မှိုင်း part 20 update 8.10.2021 10:00PM
Unicode
ခြံထဲဝင်လာသော ကားသံကြောင့် မှိုင်း အခန်းပြတင်းပေါက်မှ လှမ်းကြည့်ပြီး အောက်ထပ်သို့ ပြေးဆင်းလာလိုက်သည်။မင်းမြတ် ကားတံခါးကိုဖွင့်ကာ ဆင်းလိုက်ပြီး နောက်ခန်းထဲရှိ Luggageအိတ်ကို ယူချလိုက်၏။
"အန်ကယ်လေး…"
မှိုင်းရဲ့အသံကရှေ့ပြေးရောက်လာပြီးနောက် မှိုင်းက မင်းမြတ်ကို ပြေးဖက်လိုက်သည်။
"အန်ကယ်လေး နောက်ကျလိုက်တာ"
မင်းမြတ် သူ့တစ်ကိုယ်လုံး ကျိုးကျမတတ် ပြေးဖက်လာသော မှိုင်း လက်များကို ဆွဲခွာရင်း မှိုင်းရဲ့ နားရွက်ကို လိမ်ဆွဲလိုက်ပြီး
"မင်းခ မင်းအကြောင်းတွေ ငါ့ဆီပြန်တိုင်တယ်နော် မှိုင်းရီဝေ သတ္တိတွေ အရမ်းကောင်းနေတယ်ပေါ့ ဟုတ်လား bar သွား clubတက်အချိန်ဖြုန်းပြီး မရှင်းမရှင်း ဇယားတွေရှုပ် ရတဲ့အထိ ဆိုးနေတာပေါ့လေ ဟမ်…"
မှိုင်း မင်းမြတ်လက်က လွှတ်အောင် ရုန်းနေသော်လည်း မင်းမြတ်က မှိုင်းနားရွက်ကို ပြတ်ထွက်မတတ် ဆွဲလိမ်ထား၍ ဇွတ် မရုန်းရဲ
"အား…အန်ကယ်လေး ပြောချင်ရင် ပါးစပ်နဲ့ပြောပါ လက်မပါနဲ့လေ အား…"
မင်းမြတ် luggageအိတ်ကို လက်တစ်ဖက်မှ ဆွဲပြီး ထိုအဆိုးကောင်လေး နားရွက်ကို ဆွဲရင်း အိမ်ထဲသို့ ဆွဲခေါ်လာလိုက်သည်။ဧည့်ခန်းရောက်မှ လွှတ်ပေးလိုက်ပြီး
"ကဲ ထိုင်…ငါ့လက်က လွတ်ပြီဆိုတိုင်း ထင်တိုင်းကြဲနေတာပေါ့လေ…တစ်ခုချင်းစီ ရှင်းစမ်း…"
မင်းမြတ် မျက်နှာထားကို ခပ်တည်တည်နေပြီး လက်ပိုက် ခါးမတ်ကာ ဆိုဖာပေါ် ခြေချိတ် ထိုင်၍ မေးလိုက်၏။မင်းမြတ်ရဲ့ ဘေးတွင် ထိုင်နေသော မှိုင်းက နီရဲနေသော နားရွက်ကို ပွတ်ရင်း
"လေးငယ်က ဟိုဘိုးတော်ရဲ့ သမီးနဲ့ပဲ ဒိတ်ခိုင်းနေတာလေ။ကျွန်တော် မကြိုက်ပါဘူးဆို…"
*ကျွန်တော်ကြိုက်တာ အန်ကယ်လေးရဲ့ညီကို*
ဒါကိုတော့ မှိုင်းစိတ်ထဲမှသာ ပြောလိုက်မိပါသည်။
"ဒီလေးကျော်ဆိုတဲ့ play boyနဲ့ အဖွဲ့ကျနေတယ်ဆို။တော်ရုံတန်ရုံ ကိစ္စတွေ အန်ကယ်လေး မချုပ်ချယ်ဘူးနော်။အပျော်ကနေ အပျက် မဖြစ်စေနဲ့"
"ကိုဒီလေးကျော်က ပျက်စီးနေတာမဟုတ်ပါဘူး…သူ့ဆီလာကပ်သမျှကို အလိုက်အထိုက်လေး ပြန်ဆက်ဆံရုံပါ…အန်ကယ်လေး မြင်ရင်သာ သူ့ကိုမကြွေသွားနဲ့"
တစ်ခွန်းမကျန် ပြန်ပြောနေသော မှိုင်းကြောင့် မင်းမြတ် မျက်မှောင်ကြုံ့ပြီး လက်ဆစ်ဖြင့် ခေါက်ချလိုက်သည်မှာ မှိုင်းရဲ့ နဖူးတည့်တည့် ဂွက်ခနဲ
"အား…အန်ကယ်လေးက ကျွန်တော့်ကို မချစ်တော့ဘူး…တော်ပြီ…မှိုင်းရီဝေအတွက် အချစ်တွေ ပေါများရာ အရပ်ကိုပဲ သွားတော့မယ်"
"မှိုင်းရီဝေ!"
