မိုးပင်လယ် မိုးရေထဲမှာ အချိန်အတော်ကြာရပ်နေမိပြီး အေးခဲမတတ်ခံစားလာရမှ အမိုးအောက်ထဲပြန်ဝင်ပြီး သူ့အတွင်းရေးမှုးကိုလှမ်းခေါ်လိုက်တယ်။ခန္ဓာကိုယ်အပြင်ကသာအေးစက်နေတာ သူ့ရင်ထဲမှာတော့ မီးတောင်အကြီးကြီးတစ်ခုပေါက်ကွဲနေသလိုမျိုးခံစားနေရတယ်။ချော်ရည်ပူတွေစီးကျနေပြီး သူ့ကိုလောင်မြိုက်နေတယ်။
နွေဉီးပြောတာဟုတ်တယ်!သူနဲ့ဘာမှမဆိုင်တော့ဘူး..ဆိုင်လို့လဲမရတော့ဘူး...ဒါပေမယ့် သူမှမနေနိုင်တာ...သူမှမခံစားနိုင်တာ...ဘယ်လိုလုပ်ရမလဲ။သူ့ရင်ထဲမှာ ခံစားချက်တွေက အရောရော အထွေးထွေးဖြစ်နေပြီးသူလုပ်သမျှအရာအားလုံးက အဓိပ္ပါယ်မဲ့နေတယ်။
ခဏနေတော့ သူ့အတွင်းရေးမှုးရောက်လာတော့ စိုရွှဲနေတဲ့သူ့ကိုကြည့်ပြီး...
"ဘော့စ် ဘာလို့အဲ့လောက်ထိစိုရွှဲနေရတာလဲ..."
ဘာမြှပန်မဖြေဘဲ ကားထဲမှာဝင်ထိုင်ပြီး ခေါင်းကိုနောက်လှန်ချကာမျက်လုံးကိုမှိတ်ထားလိုက်တော့လဲ သူ့လက်ကိုဆောင့်ရုန်းပြီးကားပေါ်တက်သွားတဲ့နွေဉီးကိုပဲ ထပ်ခါထပ်ခါမြင်ယောင်နေတယ်။သူ့အတွင်းရေးမှုးကတော့ သူ့ကိုစိုးရိမ်လို့ထင်ပါတယ်...ရေသုတ်ဖို့ တဘက်၊စောင်တွေပေးလာတယ်။ဘေးမှာချပြီးဘာမှကိုလုပ်ချင်စိတ်မရှိတော့တာ...သူအအေးမိပြီးမသေနိုင်ပါဘူး။
"ဘော့စ်...ရေတွေသုတ်လိုက်ဉီး"
"ဟိန်းထက်...မဲဘာန်းက ဗီလာကိုပဲမောင်းလိုက်..ငါ ဟိုပုံးကိုမပြန်သေးဘူး"
"ဟုတ်ကဲ့...ဒါပေမယ့်ဘော့စ် မနက်ဖြန်Resortမှာ ရင်းနှီးမြုပ်နှံသူတွေနဲ့ချိန်းထားပါတယ်"
"ငါသိတယ်!မနက်စောစောမှ ထသွားမယ်"
"ဟုတ်ကဲ့!ဘော့စ်...ရေတွေသုတ်လိုက်ပါဉီး ...ကျွန်တော် ဟီတာကိုလဲ အပူချိန်မြှင့်ပေးမယ်"
သူခေါင်းညိတ်ပြီး ကားမှန်ရဲ့အပြင်ကိုပဲ အဓိပ္ပါယ်မဲ့ လှမ်းကြည့်နေမိတယ်။နွေဉီးကို စိတ်ဒုက္ခပေးရရင် သူပျော်နေမယ်ထင်ထားတာ...သူ့စိတ်ထဲမှာနည်းနည်းလေးမှမပျော်ရွှင်ရဘူး။သူမနှစ်က သူ့အိမ်ကိုမပြန်လိုက်သင့်ဘူး...
ဒါပေမယ့်...မပြန်ဖြစ်ရင်ရော..သူသိရမယ့်အရာက တစ်ချိန်ချိန်မှာ သိကိုသိလာရမဲ့ ကိစ္စပဲလေ။သူနဲ့နွဉေီးရဲ့ ကံကြမ္မာကိုက အဆိပ်သင့်နေခဲ့ပြီးသား...
