一个钢镚儿(A lucky coin)
အပိုင်း၇
ထိုနေ့က ယမ့်ဟန် ဖုန်းကိုင်လျက် လျှောက်လာခဲ့ကာ ဖုန်းအား သစ်ပင်အောက်တွင် ချထားခဲ့သည့်အချိန်က ချူးယိသည် သူ(ယမ့်ဟန်)live လွှင့်နေသည်ကို ခန့်မှန်းမိခဲ့သော်လည်း ယမ့်ဟန်၏ live က ဒီလေါက်တောင်ပျင်းဖို့ကြောင်းနေသည်ကိုတော့ ဒီနေ့မှသာ သိသွားခဲ့သည်။
ထို့အပြင် live လွှင့်ချင်လာလျှင် ချက်ချင်း လွှင့်လိုက်ပြီး ၊ ပိတ်ချင်လာလျှင်တော့ ဘာမပြောညာမပြောနှင့် ချက်ချင်း ပိတ်တတ်သည်။
မျက်နှာလည်း မပြပေ။မျက်နှာပြရမည့် အချိန်ဆိုလျှင် mask တပ်ထားတတ်သည်။
ကြည့်တဲ့လူ မရှိတာ မထူးဆန်းပေ။
အကယ်၍ ယမ့်ဟန်သာ မျက်နှာပြလိုက်ပါက သေချာပေါက် ဆွဲဆောင်နိုင်ကာ ချူးယိ၏ ဘေးခုံက မိန်းကလေးလိုမျိုး လက်ဆောင်အများအပြား ရရှိနိုင်သည်......သို့သော်လည်း ချူးယိကတော့ ဒီလို ပျင်းစရာကောင်းသည့် live လွှင့်မှုကို အလွန် သဘောကျလှသည်။
"မတူကွဲပြားသည့် ဘဝ" လိုမျိုး ခံစားချက်အား သူခံစားမိလိုက်သည်။သာမန်အတိုင်း စကားပြောဆိုကာ ပျင်းရိဖွယ်ကောင်းသော်လည်း မိမိနှင့် မတူပေ။
အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
သူ live အား အကြိမ်အတော်များများ မကြည့်ဘူးပေ။
သူ၏ သက်တမ်းကြာနေပြီဖြစ်သည့် ဖုန်းမှာ ဤကဲ့သို့ live လွှင့်ခြင်းအား ကြည့်လို့မရပေ။သူ ဝင်ကြည့်သည့် အခါတိုင်း လိုင်းဆွဲအားက 2G ပဲ ရှိတာကြောင့် ရပ်သွားတတ်ပြီး battery အားကလည်း မခံပေ။
ဒီနေ့ ယမ့်ဟန် live လွှင့်နေသည်အား သူဆက်ကြည့်ချင်သော်လည်း အချိန်မလောက်တော့ပေ။သူက ဆီဝယ်ရန် ထွက်လာခြင်း ဖြစ်သည်။
အမေက supermarket ကနေ ဆီမဝယ်ပဲ စျေးထဲရှိ စည်ပိုင်းထဲမှ ချိန်ရောင်းသည့် ဆီကိုသာ ဝယ်တတ်သည်။စျေးချိုသောကြောင့်ပင်။
စျေးက တော်တော်ဝေးတာကြောင့် အချိန်များများ ရလေသည်။သို့သော် သူက ဘောပင်ရှာနေကာ ၊ ယမ့်ဟန်နှင့်လည်း အချိန်အတော်ကြာသွားတာကြောင့် ၊ အခု စျေးကို ပြေးမသွားလျှင် ပေးထားသည့် အချိန်ထက် ပိုကြာသွားတော့မည်ပင်။
အမေက သူ့ကို မရိုက်လောက်သော်လည်း ၊ သူ့အား မျက်နှာမသာမယာဖြင့် ဆူပူနေမည်ကိုတော့ သူတကယ်ရင်မဆိုင်ချင်ပေ။
"ဆီဝယ်မလို့?"
ယမ့်ဟန်က သူ့ကို ကြည့်လာကာ
"ဘယ် supermarket မှာမဆို ရှိတယ်မလား?"
"စျေးကြီးလို့"
ချူးယိက ပြန်ဖြေလိုက်သည်။
"စျေးထိ သွားဝယ်ရမှာလား?"
ယမ့်ဟန်က မေးလိုက်သည်။
ချူးယိက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုလည်း သွားလေ"
ယမ့်ဟန်က နာရီကို ကြည့်လိုက်ကာ ပြောလာသည်။
ချူးယိက မတ်တပ်ထရပ်လိုက်သည်။စကားနှစ်ခွန်းလောက် ပြောချင်သော်လည်း အတန်ကြာအောင် ယမ့်ဟန်အား စိုက်ကြည့်နေမိကာ ပြောစရာ စကားတစ်ခွန်းမှ ရှာမတွေ့ပေ။
"ဟင်?"
ချူးယိက သူ့အား စ်ိုက်ကြည့်နေတာကြောင့် ယမ့်ဟန်မှာ အထူးအဆန်း ဖြစ်သွားကာ
"မြစ်ကမ်းစပ်ထဲမှာ ဘောပင်နောက်တစ်ချောင်း ရှိသေးတယ်လို့တော့ ငါ့ကို မပြောနဲ့နော်"
"မရှ်ိပါဘူး"
ချူးယ်ိက ရယ်လိုက်ပြီး လှည့်ကာ ပြေးထွက်သွားခဲ့သည်။
ထိုဘောပင်က အရင်က အန်တီလေး သူ့ကို ပေးထားသည့် ဘောပင်ကလေးဖြစ်ပြီး သူ မသုံးရဲခဲ့ပေ။အမေက ရေပေးဝေရေးရုံးမှ ထိပ်ချွန်ဘောပင်များ အမြဲတမ်းယူလာခဲ့ရာ အပြာရောင် ၊ အနီရောင် ၊ အမဲရောင် စသဖြင့် အရောင်စုံရှိပြီး သူလည်း ထိုဘောပင်တွေထဲက ယူသုံး၍ ရသည်။
ထိုဘောပင်အား သူတစ်ချိန်လုံး သိမ်းထားခဲ့ပြီး ၊ ယမ့်ဟန်အား ကျေးဇူးတင်သည့်အနေဖြင့် ပေးရန် မတွေးမိပါက သူထိုဘောပင်ကို သတိပင် ရမည်မဟုတ်လောက်ပေ။ဟိုဖုန်း(အန်တီလေးပေးထားတဲ့ဖုန်း)ကိုလည်း နောက်ကျရင် သူမေ့သွားကောင်း မေ့သွားနိုင်သည်ပင်။
မပိုင်ဆိုင်နိုင်သည့် အရာကို မေ့ပစ်လိုက်ခြင်းက အကောင်းဆုံးပင်။မဟုတ်ပါက သတိရမိတ်ိုင်း စိတ်မကောင်းဖြစ်နေရလိမ့်မည်။ဤသည်မှာ သူ၏ ကိုယ်တွေ့ အတွေ့အကြုံဖြစ်သည်။
ချူးယိသည် လမ်းတစ်လျှောက်လုံး အလျင်အမြန်ပြေးလာခဲ့သည်။ပုံမှန်ဆိုလျှင်် ဤကဲ့သို့ အဆောတလျင် ပြေးလာရတာကြောင့် အရမ်းပင်ပမ်းနေမည်ဖြစ်သော်လည်း ယခု သူပြေးနေရသည်မှာ သိပ်မဝေးဘူးဟု ခံစားနေရသည်။
