When we were young
Door 24faces
175K 1.4K 140
ကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်... Meer
Chapter One: : Masturbation
Chapter two: : အောင်အောင်ဦး နှင့် မျိုးမင်းထက်
Chapter Three: : Eaint Myat Chal
Chapter Four: : စုံညီပွဲတော်
Chapter Five: : အတွဲချောင်းကြသူများ
Chapter Six: : Beginning of the Destiny
Chapter Seven: : Ma Ma Honey
Chapter Eight: : နွေရာသီကျောင်းပိတ်ရက်များ
Chapter Nine: : Thu Thu Han
Chapter Ten: : ဖိုက်တင်ပလေးပွဲ
Chapter Eleven: : Love Lessons of Ma Han Ni ( Part - 1 )
Chapter Twelve: : Love Lessons of Ma Han Ni ( Part - 2 )
Chapter Thirteen: : Thiha Bala
Chapter Fourteen: : Cherry Blossoms
Chapter Fifteen : : ဒဿမတန်း
Chapter sixteen: : ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်
Chapter Seventeen: : Can You be my girlfriend?
Chapter Eighteen : : Bagan Trip
Chapter Nineteen: : Happy Valentine's Day
Chapter Twenty: : Second and the Last
Chapter Twenty-one: : Thingyan Festival in Mandalay
Chapter Twenty-three: : First time we make miracle
Chapter Twenty-four: : Friendship & Love
Chapter Twenty-five: : Misunderstanding
Chapter Twenty-Six: : We Are Missing Each Other
Chapter Twenty-Seven: : Ending of the Destiny
Chapter Twenty-eight: : Let Her Go
Final Chapter : : On Your Wedding Day
Chapter Twenty-two: : ငယ်သူငယ်ချင်း ကောင်လေး
4.4K 37 0
Door 24faces
Chapter Twenty-two:                    : ငယ်သူငယ်ချင်း ကောင်လေး
သန့်ဇင်ကိုတစ်ယောက် ကွန်ပျူတာတက္ကသိုလ် တည်ရှိသည့် စဥ့်ကိုင်မြို့သို့ ပြန်ရောက်ခဲ့သည်မှာ နှစ်လအကြာပင်ရှိလေပြီ ၊ အိမ်မျက်ချယ်နှင့် နောက်ဆုံးချိန်းတွေ့ ခဲ့သည်မှာ သင်္ကြန်အကြိုနေ့ကဖြစ်၍ မတွေ့ဖြစ်သည်မှာ အတော်ကြာလေပြီ ဖြစ်သည်။
ကျောင်းဖွင့်ခါစ ပထမလကတည်းက သူမဆီသွားလည်ရန် ကြံစည်သော်လည်း ကျောင်းကိစ္စများနှင့် နှစ်ယောက်စလုံး ရှုပ်နေကြသဖြင့် မတွေ့ဖြစ်ကြချေ ၊ သန့်ဇင်ကို အနေနှင့်လည်း သူမဆီသွားလည်ရန် ပိုက်ဆံ စုနေရသောကြောင့် လည်းဖြစ်သည်။
အိမ့်မျက်ချယ်နှင့် ချိန်းတွေ့သည့်အခါမျိုးတွင် သူမက ဒိုင်ခံပိုက်ဆံရှင်းပေးသည်ကို ယောကျာ်းလေးတစ်ယောက်အနေနှင့် အားတုန့်အားနာ ဖြစ်မိသည်။
တကယ်ဆိုလျင် သမီးရည်းစား ချိန်းတွေ့သည့် အခါမျိုးတွင် ယောကျာ်းလေးဖက်က အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်ရံ ရှင်းပေးသင့်သည်ဟု သူထင်လေသည်။
သို့သော်လည်း ပိုက်ဆံရှင်းသည့် အချိန်မျိုးရောက်လျင် သူမက အမြဲလိုလို အရင်ပိုက်ဆံကို ထုတ်ရှင်းပေးသည် ၊ သန့်ဇင်ကိုတို့အိမ်သည် ငွေရေးကြေးရေး အဆင်မပြေမှန်း သူမ သိသောကြောင့်လည်း ဖြစ်သည်။
သန့်ဇင်ကိုတို့ အိမ်တွင် အိမ်စားရိတ်...ကျောင်းစားရိတ် လူမှုရေးစားရိတ်များအား ပိုက်ဆံဒိုင်ခံရှာရသူမှာ အမေတစ်ယောက်ထဲသာရှိသည်။
အဖိုး၏ ပင်စင်ငွေကလည်း သုံးလတစ်ခါသာ ပေါင်းထုတ်ရပြီး ငွေကြေးပမာဏအနေနှင့် သိပ်မများချေ ။
အမေဖြစ်သူရဲ့ သူနာပြုလစာကလည်း တစ်လ နှစ်သိန်းကျော်သာရှိသည်.... တစ်ခါတစ်ရံ အပြင်ဝင်ငွေရအောင် လူနာစောင့်ခြင်း...ကလေးထိန်းပေးခြင်း စသည့် အောက်ဆိုက်အလုပ်များကို လုပ်မှအပိုဝင်ငွေလေး ရသည်။
သန့်ဇင်ကိုအနေနှင့်လည်း ကျောင်းပိတ်သည့်နှစ်လတွင် မိတ္တူဆိုင်တွင် အလုပ်လုပ်၍ ပိုက်ဆံစုခဲ့သော်လည်း သင်ခန်းစာများအတွက် Laptop တစ်လုံး ဝယ်ပြီးနောက်တွင် ပိုက်ဆံ အနည်းငယ်သာ ကျန်ရှိတော့သည်။
သူ၏ ညီမလေးကလည်း ကိုးတန်းသို့ ရောက်လာပြီ ဖြစ်သဖြင့် အမေဖြစ်သူတစ်ယောက်ထဲ ကျောင်းစားရိ​တ် ဒိုင်ခံထောက်ပံ့နေရသည်မှာ မသက်သာတော့ချေ။
သန့်ဇင်ကိုလည်း ဒီနှစ်ကျောင်းစဖွင့်ကတည်းကပင် ပိုက်ဆံကို ချွေတာပြီးသုံးနေရသည် ၊ ရည်းစားဆီ သွားလည်လျင်လည်း အသွားအပြန် လေးသောင်းငါးသောင်း ကုန်မည်ဖြစ်၍ တွက်ဆနေရသည် ။
အိမ့်မျက်ချယ်ဆီသွားတိုင်း သူမကပိုက်ဆံရှင်းပေးလျင် သူ့ရင်ထဲတွင် အားငယ်ခြင်း...အလိုမကျခြင်းများ ခံစားရသည်။
သန့်ဇင်ကိုသည် အိမ်မျက်ချယ်၏ လက်တွဲဖော် ယောကျာ်းတစ်ယောက် အနေဖြင့် အခက်အခဲကြုံလာတိုင်း သူမ၏ အရှေ့ကနေ မားမားမတ်မတ် ရပ်တည်၍ အကာအကွယ်ပေးလိုသည် ။
သို့သော်လည်း သူ၏ ချို့တဲ့ပြီး မပြည့်စုံသော ဘဝထဲတွင် သူမအား အပြည့်အဝ အကာအကွယ်ပေးနိုင်ပါ့မလားဟု သံသယဖြစ်စ ပြုလာလေသည်။
သူကိုယ်တိုင် မိတ္တူဆိုင်တွင် အလုပ်လုပ်ပြီး ပိုက်ဆံရှာရသည်ဖြစ်၍ ငွေကြေး၏တန်ဖိုး ငွေကြေး၏အရေးပါပုံကို ပို၍သိရှိလာသည် ။
လူငယ် တစ်ယောက်အတွက် အနောက်ကနေ အမာခံ ထောက်ပံ့ပေးမည့် ကျောထောက်နောက်ခံ မိသားစု မရှိလျင်  ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံငယ်လေးတွင် နေရာကောင်းတစ်ခု အလုပ်ကောင်းတစ်ခု ရရှိရန် ခက်ခဲသည်ကို နားလည်စပြုလာသည်။
လောကကြီးထဲတွင် စတင်ပြီး ရုန်းကန်နေရသည့် လူငယ်တစ်ယောက်အတွက် အသက်အရွယ် ကြီးလာသည်နှင့်အမျှ ရှုပ်ထွေးပွေလီသော လူမှုရေးကိစ္စများနှင့် ငွေရေးကြေးရေးကိစ္စများသည် မဖိတ်ခေါ်ပဲ ရောက်လာလေတော့သည်။
သန့်ဇင်ကိုသည် ကျောင်းကအပြန် အိပ်ရာပေါ်တွင် နားနေရင်း အမေနှင့် ဖုန်းပြောပြီးချိန်တွင် မရေရာမသေချာသည့် သူ၏ဘဝရှေ့ရေးကို လျောက်တွေးမိပြီး သက်ပြင်းအရှည်ကြီး တစ်ခုကို ချလိုက်မိသည်။
“ဟင်း...........”
