ခွန်ကိုး..
သူက မှုခင်း ဝတ္ထုတွေရေးတဲ့ စာရေးဆရာတစ်ယောက်..
သူက စာရေးဖို့အတွက် တိတ်ဆိတ်ငြိမ်းချမ်းတဲ့ နယ်မြို့လေးမှာ အိမ်ကလေးတစ်လုံးဝယ်ပြီး ပြောင်းလာခဲ့တယ်။
ထိုအိမ်လေးက မြို့ရဲ့ အစွန် တောင်ကုန်းလေးပေါ်မှာ ရှိနေပြီး အိမ်ဘေးမှာ ကြီးမားတဲ့ ကုက္ကိုပင်ကြီး တစ်ပင်ရှိတယ်။
ခွန်ကိုး အိမ်ထဲ ကို ပထမဆုံး ခြေချလိုက်ချိန်မှာတော့ အိမ်က တော်တော်လေး ညစ်ပတ်နေပြီး အနံ့အသက်မကောင်းတာကို သတိထားမိလိုက်တယ်။ သူ့လို အသန့်ကြိုက်သူအဖို့ ညစ်ပတ်နံစော်နေတာက ငရဲတစ်မျိုးဘဲ။
ဒါကြောင့် ရောက်ရောက်ချင်း မနားသေးဘဲ အိမ်ကို သန့်ရှင်းရေး အရင်လုပ်လိုက်ရတယ်။ အိမ်က အရမ်းကြီး မကြီးပေမဲ့ အားလုံးပြီးဖို့ကို သူ နေ့တစ်ဝက်လောက် အချိန်ယူလိုက်ရတယ်။
သူရောက်လာတာက နေ့လယ်ပိုင်း ဖြစ်တာကြောင့် အိမ်ရှင်းလို့ပြီးသွားချိန်မှာတော့ ညမိုးချုပ်နေခဲ့ပြီ။
သန့်ရှင်းရေ လုပ်လို့ ပြီးသွားချိန်မှာတော့ သူ ဗိုက်ဆာလာတယ်။ ဒါပေမဲ့ သူ့မှာ လမ်းက ဝယ်လာတဲ့ သစ်တော်သီးတွေကလွဲပြီး သူ့ မှာ ဘာမှ စားစရာမရှိဘူး။ အပြင်ထွက်ပြီး ဝယ်ဖို့ကိုလည်း သူအရမ်းပျင်းနေခဲ့တယ်။
သူ့ရဲ့တစ်ကိုယ်လုံးကလည်း ချွေးတွေနဲ့စေးကပ်နေပြီ။
ဒါကြောင့် ထိုသစ်တော်သီးတွေကိုဘဲ စားပြီး ရေချိုးဖို့လုပ်လိုက်တယ်။
ခွန်ကိုး ရေချိုးခန်းထဲ ဝင်လိုက်ပြီး သူ့ကိုယ်ပေါ်မှ အင်္ကျီအားလုံးကို ချွတ်လိုက်ကာ ရေပန်းကို ဖွင့်ချလိုက်တယ်။ ရေအေးတွေက သူ့ ခေါင်းမှတစ်ကိုယ်လုံးကို လွမ်းခြုံသွားပြီး နေသာထိုင်သာရှိလွန်းတယ်။
ဒါပေမဲ့ သူရေချိုးနေတုန်းမှာ ရုတ်တရက် အေးစိမ့်သွားပြီး တစ်ကိုယ်လုံး ကျက်သီးတွေဖြန်းကနဲထသွားတယ်။
ပြီးတော့ တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားလာရတယ်။ စိတ်ရဲ့ လှုပ်ဆော်မှုကြောင့် ခွန်ကိုး ရေချိုးခန်းတစ်ခုလုံးကို ပတ်ကြည့်လိုက်မိတယ်။ ဒါပေမဲ့ ရေချိုးခန်းထဲမှာ သူကလွဲပြီး ဘယ်သူမှမရှိဘူး။
