ဖန်းချန်မြို့.....
ဖန်းချန်မြို့လို့ပြောလိုက်လျှင် ဆယ့်နှစ်ရာသီလုံး၌...အပြာရောင်ပန်းပွင့်တွေနဲ့ လှပဝေဆာနေပြီး ကောင်းကင်နဲ့အပြိုင် မိုးပြာရောင်လွမ်းခြုံထားတဲ့ မြင်ကွင်းလေးဟာ သင့်ရဲ့အမြင်အာရုံလေးထဲ အလိုအလျောက် ဝင်ရောက်လာလိမ့်မယ် ။ ဒီပန်းတွေမှာလဲ ရာဇဝင်တစ်ခုရှိခဲ့ဖူးတယ်။
တစ်ခါတုန်းက ဖန်းချန်မြို့ဟာ ရွာငယ်လေး တစ်ခုသာသာပဲ။ ဒီအပြာရောင်ပန်းတွေကြောင့် နောက်ပိုင်းမှာစည်းကားလာတယ်။ တဖြည်းဖြည်းနဲ့ရွာငယ်လေးကို ခရီးသွားတွေ လည်ပတ်ကြည့်ရှုသူတွေများပြားလာရင်း မြို့ငယ်လေးအသွင်ပြောင်းလို့လာခဲ့တယ်လို့ ဆိုကြတယ်။
ဒီအပြာရောင်ပန်းတွေက ချစ်သူနှစ်ဦးရဲ့သွေးမြေကျခဲ့တဲ့နေရာမှစတင်ပြီး ပေါက်ရောက်ခဲ့ကြတဲ့အပြင် သေဆုံးသွားတာတောင် တစ်ဦးနဲ့တစ်ဦးသစ္စာမပြယ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ကိုအကြောင်းပြုပြီး 'သစ္စာတော်ခံပန်း"လို့ခေါ်ကြတယ်။
<Note:ဒီပုံပြင်လေးကိုနောက်မှ ရေးပေးမယ်နော်>
လက်ထပ်ပြီးတဲ့ ဇနီးမောင်နှံတိုင်း 'သစ္စာတော်ခံပန်း"တစ်ပွင့်ကို မင်္ဂလာအိပ်ခန်းမှာ ခုနှစ်ညယူထားကြရတယ်။ ဒီပန်းရဲ့ထူးဆန်းတဲ့ ဝိသေသလက္ခဏာတစ်ခုကအပင်ကနေ ခူးဆွတ်ပြီးတဲ့နေ့ကစပြီး တစ်ညချင်းမှာ ဝတ်လွှာ တစ်ခုကြွေတယ်။ ခုနှစ်ညပြည့်ရင်ဝတ်လွှာအကုန်ကြွေသွားရော။ သူ့မှာစုစုပေါင်း ဝတ်လွှာခုနှစ်ခုပဲပါတယ်လေ။ အဲ့ဒီခုနှစ်ညမှာ သန္ဓေသားတည်အောင်လုပ်နိုင်ရင် ရဲ့ရင်တည်ကြည်ပြီး သစ္စာရှိကြတဲ့ သားကောင်း သမီးကောင်းရတနာတွေ ရရှိမယ်လို့လဲ ယုံကြည်ကြပြန်သေးတယ်။ အမှန်တော့ ဒါတွေကပုံပြင်သက်သက်လို့လဲ ဆိုကြပြန်တယ်။
ပညတ်သွားရာဓာတ်သက်ပါလေသလား မသိပေမယ့် ဖန်ချန်မြို့လေးကတော့ အေးချမ်းပြီး မေတ္တာတရားတွေနဲ့ပြီးပြည့်စုံတဲ့ မိသားစုလေးတွေနဲ့ပဲ တည်ရှိလို့နေကြတယ်။ ထိုမြို့ရဲ့မိသားစုတွေကြားမှာ အလွန်တရာ အလုပ်လောဘကြီးတဲ့ သခင်ကြီးချန်တို့ မိသားစုအပါအဝင်ပေါ့။
