🍁Daffodils:အပိုင်း(၂၄)နွေဦးကကိုယ့်ရဲ့ကလေးလေး
ခေမီ့လက်ကို လူရှင်းတဲ့ကော်ရစ်ဒါအထိဆွဲခေါ်လာပြီး သူ အကြမ်းပတမ်းပဲလွှတ်ပေးလိုက်တယ်။
"အား!ဖြေးဖြေးလုပ်ပါ...လက်နာလိုက်တာ"
ခပ်ညည်းညည်းလေး ပြောနေတဲ့ ခေမီ့ကို မိုးပင်လယ် ဂျူတီကုတ်အိတ်ထဲလက်ထည့်ပြီး ခပ်တည်တည်ပဲရပ်ကြည့်နေလိုက်တယ်။တကယ်ဆိုသူဒါ့ထက်ကိုလုပ်ချင်တာ။
ခေမီကသူ့လက်ကောက်ဝတ်ကိုပွတ်ပြီး...
"ခေမီ့ကိုဘာလို့ဆွဲခေါ်လာတာလဲဟင်"
"ကလေးကို သူ့အမေအကြောင်းပြောဖို့ ကိုယ်တို့တော်တော်လေးအရှိန်ယူထားရတာ...ခုတော့မင်းကျေးဇူးနဲ့ကလေးလန့်သွားပြီ"
"ခေမီက သိပြီးသားမှတ်လို့"
တွေ့လား!!တစ်ခုခုဆိုဘာမှမသိတဲ့မျက်နှာပေးနဲ့...
"နောက်ဆို တစ်ခုခုမလုပ်ခင်အရင်စဥ်းစားစမ်းပါ..သူများတွေကိုဒုက္ခပေးမနေပဲနဲ့"
"ခေမီကမသိလို့ပြောလိုက်မိတာပါ..."
"မသိလို့ ဆိုတဲ့စကားကို ကာဗာယူပြီးစိတ်ထဲရှိတဲ့အတိုင်းလုပ်ချင်ရာတွေလုပ်နေတာတွေလဲရပ်လိုက်ပါတော့...စိတ်ပျက်ဖို့ကောင်းနေပြီ"
မိုးပင်လယ်စိတ်တိုတိုနဲ့ မာမာထန်ထန်ပြောပြီး နားနေခန်းကိုပြန်လာလိုက်တယ်။နားနေခန်းရောက်တော့ နွေဦးကိုကြာဖူးရှေ့မှာဒူးထောက်ထိုင်ပြီး မျက်ရည်သုတ်ပေးနေတာတွေ့လိုက်ရလို့သူချစ်စနိုးနဲ့ရပ်ကြည့်နေတုန်း နွေဦးပြောလိုက်တဲ့စကားကြောင့် သူရယ်ရခက် ငိုရခက်ဖြစ်သွားတယ်။
"မငိုနဲ့ကြာဖူးရာ..ဦးကငိုရင်ရိုက်မှာနော်"တဲ့...
နွေဦးစကားဆုံးတာနဲ့ ကြာဖူးက အားကုန်သုံးပြီးငိုချလိုက်တာ ဆေးရုံတစ်ခုလုံးတောင် လန့်သွားလောက်မယ်။နွေဦး လဲ မျက်စိပျက်မျက်နှာပျက်နဲ့ ပျာယာခတ်သွားပြီး နောက်အလှည့်မှာ သူ့ကိုတွေ့သွားတယ်။
နွေဦးက ဝမ်းသာတောက်ပသွားတဲ့မျက်နှာနဲ့...