ရေချိုးခန်းမှာမှ မဟုတ်ဘူး တစ်အိမ်လုံးမှာ သူတစ်ယောက်ထဲရှိနေခဲ့တာ။
သူ့ရဲ့ စိတ်ထဲ တစ်မျိုးဖြစ်သွားပေမဲ့ ခဏလောက်အကြာမှာတော့ ထိုအကြောင်းအရာကို ပုံမှန်အတိုင်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်။
ခွန်ကိုး ရေချိုးခန်းထဲက ထွက်လာပြီး ခေါင်းသုတ်ရင်း သူ့ကို အိမ်ရှာပေးတဲ့ သူ့သူငယ်ချင်းကို ရောက်ပြီ ဖြစ်ကြောင်းနဲ့ အဆင်ပြေကြောင်းစာပို့လိုက်တယ်။
နေ့လည်က ပင်ပန်းထားတာကြောင့် သူ့ရဲ့ခေါင်းမခြောက်သေးခင်မှာဘဲ ခွန်ကိုး အိပ်ငိုက်လာတယ်။
ဒါကြောင့် ခေါင်းကို ခြောက်အောင်တောင်မသုတ်တော့ဘဲ အိပ်ယာထဲဝင်အိပ်လိုက်တော့တယ်။
ခွန်ကိုး မျက်လုံးတွေကို မှိတ်လိုက်တဲ့ ခဏအတွင်းမှာ ရုတ်တရက်အသက်ရှုကြပ်လာတာကြောင့် မျက်လုံးတွေကို ဖျတ်ကနဲ ဖွင့်လိုက်ပြီး ထထိုင်လိုက်မိတယ်။
သူက သူ့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်တာ ခဏဘဲလို့ ထင်လိုက်ပေမဲ့ သူနာရီကြည့်လိုက်ချိန်မှာတော့ ၃နာရီထိုးနေခဲ့ပြီ။
ခွန်ကိုး သူ့ရဲ့ ဆံပင်တွေကို လက်နဲ့ ထိုးဖွပစ်လိုက်ပြီး အိပ်ယာပေါ် ပြန်ပစ်လဲကာ အိပ်ပျော်အောင်ကြိုးစားလိုက်ပြန်တယ်။ ဒါပေမဲ့ မနက် ၆နာရီသာထိုးသွားတယ် သူကတော့ ပြန်ပြီး အိပ်မပျော်နိုင်ခဲ့ဘူး။
ဒါကြောင့် အိပ်ယာမှ ထလာပြီး ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်တယ်။ သူ့ရဲ့ မျက်နှာပေါ်က ဆပ်ပြာတွေကို ပြောင်အောင်ရေဆေးလိုက်ပြီး ခွန်ကိုး မှန်ထဲက သူ့ပုံရိပ်ကြည့်လိုက်တယ်။
သူ့ရဲ့သိပ်မရှည်တဲ့ ဆံပင်တွေကို လှန်တင်ထားတာကြောင့် သူရဲ့ချောမောတဲ့မျက်နှာက ပိုပြီး ချောမော နေသလိုပင်။ ခွန်ကိုး သူ့ရဲ့ ချောမောတဲ့ မျက်နှာကို စိတ်ကျေနပ်စွာကြည့်လိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြုံးပြတယ်။
ထိုအခါမှ ခွန်ကိုးက သူ့ရဲ့လည်ပင်းက အနီကွက်တွေကို သတိထားမိသွားတယ်။
