"သော်ကနီထွေး"
အစ။
"ဖြန်း!"
"အား! နာတယ် ဦးစည် နာနေပါပြီ"
"ရန်ဖြစ်လာတုန်းကကျ နာမှာ မကြောက်ဘူးမလား ဟမ်"
"ဖြန်း!!"
"အား! ရန်ဖြစ်တုန်းက သူများကိုပဲ ချလာတာ အခုက ကိုယ်က အချခံနေရတာ နာတယ်! အင့်"
"ဘာ! မင်းက ငါ့ကိုပါ ပြန်ချချင်နေတာလား "
"အား!! မဟုတ်ပါဘူး "
ခြံထဲမှာပင် ဆူညံနေသည့် အသံတွေသည် အလုပ်သမားတွေဖို့တော့ မထူးဆန်းတော့ပေ။
ဒီအိမ်ရဲ့ ဩဇာညောင်းသူနှင့် အိမ်ရဲ့ဆည်းလည်းသံတို့ ထိပ်တိုက်တွေ့ချိန်တိုင်း တဖြန်းဖြန်းအသံနှင့် အော်ငိုသံပြဲပြဲတို့က ကြားနေကျလိုပင်ဖြစ်နေသည်။
ကြိမ်လုံးတစ်ချောင်းဖြင့် လူပျိုပေါက်ကို ကလေးငယ်လို ဆုံးမနေသူနှင့် ကြီးကောင်ကြီးမားနှင့် ကလေးတွေလို အော်ဟစ်ငိုနေသူ။
သူ့အရှိန်နှင့်သူတော့ လိုက်ဖက်နေသား။
လက်မောင်းကနေ ဆွဲလှည့်ကိုင်ထားခံရကာ တင်ပါးပေါ် ဗြောတင်ခံနေရသည့် သော်ကနီ အဖြစ်က လူရယ်စရာဖြစ်နိုင်ပေမယ့် နာကျင်မှုက ရယ်စရာမဟုတ်။
တစ်ချက်ပြီး တစ်ချက် ခပ်စိပ်စိပ်ကျလာသည့် ပူထူမှုက တင်ပါးအပြည့်။
ဒါတွေသည် ညက ဖြစ်ခဲ့သည့် ရန်ပွဲ အကျိုးဆက်ကြောင့်။
လက် က အညိုအမဲအကွက်ကို ဦးစည် မြင်သွားရာကနေ ရန်ဖြစ်သည့်အကြောင်းဝန်ခံလိုက်ရတော့ ကြိမ်လုံးဆွဲကာ ထရိုက်ခံလိုက်ရသည်။
"မင်း ကားကို ငါ သိမ်းမယ် သော်ကနီ လမ်းထွက်ဖို့ ပြင်ကြည့် မင်းခြေထောက်တွေ ငါ ရိုက်အချိုးပဲ"
ကြိမ်လုံးကို ခြံထောင့် လွှင့်ပစ်ကာ ကားပေါ်တက်သွားသူသည် ကြိမ်းဝါးသွားဖို့တော့မမေ့ခဲ့။
ထိုကား ခြံထဲက ထွက်သွားသည်နှင့် သော်ကနီသည် အင်္ကျီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ရင်း
"ဟယ်လို ဟေ့ကောင်တွေ ငါ လာလို့ မရတော့ဘူး အဟင့် ဒါပဲ "
ငိုသံပါကြီးဖြင့် ဖုန်းပြောကာ ပြောချင်ရာပြောပြီးသည်နှင့် ချကာ အိမ်ထဲဝင်ခဲ့သည်။
ဖွားဖွားအခန်းထဲ ဦးစွာ ဝင်ကာ ငိုသံပါဖြင့်ပင် ဦးစည် ရက်စက်ကြောင်း ဖောက်သည်ချသည်။
နောက်တော့ တီတီငယ့်အခန်းဆီ။
ထို့နောက်တော့ မီးဖိုခန်းထဲက အစ်မနှင်း ဆီ ။
သုံးဌာန ခွဲကာ ငိုသံပါပြီးနောက်တော့ အပေါ်ထပ်က သူ့အခန်းဆီသာ သော်ကနီ တက်အိပ်လိုက်တော့သည်။
~•~
အိမ်အပေါ်ထပ်လှေကားထိပ်နံဘေး အကွယ်ကနေ ခေါင်းတစ်လုံးသည် လှစ်ခနဲ ထွက်လာသည်။
လှေကားလက်ရန်းနှင့် ကိုယ်လုံးကို ကွယ်ထားပြီး ခေါင်းလေးသာ အောက်ထပ်ဆီ ချောင်းရန် ထွက်လာသူ။
ဧည့်ခန်းက စားပွဲပေါ်မှာ စာရွက်စာတမ်းတချို့ ကပိုကရို ရှိနေကာ ဖွင့်လျက်ရှိနေသည့် Laptopကလည်း ပိုင်ရှင်မဲ့နေသည်။
မျက်လုံးကို ဝေ့ကာ အသာ ကစားမိတော့ ပြတင်းပေါက်နံဘေး အပြင်ဘက်ကို မျက်နှာမူကာ ဖုန်းပြောနေသူကို တွေ့ရသည်။
ဖုန်းပြောခြင်းမှာသာ အာရုံစိုက်နေတာ သေချာသလောက်မို့ ခြေကို ဖွနင်းကာ လှေကားပေါ်က ဆင်းခဲ့လိုက်သည်။
လျှာထိုးဦးထုပ်အညိုရောင်ကို ခပ်ငိုက်ငိုက်ဆောင်းထားကာ ပိုကီမွန်ရုပ်ပါသည့် Teeအဖြူကို ဒူးအတိ ကာကီရောင် short pantနှင့်တွဲဝတ်ထားသည်ကြောင့် ပုံစံက ထင်းနေသည်။
ဝတ်ဆင်ထားသူကတော့ ခပ်တည်တည်နှင့် မမြင်လောက်ဘူးဟု ယုံကြည်မှုလွန်ကဲနေမြဲပင်။
လှေကားအောက်ဆုံးအထစ်ကို အောင်မြင်စွာ ခြေ ချနိုင်လိုက်ချိန်မှာ တွန့်သွားသည့် နှုတ်ခမ်းပါးတို့က နှစ်လိုဖွယ်ရာ အေးအေးချမ်းချမ်း။
" နီထွေး ဘယ်လဲ အဲ့ဒါက"
ပြုံးနေသည့် နှုတ်ခမ်းပါးတို့ လေးကိုင်းလို မဲ့ကျလာရကာ လှမ်းမည့်ခြေလှမ်းတို့သည်လည်း တုန့်ခနဲ။
ဖုန်းကို လက်ဖြင့်အုပ်ရင်း ပြတင်းပေါင်ကို မှီကာ သော်ကဘက် တည့်တည့် ကြည့်ပြီး မေးလာသည့် သူက တည်လွန်းသည့်မျက်နှာထားနှင့်။
"ဘယ်မှ မဟုတ်ဘူး!"
အဖြေစကားကို အလိုမကျဟန် တွန့်ချိုးသွားသည့် မျက်ခုံးတို့က အဝေးကပင် မြင်ရသည်အထိ ထင်းလွန်းသည်။
ဖုန်းကို မချသေးဘဲ ပြောနေလျက်ကနေ သော်က နံဘေးနား မနှေးမမြန်ခြေလှမ်းတို့ဖြင့် ရောက်လာသည်။
"အင်း ကျွန်တော် တစ်ချက် သွားကြည့်ချင်သေးတယ် သေချာမှ ပြန်ပြောလိုက်ပါ့မယ် ဒါဆိုရင် နောက်မှပဲ.. "
မျက်နှာချင်းဆိုင် လာရပ်ပြီး ဖုန်းပြောခြင်းကို လက်စဖြတ်နေသူကြောင့် အောက်နှုတ်ခမ်းကို ချွန်ထုတ်ကာ စောင့်နေရသည်။
သော်က စိတ်မရှည်တတ်။ စိတ်လည်း မကြည်နေပါ။အတိအကျ ပြောရလျှင် ရှေ့က ရပ်နေသည့် ဒီလူကြီးကို သော်ကနီ အကြီးကြီး တင်းနေပါသည်။
"စကားကို သေချာပြော နီထွေး ဘယ်မှ မသွားရင် ဒီဦးထုပ်က ဘာလုပ်ဖို့ဆောင်းထားတာလဲ"
"လမ်းထိပ် ခဏ"
ပုံမှန်လေသံဖြင့် ပြန်အဖြေပေးမှ လက်က နာရီကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလာသည့်လူကြီး။
"နာရီဝက် "
"ဟာဗျာ! အချိန်ကြီးနဲ့ "
"အဲ့ဒီတော့.."