နွေဉီး အိမ်ကိုဖြတ်မောင်းလာမိတော့ ပြည်စိုးရဲ့ကားက နွေဉီးအိမ်ရှေ့မှာ ရပ်ထားတာတွေ့တော့ သူအံကြိတ်လိုက်မိတယ်။နွေဉီးကို ကြာလေ ကြာလေ ဘယ်သူ့လက်ထဲကိုမှထည့်မပေးချင်လေပဲ။ပြည်စိုးဆိုတဲ့ကောင်ကရော ဘယ်ကနေပေါ်လာတဲ့ကောင်လဲ!စိတ်ရောချရရဲ့လား...
အိမ်ကိုကျော်သွားတဲ့အထိ ခေါင်းပါလည်အောင်လိုက်ကြည့်ပြီး သူအတွေးတစ်ခုပေါ်လာတယ်။
"ဟိန်းထက်!ငါ့ကိုလူတစ်ယောက်အကြောင်းစုံစမ်းထားပေး"
"ဟုတ်ကဲ့ဘော့စ်...ဘယ်သူ့အကြောင်းလဲခင်ဗျ"
"နွေဉီးဧရာ နားက ပြည်စိုး ဆိုတဲ့ကောင်အကြောင်း...အူမချေးခါးမကျန်အကုန်စုံစမ်းခဲ့ မနက်ဖြန်ညနေငါဟိုပုံးကိုပြန်ရောက်တာနဲ့သိချင်တယ်"
"ဗျာ!ဘော့စ်!ဘော့စ် တစ်ယောက်ထဲကားမောင်းမလို့လား..မဖြစ်ဘူးနော်ဘော့စ်"
"ဘာဖြစ်လို့မဖြစ်ရမှာလဲ ငါလက်လေးပဲကျိုးထားတာဟိန်းထက်!မင်းလဲမေမေ့ပုံစံတွေလာမချိုးနဲ့..."
"ကျွန်တော် မေမေကြီးပုံစံချိုးတာမဟုတ်ပါဘူး အစ်ကိုရာ...အစ်ကို ကားအက်စီးဒန့်ဖြစ်ပြီးထဲက တစ်ယောက်ထဲတစ်ခါမှခရီးဝေးသွားဘူးသေးတာမှမဟုတ်တော့ စိုးရိမ်လို့ပါ"
"ပြဿနာမရှိဘူး...ငါ့လက်ကအကောင်းအတိုင်းပဲ မင်းမမြင်ဘူးလား"
"မြင်ပါတယ်...လက်ကျိုးထားလို့ကားမမောင်းနိုင်မှာစိုးတာမဟုတ်ဘူး...ခရီးဝေးမို့လို့"
"ဟိုပုံးနဲ့မဲဘာန်းကဝေးလားကွာ...မင်းဟာကလဲ...မင်းကိုငါခေါ်လာလိုက်တာမှန်သွားတယ်...နို့မို့ဆိုကြာရင်မင်းလဲမေမေ အသေးစားဖြစ်နေလောက်ပြီ"
သူ့စကားဆုံးတော့ ဟိန်းထက်က နှာခေါင်းရှုံ့ပြီး...
"ကျွန်တော် မေမေကြီး နဲ့မတူချင်ပါဘူး"
"အေး မတူချင်ရင် မတူအောင်နေ!"
