ကျွန်တော် မျက်လုံးမှိတ်ထားရင်တောင်မှ မြင်ယောင်မိနေတဲ့ မြင်ကွင်းတွေကြောင့် ကျွန်တော့်ခြေထောက်တွေက ရွေ့လျားကုန်တယ်။ ကျွန်တော် အုတ်လှေကားအတိုင်း တက်လာပြီး လမ်းကြားကျဉ်းလေးထဲ ဖြတ်သွားလိုက်တာနဲ့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပေမဲ့ ခြေထောက်တွေက ပိုမြန်လာတယ်။ ကျွန်တော်လမ်းလျှောက်တာ မြန်လာတာနဲ့ စိတ်လှုပ်ရှားလာပြီး အသက်ရှူနှုန်းကလည်း တိုတောင်းမြန်ဆန်လာတယ်။
ကျွန်တော် တွေ့ပြီ။
ဆေးအနည်းငယ် ကွာနေတဲ့ အပြာရောင်ဂိတ်ပေါက်အဟောင်းလေးကို တွေ့နေရတယ်။ ဂိတ်ပေါက်ဘေးက လမ်းကြားကနေ ဝင်သွားလိုက်ရင်...
"အိုး..."
ကျွန်တော် သတိလက်လွတ်နဲ့ ရပ်လိုက်တယ်။ နေရာမှန်ပေမဲ့ ကျွန်တော်ရှာနေတဲ့ ခေါင်မိုးစိမ်းနဲ့ အိမ်လေးကတော့ မရှိဘူး။
"ထင်တဲ့အတိုင်းပဲ"
အမှန်တရားကို လက်ခံလိုက်ပေမဲ့ စိတ်ပျက်မှုကိုတော့ မကျော်နိုင်ဘူး။ ဂီယွန်းဂျယ်ရဲ့ စံအိမ်ကို အိမ်လို့ခေါ်ဖို့က ခက်ခဲတယ်။ အဲ့ဒီ့နေရာက အချိန်ပြည့် သတိရှိရှိနေရတဲ့ နေရာ။ ဒီခန္ဓာကိုယ်ထဲ မရောက်ခင် ကျွန်တော်နေခဲ့တဲ့ အိမ်လေးက သေးပြီး အိုဟောင်းနေပြီ။ ဒါပေမဲ့ အနည်းဆုံးတော့ စိတ်အေးသက်သာစွာ နေလို့ရတယ်။
ကျွန်တော့် အချိန်ပိုင်းအလုပ်ပြီးတော့ အိမ်ကို နောက်ကျမှ ပြန်ဖြစ်တဲ့ ညနေခင်းတွေဆိုရင် အိမ်ပြန်ရင်းနဲ့ ဆိုင်တစ်ဆိုင်ကနေ ဝယ်လာတဲ့ ဘီယာဘူးလေး သောက်မယ်။ တီဗီကြည့်မယ်။ ဖုန်းဆော့ရင်းနဲ့ အိပ်ပျော်သွားမယ်...။
နောက်တစ်နေ့ကလည်း ပင်ပန်းတဲ့နေ့ပဲ ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒီ့မှာတော့ စိတ်အေးချမ်းတယ်။
စိတ်ပျက်မှုက ကျွန်တော့်တစ်ကိုယ်လုံးကို ဖုံးလွှမ်းနေတယ်။ နံရံကို မတ်တပ်ရပ်ရင်း မှီလိုက်ပြီး တုန်ယင်လာကာ သေဆုံးသွားသလို ခံစားရတယ်။ ကျွန်တော့်ကိုယ်က တဖြည်းဖြည်း အောက်လျှောလာပြီး မှီထားရင်းနဲ့ ထိုင်ချလိုက်တယ်။ ဒီလိုထိုင်လိုက်လို့ ဖုန်တွေပေရင်း ပျက်စီးသွားမဲ့ ဈေးကြီးတဲ့ အဝတ်အစားတွေကိုလည်း ကျွန်တော် ဂရုမစိုက်နိုင်တော့ဘူး။
"ဟား..."