မင်းမြတ် ပါးစပ်ကအော်ရင်း ငယ်ထိပ်ကို နာနာခေါက်ချပစ်ရန် စိတ်ကူးလိုက်သော်လည်း မှိုင်းက စားပွဲပေါ်ရှိ ဆိုင်ကယ်သော့ကို ဖျတ်ခနဲ လှမ်းယူကာ ထပြေးသွားပြီ ဖြစ်၏။
မှိုင်း ထွက်သွားပြီး မကြာခင် မင်းခ ပြန်ရောက်လာ၍ မှိုင်း တမင်တကာ ရှောင်ထွက်သွားမှန်း မင်းမြတ် သိလိုက်သည်။
"ရောက်နေတာကြာပြီလား ကိုမင်းမြတ်"
"အခုလေးတင်ပဲ မှိုင်းလည်း မင်းနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ ပြန်ထွက်သွားတာ တော်တော်ကို ဂျစ်တီးဂျစ်ကန် ဖြစ်လာတာပဲ"
မင်းမြတ် စကားကြောင့် မင်းခ သက်ပျင်းချလိုက်ပြီး
"ကျွန်တော့် အပြစ်တွေပါ။ကျွန်တော့်ကို အရွဲ့တိုက်ချင်တာနဲ့ ထင်ရာစိုင်းနေတာ"
မင်းခ မျက်နှာတွင် စိတ်ပျက် အားလျော့ဟန်က အထင်းသား။မင်းမြတ် မင်းခပုခုံးကို ပုတ်လိုက်ပြီး
"မင်းတို့ကြားမှာ ပြသနာ တစ်ခုခု ရှိလို့လား။blind date စီစဉ်ပေးရုံနဲ့ မှိုင်းက အရွဲ့တိုက်မဲ့ လူစားမျိုး မဟုတ်ဘူး"
အင်းမလုပ် အဲမလုပ် ငုတ်တုတ်ထိုင်ကာ မှိုင်နေသော မင်းခကြောင့် မင်းမြတ် စိတ်လေးသွားရသည်။
"တစ်ယောက်ကလည်း ခေါင်းကြောမာတယ် တစ်ယောက်ကလည်း တဇွတ်ထိုးသမား တသက်လုံး တစ်ယောက်နဲ့ တစ်ယောက် ပုန်းရှောင်နိုင်ကြမှာ မလို့လား"
နောက်ဆုံးတော့လည်း ပြောမနိုင် ဆိုမနိုင်များကို လွတ်ပေးပြီး မင်းမြတ် အခန်းထဲကိုသာ ဝင်လိုက်ရတော့၏။တယောက်နဲ့ တယောက် ပတ်ရှောင်နေသော မင်းခနဲ့ မှိုင်းမှာ ယနေ့ညတွင် မျက်နှာချင်းဆိုင် ထိုင်ကာ ထမင်းစားနေရသည်။တရားခံမှာ သူတို့နှစ်ဦး ဘေးတွင် မိန့်မိန့်ကြီး ထိုင်နေသော ဦးမင်းမြတ်။
မှိုင်း မင်းခကို ဖွင့်ပြောပြီး နောက်ရက်တွင် မင်းခက မှိုင်းကို မပြောမဆို အပြင်ခေါ်ထုတ်ကာ သူ့မိတ်ဆွေ သမီးနဲ့ မိတ်ဆက်ပေးရာမှ မှိုင်းနဲ့မင်းခ အကြီးအကျယ် စကားများရသည်။မင်းခက သူဖြစ်ချင်ရာ ဇွတ်တရွတ်လုပ်သလို မှိုင်းကလည်း မကျေနပ်။မှိုင်းကို မင်းခ ခါးခါးသီးသီး ငြင်းတာ မှိုင်းအနေနဲ့ လက်ခံပေးနိုင်သော်လည်း တခြားမိန်းကလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးတာကိုတော့ မှိုင်း လက်မခံနိုင်ပါ။
