်လေးကို ပို ချစ်တယ်၊ သမီးကိုတော့ အရေးမလုပ်ဘူး၊ အချစ် လျော့တယ်၊ အဲ့ဒီလို သမီး ထင်ခဲ့တယ် မဟုတ်လား၊ တကယ်တော့ သမီးတို့ နှစ်ယောက်အပေါ် ထားတဲ့ ဖေကြီးတို့ရဲ့ အချစ်တွေက အတူတူပဲ၊ သမီးတို့ နှစ်ယောက်ရဲ့ အသက်က မတူတဲ့အတွက် . . သမီးတို့အပေါ် ဆက်ဆံတဲ့ ပုံစံက မတူညီကြရုံ၊ ဒီတော့ ခံစားရတဲ့ အချစ်တွေကလည်း မတူညီနိုင်တော့ဘူးလေ . . ဟုတ်တယ်မလား၊ အဲ့ဒါကြောင့် ဖေဖေ့ကို ဂျီကျပြီး စိတ်ကောက်ဖို့ မလိုဘူး၊ တစ်ယောက်တည်း အတွေး များပြီး သံသယ ဖြစ်နေစရာလည်း မလိုဘူး၊ နားလည်လား"
စကား ဆုံးသည့်အခါ နန်းယု ရင်ထဲ ဖြစ်တည်နေသည့် အစိုင်အခဲ ကျောက်ဆောင်ကြီးက လက်သီးဖြင့် အားပြင်းပြင်း ထိုးခွဲလိုက်သည့် အလား ကြေမွကာ ရှင်းလင်းသွားသည်။ နှလုံးသားကပါ ပေါ့ပါး လှိုက်ခုန်သွား၏။
"ဟုတ်ကဲ့၊ နားလည်ပါတယ်"
နေသူရိန်မင်းခန့် ရယ်ပြုံးရာမှ သမီးဖြစ်သူ၏ ပါးဖောင်းဖောင်းကို အူယားစွာ ဆွဲညှစ်ပစ်လိုက်သည်။
နေယံလေး မော၍ အိပ်ပျော်သွားသည့်အခါ ဝေယံက ရင်သွေးလေးကို အိပ်ခန်းတွင် သေချာစွာ သိပ်ပြီး ကတိ ပေးထားသည့်အတိုင်း နန်းယုနှင့် အတူ ဆော့ကစားပေးသည်။
ပထမဆုံး ပုံပြင် စာအုပ် ဖတ်ပြသည်။ ဝေယံ ပုံပြင် ဖတ်ပြသည့်အခါ နေမင်းကြီးက ဆိုဖာတွင် မထိုင်တော့။ ကြမ်းပြင်သို့ ဆင်းလာပြီး ဝေယံ့ ပေါင်ပေါ် ခေါင်းအုံးကာ ဖတ်ပြသမျှကို စိတ်ရှည်စွာ နားထောင်သည်။ နန်းယုက အမွေးပွပွ ဝက်ဝံရုပ်ကလေးကို ဖက်ပြီး စိတ်ဝင်တစား နားထောင်သည်။
ပုံပြင် ဖတ်ပြီးသည့်အခါ ပလတ်စတစ် ပန်းကန် ခွက်ယောက်များနှင့် ထမင်း၊ ဟင်းများ ချက်ပြုတ်သည့် ကစားနည်းကို ပျော်ပျော်ပါးပါး ကစားကြသည်။ ဝေယံနှင့် နန်းယုက စားဖိုမှူးများ လုပ်ကြသည်။ သူတို့ ချက်ပြုတ်ပေးသည့် ဟင်းပွဲများကို နေမင်းကြီးက စားရသည်။ ခြံထဲမှ ခူးယူလာသော ပန်းပွင့်၊ သစ်ရွက်များဖြင့် ပြုလုပ်ထားသည့် စားစရာ အတုများ ဖြစ်နေ၍ နေသူရိန်မင်းခန့် မျက်နှာက သိပ်တော့ မကြည်လင်။ ဟင်းချက်၍ အားရသည့်အခါ ကြမ်းပြင်တွင် ဝမ်းလျားမှောက်ပြီး ပန်းချီများ အားပါးတရ ဆွဲကြသည်။
ဝေယံက မြက်ခင်းပြင်တွင် ကြောင်ကလေးများ ဆော့ကစားနေသည့် ရုပ်ပုံကို ရေးဆွဲသည်။ နေသူရိန်မင်းခန့်က ရောင်စုံ ခဲတံများကို ယူပြီး စာရွက်ပြောင်ပေါ် ဟိုခြစ်ဒီခြစ် လုပ်နေသည်။ ဘာတွေ ဆွဲနေတာလဲ ဟု နန်းယု မေးတော့ နေသူရိန်မင်းခန့် ကိုယ်တိုင်လည်း မသိ။ စာရွက်ဖြူကတော့ ဆေးရောင်စုံများဖြင့် ပေပွနေပြီ ဖြစ်သည်။
နန်းယု ဆွဲလက်စ ပန်းချီကားထဲ ပြန်၍ အာရုံ စိုက်လိုက်သည်။ မိုးပြာရောင် ပန်းခင်း အလယ် မတ်တတ်ရပ်ကာ အနက်ရောင် ဝတ်စုံ ဝတ်ထားပြီး ပင်လယ်ပြာထဲ ဖြည်းဖြည်းချင်း နစ်ဝင်တော့မည့် နေလုံးကြီး၏ နောက်ဆုံး နေဝင်ချိန်ကို ငေးကြည့်နေသည့် ယောကျာ်း တစ်ယောက်၏ နောက်ကျောပိုင်းကို ရေးဆွဲထားသော ပန်းချီကားက အပီအပြင် ရုပ်လုံး ပေါ်လာပြီ ဖြစ်သည်။
ပန်းချီထဲမှ ယောကျာ်းပျိုက ကျယ်ပြန့်သော ပခုံးများကို ပိုင်ဆိုင်သည်။ ရှည်လျားသော လက်မောင်းများက သန်သန်မာမာ။ သေသပ်စွာ ထုဆစ်ထားသည့် ပန်းပုရုပ် တစ်ရုပ်လို ပြေပြစ်သည့် ကျောပြင်ကျယ်က ခမ်းနားစွာ ဝံ့ဝံ့ထည်ထည်။ အောက်ဖျားသို့ သေသပ်စွာ ရှူးဆင်းသွားပြီး တောင့်တင်းသော ရင်အုပ်၏ ကျယ်ဝန်းမှုကို သပ်သပ်ရပ်ရပ် ထောက်ပံ့ပေးနေသည့် ခါး အစိတ်အပိုင်းဟာ ပြေးဖက်ချင်ဖွယ် အတိ။ ရှည်သွယ် မြင့်မတ်သော ခြေတံများက ပန်းခင်းထဲ တစ်ဝက်တိတိ နစ်မြှုပ်နေသည်။