ဟိန်းထက် စိတ်မကြည်မလင်ဖြစ်သွားတာကိုကြည့်ပြီး သူပြုံးမိတယ်။ဟိန်းထက်က သူတို့အိမ်ကအိမ်ထိန်းရဲ့မြေးလေး...သူဆယ်တန်းဖြေပြီးလောက်မှာ သူတို့အိမ်ရောက်လာတာ။ခုတော့ သူ့ညီတစ်ယောက်လို အားကိုးရတဲ့ သူ့အတွင်းရေးမှုးဖြစ်လာပြီ။တစ်ခုပဲ သူ့ကိုအသေးအမွှားကအစ လိုက်စိုးရိမ်လို့ စိတ်ညစ်ရတယ်။
___________________
မနက်စောစောထ ဟိုပုံးကိုသွားပြီးရင်းနှီးမြုပ်နှံသူတွေနဲ့ တစ်နေကုန်အစည်းအဝေးလုပ်နေတာ အလုပ်တွေအကုန်ပြီးတော့ ညနေတောင်ရောက်နေပြီ။ဒါပေမယ့်သူနားတောင်မနားဘဲ မဲဘာန်းကိုချက်ချင်းပြန်ဆင်းလာခဲ့တယ်။ဟိန်းထက်က စုံစမ်းလို့အကုန်ရထားပြီးပြီလို့ သူ့ကိုအကြောင်းကြားထားတယ်။
လောကကြီးမှာပိုက်ဆံရှိရင်အကုန်ဖြစ်ပါတယ်။လူတစ်ယောက်အကြောင်းစုံစမ်းတာမျိုးက အလွယ်ဆုံးကိစ္စပဲ။
ပြည်စိုးဆိုတဲ့ကောင်..မင်းပုံမကျလို့ကတော့ နွေဉီးနားမှာ ရှိနေရမယ်မထင်နဲ့။အဆုံးစွန်ဆုံးအနေနဲ့ နွေဉီးနားမှာ သူမရှိရဘူးဆိုရင်တောင် လူကောင်းတစ်ယောက်လောက်ကိုပဲရှိစေချင်တယ်။သူ့လိုမကောင်းတဲ့ကောင်နဲ့ ထပ်မတွေ့စေချင်ဘူး။
"ဘော့စ်...နားဉီးမလား!ကျွန်တော်..."
မိုးပင်လယ် လက်ကာပြလိုက်ပြီး...
"စုံစမ်းထားတာကိုသာအရင်ပြော"
"ဟုတ်ကဲ့...အဲ့လူ ရဲ့နာမည်အရင်းက ပြည်စိုးသိန်းပါ။ကိုနွေဉီးရဲ့ဘေးအိမ်က ဘသိန်းရဲ့ မြေး..အလုပ်အကိုင် ကသင်္ဘောသား ခုတော့ ဘသိန်းရဲ့ကျန်းမာရေးကြောင့် သင်္ဘော တက်တာနားနေတယ်။မိဘတွေကမရှိကြတော့ဘူး...အဲ့ဒါပဲဗျ...ပြည်စိုးသိန်းအကြောင်းကတော့ ဘာမှထူးထူးခြားခြားမရှိဘူး...စိတ်ရင်းကောင်းပြီး လူရည်မွန်တစ်ယောက်ပါပဲ"
သြော်...ပြည်စိုးက ဘသိန်းမြေးကိုး...ဒါဆို လူကောင်းပဲနေမှာပါ။ဒါပေမယ့်သူ့စိတ်ထဲမှာ ဘာကိုမကျေမနပ်ဖြစ်သွားပါလိမ့်။ပြည်စိုးက လူကောင်းဆိုလို့လား...ကျစ်!ရှုပ်ထွေးလိုက်တာ!
အကင်းပါးတဲ့ဟိန်းထက်က သူ့ရဲ့မှုန်ကုပ်နေတဲ့ မျက်နှာထားကိုကြည့်ပြီး...
"ဘော့စ်..ပြီးတော့လဲ သူနဲ့ပတ်သတ်ပြီး စိတ်ပူစရာမလိုပါဘူး"
"ဘာကိုပြောတာလဲ!"
"ပြည်စိုးသိန်းမှာ စေ့စပ်ထားတဲ့သူ ရှိပါတယ်..."
"ဘာ!"
"ဟုတ်ကဲ့..ကိုနွေဉီးနဲ့ပြည်စိုးသိန်းနဲ့ကို ဘော့စ်စိတ်ပူစရာမလိုဘူးခင်ဗျ...သူက မဲဘာန်းဆေးရုံက သဒ္ဒါထက်ဆိုတဲ့ နာ့စ်နဲ့စေ့စပ်ထားတာ"
"ဘာ!"
ဟိန်းထက်ရဲ့စကားအဆုံးမှာတော့ မိုးပင်လယ် အနာဟောင်းကိုဓားနဲ့ပြန်ဆွလိုက်သလို နာကျင်ဒေါသထွက်သွားရတယ်။
နွေဉီးဧရာ...နွေဉီးဧရာ...မင်း သူများလူနဲ့သွားရှုပ်နေတာလား။ငါမင်းကိုဒီတိုင်းလွှတ်ထားမှာမဟုတ်ဘူး!
