“ ဒေါက်တာ့ကို ရွေးချယ်စရာ တစ်ခုပေးမယ်.. ကိုယ်ချီထားတာကို ငြိမ်ငြိမ်လေးလိုက်ခဲ့မလား … ကိုယ် ဒီနေရာပဲ ဒေါက်တာ့ကို နမ်းလိုက်ရမှာလား ”
ခိုက် ပြောလိုက်တော့ ရှားရဲ့လှုပ်ရှားမှုတို့ ချက်ချင်းရပ်တန့်သွားသည်။ ခိုက်ကို မကျေနပ်သလို တစ်ချက်မော့ကြည့်လာပြီး ခိုက်ရင်ခွင်ထဲ မျက်နှာအပ်လို့လာသည်။ သဘောကတော့ မလွဲသာလို့ သူငြိမ်လိုက်ရပါတယ် ဆိုတဲ့ပုံစံ။
ဘေးတစ်စောင်းမြင်နေရတဲ့ ပုံလေးကိုကြည့်ပြီး ခိုက် ခိုးရယ်လိုက်သည်။ နီရဲနေတဲ့ နားရွက်ဖျားလေးကြောင့် ရှား ရှက်နေမှန်း ခိုက် သိပါသည်။ ရှား ရှက်နေတဲ့ပုံစံလေးကို ငုံ့ကြည့်နေရင်း ခိုက် အာခေါင်တွေ ခြောက်လာတာကြောင့် တံထွေးမြိုချလိုက်သည်။ ပြီးတော့ ခြေလှမ်းကျယ်ကြီးတွေလှမ်းပြီး အပေါ်ထပ်ကို ခပ်မြန်မြန်ပဲ တက်လာတော့သည်။
အပေါ်တက်သွားတဲ့ စုံတွဲကိုကြည့်ပြီး ရဲမှူးကြီးမှာ သက်ပြင်းတချချ ခေါင်းတခါခါနဲ့သာ ကျန်ခဲ့သည်။ အမှန်တရားက တကယ်ပြန်ပေးဆွဲ ခံထားရတယ် ဆိုရင်တောင် သတိုးရှန်ခိုက် လက်ထဲက ပြန်ယူဖို့ဆိုတာက လွယ်ကူတဲ့အလုပ်မှ မဟုတ်ပဲ။
ကောင်လေးအတွက် စိတ်မကောင်းဖြစ်မိပေမယ့် သတိုးရှန်ခိုက်က ထိုကောင်လေးကို နာကျင်အောင်လုပ်မှာ မဟုတ်ဘူးဆိုတာ စိတ်ထဲက ခံစားမိနေတာကြောင့် အခြေအနေစောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ သူထင်သလိုမဟုတ်ပဲ တကယ်သမီးရည်းစား စိတ်ကောက်နေကြတာလည်း ဖြစ်နိုင်တာပဲလေ။ အခုခေတ် ကာလသားပျိုများကို ဘယ်လိုမှပင် လိုက်လို့မမှီတော့။
မိုးထိဘွားက ရဲမှူးကြီးကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးလိုက်ပြီး ဆယ်ပုံးထက်မနည်းသော ရေတွေလည်းလောင်းခဲ့သည်မို့ လတ်တလောတော့ နောက်ထပ်ပြန်ပေးဆွဲမှုနဲ့ ထပ်တိုင်ခံရလည်း ဘယ်သူမှစုံစမ်းဖို့ လာတော့မှာမဟုတ်။ ငွေကြေးနဲ့ပတ်သက်လာရင် အမြတ်မရရင် ဘာမှမလုပ်တဲ့ အစ်ကိုလေးက ဒီဒေါက်တာနဲ့ပတ်သက်ပြီး အကုန်အကျခံတာ သိပ်များလွန်းနေပြီလို့ သူ တွေးမိသည်။
>>>>>>>>>>