ဖန်းချန်မြို့သူမြို့သားတွေက အချစ်နဲ့သစ္စာတရားကိုအလေးထားတဲ့သူတွေမို့ သူတို့နှစ်ယောက်ရဲ့ဖြစ်တည်မှုကို ဝေဖန်ပိုင်းခြားခြင်းမပြုလေကြဘူး။ ကနဦးပိုင်း၌ သို့လောသို့လော အတွေးအနည်းငယ် ရှိကြပေမယ့် နောက်ပိုင်းမှာတော့ သူ့ခင်ပွန်းကို အရမ်းဂရုစိုက်တဲ့ သခင်ကြီးချန်ကို ချီးကျူးအားကျ ဂုဏ်ပြုထောပနာတောင် ပြုကြပါသေးတယ်။
လူတိုင်းဟာ သူတို့နှစ်ယောက် ဘယ်ကလာမှန်းမသိပေမယ့် ဖန်းချန်မြို့အတွက် အနှောက်အယှက်မဖြစ်တဲ့သူ မှန်သမျှကြိုဆိုကြလေတော့ သခင်ကြီးချန်တို့မောင်နှံ လာရောက်နေထိုင်မှုဟာ သူတို့မြို့အတွက် ဂုဏ်ယူစရာစံပြမောင်နှံဖြစ်လို့တောင် နေသေးတယ်။
ဖန်းချန်မြို့ရဲ့အလှက 'သစ္စာတော်ခံပန်း'တွေဆိုလျှင် ဖန်းချန်ရဲ့ရတနာကတော့ ကြွေထည်တွေပဲ။ အဓိကလာတဲ့ကုန်သည်တွေကလဲ ဒီကြွေထည်တွေအတွက်လာကြတာများတယ်။ မြို့သူမြို့သားတွေကလဲ လက်ဖက်တွေ ဝါဂွမ်းတွေ စိုက်ပျိူးကြပေမယ့် သူကစားဝတ်နေရေးအတွက်ပဲလေ။ အပိုဝင်ငွေနဲ့ အဆင်တန်ဆာတွေအတွက်ကတော့ ကြွေထည်လုပ်ငန်းမှာဝင်လုပ်ကြရတယ်။ ကြွေထည်လုပ်ငန်း နာမည်ကြီးမှုက ချီတိုင်းပြည်မှ ကုန်သည်ကြီးတွေပါ တစ်ကူးတကလာရောက်ပြီး ဈေးကြီးကြီးပေးဝယ်ကြလေတယ်။ ဖန်းချန်မြို့လေးကတော့ ပို၍ ပို၍ စည်ကားနေတာပေါ့။
ထိုကြွေထည်လုပ်ငန်းကြီးကတော့ လောဘကြီးတဲ့သခင်ကြီးချန်က ပိုင်တယ်။ လောဘကြီးတယ်ဆိုတဲ့စကားက ကုန်သည်တွေဆီကထွက်လာတဲ့ စကားလုံးပေမယ့် ဖန်းချန် မြို့သူမြို့သားတွေကတော့ သခင်ကြီးချန်ဟာ ကယ်တင်ရှင် ဖြစ်နေတာပါပဲ။ လမ်းပြင်မယ် ဘုရားကျောင်းဆောင် ဆောက်မယ် မြို့ရဲ့လိုအပ်တာမှန်သမျှ အရာရာက သူ့လက်နဲ့လွတ်တဲ့နေရာ မရှိသလောက်ပါပဲ။ မင်္ဂလာပွဲ မဆင်နွဲနိုင်တဲ့ ချစ်သူစုံတွဲတွေကိုပါ သူကကူညီပေးပြန်သေးတယ်။