မိုးပင်လယ်ကားသော့ကိုစားပွဲပေါ်ကပြန်ကောက်ယူပြီး အကြမ်းပတမ်းမောင်းထွက်လာခဲ့တယ်။ဉီးတည်ရာကတော့ နွေဉီး ရှိတဲ့နေရာပဲ...ဒီနေ့ သူ နွေဉီး စာရင်းရှင်းမှရတော့မယ်။
မိုးပင်လယ် ကားကို နွေဉီးခြံနဲ့ခပ်လှမ်းလှမ်းမှာပဲရပ်ခဲ့ပြီး ခြံ
ထဲကိုခြေကျင်ပဲလျှောက်လာခဲ့တယ်။မှောင်ရီပျိုးနေတဲ့ ပတ်ဝန်းကျင်နဲ့ အတူ သူတို့အတူနေဖူးတဲ့အိမ်ကသူ့ရှေ့မှာ...သူ့ဘဝမှာ အပျော်ဆုံး အပြည့်စုံဆုံးဆိုတဲ့အချိန်တွေကို ဒီအိမ်မှာသူရဖူးတယ်။အကုန်လုံး သူ့ခေါင်းထဲမှာ မနေ့တနေ့ကအဖြစ်အပျက်တွေလို အမှတ်ရနေတုန်းပဲ။အမှတ်တရဆိုတာက မှေးမှိန်ပျောက်ကွယ်ဖို့ခက်တဲ့အရာတွေပဲလေ။
ခုကျတော့ရော...သူဘာမှဆက်မတွေးချင်တော့ဘူး။
အိမ်တံခါးဖွင့်ဖို့ သူတို့အိမ်သော့ထားနေကျ ရွက်လှပင်ရဲ့ အိုးအောက်ခြေကို လှန်ကြည့်လိုက်တော့ ရှိနေတုန်းပဲ။နွေဉီးကအရူးပဲ!သော့ကိုနေရာတောင်မပြောင်းထားဘူး။
အိမ်ထဲဝင်လိုက်တော့ လူသိပ်မနေတဲ့ အေးစက်စက်အငွေ့အသက်တွေက သူ့ကိုရိုက်ခတ်လာတယ်။နွေဉီး အိမ်ကိုသိပ်ပြန်မလာဖြစ်ဖူးထင်တယ်။ဖိုးဝါလေးရော...သူ့ကိုတစ်ခါတစ်ခါချွဲတတ်တဲ့ဖိုးဝါလေးလဲမတွေ့ရဘူး။တစ်အိမ်လုံးကမှောင်မဲ တိတ်ဆိတ်နေတာကို သူ ထိုင်ခုံပေါ်မှာပဲအေးအေးဆေးဆေးထိုင်ကြည့်နေလိုက်မိတယ်။
နွေဉီး အိမ်ထဲဝင်လာတော့ အိမ်တံခါးကပွင့်နေပေမယ့် မှောင်မဲနေတယ်။စကားပြောကြမယ်ဆိုပြီးဆေးရုံထိလိုက်လာလို့ အိမ်မှာစောင့်ခိုင်းထားလိုက်တာ။ကိုယ်ရေးကိုယ်တာတွေ အလုပ်ခွင်မှာပြောဖို့က အဆင်မပြေတာမို့အိမ်မှာစောင့်နေလို့ပြောလိုက်ပေမယ့် အိမ်ထဲထိဝင်စောင့်နေမယ်မထင်ထားဘူး။အိမ်သော့ကိုနေရာပြောင်းမထားမိတဲ့ကိုယ့်ကိုကိုယ်ပဲအပြစ်တင်ရမှာပဲ။
"အိမ်ထဲဝင်နေရင်လဲ မီးလေးဘာလေး ဖွင့်မထားဘူး.."
နွေဉီးမီးဖွင့်ရင်းပြောလိုက်တယ်။လင်းသွားတဲ့ပတ်ဝန်းကျင်နဲ့အတူ မြင်လိုက်ရတာကရေခဲလို မာကျောအေးစက်နေတဲ့မျက်နှာထားနဲ့မိုးပင်လယ်ပဲ...
