When we were young
Por 24faces
174K 1.4K 139
ကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်... Mais
Chapter One: : Masturbation
Chapter two: : အောင်အောင်ဦး နှင့် မျိုးမင်းထက်
Chapter Three: : Eaint Myat Chal
Chapter Five: : အတွဲချောင်းကြသူများ
Chapter Six: : Beginning of the Destiny
Chapter Seven: : Ma Ma Honey
Chapter Eight: : နွေရာသီကျောင်းပိတ်ရက်များ
Chapter Nine: : Thu Thu Han
Chapter Ten: : ဖိုက်တင်ပလေးပွဲ
Chapter Eleven: : Love Lessons of Ma Han Ni ( Part - 1 )
Chapter Twelve: : Love Lessons of Ma Han Ni ( Part - 2 )
Chapter Thirteen: : Thiha Bala
Chapter Fourteen: : Cherry Blossoms
Chapter Fifteen : : ဒဿမတန်း
Chapter sixteen: : ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်
Chapter Seventeen: : Can You be my girlfriend?
Chapter Eighteen : : Bagan Trip
Chapter Nineteen: : Happy Valentine's Day
Chapter Twenty: : Second and the Last
Chapter Twenty-one: : Thingyan Festival in Mandalay
Chapter Twenty-two: : ငယ်သူငယ်ချင်း ကောင်လေး
Chapter Twenty-three: : First time we make miracle
Chapter Twenty-four: : Friendship & Love
Chapter Twenty-five: : Misunderstanding
Chapter Twenty-Six: : We Are Missing Each Other
Chapter Twenty-Seven: : Ending of the Destiny
Chapter Twenty-eight: : Let Her Go
Final Chapter : : On Your Wedding Day
Chapter Four: : စုံညီပွဲတော်
5.4K 79 17
Por 24faces
Chapter Four:            : စုံညီပွဲတော်
နံနက်ခင်း ဆယ်နာရီခန့်အချိန်တွင်ဖြစ်သည်...........
အခန်း၏ အတန်းပိုင်ဆရာမဖြစ်သော ဒေါ်ဝါဝါသိန်းက သန့်ဇင်ကိုအား မုန့်စားကျောင်းဆင်းလျင် ဆရာ၊ ဆရာမနားနေခန်းသို့ လာခဲ့ရန်ပြောထားခဲ့သောကြောင့် ဘယ်ဖက်မျက်ခုံးများလှုပ်နေကြသည်။
သို့သော်လည်း အခုတလော သူဘာပြဿနာမှမရှာရသေး...ထို့ကြောင့် စုံညီပွဲတော်တွင် ကာတွန်းဆွဲရန် အတွက်သူ့အား ညွန်ကြားချက်ပေးလိမ့်မည်ဟု စိတ်ထဲတွင် ခံစားမိနေသည်။
သန့်ဇင်ကိုတစ်ယောက် ဆရာမနားနေခန်းကိုသွားတော့ အမှန်တကယ်လည်း ကာတွန်းရုပ်ပြ သုံးချပ်ဆွဲရန် အမိန့်ပေးသည်။
နှစ်စဥ်နှစ်တိုင်း သူတစ်ယောက်ပဲ ဒိုင်ခံဆွဲလာရ၍ ငြင်းဆိုချင်သော်လည်း မရမှန်းသိလေသည်.....
သန့်ဇင်ကိုက ပန်ချီကို ဝါသနာပါသော်လည်း စာကြည့်တိုက်မှူးက သူချပေးသည့် ခေါင်းစဥ်အောက်တွင်သာ ဆွဲခိုင်းသည်....
ပညာပေး  မိဘကျေးဇူး ၊ ဆရာကျေးဇူးစသည့် မြန်မာလူကြီးတွေအကြိုက် အဖန်တရာတေနေသည့် ဇာတ်လမ်းများ ကိုသာဆွဲခိုင်းသည်။
ယခင်နှစ်တုန်းက သန့်ဇင်ကို၏ကိုယ်ပိုင် စိတ်ကူးနှင့်ဆွဲထားပြီး ရယ်ရသည့် ကျောင်းသားဟာသ ကာတွန်းကို ပွဲနှင့်မသင့်လျော် ဟုပြောပြီး ပယ်ချလိုက်ကတည်းက ပုံဆွဲပေးဖို့သိပ်စိတ်မပါတော့။
လူကြီးတွေ..... ဆရာ ဆရာမတွေကလည်း သူတို့ဖြစ်ချင်တာတွေပဲ လုပ်ခိုင်းသည်ဟု သန့်ဇင်ကိုစိတ်ထဲ မကျေမနပ် ဖြစ်မိသည်။
ထိုသို့ဖြင့် နေ့လည်စာစားပြီးသောအခါ စာကြည့်တိုက်မှူးဆီမှ ခေါင်းစဥ်ယူရန်အတွက် လေးလံသော ခြေလှမ်းများဖြင့် ပင်မအဆောင်ကြီးရှိရာသို့ သွားသည်။
အဝါရောင် ပင်မအဆောင်ကြီး၏  အောက်ထပ်တစ်ခုလုံးမှာ သတ္တမတန်းများ အားလုံး၏ စာသင်ဆောင်များဖြစ်ပြီး အပေါ်ထပ်တစ်ခုလုံးသည် အခန်းအနားပွဲများပြုလုပ်သည့် ဟောခန်းကျယ်ကြီးနှင့် အနောက်တစ်ခြမ်းတွင်ကပ်ထားသည့် စာကြည့်တိုက်လေးရှိ လေသည် ။
( ယခုတော့ စာကြည့်တိုက်ကို အဆောက်အဦးအသစ်ထဲတွင် ပြောင်းရွေ့လိုက် လေပြီ )
ပင်မအဆောင်ကြီးသို့ ရောက်သောအခါတွင် စာကြည့်တိုက်ရှိသည့် အပေါ်ထပ်သို့ ဆင်ဝင်ကနေ တက်လှမ်းခဲ့လိုက်သည် ။
ရှေးယခင်ကတည်းက ဆောက်လုပ်ထားခဲ့သည့် ဤကျောင်းဆောင်ကြီး၏ ကျွန်းလှေကားကြီးမှာ ယခုထိတိုင် ခန်းနားထယ်ဝါလှဆဲ......
အပေါ်ထပ်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသဖြင့် ​လှေကားပေါ်သို့ ခြေလှမ်းတစ်လှန်း လှမ်းလိုက်တိုင်း ခြေသံကိုပဲ့တင်ပြန်ကြားရသည်။
ဟော......အပေါ်ထပ်သို့ ရောက်ရောက်ချင်း ကျယ်ပြောလှသည့် ဟောခန်းကြီးအားအရင်တွေ့လိုက်ရသည်၊
ကျောင်းသားကျောင်းသူအချို့က လာမည့်စုံညီပွဲတော်အတွက် တံမျက်စည်းလှဲ ကြမ်းတိုက်ပြီး သန့်ရှင်းရေးပြုလုပ်နေကြသည် ။
သန့်ဇင်ကိုက သူတို့ကိုကြည့်ပြီး ကာတွန်းဆွဲ ရမည့်အစားသူတို့နှင့်ပင် ကြမ်းအတူတိုက်လိုက်ချင်သည်ဟူ၍ စိတ်ထဲတွေးတောမိ လေသည်။
စာကြည့်တိုက် အခန်းငယ်လေးထဲသို့ ရောက်သောအခါတွင် စာကြည့်တိုက်မှူးဖြစ်သော ဆရာက သန့်ဇင်ကိုအား......
“သန့်ဇင်..ရောက်ပြီလား...ခဏထိုင်ဦး ၊ ငါအခုမှ ထမင်းစားနေတုံးမို့လို့”
“ဟုတ်..ဆရာ”
“.....................”
“ ဒီနှစ်အတွက်က အလယ်တန်းတစ်ခုလုံး ပန်းချီကဆွဲမည့်သူသိပ်မရှိတော့ မင်းကိုပဲ အားကိုးရအုံးမှာပဲဟေ့....ဒီနှစ်တော့ သုံးချပ်ဆိုရပါပြီကွာ...သိပ်မခက်ပါဖူး ၊ မင်းဆွဲနေကြပဲ”
“ဟုတ်.....ကဲ့”
“အင်း....ငါခေါင်းစဥ်သုံးမျိုးရှာပေးထားတယ် ၊ အဲ့ဂိုက်လိုင်းအတိုင်းပဲဆွဲနော်....မနှစ်တုံးကလို စတန့်မထွင်ခဲ့နဲ့....သိလား”
“ဟုတ်ကဲ့ပါ....ဘာခေါင်းစဥ်တွေလဲ”
“ခဏ ငါစာအုပ်ထဲရေးထားတယ်.....အင်း ! %#**!^#8(!^*#^!^#%%!!$#*(!%(# ..... အဲ့တာပဲ”
“ဟုတ်..ဆရာ ၊ ဘယ်နေ့အပြီး ဆွဲရမှာလဲဗျ”
“စုံညီပွဲတော်နေ့ကဘယ်နေ့.....”