"ကျွန်တော်က သေလောက်အောင် ချစ်တယ်ဆိုပေမယ့် ကျွန်တော့်မှာ မာနရှိတယ်။လေးငယ် လက်မခံဘဲ ဇွတ်အတင်း တွယ်ကပ်နေရလောက်တဲ့အထိ ကျွန်တော်က အပေါစား မဆန်ဘူး။အဲတာကြောင့် တခြားလူနဲ့ ချိတ်ပေးနေစရာမလိုဘူး။လေးငယ် ကျွန်တော့်ကို ဒီလောက်ထိ စိတ်မချ မယုံကြည် ဖြစ်နေရင် အဲ့ကောင်မလေးကို လေးငယ် ဒိတ်ပြီး ယူလိုက်လေ"
ထိုနေ့က မင်းခအပေါ် အရင်နဲ့မတူ ခါးသီးစွာ ပြတ်ပြတ်သားသား ငြင်းခဲ့သော မှိုင်းကြောင့် မင်းခ ပင် အံ့ဩသွားရသည်။နောက်ရက်မှ စပြီး မှိုင်း မင်းခနဲ့ လုံးဝ မျက်နှာချင်း မဆိုင်တော့သလို လုပ်ချင်ရာလုပ်ကာ ထင်တိုင်းကြဲနေတော့၏။တစ်ရက်တစ်ရက် ရှာလိုက်သော ပြသနာနဲ့ ကြားလိုက်ရသော သတင်းများမှာ ဆိုးဆိုးဝါးဝါးဖြင့် မှိုင်းနောက်လိုက်ရန် မင်းခလွှတ်ထားသော သူများကိုပါ ရန်ရှာလာသည်အထိ ဆိုးဝါးလာသည်။
ထိုပြသနာများရဲ့ အစပျိုးရာ မင်းခမှာ မှိုင်းရဲ့ အရှုပ်ပြသနာများကို တနေ့တနေ့ လိုက်ဖုံးဖိ ရှင်းလင်းနေရသည်မှာ မလွယ်ချေ။နူးညံ့ပြီး အမြဲလိုလို ပြုံးနေတတ်သော မှိုင်း အဖြစ်မှ ဂျစ်တီးဂျစ်ကန် အဆိုးလေး မှိုင်း ဖြစ်လာသော်လည်း မင်းခ မမုန်းရက်ဘဲ အချစ်ပိုနေရသည်။
အနဲဆုံးတော့ ကြိတ်ငို ဟန်ဆောင်ပြုံးနေတတ်သည့် မှိုင်းထက်စာရင် သူ့စိတ်ထဲရှိသလို နေတတ်တဲ့ မှိုင်းက ပို၍ စိတ်သက်သာရာရနေမည်မှာ အသေအချာ။ယခုလည်း မင်းခနဲ့ မျက်နှာချင်းဆိုင်တွင် မရယ်မပြုံး မျက်နှာထားဖြင့် ပန်းကန်ထဲရှိ ကြက်သားတုံးကို ဟိုဖဲ့ဒီဖဲ့ဖဲ့ရင်း မွှေနေကာ မင်းခဘက်ကို ယောင်လို့တောင် စောင်းကြည့်မလာ။
ပန်းကန်ထဲရှိ ကြက်သားတုံးလေးမှာတော့ မှိုင်းလက်ချက်ဖြင့် ကြက်ဆီပြန်မှ ကြက်အမွှကြော် အဖြစ် ပြောင်းနေပြီ ဖြစ်သည်။မင်းခရှေ့တည့်တည့်ရှိ ပဲပုတ်စေ့အစပ်ကြော်ကို မှိုင်းပန်းကန်ထဲ ထည့်ပေးလိုက်တော့ တွေတွေကြီး စိုက်ကြည့်နေပြီးနောက် တတိတိစားနေတော့၏။