"လာပါဦး...ကလေးကရုတ်တရက်ကြီးထငိုလို့..အစကအဲ့လောက်မဆိုးဘူးကျွန်တော်ချော့လိုက်တာမှာပိုဆိုးသွားတော့တာပဲ"
နွေဦးကချော့လိုက်တာတဲ့...မိုးပင်လယ်စိတ်ထဲမှာ ကြိတ်ရယ်လိုက်မိတယ်။အပြင်မှာထုတ်မရယ်ရဲဘူး...စိတ်ဆိုးသွားရင် လူကြီးရော ကလေးပါချော့နေရမယ်။သူ့ကိုမြင်တော့ကြာဖူးက အငိုရပ်သွားပြီး သူ့ဆီပြေးလာတယ်။မိုးပင်လယ်ကောက်ချီထားလိုက်ပြီးတဲ့အထိ ကြာဖူးက သူ့လည်တိုင်ကြားမှာ ခေါင်းလေးဝှက်ပြီးရှိုက်နေသေးတယ်။နွေဦးကိုကြည့်လိုက်တော့ နားသယ်စပ်မှာတောင်ချွေးတွေစီးကျနေပြီ။.မိုးပင်လယ် ရယ်ချင်စိတ်ကို မျိုသိပ်ကာ တစ်ရှူးယူပြီး နွေဦးကိုပေးလိုက်တော့ လှမ်းယူရင်း...
"ကျေးဇူးပဲ...ခင်ဗျားသာပေါ်မလာရင် ကျွန်တော် ကလေးကိုထားပြီးထွက်ပြေးမိတော့မှာ"
ဒီတစ်ခါတော့သူ အသံထွက်ပြီးရယ်ချလိုက်တော့တယ်။
"ကလေး အလာ့ဂျစ်ရှိတာလားနွေဦး"
နွေဦးကသက်ပြင်းချပြီး ခပ်ဖွဖွပြုံးကာ...
"ပေါက်ကရတွေစပြီ ခင်ဗျား...ကလေး အလာ့ဂျစ် ဆိုပြီးရှိမလား"
"မသိဘူးလေ...နွေဦးရဲ့ပုံက ချွေးစေးတွေပါပြန်နေတာကိုး"
"ဘယ်လိုချော့ရမလဲမသိလို့ပေါ့ဗျ...ကလေးချော့ဖို့နဲ့ နိုက်ဂျူတီတစ်ညဆို နိုက်ဂျုတီကိုပဲရွေးခဲ့တာ"
"ဟားဟားနွေဦးရယ်ဖြစ်ရမယ်..."
"မရယ်နဲ့!!ကျွန်တော်တကယ်မချော့တတ်တာ"
မရယ်နဲ့ဆိုကာမှမိုးပင်လယ် ရယ်လို့မဆုံးတော့ပဲ..သူ့ပါးကိုလှမ်းဖျစ်ပြီး..
"အေးပေါ့ ကလေး ကလေးချင်းဆိုတော့ ဘယ်ချော့တတ်မှာလဲ...ဟုတ်တယ်မလား...ကလေးလေး!"
နွေဦးလက်ကိုပုတ်ထုတ်လိုက်ကာ နှာခေါင်းရှုံ့ပြီး...
"ဘယ်သူက ကလေးလေးလဲ"
မိုးပင်လယ်က နွေဦးကိုပြန်နှာခေါင်းရှုံပြပြီး ပြုံးကာ နွေဦးနှာခေါင်းထိပ်လေးကိုလက်ညိုးနဲ့ထိရုံလေးထိပြီး...
"နွေဦးလေ...နွေဦးက ကိုယ့်ရဲ့ကလေးလေးပေါ့"
"ဟန့်!!ဖြစ်ရတယ် ....ဖယ်စမ်းပါခင်ဗျားလက်ကြီးကို..ဘာတွေပြောနေမှန်းမသိဘူး..ကလေးရှေ့မှာ"
နွေဦး ပြောပြီးပြီးချင်း မိုးပင်လယ်ကိုကျောခိုင်းလိုက်ပြီး သွားတွေပေါ်တဲ့အထိပြုံးလိုက်မိတယ်။နွေဦးက ကိုယ်တိုင်သာအဲ့လိုလေးတွေမပြောတတ်ပေမဲ့ ကိုယ့်ကိုချစ်စရာတီတီတာတာလေးတွေပြောရင်တော့ ယောင်္ကျားလေးပီပီ နှလုံးပီတိဂွမ်းဆီထိသလို သဘောကျတာပဲလေ။ပြောတဲ့လူကမိုးပင်လယ် ဖြစ်နေတော့ ပိုဆိုးပြီပေါ့။ဒါပေမဲ့ သူ့ရဲ့ကြည်နူးမှုက ကြာဖူးစကားကြောင့်ကြာကြာတောင်မခံလိုက်ရဘူး။
ကြာဖူးက သူ့မျက်နှာကို မိုးပင်လယ်ရဲ့လည်တိုင်မှာဝှက်ထားရာကနေ ထုတ်လာကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ် နှပ်ကိုရှုံ့သွင်းပြီး...