"ချီးဘဲ ဘာဖြစ်ထားတာလဲ ဒါတွေက"
သူ့ရဲ့လည်ပင်းကို ဟိုဘက်ဒီဘက်လှည့်လိုက်ကာ ထိုအနီကွက်တွေကို သူ့ကြည့်လိုက်မိတယ်။
ထိုအနီကွက်တွေက သူ့ရဲ့လည်ပင်း ဟိုနားဒီနားမှာ လေးကွက်လောက်ရှိနေတယ်။ ခွန်ကိုးက ထို kiss mark နဲ့တူနေတဲ့ အဲ့ဒီအနီကွက်တွေကို သဘောမကျစွာကြည့်ပြီး ညီးညူလိုက်တယ်။
သူအပြင်ထွက်ချိန်မှာတော့ ထိုအနီကွက်တွေကို ဖုံးနိုင်တဲ့ လည်ထောင်အင်္ကျီကို ဝတ်လိုက်တယ်။
ခွန်းကိုး တောင်ကုန်းပေါ်က ကားနဲ့ဆင်းလာပြီး တောင်ကုန်းနဲ့ ခပ်လှမ်းလှမ်းမှာ တိုင်းရင်းဆေးတွေချရောင်းနေတဲ့ အဘွားတစ်ယောက်ကို တွေ့လိုက်တယ်။
ခွန်ကိုး ကားရပ်လိုက်ပြီး ကားပေါ်မှ ဆင်းကာ ထိုတိုင်းရင်းဆေးတွေကို သေသေချာချာကြည့်လိုက်ပြီး မျက်စိကြောထဲတည့်တာ တစ်ခုကို ကောက်ယူလိုက်တယ်။
"အဘွား ကျွန်တော်ဒါယူမယ်"
အဘွားက သူ့ကို ထူးဆန်းသလိုကြည့်နေခဲ့တယ်။
"လူငယ်လေး အဲ့ဒါက မီးယပ်ဆေးတွေလေ"
"ကျွန်တော်က အားဆေးတွေထင်လိုက်တာဗျ"
ခွန်ကိုး အရှက်ပြေပြောလိုက်တယ်။
"ဒါကမှ အားဆေးကွဲ့"
အဘွားက ဆေးထုပ်တစ်ခုကို ယူပေးရင်းဆိုတယ်။
ခွန်ကိုး ထိုဆေးထုပ်ကို ယူလိုက်ပြီး ဈေးမေးလိုက်တယ်။
"ဘယ်လောက်လဲ အဘွား"
"၃၀၀၀ ထဲပါကွယ်"
ခွန်ကိုး ၅၀၀၀ တန်တစ်ရွက်ကို ယူလိုက်ပြီး ပေးလိုက်ကာ နေရာမှ ထထွက်ဖို့လုပ်လိုက်တယ်။
"လူငယ်လေး အမ်းရအုံးမှာလေ"
"ရပါတယ် အဘွား ကျွန်တော့်ကို မအမ်းနဲ့တော့ အဘွားကို ကန်တော့တယ်လို့ သဘောထားပေးပါ"
ခွန်ကိုးပြောပြီး ပြုံးလိုက်ကာ ထရပ်လိုက်တယ်။
"မင်းက တောင်ကုန်းထိပ်က အိမ်ကိုပြောင်းလာတာလား"
သူထွက်မသွားသေးခင်မှာ အဘွားက မေးလာခဲ့တယ်။
"ဟုတ်တယ် အဘွား ကျွန်တော်မနေ့ကဘဲ ပြောင်းလာတာ"
"မင်း တခြားနေရာကို ပြန်ပြောင်းသင့်တယ် အဲ့ဒီနေရာက မကောင်းဘူး"
"အာ ကျေးဇူးပါအဘွား"
အဘွားပြောတဲ့ စကားကို ခွန်ကိုးက အယူသီးတဲ့ တစ်ခုခုလို့ ထင်လိုက်ပြီး စိတ်ထဲသိပ်မထားဘဲ ထွက်လာလိုက်တယ်။