မိုးပြာရောင် ပန်းခင်း၊ ပုစွန်ဆီရောင် ကောင်းကင်နှင့် မျက်နှာကို မမြင်ရတာတောင် နောက်ကျောပိုင်းနှင့်တင် ပြီးပြည့်စုံနေသည့် ယောကျာ်း တစ်ယောက်။ နန်းယု ရေးဆွဲလို့ ပြီးသွားသည့် ပန်းချီကို ကျေနပ်သည့် မျက်ဝန်းများဖြင့် စူးစိုက် ကြည့်နေမိသည်။
ဤပန်းချီကို နာမည် ပေးမည်။
တစ်ခဏ စဉ်းစားပြီးနောက် ရင်ထဲအထိ ရုတ်ခြည်း ဝင်ရောက်လာသည့် အတွေး အလင်းတန်းကြောင့် နာမည် တစ်ခု မဆိုင်းမတွ ပေးလိုက်မိသည်။
မိုးပြာ သက်သေ အလွမ်းရိပ် ဝေ
သေချာစွာ ရှာဖွေကြည့်ပါက ဤပန်းချီ၌ တစ်စုံတစ်ရာကို တမ်းတမ်းတတ လွမ်းဆွတ်နေသော အလွမ်းရိပ်တို့ကို မျက်ဝါးထင်ထင် မြင်ရနိုင်မည်ပဲ ဖြစ်သည်။
"ကွက်တိပဲ"
ပျော်ရွှင်နေသည့် စိတ်အဟုန်နှင့် အပြီးသတ် ရေးဆွဲ ပြီးသွားသော ပန်းချီကို နန်းယု စိုက်ကြည့်ကာ ဂုဏ်ယူစွာ လက်ဖျောက် တစ်ချက် တီးလိုက်သည်။ သူမ တီးလိုက်သည့် လက်ဖျောက်သံလေး လေထုထဲ ပျောက်ကွယ်သွားသည့် အခိုက် ထူးဆန်းသော စကားသံ တစ်သံက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည်။
"မြန်မာကို ရောက်တာတောင် အသိ မပေးဘူးနော်"
အနည်းငယ် အောရှပြီး ညင်သာ နူးညံ့သည့် စကားသံ တစ်သံ။ ယောကျာ်း တစ်ယောက် ပိုင်ဆိုင်သည့် အသံ တစ်ခုအနေနှင့် အလွန်တရာ ချိုမြလွန်းနေသည်။ လှိုက်ခုန်သွားသော နှလုံးသား တစ်ခုလုံးနှင့် အသံ လာရာသို့ ဦးစွာ သူမ လှည့်ကြည့်လိုက်သည်။
"ဦး . ."
အနက်ရောင် ချည်သားစအား ရွှေအဆင်းဖြင့် အနားကွပ်ထားသည့် အပေါ်အထက်အောက် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသော အာကာဟိန်းထက်သည် တော်ဝင် မင်းသား တစ်ပါးလို သြဇာ အရှိန်များ လင်းဖြာလွန်းနေသည်။ ဘေးတိုက် ရပ်နေ၍ တစ်ကိုယ်လုံးကို အပြည့် မမြင်ရသော်လည်း ခန္ဓာကိုယ် တစ်ခြမ်းစောင်း အနေအထားနှင့်တင် ပြည့်စုံလွန်းသော ဖြစ်တည်မှု တစ်ခု ဖြစ်လွန်းနေပြီ ဖြစ်သည်။
ကိုယ်ကို လှည့်၍ သူမနှင့် မျက်နှာချင်းဆိုင်သည့် အခိုက် အနက်ရောင် တစ်မျိုးတည်းကို ဆင်မြန်းထားတာ မဟုတ်ဘဲ ရင်ဘတ် အထက်ပိုင်းတွင် ပိုးဖြူရောင် အင်္ကျီကို ခံဝတ်ထားမှန်း သူမ သိလိုက်ရသည်။ ထိုပိုးဖြူစက ဝင်းဖြူလွန်းသော အာကာဟိန်းထက် အသားအရေးအလား တောက်တောက်ပပ ဖွေးဥနေသည်။ ထို့ပြင် ဗွီ ပုံစံ အနက်ရောင် အပေါ်ဝတ် အင်္ကျီ အောက်၌ ခန့်ခန့်ထည်ထည် ကျက်သရေ ရှိစွာ ငြိမ်သက်နေသည်။
"ဦး . . ၊ နန်းဆီ လာတယ်"
"ကိုယ် မင်းဆီ ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်လေ"
အေးဆေးသည့် အပြုံး တစ်ပွင့်ကို လက်ဆောင် ပေးပြီးနောက် နန်းယု ခေါင်းကို ရှည်သွယ်သော လက်ချောင်းများဖြင့် ခပ်ဖွဖွ ပုတ်သည်။ လက်ချောင်းတို့က သွယ်လျကာ ရှည်စင်းနေရုံမက တိတိရိရိ လှပသော လက်သည်းခွံများကပါ ရှည်မျောပြီး ပန်းသွေးရောင် တောက်နေသည်။ နန်းယု ခေါင်းကလေး ပုလျက် အာကာဟိန်းထက်၏ ထိတို့မှုကို အသာ ခံယူလိုက်သည်။ ဦးခေါင်းက အနည်းငယ် လှုပ်သွားတာမို့ ပခုံးပေါ် ဖြာစင်းနေသော ဆံနွယ်များက လှပစွာ လွင့်မျော လှုပ်ခတ်သွားသည်။