“သန့်ဇင်...အသက်တွေတော့တိုတော့မှာပဲ ၊ သက်ပြင်းတွေချည်း ချနေပါလား... မင်းအိမ်က ဘာကိစ္စရှိလို့လဲ”
“ဒီလိုပါပဲကွာ အမေငြည်းနေတာကို နားထောင်ပေးရင်း ငါပါစိတ်ညစ်လာလို့”
“အော်...သိပ်လည်း စိတ်မညစ်ပါနဲ့ ၊ နောက်ထပ် နှစ်နှစ်ကျော်လောက် ကျောင်းတက်ပြီးရင် ကိုယ်တိုင်ပိုက်ဆံရှာလို့ ရပြီပဲဟာ”
“အင်း...ကုမ္ပဏီအကြီးကြီးတွေမှာ ဝင်လုပ်ရင်ကောင်းမလား ၊ ကိုယ့်ဘာသာ ဆိုင်လေးပဲ ဖွင့်ရင်ကောင်းမလားနဲ့ လျောက်တွေးနေတာ....ကျောင်းကပေးတဲ့ စာကျပြန်တောင်မဖတ်ရ သေးဖူး...ခွိခွိ”
“သန့်ဇင်...မင်းကအိမ်မှာ အကြီးဆုံးဆိုတော့ ပိုဆိုးမှာပေါ့”
“အင်း...ငါ့အပေါ်မှာ အကိုတစ်ယောက်လောက် ရှိရင်လည်းကောင်းသား ၊ အမေကလည်း တဖြည်းဖြည်းနဲ့ အသက်ကြီးလာပြီ...နောက်နှစ်ဆို ပင်စင်ယူရတော့မယ် ၊  အခုတော့ တာဝန်တွေ အကုန်လုံးက ငါ့ပုခုံးပေါ်မှာတင်နေတယ်...မလွယ်ပါဖူးကွာ...ဟူး”
“သန့်ဇင်....မင်းတောင် တော်တော်ရင့်ကျက်လာပြီပဲ ၊ မင်းဆီကဒီလိုစကားကြားရလိမ့်မယ်လို့ ငါမထင်ထားဖူး...အေးပေါ့ကွာ ငါတို့လည်း ၁၈နှစ်တောင် ပြည့်နေပြီပဲဟာ”
“အရင်တုန်းက ငါကဘယ်လိုဖြစ်နေလို့လဲကွ....အောင်အောင်ဦးရ”
“ဟမ် အရင်ကဆို ကျောင်းလစ်မယ် ပြဿနာရှာမယ် ရန်ဖြစ်မယ်လောက်ပဲ လုပ်နေတာလေ ၊ မျိုးမင်းထက်နဲ့ပေါင်းပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ပဲ နေတာကိုး”
“အဲ့တာ ကလေးတုန်းကလေကွာ ၊ အခုတော့ အတွေးတွေက အများကြီးပဲ.... ငါမပြောနဲ့ မျိုးမင်းထက်ကြီးတောင် သူ့အဖေအလုပ်မှာ ကူလုပ်နေရပြီ”
“ဟားဟား...အဲ့တာတော့ ဟုတ်တယ် ၊ မင်းအလုပ်လုပ်တာထက် မျိုးမင်းထက် အလုပ်လုပ်တယ်ဆိုတာကြီးက ပိုစားတယ် အဲ့ကောင်နဲ့ရော ဖုန်းပြောဖြစ်သေးလား”
“မပြောဖြစ်ပါဖူး...သတောင်းစားက အချိန်ရှိတိုင်း စော်ဖွန်နေတာ ၊ Facebook မှာလည်း ကောင်မလေး တစ်ယောက်ပြီး တစ်ယောက်နဲ့ ပြတ်လိုက်ဆက်လိုက်ပဲ”
“ သားကြီး ကျောပိုးအိတ်ထဲမှာ မင်းဖုန်းမည်နေတယ်ထင်တယ် ၊ ကိုင်လိုက်ဦး”
“အော်...အေး ဟုတ်သားပဲ ၊ ချယ် ထင်တယ်”
သန့်ဇင်ထင်ထားသလို အိတ်ထဲတွင် မြည်နေသည့် ဖုန်းကိုထုတ်ကြည့်လိုက်တော့ ချယ့်၏ ဖုန်းနံပါတ် ဖြစ်နေလေသည်။
“ဟယ်လို..ဟယ်လို ဟိုလို...ဒီလို ၊ ချယ်...ပြော”
“အင်း...ကို ၊ ကျောင်းကပြန်ရောက်ပြီလား”
“စောနကပဲရောက်တာ...ချယ်ရော ဘယ်တုန်းက ​အိမ်ပြန်ရောက်လဲ ၊ အသံက တစ်မျိုးကြီး ဖြစ်နေပါ့လား နေမကောင်းဖူးလား”
“ဟုတ်တယ်...နေမကောင်းချင်သလို ဖြစ်နေလို့ ၊ ကျောင်းမသွားဖူးရယ်”
“ဟင်....ချယ် ဆေးရောသောက်ပြီးပြီလား ၊ ကိုယ်တွေရော တအားပူနေလား.... ဘာစားထားလဲ”
“မနေ့က ရေချိုးမှားပြီး အအေးပတ်တာနေမှာ ၊ ဆေးတော့သောက်ထားပါတယ်.... အိမ်မှာ ဘယ်သူမှမရှိတော့ ဆန်ပြုတ်ပဲ ကိုယ့်ဘာသာပြုတ်ပြီး သောက်ထားတယ်”
“အဒေါ်တို့ကရော...ဘယ်သွားကြတာလဲ မရှိဖူးလား”
“အော်..ဟိုတစ်နေ့က ကို့ကိုပြောပါရော... ရန်ကုန်ကို နှစ်ချုပ် အစည်းအဝေးရှိလို့ ညအိပ်ညနေ သွားကြတယ်လို့”
“ဟင်...ကိုကပြန်ရောက်ပြီမှတ်နေတာ ၊ အိမ်ဖော် အဒေါ်ကြီးကရော”
“သူကလည်း သူ့သမီးမင်္ဂလာဆောင်ရှိလို့ ရွာကိုပြန်သွားတယ် ၊ ရပါတယ်..ချယ်ကလည်း တအားကြီး ဖျားနေတာမှမဟုတ်တာ ဒီညဆေးသောက်ပြီး အိပ်လိုက်ရင် ပျောက်သွားမှာပဲဟာ”
“မနက်ဖြန် စနေနေ့ဆိုတော့ ကိုလာခဲ့ရမလား...ချယ်နဲ့လည်း မတွေ့ရတာကြာပြီဆိုတော့”
“မလာပါနဲ့ကိုရယ်... ချယ်ဘာမှမဖြစ်ပါဖူး...အဟွတ်..အဟွတ် ၊ နေမကောင်းဖူးဆိုတော့ အပြင်ထွက်လည်လို့လည်း ရမှာမဟုတ်ဖူး”
“လည်ဖို့မဟုတ်ပါဖူး...ချယ်နဲ့တွေ့ချင်လို့ပါ ၊ လာခဲ့လိုက်မယ်...ဟိုတစ်လောက သီဟဗလနဲ့ Facebook Messenger မှာစကားပြောဖြစ်တယ်...မန္တလေးကိုလာရင် သူ့အဆောင်မှာ တည်းလို့ရတယ်တဲ့ ”
“အင်း..အင်း...အဟွတ်...အဟွတ် ၊ ကို့သဘော...ကို့သဘော”
“အဲ့တာဆို မနက်ဖြန် မနက်အစောထွက်ခဲ့လိုက်မယ် ၊ အိမ်မှာတစ်ယောက်ထည်းမလား... ကို အိမ်ရှေ့ရောက်ရင် ဖုန်းဆက်လိုက်မယ်နော်”
“အင်း..အင်း”
“အဲ့တာဆို ဒီနေ့ည ဆေးသောက်ပြီး စောစောအိပ်တော့လေ ၊  နွေးနွေးထွေးထွေးအိပ်နော်”
“ဟုတ်...ကို ၊ ချစ်တယ်”
“အင်း...ဖိုက်တင်း...ချယ်ရေ ၊ Good night နော် အာဘွား”
“အင်း...Good night”
သန့်ဇင်ကိုသည် မျက်ချယ်နှင့် ဖုန်းပြောပြီးချိန်တွင် ကျောပိုးအိတ်ထဲက စာအုပ်များထုတ်ကာ တစ်ညအိပ်ခရီးအတွက် အဝတ်အစားများနှင့် Laptop ကိုထည့်လိုက်သည် ။
ပြီးနောက် ဖုန်း Contant ထဲတွင်မှတ်ထားသည့် သီဟဗလ၏ ဖုန်းနံပါတ်ကိုရှာပြီး မနက်ဖြန်လာမည့် အကြောင်း အသိပေးလိုက်သည်။
နောက်တစ်နေ့ မနက်သို့ရောက်သောအခါတွင် အသင့်ပြင်ထားသည့် ကျောပိုးအိတ်ကို လွယ်ပြီး မန္တလေးသို့ ခရီးထွက်လာခဲ့သည် ။
နှစ်နာရီခန့် ဆိုင်ကယ်စီးပြီးသော အခါတွင် အိမ့်မျက်ချယ်နေထိုင်သော သူမအဒေါ်အိမ် အရှေ့သို့ ရောက်ရှိခဲ့လေသည် ၊ အိမ်ရှေ့သို့ ရောက်ပြီဖြစ်ကြောင်း ဖုန်းဆက်သည့်အခါတွင် သူမက တံခါးလာဖွင့်ပေးသည်။
အိမ့်မျက်ချယ်ကို ကြည့်ရသည်မှာ အဖျားကျသေးပုံမပေါ်ပဲ အသားဖြူဖတ်ဖြူလျော့နှင့် အားပျော့နေသည့်ပုံ ပေါ်သည် ၊ ညအိပ်အင်္ကျီဝမ်းဆက်ကို ဝတ်ဆင်ထားပြီး ရှုပ်ပွနေသော ဆံပင်ရှည်နှင့် ညိုမည်းနေသော မျက်ကွင်းများကြောင့် လူပမာရုပ် ပေါက်နေလေသည်။
သူမသည် အခန်းထဲသို့ ပြန်ရောက်သောအခါတွင် အိပ်ရာပေါ်သို့ ဝင်ခွေအိပ်ပြီး  မျက်နှာအိုအိုလေးနှင့် စောင်ကိုခြုံထားသည် ။
သန့်ဇင်က သူ၏ကျောပိုးအိတ်ကို စားပွဲတစ်ခုပေါ်သို့ တင်လိုက်ပြီး သူမ၏ ဘေးတွင်ဝင်ထိုင်ပြီး ကိုယ်ပူနေသေးသလားဟု နာဖူးကိုလက်ဖမိုးဖြင့် စမ်းသပ်ကြည့်လိုက်သည်။
“ချယ်...ကိုယ်တွေအရမ်းပူနေတာပဲ ၊ ဆေးခန်းသွားပြရအောင်လေ”
“အင်း...မသိဖူး ၊ မသွားချင်ဖူး....ဆေးသောက်ထားတယ်..ခဏနေ ပျောက်သွားပါလိမ့်မယ်”
“ချယ် မနေ့ညကလည်း အဲ့လိုပြောတာပဲ...အဖျားမှ မကျတာကို ၊ မနက်စာ ဘာစားပြီးပြီလဲ”
“မစားရသေးဖူး...”