ဘောပင်လေးကို ပေးလိုက်နိုင်သွားတာကြောင့် ဖြစ်နိုင်သည်။
ချူးယိတွင် လက်ဆောင်ပေးဖို့ အခွင့်အရေး မရှိခဲ့ပေ။အတန်းဖော်များက မွေးနေ့တွေ ဘာတွေရှိလည်း သူ့ကို မဖိတ်ကြပေ။အမေ့ကိုတော့.........လက်ဆောင်ပေးဖူးသည်။
မူလတန်းတက်နေချိန်က သူ့မုန်းဖို့တွေကိုအတော်ကြာအောင် စုထားပြီး ၊ ဖျော်ရည်စက္ကူဗူးများအား ကောက်၍ ရောင်းကာ ၊ ပိုက်ဆံများကို ထပ်ပေါင်း၍ အမေ့အတွက် မာဖလာလေး ဝယ်ပေးခဲ့ဖူးသည်။အမေ့ကို နည်းနည်းလေးဖြစ်ဖြစ် ပျော်သွားစေချင်လို့ပင်။
အန်တီလေးက သူ့အား လက်ဆောင်ပေးလာသည့် အချိန်တိုင်း သူအမြဲ ပျော်ရွှင်ရသလိုမျ်ိုးပင်။
သို့သော် အမေက မပျော်ခဲ့ပေ။
နောက်ဆုံးမှာတော့ အဖွားက မာဖလာကို ပြန်သိမ်းလိုက်ပြီး သူ့အား ဆိုင်တွင် ပြန်အပ်ခိုင်းလိုက်ပြီး ပြန်ရသည့် ပိုက်ဆံများဖြင့် အဖွားက ဆေးလိပ်ဝယ်ခဲ့သည်။အိမ်ပြန်ရောက်သည့် အချိန်တွင် ပိုက်ဆံပြန်မပေးတာကြောင့် အမေနှင့် အဖွားက စကားများကြသည်။
ထိုအချိန်မှစ၍ သူ ဘယ်သူ့က်ိုမှ လက်ဆောင်ပေးဖို့ ထပ်မစဥ်းစားခဲ့တော့ပေ။
ဒီတစ်ကြိမ် ယမ့်ဟန်အား လက်ဆောင်ပေးရန်အတွက် သူအတော်ကြာအောင် စိတ်ဆုံးဖြတ်ခဲ့ရသည်။
လီဇီဟောင်က ဘောပင်အား လွှင့်ပစ်လိုက်ရာ ချူးယ်ိသည် ရွှံ့များအမှိုက်များထဲ၌ ပြန်ရှာခဲ့ရသည်။ဤသည်က သူ့အနေနှင့် ပြောရလျှင် ဘာမှ ပြဿနာမရှိပေ။သူ တစ်လျှောက်လုံး စိုးရိမ်နေမိသည်က ယမ့်ဟန်မလိုချင်မှာကိုပင်။
သို့သော် ယမ့်ဟန်က လက်ခံခဲ့လေသည်။ထို့အပြင် ဘောပင်အား အနံ့များ နံစော်နေသည့် ရွှံ့တွေထဲမှ သူ့မျက်စိရှေ့မှာတင် ကောက်ယူလိုက်ကာ ဆေးပင်မဆေးရသေးပဲ တစ်သျှူးဆွဲထုတ်ကာ သုတ်လိုက်သေးသည်။
ချူးယိက ပြုံးလိုက်သည်။
ယမ့်ဟန်က လူကောင်းတစ်ယောက်ပင်။
စျေးတွင် အမေမှာလိုက်သည့် ဆီအား ဝယ်လိုက်ပြီးနောက် ချူးယိက အိမ်သို့ ပြန်ပြေးလာခဲ့သည်။
ယမ့်ဟန်၏ တိုက်ခန်းအိမ်ရာနားမှ ဖြတ်ပြေးလာချိန်တွင် သူတစ်ချက် လှမ်းကြည့်လိုက်သေးသည်။ယမ့်ဟန်တို့အိမ်၏ ဧည့်ခန်းပြတင်းပေါက်မှာ လမ်းဘက်မျက်နှာမူလျက် ရှိသည်။အလယ်တွင် ပန်းပျိုးခင်းတစ်ခုနှင့် သစ်ပင်သုံးပင် ခြားနေသည်။သို့သော် ပြတင်းပေါက်လိုက်ကာက ချထားလေသည်။
ယမ့်ဟန် အိမ်ပြန်မရောက်သေးပုံ ရသည်။
ချူးယိက အရှိန်လျှော့ချလိုက်သည်။ဆီက အလွန်လေးပြီး တစ်လမ်းလုံး ပြေးလာခဲ့ရတာကြောင့် နည်းနည်း ပင်ပမ်းနေသည်။
အမေက သူ့အား ဖုန်းဆက်၍ လောဆော်လာခြင်း မရှိသေးတာကြောင့် ပေးထားသည့် အချိန် မကုန်သေးဘူးဟု သက်သေပြနေသည်.......သို့သော် လမ်းခွဲသို့လှည့်ဝင်လိုက်ချိန်တွင် မိမိတို့၏ တိုက်ခန်းအား မြင်ရလာသည့် အချိန်၌ အမေသူ့ကို ဘာကြောင့် ဖုန်းမဆက်သည်ကို သူသိလိုက်ရသည်။
ဂရုမစိုက်နိုင်သေးတာ ဖြစ်လောက်သည်။
အဝေးကနေပင် အဖွား၏ အသံကို ကြားနေရသည်။
ဒေါသတကြီးဖြင့် ဆဲဆိုနေလေသည်။ရှင်းရှင်းလင်းလင်းတော့ မကြားရပေ။သို့သော် ချူးယိက စဥ်းစားမနေတော့ပဲ ထွက်လာခဲ့တော့သည်။
လူတစ်ကိုယ်လုံးက တခဏလေးအတွင်းမှာပင်အသက်မရှုနိုင်တော့သလိုမျိုး ခံစားလိုက်ရကာ ခြေလှမ်းကလည်း နှေးသထက် နှေးလာခဲ့သည်။
သူ တံတိုင်းအောက်ခြေအား လက်ဖြင့်ထောက်၍ ဖြေးဖြေးချင်း လျှောက်နေမိပြီး စိတ်ထဲတွင် မြန်မြန် ဆဲလို့ ပြီးသွားပါစေ ၊ မြန်မြန် ပြီးသွားပါစေ ၊ လှေကားအောက်ဆုံးကို မရောက်သေးခင် ပြီးသွားပါစေဟု ဆက်တိုက် ဆုတောင်းနေမိသည်။
သို့သော် သစ်ခေါင်းပေါက်တွင် မျက်နှာအပ်ကာ ပြောခဲ့သည့် လိုအင်ဆန္ဒလေးများက တစ်ခါမှ လက်တွေ့မဖြစ်ခဲ့ဖူးသလိုပင် သူ့စိတ်ထဲရှိ ဆုတောင်းကလည်း တစ်ခါမှ မပြည့်ခဲ့ပေ။
ထို့အပြင် ဒီနေ့ ရန်ဖြစ်နေသည့် နေရာက သူရောက်နေသည့် နေရာနှင့် မီတာတစ်ထောင့်ရှစ်ရာလောက် ဝေးနေသည်။
အဖွားက လှေကားအောက်မှာ မဟုတ်ပဲ လမ်းဘေးမှာရှ်ိနေခြင်းဖြစ်သည်။
အပေါ်ထက် အင်္ကျီအား ချွတ်ထားပြီးခါးတွင် ပတ်ထားကာ ၊ ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီးက သူမ၏ ဝင်းဝင်းတောက်နေသည့် မျက်နှာအား မြင်နေကြရသည်။
ချူးယိက ရပ်လိုက်ပြီး တံတိုင်းကို မှီချလိုက်သည်။
သို့သော် အခြားလူများ၏ အမြင်မှ မပုန်းကွယ်နိုင်ပေ။
"ချူးယိ!"