စိုက်ကြည့်ရင်း စကားထောက်လာတော့ ပါးစပ်က အလိုလိုပိတ်ရသည်။ မပိတ်လို့လည်းမရ။ လက်ဆစ်တွေက နဖူးပေါ် အလည်လာလျှင် အတော်အီစိမ့်ရသည်။
"လေးခွဲ အရောက်ပြန်လာပါ့မယ်"
"ကောင်းပြီ "
ကျေနပ်သည့် အဖြေကိုရမှ ရှေ့က ပိတ်ရပ်ထားရာကနေ နေရာဖယ်ပေးလာသည်။
ဘောက်ဆတ်ဆတ်ဖြင့် မကျေမလည် ထွက်လာခဲ့ရပေမယ့် ခြေသံကိုတော့ သော်က မပြင်းရဲပါ။
ပြိုင်ဘီးအနက်လေးထက် လွှားခနဲခုန်တက်ရင်း ခြံထဲကနေ ခပ်ဖြည်းဖြည်း နင်းထွက်လာလိုက်သည်။
ခြံနှင့် ဝေးသွားမှ ခြေထောက်နှစ်ဘက်ကို အရှိန်တင်ရင်း အင်္ကျီကို ကိုယ်လုံးမှ ကပ်ကာ နောက်ကို တဖျတ်ဖျတ်ခတ်သည်အထိ လေ အတင်းဝှေ့တိုးလာအောင် မြန်ပစ်လိုက်သည်။
ခြံက အတွင်းဘက်ကျနေတာကြောင့် လမ်းထိပ်ရောက်ဖို့ မိနစ်တချို့ကြာအောင် နင်းရသည်။
ဟိုတစ်ခါ သူ ခရီးသွားတုန်းရန်ဖြစ်တဲ့ အမှုကို အခုထိ မကျေလည်သည့် လူကြီးက သော်ကနီကို မျက်စိဒေါက်ထောက် ကြည့်တော့သည်။
ကားပါ အသိမ်းခံလိုက်ရကာ ခြေချုပ်မိသွားသည့် သူတို့လေးယောက်လုံး ဒီလ ကံခေနေတာကြောင့် ငြိမ်နေကြရုံသာ တတ်နိုင်သည်။
အကုန်တင်းကြပ်ဒဏ်မိနေသည့် ကာလမို့ ကံတွေညံ့နေသလား၊ ဗေဒင်ဆရာဆီ သွားကြမလားတောင် Gp chatထဲ တိုင်ပင်ကြမိသည်အထိ။
ဒီအကြောင်းကို တွေးနေသော်လည်း အခု သူက ဗေဒင်ဆရာ အရှာထွက်သည်တော့မဟုတ်။ ဝက်သားတုတ်ထိုးသည်ဆီက ကြာဇံသုတ်ကို ဝယ်စားမလို့ ထွက်လာခဲ့တာဖြစ်သည်။
တုတ်ထိုးသည်ဆီက တုတ်ထိုးကိုကျ မစားတတ်ဘဲ အဲ့ကရောင်းသည့် ကြာဇံသုတ်တို့၊ ငုံးဉတို့ကို သိပ်ကြိုက်ပါသည်။
အိမ်က လူတွေက ဒါတွေသည် မသန့်နိုင်ဟု တားမြစ်ပေမယ့် သူကတော့ ကြုံလည်းစားသည်။ မကြုံလည်းစားသည်။ ခိုးလည်းစားသည်။ အခန်းထဲလည်း ပေါ်တင်ယူစားသည်။
ရောက်ခါနီးလေ အနံ့တို့က ရနေလေ။တုတ်ထိုးဟင်းရည်သည် မွှေးပျံ့လွန်းသည်။
စက်ဘီးကို အသာရပ်ရင်း သစ်သားခုံပုတန်းလေးဆီ ဝင်ထိုင်ကာ ဦးထုပ်ကို ရှေ့နောက် လှည့်လိုက်သည်။
"ကြာဇံသုတ်တစ်ပွဲ၊ငုံးဉကို ဟင်းရည်နဲ့တစ်ပွဲ "
ရေနွေးကို အရင်ထည့်ကာ အအေးခံရင်း မှာထားတာတွေ စောင့်နေမိသည်။
လက်က နာရီကိုလည်း တစ်ချက်ကြည့်ရသည်။ နာရီဝက်အတွင်းဆိုတော့ အခုက ဆယ်မိနစ်ရှိနေပြီ။ စားတာသောက်တာ အမြန်သွတ်လိုက်ရင် အေးဆေးမီသည်။
ကျန်သည့်ဆိုင်တွေမှာ ရ ၊မရမသိပေမယ့် ဒီဆိုင်မှာ ငုံးဉ ရသည်။ တုတ်ထိုးဟင်းရည်ထဲ ငုံးဉကို ထက်ပိုင်းခြမ်းကာ ပြင်ပေးတာမျိုးဖြစ်သည်။ နဂိုတည်းက ထိုဉကို ကြိုက်၍ ထိုဉ တုန်ယမ်းဟင်းထဲရောက်ရောက်၊ တုတ်ထိုးသည်လက်ရောက်နေပါစေ ၊မုန့်လင်မယားထဲ ရောက်နေဦးတော့.. သော်က က ကြိုက်သည်။ဒါ ဉ အပေါ်ထားသည့် သော်က၏ သစ္စာပင်။
"ငရုတ်သီးဘူးလေး ပေးပါအုံး ဦးလေး"
အသုတ်ထဲ ငရုတ်သီးထပ်တောင်းထည့်ရင်း မွှေကာ ဝါးမိတော့ တမ်းတနေရသည့်အရသာက ပြည့်စုံလွန်းသည်။
ငုံးဉလေး ခပ်စားလိုက် ၊အသုတ်လေးဝါးလိုက်၊ ရေနွေးပူပူကို မှုတ်သောက်လိုက်ဖြင့် သော်က ခေါင်းပင်မဖော်နိုင်ခဲ့။
"ငယ်လေး!"
သောက်ပလုတ်တုတ်! ပါးစပ်ထဲထည့်နေတဲ့ ကြာဇံဖတ်တောင် အင်္ကျီပေါ် ပြုတ်ကျရသည်။
လမ်းတစ်ဘက်ခြမ်းကနေ သော်ကရှိရာ မုန့်သည်ဘက်ခြမ်းသို့ ကပ်လာသည့် ရွှေအိုရောင်ကားနှင့်အတူ မောင်းနှင်သူနေရာကနေ ပေါ်ထွက်လာသည့် ဆံနွယ်ကောက်ကောက်လေးနှင့် မျက်နှာဖွေးဖွေးဉဉက ဦးစည်ရဲ့တစ်ဦးတည်းသော ညီမ၊ သော်ကရဲ့ တီတီငယ်။
အိတ်ကပ်ထဲက ပိုက်ဆံကို အမြန်ထုတ်ကာ ဦးလေးကြီးရှေ့ ထိုးပေးခဲ့ပြီး သော်က ထရပ်ရသည်။
မရပ်လို့မရ။ တီတီငယ်က လူရှေ့သူရှေ့မရှောင်၊ ပြောချင်ရာ ပြောတတ်သည့်သူ။
ဘယ်သူ့မှလည်း အားမနာတတ်။
"သားက ပြန်တော့မို့ တီငယ်"
ကားပေါ်က ဆင်းလာသည်ကြောင့် စက်ဘီးကို ဒေါက်ဖြုတ်ကာ တွန်းရင်း အနားကြိုသွားပေးတော့ မျက်စောင်းတစ်ချက်က ဝင့်ခနဲ။
"မတည့်တာတွေ စားနေပြန်ပြီ အငယ်လေး! တီငယ် ကိုကြီးနဲ့ တိုင်ရတော့မှာလား ဟင် ဒါတွေ မသန့်ဘူးလို့ ဘယ်နှခါပြောပြော လစ်တာနဲ့ စားတာပဲ မင်း အတော် စကားနားမထောင်တဲ့ကောင်လေး"
