မှိုင်း part 23 update 13.10.2021 11:00 PM
Unicode
ရဟတ်ပေါ်မှ ဆင်းသည်နှင့် ချိတုန်ချတုန် ဖြစ်နေသော Dလေးကို မင်းမြတ် ကတွဲထူထားရသည်။
ထိုအချိန်တွင် မီးပုံးပျံကွင်းထဲ ကားတစ်စီးဝင်လာပြီး အိုးစည်ဗုံမောင်းသံများညံလျက် ညမီးကြီး တစ်လုံးလွှတ်ဖို့ရာ စတင် ပြင်ဆင်ကြတော့၏။ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း ကြွက်ကြွက်ညံလျက် မီးပုံးပျံကြီးကို အနီးကပ်မြင်နိုင်ရန် စည်းဝိုင်းနားကပ်ပြီး တိုးသထက် တိုးကာ နေရာယူကြ၏။
ကြပ်ညှပ်နေသော လူအုပ်ကြီးကြား မင်းခတို့ တိုးဝင်လိုက်ပြီး မြေပြင်ပေါ်ထိုင်ကာ နေရာယူလိုက်ကြသည်။
စည်းတား ခြံခတ်ထားသော ဝိုင်းအတွင်းတွင် မီးပုံးလွှတ်မည့် အဖွဲ့ဝင်များနှင့် မီးဆရာများမှာ တဖြည်းဖြည်း စွင့်ကားလာပြီး မှိုင်းဝလာသော မီးပုံးပျံကြီးကြောင့် စိတ်ဓာတ်တက်ကြွလာသလို အိုးစည်ဗုံမောင်းသံများက မိုးထိတိုင်အောင်ညံလျက်။
လေဦးတည်ရာ ယိမ်းနေသော မီးပုံးပျံကြီးကို အသာအယာ ထိန်းညှိနေသော်လည်း မီးပုံးပျံကြီးမှာ ဘယ်ယိမ်းလိုက် ညာယိမ်းလိုက် ယိမ်းထိုးနေကာ မှိုင်းတို့ ရှေ့ရောက်လိုက် တဖက်လူ အုပ်စုနားယိမ်းလိုက်ဖြစ်နေ၍ အသာအယာ ထိန်းနေရသည်မှာ မလွယ်ချေ။ရုတ်တရက် လေငြိမ်သွားပြီး တဖြည်းဖြည်း တက်သွားသော ညမီးကြီးကြောင့် တစ်ကွင်းလုံး သောင်းသောင်းဖျဖျ လက်ခုပ်တီးအားပေးကာ ဟေးခနဲ အော်မိသွားကြသည်။
"ရွှီ ဖြောင်း"
ရုတ်တရက် လေဦးတည်ရာ ပြောင်းသွားသလို မီးရှူးများမှာ ဝှီးခနဲ ဝှီးခနဲ လူအုပ်ကြီးထဲ ပြေးဝင်ကာ မီးပုံးပျံကြီးမှာလည်း မှိုင်းတို့ဘက် ဦးတည်လာသည်။
"ပြေးကြဟေ့"
အော်သံများရဲ့အဆုံး မင်းမြတ်တို့အုပ်စုမှာလည်း ရှမ်းပြည်သားပီပီ ဝေးခနဲ အော်ရင်း ထပြေးကြသည်မှာ လစ်ခနဲ။မှိုင်းတစ်ယောက် မီးရှူးများ စပွင့်ကတည်းက မင်းခ လက်ကို ဆွဲပြီး လူအုပ်ကြားထဲ ဝင်ပြေးသလို မီးရှူး များမှာလည်း တဖန်းဖန်းပေါက်ကာ လူအုပ်ကြားထဲ ထိုးဝင်နေသည်။
ဝှီးခနဲ Dလေး နားရွက်ဘေးကို ပွတ်ကာ သီးကာ ဖြတ်သွားသော မီးရှူးကြောင့် Dလေး အသက်ရှူပါ အောင့်လိုက်မိသည်အထိ။Dလေးပုံစံကို ကြည့်ကာ မင်းမြတ် တဟားဟားရယ်ရင်း Dလေးဝတ်ထားသော မိုးကာသား အနွေးအင်္ကျီအထူ အစကို ဆွဲခေါ်ကာ ပြေးတော့၏။
