🍁Daffodils:အပိုင်း(၂၈)ဗရုတ်သုက္ခနေ့ရက်များ
တီတီ...တီတီ...တီတီ....
အတားအဆီးမရှိ ထွက်လာနေတဲ့ဖုန်းသံက တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ပိုပြီးကျယ်လောင်နေတယ်။အိပ်ယာပေါ်လူးလိမ့်နေတဲ့အသံတွေကြားနေရပေမဲ့ နားကိုပဲပိတ်ဖို့အားစိုက်လိုက်ကြတယ်ထင်တယ်...ဖုန်းသံကဆက်ထွက်နေတုန်းပဲ။
တစ်ယောက်ယောက်ကိုင်ချလိုက်ရင်ကောင်းမယ်။
နွေဦးကိုယ်တိုင်လဲ ကျိန်းစက်နေတဲ့မျက်လုံးတွေကိုဖွင့်နိုင်ဖို့အင်အားမရှိလို့နားကိုပဲပိတ်လိုက်တော့တယ်။တကယ်ကိုသူ့မျက်လုံးမဖွင့်နိုင်ဘူး..ညက တီတီတာတာလေးတွေပြောရင်း အိပ်တာနောက်ကျသွားတယ်လေ။
ထားလိုက်!!ခဏနေရင်တော့ရပ်သွားမှာပါလေ...အတွေးတောင်ဆုံးအောင်မတွေးရဘူး ဖုန်းသံကခဏရပ်သွားပြီး ချက်ချင်းပြန်မြည်လာတယ်။
တီတီ...တီတီ...တီတီ....
ဟ!!အကျိုးနည်း ဘယ်သူ့ဖုန်းလဲ...ဘယ်သူခေါ်နေတာလဲ..
"ဘုန်း!!"
နွေဦးအတွေးမဆုံးခင်မှာပဲ သူ့တို့ဘက်ကိုခေါင်းအုံးတစ်လုံး အားနဲ့ရောက်လာပြီးကိုထွဋ်ကဒေါသသံကြီးနဲ့ထအော်တယ်။
"ကိုကာလနဂါးတို့ ဖုန်းလေးလဲကိုင်လိုက်ကြပါဦး!!"
ခေါင်းအုံးနဲ့တိုက်ရိုက်ထိသွားတဲ့ မိုးပင်လယ်က တအင်းအင်း ညည်းညူပြီး ဖုန်းကိုလှမ်းယူကာသူ့ပုခုံးကိုလှုပ်ပြီး...
"နွေဦး...နွေဦးဖုန်း...ဖြေနိုင်လား ကိုယ်ဖြေလိုက်ရမလား..အင်!ကျသွားပြီ...ရော့"
မိုးပင်လယ်ကသူ့ကိုဖုန်းပေးရင်းသူ့နဖူးကိုငုံ့နမ်းပြီးနူးနူးညံ့ညံ့အပြုံးလေးတစ်ခုနဲ့...
"မောနင်း..." လို့သူ့ကိုပြောတယ်။
လူတစ်ယောက်ရဲ့အလှစစ်ကိုမနက်နိုးခါစမှာ တွေ့နိုင်တယ်လို့ပြောကြတယ်။အဲ့အဆိုကိုနွေဦးလက်ခံပေးရတော့မဲ့ပုံပဲ...
မိုးပင်လယ်ရဲ့နှုတ်ခမ်းတွေကနူးညံ့နေပြီး အပြုံးသေးသေးနဲ့တောင်မျက်နှာကပြီးပြည့်စုံနေတယ်။သူအရမ်းသဘောကျရတဲ့မျက်ဝန်းညိုတွေကလဲ နေရောင်နုနုအောက်မှာ တစ်ဖျတ်ဖျတ်..
နွေဦးသတိလက်လွတ်ကြည့်နေမိတော့ မိုးပင်လယ်က ပြုံးကာသူ့နှာခေါင်းနဲ့နွေဦးနှာခေါင်းကိုလာပွတ်ပြီး..