အသက်နှစ်ဆယ်ပြည့်ပြီးသည့် သော်ကနီက တစ်အိမ်လုံး အမြင်တွင် အငယ်ဆုံးမို့ အဆူအငေါက်တို့တွင်လည်း ကလေးပေါက်စတွေလို ခံရသည်။
ဒီအသက်အရွယ်ကြီးမှ အစားအသောက်နှင့်ပတ်သက်ပြီး ကားလမ်းဘေးလည်း မရှောင်၊ ကားရပ်၍ ဆင်းလာကာ အဆူခံနေရသည့် အဖြစ်က မျက်နှာတော့ ရဲချင်မိသည်။
"ဦးစည် ကိုတော့ မတိုင်ပါနဲ့ တီငယ် သား ကျေားပူကော၊နားပူပါ မခံချင်လို့ နော်~"
ကလေးလို အဆူခံရ၍ ကလေးတွေလိုပင် သော်ကနီက မျက်နှာချိုသွေးတတ်သည်။
ဘွားဘွားက စလို့ တီငယ်အဆုံး သော်ကနီရဲ့ သနားစရာ မျက်နှာငယ်ကလေးတွင် တောင့်မခံနိုင်ဘဲ အလျော့ပေးတတ်ကြမြဲ။ သို့ပေသိ အရာရာတိုင်းတွင် ခြွင်းချက်ဟူ၍ ရှိတတ်သည်ပင်။
ဦးစည် သည် သော်ကနီအတွက်တော့ တစ်ခုတည်းသော ခြွင်းချက် ဖြစ်သည်။
"ဆေးကြိုသောက်ရမယ်နော် အငယ်လေး! ညမှ ဘာသံညာသံမကြားချင်ဘူး။ အခုအိမ်ပြန်မယ်။ သွားတော့ ဘယ်မှဝင်ဖို့မကြံနဲ့တော့ တီငယ့်ကား နောက်က ပါလာမှာ ကြားလား "
ဆူပုတ်ပုတ်ဖြင့် ခေါင်းညိတ်ပြရင်း စက်ဘီးပေါ် လွှားခနဲ ခွကာဖြင့် တီငယ် ကားပေါ်မရောက်ခင်ပင် နင်းကာ ထွက်လာလိုက်သည်။
ဘယ်မှာလဲ နှစ်ဆယ်ကျော်အရွယ်ရဲ့ လွတ်လပ်မှု။
မျက်စိဒေါက်ထောက် မကြည့်ရုံတမယ် ဂရုတစိုက်ရှိမှုတွေမှာ နေသားကျခဲ့ရပေမယ့် တစ်ခါတလေတော့ အနေရခက်သည်။ မွန်းကြပ်သည်။ လူငယ်တစ်ယောက်ဆိုတာထက် ကလေးတစ်ယောက်လိုပင် မြင်နေကြသေးသည်ကလည်း သော်ကအတွက် အဆင်မပြေပါ။
အထိုက်အလျောက်ပေါ့။ သူ့အရွယ်နဲ့သူ လွှတ်ပေးတန်သည် လွှတ်ပေး၊ ထိန်းသင့်မှ ထိန်း။ ဒီလိုမျိုးပေါ့။
မကျေမနပ်တွေးတောနေမှုက စက်ဘီးစီးနေသည်ဆိုတာကိုပင် မေ့သွားစေသည်။
"အမလေး!"
ခွေးဟောင်သံတို့ကော လူအော်သံပါ ဆူညံသွားကာ ဘာဖြစ်သွားလိုက်မှန်း မသိလိုက်။
လမ်းဘေးတွင် သူ့ဘာသာ ခွေခွေလေး အိပ်နေသည့် ခွေးအမဲကို ဝင်တိုက်မိ၍ စက်ဘီးနှင့် မြေကြီးထိသံက လန့်ထိတ်ဖွယ် ကျယ်ကျယ်လောင်လောင်။
ကြောက်လန့်တကြား ထပြေးသွားသည့် ခွေးက ဘာမှမဖြစ်ပေမယ့်...။
ဘီး ချော်သလိုဖြစ်ကာ ဟန်ချက်ပျက်သွားသည့် သော်ကနီကတော့ မြေပြင်သို့ ဒိုင်ဗင်ပစ်ချလိုက်သည်မှာ ကားယားကလေး။
ကားဘရိတ်ဆောင့်အုပ်သံနှင့်အတူ တီငယ်ရဲ့ 'အငယ်လေး'အော်ကာ ဝရုန်းသုန်းကား ဆင်းလာသံသည် ခပ်စူးစူး။
ခြေထောက်တစ်ဘက်က မြေပြင်နဲ့ စက်ဘီးကြား ညှပ်သွားဟန် အတော်နာသည်။
နာနာကျင်ကျင်ကြားက ငိုချင်လာတာသည် စက်ဘီးပါ အသိမ်းခံရတော့မည့်အဖြစ်ကို ကြိုမြင်လာသည်မို့။
~•~
"ဦးစည် နာတယ်! အရမ်း မလုပ်ပါနဲ့ဗျ"
"သော်ကနီ! ငြိမ်ငြိမ်နေလို့ ပြောနေတယ်နော် ကိုယ် ဒေါသမထွက်ချင်ဘူး!"
ကုတင်ပေါ် ကိုယ်တစ်ဝက် ခပ်လျော့လျော့မှီကာ မဲ့ကျနေသည့် မျက်နှာငယ်လေးက အအော်ခံလိုက်ရသည်ကြောင့် အသံတို့တိတ်သွားရသည်။
သတိပေးသလိုအကြည့်ခပ်ပြင်းပြင်းတို့ကို ရလိုက်ချိန်တွင်တော့ နှာထိပ်ဖျားတို့ရဲချင်နေသည်။
အဆစ်လွဲတာလား၊ အကြောလွဲတာလား သေချာနားမထောင်လိုက်၍ မသိလိုက်ပေမယ့် ခြေမျက်စိတစ်ဝိုက်က ခပ်ဖောင်းဖောင်း ယောင်နေသည်။
ထိုနေရာကို ရေခဲထုပ်ဖြင့် ဖိကပ်ခံနေရသည်က နာလည်းနာသလို အေးကာထုံနေပြီ။
အယောင်မကျမချင်း ရေခဲကပ်ခံနေရသည့် အဖြစ်သည် ဦးစည်လက်ဝယ် မရုန်းဖယ်နိုင်။
ကားပေါ်မှာ ဦးစည်ကို အသိမပေးရန် တီငယ့်ကို စည်းရုံးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။
သွေးပူနေတုန်းက မနာသည့် ခြေထောက်သည် အိမ်ထဲ ဘာသာလမ်းလျှောက်ဝင်၍လည်း ရခဲ့သည်။
သို့သော် တီငယ်နှင့် အိမ်ဘေးက ဆရာဝန်ဆီ ပြမည်၊ မပြဘူး ငြင်းခုန်ရင်း ဦးစည် အိမ်ပေါ်ထပ်က ဆင်းလာချိန်တွင်တော့ မတ်တပ်ပင် မရပ်နိုင်တော့ပါ။
ကျားရှေ့ မှောက်လျက်လဲ မဟုတ်ဘဲ လဲပြီးမှ ကျားရှေ့ ရောက်သွားသည့် သော်က အဖြစ်က မလှနိုင်ခဲ့ပါ။
"မင်း စက်ဘီး ကို ဦးမောင်ရဲ့ သားကို ပေးလိုက်ပြီ လို့ သိထား နီထွေး!"
"ဦးစည်!"