"ဦးဦးပင်လယ်!"
"ဗျာ...ကြာဖူးလေးပြောလေ"
ကြာဖူးက နွေဦးကိုလက်ညိုးထိုးပြီး...
"ဦးဦးနွေက ဦးဦးပင်လယ်ရဲ့ သားလေးလားဟင်!"
နွေဦးနဲ့ မိုးပင်လယ် မျက်လုံးတွေပြူးကျယ်ပြီးတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိတယ်။
သောက်ကျိုးနည်း!!ဘယ်လိုတွေမေးချလိုက်တာလဲ ကြာဖူးရေ...
"ဟမ်!!"
"ဟမ်!!"
သူတို့ပြိုင်တူ "ဟမ်" လုပ်လိုက်လိုက်တော့ ကြာဖူးက မျက်လုံးတောက်တောက်လေးနဲ့ ခေါင်းညိတ်ပြီး...
"ဟုတ်တယ်လေ...ခုနကပဲ ဦးဦးပင်လယ်က ဦးဦးနွေကို နွေဦးက ကိုယ့်ရဲ့ကလေးလေးဆို...မေမေက ကြာဖူးကိုဆို တခါတလေ ကလေးလေးလို့ခေါ်တာ"
သွားပြီ။ကြာဖူးက ကြံကြံဖန်ဖန်တွေသိပ်ပြောတတ်သိပ်မေးတတ်တာ။ပြီးတော့သူလိုချင်တဲ့အဖြေမရမချင်း သူနဲ့သိတဲ့လူမှန်သမျှကိုလဲလိုက်မေးတတ်သေးတာ။အခြားလူတွေကိုသာ အဲ့မေးခွန်းသွားမေးရင်တော့...နွေဦးအသက်တောင်မရှင်ချင်တော့ဘူး။
အဲ့တာတွေအကုန် မိုးပင်လယ်ကြောင့်ပဲ...ကြာဖူးအကြောင်းသူမသိတာလဲမဟုတ်ဘူး။နွေဦး မျက်ရိပ်မျက်ခြည်ပြပြီးကြာဖူးနားလည်အောင်ရှင်းပြခိုင်းလိုက်တယ်။
မိုးပင်လယ်ကတော့သဘောကျနေတဲ့မျက်နှာကြီးနဲ့ ကြာဖူးလေးရဲ့ခေါင်းကိုသူ့လက်ဝါးကြီးနဲ့ဖိလိုက်ပြီး...
"ဦးဦး သားလေးမဟုတ်ပါဘူး ကြာဖူးရဲ့...နွေဦးကဦးဦးရဲ့ ________"
မိုးပင်လယ်က ကြာဖူးနားကိုတိုးတိုးလေးကပ်ပြောလိုက်တော့ကြာဖူးမျက်နှာလေးက ပြုံးခနဲဖြစ်သွားပြီး သူ့ကိုပါမျက်လုံးချိုချိုလေးနဲ့ လှမ်းကြည့်လာတယ်။မိုးပင်လယ်က ပါးဖောင်းဖောင်းလေးကိုရွှတ်ခနဲမွှေးလိုက်ပြီး...
"ကျေနပ်ပြီလား..ကလေးဆိုးလေး!!"
ကြာဖူးက သဘောတကျခေါင်းညိတ်တယ်။ပြီးတော့ မိုးပင်လယ်ချီထားရာနေလှုပ်လှုပ်ရွရွနဲ့ကော့ဆင်းလာကာ နွေဦးလက်ကို လာကိုင်ကာမော့ကြည့်ရင်း...
