နင်ဟာအတောင်ပါတဲ့ငှက်ပါ
ငါကလွင့်ပါးတဲ့ ရော်ရွက်ဝါ
အဆင်ပြေလေလာတုန်းအခိုက်မှာ
ကြည်နူးမြူးခဲ့ရတယ် တစ်ရံတစ်ခါ….
ကိုလင်းတစ်ယောက် နှစ်ထပ်ကုတင်အပေါ်ထပ်မှာ ဟိုဘက်လိမ့်လိုက် ဒီဘက်လိမ့်လိုက်နဲ့ နားနှစ်ဖက်ကို လက်နဲ့အုပ်ပြီး အိပ်နေသည်။
ဆေးရုံဝန်ထမ်းတစ်ချို့က နယ်လှည့်ကျန်းမားရေး သွားကြသည့်အတွက် ကျန်ခဲ့တဲ့လူအင်အားနဲ့ ဆေးရုံလည်ပတ်မှုကို ဆက်ထိန်းထားသည်ကြောင့် ဂျူတီချိန်တွေက ဆက်တိုက်ဖြစ်နေသည်။
မနေ့က night duty ဝင်ရပြီး ဒီနေ့မနက် day duty လည်း ဆက်ယူရသည့်အတွက် လူနာရှင်းချိန်လေး နားနေခန်းပြန်လာြပီး ခဏအိပ်နေခြင်းဖြစ်သည်။
အိပ်ချိန်ခဏကို မနက်ကမှ ဂျူတီဝင်လာတဲ့ ကိုကိုလေးဉတုရှားမြတ်က နားဒုက္ခပေးနေသည်မို့ ဆက်မအိပ်နိုင်တော့တဲ့အဆုံး အိပ်စင်ကနေ ဆင်းလာခဲ့သည်။
“ ကိုကိုလေးမြတ်… ကျွန်တော်မျိုးကို ခဏလောက် အိပ်ခွင့်ပေးပါလား ”
ကိုလင်းပြောလိုက်တော့ မထုံတတ်တေးလေးက စာကြည့်ခုံပေါ် လက်တင်ထားပြီး ခေါင်းစောင်းလှဲနေရာက ပျင်းတိပျင်းရွဲ့နဲ့ ထ,လာသည်။ ပြီးတော့မှ ဖွင့်ထားတဲ့သီချင်းကို ခဏရပ်လိုက်ပြီး ကိုလင်းကို မျက်မှောင်ကြုံ့ပြီး ကြည့်လာသည်။
“ ကိုယ့်ဘာသာကိုယ် အိပ်ပါလား… ကျွန်တော်က ဘာလုပ်နေလို့လဲ ”
အော်… မေးတတ်ပါဘိ..။ ကျွန်တော်က ဘာလုပ်နေလို့လဲလို့ မေးတဲ့သူက မနက်ဂျူတီဝင်လာကတည်းက အဲ့ဒီသီချင်းတစ်ပုဒ်ထဲ ဖွင့်ပြီးနှိပ်စက်နေတာလေ။ သီချင်းနားထောင်တာကို သူမပြောလိုပါဘူး။
ဒါပေမဲ့ ဒီတစ်ပုဒ်ထဲကိုပဲ အခါသုံးဆယ်ထက်မနည်း ဖွင့်နေတာြကတော့ နည်းနည်းပြောစရာဖြစ်သွားပြီးမို့ ကိုလင်း ဘေးနားက ထိုင်ခုံတစ်လုံးကိုဆွဲပြီး ဒေါက်တာမြတ်ကလေးရှေ့မှာ ထိုင်လိုက်သည်။
“ မင်း … ဘာဖြစ်နေတာလဲ… အရင်ရက်ကတော့ တစ်တီးတူးရုပ်နဲ့ အခုက အချစ်နာကျလာတာလား.. ဘာလဲ ”
“ ဘာကို အချစ်နာကျရမှာလဲ… မဟုတ်တမ်းတရားတွေ ”
“ မသိဘူးလေ… မင်းမျက်နှာက ရည်းစားပူမိနေတဲ့ ရုပ်ဖြစ်နေတာကို … ဘာလဲ သတိုးရှန်ခိုက်က မင်းကိုမချစ်တော့ဘူးတဲ့ ”
“ စကားပြောနေရင်း ဘာလို့ သူ့နာမည်က ပါလာပြန်တာလဲ ..”
