စိတ်လှုပ်ရှားဖွယ် မနက်ခင်း တစ်ခု။
နွေဦး၏ နွေးထွေးသော လေညင်းတွင် သင်းပျံ့ မွှေးထုံသည့် ပန်းရနံ့များ ရောပါနေသည်။ စင်္ကြံ အုတ်နံရံ၏ မှန်ပြတင်းမှ ဖြတ်လျက် တစ်ဆင့် မြင်ရသော အပြင် ဝန်းကျင်တွင် အဖြူရောင် ပန်းကလေးများ ဝေဆာလျက် ရှိသည်။ မြင်ကွင်း အပြည့် အဖြူရောင် ပွင့်ဖတ်ဥကလေးများ ဖူးငုံပြီး ဆေးအဖြူ သုတ်ထားသည့် သစ်သား ပြတင်းဘောင်ထက် အကိုင်းအခက်တို့ နွယ်ရစ် ပေါက်ရောက်နေပုံက ကဗျာဆန်သော ပန်းချီကား တစ်ချပ် အသွင်ကို ပုံပေါ်စေသည်။
ပန်းခက်ပန်းနွယ်များကြောင့် ကောင်းကင်ကို အပြည့် မမြင်ရသော်လည်း မြင်ရသမျှ နေရာလွတ်မှာ လိမ္မော်ရောင် အလင်းဓာတ် တစ်ခု တောက်လောင်နေသည်။ မိုးပြာရောင် ကောင်းကင်၏ အရှင်သခင် နေသူရိန် မိုးနတ်သား၏ ခမ်းနား ကြီးမြတ်သော ကိုယ်ရောင်ကိုယ်ဝါ အလင်းဓာတ်ပင် ဖြစ်လေသည်။
"ဒါလင် . . ၊ ထိုင်နေပါ့လားဟင်"
ဝေယံ စိတ်လှုပ်ရှားနေသည့် နေသူရိန်မင်းခန့် မျက်နှာကို ကြင်နာစွာ ကြည့်လျက် သတိပေးလိုက်သည်။
"မတ်တတ်ရပ်နေတာက ပို ကောင်းပါတယ်"
နေသူရိန်မင်းခန့်က ပြတင်းဘောင်ကို မှီလျက် ဒီဘက်ကို မျက်နှာချင်းဆိုင် လှည့်ရပ်နေသည်။ လက် နှစ်ဖက်ကို တင်းတင်း ပိုက်ကာ ဦးခေါင်းအား နံရံပေါ် မှီအပ်ထားသော ပုံစံကို ကြည့်ရုံနှင့်တင် စိတ်လှုပ်ရှားမှုကို အတော်လေး ထိန်းချုပ်ထားမှန်း သိသာလှသည်။
"စောင့်ရမယ့် အချိန်တွေက ကြာတယ် မဟုတ်လား၊ တော်ကြာ ခြေထောက်တွေ ညောင်းနေပါဦးမယ်၊ ထိုင်စောင့်လေနော်"
နေသူရိန်မင်းခန့် လက်ခံစွာ သဘောတူသည်။
ထို့နောက် စင်္ကြံလမ်းရှိ ခုံတန်းမှာ ဝင်ထိုင်လိုက်သည်။
ခုံတန်းများက စင်္ကြံ ဘေးတစ်ဖက်တစ်ချက်တွင် မျက်စောင်းထိုး အနေအထားဖြင့် အတန်းလိုက် ရှိနေကြပြီး အုတ်နံရံဖြူဖြူတွင် သံဖြင့် တွဲကပ်ထားသည်။ လမ်း အဆုံး၌ အခန်း တစ်ခန်း ရှိသည်။ ခွဲစိတ်ခန်း ဟူ၍ စာတန်း ကပ်ထားသည်။
"ကျွန်တော်တော့ သားကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး"
