Chapter Nine: : သူသူဟန်
သင်္ကြန်ပွဲတော်ရက်ပြီးသည့် နောက်ပိုင်းရက်များတွင် သန့်ဇင်ကိုတို့လို အလယ်တန်းကနေ အထက်တန်းသို့ ကူးပြောင်းသည့် ကျောင်းသားများအားလုံး၏ နွေရာသီကျောင်းပိတ်ရက် များသည် တရားဝင်ပြီးဆုံးသွားခဲ့လေပြီ ။
အမေဖြစ်သူက ရက်ကွက်နှင့်မနီးမဝေးတွင် တစ်ပိုင်တစ်နိုင်ဖွင့်သည့် နာမည်သိပ်မရှိသည့် ဘော်ဒါဆောင်လေးတွင် သန့်ဇင်ကိုအား အပ်ထားလိုက်လေပြီ ၊ မျိုးမင်းထက်ကတော့ စံနန်းထက်ဘော်ဒါသို့ ညအိပ်ညနေ ပြောင်းသွားပြီ ဟူ၍ သတင်းကြားရသည်။
သန့်ဇင်ကိုလည်း ဘော်ဒါဆောင်တွင် ညအိပ်ညနေမနေရသော်လည်း Tv ကြည့်ဖို့မပြောနှင့် ဝတ္ထုစာအုပ်ပင်မကိုင်နိုင်တော့.........
မနက်ဆိုလျင် ၆နာရီကနေ ၁၀နာရီအထိ ကျူရှင်တစ်ပိုင်း ၊ နေ့လည်အိမ်ပြန် ခဏနားပြီးလျင် နေ့လည် ၁နာရီ မှ ညနေ ၆နာရီ အထိ ဖင်ကျိန်းအောင် ထိုင်ပြီးစာသင်ရပြန်သည်။
ည၇နာရီခွဲ မှ ၁၀နာရီအထိကလည်း ဘော်ဒါဆောင်တွင် ည study ထိုင်ရသဖြင့် လူလည်းသေချင်စော်နံကာ ကျောင်းမြန်မြန်ပြန်ဖွင့်ဖို့ကိုပင် စောင့်မျှော်နေရ လေသည်။
ဘော်ဒါဆောင်၏ ကျူရှင်ပိတ်သော တနင်္ဂနွေနေ့တစ်ရက်သာ နားရက်ရသဖြင့် အသက်ရှူချောင်သည် ၊ သို့သော်လည်း အဆောင်ကပေးလိုက်သည့် အိမ်စာများနှင့် ထပ်မံအလုပ်ရှုပ်လေရာ လူလိမ္မာလုပ်ရတာမလွယ်ပါလားဟု သန့်ဇင်ကိုတွေးမိသည်။
ကျူရှင်က အင်္ဂလိပ်စာ သဒ္ဒါသင်လျင် မျက်ချယ်ကို သတိရမိပြန်သည်......သူမလည်း အခုချိန်ဆို သူ့လိုပဲ အဆောင်တစ်ခုမှာ စာသင်နေရလိမ့်မည် ၊ မတွေ့ရတာ တစ်လကျော်သည့် အချိန်ကာလက သူ့စိတ်ထဲတွင် တစ်နှစ်ကျော်ခန့်မျှကြာနေသလို ခံစားရသည် ။
သူမအကြောင်းတွေးမိလျင် အဆုံးသတ်အတွေးတစ်ခုက ကျောင်းမြန်မြန်ပြန်ဖွင့်ပါစေ ဟူ၍သာ ဖြစ်သည်။
နေ့မအားညမအား ကျူရှင်နှင့်အိမ်ကို လိမ်ဖယ်လိမ်ဖယ်နှင့် ဖြတ်သန်းပြီးနောက် အောင်စရင်းများထွက်ပြီး ကျောင်းအပ်လက်ခံသည့်အချိန်သို့ ရောက်ရှိလာသည် ။
အငယ်တုန်းကဆို နွေရာသီကျောင်းပိတ်ရက် ဆော့လို့မဝသေး၍ ကျောင်းအပ်ရမည့် အချိန်ရောက်လျင် စိတ်ညစ်ဖွယ်ကောင်းသော်လည်း အခုတော့ ပိတ်ရက်တွင် စာတွေချည်း သင်နေရသဖြင့် ကျောင်းပြန်ဖွင့်တော့မည်ဆိုသည့် သတင်းမှာ ပျော်စရာအတိဖြစ်နေသည်။
ကျောင်းသွားအပ်သော အချိန်တွင် သန့်ဇင်က သိပ္ပံအတွဲယူပြီး ယခင်နှစ်က ဖြေထားသော အမှတ်စုစုပေါင်းကိုကြည့်ကာ အတန်းခွဲတော့ အေခန်းသို့ရောက်သွားသဖြင့် အမေဖြစ်သူက တအံ့တသြဖြစ်နေရှာသည် ။
ကျောင်းအပ်ပြီးအပြန် စာရေးကိရိယာဆိုင်ဝင်တော့ အမေက ရေးလို့ကောင်းသည့် စာအုပ်အကောင်းစားတစ်ဒါဇင်ကို ဆုချသည့်အနေဖြင့် ဝယ်ပေးသည်။
အရင်နှစ်တွေတုံးကတော့ ကျောင်းကရသည့် အစိမ်းရောင်အဖုံးနှင့် ဗလာစာအုပ်ကိုသာ ထည်လဲသုံးခဲ့ရသည်........
ငယ်စဥ်က စာအုပ်အချောအကောင်းစား မက်မောခဲ့သော်လည်း ကြီးလာတော့ မချောမကြမ်းစာရွက်အသားကိုပဲ ကြိုက်နှစ်သက်လေ တော့သည် ၊ အမေက ဆုအနေနဲ့ဝယ်ပေးတာဆိုတော့ သန့်ဇင်လည်း ဂျီမများနေတော့ပဲ ယူခဲ့လိုက်တော့သည်။
June လဆန်းတွင် သန့်ဇင် မျှော်လင့်နေသော အမှတ် ( ၂ ) အခြေခံပညာအထက်တန်းကျောင်း ကြီးပြန်ဖွင့်လေပြီ......ကမ္ဘာပေါ်တွင် ကျောင်းပြန်ဖွင့်သောကြောင့် အပျော်ဆုံးဖြစ်နေသည့် လူသားမှာ သန့်ဇင်ကိုပင်။
မနက်ကျူရှင်ချိန် ၇နာရီခွဲအပြီး အိမ်ကိုအပြေးပြန်... ........ရေချိုးအဝတ်အစားလဲကာ ကျောင်းသို့စောစောထွက်ခဲ့သဖြင့် ၈နာရီ၁၅မိနစ်ခန့်တွင် ကျောင်းသို့ ရောက်နေလေပြီ။
သူတက်ရမည့် အခန်းကိုအရင်ရှာပြီး အနောက်တန်း တစ်နေရာတွင် ကျောပိုးအိတ်ကိုထားခဲ့ပြီး မရောက်တာကြာပြီဖြစ်တဲ့ ကျောင်းဝန်းထဲသို့ လျောက်သွားကြည့်လေသည်။
ချစ်ရတဲ့ ကျောင်းတော်ကြီးက သူငယ်စဥ်ကတုန်းကအတိုင်း ဘာမှသိပ်မပြောင်းလဲသေး...... ကျောင်းသုံးလပိတ်ထား၍ တချို့နေရာများတွင် သစ်ရွက်ခြောက်များနှင့် ဖုန်များနေသည်က လွဲ၍ အရာရာဟာ အရင်ကအတိုင်း.....
အရင်ဆုံး ယောကျာ်းလေးသန့်စင်ခန်းကိုသွားပြီး သေးသွားပေါက်သည် ၊ ပြီးမှ သူအငယ်ကသင်ကြားခဲ့သော ခြောက်တန်းဆောင်အပေါ်သို့ တက်ကြည့်သည် ၊ အဆောင်အဦးကြီးက အိုမင်းနေပြီဖြစ်၍ လှေကားကလည်း တစ်ချက်လှမ်း လိုက်တိုင်းလှုပ်ရမ်းသွားသည်......
အငယ်တုန်းကတော့ ဒီလှေကားကို ကျယ်သည်ဟု ထင်မိခဲ့သော်လည်း အတန်းကြီးလာလို့လား.....ကိုယ်လုံးပဲ ထွားလာလို့လားမသိ ၊ လှေကားက သေးသေးလေးဖြစ်သွားသလိုပင်........
အပေါ်ထပ်တွင် လမ်းလျောက်ပြီး ဆဋ္ဌမတန်း ( D ) အခန်းသို့အရောက်တွင် အထဲသို့ ဝင်ကြည့်လိုက်သည်.......သန့်ဇင်ကိုတို့ မျိုးမင်းထက်တို့ရဲ့ လူဆိုးများဖြတ်သန်းရာ ဌာနဖြစ်သဖြင့် ပြတင်းပေါက်ရှိ မှန်အကြည်တော်တော်များများမှာ မရှိတော့ပဲ ကွက်လပ်ဖြစ် နေသည်။
နောက်ဆုံးတန်းက အမှိုက်ပုံးကလည်း လက်ကိုင်ကွင်းတစ်ခုမှမရှိတော့ ၊ ညာဖက်တစ်ခြမ်းကိုတော့ မျိုးမင်းထက်နှင့် သန့်ဇင်ကိုတို့အတူတူ အမှိုက်လွှင့်တုန်းက ပုံးကို အလွှဲလွန်သွား၍ ကျွတ်ထွက်သွားခြင်းဖြစ်ပြီး ကျန်တစ်ဖက်ကတော့ သူတို့အမွေ ဆက်ခံသည့်ဂျူနီယာလူဆိုးအဖွဲ့ လက်ချက်ပဲဖြစ်လိမ့်မည်။
ထိုကျောင်းဆောင်ကနေ အောက်သို့ပြန်ဆင်းလာပြီး နှစ်ရှည်ပရုပ်ပင်ကြီးအောက်ရှိ ကွတ်ပြစ်ပေါ်တွင် ထိုင်ရင်း သူ့ထက်အတန်းငယ်သော ကလေးများဟိိုဒီသွားနေသည်ကို ငေးကြည့်မိသည် ။
ခဏကြာမှ မျိုးမင်းထက်တို့ စံနန်းထက် ဘော်ဒါဆောင်မှ ကျောင်းသားများ ဖယ်ရီကားပေါ်က ဆင်းလာတာတွေ့တော့ သူ့အပြေးသွားကြိုလေသည် ၊ မျိုးမင်းထက်က သန့်ဇင် ကိုမြင်တော့ ပုခုံးကိုဆွဲဖက်လိုက်ရင်း......