“ ဟေး.. ဒေါက်တာ ကိုယ့်အင်္ကျီကို မလွှတ်တော့ဘူးလား.. ဘာလဲ ဒီတိုင်းပဲ ချီထားရမှာလား ”
အိပ်ခန်းတံခါးကို ဖွင့်ဝင်လာပြီး ကုတင်နားရောက်တဲ့အထိ ခိုက်အင်္ကျီစကို မလွှတ်တမ်းဆုပ်ကိုင်ထားတဲ့ ရှားကို ထပ်စ,လိုက်တော့ မျက်စောင်းထိုးပြီး သက်ပြင်းကိုခပ်ပြင်းပြင်း တစ်ချက်ချသည်။ ခိုက် ကုတင်ပေါ်အသာလေး ချပေးလိုက်ပြီးပြီးချင်းမှာ ခိုက်ကိုထိုးဖို့ ရွယ်လာတဲ့လက်တစ်ဖက်ကို အမြန်ပဲဖမ်းချုပ်လိုက်သည်။
“ အဟက်.. ထိုးချင်နေတာကို တော်တော်မှ အောင့်ထားလိုက်ရတာလား … ဟင် ”
“ မင်း.. ငါ့လက်ကိုလွှတ် ”
“ ဝိုးး… အားတွေတော်တော်ကျန်သေးတာပဲ ”
ခိုက်က ရှားလက်ကိုလွှတ်ပေးလိုက်ပြီး ပခုံးတွန့်ပြရင်း ဆိုဖာခုံမှာ ခြေချိတ်ပြီး ဝင်ထိုင်လိုက်သည်။ မလိုအပ်တဲ့နေရာတွေမှာ ခွန်အားတွေကို အလကားဖြုန်းပစ်တာ နှမြောစရာကောင်းလွန်းတယ် ထင်တာကြောင့်။ ရှားကတော့ ကုတင်ပေါ်မှာ ပုံ့ပုံ့လေးထိုင်နေပြီး သူ့ကိုကြည့်နေသည်။ သူ့စိတ်ထဲမှာ ခိုက်ဆီက ဘယ်လိုထွက်ပြေးရမလဲ ဆိုတာကို တွေးကောင်းတွေးနေနိုင်သည်။ ခိုက် ဖိုင်တွဲတစ်ခုကို လှမ်းယူလိုက်ပြီး ရှားကိုထောင်ပြလိုက်သည်။
“ ဒေါက်တာ့ကို ဆယ့်နှစ်နာရီတိတိ စဉ်းစားဖို့ အချိန်ပေးပြီးပြီဆိုတော့ ကိုယ့်ကမ်းလှမ်းချက်ထဲက ဘယ်တစ်ခုကို လက်ခံမလဲဆိုတာ သိခွင့်ရှိမလား ”
“ ဘာကိုလက်ခံရမှာလဲ.. ဘာမှလက်မခံဘူး… မင်းရဲ့ရူးကြောင်ကြောင် ရွေးချယ်မှုတွေကို မင်းပဲလုပ် ”
“ အိုကေ.. ဒေါက်တာ စဉ်းစားဖို့ အချိန်လိုသေးတယ်ထင်တယ်… ဒီအခန်းထဲမှာနားနားနေနေ အချိန်ယူပြီး စဉ်းစားလိုက်ပါဦး … လိုင်းဖုန်းကိုလည်း အသုံးလိုမယ်မထင်လို့ ဖြုတ်သွားလိုက်မယ်…
မနက်စာနဲ့ ဆေးကို လာပို့ခိုင်းလိုက်မယ်… အော်.. ဒါနဲ့ ဒေါက်တာကို တစ်ခုပြောပြထားဦးမယ် … ခြံထဲမှာ အမဲလိုက်ခွေးတွေရှိတယ်… လူစိမ်းဆိုရင်တော့ နည်းနည်းကိုက်တတ်တယ် … ခြေထောက်တွေလက်တွေ အသားပဲ့သွားရုံလောက်ပါပဲ…”