လူတိုင်းရဲ့စိတ်ထဲမှာ သေသေချာချာ သိနေတဲ့အရာတစ်ခုလည်း ရှိပါသေးတယ်။ ချန်သခင်ကြီးက အရာအားလုံးပေးကမ်းလိမ့်မယ်။ ဒါပေမယ့် သူ့ခင်ပွန်းကိုလက်ဖျားနဲ့ထိမယ့်အကြောင်း နည်းနည်းလေးတောင်မတွေးပါနဲ့။ အချိန်တွေပိုနေရင် မီးကျီးခဲရဲရဲပေါ်ထိုင်နေပါ။ အဲ့ဒါကမှအသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသေးသည်တဲ့။
အတိုချူပ်ပြောရရင် ချန်သခင်ကြီးက သူ့ခင်ပွန်းကိုသိပ်ချစ်တယ်။ ဖန်းချန်မြို့မှာ နေထိုင်တဲ့ငါးနှစ်အတွင်း လေသံမာမာနဲ့တောင် ပြောတာမတွေ့ဖူးကြဘူးတဲ့လေ။
အလုပ်လုပ်ရင် အကြောင်းပြချက် သေသေချာချာ မေးတတ်ပြီး စေ့စပ်လွန်းတဲ့သခင်ကြီးချန်ဟာ သူ့ခင်ပွန်းပြောရင် တစ်ခွန်းဆိုတာနဲ့ ပုတ်သင်ညိုကြီးပါပဲတဲ့။
********
ချန်အိမ်တော်က စစ့်ရွှေမြစ်ကမ်းဘေးမှာ တည်ဆောက်ထားတယ်။ ညအချိန် အိမ်တော်အပေါ်ထပ်ကနေမြစ်ကိုလှမ်းကြည့်ရင် လရောင်အောက်ကရေပြင်ပေါ်မှာ လှိုင်းကြက်ခွပ်လေးတွေက တလက်လက်နဲ့တောက်ပလို့နေတယ်။ ဆောင်းဦးညချမ်းလေးမှာ အဝါရောင်အစက်အပျောက်လေးတွေနဲ့ ပိုးစုန်းကြူးလေးတွေပါ လူးလာကူးခတ်ပျံသန်းရင်း ညရဲ့အလှကို ထပ်ဆင့်ချယ်သနေလေရဲ့။
ချန်အိမ်တော်ရဲ့ မြစ်ကမ်းဘက်မျက်နှာမူထားတဲ့ ပြတင်းပေါက် တစ်ခုမှာလဲ အဝါရောင်မီးအိမ်လေးက တလဲ့လဲ့တောက်ပလို့နေတယ်။ အခန်းတွင်းမှာ ကျက်သရေရှိလှတဲ့ အဖြူရောင်အရိပ်လေးတစ်ခုက စုတ်တံတစ်ချောင်းနဲ့ ကြွေထည်ထုတ်လုပ်မှု မှတ်တမ်းတစ်ခုကို စိတ်ဝင်တစား စာရင်းပြုစုနေတယ်။ အမွေးတိုင်တစ်တိုင်ခန့်အကြာမှာတော့ အနက်ရောင်ပုံရိပ်လေးတစ်ခုက အခန်းတွင်းဝင်လာကာ အဖြူရောင်အရိပ်လေး၏ နောက်ကျောဘက်ဆီမှ အသာအယာထွေးပွေ့လိုက်တယ်။
"မအိပ်သေးဘူးလား သခင်ကြီးချန် ..."
