"ဘော့စ်! ဦးသူရအောင်က ထပ်ပြီးအကြောင်းကြားထားပါတယ်။ဘယ်နေ့သွားကြမလဲခင်ဗျ"
"ဘော့စ်...ကုသမှုယူမှရမယ် မဟုတ်ရင် ပိုဆိုးသွားမယ်.."
ဆိုဖာပေါ်မှာ ထိုင်ပြီး ရှေ့ကိုအကြောင်သားကြီးမျက်မှောင်ကုတ်ကြည့်နေတဲ့ မိုးပင်လယ်ကို ဟိန်းထက်ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။သူ့ဘော့စ်က တော်ရုံအသိစိတ်လွတ်တတ်တဲ့လူမဟုတ်ဘူး။သူ လူတစ်ယောက်လိုတွေးခေါ်တတ်တဲ့ အရွယ်ကတည်းက မိုးပင်လယ်ကို စသိခဲ့တာ။မိုးပင်လယ်ကအမြဲတမ်းကောင်းကောင်းမွန်မွန်တွေးခေါ် ဆင်ခြင်တတ်ပြီး စိတ်သဘောထားလဲပြည့်ဝတဲ့လူဖြစ်တယ်။မိုးပင်လယ်ကို သူ လေးစားပြီး အစ်ကိုရင်းချာတစ်ယောက်လိုသဘောကျတာမို့ ဒီလိုဖရိုဖရဲ ပုံစံကိုသူလဲမတွေ့ချင်သလို အခြားသူတွေကိုလဲမမြင်စေချင်ဘူး။
"အစ်ကို့!စိတ်လေးဘာလေးထိန်းပါဦး!ဘာလို့ဝိဉာဥ်မရှိတဲ့လူလိုထိုင်နေတာလဲ"
သူ့ဘေးကနားပူနာဆာလုပ်နေတဲ့လူရဲ့အသံက ငိုသံတောင်ပါနေပြီလို့ထင်ရတယ်။ဟိန်းထက်ရဲ့စကားကို မိုးပင်လယ်ကြားပေမယ့် ဘာမှတုန့်ပြန်ချင်စိတ်ရှိမနေဘူး။သူဆိုဖာပေါ်မှာ အကျောပျော့ သတ္တဝါတစ်ကောင်လိုလျော့ရဲရဲထိုင်ပြီး ဘာမှလုပ်ချင်စိတ်မရှိတာကြောင့် ခံတွင်းတွေ သေမလောက်ချဥ်နေတာတောင် ဆေးလိပ်ထမသောက်မိဘူး။ဘေးကနေဟိန်းထက်ကတော့ နားပူနားဆာ ဆက်လုပ်နေတုန်းမို့သူနားပူပြီးသေတော့မလားတောင်ထင်မိတယ်။
သူ့ရဲ့စိတ်ဆရာဝန်ဆီမသွားဖြစ်လို့ အိပ်မက်ဆိုးတွေမက်နေတာ ပိုဆိုးလာတဲ့အပြင်နေ့နေ့ညညတွေးဖြစ်နေတာကလဲ နွေဦး အကြောင်းကလွဲပြီးမရှိဘူး။နွေဦး ဆီကနေ ပြန်လာပြီးထဲက သူဆေးလိပ်သောက်တယ်၊အိပ်တယ် အိပ်တော့ အိပ်မက်ဆိုးမက်တယ်၊နိုးလာတယ်..နွေဦးအကြောင်းတွေးတယ်။
တစ်ချက်တစ်ချက် ဒေါသထွက်ပြီး အော်ဟစ်ပစ်လိုက်တယ်။အဲ့အချက်တွေကြောင့်ပဲ သူPTSD လုံးလုံးလျားလျားဖြစ်သွားမှာကြောက်နေတာထင်တယ်။
သူအလုပ်ထဲလဲ အာရုံမရောက်ဘူး။ငိုလဲမငိုချင်ဘူး..ရယ်လဲမရယ်ချင်ဘူး။တစ်နေရာကိုကြောင်ကြည့်ပြီး တိတ်တိတ်လေးပဲ သူနေချင်တယ်။သူတိတ်တိတ်ဆိတ်ဆိတ်လေး အသဲကွဲပြီးရင်တော့ သူပြန်ရပ်တည်နိုင်မှာ..သူလိုအပ်တာ အချိန်တစ်ချို့ပါပဲ။ဘာလို့များ သူ့ကို အဲ့အချိန်လေးတောင် မပေးနိုင်ကြတာလဲ။