“တစ်ပတ်ခါပါ...ဆရာ”
“အေး...အဲ့လောက်တောင်ကပ်သွားပြီလား ၊ အဲ့တာဆိုစုံညီပွဲတော်နေ့ မနက် ၁၀နာရီခွဲလောက် အောက်ကဘုတ်မှာ ကပ်ပေးနိုင်ရင်ရပြီ ၊ ဘယ်နေရာမှာကပ်ရမယ်ဆိုတာ မင်းသိတာပဲဟာ”
“ဟုတ်ကဲ့ဆရာ...ကျွန်တော်လုပ်လိုက်ပါ့မယ်”
“အေး..အေး...ကျေးဇူးပဲကွာ ”
“ဟုတ်”
ထို့နောက် စာကြည့်တိုက်ထဲမှ မပြန်သေးပဲ ရွှေသွေးနှင့် မိုးသောက်ပန်း ဂျာနယ်ထဲမှ ကာတွန်းများကို ဖတ်ပြီး ကာတွန်းဆွဲရန်အတွက် အကြံဉာဏ်ယူကြည့်သည် ။
ရွှေသွေး စာစောင်ကတော့ လစဥ်အသစ်ဝင်၍ မဖတ်ရသေးသည့် တချို့စာဆောင်များကိုယူပြီး စာကြည့်တိုက် ဒေါင့်တစ်နေရာတွင် ဖတ်နေလိုက်သည် ။
စာကြည့်တိုက်ထဲတွင်တော့ လာရောက်စာဖတ်သည့် ကျောင်းသားကျောင်းသူ အနည်းငယ်သာရှိပြီး အသံတိတ်ဆိတ် သောကြောင့် သန့်ဇင်ကို သဘောကျသည် ။
၈ တန်းသို့ရောက်ကတည်းက အငယ်တုန်းကလို ကျောင်းဝန်းထဲ သိပ်မဆော့ဖြစ်တော့၍ မကြာခဏ စာကြည့်တိုက်ထဲသို့ လာရောက်ပြီး စာဖတ်လေ့ရှိလေသည်။
တစ်ခါတစ်ရံ ကံကောင်းလျင် အပြင်မှာဝယ်ရစျေးကြီးသည့် ရောင်စုံကာလာနှင့် ကာတွန်းဂျာနယ် ဖြစ်သည့် “ပုတက်” စာစောင်ကို ဖတ်ရလေ့ရှိသည်။
သန့်ဇင်ကိုသည် ရွှေသွေးစာစောင်များကို ဖတ်ပြီး စောနကဆရာချပေးသည့် ခေါင်းစဥ်နှင့် ဘယ်လိုဆွဲရင် ကောင်းလိမ့်မလဲဟု ခဏလောက်စဥ်းစားပြီး ဦးနှောက်ထဲမှတ်ထားလိုက်သည်။
သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးဉာဏ်သက်သက်ကိုတော့ တယူသန်သည့် ဆရာဆရာမများအတွက် အားစိုက်ပြီးမထုတ်ပေးလိုတော့..............
သူတို့နှင့်တန်ရာတန်ရာပဲဟု စိတ်ထဲတွေးပြီး တစ်ယောက်ထည်း ကျေနပ်နေမိသည် ၊ ထိုစဥ် သူ၏နားထဲသို့ ပီယာနိုတီးလုံးသံက သာယာညိမ့်ညောင်းစွာ ရိုက်ခါတ်လာသည်ကို သတိထားမိလိုက်သည်။
ခဏတာ အူကြောင်ကြောင်ဖြစ်သွားပြီးမှ အော်.... စုံညီပွဲတော်အတွက် အက (သို့မဟုတ်) အဆိုလေ့ကျင့်နေကြတာ ဖြစ်လိမ့်မည်ဟု တွေးမိပြီး ဖတ်လက်စ ကာတွန်းဂျာနယ်ကိုသာ ဆက်ပြီးဖတ်နေလိုက်သည်။
သူလိုချင်တဲ့ အကြံဉာဏ်အတိုင်းအတာတစ်ခုရတော့ ဖတ်ထားသည့် ကာတွန်းဂျာနယ်များကို စားပွဲပေါ်သို့ သေသေချာချာ ပြန်စီပြီးထားခဲ့လိုက်သည်။
စာကြည့်တိုက်ထဲကနေ ဟောခန်းဖက်သို့ ထွက်လိုက်တော့ စောနကသူကြားခဲ့ရသည့် ပီယာနိုသံစဥ်၏ ပိုင်ရှင်ကို တွေ့လိုက်ရပြီး သူ့နှုတ်ခမ်းက အလိုလိုပြုံးမိသွားသည်။
သူမကတော့ ဆရာမတွေရဲ့ အသည်းနှလုံးကို ညို့ယူနိုင်သူလေး “အိမ့်မျက်ချယ်” ပင် ဖြစ်သည်။
မွန်းလွဲနေရောင်ခြည်က အိုဟောင်းနေသည့် ပြတင်းပေါက်ရှိမှန်ညစ်ညစ်ကို ဖြတ်သန်း၍ သူမအပေါ်သို့ အလင်းတန်းအမှုန်လေးများအသွင်ဖြင့် ကျရောက်နေသည်။
သူမကတော့ ပီယာနိုပေါ်က ဂီတသံစဥ်နုတ်ကို အာရုံစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းတီးခါတ်နေလေရဲ့........
ထိုအခိုက်အတန့်​လေးတွင် သန့်ဇင်ကို၏ ရင်ထဲ၌ ခံစားချက်တချို့သည် ဓာတ်ပြုမှုဖြစ်ပြီး လျင်မြန်သည့် နှလုံးခုန်သံများအဖြစ် အသွင်ပြောင်းသွား ကြသည်။
သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသည့် ရင်ခုန်ကြည်နူးခြင်းဟူသည့်  ခံစားချက်အသစ်ကို နှလုံးသားကရော ဦးနှောက်ကပါ ကျေကျေနပ်နပ်ကြီး လက်ခံမိသည် ။
သူမ၏ပုံရိပ်လေးသည် ဆရာဆရာမတွေကိုသာမက သူ၏ စိတ်နှလုံးကို ညို့ယူဖမ်းစားနိုင်ခဲ့လေပြီ ။
သူ့ရဲ့နှလုံးခုန်သံ တွေကို ပြန်ညှိတဲ့အနေဖြင့်  နှာခေါင်းကနေ အသက်ရှူသံ ညှင်းညှင်းလေး မှုတ်ထုတ်မိ လိုက်သည်။
သန့်ဇင်ကိုတစ်ယောက် စိတ်ကိုထိန်းမိကာမှ ရင်ခုန်သံတွေပိုမိုမြန်ဆန်လာ၍ ခံစားချက်ကို အရှုံးပေးလိုက်ပြီး  သူမထံသို့ တစ်လှမ်းချင်းလှမ်းပြီး အလိုအလျောက် လမ်းလျောက်သွားမိသည်။
ကမ္ဘာဦးအစတွင် အာဒမ်သည် သူ၏နံရိုးမှ ဘုရားသခင်ဖန်ဆင်းပေးလိုက်သော ဧဝ ဆိုသည့် အမျိုးသမီးငယ်ကို စတင်၍ မြင်တွေ့လိုက်ရသောအခါတွင် ရင်ထဲ ဘယ်လိုခံစားခဲ့ရသည်ကို သူနားလည်သိရှိသွားသည်။
ဧကန္တ......သူ၏အရှေ့တွင် သံစဥ်ငြိမ့်ငြိမ့်ညောင်းညောင်းလေးကို တီးခါတ်နေသည့် ဆံပင်ဂုတ်ဝဲလေးနှင့် သူမက ဘုရားသခင်က ဖန်ဆင်းပေးထားသည့် နှစ်လိုဖွယ် အမျိုးသမီးငယ်တစ်ယောက်လား ဟု ထင်မြင်မိလေသည်။
အိမ့်မျက်ချယ်ကတော့ သူမ၏ ဂီတနုတ်ကိုသာ အာရုံစိုက်တီးခါတ်နေ၍ သန့်ဇင်ကို တစ်ယောက် သူမဘေးနားသို့ ရောက်ရှိလာသည်ကို သတိမထားမိချေ ။
ခဏကြာတော့ သူမက ပီယာနိုတီးသည်ကို ခဏရပ်လိုက်ပြီး ဆံပင်ဂုတ်ဝဲလေးကို နားရွက်အနောက်သို့ လက်ဖြင့်သပ်လိုက်ပြီး ဂီတနုတ်စာရွက်ကို နောက်တစ်မျက်နှာသို့ လှန်လိုက်သည် ။
ထို့နောက် သူမဘေးနားတွင် လက်ပိုက်ပြီးမတ်တပ်ရပ်နေသည့် သန့်ဇင်ကိုအား သတိပြုမိသွားသည် ၊ သူမက.....