“ချယ်...ဘာစားချင်လဲပြော ၊ ကိုသွားဝယ်ပေးမယ်လေ”
“အပြင်စာ မစားချင်ဖူး....ဘာမှမစားချင်ဖူးရယ်”
“ချယ်...တစ်ခုခုစားမှ အားရှိမှာပေါ့ ၊ ကို မီးဖိုချောင်ထဲသွားကြည့်လိုက်မယ်.... တစ်ခုခုတော့စား ပြီးရင် ဆေးခန်းသွားပြမယ်”
“အာ....မသွားချင်ပါဖူးဆို....ကိုကလည်း”
“လူကသာဖျားနေတာ...ကို့ကို အော်ဖို့အားတော့ရှိသေးသားပဲ ၊ ဒီလိုဆို ဆေးတစ်လုံးလောက် ထိုးပြီးရင် နေကောင်းသွားမယ်ထင်တယ်”
“ဘာမှမဖြစ်ပါဖူးဆို...ကျွန်မက ဆေးကျောင်းသူပါနော် ၊ အိမ်ထဲကနေ အိမ်ပြင်ကို မထွက်ချင်လို့ပါ”
“ဆေးကျောင်းသူလည်း ဖျားရင်ကိုယ်ပူတာပဲ ၊ မဆိုးနဲ့နော်...ချယ်”
“ဟွန့်....စကားလာမပြောနဲ့တော့ ၊ အိပ်ပြီ...ဒါပဲ”
အိမ့်မျက်ချယ်သည် သူမအား ဂရုတစိုက်ပြုစုမေးမည့်သူ ရောက်ရှိလာသဖြင့် ကလေးဆိုးလေးလို ဆိုးတော့သည် ။
သန့်ဇင်အား စူစူပုတ်ပုတ်လေးဖြင့် စကားမပြောနှင့်ဟု အမိန့်ထုတ်လိုက်ပြီး စောင်ကိုခေါင်းမြီးခြုံကာ အိပ်ချင်ယောင်ဆောင်​နေသည်။
သန့်ဇင်ကိုက သူမအား မသိချင်ယောင်ဆောင်ပြီး မီးဖိုအခန်းထဲသို့သွားကာ စားစရာ ရှာဖွေသည်။
စားဖိုချောင်ထဲတွင် အိုဗာတင်းဗူးနှင့် ကိတ်ခြောက်တစ်ထုတ် တွေ့သဖြင့် ရေနွေးအိုးတည်ကာ အိုဗာတင်းဖျော်လိုက်ပြီး ကိတ်ခြောက်သုံးခုထည့်ကာ သူမ၏ အိပ်ခန်းထဲ ပြန်သွားပို့သည်။
“ချယ်...”
“အွင်း.....”
“ချယ်....မုန့်စားမယ် ၊ ခဏထဦး”
“အင်း....ထချင်ဖူး ၊ အိပ်ချင်သေးတယ်....”
“ခဏလေး..ထလိုက် ၊ ​မုန့်စားပြီးမှ ပြန်အိပ်...နော်...ချယ် လိမ္မာတယ်”
“အွန်း....အခုလို စကားများမှန်းသိရင် ကို့ကိုမခေါ်ပါဖူး ၊ အိမ်ကအမေကြီးကျနေတာပဲ...ဟွန့်”
“ကဲပါ...လိမ္မာပါတယ်...ထလိုက် ၊ ကိတ်ခြော​က်က တို့စားမလား...အိုဗာတင်းထဲ ချေပြီးစားမလား”
“ဒီအတိုင်းပဲ တို့စားလိုက်မယ်...ဟင် ဒီ အဝါရောင်အိုဗာတင်းကို ချယ်မကြိုက်ဖူး ၊ ချောကလက် အိုဗာတင်းပဲသောက်တာ”
“သောက်လိုက်ပါချယ်ရယ်....အဝါရောင်က အားပိုဖြစ်တယ် ၊ အိမ်ကအဖိုးဆို နေမကောင်းရင် အဝါရောင်အမှုန့်ပဲ ဖျော်တိုက်ရတာ”
“အာ..ကိုက ဘာကြီးမှန်းလဲမသိဖူးကွာ..ကျွတ် သူများကို အတင်းကျွေးနေပြန်ပြီ ၊ လက်ဖယ် ကို့ဘာသာ တို့ပြီး..စားမယ်”
“အင်း...အရည်ကပူသေးတယ်နော်...မှုတ်ပြီးသောက်”
“သိပါတယ်...ကိုသန့်ဇင်ရယ်”
အိမ့်မျက်ချယ် မုန့်စားပြီးချိန်တွင် သန့်ဇင်က နှုတ်ခမ်းအား တစ်ရှူးဖြင့် သုတ်ပေးလိုက်ပြီး ခွက်နှင့် ပန်းကန်များကို မီးဖိုခန်းထဲသို့ ယူသွားကာ ပြန်လည်ဆေးကြောပြီး သိမ်းဆည်းလိုက်သည်။
အခန်းထဲသို့ ပြန်ဝင်လာသောအခါတွင် သူမက ခေါင်းမြီးခြုံပြီး အိပ်ချင်ယောင် ဆောင်နေပြန်သည်။
သန့်ဇင်က သူမအား အစာစားပြီး အိပ်ပါစေဟု  မနှိုးတော့ပဲ ထားလိုက်သည် ၊ သူကတော့ စာကြည့်စားပွဲတွင် ထိုင်ပြီး ယူလာသည့် Laptop ကိုထုတ်ကာ သင်ခန်းစာတစ်ချို့ကို ပြန်လည်လေ့ကျင့်နေလိုက်သည် ။
ထိုအခါ အိပ်ချင်ယောင်ဆောင်နေသည့် သူမက အိပ်မပျော်သဖြင့် အိပ်ယာပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်နှင့် လူးလွန့်နေ လေသည်။
သန့်ဇင်ကိုက အိမ့်မျက်ချယ်အား ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် အနီးအနားရှိ ဆေးခန်းတစ်ခုသို့ ခေါ်သွားပြီး ဆရာဝန်နှင့်ပြသည် ၊ ဆရာဝန်က အအေးပတ်ပြီး အိပ်ရေးပျက်၍ အားနည်းနေသည်ဟုဆိုပြီး ဆေးတစ်ချောင်းထိုးကာ သောက်ဆေးများ ပေးလိုက်လေသည်။
သူမအား ဆေးခန်းသို့ပြပြီး ပြန်လာချိန်တွင် နေ့လည်စာအတွက် ထမင်းနှင့်ဟင်းကို ဆိုင်တစ်ခုတွင်ဝင်ဝယ်ပြီး ပါဆယ်ထုတ်ခဲ့လိုက်သည် ၊ အိမ်ကိုပြန်ရောက်တော့ သူမအား အိပ်ရာပေါ်တွင် သိပ်လိုက်ပြီး နေ့လည်ခင်း တစ်ရေးတစ်မော အိပ်စေသည်။
အိမ့်မျက်ချယ်သည် ကုတင်ပေါ်သို့ရောက်ပြီး မကြာမှီမှာပင် ဆေးအရှိန်ဖြင့် အိပ်ပျော်သွား လေတော့သည် ၊ သူမအိပ်ပြီဆိုမှ ပါဆယ်ဝယ်လာသည့် နေ့လည်စာထမင်းနှင့်ဟင်းကို စားရသည် ။
ထမင်းစားပြီးနောက် သန့်ဇင်ကိုလည်း ပင်ပန်းပြီး အိပ်ချင်လာသဖြင့် ဧည့်ခန်းထဲက ဆိုဖာအရှည်ပေါ်တွင် တစ်ရေးမှေးလိုက်သည်။
သန့်ဇင်ကို အိပ်ယာနိုးလာတော့ မွန်းလွဲသုံးနာရီ ရှိနေပြီဖြစ်သည်..... အိမ့်မျက်ချယ်၏ အခန်းထဲသို့ ဝင်ကြည့်လိုက်သောအခါ သူမက ဆေးအရှိန်ဖြင့် အိပ်လို့ကောင်းနေဆဲ ဖြစ်လေသည်။
ထို့ကြောင့် ခြေသံကိုဖွဖွလေးနင်းပြီး စာကြည့်စားပွဲသို့သွားကာ ကွန်ပျူတာကို ဖွင့်ပြီး လုပ်လက်စ လေ့ကျင့်ခန်းကို ဆက်လုပ်နေလိုက်သည်။
“အင်း...အင်း...အင်းးးး....ဝါးးး”
“ချယ်...နိုးပြီလား ၊ နေရတာ သက်သာလား”
“အွန်းးးးး.....ဝါ....ဝါးးးးး ကိုယ်အပူတော့ ကျသွားပါပြီ...ခေါင်းတော့ ခဲနေတယ် ၊ ဘယ်နှစ်နာရီ ရှိနေပြီလဲ”
“လေးနာရီထိုးတော့မှာ ၊ ချယ်ဗိုက်ဆာနေပြီလား...”
“အင်း....”
“ကိုတို့ ဆေးခန်းကပြန်လာတော့ ကြက်ပေါင်းခေါက်ဆွဲ ရောင်းတဲ့ဆိုင် တွေ့ခဲ့တယ် ၊ အဲ့တာ စားချင်လား…”
“အင်း...စားမယ် ၊ ကိုရောနေ့လည်စာစားပြီးပြီလား”
“စားပြီးပြီ ၊ ညနေစာတော့ သီဟဗလဆီ ရောက်တော့မှပဲစားတော့မယ်....သူက အဆောင်မှာ ထမင်းချက်ထားတယ်ပြောတယ်”
“အော်...သူကဘယ်ကျောင်းတက်နေတာလဲ”
“MUFL မှာ ၊ ဂျာမန်ဘာသာစကား လို့ပြောတာပဲ ၊ ချယ်...တစ်ကိုယ်လုံး ချွေးတွေနဲ့ပါလား..... ကိုရေပတ်တိုက်ပေးမယ် ခဏစောင့်နော်”
“အင်းးးး....ဝါးးး”
သန့်ဇင်ကိုသည် သူမအား သန့်ရှင်းပေးရန်အတွက် ရေချိုးခန်းထဲသို့သွားကာ ဇလုံတစ်ခုထဲတွင် ရေထည့်​ပြီး အခန်းထဲယူခဲ့သည် ။
ပြီးနောက် သန့်ရှင်းသော တဘတ် အသေးလေးဖြင့် ရေစွတ်ပြီး သူမအား ကုတင်ပေါ်တွင် ထိုင်ခိုင်းကာ ကိုယ်လက်သတ်ပေးသည်။
“ချယ်....ဘယ်ဖက်လက်မြှောက်လိုက်”
“အင်း....ရေကြီးကအေးတယ်...ရေကိုကုန်အောင်ညှစ်ပေးနော်”
“ဟုတ်ကဲ့ပါ မမလေး...ရပြီ...ဆံပင်ကို အရှေ့ကိုချလိုက် လည်ဂုတ်ကို တိုက်ပေးမလို့...”
“အင်း.....ကောင်းလိုက်တာ”
“ချယ်...အင်္ကျီချွတ်လိုက်ပါလား...”