ဒီနေ့စိတ်ဆတ်နေတဲ့ မြတ်ကလေးကို ကိုလင်းကတော့ အချစ်နဲ့ အီစီကလီရိုက်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းထားလိုက်သည်။ သေချာပေါက်ကို သတိုးရှန်ခိုက်နဲ့ စကားများလာတာပဲ ဖြစ်လိမ့်မည်။ ရင်ထဲကခံစားချက်တွေကို ဖွင့်မပြတတ်တဲ့ အကျင့်ရှိသူမို့ သူစိတ်လိုလက်ရ ပြောလာတဲ့အချိန်ထိ ကိုလင်းငြိမ်ငြိမ်လေး စောင့်နေပေးလိုက်သည်။
“ ကိုလင်း … ကျွန်တော်သိချင်တာတစ်ခုရှိတယ်… ”
“ မေးလေ… ငါသိတာဆို ပြောပြမယ်… ”
“ လူတစ်ယောက်က လူတစ်ယောက်အတွက်နဲ့ သူ့အတွက်အရေးပါတဲ့ လူတစ်ယောက်ကို လျစ်လျူရှုထားတယ်ဆိုရင် အဲ့ဒီလူက တကယ်အရေးပါတာရော ဟုတ်ရဲ့လား… ”
လူတစ်ယောက်ချင်း ထပ်နေအောင် မေးခွန်းထုတ်နေတဲ့ ဉတုရှားမြတ်ကို ကိုလင်းလေးစားသွားရသည်။ မေးခွန်းလှည့်တယ်ဆိုတာ ဒါမျိုးကိုပြောနေလိမ့်မည်။
“ အဲ့တော့ သတိုးရှန်ခိုက်က မင်းကိုထားပြီး ဘယ်သူ့ဆီသွားလို့လဲ … ”
“ ကိုလင်း!!! ကျွန်တော်မေးတဲ့အထဲမှာ သတိုးရှန်ခိုက် ပါလို့လား… ”
“ မပါပေမယ့်လည်း မင်းမေးခွန်းကြီးက သိသာနေတာကိုကွာ… မင်းပြောတဲ့အထဲက လူတစ်ယောက်က သတိုးရှန်ခိုက်… နောက်တစ်ယောက်က မင်း… နောက်ထပ်တစ်ယောက်က မင်းကိုထားခဲ့ပြီး သတိုးရှန်ခိုက်သွားတွေ့တဲ့လူ… ငါ ပြောတာဟုတ်တယ်မလား… ”
ကိုလင်းစကားကို ရှားပြန်မဖြေပဲ အကြည့်လွှဲလိုက်သည်။ တကယ်တော့ ဟုတ်တယ်ဆိုတာကို ပါးစပ်ကနေ ဝန်မခံချင်တာလည်း ပါလိမ့်မည်။
သူမသိနိုင်တဲ့ ခိုက်ရဲ့ပတ်ဝန်းကျင်မှာ ခိုက်က ဘယ်သူတွေနဲ့ ဘယ်လိုပြောဆို ဆက်ဆံနေရတာလဲ။ တကယ်တော့ သူမေ့နေခဲ့တာပဲ။ သူက ခိုက်ချပြထားတဲ့ အတိုင်းအတာလောက်ထိကိုပဲ မြင်ခွင့်ရနေတာ မဟုတ်လား။