ကျွန်တော့်စိတ်ကို အေးချမ်းစေမဲ့ နေရာမျိုး မရှိဘူး။ အဲ့ဒါက တခြားစီပဲ။ ကျွန်တော့်မှာ ဘာမှမရှိတုန်းက ကျွန်တော့်မှာ စိတ်သက်သာစေတဲ့ နေရာရှိတယ်။ ဒါပေမဲ့ အခုတော့ အရာအားလုံး ရှိလာတဲ့အချိန် ကျွန်တော့်မှာ ဘာမှရှိမနေဘူး။
လူတွေ။ နေရာတွေ။ အရာဝတ္ထုတွေ။ မရှိဘူး။
ကျွန်တော် ဒူးနှစ်ဖက်ကို ပိုက်လိုက်ရင်း ဒူးပေါ် ခေါင်းမှောက်ထားလိုက်တယ်။ ကျွန်တော် မြေကြီးထဲကို ရောက်သွားပြီး ပျောက်ကွယ်သွားလိုက်ချင်တယ်။
"Heh! Heh! Heh!"*
(T/N : အသံဘယ်လို ထွက်ရင် ကောင်းမလဲဆိုတာ စဉ်းစားမရလို့ T T ဟဟဟလား ဟက်ဟက်ဟက်လား ဟာဟာဟာလား ဟဲဟဲတွေကော ဟိဟိတွေကော ဘာမှအဆင်ပြေမနေဘူးဗျာ ಥ‿ಥ)
ရုတ်တရက် အသက်ရှူသံ ပြင်းပြင်းကို ကြားလိုက်ရတယ်။ ပြီးတော့ ကျွန်တော့်လက်ကို ခပ်နွေးနွေးအရာတစ်ခုက လာထိတယ်။ ကျွန်တော် လန့်ပြီး မော့ကြည့်လိုက်တော့ ကျွန်တော့်ရှေ့မှာ အမွှေးလုံးလေး ရှိနေတယ်။
"ဘာ-ဘာကြီးလဲ?"
အသက်ရှူသံပြင်းပြင်းက အမွှေးလုံးလေးဆီက လာတာ။ ကျွန်တော် အနီးကပ် ကြည့်လိုက်တော့ အမွှေးလုံး မဟုတ်ဘူး။
"ဒါက ခွေးလား...?"
"Heh! Heh!"*
(ယူတို့ သိကြမှာပါ။ ခွေးတွေ မောရင်းဖြစ်ဖြစ် ပူရင်ဖြစ်ဖြစ်။ လျှာလေးထုတ် ပါးစပ်လေး ဟပြီး တဟဲဟဲနဲ့ အသက်ပြင်းပြင်း ရှူတာလေဗျာ။ ကျွန်တော် မရေးပြတတ်လို့ တောင်းပန်ပါတယ် T T )
သေချာကြည့်မှပဲ ခွေးမှန်း သိတော့တယ်။ တစ်ကိုယ်လုံးကို အမွှေးရှည်ကြီးတွေနဲ့ ဖုံးထားတယ်။
ခေါင်းနဲ့တူတဲ့အပိုင်းကလည်း အမွှေးတွေနဲ့ ဖုံးနေတယ်။ အဲ့တာကြောင့် လျှာထုတ်တာသာ မမြင်လိုက်ရရင် ခွဲခြားဖို့ ခက်တယ်။
ခြေထောက်တွေကလည်း အမွှေးရှည်တွေနဲ့ ဖုံးနေတဲ့အပြင် အမြှီးကလည်း လက်ချောင်းတစ်ချောင်းစာတောင် မကဘူး။ အမြှီးလား ခေါင်းလား ခွဲခြားရခက်စေတယ်။
"မင်းက တကယ် ထူးဆန်းတာပဲ"
"ဝုတ်!"