“အမလေး....ပလုတ်တုတ်ကြီး ၊ အသံမပေး ဘာမပေးနဲ့ လန့်လိုက်တာ သန့်ဇင်ရယ်”
“ငါက နင်ပီယာနိုတီးနေတာ အာရုံပျက်သွားမှာဆိုးလို့ပါ”
“အခုတော့ ပျက်သွားပြီလေ ၊ ဒါနဲ့ နင်ဒီကိုဘာလာလုပ်တာလဲ”
“စာကြည့်တိုက်ကိုလာတာပါ....ထုံးစံအတိုင်းပဲ ငါ့ကိုပုံဆွဲခိုင်းကြတာ”
“ ဒီနှစ်ရော ဘယ်လိုကာတွန်းတွေဆွဲမှာလဲ ၊ ဟာသတွေပါမှာလား”
“ဟင့်အင်း...နင်သိတဲ့အတိုင်းပဲ ဆရာတွေစိတ်ကြိုက် လူလိမ္မာကာတွန်းတွေပေါ့ဟာ”
“အဲ့တာကြောင့် နောက်ပိုင်းကလေးတွေက စာသိပ်မဖတ်ကြတော့တာ”
“အင်း......အဲ့လိုပါပဲ ငါတို့ဖြစ်ချင်တာတွေ ဘယ်တုန်းကများ ဖြစ်ခဲ့ရဖူးလို့လဲ”
“ အဲ့တာတော့ ချယ်လည်းထောက်ခံတယ် ၊ အခုလည်း အတန်းပိုင်ဆရာမက သူငယ်တန်း ကလေးတွေကဖို့အတွက် သီချင်းသံစဥ်ကို ပီယာနိုနဲ့တီးခိုင်းနေတယ်....ခွေဖွင့်လိုက်ရင် ရတဲ့ဟာကို”
“နင်ငြင်းလို့လည်း မရဖူးမလား ၊ မလုပ်ချင်ပေမယ့်လည်း လုပ်ရတော့မှာပေါ့”
“အင်း...အကောင်းဖက်ကတွေးကြည့်ရင် ပီယာနိုပိုတီးတက်သွားတာပေါ့ ၊ ကလေးသီချင်း လို့သာပြောတယ်...သံစဥ်တွေကလည်း ခက်လိုက်တာ”
“ဒါဆိုခဏနားပြီးမှ ဆက်တီးကျင့်လေ မျက်ချယ် ၊ ငါလည်းပုံဆွဲရင်း စိတ်မပါတော့ရင် ခဏလောက်နားလိုက်တာ စိတ်မပါပဲအတင်းဆွဲရင် ပုံကောင်းကောင်းမထွက်တော့ဖူး”
“အင်း.....ဟုတ်တယ် ၊ နင်ပြောသလို ခဏနားရမယ်”
အိမ့်မျက်ချယ်က စကားပြောရင်းနှင့်ပင် ထိုင်ခုံပေါ်ကထလိုက်ပြီး လက်နှစ်ဖက်ကိုလိမ်ကာ ဆန့်တန်းရင်း အညောင်းဆန့်လိုက်သည်။
ပြီးနောက် ပြတင်းပေါက် မှန်တံခါးကိုဖွင့်ကာ လက်ထောက်ပြီး အပြင်သို့ငေးရင်း သူမခေါင်းလေးကို အသာလေး ဘယ်ညာယိမ်းနေသည်။
သန့်ဇင်ကိုလည်း သူမနှင့်အတူတူ ပြတင်းပေါက်ဘောင်ပေါ်တွင် လက်ထောက်ရင်း အပြင်ဖက်က မြင်ကွင်းကို ငေးကြည့်နေမိသည်။
အပေါ်ထပ်ပြတင်းပေါက်ကနေ​ ကြည့်လျင်  ​ပြေးလွှားဆော့ကစားနေသည့် ကလေးများ ၊ ကြိုးခုန်နေကြသည့် မိန်းခလေးတချို့.....နောက်ပြီး ကျောင်းအလယ်ရှိ ကျောင်းအုပ်ရုံးခန်းကို မြင်တွေ့ရသည်။
သန့်ဇင်ကို အတွက်မူ အပြင်ကမြင်ကွင်းထက် ဘေးနားတွင်ရပ်နေသည့် အိမ့်မျက်ချယ်ရဲ့ ဖြူစင်ဝင်းပနေသည့် မျက်နှာလေးက ပို၍နှစ်သက်ဖွယ် ကောင်းသည်ဟု ထင်မိသည်။
သူမရဲ့ ပါးမို့မို့လေးပေါ် လိမ်းချယ်ထားသည့် သနပ်ခါးပါးကွက်ကြားလေးက နေရောင်ခြည်အောက်တွင် တောက်ပနေလေသည်........
လေအဝှေ့တွင် ဆံနွယ်တချို့က သူမ၏ပါးပြင်ပေါ်ကနေ လိပ်ပြာလေးအတောင်ပံခါတ်သလို ဝဲပျံသွားသည် ။
နောက်ပြီး  သူမလိမ်းထားသည့် သနပ်ခါးရနံ့ သင်းသင်းလေးကလည်း အနံ့အာရုံထဲသို့ ရောက်ရှိလာ လေသည် ၊ အိမ့်မျက်ချယ်က သန့်ဇင်ကိုဖက်သို့ ခေါင်းလေးစောင်းကာ....
“ဟိတ်...ဘာတွေဒီလောက်ကြည့်နေတာလဲ”ဟု မေးသည်။
သန့်ဇင်ကိုက...
“နင်ဘာလို့ ခေါင်းကို ဟိုစောင်းဒီစောင်းလုပ်နေတာလဲလို့ ကြည့်နေတာ” ဟု အရှက်ပြေ ပြန်ဖြေလိုက်သည်။
သူမက.....
“ နုတ်စာရွက်ကြည့်ရတာ ဇာတ်ညောင်းလို့ လေ့ကျင့်ခန်းလုပ်နေတာလေ......နင်​ဟိုသစ်ပင်ကို ကြည့်လိုက်”
“အင်း...ဘယ်အပင်ကို ကြည့်ရမှာလဲ”
“ရုံးခန်းဘေးနားက သရက်ပင်ကြီးလေ....လေတိုက်လို့ အဲ့အပင်က သစ်ရွက်တွေလှုပ်သလို ငါ့ခေါင်းကိုလှုပ်ကြည့်တာ နင်ရောလုပ်ကြည့်ပါလား....အညောင်းပြေတယ်ဟ”
“အင်း....ဒီလိုလား”
သန့်ဇင်ကိုက အိမ့်မျက်ချယ် ပြောသည့်အတိုင်း သစ်ရွက်လှုပ်တာကိုကြည့်ပြီး သူ့ခေါင်းကို ဘယ်ညာယိမ်းကြည့်သည်။
သူမပြောသလို အညောင်းပြေသလိုလိုတော့ရှိသားဟု တွေးမိလိုက်သည်........ ဘေးနားကိုပြန်ကြည့်လိုက်​တော့ သူမက ပြုံးစိစိနှင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဘာတွေရယ်နေတာလဲ မျက်ချယ်”
“ငါစိတ်ကူးပေါက်လို့ လျောက်လုပ်တဲ့ဟာကို အဟုတ်မှတ်ပြီး နင်ကလိုက်လုပ်နေတော့ ရယ်ချင်မိသွားလို့ပါ”
“ဟုတ်လား...ငါက အတည်ပြောတာမှတ်ပြီး ခေါင်းလိုက်လှုပ်ကြည့်နေတာ ၊ အညောင်းတော့ ပြေသားဟ”
“ မပြေပဲရှိပါ့မလား...ခေါင်းကိုလှုပ်နေတဲ့ဟာကို”
“ဟုတ်တယ်နော်.....”
“ခစ်...ခစ်..ခစ် သန့်ဇင်......နင်ကရယ်ရသားပဲ ၊ အခုလိုကြတော့လည်း အလံတိုင်အရှေ့ကို ထွက်ပြီး အရိုက်ခံရတဲ့ ကျောင်းသားနဲ့မတူသလိုပဲ”
“အင်း....ဟုတ်လား”
“ဟုတ်တယ်......အင့်”
အိမ့်မျက်ချယ်က သူစနောက်လိုက်ရလို့ ကျေနပ်တဲ့ရုပ်လေးဖြစ်သွားပြီး လျာလေးကို ထုတ်ပြောင်ပြကာ သူမပုခုံးလေးနှင့် သန့်ဇင်ကို ပုခုံးလေးကို လာတိုက်သည်။
သူမနှင့် ပုခုံးချင်း ထိတွေ့လိုက်ရသည့် တခဏတွင် သန့်ဇင်ကို၏ရင်ထဲ အသက်ရှူသံများပင် ရပ်တန့်သွားသည်ဟု ထင်လိုက် ရသည် ၊ သူမက....
“ကဲ...နားချိန်တော်ပြီ ၊ ကျောင်းမတက်ခင် Verse တစ်ပိုဒ်လောက် ပြန်ပြီးလေ့ကျင့်လိုက် ဦးမယ်”
“အင်း...ငါလည်းသွားပြီ...နောက်မှတွေ့ကြတာပေါ့”
“အင်း...နင့်ကာတွန်းကိုလည်း ငါ့စောင့်နေမယ်နော်”
“မစောင့်နေပါနဲ့.....ဒီနှစ်ခေါင်းစဥ်ကပျင်းစရာကြီးရယ်”
“အရုပ်ဆွဲထားတာကိုကြည့်မှာပေါ့.....နင်လည်း ပွဲနေ့ကြရင် ငါတီးတာကိုကြည့်မှာမလား”
“ဒါပေါ့...”
သန့်ဇင်ကိုက သူမအားနှုတ်ဆက်ပြီး အတန်းဆီသို့ပြန်လာခဲ့လိုက်သည်၊ အခန်းထဲသို့ ပြန်ရောက်တော့ သူ့သူငယ်ချင်းနှစ်ယောက် စကားများနေကြသည်ကို တွေ့လိုက်ရသည် ။
မျိုးမင်းထက်က အောင်အောင်ဦး၏ ပုခုံးကို လှုပ်ကာ....
“လုပ်ပါကွာ.....ပြိုင်ပွဲက ရိုးရိုးအပြေးပြိုင်ပွဲကနေ သုံးချောင်းထောက် အပြေးပြိုင်ပွဲ ဖြစ်သွားလို့ပါကွာ....ကူညီပါကွာ”
“ငါက နေ့လည်ပိုင်းကြ ဇတ်မင်းသားကဖို့ရှိတယ် မနက်ပိုင်း အကပြန်ကျင့်ရအုံးမှာဟ ၊ မင်း သန့်ဇင် ကိုမေးကြည့်လေ”
“အေး...ဟုတ်သားပဲ ၊ သားကြီး ငါနဲ့အတူတူ သုံးချောင်းထောက် အပြေးပြိုင်ပွဲဝင်ပေးပါလား”
သန့်ဇင်ကိုသည် မျိုးမင်းထက်၏ ပြဿနာက သူ့ဖက်လှည့်လာပြီမှန်းသိသောကြောင့်......