အစပ်မပါလျှင် ထမင်းစားမဝင်သော မှိုင်းအကြောင်းကို မင်းခ ကောင်းကောင်းကြီး သိနေသလို မင်းခရှေ့ ရောက်နေသော အစပ်ကြော် ပန်းကန်ကို မှိုင်း လှမ်းမယူရဲမှန်း မင်းခ ရိပ်မိနေ၍ မှိုင်းဘက်ကို ချပေးလိုက်သည်။
မင်းခတို့ နှစ်ယောက် အခြေအနေကို မသိမသာ ကြည့်နေသော မင်းမြတ်မှာ သွားများပင် ကျိန်းလာသလိုလို
တစ်ယောက်ကလည်း စိတ်တိုတယ်သာ ပြောတာ သူ့လေးငယ် ထည့်ပေးသမျှကို မညည်းမညူ စားနေသည်။ဘယ်အချိန် ထသောင်းကျန်းမလဲ အရိပ်တကြည့်ကြည့် ကြည့်နေရတဲ့ မင်းမြတ်က ငပေါကြီးလို။
ဟိုတစ်ယောက်ကကော ဘာထူးလို့လဲ။မချစ်ဘူးအသေငြင်း blind dateတွေ ဇွတ်စီစဉ် ဟိုတစ်ယောက်က ကောင်မလေးတွေနဲ့ တကယ်ကြီး ပတ်ရှုပ်ရော သူ့မှာ ပက်လက်လှန်နေတဲ့ လိပ်ကြီးလို ယက်ကန်ယက်ကန်နဲ့ ကြိတ်မှိတ်ရှင်း။သဝန်တိုနေတာကိုလည်း ထုတ်မပြောရဲနဲ့။
နှစ်ယောက်လုံးကို နဘန်ကျင်းချင်စိတ်များ တဖွားဖွားပေါ်လာစဉ်
"အိမ်ရှင်တို့ အိမ်ရှင်တို့ မီးဆူခံတယ်ဗျို့"
ခြံရှေ့ လာအော်သော ဝေသစ်တို့ အဖွဲ့ကြောင့် မှိုင်းက စားလက်စဇွန်းကို အားရပါးရ ပစ်ချကာ ဝမ်းသာအားရဖြင့် ခြံတံခါးကို ပြေးဖွင့်ပေးသည်။ဘာမှန်းမသိသော မင်းခမှာ ပြူးကြောင်ကြောင်ဖြင့်
"ဘာကြီးတုန်း"
မင်းမြတ် မှိုင်းရဲ့ စားလက်စ ထမင်းပန်းကန်ကို ကောက်သိမ်းလိုက်ပြီး
"ငါတို့ရှမ်းပြည်ရဲ့ ဓလေ့ပေါ့ကွာ။ပဒေသာပင်တွေ အတွက် အိုးစည်ဗုံမောင်းတွေနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက်အလှူခံကြတယ်။အိမ်တိုင်းက တတ်နိုင်သလောက် ပမာဏ ထည့်ကြတယ်။လာတာကလည်း အဖွဲ့အများကြီးလာတာ ဆိုတော့ နဲနဲချင်းစီ ထည့်လှူကြတာပေါ့ကွာ။မှိုင်းက ဝေသစ်တို့အဖွဲ့နဲ့ လိုက်သွားမယ်ထင်တယ်…"
မင်းခ မင်းမြတ် ရှင်းပြသမျှကို နားထောင်နေစဉ် အိုးစည်သံများမှာ ရပ်သွားပြီဖြစ်သည်။မင်းခ မှိုင်းအနွေးထည်ကို ယူပြီး ခြံထဲထွက်လာစဉ်
"ဦးမင်းခတို့ မိသားစု ကျန်းမာပါစေ ချမ်းသာပါစေ သက်တော်ရာကျော် ရှည်ပါစေ"
ရိုးရှင်းတဲ့ ဆုတောင်းလေးကြောင့် မင်းခ ပြုံးမိသွားစဉ်