"ဘာမှ ထပ်မကြားချင်ဘူး တော်လိုက်တော့ ဘယ်နှကြိမ်ရှိပြီလဲ အနာတရနဲ့ အိမ်ပြန်ရောက်လာတာ ဟမ် "
ထိုခပ်မာမာ တစ်ခွန်းနှင့်ပင် သော်ကနီ၏ စွာတာတာပါးစပ်လေး ပိတ်သွားရသည်။
အိမ်ဘေးက ဆရာဝန်ဆီ ကောက်ချီကာ အပို့ခံလိုက်ရပြီး အခုလို အယောင်မကျမချင်း ရေခဲကပ်ပြီးမှ မျှော့ပတ်တီးဆိုတာကို စည်းရမည်။
သောက်ဆေးတစ်ချို့ ပေးလိုက်ပေမယ့် ဦးစည် သိမ်းထား၍ မမြင်ရပါ။
သေချာတာတော့ ဦးစည် ကိုယ်တိုင် ဆေး စောင့် တိုက်လိမ့်မည် ထင်ပါသည်။
"ထမင်း မစားချင်ဘူး"
"ပေါင်မုန့်နဲ့ နွားနို့ပူပူလေး သောက်မလား ကလေး ဖွား လုပ်ခိုင်းလိုက်မယ်လေ"
တော်ရုံ အခန်းထဲက မထွက်တတ်သည့်ဖွားဖွားပါ ကုတင်ဘေး ရောက်လာသည်အထိ သော်ကနီသည် တစ်အိမ်လုံးရဲ့ သည်းသည်းကဲကဲ။
"ဆီချက်ခေါက်ဆွဲလေး စားမလား တီငယ် လုပ်ပေးမယ်လေ"
"မစားချင်ဘူး ဆီချက်ကြီး"
"ဟေ ဒီလိုဆို ငါ့မြေးက ဘာစားချင်လို့လဲ စားချင်တာကို ဝယ်ခိုင်းလိုက်မယ်လေ"
"ဟုတ်သား အငယ်လေး ဘာစားချင်လဲ ပြောလေ ကလေး"
"ငါးကင်..ကြက်တောင်ပံspicy လေးကော cocktailလေးနဲ့"
ခပ်သေးသေးထွက်လာသည့် အသံလှိုင်းမှာ တီငယ်က ပြူးကြည့်လာပေမယ့် ဖွားဖွားကတော့ သေချာလိုက်မှတ်နေဟန်။
"ငါးကင် ကြက်တောင်ပံ ကောက်တေး တဲ့ ကြားလား မီးငယ် ညည်းတူ စားချင်တာတွေ မှတ်ပြီး သွားဝယ်ချည် "
သော်ကနီသည် မျက်ခုံးတန်းကလေးပင် ပင့်မြှောက်ကာ အဒေါ်ဖြစ်သူ ကို သွားဝယ်လေဆိုသော ဟန်ပန်ဖြင့် ခပ်ချေချေသာ။
ဦးစည်က အလုပ်ကိစ္စ ဖုန်းလာ၍ အခန်းထဲက ထွက်သွားတာ ကြာပြီမို့ သော်ကနီသည် ဟန်ကျပန်ကျ အေးဆေးပင် ဗိုလ်ကျနေသည်။
သို့သော် ထိုအနေအထားသည်
ထမင်းဗန်းကိုင်ကာ ဝင်လာသည့် အစ်မနှင်းကို တွေ့ချိန်တွင် ကြာကြာမခံတော့ပါ။
"အကိုကြီးက ပို့ခိုင်းလိုက်တာပါ ဖွားဖွား.ကုန်အောင်စားပြီးရင် သူဆေးလာတိုက်မယ်လို့ မှာလိုက်ပါတယ်"
ဖွားဖွားဆီ ဦးတည် ပြောလိုက်ပေမယ့် စကားရဲ့ဆိုလိုရင်းသည် သော်ကနီဆီ အသေအချာ။
ရှုံ့မဲ့သွားသည့် မျက်နှာကို တီတီငယ်သည် ပြုံးစိစိကြည့်လာသည်။
"အခုတော့ ဘာတတ်နိုင်သေးလဲ"ဆိုသည့် သဘော ပါဝင်နေသေးသည်။
"နေကောင်းတော့ မြေးစားချင်တာ ဖွားဝယ်ကျွေးမယ် "
လေသံအေးအေးလေးဖြင့် ခပ်ဖွဖွရေရွတ်ရင်း ဖွားသည် အခန်းဆီမှ ထွက်သွားလေသည်။
တီတီငယ်သည်လည်း ဆိတ်ဆိတ်သာ ကျန်ရစ်သည်။
ဦးစည်သည် သည်လိုပင် ဩဇာ ညောင်းသည်။
ဖွားဖွားက ပင် သူပြောစကားကို လက်ခံရသည်အထိ ဒီအိမ်တွင် ဦးစည်သည် အခရာ။
"အငယ်လေး ဖေဖေနဲ့ ဖုန်းရသေးလား"
"မပြောဖြစ်တာကြာပြီ တီငယ် အန်တီအဲလစ်နဲ့ အဆင်ပြေနေပြီ ထင်ပါတယ်"
ဆိတ်သားခြောက်ဖတ် တစ်ဖတ်ကို ဇွန်းနှင့် ခပ်ဝါးပြီး တီငယ်မေးတာကို ပြန်ဖြေဖြစ်သည်။
အန်တီအဲလစ်... လတ်လတ်ဆတ် ဆတ်ရထားသည့် ဖေဖေ့၏ နောက်အိမ်ထောင်။
ဖေဖေက ဖွားဖွားရဲ့သားကြီး၏ သူငယ်ချင်းဖြစ်ကာ ဒီအိမ်မှာ မွေးစားသားလို နေခဲ့သည့်သူမို့
ကလေးတစ်ယောက်လက်ဆွဲကာ ဖွားဖွားတို့ဆီ ရောက်လာခဲ့တော့လည်း လက်ခံခဲ့ကြသည်။
ပြောတာတွေကြားရတာတော့ မေမေနဲ့ကွဲသည်လိုလို၊ သေ သွားသလိုလို မရှင်းလင်းခဲ့။
သူ ရှစ်နှစ်သားလောက်မှာ သင်္ဘောလိုက်ရန် ထွက်သွားသည့် ဖေဖေ့က ဖွားဖွားတို့လက်ဝယ် သော်ကနီကို စိတ်ချထားခဲ့သည်။
ထိုကတည်းက အဆက်အသွယ်ပြတ်သွားကာ သော်က ငါးတန်းနှစ်တွင် တစ်ခေါက်ပြန်လာခဲ့သည်။
ထို့နောက်ပိုင်းတော့ လစဉ် ထောက်ပံ့ခဲ့သည်။
ဟိုကို လိုက်မလား ခေါ်ခဲ့ပေမယ့် သော်က မလိုက်ခဲ့ပါ။
လွန်ခဲ့သည့်နှစ်ကတော့ ဖေဖေဆီ အလည်ခေါ်ခဲ့သည်ကြောင့် သွားရင်း အန်တီအဲလစ်နှင့်တွေ့ပေးခြင်းပါ ခံရသည်။
ဦးစည်ကတော့ ထိုအကြောင်းကို သိထားပြီးသူမို့ သော်ကပုခုံးဆီက သူ့လက်တွင် အားပိုထည့်ကာ ဖက်ထားရင်း နှစ်သိမ့်ဟန်ပြုသည်။
ဖေဖေ စိတ်ချမ်းသာရင် ပြီးတာပါပဲ သော်က မကန့်ကွက်ခဲ့ပါ ။
ဖွားဖွားတို့ဘက်တွင်လည်း
အိမ်မှာ ကလေးအငယ်က သော်ကနီတစ်ယောက်သာ ရှိသည်မို့ တစ်အိမ်လုံး၏ အချစ်တွေ စုပုံရခဲ့သည်။
ငယ်ငယ်ရွယ်ရွယ်နဲ့ မိဝေးဖဝေးခဲ့၍လည်း သနားပိုကြသည် ထင်ပါသည်။ သော်ကကတော့ မိဘမေတ္တာနဲ့ မကြီးခဲ့ရပေမယ့် ဝမ်းမနည်းပါ။ တစ်အိမ်လုံးရဲ့ ချစ်ခြင်းမေတ္တာတွေ က သော်ကနံဘေး ဝိုင်းဝန်းခဲ့သည်မှာ သိုက်သိုက် ဝန်းဝန်း။
အထူးသဖြင့် ဦးစည်။
သော်ကထက် ဆယ်ငါးနှစ်ကျော်မျှသာ ကြီးပေမယ့် ဦးစည်ဟုသာ နှုတ်ကျိုးခဲ့သည်။ အနေတည်သူက သော်ကနှင့်မှ ကလေးဝေယျာဝိစ္စတွေကို မှင်သေသေဖြင့် လုပ်ပေးတတ်သည်။ ဖော်မပြတတ်ပေမယ့် သော်ကကို ဂရုတစိုက်ချစ်ပေးတတ်သူတို့တွင် ဦးစည်က တစ် ပြေးသည်။
သော်ကပါးဖောင်းဖောင်းတွေကို ဖျစ်ညှစ်ရသည်ကို ဦးစည်က သဘောကျတတ်သေးသည်။
ပုဂံနှင့် တောင်ကြီးတွင် Hotelအခွဲတွေ ဖွင့်ထားပြီး သွားလိုက်ပြန်လိုက် ဦးစီးနေသူ။
ဖွားဖွားတို့ဆီက လက်ဖြန့်တောင်းခဲ့ခြင်းမရှိဘဲ သူ့ကိုယ်စွမ်းကိုယ်စဖြင့်သာ ဖောက်ထွက်ခဲ့သူသည် မိဘလက်ငုပ်လက်ရင်း ရက္ကန်းလုပ်ငန်းတို့ကို တီတီငယ်ကိုသာ ဦးဆောင်စေခဲ့သည်။
ကိုလင်းတို့နှင့် သူငယ်ချင်းတစ်စု စပ်တူလုပ်ကြသည့် လုပ်ငန်းများတွင်လည်း ဦးစည် ပါဝင်ထားသေးသည်။
နီထွေး ဟု တစ်ခါခေါ်လိုက်တိုင်း နွေးထွေးသွားကာ လုံခြုံသွားသလို၊ ဦးစည်သူမင်းမြတ်သည် သော်ကအတွက်တော့ ဆောင်းညအလယ်က မီးလင်းဖိုလေးလိုလူပင်။