ကျွန်တော် ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး ပြောလိုက်တော့ ခွေးက ဒေါသတကြီး ထဟောင်တယ်။ ကျွန်တော် တောင်းပန်တဲ့အနေနဲ့ အမွှေးလေးတွေကို လှမ်းပွတ်လိုက်တယ်။ အမွှေးတွေကြားထဲ ညှိနေတာ တစ်ချက်မရှိပဲ ငြင်ငြင်သာသာလေးပဲ ဖြတ်သွားတယ်။ ကြည့်ရတာ ဒီခွေးက ပိုင်ရှင်ရှိတဲ့ အိမ်မွေးခွေး ဖြစ်မယ်။
"ကွတ်ကီးရေ~"
"ဝုတ်!"
နံရံအနောက်ဖက်ကနေ တစ်စုံတစ်ယောက်ရဲ့ အသံကြားတော့ ခွေးက ဟောင်သံပေးလိုက်တယ်။ သူ့ရဲ့ အမြှီးတိုလေးကလည်း အစောကထက် ပိုလှုပ်နေတယ်။
"ကွတ်ကီး ဘာလို့အပြင်ရောက်... ဘယ်သူလဲ?"
"အာ"
နံရံအနောက်ကနေ ကျွန်တော့်အရွယ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက် ပေါ်လာတယ်။ လက်တစ်ဖက်မှာ ခွေးအစာခွက်တစ်ခွက်ကို ကိုင်ထားတယ်။ သူစိမ်းတစ်ယောက်ရှေ့ ထိုင်ချနေတာ မိသွားတော့ ကျွန်တော် ရှက်လွန်းလို့ မျက်နှာနီလာတယ်။ အဲ့တာကြောင့် အလျင်အမြန် ထလိုက်တော့ ခြေချင်းဝတ်လည်သွားတယ်။
"အို!"
ကျွန်တော် ဟန်ချက်ပျက်ပြီး နောက်ပြန်လဲကျသွားတယ်။ ကျွန်တော် တုံ့ပြန်တဲ့အနေနဲ့ မျက်လုံးမှိတ်လိုက်တဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က ယိုင်လဲသွားတဲ့ ကျွန်တော့်ကို လာမဖက်ခင် တစ်ခုခု သွန်လိုက်တဲ့အသံ ကြားလိုက်ရတယ်။
"ဝုတ်! ဂါး...!"
"အာ..."
"မင်းအဆင်ပြေရဲ့လား?"
ကျွန်တော်မျက်လုံး နည်းနည်းဖွင့်လိုက်တော့ ကောင်လေးက ကျွန်တော့်ကို ထိန်းကိုင်ထားတယ်။ သူကိုင်ထားတဲ့ ခွေးအစာခွက်ကလည်း အထက်အောက် ပြောင်းပြန်ဖြစ်လို့။ အစာတွေကလည်း မြေပြင်ပေါ်မှာ ပြန့်ကျဲနေတော့ ကြည့်ရတာ စောနက တစ်ခုခုသွန်တဲ့အသံက ဒီကပဲ ဖြစ်ရမယ်။
ကွတ်ကီးလို့ ခေါ်တဲ့ခွေးကတော့ သူ့အစာတွေ ဖိတ်ကုန်လို့ ဒေါသထွက်နေသလိုမျိုး ဟောင်နေရင်း ခုန်လို့နေတယ်။
နေပါအုန်း...
ဒါက ထူးထူးဆန်းဆန်း ရင်းနှီးနေသလိုပဲ။ ဒါပေါ့။ ကျွန်တော် ဒီကိုယ်ထဲ မရောက်ခင် သိလာတဲ့ သူတွေတော့ မဟုတ်ဘူး။
ကျွန်တော့်မှတ်ဉာဏ်ထဲ ရေးရေးလေးပဲ မှတ်မိတယ်။ ကောင်လေးနဲ့ ကွတ်ကီးလို့ ခေါ်တဲ့ ခွေးလေး။ ကျွန်တော် ဘယ်မှာ တွေ့ခဲ့တာပါလိမ့်...
"...အာ!"
ရုတ်တရက် မှတ်မိသွားတယ်။
"တတိယအဆင့်ဝတ္ထု!"
"တတိယအဆင့်ဝတ္ထု?"