"ဒီနှစ်အတွင်းမှာက လူပျိုဘဝက ကျွတ်ပါစေ လက်ဟောင်း boss ဦးမင်းမြတ်နဲ့ လက်သစ် boss ဦးမင်းခရေ"
ပြဲလန်နေသော ဝေသစ်ရဲ့အသံမှာ ဟိန်းခနဲ
"တယ် ဒီခွေးသား ငါလုပ်လိုက်ရ…"
အိမ်ပေါက်ဝမှာ ရပ်နေသော မင်းမြတ်ရဲ့ ဆဲသံနဲ့အတူ အိုးစည်ဝိုင်း တစ်ခုလုံး ဝါးခနဲ ပွဲကျလျက်။
တလက်လက် တောက်ပနေသော အပြုံးများနဲ့ မှိုင်းကို မင်းခ တယုတယ ငေးကြည့်ရင်း မှိုင်းရဲ့ကိုယ်ပေါ်ကို အနွေးထည်လေး ခြုံပေးလိုက်တော့ မင်းခကို စောင်းငဲ့ကြည့်လာသည်။မင်းခ ချောင်း တစ်ချက်ဟန့်ပြီး
"သူတို့နဲ့ လိုက်သွားမှာမလား ရာသီဥတုက အေးလာပြီ…"
"တီးမှာ ကမှာနဲ့ ချွေးတရွှဲရွှဲ ဖြစ်နေမှာကြီးကို"
မှိုင်းပါးစပ်ကသာ ရွတ်နေသော်လည်း မင်းခခြုံပေးသော အနွေးထည်ကို လက်လျှိုကာ ဝတ်လိုက်၍ မင်းခ ပြုံးမိသွား၏။
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
"မင်းခ တဘက် တွေယူလာပါဦးဟေ့"
"ဟိုဘက်ကညီလေး ပလတ်စတစ်ကြိုးတွေ သေချာခိုင်အောင်ချည်"
"မှိုင်းရေ တိပ်ခွေလေး လှမ်းပါဦး"
"ထားနဲ့ယိင်း ဖျော်ရည် နဲ့ Myanmar တစ်ကဒ်စီ သွားဆွဲ ထားဦး။ပေါင်မုန့်ကိတ်မုန့် လည်း နဲနဲ ဝယ်လာခဲ့"
မင်းခတို့ ခြံထဲတွင် လူများစွာ စည်ကားနေပြီး အမြဲလိုလို ပိတ်ထားသော ခြံတံခါးမှာလည်း အပြည့်ဖွင့်ထားသည်။ယနေ့ညတွင် မြို့လုံးကျွတ် မဟာဘုံကထိန် ပွဲကြီး ကျင်းပမည်ဖြစ်၍ ပဒေသာပင်ကို အလှဆုံးဖြစ်အောင် အားကျိုးမာန်တက် ပြင်ဆင်နေကြသည်မှာ ရှေ့ရက်ကတည်းက။
မင်းမြတ် မင်းခ နဲ့ မှိုင်းတို့အပြင် ထားနဲ့ယိင်းတို့ကပါ ပွဲစံသည့်ညတွင် လိုက်ကြမည် ဆိုသောကြောင့် မင်းခတို့ခြံတွင် အလုပ်ဝန်ထမ်းများသာမက မှိုင်းတို့အဖွဲ့ကပါ ကူနေကြသည်။ရှမ်းပြည်သားပီပီ လူကြီး လူငယ် ကျားမ မရွေး အင်တိုက်အားတိုက် ပါဝင်ဆင်နွှဲကြသည်မှာ ချစ်စရာ တောင်ပေါ်ဓလေ့တစ်ခု။