အနက်ရောင်ပုံရိပ်လေးက ပျင်းတိပျင်းရွဲ့အသံဖြင့် နောက်ကနေဖက်ထားရင်း ပွတ်သီးပွတ်သတ်လုပ်လို့နေတယ်။ အဖြူရောင်အရိပ်လေးဆီကပဲ စကားသံထပ်ထွက်လာတယ်။
"အစိမ်းရောင်ပြောင်းသွားတဲ့ ကြွေပန်းအိုးကိစ္စ ဖြေရှင်းပြီးသွားပြီပေါ့"
"အင်း ကိုယ်တို့ အက်ဆစ်ဓာတ်ပါတဲ့ မြေတွေသုံးမိလို့ ပန်းအိုးတွေကညစ်ထေးသွားတာ ပါဝင်နေတဲ့သတ္ထုတွေကို သံလိုက်နဲ့ဖယ်လိုက်တယ် အမြဲတမ်းသုံးနေတဲ့ ပုံမှန်ထင်းတွေအစား အဆီအနှစ်ပြည့်တဲ့ ထင်းရှူးသစ်တွေသုံးလိုက်တာ ခုအဖြူရောင်ကြွေထည် ထုတ်နိုင်သွားပြီ"
ပျော်ရွှင်နေတဲ့အသံလေးမှန်း သိသာလှစွာ တက်ကြွလို့နေတယ်။
"ဂုဏ်ယူပါတယ် သခင်ကြီးချန်လုပ်နိုင်မယ်ဆိုတာ သိသားပဲ.."
" ဂုဏ်ပြုတယ်ဆိုတော့ ဒီသခင်ကြီးကို တစ်ခုခုတော့ ဆုချသင့်တယ် မဟုတ်လား လေသက်သက်တော့မရဘူးနော် "
"ဘာလိုချင်လို့လဲပြော "
အဖြူရောင်အရိပ်လေးက စာရေးမပျက်ပဲ ပြန်ပြောလာတယ်။
"ဒီသခင်ကြီးလိုချင်တာက...."
စကားလုံးတို့ကို တစ်ပိုင်းတစ်စဖြတ်ကာ အဖြူရောင် အရိပ်လေးရဲ့ နှားရွက်ဖျားထံ တိုးကပ်လိုက်ပြီး နားသံသီးလေးထံ လျှာနဲ့လှမ်းတို့ရင်း စနှောက်လိုက်ပြန်တယ်။
".....သိတယ်မဟုတ်ဘူးလား"
"မင်း!!.... အားစဲ့မနှောက်ယှက်နဲ့ ခဏလောက်ထိုင်ပါဦး ငါ စာရင်းလုပ်နေတာမပြီးသေးဘူး"
"ပြီးရင်တော့ ရတယ်ပေါ့"
"မရဘူး ..."
"မရဘူးလား အဲ့တာဆိုစမ်းကြည့်မယ်လေ"
အနက်ရောက်အရိပ်လေးက တစ်ခစ်ခစ်ရယ်မောလိုက်ရင်း အဖြူရောင်အရိပ်လေးအား စွေ့ခနဲလှမ်းပွေ့ချီလိုက်ကာ စာကြည့်ခန်းမှအိပ်ခန်းတွင်းသို့ သုတ်ခြေတင်ပြေးတော့သည်။ ကုတင်ဆီသို့ရောက်သော် တူတူလှဲလိုက်ရင်း ထိုအဖြူရောင်လေးအား ဘယ်ဘက်လက်မောင်းပေါ် ခေါင်းလေးတင်စေပြီး တန်ဖိုးကြီးကျောက်စိမ်းတုံးလေးလို အမြတ်တစ်နိုးကြည့်နေမိသည်။ တစ်ခဏ၌....
"ယွင်ရှီး... ကျေးဇူးပါ..."
"ဘာဖြစ်လို့လဲ.."
"ဒီငါးနှစ်လုံးလုံး...ကိုယ်နဲ့အတူနေပေးလို့ ...ပြီးတော့ အတူနေပေးမယ်ဆိုတဲ့...ကတိကိုတည်ပေးလို့"
" ငါလဲ မင်းကိုကျေးဇူးတင်ပါတယ် အားစဲ့ ...ငါနဲ့အချိန်တွေအများကြီး ကုန်ဆုံးပေးလို့ "
"အင်း..ကိုယ်တို့တစ်သက်လုံးအတူတူနေသွားကြမယ်နော်"
တဖက်မှပြန်မဖြေပေ။
"ယွင်ရှီး!!!."