ခိုက်ပြောနေတာတွေကို မျက်နှာသူငယ်လေးနဲ့ နားထောင်နေတဲ့ရှားကို စိတ်ထဲက ကြိတ်ရယ်နေမိသည်။ ဆယ်ကျော်သက်အရွယ်ကတည်းက ဘယ်လိုလူကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာ နှောကြောလာတဲ့ ခိုက်အတွက် ရှားကိုဘယ်လိုပုံစံနဲ့ သိမ်းသွင်းရမယ်ဆိုတာ သူသိထားပြီးဖြစ်သည်။ ထိုင်နေရာကနေ ထရပ်လိုက်ပြီး အခန်းပြင်ထွက်ဖို့ ပြင်တော့ ရှားက သူ့လက်ကို ဖမ်းဆွဲလာသည်။ ခိုက် မျက်နှာတစ်ဖက်လှည့်ပြီး ရှား မမြင်အောင်ပြုံးလိုက်သည်။
“ နေ…နေပါဦး …”
“ ဒေါက်တာ ကိုယ့်ကိုပြောစရာရှိလို့လား ”
ခိုက် မေးလိုက်တော့ ခေါင်းညိတ်ပြလာကြောင့် ကုတင်ဘေးမှာ တင်ပါးလွှဲပြီး ခြေတစ်ဖက်တင်ကာ ခိုက် ဝင်ထိုင်လိုက်သည်။
“ မင်း ဘာလို့ ငါ့ကိုဖမ်းထား~~~”
ရှားစကားမဆုံးသေးခင်မှာပဲ ရှားနှုတ်ခမ်းပေါ်ကို ခိုက်က လက်ညှိုးတင်ပြီး တားလိုက်သည်။ ရှားကတော့ မျက်လုံးအဝိုင်းသားနဲ့ ခိုက်ကို ကြည့်နေသည်။
“ ဖမ်းထားတာ မဟုတ်ဘူး… ဒေါက်တာ … ဒေါက်တာနဲ့ အတူနေချင်လို့ ဒေါက်တာကို ရွေးချယ်စေချင်တာ ”
“ မင်းပုံစံနဲ့ဆို ဘယ်သူ့ကိုပဲဖြစ်ဖြစ် သဘောကျလို့ ကြိုက်လို့ရပါတယ်ကွာ ”
“ အဲ့ဒီလူတွေထဲမှာ ဒေါက်တာမှ မပါပဲ ”
“ အဟမ်း… ငါတို့သူငယ်ချင်းအနေနဲ့လည်း အတူနေနိုင်ပါတယ် ”
ခိုက်က ခေါင်းခါရင်း မတ်တပ်ရပ်လိုက်သည်။
“ ကိုယ် သူငယ်ချင်းမလိုချင်ဘူး… ဒေါက်တာ့ကိုလည်း သူငယ်ချင်းအဖြစ် သဘောမထားနိုင်ဘူး …”
“ ငါ .. ငါ ယောကျာ်းလေးတွေကို သဘောမကျဘူး… ငါက straight ”
ရှားရဲ့စကားဆုံးတော့ ခိုက်က ပြုံးသွားပြီး ကုတင်ဘေးမှာ ပြန်ဝင်ထိုင်လာသည်။ ပြီးတော့ ရှားပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ရှားရဲ့တစ်နေရာကို မျက်စပစ်ပြရင်း ပြောလာသည်။
“ တကယ် သဘောမကျဘူးပေါ့ ”
ခိုက်က ရှားညီလေးကို မျက်စပစ်ပြရင်း ပြောလာတာကြောင့် ရှား ရှူးရှူးရှဲရှဲနဲ့ ဒေါသထွက်လာသည်။ ဒီကောင်က အချိုသပ်လည်းမရ အကြမ်းဖက်လည်းမရပါလားဟ။
“ ၉၉.၉၉ ရာခိုင်နှုန်းက မိန်းကလေးတွေကိုပဲ သဘောကျတာကွာ…”
“ ပြဿနာမရှိပါဘူး… ၀.၀၁ ရာခိုင်နှုန်းက ကိုယ့်ကို သဘောကျနေရင် ဖြစ်တာပဲ ”
အား!!!!!!!!!!
