🍁Daffodils:အပိုင်း(၂၉)ကျွန်တော်နဲ့ခင်ဗျားချစ်သူတွေမှဟုတ်ရဲ့လား
မိုးပင်လယ် အဆက်မပြတ်ဝင်နေတဲ့မတ်ဆေ့ချ်တွေနဲ့ Miss callတွေကိုစိတ်ပျက်လက်ပျက်ထိုင်ကြည့်နေမိတယ်။သူ့ဖုန်းရဲ့Call Logတစ်ခုလုံးလဲနီရဲနေပြီ။သူ့အမေဇွဲကောင်းမှန်းသူသိပေမဲ့ ဒီလောက်လုပ်နေမယ်လို့မမျှော်လင့်ထားဘူး...သူနံပါတ်တစ်ခုကိုဘလော့ခ်လိုက်ရင် အခြားနံပါတ်တစ်ခု ..နောက်ထပ်ဘလော့ခ်ရင် နောက်ထပ်နံပါတ်တစ်ခု။
သူလောလောဆယ် သူ့အမေနဲ့စကားမပြောချင်သေးဘူး...ပြောလိုက်ရင်လဲ သေချာပေါက်သူနဲ့နွေဦး စိတ်ချမ်းသာစေမဲ့အကြောင်းမဟုတ်လောက်ဘူးဆိုတာ သူခံစားမိနေတယ်။ခုဆို သူဘလော့ခ်ပစ်ရတဲ့ ဖုန်းနံပါတ်ပေါင်း အခုနှစ်ဆယ်ကျော်နေပြီ...ခေါ်နေတဲ့ရက်ပေါင်းကလဲ နှစ်ပါတ်ကျော်နေပြီ။
ဒါတောင် ခေမီကနေတစ်ဆင့် ခေါ်ခိုင်းတာတွေမပါသေးဘူး။မိုးပင်လယ် အသစ်ဝင်လာတဲ့နံပါတ်ကို Blacklistထဲထည့်ပစ်လိုက်ပြီး စိတ်ထဲကပဲသူ့မေမေကိုတောင်းပန်လိုက်တယ်။သူ့မွေးနေ့မှာ နွေဦးနဲ့စိတ်လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါးလေးနေချင်တယ်။သူ့မွေးနေ့ရောက်ဖို့ ငါးရက်လောက်ပဲလိုတော့တာဆိုတော့။
ငါးရက်လောက်ပါပဲမေမေ ကျွန်တော့ကိုပျော်ခွင့်ပေးပါဦး။
ဖုန်းကိုကြည့်ပြီးငိုင်နေတဲ့ မိုးပင်လယ်ကို နားနေခန်းရဲ့ပြတင်းပေါက်ကနေနွေဦးတွေ့နေရတယ်။အခုတလောအဲ့လိုငိုင်ငိုင်နေတာကြာနေပြီ။သူ့ကိုတစ်ချိန်ချိန်မှာပြောပြလာမလားစောင့်နေရင်းနေ့ရက်တွေသာကြာသွားတယ် သူ့ကိုမပြောပြလာဘူး။
သူ့ရှေ့ရောက်ရင်တော့ ပုံမှန်အတိုင်းနေနေပေမဲ့ ကွယ်ရာရောက်တာနဲ့ ငိုင်နေတတ်တာ။
မိုးပင်လယ်ကိုငိုင်သွားပြီး စိတ်ဝိညာဥ်ပျောက်သလိုလုပ်နိုင်တာတစ်ယောက်ပဲရှိတယ်။မေမေချစ်သားလေး ကိုကြည့်ပြီးနွေဦး မသက်မသာနဲ့သက်ပြင်းချမိပြီး သူ့အပေါ်ပွင့်လင်းတာရဲ့တစ်ဝက်လောက်မိုးပင်လယ် သူ့အမေအပေါ်ပွင့်လင်းရင်တောင် သားအမိဆက်ဆံရေးကပိုအဆင်ပြေလိမ့်မယ်လို့တွေးမိတယ်။
ခုတော့သူကကြားထဲကနေ ခေမီမျက်စောင်းထိုးတာခံနေရပြန်ပြီ။ခုနလေးကပဲကြည့်...ခေမီက ဆူအောင့်အောင့်နဲ့ သူ့အနားရောက်လာပြီး
"မိုးပင်လယ်ကို သူ့အမေက ဖုန်းကိုင်ပါလို့ ပြောခိုင်းနေတယ်"
နွေဦးမျက်မှောင်ကျုံ့သွားရတယ်။သူကလူနာစမ်းသပ်နေတုန်းလေ..