သူ့ကိုလမ်းခွဲစကားပြောတဲ့နွေဦးရဲ့ နာကျင်တုန်ရီနေတဲ့ နှုတ်ခမ်းလေးနဲ့ သူထွေးပွေ့ခဲ့တဲ့ ကိုယ်လုံးနွေးနွေးလေး ရဲ့အထိအတွေ့ကို ခုထိခံစားလို့ရနေတုန်းပဲ။သူတို့ ဘယ်နေရာကနေများစမှားခဲ့တာလဲ။အရင်အတိုင်း ကောင်းကောင်းမွန်မွန်ပြန်ဖြစ်ဖို့ ဘယ်နေရာကနေစပြင်ဆင်ရမလဲ။
စဥ်းစားပြီးရင်းစဥ်းစားနေပေမယ့် သူ့မှာသင့်လျော်မှန်ကန်တဲ့အဖြေရယ်လို့ထွက်လာတာမရှိဘူး။နွေဦးပြောသလိုပဲ သူ နွေဦး အမေကိုလက်မခံနိုင်သရွေ့က သူတို့နှစ်ယောက်ကအဆင်ပြေလာမှာမဟုတ်ဘူး။ဒါပေမယ့် သူ့အဖေကို သူ့ဘဝထဲကဆွဲထုတ်သွားတဲ့လူကို သူကပြုံးရယ်ရွှင်ပျပြီးလက်ခံပေးရအောင်လဲ သူက သူတော်စင် မဟုတ်ပြန်ဘူး။
စိတ်ပျော်စရာတွေမရှိတဲ့အခါမှာ လောကကြီးကမနေပျော်တော့ဘူး။အရာအားလုံးက အဓိပ္ပါယ်မဲ့နေပြီး သောက်ကျိုးနည်း စုတ်ပဲ့နေတယ်။မြူတွေအုပ်ဆိုင်းနေတဲ့ တောနက်ထဲတစ်ယောက်ထဲရောက်နေသလို လေးဘက်လေးတန် မှုန်ဝါးပြီးလမ်းပျောက်နေတယ်။သူ့စိတ်ဓာတ်တွေ တစ်စစီကျိုးပဲ့ကျနေပြီး ရင်ထဲမှာကတင်းကျပ်စူးအောင့်နေတယ်။
"အစ်ကို!"
"ဘာလဲကွာ!ငါ့ကိုနောက်ထပ်ဆယ်ရက် မဟုတ်ဘူး မဟုတ်ဘူး တစ်ပါတ်ပဲ ငါ့ကိုဖြစ်ရာဖြစ်ပစ်ပေးထားစမ်းပါ...ဟိန်းထက်ရာ"
သူ့ဘေးကနေအသံထပ်ထွက်လာတဲ့ ဟိန်းထက်ကို သူအော်လွှတ်လိုက်တယ်။သူ့ရဲ့သောက်ကျိုးနည်း ဘဝကြီးကလဲ အသဲကွဲတာတောင် အေးအေးဆေးဆေး ကွဲခွင့်မရှိတော့ဘူးလား။
"မဟုတ်ဘူး...ကျွန်တော်က ဧည့်သည်လာတယ်လို့ပြောမလို့"
ဟိန်းထက်စကားအဆုံး မှာ သူ့အိမ်ထဲဝင်လာတဲ့လူကိုကြည့်လိုက်တော့ သူကြောင်အသွားရတယ်။သူ့အိမ်ပေါက်ဝမှာ မျက်နှာခပ်နွမ်းနွမ်းနဲ့ ရပ်နေသူက ညီဝမ်းကွဲ Addamလင်းညို...အဒ်ဒမ်က လွယ်ထားတဲ့ ကျောပိုးအိတ်ကို အပေါက်ဝမှာပဲပစ်ချခဲ့ပြီး သူ့ကိုနှုတ်ဆက်သလိုမျက်ခုံးပင့်ပြရင်း အိမ်ထဲကိုလေးလေးဖင့်ဖင့်လှမ်းဝင်လာတယ်။
မိုးပင်လယ်လျော့ရဲရဲထိုင်နေတဲ့ခန္ဓာကိုယ်ကို ပြန်တည့်မတ်ရင်း အဝတ်အစားတွေကို အနည်းငယ်ပြန်ပြင်ဆင်လိုက်တယ်။သူ့ထက် ငါးနှစ်လောက်ငယ်တဲ့သူ့ညီရှေ့မှာ သူ့ရဲ့ စုတ်ပဲ့ပဲ့ပုံကိုမပြချင်ဘူး။