"ဆံပင်တွေ ရှည်လာတယ်နော်"
ညင်သာသည့် အပြောကို နန်းယု ထောက်ခံတော့မည့် အခိုက် အာကာဟိန်းထက် အကြည့်က သူမထံမှ ဖယ်ခွာကာ နောက်ဖျားဆီသို့ ပို့လိုက်သည်။ ထို့နောက် အရောင် ဖျော့သော မျက်လုံးများက စူးရှသွားပြီး သူမ ခေါင်းပေါ်မှ လက်ကို ရုပ်လိုက်သည်။
"ဒီတော့ ကိုယ့်တူလေး ဘယ်မှာလဲ၊ ကိုယ် ကြည့်လို့ရမလား"
"သားသားက အိပ်ပျော်နေတယ်"
ဝေယံ အဖြေ။ အာကာဟိန်းထက်က သူမကို ကျော်ပြီး မောင်ဖြစ်သူကို မေးလိုက်တာမို့ နန်းယု မျက်နှာက မကျေမနပ် စူပုပ်သွားသည်။ သို့သော် ဖြူစင်သည့် မနာလိုမှုပဲ ဖြစ်သည်။ အရှင်သခင်၏ အလေးပေးမှုကို ပြည့်ပြည့်ဝဝ ခံယူချင်သည့် အကောင်ငယ်လေး တစ်ကောင်၏ လောဘတတ်မှုမျိုး ဖြစ်သည်။
"ဘယ်မှာလဲ၊ ကိုယ် ကြည့်လို့ ရမလား"
"ရတာပေါ့၊ အပေါ်ထပ်က အိပ်ခန်းမှာ ရှိတယ်၊ လာလေ . ."
ဝေယံနှင့် အာကာဟိန်းထက်တို့ အိမ်ပေါ် တက်သွားသည့်အခါ နန်းယုနှင့် နေသူရိန်မင်းခန့်က ဧည့်ခန်းမှ ရှုပ်ဖွထားသည့် ပစ္စည်းများကို ရှင်းလင်းရင်း ကျန်ခဲ့သည်။ နာရီဝက်လောက် ကြာသည့်အခါ ပစ္စည်းများ ရှင်းလင်းလို့ ပြီးသွားသည်။ အချိန် တစ်ဝက်လောက် ကြာတော့ အပေါ်သို့ တက်သွားသည့် လူ နှစ်ယောက် ပြန်ဆင်းလာကြသည်။ အာကာဟိန်းထက်က ပြုံးရယ်ရင်း ဝေယံနှင့် စကားများ ရေပက်မဝင် ပြောနေသည်။
နန်းယု တစ်ယောက် ဧည့်ခန်းရှိ ဆိုဖာမှာ ထိုင်ပြီး ဖင် တကြွကြွ ဖြစ်နေသည်။ ဂနာမငြိမ် ဖြစ်နေ၍ နေမင်းကြီးပါ ပြောယူရသည်။ ထိုအခါမှ ဖခင်ဖြစ်သူကို စပ်ဖြဲဖြဲဖြင့် သူမ ရယ်ပြမိသည်။
"ဒါဖြင့် ကိုယ် ပြန်တော့မယ်၊ နောက်မှ တစ်ခေါက် ထပ်လာတာပေါ့"
ထိုစကားကြောင့် နန်းယု ဟန်မဆောင်နိုင်စွာ မှင်တက်သွားသည်။ ဝေယံက အိမ်ရှင်ပီပီ ဧည့်ခံဖို့ အချိန် ဆွဲနေသည်။
"ပြန်တော့မလို့လား၊ ခဏလောက် နေပါဦး"
"နေလို့ မဖြစ်ဘူး၊ ကိုယ် အပြင် သွားရဦးမယ်"
"ဒီလိုလား၊ ဒုက္ခ မများဘူးဆို . . ယုလေးကို မင်းနဲ့ အတူ ခေါ်သွားပေးလို့ ရမလား၊ သမီးက မြန်မာကို ရောက်တာ မကြာသေးတော့ မန္တလေးမြို့မှာ ဘာတွေ ရှိတယ် ဆိုတာ သူ မသိဘူး၊ လမ်းကြုံ သဘောမျိုးပဲ ဖြစ်ဖြစ် မင်းက လိုက်ပို့ပေးလို့ ရမလား"
ထိုစကားကြောင့် ဖခင်ဖြစ်သူကို နန်းယု ကျေးဇူးတင်မိသွားသည်။ ဖခင်က သူမ အကြောင်းကို အသိဆုံး ဖြစ်သည်။ သို့သော် အာကာဟိန်းထက် မျက်နှာထားက အခက်တွေ့နေပုံ ရသည်။ ထောက်ထားရမည့် မျက်နှာတွေ ရှိနေ၍ ပွင့်ပွင့်လင်းလင်းတော့ မငြင်း။
"ကိုယ်က အလုပ်များတယ်၊ မင်းကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး၊ အဲ့ဒါတွေအတွက် စိတ် မရှိဘူး ဆိုရင်တော့ . . လိုက်ခဲ့လေ၊ ကိုယ် ခေါ်သွားပေးမယ်"
"ဟုတ် . . ၊ နန်း လိုက်ခဲ့တယ်"
နန်းယု မဆိုင်းမတွ အဖြေ ပေးလိုက်သည်။
"ဟုတ်ပြီလေ၊ စကားမစပ် အပြင်ကို ဒီလို ပုံစံနဲ့ သွားမှာလား"
"နန်း ပုံစံက ဘာဖြစ်နေလို့လဲ"
အာကာဟိန်းထက် မျက်စိ မှေးပြီး နန်းယု တစ်ကိုယ်လုံးကို ခေါင်း အစ ခြေ အဆုံး အကဲခတ်သည်။ ဒူး ဖုံးရုံသာ ဖုံးသည့် စကတ်တိုဆီ အကြည့် ရောက်ချိန်မှာတော့ မျက်မှောင်ကြုတ်ပြီး အကြည့် လွှဲသွားသည်။ ထို့နောက် သက်ပြင်းတိုး တစ်ခု အသာအယာ ချလိုက်သည်။ ဟန်ပန်က တစ်စုံတစ်ရာကို အလိုမကျသည့် ဟန်။
"ဘာမှမဖြစ်ပါဘူး၊ ထားလိုက်ပါတော့ . ."