“အာ...ကိုကလည်း ရှက်စရာကြီး”
“လုပ်ပါ...ဟိုတစ်ခေါက်က မစို့မပို့လေးပဲ မြင်လိုက်ရတော့ အားမရလို့....ဟဲဟဲ”
“ကိုနော်...သူများကဖျားနေတာကို တအားနှာဗူးကျမနေနဲ့...အင့်..အင့်”
“အော်...ကို့ရဲ့ ကျောကုန်းကို လက်နဲ့ထုနိုင်ပြီဆိုတော့ အားတော့ရှိလာပါပြီ ၊ ကိုကစတာပါ... ချယ် လုပ်နိုင်နေတာပဲဟာ...အင်္ကျီအကုန်ချွတ်ပြီး ကိုယ့်ဘာသာကိုယ်ရေပတ်တိုက်နှင့် ၊ ကိုက ကြက်ပေါင်းခေါက်ဆွဲ သွားဝယ်လိုက်ဦးမယ်”
“အင်း....မြန်မြန်ပြန်လာနော် ၊ တံခါးကိုသေချာပိတ်ခဲ့...ချောင်းလည်းမကြည့်နဲ့နော်”
“ဟုတ်ပါပြီ မမလေးရယ်...ရေပတ်တိုက်ပြီးရင်လည်း အဝတ်အစားလေး လဲဝတ်လိုက်ဦး ၊ အဖွားကြီးအိုပေါက်စအနံ့ရနေပြီ”
“သန့်ဇင်ကို အစုတ်ပလုတ်ကြီး”
“ဟဲဟဲ....သွားပြီ”
သန့်ဇင်ကိုသည် မျက်ချယ်အား မခံချင်အောင် စနောက်ပြီး အိမ်အပြင်သို့ ထွက်ခဲ့ကာ ကြက်ပေါင်းခေါက်ဆွဲ သွားဝယ်သည် ။
သူမအတွက် ကြက်ပေါင်းဆီချက်ခေါက်ဆွဲ တစ်ပွဲအား ပါဆယ်ဝယ်ခဲ့ပြီး သူကတော့ ဖျော်ရည်တစ်ဗူး ဖောက်သောက်ခဲ့သည်။
အိမ်ကိုပြန်ရောက်သည့်အချိန်တွင် ခြံဝန်းထဲ၌ ယိုးဒယားကလစ်ဆိုင်ကယ် တစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသဖြင့် တစ်ယောက်ယောက်တော့ ရှိနေပြီဟု တွေးမိလိုက်သည် ၊
ရက်ကွက်ထဲရှိ သူမ၏ အမတစ်ဝမ်းကွဲတွေများ ရောက်နေသလားဟု သန့်ဇင်ကို တွေးမိသည်။
သန့်ဇင်ကိုသည် ကြက်ပေါင်းခေါက်ဆွဲထုတ်ကိုကိုင်ပြီး အိမ်ထဲဝင်ရင် ကောင်းမလား မကောင်းလားဟု စဥ်းစားနေမိသည် ။
အထဲရောက်နေသူမှာ သူမ၏ ဆွေမျိုးအသိ ဖြစ်နေလျင်တောင် ခေါက်ဆွဲဝယ်ပြီး လာပို့သည့် သူငယ်ချင်းတစ်ယောက်လို ဟန်ဆောင်၍ ရသဖြင့် သန့်ဇင်ကို အထဲသို့ ဝင်လာခဲ့လိုက်သည်။
သို့သော် ဧည့်ခန်းထဲတွင် ရောက်ရှိနေသူသည် သန့်ဇင်ထင်ထားသလို သူမ၏ ဆွေမျိုးတစ်ဝမ်းကွဲမဟုတ်ပဲ သူနှင့်ရွယ်တူ ကောင်လေးတစ်ယောက် ဖြစ်နေ၍ မျက်မှောင်ကျုံ့မိ လိုက်သည်။
ထိုကောင်လေး၏ မျက်နှာချင်းဆိုင် ထိုင်နေသော မျက်ချယ်က သန့်ဇင်ကို အထဲရောက်လာသည်ကို တွေ့သည်နှင့် မိတ်ဆက်ပေးလိုက် လေသည်။
“ဟဲ့....ကျော်ကြီး ဒါငါ့ကောင်လေး သန့်ဇင်ကိုတဲ့...ကွန်ပျူတာ တက္ကသိုလ်မှာ တက်နေတာ”
“အော်...နင်ပြောဖူးတဲ့တစ်ယောက်မလား ”
“ဟုတ်တယ်...ထိုင်လေ ကို ၊ သူက ချယ့်ရဲ့ငယ်သူငယ်ချင်း ( ကျော်မျိုးမင်း)တဲ့....သူလည်း ချယ်နဲ့အတူတူ ဆေးကျောင်းတက်နေတာ”
“ကို့ကို မပြောဖူးပါလား”
“ဟင်....မကြုံလို့ မပြောဖြစ်တာနေမှာ ၊ ကို့အကြောင်းတော့ သူ့ကိုပြောဖြစ်တယ်”
“အင်း...ချယ် ၊ ခေါက်ဆွဲစားတော့မယ်မလား...ကို ပန်းကန်ထဲသွားထည့်လိုက်မယ်”
“ဟုတ်...”
သန့်ဇင်ကိုသည် သူမမိတ်ဆက်ပေးသည့် “ ကျော်မျိုးမင်း ”ဆိုသည့် တစ်ယောက်အား ရင်ထဲတွင် သဘောမကျသဖြင့် အသက်မပါပဲ ပြုံးပြခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည် ။
ပြီးနောက် မီးဖိုချောင် အခန်းထဲသို့သွားပြီး သူမအတွက် ဝယ်လာသည့် ခေါက်ဆွဲကို ကြွေပန်းကန်လုံးထဲ ပြောင်းထည့်လိုက်သည်။
သန့်ဇင်ကိုသည် ထမင်းစားခန်းရှိ စားပွဲတွင် စားသောက်ရန် ပြင်ဆင်ပြီးနောက် မျက်ချယ်အား  သွားခေါ်သည်။
ဧည့်ခန်းထဲတွင် သူမနှင့် ကျော်မျိုးမင်း ဆိုသည့် တစ်ယောက်က စကားပြော၍ ကောင်းနေဆဲ ဖြစ်သည်။
သန့်ဇင်ကို ဧည့်ခန်းထဲကို ဝင်လာတာတွေ့တော့ ကျော်မျိုးမင်းက ထိုင်ခုံပေါ်ကနေ မတ်တပ်ရပ်လိုက်ပြီး ပြန်မည်ပြုကာ မျက်ချယ်အား နှုတ်ဆက်လိုက်သည်။
“ချယ်....ငါပြန်တော့မယ်နော် ၊ နင့်အမေတို့က ငါ့ဆီဖုန်းဆက်တော့ အိမ်မှာတစ်ယောက်ထည်း အရမ်းဖျားနေတယ် မှတ်နေတာ...နင်က ပြုစုပေးမယ့် သူတွေဘာတွေနဲ့ ဆိုတော့လည်း ငါ့ကိုမလိုတော့ပါဖူး”
“အေးပါ...ကျော်ကြီး ၊ ဖြည်းဖြည်းပြန်နော်”
“အင်း...ခဏ ၊ နဖူးစမ်းကြည့်လိုက်ဦးမယ်..အဖျားငွေ့ငွေ့ပဲ ရှိတော့တာပါ မနက်ဖြန်လောက်ဆို ပျောက်ပါပြီ”
“အွန်း ငါ့အမေတို့ကို ငါနေကောင်းပြီလို့ ပြန်ပြောလိုက်ဦးနော်...တော်ကြာ ပြင်ဦးလွင်ကနေ မန္တလေးကို ဆင်းလာမှာဆိုးလို့”
“အေးပါ ငါပြောလိုက်ပါ့မယ်...သွားပြီနော် ၊ ကိုသန့်ဇင် ကျွန့်တော့်ကို ခွင့်ပြုပါဦး”
“အင်း...ဟုတ်”
ကျော်မျိုးမင်းဆိုသည့် တစ်ယောက်သည် ပြန်ခါနီးနှုတ်ဆက်သည့် အချိန်တွင် မျက်ချယ်၏ နဖူးအား လက်ဖြင့်စမ်းလိုက်သဖြင့် သန့်ဇင်ကို အူတိုသွားသည် ။
ပိုဆိုးသည်က သန့်ဇင်ကို ဧည့်ခန်းထဲသို့ရောက်ကာမှ သူမအား နှုတ်ဆက်သည်ကို အကြောင်းပြပြီး စကားထဲတွင်  မျက်ချယ်၏ မိဘများက သူ့အားစိတ်ချ ယုံကြည်ကြောင်းကို မသိမသာ ထည့်ပြောသွား သေးသည်။
“ မြွေမြွေချင်း ခြေမြင်သည်” ဟု ပြောရမလား.... ယောကျာ်းသဘာဝ အချင်းချင်း အကဲခါတ်မိသည်ဟု ပြောရမလားမသိ...... သန့်ဇင်ကိုစိတ်ထဲတွင် ထိုကောင်လေးအား သဘောမကျသလို သူ့ဖက်ကလည်း ဟန်ဆောင်ဆက်ဆံသည်ကို သတိထားမိသည် ။
သို့သော်လည်း လူမှုရေးအရ အပြုံးမပျက်ပဲ လူကြီးလူကောင်းဆန်စွာ စကားပြောခဲ့ရ လေသည်။
ထမင်းစားအခန်းသို့ ရောက်သောအခါတွင် သူပြင်ဆင်ထားသည့် ခေါက်ဆွဲပန်းကန်ကို မျက်ချယ်အား ချကျွေးလိုက်သည် ။
သူမ ခေါက်ဆွဲစားနေသည်ကို မျက်နှာ မှုန်ကုတ်ကုတ်ဖြင့် ကြည့်ရင်း တွေဝေနေသည့် သန့်ဇင်ကိုအား မျက်ချယ်က....
“ကို့...ဘာတွေတွေးနေတာလဲ ၊ မျက်နှာလည်း မကောင်းပါလား...ပင်ပန်းလို့လားဟင်”
“ဟင်း...မဟုတ်ပါဖူး ၊ စောနကတစ်ယောက် ဘာ...ကျော်မျိုးမင်းဆိုတာ ကို့ကိုလည်း တစ်ခါမှ မပြောဖူးပါလား...ချယ်တို့အိမ်နဲ့ အရမ်းခင်တယ်ထင်တယ် ၊ မိန်းခလေးတစ်ယောက်ထည်း အိမ်မှာရှိနေတာကို လူပမာလာမေးခိုင်းတယ်ဆိုတော့”
“ဟစ်...ခစ်ခစ်ခစ်”
“ဘာရယ်တာလဲ..”
“ချယ့်ကိုသာ မနာလိုတယ် အူတိုတယ်နဲ့သာပြောနေတာ ၊ သူကကြ ယောကျာ်းလေး ဖြစ်ပြီးတော့ အူကလက်သည်းခွံလောက်တောင် မရှိပါလား”
“အဲ့လိုမဟုတ်ပါဖူး...”