“ငါတော့မဖြစ်ဖူးထင်တယ် ၊ ကာတွန်းက တစ်ပတ်ခါအပြီး သုံးပုဒ်တောင်ဆွဲရအုံးမှာ အချိန်မလောက်ဖူးကွ”
“ဟာကွာ....ဘော်ဒါနှစ်ယောက်ရှိတာကို မကူညီပေးကြဖူး ၊ ငါ့ဘာသာငါ နောက်တစ်ယောက် ထပ်ရှာရတော့မှာပေါ့”
“ဆောတီးပါကွာ....ငါတို့လည်း ကိုယ့်အပူနဲ့ကိုယ်ဖြစ်နေလို့ပါ.....ဟဲဟဲ”
“လခွီး....အရှေ့တန်းနားက ကောင်တွေသွားမေးကြည့်လိုက်ဦးမယ်”
“အင်း....အင်း”
မျိုးမင်းထက်က သူတို့ထိုင်နေ့သည့်ခုံကနေ အောက်သို့မဆင်းပဲ အရှေ့တန်းသို့ ကျော်ခွရင်း ထွက်သွားသည့် အခါမှသာ သန့်ဇင်ကိုနှင့် အောင်အောင်ဦးတို့ နှစ်ယောက်လုံး သက်ပြင်းချ နိုင်လေတော့သည်။
သန့်ဇင်ကိုက.....
“အောင်အောင်ဦး...မင်းက ဘယ်သူတွေနဲ့ကမှာလဲ......နှစ်ပါးသွားလား”
“ဟုတ်ဖူး...တစ်ကိုယ်တော်ပဲ ၊ ဖိုးချစ်သီချင်းနဲ့ကမှာ”
“အကရော လေ့ကျင့်ပြီးပြီလား”
“အင်း....အိမ်မှာနည်းနည်းကျင့်ပြီးပြီ ငါ့ခြောက်တန်းတုံးကလည်း ဆိုကရေးတီးထဲပါဖူးတော့ အကွက်တော်တော်များများ မှတ်မှိပါသေးတယ်......ဟဲဟဲ”
“အေးအေး....ငါလည်း လူများဟာလျောက်မေးနေတာ ၊ ဒီနေ့ညအိမ်ပြန်ရောက်ရင်တော့ အိမ်စာတွေခဏဘေးချပြီး ပုံစဆွဲရမှာပဲဟေ့”
“အေး...ငါလည်း အကတိုက်ရအုံးမှာပဲ”
“အင်း..အင်း...ဟုတ်ပြီ”
သန့်ဇင်ကိုတစ်ယောက် အိမ်ပြန်ရောက်သောအခါတွင် စာကြည့်စားပွဲ၌ထိုင်ပြီး နာရီဝက်ခန့် စာလုပ်ပြီးသကာလ စက္ကူကတ်ထူပေါ်တွင် ကာတွန်းဆွဲရန်အတွက် ပေတံဖြင့် မျဥ်းတားလိုက်ပြီး ပုံကြမ်းစဆွဲလိုက်သည်။
ဆရာပေးလိုက်သော “ ပညာရွှေအိုး လူမခိုး” ဆိုသည့် ခေါင်းစဥ်အတွက် ၈ကွက်စာ ကာတွန်းဆွဲအပြီး နာရီကိုကြည့်လိုက်တော့ အိပ်ချိန်နှင့်ပင် ကပ်နေလေပြီ ။
ထို့ကြောင့် ဆွဲလက်စ ပုံကိုဒီအတိုင်းထားခဲ့ပြီး ရောင်စုံခဲတံများကို ကွန်ပါဗူးထဲပြန်ထည့်ကာ သိမ်းဆည်းခဲ့လိုက်သည်။
ညအိပ်ရာဝင်ခါနီး အိပ်ယာပေါ်ရောက်တော့ ဖင်ဗူးတောင်းထောင်ပြီး ပုဆိန်ပေါက်သလို သုံးချက်ဦးညွတ်လိုက်ကာ အိပ်ရာဝင်ဘုရားဝတ်ပြုလိုက်လေသည်။
ပြီးနောက် ရေဒီယိုကို ဖွင့်ကာအိပ်ခါနီး သီချင်းနားထောင်သည်.......
သီချင်းနားထောင်ရင်း မျက်လုံးကို အသာမှိတ်လိုက်တော့ အိမ့်မျက်ချယ်ရဲ့ မျက်နှာလေးက ပေါ်လာသည်။
နောက်ဆက်တွဲ အနေဖြင့် နေ့လည်က သူမနှင့်ဆုံတွေ့ခဲ့ရသည်ကို ပြန်တွေးရင်း နှလုံးခုန်သံများ မြန်ဆန်လာ လေသည်။
သူဖတ်ဖူးတဲ့ ဝတ္တုတွေထဲက မိန်းခလေးတစ်ယောက်ကို ချစ်မိသွားသည့်အခါတွင် ရင်ခုန်တယ်ဆိုတာ ဒါမျိုးကိုပြောတာလားဟု တွေးရင်း သူ့လက်ဖဝါးကို ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်သွားလေတော့သည်။
တစ်နေကုန် ပင်ပန်းထား၍ လူငယ်ပီပီ ခေါင်းအုံးနှင့် ခေါင်းထိပြီး မကြာခင်အိပ်ပျော်သွားသောကြောင့် ဖွင့်ထားသည့် ရေဒီယိုကို ပိတ်ရန် မစွမ်းသာတော့ချေ...........
“ ဂျစ်...ဂျစ်..ဂျစ်...ဂျစ်” (ရေဒီယို၏လေလှိုင်းကြားမှ ထွက်ပေါ်လာသည့်အသံ)
“ဂျစ်...ဂျစ်... Cherry FM မှ ဆက်လက်အသံလွှင့်နေပါတယ်ရှင်......အခုတစ်ခါ ဖွင့်ပြပေးမယ့် သီချင်းလေးကတော့ စတူရီယိုတေးသံရှင် ဇော်ပိုင်ရဲ့ ( မြို့အဝင်ည တေးစီးရီး) ထဲမှ ( မင်းနဲ့မှ ချစ်တတ်ပြီ)  ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်ရှင် ”
( 🎼🎼 အချစ်ကြောင်းများမသိခဲ့ဖူး......ငယ်စဥ်က အသက်အရွယ်မှာ..🎼
ရူးလောက်တဲ့ အချစ်မျိုးလည်း.....🎼...ကိုယ်တိုင်မတွေ့မိသေးပါ......🎼
🎼ဒဏ္ဍာရီပုံဆန်တဲ့ အလွမ်းအဆွေးမျိုးနဲ့....တစ်နေ့တော့ဖြင့် တို့ကြုံမှာ.....မတွေးမိသေး..🎼
🎼🎼 ကိုယ့်နှလုံးသားလေးလည်း....ရင်ခုန်နှုန်း ထိန်းရခက်ပြီ...ငြိမ်အောင်တင်းထားလို့မရ..🎼
မယုံနိုင်ဖူး...မင်းနဲ့တွေ့စဥ်.....ဒါအချစ်လို့ခေါ်မလား..🎼...ကိုယ်မသိလိုက်မှီ...🎼 ရင်ခွင်ထဲတိုး..
🎼🎼🎼 နောက်ဆုံးတော့...... မင်းနဲ့မှ ချစ်တတ်ပြီပေါ့...🎼🎼 )
.
.
.
.
.
.
.
.
ဘာလိုလိုနှင့် စုံညီပွဲတော်ကျင်းပမည့်နေ့ကို ရောက်ရှိလာခဲ့လေပြီ ။
ထို့နေ့ မနက်ခင်း၌ ကျွန်ုပ်တို့၏ ကာတွန်းဆရာကြီး သန့်ဇင်ကိုသည် ကျောင်းချိန်နီးနေပြီဖြစ်သော်လည်း အဖြူအစိမ်းမလဲရသေး​ချေ ။
စက္ကူကတ်ထူပေါ်တွင် ရောင်စုံခဲတံများကို တစ်ချောင်းဆွဲပြီး တစ်ချောင်းပြန်ချလိုက်နှင့် အလုပ်ရှုပ်နေဆဲ။ အမေက....