ပြောပြီးနောက် မျက်မှောင်ချီလျက် တံခါးဝသို့ လျှောက်သွားသည်။ နန်းယု ဖေဖေနှင့် ဖေဖေကြီးကို နှုတ်ဆက်ပြီး အာကာဟိန်းထက် နောက်သို့ သွက်လက်သည့် ခြေလှမ်းများဖြင့် ပြေးသွားလိုက်သည်။ သူမ ခြေထောက်များက ကြမ်းပြင်နှင့် မထိသလို ပေါ့ပါး လှုပ်ရှားနေသည်။ အိမ်ကြီး၏ တံခါးဝဆီ ရောက်သည့်အခါ အနောက်မှ အသံ တစ်ခုက ရုတ်တရက် တားလိုက်သည်။
"နေဦး . ."
နေသူရိန်မင်းခန့်၏ အော်သံ ဖြစ်သည်။
"ည ဆယ် နာရီ မထိုးခင် အိမ် ပြန်ပို့ပေး . . ၊ ငါ့သမီး တစ်ခုခု ဖြစ်လာရင် မင်း အသေပဲနော်"
အာကာဟိန်းထက် ငဲ့စောင်း ကြည့်ပြီး ထိုအပြောကို နှုတ်ခမ်း တွန့်ရုံသာ မဲ့လိုက်သည့် အပြုံးဖြင့် တုံ့ပြန်သည်။ ထို့နောက် အိမ် အပြင်သို့ ထွက်ပြီး ကားဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။ အနောက်မှ လျင်မြန်သည့် ခြေလှမ်းများဖြင့် ပြေးလိုက်လာတာက နန်းယုဝေပဲ ဖြစ်သည်။
နေ့လယ် သုံး နာရီလောက်တွင် လူတွေဖြင့် ကြက်ပျံ မကျ စည်ကားလွန်းနေသည့် အဆောက်အဦးကြီး တစ်ခုသို့ ရောက်သည်။ ကားထဲမှ ခေါင်း ထွက်ပြီး စပ်စုကြည့်မှ ကုန်တိုက် တစ်ခု ဖြစ်နေမှန်း နန်းယု သိလိုက်ရသည်။
"လာခဲ့ . ."
ကားရပ်နားကွင်း၌ ကား ရပ်ပြီးသည့်အခါ အာကာဟိန်းထက်က သူမကို ခေါ်ပြီး မှန်များဖြင့် ဖန်တီးထားသည့် အဆောက်အဦးကြီး၏ ဝင်ပေါက်မှ ဖြတ်ပြီး ကုန်တိုက်ထဲသို့ ဝင်လိုက်သည်။ အထဲသို့ ရောက်တာနှင့် အေးစက် မွှေးမြသော လေထုက ဦးစွာ ဆီးကြိုလိုက်သည်။ အပြင် ဝန်းကျင်က အနည်းငယ် ပူအိုက်နေတာမို့ လေအေးများနှင့် ထိတို့မိသည့်အခါ ခန္ဓာကိုယ်ရှိ မွေးညင်းများပါ ထထောင်ကုန်သည်။
"အရင်ဆုံး အဝတ်အစား လဲမယ်"
အာကာဟိန်းထက်က နန်းယု လက်ကို ကိုင်ပြီး အနီးမှ အမျိုးသမီး အဝတ်ဆိုင်ထဲ ဆွဲခေါ်သွားသည်။ အဝတ်ဆိုင်က အထက်တန်း ဆန်ကာ ကိန်းခန်းကြီးလှသည်။ ပွဲတက် ဂါဝန်ရှည်ကြီးများ၊ ထက်မြက် ရင့်ကျက်သည့် မိန်းမပျိုများ ဝတ်တတ်သည့် အဝတ်အစားများနှင့် ကုမ္ပဏီ တစ်ခုခုမှ ရာထူး အမြင့်ပိုင်းတွင် တာဝန် ယူနေသည့် လေဒီများ ဝတ်ဆင်သည့် ဝတ်စုံပြည့်တို့ကို အရုပ်များထက် ဝတ်ဆင်ပေးကာ တောက်တောက်ပပ မှန်ဘောင် သွင်းထားသည်။
ဆိုင်တွင် ပြသထားသော ဝတ်စုံများက ဖက်ရှင် ကျရုံမက ခေတ်ရှေ့ပြေးလွန်းသည့် ဒီဇိုင်း အဆင်တွေပဲ ဖြစ်သည်။ မိန်းကလေးတိုင်း စိတ်ကူးယဉ်ကာ ဘဝမှာ တစ်ခါလောက်တော့ ဝတ်ဖူးကြည့်ချင်သည့် အဝတ်အစားများပဲ ဖြစ်သည်။
သို့ရာတွင် ကျယ်ဝန်းလွန်းသည့် ဤဆိုင်တွင်း၌ ဝယ်သူ များများစားစား မရှိ။ အဝတ်အစားများကို စိတ်ကြိုက် လှည့်ပတ် ကြည့်ရှုနေသည့် မိန်းကလေး တစ်ယောက်စ နှစ်ယောက်စသာ ရှိသည်။ သေချာတာက ထိုပျိုမေများဟာ ဆိုင်တွင် ပြသထားသည့် အရုပ်မများထက်တောင် ပို၍ လှပပြီး ဆွဲဆောင်မှု ပြင်းသည့် မိန်းမပျိုများပဲ ဖြစ်သည်။
နန်းယု ဘေးနားရှိ အဝတ်တန်းတွင် ချိတ်ထားသည့် အပေါ်ရုံ ခြုံလွှာ တစ်စုံကို ဖြုတ်ယူကာ ဈေးနှုန်းကို စပ်စပ်စုစု ကြည့်လိုက်သည်။ ထိုအခိုက် သူမ မျက်လုံးက အဆမတန် ပြူးကျယ်ကာ အံ့သြမှုကြောင့် ပါးစပ်ပါ အလိုလို ဟသွားရသည်။