"အားစဲ့.."
"အင်း..ပြောလေ"
"တကယ်လို့တစ်နေ့နေ့မှာ ငါမရှိတော့ရင် မင်းတစ်ယောက်ထဲ ပျော်ပျော်ရွှင်ရွှင် နေပေးနိုင်မလား "
"ဘာလို့အဲ့လိုပြောတာလဲ ယွင်ရှီးကိုယ့်ကိုထားသွားမလို့လား မရဘူးနော် ကိုယ်ဘယ်မှသွားခွင့်မပြုနိူင်ဘူး"
သခင်ကြီးက ထိတ်ထိတ်ပြာပြာဖြင့် ယွင်ရှီးထံကပ်လာကာ ခန္ဓာကိုယ်တစ်ခုလုံး တင်းတင်းကြပ်ကြပ်သိုင်းဖက်ခြင်း ခံလိုက်ရသည်။ သခင်ကြီးရဲ့ နှလုံးခုန်သံတို့ကအနည်းငယ်မြန်နေသလို ပုခုံးလေးများကပါတစ်သိမ့်သိမ့်တုန်နေသေးသည်ထင်ရ၏။
"ငါမထွက်သွားပါဘူး သဘောပြောတာပါ တကယ်လို့ငါမရှိတော့ရင် မင်းဘယ်လိုနေမလဲသိချင်လို့"
"ဟင့်အင်း...မပြောနဲ့... .ကိုယ်မတွေးချင်ဘူး တွေးလဲမတွေးရဲဘူး ယွင်ရှီးမရှိတဲ့နေ့ရက်တွေကို ကိုယ်တစ်ယောက်တည်းကျော်ဖြတ်ရမှာကြောက်တယ် ခုနှစ်နှစ်တောင်နေခဲ့ရပြီးပြီ ထပ်နေနိုင်မယ်ထင်လို့လား... ယွင်ရှီးကတိပေးပါ... ကိုယ့်ကိုဘယ်တော့မှထားမသွားဘူးလို့... နော်... ကတိပေးမယ်မလားဟင်..."
ဖြူသွယ်နေသောကျောက်စိမ်းသဖွယ် လက်ချောင်းနုနုလေးများဖြင့် အကြင်သူ၏ မျက်နှာထက်မှ ငွေနှင်းရည်စက်လေးကို အသာအယာတို့ထိကာ သုတ်ပေးမိ၏။
"ဘာလို့ငိုနေတာလဲ ကလေးလဲမဟုတ်.. ဖန်းချန်မြို့သားတွေသိရင်လှောင်ရယ်ခံရဦးမယ် ငါတို့သခင်ကြီးချန်ကတအားအသည်းနုရတာပဲနော်... မသိတဲ့သူဆို တပ်သားသိန်းကျော်ကိုအုပ်ချုပ်ခဲ့တဲ့ ကျိူးဘုရင်ကြီးဆိုတာ ယုံကြမှာမဟုတ်ဘူး "
"ကိုယ်က ယွင်ရှီးရှေ့မှာပဲဒီလိုဖြစ်တာပါ စကားလမ်းကြောင်းမလွဲနဲ့ ကိုယ့်ကိုကတိပေး"
"အင်းပါ ငါအသက်ရှင်နေသ၍ မင်းနဲ့ပဲအတူတူနေမယ် ဘယ်တော့မှခွဲခွာမသွားဘူး ရပြီလား"
" အမ်း...မရသေးဘူး တစ်ခုကျန်သေးတယ် "
"ဘာကျန်တာလဲ "
"ကိုယ်တို့အိပ်ခန်းထဲ သစ္စာတော်ခံပန်းအိုး ထားရအောင်"
"သစ္စာတော်ခံပန်းလား ...မထင်ထားဘူး မင်းလဲဒီအယူအဆကို ယုံကြည်လိမ့်မယ်လို့ ဒါပေမယ့် ငါတို့ကအမျိူးသားတွေလေ ဘယ်လိုလို့ကလေးရနိုင်မှာလဲ "
"ကိုယ်ပြောတာ အဲ့သဘောမဟုတ်ပါဘူး ကိုယ်လျှို့ဝှက်ချက်တစ်ခုကြားထားတယ် သစ္စာတော်ခံပန်းကို ဆုတောင်းပြည့်ဘုရားကျောင်းကမြေနဲ့ စစ့်ရွှေမြစ်ထဲကရေကိုရောပြီး အခန်းထဲတူတူထားရင် နောက်ဘဝမှာ... ပြန်ဆုံတွေ့နိုင်တယ်တဲ့ ကိုယ်က..ကလေးမရချင်ပါဘူး ယွင်ရှီးကလွဲပြီး ဘယ်သူ့ကိုမှ..ကိုယ့်အချစ်တွေ ခွဲဝေမပေးနိုင်ပါဘူးဗျာ"
"ကလေးကလားနဲ့ ..."