လူတစ်ယောက်က ရယ်၍ သူ့နာမည်အား အော်ခေါ်လိုက်ပြီး
"မင်း မင်းအဖွားကို အိမ်ပြန်ဖို့ သွားမခေါ်သေးဘူးလား!"
"နည်းနည်း ထပ်ကြာသွားရင် သူမရဲ့ ဘောင်းဘီလည်း ကျွတ်ကျသွားတော့မယ်!"
နောက်လူတစ်ယောက်ကလည်း ရယ်ရင်း ပြောလာသည်။
ချူးယိက ခေါင်းငုံ့နေပြီး အသံမထွက်ပေ။
ဒီနေ့ အဖွားက ဘာကိစ္စထပ်ဖြစ်ပြန်ကာ ၊ ဘယ်သူနှင့် အခုလိုမျိုး ရန်ဖြစ်နေသည်ကို သူမသိပေ။သူသိတာက အခုလိုမျိုး မြင်ကွင်းက အိမ်နီးချင်းအတော်များများ၏ အမြင်တွင် လအတော်ကြာသည်အထိ ပြောဆိုနေကြတော့မည့် ဟာသပြက်လုံးတစ်ခုဖြစ်ကြောင်းကိုပင်။
လူအားလုံးက သူ့အဖွားမှာ အချိန်မရွေးနေရာမရွေး အင်္ကျီချွတ်၍ ရန်ဖြစ်တတ်သည့် အပေါက်ဆိုးဆိုး မိန်းမကြီးဖြစ်ကြောင်း သိထားကြပြီးသားပင်။
ထိုအချိန်မရွေးနေရာမရွေး ဆိုသည်မှာ သူတို့၏ကျောင်းလည်း အပါအဝင် ဖြစ်သည်။
**************
ယမ့်ဟန်တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်ချိန်တွင် အဖေက မေးလာသည်။ :
"ဘာအနံ့ကြီးလဲ?"
"..........ရနေသေးတာလား?"
ယမ့်ဟန်က ခြေထောက်ကိုမြှောက်၍ ဖိနပ်အောက်က်ို ကြည့်လိုက်သည်။
"ရသေးတယ်"
အဖေက ပြောသည်။
"မင်း နွားချေးတွင်းထဲမှာ ရန်ဖြစ်လာခဲ့တာလား?"
"ခဏနေ ထမင်းစားတော့မှာ ၊ စားချင်စိတ်ပျက်အောင် မလုပ်ပါနဲ့"
ယမ့်ဟန်က ဖိနပ်ကို ချွတ်လိုက်ပြီး တံခါးဘေးရှိအမှိုက်ပုန်းဘေးတွင် ချလိုက်သည်။အဖိုးတစ်ယောက်က တစ်ရက်ကို နှစ်ခါ အမှိုက်ထဲလာမွှေတတ်သည်ကို သူတွေ့ထားသည်။
"အလုပ်လုပ်နေတဲ့လူကတော့ လွတ်လွတ်လပ်လပ်ပဲ"
အဖေက ပြောလာသည်။
"ကျွန်တော် အလုပ်ပြုတ်သွားပြီ"
ယမ့်ဟန်က မီးဖိုခန်းထဲဝင်၍ လက်ဆေးလိုက်ပြီး ၊ ပြန်ထွက်လာခဲ့ချိန်တွင် အိတ်ကပ်ထဲရှ်ိ ဘောပင်အား စမ်းမိသွားတာကြောင့် တခဏလောက် ချီတုံချတုံဖြစ်သွားကာ နှာခေါင်းနားကပ်၍ နမ်းကြည့်လိုက်ပြီး ၊ ပြန်လှည့်ဝင်သွား၍ ဘောပင်ကို နှစ်ခါလောက် ဆေးလိုက်သည်။
"တစ်ရက်ပဲ လုပ်ရသေးတာဆိုတော့ ပိုက်ဆံမရခဲ့ဘူး မဟုတ်လား?"
အဖေက သူအလုပ်ပြုတ်လာရသည့် အကြောင်းအရင်းကို မမေးပေ။
"ရခဲ့ရင် အဖေယူမလို့လား ၊ ခေါက်ဆွဲတစ်ပွဲတောင် စားဖို့ မလောက်ဘူး"
ယမ့်ဟန်က ထိုင်ချလိုက်ပြီး လက်ထဲရှိဘောပင်အား ခေါင်းငုံ့၍ ကြည့်နေသည်။
ဘောပင်က ငွေရောင်ဘောပင်ဖြစ်သည်။ဒီဇိုင်းက အလွန်ဒိတ်အောက်နေပုံ ပေါ်သော်လည်း အတော်လေး ကောင်းလှသည်။
ဘောပင်တစ်ချောင်းအား ယမ့်ဟန်က သိပ်စိတ်ဝင်စားမှု မရှ်ိပေ။သူ ဘောပင်သုံးသည့်အချိန်က များများစားစား မရှိချေ။နောက်ဆုံးသုံးခဲ့သည့် အချိန်မှာ မူလတန်းတက်တုန်းကပင်။ပုံမှန်အချိန်ဆိုပါက သူ ခဲတံသုံးရသည်ကို နှစ်သက်သည်။
သို့သော် လက်ဆောင်တစ်ခုအနေနှင့် ဆိုလျှင်တော့ ခံစားချက်က မတူတော့ပေ။
"ဘာကစားစရာလဲ?"
အဖေက မေးလာသည်။
"ကြည့်လိုက်တာနဲ့ ဒါက ဘာလဲဆိုတာ အဖေမသိဘူးလား?"
ယမ့်ဟန်က ဘောပင်ကိုကိုင်၍ အဖေ့ဘက်ကို ယမ်းပြလိုက်သည်။
"ကြည့်တာနဲ့ သိပေမယ့် ကိုယ့်မျက်လုံးကိုယ် မယုံရဲလို့လေ"
အဖေက ဆေးလိပ်သောက်ရင်း ပြောလာသည်။
"သူများက ပေးလိုက်တာ"
ယမ့်ဟန်က ပြောလိုက်သည်။
"ပေးလိုက်တာ?"