သုညတွေ အများကြီး ပါပြီး အပေါ်ရုံလေး တစ်ခုတည်းကိုပင် သိန်းချီ ပေးဝယ်ရမည့် ဈေးနှုန်း သတ်မှတ်ချက်ကြောင့် သူမ ကတုန်ကယင် ဖြစ်သွားရသည်။ ထို့နောက် ဖြုတ်ယူထားသည့် ဝတ်စုံကို ဘယ်သူမှ မမြင်ခင် စင်၌ သေသေချာချာ ပြန်ပြီး ချိတ်ပေးလိုက်သည်။ ဤဆိုင်တွင် ဝယ်သူ မရှိသည့် အကြောင်းအရင်းကို သူမ ယခုမှပဲ သဘောပေါက်သွားရသည်။
"မင်္ဂလာပါ၊ ဘာများ ကူညီပေးရမလဲ"
ဝတ်စုံပြည့်ကို သပ်သပ်ရပ်ရပ် ဝတ်ထားသည့် အရောင်းဝန်ထမ်း အမျိုးသမီး တစ်ယောက် သူတို့ဆီ ရောက်လာသည်။ ထိုအမျိုးသမီး နှုတ်ခမ်းများက နှင်းဆီပန်း၏ ပွင့်ဖတ်များလို ပွင့်အာပြီး နီရဲလျက် ရှိသည်။ အာကာဟိန်းထက် နန်းယု လက်ကို ကိုင်ထားရာမှ ဖြုတ်ကာ သူမ ပခုံးကို ဖိကိုင်ပြီး အရောင်းဝန်ထမ်း အမျိုးသမီးဆီ တွန်းပို့လိုက်သည်။
"ဒီမိန်းကလေးအတွက် အဝတ်အစား တစ်စုံလောက် လိုချင်တယ်"
"ဟုတ်ကဲ့"
"လုံခြုံပြီး ရင့်ကျက်တဲ့ ပုံစံမျိုး ပေါက်ပါစေ"
"ဖြစ်စေရပါ့မယ်"
အရောင်းဝန်ထမ်း အမျိုးသမီး ခေါ်ရာ နောက်သို့ နန်းယု လိုက်သွားရသည့်အခါ အာကာဟိန်းထက်က ကောင်တာ၌ နေရစ်ခဲ့သည်။ ဝယ်သူများ ခဏ အနားယူရန် ထားပေးသော ဆိုဖာ၌ ထိုင်ပြီးနောက် ဖန်စားပွဲ အနက်ပေါ် တင်ထားသည့် မဂ္ဂဇင်း စာအုပ်တွေထဲမှ ကြုံရာကို ကောက်ယူကာ ဖတ်ဖို့ လှန်လှောရင်း အလုပ်အတွက် အလျင်လိုနေသည့် စိတ်များကို သည်းခံထားရသည်။ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးနေပြီ ဖြစ်သည်။
လေးဆယ့် ငါး မိနစ်လောက် ကြာသည့်အခါ အဝတ်လဲခန်းမှ နန်းယု ထွက်လာခဲ့သည်။ သူမ ပုံစံက အစောပိုင်းကလို မဟုတ်တော့။ လူစား ထိုးလိုက်သလို အပြောင်းအလဲကြီး ပြောင်းသွားပြီ ဖြစ်သည်။
ပုလဲနုရောင် ရှပ်အဖြူနှင့် ကော်လံများကို အနက် ခြယ်ထားသည့် အင်္ကျီ အပြင်အဆင်က သူမကို ထက်မြက် ရင့်ကျက်သည့် မိန်းမ တစ်ယောက် အသွင် ပြောင်းသွားစေသည်။ လက်မောင်း တစ်ဝက်၊ တံတောင်ဆစ် အထက်ထိ နေရာ ယူနေသော ပွင့်ဖတ်သဏ္ဌာန် အနက်ရောင် လက်မောင်းကွပ်ကလေးများနှင့် ရင်ဘတ် အဟ၊ အင်္ကျီ ဗဟိုအလယ် မဟူရာ ကြယ်သီးများ မြှုပ်ထည့်ထားသော ရှပ်ဖြူက ပေးရသော တန်ဖိုးနှင့် ထိုက်တန်စွာ ဝတ်ရသူကို ပေါ့ပါးစေပြီး နူးညံ့ အေးမြသော ခံစားမှုကို ပေးသည်။
ယခင်က မလုံမခြုံ ဝတ်ခဲ့သော စကတ်တိုလေး နေရာတွင် ခြေမျက်စိအထိ ဖုံးအုပ်သည့် အနက်ရောင် စတိုင်လ် ဘောင်းဘီ တစ်ထည် အခန့်သား ရှိနေပြီ ဖြစ်သည်။ ဘောင်းဘီ၏ ခါး၌ ရှုံ့ကြိုးလေး နှစ်ကြိုး ပါပြီး အဖြူ အနက် စီခြယ်ထားကာ ပေါင်ရင်းအထိ လှုပ်လီလှုပ်လဲ့ တွဲလောင်းကျနေသည်။ နန်းယု ပခုံးပေါ် ကျနေသည့် ဆံနွယ်လေးကို နား အနောက် သွပ်သွင်းကာ ရှက်သွေးဖြာနေမိသည်။
အာကာဟိန်းထက်က စူးရှ ရင့်မှောင်သော မျက်လုံးများနှင့် အပြင်အဆင်ကို စိတ်တိုင်းကျသလို စိုက်ကြည့်ပြီး သူမဆီ လျှောက်လာနေသည်။ အနား ရောက်သည့်အခါ တစ်ခဏ ရပ်ပြီး လက် နှစ်ဖက်ကို ပင့်မြှောက်လိုက်သည်။ ထို့နောက် နန်းယု ဝတ်ထားသည့် ရှပ်ဖြူမှ အနက်ရောင် ကော်လံစကို ကိုင်ပြီး အားဖြင့် နီးကပ်သွားအောင် ဆွဲကျုံ့လိုက်သည်။ ထိုအပြုအမူကြောင့် နန်းယု အူကြောင်ကြောင် ဖြစ်သွားသည်။
"ဦး"
ထိုအခါမှ အာကာဟိန်းထက် အသိ ဝင်လာပြီး မျက်နှာပူစွာ ချောင်း တစ်ချက် ဟန့်လိုက်သည်။
"ရင်ဘတ် ဟိုက်နေလို့ . ."