အနားရှိနေရုံနှင့် ပြီးပြည့်စုံနေသည့် နွေးနွေးထွေးထွေးခံစားချက်မျိုး။
တစ်ခုပင် သော်ကရဲ့ ဂျစ်တိုက်ချင်သည့် ခပ်ဆိုးဆိုးအကျင့်လေးတွေကြောင့် ထိပ်တိုက်တွေ့တိုင်း မျက်ရည်လည်ရွဲ ။
ကြောက်ရပါသည် သို့သော်လည်း ချစ်ရပါသည်။
"ဆေးသောက်မယ် နီထွေး အဲ့ဇွန်းကြီး ကိုက်မနေနဲ့လေ "
အတိတ်ဆီ ထွေရာလေးပါး အတွေးနယ်ချဲ့နေတာကြောင့် တီတီငယ် ထွက်သွားတာ မသိလိုက်သလို၊ ဦးစည် ဝင်လာတာလည်း သူမသိပါ။
လက်ရှိကို အသိပြန်ကပ်ချိန် မျက်မှောင်ကျုံ့နေသည့် ဦးစည်ကိုတွေးလိုက်ရသည်ကြောင့် စပ်ဖြဲဖြဲလေးသာ ရယ်ပြလိုက်ရသည်။
ဆေးကြောက်တာ မဟုတ်ပေမယ့် ဆေး မသောက်ချင်ပါ။ ပုံမှန်ဆို လစ်တာနှင့် ပြတင်းပေါက်ကနေ လှမ်းပစ်တတ်သည့်အကျင့်ကြောင့် ဆေးသောက်ရမည့်အချိန်မျိုးဆို ဦးစည် ရှိနေတတ်သည်။
အခုတွင်လည်း ထိုအတိုင်း မသောက်မနေရ ပါးစပ်ထဲ ထည့်ပေးကာ ရေခွက်ပါတေ့ပေးနေသည်ကြောင့် ရှုံ့မဲ့မျိုချလိုက်ရသည်။
"အစောနားတော့ ဖုန်းလည်း မကြည့်နဲ့တော့ ပေး ဒီကို"
Wifiဖွင့်ရုံရှိသေး တောင်းလာသည်ကြောင့် ပါသွားလေပြီ။
"ဆူပုတ်မနေနဲ့ ကိုယ်မအားတာနဲ့ မင်း ညဉ့်နက်တွေအထိ မအိပ်မှန်း သိတယ် ကိုယ် လျော်ပေးထားတာတွေ အစ ဆွဲထုတ်မခံချင်ရင် လိမ္မာလိုက်တော့ နီထွေး"
စောင်အပါးလေးတစ်ထည် ခြုံပေးကာ နံဘေးနား သူပါ ဝင်လှဲလာသည်ကြောင့် သော်က နံဘေးကို အသာ တိုးပေးလိုက်ရသည်။
စာအုပ်တစ်အုပ်ကို ဖွင့်လိုက်သည်ကြောင့် သော်က အသာလေး ငေးမိသည်။
စာကြည့်မီးသာ လုံလုံလောက်လောက်လင်းနေသည့် အခန်းတွင် ဦးစည်က ငြိမ်ငြိမ်အေးအေး ။
အမြဲ လှန်တင်ထားတတ်သည့် ဆံစတွေသည် အိပ်ချိန်မို့ ဖြေချထားဟန် နဖူးပြင်ပေါ် နုနုငယ်ငယ်။
ဦးစည်က ခပ်ရိုးရိုးနှင့်ကို စွဲမက်ချင်စရာကောင်းလွန်းသည်။
ဒီလူကြီး အရွယ်တင်ချက်က သော်ကနှင့် ရွယ်တူကောင်မလေးတွေကပင် ကိုကြီးခေါ်ကာ ချဉ်းကပ်ကြသည်အထိ။
အတူယှဉ်တွဲသွားလျှင်တောင် သော်ကကို ကျော်၍ ဒီလူကြီးဆီ အကြည့်ရောက်ကြသူက ခပ်များများ။
"အိပ်တော့လေ ကိုယ့်ကို က ကြိုက်တဲ့အချိန် ကြည့်လို့ရတယ်"
"အဟမ်း မီးရောင်က စူးလို့ပါ"
ခိုးကြည့်တာ လူမိသွား၍ သော်ကသည် တစ်ဘက်သို့ မြန်မြန်ဆန်ဆန်လှည့်သည်။
"အ!"
အရှိန်များသွား၍ ခြေထောက်သည် ဆစ်ခနဲ။
"ငြိမ်ငြိမ်ကိုမနေဘူး "
ပိတ်သွားသည့် စာကြည့်မီးနှင့်အတူ သော်က ခေါင်းပေါ် ရောက်လာသည့် လက်ဖဝါး နွေးနွေး။
ဆံသားတွေထဲ ထိုးသွင်းကာ ဖွရင်း ညင်ညင်သာသာ စီးချက်မှန်မှန်လေး ပွတ်သပ်ပေးလာသည်။
ထိုအထိအတွေ့သည် ငယ်စဉ်ကလိုပင် မပြောင်းမလဲ ခပ်ဖွဖွ။
"ဦးစည် ခေါင်းပွတ် သိပ်ပေးမှ အိပ်မယ်"လို့ ဂျီတိုက်ခဲ့သည့် မှတ်ဉာဏ်တချို့ကို သတိရမိတော့ သော်က ပြုံးမိသည်။
အဲ့အချိန်တွေတုန်းက ဦးစည် ခရီးထွက်တိုင်း ယုယုယယဖြင့် သော်က ကိုပါ ခေါ်ရသည်။ မဟုတ်လျှင် တစ်ညလုံး သတိရသည်နှင့် ထထ ငိုတတ်သည်ကြောင့်။
ပြုံးရိပ်သန်းကာ အိပ်ပျော်သွားသည့် ကောင်လေးက ဘယ်အရွယ်ရောက်ရောက် ကလေးတစ်ယောက်လိုပင် ချစ်စဖွယ် ဖြစ်လို့ကောင်းနေဆဲ။
မျက်ခုံးနားက အမာရွတ်လေးကို စမ်းမိတော့ ခပ်ဖွဖွပင် ထိတွေ့မိသည်။
မှတ်မှတ်ရရ ခုနှစ်တန်းနှစ် ရန်ပွဲမှာ မျက်ခုံးကွဲလာတုန်းက အမာရွတ်။
စိုးရိမ်စိတ်နှင့်အတူ ဆေးခန်းက ပြန်ရောက်ရောက်ချင်း သူ ဆွဲ ရိုက်ပစ်ခဲ့ဖူးသည်။ အာခေါင်ခြစ်အော်ကာ တွန့်တွန့်လူး အော်ငိုသည့် ကောင်လေးကို စည်သူ အလျော့မပေးဖြစ်ခဲ့။
ကြီးလာလေ ဆိုးချင်လာလေ အကျင့်တွေသည် ခြောက်မရ၊ဟန့်မရ။
တစ်အိမ်လုံးက အချစ်ပိုကာ ဝိုင်းအလိုလိုက်တော့ ဒီကလေးက ပို၍ ဆိုးသည်။
တစ်လောကလုံးတွင် သူ ကြောက်တာ စည်သူမင်းမြတ်သာရှိသည်။
အရွယ်ရောက်လာလေ လမ်းမှားရောက်မှာကို ပူပန်ရလေ။
မျက်စိဒေါက်ထောက် ကြည့်ရလျှင်လည်း လူငယ်လေးမို့ အနေခက်လိမ့်မည်။
မလွတ်လပ်သော ထိန်းကွပ်မှုမျိုးကိုလည်း စည်သူ မပေးချင်ပါ။
လွှတ်ထားပေးလျှင်လည်း ပြဿနာတစ်ခုမဟုတ် တစ်ခုရှာတတ်လွန်းသည်။
ဒီအရွယ်ရောက်သည်အထိ အရိုက်ခံနေရလည်း အမှတ်မရှိသေး။
မောရပါသည် ။ မေမေ့ ပန်းရုံတွေထဲက သော်ကပန်းလို ပါးမို့လေးတွေ ၊လက်ဖဝါး ၊ခြေဖဝါးလေးတွေက နီနီထွေးထွေးမို့။ သော်ကနီလို့ သူကိုယ်တိုင် နာမည်ပေးခဲ့တာဖြစ်သည်။
နီထွေးလေးလို့ ချစ်စနိုး ခေါ်တွင်မိသည်အထိ သော်ကနီလေးက သိပ်ချစ်ဖို့ကောင်းခဲ့သည်။
ပျိုးပင်လေးကို တယုတယပျိုးရင်း တစိမ့်စိမ့်ငေးချင်မိသည့် ခံစားချက်မျိုး ဖြစ်တည်နေသည်။
ထိုကောင်လေးကို စည်သူမင်းမြတ်သည် အပိုင်တောင်းယူခဲ့သည်။
ကလေးဆန်ဆန်ရှိနေသေးပေမယ့် သော်ကနီသည်လည်း ခေါင်းညိတ်ခဲ့သည်။
သို့သော်လည်း လူငယ်ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းစေချင်သည်ကြောင့် ဘာနှင့်မျှ စည်သူ ဘောင်မခတ်ထားသေးပါ။
ပေးထားသည့်အခွင့်အရေးကို အပြည့်အဝရယူပြီး အပီအပြင်ဆိုးသွမ်းနေသူလေးက စည်သူ့ရင်ခွင်ထဲ အိပ်ပျော်သွားသည်မှာ နှစ်နှစ်ခြိုက်ခြိုက်။
မျက်ခုံးက အမာရွတ်လေးဆီ ငုံ့ကာ ဖွဖွနမ်းလိုက်တော့ မျက်မှောင်လေးတစ်ချက် ကျုံ့သွားသည်။
လက်မဖြင့် အသာ ဖြေလျော့ပေးရင်း ခပ်တိုးတိုးသာ ရေရွတ်မိသည်။
"လိမ္မာပါ ကလေးငယ်။ ကိုယ် ပူပန်ရတာတွေ များလှပြီ။ "
~•~
"သော်ကနီထွေး"
အဆုံး။
"သော်ကနီ!"