“သားရေ....သန့်ဇင် ကိုးနာရီမတ်တင်းနေပြီနော် ၊ အဝတ်မလဲသေးဖူးလား”
“လဲမယ်...လဲမယ် ၊ အမေ့သမီးက သားရဲ့ကာတွန်းပုံပေါ်ကိုမှ ကော်ဖီမှောက်လိုက်တာကိုးဗျ”
“ဟိုက ကလေးပဲရှိသေးလို့ပါ ၊ စောနက မင်းအော်လိုက်တော့ ငိုကြီးချက်မ ဖြစ်နေလို့ ပြန်ချော့လိုက်ရသေးတယ်”
“အမေ့သမီးက နှစ်တန်းရောက်နေပါပြီ...ထားတော့..ထားတော့ ၊ အဝတ်လဲပြီး ကျောင်းသွားတော့မယ်...ဟိုရောက်မှဆက်ဆွဲတာပေါ့”
“အေး...မြန်မြန်လုပ် သား”
သန့်ဇင်ကိုလည်း အဖြူနဲ့အစိမ်းကို အမြန်ကောက်စွပ်လိုက်ပြီး ဆွဲထားတဲ့ ကာတွန်းပုံတွေကို ယူပြီးအောက်ထပ်သို့ အမြန်ဆင်းလိုက်သည်။
သူ့ညီမလေးက အမေ့၏ စက်ဘီးနောက်တွင် ငိုထားသည့်အရှိန်ကြောင့် ရှိုက်နေဆဲ..... သန့်ဇင်ကိုစိတ်ထဲ ဒေါသပြန်ပြေ သွားတော့ သူအော်လိုက်တာ များသွားပြီမှန်း သိသွားသည်။
သူစိတ်ရောကိုယ်ပါနှစ်ဆွဲ ထားသည့် ပုံတွေပျက်စီးသွားလျင် မတော်တဆပင်ဖြစ်စေ ဒေါသတအားထွက်သွားတတ်သည် ။
ကျောင်းဆင်းမှ မုန့်ဝယ်ကျွေးပြီး ပြန်ချော့လိုက်မယ်ဟုတွေးပြီး အခုတော့ အလျင်လိုနေသဖြင့် သူ့အမေကိုကျော်ပြီး စက်ဘီးကိုအမြန်နင်းကာ ကျောင်းသို့သွားသည်။
အတန်းထဲသို့ရောက်သောအခါ စုံညီပွဲတော်နေ့ ဖြစ်သည့်အတွက် စာမသင်ရသဖြင့် တချို့က ကျောင်းပျက်ကြသဖြင့် လူနည်းနေလေသည် ။
အောင်အောင်ဦးနှင့် မျိုးမင်းထက်ပင် ဘယ်ကမ္ဘာကိုရောက်နေသည်မသိ....
အခုလောလောဆယ်တော့ အဲ့တာတွေဂရုမစိုက်အား ၊ ကော်ဖီပေသွားသည့် ရုပ်ပုံကားချပ်ကို အစကနေပြန်ဆွဲနေရသည်။
ဒီလို အစကနေပြန်ဆွဲ ရသည်က သန့်ဇင်ကိုအမုန်းဆုံး​အလုပ်ဖြစ်သည် ၊ သူအာရုံစိုက်ပြီး ပုံဆွဲနေစဥ်မှာပင် မျိုးမင်းထက်သည် အခန်းအပြင်ကနေ အမောတကော ပြေးဝင်လာလေသည်။
“ သန့်ဇင်..သန့်ဇင်....ငါ့ကိုကူပါဦးကွာ ၊ ခဏနေကြရင် သုံးချောင်းထောက်ပြေးပွဲက စတော့မှာ ၊ ငါနဲ့ပြောထားတဲ့တစ်ယောက်က ဒီနေ့ကျောင်းမလာဖူးကွ”
“ဟေ....မင်းမြင်တဲ့အတိုင်း ငါဒီမှာတိုင်ပတ်နေတယ်....ကာတွန်းက ဆယ်နာရီခွဲအပြီး ကပ်ရမှာကွ”
“အေးပါကွာ...မင်းတို့ကလည်း အရေးနဲ့အကြောင်းဆို အားကိုမကိုးရဖူး ၊ အောင်အောင်ဦး ကိုရောမင်းတွေ့မိသေးလား”
“ဟင့်အင်း....လာကတည်းကမတွေ့သေးဖူး ၊ အခုချိန်ဆို အခန်းတစ်ခန်းထဲမှာ အကကျင့်နေလောက်ရောပေါ့”
“အေး...သူကနေ့လည်မှ ပွဲကရမှာဆိုတော့ သွားပြောကြည့်အုံးမယ်...ဒါပဲ”
“အေး...အေး”
မျိုးမင်းထက် အလောတကြီးလာပြီး အပြေးပြန်ထွက်သွားလေရဲ့.......
သူထွက်သွားကာမှ လွတ်ထွက်သွားတဲ့ စိတ်အာရုံကိုအမြန်စုစည်းပြီး ကာတွန်းပုံကို အမြန်ဆွဲလိုက်သည်။
မျိုးမင်းထက်ဝင်လာပြီးနောက် နောက်ထပ်အနှောင့်အယှက်မရှိတော့၍ ဆယ်နာရီကျော်တွင် အပြီးသတ်နိုင်လိုက်သည်။
ထိုအခါမှ ဆွဲထားတဲ့ပုံကိုရော စာသားကိုပါ နှစ်ခေါက်ပြန်စစ်ပြီး ပင်မဆောင်ကြီးအောက်က သစ်သားဘုတ်ပေါ်တွင် အစဥ်လိုက် သွားကပ်လိုက်ရသည်။
သန့်ဇင်ကိုတစ်ယောက် ကာတွန်းပုံဆွဲသည့် ကိစ္စပြီးမှပဲ  စိတ်ထဲအနည်းငယ်ပျော်ရွှင်လာ သည်။
ကျောင်းဝန်းထဲ လမ်းလျောက်ကာ အငယ်တန်းတွေရဲ့ အားကစားပြိုင်ပွဲများကို ဝင်ကြည့်နေလိုက်သည်.....
တချို့က မုန့်စားပြိုင်ပွဲ...တစ်ချို့က ဂုန်နီအိတ်စွပ်ပြေးပွဲ.. တချို့က ခြေတစ်ပေါင်ကျိုးပြိုင်ပွဲ....ကျောင်းသူလေးတွေက အာလူးကောက်ပွဲ ၊ ခုံလုထိုင်ပွဲ အမျိုးမျိုး ယှဥ်ပြိုင် ဆော့ကစားနေကြလေသည်။
လေးတန်းကလေးတွေ အပြေးပြိုင်နေကြတာကိုကြည့်ပြီး သူ့သူငယ်ချင်း မျိုးမင်းထက်၏ သုံးချောင်းထောက်ပြိုင်ပွဲကို သတိရမိသွားသည် ။
ထို့ကြောင့် သူတို့ရဲ့ ၈တန်း အဆောင် ဖြစ်သည့် “ရတနာပုံအဆောင်” အရှေ့သို့ပြန်လှည်လာခဲ့သည် ၊  သူပြန်ရောက်သွားတာ ကွက်စတိကျသွားသည်ဟုဆိုရမည်.....
သူရောက်သွားတော့ မျိုးမင်းထက်နှင့် အောင်အောင်ဦးတို့ အတွဲသည် ခြေထောက်နှစ်ချောင်းကို ကြိုးဖြင့်ပူးချည်လျက် ပုခုံးချင်းဖက်ပြီး ပြိုင်ပွဲဝင်ရန် အသင့်အနေအထားဖြင့် တာထွက်စည်းတွင် ရပ်စောင့်နေကြလေသည်။
( သုံးချောင်းထောက် အပြေးပြိုင်ပွဲ ဆိုသည်မှာ လူနှစ်ယောက်တွဲ ယှဥ်ပြိုင်ရသည့် အပြေးပြိုင်ပွဲတစ်မျိုးဖြစ်ပြီး ဘေးချင်းယှဥ်ရပ်သောသူနှစ်ယောက်၏ ဘယ်​ခြေထောက်နှင့် ညာခြေထောက်ကို ကြိုးဖြင့်  ပူးချည်ကာ ခြေထောက်တစ်ချောင်းအဖြစ် လှုပ်ရှားကြရသဖြင့် သုံးချောင်းထောက်ပြိုင်ပွဲဟု ခေါ်ဆိုကြခြင်းဖြစ်လေသည် ၊ ဒီပြိုင်ပွဲတွင် ဝင်ပြိုင်သည့် စုံတွဲက ခြေလှမ်းကိုစိတ်တူကိုယ်တူနှင့် စည်းချက်ကျကျမြန်မြန်လှမ်းပြီး ပြေးနိုင်မှသာ အနိုင်ရရှိနိုင်မည် ဖြစ်သောကြောင့် ပြိုင်ပွဲမဝင်ခင်တွင် ကြိုတင်၍ ပြင်ဆင်ကြရလေသည် )
ပွဲကြည့်ပရိတ်သတ်များထဲက ကောင်မလေးတချို့က မျိုးမင်းထက်တို့နှစ်ယောက်ကို လက်ညိုးထိုးကြည့်ပြီး တခွိခွိရယ်နေကြသည် ။
အကြောင်းမှာ အောင်အောင်ဦးက ဇာတ်မင်းသား အဝတ်အစားကြီးဖြင့် ပြိုင်ပွဲထဲရောက်နေသောကြောင့်ဖြစ်လေသည်..........
ဇာတ်ဝတ်စုံအစုံအလင်ကို ဆင်မြန်းထားရုံသာမက မျက်နှာနဲ့မလိုက်အောင် ပြာနှမ်းနေသော မိတ်ကပ်နှင့် နှုတ်ခမ်းနီကိုလည်း အားပါးတရဆိုးထား သေးသည် ၊ သူနှင့်တွဲနေသည့် မျိုးမင်းထက်က ဆံပင်အတို One way ကေနှင့် အထာကျနေသည်.....
သူငယ်ချင်း အရင်းကြီးဖြစ်သော်လည်း သူတို့နှစ်ယောက်ကိုကြည့်ပြီး သန့်ဇင်ကိုပင် ရယ်ချင်မိသွား လေသည်။
“ပီ...” (ဝီစီမှုတ်သံ)
ဒိုင်လူကြီးလုပ်သည့် ဆရာမက ဝီစီကိုမှုတ်လိုက်သောကြောင့် သုံးချောင်းထောက်ပြိုင်သည့် ပြိုင်ပွဲဝင် ငါးတွဲလုံးသည် ထော့နဲ့ထော့နဲ့ဖြင့် စတင်ပြေးကြလေတော့သည် ။
သူတို့ထဲတွင် ပရိတ်သတ်အားပေးဆုံး အတွဲမှာ မျိုးမင်းထက်နှင့် ဇာတ်မင်းသားကြီးတို့ အတွဲပင်ဖြစ် လေသည် ။
ဇတ်မင်သား ဖိုးချစ်ယောင်ဆောင်ထားသည့် အောင်အောင်ဦး၏ စိတ်အာရုံသည် သုံးချောင်းထောက်ပြိုင်ပွဲတွင် လုံဝနစ်မျောသွားခဲ့လေပြီ.....