“ မင်းတို့ ဘာဖြစ်လာလဲတော့ ငါ မသိဘူး… ငါ အကြံပေးချင်တာကတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းမေးပြီး ဖြေရှင်းလိုက်တာကောင်းတယ်… သံသယဆိုတာမျိုးက ကြာကြာမွေးမြူထားလို့ ကောင်းတဲ့အရာမဟုတ်ဘူးလေ… ကိုယ့်အတွက်ရော တစ်ဖက်သားအတွက်ပါ အကျိုးမရှိဘူး … ငါ ပြောတာကို နားလည်လား… ”
ကိုလင်းမေးလိုက်တော့ သိသိသာသာကို ငြိမ်ကျသွားတဲ့ ဉတုရှားမြတ်ကြောင့် ကိုလင်းလည်း ဘာမှဆက်မပြောတော့ပဲ သူ တစ်ယောက်တည်းနေဖို့ အချိန်ပေးလိုက်သည်။
ညကတကယ်ကို မအိပ်ရသေးတာကြောင့် အိပ်စင်ပေါ်တက်လာပြီး လှဲလိုက်ပြန်သည်။ ဘာပဲဖြစ်ဖြစ် အခုတော့ နားအေးပါးအေးလေး ခဏအိပ်လို့ရလောက်တယ်မလား။
တကယ်ဆို မချိုပါဘူး အချစ်ရာ
ကြာမှ ခါးမှန်းသိနိုင်တဲ့အရာ
အိုလေ.. ဒါပေမဲ့ အခုအခါ
ကိုယ်မှာမချစ်ပဲလည်း မနေနိုင်တာ
အတွေးလေးတောင် မဆုံးလိုက်ခင်မှာပဲ သီချင်းသံပြန်ကြားလာသည်ကြောင့် မျက်နှာပေါ် ခေါင်းအုံးတင်ပြီးသာ အိပ်လိုက်ရတော့သည်။ ဆိုးလိုက်တဲ့ ငါ့ကံကြမ္မာလေး… ပိုးကနှိပ်စက်လိုက်..။ ဉတုရှားမြတ်က ဒုက္ခပေးလိုက်နဲ့ ဘဝက နံပြားလိုသာ ဖြစ်နေတော့သည်။
>>>>>>>>>>
ဆောင်းရာသီက နေဝင်ချိန်စောတာကြောင့် ညနေငါးနာရီလောက်ဆို ရှားတို့ဆေးရုံဝင်းထဲက ပန်းခြံလေးမှာ လူနာတွေ လေကောင်းလေသန့်ရအောင် လူနာစောင့်တွေနဲ့အတူတူ လမ်းလျှောက်သူကလျှောက် ထိုင်ခုံတန်းတွေမှာ ထိုင်သူကထိုင်နဲ့ စည်ကားလို့နေသည်။
ရှားကတော့ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရင်း ထိုင်ပြီးအတွေးများနေသည်။ ပါးစပ်ကလည်း သီချင်းလေး ခပ်တိုးတိုးညည်းရင်းနဲ့ပေါ့…။
အရင်လိုဘဝအစမှာ ပြန်ပြီးနေခွင့်ရတောင်
အပြန်တစ်ရာ မိုက်ဦးမှာ …
အဖန်တစ်ရာ မှားဦးမှာ...