"မကြာခင် မြင်ရတော့မှာပါ၊ စိတ်ရှည်ပါ ဒါလင်ရဲ့"
စိတ် တက်ကြွမှုကြောင့်လား။
တိတ်ဆိတ် ငြိမ်သက်မှုကြောင့်လား။
သေချာ မသိပေမယ့် စကားပြောလိုက်သည့်အခါ လှိုဏ်သံ ပေါက်ကာ ပဲ့တင်ထပ်နေ၏။ ဝေယံ စကားကို ခပ်တိုးတိုး ပြောရသည်။ တည်ငြိမ် အေးဆေးသည့် သင်္ကေတကို ကိုယ်စားပြုသည့် အဖြူရောင် နံရံတို့က လူသူ ကင်းမဲ့နေသည့် စင်္ကြံလမ်း၏ တိတ်ဆိတ်မှုကို ပိုမို အရောင် တင်ပေးလျက် ရှိသည်။ အတန်းလိုက် ရှိနေသော ခုံတန်းများက ကလေးသူငယ်တို့ကို ကိုယ်စားပြုသည့် ပန်းနုရောင် ဖြစ်ပြီး တစ်တန်းမှာ ခုံတွဲ ငါးခုံ ပါရှိသည်။
နေသူရိန်မင်းခန့်က လက်ယာဘက် ခုံတန်း တစ်နေရာတွင် ထိုင်နေတာမို့ ဝေယံနှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။ ဝေယံ ဘေးတွင် သမီးဖြစ်သူ နန်းယုဝေ ရှိသည်။ သူမက ဖခင်ဖြစ်သူ၏ လက်ကို တင်းတင်း ဆုပ်လျက် စကား တစ်ခွန်းမှ မပြောဘဲ ထိုင်ခုံမှာ ငြိမ်သက်စွာ ထိုင်နေသည်။ ဆုပ်ကိုင်ထားသော သူမ လက်များက စိတ်လှုပ်ရှားမှုကြောင့် ရေခဲတုံး တစ်တုံးလို အေးစက်နေ၏။
"ဘယ်လောက်တောင် ထပ်ပြီး စောင့်ရဦးမလဲ"
နေသူရိန်မင်းခန့် ထိုင်ရာမှ ထရပ်ပြီး လက်မှ နာရီကို ကြည့်သည်။ ထို့နောက် ခွဲစိတ်ခန်း ရှိရာသို့ လျှောက်သွားသည်။ ခွဲစိတ်ခန်း၏ မှန်တံခါးကို စူးခနဲ တစ်ချက် ကြည့်ပြီးနောက် ဒီဘက်သို့ ပြန်လျှောက်လာသည်။ သို့သော် ခုံတန်းမှာ မထိုင်။ နံရံကို လက်ဖြင့် ထောက်ကာ လေပူ တစ်ချက် မှုတ်ထုတ်ပြီး ဆံပင်ကို သပ်လိုက်သည်။
ထို့နောက် ပြတင်းပေါက် ရှိရာသို့ လျှောက်သွားပြန်သည်။ စောင့်ရသည့် အချိန်တွေ ကြာနေပြီကို လျစ်လျူရှုသည့်အနေဖြင့် ဆေးရုံ ပန်းခြံထဲမှ မြင်ကွင်းကို စိုက်ကြည့်နေသည်။ သို့ရာတွင် စိတ်ဂနာမငြိမ် ဖြစ်နေခြင်းကြောင့် စီးထားသည့် ရှူးဖိနပ်ဖြင့် စင်္ကြံ အုတ်သမံတလင်း ကြမ်းပြင်ကို တတောက်တောက် ခေါက်နေ၏။
"ဒါလင် . ."