"အော . . ၊ ဟုတ်"
"ဝတ်ရတာ အဆင်ပြေတယ်မလား"
"ဟုတ် . ."
"ဒါဆို ဒီဝတ်စုံ ယူမယ်"
အာကာဟိန်းထက် ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားသည့် အနက်ရောင် သားရေ ပိုက်ဆံအိတ်ထဲမှ ကဒ် တစ်ကဒ် ထုတ်ပြီး အရောင်းဝန်ထမ်း အမျိုးသမီးအား ကမ်းပေးလိုက်သည်။
"ငွေပေးချေဖို့အတွက် ကောင်တာကို ကြွပေးပါ ဧည့်သည်"
ကောင်တာ၌ ငွေ ရှင်းနေသည့်အခါ နန်းယုက အာကာဟိန်းထက် ထွက်အလာကို ဆိုင်အပြင်၌ မတ်တတ်ရပ်ပြီး စောင့်နေသည်။ သူမ လက်ထဲတွင် အစောပိုင်းက ဝတ်လာခဲ့သည့် အဝတ်အစားများကို ဆိုင်မှ ထုပ်ပိုးပေးလိုက်သည့် အိတ်များထဲ ထည့်လျက် ကိုင်ဆွဲထားသည်။ ခဏကြာတော့ ဆိုင်ထဲမှ အာကာဟိန်းထက် ထွက်လာသည်။
"သွားရအောင် . ."
"ဟုတ် . . ၊ ဒီတစ်ခါ ဘယ်လဲ"
"ရောက်ရင် မင်း သိပါလိမ့်မယ်"
တကယ်တမ်း အာကာဟိန်းထက် သွားသည့် ဒုတိယ နေရာက အဖိုးထိုက်တန်သော လက်ဝတ်ရတနာများ ရောင်းချသည့် ကျောက်မျက်ရတနာဆိုင် တစ်ဆိုင် ဖြစ်နေသည်။ အနက်ရောင် နောက်ခံ၌ ရွှေရောင် စာလုံးများဖြင့် ရေးထွင်းထားသော အင်္ဂလိပ် စာလုံးတို့က ဆိုင်ခန်း ထိပ်ရှိ ဆိုင်းဘုတ်ထက် ပြူးကျယ်နေသည်။ ရေးထိုးထားသည့် စာလုံးများက သေသပ် လှပပြီး တော်ဝင်ဆန်သည်။
Ma Huu Yar Diamond & Jewellery ဟူ၍ . . . ။
ထိုစာလုံးများ၏ အပေါ်၌ နှင်းဆီနက်ကို သင်္ကေတ တစ်ခု အဖြစ် ခမ်းခမ်းနားနား ရေးဆွဲ အလှဆင်ထားသည်။ ထိုနှင်းဆီနက်က ရှားပါးပြီး များစွာ အဖိုးထိုက်တန်သည့် ရတနာ ပစ္စည်း တစ်ခုအလား အရောင်အဝါတို့ ဝင့်ကြွားလို့ မြင်ရသူ မှန်သမျှကို မျက်စိ ကျိန်းသွားစေသည်။
"ဒီမှာ ခဏ နေခဲ့နော်၊ ကိုယ် ကိစ္စလေး တစ်ခု ရှိလို့ . . ၊ ချက်ချင်း ပြန်လာခဲ့မယ်၊ မကြာဘူး"
ဆိုင်ခန်းထဲ ရောက်ရောက်ချင်း အာကာဟိန်းထက်က သူမကို ခုံတန်းများ၌ နေခဲ့ဖို့ အသိပေးသည်။ နန်းယု ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
"လိမ္မာတယ်၊ တကယ်လို့ မင်း ပျင်းရင် ပစ္စည်းတွေ ကြည့်လို့ ရတယ်နော်"
"ဟုတ်၊ နန်း ကြည့်ချင်တယ်"
"ကောင်းပြီ . ."