အဖေက အနည်းငယ် အံ့သြသွားပြီး
"မင်းပြောပြတဲ့ ဟိုကောင်လေးလား?"
"အင်း" ယမ့်ဟန်က ခေါင်းညိတ်ပြလိုက်ပြီး
"နေ့လည် ဘာစားချင်လဲ?"
"ပီဇာ"
အဖေက ပြန်ဖြေလာသည်။
ယမ့်ဟန်က အဖေ့ကို တစ်တစ်ချက်ကြည့်လိုက်သည်။
"ငါကြည့်လိုက်တော့ မီးဖိုခန်းထဲက ဟို ကင်တဲ့စက်က သုံးလို့ရသေးတယ် ၊ အဆာပလာတွေ ဝယ်ထားပြီးပြီ"
အဖေက ရေခဲသေတ္တာအား လက်ညှ်ိုးထိုးပြလာပြီး
"အစကတော့ မင်းကို ညစာလုပ်ခိုင်းမလို့ပဲ ၊ ရုတ်တရက်ကြီး မင်းက အလုပ်ပြုတ်လာတာ ဆ်ိုတော့ နေ့လည်စာ လုပ်စားကြတာပေါ့"
ယမ့်ဟန်က ထရပ်လိုက်ပြီး ရေခဲသေတ္တာအား ဖွင့်ကြည့်လိုက်ရာ ပေါင်မုန့်သား ၊ ချိစ် နှင့် ဆော့ အပြည့်အစုံ ရှိနေသည်။
"ကောင်းပြီလေ"
ယမ့်ဟန်က ပြောလိုက်သည်။
"ကျွန်တော် ပန်းငရုတ်သီးစိမ်း နဲ့ ဝက်ဆားနယ်ခြောက်တွေ ဘာတွေ ထွက်ဝယ်လိုက်ဦးမယ်"
"ဝိုင်နီပုလင်းလဲ ဝယ်ခဲ့"
အဖေက ဖြည့်ပြောလိုက်သည်။
"ကျွန်တော် အလုပ်ပြုတ်သွားတာကို ဂုဏ်ပြုတာပေါ့ ဟုတ်လား"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်း သူငယ်ချင်းတစ်ယောက် ရလာလို့ ဂုဏ်ပြုတာ ၊ လက်ဆောင်တောင် ရလာသေးတယ်လေ"
အဖေက ပျော်ရွှင်စွာ ပြောလာသည်။
ယန့်ဟမ်က ဘာမှပြန်မပြောတော့ပဲ တံခါးကိုဖွင့်၍ ထွက်ခဲ့တော့သည်။
လက်ဆောင် ရလာတယ်။
သူငယ်ချင်း?
ချူးယိကလား?
ယမ့်ဟန်အတွက်တော့ သူငယ်ချင်းဆိုသည့် ဝေါဟာရမှာ အလွန်ရှုပ်ထွေးလှသည်။ဘယ်လို ဆက်ဆံရေး ၊ ဘယ်လောက်နက်နဲသည့် အဆင့်ရောက်မှ သူငယ်ချင်းဟု သတ်မှတ်၍ ရသည်ဆိုသည်အား သူ သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိပေ။
သို့သော် ချူးယိကတော့ သူငယ်ချင်းဟု သတ်မှတ်၍ မရလောက်ပေ။
စကားတောင် ဆယ်ခွန်းပြည့်အောင် မပြောဖူးပေ ၊ သူငယ်ချင်းဆိုသည်မှာ အနည်းဆုံးတော့ စကားပြောဆိုနိုင်ရမည်ပင် ၊ သူ့အား ချုးယိနှင့် တစ်နေကုန် စကားပြောခိုင်းပါက စိတ်ညစ်လွန်းလို့ သေသွားနိုင်လောက်သည်။
အိမ်မှထွက်၍ ဘယ်ဘက်ကွေ့ခဲ့ပြီး လျှောက်လိုက်လျှင် လူများစည်ကားနေသည့် စူပါမားကတ်တစ်ခု ရှိသည်။ယမ့်ဟန်သည် ဒီရက်ပိုင်းအတွင်း ထိုစူပါမားကတ်ကနေသာ ဟင်းများဝယ်ယူနေသည်။အစုံအလင် ရှိပြီး စျေးလည်းမကြီးပေ။ဒီအနီးအနားတွင် နေထိုင်ကြသူများက ထိုစူပါမားကတ်ကနေပဲ ဟင်းများဝယ်ယူကြတာကြောင့် ကြည့်ရသည်မှာ အိမ်အားလုံး၏ ဝင်ငွေက သိပ်ကွာကြပုံမပေါ်ပေ။ယမ့်ဟန်သည် ချူးယိအမေက ချူးယိအား အရွက်စျေးသို့သွားကာ ဆီဝယ်ခိုင်းသည့် အပြုအမူကို တကယ်နားမလည်နိုင်ပေ။
ချူးယိက အလွန်စကားနားထောင်လေသည်။စျေးသို့ ပြေးသွားပြီး ဆီဘူးကြီးအားသယ်ရသည်။
အတော်ကြီးသည့် ဆီဘူးကြီးပင်။
ယမ့်ဟန်က စူပါမားကတ်အဝင်ဝတွင် ရပ်လိုက်ပြီး သူရှိရာဘက်သို့ လျှောက်လာနေသည့် ချူးယိနှင့် ချူးယိလက်ထဲရှိဆီဘူးကြီးအား ကြည့်လိုက်သည်။ဆီဘူးက ရေသန့်ဘူးလောက် ကြီးလှသည်ပင်။
သို့သော် ချူးယိ အခုလာနေသည့်ဘက်က သူအိမ်ပြန်သည့်လမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
ယမ့်ဟန်က မလှုပ်ပဲ ချူးယိခေါင်းငုံ့၍ ဖြည်းဖြည်းချင်းလာနေသည်ကို ကြည့်နေလိုက်သည်။စိတ်အခြေအနေ သိပ်ကောင်းပုံ မရပေ။ပုံမှန် အနိုင်ကျင့်ခံရသည့်အချိန်တွင် ဘာအမူအရာမှမပြသော်လည်း ၊ အခုတော့ မျက်မှောင်က ကြုံ့နေလေသည်။
ချူးယိက သူ့ကိုမမြင်ပဲ ခေါင်းငုံ့ထားပြီး အရှေ့ကိုသာ ဆက်လျှောက်နေသည်။ယမ့်ဟန်ဘေးနားက ဖြတ်သွားချိန်တွင် ယမ့်ဟန်က မနေနိုင်တော့ပဲ ချူးယိခေါင်းအား ပုတ်လိုက်ကာ :
"ဟေး"
ချူးယိက ခေါင်းလှည့်ကြည့်လာသည်။
"မင်း အိမ်မပြန်ဘူးလား?"
ယမ့်ဟန်ကမေးလိုက်သည်။
"အရင်ဆုံး လမ်း,လမ်းလျှောက်မလို့"
ချူးယိက ပြန်ဖြေလာသည်။
"ဆီဘူးကြီး သယ်ပြီး လမ်းလျှောက်မလို့?"