ဒါတောင် အဒ်ဒမ့် အပြောကမလွတ်ဘူး...ဒီလောက်တောင်အပြောဆိုးတဲ့ကောင်ကို ကြွေကျနေတဲ့လူတွေကိုလဲ သူအံ့သြတယ်။
"ကိုကြီး...မင်းပုံကဘာဖြစ်နေတာလဲ...လူတွေထုထောင်းနှိပ်စက်ထားတဲ့ရုပ်နဲ့"
အဒ်ဒမ်ကသူရှိရာကို လာနေရင်း တွေ့တွေ့ချင်းဆောက်နဲ့ထွင်းတော့တယ်။သူ့ကိုသာပြောနေတာ ပြောနေတဲ့လူရုပ်ကိုကြည့်တော့လဲ ဖုန်အလူးလူးနဲ့ ...အဒ်ဒမ့်ဆံပင်က အဖြူဘက်ရောက်နေတဲ့အရောင်ဖြစ်တာကြောင့် ခေါင်းအစခြေအဆုံး ဖုန်ရောင်တွေနဲ့ သဘာဝတွေဆန်တော့တယ်။ဒီပုံကြောင့်ပဲ သူ စစချင်း သူ့ညီသူမမှတ်မိဘူးဖြစ်သွားတာ။
Addam လင်းညိုဆိုတဲ့ သူ့ညီက နာမည်တင် အင်္ဂလိပ်ဆန်တာမဟုတ်ဘူး လူပုံကလဲ ဥရောပပုံစံနဲ့ အချိန်ပြည့် သူ့စတိုင်သူဂရုစိုက်နေတတ်တဲ့ကောင်။သူ့လို အသားညိုညိုမဟုတ်ပဲ ဖြူဥတဲ့အသားအရည်နဲ့ လင်းလက်နေတဲ့ မျက်လုံးမည်းမည်းတွေနဲ့ ယောကျ်ားလေးတန်မဲ့ ချောနေတဲ့ကောင်။
အဲ့လိုသူ့ညီက ဖုန်တွေပေကျံပြီး သူ့ဆီကို ဘာလို့ရောက်လာတာလဲ။သူ့ဘေးမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တဲ့ အဒ်ဒမ့်ကို မိုးပင်လယ် စိတ်ပျက်လက်ပျက်လှည့်ကြည့်ပြီးမေးလိုက်တယ်။
"ငါ့ပုံကိုအသာထားပါဦး...မင်းကငါ့ထက်ဆိုးနေတယ်မထင်ဘူးလား"
သူ့စကားကြားတော့ အဒ်ဒမ် သူ့ဘဝကြီးမှာ အဆိုးတကာ့အဆိုးဆုံးတွေကိုပဲဖြတ်သန်းနေရသလိုရုပ်နဲ့ရှုဲ့မဲ့သွားတယ်။ပြီးတော့ သူ့ခေါင်းကဖုန်တွေကို အားမနာလျှာမကျိုး ခါထုတ်ပြီး မေးတာကိုမဖြေဘဲ သူသိချင်တာကိုပဲဆက်မေးတယ်။
"ကိုကြီး..မင်းဘာလို့ ဟိုပုံးကresortမှာမနေဘဲ ဒီဝေးလံခေါင်သီတဲ့နေရာမှာ တစ်ယောက်ထဲလာနေနေတာလဲ"
"ငါတစ်ယောက်ထဲမဟုတ်ပါဘူး..ဟိန်းထက်လဲရှိတယ်"
မိုးပင်လယ်ရဲ့ ဝိနည်းလွတ် ဖြေတာကို အဒ်ဒမ်ကစိတ်ပျက်သလို ခေါင်းခါကာ စားပွဲပေါ်ကဆေးလိပ်ဘူးထဲက ဆေးလိပ်ကိုယူပြီး မီးညှိလိုက်တယ်။တစ်ချက်ရှိုက် အငွေ့တွေကို မှုတ်ထုတ်ပြီးမှ သူ့ဘက်ကိုလှည့်ပြီး...
"ကိုကြီး မင်းအသက်ကြီးလာလို့များလား မေးတဲ့မေးခွန်းကိုဝေ့ပတ်ပြီးဖြေနေတာ...ဟိန်းထက်ရှိမှန်း ငါလဲမြင်တာပေါ့."