သူက ဒီတတိယအဆင့်ဝတ္ထုအစုတ်ရဲ့ အဓိကဇာတ်ဆောင်လေ! ကျွန်တော်သူ့ကို မြင်ဖူးပါတယ်လို့ တွေးနေတာ။ အတိအကျကို သူက စာအုပ်အဖုံးမှာ ပါတယ်လေ!
သူကငယ်သေးတော့ တစ်ပုံစံထဲတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့...
ကွတ်ကီး။ ခွေးက အတူတူပဲ။ အရှေ့အနောက်တောင် ခွဲမရတဲ့ အဲ့ဒီ့အမွှေးလုံးကလေ! မဟုတ်ဘူး။ ခွေးတောင် မဟုတ်ဘူး! အဲ့တာက...
မင်းက အခြားတစ်ခုလို ဟန်ဆောင်နေပေမဲ့ တကယ်တမ်း မင်းက မှော်ဝင်သားရဲလေ။
အဲ့ဒါက ဂီယွန်းဂျယ် အဓိကဇာတ်ကောင်ဆီကနေ လုယူချင်တဲ့ မှော်ဝင်သားရဲလေ။ နေအုန်း! အဓိကဇာတ်ဆောင်က ကျွန်တော် နေခဲ့တဲ့နေရာမှာ နေတယ်လား? ဘယ်လိုတောင် တိုက်ခိုက်တာလဲ!
တည်းဖြတ်တဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူချလဲတော့ မသိဘူး။ ဒါပေမဲ့ ဒါက အတိုင်းအတာ တစ်ခုထိကို အံ့ဩဖို့ ကောင်းလွန်းလို့ နှာခေါင်းကနေတောင် အသက်ကောင်းကောင်း မရှူနိုင်တော့ဘူး။ မဟုတ်သေးဘူး။ ကျွန်တော်တို့ ဒီလို တွေ့လို့ရတယ်ပေါ့? ဂီယွန်းဂျယ်နဲ့ အဓိကဇာတ်ကောင်က အဓိကဇာတ်ကောင် သူ့စွမ်းရည်တွေ နိုးထလာမှ တွေ့ရမှာလေ။
"အာ ငါ့ခေါင်း..."
"အာ အဆင်ပြေရဲ့လား?"
တဆစ်ဆစ် ထိုးကိုက်လာတဲ့ ခေါင်းကို ကိုင်လိုက်တော့ အဓိကဇာတ်ကောင်ကြီးက လန့်ပြီး ကျွန်တော့်ကို ပိုတင်းအောင် ဖက်လိုက်သေးတယ်။ သူက အခုမှ အလယ်တန်းကျောင်းသားပဲ ရှိသေးတယ်ဆိုပေမဲ့ ယောင်္ကျားလေးတစ်ယောက်ဆီကနေ ဖက်ခံထားရတာ ကသိကအောက်နိုင်တယ်။ ကျွန်တော်သူ့ကို လွှတ်ပေးဖို့ ပြောဖို့ သူ့ရင်ဘက်ကို တွန်းလိုက်ပေမဲ့ အဓိကဇာတ်ကောင်က မလွှတ်ပေးဘူး။
"အမ် ငါ့ကို လွှတ်ပေးလို့ ရမလား?"
"မင်းအဆင်ပြေလား?"