“ဘာမဟုတ်တာလဲ... ဒီနားမှာမှန်ရှိရင် တစ်ခါထည်းထောင်ပြလိုက်တယ် ၊ သူ့မျက်နှာကဖြင့် အီးမှန်ထားတဲ့ ရုပ်ကြီးနဲ့”
“အဲ့တာထားပါ ကိုပြောတာကို ဖြေပါဦး”
“ခစ်ခစ်...အမလေး..ရယ်ရတာနဲ့ အဖျားတောင်ပျောက်တော့မယ်...အဟွတ်..အဟွတ်”
“ရော့...ရေသောက်လိုက်ဦး”
“ဒီလိုပါကိုရဲ့ ကျော်ကြီး...အဲ ကျော်မျိုးမင်း အဖေနဲ့ ချယ့်အဖေနဲ့က ငယ်သူငယ်ချင်းတွေ... ကိုနဲ့ မျိုးမင်းထက်တို့လိုပေါ့”
“အင်း”
“အဲ့တာ ချယ်တို့ကလည်း တစ်နှစ်ထဲအတူတူမွေးကြတာဆိုတော့ အငယ်ကတည်းက ဆော့ဖော်ဆော့ဖက်လိုဖြစ်နေတာ ၊ သူ့အိမ်ကိုယ့်အိမ်လည်း အမျိုးတွေလို အဝင်အထွက် ရှိနေတာ...အခု ဆေးကျောင်းကြတော့လည်း အတူတူတက်ဖြစ်သွားတော့ အမေက ချယ်သက်သာလားလို့ လမ်းကြုံဝင်ကြည့်ခိုင်းလိုက်တာပါ”
“အင်း...ဒါပေမယ့် သူ့ကိုကြည့်ရတာ တစ်မျိုးကြီးပဲ ၊ ကို သဘောမကျဖူး...ဘာလို့လဲတော့ မသိဖူး”
“ခစ်ခစ်...ကိုတို့ ယောကျာ်း​လေးတွေလည်း မိန်းခလေးတွေလိုပါပဲ ၊ တစ်ခုခုဆို စိတ်ထဲက အလိုလို သိနေကြတာပဲ....အင်း ချယ်..ဆယ်တန်း အောင်ခါစတုန်းက ကျော်ကြီးကလည်း ရည်းစားစာပေးဖူးတယ်”
“အဲ့တော့...ဘာပြန်ပြောလိုက်လဲ”
“ဟင်...ချယ်က ငြင်းလိုက်တာပေါ့ ၊ ချယ့်ရင်ထဲမှာ ကိုရှိနေပြီပဲဟာ....နော်...တအားကြီး အူပုတ်မနေနဲ့တော့”
“အင်း ချယ်က ငြင်းလိုက်တော့ သူကဘာပြန်ပြောလဲ”
“အဲ့အကြောင်းတော့ ထပ်မပြောဖြစ်တော့ပါဖူး ၊ ဆေးကျောင်းရောက်တော့လည်း အတန်းထဲမှာ မေးထူးခေါ်ပြောပါပဲ....တစ်အားကြီး စိတ်ပူမနေပါနဲ့ကိုရယ်... ချယ်က သူနဲ့ဆိုရင် နှာချေးတွဲလောင်းကတည်းက ခင်လာတော့ သူငယ်ချင်းထက် ဆွေမျိုးလိုပဲ သဘောထားတော့တာ ”
“အင်း...ပြီးတာပဲ ၊ ကိုကြည့်ရတာတော့ သူက ချယ့်ကို လက်လျော့သေးတဲ့ပုံမပေါ်ဖူး”
“အဲ့တာတော့ ချယ်လည်း သိပါတယ် ၊ ဒါပေမယ့် စိတ်ချပါ...ချယ့်ကိုယုံတယ်မလား”
“အင်း...”
“အဲ့တာဆိုရင် သူ့အကြောင်းမပြောနဲ့တော့နော်....ကို...ချယ် ခေါက်ဆွဲတွေ မကုန်တော့ဖူး”
“နည်းနည်းလောက် စားလိုက်ပါဦး ၊ ခဏနေကြ ဆေးသောက်ရမှာ အစာရှိဖို့လိုတယ်...”
“ဟင်း...ဒီခေါက်ဆွဲကြီးက စားလို့လည်း သိပ်မကောင်းဖူး”
“နည်းနည်းတော့ စားလိုက်ပါဦး ချယ်ရယ်”
“အင်း...ကို့စကားနားထောင်တဲ့အနေနဲ့ သည်းခံပြီး စားလိုက်ပါ့မယ် ၊ ချယ် လိမ္မာတယ်မလား”
“အင်း....တော်တယ်”
“အဟိ...ခစ်ခစ်”
သန့်ဇင်ကိုသည် သူမအား ခေါက်ဆွဲကျွေးပြီးသည့်နောက်တွင် ဆေးတိုက်ပြီး အိပ်ယာပေါ်တွင် နားစေသည် ။
ပြီးနောက် မျက်ချယ်လှဲအိပ်နေသော ဘေးနားသို့ ဝင်ထိုင်လိုက်ပြီး အောက်ကိုငုံ့ကာ သူမ၏ ဆံပင်ကိုသပ်ပြီး နဖူးလေးကို နမ်းလိုက်လေသည်။
“မွ...”
“အင့်...ကို့ ၊ ချယ်က ညစ်ပတ်နေတာကို လာနမ်းနေတယ်”
“အဖွားကြီးအိုလေးကို နမ်းတယ်လို့ပဲ သဘောထားလိုက်ပါတယ်...ဟဲဟဲ”
“ကိုနော်...”
“မွ...မွ ၊ နေကောင်းမှ မျက်နှာရော လည်တိုင်တစ်ခုလုံးကို အတိုးချပြီး နမ်းပလိုက်မယ်”
“အမလေး...ကြောက်စရာကြီး ၊ နေတောင်မကောင်းရဲ့တော့ဖူး...ခစ်ခစ်”
“ကဲ....ချယ် နားတော့နော် ၊ ကိုလည်း သီဟဆီ သွားတော့မယ်...သူက ထမင်းရော ဟင်းပါ ချက်ထားတယ်တဲ့ ”
“ဟုတ်ပြီ...ကို ၊ ဖြည်းဖြည်းမောင်းနော်...မန္တလေးက ဆိုင်ကယ်တွေ တအားရှုပ်တယ်”
“အင်းပါ...ချယ် ၊ မနက်ဖြန် မနက်စာဘာစားချင်လဲ...ကိုဝယ်လာခဲ့မယ်”
“အင်း... အငယ်တုန်းက ကိုတို့အိမ်မှာ စားတဲ့ရှမ်းခေါက်ဆွဲလေ ၊ ပဲငပိအနှစ်နဲ့ မဟုတ်ပဲ ပုဇွန်ခြောက်ခရမ်းချဥ်သီးချက် အနှစ်နဲ့ဟာလေ...အဲ့တာမျိုး ဝယ်လို့ရမလားမသိဖူး ၊ ချယ်.... စားချင်နေတာကြာပြီ”
“အင်း...ကို ကြည့်ကြပ်ပြီး စီစဥ်လိုက်ပါ့မယ်”
“ဟုတ်...ပြီးတော့ မနက်အစောကြီး မလာခဲ့နဲ့နော်...ချယ်အိပ်ရေးဝအောင်အိပ်မှာ ၊ ၈နာရီခွဲ၉နာရီ လောက်မှလာခဲ့”
“ဟုတ်ပါပြီဗျာ...အဲ့တာဆို ကိုပြန်ပြီနော်...အိမ်သော့ရော ခြံဝန်းတံခါးကိုရော သေချာခတ်ဦး”
“ဟုတ်..”
သန့်ဇင်ကိုသည် မျက်ချယ်၏ အဒေါ်အိမ်မှ ထွက်လာပြီးနောက်တွင် ကိုးတန်း...ဆယ်တန်း တုန်းက ခင်မင်ခဲ့သည့် စာဂျပိုးကောင် “ သီဟဗလ ”၏ အဆောင်ရှိသည့် တက္ကသိုလ် မိန်းလမ်းဘက်သို့ လမ်းညွှန်ဆိုင်းပုဒ်များ ကြည့်ပြီး သွားတော့သည်။
မိန်းလမ်းထဲရှိ သီဟ၏ အဆောင်သို့ ရောက်သောအခါတွင် ဆရာသမားက အဆောင်ရှေ့တွင် ထွက်ပြီးကြိုနေသည် ။
သီဟဗလသည် ကိုးတန်းဆယ်တန်း တုန်းကလို လူကောင် သေးသေးညှက်ညှက် မဟုတ်တော့ပဲ ပိန်ပိန်ရှည်ရှည်နှင့် အသံသြသြဖြစ်နေ၍ သန့်ဇင် မနည်းပုံဖမ်းရသည်။
သီဟဗလသည် သူ၏အဆောင်တွင် နှစ်ယောက်ခန်းကို တစ်ယောက်ထည်း အပိုင်ယူထားပြီး အခန်းထဲတွင် ချက်ပြုတ်သည့် ထမင်းပေါင်းအိုးများ နှင့် ရှုပ်ပွလျက် ရှိလေသည် ၊ သီဟက သန့်ဇင်အား....
“သန့်ဇင် မင်းလွယ်အိတ်ကြီး ကုတင်ပေါ်တင်ထားလိုက် ၊ ထမင်းစားရအောင်ကွာ”
“မင်းကိုယ်တိုင်ချက်ထားတာလား...ဘာတွေချက်ထားလဲ”
“ဆိတ်သားနှပ်နဲ့ ပဲကုလားဟင်း ၊ ဆိတ်သားစားတယ်မလား”
“ငါမစားတာ သစ်သားပဲရှိတယ် ၊ သစ်သားတောင် ဓာတုဗေဒနည်းနဲ့ ပေါင်းခံပြီး စားလို့ရရင် စားအုံးမှာ ဟဲဟဲ”
“သန့်ဇင်...မင်းကတော့ အရင်အတိုင်းပဲနော် ၊ စကားပြောတာရော ငယ်ရုပ်ရော သိပ်မပျောက်ဖူး”
“ဟုတ်တယ်...မင်းကတော့ အငယ်ကရုပ်နဲ့ကိုမတူတော့ဖူး ၊ ပိန်ပိန်ရှည်ရှည် အသံသြသြနဲ့ ဂျပန်အောကားထဲက ကြာကူလီရုပ်ပေါက်နေပြီ”
“အေးပါကွာ...မင်း အခု မျက်ချယ်နဲ့ပဲတွဲနေတာမလား”
“ဟုတ်တယ်...ဆယ်တန်းပြီးကတည်းကပဲ...မင်းရော ”
“ငါလည်း ကျောင်းကတစ်ယောက်နဲ့တွဲနေပြီ...ပြီးမှဓာတ်ပုံပြမယ်”
“ မေဂျာတူပဲလား..”
“မဟုတ်ဖူး...သူက အင်္ဂလိပ်မေဂျာက”
“အော်...”