"နင့်ဘာသာသွားပြောလေ...ငါမအားတာ နင်မမြင်ဘူးလား"
လူနာစမ်းသပ်နေတုန်းကိုယ်ရေးကိုယ်တာတွေလာပြောနေလို့ ဒေါက်တာခေမီတွေ ဘာတွေတောင် မခေါ်နိုင်တော့ဘူး...ခေမီရဲ့ မသိတတ်မှုက ကြာလေ မြင့်လာလေ..သူ့ညီမသာဆို ခေါင်းခေါက်တာနဲ့တောင် ခေါင်းက 'လ' ရဲ့မျက်နှာပြင်လိုဖြစ်နေလောက်ပြီ။
ခေမီလက်လျော့မသွားဘဲ သူ့ဘေးကနေတောက်လျောက်ကပ်လိုက်နေလို့ လူနာဆောင်ထဲကနေဆွဲထုတ်လာခဲ့ရတယ်။
"ပြောငါ့ကိုဘာပြောမှာလဲ"
"ကိုမိုးပင်လယ်အမေက သူ့ဖုန်းကိုကိုင်ပါလို့ ကိုမိုးပင်လယ်ကိုပြောပေးပါတဲ့"
"နင်သွားပြောပါလားလို့...နင့်ကိုပြောခိုင်းတာလေ ဘာလို့ငါ့ကိုလာပြောခိုင်းနေတာလဲ"
ခေမီကသူနဲ့တည့်တည့်ရပ်နေတဲ့နွေဦးကိုမျက်စောင်းတစ်ချက်ထိုးပြီး..
"ငါဒါကိုငါ့ပါးစပ်ကနေထုတ်မပြောချင်ပေမဲ့ ခုတော့ပြောရတော့မယ်...နင်နဲ့ကတွဲနေတဲ့ဆက်ဆံရေးမလို့လေ...ကိုမိုးပင်လယ်က အန်တီခေါ်သမျှဖုန်းတွေအကုန် Blockပစ်နေတာ...ငါပြောတာလဲမရဘူးလေ...အဲ့တော့ နင့်ကိုပြောခိုင်းလို့"
"ငါကရော ပြောပေးမယ်လို့နင်ကဘာလို့ထင်နေရတာလဲ...သူ့အမေဆီကဖုန်းလာရင်မိုးပင်လယ် မပျော်မရွှင်ဖြစ်ရတာကိုငါသိနေရဲ့သားနဲ့ ငါသူ့ကိုပြောမယ်ထင်နေသေးလား"
ခေမီက ဟန့် ခနဲ မဲ့ပြီး...
"နင်မို့လို့ကိုပြောပေးမယ်လို့ထင်တာ...မိုးပင်လယ်သူ့အမေနဲ့ ဖုန်းပြောပြီး မပျော်မရွှင်ဖြစ်ရတယ်ဆိုပေမဲ့ သူ့အမေကိုဘယ်လောက်ချစ်လဲနင်သိတယ်လေ...အဲ့ဒီတော့ နင်ပြောကိုပြောပေးမှာ"
ခေမီကစကားဆုံးဆုံးခြင်း မျက်ခုံးပင့်ပြလိုက်သေးတယ်...