“သားကြီး....အခြေအနေ”
“အမ်.....ဘာအခြေအနေလဲ ၊ အခုမှ ကျောင်းတက်တာကို”
“မင်းစော်...မျက်ချယ်နဲ့လေ....သင်္ကြန်မတိုင်ခင် ငါ့ဆီလာလည်တုန်းက တရုတ်ဘုံကျောင်း သွားတဲ့အထိပြီးသွားပြီ ၊ ဘာဆက်ဖြစ်သေးလဲ”
“ဘာမှဆက်မဖြစ်ပါဖူး.....တွေ့တောင် မတွေ့ဖြစ်သေးဖူး.၊ ပြီးတော့ငါ့စော်မဟုတ်ပါဖူးကွာ”
“အဲ့တာဆို ငါလိုက်လိုက်ရမလား....သန့်ဇင်”
“အဲ....စော်တော့မဖြစ်သေးပေမယ့် ငါကြိုက်နေတယ်လေကွာ မင်းကလည်း”
“စတာပါကွာ....ငါကဗူးတယ်ဆိုပေမယ့် စည်းတော့ရှိပါတယ်ကွ....ဟဲဟဲ”
“ဒါနဲ့ မင်းက ဘယ်အခန်းမှာတက်ရမှာလဲ”
“ Eco အခန်းက D အခန်းကနေစတယ်ထင်တာပဲ....အဲ့သွားရမှာ ၊ မင်းကဒီနှစ် အေခန်းရတယ် မလား”
“အင်း....ဟုတ်တယ်...အလည်လာခဲ့လေ”
“မင်းတို့အေခန်းကို ဘာလာလုပ်ရမှာလဲကွ....မင်းကပဲ စော်မျက်နှာတစ်ခုထည်းကိုကြည့်ပြီး ငါနဲ့ အောင်အောင်ဦးကို သစ္စာဖောက်တာ”
“အဲ့လိုမဟုတ်ပါဖူး.....မဟုတ်ရင်လည်းငါက Bio ပဲယူမှာပဲဟာ”
“ငါတော့ အင်္ဂလိပ်လိုကျက်ရမှာ ပျင်းလွန်းလို့ အီကိုပဲယူလိုက်တော့တယ် ၊ အောင်အောင်ဦး ကလည်းငါနဲ့အတူတူပဲ”
“အဲ့တာဆို ငါပဲမင်းတို့အတန်းထဲလာလည်ရတော့မှာပေါ့”
“ဟားဟား....အေခန်းက စာကြမ်းပိုးတွေ လက်မခံဖူးဟေ့”
“ ဒီနှစ်အတန်းမတူတော့ ငါတို့ပြဿနာသိပ်မရှာရတော့တာပေါ့ကွာ....”
“ ကျောင်းအုပ်ရုံးခန်းမသွားချင်တော့ဖူးလား.....”
“ သွားရပါများလို့ သိပ်တောင်မထူးဆန်းတော့သလိုပဲ...... ၊ မင်းတို့အခန်းရောက်ပြီနော်.... ဟုတ်တယ် အနောက်တန်းမှာ အောင်အောင်ဦးထိုင်နေတာမလား”
“ဟုတ်ပ....အဲ့ကောင် ဂတုံးဆံပင်ပေါက်ကေနဲ့ပါလား ၊ ကိုရင်ဝတ်ထားတာထင်တယ် ၊ လာ သွားစရအောင်”
သန့်ဇင်ကိုနှင့် မျိုးမင်းထက်တို့လည်း စာသင်ခန်းထဲသို့ ဝင်လိုက်ပြီး ကိုးတန်းဖတ်စာအုပ်ကို ဟိုလှန်ဒီလှန်ကာ လျောက်ကြည့်နေသော အောင်အောင်ဦးအနား သွားထိုင်ပြီး စနောက်ကြ သည်။
“ဟေ့.....ဖိုးဂတုံး...လုံးလုံး....လုံးလုံးနဲ့ပါလား”
“လာကြပြီလား....သေနာနှစ်ကောင်........ဟိုသေနာသန့်ဇင် ဦးနှောက်နဲ့မစဥ်းစားပဲ နှာခေါင်းနဲ့ စဥ်စားပြီး Bio ယူသွားတဲ့အကောင်မလား....ဒီကိုဘာလာလုပ်တာလဲ”
“မင်းတို့ဆီကို အလည်လာတာလေ မလာရဖူးလား”
“လာလို့တော့ရတယ်....မုန့်တော့ဝယ်ခဲ့”
“ငါကငမွဲမှန်း သိရဲ့သားနဲ့”
“အဲ့တာဆိုလည်း မလာခဲ့နဲ့ကွာ.........မစားရအညှော်ခံ ဟိုဘယ်သူ မျက်ချယ်ဆိုလား သက်လှယ်ဆိုလား အဲ့တစ်ရောက်နားသွားနေ”
“မင်းတို့နှစ်ယောက်ကလည်း မဟုတ်လည်းငါက Bio တွဲပဲယူမလို့ပဲဟာ”
“သန်ဇင်...မင်းကဆယ်တန်းအောင်ရင် ဆရာဝန်လုပ်မလို့လား....”
“မဟုတ်ပါဖူး....ငါကအမှတ်ဘယ်မှီမှာလဲကွ....တချို့တက္ကသိုလ်တွေက Bio တွဲတွေပဲခေါ်လို့”
“မင်းက ဘယ်တက္ကသိုလ်တက်ချင်လို့လဲ”
“အမှတ်မှီရင်တော့ ကွန်ပျူတာတက္ကသိုလ်တက်မလားလို့....အဲ့ကျောင်းတော့ အမှတ်မှီအောင် လုပ်ရမှာပဲဟေ့ ၊ မင်းတို့နှစ်ယောက်ရော ဘယ်ကျောင်းတက်မှာလဲ”
“ငါကတော့ အဝေးသင်ပဲတက်ပြီး ငါ့အဒေါ်တွေဆိုင်မှာပဲ ကူလုပ်မလို့.......... နောက်ဆုံးကြလည်း ဒါပဲလုပ်ရမှာပဲဟာ.........ဘာလို့ Bio တွေကို အင်္ဂလိပ်လိုကျက်နေရ အုံးမှာလဲ” ဟု အောင်အောင်ဦးက ပြောသည် ။
“မျိုးမင်းထက်...မင်းကရော”
“ဟင်...ငါတော့မသိသေးပါဖူး.......ငါကအမှတ်လည်း ကောင်းလောက်မှာ မဟုတ်ဖူးဆိုတော့ ရတဲ့ကျောင်းပေါ့ကွာ........ပြီးရင် ငါ့အကိုလို Day တက်မယ်...စော်ထားမယ်...စော်ဖုတ်မယ်” ဟု မျိုးမင်းထက်က ရည်ရွက်ချက်ကြီးစွာဖြင့် ပြန်ဖြေသည်။
“ရည်ရွယ်ချက်ကြီး ကတော့ကွာ......ဟားဟားဟား”
“ငါ့ရဲ့ ဒို့တာဝန်အရေးပါးထဲကလေ....Day တက်မယ်...စော်ထားမယ်...စော်ဖုတ်မယ်...ဟဲဟဲ”
“ဒေါင်....ဒေါင်....ဒေါင်”
“သန့်ဇင်....ကျောင်းတက်ပြီ....မင်းအခန်းပြန်တော့လေ”
“အော်....အေး ၊ ငါ့မေ့နေတာ မင်းတို့နဲ့အတန်းအတူတူ တက်နေကြဆိုတော့....သွားပြီသွားပြီ”
သန့်ဇင်ကိုလည်း ကျောင်းတက်ခေါင်းလောင်းသံကြားတော့ မျိုးမင်းထက်တို့နှစ်ယောက်ကို နှုတ်ဆက်ခဲ့ပြီး သူ့အခန်းဆီသို့ အပြေးပြန်သည် ၊ ကိုးတန်းဆောင်ရှေ့ရောက်တော့ သူဝင်နေကြ D အခန်းကို ရှာမတွေ့သဖြင့် ဘယ်အခန်းကိုဝင်ရမှာပါလိမ့်ဟု အူကြောင်ကြောင် ဖြစ်နေသေးသည် ။
ပြီးခါမှ အော်..........ငါ A ခန်းရောက်နေတာပါလားဟု ပြန်တွေးမိပြီး အခန်းထဲသို့ ဝင်သွားသည်။
အခန်းထဲသို့ရောက်သောအခါတွင် သူကျောပိုးအိတ်ချခဲ့သော ထိုင်ခုံတွင် မိန်းခလေးများ ထိုင်နေကြသည်ကို တွေ့လိုက်ရသည် ။
ထို့ကြောင့် သူ့အိတ်ကိုပြန်ယူလိုက်ပြီး ယောကျာ်းလေးတွေ ဘယ်နားထိုင်ပါလိမ့်ဟု ကြည့်လိုက်တော့ နောက်ဆုံးတန်းတွင် တစ်ယောက်မှမရှိသဖြင့် အေယောကျာ်းလေးများ၏ နောက်ဆုံးတန်းဟု ယူဆရသော အလယ်တန်းတွင် သူဝင်ထိုင်လိုက်သည်။
ထိုအချိန်တွင် အတန်းပိုင်ဖြစ်သော ဆရာမဝင်လာ လေသည်........