'မင်းအဆင်ပြေလား...'ဆိုတာ သူဘာကို ဆိုလိုတာလဲ? ကျွန်တော် အဆင်ပြေလားပဲ ဆက်တိုက်မေးနေတဲ့ အဓိကဇာတ်ကောင်ကို ဖြစ်ကတတ်ဆန်းပဲ ခေါင်းငြိမ့်ပြလိုက်တယ်။ အဲ့ကျမှပဲ ကျွန်တော့်ခါးကို ဖက်ထားတဲ့လက်တွေက လွှတ်ပေးတယ်။
ဘာလို့... ကျွန်တော်တို့ ဒီမှာ တွေ့ရတာလဲ? ကံတရားလို့ ယူဆဖို့က မဟုတ်သေးဘူး။ ဒါက အရမ်းညံ့လွန်းတဲ့ တစ်စုံတစ်ယောက် စနောက်မှုနဲ့တောင် တူသေး။ အနာဂတ်မှာ အသက်စွန့်ပြီး အနိုင်ယူကြမဲ့ ဗီလိန်နဲ့ အဓိကဇာတ်ဆောင်က မူရင်းဝတ္ထုအစမှာတင် တွေ့နေရတာ မယုံနိုင်ဘူး။ ကျွန်တော် ကြောင်တောင်တောင် ဖြစ်နေပြီ။
ကဲပါ သူ့ကို ရှောင်ကြစို့ရယ်။
ကျွန်တော်တို့က ရုတ်တရက်ကြီး တွေ့ခဲ့ရတော့ သူ့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။ အဲ့တာကြောင့် အဓိကဇာတ်ကောင် ကျွန်တော့်ကို လွှတ်တာနဲ့ နောက်လှည့်ပြီး ထွက်သွားလိုက်တယ်။
"အယ် ဟေး..."
အဓိကဇာတ်ကောင်က ကျွန်တော့်နောက်ကနေ စကားစပြောလာပေမဲ့ ကျွန်တော် မကြားချင်ယောင်ပဲ ဆောင်လိုက်တယ်။ ကျွန်တော် လမ်းလျှောက်နေတုန်း ကျွန်တော့်ဆီက မဟုတ်တဲ့ ခြေသံကပါ လိုက်လာတယ်။
ကျွန်တော် နောက်လှည့်ကြည့်လိုက်တော့ အဓိကဇာတ်ကောင်က ကျွန်တော့်နောက်ကနေ လိုက်လာတယ်! သူကော။ ကွတ်ကီးယောင်ဆောင်တဲ့ မှော်ဝင်သားရဲကော!*
(ခွေးယောင်ဆောင်တဲ့ မဟုတ်ပဲ ကွတ်ကီးယောင်ဆောင်တာပါ ><)
ဟိုက်...!
ဘာလို့ ကျွန်တော့်နောက် လိုက်နေရတာလဲ? ကျွန်တော် ရှောင်ဖို့ကြိုးစားနေတဲ့ လူတစ်ယောက်က ကျွန်တော့်နောက် လိုက်လာရင် ဘာလုပ်သင့်လဲဟင်? စိတ်မရှည်တော့လို့ အမြန်လျှောက်လိုက်ပေမဲ့ ကျွန်တော်မြန်လေ အဓိကဇာတ်ကောင်ကလည်း မြန်လေပဲ။
ဒီလို မလုပ်နဲ့လေ...
ကျွန်တော် မျက်ရည်ဝဲတက်လာတယ်။ အမြန်လှမ်းနေတဲ့ ခြေလှမ်းတွေက အမြင့်ဆုံးအဆင့်တောင် ရောက်နေပြီ။ မသိလိုက်ခင်မှာပဲ အဓိကဇာတ်ကောင်နဲ့ ကျွန်တော်က မြို့ဟောင်းလေးထဲ ပတ်ပြီး အပြေးပြိုင်တဲ့ အဆင့်ဖြစ်သွားတယ်။ ဆောင်းရာသီ အလယ်ကြီးမှာလေ။
"ဟင်း...! ဟင်း...!"*
(ဟောဟဲ ဟောဟဲပေါ့။ ထမင်းဟင်း မဟုတ်ဘူးလို့မှတ်ဗျာ><)
ဒီ*** ကိုယ်ခံအားကွာ။ အခုတလော ကျွန်တော်စံအိမ်မှာပဲ ကပ်နေလို့လား ဒါမှမဟုတ် ဂီယွန်းဂျယ်ရဲ့ ခန္ဓာကိုယ်က အားနည်းတာလားတော့ မသိဘူး။ ကျွန်တော်တော့ အရမ်း မောနေပြီ။
လမ်းလျှောက်ဖို့က တဖြည်းဖြည်းခက်ခဲလာပြီး ပြေးတမ်းလိုက်တမ်းကလည်း အရှိန်လျော့လာတော့ ကျွန်တော်တို့ ရှုခင်းကောင်းတဲ့ နေရာလေးမှာ ရောက်နေပြီ။
"ဟောဟဲ! ဘာလို့ ဟင်း... ဘာလို့ငါ့နောက် လိုက်လာရတာလဲ?"