"ခွေးကောင်!မင်းရောဘာထူးလဲ ငါမေးတာကို ဝေ့ပတ်ပြီးဖြေနေတာမဟုတ်ဘူးလား"
"ဟွန်း!အဲ့ဒါကအစကတည်းက ကျွန်တော့်အကျင့်လေ...ကိုကြီးကကျမဟုတ်ဘူးမလား"
မိုးပင်လယ် စကားတွေကို ခွန်းတုံ့ပြန်ဖို့ပျင်းတာကြောင့် စိတ်ပျက်လက်ပျက်ခေါင်းပဲခါလိုက်နိုင်တယ်။
စကားကပ်သတ်ပြောတဲ့နေရာမှာ အဒ်ဒမ့်ကို သူမနိုင်ဘူး...ဒီကောင်ကမွေးကတည်းက ညစ်ကျယ်ကျယ်နဲ့မွေးလာတဲ့ကောင်။ရိုင်းရိုင်းစိုင်းစိုင်းနဲ့ အငြင်းကလဲသန်သေး...အဒ်ဒမ့်အကြောင်းတွေးလိုက်မိတာ သူခေါင်းတွေတောင်ပိုကိုက်ချင်သလိုလိုဖြစ်သွားတယ်။
"အဒ်ဒမ် မင်းလက်ဂေ့ချ်တွေရော ဘာလို့ တစ်ခါထဲ အိမ်ထဲသယ်မလာတာလဲ...ဟိန်းထက် သွားသယ်ပေးပါဦး"
"မလိုဘူး...မသယ်နဲ့"
"သြော်...မနေနိုင်လို့ ပြန်မလို့လား...အေး ကောင်းတယ်..ဟိန်းထက် သူ့ကို ဟိုပုံးက Resortကိုလိုက်ပို့လိုက်ပြီးတော့ Reseptionမှာ သူ့နာမည်နဲ့ငွေစာရင်းပါဖွင့်ထားခဲ့..သွားကြ သွားကြ ခုသွားကြတော့"
"ကိုကြီး!"
"ပြော!"
"ငါဘယ်မှမသွားဘူး"
"ဘာဖြစ်လို့လဲ"
သူမေးတော့ အဒ်ဒမ်က ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချထားပြီးသားလိုရုပ်နဲ့ ခေါင်းကိုခါတယ်။
"ငါဒီထိရောက်အောင် မနည်းလာခဲ့ရတာ...ဟိုပုံး ကနေမဲဘာန်းကိုလိုက်ပို့တဲ့ကားကလဲ စောက်စုတ်..ငါလိ့ ပြောရင်းဒေါသထွက်တယ်...တောင်းတဲ့စျေးကြ မာစီးဒီးခြောက်ပေါက်ကိုငှားစီးရင်တောင်အဲ့လောက်မပေးရဘူး...ပြီးတော့လမ်းမှာပျက်လို့ ငါလမ်းဆင်းလျှောက်လာခဲ့ရသေးတယ်"
"အဲ့တော့မင်းဒီကိုဘယ်လိုရောက်လာတာလဲ"
"လမ်းမှာ ဂွန်ဒေါင်းသမားကတင်ခေါ်လာပြီး ဒီထိလိုက်ပို့သွားတာ...ကိုကြီး မင်းကဒီမှာ နာမည်ကြီးပဲ..မိုးပင်လယ်ပြာဆိုတာနဲ့ တန်းသိကြတယ်"
"ငါကဒီကဆေးရုံမှာ တာဝန်ကျဖူးတာကို အဲ့ဒါထားပါမင်းကားသမားကိုဘာလုပ်လွှတ်လိုက်သေးလဲ"
မိုးပင်လယ်ဒီမေးခွန်းကိုမေးကိုမေးမှရမှာပါ..သူ့ညီက ရိုင်းတဲ့အပြင်မှာ ဒေါသလဲလူလိုမထွက်တော့ နောက်နေ့ကျ အလောင်းပေါ်ရင်ပေါ်လာမှာ။ပြောလို့မရဘူး Addam လင်းညိုဆိုတာ ၈တန်းနှစ်ထဲက ရပ်ကွက်ကျော်ပြီး ရန်ဖြစ်လာတဲ့ကောင်။
"ဘာမှလုပ်မလွှတ်ပါဘူး..စကားနည်းနည်းပါးပါးပဲပြောလွှတ်လိုက်တာ"
"အင်း..တော်သေးတာပေါ့...ကိုယ့်ကိုကိုယ်သတ်သေရလောက်တဲ့အထိ တော့မပြောလိုက်ဘူးမလား"
"အဲ့ဒါတော့ အဲ့လူရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်မူတည်တာပေါ့"
မိုးပင်လယ် မျက်ဖြူတွေပါလန်ချင်လာတယ်။ကိုယ့်ဟာကိုယ်တောင် စိတ်တွေမူမမှန်ရတဲ့အထဲ နောက်ထပ်အရူးတစ်ကောင်နဲ့နေရတော့မှာလား?အတိတ်ဘဝကသူဘာအကုသိုလ်တွေကျူးလွန်ခဲ့မိလဲ?