"ပြောပေးလိုက်စမ်းပါနွေဦးရာ..သားအမိ၂ယောက်ထဲရှိတာ ပြေပြေလည်လည်ရှိတော့ မကောင်းဘူးလား...နင်ပြောပေးလို့မိုးပင်လယ်ဖုန်းကိုင်လိုက်တော့ နင်လဲအမှတ်ရတာပေါ့"
သူပြောချင်ရာပြောပြီးခေမီကတော့ အစဥ်အလာမပျက် မျက်စောင်းလေးထိုးပြီး ထွက်သွားပြီ။သူသာ ဘာမဆိုင်ညာမဆိုင် အတွေးတွေတစ်သီကြီးနဲ့ ကော်ရစ်ဒါမှာ ရပ်ပြီးကျန်ခဲ့တာ။
ခေမီပြောတာလဲဟုတ်ပါတယ်...မိုးပင်လယ်သူ့အမေကို ဘယ်လောက်ချစ်လဲဆိုတာနွေဦးသိနေရဲ့သားနဲ့ နွေဦး မသိချင်ယောင်ဆောင်မနေချင်ဘူး။ဒါကသူအမှတ်ရဖို့မရဖို့နဲ့မဆိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့မိုးပင်လယ်က သူ့အမေကိုချစ်သလို နွေဦးကလဲ မိုးပင်လယ်ကိုချစ်တာမို့လို့။နွေဦး ပြောတဲ့ထိဖုန်းမကိုင်ဘူးဆိုရင်တောင် 'ဘာဖြစ်နေတာလဲ' ဆိုတဲ့မေးခွန်းကိုတော့မေးကြည့်ချင်တယ်။
ခုလောလောဆယ်ဖြစ်နေတဲ့ကိစ္စမှာ သူနဲ့ပတ်သက်နေလားမေးရမယ်။သူ့ကိုမပြောပြလာပုံအရတော့ သူနဲ့တစ်နည်းနည်းနဲ့ပတ်သက်နေမှာသေချာတယ်။သူ့ကြောင့်ဆိုရင်တော့အမေတစ်ခုသားတစ်ခု ဘဝကနေ အမေတစ်ခြား သားတစ်ခြားဖြစ်သွားမှာမျိုးတော့ သူလဲမလိုချင်ဘူး။
နွေဦးနားနေခန်းထဲ ဝင်လိုက်တော့ ဖုန်းကိုကြည့်နေရာကနေချပြီးမိုးပင်လယ်မော့ကြည့်လာတယ်။မျက်ဝန်းညိုတွေကတော့ခပ်မှိန်မှိန်...သူအဲ့လိုမျိုးဆိုမကြိုက်ပါဘူးဆိုမှ။
"ကိုမိုးပင်လယ်...အစာအိမ်ပေါက်တဲ့လူနာဆေးရုံဆင်းလို့ရမရ သွားစစ်ပေးပါဦး"
မိုးပင်လယ်ခေါင်းညိတ်ပြီး ထွက်သွားတယ်။
စိတ်ရှုပ်ထွေး အတွေးများနေတဲ့သူအတွက်အကောင်းဆုံးဆေးကအလုပ်ရှုပ်နေခြင်းပဲ..သူလဲသူ့ကိုသူ အဲ့လိုနဲ့ပြန်တည်ဆောက်လာခဲ့တာ။ဒါပေမဲ့...
"ကိုမိုးပင််လယ်!ကျွန်တော်လဲလိုက်မယ်"
ကြားပုံမရဘူး...ကောင်းပါတယ်။
လေးလေးကန်ကန်ခြေလှမ်းတွေနဲ့သွားနေတဲ့ လူနောက်ကို နွေဦးမြန်မြန်ပြေးလိုက်သွားမိတယ်။ဘာအကြောင်းမှတော့ မရှိဘူး...လူနာကိုပြောတာဆိုတာ ဆုံးဖြတ်ချက်ချတာ မှားမှာစိုးလို့..ပြီးတော့ခုချိန်မိုးပင်လယ်ဘေးမှာသူရှိပေးနေချင်လို့။
သူဘေးမှာယှဥ်လျှောက်လိုက်မှ သူ့ကိုလှည့်ကြည့်ပြီး အံ့ြသသွားတယ်။
"နွေဦး..ဘာဖြစ်လို့လဲ"
"ကျွန်တော်ကဘာမှမဖြစ်ဘူး...ခင်ဗျားအဆင်ပြေရဲ့လား"
နွေဦး မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ပြီးမေးတော့မိုးပင်လယ်က မျက်နှာလွှဲလိုက်ပြီး ..
"အင်း" လို့ တိုးတိုးလေးဖြေတယ်။
"အဆင်မပြေဘူးပဲ...ကျွန်တော်တို့ လူနာကိုကြည့်ပြီးရင် စကားပြောရအောင်"
"နွေဦး..ကိုယ်..."