ခွန်ကိုး မြို့ထဲသွားလိုက်ပြီး ဟိုမေးဒီမေးနဲ့ နောက်ဆုံးမှာတော့ စျေးကို ရောက်သွားကာ လိုအပ်သည်များကို ဝယ်လိုက်တယ်။
အချိန်က တော်တော်လေးလင့်သွားတာမို့ သူစျေးက ပြန်လာတဲ့ လမ်းမှာ ထမင်းဆိုင်တစ်ဆိုင် ဝင်ကာ ထမင်းစားလိုက်တယ်။ ပြီးတော့မှ အိမ်ကို ပြန်လာခဲ့တယ်။ သူပြန်လာတော့ သူလာတုန်းက ရှိနေတဲ့ အဘွားက ထိုနေရာမှာ ရှိမနေတော့ဘူး။
ခွန်ကိုး ပြန်ရောက်ရောက်ချင်း သူဝယ်လာတဲ့ ပစ္စည်းတွေကို မီးဖိုချောင်ထဲက ရေခဲသေတ္တာထဲ ထည့်လိုက်တယ်။ သုံးလေးရက်လောက်ကတော့ မြို့ထဲ ထပ်သွားစရာမလိုတော့ဘူး။
ပြီးတော့ အခန်းထဲက သူ့လက်တော့ကို သွားယူလိုက်ပြီး အိမ်ဘေးက ကုက္ကိုပင်ကြီးအောက်မှာ စာထိုင်ရေးနေလိုက်တယ်။ ခွန်ကိုး တဖြည်းဖြည်းနဲ့ စာရေးနေတဲ့ ဆီကို ဈာန်ဝင်သွားပြီး ပတ်ဝန်းကျင်ကိုတောင် မေ့လျော့သွားတော့တယ်။
နောက်ဆုံးမှာ ခွန်ကိုး ဝတ္ထုရဲ့ အဆုံးကို ရောက်သွားပြီး ဇာတ်လမ်းကို အဆုံးသတ်လိုက်နိုင်တယ်။
နေလုံးကြီးက အနောက်ဘက်ရပ်ဝန်းက တောင်တန်းတွေထဲကို စတင်ပြီး တိုးဝင်နေခဲ့ပြီ။
ခွန်ကိုး ဇာတ်လမ်းရဲ့ ကျန်နေတဲ့ တစ်ဝက်လုံးကို တစ်ထိုင်ရာထဲ ရေးလိုက်ခြင်းပင်။ သူတစ်ခါမှ တစ်ထိုင်ရာထဲ အဲ့လောက်ဈာန်ဝင်ပြီး မရေးနိုင်ခဲ့ဘူး။
ခွန်ကိုးနေရာမှ ထကာ သူ့ရဲ့လက်တွေကို အပေါ်မြှောက်လိုက်ပြီး တစ်ကိုယ်လုံးကို ဆွဲဆန့်ကာ အညောင်းစန့်လိုက်တယ်။
"ဒီနေရာက စာရေးလို့ တကယ်ကောင်းတဲ့နေရာဘဲ"
ခွန်ကိုး ရေရွက်လိုက်ပြီး အိမ်ထဲဝင်လာလိုက်တယ်။
ပြီးတော့ ချက်ပြုတ်စားသောက်လိုက်ကာ ရေချိုးပြီး အိပ်ယာဝင်လိုက်တယ်။ ဒီနေ့အဖို့အရာ သူရဲ့ခေါင်းနဲ့မျက်စိကို တော်တော်သုံးလိုက်ရတာကြောင့် အနားပေးဖို့လိုအပ်နေပြီလေ။
ခွန်ကိုး ဝိညာဥ်လွှင့်သွားသလိုကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။ ပြီးတော့ အိမ်မက်တစ်ခုကို မက်ခဲ့တယ်။