"ဟိန်းထက်..သူ့လက်ဂေ့ချ်တွေ သွားသာသယ်လိုက်တော့"
"သယ်စရာမလိုပါဘူးဆို..အစထဲက ပါမလာဘူး"
"ဘာ!မင်းကလက်ဂေ့ချ်ပါမလာဘူး"
မဖြစ်နိုင်တာ!ပြည်တွင်း တစ်ညအိပ်ခရီးကိုတောင် လက်ဂေ့ချ်သုံးလုံးလောက်သယ်နေတဲ့လူက ဘာလက်ဂေ့ချ်မှမပါလာဘူးတဲ့။
"ဟိတ်ကောင်..မင်း သူခိုးခိုးခံလိုက်ရတာလား"
"မဟုတ်ဘူး အစထဲက ယူကိုမလာတာ"
မိုးပင်လယ် သူ့မျက်နှာကို လက်ဖဝါးနဲ့တစ်ချက်နှစ်ချက်ရိုက်လိုက်ပြီး စိတ်နဲ့ကိုယ်နဲ့အရင်ကပ်အောင်လုပ်လိုက်တယ်။ပြီးမှ ဘေးကသူ့ညီကို သေသေချာချာလှည့်ကြည့်လိုက်တော့...
မှားနေပြီ!တစ်ခုခုမှားနေပြီ။
တစ်နေရာထဲကို ဗလာသက်သက်စိုက်ကြည့် ဆေးလိပ်ပြာကိုခြွေချလိုက်ပြီး ဆိုဖာပေါ်ခေါင်းလှန်ပြီးမှီချလိုက်တဲ့ အဒ်ဒမ့်ကိုကြည့်ရတာ သူ့ကိုယ်သူ ကြည့်နေရသလိုပဲ။
မိုးပင်လယ် ဖြေရှင်းရခက်တဲ့ ရူပဗေဒပုစ္ဆာတစ်ပုဒ်ကိုဖြေရှင်းနိုင်တဲ့လူလိုပြုံးလိုက်ကာအဒ်ဒမ့်ကို သူ့ဘက်ဆွဲလှည့်ပြီးမေးလိုက်တယ်။
"ဟေ့ကောင် အဒ်ဒမ်လင်းညို..မင်းအသဲကွဲလာတာမလား"
"မဟုတ်ပါဘူး"
အဒ်ဒမ်ကမပွင့်တပွင့်ဖြေပြီး ပြန်လှည့်သွားတယ်။
"မင်း ဘိုးအေကြီးကိုပဲသွားလိမ် ဟေ့ကောင်..မင်းကိုကြည့်ရတာ ငါ့ကိုငါပြန်မြင်နေရသလိုပဲ"
"အဲ့ဒါတော့မဖြစ်နိုင်ဘူး..ငါကအသားပိုဖြူတယ်"
အဒ်ဒမ့်ကိုမိုးပင်လယ် စိတ်ထဲကနေကျိန်ဆဲလိုက်ပြီး သူလဲ ဆိုဖာပေါ်မှာလျော့ရဲရဲပြန်ထိုင်ပစ်လိုက်တယ်။နှစ်ယောက်သားအတန်ကြာတဲ့အထိ စကားမပြောဖြစ်ပဲ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေကြရင်း ဆေးလိပ်တွေကို မီးခိုးခေါင်းတိုင်လို သောက်နေမိကြတယ်။
မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေက အမျှင်အတန်း အကွေ့အဝိုက်ပုံစံမျိုးစုံနဲ့သူတို့မျက်စိရှေ့မှာတင်လွင့်ပါးပျောက်ကွယ်သွားတာကို မျက်တောင်မခတ်တမ်းကြည့်နေမိတယ်။ဆေးလိပ်ငွေ့တွေလိုပဲ သူတို့ရဲ့ အချစ်တွေက ပုံစံမျိုးစုံတွေဖြစ်ပြီး ခဏကြာတော့ပျောက်ကွယ်သွားကြမှာလား။
ဆေးလိပ်ငွေ့ကိုမှုတ်ထုတ်လိုက်သလိုပဲသူ့ရဲ့ ဝမ်းနည်းနာကျင်မှုတွေကိုအဝေးကြီးကိုမှုတ်ထုတ်လိုက်လို့ရရင်ကောင်းမယ်။
"ကိုကြီး!"