တရွှီရွှီ အသံပေးကာ လျှောက်ပြေးနေသော မီးရှူး များကြောင့် လူအုပ်တစ်ခုလုံး ပြေးကြသည်မှာ ဝရုန်းသုန်းကား။တဖြည်းဖြည်း မြင့်တက်သွားသော မီးပုံးပျံကြောင့် မီးရှူးများ ရန်က လွတ်ပြီဖြစ်၍ မီးပုံးပျံကွင်း ဘေးပတ်ပတ်လည်တွင် လူများက ပြန်အုံသွားကြသည်။
ရေမုန့်ဆိုင် ထောင့်တစ်ခုတွင် မှိုင်းတို့ လူပြန်စုံမှ တယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်ကြ၏။
"ငါ့မှာတော့ ကလေးတွေ လွတ်ပါ့မလားစိတ်ပူသွားတာ။ဒင်းတို့က ပြေးတာမှ ဝှစ်ခနဲ အရိပ်တောင်မမြင်ရတော့ဘူး"
မင်းမြတ် စကားကြောင့် တခွိခွိရယ်ကြရင်း
"မှိုင်း ထိပ်ဆုံးကနော် ထားဆို ဝက်သားတုတ်ထိုးဆိုင်က စားပွဲခုံအောက် ဝင်ပြေးတာ တန်းနေတာပဲ"
သီဟ စကားကြောင့် ထားက မျက်စောင်းထိုးလိုက်ပြီး
"နင်ကော ဘာထူးလဲ ကြောင်တောင်တောင် ရပ်နေလို့ ညီမဖြစ်တဲ့ ယိင်းက နင့်ကို ဆွဲပြေးရတာလေ"
Dလေးကတော့ မင်းမြတ်ဘေးတွင် တောင့်တောင့်ကြီးရပ်ကာ စကားတစ်ခွန်းမှမဟ။အစောနက သူတကယ်ကြီး လန့်သွားသည်လေ။
တစ်ယောက်ကို တစ်ယောက် ဝအောင် ဖဲ့ပြီးမှ အနဲငယ် ချောင်လာသော ဗိုက်ကို ဖြည့်ရန် မုန့်ဈေးတန်းဘက် ထွက်လာကြသည်။ပွဲဈေးတန်းရှိ ခေါက်ဆွဲကြော် ထမင်းကြော် အကင် မျိုးစုံနေအောင် ဝယ်ပြီးသကာလ ဖျော်ရည် coffee ဆိုဂျူး Full moon ရသမျှဆွဲကာ တောင်ကြီး တန်ဆောင်တိုင် ဆိုင်းဘုတ်ရှိရာ တောင်ပေါ် သို့ တက်လာခဲ့ကြ၏။
ဆာလာအိတ်ရောင်းသော မိုးအိုထံမှ ဆာလာအိတ် တစ်လိပ်လုံး ဝယ်လိုက်ကာ ကားရပ်နားရာ နေရာသို့ တက်လာပြီး မီးပုံးပျံကွင်းကို အပေါ်စီးက မြင်နေရသော ဆိုင်းဘုတ်နဲ့ မလှမ်းမကမ်း တောင်စောင်းလေးတွင် မှိုင်းတို့ နေရာယူလိုက်ကြသည်။
မှိုင်းတို့နည်းတူ တောင်စောင်းတစ်လျှောက် အေးဆေးကြည့်ကြသော လူအုပ်စုမှာ 5အုပ်ခန့်သာရှိ၍ လူကြပ်မနေပေ။ဝယ်လာသော ဆာလာအိတ်များကို တစ်ယောက်တစ်လုံးစီ ယူထိုင်ရင်း အလယ်တွင် မုန့်များ ပုလင်းများကိုချလိုက်ကာ ပွဲတော်တည်ကြ၏။
"ယုံကြည်ပါတယ် ဂတိစကားများ
အဆုံးထိ သစ္စာ အတူတိုင်တည်ထား…
လွမ်းနေပါ့မလား ငါ့ကို…
ယုံကြည်နေတယ် ဒီနှလုံးသား…