ဝေယံ သမီးဖြစ်သူကို ခုံတန်းမှာ တစ်ခဏ ချန်ရစ်လျက် နေသူရိန်မင်းခန့် ရှိရာသို့ လျှောက်သွားလိုက်သည်။
"စိတ်လှုပ်ရှားနေတယ် မဟုတ်လား"
နေမင်းကြီး ပါးပြင်ကို ယုယစွာ အုပ်ကိုင်လျက် တိုးတိုးလေး အားပေးမိသည်။ နေသူရိန်မင်းခန့်က ဝေယံ၏ ခါးကို ဖက်ရင်း ရင်ခွင်ထဲသို့ ကလေး တစ်ယောက်လို ခေါင်း တိုးဝင်လာ၏။
"စိတ်လှုပ်ရှားလွန်းလို့ ရင်ဘတ်ထဲက အသည်းနှလုံးတွေပါ အပြင် ထွက်ကျတော့မယ် ယံရာ"
နေမင်းကြီးသည် အရာရာကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်း ရှိသူ ဖြစ်သော်လည်း ယခုအချိန်တွင် ဖခင် ဖြစ်ရမည်ကို စိတ်လှုပ်ရှားပြီး သွေးသား ဖြစ်သည့် ရင်သွေးလေး၏ မွေးဖွားမှုကို ပူပန်နေသော ခင်ပွန်း တစ်ယောက်ထက် မပို။ ဝေယံနှင့် ပတ်သက်ပါက စိတ်ဂနာမငြိမ် ဖြစ်တတ်တာ နေသူရိန်မင်းခန့်၏ အားနည်းချက်ပဲ ဖြစ်သည်။
ဝေယံ ဘဝတွင် နေမင်းကြီး၏ ကပြက်ကချော် ဖြစ်မှုနှင့် ပေါ့ပေါ့ဆဆ နိုင်ခြင်းကို အဖြေ စပေးသည့် နေ့မှာ ပထမဆုံး အကြိမ် မြင်ခဲ့ရသည်။ ယခုလည်း စိတ်လှုပ်ရှားပြီး အံ့သြ တုန်လှုပ်တတ်သည့် ပုံစံမျိုးကို ထပ်ပြီး မြင်ရပြန်သည်။ နေသူရိန်မင်းခန့်၏ ထိုပုံစံလေးကို ဝေယံ သိပ်ပြီး မြတ်နိုးမိသည်။ ဟန်ဆောင်မှု ကင်းပြီး သူ တစ်ဦးတည်းကြောင့် ဖြစ်တည်လာသော အားနည်းချက်ကလေး။
အရမ်းကို သဘောကျစရာ ကောင်းလွန်း၏။
"စိတ်မပူပါနဲ့၊ အဆင်ပြေမှာပါ"
ဆံစများကို ခပ်သာသာ နမ်းကာ စိတ်ခိုင်သည့် လူ တစ်ယောက်လို မားမားမတ်မတ် ရပ်တည်ပြီး နှစ်သိမ့်ပေးမိသည်။ တကယ်တော့ ဝေယံ ကိုယ်တိုင်လည်း စိတ်လှုပ်ရှားပြီး တုန်လှုပ် စိုးရိမ်နေခဲ့သည်။ ရင်သွေးလေးအတွက် ပူပန်နေသည့် လက်တွဲဖော် ရှေ့မှာ သူ၏ ပျော့ညံ့မှုကိုပါ ထပ်ပြီး ပြသလိုက်ဖို့ မသင့်တော်သည့် တင်းခံမှုကြောင့်သာ စိတ်မာသော လူ တစ်ယောက်လို ပြုမူနေနိုင်ခြင်း ဖြစ်သည်။
"ယံ့နှလုံးခုန်သံတွေ အရမ်း မြန်နေတာပဲ"
နေသူရိန်မင်းခန့် ဝေယံ ရင်ခွင်မှာ ခေါင်း အပ်ထားရာမှ အသာအယာ ခွာလိုက်သည်။
"အဆင်ပြေရဲ့လား ဘေဘီ"
ပခုံး နှစ်ဖက်ကို လက်ဖြင့် ဆုပ်ကိုင်ပြီး စူးစူးရှရှ စိုက်ကြည့်လာသည့် မျက်လုံးများကြောင့် ဝေယံ ရင်တုန်သွားသည်။ ထိုမျက်လုံးများက နှလုံးသား အနက်ရှိုင်းဆုံးအထိ ထိုးဖောက် မြင်နိုင်စွမ်း ရှိတာကို သူ သိထားသည်။ အယောင်အယောင် အမှားမှားဖြင့် လည်တိုင်ကို လက်ညှိုးဖြင့် အသာ ကုတ်ရင်း မရေရာသည့် အဖြေ တစ်ခုကို ပေးမိသွားသည်။
"အွန်း၊ ပြေပါတယ်"
"ယံကတော့လေ . ."