"ဦးဦးပင်လယ်ကြောင့် ဦးဦးကိုကြာဖူးစိတ်မဆိုးတော့ဘူးနော်...စိတ်မကောင်းဖြစ်မနေနဲ့...ကြာဖူးမေမေ့ဆီသွားလိုက်ဦးမယ်"
ကြာဖူးလေးက ပြောပြီးတာနဲ့ တစ်ခစ်ခစ်ရယ်ပြီး ပြေးထွက်သွားတယ်။ခုနကငိုထားတာကိုတောင်မေ့သွားပြီထင်ပါတယ်။ကြာဖူးဘာပြောသွားလဲဆို နွေဦးနားမလည်ဘူး။သေချာတာတော့ မိုးပင်လယ် တိုးတိုးလေးကပ်ပြောလိုက်တဲ့စကားနဲ့ပတ်သတ်နေမှာပဲ။မိုးပင်လယ်ကတော့ မျက်နှာတစ်ခုလုံး ပြုံးချိုနေပြီး ဂျုီတီကုတ်အိတ်ထဲလက်ထည့်ရင်း...
"ကိုယ်..ကိုထွဋ်ကိုသွားရှာလိုက်ဦးမယ်"
"နေဦး...ဘယ်ကိုရှောင်ထွက်သွားမလို့လဲ...ကြာဖူးကိုဘာပြောလိုက်တာလဲ"
မိုးပင်လယ်က ပြုံးစိစိနဲ့နားသယ်စပ်ကို လက်ညိုးနဲ့ ကုတ်ရင်း...
"ဘာမှမဟုတ်ပါဘူး နွေဦးရဲ့"
"ဘာမှမဟုတ်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး...ပြောပြစမ်းပါ"
"သြော် တကယ် ဘာမှမဟုတ်ပါဘူးဆို...ကိုယ့်ရည်းစားကိုယ်မယုံဘူးလား"
"အင်း...မယုံဘူး!!"
မိုးပင်လယ်က ရယ်လိုက်ရင်း..."အိုခေ..ကိုယ်ပြောပြမယ်..ဒါပေမဲ့နွေဦးစိတ်မဆိုးဖို့ကိုယ့်ကိုကတိပေးရမယ်"
"အိုခေပေးတယ်!ဘာလဲ"
မိုးပင်လယ်က သူ့လက်သန်းကို လှုပ်ပြပြီး..
"ဒီတိုင်းပေးလို့မရဘူး လာလက်သန်းချိတ်!!"
"ကျစ်!ခင်ဗျား ကလေးလား"
"မချိတ်ရင်မပြောပြဘူး"
နွေဦးစိတ်ပေါက်ပေါက်နဲ့ မိုးပင်လယ်ရဲ့လက်သန်းကြီးကို ကုန်းသာကိုက်လိုက်ချင်တယ်။ဆူဆူဆောင့်ဆောင့်နဲ့ပဲ လက်သန်းကိုထုတ် လက်ကိုဆန့်ပေးလိုက်တော့ မိုးပင်လယ်က သူ့လက်သန်းနဲ့လာချိတ်ပြီး...
"ကတိနော်..."
"အေးလို့!ပြောပါတော့ဗျာ"
ပြောခါနီးမိုးပင်လယ်က နှုတ်ခမ်းကိုက်မေးစေ့ကိုလက်ညိုးနဲ့ကုတ်ပြီး..နောက်ကိုခြေနှစ်လမ်းလောက်ဆုတ်လိုက်သေးတယ်။နွေဦးကရှေ့ကိုလိုက်တိုးမယ်လုပ်တော့ လက်ကာပြီး...
"နေနေ! နွေဦးကအဲ့နားမှာပဲနေ!"
နွေဦးစိတ်ထဲမှာ တစ်ခုခုကိုရိပ်မိသလိုလိုဖြစ်လာတယ်။သေချာတယ် မိုးပင်လယ် သူစိတ်ဆိုးနိုင်လောက်တဲ့ပေါက်ကရတစ်ခုခုပြောလိုက်ပြီ။ဒါပေမဲ့ သိချင်စိတ်က ထိန်းမရဘူး..