"လာပြီ ဦးစည်"
ဂိမ်းဆော့နေတုန်း အောက်ထပ်က ခေါ်သံကြောင့် သော်ကနီ အမြန် ထထွက်လာရသည်။
ဦးစည် ခေါ်သည်ကြောင့်လည်း မြန်ဆန်ရခြင်း။
ကျန်သည့်သူဆို သော်ကနီက ပြန်ကို မထူးပါ။
ဧည့်ခန်းထဲရောက်တော့ နောက်မှီပေါ် ခေါင်းမှီကာ ထိုင်နေသည့် ဦးစည်ကြောင့် တစ်မျိုးတော့ဖြစ်သွားသည်။
မေးရိုးတို့က ပို၍ ထင်းနေသလားလို့။
"ဦးစည် ဘာခိုင်းမို့.."
အသံကြားသည်နှင့် ဖျတ်ခနဲ ပွင့်လာသည့် ဗာဒံစေ့ပုံမျက်ဝန်းနက်တွေကြောင့် စကားစပင် ရပ်သွားရသည်။
"မင်း ကား ဘယ်မှာလဲ သော်ကနီ"
"အဲ မောင်တို့ဆီမှာလေ ဦးစည်"
မျက်တောင်ပင် မခတ်ဘဲ သော်ကဆီ စိုက်ကြည့်နေသည်ကြောင့် လျှာပင်ခလုတ်တိုက်တော့မလို ဖြစ်နေရသည်။
" ခန့်လွန်းမောင်က ဘယ်တုန်းက ဝပ်ရှော့ထောင်လိုက်တာလဲ "
သေပြီ။ မြွေကိုက်ပြီ။ ငါ မြွေဖမ်းမိပြီ။
"ဦး..ဦးစည် "
"ဆက်လိမ်လေ ကိုယ်နားထောင်ပေးဖို့ စောင့်နေတယ်"
ခပ်ရွဲ့ရွဲ့လေသံသည် သော်ကနီ အရွဲ့တိုက်တာထက် ဆယ်ဆ သာသည်။
"ကျွန်တော် ရန်ဖြစ်ခဲ့ပါတယ် ဦးစည်"
အနည်းငယ် မေးလိုက်ရုံဖြင့် သော်ကနီက အမှန်အတိုင်း ထွက်လာတတ်သည်။
မလိမ်တတ်ဘဲ ခပ်တည်တည် လိမ်မည်။ ခက်တာက တစ်ခါလိမ်တိုင်း တန်းအလိမ်ပေါ်သည့်စကေး။
လိမ်မရတော့လျှင်တော့ မျက်နှာငယ်ဖြင့် လုပ်ခဲ့သမျှ အကုန်ပြောလိမ့်မည်။
ရိုးနေသည့်အကွက်တွေကို သော်ကနီက မမောပန်းနိုင်သေး။ ထပ်ခါထပ်ခါသုံး၍ စည်သူမင်းမြတ် ဒေါသကို မြည်းစမ်းကြည့်ချင်နေတုန်း။
"ဘာကိစ္စနဲ့ ဖြစ်တာလဲ"
"ကျွန်တော့်ကို လာထိုးလို့ လူမှားပြီး"
"ဆိုတော့ မင်း အရင်စတာမဟုတ်ဘူးပေါ့ တစ်ဘက်ကကို ပြဿနာ လာရှာလို့ လက်ချိုးပေးလိုက်ရတယ် ?"
စကားအဆုံး မျက်လုံးတို့က ပြူးတူးပြဲတဲနှင့် စည်သူရှိရာ မော့ကြည့်လာသည်။
ဘယ်လိုသိသွားလဲ ဆိုသည့်အမေးက နဖူးပေါ် စာကပ်သလို ပေါ်နေသည်။
ဒီလိုအူကြောင်ကြောင်ပုံစံနှင့် လူမိုက် ဘယ်လိုလုပ်နေလဲ မသိပေ။ ဖြစ်လိုက်သည့်ရန်ပွဲက သက်စေ့ နည်းပါး။
"အသာ အသာလေး ရိုက်လိုက်မိရုံပါ "
တိုးတိုးလေးသာ ထွက်လာသည့် အသံ။
"ဪ အသာလေး"
အသာလေး ရိုက်ခံလိုက်ရသူက စည်သူမိတ်ဆွေ၏ သား။
ဆေးရုံတွင် လက်ကျိုးကာ မျက်နှာတွေပင် ဖူးယောင်နေတာသည် အသာလေးရိုက်လိုက်လို့။
ကိုယ်တိုင်က အနေတည်ပြီး အေးဆေးခဲ့သမျှ သော်ကနီနှင့်မှ စည်သူမင်းမြတ် သွားလေရာ အတိုင်ခံရသည်။
ဒီအိမ်တွင် သူများဆီက အတိုင်ခံရဖို့မပြောနှင့် မျက်လုံးအကြည့်နှင့်ပင် မလေးမစားလုပ်ခံရသူ တစ်ယောက်မှ မရှိခဲ့။
သော်ကနီနှင့်မှ ရာဇဝင်တွေလည်း ရိုင်းခဲ့ပြီ။
မျက်လွှာချကာ ခပ်ရို့ရို့ ရပ်နေပေမယ့် လက်တစ်ဘက်ကတော့ သူ့နားရွက်သူ ပြန်ပွတ်နေသည်မှာ နီရဲနေပြီ။
စိတ်လှုပ်ရှား၍ ဖြစ်စေ၊ တစ်ခုခုကို တွေးကာ လန့်နေချိန်၌ ဖြစ်စေ ထိုအကျင့်သည် ပေါ်လာတတ်သည်။
"လက်ပိုက်ထား !"
"ဟုတ်"
"ကိုယ် မင်းကို ညဘက်တွေ အပြင်မထွက်ဖို့ ပြောထားလား မပြောထားဘူးလား"
"ပြော ထားပါတယ်"
"ပြောထားတာက အပြောပဲ နာခံစရာမလိုဘူး လိုက်နာဖို့မလိုအပ်ဘူး ဒီဘဲ ပြောချင်ရာပြော ငါကတော့လုပ်ချင်လုပ်မယ် အဲ့လိုလား"
"မဟုတ် "
"ကိုယ့်စကားကို နားမထောင်လို့ ဖြစ်ခဲ့တဲ့ ပြဿနာ ဘယ်နှခု ရှိပြီလဲ သော်ကနီ မင်း အခုထိ နားမလည်နိုင်သေးဘူးလား ညဘက်တွေ အပြင်မထွက်နဲ့ဆို ခိုးထွက်မယ် ထစ်ခနဲရှိ ရန်ဖြစ်မယ် လူမိုက်လုပ်ရတာကို သိပ်ပျော်နေတာလား "
"..."