နောက်ဆုံးတော့လေ စဉ်းစားမိတာ
အချစ်မှာ မျက်စိမရှိပါ
ဘယ်အချိန်ကစပြီး ခိုက့်အပေါ် ရှားစိတ်တွေ ယိမ်းယိုင်ခဲ့လဲဆိုတာ ရှားကိုယ်တိုင်လည်း မသိပါ။ သူသိလိုက်တဲ့အချိန်မှာ ခိုက်ကိုသူ့ရင်ထဲမှာ နေရာပေးထားခဲ့ပြီး ဖြစ်နေသည်။
ဒါပေမဲ့လည်း လွန်ဆွဲနေတတ်တဲ့ သူ့စိတ်အခံလေးရယ် ထပ်ပြီးနာကျင်ရမှာကို ကြောက်နေတဲ့ သူ့အသိစိတ်ရယ်ကြောင့် နှလုံးသားကိုတွန်းလှန်ဖို့ သူကြိုးစားခဲ့သေးပါသည်။
သူမသိလိုက်တဲ့အချိန်အတွင်းမှာပဲ ခိုက်ကို သူချစ်မိသွားခဲ့သည်။ အရဲစွန့်ပြီး မေတ္တာကိုတုံ့ပြန်ဖို့ ရည်ရွယ်လိုက်ချိန်မှာ ဒီလိုစိတ်ရှုပ်စရာတွေက ပေါ်လာခဲ့ပြန်သည်။
ရှားရောက်တတ်ရာရာကို တွေးနေရင်း ဖုန်းကိုလည်း ခဏခဏကြည့်မိနေသည်။ မနက်က သူစိတ်ဆိုးသွားမှန်း သိနေရက်နဲ့တောင် ခိုက်က သူ့ဆီ အခုထိစာတစ်စောင်တောင် ပို့ထားခြင်းမရှိ။
အရင်ကလည်း သူတို့နှစ်ယောက်ကြားမှာ စာပို့ဖုန်းဆက်တာက မရှိသလောက် ရှားတယ်ဆိုပေမယ့်လည်း ဒီလိုအခြေအနေမျိုးမှာတော့ ဘာပဲဖြစ်ဖြစ် သူ့ကိုနည်းနည်းလောက် ပိုပြီးဂရုစိုက်ပေးသင့်တယ် မဟုတ်ဘူးလား။
“ လူချင်းတွေ့မှ ငါ့ကို ပလီပလာတွေ လာလုပ်ကြည့်… မင်းကို အသေရိုက်ပစ်မယ… ခိုက်စုတ်ခိုက်ပဲ့..”
ဖုန်းကိုကြည့်ပြီး ပြောနေရင်းမှ ရှားကိုယ့်ကိုပြန်တွေးမိပြီး ရှက်မိသွားသည်။ သူ့ပုံစံက အချစ်ကိုကိုးကွယ်နေတဲ့ ဆယ်ကျော်သက်လေးနဲ့ တူနေသည်မို့ ချက်ချင်းပဲ မျက်နှာကိုတည်လိုက်ပြီး မှုန်တေတေနဲ့သာ အပြင်ဘက်ကိုကြည့်နေတော့သည်။
မညာတမ်းပြောရရင်တော့ ခိုက်ကိုမျှော်နေမိတာပါ။ လာမကြိုနဲ့လို့ ပြောလိုက်တာကလည်း ရှားပဲဖြစ်ပြီး လာကြိုဖို့မျှော်နေတာကလည်း ရှားပဲဖြစ်ရပြန်သည်။ ဒါပေမဲ့လည်း ရှားဆီကို တကယ်တမ်းရောက်လာသူက ခိုက် မဟုတ်ပဲ မပိုးဖြစ်နေသည်။
“ မပိုး… ဘယ်လာတာလဲ… ကိုလင်းဆီလား.. ”
ရှားအပြင်မှာ ထိုင်နေတုန်းမှာပဲ အသားရောင်မြန်မာဝမ်းဆက်နဲ့ လှပပြီးကျော့ရှင်းနေတဲ့ မပိုးက သူ့အနားရောက်လာသည်။ ဒီနေ့က မပိုးရဲ့နားရက်ဖြစ်တာကို ရှားသိသည်မို့ ကိုလင်းဆီလာတာလားလို့ သူမေးလိုက်သည်။ မပိုးက သူ့ဘေးနားဝင်ထိုင်ရင်း ခေါင်းခါပြသည်။