"ဘာလဲပြောတော့လေ"
"သေချာနားထောင်နော်"
"အင်း!!"
"ကိုယ့်မိန်းမလို့ပြောလိုက်တာ!"
"ဘာ!!ဘာလို့ပြောလိုက်တာ!"
"ကိုယ့်မိန်းမလို့!!နွေဦးကကိုယ့်မိန်းမလို့ပြောလိုက်တာ"
မိုးပင်လယ်ကတော့ ပြောပြီးပြီးချင်းမှာပဲ သုတ်ခနဲလှည့်ပြေးသွားပါပြီ။
"ဘာ!!ခင်ဗျားကိုကျွန်တော်သတ်မယ်...မပြေးနဲ့"
ဘယ်သူကခင်ဗျားမိန်းမလဲ...ဆုတောင်းလေ!!
နွေဦး ကော်ရစ်ဒါမှာပဲ အခဲမကျေဖြစ်ပြီး ကျန်ခဲ့ရတယ်။နွေဦး ခေါင်းကို တောင်ကြည့်မြောက်ကြည့်နဲ့ အကဲခတ်လိုက်ရင်းပတ်ဝန်းကျင်မှာဘယ်သူမှရှိမနေလို့ တော်သေးတယ်လို့တွေးမိတယ်။အဲ့နောက်စိတ်တိုတိုနဲ့ လေကိုမှုတ်ထုတ်ပြီး နားနေခန်းထဲပြန်ဝင်လာခဲ့လိုက်တယ်။
နားနေခန်း ရဲ့အခြားဘက်နံရံမှာ ကပ်ပုန်းနေတဲ့ သဒ္ဒါနဲ့ဖြူနှင်းတို့၂ယောက်ကတော့ တစ်ယောက်ပုခုံးကိုတစ်ယောက်ရိုက်ပြီး...
"ဟဲ့...မိန်းမတဲ့...အား!!ငါသေပါပြီ"
"ဟဲ့တိုးတိုး!..ဟိုတစ်ခါလိုဒေါက်တာခေမီနဲ့တိုးမှ နာနေမယ်..လာသွားမယ်...ညကျမှအဆောင်မှာ ဆက်ကြည်နူးမယ်"
"အေး!!ဟိဟိ!!"
___________________________
နောက်၂ပါတ်လောက်နေတော့ကြာဖူးမေမေရဲ့ ရင်သားအသားစစစ်ဆေးမှု(Breast Biopsy)အဖြေထွက်လာတယ်။Result ကလက်ထဲရောက်မလာသေးပေမဲ့ ဟိုဘက်ဆေးရုံက အရင်ဖုန်းဆက်အကြောင်းကြားပေးတာမို့ resultထွက်ထွက်ချင်းသိရတ။သူဒီကအပူလှမ်းကပ်သမျှကို မညီးမညူလိုက်လုပ်ပေးတဲ့
ခီမို ဌာနက သူငယ်ချင်းမကို နောက်ကြုံမှမုန့်လိုက်ကျွေးရဦးမယ်။
ဒါတောင် သူနဲ့ တအားရင်းနှီးခဲ့တဲ့သူငယ်ချင်းမဟုတ်ဘူး။ဘသိန်းရဲ့ ကိစ္စနဲ့ ဆရာကြီးတွေကို အကူအညီလှမ်းတောင်းတော့ ဆရာတွေညွှန်လိုက်တဲ့ သူက သူ့ရဲ့အထက်တန်းတုန်းကအတန်းဖော်ဖြစ်နေတော့ နွေဦးတော်တော်ကိုပျော်သွားရတာ။
"ဆရာ.."
"သြော် အစ်မရောက်လာပြီလား...လာဝင်လာခဲ့လေ...ကြာဖူးကလာနေကျဖြစ်ပြီး ဘာလို့ မေမေ့ကိုအထဲမခေါ်တာလဲ"
ကြာဖူးမေမေကို Biopsy resultပြောဖို့နွေဦးခေါ်ထားတာ။Resultအဖြေကိုနားထောင်ဖို့အတွက်စိတ်လှုပ်ရှားနေပုံပေါ်လို့ နွေဦး ခပ်ဖွဖွပြုံးလိုက်ရင်း...