မင်းအချစ်တစ်ခုနဲ့ အသက်ရှင်ရတာ
နားလည်ပါ့မလား တနေ့ပြန်လာမလား…
မျှော်လင့်စောင့်စား ရင်ကွဲနေ့ရက်များ…"
ဘေးအုပ်စုမှ ဂီတာသံနဲ့ အတူ ရင်းနှီးနေသော ဩရှရှ အသံကြောင့် မှိုင်းတို့ လှည့်ကြည့်လိုက်တော့ တိုက်ထားရင်လွဲနေဦးမည်။ဂီတာကို ရင်ခွင်ထဲပိုက်ကာ mood အပြည့်နဲ့ မှိုင်းကို စိုက်ကြည့်ကာ ဆိုနေသော စိုင်းယံ။ဘေးမှ နောက်လိုက် အပေါင်းအပါများမှာလည်း တဟေးဟေး အော်ရင်း မြောက်ထိုးပင့်ကော် လုပ်နေကြသည်။
ထားနဲ့ ယိင်းက ပွစိပွစိ ရွတ်ကာ မျက်စောင်းပစ်ထိုးလိုက်သလို သီဟကလည်း နှာခေါင်းရှုံ့ လိုက်၏။မှိုင်းကတော့ စိုင်းယံမျက်နှာကို မြင်လိုက်သည်နှင့် သူ့အစားဘက် ပြန်လှည့်သွားကာ ထပ်မလှည့်ကြည့်တော့။
မင်းခက ဖော့ဘူးထဲရှိ အငွေ့တထောင်းထောင်း ခေါက်ဆွဲကြော်ကို တူဖြင့်အသာအယာ ဆွဲဖွကာ အအေးခံပြီး နဲနဲနွေးသွားမှ မှိုင်းကို ခွံ့နေရ၍ အစကတည်းက စိုင်းယံတို့ဘက် လှည့်မကြည့်အား။
"မုန်လာချဉ်လေးကော"
မှိုင်းစကားကြောင့် မင်းခ ခပ်တည်တည်ဖြင့် အချဉ်ထုပ်ကို အမှိုက်အိတ်ထဲ ပစ်ထည့်လိုက်ပြီးမှ
"အမှိုက်အိတ်ထဲ ပါသွားပြီ"
"…"
ဘေး အုပ်စုမှ စိုင်းယံကတော့ မှိုင်းတို့ နှစ်ယောက်ကို ကြည့်ပြီး မျက်မှောင်ကြီးကြုတ်မိသွားသည်။
"အဟွန်း…"
စိုင်းယံ မထိတထိ ပြုံးလိုက်ပြီး Myanmar ပုလင်းကို မော့လိုက်ကာ ဂစ်တာကြိုးကို ညှိလိုက်သည်။ထို့နောက်
"ချစ်သူ့အနား ချစ်သူ့အနားမှာ…
အမြဲတမ်းရှိခွင့်ရရင်
ဘာမှထပ်ကာ ငါမတောင့်တတော့ပါ
အားလုံးပြည့်စုံ ငါ့ရဲ့နေ့ညများ
ဘာမဆို ရင်ဆိုင်ရဲတယ်…
ချစ်သူ့ အနား ချစ်သူ့အနားမှာ
အမြဲတမ်းရှိခွင့်ရရင်
မင်းအလိုများ ဖြည့်စည်းပေးမှာ
ဘာကြောင့်လဲဆိုတာ မင်းလေးသိရဲ့လား
အိုး…နင်ဟာ ငါ့ရဲ့ကမ္ဘာ…"
သီချင်းဆုံးသည်နှင့် စိုင်းယံကို စားမတတ် ဝါးမတတ် စူးစူးရဲရဲ စိုက်ကြည့်လာသော မှိုင်းကို စိုင်းယံက wink တစ်ချက် ပေးလိုက်သောကြောင့် မင်းခ အီလည်လည်ကြီး ဖြစ်သွားကာ ရင်ဘတ်တစ်ခုလုံး ဆစ်ခနဲ။မင်းခ သွေးကြောများ ထောင်ထလာသည်အထိ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ပြီး
*စိုင်းယံ မင်းကအပိုင်တွက်နေတာပဲ။မင်းရဲ့ ယုံကြည်မှု လွန်ကဲနေတဲ့ နှလုံးသားကို ငါကိုယ်တိုင် နင်းခြေ ပြဦးမယ်*