အာကာဟိန်းထက် လက်ဟန်ပြ၍ ခေါ်လိုက်သည့်အခါ အနားသို့ ဝန်ထမ်း တစ်ယောက် အူယားဖာယား ပြေးလာသည်။ ယောကျာ်း တစ်ယောက်ပဲ ဖြစ်သည်။ ပုံစံက စာသင်နေတုန်း မုန့် ခိုးစားတာကို ဆရာ မိသွား၍ အဆူခံရတော့မည်ကို စိုးရိမ်နေသည့် ကျောင်းသား တစ်ယောက်လို။ ထိုဝန်ထမ်းက စိတ်ပူမှု အပြည့်နှင့် သတိကြီးစွာ အာကာဟိန်းထက်ကို ဆက်ဆံသည်။
နန်းယုသာ မမှားဘူးဆို အနားသို့ ရောက်ချိန်က ထိုဝန်ထမ်းက အာကာဟိန်းထက်ကို အမည်နာမ တစ်ခုဖြင့် ခေါ်လိုက်သည်။ သို့ရာတွင် အာကာဟိန်းထက်က နှုတ်ခမ်းပေါ် လက်ညှိုး တင်လျက် ခေါင်း ယမ်းပြီး တိတ်တိတ်နေဖို့ တားမြစ်လိုက်သည်။ ထို့ကြောင့် သူမ သေချာ မကြားလိုက်ရ။ ချွေးသီးချွေးပေါက် ပျံပြီး သာမန်ထက် စိတ်လှုပ်ရှားနေသည့် ဝန်ထမ်း၏ အင်္ကျီတွင် ချိတ်ဆွဲထားသည့် ရွှေရောင် ရင်ထိုးလေးကို နန်းယု လှမ်းကြည့်လိုက်သည်။ မန်နေဂျာ ဟူ၍ ရေးထိုးထားသည်။
"ဒီကလေးမလေးကို ရတနာ ပစ္စည်းတွေ ပြပေးဖို့ ဝန်ထမ်း တစ်ယောက်လောက် စီစဉ်ပေးလို့ ရမလား"
"ဟုတ်ကဲ့၊ ရပါတယ်ခင်ဗျ"
"ဒါဆို အမျိုးသမီး ဝန်ထမ်း တစ်ယောက်နဲ့ တွဲပေးလိုက်ပါ"
ပြောပြီးသည့်အခါ သူမကို တစ်ချက် ပြုံးပြပြီး ဆိုင် အတွင်းရှိ ရုံးခန်း တစ်ခန်းထဲ လျှောက်ဝင်သွားသည်။ အာကာဟိန်းထက် နောက်သို့ မန်နေဂျာ ဝန်ထမ်းပါ ပြေးလိုက်သွားသည်။
နန်းယု ရတနာ ပစ္စည်းတွေ ကြည့်ဖို့ ကောင်တာဆီ သွားလိုက်သည်။ အမျိုးသမီး ဝန်ထမ်းလေးက သူမကို ဖော်ရွေသော အပြုံးဖြင့် ကြိုဆိုသည်။ ထို့နောက် သူမ သိချင်သမျှ ရှင်းလင်း ပြောပြပေးတော့သည်။ သူမ ကိုင်ကြည့်ချင်သည့် ရတနာ ပစ္စည်းများကိုပါ တံခါး မရှိ ဓား မရှိ ရက်ရက်ရောရော ထုတ်ပြပေးသည်။ နန်းယု နည်းနည်းတော့ အံ့သြမိသည်။ မြန်မာ လူမျိုးတွေက ဒီလောက်အထိ သဘောကောင်းသည် တဲ့လား။
ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ လက်ကောက်၊ ဟန်းချိန်း၊ ရင်ထိုး၊ ခြေဆွဲ စသဖြင့် စိန်၊ ရွှေ၊ ငွေ၊ ကျောက်မျက်၊ ပလက်တီနမ် အစုံအစုံ သူမ ထိကိုင်ခွင့်ရခဲ့သလို စမ်းဝတ်ကြည့်ခွင့်ပါ ရခဲ့သည်။ သို့သော် တစ်ခုတစ်လေမှ သူမ အကြိုက်မတွေ့။ ပျင်းရိသော စိတ်နှင့် ရွှေဆွဲကြိုးထဲ စိန်စများ တွဲဆက် စီခြယ်ထားသည့် အဖိုးတန် ဆွဲကြိုးကုံးများကို အစုံလိုက် ရွေးကြည့်နေစဉ် တစ်ခဏ အလွန်တရာမှ ကျက်သရေ ရှိစွာ လှပလွန်းသော ဆွဲကြိုး တစ်ကုံးက သူမ မျက်စိ အမြင်ကို ဗြုန်းခနဲ ဆွဲဆောင်လိုက်သည်။ သူမ ချက်ချင်း ထိုပစ္စည်းကို အနီးကပ် ကြည့်ချင်သွားသည်။
"အဲ့ဒါလေး . . ၊ အဲ့ဒါလေး ကြည့်ချင်တယ်"
ကောင်တာ မှန်ပေါ်မှ ထောက်ပြီး အတွင်း၌ ရှိနေသည့် ဆွဲကြိုးကို သူမ လက်ညှိုး ထိုးပြလိုက်သည်။ ဒီတစ်ခါတော့ အရောင်းဝန်ထမ်းက အခြားရတနာ ပစ္စည်းများလို အလွယ်တကူ ထုတ်မပြ။ တစ်စုံတစ်ရာကို စိုးရိမ်မကင်း ဖြစ်ပုံဖြင့် အနည်းငယ် တုံ့ဆိုင်းနေသည်။ ကြည့်ရတာ ထိုပစ္စည်းက အများကြီး အများကြီး အဖိုးထိုက်ပုံ ရသည်။ နန်းယု အားနာသွားတာမို့ မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုခဏ သူမ နောက်ကျောမှ အသံ တစ်ခု ထွက်လာသည်။
"ထုတ်ပြလိုက် . ."