ဘယ်လိုပြောပြော ဒီကောင့်လက်ထဲက မလွတ်တာကြောင့် ရှား အော်လိုက်ပြီး စောင်ခေါင်းမြီးခြုံကာ အိပ်ချလိုက်တော့သည်။ ခိုက်ရဲ့ ခပ်တိုးတိုးရယ်သံကို သူ စောင်အောက်ကနေ ကြားနေရသည်။ ခဏကြာတော့ ခိုက်ရဲ့လက်တစ်ဖက်က စောင်ထဲကို လျှိုဝင်လာတာကြောင့် ရှား အလန့်တကြားနဲ့ ထ,ထိုင်မိသည်။
“ ဘာ… ဘာလုပ်မလို့လဲ ”
“ ဒေါက်တာ့ကိုယ်ငွေ့တွေ နည်းနည်းပူနေလို့ ကိုယ် စမ်းကြည့်မလို့လေ ”
“ ရ… ရပါတယ်… ကိုယ့်ဘာသာကိုယ်ပဲ စမ်းလိုက်ပါမယ် ”
“ ကျစ်!!! ငြိမ်ငြိမ်နေစမ်း.. ”
အသည်းအသန်တားနေတဲ့ ရှားလက်နှစ်ဖက်ကို ရင်ဘတ်နားမှာ ဆွဲထားလိုက်ပြီး နဖူးလေးကို စမ်းကြည့်လိုက်တော့ အဖျားငွေ့နည်းနည်းရှိနေသည်။ မျက်ခမ်းစပ်တွေကလည်း နည်းနည်းရဲလို့နေသည်။ မနက်က ခိုက် နမ်းလိုက်တဲ့အချိန်တုန်းကတောင် ကိုယ်မပူသေးပါ။
“အဖျားငွေ့နည်းနည်းရှိနေတယ်… တစ်ခုခုစားပြီး ဆေးသောက်ရမယ် ”
ရှားရှေ့က ဆရာဝန်ကို ဆရာပြန်လုပ်နေတဲ့ လူကိုကြည့်ပြီး ရယ်ချင်လာတာကြောင့် ရှားပါးစပ်ကိုစေ့ထားပြီး ရယ်နေမိသည်။ ပခုံးသားတို့က တလှုပ်လှုပ်ဖြစ်လာတာကြောင့် ခိုက်က ရှားကိုကြည့်ပြီး မျက်မှောင်ကြုံ့လာသည်။
“ ဘာရယ်တာလဲ ”
“ ဟမ်.. အော်… ငါက ဆရာဝန်ပါနော် ”
“ ဆရာဝန်လည်း လူပဲ… မသေမျိုးမှ မဟုတ်တာ … ဖျားနာနိုင်တာပဲလေ.. ကိုယ် စားဖို့တစ်ခုခု ယူလာခိုင်းလိုက်မယ် ”
ရှား ဘာမှထပ်မပြောတော့ပဲ ငြိမ်နေလိုက်သည်။ ခိုက်ကတော့ သူ့တပည့်တွေကို ရှားအတွက် လိုအပ်တာတွေယူပြီး အပေါ်တက်လာဖို့ ဖုန်းဆက်မှာနေသည်။ ပြီးတော့ တံခါးကိုလော့ခ်သွားဖွင့်ပေးထားပြီး ရှားအနားမှာ လာပြန်ထိုင်သည်။
“ ကိုယ် တောင်းပန်ပါတယ်… ဒေါက်တာ ”
“ ဘာကိုလဲ … ဖျားတာလား… ငါက အအေးမခံနိုင်လို့ ဖြစ်တာ.. ဖြစ်နေကြပဲ.. စိုးရိမ်စရာမရှိဘူး ”
“ မဟုတ်ပါဘူး … အရာအားလုံးအတွက်ပါ … ကိုယ် ဒေါက်တာ့အပေါ် ဒီလိုမလုပ်ခဲ့သင့်ဘူး ”
“ ဟင်…အော်… အင်း..”
ဖြစ်ပျက်ခဲ့သမျှတွေနဲ့ ပတ်သက်ပြီး ရှား စိတ်မဆိုးဘူးလားလို့ မေးရင် စိတ်ဆိုးပါသည်။ ဒါပေမဲ့ ဖြစ်ပြီးသွားခဲ့ပြီမို့ ရှား ဘယ်သူ့ကိုမှ ဘာမှထပ်မပြောချင်တော့။ နောက်ထပ်လည်း ဒီလိုဖြစ်စရာ အကြောင်းမရှိတော့တာကြောင့်။ သိပ်မကြာခင်ဆို ရှားက နယ်မြို့လေးတစ်မြို့ကို ပြောင်းတော့မှာမို့ ခိုက်နဲ့လည်း ထပ်တွေ့စရာအကြောင်းမရှိနိုင်တော့။ သူက ဒီကထွက်သွားနိုင်ရင် အရာအားလုံးကို မေ့ပစ်လိုက်တော့မှာမို့။
>>>>>>>>>>
ဒေါက် ဒေါက် ဒေါက်