“ မဟုတ်ဘူး… မြတ်ဆီကိုပဲလာတာ…”
“ ကျွန်တော့်ဆီများ တကူးတက လာနေရသေးတယ်.. ပြောစရာရှိရင် ဖုန်းဆက်လိုက်.. ရနေတာကို ”
ရှားပြောလိုက်တော့ မပိုးက တစ်ခုခုကိုပြောရခက်နေတဲ့ ပုံစံမျိုးဖြစ်နေသည်။ အဲ့ဒါကြောင့်ပဲ မပိုးပြောရအဆင်ပြေအောင် သူ လမ်းစဖွင့်ပေးလိုက်သည်။
“ အရေးကြီးကိစ္စမို့လို့လား …”
“ မြတ်… အခု အစ်မပြောမယ့်ဟာကို ပြောရမလား မပြောရဘူးလားဆိုပြီး တစ်နေကုန်စဉ်းစားခဲ့သေးတယ်.. ဒါပေမဲ့ မြတ်လည်းသိထားသင့်တယ်ထင်လို့ …”
“ ဘာကိစ္စမို့လို့လဲ… အစ်မရဲ့… အစ်မပြောတာနဲ့ ကျွန်တော်တောင် နှလုံးခုန်သံတွေများလာပြီ…”
“ အစ်မ မနက်ကလေဆိပ်မှာ တီလေးတို့ကိုသွားကြိုရင်း သတိုးရှန်ခိုက်ကို တွေ့ခဲ့တယ်… သူကတော့ VIP အပေါက်မှာ စောင့်နေတာမို့.. အစ်မကိုမမြင်ဘူး… ”
မပိုးက စကားတစ်ထောင့်နားပြီး ရှေ့ဆက်ပြောဖို့ကို သက်ပြင်းချရင်း အားယူနေသည်။ ရှားမှာတော့ အခုချိန်ထိ အသက်တောင်မရှူနိုင်ပဲ မပိုးစကားကို နားစွင့်နေသည်။
“ သူ ဘာြဖစ်လို့လဲ .. အစ်မ ”
“ သူ ကောင်မလေးတစ်ယောက်ကို လာကြိုတာထင်တယ်… ကောင်မလေးက သူနဲ့တော်တော်ရင်းနှီးပုံရတယ်… လေဆိပ်ကပြန်ထွက်တော့ သူ့လက်မောင်းကို ကောင်မလေးကတွဲပြီးထွက်လာတာ…အစ်မက သေချာလိုက်ကြည့်နေမိလို့တော့ တီလေးတို့ကတောင် သူတို့နှစ်ယောက်ကို သတိထားပြီး တော်တော်လိုက်တယ်လို့ ပြောလာသေးတယ်… အဲ့ကိစ္စကို မြတ် သိပြီးသားလား… ”
မပိုးစကားအဆုံးမှာ ရှားရဲ့နှလုံးသားတစ်ခုလုံး လေဟာနယ်ထဲရောက်သွားသလို လစ်ဟာသွားရသည်။ မနက်ကသူ့ကိုထားခဲ့တာက ဒီအမျိုးသမီးကို လေဆိပ်မှာသွားကြိုဖို့တဲ့လား။ သတိုးရှန်ခိုက်က လက်မောင်းကိုတောင် တွဲခွင့်ပေးတာတဲ့လား။
အဟား… နောက်ဆုံးတော့လည်း သူက လူချမ်းသာတွေကစားတဲ့ အရုပ်တစ်ရုပ်ပဲ ဖြစ်ခဲ့ရပြန်တာလား…။ နှလုံးသားထဲမှာ ဗြောင်ဆန်နေပေမယ့်လည်း မပိုးကို စိတ်မပူစေချင်တာကြောင့် ရှား ညာလိုက်မိသည်။
“ အာ… ဟုတ်… ကျွန်တော်သိတယ်… သူပြောသွားတယ်… ”
“ ဟင်… ဟုတ်လား… အဲ့ဒါဆိုလည်း တော်သေးတာပေါ့… အစ်မ မနက်ကတည်းက တွေးပြီးစိတ်ပူနေတာ… မြတ် သိတယ်ဆိုလို့ တော်ပါသေးရဲ့…ဟူး.. အဟိ.. ကိုလင်း သိရင်အစ်မကို ပြောဦးမှာသိလား… နင်က လူတိုင်းကို သံသယထားနေတယ်ဆိုပြီး .. ဒီကိစ္စ ကိုလင်းကို မပြောနဲ့နော်… ”