မင်းခ အတွက် ကထိန်ပွဲကို ပထမဦးဆုံး ကြုံခြင်းဖြစ်ရာ အကုန်လုံးကို ဦးစီးရမည့်တာဝန်က အတွေ့အကြုံရှိသည့် မင်းမြတ် ခေါင်းပေါ် အလိုလို ကျလာ၏။ဒီကြားထဲ အလှူခံရတာနဲ့ ဝန်ထမ်းမိသားစုများ၊မှိုင်း သူငယ်ချင်းများ စုပေါင်း မ တည်မှုဖြင့် မင်းခတို့ Royal Rose အဖွဲ့ မှာ သိန်းတစ်ထောင့် ငါးရာ အထိ လှူနိုင်ခဲ့သည်။ဝန်ထမ်းများနဲ့ မှိုင်းသူငယ်ချင်းများမှာ နှစ်တိုင်းဆင်နွှဲလာကြသော တိုင်းရင်းသားများ ပီပီ တယောက်နဲ့ တယောက် အချိတ်အဆက်မိမိ လုပ်သွားကြ၍ မင်းမြတ် သက်သာသွားရ၏။
မြို့လုံးကျွတ် ကထိန်ပွဲတွင် ဆောင်းဘောက် သီချင်းများဖြင့် မြို့လှည့်ကြသလို တချို့က ရှေးမူမပျက် အိုးစည် ဝိုင်းများဖြင့်သာ လှည့်ကြ၏။ခေတ်မှီ တိုးတက်လာသည်နှင့်အညီ ပဒေသာပင်ကို မထမ်းကြတော့ပဲ ကားပေါ်သာဆင်ကြသည်က များသော်လည်း မင်းမြတ်နဲ့ မှိုင်းရဲ့ တိုင်ပင်မှုဖြင့် ကားနဲ့ ပဒေသာပင်ကတစ်ပင် ထမ်းစင်ပဒေသာပင်က တစ်ပင်ထွက်ဖို့ စီစဉ်လိုက်ပြီး ကားပဒေသာပင်တွင် ဆောင်းဘောက်ဆင်ကာ ထမ်းစင်ပဒေသာပင်နောက်တွင် အိုးစည်ဝိုင်းက လိုက်မည်ဖြစ်၏။
"မှိုင်းရေ ဧည့်သည်"
သီဟရဲ့ အော်ခေါ်မှုကြောင့် မင်းခ မသိမသာ စောင်းကြည့်လိုက်တော့ ခဲရောင် ဆံနွယ်လိပ်လေးဖြင့် မိန်းကလေး
*ရှေ့ရက်က ဒီတစ်ယောက် မဟုတ်ပါဘူး*
မင်းခ စိတ်ထဲမှ တွေးနေစဉ် မှိုင်းက အိမ်ထဲမှ အပြေးလေးထွက်လာသည်။
"ဪ Honey ပါလား။ဒီနေ့ည Honeyကကိုယ်တို့နဲ့ မလိုက်ဘူးလို့ ဒီလေးကျော်က ပြောတယ်။အဆင်မပြေလို့လား"
မှိုင်းရဲ့ အမေးကို ထိုကလေးမက ချစ်စဖွယ် ပြုံးပြလာပြီး
"မဟုတ်တာ Honeyတို့အိမ်ကလည်း ပဒေသာပင်ထွက်တော့ လိုက်ရမှာမလို့ပါ။အခုက လမ်းလည်းကြုံလို့ ကိုကို့ဆီ ဖျော်ရည်လာပေးတာ"
ထိုကောင်မလေး ကမ်းပေးလာသည်မှာ max+ Sunkist Cola အစုံထည့်ထားသော အိတ်လေးတစ်အိတ်။မှိုင်း အားရပါးရပြုံးကာ ယူလိုက်ပြီး honey ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။မှိုင်းနဲ့ ထိုကလေးမကိုကြည့်ပြီး ဝန်ထမ်းများက ပြုံးစိစိဖြင့်
"ဪ လိမ္မော်သီး တစ်ခြင်းက ဒီလေးကျော် လာရင် ယူလာလိမ့်မယ်။honeyလည်း ပြင်ဆင်ရဦးမှာမလို့ သွားပြီနော်။"