ထင်မှတ်မထားဖွယ်ပင် တစ်ချိန်က ကျိူးတိုင်းပြည်ရဲ့ဘုရင်မင်းမြတ်ကြီးဟာ မြို့ရွာလေးတစ်ခုရဲ့ ယုံတမ်းပုံပြင်ကို အလေးအနက်ထားပြီး မျှော်လင့်တကြီးပြောနေပါသတဲ့။ လူတစ်ယောက်ရဲ့ စိတ်အားထက်သန်မှုဆိုတာ စကားလုံးတစ်လုံးနဲ့မျှပင် ခြေမွနိုင်ပေတယ်။ ဒီအချိန်မှာ ယွင်ရှီးအတွက်ထိန်းထိန်းသိမ်းသိမ်းပြောဆိုဖို့သာ တတ်နိုင်တော့တယ်။ အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ကောင်းလွန်းလှသော ထိုလူသားလေးရဲ့ မျှော်လင့်ချက်တိုင်းကို ဖြည့်ဆည်းပေးချင်လွန်းသော ယွင်ရှီးအတွက်လည်း ဆန့်ကျင်သည့်စကားလုံးလေး တစ်လုံးမျှတောင် လည်ချောင်းထဲမှ ထွက်အန်မလာနိုင်ပါ။
"ဒါဆို အဲ့ဒီဘုရားကျောင်းကမြေရယ် စစ့်ရွှေမြစ်ရေရယ် သစ္စာတော်ခံပန်းရယ်ကို ဘယ်လိုအတူတူထားမှာလဲ "
" ကိုယ်... ကြွေပန်းအိုးလုပ်မယ် ဆုတောင်းပြည့်ဘုရားကျောင်းမှာ အက်စစ်ဓာတ်လိုလို့ ရှာလကာရည်အမြဲလောင်းပေးရနေတဲ့ ပန်းပင်တစ်ပင်ရှိတယ် သူကအက်စစ်ဓာတ်ရှိပေမယ့် အပေါ်ယံမြေဆီလွှာက ကြွေပန်းအိုးလုပ်ဖို့ လိုအပ်တဲ့ဒြပ်စင်အကုန်ပါတယ် ဆရာတော်ကလဲ မြေကိုယူဖို့ခွင့်ပြုတယ် ယွင်ရှီး ကိုယ်တို့အတူလုပ်ရအောင်..."
ယွင်ရှီးတစ်ခုခုကို စဉ်းစားနေ၍ ရှေ့ကဘာတွေပြောမှန်းသူသေချာ မကြားလိုက်မိပေ။
"ဘာကို??.."