ဝေယံ စကားကို နေသူရိန်မင်းခန့် မယုံ။ သံသယ ရှိသည့် ပုံစံမျိုးဖြင့် မျက်စိ မှေးကြည့်ပြီး ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ထွေးဖက်ထားလိုက်သည်။ ဝေယံ အသက်ရှူ မဝ၍ ရုန်းကန်တာတောင် မလွှတ်ပေးတော့။
"အဆင်ပြေလားလို့ မေးတိုင်း အဆင်ပြေတယ်လို့ အမြဲ ဖြေစရာ မလိုပါဘူး၊ ကျွန်တော် စိတ်ပူအောင် နည်းနည်းပါးပါး ညာလည်း ဖြစ်ပါတယ်၊ ဒါကို သိထား . . ဘေဘီလေး"
နားဖျား အနားကို ကပ်ပြောလာသည့် စကားကြောင့် ဝေယံ ပါးပြင်များ နီရဲကာ ကြက်သီး မွမွ ထသွားတော့သည်။
ထိုအချိန်မှာပဲ ခွဲစိတ်ခန်း တံခါး ပွင့်သွားပြီး အထဲမှ ဒေါက်တာ ဟန်နာရီကို ထွက်လာသည်။ နန်းယုဝေထံမှ အံ့သြတကြီး ရေရွတ်သံကို စကားလုံး မသဲမကွဲ ကြားလိုက်ရသည်။
"ယံ"
အံ့သြ ကြည်နူးသည့် နေသူရိန်မင်းခန့် စကားသံက တိုးတိမ် လှိုက်ခုန်နေသည်။ ဝေယံ ဒေါက်တာ ဟန်နာရီကို ရှိရာသို့ လှည့်ကြည့်လိုက်သည်။ သူမ လက်ထဲမှ ချီယူလာသည့် ဖြူဖြူထွေးထွေး အရာ တစ်ခုကို ရုတ်တရက် မြင်လိုက်ရသည့်အခါ နှလုံးသား တစ်ခုလုံး ဒိန်းခနဲ ဆောင့်ခုန်သွားသည်။ သူ နေမင်းကြီး လက်ကို ကမန်းကတန်း ဆုပ်ကိုင် ဖျစ်ညှစ်မိသွားသည်။
"လာ . ."
နေသူရိန်မင်းခန့် ဝေယံ့ကို ပြုံးပြ ခေါင်းညိတ်လျက် လက်ကို ဆုပ်ကိုင် တွဲခေါ်ကာ ရှေ့သို့ ခြေလှမ်း လှမ်းသည်။ ဒေါက်တာ ဟန်နာရီကို ရှိရာသို့ ဖြည်းဖြည်းချင်း နီးကပ်လာခဲ့သည်။
သူတို့ နှစ်ယောက်စလုံး အချိန်တွေ အကြာကြီး ကြာညောင်းစွာ စောင့်မျှော် တမ်းတခဲ့ရသော သွေးသားလေးသည် ယခုတော့ သူတို့ ရှေ့၌ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိနေခဲ့ပြီ။ သူတို့ ဆက်လက် လုပ်ဆောင်ရမည့် အလုပ်မှာ သွေးသားလေးကို လက်ခံပြီး ပြုစု စောင့်ရှောက်သွားဖို့ပဲ ဖြစ်သည်။
ရင်သွေးလေး၏ မျက်နှာကို ဝေယံ မြင်ချင်လှပြီ ဖြစ်သည်။ သို့သော် အနှီးထုပ်လေးထဲတွင် ရှိနေသည့် မျက်နှာအတွက် သူ အဆင်သင့် ဖြစ်ပြီလား။ သေချာ မသိပါ။ ကလေးလေးသည် ဘယ်သူနှင့်များ တူမှာပါလိမ့်။ နေသူရိန်မင်းခန့်လို မျက်နှာ သွင်ပြင်၊ မျက်ခုံး ကောင်းကောင်း၊ မျက်လုံး လှလှကို ပိုင်ဆိုင်ထားမည်လား။ သို့မဟုတ် နုနယ် ပျော့ညံ့လွယ်သော ဝေယံ့လို စရိုက်လက္ခဏာမျိုးပဲ ဖြစ်နေမည်လား။
နေပါဦး။
ထိုအရာတွေသည် အရေးမကြီး။