"ပြောမှရမှာ...ခုတော့ လူနာကိုပဲအာရုံစိုက်ရအောင်"
မိုးပင်လယ်ကခေါင်းညိတ်ပြတယ်။ဒါပေမဲ့နွေဦးစိတ်ထဲမှာ ဟိုတစ်ခါတုန်းကလို တနေရာရာမှာသွားထိုင်နေမှာ စိုးလို့ သူ့လက်သန်းကို ဆန့်ထုတ်ပြီး..
"ကတိပေး!"
ကလေးဆန်တာတွေမုန်းတဲ့နွေဦးကလက်သန်းကိုထုတ်ပြီး ကတိတောင်းတော့ မိုးပင်လယ် စိတ်ညစ်နေတဲ့ကြားထဲကတောင် ပြုံးမိသွားတယ်။သူ့ရဲ့အမှတ်သညာကြီးတဲ့ ကလေးလေးက သူရှောင်ထွက်သွားမှာစိုးနေတာ။
"ကိုယ် တကယ်စကားပြောမှာပါ"
"မယုံဘူး ချိတ်သာချိတ်ပါ"
"သြော်...ကိုယ်နဲ့နွေဦးနဲ့ လူနာကိုအတူတူစစ်ကြမှာလေ..ပြီးရင်ကိုယ်ဘယ်မှပြေးလို့မရပါဘူး"
"ဘာပဲဖြစ်ဖြစ်!!"
နွေဦးခေါင်းမာတော့မှ အိုခေ အိုခေ ဆိုပြီး လက်သန်းချင်းချိတ်တော့တယ်။လက်သန်းချင်း ချိတ်လိုက်တာလေးက ဘာမှမဟုတ်ဘူးဆိုပေမဲ့ စိတ်ထဲမှာတော့ ကျေနပ်ပြီး ယုံကြည်မှုရစေတယ်။
လက်သန်းချင်းချိတ်...လက်မအချင်းချင်းသေချာဖိနှိပ်ပြီး ကတိယူပြီးမှ နွေဦးစိတ်ချလက်ချ နဲ့လူနာဆီသွားပြီးစစ်ဆေး
ဖြစ်တယ်။လူနာရဲ့အခြေအနေက တစ်နေ့ထက်တစ်နေ့တိုးတက်ကောင်းမွန်လာတာသေချာပြီမို့ ဆေးရုံဆင်းခိုင်းလိုက်တယ်။တော်သေးတယ်...ဒီလူနာသာတစ်ခုခုဖြစ်ရင် နွေဦးကိုယ့်ကိုကိုယ်အပြစ်တင်လို့ဆုံးမှာတောင်မဟုတ်ဘူး။
_______________
စကားပြောဖို့အတွက်ကို ဆေးရုံရဲ့ ပန်းခြံလို့ခေါ်လို့ရပြီးကိုးနာရီပန်းရောင်စုံ စိုက်ထားတဲ့ဘေးက ခုံတန်းကိုရွေးလိုက်တယ်။ရင်ပူစရာအကြောင်းအရာဆိုလဲ သစ်ပင်ပန်းမန်တွေကြည့်ပြီး အေးချမ်းမလားလို့လေ။ဒါပေမဲ့ ပူလောင်နေတာတွေအတွက် ဘယ်ပန်းကမှ ြငိမ်းချမ်းအောင်လုပ်မပေးနိုင်ဘူးဆိုတာ သူသိပါတယ်။
ဘေးချင်းယှဥ်ထိုင်ပြီး နှစ်ယောက်လုံးအတန်ကြာတဲ့အထိ ဘာစကားမှမပြောဖြစ်ကြဘူး။နိုဝင်ဘာလအစပဲရှိသေးပေမဲ့ မဲဘာန်းကတော့ အေးခဲမတတ် ဖြစ်နေပါပြီ။အပြင်မှာ ကြာကြာနေမိရင်ကို နောက်ရက်ကျ နှာစေးချောင်းဆိုးဖြစ်စေလောက်တဲ့အထိ လေကြမ်းတွေကလဲ သုတ်တတ်သေးတာ။
နွေဦး အအေးဒဏ်ကြောင့်နှာရှုံ့လိုက်တော့မိုးပင်လယ်က သူ့လည်ပင်းက မာဖလာကိုဖြုတ်ပြီး နွေဦး လည်တိုင်မှာ အကျအနပတ်ပေးတယ်။သူ့လက်နွေးနွေးနဲ့ နွေဦးလက်တွေကို အုပ်မိုးဆုပ်ကိုင်ထားပေးပြီး..