"ကိုယ့်ကိုလဲမောနင်းလို့ပြန်ပြောပါဦး...ကိုယ်လဲကြားချင်တာပေါ့"
တစ်ခါတစ်လေမှာကလေးဆန်ဆန်တွေပြောတတ်တဲ့မိုးပင်လယ်စကားကြောင့် နွေဦး ပြုံးမိသွားရတယ်။
"အင်း!မောနင်း!ဘယ်သူခေါ်တာလဲတွေ့လိုက်လား"
"မမြင်လိုက်ဘူး!!နေဦး ကိုယ့်ဖုန်းသံကြားတယ်"
မိုးပင်လယ်က အိပ်ယာမှထကာ မှန်တင်ခုံပေါ်မှမြည်နေတဲ့ဖုန်းကိုကြည့်လိုက်တော့ ဆေးရုံမှာကျန်ခဲ့တဲ့ ကိုထက် ဆက်တာ..
"ဟဲလို!ကိုထက်.."
တစ်ဖက်ကကိုထက်ရဲ့အသံကလောကြီးနေပြီး ဖုန်းကိုင်လိုက်တာနဲ့ အပြစ်တင်တော့တာပဲ...
"ကိုမိုးပင်လယ်!!အစ်ကိုတို့ဗျာ..ခေါ်လိုက်ရတာ"
"ဘာဖြစ်လို့လဲ..ကိုထက်"
"အားနာပေမဲ့ အစ်ကိုတို့ထဲက၂ယောက်တော့ဆေးရုံပြန်လာမှဖြစ်မယ်..အစာအိမ်ပေါက်တဲ့လူနာရောက်နေတယ်"
"ဟုတ်လား!ခဏနော်.."
မိုးပင်လယ် ဖုန်းစပီကာကိုဖွင့်ပြီး နွေဦးဆီပြန်သွားကာ...
"ရပြီ..လူနာအခြေအနေလေးပြောပါဦး"
"ညက၃နာရီခွဲလောက်ကြီးရောက်လာတာ အစ်ကို..ဗိုက်ကြီးကလဲတင်းပြောင်နေပြီး တအားလဲနာနေတယ်လို့ပြောလို့ ကျွန်တော်မသင်္ကာလို့ဓာတ်မှန်ရိုက်လိုက်တော့ ဟုတ်တယ်အစ်ကိုအစာအိမ်ပေါက်တာ...ပြီးတော့ နာတာလဲသုံးလေးရက်ရှိပြီပြောတယ်"
"ကိုထက်ရေ!...အဖျားဘယ်လောက်လဲ"မိုးပင်လယ်ကိုင်ထားတဲ့ဖုန်းကိုနွေဦးဆွဲယူပြီး မေးလိုက်တယ်။
"100ဒီဂရီနီးပါးပဲကိုနွေဦး...အဲ့ဒါအစ်ကိုတို့၂ယောက်ပဲဖြစ်ဖြစ်ပြန်လာမှရမယ်ထင်တယ်"
" ပြန်လာမယ် ကိုထက်...ကျွန်တော်တောင်းပန်ပါတယ်ဗျာ..ဖုန်းတွေခေါ်နေတာမကိုင်မိလိုက်ဘူး...ပြီးတော့ကျေးဇူးလဲတင်ပါတယ်...ခုလိုလူနာကိုဂရုစိုက်ထားပေးလို့"
"မလိုပါဘူး ကိုနွေဦးရာ...ကျွန်တော်ဖုန်းချလိုက်တော့မယ်နော်..ကျွန်တော် Drip ချိတ်တာတွေဘာတွေလုပ်ပေးထားတာမို့ အစ်ကိုတို့ပြန်ရောက်လာတဲ့ချိန်ဆိုရင်တော့ သွေးပေါင်တွေဘာတွေလဲအဆင်သင့်ဖြစ်လောက်ပါပြီ"
"ကျေးဇူးပါပဲကိုထက်ရာ"
"မလိုပါဘူးဆိုဗျာ"
ကိုထက်ဖုန်းချသွားတာနဲ့ သူတို့အိပ်ယာကနေဝုန်းဒိုင်းကြဲထကြပြီးပြန်ဖို့အမြန်ဆုံးပြင်ရတော့တယ်။ မိုးပင်လယ်ကကိုထွဋ်ကိုသွားနိုးကာအကျိုးအကြောင်းပြောတော့ အိပ်မှုန်စုံမွှားနဲ့ မျက်လုံးကိုပွတ်ရင်း...