"• • •"
"မင်း အသဲကွဲနေတာလား"
"ဟုတ်တယ်...မင်းရောပဲမလား"
"ငါက အသဲမကွဲဘူး..."
"ကောင်းတာပေါ့ ..ငါကအသဲကွဲနေတယ်ဆိုရင် ငါ့အိမ်ကနေချက်ချင်းကန်ထုတ်တော့မလို့"
အဒ်ဒမ်လဲ သူ့လို အသဲကွဲနေတယ်ဆိုရင်တော့ သူတကယ်ကန်ထုတ်ပစ်မှာ...သူ့မှာတစ်ယောက်ထဲတောင် အသဲကွဲလို့ မဆုံးဖြစ်နေတာ အဖော်တော့ထပ်မလိုချင်ဘူး။
"ငါကလမ်းပျောက်နေတာ..အသဲကွဲတာက ငါ့အတွက်ကုလို့ရသေးတယ်..ခုငါကလမ်းပျောက်နေတာ...အဲ့ဒါကြောင့် ငါမင်းဆီလာပါတယ်ဆိုမှ မင်းက ရွဲပလဲနေတာပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ"
"ဆောရီး!"
"ဒါပေမယ့်လဲ အဖော်ရပါတယ်...အဲ့ဒါကြောင့် ငါ့ကိုမင်း ဘယ်မှကန်မထုတ်နဲ့..ငါမင်းနဲ့ပဲကပ်နေမှာ...ငါတစ်ယောက်ထဲဆို ငါအထီးကျန်လို့သေသွားတော့မယ်လို့ထင်နေရတယ်။"
မိုးပင်လယ် သူ့ညီကိုသူ တအံတသြ လှည့်ကြည့်မိတယ်။သူ အဒ်ဒမ့်ကို သိလာခဲ့တဲ့ တစ်လျှောက်လုံးမှာ ဒီကောင်လေးဆီက အထီးကျန်တယ်ဆိုတဲ့ စကား ၃လုံးကို တစ်ခါမှမကြားဖူးခဲ့ဘူး။အဒ်ဒမ်က ရိုင်းစိုင်းတဲ့ကောင်စုတ်လေးဖြစ်ပေမယ့် စိတ်ရင်းလေးကောင်းပြီး ချမ်းသာတာမို့ အပေါင်းအသင်းဆန့်တယ်။
ဟုတ်တယ်...အချစ်မရှိတော့ရင် လူတွေက အနည်းနဲ့အများအထီးကျန်ဆန်ကုန်ကြတာချည်းပဲ။တစ်ဖက်လူကို ပိုချစ်ရင်ချစ်သလောက် အထီးကျန်မှုကပိုကြီးထွားလာတယ်။
သူ့ညီကို အထီးကျန်ဆန်အောင်လုပ်လိုက်တဲ့လူက ဘယ်သူပါလိမ့်။မိုးပင်လယ် ပြာခွက်ဆီကို ဆေးလိပ်ပြာခြွေချလိုက်ပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။
"သူ့ကိုမင်းအရမ်းချစ်နေတယ်ထင်တယ်..ဒါပေမယ့် ငါလောင်းရဲတယ် ဒီကိစ္စတွေဖြစ်အောင်စမှားတဲ့လူက မင်းပဲနေမှာ ဟုတ်တယ်မလား"
"ဟုတ်မှာပေါ့...မှားခဲ့တာက ကျွန်တော်လား ...ကျွန်တော့်ကို ချစ်သွားတဲ့ သူလား မပြောတတ်ဘူး..ခုတော့ ကျွန်တော့်နားမှာ သူမရှိတော့ဘူး"
မိုးပင်လယ်ပြာဆိုတဲ့ သူက မကောင်းတဲ့ကောင်ဆို သူ့ညီ အဒ်ဒမ်လင်းညိုက သူ့ထက် ၁၀ဆမကောင်းတဲ့ကောင်ပဲ။
"မင်းပဲနေမှာပါ..စဥ်းစားမနေနဲ့"
သူ့စကားဆုံးတော့ အဒ်ဒမ်က သူ့ကိုလက်ခလယ်ထောင်ပြလာလို့မိုးပင်လယ် စိတ်ညစ်ညစ်နဲ့ရယ်မိတယ်။အဒ်ဒမ်ပြောတာလဲဟုတ်သားပဲ...အဖော်လေးနဲ့ဆိုတော့ အသဲကွဲတာတောင်သိပ်အထီးမကျန်တော့ဘူး။