“သူသူဟန်ရော...GTC ရောက်နေတယ်ကြားတယ် ၊ သူလည်း ရည်းစားရလောက်ပြီထင်တယ်”
“မင်းတို့ကောင်တွေကတော့ စကားပြောရင် သူ့အကြောင်းလေးကပါလိုက်ရမှ ၊ ဘဲရနေပြီလို့တော့ ကြားတာပဲ..ငါလည်း သေချာမသိပါဖူးကွာ”
“အင်း... အငယ်တုန်းက Crush ဆိုတော့လည်း သတိရတာပေါ့ကွာ ၊ မင်းကတော့ ငယ်ချစ်နဲ့ ရည်းစားဖြစ်ထားတော့ ပြောအားရှိတာပေါ့”
“ကိုယ့်ကံနဲ့ကိုယ်ပဲလေကွာ....ဟဲဟဲ”
“လာကွာ....ထမင်းအရင်စားရအောင်..ပြီးမှ မိန်းထဲလမ်းလျောက်ပြီး စကားပြောကြတာပေါ့”
“အေး...ငါလည်းဗိုက်ဆာနေပြီ”
သန့်ဇင်ကိုနှင့် သီဟတို့သည် ခေါက်သိမ်း၍ရသည့် စားပွဲခုံအပုလေးတွင် ညနေစာ ထမင်းအတူစားရင်း အရင်တုန်းက အကြောင်းများ နှင့် တက္ကသိုလ်အကြောင်းများကို ပြောဖြစ်ကြသည်။
ထမင်းစားပြီးချိန်တွင် မိန်းလမ်းထဲသို့ လမ်းလျောက်ထွက်ကြပြီး မဒီလေးများအားကြည့်ရင်း မျက်စိအစာကျွေးကာ ရောက်တက်ရာရာ စကားပြောကြသည်။
သန့်ဇင်က မျက်ချယ်အတွက် ဗမာရှမ်းခေါက်ဆွဲ လုပ်ပေးရန်အတွက် လိုအပ်သည့် ပုဇွန်ခြောက်ငပိချက်အတွက် သီဟအား အကူအညီတောင်းလေသည် ။
သီဟကလည်း ဟင်းချက် ဝါသနာပါသူဖြစ်၍ အနီးအနားရှိ ညစျေးတစ်ခုသို့ သွားပြီး လိုအပ်သည်များကို ဝယ်ယူပြီး အဆောင်သို့ ပြန်ခဲ့ကြသည်။
အဆောင်သို့ ပြန်ရောက်သောအခါတွင် သန့်ဇင်က သူ့အမေ၏ ဟင်းချက်နည်းအတိုင်း ခရမ်းချဥ်သီးအနှစ်ဟင်းကို စချက်သည် ။
အငယ်တုန်းက မီးဖိုချောင်ထဲတွင် အမေဟင်းချက်သည်ကို ခဏခဏကူခဲ့ဖူး၍ လုပ်ရသည့်အဆင့်များကို မှတ်မှိနေသည် ၊ ဘေးနားတွင်လည်း သီဟက ကူညီပြီး ချက်ပေး၍ အနံ့မွှေးမွှေးနှင့် အရသာအဆင်ပြေသော ခေါက်ဆွဲဟင်းအနှစ် ရရှိလာလေတော့သည်။
မနက်ခင်း ၆နာရီခွဲတွင် သီဟက သန့်ဇင်အား အိပ်ရာမှနိုး၍ ရှမ်းခေါက်ဆွဲဖတ်ဝယ်ရန် စျေးကို သွားကြသည် ။
စျေးတွင် ရှမ်းခေါက်ဆွဲ အစီး အစိတ်သားနှင့် တရုတ်မုန့်ညှင်းချဥ် တစ်ထုပ်ကို ဝယ်ခဲ့ပြီး အဆောင်သို့ပြန်အရောက်တွင် သန့်ဇင်ကို၏ လက်ရာဖြစ်သော ဗမာရှမ်းခေါက်ဆွဲ လုပ်စားလိုက်ကြသည်။
သန့်ဇင်ကိုသည် မနက်စာ ရှမ်းခေါက်ဆွဲ စားပြီးသောအချိန်တွင် လိုအပ်သည့် အစာပလာများနှင့် ဟင်းအနှစ်ကို ဂျိုင့်ဖြင့်ထုတ်ခဲ့ပြီး မျက်ချယ်ဆီသို့ သွားသည်။
သူမနှင့် ချိန်းဆိုထားသည့် အချိန်ထက် အနည်းငယ်စောနေသေး၍ လက်ဖက်ရည်ဆိုင်တွင် ပုံမှန်တစ်ခွက်မှာသောက်ပြီး ဝိုင်ဖိုင်သုံးကာ အချိန်ဖြုန်းနေလိုက်သည်။
ထိုအချိန်တွင်ပင် အိမ့်မျက်ချယ်ဆီမှ ဖုန်းဝင်လာပြီး “ လာခဲ့လို့ရပြီနော်”ဟု အကြောင်းကြား သဖြင့် လက်ဖက်ရည်ဆိုင်မှ ထလာခဲ့လိုက်သည် ။
အိမ်ခြံဝန်းအရှေ့သို့ အရောက် အပေါက်ဝတွင် သူ့အားစောင့်ကြိုနေသည့် အိမ့်မျက်ချယ်အား တွေ့လိုက်ရသည် ၊ သူမက....
“ကို...ချယ်..ဗိုက်တအားဆာနေပြီ ၊ ၈နာရီတောင်ကျော်နေပြီကို ”
“မနေ့ကတုန်းကချယ်ပဲ အိပ်ရေးဝအောင်အိပ်မှာဆိုလို့ ကိုက နောက်ကျမှလာတာလေ”
“မသိဖူး...မသိဖူး...မြန်မြန်ဝင် ၊ ဗိုက်တအားဆာနေပြီ”
“အသံရော..လူရော မာနေပြီဆိုတော့ နေကောင်းသွားပြီထင်တယ်”
“အင်း..မနက်က အစောကြီးနိုးနေတာ..ဗိုက်ဆာနေလို့ ကွတ်ကီးတွေတောင်စားထားတယ်”
“ဟုတ်ပါပြီ...ချယ် ၊ မီးဖိုချောင်ထဲသွားပြီး ခေါက်ဆွဲဖျောဖို့ ရေနွေးတည်ထားလိုက်”
“အင်း..အင်း”
မျက်ချယ်တစ်ယောက် ဘယ်လောက်ပင် ဗိုက်ဆာနေသည်မသိ...သန့်ဇင်ကို၏ လက်မှ ဂျိုင့်များဆွဲသွားပြီး မီးဖိုခန်းထဲသို့ အပြေးဝင်သွားသည် ၊ သန့်ဇင်ကတော့ ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ပြီး ရေနွေးဆူသောအခါတွင် သူမအတွက် ခေါက်ဆွဲပြင်ပေး လိုက်သည်။
နေမကောင်းဖြစ်ပြီး နလန်ထူခါစ ချစ်သူလေးသည် သူ၏ ခေါက်ဆွဲကို နှစ်ပန်းကန်ကုန်အောင်စားသည် ၊ ခေါက်ဆွဲစားပြီးနောက် သန့်ဇင်ကို ပါဆယ်ဝယ်လာသည့် လက်ဖက်ရည်ကိုလည်း သောက်လိုက်သေးသည်။ စားပြီးသောက်ပြီးနောက်တွင် သူမက...
“အား....အခုမှပဲ နေသာထိုင်သာရှိသွားတော့တယ်...ဟီးဟီး”
“စားလို့ကောင်းတယ်မလား”
“ကောင်းလို့ နှစ်ပန်းကန်တောင် ကုန်သွားတာပေါ့လို့...ဟိဟိ ၊ ကို...ပန်းကန်တွေ ချယ်ပဲ ဆေးလိုက်မယ် ကို..မဆေးနဲ့တော့”
“အင်း...ကို...နေ့လည်စာ ထမင်းချက်လိုက်ရမလား ၊ နေကောင်းပြီဆိုတော့ ထမင်းစားချင် မလားလို့”
“အပြင်ထွက်စားမယ်...ကို ၊ ချယ်..ဝယ်ကျွေးမယ်”
“ လျောက်လည်မလို့လား..”
“အင်းလေ....ကို ဒီကိုလာလည်တုန်း ချယ်နေမကောင်းတာကို ပြုစုပြီး ပြန်သွားလို့မှ မကောင်းတာ ၊ အခုနေပြန်ကောင်းပြီဆိုတော့ အပြင်သွားလည်မယ်လေ... ကို Marvel က ရုပ်ရှင်ကားတွေကြိုက်တယ်မလား... Thor: The dark world ထွက်လို့ ချယ်..လက်မှတ်ဖြတ် ထားတယ်”
“ဟင်....မြန်လှချေလား”
“မနက်အစောကြီးနိုးပြီး ဘာမှလုပ်စရာမရှိတော့ လျောက်လည်ဖို့ အစီအစဥ်တွေဆွဲနေတာ... ဟိဟိ ၊ ကို ဧည့်ခန်းထဲမှာပဲ ခဏစောင့်နော် ချယ်..ရေချိုးပြီး ပြန်ထွက်ခဲ့မယ်”
“အင်းပါ...ဟုတ်ပါပြီ”
မျက်ချယ်က သူ့ကို ဧည့်ခန်းထဲတွင် စောင့်ခိုင်းခဲ့ပြီး ရေချိုး အလှပြင်သည်ကို ၄၅မိနစ်ခန့် ကြာအောင် စောင့်လိုက်ရသည် ၊ အခန်းထဲက ပြန်ထွက်လာတော့ အနက်ရောင် ဂါဝန်ရှည်လေး ဝတ်ဆင်ထားသည့် တက်ကြွလန်းဆန်းနေသော သူမထွက်လာလေသည်။
သန့်ဇင်က သူမ၏အနားသို့သွားပြီး တစ်ကိုယ်လုံးကို ပွေ့ဖက်လိုက်ပြီး မျက်နှာတစ်ပြင်လုံးကို နမ်းရှုံ့လိုက်လေသည် ၊ သူမက...