အပြေးတစ်ပိုင်းဖြင့် ထွက်သွားသော honey ကို မှိုင်းပြုံးကာ ကြည့်နေရင်း ဦးမင်းခဘက် လှည့်ကာ လှောင်ပြုံး ပြုံးဖို့ကိုလည်း မမေ့။
"တွေ့လား သောက်အဖိုးကြီး။ကျွန်တော့်ကို လိုချင်တဲ့လူတွေကမှ ပုံနေတာပဲ။ခင်ဗျားကြီး ရှာလကာရည်တွေ သောက်စမ်း"
*စိတ်ထိန်းစမ်း မင်းခ မင်းက ကလေးတွေနဲ့ ပြိုင်နေရမဲ့ အရွယ်မဟုတ်ဘူး*
မင်းခ ကိုယ့်စိတ်ကိုယ်ထိန်းရင်း လက်သွေးကြောများ ထောင်ထသည်အထိ လက်သီးဆုပ်ထားမိသည်။
ရိုးရာကြိုက်သော တူဝရီးနှစ်ယောက်ကြောင့် ယခုနှစ်အတွက် အဝတ်အစားကို ဓနုရိုးရာ ဝတ်စုံဖြင့် ထွက်ဖို့ စီစဉ်လိုက်ကြသည်ဖြစ်၍ ပဒေသာပင်အတွက် အကုန်ပြင်ဆင်ပြီး ညနေ မစောင်းခင် ဝန်ထမ်းများကို အိမ်ပြန်လွှတ်ကာ ပြင်ဆင်ခိုင်းလိုက်၏။
မှိုင်းလည်း အပေါ်တက် ရေချိုးပြီး အဝတ်အစားလဲ နေစဉ်
Ring Ring
"Hello ကိုဒီလေးကျော်…သီဟတို့လည်း ပြန်ထွက်လာ နေပြီတဲ့"
"ဟုတ်ပါပြီ see you"
မှိုင်း အဝတ်အစားကို ခပ်သွက်သွက်လဲလိုက်ပြီး ပန်းရောင် ခေါင်းပေါင်း ပုဝါလေးကို ခါးတွင် တွဲလောင်းချထားလိုက်သည်။ထို့နောက် ဖိနပ်ခန်းထဲရှိ Sneaker အနက်တစ်ရံကို ထုတ်စီးပြီး ညာဘက် ခြေထောက်ကို ကြိုးချည်နေစဉ် ဘယ်ဘယ် ခြေထောက်ကို ကြိုးချည်ပေးလာသော လက်တစ်စုံ
"ရတယ် ကျွန်တော် ကလေးမဟုတ်ဘူး"
မှိုင်းရဲ့ စကားကို ဂရုမစိုက်ပဲ ဖိနပ်ကြိုး မပြေနိုင်သည်အထိ ခပ်ကျစ်ကျစ်ချည်ပေးပြီးမှ ထွက်သွားသည်။မှိုင်း ဘုကြည့်ကြည့်ရင်း တွေးလိုက်မိသည်မှာ
*အရပ်က မြင့်မြင့် ရင်အုပ်ကကျယ်ကျယ် အင်္ကျီအဖြူလက်ရှည်နဲ့ ဓနုဘောင်းဘီ ဝတ်ထားတဲ့အပြင် ငါနဲ့ ပုံစံ သိပ်မကွာတဲ့ sneaker အနက်စီးပြီး ခေါင်းပေါင်းပုဝါ ပန်းရောင်လေးကို လည်ပင်းမှာ ချိတ်ထားတယ်။ငါကြ နာရီဝက်လောက် အချိန်ပေးပြင်ထားတာကို သူနဲ့ယှဉ်ရင် ဘာကိစ္စ မှိန်ကျနေရတာလဲ*
မင်းမြတ် ခြံထဲဆင်းကာ လမ်းလျှောက်နေစဉ် တွေ့လိုက်ရသော ကျောပြင်ကြောင့် မင်းမြတ် ရင်ထဲ လှိုက်ခနဲ
"မောင်!"