နှုတ်ခမ်းနီရဲရဲဆိုးထားသည့် အံကိုကြိတ်၍ ခြေလှမ်းကျဲကြီးနှင့်ပြေးသည် ၊ အဓိကပြိုင်ပွဲဝင်ချင်ခဲ့သည့် မျိုးမင်းထက် ကသူ့နောက်ကိုမှီအောင် ခြေလှန်းကိုမနည်းလိုက်နေရသည်....
သူတို့အတွဲသည် လေ့ကျင့်ချိန် မရှိလိုက်သော်လည်း အတွဲညီစွာခြေလှမ်းကျဲကြီးဖြင့် ပြေးနိုင်သောကြောင့် အရှေ့ဆုံးသို့ ရောက်ရှိနေလေပြီ ။
ကြည့်ရှူ့အားပေးနေသည့် ပရိတ်သတ်များကလည်း.....
“ မင်းသားကြီး....... ဟေ့....မင်းသားကြီး” ဟု သံပြိုင်အော်ပြီး အားပေးနေကြသည်။
ပရိတ်သတ်၏ အားပေးမှုကြောင့် ဇာတ်မင်းသားတို့အတွဲသည် သုံးချောင်းထောက်ပြိုင်ပွဲဟု မထင်ရလောက်အောင်ပင် လွှားကနည်း ပြေးနေကြသည်။
ပန်းတိုင်ရောက်ခါနီးတွင် အောင်အောင်ဦးက အလောကြီးလာသဖြင့် ခြေလှမ်းကို သွက်သွက်လှမ်းလိုက်သည်......
ခြေကျချင်နေပြီဖြစ်သော မျိုးမင်းထက်က ဘေးနားတွင် ယက်ကန်ယက်ကန်နှင့် ပါလာ လေသည် ။
ပန်းတိုင်သို့ရောက်သွားသည့် နောက်ဆုံးခြေလှမ်းတွင် ဇာတ်မင်းသား အောင်အောင်ဦးက လောဘကြီးပြီး ခြေကြွခုန်လှမ်းလိုက်သောကြောင့် သံမန်တလင်းပေါ်သို့ ​မှောက်လျက်လဲကျလေတော့သည်။
“ဖုတ်....”
“ဟေးးး.....ဇတ်မင်းသားကြီးကွ”
မည်သို့ပင်ဆိုစေကာမူ ​မှောက်လျက်လဲကျသွားသော်လည်း ပထမဆုဖြစ်သည့် ဆုငွေ ငါးထောင်ကျပ်ကို ထိုက်ထိုက်တန်တန် ဆုခူးရရှိသွားကြသည် ။
သန့်ဇင်က ​သူ့ဘော်ဒါ နှစ်ယောက်နားသို့ ပြေးသွားပြီး သံပန်သလင်းကို မွေ့ယာအမှတ်နှင့် ​ဒိုင်ပင်ပြစ်အိပ်နေသည့် ဇာတ်မင်းသားကြီးကို သွားထူရသည် ။
မျိုးမင်းထက်ကတော့ ခြေသလုံးနည်းနည်းသာ ပွန်းသွားပြီး ဇာတ်မင်းသားကြီးကတော့ လက်ကောက်ဝတ်လည်ပြီး ​ရှေ့သွားတစ်ချောင်း ကျိုးသွားလေသည်။
သန့်ဇင်ကိုသည် ပြိုင်ပွဲတွင် ပထမရပြီး အောင်မြင်စွာမှောက်လဲလာကြသည့် ထော့နဲ့နှစ်ယောက်ကို အတန်းထဲသို့ တွဲခေါ်ခဲ့သည်။
မျိုးမင်းထက်က ဖုန်ပေနေသည့် သူ့ဒါဏ်ရာကို ရေလောင်းချပြီး ပုဆိုးနှင့်သုတ်လိုက်သည်။ ပြီးနောက်....
“နည်းနည်းပဲထိသွားတာပါ ၊ ငါအိမ်ရောက်မှ ဆေးထည့်လိုက်မယ်....ဟိုကောင် ဘာဖြစ်သွား သေးလဲ”ဟု ပြောသည်။
“ရှဲလ်တစ်ချောင်းတော့ကျွတ်သွားပြီ.....လက်ကောက်ဝတ်လည်း နာနေတယ်”
“ရော့....ရေနဲ့အာလုပ်ကျင်းလိုက်”
“ပလွတ်...ပလွတ်....ဖူး ”
“သွားကပြန်တော့ပေါက်ဦးမှာပါနော်...ဟေ့ရောင်တွေ”
“အင်း........ပေါက်လောက်မှာပါ ၊ ဘောမွှေးတောင် စုံအောင်ထွက်သေးတာမှ မဟုတ်ပဲ”
“သွားကမခက်ဖူး...ပြေးတော့ချွေးထွက်ပြီး မိတ်ကပ်တွေပျက်ကုန်ပါပြီကွာ ၊ နှုတ်ခမ်းနီလည်း ပြန်ဆိုးရအုံးမယ်”
“ဆုငွေငါးထောင်လုံး မင်းပဲယူလိုက်ပါတော့ ကိုဖိုးချစ်ရယ်.......လခွီး မင်းကငါ့မစောင့်ပဲ နင်းကန်ပြေးတာကိုး”
“ပေးရင်တော့ယူရမှာပဲ....ဟဲဟဲ...လာ ပင်မဆောင်ကိုသွားကြရအောင် နေ့လည်ပိုင်း အစီအစဥ်တွေ စနေလောက်ပြီ”
“အေး...သွားကြတာပေါ့”
ထို့နောက် သူငယ်ချင်းသုံးယောက်သား ပင်မဆောင်ကြီး၏ အပေါ်ထပ်ရှိ ဟောခန်းသို့ သွားပြီး အတန်းကြီးစဥ်ငယ်လိုက် ကပြဖျော်ဖြေကြသည်ကို ကြည့်ရှူ့ကြသည် ။ခဏကြာတော့ အောင်အောင်ဦးက သူ့ရဲ့ဇာတ်မင်းသားပုဆိုးကြီးကိုမပြီး......
“ ဟေ့ကောင်တွေ ငါနဲ့စင်နောက်လိုက်ခဲ့ ၊ ငါ့အလှည့်အတွက် ပြင်စရာရှိတာပြင်ထားရအောင်” ဟုပြောလေသည် ။
သန့်ဇင်ကိုက....
“အခုမှ နှစ်တန်းကလေးတွေ အလှည့်ရှိသေးတာလေ....ခဏထိုင်ပါဦးကွ ”ဟု ပြောသော်လည်း မရပဲ အတင်းပဲသွားမည် တကဲကဲလုပ်နေသဖြင့် အရှုံးပေးပြီး သူနှင့်အတူ stage စင်နောက်သို့ လိုက်ပါသွားရသည် ။
စင်နောက်သို့ရောက်သောအခါတွင် အောင်အောင်ဦးက သူ့လွယ်အိတ်ထဲက မိတ်ကပ်ဗူးကိုထုတ်လိုက်ပြီး မျိုးမင်းထက် လက်ထဲသို့ ထည့်လိုက်သည်။
“ရော....ငါ့ကိုမိတ်ကပ်ပြန်လိမ်းပေးဦး”
“ဟင်...ငါမှမလိမ်းတတ်တာ”
“မရဖူး...လိမ်းတက်သလိုလိမ်း...မင်းရဲ့သုံးချောင်းထောက်တုံးကလည်း ငါကူဆော့ပေးထား ရတာ”
“အင့်.......”
“လိမ်းပြီနော်...မလှရင်ငါ့ကို အပြစ်မပြောနဲ့”
“ချသာချ မိတ်ကပ်ကအဲ့လောက်အရေးမကြီးပါဖူး.....အရေးကြီးတာ အကကွက်ပဲကွ ၊ ဒါတွေ မင်းတို့နလပိန်းတုံးနှစ်ကောင်ကို ပြောလည်း နားလည်မှာမဟုတ်ပါဖူးကွာ”
“အောင်အောင်ဦး မင်းပုဆိုးမှာ ဖုန်ကပ်နေတယ်.....ခဏ..ခဏ ငါဖယ်ပေးမယ်”
“ဖုတ်....ဖုတ်...ဖတ်”
“ဟေ့ကောင်...မင်းအောက်က CD ဘောင်းဘီမဝတ်လာခဲ့ဖူးလား”
“အဲ....ဟုတ်သားပဲ ၊ ငါဝတ်နေကြမဟုတ်လို့ ဝတ်ဖို့မေ့သွားတာ...ကိစ္စမရှိပါဖူး....တောင်ရှည်နဲ့ ကမှာပဲဟာ ”
“ဟုတ်မှလည်းလုပ်နော် ဟိုတလောကတင် ကျောင်းအုပ်ဆရာမ အပျိုကြီးကို မင်းအမြှာက်ပြ ထားတာနော်”
“အေးဆေးပါ ကျွမ်းထိုးတဲ့အကွက် တစ်ကွက်ပါပေမယ့်လို့ ပုဆိုးခါးတောင်းကျိုက်ပြီး ထိုးမှာပါကွ”
“မင်းပိုင်ရင်ပြီးတာပဲ.....မိတ်ကပ်တော့လိမ့်ပြီးပြီ ၊ သန့်ဇင်...ဟေ့ရောင် လာကြည့်ပေးပါအုံး အခြေအနေဘယ်လိုလဲ”
“အင်း.........မဆိုးလှပါဖူး”
သန့်ဇင်စိတ်ထဲတွင် မဆိုးပါဖူးလို့သာ ပြောလိုက်ရသော်လည်း အမှန်တကယ်တော့ မျိုးမင်းထက်၏ မိတ်ကပ်ဖို့သည့် လက်ရာမှာအတော်ပင်ဆိုးရွားလှသည်။
မြန်မာ ဗီဒီယို ဇာတ်ကားတွေထဲက သရဲမကို မျက်မမြင်မိတ်ကပ်ဆရာက လူးထားပေးသည့်အတိုင်း ဖြစ်နေ လေသည်။
စတိတ်စင်အနောက်တွင် ကြည့်ရန်မှန်မရှိသည်မှာ အတော်ပင် ကံကောင်းသည်ဟု ဆိုရချေမည်......ထိုစဥ် ဇာတ်မင်းသား အောင်အောင်ဦးက....