“အင့်....ကို့...ဒီတစ်ခါတော့ အဖွားကြီးအိုလေး အနံ့မရတော့ဖူးမလား”
“ဟင့်အင်း ဒီတစ်ခါတော့ အပျိုဖြန်းအနံ့လေး....မွ...မွ”
“တော်ပါတော့ကိုရယ်... နမ်းလို့ကို မပြီးတော့ဖူး ၊ အပြင်သွားကြရအောင်”
“ဟုတ်ပြီလေ...ကို့ကိုလည်း အာဘွားပေးဦး”
“အာဘွား...မွ”
မျက်ချယ်က သန့်ဇင်ကို၏ နဖူးအား ခြေဖျားထောက်ပြီး အနမ်းပေးလိုက်သည် ၊ ပြီးနောက် သန့်ဇင်၏ လက်ကိုဆွဲကာ အိမ်အပြင်သို့ ခေါ်ထုတ်ခဲ့တော့သည်။
သူမ၏ အစီအစဥ်အရ သိပ္ပံလမ်းဖက်တွင် အသစ်ဖွင့်လှစ်ထားသည့် New Ocean ကုန်တိုက်ရှိသော “မင်္ဂလာ မန္တလေး” သို့သွားလည်ကြလေသည်။
နေ့လည်စာကို Ocean အပေါ်ဆုံးထပ်ရှိ သူမကြိုက်နှစ်သက်သည်ဟုဆိုသော ကိုရီးယား အစားအသောက်များ ရောင်းသောဆိုင်တွင် ခေါ်ကျွေးသည် ၊ သန့်ဇင်ကိုလည်း သူမမှာကျွေးသည့် ချိုချိုစပ်စပ် ကိုရီးယား အရသာများကို ကြိုက်နှစ်သက်သဖြင့် တစ်ခုပြီး တစ်ခုစားပြီးနောက်တွင် ပိုက်ဆံရှင်းသည့် အချိန်ရောက်မှ ငွေပမာဏကိုကြည့်ပြီး မျက်လုံးပြူးသွားတော့ လေသည်။
နေ့လည်စာစားပြီးချိန်တွင် ရုပ်ရှင်ရုံသို့သွားပြီး ဇာတ်ကားကြည့်ကြသည် ၊ အတွဲခုံတွင် ထိုင်သော အတွဲများ၏ ထုံးစံအတိုင်း ဟိုပွတ်ဒီကိုင် ဟိုနမ်းဒီနမ်း များလုပ်ဖြစ်သော်လည်း ဇာတ်လမ်းကောင်းသဖြင့် အဲ့ဖက်သို့ အာရုံမရောက်လိုက်ချေ။
မျက်ချယ်က သန့်ဇင်ကို၏ ပုခုံးပေါ်မှီရင်း လည်ပင်းကို ဖွဖွလေးနမ်းကာ “ကို...မနက်ဖြန် မပြန်ပါနဲ့ဦး”ဟူ၍ ချွဲနွဲ့ပြီး ပြောလေရာ သန့်ဇင်မှာ ချက်ချင်းခေါင်းညိမ့်လိုက်ရတော့သည်။
ရုပ်ရှင်ကြည့်ပြီးနောက်တွင် မင်္ဂလာမန္တလေး ဝန်းထဲတွင် လျောက်လည်ပြီး ဓာတ်ပုံရိုက်ကာ မုန့်စားပြီးနောက်တွင် ပြန်ခဲ့ကြလေသည်။
ညနေပိုင်း မျက်ချယ်အား အိမ်ပြန်ပို့ပြီးချိန်တွင် သီဟ နှင့်အတူတူ ဆိုင်ကယ်လျောက်စီး ကြသည် ၊ သီဟက သူ့ကောင်မလေးကိုပါခေါ်ပြီး သန့်ဇင်နှင့်မိတ်ဆက်ပေးရင်း မာလာဟင်းဆိုင်တွင် အတူတူစားသောက်ကြသည်။
စားသောက်ပြီးချိန်တွင် မန္တလေးကျုံးဖက်သို့ သွားကာ လမ်းလျောက်ကြပြီး ညမှောင်မှ အဆောင်သို့ ပြန်ခဲ့ကြလေ တော့သည်။
တနင်္လာနေ့ မနက်ခင်းတွင် သန့်ဇင်ကိုသည် ကျောင်းပြန်ရောက်နေရမည် ဖြစ်သော်လည်း မျက်ချယ်က ဆွဲထားသဖြင့် တောင်တမန်အင်းနှင့် ဦးပိန်တံတားဖက်သို့ နှစ်ယောက်အတူ ကျောင်းလစ်ပြီး လျောက်လည်ကြလေသည်။
သမီးရည်းစားနှစ်ယောက်အတူတူ ချိန်းတွေ့ပြီး လျောက်မလည်ရသည်မှာ ကြာပြီဖြစ်၍ သန့်ဇင်ကိုရော မျက်ချယ်ပါ ပျော်ရွှင်နေကြသည်။
ဒီတစ်ခေါက် ချိန်းတွေ့သည့် အခါတွင် အိမ်မျက်ချယ်၏ ဆွေမျိုးမိတ်ဆွေများ ပေါ်မလာတော့ သဖြင့် သန့်ဇင်ကိုအတွက် စိတ်ချမ်းသာရာ ရနေသည် ။
သို့သော်လည်း နေ့လည်စာ စားနေချိန်တွင် သူမ၏ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်သဖြင့် အခြေအနေတစ်မျိုး ပြောင်းသွားပြန်သည်။
“ချယ်.....သူငယ်ချင်းက ဘာတဲ့လဲ”
“နေ့လည် Bio အချိန်မှာ ဖားကိုခွဲစိတ်ရမှာတဲ့...အဲ့တာ ချယ်က ခွဲစိတ်တဲ့ လေ့ကျင့်ခန်းကို မျှော်နေတော့ အတန်းမပျက်ဖို့ လှမ်းပြောတာ”
“အဲ့တာဆို ကို ချယ့်ကို ပြန်လိုက်ပို့မယ်လေ”
“အင်း....ချိန်းတွေ့တိုင်း ကိစ္စက ပေါ်ပေါ်လာတော့... ကို့ကိုလည်း အားနာတယ်”
“ ရပါတယ်ချယ်ရယ်...ဒီတစ်ခေါက် ချယ့်အမျိုးတွေမဟုတ်တာပဲ ကျေးဇူးတင်နေတာ ၊ မဟုတ်ရင် ဦးပိန်တံတားပေါ်ကနေ ဒိုင်ဗင်ပြစ်ဆင်းနေရမှာ...ဟဲဟဲ”
“ခစ်ခစ်..ကိုကတော့လေ ၊ အဲ့တာဆိုလည်း သွားကြရအောင်လေ...ကိုလည်း ကျောင်းကို စောစောပြန်ပေါ့”
“အင်း...”
“ချယ့်ကို အိမ်ကိုအရင်လိုက်ပို့ဦး ၊ စာအုပ်လည်းယူ အဝတ်အစားကော လဲဝတ်ရအုံးမှာ”
“ဟုတ်ပြီလေ...သွားမယ်”
“အင်း...”
ထိုသို့ဖြင့် ကျောင်းလစ်ပြီး လည်ပတ်သည့် ခရီးစဥ်သည် နေ့တစ်ပိုင်းတွင် ပျက်သွားပြီး သူမအား ကျောင်းသို့ ပြန်လိုက်ပို့လိုက်ရသည် ။
သူမအိမ်သို့ဝင်ပြီး အဝတ်အစားလဲကာ ဆေးတက္ကသိုလ်သို့ သွားရာတွင် တစ်နာရီခန့် အချိန်ပိုနေသေးသဖြင့် ( ၇၄လမ်း ၃၁×၃၂ ) ရှိ “တွတ်ပီ” ဝက်သားတုတ်ထိုးဆိုင်တွင် အချိန်ဖြုန်းကြသည်။
သန့်ဇင်က ဝက်အသည်းကြော် တစ်ချောင်းကို အချဥ်ရည်ထဲနှစ်စားရင်း မျက်ချယ်အား....
“ချယ်...ဖားက အရှင်ကိုခွဲရတာလား...အသေကို ခွဲရတာလား”
“စီနီယာတွေပြောတာတော့ ဖားအရှင်တွေကို အုတ်ခုံစောင်းနဲ့ရိုက်ပြီး သေမှခွဲရတာတဲ့ ၊ သေမှပဲ ခွဲလို့ကောင်းမှာပေါ့...ကိုရဲ့ မဟုတ်ရင် လှုပ်စိလှုပ်စိနဲ့ ဖြစ်နေမှာပေါ့”
“အမလေး...တွေးရင်းကို ကြက်သီးတွေထလိုက်တာ”
“ကိုကတော့လေ...ယောကျာ်းလေးဖြစ်ပြီး အသည်းနုလိုက်တာဆို”
“နုနုပဲ... ထ ၂တုန်းကတောင် သိပ္ပံအခန်းထဲက ဆေးရည်စိမ်ထားတဲ့ ပုလင်းထဲက အကောင်တွေတောင် မကြည့်ရဲဖူးရယ်....”
“ဖြစ်ရမယ်...အခုဟာ ဖားကိုအရင်သတ် ပြီးရင် လက်တွေခြေထောက်တွေကို သံနဲ့စိုက်ပြီး ဗိုက်ကိုခွဲ ၊ ပြီးမှ ကလီစာတွေကို တစ်ခုချင်း လေ့လာရတာ”
“တော်ပါတော့ချယ်ရယ်...ဒုတ်ထိုးတောင် မစားချင်တော့ဖူး”
“ခစ်ခစ်ခစ်......စား...စားကို မစတော့ဖူး...ဟီးဟီး”
“ချယ်...အတန်းချိန်ဘယ်တော့စမှာလဲ”
“တစ်နာရီထိုးမှပါ.....အဲ မတ်တင်းနေပြီ ၊ ကို စားနေတာ လက်စသတ်ပြီး ချယ့်ကို လိုက်ပို့တော့”
“ပြီးပြီ....ရှင်းဖို့ခေါ်လိုက်တော့”
“အင်း”
သန့်ဇင်ကိုသည် အိမ့်မျက်ချယ်အား ဆေးတက္ကသိုလ် ကျောင်းအပေါက်ဝ အရှေ့အထိ လိုက်ပို့ပေးလိုက်သည် ၊ သူမကလည်း အခုလို ရည်းစားကကျောင်းကို လိုက်ပို့ပေးသည့် အခိုက်အတန့်ကို အမြဲလိုလို လိုချင်ခဲ့သည်ဟု ပြောလေသည်။
မျက်ချယ်တစ်ယောက် သူ့အားနှုတ်ဆက်ပြီး ကျောင်းသားကဒ်ကိုဆွဲကာ ကျောင်းဝန်းထဲသို့ ဝင်သွားသည်ကို သန့်ဇင်ကိုသည် ဆိုင်ကယ်ပေါ်ကနေ ငေးကြည့်နေမိသည်။
အိမ့်မျက်ချယ် ကျောင်းဝန်းထဲသို့ ဝင်သွားပြီးသော်လည်း မန္တလေးဆေးတက္ကသိုလ် ကျောင်းအရှေ့တွင် သန့်ဇင်ကိုသည် ဟိုငေးဒီငေးဖြင့် ငေးကြည့်နေမိသည် ၊ ဆေးကျောင်းသားကျောင်းသူ အများစုသည် စာတော်ကြပြီး ငွေကြေးကြွယ်ဝသည့် မိသားစုများမှ ဖြစ်ရာ ရုပ်ရည်များမှာ သန့်ပြန့်နေကြလေသည်။
သူကြည့်မိသည့် ကျောင်းသားတော်တော်များများသည် မျက်မှန်တပ်ထားကြပြီး  ဆရာဝန်များ ဝတ်သည့် White cote အရှည်ကို ဝတ်ဆင်ထားကြသည်။
သန့်ဇင်ကိုသည် မန္တလေးမှ စဥ့်ကိုင်မြို့သို့ အပြန်ခရီးစဥ်တွင် မျက်ချယ်နှင့် လျောက်လည်ခဲ့သည့် အကြောင်းများကို စားမြုံ့ပြန်ကာတွေးရင်း ဆိုင်ကယ်စီးခဲ့သည် ။
ထိုသို့ တွေးနေရင်းဖြင့် သူ့ရင်ထဲတွင် စိုးရိမ်မိနေသော အကြောင်းအရာတစ်ခုကြောင့် စနိုးစနောင့် ဖြစ်သွားရသည်။
အိမ့်မျက်ချယ်သည် သူ့အပေါ်တွင် အမြဲလိုလို ဂရုစိုက်ကာ ချစ်ပေးပါသော်လည်း သူမအိမ်ကိုတော့ ရည်းစားထားကြောင်း သိသွားမှာ အလွန်စိုးရိမ်မိသည်။
အရင်တုန်းက သူမ အိမ်ကလူကြီးများ သိသွားမည်ကို စိုးရိမ်သည်မှာ တခြားမိသားစုများက မိန်းခလေးများလို အသက်ငယ်သေး၍ ဖြစ်မည်ဟု သူထင်ခဲ့သည်။
အခုတော့ “ ကျော်မျိုးမင်း ”ဆိုသည့် သူမ၏ ငယ်သူငယ်ချင်း ဆေးကျောင်းသားနှင့် သူ့ကိုယ်သူ ယှဥ်ကြည့်လိုက်သော အခါတွင် အလိုလို အားငယ်မိသွားသည်။
မျက်ချယ်က သူ့အပေါ်တွင် သစ္စာရှိစွာ ချစ်သည်ဟု သန့်ဇင်ကို ယုံကြည်သော်လည်း မသိစိတ်၏ ထောင့်တစ်နေရာက ဝမ်းနည်းစွာ စိုးရိမ်နေမိသည်။
အဘယ့်ကြောင့်ဆိုသော် သမီး မိန်းခလေးတစ်ယောက်ထည်း အိမ်တွင်ဖျားနေသည်ကို သူမ၏ မိဘများက ယုံကြည်အားကိုး၍သာ လမ်းကြုံဝင်ကြည့်ခိုင်းသည် မဟုတ်လား........ 