ကလေးငယ်ဟာ ကျန်းမာသည့် ရင်သွေးလေး ဖြစ်မှဖြစ်ရဲ့လား။ ခြေလက် အင်္ဂါတို့ စုံလင်စွာ ပါမှပါရဲ့လား။ သဘာဝအတိုင်း မဟုတ်ဘဲ ဖန်ပြွန်သန္ဓေဖြင့် မွေးဖွားထားသည့် သွေးသားလေး ဖြစ်တာကြောင့် သာမန် ကလေးတွေလို ကျန်းမာ သွက်လက် မနေဘဲ ချူချာလွန်းသည့် ရင်သွေးလေး ဖြစ်နေမည်ကို သူ စိုးရိမ်လှသည်။ ထိုပူပန်စိတ်ဖြင့် ဝေယံ တစ်ကိုယ်လုံး ချုပ်နှောင်ခံလိုက်ရသလို တင်းကျပ်သွားကာ အသက်ရှူ မဝတော့သလို ဖြစ်လာသည်။
ဒေါက်တာ ဟန်နာရီကိုက
ရင်သွေးလေးကို ဝေယံ လက်ထဲသို့ ထည့်ပေးသည်။
"ကလေးလေးက ကျန်းမာပြီး ပေါင်ချိန်လည်း ပြည့်တယ်၊ နောက်ပြီး ယောကျာ်းလေးပါ"
ရင်သွေးလေး၏ ခန္ဓာကိုယ်က ဝေယံ ရင်ခွင်ထဲသို့ ယိုင်ကျလာသည်။ ဝေယံ ပြုတ်ကျမသွားအောင် သွေးသားလေးကို ကမန်းကတန်း တင်းတင်းကျပ်ကျပ် ချီယူထားလိုက်မိသည်။
"အဲ . . ဖြည်းဖြည်း"
နေသူရိန်မင်းခန့်က ဝေယံ၏ စိတ်လှုပ်ရှားမှုကို စာနာ နားလည်ဟန်ဖြင့် ရင်သွေးလေးကို လွတ်ကျမသွားအောင် ဝေယံ ချီယူထားသည့် လက်မောင်း အောက်မှ လက် တစ်ဖက် ခံကာ ထိန်းပေးလာသည်။ ထို့နောက် ဝေယံ၏ ပခုံးကို ကျန်လက် တစ်ဖက်ဖြင့် ထွေးဖက်ရင်း လူချင်း နီးကပ်သွားအောင် ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။ နွေးထွေး လုံခြုံသော ရင်ခွင်ရိပ်ကြောင့် စိုးရိမ်စိတ်တို့ ချက်ချင်း ပပျောက်ကာ သက်ပြင်းသဲ့သဲ့ ချမိသွားသည်။
ဒေါက်တာ ဟန်နာရီကိုက ပြုံးလျက် ခွဲစိတ်ခန်းမှ ထွက်လာသော ဆရာဝန်များနှင့် အတူ နေရာမှ ရှောင်ဖယ်သွားသည်။
"သားသားကို ကြည့်ပါဦး"
နေသူရိန်မင်းခန့် စကား အဆုံး ရင်ခွင်ထဲမှ လှုပ်လှုပ်ရွရွ ဖြစ်နေသော သွေးသားလေးကို ဝေယံ ငုံ့မိုး ကြည့်လိုက်မိသည်။ သူ အသက်ရှူဖို့ တစ်ခဏ မေ့သွားသည်။
ကလေးငယ်၏ အသားအရေသည် ထိလိုက်ပါက ကြွေကျသွားနိုင်သည့် အဖိုးတန် ပန်းလေး တစ်ပွင့်လို နူးညံ့ မှုန်ရီကာ ပန်းနုရောင် သန်းနေသည်။ မည်းနက် ညှို့ဆိုင်းသော မျက်ခုံး အောက်က မျက်လုံးတို့ဟာ ပုလဲလုံး တစ်လုံးလို ဝင်းလက် ရွှန်းပလျက် ရှိသည်။ ထိုမျက်လုံးလှလှကို အုပ်မိုးပေးထားသော မျက်တောင်တို့မှာ အဖျားကလေး ညွှန့်စင်းလို့ ထူထူထဲထဲ ကော့ပျံနေသည်။