“ မပြောပါဘူး … အစ်မရဲ့… ကိုလင်းကိုသွားတွေ့ဦးမှာလား… ကျွန်တော်က ဂျူတီပြီးတော့မှာ.. ကိုလင်းလည်း ပြန်တော့မယ်ထင်တယ်… ”
“ အင်း.. သူနဲ့တူတူပြန်မလို့ … အဲ့ဒါဆို အစ်မသွားနှင့်မယ်နော်… ”
မပိုးကို နှုတ်ဆက်ပြီးတော့ ရှား တိုက်ခန်းကို အမြန်ပြန်လာခဲ့သည်။ ခိုက်အိမ်မှာရှိနေရင် သူတစ်ခါတည်းမေးဖို့ ရည်ရွယ်ထားလိုက်သည်။
သူ့ကို ကစားနေတာဆိုရင်တော့ သေလောက်အောင်ပဲ ချစ်မိနေပါစေ.. သူ့ဘက်က ပြတ်ပြတ်သားသားနဲ့ ထွက်သွားဖို့ တွေးထားပြီးသားဖြစ်သည်။ ဒါပေမဲ့ မသိစိတ်တစ်ဖက်မှာလည်း ခိုက်ကသူ့ကို မဟုတ်ကြောင်း ငြင်းဆိုလာဖို့ သူဆုတောင်းနေမိသည်။
ရှားရဲ့ဆုတောင်းလေးက တိုက်ခန်းမရောက်ခင် အိမ်ရာဝင်းအဝင်မှာကတည်းက မပြည့်လိုက်တော့ပါ။ ခိုက်ရဲ့ကားပေါ်မှာ အနောက်တိုင်းဆန်ဆန် လှနေတဲ့အမျိုးသမီးလေးတစ်ယောက် ပါလာခဲ့သည်။ လမ်းသွယ်လေးကနေ ပြန်တာမို့ လမ်းမကြီးနေ တောက်လျှောက်မောင်းဝင်လာတဲ့ခိုက်က ရှားကိုမမြင်ခဲ့ပါ။
ရှား အပင်ရိပ်ကိုကွယ်ပြီး ခိုက်ကားလေးကို ကြည့်နေမိသည်။ ကားပါကင်မှာ ကားရပ်လိုက်ပြီးတော့ အမျိုးသမီးရှိရာဘက်ကို လျှောက်လာတဲ့ခိုက်က ပျော်နေတဲ့ဟန်မရှိပေမယ့် စိတ်ရှုပ်နေတဲ့ပုံစံလည်း မပေါ်ပါ။
နောက်တော့ ကားပေါ်ကဆင်းလာတဲ့ အမျိုးသမီးလေးက ခိုက်လက်မောင်းကိုတွဲလာပြီး တိုက်ခန်းထဲကို ဝင်လို့သွားသည်။
ရှားပါးပြင်တစ်ဖက်မှ မျက်ရည်စက်တို့ လှိမ့်ဆင်းလာသည်။
(သတိုးရှန်ခိုက် မင်း ငါ့ကို တကယ်ပဲ ဆော့ကစားခဲ့ရုံပဲကို။ မင်းပြောတဲ့စကားတိုင်းကို ငါ ရင်ခုန်ခဲ့ရတာ။ မင်းကတော့ ငါ့ကို လှောင်ရယ်နေမှာပေါ့…)
ရှား ပါးပြင်ထက်က မျက်ရည်ထက်တို့ကို သုတ်လိုက်ပြီး အိမ်ရာဝင်းအပြင်ကို ပြန်ထွက်လာခဲ့သည်။ နာကျင်ရရင်တောင် ရှားတစ်ယောက်ထဲပဲ နာကျင်ကြောင်းသိစေရမည်။ နောက်ထပ်ဘယ်သူ့ရှေ့မှာမှ ပျော့ညံ့တဲ့ပုံကို ပြမှာမဟုတ်တော့ဘူး။ လူတွေက နာကျင်ရမှာကြောက်တဲ့လူကို ပိုပြီးနာကျင်အောင် လုပ်တတ်ကြသည်။
>>>>>>>>>>
Tbc.....
1xonly
(21/9/12)