ညနေပိုင်းရောက်တဲ့ထိ ဆိုဖာပေါ်ကနေမထတဲ့သူတို့နှစ်ယောက်ကို ဟိန်းထက်က ဆူဆူပူပူနဲ့ထခိုင်းတော့တယ်။အစကတော့ကြိတ်မှိတ်ခွေနေကြပေမယ့် နားထဲက သွေးတွေထွက်ကျလာမှာစိုးတာကြောင့် ပျင်းရိလေးတွဲ့စွာထလာခဲ့ကြတယ်။
ညရောက်တော့ယောကျ်ားလေးတွေစုံရင်လုပ်ကြတဲ့တစ်ခုထဲအရာကိုသူတို့လုပ်ကြတယ်။ဟိန်းထက်က အမြည်းကိုတော်တော်လေးစုံလင်အောင်ပြင်ဆင်ပေးထားတယ်။
မိုးပင်လယ် ဝိုင်ကိုမော့ချလိုက်တော့ နွေဦးကိုသတိရသွားပြန်တယ်။နွေဦးကို သူအရမ်းသတိရတာပဲ...နွေဦးကိုသူတွေ့ချင်တယ်...မွှေးပျံ့နွေးထွေးတဲ့ကိုယ်လုံးလေးကို တစ်ကိုယ်လုံးမြုပ်တဲ့ထိဖက်ထားချင်တယ်။နွေဦးရယ်သံကိုကြားချင်တယ် နွေဦးပြုံးတာကို တမေ့တမောထိုင်ကြည့်နေချင်တယ်။
ခုတော့အဲ့ဒါတွေက မဖြစ်နိုင်တာတွေဖြစ်ကုန်ပြီ။
သောက်ရင်းမြည်းရင်း ရောက်တက်ရာရာ ထွေရာလေးပါးလျှောက်ပြောနေလိုက်တော့ သူ့စိတ်နည်းနည်းပေါ့့ပါးလာတယ်။ခပ်ထွေထွေဖြစ်လာပုံရတဲ့ အဒ်ဒမ်က အဆက်အစပ်မရှိသူ့အကြောင်းကိုမေးလာတယ်။
"ကိုကြီး...မင်းကိုတိုက်သွားတဲ့ခွေးသူတောင်းစားကိုတွေ့ပြီလား"
"ဘယ်လိုလုပ်တွေ့မှာလဲ...စိတ်ညစ်ရတဲ့အထဲ အဲ့အကြောင်းတွေမပြောစမ်းနဲ့"
အဲ့အကြောင်းကိုကြားတာနဲ့ မိုးပင်လယ် သွေးကြောထဲထိဖျင်းခနဲဖြစ်သွားပြီး ဒေါသတွေထွက်လာတာမို့ အဒ်ဒမ့်ကိုမပြောဖို့တားလိုက်တယ်။
"အိုခေ အိုခေ..ဒါဆိုမေးခွန်းပြောင်းမယ်...ကိုကြီးခုဖြစ်နေတာ ခေမီဇူးဇန်ကြောင့်မဟုတ်ဘူးမလား"
"• • •"
သူငြိမ်နေတာကြောင့် အဒ်ဒမ်က သူ့ကိုလက်ညိုးထိုးကာ အားရပါး ရအော်ရယ်တော့တယ်။
"ဟုတ်နေတာပဲ...ငါ့အစ်ကို ကဇနီးလောင်းကြောင့်မဟုတ်ဘဲ အခြားတစ်ယောက်ကြောင့် ခံစားနေရတာပဲ...ကိုကြီး ကျွန်တော်တို့တွေက ညီအစ်ကို အစစ်တွေပဲ ဟားဟားဟား"
"တော်တော့ အဒ်ဒမ် မင်းမူးနေပြီ..."
အဒမ့်စကားတွေကြောင့် သူမေ့ထားတာတွေကို ပြန်ပေါ်လာမှာစိုးလို့ မိုးပင်လယ်ဟန့်တားလိုက်တယ်။
"မမူးပါဘူး...အဒမ်လင်းညို ကဒီလောက်လေးနဲ့မူးတာ ရာဇဝင်မှာမရှိဘူး"
"မမူးရင်လဲ အဲ့အကြောင်းတွေမပြောစမ်းနဲ့ "
"နွေဦးဆိုတဲ့တစ်ယောက်ကြောင့်မလား...အန်ကယ့် မိန်းမရဲ့သားလေ"
"Addam!!"