"နွေဦးလဲဆိုသေး လက်တွေကလဲအေးစက်နေတာပဲ"
"နာမည်ကသာနွေဦးလေ လူကနွေဦးမှမဟုတ်တာ"
"အင်း...ဟုတ်သားပဲ"
ကြောင်တိကြောင်တောင်စကားတွေပြောပြီးပြန်တိတ်ဆိတ်သွားပြန်တယ်။အကြောင်းအရင်းကိုသာသိချင်တာနွေဦးလဲဘယ်ကစပြောရမလဲမသိတော့ဘူး။ဝေ့ဝိုက်နေတာကအမှန်တရားနဲ့မနီးစပ်စေတာမို့ နွေဦးတည့်တည့်ပဲမေးချလိုက်တော့တယ်။
"ခင်ဗျား အမေခေါ်နေတဲ့ဖုန်းတွေဘာလို့မကိုင်တာလဲ"
မိုးပင်လယ်ကသူ့ကိုဘယ်လိုလုပ်သိသွားတာလဲ ဆိုတဲ့ မျက်နှာထားနဲ့ကြည့်လာတယ်။
"မေမေ ဖုန်းဆက်တာလား...နွေဦးကိုဘာတွေပြောသွားသေးလဲ"
"မဆက်ပါဘူး ...ခေမီပြောလို့သိတာ"
"သြော်.."
တော်သေးတာပေါ့ဆိုတဲ့ မျက်နှာထားနဲ့ခေါင်းညိတ်တယ်။ဒါပေမဲ့ဘာမှဆက်ပြောမလာပြန်ဘူး။နွေဦးကစိတ်ရှည်သည်းခံတတ်တဲ့လူမျိုးမဟုတ်တော့ ဒီအခြေအနေကတော့ အသဲယားစရာပဲ...သူလုံးဝသည်းမခံနိုင်ဘူး။
မိုးပင်လယ်ဆုပ်ကိုင်ထားတဲ့ သူ့လက်ကိုပြန်ဆွဲယူလိုက်တော့ ပန်းပင်တွေကိုအကြောင်းမဲ့လိုက်ငေးနေတဲ့ မျက်ဝန်းတွေ သူ့ဆီပြန်ရောက်လာတယ်။ပြီးသူ့လက်ကိုပြန်ဆွဲယူပြီး...
"ဘာလုပ်တာလဲ...လက်တွေအေးနေတာကို"
အရေးမပါတာတွေ!!ကျွန်တော့်ကိုချည်းဂရုစိုက်မနေပဲ ခင်ဗျားကိုကျွန်တော်ဂရုစိုက်ခွင့်လေးပေးပါဦး။
နွေဦး လက်ကိုပြန်ဆွဲယူတာလက်မခံဘဲ ပြန်တွန်းလိုက်ပြီး...