ယမ့်ဟန်က မေးလိုက်သည်။
"အင်း"
ချူးယိက ခေါင်းညိတ်ပြလာပြီး
"ခန္ဓာကိုယ် တောင့်,တောင့်အောင်လို့"
ယမ့်ဟန်မှာ တစ်ခါတစ်လေ သိပ်နားမလည်ပေ။ချူးယိသည် အခုလိုမျိုး စိတ်ဓာတ်ကျနေမှန်း သိသာလှသည့် အခြေအနေတွင်ပင် ဘယ်လိုစိတ်ဖြင့် စကားများနေနိုင်သေးသည်ဆိုသည်ကိုပင်။
"အရှေ့မှာ မင်းကိုတားတဲ့လူ ရှိနေတာ မဟုတ်လား?"
ယမ့်ဟန်က မေးလိုက်သည်။
"မဟုတ်ဘူး"
ချူးယိက ခေါင်းယမ်းပြလာပြီး
"အားလပ်ရက်ဆို သူတို့ နား,နားတယ်"
"ဒါဆိုလည်း မင်းလမ်းဆက်လျှောက်လေ"
ယမ့်ဟန်က ဘာဆက်ပြောရမည် မသိတာကြောင့် စူပါမားကတ်ထဲ လှည့်ဝင်လာခဲ့သည်။
စူပါမားကတ်ထဲတွင် လူတွေက မနည်းမနောပင်။ယမ့်ဟန်က လူအုပ်ကြီးထဲမှနေ၍ ပန်းငရုတ်သီးစိမ်းအချို့ကို ဆွဲယူလိုက်ပြီး ရေညှိထုပ်ကို ထပ်ဆွဲယူလိုက်သည်။
ရေခဲသေတ္တာရှိသည့်ဘက်သို့သွား၍ ဝက်ပေါင်ခြောက်ရှာရန် ပြင်လိုက်သည့် အချိန်တွင် ချူးယိက ရှစ်ရာဂရမ်လောက်လေးသည့် ဆီဘူးကြီးအား မထားလျက် သူ့နောက်တွင် ရပ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
"Fuck"
ယမ့်ဟန်က အလန့်တကြား ထခုန်လိုက်မိပြီး
"မင်းဘာလုပ်နေတာလဲ?"
"လမ်းလျှောက်နေတာ"
ချူးယိက ပြန်ဖြေလာသည်။
"မင်း အဲ့ဘူးကြီးမလာပြီး ဝင်လာလို့ ရလို့လား?"
ယမ့်ဟန်က ချူးယိလက်ထဲရှိ ဆီဘူးအား ကြည့်လိုက်ပြီး
"ဒီမှါလဲ ဆီရှိတယ် ၊ ခဏနေကျရင် မင်းကို ပေးမသွားပဲ နေမယ်"
"ငါ့ဟာက တံ,တံဆိပ်မပါဘူး"
ချူးယိက ဆီဘူးအား လှည့်ပြလိုက်ရာ ဘူးပေါ်တွင် ဘာတံဆိပ်မှ မပါပေ။
"ဘာမှမဖြစ်ဘူး"
ယမ့်ဟန်က သက်ပြင်းချလိုက်ပြီး ဘေးနားရှိစျေးတွန်းလှည်းအား လှမ်းဆွဲယူလိုက်ကာ :
"ခြင်းထဲ ထည့်ထားလိုက် ၊ သယ်ထားတာကို ကြည့်ရတာ ငါတောင်ပင်ပမ်းလာတယ်"
ချူးယိက ဆီဘူးအား တွန်းလှည်းထဲထည့်လိုက်ပြီး ၊ လှည်းအားတွန်းလျက် ယမ့်ဟန်နှင့် မနီးမဝေးလောက်ကနေ ဆက်လိုက်လာနေသည်။
ဝိုင်နီတစ်ပုလင်း ယူလိုက်ပြီးနောက်တွင် ယမ့်ဟန်က ဝက်ပေါင်ခြောက် ဆက်ရှာလိုက်သည်။ဝက်ပေါင်ခြောက် ကုန်သွားလျှင် ယမ့်ဟန်က ဝက်အူချောင်း ၊ ဝက်အူချောင်းနီနှင့် အမွှေးအုပ်ထားသည့် အသား တစ်မျိုးမျိုးအား ဝယ်၍ အစားထိုးရန် စဥ်းစားလိုက်သည်။
ချူးယိက တစ်ခုခုတွေ့ကြုံလာခဲ့သည်မှာ သေချာလေသည်။သို့သော် ယမ့်ဟန်မှာ မေးမြန်းတတ်သည့် အကျင့် မရှိတာကြောင့် နှစ်ခုလောက်မေး၍ မပြောပြလျှင် သူဆက်မမေးတော့ပေ။အကယ်၍ အဖေသာဖြစ်နေပါက သူတစ်ခွန်းပင် မမေးလောက်ပေ။
ပစ္စည်းများဝယ်၍ ထွက်လာခဲ့ချိန်တွင် ယမ့်ဟန်က ချူးယိအား တစ်ချက်ကြည့်လိုက်ရာ ချူးယိက ဆီဘူးအားသယ်ထားပြီး အိမ်ပြန်ရန် အတွေးရှိပုံမရပေ။သူ့နောက်ကိုလည်း ဆင်လိုက်မလာတော့ပဲ သူ့ဘာသာ အရှေ့ကို ဆင်လျှောက်သွားခဲ့သည်။
"ချူးယိ"
ယမ့်ဟန်က လှမ်းခေါ်လိုက်သည်။
ချူးယိက လှည့်ကြည့်လာသည်။
"ထမင်းမစားရသေးဘူး မလား?"
ယမ့်ဟန်က ရောက်တက်ရာရာ တစ်ခုလောက် မေးလိုက်သည်။
"ခဏနေကျမှ ဆီ,ဆီသောက်လိုက်မယ်"
ချူးယိက ပြန်ဖြေလာသည်။
"ငါ့အိမ်မှာ သွားသောက်ရအောင်"
ယမ့်ဟန်က ပြောလိုက်သည်။
"မင်းကို ဖန်ခွက်ရှာပေးမယ်"
"ရ,ရလို့လား?"