ခိုးကြည့်လာသည့် မျက်ဝန်းတွေသာ အရောင်လဲ့လာပေမယ့် ပြန်ဖြေသံက ထွက်မလာ။
ကားရှေ့ပိုင်းတစ်ခုလုံး ချိုင့်နေသည့် မြင်ကွင်းသည် ပို၍ ပူလောင်လွန်းသည်။ ရန်ဖြစ်တာကို အရသာတွေ့နေသလို နုနုနယ်နယ်လေးတွေကနေ ကြမ်းတမ်းပစ်ကြတာများ ။
တကယ်တမ်း လေးယောက်လုံးက ကလေးအတွေးတွေသာ။ ရွယ်တူချင်းဖို့ သင်းတို့မခံလာရသေးတာ။ တခြား သူတို့ထက် လက်ရည်သာသူနှင့်တွေ့ရင် အကုန်ခံလာရမှာ။ တစ်ခုခုများ ထိခိုက်ခဲ့ရင် ထိုကောင်လေးထက် စည်သူမင်းမြတ်က ပိုနာကျင်ရသည်။ ပိုခံစားရသည်။ ဒါတွေကို လူငယ်ကလေးက မသိတတ်။ မဆင်ခြင်တတ်။
မျက်စိရှေ့ထားရင်တောင် စိတ်မချနိုင်ခဲ့တာတွေ..အတ္တလို့ပဲဆိုဆို ဘဝနဲ့ယှဉ်ရွေးရမယ်ဆိုရင်တောင် သော်ကနီက သူ အထိခိုက်မခံနိုင်ဆုံးအရာပဲ။
မျက်ကွယ်ရာမှာ တစ်ခုခုများ ဖြစ်ပျက်သွားခဲ့ရင် သေချာတာ သူ အရင် ရူးလိမ့်မည်။
"စိတ်ပျက်တယ် "
ဖျတ်ခနဲ မော့ကြည့်လာသည့် မျက်နှာလေးက အလန့်တကြား။
"ကိုယ် မင်းကို အခုလိုတွေ ပြောနေရတာကို စိတ်ပျက်နေပြီ မင်းလည်း နားပူရုံပဲ အယူရှိတယ် ကိုယ်လည်း ဒေါသတွေထွက်ရတာ ပူလောင်လွန်းတယ် အဲ့တော့ မင်း ကြိုက်သလို နေ သော်ကနီ ကိုယ်မင်းကို ရှေ့လျှောက် ကောင်းသည်ဆိုးသည် ဘာမှ မပြောတော့ဘူး မင်း ကြိုက်ရာသာလုပ် ဟုတ်ပြီလား"
"ဟင့် အင်း အဲ့လို မလုပ်ပါနဲ့ ကျွန်တော် မှားပါတယ် အမှားလုပ်မိပါတယ် ဦးစည် "
ပြောစကားကို နားပင်မထောင်တော့ဘဲ သော်ကရှေ့က ထထွက်သွားသည့် သူကြောင့် ထူပူသွားရကာ ဘာလုပ်ရမည်မသိ။
"ဦးစည်!ဟင့် ကျွန်တော့် ခြေထောက်တွေ ကျိုးတဲ့အထိ ရိုက်ချင်ရိုက်ပါ စိတ် စိတ်တော့ မပျက်လိုက်ပါနဲ့"
အသိဝင်သည်နှင့် နောက်က တကောက်ကောက် ပြေးလိုက်ကာ မျက်ရည်တို့ဖြင့် တတွတ်တွတ်ရေရွတ်နေမိသည်။
သော်ကနီကို ရှိသည်ဟုပင် သဘောမထားတော့သည့် ပုံစံသည် တကယ်ပဲ စိတ်ပျက်သွားတာလား။
နာကျင်ပြီး ခံရခက်သည့် ခံစားချက်သည် လှိုက်တက်လာကာ ငိုချင်လာသည်။
ထိုကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဘူး၍ သော်ကနီ တုန်လှုပ်နေတာ အကြီးအကျယ်ပင်။
ဦးစည်ဆီက စိတ်ပျက်သည် ဆိုသည့် စကားသည် ထိုမျှလောက် နာစေသည်လား။
"ရှေ့က ဖယ်!"
အခန်းထဲ ဝင်ခါနီး အရှေ့ကနေ ပိတ်ရပ်လိုက်ပေမယ့် ခပ်စူးစူးအကြည့်နှင့် မာလွန်းသည့်အသံကြောင့် အမြန်ဖယ်ပေးလိုက်ရသည်။
"ဦးစည် ကျွန်တော်မှားသွားပါတယ် ခွင့်လွှတ်ပေးပါ ဒီလို မလုပ်ပါနဲ့ ဟင့် အပြစ်ပေး အင့် အပြစ်ပေးလိုက်ပါ အခုလိုကြီး မနေပါနဲ့"
ငိုသံတို့စွန်းထင်းလာသည်ကိုလည်း ဂရုမထားနိုင်။ သူ့ကို စွန့်ပစ်လိုက်သလို ခံစားနေရသည့် ဥပေက္ခာတွေသည် ခဏလေးနှင့်ပင် တုန်လှုပ်နေရပြီမို့။
Laptopကို ကုတင်ပေါ် ယူကာ အလုပ်လုပ်ရန် ဟန်ပြင်နေသူသည် သော်ကနီကို မရှိသလိုကို သဘောထားနေသည်။
ကုတင်ဘေးတွင် ဒူးကို ထောက်ချလိုက်တော့ တစ်ချက်သာ ဝေ့ကြည့်လာသည်။
ဘာမှ မလုပ်တတ်တော့ပါ။ ဂျစ်တိုက်ရသည့် အလုပ်တွင်သာ ကျွမ်းကျင်သူမို့ ခွင့်မလွှတ်မချင်း ဒူးထောက်ရန်သာ ရွေးချယ်လိုက်သည်။
စီးကျလာသည့် ဝမ်းနည်းခြင်းတွေကိုလည်း သော်ကနီ မသုတ်အားပါ။
ငြိမ်ငြိမ်ကလေးသာ မလှုပ်မယက်နေရင်း ခွင့်လွှတ်လိုငြား အသနားခံနေမိသည်။
တစ်နာရီကျော်လာသည်နှင့် ခြေထောက်တွေသည် ထုံကျဉ်လာသည်။
အလုပ်တွင်သာ အာရုံစိုက်နေသူဆီ အကဲခတ်ဟန်ကြည့်ပေမယ့် မထူးခြားပါ။
တကယ်ကို ဦးစည်က စိတ်ပျက်သွားတာများလား။ သူ့အနား နေခွင့်မပေးတော့လျှင် သော်ကနီ ဘယ်လိုနေရမလဲ။
ဦးစည် မရှိရင် သူ မဖြစ်နိုင်ပါ။ ဘယ်လောက်ဆိုးဆိုး ဦးစည်ဆိုသော အထိန်းအကွပ်လေးကို သော်ကနီ ကြည်ဖြူပါသည်။
ငယ်ငယ်ကတည်းက အပြောအဆို မညင်သာတတ်ပေမယ့် သော်ကနီ တစ်ခုခုဖြစ်လိုက်တိုင်း အမြဲ ဘေးနား ဦးစွာရောက်လာကာ ထွေးပွေ့ပေးတတ်သည့် အကြင်နာနွေးနွေး။
သော်ကနီ သိပ်တန်ဖိုးထားပါသည်။
ဝမ်းနည်းလာတိုင်း ဘယ်အရပ်ရောက်နေရောက်နေ အပြေး ပြန်ပြီး ခိုဝင်မိသည့် ရင်ခွင်ကျယ်နှင့် ဝေးများ ဝေးခဲ့ရင်...။
အတွေးနှင့်ပင် ကြောက်ရွံလာရသည့် ထုထည်က လေးလွန်းသည်။
နောင်ကို ဦးစည် စိတ်ပျက်မည့်ကိစ္စတို့ကို သူ ရှောင်တော့မည်။
ဦးစည်ရဲ့ ခနတာ ဉပေက္ခာနှင့်ပင် နောင်ကြဉ်အောင် မှတ်သွားပြီ ဖြစ်သည်။
"ထတော့ သော်ကနီ အခန်းပြန်နားတော့"
ခပ်လေးလေးထွက်လာသည့် စကားသံကြောင့် မျှော်လင့်ချက်တို့ဖြင့်မော့ကြည့်မိသည်။
"ဦးစည် ကျွန်တော့်ကို စိတ်မပျက်ပါနဲ့ ကြိုက်တဲ့အပြစ်ပေးပါ ဉပေက္ခာတော့ မပြုလိုက်ပါနဲ့ "
ငိုသံ ပါသည့်အသံသည် ထိန်းပြောနေပေမယ့် အဖျားသတ်တွင် တိမ်ဝင်ကာသွားသေးသည်။