“ရော့...သန့်ဇင်...မင်းက နှုတ်ခမ်းနီဆွဲပေး ပန်းချီဆရာဆိုတော့ လက်ငြိမ်မယ်ထင်တယ် ၊ ဟိုကောင့်ကိုတော့ငါစိတ်မချဖူး”
“ဟေ...ပေးကွာ”
သန့်ဇင်လည်း လက်ထဲနှုတ်ခမ်းနီရောက်သည်နှင့် မိတ်ကပ်နှင့်လိုက်ဖက်ရန်အတွက် အနီရောင်ရင့်ရင့်လေးကို မထူးဇာတ်ခင်းကာ ဆိုးပေးလိုက်လေတော့သည်။
အလုံးစုံ ပြင်ဆင်ခြင်းပြီးတော့ ဆရာသမားက ခြေကွက်လက်ကွက်တွေထုတ်ကာ အကကျင့်ပြန်သည် ၊ စောနကလဲကျထားသဖြင့် နာနေသည့် လက်ကောက်ဝတ်က သိပ်မချိုးနိုင်သော်လည်း ကြည့်၍တော့လှနေသေးသည်။
ကကွက်တွေကတော့ တစ်ခုမှ ပြောစရာမရှိသော်လည်း ရုပ်ခံကြီးကတော့ အင်မတန်မှ ကျက်သရေကင်းမဲ့နေလေသည်။
မျိုးမင်းထက်နှင့် သန့်ဇင်ကိုလည်း အတည်ပေါက်ကြီးကနေသည့်  သူတို့ဘော်ဒါ၏ မျက်ခွက်ကိုကြည့်ပြီး ရယ်ချင်ပက်ကျိဖြစ်နေသော်လည်း သူတို့မိတ်ကပ်လက်စွမ်းကို ရိပ်မိသွားမည်ဆိုး၍ စိတ်ကိုထိန်းကာ တံတွေးမျိုချ နေကြရသည်။
သန့်ဇင်ကို ဒီမြင်ကွင်းကို အောင့်အီးသည်းခံပြီး ဆက်မကြည့်နိုင်တော့ချေ ၊ ငါဟိုဖက်ကို ခဏသွားလိုက်ဦးမယ် ဆိုပြီးတော့ အသာလေးလစ်ထွက်လာခဲ့လိုက်သည်.....
မျိုးမင်းထက် ကတော့သူ့ကြောင့်ချော်လဲထားသည်ဖြစ်၍ စိတ်မလုံတာကြောင့် မျက်နှာအိုကြီးနှင့် ဇာတ်မင်းသားကိုကြည့်ရင်း ကျန်ရစ်ခဲ့ရလေသည်။
သန့်ဇင်ကိုတစ်ယောက် စင်အနောက်ကနေ အပြင်ကိုထွက်လိုက်တော့ ပြတင်းပေါက် ဘောင်ပေါ်တွင်မှီရပ်ပြီး အပြင်သို့ငေးကြည့်နေသည့် အိမ့်မျက်ချယ်ကို တွေ့လိုက်ရသည်။
“ဟိတ်....မျက်ချယ် နင်ဘာတွေတွေးနေတာလဲ”
“ဟဲ့...ပလုတ်တုတ် သန့်ဇင် နင်လာရင် ခြေသံလေး ဘာလေး ပေးပါဦးဟ”
“ပေးတာပဲ sound box အသံတွေက ကျယ်နေတာကိုး”
“အဲ့တာလည်း ဟုတ်တာပဲ”
“နင်ကလေးတွေကတာကို မကြည့်ဖူးလား ၊ ဘာလို့ အပြင်ကိုငေးနေတာလဲ”
“ သူတို့တွေ အကတိုက်တုံးက အဝကြည့်ပြီးသွားပြီ ၊ ကြည့်ချင်တော့ဖူး ”
“အင်း....နင်ပီယာနိုတီးရတော့မှာလား”
“အင်း..ဟုတ်တယ် ၊ အခုကနေတဲ့ သုံးတန်းကလေးတွေပြီးရင် လေးတန်းအလှည့်ကြ ငါတီးရမှာ”
“ငါ့သူငယ်ချင်းတော့ အကပြန်ကျင့်နေတယ် ၊ နင်ရော ရယ်ဒီပဲလား”
“ငါက အိမ့်မျက်ချယ်ပါ......ကလေးသီချင်းလောက်တော့ အပျော့...ခစ်ခစ်”
“အင်း.....”
အဲ့ဒီနောက် သူတို့နှစ်ယောက်ကြား စကားပြတ်သွားသည် ။
သန့်ဇင်လည်း မျက်ချယ် တစ်လျောက်လုံးငေးကြည့်နေသည့် အပြင်ကမြင်ကွင်းကို ရောယောင်ပြီး လိုက်ငေးကြည့် မိသည် ။
အပြင်ကမြင်ကွင်းသည် အတန်အသင့်လှပသော်လည်း သူ့နှလုံးသား၏ လိုအပ်ချက် တစ်ခုကို မဖြည့်စည်းနိုင်သဖြင့် ဘေးနားတွင် ရှူ့ခင်းကိုငေးကြည့်နေသည့် မျက်ချယ်၏ မျက်နှာကို တစ်ချက်တစ်ချက် ခိုးကြည့်ရသည် ။
သူမဟာ တစ်ပိုင်းပြီးတစ်ပိုင်း မနားတမ်း ကြည့်ပြစ်လိုက်ချင်တဲ့ ဇာတ်လမ်းတွဲတစ်ခုလို ဆွဲဆောင်မှုရှိလွန်းလှသည်.........
ဒါဟာ ဘာကြောင့်လဲဟု တစ်ယောက်ယောက်ကမေးလာရင် သူဖြေတတ်မည်မဟုတ် ၊ သူမဟာ သန့်ဇင်ကိုအတွက်တော့ အဖြေမထွက်တဲ့ပုစ္ဆာတစ်ပုဒ် ( သို့မဟုတ် ) သဘာဝတရားတွေထဲက ရိုးရှင်းပြီးလှပတဲ့ အမေးဝါကျတစ်ခုမျှသာ..............
သန့်ဇင်ကိုက ဘေးနားကနေ တိတ်တခိုးလေး ကြည့်နေစဥ်တွင် မျက်ချယ်က အပြင်ကိုငေးရင်း တွေးနေရာမှ သတိပြန်ဝင်လာပြီး....
“သန့်ဇင်...ငါ့အလှည့်ရောက်တော့မယ်ထင်တယ် ၊ သွားပြီနော်”
“အင်း.....ငါလည်း စင်အောက်ကနေထိုင်ကြည့်လိုက်ဦးမယ်”
“အေး....ပီယာနိုတီးပြီးရင် အောက်ဆင်းပြီး နင့်ကာတွန်းဖတ်ရအုံးမယ်”
“အင်း....သိပ်တော့မကောင်းလှပါဖူးရယ် ၊ ကြိုက်ရင်တော့ပြန်ပြောပေါ့”
“ချယ်လည်း ပီယာနိုတီးတာလည်း သိပ်မကောင်းပါဖူး”
“ စောင့်ကြည့်ကြတာပေါ့”
“အင်း....​ဒါပဲ”
အိမ့်မျက်ချယ်တစ်ယောက် ပီယာနိုတီးရန် သူ့ဘေးကနေ ပြန်ထွက်သွားတော့ ဘော်ဒါများရှိရာ စင်အနောက်သို့ ပြန်လာခဲ့လိုက်သည် ။
သို့သော် နှစ်ယောက်လုံး စင်နောက်တွင် မရှိကြတော့သဖြင့် ပရိတ်သတ်ကြားထဲကြည့်လိုက်တော့ ဇာတ်မင်းသား ခေါင်းပေါင်းကြီးနှင့် ဝမ်းဝေးကေဆံပင်ချွန်ချွန်ကို တန်းကနည်းရှာတွေ့သွားသည်။
ထို့နောက် သူတို့နားသွားထိုင်ရင်း ဖျော်ဖြေတင်ဆက်သည်များကို ကြည့်ရှူ့အားပေးကြ လေသည်။
နောက်ဆုံးတော့ ဇာတ်မင်းသားကြီး အောင်အောင်ဦး၏ တစ်ကိုယ်တော် ကပြဖျော်ဖြေမှု စတင်လေတော့သည် ။
ကန့်လန့်ကာခန်းစီးကို စဖွင့်လိုက်ကသည်နှင့် တပြိုင်နက် စလိုက်မီးရောင်စုံများ ကြားထဲကနေ ဇာတ်မင်းသားလေး အောင်အောင်ဦး ပေါ်ထွက်လာသည် ။
သူထွက်ပေါ်လာသည်နှင့် အောက်ကပရိတ်သတ်က လက်ခုတ်သံ တဖြောင်းဖြောင်းတီးကာ အားပေးကြလေသည်.........စလိုက်မီးရောင်ကြောင့်လား .......... အဝေးကနေပဲကြည့်နေ၍လားမသိ။
ဇတ်မင်းသား၏ မိတ်ကပ်အနေအထားမှာ သူတို့ထင်သလောက်မဆိုးချေ..........ဇာတ်လိုက်မင်းသားကြီးကတော့ အားမာန်ပါသည့် ကချိုးကကွက်များဖြင့် ရေကုန်ရေခန်း ကပြဖျော်ဖြေ တော့သည်။
( 🎼🎼🎼..........တုန်....တုန်တုန်...တုန်တုန်...တုန်..တုန်တုန်...တုန်တုန်.... အားပေးကြတဲ့ မမတွေ ဖိုးချစ်ကရင် ပြုံးလို့နေ....🎼 တန်တောင်တန်တောင့်.....🎼 အားပေးကြတဲ့ မိဘတွေ ဖိုးချစ်ကရင် ပြုံးလို့နေ......လက်ခုပ်သံဆူညံ 🎼 တီးကြမြိုင်ဆိုင်ပြန်.......