ကျွန်တော် ဟောဟဲလိုက်နေတုန်း ကျွန်တော့်နောက် လိုက်နေတဲ့ အဓိကဇာတ်ကောင်ကို မေးလိုက်တယ်။ ကျွန်တော်နဲ့ မတူပဲ အဓိကဇာတ်ကောင်ကျ ပင်ပန်းတဲ့ ပုံတောင် မပေါ်ဘူး။
သေစမ်း... လေ့ကျင့်ခန်းလုပ်ဖို့ လိုနေပြီ...
"ငါက မင်းဒီနားက လမ်းကို မသိလောက်ဘူးလို့ တွေးမိလို့လေ...ဒီလမ်းတွေက... ကြမ်းပြီး အန္တရာယ်များတော့"
ကျွန်တော် စံအိမ်ကို ပြန်ရောက်တာနဲ့ လေ့ကျင့်ခန်းစလုပ်မယ်လို့ ဆုံးဖြတ်နေတုန်း အဓိကဇာတ်ကောင်က ရှက်သွေးဖြာလို့ သူ့ခေါင်းနောက်ကို ကုတ်လိုက်ရင်း အပေါ်က စကားကို ပြောလိုက်တယ်။
ဂီယွန်းဂျယ်သာဆိုရင် ဒီလမ်းတွေ သိမှာ မဟုတ်ပေမဲ့ ကျွန်တော်ကတော့ ဒီနေရာကို ကျွန်တော့် လက်ဖမိုးလိုမျိုးကို သိတာ။ နိဂုံးချုပ်ရရင်တော့ အဓိကဇာတ်ကောင်က ဘယ်လမ်းတွေကြမ်းပြီး ဘယ်နေရာက အန္တရာယ်များတယ်ဆိုတာ သိတယ်ပေါ့။ ဒါပေမဲ့လည်း သူ့ရဲ့ စိတ်ပူပန်မှုက အသုံးဝင်မနေဘူး။
ဘာလို့သူက ကြင်နာတတ်ရတာလဲ?
သူကြင်နာတတ်တာကြောင့် အဓိကဇာတ်ကောင် ဖြစ်လာတာလား? အစကတည်းက ကျွန်တော်သူ့ကို ဟယ်လိုလို့တောင် မပြောပဲ ထွက်သွားတာကိုတောင် သူက ကျွန်တော့်ကို ကူညီနေသေးတယ်။ ကျွန်တော် စိုးရိမ်သွားတယ်။
အခုက သူ့ကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ဆုံးဖြတ်ရမယ် ထင်တယ်။
"အမ် မင်းနာမည် ဘယ်လိုခေါ်လဲ? ငါက ဂျန်အွန်ယောလ်။ အွန်က တရားမျှတခြင်းဆိုတဲ့ အွန်(의)။ သွားက အွန်(이 )မဟုတ်ဘူး။"
"ငါသိတယ်"
"ဟမ်? မင်း ဘယ်လိုသိတာလဲ?"
Oops! မှားပြီ။ ကျွန်တော် အတွေးများနေပြီး သတိမထားမိပဲ ပြောမိသွားပြီ။
ဂျန်အွန်ယောလ်က ဘာဆက်ပြောရမယ် မသိတော့ ပျာယာခတ်သွားတယ်။ သူက အဖြေကို သိချင်ပေမဲ့ ကျွန်တော့်ဖက်က အနေရခက်တဲ့ အနေအထားဖြစ်သွားမှာ စိုးပြီး ထပ်မမေးတော့ဘူး။
သေစမ်းကွာ... သူက လူကောင်းလေးပဲ။ မူရင်းဝတ္ထုမှာဆိုရင် အစပိုင်းမှာ သူက အရမ်း စဉ်းစားပေးတတ်ပြီး သဘောကောင်းတယ်။ အဲ့တာကြောင့် မကြာခဏဆိုသလို သူက အနိုင်ကျင့်လွယ်တဲ့သူဆိုပြီး ကျွန်တော်ကိုယ်တိုင် အပြစ်ပြောဖူးတယ်။
အဲ့ဒီ့စဉ်းစားပေးတတ်တာတွေက ကျွန်တော့်အတွက် ဖြစ်သွားတော့ တစ်မျိုးကြီး ခံစားရတယ်...