"အပြစ် ဟုတ်လား အဟင်း ပြောစမ်းပါဦး သော်ကနီရဲ့ ကိုယ် မင်းကို ဘယ်လို အပြစ်ပေးသင့်သလဲ"
"အဲ ဦးစည် ကြိုက်တဲ့"
" အစောက ကိုယ်မင်းကို မျက်ကွယ်ပြုထားတော့ မင်းဘယ်လို ခံစားရလဲ"
"နာပါတယ် ဦးစည် ကြောက်လည်း ကြောက်ပါတယ် ဦးစည်နဲ့ ဝေးရရင် ကျွန်တော် ပုံပုံလဲမှာပဲ"
အရိုးသားဆုံး ပြောလာသည့် အသံတုန်တုန်လေးသည် အမှန်အကန်ကို ခံစားသွားရဟန် သိသာသည်။
"အေး မင်း ကိုယ့်နောက်ကွယ်မှာ လုပ်ချင်ရာလုပ်ပြီး ရန်ပွဲနွှဲနေတိုင်း တစ်ခုခုမှားယွင်းခဲ့ရင် ဆိုတဲ့ အတွေးက အခု မင်းခံစားရတာထက် ဆယ်ဆပဲ သော်ကနီ ငါ ပူပန်ခဲ့ရတာတွေ ၊ ငါ ကြောက်လန့်ခဲ့ရတာတွေ မင်း အခုတော့ သိပြီလား"
ပြောဖို့စကားပင် ထွက်မလာတော့ဘဲ သော်ကနီ ငြိမ်ကျသွားသည်။ သူနဲ့ ဝေးရင်ဆိုတဲ့ အတွေးနှင့် ဦးစည် ပူပန်နေခဲ့မှာတွေ သူ မစဉ်းတတ်ခဲ့။
သူ သိပ် မိုက်မဲခဲ့သည်ပဲ။
" ကျွန်တော် နောက် ထပ်မဖြစ်စေရပါဘူး ဦးစည် ပူပန်ရမယ့်အခြေအနေတွေ ကျွန်တော် မလုပ်တော့ပါဘူး ကတိပေးပါတယ် "
"အပြော မလိုချင်ဘူး သော်ကနီ ကိုယ်က အလုပ်ကိုပဲ ယုံချင်တယ် ပြီးတော့ အပြစ်ဆိုတာကို မင်း ကိုယ်တိုင် စီရင်ခဲ့ ဒီအသက်အရွယ်ထိ တုတ်ကိုင်နေရတာ မင်း မရှက်ပေမယ့် ကိုယ်တော့ ရှက်တယ် ကိုယ့်အသက်အရွယ် ၊ကိုယ့်စဉ်းစားဉာဏ်နဲ့ကိုယ် ထိုက်သင့်တဲ့ အပြစ်ဒဏ် ချခဲ့ "
ကိုယ်တိုင် အပြစ်ဒဏ်ခံရမည်လား။ ဦးစည် သူ့ကို ဦးနှောက်ခြောက်အောင်တော့ လုပ်နေပြီ။ စဉ်းစားတွေးတော့ရသည့် အကြံအဖန်လောက် ခဲယဉ်းတာမရှိ။ သေချာတာက ကိုယ်တိုင် အပြစ်စီရင်ဆိုပေမယ့် သေးသေးဖွဲဖွဲဖြင့်လည်း လျော့ပေါ့ပေးမည့် သူမျိုး မဟုတ်နေ။
မိနစ်အတော်များများ အချိန်ယူခဲ့ရသလို ဦးစည်သည်လည်း စောင့်ပေးနေခဲ့သည်။
"ကျွန်တော် မနက်ဖြန်ကစပြီး ဦးစည် အလုပ်ကို လိုက်သင်ပါ့မယ် "
အလုပ်ထဲ လိုက်ခဲ့ဆို အစရှာမရအောင် ပတ်ပြေးနေတတ်သည့် ကောင်လေးထံက သင်ယူမည့်စကားကြောင့် စည်သူ မျက်ခုံးတော့ပင့်မိသည်။
"ဒါပဲလား "
"ပိတ်ရက်တွေကလွဲရင် အပြင်ကို မလိုအပ်ဘဲ မထွက်တော့ဘူး ညတွေကောပဲ"
မိုးလင်းတာနှင့် သူ့အလစ်ချောင်းကာ ခြေတကြွကြွကောင်လေးက အတည်တကျ ပြောဆိုနေတာပဲ။
သူ မလုပ်ချင်ခဲ့သည့် အရာတွေကို အပြစ်ဒဏ်ဆို၍ ဖျစ်ညှစ် စဉ်းစားနေကာ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ဟန်တူသည်။
"ပြီးတော့?"
"ဗျာ လမ်းဘေးစာတွေ စွန့်လွှတ်လိုက်ပါ့မယ် ဟင့်"
သူအနှစ်ခြိုက်ဆုံး ခိုးခိုးစားတတ်သည့် အရသာတို့နှင့်ပင် လဲလှယ်ရသည်အထိ ဒီကောင်လေး တကယ် ကြောက်သွားခဲ့သည်ပဲ။
စိတ်မကောင်းပေမယ့် မညှာတာချင်ပါ။ ဒီအရွယ်မှ မရင့်ကျက် ဘယ်အရွယ် ရင့်ကျက်တော့မလဲ။ အမြဲ တေလေဂျပိုး လုပ်နေ၍မှ မရဘဲ။ အပြစ်လို့ခံယူချင်လည်း ခံယူပါစေ ၊ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် သူ့ကိုယ်သူ ပြင်ဆင်လာတာကကို ကောင်းမွန်သည့် အခြေအနေပဲ မဟုတ်လား။
"Ok ကိုယ်လက်ခံမယ် မင်း ကိုယ်တိုင် စီရင်တဲ့ အပြစ်ဒဏ်တွေမို့ ကိုယ့်စကားကိုယ်တည်ဖို့ မျှော်လင့်ပါတယ် ဒါပေမယ့် မင်းစကား မင်း ဖျက်ရင်တော့ ကိုယ် ထပ်မခွင့်လွှတ်တော့ဘူး "
ခပ်တင်းတင်းသတိပေးစကားကြောင့် နှာခေါင်းတရှုံ့ရှုံ့ဖြင့် ခေါင်းညိတ်ပြလာသည်။
အခြေအနေကောင်းလာပြီမှန်း အရိပ်အကဲသိသည့်ကောင်လေးက ရင်ခွင်ထဲ တိုးဝင်လာသည်။
အလိုက်သင့်ထွေးဖက်တော့ ရင်ခွင်ထဲ တအီအီဖြင့် တိုးတိုးတိတ်တိတ်ရှိုက်နေသည်။
"ကျွန်တော်အရမ်းကြောက်သွားတာ ဟင့် ဦးစည် အရမ်းဆိုးတာပဲ နောက်ကို ရိုက်ချင်ရိုက်လိုက်ပါ ဉပေက္ခာတော့ တော်ပါတော့ ဟင့်"
"အင်း မင်း လိမ္မာရင်ပေါ့ "
"ဟာဗျာ !"
ရင်ဘတ်ပေါ် ဘုတ်ခနဲ ရိုက်ချလာသည့် လက်ဖောင်းဖောင်းက နင့်ခနဲပေမယ့် စည်သူမင်းမြတ် သဘောတကျ ရှိမြဲ။
"ဦးစည်က ကျွန်တော်ဆိုးတာထက်ကို အများကြီးဆိုးလွန်းတယ်"
"အင်း သိရင်ပြီးတာပဲ"
ရင်ခွင်ထဲက ဝင်ငိုခဲ့သည် လူငယ်ကလေးသည် စကားတည်ခဲ့ပါသည်။
ချိန်းပွဲတွေ ဝုန်းဝုန်းဒိုင်းဒိုင်း နွှဲခဲ့သည့် လူမိုက်ကလေးကနေ အစည်းအဝေးခန်းတွေထဲ စည်သူ့နံဘေး ယှဉ်တွဲထိုင်ကာ ဆွေးနွေးလာနိုင်သည့် လူလိမ္မာလေး ဖြစ်နေခဲ့ပြီ။
လူဆိုးလေးတုန်းကပင် ချစ်၍ မဝခဲ့တာတွေသည် လူလိမ္မာလေးဖြစ်လာတော့ စည်သူမင်းမြတ်တို့ ချစ်၍ မဆုံးနိုင်တော့ပေ။
The End.
(A.n:လာတောင်းထားတဲ့သူကို ကျနော် မသိတော့လို့ တောင်းပန်ပါတယ်။ မှတ်ဉာဏ်က အမေ့လွယ်နေတာ တကယ်ခက်တယ်။ သော်ကနီလေးကို ကြိုက်နှစ်သက်ဖို့ မျှော်လင့်ပါတယ်ဗျ🖤
Take care 💗)
Pic crd;