Chapter 1
“ ဒါလေး လျှော့ပေးလို့ရမလား....”
ဆူညံ့နေသည့် စျေးတန်းထဲ
ယောကျာ်းအရင့်အမာကြီးတစ်ဦးသည်
မျက်မှန်ကိုင်းအထူကြီးနှင့် လက်ဆွဲအိတ်ကို ဂျိုင်းကြား ညှပ်ကာ စျေးဆစ်နေခဲ့၏....။
မနက်ခင်း၏ ဝေလီဝေလင်း ရောင်ခြည်အောက်က
ထိုသူ့၏ ပုံစံသည် သန့်ရှင်းနေသော်ငြားလည်း
အလျင်လိုနေပုံရ၏။
“ ပန်းသီးတစ်လုံးမှ ယွမ် ၅၀ ပဲရှိတာပါ ကောင်လေးရယ်။
ထပ်လျော့လို့မရတော့ဘူး”
“ ဒါဆို သုံးလုံးကို ၁၀၀ ထားလိုက်ပါလား။
ကျွန်တော့်မှာ ပိုက်ဆံ သိပ်မပါလာလို့”
စျေးဆစ်နေသူသည်
အသက်လတ် ရွယ်ပိုင်းဖြစ်ပြီး
ရုပ်ရည်က ချောမော၍ ယောကျာ်းဆန်ကာ
သန့်သန့်ပြန့်ပြန့်ဖြင့်၊ ခန့်ညားနေသော်ငြားလည်း...၊ စျေးအင်မတန်ဆစ်နေသည်မို့ စျေးရောင်းသူ မိန်းမကြီးသည် စိတ်မရှည်ချင်တော့။
ဒီကောင်လေးသည် သူမက အမြဲလိုလို စျေးလျော့ပေးတတ်သည်မို့ နေ့တိုင်းလိုလို သူမထံ မနက်အစောကြီး လာလာဝယ်ပြီး စျေးဆစ်မြဲသာ...။ အခုလည်း စျေးဆစ်နေပြန်ပြီ။
ရုပ်ချောတာ ဘာလုပ်ရမှာလဲ!
ကပ်စီးနည်းတဲ့ ယောကျာ်းက အလကားပဲ!
“ ဝယ်ချင်ဝယ်! မဝယ်ချင်နေ ထပ်မလျှော့ပေးနိုင်ဘူး”
“ အန်တီကဗျာ...အမြဲအားပေးနေတဲ့သူကို
ဒီလိုတော့ မပြောပါနဲ့”
“ ဒီလောက်ကပ်စေးနည်းနေမှတော့
နင့်ဘာသာ ပန်းသီးပင်စိုက်စားပါတော့လား!”
" စိုက်မရလို့ ဝယ်စားတာပေါ့။ စိုက်ရရင် ပိုက်ဆံ အကုန်ခံပြီး ဝယ်စားပါ့မလား?"
ထိုမိန်းမကြီးသည် ဆောင့်ကြီးအောင့်ကြီးဖြင့်
ဘေးက ပလက်စတစ် အိတ်ကို ဆွဲယူ၍ ၊ ပန်းသီးသုံးလုံးကို ထည့်ပေးလိုက်ပြီးနောက်၊
ထိုကပ်စေးနည်း၊ ကော်တရာ ကောင်လေးထံ
ပစ်ပေးလိုက်တော့သည်။
စျေးဆစ်၍ ရသွားသဖြင့် မြောက်ကြွကာ
ပြုံးရင်း လှစ်ခနဲ ထွက်သွားတော့သည့် လူလတ်ပိုင်းယောကျာ်းကို စျေးသည်မိန်းမကြီးက
မျက်စောင်းထထိုးထိုးဖြင့်....။
ဝယ်လာသည့် ပန်းသီးကို ကိုက်စားရင်း...သူ
ဘတ်စ်ကားကို စောင့်ဆိုင်းနေသည်။
မနက် ၇ နာရီခွဲရှိပြီမို့ အလျင်လိုနေပြီ ဖြစ်သည်။ သူ့Boss ဟာ အင်မတန် အပေါက်ဆိုးရသည့်အထဲ...။ အကယ်၍ သူ
ရုံးနောက်ကျရင် သူ့ကို သတိရတိုင်း ဒီရုံးနောက်ကျသည့် အကြောင်းကို ဒီတစ်သက် ပြောလို့ ဆုံးမည်မဟုတ်။
သူ့Boss သည် ဓာတ်ပြားဟောင်းကြီး!