"ငါလဲပြန်လိုက်မယ်လေ Seaရာ..."
"အစ်ကိုပြန်လို်က်တာကဟုတ်တယ်..ခေမီတို့ကိုမေးရဦးမယ်"
"အေးဟုတ်သားပဲ..သူတို့ချည်းပဲလဲထားခဲ့လို့မဖြစ်သေးပြန်ဘူး"
"အဲ့ဒါဆိုကျွန်တော်လှမ်းမေးကြည့်လိုက်ဦးမယ်"
_________________________
နောက်ဆုံးတော့လဲ သူတို့အဖွဲ့လိုက်ကြီး အတူတူပြန်ဖို့ပဲဆုံးဖြတ်လိုက်ကြတော့တယ်။တကယ်တော့ခေမီကပြန်ချင်သေးတာမဟုတ်ဘူး...သူနဲ့တစ်ယောက်မှမနေပေးလို့ ပြန်လိုက်လာတာ။ဒါတောင်တစ်ယောက်ထဲကျန်ခဲ့မယ်ဆိုပြီးခေါင်းမာနေလို့ ကိုထွဋ်ကထဆူလိုက်မှ ဆူအောင့်အောင့်နဲ့ပြန်လိုက်တာ။
လှေတစ်တန် ကားတစ်တန် ထပ်စီးပြီးသူတို့မဲဘာန်းကိုပြန်ရောက်လာတယ်..သူကရောက်ရောက်ခြင်း လူနာဆီပြေးပြီး တော့အခြေအနေကြည့်ပြီး မိုးပင်လယ်က သီရေတာထဲပြေးပြီး ခွဲစိတ်ဖို့ပြင်ရတယ်။အစာအိမ်ပေါက်တယ်ဆိုတဲ့အမျိုးက မြန်မြန်ခွဲမှ နို့မို့ဆို သူကအသက်ကိုပါထိခိုက်စေတာမျိုး...ခုတောင်နောက်မကျဖို့ဆုတောင်းရမယ်။နို့မို့ဆိုနွေဦး သူ့ကိုယ်သူအပြစ်တင်မိနေတော့မှာ...
လူနာရဲ့အသက်က၅၇နှစ် အမျိုးသား...ခွဲစိတ်ခန်းထဲခေါ်သွားတဲ့လူနာရဲ့အခြေအနေကိုကြည့်ပြီး နွေဦးအားမရလို့ ကိုထက်ကိုတိုးတိုးတိတ်တိတ်လေးမေးရတယ်။
"လူနာကစရောက်ထဲက အဲ့လိုပဲလားကိုထက်"
ကိုထက်ကခေါင်းညိတ်ပြီး..
"ဟုတ်တယ် ကိုနွေဦး...စရောက်ထဲက ဖြူနေတာ..ဒီလောက်အခြေအနေဆိုးတဲ့ထိဘယ်လိုသည်းခံနေလဲမသိဘူး..အသက်လဲမငယ်တော့ဘူးကို"
"ဟုတ်ပါရဲ့..."