နေမင်းကြီး၏ မျက်ဝန်းများနှင့် ဆင်ဆင်တူသော မျက်လုံးများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ထိုမျှမက ဖြောင့်စင်းသော နှာတံနှင့် မျက်နှာ သွင်ပြင်ကပါ နေသူရိန်မင်းခန့်နှင့် ခွဲမရအောင် တူလွန်းနေခဲ့သည်။
ဝေယံ ခန္ဓာကိုယ်က ကြည်နူးစိတ်ကြောင့် လေထဲသို့ မြောက်တက်သွားသည်။ နှလုံးသားက တဒိန်းဒိန်း ခုန်နေဆဲ။ နှုတ်ခမ်းများက တစ်စတစ်စ ပြုံးလာခဲ့သည်။ သူ ပြုံးလိုက်သည့်အခါ ရင်ခွင်ထဲမှ သားသားလေးက ဖခင်၏ အပြုံးကို သဘောကျပုံဖြင့် မျက်လုံးဝိုင်းကြီးများ မှိတ်သွားအောင်အထိ ဖြည်းဖြည်းချင်း ပြုံးရယ်၏။
ရွှန်းလဲ့သော အပြုံး နောက်မှာ ရင်သွေးလေး၏ ချယ်ရီရောင် နှုတ်ခမ်းပါးသည် အသည်းပုံ သဏ္ဌာန် ကော့ပျံသွားပြီး ဝင်းပသော ပါး နှစ်ဖက်မှာ ပါးချိုင့်ရာ နှစ်ခု အထင်းသား ပေါ်လာခဲ့သည်။
"သားမှာ ယံနဲ့ တူတဲ့ နှုတ်ခမ်းတွေ ရှိနေတာပဲ"
"အွန်း . . ၊ မင်းနဲ့ တူတဲ့ ပါးချိုင့်တွေလည်း ပါလာတယ်"
ဝေယံ နေသူရိန်မင်းခန့် ရင်ခွင်ထဲ ခေါင်း မှီရင်း ကျေနပ် အားရစိတ် အရင်းခံဖြင့် ဖွင့်ဟ ပြောမိသည်။ နေသူရိန်မင်းခန့်က သားသားလေး၏ ညာဘက် ပါးမို့မို့ကို လက်ညှိုးဖြင့် ဖွဖွထွေးထွေး ထိတို့ရင်း ရယ်မောသည်။ လက်ညှိုးဖြင့် ထိထားသော ပါးပြင်တွင် စံပယ်တင် မှဲ့ကလေး တစ်ခု ထင်ရှားစွာ ထွန်းတောက်နေ၏။
"အာ . . ဘူး ဘူး"
နေမင်းကြီး လက်ညှိုးကို ရင်သွေးလေးက သူ၏ လက်သေးသေးလေးများဖြင့် မမီတမီ ဆုပ်ကိုင်လာသည်။ ထို့နောက် နှုတ်ခမ်းနားအထိ ဆွဲယူရင်း မထိတထိ စုပ်ယူ၏။ လက်ညှိုးကို အားပါးတရ စုပ်ယူနေပုံက ဖွေးဥ နုနယ်သော ပင်လယ် ဖျံပေါက်ကလေး တစ်ကောင် နို့ ဆာနေသလို ချစ်စဖွယ် အတိ။
"ကြည့်ပါဦး၊ သားသားက နို့ ဆာတာတောင် ငိုပြီး မတောင်းဘူး၊ အရမ်း လိမ္မာတာပဲ"
ဝေယံ သဘောကျစွာ ခပ်တိုးတိုး ပြောတော့ နေသူရိန်မင်းခန့် ပြုံးသည်။
"ဒါဖြင့် ဒီချစ်စဖွယ် စိတ်ထားလေးကို ယံ့ဆီက အမွေ ရထားတာပဲ ဖြစ်ရမယ်"
"မဟုတ်ဘဲနဲ့ . . ၊ မြောက်ပြောနေပြန်ပြီ"
ဝေယံ အရှက်သည်းစွာ နေသူရိန်မင်းခန့်ကို မျက်စောင်း ထိုးပစ်လိုက်မိသည်။ နေသူရိန်မင်းခန့်က ထိုမျက်စောင်းကို ကျေကျေနပ်နပ် ခံယူရင်း မျက်လုံးများကို နမ်းရှိုက်လာ၏။ နှလုံးသားထဲအထိ တုန်ယင်သွားအောင် ဆွဲဆောင်နိုင်သော မက်မောစိတ်ကြောင့် ဝေယံ ကိုယ်ကို ကျုံ့ပစ်လိုက်မိသည်။
"ဖေဖေ . ."