ပန်းသီးကို ကိုက်ဝါးနေရင်းကနေ ဘတ်စ်ကား ကို မြင်လိုက်တော့ အပြေးလေးလှမ်းတတ်လိုက်၏။သူ့လိုမျိုးပဲ ဘတ်စ်ကားစောင့်နေသူတို့ဟာ အသီးသီး ပြေးတတ်လာကြသည်မို့ အနည်းငယ် ကျပ်နေတာကို
အခွင့်ကောင်းယူကာ ဘတ်စ်ကားခ ပိုက်ဆံမထည့်တော့ဘဲ ဒိုင်လျှိုလေး အထဲသို့
တိုးဝင်သွားလိုက်ချေတော့သည်။
ဘာပဲဖြစ်ဖြစ် စုသင့်ဆောင်းသင့်တာကိုတော့
စုဆောင်းစရာ ရှိတာကိုတော့
စုဆောင်းရမည်သာ။ သူ့မှာက ဒီအသက်အရွယ်ထိ သမီးရည်းစားလည်း မရှိ။ ဒါကြောင့်
သူ့မျိုးဆက်ဆိုလည်း မရှိလာနိုင်ပေ.... ။
အသက်အရွယ်ကြီးလာရင် သူ့ကိုသူ စောင့်ရှောက်ဖို့ ပိုက်ဆံတွေ ကုန်းရုန်းရှာဖွေနေတာပင်....။ လောကမှာ အရေးကြီးဆုံးက ငွေပဲ။ ငွေသည်သာ အဓိက ။
ငွေသည်သာ ကိုးကွယ်ရာ။ ငွေသည်သာ
အားအထားရဆုံး။
သူ့လက်ကောက်ဝတ်က နာရီဟာ ၉ နာရီခွဲသို့ ပြနေပြီမို့၊ သူ ရုံးခန်းထဲ ဝင်ဖို့ ချောင်းမြောင်းလိုက်၏။
ရုံးတတ်ချိန်က ၉ နာရီမို့
သိပ်နောက်မကျသေးဘူး ထင်ပါ၏။ ထိုသို့တွေးကာ
သူ ကိုယ်ကို ဖြောင့်ဖြောင့်ရပ်လျှက် ရုံးခန်းအတွင်း
အနှံမရှိသည့်စပါးလို ထောင်ခြင်းမျိုးဖြင့် ဝင်သွားလိုက်တော့သည်။
“ ကပ်စေးနည်းကောင်! မင်း
ရုံးထပ်နောက်ကျပြန်ပြီလား?”
တစ်ခါလာလည်း ၊ ကပ်စေးနည်း၊ တစ်ခါလာလည်း ကပ်စေးနည်းဟု ခေါ်သံကို သူ အမှုထားမနေတော့။
သွားသုံးဆယ့်နှစ်ချောင်း အပြည့်ပေါ်အောင်
ရယ်ပြလိုက်ချေသည်။
“ ကားပိတ်နေလို့ပါ...။ ဒီမှာ boss အတွက်
ပန်းသီးဝယ်လာတယ်။
စျေးကြီးကြီးပေးဝယ်ထားရတာနော် “
ခပ်ဝဝ ဖိုင့်ဖိုင့် လူကြီးဟာ ဟွန့်ခနဲ အသံပြုရင်း
မျက်စောင်းပိတ်ထိုးလာ၏။
ဒီကောင် ကပ်စေးနည်းတာ မသိဘူးများ ထင်နေလား!