ခံနိုင်ရည်ရှိပါ့မလား မသိဘူး ...နွေဦးစိတ်ထဲကပဲတွေးမိတယ်။
"ဆာဂျင်...ခွဲဖို့အဆင်သင့်ဖြစ်ပြီ"
နွေဦးခေါင်းညိတ်ပြီး လာခေါ်တဲ့မိုးပင်လယ်နောက်ကိုလိုက်သွားလိုက်တယ်။နွေဦး ခရီးပြန်လာတဲ့အဝတ်အစားတွေကိုခွဲစိတ်ခန်းဝတ်စုံ နဲ့မြန်မြန်လဲ၊ဆပ်ပြာများများ ရေများများနဲ့လက်ဆေးပြီး လက်နှစ်ဘက်ကိုစုံထောင်ပြီးနွေဦးသီရေတာထဲဝင်လာခဲ့တော့ မိုးပင်လယ်က ခွဲစိတ်ဝတ်ရုံကိုအဆင်သင့်ဝတ်ပေးလာတယ်။လက်အိတ်စွတ်ပြီးတဲ့နောက်မှာတော့ နွေဦးခွဲစိတ်ဖို့အဆင်သင့်ဖြစ်ပြီ။
ကိုထွဋ်ကမေ့ဆေးကိုတစ်ရစ်ချင်းစတင်ပေးပြီးနောက်မှာတော့ လူနာက ဂဏာန်းတွေကိုနောက်ပြန်ရေတွက်ရင်းမေ့သွားချေပြီ။တစ်ကိုယ်လုံးကိုပိုးသတ်ထားတဲ့အဝတ်ဖြူဖုံးထားပြီး ခွဲမယ့်ဗိုက်ကိုပဲချန်လှပ်ထားတာကြောင့်လူနာရဲ့တင်းပြောင်နေတဲ့ဝမ်းဗိုက်ကပိုပြီးပေါ်လွင်နေတော့တယ်။
နွေဦးလူနာရဲ့ဖြူလျော်လျော်ပုံကိုကြည့်ပြီးစိတ်ထဲမှအားမရ...သွေးဆုံးရှုံးထားတာမဟုတ်ပဲဘာလို့ဖြူလျော်နေရတာလဲ။Septicaemia(သွေးဆိပ်ပျံ့ခြင်း)ကြောင့်လား...သွေးပေါင်ကအရမ်းအကောင်းကြီးမဟုတ်တောင်ခွဲစိတ်လို့ရတဲ့အနေအထားမို့တော်နေသေးတယ်။
"ပေးရှင့်ရဲ့Condition က toxicဖြစ်နေတယ်...antibioticနဲ့အခြားလိုအပ်တာတွေပေးထားပြီးပြီမလား ကိုမိုးပင်လယ်"
"ပေးထားပြီးပြီဆာဂျင်.."
နွေဦးခေါင်းအသာညိတ်ပြီး ဝမ်းဗိုက်ပေါ်ဓားတင်ကာစတင်ခွဲစိတ်တော့ ခွဲခန်းတစ်ခုလုံးတခဏခြင်း အသက်ရှုသံမျှင်းမျှင်းကိုတောင်အကျယ်ကြီးကြားရလောက်တဲ့တိတ်ဆိတ်သွားတယ်။တခဏအတွင်းမှာပဲ ဝမ်းဗိုက်မြှေးကို တွေ့ရပြီ။ဝမ်းဗိုက်မြှေးမှာပါးလွှာနေတာ အထဲကအရည်တွေကိုတောင်ဖောက်မြင်နေရတယ်။
ရေအပြည့်နဲ့ပူစီပေါင်းကိုကိုင်ဖို့မလွယ်သလို ခုလိုပါးလွှာတင်းပြောင်နေတဲ့ဝမ်းဗိုက်မြှေးကိုညှပ်လေးနဲ့မရတာ မလွယ်ကူ...
နွေဦး ဓါးရာသေးသေးလေးပေးရုံတင်ကို အရည်တွေပန်းထွက်လာတာ မနည်း...နွေဦးအပါအဝင် မိုးပင်လယ်ရော အကူနပ်စ်တွေပါ အရည်တွေစင်ကုန်တယ်။ထွက်လာတဲ့အနံ့ကတော့ဆိုးရွားလွန်းတယ်...အဲ့အချက်ကြောင့်ပဲသူတို့လူနာအတွက်ပိုစိုးရိမ်ရပြီ။
"ဆာဂျင်!!အရည်တွေပန်းထွက်လာပြီ"
"ဆောရီးဗျာ..ဒါပေမဲ့အကုန်ခွဲချမှရမယ်"
နွေဦးစကားဆုံးတော့ဝမ်းဗိုက်မြှေးကိုထိုးခွဲချလိုက်ပြီး မိုးပင်လယ်ကပတ်တီးထူထူတစ်စနဲ့ ထွက်လာတဲ့အရည်တွေကိုတတ်နိုင်သမျှထိန်းချုပ်တာတောင် အရည်တွေမှာလျှံကျလာတာမနည်း..နည်းနည်းဆက်ရှာကြည့်တော့ ဝမ်းဗိုက်ကိုဒုက္ခပေးနေတဲ့အပေါက်ကိုရှာတွေ့တယ်။
"အပေါက်တွေ့ပြီ!!သေးသေးလေးဗျာ တစ်ဖြည်းဖြည်းစိမ့်ထွက်ပြီးဒုက္ခပေးနေတာ"
ထိုအပေါက်သေးသေးလေးကပဲ ဝမ်းဗိုက်တစ်ခုလုံးကိုဒုက္ခပေးနေတာ...စားသမျှအစားအစာ တွေတင်မကပဲ မစင်တွေကပါ အစာအိမ်ထဲမှာမရှိဘဲ ဝမ်းဗိုက်ထဲအနှံ့အပြားရောက်နေတယ်။နွေဦးဝမ်းဗိုက်တစ်ခုလုံးကိုသန့်ရှင်းရေးလုပ်ပြီးအစာအိမ်အပေါက်ကို သေချာလေးချုပ်ပြီးချိန်မှာတော့ ဝမ်းဗိုက်ပြန်ပိတ်ဖို့သာကျန်တော့တယ်။
"ကိုမိုးပင်လယ်!!"