မင်းခ အံကြိတ်ကာ စိတ်ထဲ ကြုံးဝါးနေစဉ်
"နောက်တစ်လုံးထပ်တက်လာပြီ ညမီးကြီးပဲ"
မှိုင်းရဲ့ အော်သံကြောင့် အကုန်လုံး မီးပုံးကွင်း ဘက်သို့ ပြန်၍ အာရုံစိုက်လိုက်ကြသည်။တလွင့်လွင့်တက်သွားသော မီးပုံးပျံကြီးမှာ မှိုင်းတို့ တောင်စောင်းဘက်ကို တရွေ့ရွေ့ လာနေ၍ စားလက်စ မုန့်များကို ပစ်ချကာ ရှောင်ရတိမ်းရ ပြန်၏။
ဟေးလားဝါးလား အော်လိုက်ပြေးလိုက်ဖြင့် မီးပုံပျံကြည့်ရင်း မီးရှူးများကို ရှောင်ပြေးရသည်မှာလည်း အရသာတစ်မျိုးပင်။
ရုတ်တရက်ကြီး ကျောက်ဆစ်ရုပ်လို ထိုင်ကာ ဆိုဂျူး တစ်ပုလင်းပြီး တစ်ပုလင်းချနေသော မင်းခကြောင့် မင်းမြတ်ကပါ တားယူနေရသည်။
"မင်းခ မူးသွားဦးမယ်"
မင်းခက မင်းမြတ်ကို အကြည့်တစ်ချက်သာ တုန့်ပြန်ပြီး ဆက်သောက်နေ၍ ဘာဆက်ပြောရမလဲ မင်းမြတ်မသိတော့။
"ကျွန်တော်လည်း သောက်မယ် အေးလာသလိုပဲ"
မင်းခဆီက ပုလင်းကို လက်ဖြန့်တောင်းရင်း ပြောလာသော မှိုင်းကြောင့် မင်းခ ပုလင်းကို လက်ထဲထည့်ပေးလိုက်သည်။မှိုင်း ဆိုဂျူး ပုလင်းကို ဆွဲမော့သောက် လိုက်သော်လည်း မင်းခက ပြန်ဆွဲလုသွားပြီး
"တော်လောက်ပြီး တစ်ငုံပဲ ရမယ် အရက်နာကျတာတောင် မပြေသေးပဲနဲ့"
သနားစရာ မှိုင်းရဲ့ လက်ထဲ အဖုံးဖွင့်ပြီး ထည့်ပေးလာသည်က full moon မှိုင်း မင်းခကို ဘုကြည့်ကြည့်ပြီး ထရပ်လိုက်တော့ မင်းမြတ်က မော့ကြည့်ပြီး မေးလာသည်။
"ဘယ်လဲမှိုင်း"
"တစ်ကိုယ်လုံး တောင့်ခဲနေပြီ။လမ်းခဏလျှောက်ပြီး toiletသွားမလို့"
မှိုင်း ဆူပုတ်ပုတ်ပြောကာ ထွက်သွား၍ မင်းခ ထရပ်လိုက်ပြီး
"ကျွန်တော် လိုက်သွားလိုက်မယ်"
တစ်ဖက် ဝိုင်းမှ စိုင်းယံက မင်းခစကားကြောင့် မှိုင်းနောက် လိုက်သွားမဲ့ အစီအစဉ်ကို မကျေမနပ်ဖြင့် လက်လျှော့လိုက်ရသည်။လောလောဆယ် မင်းခနဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်သည့် အင်အားတစ်ခု ရှိမနေ၍ စိုင်းယံ အံကြိတ်ပြီး ငြိမ်နေလိုက်ရုံသာ
မင်းခ မှိုင်းနောက်ကို မှီရန် ခြေလှမ်းသွက်သွက် လှမ်းလိုက်ပြီး မှိုင်းရဲ့ လက်ကိုလှမ်းဆွဲလိုက်တော့ ဆတ်ခနဲ ရုန်းပြီး နောက်လှည့်ကာ မင်းခ လည်ပင်းက ကုတ်အင်္ကျီစကို ဆွဲပြီး ထိုးဖို့ရွယ်၏။မင်းခကို မြင်မှ မျက်လုံးပြူးသွားပြီး