"ထိုင် အစ်မ...Resultကတော့ကျွန်တော်တို့လက်ထဲရောက်မလာသေးဘူး...ဒါပေမဲ့ ကျွန်တော် သူငယ်ချင်းကိုလှမ်းမေးထားတာ...ဒီထိResultရောက်ဖို့ဆို တစ်ပါတ်ထက်မနည်းကြာဦးမှာဆိုတော့ ကျွန်တော်ကလဲသတင်းကောင်းကို အကြာကြီးထိန်းမထားချင်လို့"
"အခြေအနေကောင်းရဲ့လားဆရာ"
"အခြေအနေကောင်းပါတယ်...ကင်ဆာမဟုတ်ဘူး...ဒါပေမဲ့ရင်သားအကြိတ်ကခွဲစိတ်ထုတ်ထားပေမဲ့ အချိန်မရွေး ပြန်ထွက်လာနိုင်သလို...သတိမထားမိရင် သူကကင်ဆာဆဲလ်အဖြစ်ပြောင်းသွားပြီး အမြစ်ပြန့်ပွားရင် သားအိမ်ခေါင်းကင်ဆာအထိဖြစ်နိုင်ချေရှိတယ်...အဲ့တော့ အစ်မက အသက်ငယ်သေးတာကြောင့်ကင်ဆာမဟုတ်တာလဲဖြစ်နိုင်သလို ခုချိန်ထိ ကိုယ်ခံအားကနိုင်နေလို့မပေါ်နိုင်သေးတာလဲဖြစ်နိုင်တယ်"
နွေဦးရဲ့စကားဆုံးတော့ ကြာဖူးလေးမေမေရဲ့မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် ညိုမှောင်လာတယ်...
"အဲ့ဒါဆို ကင်ဆာဖြစ်နိုင်ချေရှိသေးတယ်လို့ ဆိုလိုတာလားဆရာ"
"အဲ့လိုတော့လဲ တရားသေပြောလို့မရဘူးဗျ...အစ်မခုလုပ်ရမှာကတော့ စိတ်ကိုအေးအေးထားပြီး ကျန်းမာရေးနဲ့ညီညွတ်တာတွေများများစားပေး...ပြီးတော့ ခုရင်သားခွဲစိတ်ထားလဲ အကြိတ်ကထပ်ထွက်နိုင်တာမို့ ထပ်ထွက်မထွက်ကို အမြဲစမ်းသပ်ပေးပါ...ရိုးရိုးနို့ကြိတ်တွေက စမ်းလိုက်ရင်ပြေးနေပေမဲ့..ကင်ဆာအကြိတ်လိုအကြိတ်မျိုးကျ တစ်နေရာထဲမှာပဲ ရှိနေတတ်တယ်..စမ်းမယ်ဆိုရင် ရင်သားတင်မကပဲရင်သားဘေး၊ဂျိုင်းအောက်တွေကိုပါ လိုက်စမ်းကြည့်ပေးပါ...မကြောက်ပါနဲ့ ...ရင်သားကင်ဆာက မသေနိုင်ပါဘူးဗျ...ပြီးတော့ အစ်မကကင်ဆာမဖြစ်နိုင်သေးပါဘူး"
နွေဦးရဲ့နောက်ဆုံးစကားကျမှ ကြာဖူးမေမေက သက်ပြင်းကိုဟူးခနဲချလိုက်တယ်။နွေဦးသူ့ကိုသတိထားမိအောင်ပြောပြတာတွေအကုန်လုံးက သူ့ကိုပိုကြောက်သွားစေပြီထင်တယ်။
"အစ်မစိတ်ကိုအေးအေးပဲထားပါ...ကင်ဆာဖြစ်မှာလားဆိုတာမျိုးကိုတွေးမထားနဲ့...တွေးပါများရင် တကယ်ကင်ဆာဖြစ်သွားနိုင်တယ်နော်"
"ဟုတ်ကဲ့ပါ ဆရာရယ်...ခုလိုသေသေချာချာရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်"
"ရပါတယ်ဗျ..."