"ဗျာ!!"
"ပြန်ပိတ်ပေးပါဦး...ပစ္စည်းတွေအထဲမှာထည့်ပိတ်မိဦးမယ်နော်"
"ဟုတ်ကဲ့စိတ်ချပါ..."
နွေဦးစိတ်လက်ပေါ့ပါးစွာနဲ့အကုန်လုံးကို ပြုံးပြနှုတ်ဆက်ပြီး သီရေတာထဲကထွက်လာခဲ့တယ်။သူရေချိုးမှရတော့မယ်...ဝမ်းဗိုက်ထဲကအရည်တွေက အဓိကခွဲနေတဲ့သူ့ကို အဓိကထိတာဆိုတော့ ခြေသလုံးတစ်ဝက်လောက်ထိစိုနေပြီးအနံ့တွေကအရမ်းစွဲနေတယ်။
နွေဦးနားနေခန်းကိုရောက်တော့ ခေမီက နှာခေါင်းရှုံပြီး...
"နံလိုက်တာ..နင်သီရေတာထဲကထွက်လာပြီးရေမချိုးဘူးလားနွေဦး"
"ငါအခုမှထွက်လာတာဘယ်လိုလုပ်ရေချိုးရဦးမှာလဲ"
"အဲ့ဒါဆိုလဲမြန်မြန်သွားချိုးလေဟာ..ဘာလို့နားနေခန်းထဲဝင်လာတာလဲ"
နှာခေါင်းတစ်ရှုံ့ရှု့ံနဲ့အန်ချင်သလိုလိုရုပ်ဖြစ်နေတဲ့ ခေမီ့ကိုကြည့်ပြီး နွေဦးစိတ်ပျက်လက်ပျက်ခေါင်းခါရုံအပြင်ဘာမှမလုပ်နိုင်တော့ဘူး...ဘယ်လိုဆရာဝန်လဲမေးရအောင်လဲ နင့်ကိုပြိုင်ဖို့ဆရာဝန်လုပ်တာပါလို့ပြောချထားပြီးပြီဆိုတော့...သူ့ကိုသူပဲအပြစ်တင်ရတော့မှာလား။
__________________
"ဟူး!!!"
နွေဦးနဲ့မိုးပင်လယ်ပြိုင်တူသက်ပြင်းချပြီး ထိုင်ခုံပေါ်မှာထိုင်စမှာပဲ ကမ္ဘာလောကကြီးတစ်ခုလုံးကိုထမ်းထားရတဲ့ရုပ်နဲ့နားနေခန်းထဲဝင်ချလာတဲ့ ကိုထွဋ်...နှုတ်ခမ်းတွေကအရောင်ဖျော့နေတဲ့အပြင် မျက်တွင်းတွေပါကျနေလို့မိုးပင်လယ် စိုးရိမ်သွားရတယ်။သူတို့အင်းလေးကအလောတကြီးပြန်လာရတဲ့နေ့ကစပြီး အခုနှစ်ရက်မြောက်နေ့အထိ ကောင်းကောင်းမနားကြရသေးဘူး။
"အစ်ကို..အဆင်ပြေရဲ့လား"
" အေး ပြေပါတယ်.."