သူနိုးလာချိန်မှာတော့ ထိုအိမ်မက်က အိမ်မက်ကောင်းလား၊ အိမ်မက်ဆိုးလာဆိုတာတောင်မမှတ်မိဘူး။ လူတွေက အိမ်မက်တွေကိုမမှတ်မိရင်တောင် ကောင်းလားဆိုးလားဆိုတာကိုမှတ်မိတတ်ကြတယ်လေ။ ဒါပေမဲ့ ခွန်ကိုးကတော့ မမှတ်မိဘူး။
ခွန်ကိုး မျက်နှာကျက်ကို ဗလာသက်သက် ငေးကြည့်နေခဲ့တယ်။
တောင်းးးးးး
ရေချိုးခန်းထဲမှ တစ်ခုခုပြုတ်ကျလိုက်သလိုမျိုး ကျယ်လောင်တဲ့ အသံက ထွက်ပေါ်လာတယ်။
ခွန်ကိုး အိပ်ယာမှ စိတ်ပျက်လက်ပျက်ထလိုက်ပြီး ရေချိုးခန်းဆီကို တရွေ့ရွေ့လျှောက်သွားလိုက်တယ်။ သူ့ကို စောင့်ကြိုနေတာက ပြန့်ကျဲနေတဲ့ ဆပ်ပြာဗူးတွေနဲ့ ဘယ်ကရောက်လာမှန်းမသိတဲ့ ကြောင်တစ်ကောင် ဖြစ်နေတယ်။
အဲ့ဒီကြောင်က တစ်ကိုယ်လုံး နက်မှောင်နေပြီး မျက်လုံးတွေကလည်း အစိမ်းရောင်သမ်းနေခဲ့တယ်။
ထိုကြောင်က သူ့ကို ဂရုမစိုက်သလိုပုံစံမျိုးနဲ့ သူ့နားက ခပ်ချေချေဘဲ ဖြတ်လျှောက်သွားတယ်။
ခွန်ကိုး ပွလန်သွားတဲ့ ပစ္စည်းတွေကို သိမ်းလိုက်ပြီး မျကိနှာသစ်လိုက်တယ်။
ပြီးတော့ မီးဖိုချောင်ထဲဝင်ကာ ချက်ပြုတ်လိုက်ပြီး သူ့ရဲ့ ဗိုက်ကိုဖြည့်လိုက်တယ်။ သူက အစာကျွေးဖို့ကြောင်ကို ရှာပေမဲ့ ထိုကြောင်ကို ဘယ်မှာမှ မတွေ့တော့ဘူး။
ဒါကြောင့် ခွန်ကိုးလည်း အရင်နေ့အတိုင်းဘဲ ကုက္ကိုပင်အောက်သွားကာ စာရေးနေလိုက်တယ်။
ထိုအချိန်မှ စပြီး ခွန်ကိုးရဲ့ ဘဝကြီးက ပုံသေလိုဖြစ်လာခဲ့တယ်။ လေးရက်တစ်ခါလောက် မြို့ထဲသွားပြီး လိုအပ်တာတွေ ဝယ်တာကလွဲပြီး ကျန်တဲ့ နေ့တွေက အစားစားလိုက် စာရေးလိုက် အိပ်လိုက်နဲ့ တူညီတဲ့ပုံစံဘဲ ဖြစ်လာတယ်။
ဒါပေမဲ့ ပုံမှန်မဟုတ်တာတွေလည်း ဖြစ်ပျက်နေခဲ့တယ်။
အဲ့ဒီအရာတွေက သူအိပ်တဲ့ အခါတိုင်းမှာ ဖြစ်ပျက်နေတာကိုတော့ ခွန်ကိုး တဖြည်းဖြည်းသတိထားမိလာတယ်။
ဝိုးတိုးဝါးတား အိမ်မက်တွေကလည်း သူ့ဆီကို အိပ်ချိန်တိုင်း ပုံမှန်လိုရောက်ရှိလာခဲ့တယ်။ ညကိုဘဲအိပ်အိပ်၊နေ့ကိုဘဲအိပ်အိပ် ထိုအိမ်မက်တွေကတော့ သူ့ဆီကိုရောက်လာမြဲဘဲ။ ထိုအိမ်မက်တွေထဲမှာ တစ်ခါတလေ သူ့ဆီကိုရောက်လာတဲ့ ကြောင်နက်ကိုလည်း သူတွေ့ရတယ်။