မိုးပင်လယ်ဒေါသထွက်ပြီးအော်လိုက်တော့ အဒ်ဒမ်က လက်ညိုးကိုဘယ်ညာရမ်းပြီး...
"ဟိုး ဟိုး ဒေါသထွက်မလာနဲ့ဦး...တကယ့်အရေးကြီးတာကိုကျွန်တော်မပြောရသေးဘူး"
"ဘာလဲ!"
"မပြောခင်မှာကျွန်တော်မေးတာကိုအရင်ဖြေ.. အန်တီက မင်းအဖေကို သူ့အမေကလုယူသွားတာလို့ပြောတယ်မလား...အဲ့စကားကို အန်ကယ်ဆီကိုဟုတ်မဟုတ်မေးကြည့်ပြီးပြီလား"
"မေးနေစရာလိုသေးလို့လား...အသိသာကြီး မေမေကိုယ်တိုင် ငါ့ကိုပြောပြနေပြီပဲ"
"ကျစ်!ကိုကြီး မင်းကလေ အဲ့ဒါတွေခက်တာ အန်တီ့ကို မင်းမို့လို့ အလုံးစုံယုံတယ်"
"သူကငါ့အမေလေ ငါကငါ့အမေကိုမယုံလို့ ဘယ်သူ့ကိုယုံရမှာလဲ"
"အေးလေ အဲ့ဒါကိုကမင်းအမှားပဲ...ကိုကြီး အန်တီကလဲ ငါ့အဒေါ်အရင်းပါပဲ..ဒါပေမယ့် အန်တီကမင်းထင်သလို မရိုးစင်းဘူး"
"မင်းဘာကိုပြောချင်တာလဲ"
"ငါတော့ မင်းကားမှောက်တာရဲ့နောက်ကွယ်မှာ အန်တီရှိနေမယ်လို့ထင်တယ်"
သောက်နေတဲ့ ဝိုင်ကြောင့်မမူးဘဲ အဒ်ဒမ့်စကားကြောင့်မိုးပင်လယ် မူးဝေသွားရတယ်။အဒ်ဒမ် မူးနေလို့ပြောတာလားလို့ပြောရအောင်ကလဲ မျက်လုံးတွေက ကြည်လင်တောက်ပနေတယ်။အဒမ်က ကြက်သေသေသွားတဲ့ သူ့ကို ကြည့်ပြီး ပြောစရာရှိတာကိုဆက်ပြောတယ်။
"မင်းကတော့ ဟုတ်ပါ့မလားလို့ထင်လောက်ပေမယ့် ငါလဲ ငါ့အထောက်အထားနဲ့ငါရှိလို့ မင်းကိုပြောပြရဲတာ.."
အဒ်ဒမ်ဆက်ပြောတဲ့စကားတွေကို နားထောင်ပြီး သူ့ကိုယ်သူ မေ့မလဲသွားအောင် ထိန်းထားနေရတယ်။ကမ္ဘာလောကကြီးတစ်ခုလုံးက သွက်သွက်ခါနေပြီး သူ့ကိုကိုင်ဆောင့်နေတယ်လို့ထင်နေတယ်။
မိုးပင်လယ် ခေါင်းထဲမှာ ဝီခေါ်အောင် ဆူညံလာနေပြီး လူဆယ်ယောက်လောက် သူ့ခေါင်းကိုတူနဲ့ထုနေသလိုခံစားနေရတယ်။နှလုံးသားတစ်ခုလုံး စူးအောင့်နာကျင်နေပြီး မျက်လုံးတွေလဲ ကျိန်းစပ်ပူလောင်နေပြီ။သူမျက်လုံးကိုမှိတ်ချလိုက်တော့ ပူနွေးတဲ့ မျက်ရည်စီးကြောင်းကသူ့ပါးပြင်ပေါ်ဖြတ်သွားတာကိုသာနောက်ဆုံးသိလိုက်ရပြီး နွေဦးကိုပဲပြင်းပြင်းပြပြသတိရနေမိတယ်။
လွမ်းလိုက်တာ နွေဦး...ပြီးတော့. . . ကိုယ်တောင်းပန်ပါတယ်။
_________
ပျော်ရွှင်စရာလပြည့်နေ့လေးဖြစ်ပါစေရှင်...