"ပြေတယ်သာပြောတာ အစ်ကို့ကြည့်ရတာဖြူလျော်နေရော"
"လူကပြေတယ် စိတ်ကမပြေတာငါ့ကောင်ရေ"
ကိုထွဋ်ပြောလိုက်ထဲက နွေဦးသဘောပေါက်လိုက်ပြီ...ခေမီဘာတွေမွှေချပြန်ပြီလဲ မသိဘူး။ခွဲခန်းဝင်ရင် သူနဲ့မိုးပင်လယ်နဲ့ကတစ်တွဲ၊ကိုထွဋ်နဲ့ခေမီနဲ့ကတစ်တွဲ ဝင်ကြတာကိုး...အဲ့တော့ခေမီ့ဒဏ်မှန်သမျှကို ကိုထွဋ်ပဲလှိမ့်ခံနေရတာ။
ကိုထွဋ်ကတော့ရေတစ်ခွက်ကောက်မော့ပြီး သူ့စကားကိုဆက်တယ်။
"အဲ့ကောင်မလေးအစကဒီလောက်မဟုတ်သေးပါဘူးကွာ...အင်းလေးမှာ ငါသူ့ကိုနည်းနည်းဆူလိုက်ကတည်းက တင်းသွားတယ်ထင်တယ်..ငါ့ကိုသီရေတာထဲရောက်ရင်ပညာပြတော့တာပဲ"
စိတ်ညစ်ညစ်နဲ့ရှုံ့မဲ့နေတဲ့ကိုထွဋ်ပုံက ရယ်ချင်စရာကောင်းပေမဲ့ သူတို့မရယ်ရက်ဘူး ...ပါတနာမကောင်းရင် ဘယ်လောက်ပင်ပန်းရလဲဆိုတာ သူတို့အသိဆုံးပဲလေ။
မိုးပင်လယ် ကိုထွွဋ်ရဲ့ပုခုံးကိုဖျစ်ညှစ်ပြီးနှစ်သိမ့်ပေးလိုက်တော့ မိုးပင်လယ်လက်ကို အားကိုးတကြီးနဲ့ဆုပ်ကိုင်ပြီး...
"Sea!!ငါနဲ့တွဲပေးပါလားကွာ!"
"ဗျာ!"
မိုးပင်လယ်ရဲ့အာမေဍိတ်သံကြားတော့ ကိုထွဋ်ကမျက်လုံးပြူးနဲ့နွေဦးကိုတစ်ချက်လှည့်ကြည့်ပြီးလက်တစ်ခါခါ ခေါင်းတစ်ရမ်းရမ်းနဲ့..
"မဟုတ်ဘူး..မဟုတ်ဘူး အဲ့လိုတွဲတာမဟုတ်ဘူး...ငါနဲ့ခွဲခန်းဝင်ပေးပါလားလို့ လုပ်ပါကွာ..နွေဦး အာ ဆာဂျင် ငါ့ကိုကယ်ကြပါဦးလို့"
ကိုထွဋ်ပုံကိုကြည့်ပြီးမိုးပင်လယ်နဲ့နွေဦး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်ချမိတော့တယ်။
"ခုကဘာလုပ်သွားလို့လဲအစ်ကိုရဲ့"
"ဒီနေ့ခေမီကငါ့အကူလုပ်ပေးတာ...အမှတ်တမဲ့ ပြန်ချုပ်ရင်း သူ့လက်ကိုအပ်လေးစူးမိတာ ရောဂါပိုးဝင်သွားနိုင်တယ်ဆိုပြီး ငါ့ကိုတစ်ယောက်ထဲထားသွားတယ်ကွာ...ငါနဲ့နပ်စ်၂ယောက်နဲ့ပဲဆက်လုပ်လိုက်ရတာပေါ့"
"အဲ့ဒါပဲ ကျွန်တော့်ကိုလှမ်းအကြောင်းကြားရောပေါ့"
"မင်းတို့လဲမအားဘူးလေကွာ." ကိုထွဋ်ကသက်ပြင်းချပြီးဆက်ပြောတယ်။"
"ဒါပေမဲ့ခုတော့လဲပြီးသွားပြီပဲ...လူလဲမဲ့ကိစ္စလဲထားလိုက်ဦးငါသူနဲ့အရင်စကားပြောကြည့်လိုက်ဦးမယ်"
မိုးပင်လယ်ခေါင်းညိတ်လိုက်ပြီး...