“မင်္ဂလာပါ....ဆရာမ”
“အေး...အေး...မင်္ဂလာပါ သားတို့သမီးတို့ ”
အတန်းပိုင်ဆရာမ၏ သဘောကောင်းပုံပေါက်သည့် ချိုမြမြအသံကြောင့် သန့်ဇင်ကို အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားသည် ။
ဆရာမကို မတ်တပ်ရပ် နှုတ်ဆက်ရင်း အခန်းထဲကို တစ်ချက်ဝှေ့ကြည့်ရင်း အိမ့်မျက်ချယ် ဘယ်နားမှာပါလိမ့်ဟု လိုက်ရှာသော်လည်း သူမကိုမတွေ့မိ.....အတွေးထဲတွင် ကျောင်းများပြောင်းသွားတာလားဟု တွေးပြီးစိတ်ပူမိသည်။
အတန်းထဲရှိ ယောကျာ်းလေးအားလုံးကြားထဲတွင် သန့်ဇင်ကို၏ အရပ်အမောင်းက ထိုးထိုးထောင်ထောင်ကြီး ဖြစ်နေသဖြင့် အနည်းငယ် နေရခက်နေပြန်သည် ၊ D ခန်းမှာ နေတုန်းကဆိုလျင် နှစ်ကျအကိုကြီးများ....တရုတ်ကျောင်းက အကိုကြီးများရှိသဖြင့် သူ့ကိုယ်သူ လူကောင်သေးသည့် လူညှပ်လေးတစ်ယောက်လို အမြဲတမ်းခံစားခဲ့ရသည် ။
အခုတော့လည်း A ခန်းက ပုပုသေးသေး ၊ ပိန်ပိန်နှင့်မှန်ကြောင်လေးများကြားထဲတွင် သူက အုန်းပင်ကြီးလို ဖြစ်နေသည်။
“ကဲ.....ဆရာမ အတန်းတက်တဲ့စာရင်းကောက်မယ်နော်....ကိုယ့်နာမည်ကြားရင် ( ရှိ ) လို့ ထူးပြီးရင် ထိုင်လိုက်နော်…”
“အေး....အရှေ့ဆုံးတန်းက သမီးလေး....သူသူဟန်မလား....ဆရာမကို စာပွဲခင်းတာတစ်ချက် ကူပေးပါဦး”
“ဟုတ်ကဲ့ဆရာမ”
အတန်းရှေ့သို့ “ သူသူဟန်” ဆိုသည့် အရပ်ရှည်ရှည် ခပ်ချောချော ကျောင်းသူလေးက ထွက်လာပြီး ဆရာမကို ကူညီပေးသည် ၊ အဲ့ကောင်မလေးက မျက်နှာဝိုင်းဝိုင်း...... ဆံပင်ရှည်ရှည် နှာတံဆင်းလေးဖြင့် တော်တော်လေးလှသဖြင့် သန့်ဇင်ကိုအပါအဝင် စာကြမ်းပိုးများဖြစ်သော A ခန်းက ကောင်လေးများပင် အကုန်ငေးကြည့်နေကြသည်။
အရှိအတိုင်း ဝန်ခံရလျင် သူသူဟန်ဆိုသည့် တစ်ယောက်က အိမ့်မျက်ချယ်ထက်ပင် ပိုချောသည်ကို သန့်ဇင်ကိုစိတ်ထဲ လက်ခံလိုက်ရသည် ၊ ဒါပေမယ့်လည်း မျယ်ချယ်ရဲ့ မျက်နှာလေးက ပိုအပြစ်ကင်းပြီး ချစ်စရာကောင်းသည်ဟုတွေးပြီး ကိုယ့်ငါးချဥ်ကိုယ်ချဥ် လိုက်သည်။
ဆရာမက လူစာရင်းကိုကြည့်ပြီး အတန်းသားတစ်ယောက်ချင်းဆီ၏ နာမည်များကို ခေါ်လေတော့သည်..........
“ထွန်းအောင်ကျော်...”
“ရှိ”
“အောင်ကောင်းမြတ်...”
“ရှိ”
“.........”
“...”
“သီဟဗလ”
“ရှိ”
“ယောကျာ်းလေး...နောက်ဆုံးတစ်ယောက်က မောင်သန့်ဇင်ကို”
“ရှိ”
သန့်ဇင်ကိုလည်း သူ့နာမည်ခေါ်သံကြားတော့ ရှိ လို့ထူးပြီးထိုင်လိုက်သည် ၊ ပြီးနောက် သူ့ဘေးနားက ခန္တာကိုယ်ပိန်ပိန်....ဝက်ခြံနှင့် မျက်မှန်နှင့် တစ်ယောက်အား စကားပြောပြီး မိတ်ဖွဲ့လိုက်လေသည်....
“မင်းနာမည် သီဟဗလ မလား...စောနကခေါ်တော့ မင်းနာမည်ကြားလိုက်တယ်”
“အေး.....သီဟ လို့ပဲခေါ်ပါ....မင်းနာမည်က...သန့်ဇင်...ဘာ”
“သန့်ဇင်ကို....သန့်ဇင်လို့ပဲခေါ်ပါ ၊ ဒါနဲ့ ဟို သူသူဟန်ဆိုတဲ့ တစ်ယောက်က နာမည်ကြီးလား.... ဆရာမက နာမည်ဘယ်လိုသိနေတာလဲ.... ”
“ဟင်....မင်းကတစ်ခြားကျောင်းကပြောင်းလာတာဆိုတော့....သူသူဟန် ကိုဘယ်သိပါ့မလဲ ၊ ငါတို့အခန်းထဲက စာတော်တဲ့ ကျောင်းသူနှစ်ယောက်ထဲကတစ်ယောက်ပဲ”
“နောက်တစ်ယောက်က အိမ့်မျက်ချယ်မလား”
“မျက်ချယ်ကိုသိတယ်လား....အဲ့တာဆို မင်းဒီကျောင်းကပဲပေါ့...မင်းကို B ခန်းမှာလည်း မတွေ့ဖူးပါဖူး”
“ငါက D ခန်းကလေ..ဟဲဟဲ ၊ အလံတိုင် အရှေ့တော့ခဏခဏ ထွက်ဖူးတယ်”
“အော်....အဲ့တာကြောင့်မို့ကိုး နည်းနည်းတော့ မြင်ဖူးသလိုလိုရှိသားပဲလို့”
သန့်ဇင်နှင့် သီဟ စကားတိုးတိုးပြောနေချိန်တွင် အတန်းရှေ့၌ နာမည်စာရင်း ခေါ်နေဆဲဖြစ်သော အတန်းပိုင်ဆရာမက......
“အလယ်တန်းက ကောင်လေးနှစ်ယောက် စကားမပြောနဲ့တော့...ဆရာမဒီမှာ မိန်းခလေး နာမည်တွေခေါ်နေတုန်းရှိသေးတယ်....တိတ်တိတ်နေကြ”
ဆရာမ၏ အော်သံကြောင့် သီဟတစ်ယောက် ခေါင်းလေးပုကာ ငုံ့ဝင်သွားသည် ၊ သန့်ဇင်ကိုနားထဲတွင် အေခန်းအတန်းပိုင် ဆရာမ၏ အသံက ဆူငေါက်နေသည်ဟုပင် ထင်ရက်စရာမရှိအောင် ချိုချိုအေးအေးလေးဖြစ်နေရှာသည် ။
သူသည် နှစ်ပေါင်းများစွာ လူဆိုးတန်းတွင် နေခဲ့ဖူးသောကြောင့် အာပြဲပြီးဆိုးသော ဆရာမများ၏ အော်ငေါက့်ခြင်းကို ခံခဲ့ရသဖြင့် လူလိမ္မာအတန်းထဲသို့ ရောက်သောအခါ သူနှင့် အသားမကျပဲ ဖြစ်နေသည်။
“သူသူဟန်....”
“ရှိ...”
“အိမ့်မျက်ချယ်”
“.......”
“အိမ့်မျက်ချယ်.........မရှိဖူးလား ၊ အဲဟုတ်သားပဲ သူ့အဖေက ဖုန်းလှမ်းဆက်ပြီး ခွင့်တိုင်ထားတယ်”
“ဘာဖြစ်လို့တဲ့လဲ ဆရာမ” ဟု သူသူဟန်က စပ်စုပြီးမေးမြန်းလိုက်သည်။
ဆရာမက...
“ခရီးလွန်နေလို့တော့ ပြောတာပဲ ၊ မနက်ဖြန်မှ ကျောင်းလာမယ်တဲ့”
“အော်...ဟုတ်”
“ကဲ....နောက်တစ်ယောက် ဆက်ခေါ်မယ်....မ*****”
“ရှိ...”
“မ***”
“ရှိ”
“........”
“........”
ဆရာမ၏ အတန်းသားစာရင်းထဲတွင် မျက်ချယ်ပါနေသောကြောင့် သန့်ဇင်ကိုတစ်ယောက် ပျော်ရွှင်သွားသည် ၊ သူမနှင့်အတူ တစ်ခန်းတည်း စာသင်ရတော့မည်မဟုတ်လော.... ...လွမ်းပါသည်ဆိုမှ သူမကဒီနေ့မလာသေးဖူးတဲ့..........
မနက်ဖြန်ကြမှ သူမဆီကိုသွားပြီး သူ့ကိုပေးခဲ့တဲ့ဂတိ တည်ပြီနော်လို့ အပေါ်စီးကနေပြောရအုံးမယ်...ဟဲဟဲ။
ကိုးတန်းသင်ရိုးများကို စာကြမ်းပိုးများကြားထဲတွက် သင်ယူရင်း မနက်ပိုင်းတစ်ပိုင်း အတန်းချိန်ပြီးတော့ သန့်ဇင်ကိုတစ်ယောက် တော်တော်အီစိမ့်သွားသည် ။
ဆရာသမားများက စာသင်နေချိန်တွင် စကားလည်း သိပ်မပြောကြပဲ စာကိုသာ အာရုံစိုက်ပြီး လုပ်ကြသည်..............