ချူးယိက မေးလာသည်။
ယမ့်ဟန်သည် ချုးယိက တစ်ချို့အပိုင်းတွင် အလွန်ရိုးသားကြောင်း တွေ့ရှိသွားသည်။ယခုလို မျက်စိအောက်ရှိနေသည့် အချိန်မျိုးတွင် သူက တစ်ခါတောင်မှ မငြင်းတော့ပေ။
အတော်လေး ကောင်းသည်ပင်။
အဖေက သူအရွက်တစ်ခုသွားဝယ်ပြီး ပြန်လာချိန်တွင် ဆီဘူးသယ်ထားသည့် လူတစ်ယောက်ကိုပါ ခေါ်လာတာကြောင့် အတော်လေး အံ့သြသွားခဲ့သည်။
"ချူးယိ"
ယမ့်ဟန်က မိတ်ဆက်ပေးလိုက်ပြီး
"ကျွန်တော့်ကို ဘောပင်လက်ဆောင်ပေးတဲ့ ကလေးလေ ၊ ကျွန်တော် သူ့ကို ထမင်းစားဖို့ ခေါ်လာတာ"
"ကြိုဆိုပါတယ် ကြိုဆိုပါတယ် ၊ ဦးလေးက ယမ့်ကျီတောက်ရဲ့ အဖေ ယမ့်ရှူးပါ"
အဖေက တရင်းတနှီးဖြင့် ချူးယိဆီ လက်ဆန့်ထုတ်ပေးလိုက်ကာ
"အရမ်းအားနာနေတာပဲ ဆီ.......တောင် ယူလာတယ်"
ချူးယိက ချီတုံချတုံ ဖြစ်သွားကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး :
"ဦးလေး ၊ မင်္ဂလာပါ"
"ဆီက သူ့အိမ်ကို ပြန်ယူသွားဖို့ ဝယ်လာတာ"
ယမ့်ဟန်က ပြောလိုက်သည်။
"ချူးယိ ၊ လာကူပေးဦး"
အမှန်တော့ ဘာမှ ကူညီပေးစရာ မလိုပေ။ယမ့်ဟန်က ယမ့်ရှူးဦးလေး၏ ပေါက်ကရစကားပြောနေခြင်းက ချူးယိအား စိတ်မသက်မသာ ဖြစ်သွားမှာ စိုးသောကြောင့်ပင်။
"ဟုတ်"
ချူးယိက ဆီဘူးအား ချက်ချင်းချလိုက်ပြီး စလစ်ပါဖိနပ် လဲစီးလိုက်ကာ ကြမ်းပြင်ပေါ်တွင် မညီမညာဖြစ်နေသည့် ဖိနပ်အချို့အား နေရာတကျ စီပေးလိုက်သည်။
ယမ့်ဟန်က အဖေ့ကို တစ်ချက်လှမ်းကြည့်လိုက်ရာ အဖေကလည်း သူ့ကိုကြည့်နေလေသည်။ချူးယိ၏ ထိုသို့ပြုလုပ်ပေးမှု(ဖိနပ်စီတာ)က အဖေ့အား အတော်လေး အံ့သြသွားစေသည်မှာ အသိအသာပင်။
"Live လွှင့်ကြတာပေါ့"
ယမ့်ဟန်က ဖုန်းကိုထုတ်ယူလိုက်ပြီး ကောင်တာပေါ်တင်လိုက်ကာ mask တပ်လိုက်သည်။
"ကြည့်,ကြည့်တဲ့သူ ရှိလား?"
ချူးယိက မေးလာသည်။
"ဒီ frame ကို မကျော်ပါဘူး ၊ ဟုတ်ပြီလား?"
ယမ့်ဟန်က ချူးယိကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ကျော်ပါတယ်"
ချူးယိက ချက်ချင်း ပြန်ပြောလာသည်။
ယမ့်ဟန်က ချူးယိကို ရှင်းပြမနေတော့ပဲ ဖုန်းကို နေရာညှိလိုက်ပြီး ကောင်တာပေါ်ရှိ ပါဝင်ပစ္စည်းများကို ချိန်လိုက်သည်။
ချူးယိက ယမ့်ဟန်၏ လက်ကို ကြည့်နေလေသည်။
live ဝင်ကြည့်သည့်သူ ရှိလာပြီးနောက် screen ပေါ်တွင် လက်လက်လက်လက်လက် ဟူ၍ comment တစ်သီကြီး အဆက်မပြတ် တက်လာနေသည်။
ယမ့်ဟန်၏ လက်က တကယ်ကို လှလွန်းသည်ပင်။အထူးသဖြင့်ကတော့ လှုပ်ရှားနေသည့် အချိန်၌ဖြစ်သည်။
ပန်းငရုတ်သီးစိမ်းအား ဆေးလိုက်ပြီး ကြက်ဥချောင်းနီအိတ်အား ဖွင့်လိုက်ကာ ဓားကိုယူလိုက်သည်.......
ချူးယိက ဟမ့်ဟန်၏ လက်ကိုသာမက ယမ့်ဟန်၏ ဓားကိုင်စွမ်းရည်ကိုပါ ကြည့်နေရင်း အတွေးထဲမျောပါသွားခဲ့သည်။
ပန်းငရုတ်သီးစိမ်းအား ကျွမ်းကျင်စွာဖြင့် တောက်တောက်စင်းလိုက်ပြီး ၊ ကြက်ဥချောင်းနီကိုပါ ထပ်လှီးလိုက်သည်။လှုပ်ရှားမှု တစ်ခုချင်းစီတ်ိုင်းက သဘာဝကျကျ လျင်မြန်နေပြီး ၊ မလိုအပ်ပဲ တုန့်ဆိုင်းသွားတာမျိုးအလျင်လိုနေတာမျိုး တစ်စက်ကလေးမှ မရှိပေ။
screen ပေါ်တွင် comment တက်လာသံများက ပို၍ ဆူညံလာရာ ချူးယိက တစ်ချက်လှမ်းကြည့်လိုက်သည်။
-ရှောင်ထျန်းကောကော အဲ့လောက် ရက်ရက်စက် လုပ်စရာ မလိုပါဘူး ၊ အဆင့် နဲ့ အဓိကအချက်ကို ပြောပြပါဦး
-တိတ်တိတ်လေး ထမင်းချက်တဲ့ အစီအစဥ်ပဲ
-မပြောမဆို Live ကို ရပ်လိုက်တတ်တဲ့ အစီအစဥ်ပါ
-တစ်ခြားလူရှိသေးတာကို ငါမြင်လိုက်သလားလို့?
-ငါလည်း မြင်လိုက်တယ်
-လူရှိတယ်
ချူးယိက အလောတကြီး နောင်ပြန်ဆုတ်လိုက်သည်။
ယမ့်ဟန်က ချူးယိအား တစ်ချက်လှမ်းကြည့်လိုက်ပြီး ဖုန်းကိုလှမ်းယူလိုက်ကာ ကင်မရာအား ချူးယိဘက် လှည့်ချိန်လိုက်ပြီး :
"မင်းတ်ို့မြင်လိုက်တာ သူပဲ"
-ရွှိုက်ကောလေး
-အံ့သြစရာပဲ အတူတူ ထမင်းချက်နေကြတယ်! ! ! !