"ကောင်းတာပေါ့ အစ်ကိုရာ..အရင်စကားပြောကြည့်လိုက်ပါဦး..ကျွန်တော်နဲ့ ဆာဂျင်တွဲကျတာခုမှလဝက်ပဲရှိသေးတာ...ပညာတွေယူစရာရှိသေးတယ်"
"နေပါကွာ Seaရာ ..မင်းကSurgeryကိုစိတ်မဝင်စားပဲ Surgeonကိုစိတ်ဝင်စားနေတာဆိုတာ ငါအသိဆုံးပါ"
မိုးပင်လယ်ရယ်ကျဲကျဲနဲ့..
"အစ်ကိုကတော့လုပ်ပြီ...ကျွန်တော်တကယ်ခွဲစိတ်တာကိုသဘောကျတာပါဗျ."
"ထားပါတော့!!ဒါပေမဲ့ခေမီနဲ့စကားပြောလို့အဆင်မပြေရင်တော့ ငါနဲ့တွဲပါကွာ"
မိုးပင်လယ်ခေါင်းခါလိုက်ပြီး...
"ဟင့်အင်း!အစ်ကိုနဲ့မတွဲချင်ဘူး..နွေဦးနဲ့ပဲတွဲချင်တာ"
ကိုထွဋ်မျက်နှာကိုတမင်ရုပ်ဆိုးအောင်ရှုံ့မဲ့လိုက်ပြီး...
"သစ္စာဖောက်ကောင်...ညီအစ်ကိုစိတ်ဓာတ်မရှိတဲ့ကောင်"
မိုးပင်လယ်ကနှုတ်ခမ်းကိုခပ်မဲ့မဲ့လုပ်ရင်းခေါင်းညိတ်ကာ..
"ဒီအကြောင်းတွေက ရည်းစားရှိတဲ့လူတွေပဲနားလည်တာမျိုး အစ်ကိုရ..ဟုတ်တယ်မလားနွေဦး"
နွေဦးလက်ကာပြပြီး..
"ကျွန်တော့်ကိုဆွဲမထည့်နဲ့ ..ပြီးတော့ကျွန်တော်ကရည်းစားရှိလို့ အဲ့ခံစားချက်ကိုနားလည်တယ်"
နွေဦးစကားအဆုံးမှာတော့ ကိုထွဋ်ရဲ့မချိတင်ကဲအော်သံနဲ့သူတို့နှစ်ယောက်ရဲ့ရယ်သံကတစ်ပြိုင်တည်းထွက်လာတယ်။သွားညီညီလေးတွေပေါ်တဲ့အထိအားရပါးရရယ်နေတဲ့နွေဦးကိုကြည့်ပြီးမိုးပင်လယ်စိတ်ထဲမှာ တော်တော်လေးကြည်နူးမိပြီးရင်လဲခုန်ရတယ်။
/Beep Beep/
မိုးပင်လယ် ဖုန်းကိုဖွင့်လိုက်တော့ စာတစ်စောင်ရောက်နေတဲ့အပြင် နီရဲနေတဲ့ miss callတွေ...သူတမင်ရှောင်လွှဲနေခဲ့တာ။
/မိုးပင်လယ်ပြာ...မင်း မေမေ့ကိုစိတ်ဆိုးအောင်လုပ်နေလို့မင်းအတွက်အကျိုးမရှိဘူးနော်..ဖုန်းကိုကိုင်/
စာကိုဖွင့်ဖတ်ပြီး သူ သက်ပြင်းချကာ နွေဦးကိုနောက်တစ်ကြိမ်ထပ်ပြီးလှမ်းကြည့်လိုက်မိတယ်။ဒီတစ်ခါတော့ သူ့စိတ်ထဲမှာလေးလံနေသလိုပဲ...သူနဲ့နွေဦး အမှန်တကယ်ပျော်ရွှင်ရပါ့မလား။
___________