သူ့ဘေးနားတွင်ထိုင်သော သီဟက သဘောကောင်းသော်လည်း စာသင်နေချိန်တွင် စကားပြော၍မရ.....သူနှင့် ဆိုးဖော်ဆိုးဖက်ဖြစ်သော မျိုးမင်းထက်နှင့် အောင်အောင်ဦးကို လွမ်းမိသည် ၊ သူတို့နှစ်ယောက်ကတော့ အခုချိန်ဆိုလျင် အတန်းထဲတွင် စကားပြောလိုက် မုန့်ခိုးစားလိုက်နှင့် အလုပ်ရှုပ်နေကြလိမ့်မည်။
ထိုသို့ဖြင့် အီလယ်လယ်နှင့် တစ်နေကုန် ကျောင်းတက်ပြီးသောအခါ အိမ်သို့ပြန်လာခဲ့သည် ၊ D ခန်းတုံးကလောက် မပျော်ရွှင်ရသော်လည်း စာတော့အတော်ရလိုက်သည် ။
သီဟ ဆိုသည့်တစ်ယောက်ကလည်း စာတော်သည့်သူဖြစ်ပြီး ဆရာမစာရှင်းပြတုံး မလိုက်နိုင်သည့် စာများကိုမေးသမျှ ဖြေနိုင်သည် ။
နေ့လည်စာစားချိန်တုံးကတော့ မျိုးမင်းထက်တို့အခန်း သို့သွားပြီး လေဖုတ်လိုက်ရသဖြင့် နေသာထိုင်သာရှိသွားသည် ။
မနက်အတွက် သန့်ဇင်၏ မျှော်လင့်ချက်တစ်ခုကတော့ “ အိမ့်မျက်ချယ်” နှင့် တွေ့ဆုံပြီး စကားပြောရန်ပင် ဖြစ်လေသည်။
နောက်တစ်ရက်တွင် သန့်ဇင်ကိုသည် ကျောင်းကို အစောကြီးရောက်နေပြီး အမှိုက်တွေနှင့် ပြည့်နေသော စာသင်ခန်းကို မကြည့်နိုင်တော့သဖြင့် အခန်းနောက်တွင် ရှိသည့် တံမြက်စည်းနှင့် တစ်တန်းလုံးကိုလှဲနေလိုက်သည် ။
ကျောင်းဖွင့်စဖြစ်၍ သန့်ရှင်းရေး အသင်းတွေ မခွဲရသေးသဖြင့် တစ်ဦးတစ်ယောက်ကမှ သန့်ရှင်းရေးကောင်းကောင်း မလုပ်ကြသေး......
သန့်ဇင်ကို တစ်ယောက်ထည်း အခန်းထဲမှာ တံမြက်စည်းလှဲနေသည်ကို တွေ့တော့ အတန်းထဲရှိ ကျောင်းသူတချို့က ကူညီပြီး ဝင်လှဲပေးကြသည်။
အခန်းထဲရှိ သောက်ရေအိုးပေါ်တွင်လည်း ဖုံများတက်နေသဖြင့် အခန်းသန့်ရှင်းရေးကို ကျောင်းသူများထံအပ်နှံခဲ့ပြီး ရေအိုးကို ဆွဲပြီး ကျောင်းအုပ်ကြီးရုံးခန်းဘေးရှိ ရေသန့်စင်နားသို့ ထွက်လာခဲ့လိုက်သည် ။
ရေအိုးစင်တွင် ရိုးရိုးရေအိုးထားလျင် ကလေးတွေ ကစားသည်နှင့် ကျကွဲမည်ဆိုးသည်ထင့်.... တစ်ကျောင်းလုံးရှိ စာသင်ခန်းများတွင်ထားသော သောက်ရေအိုးသည် မြေအိုးမဟုတ်ပဲ အစိုးရက လှူထားသည့် နှစ်ဂါလံခွဲမျှသာဆန့်သည့် ကော်ဗူးကြီးဖြစ်ပြီး အောက်ခြေတွင် ဂေါက်တံပါလေသည်။
ဖုန်အလိမ်းလိမ်းတက်နေသည့် ရေသန့်ဗူးကို ရေစင်အောက်တွင် သေချာဆေးကြောပြီး ရေသန့်စက်ထဲက ရေကိုဖြည့်ကာ ပခုံးပေါ်သို့ ထမ်းမပြီးအတန်းထဲသို့ ပြန်လာခဲ့သည် ။
A ခန်းက လူတွေက ပိုက်ဆံပေါတာလား ဖင်ခေါင်းကျယ်တာလားတော့မသိ...... သောက်ရေအိုး ထဲကရေကိုမသောက်ကြပဲ မုန့်စျေးတန်းတွင်ရောင်းသည့် ရေသန့်ဗူးကိုဝယ်သောက်သည့် သူလည်းရှိသည် ။
မိန်းခလေးများကတော့ ထမင်းဂျိုင့်ခြင်းထဲတွင် အိမ်ကရေသန့်ဗူးကို သယ်လာတာများသည် ။
သန့်ဇင်ကိုကတော့ မုန့်ဖိုးပင်နပ်မှန်အောင်မရသဖြင့် သောက်ရေကို ဝယ်သောက်ဖို့ဝေးလေသည်....ထို့ကြောင့် ဘယ်သူမှမသောက်ချင်နေ ကိုယ့်ဘာသာကိုယ်သောက်မယ်ဟုတွေးပြီး ရေဗူးကိုပြန်ဖြည့်ခဲ့ခြင်းဖြစ်လေသည်။
အတန်းထဲကိုပြန်ရောက်တော့ အခန်းရှေ့ရှိ သုံးချောင်းထောက် သစ်သားစင်ပေါ်တွင် ရေအိုးကို တင်လိုက်ပြီး ဘက်ညီအောင် ချိန်ညှိလိုက်သည် ၊ သူ့အင်္ကျီဖြူ၏ ညာဖက် ပခုံးပေါ်တွင် ရေအနည်းငယ်စိုသွားသဖြင့် လက်ဖြင့်ခါနေသခိုက် အနောက်ကနေ တစ်ယောက်ယောက်က မျက်လုံးနှစ်ဖက်ကို လက်ဖြင့်လာပိတ်ပြီး မေးခွန်းမေးသည်။
“ငါဘယ်သူလဲ ခန့်မှန်းကြည့်”
“မျက်ချယ်မလား.....လက်ကိုလွှတ်စမ်းပါ”
“ဟွန့်.....နင်ဘယ်လိုသိနေတာလဲ”
“နင့်ရဲ့ ကိုယ်သင်းရနံ့ကို ငါမှတ်မှိတယ်........နောက်ပြီး ငါ့မှာမိန်းခလေးသူငယ်ချင်းဆိုလို့ နင်ပဲရှိတာကို”
“အွန်း....သန့်ဇင်ကလည်း မသိချင်ယောင်ဆောင်လိုက်တာ မဟုတ်ဖူး”
“နောက်တစ်ခါကျ မသိချင်ယောင်ဆောင်ပေးပါ့မယ်....ဟဲဟဲ ၊ နင်မနေ့က ဆရာမပြောတော့ ခရီးလွန်နေတာဆို...နင်တို့အိမ်ကလည်း တစ်နွေလုံးအလည်ထွက်နေတာပဲ”
“အင်း...ဟုတ်တယ်...ကျိုက်ထီးရိုးဖက်ရောက်နေလို့ ၊ နင်တို့အိမ်ရော ဘယ်မှမလည်ဖူးလား”
“အင်း.....ခရီးမထွက်ဖြစ်တာတောင်ကြာပြီ ၊ ငါခြောက်တန်းလောက်တုန်းက အမျိုးတွေနဲ့ တောင်ကြီးအင်းလေးသွားတာနောက်ဆုံးပဲ....နင်တို့အိမ်လိုမှမဟုတ်တာ”
“သန့်ဇင်...နင်ကတော့လုပ်ပြန်ပြီ............နင်ကြီးလာမှ ကိုယ့်ဘာသာ ပိုက်ဆံရှာပြီး လျောက်လည်ပေါ့”
“အင်း........ဟုတ်တယ် ပိုက်ဆံအများကြီးရှာပြီး အမေတို့နဲ့ တစ်နိုင်ငံလုံးအနှံ့ လျောက်လည်ကြမယ်...ချယ်...နင်ကဘယ်နားထိုင်မှာလဲ”
“ညာဘက်ရိုးက အရှေ့ဆုံးတန်းမှာ......နှစ်တိုင်းအဲ့နားလေးပဲထိုင်တာ ဆရာမစာပွဲနဲ့နီးတော့ စာမသိရင်မေးလို့ရတယ်....နင်ရော”
“ငါကတော့ ဘယ်ဘက်အစွန်ရိုးက နောက်ဆုံးတန်းမှာထိုင်နေကြ ၊ A ခန်းကကောင်တွေက အနောက်မှာမထိုင်ကြတော့ အလယ်တန်းမှာရောက်နေတယ်”
“ အင်း..........အေခန်းက ကောင်လေးတွေက စာတော်ကြပေမယ့် နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ် ၊ နင်နဲ့အဆင်ပြေတယ်မလား”
“ပြေပါတယ်....အချိန်တိုင်းစာလုပ်နေရတာကလွဲရင် ၊ စကားလေးဘာလေးတောင် ခိုးမပြောတတ်ကြဖူးလားမသိဖူး.....ငါ့ဘေးက သီဟဆိုတဲ့တစ်ယောက်ကတော့ မဆိုးပါဖူး”
“နင်သူနဲ့ထိုင်တာကောင်းတယ်...သူက အဆင့် 1 to 5 ထဲက ယောကျာ်းလေးတွေထဲမှာ စာအတော်ဆုံး”
“ ကျောင်းတောင်မတက်သေးဖူး...စာအကြောင်းမပြောပါနဲ့ဦးလား”
“အေးပါ....သန့်ဇင်နင်အရပ်တွေရှည်လာသလိုပဲ....အသံကလည်း သြသြကြီးနဲ့”
“နင်လည်း ဘယ်လိုပြောရမလဲ....ပိုလှလာတယ်..ဆံပင်တွေလည်း ရှည်လာပြီနော်”
“အချင်းချင်းမမြှောက်ပါနဲ့.....ချယ်မုန့်ဝယ်ကျွေးပါ့မယ်...ခစ်ခစ်”
“နင်ကလည်း သိပ်မမြှောက်ရှာပါဖူး....မျက်နှာကြီးကို ပြုံးဖြီးနေတာပဲ”
“ခစ်ခစ်.....ချယ့်သူငယ်ချင်းတွေ ရောက်လာပြီ....စကားသွားပြောလိုက်ဦးမယ်”
“အင်းအင်း”
မျက်ချယ်က သူ့မိန်းခလေးသူငယ်ချင်းတွေ ရောက်လာတော့ နှုတ်ဆက်ရင်း စကားများနေ ကြသည် ၊ နွေရာသီသုံးလတောင် ခွဲခဲ့ရတာဆိုတော့ မိန်းခလေးသူငယ်ချင်းများကြားထဲ ပြောစရာအများကြီးရှိနေပုံရသည်....