နန်းယုက ဝေယံ အင်္ကျီစကို ဗြုန်းခနဲ ဆွဲရင်း အနားသို့ ကပ်ရပ်လာသည်။ သမီးဖြစ်သူကို သူ ခဏ မေ့မိသွားသည်။ ဝေယံ သားသားလေးကို ချီယူထားရင်းမှ နန်းယုကို လျင်မြန်စွာ ငုံ့ကြည့်လိုက်သည်။
"မောင်လေးကို ပြပါဦး၊ ယုလေး ကြည့်ချင်တယ်"
"အို . . ဟုတ်တာပေါ့၊ ယုလေးကို ပြရမှာပေါ့"
ဝေယံ ဒူးထောက် ထိုင်လျက် ရင်ခွင်ထဲမှ သားသားလေး၏ မျက်နှာကို နန်းယု မြင်နိုင်အောင် ကိုယ်ကို ကိုင်း၍ ပြသည်။ နန်းယုက အနှီးစဖြူဖြူကို ဘေးသို့ ဆွဲဖယ်၍ မောင်ဖြစ်သူကို ငုံ့ကြည့်သည်။ အနှီးထုပ်ထဲမှ ရင်သွေးလေးက လက်သီးဆုပ် သေးသေးလေး နှစ်ဖက်ကို ဆုပ်ရင်း စကားတွေ ဝူးဝူးဝါးဝါး ပြောနေသည်။ ဖောင်းကြွနေသော ရင်သွေးလေး၏ ပန်းနုရောင် ပါးကလေးကို နန်းယု လက်ဖြင့် ဖွဖွ ထိကြည့်မိသည်။
"မောင်လေးက အရမ်း လှတာပဲ"
နန်းယုက သားသားလေးကို ငေးစိုက်ကြည့်ရင်း ပြောသည်။ နန်းယု၏ မျက်လုံးများကို ဝေယံ အကဲခတ် ကြည့်မိသည်။ ပျော်ရွှင် ကြည်နူးမှုကြောင့် မျက်ရည် လည်ကာ စိုစွတ်နေသည်။
"ယောကျာ်းလေး တစ်ယောက်ကို လှတယ်လို့ ပြောတာ မသင့်တော်ပေမယ့် မောင်လေးကိုတော့ ပြောချင်တယ်၊ မောင်လေးက အရမ်း လှလွန်းတဲ့ ကောင်လေးပဲ၊ ပန်းချီဆရာ အယောက် တစ်သိန်း ပေါင်းပြီး . . အနှစ် တစ်သန်း ကြာအောင် ဆွဲမယ် ဆိုရင်တောင် . . ယုယုရဲ့ မောင်လေးလောက် လှလွန်းတဲ့ အနုပညာ တစ်ရပ်ကို သူတို့ ဖန်တီးနိုင်မယ် မထင်ဘူး"
နန်းယုက အစ်မကြီး အမူအရာဖြင့် ရင်သွေးလေး၏ ရုပ်ရည်ကို အမှတ် ပေးသည်။ နေသူရိန်မင်းခန့် သမီးဖြစ်သူ၏ မေးစေ့ လုံးလုံးလေးကို လက်ညှိုးနှင့် လက်မ သုံးပြီး ချစ်စနိုး ဆွဲကိုင်ကာ အသာအယာ လှုပ်ယမ်းလိုက်သည်။
"အဲ့ဒီလောက်တောင်လား"
"ဟီး . . ၊ ဟုတ်တယ်"
နန်းယုက ခေါင်း ပုလျက် ပြုံး၏။ သူမ ပြုံးလိုက်သည့်အခါ မျက်လုံးများက ပို၍ ရွှင်မြူးသွားသည်။
"ဖေကြီး . . ဖေကြီး . . ၊ မောင်လေးကို ယုလေး နာမည် ပေးလို့ ရမလား"
နူးညံ့သော မျက်ဝန်းများဖြင့် နန်းယု တောင်းဆိုလာသည်။ ထိုမျက်ဝန်းများ၏ လွှမ်းမိုးမှုကို မငြင်းဆန်နိုင်စွာ သမီးဖြစ်သူ၏ တောင်းဆိုမှုကို နေသူရိန်မင်းခန့် အလွယ်တကူ သဘောတူလိုက်မိသည်။
"ရတာပေါ့"
"ဝေးဟေး . ."