ကျွန်တော် သူ့ကို စိုက်ကြည့်လိုက်တော့ ဂျန်အွန်ယောလ်က မျက်နှာကြီး ရဲတက်လာတယ်။ သူက ကျွန်တော့်နာမည်ကို အသံတိုးတိုးလေး ထပ်မေးလာတော့ စိတ်နှစ်ခွ ဖြစ်သွားတယ်။
သူ့ကို ပေးသိလို့ အဆင်ပြေပါ့မလား? ကျွန်တော် ခဏလောက် တွေးကြည့်လိုက်ပေမဲ့ နာမည်ပေးသိရုံနဲ့ မူရင်းဝတ္ထုရဲ့ ဇာတ်အိမ်ကို ကြီးကြီးမားမား သက်ရောက်မှု မရှိဘူးလို့ ယူဆလိုက်တယ်။
"ငါက..."
"ဟေး ဂီယွန်းဂျယ် မင်းသောက်ကျင့်မကောင်းတဲ့အကောင်!"
ကျွန်တော် ပြောမလို့ ပြင်လိုက်တဲ့အချိန်မှာပဲ လမ်းအောက်ဖက်ကနေ တစ်ယောက်ယောက်က အော်ဟစ်လာတယ်။ နှောင့်ယှက်ခံလိုက်ရလို့ ကျွန်တော် လှည့်ကြည့်လိုက်တဲ့အချိန် ဂျန်အွန်ယောလ်ပါ လိုက်ကြည့်လာတယ်။
ဂျောင်ရီဂျွန်းက အပေါ်ကို ပြေးတက်လာရလို့ ဟောဟဲလိုက်နေတော့တယ်။
Part - {11} The End~
September 6, 2021
Translator Notes;
စပရိုက်~ TvT MCနဲ့တွေ့ရှာပါပြီ။ ဆိုတော့ လူစုံပါပြီဗျာ။ ယွန်းဂျယ်တို့ကနော် ဟိုလူနဲ့တွေ့ ဖက်လိုက် ဒီလိုနဲ့တွေ့ ဖက်ခံလိုက်နဲ့ အားကျပါဘိ >< နောက်တစ်ပတ် တနင်္ဂနွကျေရင် တင်ပေးပါမယ်တဲ့ E-Tranက ကျွန်တော်ကောပေါ့ အဟဲ။ ကဲကဲ နောက်အပိုင်းကျရင် ငါးပွင့်မဆိုင်သေးဘူး။ လေးပွင့်ဆိုင်လေးကို ခံစားကြတာပေါ့။ ကျန်းမာရေး ဂရုစိုက်ကြပါ။ လုံခြုံရေးလည်း ဂရုစိုက်ပါ။ ထပ်လောင်းအနေနဲ့ Fallen lordလေးလဲ ဖတ်ပေးကြပါအုန်းလို့ ညကျရင် (ဝါ) မနက်ကျရင် လူလ်စန်တို့ကို နောက်တစ်ပိုင်း တင်ပေးမလို့ပါ။ သူတို့က မျက်နှာငယ်နေတယ်လို့ ပြောနေလို့ အဟိ >< RLလေးတွေထဲ ထည့်ပေးသူတွေကော voteပေးသူတွေကော စာတိုလေးတွေအတွက်ကော ကျေးဇူးတင်ပါတယ်ဗျာ ~
Thanks for reading~
By Ophelia ♡。