တစ်ယောက်ကပြောလို့မပြီးခင် နောက်တစ်ယောက်က ဝင်ပြောလိုက် တစ်ဖွဲ့လုံးအတူရယ်လိုက်ကြနှင့် ပျော်ရွှင်နေကြသည်။
သန့်ဇင်မျက်လုံးထဲတွင် မျက်ချယ်က အရပ်နည်းနည်းပိုရှည်လာပြီး နွေရာသီတုံးကထက် အမျိုးသမီးဆန်လာကာ ချစ်စရာပိုကောင်းလာသည်ဟု ထင်မိသည် ၊ သူမဆံပင်ကလည်း ဂုတ်ဝဲလေးကနေ အခုဆိုလျင် ပုခုံးပေါ်ထိကျနေပြီး ခေါင်းတွင် ဘီးကုတ်လေးနှင့် အလှဆင်ထားလေသည် ။
မျက်ချယ်နှင့် သူသူဟန်တို့သည် သူငယ်ချင်းအရင်းများ ဖြစ်ပုံပေါ် လေသည်...စကားဝိုင်းတွင် ရယ်စရာပါလာလျင် တစ်ယောက်ပုခုံးကို တစ်ယောက်ရိုက်ရင်း ရယ်မောနေကြသည်။
ဒါကလည်း မိန်းခလေး သူငယ်ချင်းများကြားထဲတွင်ရှိသော အထာတစ်မျိုးဖြစ်လိမ့်မည်ဟု သန့်ဇင်ကို ယူဆမိသည်။
အချိန်နာရီ နေ့ရက်တွေက ကုန်လွန်တာ မြန်ဆန်လှသည်.........သန့်ဇင်ကိုသည် မျိုးမင်းထက်နှင့် အောင်အောင်ဦးတို့နှစ်ယောက်စလုံးနှင့် အဆက်အသွယ်မပြတ်သော်လည်း A ခန်းတွင် နေရသည်မှာ တဖြည်းဖြည်းနှင့် အသားကျလာခဲ့လေပြီ ။
A ခန်းက ယောကျာ်းလေး စာကြမ်းပိုးများသည် စာကိုအချိန်ပြည့် လုပ်နေသည်မဟုတ်ပဲ ကုတ်ကမြင်းများသာ ဖြစ်ကြသည်ကို သူသဘောပေါက်သွားသည်........
မျိုးမင်းထက်တို့လို ပေါ်တင်မသောင်းကျန်း သော်လည်း သူတို့စိတ်ဝင်စားသည့်နယ်ပယ်ဖြစ်သော ဗီဒီယိုဂိမ်းများ....ဇာတ်ကားများအပေါ် ရူးသွပ်ချင်းမျိုး ရှိကြလေသည်။
နေ့လည်စာထမင်းစားကျောင်းဆင်းချိန်တွင် အိမ့်မျက်ချယ်တို့ သူသူဟန်တို့နှင့်အတူတူ ထမင်းစားဖြစ်သောကြောင့် သန့်ဇင်ကိုလုံးဝမသိရှိဖူးသေးသော မိန်းခလေးများ၏ သူငယ်ချင်းအချင်းချင်း ဆက်နွယ်မှုကို အနည်းငယ်သိရှိခဲ့သည် ။
များသောအားဖြင့် မိန်းခလေးများသည် အပေါ်ယံတွင်သာ မျက်နှာချိုသွေး၍ ပေါင်းသင်းနေကြသော်လည်း အတွင်းစိတ်ထဲတွင်တော့ လပတ်စာမေးပွဲရဲ့ အဆင့်အတက်အကျကို ပြိုင်ဆိုင်နေကြသူများ ဖြစ်ကြသည် ။
သန့်ဇင်ကိုသည် မကြာခဏဆိုသလို တစ်ယောက်နှင့်တစ်ယောက် တည့်လိုက်မတည့်လိုက် ဖြစ်နေသော သူတို့ရဲ့ဆက်ဆံရေးကို နားမလည်နိုင်ချေ။
A အခန်းထဲတွင် “သူသူဟန်”သည် စာလည်းတော် လှလည်းလှသောကြောင့် တစ်ကျောင်းလုံးရှိ ၉တန်း ၁၀တန်းအရွယ် လူပျိုပေါက်များကြားထဲတွင် အလွန်နာမည်ကြီးသည် ။
တစ်ခါတစ်ရံ အ.ထ.က ( ၄ ) မှကျောင်းသားတချို့ပါ လာရောက်ပြီး ရည်းစားစာ ပေးပြီးဖွန်ကြောင်တတ်ကြသည် ၊ မျက်ချယ်နှင့် သူငယ်ချင်းဖြစ်ပြီး နေ့လည်စာကို အတူစားကြသောကြောင့် သန့်ဇင်ကိုလည်း သူမနှင့်အနည်းငယ်ခင်လေသည်။
“သူသူဟန်” ဘယ်လောက်နာမည်ကြီးကြီး ဘယ်လောက်ချောချော သန့်ဇင်ကိုရင်ထဲတွင်တော့ မျက်ချယ်တစ်ယောက်ထည်းသာ စိုးမိုးထားသည် ။
သူသူဟန်သည် စာတော်သော်လည်း သူ့ရဲ့အသည်းတုံးလေး အိမ့်မျက်ချယ်လောက်တော့ မတော်ချေ...... တစ်ခါတစ်ရံ အ.ထ.က ၄ မှ ခပ်မိုက်မိုက် ကျောင်းသားအချို့သည် အတန်းထဲအထိဝင်ကာ ရည်းစားစာပေးခြင်း ရိသဲ့သဲ့လုပ်ခြင်းတို့ကို ပြုလုပ်တတ်သည် ။
ထိုအဖြစ်အပျက်ကို သန့်ဇင်ကို မျက်စိဆံပင်မွှေး ဆူးသော်လည်း ပြဿနာတက်မည်ဆိုး၍ သည်းခံထားရသော်လည်း အရင်ကစိတ်နှင့်ဆိုလျင် တစ်ပွဲတစ်လမ်းတော့ ဆွဲပြီးလေပြီ..........
နောက်တစ်ချက်က အေခန်းထဲက သီဟဗလတို့လို လူလိမ္မာလေးတွေက ရန်ဖြစ်ဖူးမည်လည်းမဟုတ်သဖြင့် ပွဲဖြစ်လျင် မျိုးမင်းထက်တို့လို အားကိုးရမည်မဟုတ်ချေ။
အတန်းအထဲထိဝင်ပြီး သူသူဟန်အား ဖွန်ကြောင်သည့် တခြားကျောင်းကကောင်လေးတွေက အမြင်ကတ်စရာကောင်းသော်လည်း ရံဖန်ရံခါမှသာ တွေ့ရတတ်သည် ။
သူသူဟန်ကလည်း စွာတေးလန်သော ကောင်မလေးဖြစ်သဖြင့် အော်လွှတ်လိုက်လျင် ရှက်ပြီး ပြန်ပြေးကြတာများသည် ၊ အဓိကအနေဖြင့် သန့်ဇင်ကိုခေါင်းကိုက်ရသော ပြဿနာမှာ သူ့ငယ်သူငယ်ချင်းဖြစ်သော မျိုးမင်းထက်ပင် ဖြစ်လေသည် ။
ထိုပြဿနာ၏ အစမှာ တစ်ရက်သော ထမင်းစားကျောင်းဆင်းချိန်၌ မျိုးမင်းထက်တို့နှင့်အတူ မုန့်စျေးတန်းမှ အပြန်တွင် မိမိ၏ အခန်းသို့ အလည်ခေါ်မိသည်။
အခန်းထဲသို့ရောက်သောအခါ မျိုးမင်းထက်က
“ မင်းတို့အခန်းထဲက သူသူဟန်...သူသူဟန်နဲ့ နာမည်ကြီးနေတဲ့ ကောင်မလေးက ဘယ်သူလဲကွ” ဟုမေးသဖြင့် သန့်ဇင်ကိုက လက်ညိုးထိုးပြလိုက်သည်။
မျိုးမင်းထက်က သူသူဟန်ကိုကြည့်သော အကြည့်တွင် မျက်လုံးအစုံက တဖျတ်ဖျတ်လတ်သွားသဖြင့် သန့်ဇင်ကိုစိတ်ထဲတွင် “ ဟာ.....သွားပြန်ပြီဟ ” ဆိုပြီးတွေးမိသည်။
ထိုနေ့မှစ၍ မျိုးမင်းထက်သည် သန့်ဇင်ကိုတို့၏ အခန်းသို့ ချောင်းပေါက်အောင် ရောက်လာပြီး သူသူဟန်နှင့် အတင်းအောင်သွယ်ခိုင်းသဖြင့် စိတ်ညစ်ရသည် ။
အဲ့ကောင်မလေးနှင့် သိပ်မခင်ပါဖူးဟု ပြော၍လည်းနားမဝင်........ ဖွန်အတင်းကြောင်လျင် အော်လွှတ်ခြင်း ( သို့မဟုတ်) ဆရာမနှင့်တိုင်သည်ဟု ခြောက်သော်လည်း မကြောက်......... ခေါင်းခေါက်ပြော၍လည်းမရ.... မောင်းထုတ်၍လည်း မရသဖြင့် သန့်ဇင်ကို အကြပ်တွေ့နေ လေသည်။
ဒီနေ့တော့ ၁၂နာရီခွဲသည်ထိ မျိုးမင်းထက် ရောက်မလာသဖြင့် လောကကြီးအေးချမ်းပြီဟု သန့်ဇင်ကိုတွေးရင်း လေတချွန်ချွန်ဖြင့် Bio သင်ခန်းစာထဲက ပုံတစ်ခုကိုဆွဲကျင့်နေသည်။
ထိုအချိန်တွင် သန့်ဇင်ကိုနှာခေါင်းထဲသို့ အင်မတန်မှ အနံ့ပြင်းလှသော ရေမွှေးအနံ့ကို ရရှိလိုက်သဖြင့် ရုတ်တရပ် ဘေးသို့လှည့်ကြည့်လိုက်ရာ ပြတင်းပေါက်ဘေးတွင် ရောက်ရှိနေသော စပ်ဖြီးဖြီးမျက်နှာနှင့် မျိုးမင်းထက်အား တွေ့လိုက်ရသောကြောင့် လန့်ဖြန့်သွား လေသည်။
“မင်းမေ..$$$$ လန့်သွားတာပဲကွာ...အသံမပေး ဘာမပေးနဲ့”
“ငါ့သူငယ်ချင်း စာလုပ်နေတာကို အနှောင့်အယှက်မပေးချင်လို့ပါ...ဟဲဟဲ”
“ စော်လာငမ်းရင် ငမ်းတယ်ပေါ့ကွာ”
“ဟဲဟဲ....ပေါ်တင်ကြီးမပြောနဲ့လေ ကိုကြီးရှက်တယ်ကွ”
“မင်းဆံပင်ကေက ဘယ်လိုဖြစ်တာလဲ....အတုံးလိုက်ကြီး အနောက်ကို ပိနေပါရောလား”
“တိုက်တန်းနစ်မင်းသား လီယိုနာဒိုကေလေ...မိုက်တယ်မလား”
“မင်းဆံပင်က အပျော့ကြီးကိုဘယ်လိုလုပ်...ဟ....ဆံပင်က မာတောင်နေပါလား..ဟ”
“သန့်ဇင်...အကျယ်ကြီး လျောက်အော်မနေနဲ့လေ၊ တော်ကြာနားထဲ တစ်မျိုးတွေကြားနေကြ ပါအုံးမယ်”
“မင်းဂျယ်ဗူးတစ်ဗူးလုံးများ ခေါင်းပေါ်မှောက်လာသလားမှတ်ရတယ်ကွာ”
“ဒါကရိုးရိုးဂျယ်မဟုတ်ဖူး....ကော်ဂျယ်ကွ”
“ကော်ဂျယ်ဆိုမှ ကော်ဂျယ်ပါကွာ....မင်းဆံပင်တွေမှအတောင့်လိုက်ကြီး”
“ငါ့ခေါင်းကိုမကိုင်စမ်းပါနဲ့ကွာ....ကေပျက်ရင် အဖေရှက်တယ်...ဟဲဟဲ”
“မင်းရေမွှေးအနံ့ကြီးကလည်းပျင်းတာကွာ....ဟိုဖက်နည်းနည်းတိုးစမ်းပါ”
“မင်းကလည်းကွာ...နည်းနည်းပါးပါး သည်းခံပေါ့ကွ ၊ မင်းဆွဲနေတဲ့ပုံဆက်ဆွဲ....... ခေါင်းလေးလည်း နည်းနည်းဖယ်ပေးပါဦး....ငါသူသူဟန်လေးကို မမြင်ရတော့လို့”
“မင်းကတော့ သေရင်တောင် မကျွတ်ပဲ နှာဗူးသရဲပဲဖြစ်နေတော့မှာပဲ”
“သရဲဖြစ်တော့လည်း တစ်မျိုးကောင်းတာပဲ...ကောင်မလေးအိမ်သာထဲ ခဏခဏသွားနေမှာ ....ဟိဟိ”
“..........”