"အယ်…လေးငယ် ဘယ်လိုလုပ် လိုက်လာတာလဲ"
မှိုင်းရဲ့ အမေးကို မဖြေပဲ မင်းခ မှိုင်းရဲ့ လက်ကို ဖမ်းဆွဲလိုက်ပြီး
"မင်းရူးနေလား မှိုင်း…အရင်တစ်ခေါက်က ဖြစ်ခဲ့တာ မမှတ်သေးဘူးလား။စိုင်းယံတို့ အုပ်စုလိုက်ကြီးကို မင်းနိုင်မယ်လို့ ထင်နေတာလား…သူတို့ အကုန်လုံး ဆေးသမားတွေချည်းပဲ မင်းဘဝ ပျက်သွားနိုင်တယ်ကွ"
မင်းခ မှိုင်းလက်ကောက်ဝတ်ကို ဆွဲညစ်ကာ လေသံမာမာဖြင့် အော်လိုက်တော့ မှိုင်းက ရုန်းသည်။မင်းခ မှိုင်းလက်ကို ပိုဆွဲညစ်လိုက်တော့ မှိုင်း မျက်နှာရှုံ့မဲ့သွား၍ မင်းခ လွတ်ပေးလိုက်တော့ မှိုင်းက ဟက်ခနဲရယ်ပြီး
"ဘဝပျက်ရအောင် ကျွန်တော်က ယောကျာ်းတစ်ယောက် မိန်းမ မဟုတ်ဘူးဗျ။ကျွန်တော့်ဘာသာ ဘယ်သူနဲ့ ဘယ်လိုကြီး ဖြစ်နေနေ ဂရုစိုက်စရာ လိုလို့လား ဦးမင်းခရဲ့။တကယ်တော့ ဦးမင်းခနဲ့ ကျွန်တော်ကလည်း သွေးမတော်…သားမစပ်တဲဲ့…သူ…စိမ်း.…သာ…သာ…ပဲ မဟုတ်ဘူးလား"
မှိုင်းရဲ့ ခပ်ထေ့ထေ့ လှောင်ရိပ်ပြုံးနဲ့အတူ တစ်လုံးချင်းစီ ပြောထွက်လာသော စကားတို့ကြောင့် မင်းခ မှိုင်းရဲ့ အင်္ကျီစကို ဒေါသတကြီး ဆွဲကိုင်မိသွားသော်လည်း မှိုင်းက အပြုံးမပျက်ဘဲ မျက်ခုံးကို ပင့်ကာ မင်းခကို စေ့စေ့ကြည့်ပြီး
"ဘာလဲ ကျွန်တော့်ကိုပါ ရိုက်တော့မယ်ပေါ့ လုပ်လိုက်လေ အဟင်း…"
"တောက်ခ်! မင်းငါ့ကိုပါ စော်ကားရဲနေပြီ"
မင်းခ ဒေါသတကြီး တောက်ခေါက်ရင်း မှိုင်းရဲ့ အင်္ကျီစကို ပိုပြီး အားသုံးကာ ဆုပ်ထားမိသည်။ထို့နောက် မှိုင်းကို လွတ်ပေးလိုက်ပြီးမှ ခါးထောက်ကာ ရှူးရှူးရှဲရှဲဖြင့် မြက်ခင်းပြင်တစ်လျှောက် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်ဖြင့် ပတ်လျှောက်နေတော့၏။မှိုင်းတို့ ရပ်နေသောနေရာမှာ ကားများတန်းစီရပ်ထားသော မြက်ခင်းပြင်ကြီး ဖြစ်နေ၍ မှိုင်းတို့ကို ကားတန်းဖြင့် ကွယ်ထားသလို ဖြစ်နေကာ ဘယ်သူကမှ သတိမထားမိကြ။
မင်းခဖြစ်နေတဲ့ ပုံစံကို ကြည့်ပြီး မှိုင်း ဟက်ခနဲ ရယ်ကာ အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်ပြီး ဖွာထုတ်လိုက်စဉ် မင်းခက မှိုင်းဆီ ပြန်ရောက်လာပြီး မှိုင်း နှုတ်ခမ်းထက်က စီးကရက်ကို ဆွဲယူကာ သူ့ခြေထောက်ဖြင့် နင်းချေလိုက်သည်။