ဘယ်လောက်ထိအေးလဲဆို မဲဘာန်းရဲ့ အအေးဒီဂရီကတောင် မိုးပင်လယ်မျက်နှာထားထက် ပိုနွေးဉီးမယ်ထင်တယ်။
မိုးပင်လယ်က နီညိုရောင်ရှပ်အင်္ကျီကို ကြယ်သီးသုံးလုံးလောက်ဖြုတ်ထားပြီး အပေါ်ကအနက်ရောင်ကုတ်အင်္ကျီထပ်ဝတ်ထားတယ်။ခေါင်းအငဲ့မှာလည်တိုင်က ပလက်တီနမ် ကြိုးလေးကလက်ခနဲဖြစ်သွားတာကလက်ရာမြောက်တဲ့ပန်းချီလိုလှတယ်။
ပြီးတော့ခုတလောမြင်နေကျပုံစံအတိုင်း စီးကရက်ကို နှုတ်ခမ်းဖျားမှာ တင်ပြီး ထိုင်ခုံကို ကျောမှီကာခြေချိတ်ထိုင်ပြီးသူ့ကိုစူးစူးရဲရဲ ရန်သူတစ်ယောက်လိုကြည့်နေတယ်။ဆေးရုံမှာလဲ တွေ့ခဲ့ကြသေးတယ်ဆိုပေမယ့် ဒီလောက်ရန်လိုနေမယ်မထင်ထားဘူး။
အတန်ကြာတဲ့အထိမိုးပင်လယ်ကဘာစကားမှမပြောဘဲ သူ့ကိုပဲ မျက်လုံးကိုကျဉ်းမြောင်းပြီးစိုက်ကြည့်နေတာမို့နွေဉီးကပဲအရင်စမေးလိုက်တယ်။
"ဘာပြောမှာလဲ!"
မိုးပင်လယ်က ဆေးလိပ်ကို စားပွဲပေါ်ထိုးချေချလိုက်ပြီး...
"မင်း ပြည်စိုးနဲ့တွဲနေတာလား"
ဒါပဲလား!ဒီအကြောင်းပဲလား!မနေ့ကရောဒီနေ့ရောလေ..
နွေဉီးဘာမြှပန်မဖြေလိုက်ဘူး။ပြန်ဖြေစရာအကြောင်းလဲမရှိဘူးထင်တယ်။သူတို့နှစ်ယောက်ကြားမှာ ပြောစရာလိုတဲ့စကားဆိုလို့ လွန်ခဲ့တဲ့တစ်နှစ်ကအကြောင်းပဲလေ။
နွေဉီးပြန်မဖြေတော့ မိုးပင်လယ် ပိုပြီးဒေါသထွက်သွားပုံပဲ...အံကြိတ်သံနဲ့ထပ်မေးတယ်။
"ငါမေးနေတယ် နွေဉီးဧရာ...မင်းနဲ့ ပြည်စိုးတွဲနေတာလားလို့"
"တွဲတွဲ မတွဲတွဲ ခင်ဗျားနဲ့ဘာဆိုင်လဲ"
"အဲ့ဒါဆိုတွဲနေတယ်ပေါ့...ဟာ့!မင်းနဲ့မင်းအမေနဲ့ဘာလို့တစ်ပုံစံထဲထွက်လာတာလဲ ဟမ်!ဘာလို့သူများပိုင်တာတွေကိုမှ လုယူချင်နေရတာလဲ..မင်းမှာ တွဲစရာလူအဲ့လောက်ရှားနေလား...ဟမ်!"
"ခင်ဗျားဘာတွေပြောနေတာလဲ!ခင်ဗျားနဲ့တွဲမိတာကြောင့်လား...ခင်ဗျားကိုခေမီ့ဆီကလုယူသလိုဖြစ်သွားတာကိုပြောနေတာလား...အဲ့ဒါ ခင်ဗျားက...ခင်ဗျားက"
"ငါတို့အကြောင်းကိုထည့်မပြောဘူးနွေဉီးဧရာ...မင်း ပြည်စိုးနဲ့တွဲနေတဲ့အကြောင်းကိုပဲပြောနေတာ...သဒ္ဒါထက်နဲ့စေ့စပ်ထားတာလဲသိရဲ့သားနဲ့မင်း..မင်းနဲ့ မင်းအမေနဲ့ အတူတူပဲ!"