အဲ့ဒီလောက်ကို မျက်နှာကြောပြောင်သည့် မျိုးမင်းထက်ပင်....သူ့ကိုမွေးပေးတဲ့ ဆရာဝန်က ရှက်ကြောနဲ့ ချက်ကြောကိုမှားဖျက်ပေးလိုက်လို့လားမသိ ။
သူ့ဘဝတွင် အရှက်ရသည်ဟူ၍ ရာဇဝင် မရှိခဲ့ဖူးချေ ၊ အတန်းထဲအရိုက်ခံရလည်း စပ်ဖြဲဖြဲ.....အတန်းရှေ့ ဒူးထောက်ရလည်း စပ်ဖြဲဖြဲ......အငယ်တုန်းက ဖင်ချွတ်ရိုက်ခံရတုံးကလည်း စပ်ဖြဲဖြဲ......ကျောင်းအုပ်ရုံးခန်း ရောက်လျင်တောင် စပ်ဖြဲဖြဲအမြဲလုပ်နေသဖြင့် အပြစ်ဒဏ်ပိုကြီးမည် ဆိုးသောကြောင့် သန့်ဇင်က အမြဲတမ်းလိိုလို သတိပေးခဲ့ရသည်။
အခု လူပျိုပေါက်အရွယ်ရောက်တော့လည်း သူ့မျက်လုံးထဲ မြင်မြင်သမျှ ခပ်ချောချော ကောင်မလေးများအား ရည်းစားစာလိုက်ပေးသည့်ကိစ္စနှင့် ပတ်သတ်၍ ပြဿနာတက်ပေါင်း မနည်းတော့ချေ ။
သန့်ဇင်ကိုနှင့် အောင်အောင်ဦးပါ အဆစ်ပါသွားခဲ့ရသည့် ထ.၄ က မဒီလေး ကိုသွားပိုးပန်း၍ ရုံးခန်းရောက်ပြီးနောက်ပိုင်း မျိုးမင်းထက်တစ်ယောက် အသိရသွားခဲ့ပြီဟု ထင်ခဲ့မိသော်လည်း သူသူဟန်၏ အလှအား တွေ့မြင်ပြီးသည်ကစ၍ အချစ်ရောဂါ ပြန်ထလာသည်။
သန့်ဇင်ကိုက မျိုးမင်းထက်ကို မြန်မြန်အတိုင်ခံရ......... မြန်မြန်ရုံးခန်းရောက် ဇာတ်လမ်းပြတ်အောင် ရည်းစားစာမြန်မြန်ပေးရန် အကြံပေးသော်လည်း သကောင့်သားက ဒီတစ်ခေါက်မှ သွေးနည်းနေပြန်သည်။
လွန်ခဲ့သော ရက်သုံးဆယ်တွင် မျိုးမင်းထက်သည် သန့်ဇင်ကိုတို့အခန်းသို့ အကြောင်းမရှိ အကြောင်းရှာရောက်လာပြီး ပြတင်းပေါက်ကနေ၍ သူသူဟန်ကို အစဥ်တစိုက်ငမ်းနေ လေရဲ့.....
သူ့အပြောအရဆိုလျင် မျက်လုံးရှိ ညို့ဓာတ်တွေနဲ့ ကောင်မလေးအား ဆွဲငင်နေသည်ဟု ပြောသော်လည်း သန့်ဇင်ကိုအမြင်တွင် သခင့်ထံမှ အရိုးမျှော်နေသော ခွေးလေးနှင့်ပင် ပို၍တူနေသေးသည် ။
ဘယ်လိုပဲပြောပြော ဒီနေ့တော့ မျိုးမင်းထက်က ချာလီ နှင့်ကာလီနှင့် ( ရေမွှေးနှင့် ကော်ဂျယ် တံဆိပ်နာမည်) အသားကုန်ရွှိင်းလာသောကြောင့် စစ်ဆင်ရေး စတော့မည်နှင့်တူလေသည် ။
သန့်ဇင်က ပုံဆွဲနေသည်ကို ခဏရပ်လိုက်ပြီး ကောင်မလေးအား မျက်လုံးရွဲကြီးနှင့် စိုက်ကြည့်နေသော မျိုးမင်းထက်အား..........
“မင်းဒီနေ့ ရည်းစားစာပေးတော့မှာပေါ့ ၊ စာရေးနေလို့ ဒီနေ့လာတာနောက်ကြနေတာမလား”
“ဟဲဟဲ.....မင်းက ငါ့အမေထက်တောင် ငါ့အကြောင်းသိနေပါ့လား”
“သိတာပေါ့...မင်းအမေနဲ့က ငါးနှစ်လောက်ပဲအတူနေတာ ၊ ငါနဲ့က ကိုးနှစ်ရှိနေပြီလေကွာ”
“အဲ့တာထားစမ်းပါ......အခုငါ ရည်းစားစာ ဘယ်လိုသွားပေးရမလဲ စဥ်းစားနေတယ်”
“မင်းပေးနေကြအတိုင်းသွားပေးပေါ့ကွာ...ပြီတီတီ သနားစဖွယ်မျက်နှာလေး လုပ်ပြီးတော့”
“ အချစ်ကို မျှော်လင့်တောင့်တနေတဲ့ မျက်လုံးလေးလို့ ပြောပါကွ...ဟဲဟဲ”
“အခန်းထဲဝင်ပြီးတော့ သွားပေးတော့ကွာ...ဟိုမှာ မျက်ချယ်နဲ့ စကားပြောနေတာပဲဟာ”
“သားကြီး....”
“ဘာတုံးဟ...ငါသွားပေးပေးရမှာလား...ပေး”
“အဲ့လိုမဟုတ်ဖူးဟ.....ဒီတစ်ခေါက်ငါ ဘယ်လိုဖြစ်နေတယ်မသိဖူးကွာ....ကြောက်နေသလိုပဲ”
“ဟက်ဟက်..... မသိရင် အခုမှရည်းစားစာ စပေးဖူးတဲ့ကောင်လေးကျနေတာပဲ”
“တကယ်ပြောတာကွ သားကြီးရ......ရင်ထဲ လှပ်လှပ်..လှပ်လှပ်နဲ့....မယုံရင် စမ်းကြည့်လှည့်”
“ဟုတ်ပါပြီကွာ....မင်းအတန်းထဲ ဝင်လာခဲ့လေ ငါအဖော်လိုက်ခဲ့ပေးပါ့မယ် ၊ ငါမျက်ချယ်နဲ့ စကားပြောပေးပြီး လမ်းကြောင်းလွှဲပေးထားမယ်....မင်းကဝင်လုံးကွာ”
“အင်းပါ....ခဏလေး...ငါသတ္တိမွေးလိုက်ဦးမယ်”
“မြန်မြန်မွေးကွာ ဟိုမှာ မုန့်စျေးတန်းသွားကြတော့မယ်နဲ့တူတယ် ထိုင်ခုံကနေ ထွက်လာကြပြီ”
မျိုးမင်းထက်က သတ္တိမွေးမည်ဟုဆိုကာ လက်ဝါးနှစ်ဖက်ကို ပွတ်ပြီး ခုန်စွခုန်စွနှင့် ဝိုင်းကြီးပတ်ပတ်လည်နေလေရဲ့...... သုံးမိနစ်လောက်ကြာမှ အလည်ရပ်သွားပြီး....