-ငါ ရုတ်တရက်ကြီး မသင့်တော်တဲ့ အတွေးတွေ ဝင်လာတယ်••••••••
ချူးယိက ကြောင်အအ ဖြစ်နေသည့် မျက်နှာအား ထိန်းညှိနေသည်ကိုပင် မစောင့်တော့ပဲ ယမ့်ဟန်က ဖုန်းကို နေရာပြန်ချလိုက်ကာ အဆာပလာများကို ဆက်လုပ်နေလိုက်ပြီး :
"ငါ့ကို မုန့်ဖုတ်တဲ့ လင်ဗန်းယူပေး"
ချူးယိက အလျင်အမြန်ပင် ဘေးနားက မုန့်ဖုတ်လင်ဗန်းအား ယူ၍ပေးလိုက်သည်။
"ဒီလိုမျိုး တစ်ဝက်လောက် အသင့်လုပ်ထားပြီးသား ပီဇာက ဘာမှသိပ်လုပ်ဖို့ မလိုတော့ဘူး"
ယမ့်ဟန်က ပြောလိုက်သည်။
"စားချင်တဲ့ဟာလေးတွေကို လှီးဖြတ်ပြီး အပေါ်မှာ ထည့်လိုက်ရုံပဲ ၊ ချိစ် နည်းနည်းလောက် အုပ်ပြီး ဖုတ်လိုက်ရင် ရသွားပြီ"
ယမ့်ဟန်က ပြောပြီးသည်နှင့် မုန့်ဖုတ်လင်ဗန်းအား မီးကင်စက်ထဲထည့်လိုက်ကာ အချိန်သတ်မှတ်လိုက်ပြီး :
"ရပြီ ၊ ခဏနေဆိုစားလို့ရပြီ"
ချူးယိ စိတ်နှင့်ကိုယ် ပြန်မကပ်သေးမီမှာပင် ယမ့်ဟန်က live လွှင့်ခြင်းအား ရပ်ပစ်လ်ိုက်ပြီးပြီဖြစ်သည်။
"ပြီး,ပြီးသွားပြီလား?"
ချူးယိက မေးလာသည်။
"မပြီးသေးဘူး ၊ တစ်ခုကျန်သေးတယ်"
ယမ့်ဟန်က ကိုယ်ကိုလှည့်သွားပြီး အလုပ်ဆက်ရှုပ်နေသည်။
"အကြောင်းအရာ တူနေရင် live မလွှင့်တော့ဘူး"
"ပုံမှန် ကြည့်တဲ့သူလည်း မရှိပါဘူး"
အဖေက လျှောက်လာပြီး မီးဖိုခန်းတံခါးကို မှီလိုက်ကာ
"ရှင်ထျန်း ၊ သမိုင်းမှာ လူကြိုက်များမှု မရှိဆုံး အစားအသောက် အစီအစဥ်ပဲ ၊ ဖန်တွေက လက်ဆောင်လေးတောင် ပေးဖို့စိတ်ကူးမရှိကြဘူး"
"ဘယ်သူပြောတာလဲ?"
ယမ့်ဟန်က ပန်းငရုတ်သီးစိမ်းအား လှီးနေရင်း ပြောလိုက်သည်။
"ခုနက တစ်ယောက်က လေယာဥ်ပို့ထားတယ်"
[T/N : point ပေးတာဖြစ်မယ် ၊ 飞机 လို့ရေးထားလို့ လေယာဥ်လို့ပဲ ရေးထားလိုက်တယ်]
"ဘာလို့လဲ?"
အဖေက မေးလာသည်။
"လက်ချော်သွားလို့များလား?"
ယမ့်ဟန်က ချူးယိအား တစ်ချက်လှမ်းကြည့်လိုက်ပြီး :
"ကြည့်ရတာတော့.......ချူးယိမျက်နှာ ပြလိုက်လို့ ဖြစ်မယ်"
အဖေက ပျော်ပျော်ကြီး ရယ်လိုက်ပြီး :
"အဲ့ဒါက ချူးယိကို ပေးတာပဲ"
"အပြင်မှာ စားဖို့ သွားစောင့်နေ"
ယမ့်ဟန်က သက်ပြင်းချကာ ပြောလိုက်သည်။
အဖေက ရယ်ရင်းဖြင့် ဧည့်ခန်းဆီပြန်သွားခဲ့ကာ သူ၏ မြို့တွင်းသတင်းလိုင်းအား ဆက်ကြည့်နေလေသည်။
"မင်း လို,လိုချင်လား?"
ချူးယိက ဘေးနားမှနေ၍ အနည်းငယ် စိတ်မကောင်း ဖြစ်နေပုံပေါ်ကာ အသံတိုးတိုးလေးဖြင့် မေးလာသည်။
"ဘာကို လိုချင်ရမှာလဲ?"
ယမ့်ဟန်က ကြောင်အသွားခဲ့သည်။
"မျက်နှာ"
ချူးယိက ပြန်ဖြေလာသည်။
[T/N : 脸-မျက်နှာ ဆိုတာ အရှက်သိက္ခာကို ပြောတဲ့ နေရာမှာလည်း သုံးပါတယ်]
"ငါ မင်းကို အပိုင်းပိုင်း ခုတ်ပစ်လိုက်နိုင်တယ်ဆိုတာ ယုံလား?"
ယမ့်ဟန်မှာ အလွန် အံ့သြသွားမိသည်။
"ငါ့"
ချူးယိက သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ပြီး
"ရဲ့မျက်နှာ"
"မင်း စောင့်နေ"
ယမ့်ဟန်က ဓားကိုချ၍ မီးဖိုကောင်တာအား လက်ဖြင့်ထောက်ထားလိုက်ပြီး
"ငါ အရင် နားလည်အောင် လုပ်လိုက်ဦးမယ်"
"တကယ်လို့ မင်း,လက်,လက်ဆောင်လိုချင်ရင်"
ချူးယိက ရှင်းပြလာသည်။
"ရတယ်......"
"သိပြီ"
ယမ့်ဟန်က ချူးယိ၏ စကားအား ဖြတ်ပြောလိုက်ပြီး အတော်ကြာသည်အထိ ဘာစကားမှ မပြောပဲ စိုက်ကြည့်နေကာ ဒုတိယမြောက် လုပ်ထားသည့် ပီဇာအား မီးကင်စက်ထဲ ထည့်လိုက်ပြီးမှသာ စကားပြောလာသည်။
"မင်း ကျေးဇူးကြွေးပြန်ဆပ်နေတာတော့ မဟုတ်ဘူးမလား?"
ချူးယိက သူ့က်ိုကြည့်နေပြီး ဘာမှ ပြန်မပြောပေ။
"မင်း ...."
ယမ့်ဟန်က ထပ်ပြောရန် ပြင်လိုက်ချိန်တွင် ချူးယိက ဖြတ်ပြောလာသည်။
"မဟုတ်ဘူး"
ချုးယိက ပြောလိုက်သည်။
"ဒါဆို ဘာလဲ?"
ယမ့်ဟန်က မေးလိုက်သည်။
"မင်းလက်,လက်ဆောင်မရတာကို မြင်,မြင်ရတော့"
ချူယိက လေသံတိုးတိုးဖြင့် ပြောလာသည်။
"သနားလို့"
".......သေလိုက်ပါတော့!"