မင်းမြတ် လှမ်းခေါ်လိုက်ရင်း ထိုကျောပြင်ငယ်လေးကို ပြေးဖက်မိသည်။
"အချစ် ကိုယ့်ဆီပြန်လာတယ်"
တဖက်လူက မင်းမြတ်ဘက်လှည့်လာသော အခါ မင်းမြတ် မယုံကြည် နိုင်ဟန်ဖြင့်
တူသည်။သိပ်ကိုတူနေသည်။စကားပြောဟန် ကျောပြင် မျက်နှာထားကအစ ထပ်တူ မကျနေပေမယ့် တော်တော်လေးကို ဆင်နေသည်။
"ကိုယ်တောင်းပန်ပါတယ်"
မင်းမြတ် စိတ်ရှုပ်စွာဖြင့် တောင်းပန်မိတော့ ပြူးကြောင်ကြောင်လေး ကြည့်လာ၏။မင်းမြတ် လှည့်ထွက်လာတော့ မင်းမြတ်ရဲ့ လက်ကို ဖမ်းကိုင်လာသော လက်တစ်ဖက်
"ဟိုလေ ဟို…"
တွန့်ဆုတ်ဆုတ်ဖြင့် မင်းမြတ်လက်ကို ကိုင်ထားရာမှ လွှတ်မပေး
"ဘာကိစ္စရှိလို့လဲ…"
မင်းမြတ် လမ်းကြောင်း ဖွင့်ပေးလိုက်မှ မျက်နှာမဲ့သွားကာ
"Toilet…"
မင်းမြတ် ရီချင်သော်လည်း ထိုကောင်လေး ရှက်သွားမည် စိုး၍ ရီချင်စိတ်ကို အောင့်ကာ အိမ်ထဲ ခေါ်ဝင်လာလိုက်သည်။Toilet က ပြန်ထွက်မှ မျက်နှာပေါက်ထွက်မတတ် နီရဲနေသော သူ့ကို ကြည့်ပြီး မင်းမြတ်စိတ်ထဲ တစ်ယောက်သောသူကို သတိရမိသွား၏။
*အချစ်ဆိုရင်လည်း ရှက်ရင် ခေါင်းကြီးငုံ့ထားတတ်တာ*
မင်းမြတ် ဆွေးရိပ်သန်းနေသော မျက်နှာကို အပြုံးတစ်ခုဖြင့် ဖုံးကွယ်လိုက်ပြီး
"မင်းက မင်းခရဲ့ ဝန်ထမ်းမဟုတ်ဘူး ထင်တယ်။ရှေ့ရက်တွေက လုပ်ကူတဲ့အထဲ မင်းကို မတွေ့မိဘူး…"
ထိုကောင်လေးမှာ နားရွက်ကို ပွတ်ရင်း
"မဟုတ်ဘူးဗျ။ကျွန်တော်က မှိုင်းရဲ့ မိတ်ဆွေ ဒီလေးကျော်…"
Note-မြို့လုံးကျွတ် မဟာ ဘုံကထိန်ပွဲမတိုင်ခင် အကစ်တို့ဆီမှာဆို မီးဆူခံ(အလှူခံ)ကြပါတယ်။ပဒေသာပင်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် အလှဆုံး ပြင်ဆင်ကြသလို အလှဆုံး ပဒေသာပင်ဆု ပေးတာမျိုးလည်းရှိပါတယ်။ပဒေသာပင်လှည့်တာကို လပြည့်ည မတိုင်ခင် ရှေ့ညမှာ တစ်ခါလှည့်တယ်။လပြည့်နေ့ မနက်ပိုင်းမှာ တစ်ခါလှည့်တယ်။အကစ်တို့ မြို့မှာဆို ပဒေသာပင်ပေါင်း ရာနဲ့ချီပြီး ထွက်ကြပါတယ်။တချို့က ရှမ်း ပအိုဝ့် တောင်ရိုး ဓနု ဝတ်စုံတွေနဲ့ ထွက်ကြသလို တချို့က အဆင်ပြေသလို ဝတ်ပြီးထွက်ကြတယ်။သတ်မှတ်ထားတာမျိုးမရှိဘူး။ပဒေသာပင် ဆင်တဲ့အချိန်မှာ ကောင်မလေးတွေ ဖျော်ရည်လာပေးတာမျိုးက ဓလေ့ တစ်ခုမဟုတ်ပေမယ့် အကစ်တို့ ပတ်ဝန်းကျင်မှာ မြင်တွေ့ဖူးလို့ ထည့်ရေးလိုက်တာပါ ဓလေ့မဟုတ်ပါဘူးနော်။
အကစ်တို့မြို့ရဲ့ မြို့လုံးကျွတ်ကထိန်