"မင်း အတတ်ကောင်းတွေ တတ်နေတာပဲ…"
ထို့နောက် မှိုင်းရဲ့ ပုခုံးကို ဆွဲထိန်းကာ မြေနီလမ်းလေးအတိုင်း ခေါ်ဆင်းတော့ မှိုင်းက တရွတ်တိုက်လေး ပါသွား၏။
"နေဦး…နေဦး ဘယ်သွားမလို့လဲ"
မှိုင်းရုန်းကန်ရင်း မေးတော့ မင်းခက မှိုင်းကို စိုက်ကြည့်လာပြီး
"မင်းပဲ toiletဆို"
မှိုင်း toilet ဝင်ပြီးနောက် မင်းခက မှိုင်းလက်ကိုဆွဲကာ ဈေးတန်းတစ်လျှောက် လမ်းလျှောက်ခေါ်သွားသည်။မှိတ်တုတ် မှိတ်တုတ် လင်းနေသော ပန်း crown များရောင်းနေသည့် ဈေးသည်ရှေ့တွင် ရပ်လိုက်ပြီး အပြာရောင် လင်းလက်နေသော ပန်းcrown တစ်ခုကို ယူကာ မှိုင်း ခေါင်းပေါ် တပ်ပေးလိုက်တော့ မှိုင်း မျက်လုံးများပြူးကာ
"ဟင့်အင်း မတပ်ဘူးနော်။မိန်းမကြီးနဲ့တူတယ် မတပ်ဘူး အသိတွေမြင်ရင် ရီကြမှာ…"
မှိုင်း ပန်းcrownကို ချွတ်ကာ ပြောလိုက်တော့ မှိုင်းလက်ထဲက crownကိုယူကာ ဈေးသည်ကို ပြန်ပေးလိုက်၍ မှိုင်း သက်ပြင်းချရုံရှိသေး ယုန်နားရွက် တစ်ခုကို ယူကာ တပ်ပေးလာ၍ မှိုင်း ဘိုင်းခနဲ လဲသေချင်စိတ် ပေါက်သွား၏။
မှိုင်း မျက်နှာကို ဇီးရွက်လောက်ငယ်ပြကာ ခေါင်းပြုတ်ထွက်မတတ် ခါပြသော်လည်း မင်းခက ဂရုမစိုက်ဘဲ ပိုက်ဆံထုတ်ရှင်းပြီးနောက် မှိုင်း လက်ကို ဆွဲပြီး ထွက်လာသည်။သွားနေရင်း မှိုင်းပုခုံးပေါ် လက်တင်လိုက်ပြီး မှိုင်း နားရွက်နား ကပ်ကာ ပြောလိုက်သည်က
"ဟိုမှာ ကောင်လေးတွေကော တပ်နေတာအများကြီး မင်းကို ဘယ်သူမှ အာရုံစိုက်မနေဘူး"
ဟူ၍။မှိုင်းတို့ နှစ်ယောက် တောင်ပေါ်ပြန်တက်လာတော့ သီဟတို့မောင်နှမအပြင် ထားနဲ့ ဒေါ်နန်းယုသားပါ ပျောက်နေသည်။
"ဟို 4ယောက်က ညောင်းလို့တဲ့ လမ်းဆင်းလျှောက်တယ်။ငါတို့က စောင့်ကျန်နေတာ။မင်းတို့လာတာနဲ့ ကွက်တိပဲ ငါတို့လည်းညောင်းပြီးထုံနေပြီ လမ်းဆင်းလျှောက်လိုက်ဦးမယ်။ဘာစားမလဲ တစ်ခုခု ဝယ်လာရဦးမလား"
Dလေးက ခြေဆင်းထိုင်နေရာမှ ထရပ်လိုက်သလို မင်းမြတ်ကလည်း အကြောဆန့်ရင်း မေးလာ၍ မင်းခက ခေါင်းခါပြလိုက်ပေမယ့် မှိုင်းကထုံးစံအတိုင်း
"ခေါပုတ် စားချင်တယ်"