အိမ်မက်တွေကို မမက်တဲ့နေ့တွေမှာတော့ ခွန်ကိုး အသက်ရှုကြပ်ကာ နိုးလာတတ်တယ်။ ပြီးရင် သူ့ရဲ့ ကိုယ်ပေါ်မှာ အနီကွက်တွေပေါ်လာတတ်တယ်။ ပြီးတော့ တစ်ခါနဲ့တစ်ခါလည်း ပိုပိုပြီး များလာခဲ့တယ်။
ပထမက သူ့ရဲ့လည်ပင်းမှာသာ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သူ့ရဲ့ တစ်ကိုယ်လုံးမှာဖြစ်လာတယ်။
ဆေးခန်းတွေသွားပြခဲ့ပေမဲ့လည်း ဘာမှ မဖြစ်ပါဘူးဆိုပြီးသာ ပြောလာကြပြီး တစ်ချို့ဆရာမလေးတွေက သူ့ကို ကြည့်ပြီး စပ်ဖြဲဖြဲ။
ဒီလိုနဲ့ ခွန်ကိုး အဲ့ဒီအိမ်မှာနေတာ ၁လလောက်တောင်ကြာလာခဲ့တယ်။ ၁လလောက်ကြာပြီးကာမှ သူရောက်စက တွေ့ခဲ့တဲ့ အဘွားကို သူပြန်တွေ့ခဲ့ရတယ်။ အဘွားက သူပထမတွေ့တဲ့ နေရာမှာဘဲ ဆေးတွေရောင်းနေခဲ့တယ်။
အဘွားကို တွေ့ကာမှ အဘွားပြောခဲ့တာကို ခွန်ကိုးအမှတ်ရသွားတယ်။
သူကားမှ ဆင်းလိုက်ပြီး အဘွားဆီကို သွားလိုက်ကာ ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်တယ်။
ပြီးတော့ အရင်က အဘွားဆီက ဝယ်ဖူးတဲ့ ဆေးထုပ်ကို ယူလိုက်တယ်။
အဘွားကတော့ သူ့ကို ဘာစကားမှ မပြောဘဲ စိုက်ကြည့်နေခဲ့တယ်။
"အဘွား ကျွန်တော်ကို မှတ်မိတယ်မလား"
"အေး မှတ်မိပါတယ်ကွယ်"
"အဘွားကျွန်တော့်ကို ပြောခဲ့တဲ့ဟာကိုရော မှတ်မိတယ်မလား"
အဘွားက သူ့ရဲ့ တစ်ကိုယ်လုံးကို စူးစမ်းသလို အထက်အောက် စုံဆန်ကြည့်ပြီး မျက်လုံးများပြူးကာဆိုလာတယ်။
"မင်းဒုက္ခရောက်နေပီလား"
"ကျွန်တော် ဒုက္ခတော့ မရောက်ပါဘူး ဒါပေမဲ့ ထူးဆန်းတဲ့ အိမ်မက်တွေ ဆက်တိုက်မက်နေလို့ ပီးရင် အဲ့အိမ်မက်တွေကိုလည်း မမှတ်မိဘူး"
သူ့ရဲ့စကားကြောင့် အဘွားအိုက တွေဝေသွားခဲ့တယ်။
"တခြားဘာမှ မဖြစ်ဘူးလား"
"တခြားလား ဒါမျိုးတွေတော့ဖြစ်တယ်"