"ခင်ဗျားဘာတွေပြောနေတာလဲလို့!ကျွန်တော့်အမေကဘာဖြစ်လို့လဲ!ပြည်စိုးကရော ဘယ်ကပါလာတာလဲ"
နွေဉီးအော်ချလိုက်တယ်။စကားကိုရှင်းအောင်မပြောပဲဒေါသတကြီးအော်ဟစ်နေတဲ့လူကိုတကယ် စိတ်မရှည်တော့ဘူး။
"မင်းအမေက ငါ့အဖေကို ငါ့အမေဆီက လုသွားတယ်လေ..အဲ့ဒါမင်းနဲ့မင်းအမေနဲ့တူတာမဟုတ်ဘူးလား.."
မိုးပင်လယ်စကားက သူ့ခေါင်းကိုဘေ့စ်ဘောတုတ်နဲ့ခပ်ပြင်းပြင်းရိုက်ချလိုက်သလိုပဲ။ပူထူပြီးနာကျင်မှုက ခန္ဓာကိုယ်တစ်ခုလုံးတစ်စတစ်စပြန့်လာတယ်။
"ဘာ...ခင်ဗျားဘာတွေလာပြောနေတာလဲ...မဖြစ်နိုင်..."
နွေဉီးမယုံကြည်နိုင်စွာ ငြင်းလိုက်တော့မိုးပင်လယ်က ထိုင်ရာကနေဒေါသတကြီးထလာကာ သူ့ကိုမေးဖျားကနေဆွဲမော့ပြီး...
"မဖြစ်နိုင်ဘူးဟုတ်လား!ငါ ကမင်းကို သက်သေဖြစ်ဖြစ်ပြရဉီးမှာလား?ရတယ်..ရော့ဒီမှာကြည့်!"
မိုးပင်လယ်က ဖုန်းထဲကမိသားစုဓာတ်ပုံတစ်ခုကိုပြတယ်။ဓာတ်ပုံထဲမှာ မိုးပင်လယ်နဲ့ခပ်ဆင်ဆင်တူတဲ့ အမျိုးသမီးရယ်..အဲ့အမျိုးသမီးရဲ့ပုခုံးကိုဖက်ထားတဲ့ လေးမိုးလွင်ရယ် ပြီးတော့ သူတို့ပေါင်ပေါ်မှာ ထိုင်ပြီး ကြည်ကြည်စင်စင်ရယ်နေတဲ့ ကလေးလေးတစ်ယောက်ရယ်။
နွေဉီး မယုံကြည်နိုင်စွာဓာတ်ပုံကိုအကြာကြီးကြည့်နေမိတယ်။ဒါပေမယ့်ကြည့်လေကြည့်လေ သေချာလေပဲ...
ဖုန်းကိုပြန်ပေးလိုက်ပြီး နွေဉီးသူ့မျက်နှာကို လက်နှစ်ဖက်ထဲမှာထည့်ပြီး ဖိပြီးပွတ်ချေနေမိတယ်။လောကကြီးမှာ ဒီလောက်တိုက်ဆိုင်ပြီး စိတ်ပျက်စရာကောင်းတဲ့ အကြောင်းအရာ ပတ်သက်မှုမျိုးရှိသေးရဲ့လား...
နွေဉီး တွေးနေတုန်းမှာပဲမိုးပင်လယ်ရဲ့တင်းမာတဲ့အသံထွက်လာတယ်။
"ဘယ်လိုလဲ ယုံပြီလား...မင်းအမေကငါ့အဖေကို ငါတို့သားအမိနှစ်ယောက်ဆီကနေလုယူသွားတာ"
သူ့အမေကတကယ်ပဲ ဒီလိုလုပ်ခဲ့တာလား..
မိုးပင်လယ်ရဲ့အဖေကို လုယူခဲ့တာလား။မဖြစ်နိုင်တာ...မေမေကအဲ့လိုလုပ်ပါ့မလား...သူ့အမေက သူတစ်ပါးအတွက်ဘယ်လောက်တွေးပေးတတ်တဲ့ အမျိုးသမီးလဲ။ဒီလိုမျိုးကိစ္စကိုတော့လုပ်မှာမဟုတ်ဘူး။
မေမေ့ကိုသူယုံတယ်...ဒီလိုလုပ်ရပ်မျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး။
"ခင်ဗျားကဘာလို့ကျွန်တော့အမေကိုပဲအပြစ်တင်နေတာလဲ...ကျွန်တော့်အမေကလုယူခဲ့တယ်ဆိုရင်တောင် လုယူခံတဲ့လူကခံဉီးမှလေ...ခင်ဗျားအဖေကိုက မလုခင်ထဲက ပါနေတယ်ဆိုရင်ဘယ်လိုလုပ်မလဲ"
"ဘာ..."