တန်ဆောင်တိုင်ည ပွဲဈေးတန်းတွင် ညလုံးပေါက်လည်ကြသည်ဖြစ်၍ လူပြတ်မနေပဲ မနက် 4နာရီလောက်အထိ ပွဲခင်းတစ်ခုလုံးစည်ကားနေသည်။ဆောင်းဒဏ်ကို အံတုကာ လည်ကြပတ်ကြသည်မှာ တောင်ပေါ်သားတို့၏ ဓလေ့တစ်ခု။နေရာတစ်နေရာထဲတွင် ထိုင်နေလျှင် ခြေထောက်များ အေးခဲ ထုံထိုင်းလာသောကြောင့် မပုံးပျံကြည့်လိုက် ပွဲခင်းထဲ တစ်ပတ်ပတ်လိုက် လုပ်ရသည်မှာလည်း ပျော်ရွှင်စရာများထဲက တစ်ခုအပါအဝင်ဖြစ်သည်။
ထိုင်နေရင်း တွန့်ခနဲ ဖြစ်သွားသော မှိုင်းခြေထောက်များကို မင်းခ စိုက်ကြည့်လိုက်ပြီး မှိုင်းဘေးတွင် ဝင်ထိုင်လိုက်ကာ မှိုင်းရဲ့ ဖိနပ်ကို ချွတ်တော့ တွန့်ခနဲ မင်းခ အကြည့်တစ်ချက် ပေးလိုက်မှ ငြိမ်ကျသွားသောကြောင့် မင်းခ မှိုင်းရဲ့ ခြေအိတ်ကိုပါ ဆွဲချွတ်လိုက်တော့ ဖြူဥနေသော ခြေထောက် တစ်ခုလုံးမှာ တောင့်ခဲအေးစက်ကာ နီရဲနေသည်။
နွေးထွေးနေသော မင်းခ လက်နှစ်ဖက်ဖြင့် မှိုင်း ခြေထောက်ကို ဆုပ်ကိုင်လိုက်၍ မှိုင်းအလန့်တကြား ထရပ်ဖို့ပြင်တော့ မင်းခ မှိုင်း ခြေထောက်ကို ဆွဲချလိုက်ပြီး
"မင်းခြေထောက်တွေ တောင့်ပြီး ကိုက်ခဲနေပြီ မလား ငြိမ်ငြိမ်နေစမ်း…"
မင်းခ တစ်ချက်ဟန့်လိုက်တော့ မှိုင်းက မျက်နှာလွဲလိုက်ပြီး
"ငရဲကြီးကုန်မယ် လူအမြင်မတော်ဘူး"
မှိုင်းစကားကြောင့် မင်းခ ဟက်ခနဲ ရယ်ပြီး
"အစောနက ကိုယ့်ကို စကားတွေနဲ့တောင် စော်ကားရဲသေးတာပဲ။ဒီလောက်က အသေးအမွှားပေါ့…"
မှိုင်း ဘာကိုမှ ပြန်မပြောတော့သလို မင်းခကလည်း မှိုင်းခြေထောက်ကို နှိပ်ပေးရန်သာ အာရုံစိုက်လိုက်တော့သည်။
"စိန်နားပန် တစ်လုံးတက်လာပြီ"
မှိုင်းစကားကြောင့် မင်းခ မီးပုံးပျံကွင်းဘက် စောင်းကြည့်လိုက်တော့ မီးပုံးအသေးများနဲ့ အလှဆင်ထားသော စိန်နားပန် မီးပုံးပျံကြီးမှာ ဝင့်ဝင့်ကြွားကြွား တက်သွားပြီ ဖြစ်၏။
အသစ်အဆန်းမြင်လိုက်ရတဲ့ ကလေးလို တလက်လက် တောက်ပနေသော မျက်လုံးများက ကောင်းကင်ပေါ် လွင့်မျောနေသော စိန်နားပန် မီးပုံးပျံကို မော့ကြည့်ကာ သွားစွယ်လေးများ ပေါ်သည်အထိ ပြုံးရီနေသော မှိုင်းလေးကို မင်းခ တစိမ့်စိမ့်ကြည့်နေရင်း ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ အင့်ခနဲ ပါလာ၏။