"ကျွန်တော်နဲ့ခင်ဗျား ချစ်သူတွေမှဟုတ်ရဲ့လား"
"အင်း...ဟုတ်တယ်လေ"
"ကျွန်တော်ကတော့ တစ်ခါတစ်လေ ဟုတ်မှဟုတ်ရဲ့လားလို့သံသယတောင်ဝင်မိတယ် ၊ကျွန်တော်ရဲ့ပြဿနာတွေသေးသေးလေးကနေစပြီး ခင်ဗျားအကုန်သိတယ်..ကျွန်တော်အကုန်ပြောပြတယ်။ဒါပေမဲ့ ခင်ဗျားကျ ဘာမှပြောမပြဘူး...ကျွန်တော်ဘာမှမသိရဘူး။
ကျွန်တော်လဲ ခင်ဗျားရဲ့ပြဿနာတွေကိုကူဖြေရှင်းပေးချင်တယ်...ရင်ဆိုင်ရမဲ့ကိစ္စဆိုလဲအတူတူရင်ဆိုင်ချင်တယ်၊ဝမ်းနည်းစရာဆိုလဲ အတူတူဝမ်းနည်းမယ်၊ရယ်စရာဆိုလဲ အတူတူရယ်ချင်တယ်။ဒါပေမဲ့ ခင်ဗျားက အမြဲတစ်ယောက်ထဲကြိတ်ဖြေရှင်းတယ် တစ်ယောက်ထဲကြိတ်ခံစားတယ်။
ကျွန်တော်က ခင်ဗျားတစ်ယောက်ထဲခံစားနေရတာကို ဘာမှမသိဘဲထိုင်ကြည့်နေရတာ...ခင်ဗျားကို ကျွန်တော် အပျင်းပြေအနေနဲ့တွဲခဲ့တာမဟုတ်လို့ ခင်ဗျားရဲ့ပျော်ရွှင်မှု၊ဝမ်းနည်းမှု၊စိတ်အားငယ်မှု ခင်ဗျားရဲ့စိတ်ခံစားချက်အကုန်ကျွန်တော်မျှဝေခံစားချင်တယ်...အဆုံးစွန်ဆုံး ခင်ဗျားမာ'လာရင်တောင်မှကျွန်တော်ကူပြီးဖြေရှင်းပေးချင်တယ်။"
နွေဦးစကားကြောင့် မိုးပင်လယ်ပြုံးမိသွားရတယ်။ပြောလိုက်ရင်တုတ်ထိုးအိုးပေါက်...ပြီးတော့ နမ်းရင်တောင်ရှက်နေတတ်သေးတာ။
"ခင်ဗျားကဘာလို့ ကျွန်တော့်ကိုဘာမှမပြောပြရတာလဲ...ကျွန်တော်ကအရေးမပါလို့လား"
"မဟုတ်ပါဘူးနွေဦးရာ...ကိုယ်ကနွေဦး စိတ်ညစ်တာမမြင်ချင်လို့ပါ"
"အတူတူစိတ်ညစ်ပေးမယ်လို့...ခုကျွန်တော့်ကိုပြောပြလို့ရပြီလား"
မိုးပင်လယ်စိတ်ထဲမှာကြည်နူးသွားရတယ်။နွေဦးကိုသူချစ်ရတာအတွက်ခုရော နောင်ရော နောင်တရစရာ အကြောင်းတစ်ကြောင်းတောင်ရှိမနေဘူး။အတူတူရယ်ဖူးတဲ့လူကိုသာမေ့လို့ရမယ် အတူတူ ငိုဖူးတဲ့လူဆို အမြဲမှတ်မိနေတတ်တယ်တဲ့။ရယ်ဖို့ကလွယ်ပေမဲ့ ကိုယ့်အရေးကိစ္စမဟုတ်ဘဲစိတ်ညစ်ဖို့ ငိုဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။
နွေဦးကိုသူ့ရင်ခွင်ထဲမြုပ်နေတဲ့ထိ အတန်ကြာဖက်ထားလိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်တယ်။
နွေဦးကသူ့ကို ရင်ခုန်စိတ်လှုပ်ရှားစေတဲ့အပြင် သူ့စိတ်ကိုလဲနွေးထွေးလုံခြုံစေတယ်။နွေဦးက သူ့ကိုနွေးထွေးစေတဲ့ နွေဦးရာသီလေးပဲ။
သူပြောလာမဲ့စကားတွေကိုနားထောင်ဖို့အသင့်ဖြစ်နေတဲ့ နွေဦးရဲ့လက်လေးတွေကို သူပြန်ဆုပ်ကိုင်ပြီး သူနဲ့သူ့အမေကြားကအကြောင်းကိုပြောပြလိုက်တယ်။
"မေမေက ကိုယ့်ကို အိမ်ပြန်လာစေချင်နေတာ"
"အပြီးလား"
"ခဏပဲနေမှာပါ...ကိုယ်တို့ကတိပေးထားတဲ့အချိန်မှမပြည့်သေးတာ...ကြောက်ဖို့ကောင်းပေမဲ့ ကိုယ့်မေမေက ကတိတည်ပါတယ်"
"အဲ့ဒါဆို ပြန်လာစေချင်တာက ဘာဖြစ်လို့လဲ"
"အင်းလေးက ကိုယ်တို့ပုံကို မေမေတွေ့သွားတယ်"
"ဘယ်လိုလုပ်ပြီး!!ဟို ကင်မရာသမား!!"