နန်းယု လှည့်မကြည့်လည်း သိလိုက်ပြီ ဖြစ်သည်။ အာကာဟိန်းထက်က ညင်သာသော ခြေလှမ်းများဖြင့် သူမဆီ ရောက်လာသည်။ ထို့နောက် မှန်ကောင်တာပေါ် လက် တင်ပြီး လွန်စွာ ခန့်ညား ကြည့်ကောင်းသည့် မျက်နှာထားဖြင့် သူမကို မေးသည်။ ပုံစံက သူမ လိုချင်သမျှ မဆိုင်းမတွ ဖြည့်ဆည်းပေးတော့မည့် ချမ်းသာ ကြွယ်ဝလွန်းသော ဘုရင် တစ်ပါးလို။
"သဘောကျလား"
နန်းယု ခေါင်းညိတ်ပြကာ သူမ လက်ထဲ ရောက်လာသည့် ဆွဲကြိုးကို သေချာ စိုက်ကြည့်သည်။ ရွှေဆွဲကြိုး ဟု သူမ ထင်ထားပေမယ့် အနီးကပ် မြင်ရမှ ရွှေနှင့် ပလက်တီနမ်ကို အချိုးကျကျ ပေါင်းစပ်ထားသည့် အဖိုးတန် ဆွဲကြိုး တစ်ကုံး ဖြစ်ကြောင်း သိလိုက်ရသည်။ ဆွဲကြိုး၏ ထိပ်၌ မျက်ရည် သဏ္ဌာန် အဖိုးတန် ကျောက် တစ်လုံးကို စိန်စများဖြင့် ဝန်းရံထားသည်။ အဖိုးတန် ကျောက်ဟာ အဖြူရောင် အဆင်း ရှိပြီး မိုးပြာနုရောင် သန်းနေသည်။ ဆန်းကြယ်စွာ တစ်လုံးထဲ အရောင် နှစ်မျိုး ပါနေခြင်း ဖြစ်သည်။
ထိုကျောက် အထက်၌ အရောင်တူ နောက်ထပ် ကျောက် တစ်လုံး ရှိသေးသည်။ ထိုကျောက်ကတော့ စက်လုံး သဏ္ဌာန် ဝိုင်းစက်နေပြီး စိန်များဖြင့် ပန်းပွင့်လေး တစ်ပွင့်လို အနားကွပ်ထားသည်။ ဘေး နှစ်ဖက်မှ သစ်ရွက်ပုံစံ ဒီဇိုင်း ထွင်ထားသော စိန်ကလေးများဖြင့် ထပ်မံ တွဲဆက် ဝန်းရံထားသည်။ ထိုကျောက်ကလေးများကို ပင်မ ဆွဲကြိုးကုံးဖြင့် အမိအရ တွဲဆက်ရန် အသုံးပြုထားတာက ရွှေ ချိတ်ကောက်ကလေးများပဲ ဖြစ်သည်။
အဖိုးတန် ဆွဲကြိုးလေးက နန်းယု လက်ထဲ အရောင်အဆင်းတို့ ထိန်ထိန်ညီးစွာ တောက်ပနေသည်။
"သဘောကျတယ်၊ အများကြီး သဘောကျတယ်"
"ဒါဖြင့် ကိုယ် မင်းကို အပိုင် ပေးတယ်"
"တကယ် . ."
နန်းယု မျက်လုံး နှစ်လုံးက အဆမတန် ပြူးကျယ် ဝိုင်းစက်သွားသည်။ အာကာဟိန်းထက်က သူမ လက်ထဲမှ ဆွဲကြိုးကုံးလေးကို ယူပြီး သူမ လည်ပင်းထက်၌ လိုလိုလားလား ဝတ်ပေးလာသည်။ သူမ လည်တိုင်ထက် ရွေ့လျားသွားတာက အေးစိမ့်သော ရွှေဖြူရောင် ဆွဲကြိုးလေး တစ်ကုံးပဲ ဖြစ်သည်။ နန်းယု မိုးပြာရောင် ဟပ်နေသည့် မျက်ရည် သဏ္ဌာန် ကျောက်ဖြူကလေးကို ကိုင်ရင်း ကောင်တာထက် ရှိနေသည့် ကြည့်မှန်ထဲ လှမ်းကြည့်လိုက်သည်။
အဖိုးတန် ဆွဲကြိုးကလေးက နန်းယု လည်တိုင်ထက် အလင်းဓာတ်တို့ ထိန်ထိန်ညီးစွာ လင်းထိန် တောက်ပပြီး မထင်မှတ်စွာ သူမနှင့် အလွန်တရာမှ လိုက်ဖက်နေသည်။
"အားနာလိုက်တာ၊ နန်းကို တကယ် ပေးတာလားဟင်"
"အားမနာပါနဲ့ . . ၊ မင်းနဲ့ လိုက်ဖက်လို့ ကိုယ်က မင်းအတွက် လက်ဆောင် ပေးတယ်ပဲ ထားလိုက် . . ၊ အိုကေလား"
"ကျေးဇူးတင်ပါတယ်နော် . ."
နန်းယု ဆွဲကြိုးလေးကို တဖွဖွ ကိုင်ရင်း ဗိုက်ဝအောင် မုန့်တွေ အများကြီး စားလိုက်ရသည့် ကလေးလေး တစ်ယောက်လို ပျော်ရွှင် ကြည်နူးနေမိသည်။ ရင်ထဲ နှလုံးသားထဲ၌ပါ ပီတိစိတ်များ အရှိန်အဟုန် ပြင်းပြင်း တောက်လောင်လို့ နေသည်။
သူမ မသိလိုက်တာက
ထိုဆွဲကြိုးလေး၏ အမည်နာမဟာ
မိုးပြာ မျက်ရည် တိုင်တည် တည်၍
အချစ်စိတ်တို့ အလျှံညီးညီး လင်းထိန် စေ ပဲ ဖြစ်သည်။
~•~ S U N ~•~
29 / October / 2021
6 : 16 PM
Continue Reading
You'll Also Like
404K 10.1K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
142K 11.3K 94
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...
1M 36.1K 42
966K 50.4K 44