"သြော်ဆရာ..ဘသိန်းရော..နေလို့ကောင်းရဲ့လား"
"ဟုတ်ကဲ့..ဘသိန်းက ခု ခီမို စသွင်းနေပြီ... နှစ်ဝက်လောက်ဒါမှမဟုတ်နှစ်ဝက်ထက်တောင်ပိုကြာမယ်ထင်တယ်"
"သြော်...တစ်ယောက်ထဲလား...ဘသိန်းကကျွန်မတို့ကိုကူညီထားတာရှိဖူးတယ်ဆရာ..ခုသူလိုတော့ ကျွန်မတို့မှာ အဖော်အလှော်လေးလောက်တောာင်လုပ်မပေးနိုင်ဘူးဖြစ်နေတယ်"
အင်းသံဝဲဝဲနဲ့ ကြာဖူးမေမေကတော့ သူ့အတွက်သူအပြင် ဘသိန်းတွက်ပါပူပင်ပြီး စိတ်ညစ်နေပြန်တယ်။သူတို့အချင်းချင်းထားကြတဲ့ သံယောဇဥ်လေးတွေကိုမြင်နေရလို့နွေဦးသဘောတကျပြုံးမိတယ်။
"အစ်မစိတ်မပူနဲ့..ဘသိန်းရဲ့မြေးလေး ရှိတယ်..ကံကောင်းချင်တော့ ဘသိန်း ရန်ကုန်ရောက်ပြီးနောက်ရက်ပဲသူလဲ မြန်မာပြည်ပြန်ရောက်တယ်...သင်္ဘောသားဆိုတော့ သူ့အဘိုးနားမှာကြာကြာမနေဖူးလို့ ဒီတစ်ခါတော့ ကြာကြာနေမယ်ပြောတယ်...စိတ်ပူမနေတော့နဲ့"
ကြာဖူးမေမေက သက်ပြင်းချပြီး...
"တော်သေးတာပေါ့ ဆရာရယ်...သြော်ဆရာ ကျွန်မ အလုပ်ပြန်လုပ်လို့ရပြီမလား...နောက်နှစ်ပါတ်ဆို သီတင်းကျွတ်ဆိုတော့အင်းလေးပြန်ဖြစ်မှာ..ဆရာတို့လာလည်ပါလား"
"ဟုတ်ကဲ့ကျွန်တော် လာလည်ဖြစ်ရင်အကြောင်းကြားပါမယ်..အလုပ်ကတော့လုပ်လို့ရပါတယ်..လေးတာတွေတော့မ မ'နဲ့ဦး"
"ဟုတ်ကဲ့..ကျွန်မကိုခွင့်ပြုပါဦး"
"ဟုတ်ကဲ့ပါ"
ကြာဖူးမေမေထွက်သွားတော့မှ စားပွဲပေါ်တင်ထားတဲ့ ပြက္ခဒိန်ကိုကြည့်လိုက်မိတယ်။ဟုတ်ပါရဲ့..သတင်းကျွတ်တော့မှာပဲ...
သူနဲ့မိုးပင်လယ်နဲ့တွဲတာတောင် ၃လပြည့်တော့မယ်။အချိန်တွေကုန်တာမြန်လိုက်တာ!!မိုးပင်လယ်နဲ့အတူ အင်းလေးကသီတင်းကျွတ်ကိုတော့အတူတူဆင်နွှဲချင်သား။
သူတို့အတူတူပထမဆုံးဆင်နွှဲဖြစ်မဲ့ သီတင်းကျွတ်ကတော့ အရမ်းပျော်ဖို့ကောင်းနေမှာပဲ...ဒါပေမဲ့ဆေးရုံက ထားခဲ့လို့ရပါ့မလား!!ဆေးရုံအတွက်စိတ်ပူပြီး ဘဝမှာပထမဆုံးအကြိမ် အဖြစ်ဆရာဝန်လုပ်ရတာ နွေဦးစိတ်ပျက်သွားရတယ်။အင်းလေးကိုမိုးပင်လယ်နဲ့အတူအမှန်တကယ်သွားလည်ချင်တယ်။
________