“အင်း...အင်း...ရပြီ..ရပြီ”
“ရမနေနဲ့.....ဟိုမှာ အခန်းအပြင်ထွက်သွားကြပြီ ၊ လိုက်သွားရအောင်....လာ”
“အေး...အေး သားကြီး”
မျိုးမင်းထက်က သန့်ဇင်၏ပုခုံးကိုကိုင်၍ အနောက်ကနေ မကြွသောခြေလှမ်းများနှင့် တရှပ်ရှပ်လိုက်လာသည် ။
သူတို့နှစ်ယောက်အရှေ့တွင် မုန့်စျေးတန်း သွားနေကြသော သူသူဟန်နှင့် မျက်ချယ်တို့နှစ်ယောက်ကတော့ စကားတပြောပြောနှင့် လမ်းလျောက်နေကြသည် ။
သန့်ဇင်ကိုက ကောင်မလေးနှစ်ယောက်ကို အမှီလိုက်ရန်ကြိုးစားသော်လည်း သကောင့်သားက အနောက်ကနေ အိပဲ့အိပဲ့နှင့်ပါလာသဖြင့် ခရီးမတွင်ချေ။
သူ့ကိုကြည့်ရသည်မှာ အဖေဖြစ်သူက ခါးပတ်ကြိုးနှင့် အသေလွှဲအရိုက်ခံရမည်ဆိုးသဖြင့် အမေ့နောက်ကျောတွင် ပုန်းကွယ်နေသော ကလေးလေးနှင့်ပင်တူသည် ။
သန့်ဇင်ကိုက စိတ်မရှည်တော့သဖြင့် မျိုးမင်းထက်အား ဂုတ်ဂနေသိုင်းဖက်လိုက်ပြီး အရှေ့ကို အတင်းတွန်းပို့လေသည် ၊ သကောင့်သား.....
“ဟေ့ကောင်...ဟေ့ကောင် အတင်းမတွန်းပါနဲ့ဟ...”
“မင်းကကြောက်နေတာကိုး...ဟိုက မုန့်စျေးတန်းထဲတောင် ဝင်တော့မယ်ကွ”
“အေးပါ...အေးပါ...ငါ့ဘာသာငါသွားပါ့မယ် ၊ မင်းသာအနောက်ကနေမတွန်းပါနဲ့”
“အဲ့တာဆိုလည်း ပြီးတာပဲ”
မျိုးမင်းထက်က သူ့ကိုယ်သူပြင်ဆင်သည့် အနေဖြင့် ဝတ်ဆင်ထားသည့် ပန်ဒါတံဆိပ် ကျောင်းစိမ်းပုဆိုးအား ချက်ပြုတ်စတိုလ် အနေအထားမှ ချက်ပြုတ်အနေအထားသို့ပင် ပြောင်းဝတ်လိုက်သည် ။
သူ့ပုံစံကြည့်ရတာ ပုဆိုးကိုပြင်မဝတ်ခင် အချိန်ကထက် ဘာမှပို၍ မထူးခြားသွား...........ထူးခြားသွားသည်က ပုဆိုးစကို မြေကြီးပေါ်သို့ပုံကျအောင် အရှည်ကြီးဝတ်လိုက်သဖြင့် သံပန်တလင်းပေါ်က ဖုန်များက လေအဟုန်ကြောင့် လွင့်စင်သွားကြသည်။
ဆရာသမားက ဒါနဲ့တင်မပြီးသေး......... သူ့ခြေထောက်တွင် ဝတ်ဆင်လာသည့် စကောတံဆိပ် ဂွင်းထိုးဖိနပ်ပေါ်ရှိ ကပ်ခွာအားကပ်လိုက်ခွာလိုက် လုပ်နေပြန်သည် ၊ သန့်ဇင်က စိတ်မရှည်တော့သဖြင့် နာရင်းတစ်ချက် ပိတ်တီးပေးလိုက်သည်။
“ဖတ်....”
“အာ့...!!! ပြီးပါပြီကွ သန့်ဇင်ရ”
“ပြီးမနေနဲ့......... ဟိုမှာ မင်းရဲ့သူသူဟန်ကို ဆယ်တန်းကအကိုတွေ စာပေးနေတယ်ထင်တာပဲ ၊ ကြည့်ပါဦး”
“အေး...ဟုတ်တယ်ဟ”
မုန့်စျေးတန်း၏ အဝင်ဝတွင် သူသူဟန်အား အ.ထ.က(၄)ကကျောင်းသားနှစ်ယောက် ရည်းစားစာပေးနေသည်ကို သန့်ဇင်တို့နှစ်ယောက်က ခပ်လှမ်းလှမ်းက ရပ်ကြည့်နေကြသည် ။
ဒီနှစ်ယောက်သည်လည်း အခန်းထဲသို့ မကြာခဏလာပြီး နောက်ပိုးနေကြ သူများဖြစ်၍ သန့်ဇင်ကို မျက်မှန်းတန်းမိနေသည်။
အရင်တစ်ခါကလည်း အတန်းထဲတွင် ဘာဝင်ပြောပြီး ဘယ်လိုစလိုက်သည်မသိ..............
သူသူဟန်က အာဗြဲနှင့်အော်လိုက်သည်ကို ခံခဲ့ဖူးကြလေသည်။
အခုလည်း သူသူဟန်က မျက်မှန်နှင့်တစ်ယောက်ပေးသည့် ရည်းစားစာရွက်ကို ယူပြီးဘေးနားရှိ ပန်းခြံထဲသို့ ဝှီးကနည်းနေအောင် လွှင့်ပြစ်လိုက်သည်............
ဒါကို ဆယ်တန်းကအကိုကြီးက အမှတ်ရှိပုံမပေါ်........သူမလက်ကိုအတင်းဆွဲပြီး စကားပြောတော့ ဟိုကလက်ကိုရအောင်ရုန်းပြီး ပါးကိုဘယ်ပြန်ညာပြန် နှစ်ချက်ဆင့်ချလိုက်လေသည်။
“ဖြန်း...ဖြန်း...!!!”
အရိုက်ခံရသူတော့ ဘယ်လိုနေမည်မသိ..........ဘေးနားကကြည့်နေသော သန့်ဇင်နှင့် မျိုးမင်းထက်မှာ ပါးတွေပင်ကျိန်းလာသလို ခံစားလိုက်ရသည် ။
အရိုက်ခံရသော ကျောင်းသားက မကျေနပ်ဟန်တူသော်လည်း အရှက်ရသွားသဖြင့် သူ့အဖော်ကိုလက်တို့ကာ လှည့်ပြန်သွားကြသည် ။
ထိုအချိန်တွင် သန့်ဇင်ကိုသည် ဘေးနားရှိ သူငယ်ချင်း မျိုးမင်းထက်အား “ ဘယ်နှယ့်ရှိစ”ဟူသောအကြည့်ဖြင့် ကြည့်လိုက်လေသည် ။
သကောင့်သားက နဂိုကတည်းက ကြောက်နေပါတယ်ဆိုမှ သူသူဟန်၏ ဂျပန်ပါးရိုက်နည်းကို မျက်မြင်ကိုယ်တွေ့ ရှူ့စားလိုက်ရသောအခါ စောနကအားမွေးခဲ့သည့် သတ္တိလေးတစ်စွန်း တစ်စမျှပင် ရှိတော့ဟန်မတူ..........မျက်နှာကြီးတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်နေလေသည်။
“သားကြီး....ဟိုမှာလေ သွားပေးတော့”
“အင်း.....ဟင်း..ဟင့်အင်း ဒီနေ့တော့ မပေးတော့ဖူး ၊ အခြေအနေမကောင်းဖူးထင်တယ်ကွ”
“အဲ့တာဆိုလည်း ငါ့ကိုမုန့်ဝယ်ကျွေးပြီးမှပြန်ကွာ...လာ..ရောက်လက်စနဲ့ မုန့်ဝယ်ကျွေးလိုက်... ဟဲဟဲ နောက်တစ်ခါစာလိုက်ပေးလို့ မင်းပါးရိုက်ခံရရင် ငါမုန့်မစားလိုက်ရမှာဆိုးလို့...ဟဲဟဲ”
“ဖွီ...မပြောကောင်းမဆိုကောင်း ၊ မင်းရဲ့ပါးစပ်ပုတ်ကြီးနဲ့မပြောပါနဲ့ကွ”
“လာပါ...ငါ့ကို မက်မန်းသီးအချဥ်သုတ်လေး တစ်ပွဲလောက်ပဲ ဝယ်ကျွေးစမ်းပါကွာ”
“အေး...အေး”
မုန့်စျေးတန်းထဲသို့ရောက်သောအခါ သန့်ဇင်တို့နှစ်ယောက်က အချဥ်ပေါင်းသည်ရှိသော အတန်းသို့အရင်ဝင်ကြသည် ။
ထိုဆိုင်မှ မက်မန်းသီးနှင့် နာနတ်သီးအရော ငါးရာဖိုး မှာပြီးသုတ်ခိုင်းနေသခိုက် ဘေးနားတွင် မျက်ချယ်နှင့် သူသူဟန်တို့ ရောက်ရှိလာကြသည် ၊ မျက်ချယ်က.....
“အဲ....သန့်ဇင် မုန့်လာဝယ်တာလား”
“အေးပေါ့ဟ...မုန့်စျေးတန်းထဲ လာပါတယ်ဆိုနေမှ”
“အဲ့လိုမဟုတ်ဖူး....နင်က ယောကျာ်းလေးဖြစ်ပြီး အချဥ်သီးတွေကြိုက်တယ်ပေါ့လို့ပြောတာ”
“ငါကယောကျာ်းလေးမဟုတ်ဖူး....အခြောက်လေ အခြောက်”
“တော်စမ်းပါ....နင်လားခြောက်မှာ ၊ နင်ကအခြောက်ဆို ငါက....ဘာပါလိမ့်...ဂန်ဒူး..အဲ ”
“မပြောတတ်ရင်မပြောစမ်းပါနဲ့ မျက်ချယ်ရာ.....နင်မုန့်ဝယ်မှာဖြင့်ဝယ်”
“ချယ်ကမဝယ်ပါဖူး....သူသူဟန်က အဖော်ခေါ်လို့လိုက်လာတာရယ်”
“အော်....”
“ဟဲ့..ဟိုဖက်က.....နင့်သူငယ်ချင်းမလား”
“အေး...ဟုတ်သား ၊ ဒါက မျိုးမင်းထက်တဲ့ Eco က....”