"ဟုတ်တယ်လေ...ဘယ်လက်ခုပ်ကမှတစ်ဖက်ထဲတီးလို့မမြည်ဘူး...ကျွန်တော့်အမေကိုပဲ တစ်ဖက်သတ်အပြစ်တင်နေလို့မရဘူး..ခင်ဗျားစိတ်တိုင်းကျအကုန်လျှောက်ပြောမနေနဲ့"
"နွေဉီးဧရာ!!"
မိုးပင်လယ်ရဲ့အော်သံက တိတ်ဆိတ်နေတဲ့ ညအချိန်မှာ ဟိန်းထွက်လာတယ်။မိုးပင်လယ်ရဲ့မျက်ခမ်းစပ်တွေကနီရဲနေပြီး နှုတ်ခမ်းတွေကလဲ တစ်ဆတ်ဆတ်တုန်ယင်နေတယ်။
မိုးပင်လယ်က သူ့ပုခုံးတွေကို လက်နှစ်ဖက်နဲ့တင်းကျပ်နေအောင် ဆုပ်ကိုင်ပြီး ကြမ်းကြမ်းတမ်းတမ်းလှုပ်ရမ်းပစ်လာတာကိုလဲနွေဉီး ဘာမှမတုန့်ပြန်ပဲ မျက်လုံးအစုံကို မှိတ်ပြီးငြိမ်ခံနေလိုက်တယ်။
"မင်းအမေ ငါ့အဖေဘဝထဲကို ဝင်မလာခင်တုန်းက ငါတို့မိသားစုကသိပ်ကိုအဆင်ပြေခဲ့တာ..မင်းသိလား!အရာအားလုံးကိုသူဖျက်ဆီးခဲ့တာ...ခုမင်းနဲ့ငါ့ရဲ့အချစ်တွေကလဲသူ့ကြောင့်ပဲ ပျက်စီးသွားတာ...အဲ့ဒါတွေမင်းသိလား..."
မိုးပင်လယ် ပြောနေရင်း မျက်ရည်တွေကပါးပေါ်လိမ့်ဆင်းလာတာကိုသူတွေ့နေရတယ်။သူအရမ်းချစ်ရတဲ့ မျက်ဝန်းညိုညိုလေးတွေက မျက်ရည်တွေကြောင့် ဝမ်းနည်းစရာကောင်းလောက်အောင် မှိုင်းညို့နေပြီ။
သူလဲနှုတ်ခမ်းကိုနာနာကိုက်... ပြည့်တက်လာတဲ့မျက်ရည်တွေစီးကျမလာအောင် ခေါင်းမော့ပြီး နှလုံးသားရဲ့ နာကျင်မှုကိုခုခံနေရတာ..သူ့နှလုံးသားတစ်ခုလုံးဓားသေးသေးလေးတွေအများကြီးနဲ့ တစ်ပြိုင်ထဲစိုက်ထားတာခံနေရသလိုပဲ။တဆစ်ဆစ်မြည်အောင် အောင့်တက်ပြီး နာကျင်နေရတယ်။
"နွေဉီးရာ..မင်းဘာလို့ အဲ့မိန်းမရဲ့သားဖြစ်နေရတာလဲ...ဘာဖြစ်လို့လဲ...ကိုယ်တို့ရဲ့ ကံကြမ္မာကဘယ်လိုဖြစ်ရတာလဲ"
မိုးပင်လယ်ကတုန်ယင်အက်ကွဲတဲ့အသံနဲ့ပြောလာတယ်။သူလဲသူတို့ကံကအဲ့လောက်ဘာလို့ဆိုးရလဲသိချင်တယ်။သူ့အချစ်ရေးကံကဘာလို့ဒီလောက်ဆိုးနေရလဲသိချင်တယ်။ဖြစ်ခဲ့သမျှ အရာတွေအကုန်လုံးက သူတို့ကိုနာကျင်အောင် အစီအစဉ်ချထားပေးသလိုပဲ။