"အင်းဟုတ်တယ်...သူကမေမေ့ကို သွားပြပြီးချိန်းခြောက်တာ။ပြီးတော့ ဘုတ်အဖွဲ့ဝင်တွေကလဲဘယ်လိုသိသွားလဲမသိဘူး၊အဲ့ဒါကြောင့်ကုမ္ပဏီနဲ့ပတ်သက်ပြီးစိုးရိမ်တဲ့မေမေကကိုယ့်ကိုပြန်ခေါ်ပြီး...ကုမ္ပဏီဘုတ်အဖွဲ့ဝင်တွေကိုရှင်းပြခိုင်းဖို့"
"ခင်ဗျားကနာမည်ကြီးလား!!"
"ဟွန်း..ကိုယ်ကမကြီးပါဘူး ကိုယ့်မေမေကနာမည်ကြီးတာ"
"သြော်...အဲ့တာသွားရှင်းပြီးပြန်လာခဲ့လေ..ဘာတွေစိတ်ညစ်နေတာလဲ"
"သွားရှင်းရရင် အလိမ်အညာတွေပြောရမှာ..နွေဦးနဲ့တွဲနေတာမဟုတ်ဘူးဆိုပြီး..ကိုယ်မပြောချင်ဘူး၊နွေဦးကိုသိမ်ငယ်စေမှာမျိုး မလုပ်ချင်ဘူး...ပြီးတော့ ကိုယ့်မွေးနေ့ မှာနွေဦးနဲ့အတူတူရှိချင်လို့"
"အမှန်အတိုင်းတွေသွားပြောလို့ ရှယ်ယာစျေးတွေထိုးကျပြီး ကုမ္ပဏီဒေဝါလီခံလိုက်ရတာထက်စာရင် အခြေအနေအရ လိမ်ပြောလိုက်တာကောင်းပါတယ်။"
မိုးပင်လယ်ရယ်ချလိုက်မိတော့တယ်။
"ဟားဟား!နွေဦးကတော့ လုပ်ပြီ.."
"မဟုတ်ဘူးလား ပြီးတော့ခင်ဗျား အမေကိုတစ်သက်လုံး ရှောင်နေနိုင်လို့လား"
"ဟုတ်ပါတယ်.."
"ဘယ်တုန်းထဲက သိသွားပြီး ခင်ဗျားကိုပြန်ခေါ်နေတာလဲ"
"ကိုယ်တို့ မဲဘာန်းကိုပြန်ရောက်ပြီး နောက်တစ်နေ့ပဲ"
"ကြာနေပြီပဲ"
"အင်း ကိုယ်လဲပထမဦးဆုံးအကြိမ်မေမေ့ကို ပုန်ကန်ခြင်းပဲ"
"ဟန့်...ဖုန်းလေးမကိုင်တာလောက်နဲ့ပုန်ကန်တဲ့အဆင့်ထဲမရောက်ဘူး"
"ဟုတ်လား!!မသိဘူး ကိုယ်က သားလိမ္မာလေးလေကွာ"
"ကျစ်!!ခင်ဗျားနဲ့တွဲမိတာမှားပြီထင်ပါတယ်...ရေမရောတဲ့မေမေ့သားလေး ဖြစ်နေတယ်"
မိုးပင်လယ်က သူ့ကိုခါးကနေတင်းတင်းကျပ်ကျပ်ဖက်ပြီး ပုခုံးမှာမေးစေ့ကိုတင်ကာ...
"မရတော့ဘူး ခုမှထားသွားလို့မရတော့ဘူး"
နွေဦး သဘောတကျရယ်လိုက်မိတယ်။
မိုးပင်လယ်ကတစ်ခါတစ်လေ သူ့ထက်အသက်ကြီးတယ်ဆိုတာမေ့မေ့သွားပုံပဲ...
ဆေးရုံဝန်းထဲ အများအမြင်မှာသူတို့ပုံစံကို ဘယ်လိုတွေထင်ကြမလဲမသိတော့ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ် မိုးပင်လယ်ရဲ့ရင်ခွင်ကသူ့အတွက်နွေးနေလို့ြငိမ်နေလိုက်တယ်။တစ်ခါတစ်လေမှာ အများသဘောကျထက် ကိုယ်သဘောကျဖို့ကပိုအရေးကြီးတယ်မလား။
_________