"ဟားဟား ..ကြွေပန်းအိုးလေ ...ယွင်ရှီးကဘာကိုထင်လို့လဲ"
"ငါ...ငါ...ငါလဲကြွေးပန်းအိုးပဲပြောတာလေ မင်းလျှောက်တွေးမနေနဲ့"
အနှီမျက်နှာချောချာက အရိပ်အယောင်အရောင်ပြောင်းသွားကာ မသင်္ကာစရာကောင်းလောက်အောင် ထပ်ပြီးပူးကပ်လို့လာပြန်သည်။
"ကြွေပန်းအိုးက...မနက်ဖြန်မှ အတူလုပ်မယ် ဒီညကိုယ်တို့...တစ်ခုခု...အရင်လုပ်ရအောင် "
" ဘာ..ဘာလုပ်မှာလဲ "
ခဏအကြာ၌ ယွင်ရှီးနဖူးပြင်လေး နွေးခနဲဖြစ်သွားသည်။ ဖွဖွလေးမို့ ဖျတ်ခနဲနား၍ပျံထွက်သွားသော ငှက်ကလေးပမာ လျင်မြန်လွန်းသည်ဟု ထင်မှတ်ရ၏။ ရင်ခွင်လှိုင်းတို့တွင် တစ်သိမ့်သိမ့်နှင့် နွေးထွေးမှုလေးကျန်နေခဲ့ပါသည်။ ယွင်ရှီးမတင်းတိမ်စွာ ထပ်လိုချင်သလိုလေးပါ ဖြစ်မိရ၏။
ထိုလူနှင့်ပတ်သက်လျှင် သူ့စိတ်ကလဲ အထိမခံဖြစ်လွန်းလှသည်။
"ယွင်ရှီးပင်ပန်းနေတာသိပါတယ် ကိုယ်လန့်အောင်မလုပ်တော့ဘူး လာကိုယ့်လက်မောင်းပေါ်မှာအိပ်"
"အင်း... ဝမ်အန်း"
"ဝမ်အန်း ယွင်ရှီး အမြဲကိုယ့်ဘေးမှာပဲနေပေးပါ"
"အင်း...."
ထိုညကအခန်းလေးမှာ နွေးထွေးမှုတို့ ခြုံသိုင်းရစ်ပတ်လျက်။ တိတ်ဆိတ်သော ညအလယ် စစ့်ရွှေမြစ်ထံမှာ ရေလှိုင်းခတ်သံ အနည်းငယ်ကိုလဲကြားနိုင်ပါသေး၏။ တစ်ကျီကျီအကောင်ငယ်လေးများရဲ့ တိုးဖျော့သောသံစဉ်လေးပင် တချက်ချက်ကြားနိုင်ပြန်ပါသည်။
ခြံတွင်းမှတစ်ပင်တည်းသော ဇီးပန်းပွင့်မှရနံဖျော့ဖျော့လေးသည်ပင် အခန်းတွင်းသို့ လေပြည်ညှင်းလေးနှင့်အတူ စီးဆင်းနေခဲ့သည်။ တလဲ့လဲ့အဝါရောင်အလင်းလေးထုတ်လွတ်နေသော မီးအိမ်လေးသည်ပင် မကြာမှီပျောက်ကွယ်သွားတော့မယောင်။
မြစ်ရေသည်လည်း အမြဲစီးဆင်းနေသည်။
လေပြည်လေညှင်းတို့သည်လည်း လှည့်လည်သွားလာနေကြသည်။
ပန်းဖူးလေးများသည်လည်း အပွင့်အဖြစ်သို့ပြောင်းလဲလာကြပြီ။
ညအမှောင်ယံသည် နေရောင်ခြည်ထွက်လာတဲ့အခါ အဝေးသို့ ဖယ်ရှားခြင်းခံလိုက်ရသည်။
မီးအပူနှင့်ထိတွေ့သော နှင်းမှုန်နှင်းခဲလေးများသည် အရည်ပျော်သွားကြပြီ။
လူတိုင်းက...လိုအပ်သည်ဖြစ်စေ ...မလိုအပ်သည်ဖြစ်စေ ...အချိန်ရာသီစက်ဝန်းကတော့.... ရပ်တန့်ဖို့ အစီစဉ်ရှိမနေခဲ့ပေ။