“ဟဲ...ဟဲ...ဟဲ..ဟဲ”
( မျိုးမင်းထက်၏ မနှစ်မြို့ဖွယ်ရာကောင်းပြီး မုတ်ဆိတ်နှင့်ဆိတ်ကြီးတစ်ကောင်ကဲ့သို့ ရှက်ပြီးရယ်သောအသံ ၊ စာဖတ်သူများ သူ၏ရုပ်ကိုမမြင်ရသည်မှာ အတော်ကံကောင်းသည် ဟုဆိုရချေလိမ့်မည် )
“ချယ်.....ဝယ်ပြီးပြီ...လာ သွားရအောင် ” ( သူသူဟန်၏ စကားသံ)
“သန့်ဇင်တို့နဲ့ အတူတူသွားမယ်လေ...နင်လည်းပြီးပြီမလား ”
“အေး...ပြီးပြီ..ချယ်...မျိုးမင်းထက်...မင်းဝယ်စရာရှိသေးလား”
“ဟင့်အင်း......”
ထိုသို့ဖြင့် မရည်ရွယ်သော်လည်း မျက်ချယ်တို့ သူငယ်ချင်းနှစ်ယောက်နှင့် ဆုံတွေ့ပြီး မုန့်စျေးတန်းမှ ပြန်အထွက်တွင် သန့်ဇင်ကိုက သူ့လည်ပင်းတွင်ဆွဲထားသည့် ကျောင်းသားကတ် မရှိတော့သည်ကို သတိထားမိသွားသည် ၊ ထို့ကြောင့်......
“အဲ......ငါ့ကျောင်းသားကဒ် မုန့်စျေးတန်းထဲ ပြုတ်ကျနေခဲ့ပြီထင်တယ် ၊ မျက်ချယ်.....နင်တို့ သွားနှင့်တော့လေ...ငါပြန်ရှာလိုက်ဦးမယ်....မျိုးမင်းထက် မင်းက ဟိုဖက်ကနေ စရှာကြည့်”
“အော....ကျောင်းသားကဒ်လား ၊ ချယ်...စောနက ခေါက်ဆွဲသုတ်ဆိုင်နားမှာ မြင်လိုက်သလိုပဲ မှောက်ယက်လေးဆိုတော့ ဘယ်သူ့ဟာမှန်းမသိတာနဲ့ မကြည့်ဖြစ်တာ”
“အေး...ဟုတ်လား အဲ့တာဆို ငါ့နဲ့လိုက်ခဲ့လေ ၊ မျိုးမင်းထက်......သားကြီး မင်းကဒီမှာ ခဏစောင့်နေခဲ့လိုက်”
“အေး...အေး”
သန့်ဇင်ကိုနှင့် မျိုးမင်းထက်တို့နှစ်ယောက် အစကတည်းက အစီအစဥ်ဆွဲခဲ့လျင်တောင် အခုလောက် ချိန်သားကိုက်မည်မဟုတ်.....
အခုတော့ မုန်စျေးတန်း အပေါက်ဝတွင် သူသူဟန် နှင့်မျိုးမင်းထက်တို့ နှစ်ယောက်ထည်း ကျန်ရစ်ခဲ့လေပြီ ။
မျက်ချယ်က အရှေ့ကနေ ဦးဆောင်သွားပြီး သူမတွေ့ခဲ့သည့်နေရာတွင် ရှာကြည့်လိုက်တော့ သန့်ဇင်ကို၏ ကျောင်းသားကဒ်ကို ပြန်ရှာတွေ့သွားသည် ၊ သူမက ကျောင်းသားကဒ်ကိုကောက်လိုက်ရင်း...
“ဟိဟိ....သန့်ဇင်...နင့်ကျောင်းသားကတ်ထဲက ရုပ်လေးကလည်း ရီချင်စရာလေး...သွားကျိုးလေးနဲ့”
“အေး...အဲတာငါခြောက်တန်းတုန်းက ပုံလေ ၊ မျိုးမင်းထက်နဲ့ စက်ဘီးအတူစီးရင်း ဂုန်းဆင်းအရောက် အစွမ်းပြပြီး နှစ်ဖက်လွှတ်စီးတော့ ဂျိုင့်ထဲမှောက်ကျပြီး ကျိုးသွားတာ”
“သွားကျိုးတာကိုက ရာဇဝင်နဲ့ပါလား....အဲ နင့်သူငယ်ချင်းက သူသူ့ကို ကြိုက်နေတာလား”
“အင်း...ဟုတ်တယ် ၊ နင်ကဘယ်လိုသိတာလဲ”
“ငါတို့အခန်းထဲက မိန်းခလေးတွေအကုန်သိတယ်.......နင့်ဘော်ဒါက နေ့တိုင်း နင့်ဘေးနားက ပြတင်းပေါက်ကနေ ပါးစပ်ကြီးဟပြီး အမြဲငမ်းနေတာကိုး”
“အဲ့တာတော့ ငါလည်းထောက်ခံတယ်”
“နင်ကလည်း သတိလေးဘာလေးမပေးဖူးလား.....သူသူဟန်အကြောင်းသိရဲ့သားနဲ့”
“အဲ့ကောင်က ပါးရိုက်ခံရမှ အသိတရားဝင်မဲ့ကောင်ပါ...ငါပြောလည်း မရပါဖူး”
“အခုတော့အရှေ့မှာ ဘယ်လိုနေနေကြတယ်မသိဖူး....ကြည့်ကြည့်ရအောင်...ဟိဟိ”
“အေး...ငါလည်းစိတ်ဝင်စားနေတာ.....လမ်းဖြည်းဖြည်းလျောက်”
“ဟုတ်ပြီ...ဟုတ်ပြီ”
သန့်ဇင်နှင့် မျက်ချယ်လည်း သူငယ်ချင်းနှစ်ယောက်၏ အခြေအနေအား ဘယ်လိုရှိသည်ဟု သိချင်သည်နှင့် လမ်းဖြည်းဖြည်းလျောက်ပြီး မုန့်စျေးတန်းထဲက ထွက်လာခဲ့လိုက်သည်။
အပြင်တွင် သူသူဟန်နှင့် မျိုးမင်းထက်တို့ စကားတပြောပြောနှင့်ရှိနေကြသည်ကို တွေ့လိုက်ရသည် ၊ မျက်ချယ်က သူမထုံးစံအတိုင်း သန့်ဇင်အား ပုခုံးနှင့်တိုက်ရင်း မျက်ခုံးပင့်ပြသည်။
ထိုအချိန်တွင် စိန်ပြေးလိုက်တမ်း ကစားနေကြသော သုံးတန်းအရွယ် ကောင်လေးများက သူတို့ဘေးနားကနေ လှစ်ကနည်း ဖြတ်သွားကြသည်......
သန့်ဇင်တို့ နှစ်ယောက်ဘေးကနေ ဖြတ်အပြီး သူသူဟန်တို့နှစ်ယောက် အနားသို့ရောက်သည့်အခါ အနောက်က လိုက်ဖမ်းနေသော ကောင်လေးကခလုတ်တိုက်မိပြီး လဲကျတော့မလိုဖြစ်သွား၍ သူ၏ အရှေ့တွင်ရှိသော မျိုးမင်းထက်၏ ပုဆိုးစကို ဆွဲမိသွားသည် ။
ဆရာသမား၏ ပုဆိုးက ချက်ပြုတ်တည်းတည်းလေး ဝတ်ထားသည်ဖြစ်၍ ကောင်လေးက ဆွဲမိသောအခါတွင် ပုဆိုး ကွင်းလုံးကျွတ်ကျသွားလေတော့သည် ။
“အားးး....!!!!!!!” ( သူသူဟန်၏ အော်သံ)
“ဟိုကောင်တွေ....အဲ....ဟို...ဆောရီး...အဲ...ဆောရီးနော်..အဲ..မဟုတ်”
“မသိဖူး....ပုဆိုးမြန်မြန်ပြန်ဝတ်”
“အဲ...ဟုတ်သား..အဲ...ဆောတီးပါဗျာ”
မျိုးမင်းထက်က ပုဆိုးဂွင်းလုံးကျွတ်သွားတော့ အောက်ကဘစ်အနီရောင်ကြီး ပေါ်လာသဖြင့် သူ၏အရှေ့တည့်တည့်တွင်ရှိသော သူသူဟန်က လန့်ပြီး အော်လိုက်ခြင်းဖြစ်သည် ။
ပိုဆိုးသည်က သကောင့်သား၏ အမွှေးတချို့သည် အောက်ခံဘောင်းဘီ၏ အမြှောင်းကြား အနားသတ်တွင် ကွေးကွေးကောက်ကောက်လေး ထွက်နေသေးသည် ။
မျက်ချယ်လည်း မျက်လုံးကိုပိတ်ပြီး အနောက်သို့လှည့်သွားသည်။
ဆရာသမားက ပုဆိုးကျွတ်ကျတာကို အမြန်ကောက်မဝတ်ပဲ သူ့အရှေ့က သူသူဟန်ကို ခြေဟန်လက်ဟန်ဖြင့် ရှင်းပြပြီးတောင်းပန်နေသေးသည် ။
ဟိုက မြန်မြန်ပုဆိုးပြန်ဝတ်လို့ အော်လိုက်မှ အသိဝင်သွားပြီး အောက်ကနေပြန်ကောက်ဝတ်ကာ အနောက်သို့ တချိုးထည်း ပြေးသွားလေတော့သည်။
သန့်ဇင်က....
“ချယ်...ဒီဖက်လှည့်လို့ရပြီ ၊ ဟိုကောင်ရှက်ပြီး ပြန်ပြေးသွားပြီရယ်...”
“အော်...အင်း”
“နင့်သူငယ်ချင်း သူသူဟန်နားသွားလိုက်....တော်တော်လန့်သွားပုံပေါ်တယ်”
“အေး...နင်ရောလာလေ”
“ဟင့်အင်း...ငါပါရောပြီး အအော်ခံနေရအုံးမယ် ”
“အေးပါ...အေးပါ..အဲ့တာဆို....သွားနှင့်ပြီနော်”
“အေးအေး...ငါလည်း ဟိုကောင့်ဆီသွားလိုက်ပါဦးမယ်”
“အင်း.....”
ထို့နောက် သန့်ဇင်ကိုလည်း သူ့သူငယ်ချင်း မျိုးမင်းထက်အား အရှက်ပြေအောင် ပြန်ချော့ရန်အတွက် အနောက်ကနေ အပြေးလိုက်ပြီး သွားရလေတော့သည်။