ယမ့်ဟန်ကပြောလိုက်ပြီး စဥ်းစားလေ ရယ်ချင်လေ ဖြစ်လာကာ
"Fuck"
ချူးယိက နံရံကို မှီနေရင်း ယမ့်ဟန်နှင့် မီးကင်စက်ကို ကြည့်နေလေသည်။
ကျေးဇူးကြွေး ပြန်ဆပ်တယ်လို့တော့ ပြောလို့မရပေ။မိမိ၏ စိတ်ခံစားချက်အား ရိုးရိုးသားသား ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။
ယမ့်ယန်အနေနှင့် ပြောရလျှင် တစ်ချ်ို့ကိစ္စတွေက တမင်ရည်ရွယ်ပြီး လုပ်လိုက်ခြင်း မဟုတ်ပေ။စိတ်စေစားရာ အတိုင်း လုပ်လိုက်ခြင်းသာ ဖြစ်သည်။သို့သော် သူ့(ချူးယိ)အနေနှင့်ဆိုလျှင် ခံစားချက်က သိပ်မတူတော့ပေ။
ဒီလိုခံစားချက်မျိုးအား သူ(ချူးယိ)ဝန်မခံရဲပေ။ချူးယိသည် ယမ့်ဟန်က အထူးအဆန်း ဖြစ်သွားမှာ ၊ ဒါမှမဟုတ် မိမိ(ချူးယိ)က ကာကွယ်ပေးမည့်သူအား လိုက်ရှာချင်နေသည်ဟု ထင်သွားမှာ ကြောက်လေသည်။
သူ(ချူးယိ) မည်သူ၏ စောင့်ရှောက်ပေးမှုက်ိုမှ မလိုအပ်ပေ။သူနှင့်အတူ သာမန်အတိုင်း ပြောဆိုဆက်ဆံပေးမည့် လူကိုသာ လိုချင်လေသည်။
ယမ့်ဟန်က သူ့အား ထိုဆက်ဆံရေးမျိုး ပေးနိုင်လေသည်။အချိန်ဘယ်လောက်ကြာအောင် ထိန်းသိမ်းထားမည်ကို မသိသော်လည်း သူအလွန်တန်ဖိုးထားမိသည်။
ပီဇာနှစ်ခုလုံး ဖုတ်ပြီးသွားရာ ယမ့်ဟန်က စွတ်ပြုတ်တစ်အိုး ထပ်တည်လိုက်သည်။ချူးယိက ဧည့်ခန်းဆီ အလျင်အမြန်သွားကာ စားပွဲအား ရှင်းလင်းလိုက်ပြီး ပီဇာနှင့် စွတ်ပြုတ်နှစ်ခုစလုံးအား ယူခဲ့၍ ၊ လေလိုအလျင်ဖြင့် ပန်းကန်ရောဇွန်းများကိုပါ သွားယူလိုက်သည်။
ယမ့်ဟန်မှာ ချူးယ်ိမျက်လုံး၏ ပတ်ဝန်းကျင်လေ့လာမှုကို အံ့သြမိသွားသည်။ပစ္စည်းများ ဘယ်နေရာမှာ ရှိသည်ကို ချူးယိက တစ်ခွန်းမှ မမေးပေ။ဂရုတစိုက်ဖြင့် သေသေချာချာ ကြည့်မှုမျ်ိုးပင် မရှိသလောက်ဖြစ်သည်။သို့သော် ယမ့်ဟန် ပါးစပ်မဟရသေးမီမှာပင် ချူးယိက အားလုံးပြင်ဆင်ပြီးသွားလေပြီ။
ယမ့်ဟန်မှာ ဘယ်လိုခံစားချက်မျိုးမှန်း မပြောပြတတ်ပေ။အဖေနှင့်အတူ နှစ်များစွာ နေရာတိုင်း ပြောင်းရွှေ့နေခဲ့ရပြီး သူငယ်ချင်းလည်း မရှိခဲ့သော်လည်း တွေ့ဆုံခဲ့ရသည့် လူများမှာ မနည်းလှတာကြောင့် ကိစ္စအများစုက်ိုတော့ သူ အလွယ်တကူ ခံစားမိတတ်သည်။
ချူးယိ၏ အခြေအနေနှင့် ဤကဲ့သို့ အမြင်လျင်မြန်မှုက မတူညီပေ။ဂရုတစိုက်ဖြင့် ဘယ်လိုအမှားမျိုးကိုမှ ရှာမတွေ့အောင် လုပ်နေသည့် ခံစားမျိုးအား ပေးစွမ်းကာ ရိုးရိုးသားသား ဒါမှမဟုတ် သဘာဝအတိုင်း လူတိုင်းကို စိတ်ကျေနပ်စေလေသည်။
"ချူးယိ နည်းနည်းလောက် သောက်မလား?"
ယမ့်ဦးလေးက ဝိုင်နီပုလင်းအား ဖောက်ကာ မေးလာသည်။
"မ,မသောက်တတ်ဘူး"
ချူးယိက ပြန်ဖြေလိုက်သည်။
"နည်းနည်းလောက် မြည်းကြည့်လေ" ဦးလေးယမ့်က သူ့အား ဝိုင်နည်းနည်း ထည့်ပေးလာပြီး
"ပါးစပ်ချိုတာပေါ့"
"အင်း"
ချူးယိက ရယ်၍ ပြန်ပြောလိုက်သည်။
မှစ်သစ်ကူးချိန်တွင် အမျိုးအိမ် သွားခဲ့သည်မှ လွဲ၍ ၊ အတန်းဖော်အိမ် ဒါမှမဟုတ် သူငယ်ချင်းအိမ်သို့သွားကာ ထမင်းစားသည့် မှတ်ဥာဏ်မျိုး သူ့တွင် မရှိပေ။
ထို့အပြင် မီးဖိုခန်းတွင် အတူတူ အလုပ်ရှုပ်ကြပြီး စားပွဲရှေ့တွင် အတူတူထိုင်ကြကာ စားရင်းသောက်ရင်း စကားပြောကြသည့် ဤကဲ့သို့သော အတွေ့အကြုံမျိုးမှာ ပို၍ပင် မရှိဖူးချေ။ချူးယိက ပီဇာကို တစ်ကိုက်ကိုက်လိုက်ပြီး အလွန်သက်တောင့်သက်တာ ရှိသည်ဟု ခံစားလိုက်ရသည်။
"မင်းအိမ်က ဒီနားမှာပဲလား?"
ဦးလေးယမ့်က မေးလာသည်။
"အင်း"
ချူးယိက ခေါင်းညိတ်ပြလိုက်ပြီး
"အရှေ့,ရှေ့ကိုဆက်သွားရင် လမ်း,လမ်းတောက်ဘက်နားမှာ"
"ဒါဆို ဦးလေး ဒီနေ့ လျှောက်ပတ်ကြည့်တော့ အဲ့ဘက်နားက ဖြတ်ခဲ့သေးတယ်"
ဦးလေးယမ့်က ရယ်လိုက်ပြီး တစ်ခုခုကို အမှတ်ရသွားသလိုမျိုး ပုခုံးဖြင့် ယမ့်ဟန်အား တိုက်လိုက်ကာ
"ငါ ဒီနေ့နေ့လည် အိမ်ပြန်လာတဲ့အချိန်တုန်းက အဲ့နားမှာ အပေါ်ပိုင်းဗလာနဲ့ ရန်ဖြစ်နေတဲ့ အဖွားကြီးတစ်ယောက်ကို တွေ့ခဲ့သေးတယ် ၊ အရမ်းကြမ်းတာ ၊ ငါ့မှာ ကြည့်မိသွားလို့ မျက်နှာဘယ်နားထားရမယ် မသိဘူးဖြစ်သွားတယ်"
"အာ?"
ယမ့်ဟန်မှာ ငေးကြောင်ကြောင် ဖြစ်သွားခဲ့သည်။
ချူးယိ၏ ပီဇာကိုကိုင်ထားသည့်လက်မှာ တစ်ချက်တုန်သွားခဲ့သည်။