နွေဉီး သူ့ပုခုံးပေါ်ကမိုးပင်လယ်ရဲ့ လက်တွေကို ဖယ်ချပစ်လိုက်ပြီး ထိုင်ခုံပေါ်အရုပ်ကြိုးပြတ်ထိုင်ချလိုက်တယ်။ကျိန်းစပ်နေတဲ့ မျက်ဝန်းတွေကို ဖိပိတ်လိုက်တော့ မျက်ရည်က ပါးပေါ်ကိုအတားအဆီးမရှိလိမ့်ဆင်းလာတာကို လက်ခုံနဲ့ခပ်ကြမ်းကြမ်းဖိသုတ်လိုက်ပြီးမိုးပင်လယ် ရဲ့ နီရဲနာကျင်နေတဲ့ မျက်ဝန်းတွေကို နွေဉီး အားတင်းပြီး စိုက်ကြည့်လိုက်တယ်။
"ခင်ဗျားဘယ်လိုပဲပြောပြော ကျွန်တော့ အမေကိုကျွန်တော်ယုံတယ်...သူဘယ်တော့မှအဲ့လိုမလုပ်ဘူး"
သူက သူ့အမေရဲ့သားပဲ...သူ့အမေရဲ့ဂုဏ်သိက္ခာကို သူယုံတယ်။အခြားလူပိုင်တာကိုဘယ်တော့မှလုယူမှာမဟုတ်ဘူး။
သူ့စကားဆုံးတော့ မိုးပင်လယ်ကနာနာကျင်ကျင်တစ်ချက်ပြုံးပြီး ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်တယ်။ဘာမှဆက်မပြောတော့ပဲ ဆံပင်တွေကို အကုန်နောက်လှန်ဆွဲဖွပြီး အံကိုဖိကြိတ်လိုက်ပြီးသက်ပြင်းချလိုက်တယ်။
ရင်ဘက်တွေနိမ့်လိုက်မြင့်လိုက်ဖြစ်နေကြတဲ့အထိ အသက်ရှုသံပြင်းပြင်းတွေကြားမှာ နွေဉီး ကိုယ့်စိတ်ကိုကိုယ်တည်ငြိမ်အောင်လုပ်နေတုန်း မိုးပင်လယ်ကလဲ ဆေးလိပ်ကိုမီးညှိလိုက်တယ်။သူတို့စိတ်ထဲမှာ နာကျင်တာထက်ပိုတဲ့နာကျင်မှုကိုခံစားနေကြရပြီ။
တစ်ယောက် နှလုံးသားကိုတစ်ယောက်က သွေးစိမ်းရှင်ရှင်ထွက်အောင် ထိုးဆွနေကြသလိုပဲ။
သေချာတာတစ်ခုက ဒီဘဝမှာ သူတို့နှစ်ယောက် ဆုံစည်းဖို့အကြောင်းကမရှိတော့ဘူးဆိုတာပဲ။သူတို့နှစ်ယောက်ရဲ့
ကံကြမ္မာကလုံးဝဆုံးသွားပြီ။
___________________
A/N
ကိုယ့် Daffodilsလေး ကိုဖတ်ကြည့်ကြဖို့ Reviewပေးထားတာတွေ့တယ်...ဘယ်သူလဲဟင်!!ခေါ့ခွန်းမာ့မာ့ နာ😍တွေ့လိုက်တော့ လူကတကယ့်ကို လေပေါ်ရောက်သွားသလိုပဲ သိလား။
ပြီးတော့ အပိုင်း(၃၃)မှာ commentရေးထားတာ နွေဉီးအမေရဲ့နောက်အိမ်ထောင်ကSeaအဖေများလားဆိုတာလေ...အဲ့commentမြင်တော့ တကယ်အံ့သြသွားတာ...တကယ်တော့ကိုယ်ဖွက်ထားတဲ့အကြောင်းကို...သူကသိသွားတယ်..ဖွက်တာတော်ပုံရတယ်5555
Commentကို Replyပြန်ရင်ပေါ်ကုန်မှာစိုးလို့ အဲ့coommentကိုreplyတောင်မပြန်ခဲ့ဘူး။ကိုယ့်Ficကိုဖတ်ပြီးလိုက်တွေးပေးလို့ ပျော်ရသေးတယ်။
ပြီးတော့ အခြားCommentရေးတဲ့ သူတွေလဲ အရမ်းချစ်တာပဲသိလား...
Love u all Na!!