ခွန်ကိုး သူ့ရဲ့ လည်ရှည်အင်္ကျီကို ဆွဲချလိုက်ပြီး သူ့ရဲ့လည်ပင်းက အနီကွက်တွေအညိုကွက်တွေကိုပြလိုက်တယ်။ အဘွား သူ့ကိုကြည့်နေတဲ့ မျက်လုံးတွေက ပိုပြီးပြူးကျယ်လာခဲ့တယ်။
"အဲ့အိမ်နဲ့ ပတ်သက်ပြီး ရာဇဝင်တွေဘာတွေရှိနေတာလား"
"အဲ့ဒါတွေသိချင်မနေနဲ့ အဲ့အိမ်ကနေ အမြန်ဆုံးသာထွက်သွားတော့"
အဘွားက ချက်ချင်း သူ့ရဲ့ပစ္စည်းတွေကို ကောက်သိမ်းလိုက်ပြီး နေရာမှ ထွက်သွားတော့တယ်။
ခွန်ကိုး ထွက်သွားတဲ့အဘွားအိုကိုကြည့်ပြီး အဘွားက ကြောက်ရွံသွားတယ်လို့ခံစားရတယ်။
ပြီးတော့ အဲ့ဒီဆီကနေ ပြန်လာပြီး အိမ်ထဲခြေချချလိုက်ချင်းမှာ ခွန်ကိုး ပုံမှန်နဲ့မတူဘဲ တစ်ကိုယ်လုံးရှိန်းကနဲ ကျက်သီးတွေထသွားတယ်။
သူကဘဲ ကြောက်စိတ်ဝင်သွားလို့လားမသိပေမဲ့ အိမ်ကကြောက်စရာကောင်းတယ်လို့ခံစားလာရတယ်။
ပြီးတော့ အဘွားရဲ့စကားကိုပြန်စဥ်းစားမိပြီး ဒီအိမ်မှ အမြန်ဆုံးထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
သူဒီအိမ်မှာ တစ်စက်လေးတောင်ဆက်မနေနိုင်တော့ဘူး။
ခွန်ကိုး ချက်ချင်း အဲ့ဒီအိမ်မှာရှိနေတဲ့ သူ့ရဲ့ ပစ္စည်းတွေကို စသိမ်းတော့တယ်။ သူသိမ်းလို့ပြီးချိန်မှာတော့ ညနေတော်တော် စောင်းသွားခဲ့ပြီ။
သူရဲ့ပစ္စည်းတွေကို ကားပေါ် ပစ်တင်လိုက်ပြီး သူ့သူငယ်ချင်းကို ဖုန်းဆက်လိုက်တော့တယ်။
"ဟယ်လို သားကြီး ငါပြန်လာတော့မယ် ငါဒီမှာဆက်မနေနိုင်တော့ဘူး အိမ်အသစ်ရှာမတွေ့ခင်ထိ ငါမင်းကို ဒုက္ခပေးရတော့မယ်"
ပြောရင်းကားပေါ်ကို တက်ထိုင်လိုက်တယ်။
အဲ့ဒီအခါမှ သူ့ရဲ့ လက်တော့က အိမ်ထဲကျန်ထားတယ်ဆိုတာ ခွန်းကိုး သတိရသွားတယ်။
"ချီး ဒါဘဲ ဟျောင့် ငါ့လက်တော့အိမ်ထဲကျန်ထားခဲ့လို့ ရောက်မှ ပြန်ခေါ်ခဲ့မယ်"
ခွန်းကိုး ဖုန်းကို ချလိုက်ပြီး ကားပေါ်မှ ဆင်းကာ အိမ်ထဲပြန်ဝင်လာခဲ့တယ်။
သူ့ရဲ့လက်တော့က အိမ်ခန်းထဲက ကုတင်ပေါ်မှာကျန်ထားခဲ့ခြင်းပင်။
သူ့ရဲ့ လက်တော့ကို ယူပြီးတာနဲ့ အိမ်ထဲမှ မြန်မြန်ဆန်ဆန်ပြန်ထွက်လာလိုက်တယ်။
ညောင်....