မြန်မာဇာတ်ကားတွေထဲကလို မိဘချင်း သဘောတူထားတာတွေ မရှိပါစေနဲ့ဟု သေးသိမ်စွာ ဆုတောင်းမိလိုက်သည်။
သန့်ဇင်ကို အနေဖြင့် အိမ့်မျက်ချယ်အပေါ်တွင် သူထားရှိသည့် ချစ်ခြင်းမေတ္တာနှင့် သံယောဇဥ်ကို မည်သူမျှ မယှဥ်နိုင်မှန်း သိသော်လည်း အနာဂတ် မရေရာသေးသည့် သူ့အကြောင်းသူလည်း သိနေပြန်သည်။
နောက်ပိုင်း အချိန်ကာလများတွင် မိသားစုအတွက် အကြီးဆုံးသားတစ်ယောက် အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကြောင့် ချစ်သူအတွက် လုံလောက်မည့် ဂရုစိုက်မှုနှင့် အချိန်မပေးနိုင်မည်ကို သန့်ဇင်ကို စိုးရိမ်မိသည်။
မျက်ချယ်က သူ့အား သစ္စာမပျက်ဟု ယုံကြည်သော်လည်း မပြည့်စုံသည့် သူ့ဘဝကိုတော့ သန့်ဇင်ကို ယုံကြည်ချက် မရှိချေ ။
သန့်ဇင်ကိုသည် အိမ့်မျက်ချယ်၏ လက်ရှိရည်းစားဖြစ်သော်လည်း သူမ၏ ငယ်သူငယ်ချင်း ဖြစ်သော ကောင်လေးအား မနာလိုဖြစ်မိသော သူ့ကိုယ်သူ့  လှောင်ရယ်မိသည်။
ငယ်စဥ်က ကျောင်းတွင် ဆင်းရဲပြီး စာညံ့သဖြင့် ဆရာမများ၏ အဖိနှိပ်ခံ အနှိမ်ခံဖြစ်ခဲ့ဖူးသည့် သန့်ဇင်ကို၏ ကိုယ်နှင့် အားကြီးသူနှင့်ယှဥ်လျင် အားငယ်တက်သည့် အငုံစိတ်သည် တက္ကသိုလ်ကျောင်းသား ဖြစ်သည့်တိုင်အောင် မပျောက်သေးချေ ။
အိမ့်မျက်ချယ်၏ ချမ်းသာသော ဆွေမျိုးအသိုင်းအဝိုင်း ပတ်ဝန်းကျင်နှင့် ဆေးတက္ကသိုလ် အတူတက်နေသည့် ကျော်မျိုးမင်းတို့ အကြောင်းအား စဥ်းစားရင်း သူ့အခြေအနေနှင့် ယှဥ်မိသောအခါ ဝမ်းနည်းလာမိသည်။
ဆိုင်ကယ်စီးနေရင်း ဆေးကျောင်းအရှေ့တွင် တွေ့ခဲ့ရသည့် သန့်ပြန့်နေသော ကျောင်းသားများအကြောင်း စဥ်းစားပြီး သူ့ကိုယ်သူငုံ့ကြည့်မိလိုက်သည်။
တစ်သောင်းကျော်တန် ကွင်းထိုးဖိနပ်လေး....ဟောင်းနွမ်းနေသည့် ဂျင်းဘောင်းဘီတစ်ထည် .....အရောင်လွင့်နေသည့် တီရှပ်နှင့် တရုတ်ဖြစ်ဆိုင်ကယ်ဦးထုပ်ကို ဆောင်းထားသည့် ကောင်လေးကိုတွေ့လိုက်ရသဖြင့် သက်ပြင်းအရှည်ကြီး တစ်ခုကို မှုတ်ထုတ်မိလိုက်သည်။
သန့်ဇင်ကိုသည် အိမ့်မျက်ချယ် ငယ်စဥ်ကပြောခဲ့ဖူးသော စကားတစ်ချို့ကို ပြန်လည် သတိရမိသည်။
သူမပြောခဲ့သည်မှာ မိဘများ ပိုင်ဆိုင်ထားသည့် ပိုက်ဆံသည် မိဘများ၏ အစွမ်းအစဖြင့်သာ ရှာဖွေထားသည်ဖြစ်၍ သားသမီးနှင့် မဆိုင်ပါ ဟူ၍ ဖြစ်သည်။
ငယ်စဥ်က ထိုစကားကို မှန်သည်ဟု ထင်ခဲ့မိသော်လည်း အသက်အရွယ် ကြီးလာသည်နှင့် အမျှ မိဘပိုက်ဆံသည် သားသမီးများနှင့် တိုက်ရိုက်သက်ဆိုင်ပြီး လူမှုဆက်ဆံရေး... ပညာရေး နှင့် အချစ်ရေးတွင်ပါ သက်ရောက်မှုရှိကြောင်း နားလည်ခဲ့လေပြီ.....
ဆယ်တန်းအောင်သည့် အမှတ်ချင်းတူခဲ့လျင်တောင် ထိုကျောင်းသားနှစ်ဦး၏ ရှေ့ရေးသည် မိဘများ၏ ငွေကြေးထောက်ပံ့မှုပေါ် မူတည်သေးသည်။
ငွေကြေးချမ်းသာသည့် မိဘမှ မွေးဖွားလာသည့် ကျောင်းသားအတွက် ပညာသင်တန်းကျောင်းမျိုးစုံကို စိတ်ဖြောင့်စွာ အေးဆေးတက်နိုင်သည်။
ပညာသင်ပြီးလျင်လည်း မိဘများ၏ အသိုင်းအဝိုင်းမှ အဆက်အသွယ်ဖြင့် လစာကောင်းသောအလုပ် နှင့် နေရာရာထူးတစ်ခုကို အသာလေး ရရှိနိုင်သည် ။
ပညာနှင့် ဥစ္စာပြည့်စုံသော သူတစ်ယောက်အတွက် အချစ်ရေး ကိစ္စမှာ အလိုအလျောက် ပြည့်စုံပြီးသား ဖြစ်နေလိမ့်မည် ဖြစ်သည်။
သန့်ဇင်တို့လို ငွေကြေးမပြည့်စုံသည့် အသိုင်းအဝိုင်းမှ လူငယ်များသည် ဆယ်တန်းအမှတ် ကောင်းခဲ့လျင်တောင် အနောက်ကနေ ထောက်ပံ့ပေးမည့် မိဘက အားမရှိသဖြင့် ကြိုးစားတိုင်း ဘုရားဖြစ်နိုင်မည့် အခြေအနေမရှိချေ။
သူကိုယ်တိုင်လည်း အလုပ်ဝင်နေရပြီ ဖြစ်သဖြင့် မမျှတသည့် လောကကြီး၏ အကြောင်းကို သိရှိနားလည်စ ပြုလာရသည်။
သန့်ဇင်ကိုသည် စိတ်ဓာတ်ကျစရာများကို ထပ်ပြီး မတွေးလိုသဖြင့် အတွေးစကို ဖြတ်လိုက်ပြီး ချစ်ရသည့် “အိမ့်မျက်ချယ်” အကြောင်းတွေးပြီး အားပြန်တင်းလိုက်သည်။
သူ့အပေါ်တွင် အမြဲလိုလို ယုံကြည်အားကိုးပြီး မျှော်လင့်ချက် အပြည့်ဖြင့် ဘေးနားတွင် ရှိပေးခဲ့သည့် အမေနှင့် မျက်ချယ်အတွက် သူစိတ်ဓာတ်ကျနေ၍ မဖြစ်ဟု တွေးလိုက်သည်။
အိမ့်မျက်ချယ်အကြောင်း တွေးမိလိုက်သောအခါ သန့်ဇင်ကိုရင်ထဲတွင် နွေးထွေးလာပြီး အားအင်တွေ ပြန်လည်ပြည့်ဝလာသည် ။
နောက်ပြီး “ငါနင့်အနောက်ကို ကြိုးစားပြီး အမှီလိုက်ခဲ့မယ်” ဆိုသည့် သူမကိုပေးထားသည့် ဂတိကိုလည်း တည်နိုင်အောင် ကြိုးစားရ လိမ့်အုံးမည် ဖြစ်သည်။
ထို့ကြောင့် သန့်ဇင်ကိုသည် မျက်ချယ်နှင့်အတူ ရှေ့ဆက်လျောက်ရအုံးမည့် အနာဂတ်ကိုသာ တွေးပြီး အားပြန်တင်းကာ နားကြပ်တပ်သီချင်းနားထောင်ရင်း ကွန်ပျူတာတက္ကသိုလ်သို့ ပြန်လာခဲ့တော့ လေသည်။
Ga verder met lezen
Dit interesseert je vast
206K 23.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.6M 66.2K 77
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
643K 60.8K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
457K 23.5K 51