“ မစားဘူး သွား! အလုပ်နောက်ကျလို့
ဒဏ်ကြေးသွားဆောင်စမ်း! နောက်တစ်ခါ နှစ်ဆနော်!”
ဒဏ်ကြေး ပေးဆောင်ရမည်ဆိုသည့် အသံဟာ
သူ့နားထဲ တဝဲလည်လည်ဖြင့် နှလုံးကိုတောင်
အောင့်မြက်သွားစေသည်။
ဤသို့သော လူတစ်ယောက်ထံ ဘုရားသခင်ဟာ အလှည့်အပြောင်းအကြီးကြီးတစ်ခုကို ချီးမြင့်တော်မူခဲ့သည်ပင်။
ဘဝကို ရိုးရှင်းစွာ၊ ကပ်စေးနည်းစွာ ဖြတ်ကျော်နေသည့် တစ်ကိုယ်ထဲသမား ယောကျာ်းတစ်ဦးထံ
မထင်မှတ်ထားဘဲ လူငယ်တစ်ယောက်သည်
ချဥ်းနင်းဝင်ရောက်လာ၏။
ဖြစ်ရပ်တို့သည် ရှောင်လွဲ၍ မရ...။
အကယ်၍ ရှောင်လွဲခွင့် ရခဲ့မည်ဆိုလျှင်တောင်
သူ ရှောင်လွဲလိမ့်မည် မဟုတ်သော ကံတရားပေါ့။
ထိုနေ့...ညနေခင်း မှောင်ရီဖြိုးဖြု၌ သူ့အိမ်သို့ ခြေလျင် လျှောက်လှမ်းလာ၏။ Taxi စီးရအောင် သူက
အရူးမှ မဟုတ်ပေပဲ။ သူ့၏ တစ်ပဲခြောက်ပြား လစာလေးနှင့် သူ့ဘာသာသူ ရုန်းကန်နေရတာနှင့်ပင်
သူ့ခဗျာ အနိုင်နိုင်။ ကုန်ပေါက်ကို ရှောင်လီဟွား မလုပ်။
လုပ်လျှင် ရှောင်လီဟွား clone(ကလုန်း) သာ ဖြစ်ပေလိမ့်မည်။
သူ့အိမ်အပြန်လမ်းမရောက်ခင် နှစ်လမ်းအလိုလောက်မှာ....လူတစ်စု ရုတ်ရုတ်သဲသဲ ဖြစ်နေတာကိုရှောင်လီဟွား မြင်လိုက်၏။
လက်ဆွဲအိတ်ထဲက တစ်လုံးထဲ
ကျန်တော့သည့် ပန်းသီးကို ထုတ်ယူစားနေရင်းက
စပ်စုတတ်သော မျက်ဝန်းတို့က လှမ်းကြည့်မိလိုက်သည်ပင်။
ကောင်လေးတစ်ယောက်၏ အဖိုးတန်ပစ္စည်းတွေကို လူငယ်တစ်စုက ဝိုင်းလုနေခြင်း။
ရှောင်လီဟွား သည်ကား အတောင်နှစ်ဆယ်ဝတ် ယောကျာ်းသားတစ်ယောက် ဖြစ်သော်လည်း...၊
ကိုယ်နှင့် မဆိုင်တာတော့ ဝင်မပါတတ်။ ဟီးရိုး လုပ်လို့
မကောင်းသည့်နေရာမှာ ဟီးရိုး လုပ်ရအောင် စူပါမန်းလည်း မဟုတ်။ ဘယ်သူကမျှလည်း
သူ့ကို ဆုပေးအပ်မည် မဟုတ်ပေ။
သို့သော်....ထိုအချိန်က ရှောင်လီဟွား သည်
အတုဖြစ်ပေလိမ့်မည်ဟု နောင်တစ်ချိန်မှာ
တွေးမိခဲ့လေတော့သည်။