"အား! ချီး လန့်လိုက်တာ"
တံခါးဘောင်မှ သူ့ရှေ့ကို ရုတ်တရက်ခုန်ချလာတဲ့ကြောင်နက်ကြောင့် ခွန်ကိုး လန့်ဖြန့်သွားတယ်။
ဒါပေမဲ့ပိုပြီးလန့်စရာကောင်းတာက အဲ့ဒီကြောင်က နေရာမှာတင် ကျားနက်ကြီး တစ်ကောင်ဖြစ်သွားတာဘဲ။
ခွန်ကိုး နေရာမှာတင် မလှုပ်မရက် ရပ်နေမိပြီး မအော်လည်းမအော်ရဲဘူး။
ပြီးတော့ တဖြည်းဖြည်းချင်း နောက်ကို ဆုတ်လိုက်မိတယ်။
ကျားနဲ့ တဖြည်းဖြည်း ဝေးလာတော့မှ လှည့်ပြေးလိုက်မယ်လို့ ခွန်ကိုး တွေးလိုက်တယ်။
ဒါပေမဲ့ သူလှည့်မပြေးရခင်မှာ သူ့ရဲ့နောက်က တစ်ခုခုနဲ့တိုက်မိလိုက်တယ်။ အဲ့ဒါက တိုင်တစ်ခု မဟုတ်ဘူးဆိုတာကို သူ သေချာသိတယ်။ အဲ့ဒီနားမှာတိုင်မရှိဘူးလေ။
ခွန်ကိုးနောက်ကို တဖြည်းဖြည်းလှည့်ကြည့်မိတယ်။
အဲ့ဒီမှာ သရဲတစ်ကောင်ကို မြင်ရလိမ့်မယ်လို့ သူ ထင်ထားခဲ့ပေမဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေမယ်လို့တော့ ထင်မထားဘူး။
သူ့ရဲ့ ခြောက်ပေရှိတဲ့ အရပ်က မော့ကြည့်ရလောက်အောင်မြင့်မားတဲ့အရပ်နဲ့ အနီရောင်မျက်လုံးတွေက ကြောက်ဖို့ကောင်းလွန်းတယ်။
"တော်တော်ဆိုးတာဘဲ"
ထိုသူရဲ့ နီရဲနေတဲ့ နှုတ်ခမ်းတွေက အနည်းငယ် လှုပ်ရှားသွားပြီး တိုးညှင်းတဲ့ အသံက ထွက်ပေါ်လာတယ်။ ထိုအသံက တိုးညှင်းပေမဲ့ ခွန်ကိုးစိတ်ထဲမှာတော့ သူ့ရဲ့ ဝိညာဥ်ကို ဆွဲစုတ်သွားတော့မတတ် ကျယ်လောင်နေတယ်။
ထိုမျက်နှာနဲ့ ထိုအသံက ခွန်ကိုးကို အိမ်မက်ထဲမှ ဖြစ်ခဲ့သမျှ အားလုံးကို ကွက်ကွက်ကွင်းကွင်း သတိရသွားစေတယ်။ သူ့ရဲ့ကိုယ်ပေါ်က အနီကွက်တွေအညိုကွက်တွေက ဘယ်လိုရလာလဲဆိုတာကို သူချက်ချင်း သဘောပေါက်သွားတော့တယ်။
အဲ့ဒီအချိန်မှာ သူထိုနေရာမှ ထွက်ပြေးချင်နေခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ခြေထောက်တွေက ဘယ်လိုမှ ရွေ့လို့မရတော့ဘူး။
"ထွက်ပြေးချင်နေတာလား"
သူ့ရှေ့မှ နတ်ဆိုးက လှပစွာ ပြုံးလိုက်ပြီး ရေခဲတမျှ အေးစက်နေတဲ့ လက်တွေက သူ့ရဲ့ ဆံပင်တွေကို လာပွတ်သတ်နေခဲ့တယ်။ အဲ့ဒီအပြုံးက သူ့ကိုညှို့ယူနေသယောင်။
ခွန်ကိုး စတင်ပြီး သဘောပေါက်လာတယ်။ သူဘယ်လိုမှ ထွက်ပြေးလို့မရတော့ဘူးဆိုတာကို။
ခွန်ကိုး သူ့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်တော့တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် သူကအရင်ထဲက ဒီနတ်ဆိုးဆီမှာ ကျရှုံးပြီးသားဘဲလေ။
နောက်သုံးရက်လောက်ကြာပြီးချိန်မှာတော့ ခွန်ကိုးဆီကို သူ့ရဲ့ သူငယ်ချင်းလိုက်လာခဲ့တယ်။
ဒါပေမဲ့ ပစ္စည်းတွေတင်ထားတဲ့ ကားနဲ့ အိမ်လယ်ခေါင်မှာ ကျပြီးကွဲနေတဲ့ လက်တော့ကိုသာ တွေ့ရတယ် သူ့ရဲ့ သူငယ်ချင်းကိုတော့ ဘယ်မှာမှ မတွေ့တော့ဘူး။
ခွန်ကိုးက ပျောက်ကွယ်သွားခဲ့တယ်။