🎼🎼 မောနေပြီလား...ဖိုးချစ်ရေ..... ( ဟင့်အင်း....ဟင့်အင်း အောင်အောင်ဦးအော်သံ)
🎼🎼 မောနေပြီလား....ချစ်ချစ်ရေ.... ( ဟင့်အင်း.....ဟင့်အင်း မောဖူး)
🎼🎼ကနေဆိုနေ ပြုံနေပျော်နေ...ရွှေမင်းသားလေး ဖိုးချစ်ဘဝ စိုပြေ.....ဟေ့...ဟေ့       )
ဇာတ်မင်းသားကြီး အောင်အောင်ဦးသည် ဇာတ်ခုံပေါ်တွင် လှုပ်စိလှုပ်စိဖြင့် ကနေရင်း ( မောနေပြီလား ဖိုးချစ်ရေ...... ) ဆိုသည့်နေရာတွင် အမှန်တကယ်ပြန်ဆိုရမည့် စာသားမှာ ( မမောနိုင်ပါဖူး....မမရေ)  ဟုဖြစ်ပြီး ကိုယ်တော်ချောက ထိုသို့မဆိုပဲ ရွှေဉာဏ်တော် ကွန့်မြူးကာ ခေါင်းလေးလှုပ်တုတ်လှုပ်တုတ်ဖြင့် ( ဟင့်အင်း မောဖူး) ဟု အာပြဲကြီးနှင့် အော်သဖြင့် ပွဲကြည့်ပရိတ်သတ်များ ဝါးလုံးကွဲထရယ်ကြသည် ။
ပြီးနောက် သူကနေရင်း ပြုံးပြလိုက်တိုင်း လတ်လတ်ဆတ်ဆတ်ကျိုးထားသော သွားကျိုးနေရာလေးက ပေါ်ပေါ်လာတတ်သည်......
နောက်ပြီး ကနေရင်း ပူလာသဖြင့် နဖူးကနေ ချွေးများစီးကျလာပြီး မိတ်ကပ်အထူကြီးကို  တိုက်စားသွား၍ ပါးတွင်ချွေးစီးရာနှင့် မိတ်ကပ်ကွက်ကြားဖြစ်နေ လေသည် ။
ပြင်ဦးလွင် ကိုဖိုးချစ်တို့ကတော့ ဒါတွေကိုဂရုမစိုက်အား....သူ့စိတ်ထဲတွင် ခံယူထားသည့် သဘင်ပညာက ရုပ်ရည်မဟုတ်...လှပသည့် အကကွက်များသာဖြစ်၍ ယုံကြည်ချက်အပြည့်နှင့် ဆက်ကနေလေသည်။
ဇတ်မင်းသား အောင်အောင်ဦး၏ အကအလှအပများကိုကြည့်ပြီး ကျောင်းသားပရိတ်သတ် ၊ ဆရာပရိတ်သတ်ပါ တစ်ဝါးဝါးနှင့် သဘောကျကြပြီး လက်ခုတ်တီးကာ အားပေးကြသည်။
ရှေ့ဆုံးတန်းတွင်ထိုင်ကြည့်နေသည့် ကျောင်းအုပ်ဆရာမကြီး၏ မျက်နှာမူ သိပ်မကောင်းလှ.....
သူမစိတ်ထဲ ဒီကောင်လေးကတာမြန်မြန်ပြီးပါစေဟူ၍ ဆုတောင်းနေပုံ ပေါ်လေသည်။
ဇာတ်မင်းသားက ပုခုံးလေးတွန့်ကာ သွားကျိုးလေးနှင့်ရယ်ပြလိုက်တိုင်း ဆရာမကြီး၏ ပုခုံးကလည်း တွန့်တက်သွားသည်။
ဇာတ်သီချင်းက နောက်တစ်ပိုဒ် ရောက်လာတော့ ( မောနေပြီလား....ဖိုးချစ်ရေ...) ဆိုသည့် နေရာကိုပြန်ရောက်တော့ ဇာတ်မင်းသားနှင့်အတူ အောက်ကပွဲကြည့် ပရိတ်သတ်ကြီးအားလုံးက ( ဟင့်အင်း ဟင့်အင်း မောဖူး)ဟု သံပြိုင်အော်ကြလေသည် ။
သူ့အရပ်နှင့် သူ့ဇာတ်ကတော့ ကွက်စတိပင်......
နောက်ဆုံးပွဲသိမ်းခါနီတွင် ပြင်ဦးလွင်ဖိုးချစ်၏ နောက်ဆုံး ကကွက်ကြောင့် ပရိတ်သတ်အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
အရှေ့ဆုံးတန်းက ကျောင်းအုပ်ဆရာမကြီးဆိုလျင် တောကြီးမြွေဟောက်၏ အညှို့ခံလိုက်ရသလို မျက်လုံးပြူးကြောင်ကြောင်နှင့် မလှုပ်မယှက် ဇာတ်စင်ကိုကြည့်နေရှာလေသည်။
ပွဲကြည့်ပရိတ်သတ် ပုဂ္ဂိုလ်အားလုံးကို အံ့သြဘနန်းဖြစ်သွားစေသည့် ဇာတ်မင်းသား၏ အကကွက်မှာ တခြားတော့မဟုတ်......
ဇာတ်မင်းသားတို့၏ ထုံးစံအတိုင်း ရှေ့ဂျွမ်းထိုးပြီး အဆုံးသတ်ခြင်းပင်......
ပြဿနာမှာ ဇာတ်မင်းသားက လွန်ခဲ့သည့် တစ်နာရီက မှောက်လျက်လဲပြီး လက်ကောက်ဝတ်ချော်သွားသည်ကို ကနေရင်း မေ့လျော့သွားပြီး အကလေ့ကျင့်ထားသည့်အတိုင်း ရှေ့ဂျွမ်းပြစ်ကာထိုးချလိုက်သောကြောင့် ဖြစ်​လေသည် ။
အောင်အောင်ဦး၏ လက်ကောက်ဝတ်က နာနေသဖြင့် ရှေ့ဂျွမ်းမထိုးလိုက်နိုင်ပဲ ကင်းမှီးကောက်ထောင်ကာ ဖင်ဗူးတောင်းထောင်သည့် အနေအထားဖြစ်သွားခဲ့သည် ။
ပိုဆိုးသည်က ခါးတောင်းကျိုက်ထားသည့် တောင်ရှည်ပုဆိုးသည် ပြေလျော့ပြီး ဖင်အပြားလိုက်ကြီးထွက်လာကာ စလိုက်မီးက ပင့်ထိုးပေးသဖြင့် လေထဲတွင် ပြောင်ပြောင်လတ်လတ်လေး ဖြစ်နေလေသည်။
ဖင်ပြောင်လေးပိုင်ရှင် ဇာတ်မင်းသား အောင်အောင်ဦးကတော့ လက်ကောက်ဝတ်က အလွန်အမင်းနာကျဥ်နေသဖြင့် ဖင်ပေါ်၍ သွားသည်ကို မရှက်အားသေး။
ထိုသို့ဖင်ဗူးတောင်းထောင်ရင်း ဇာတ်သံနှောနှောကြီးဖြင့် အော်ငြည်းလိုက်သည်က.......
အား......ပရိတ်သတ်ကြီးရေ......လက်ကအသေကို နာလိုက်တာခင်ဗျ ” ဟူ၍ ဖြစ်လေသည်။
ထိုအဖြစ်အပျက်ကို ဇာတ်စင်ဘေးနားရှိ ကျောင်းသူတစ်ယောက်က မျက်စိမှိတ်ကြည့်ရင်း ကန်လန့်ကာ ခန်းစီးစကို ပိတ်သိမ်းရင်း ပြင်ဦးလွင် ကိုဖိုးချစ်၏ တစ်ကိုယ်တော် ကပြဖျော်ဖြေပွဲကို အဆုံးသတ်လိုက်လေတော့သည်။
Continuar a ler
Também vai Gostar
251K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1.1M 88.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
307K 11.6K 36
"နင် အဆင်ပြေတယ်မလား ဟား..ဟား..ပြေမှာပါ ငါသိတယ်..ကိုယ်ရံတော် ခပ်မိုက်မိုက် နဲ့ တူတူ နေတော့ လုံခြုံတာပေါ့.." "တွေးတက်လိုက်တာ...တူတူနေတဲ့သူက ဘယ်လောက် တ...
433K 22.6K 49