အံ့ဩတကြီး မော့ကြည့်လာပြီး မေးခွန်းတချို့ပါဝင်သော အကြည့် မျက်ဝန်းများကို မင်းခ လျစ်လျူရှုလိုက်ကာ မှိုင်း နဖူးလေးကို နမ်းလိုက်သည်။ထို့နောက် အအေးဒဏ်ကြောင့် နီရဲနေသော မှိုင်းရဲ့ ပါးလေးအပြင် မျက်ခွံထူထူတို့ကို တယုတယ ဂွမ်းစလေးလို မင်းခ နှုတ်ခမ်းဖြင့် ခပ်ဖွဖွ ထိရင်း ချယ်ရီသီးလေးလို ပန်းဆီရောင်သန်းနေသော နှုတ်ခမ်းပါးဆီ အကြည့်ရောက်သွားကာ လက်ဖြင့် ခပ်ဖွဖွ တို့ထိလိုက်တော့ ရင်ခွင်ထဲက မှိုင်းငယ်လေးက ဆတ်ခနဲ တွန့်သွားကာ ရုန်းတော့၏။
အလန့်တကြား ရုန်းနေသော မှိုင်းကို မင်းခရင်ခွင်ထဲမှ လွတ်မထွက်သွားအောင် ဆွဲဖက်လိုက်ပြီး မင်းခကို အသဲတယားယား ဖြစ်အောင် ပြုစားနေသော နှုတ်ခမ်းပါးတို့ကို ဖိကပ် နမ်းလိုက်တော့ မင်းခ ရင်ဘတ်ကို လက်ချောင်းသွယ်သွယ်တို့က ထုရိုက်လာသည်။
မင်းခ မှိုင်းကိုယ်လေးကို ရင်ချင်းအပ်သည်အထိ ဆွဲကပ်လိုက်ပြီး မှိုင်းခေါင်းကို ဆွဲထိန်းကာ စုပ်ယူနမ်းရှိုက်ရင်း အားမလိုအားမရဖြင့် မှိုင်းရဲ့ နူးနူးအိအိ နှုတ်ခမ်းလေးကို ဆွဲကိုက်လိုက်ပြီးနောက် ချွဲကျိကျိ အထိအတွေ့ကြောင့် မှိုင်း နှုတ်ခမ်းပေါက်သွားမှန်း မင်းခ သိလိုက်၏။
"အွန့်…အဟင့်…"
ရှိုက်သံ အနဲငယ်ပါနေသော ညည်းသံနဲ့အတူ စိုစွတ်လာသော အထိအတွေ့ကြာင့် မင်းခ မှိုင်းကို အလန့်တကြား လွတ်ပေးလိုက်ကာ မှိုင်းရဲ့ မေးဖျားလေးကို ပင့်ပြီး ကြည့်လိုက်တော့ ပါးပြင်တစ်လျှောက် စီးကျနေသော မျက်ရည်များနဲ့ အတူ မှိုင်း ကိုယ်လေးမှာ တဆတ်ဆတ် တုန်ယင်နေ၏။
Note-အကစ် ဒီရက်ထဲ အကစ် ဖေဖေက နေမကောင်းဖြစ်နေလို့ update နောက်ကျသွားပါတယ်။နောက်ရက်တွေတော့ ပြန်တင်ပေးနိုင်ပါပြီနော်။မီးပုံးပျံကြည့်ရင် ဘယ်သူမှ ကြာကြာထိုင်ပြီး မကြည့်နိုင်ပါဘူး။မီးပုံးပျံတစ်လုံးတက်ဖို့ကို အချိန်တော်တော်ယူရပါတယ်။ဘယ်လောက်ပဲ ထူအောင်ဝတ်ဝတ် ခြေတွေလက်တွေအေးခဲပြီး တောင့်နေတတ်လို့ အကစ်တို့ဆို ညောင်းပြီဆိုတာနဲ့ ပွဲဈေးဖက်ကို လမ်းထွက်လျှောက်ရပါတယ်။သွေးပူအောင် ခုန်ဆွခုန်ဆွလုပ်နေရပါတယ်😂
ဒါက မီးရှူးထွက်တဲ့ပုံစံပါ။ပြေးကြလွှားကြ
စိန်နားပန်က မီးရှူးတွေမပါပါဘူး မီးပုံးအသေးတွေနဲ့ အလှဆင်ထားတာမလို့ ပြေးစရာမလိုပါဘူး
စိန်နားပန်အောက်က မီးပုံးလေးတွေ အနီးကပ်