ကျေနပ်စရာ ကောင်းသည့် အဖြေကြောင့် လက်သီးလက်မောင်း တန်း၍ နန်းယု ပျော်ရွှင်စွာ ခုန်ပေါက်လိုက်မိသည်။
သမီးဖြစ်သူ၏ ပျော်ရွှင် မြူးထူးမှုကို ကြည့်ရင်း ရင်ထဲ တစ်နေရာမှ နူးညံ့ ပျော့ပျောင်းသော ခံစားမှု တစ်ခုကို နေသူရိန်မင်းခန့် ခံစားလိုက်ရသည်။ သူ သိသည်။ ရင်သွေးလေးကို သူမ နက်နက်ရှိုင်းရှိုင်း တွယ်ငြိနေပြီ ဖြစ်သည်။ မနာလို ဝန်တိုမှု ကင်းစွာဖြင့် မောင်ဖြစ်သူအပေါ် ချစ်မြတ်နိုးပေးနိုင်သော သမီးဖြစ်သူကို နေသူရိန်မင်းခန့် ကြင်နာစွာ စိုက်ကြည့်နေမိသည်။
"မောင်လေးကို ဖေဖေကြီး နာမည်ရော၊ ဖေဖေ့ နာမည်ရော၊ ယုလေး နာမည်ရော ပါအောင် ပေးရမယ်၊ အွန်း . ."
နန်းယုက မျက်မှောင်ကြုတ်ရင်း စဉ်းစားခန်း ဖွင့်၏။ ကပိုကရို ဝဲကျနေသော ဆံနွယ်များက သူမ နဖူးနှင့် ပါးပြင်ပေါ် နွယ်စင်းကျလျက် ရှိသည်။ ထိုပုံစံလေးက မထင်မှတ်စွာ သူမနှင့် လိုက်ဖက်လွန်းနေ၏။ ခဏအကြာမှာပဲ အဖြေ ရပုံဖြင့် လက်ဖျောက် တစ်ချက်ကို ပိုင်ပိုင်နိုင်နိုင် တီးလိုက်သည်။
"နေ ယံ ဝေ"
ဝေယံက သားသားကို ချော့မြူနေရင်းမှ နန်းယုကို စောင်းငဲ့ ကြည့်သည်။
"မောင်လေးကို နေယံဝေ လို့ ခေါ်မယ်"
နန်းယု အနှီးထုပ်လေးထဲမှ မောင်ဖြစ်သူကို မြတ်မြတ်နိုးနိုး လှမ်းကြည့်သည်။ ထို့နောက် သူမ လက်များဖြင့် ရင်သွေးလေး၏ လက်သေးသေးလေးကို ဖွဖွထွေးထွေး ဆုပ်ကိုင်ပြီး သူမ ပေးထားသည့် နာမည်ကို ကြင်ကြင်နာနာ ရွတ်ဆိုသည်။
"နေယံလေး . ."
နန်းယု လက်က အနည်းငယ် ကြီးမား ကျယ်ပြန့်တာမို့ ရင်သွေးလေး၏ လက်ကလေးတွေက သူမ လက်ထဲမှာ ပျောက်ကွယ်သွားခဲ့သည်။ ကြင်နာသော ချစ်ခြင်းတရားများသည် ဆုပ်ကိုင်ထားသော နန်းယု၏ လက်ချောင်းများမှ တစ်ဆင့် နေယံ၏ လက်ကလေးများထဲသို့ စီးဝင်သွားပုံ ရသည်။
"မမရဲ့ နေယံလေး"
နေမင်း ပေါက်စလေးသည်
ပျော်ရွှင် ကြည်နူးစွာ တခစ်ခစ် ရယ်မောလာခဲ့သည်။
ဆန်းကြယ်စွာပဲ
ထို့နေ့က ဆေးရုံ ဝန်းကျင် တစ်ခွင်
အဖြူရောင် ပန်းကလေးများ ကခုန် ပျော်မြူးနေခဲ့ကြသည်။
~•~ S U N ~•~
8 / September / 2021
6 : 28 PM