“ ဝင်ခဲ့ … ”
ဆယ်မိနစ်လောက်ကြာပြီးတော့ မိုးထိဘွားနဲ့ မက်စ်က လင်ပန်းကိုယ်စီကိုင်ပြီး အပေါ်တက်လာသည်။ အငွေ့တထောင်းထောင်း ထ,နေတဲ့ကြက်သားစွပ်ပြုတ်ကြောင့် ရှားရဲ့အူမကြီးက အဆမတန်ကို အလုပ်လုပ်လာသည်။
ဂွီ…ဂွီ
တံထွေးတွေခိုးမြိုချနေတုန်း ဗိုက်ထဲကကြေးစည်သံ ထွက်လာတာကြောင့် အကုန်လုံးက ရှားကိုကြည့်လာသည်။ ရှားကတော့ရှက်သွားပြီး ခေါင်းပြန်ဖော်မလာတော့။ ခိုက်က ရှားကိုကြည့်ပြီး ပြုံးလိုက်တော့ မိုးထိဘွားနဲ့ မက်စ်က အချင်းချင်းမျက်စပစ်လိုက်သည်။ ‘ ဒါ ငါတို့ဂိုဏ်းချုပ်မှ ဟုတ်ရဲ့လား ’ ဆိုတဲ့ သဘောနဲ့ ။
သူတို့အလုပ်အတူတူ လုပ်လာတာ ဂိုဏ်းချုပ်ဆယ့်သုံးနှစ်သားအရွယ်လောက်ထဲက။ အဲ့တုန်းကတော့ ဂိုဏ်းချုပ်အနေနဲ့မဟုတ်ပဲ လက်ရှိဂိုဏ်းရဲ့လေ့ကျင့်ရေးတပ်သားတွေအနေနဲ့ သူတို့သုံးယောက်အတူဆုံဖြစ်ခဲ့ကြသည်။
ငယ်ငယ်လေးနဲ့ အရာရာမှာ ထက်မြက်လွန်းတဲ့ ကောင်လေးက ငါးနှစ်ကြာလို့ အသက်ပြည့်ပြီးချိန်မှာတော့ ခုလက်ရှိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာခဲ့သည်။ ဆယ်နှစ်လောက်ရှိပြီးဆိုပေမယ့် တစ်စုံတစ်ယောက်ကို ပြုံးပြဖို့မပြောနဲ့ မိဘတွေနဲ့တွေ့ရင်တောင် အေးတိအေးစက်ပဲ နေတတ်တဲ့ဂိုဏ်းချုပ်က ဒီဆရာဝန်လေးကို ပြုံးပြီးကြည့်နေတာတဲ့လား။
“ ရ… ရတယ်… အဲ့လောက်မအေးဘူး ”
ခိုက်က ဝတ်ထားတဲ့ကုတ်ကိုချွတ်ပြီး ရှားကိုယ်ပေါ်ခြုံပေးလာတာကြောင့် ငြင်းလိုက်တော့ ရှားနားကို တိုးတိုးလေးကပ်ပြီး ပြောလာသည်။
“ လည်ပင်းနားက အမှတ်တွေကို ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ မတွေ့စေချင်ဘူး… ဘာလို့လဲဆိုတော့ အဲ့ဒါက သိပ်ပြီးဆွဲဆောင်မှုရှိနေလို့ သူများတွေကို မမြင်စေချင်ဘူး ”
ရှားလက်တို့က ကတုန်ကယင် ဖြစ်လာပြီး ကိုင်ထားသည့်ဇွန်းပင် လွတ်ကျသွားသည်။ ဘာမှန်းမသိပေမယ့် ဒီကောင့်နားနေရတာ အန္တရာယ်များလွန်းသည်။ တကယ်ကိုပဲ စားနေကြ ကြောင်ပါးကြီးတွေလိုပင်။
“ မင်းတို့ ထွက်သွားတော့ ”
“ ဟုတ်ကဲ့.. အစ်ကိုလေး ”
မိုးထိဘွားနဲ့ မက်စ်တို့ထွက်သွားပြီးတော့မှ ခိုက်က ရှားကိုကြည့်ရင်း ပြောလာသည်။
“ ဘာလဲ… ရင်ခုန်သွားတာလား ”
“ ဘာ… ဘာကို ရင်ခုန်ရမှာလဲ.. ခွေးစကားတွေ ”
အထစ်ထစ်အငေါ့ငေါ့နဲ့ ငြင်းနေပေမယ့် နီရဲနေတဲ့ နားရွက်လေးတွေကတော့ ညာမရခဲ့။ ခိုက်က ပန်းကန်ကိုလှမ်းယူလိုက်ပြီး ခွံကျွေးဖို့ပြင်လိုက်တော့
“ ရတယ်.. ကိုယ့်ဘာသာကိုယ်ပဲ….”
“ ဒေါက်တာ စွပ်ပြုတ်ကို ကိုယ့်လက်နဲ့ခွံ့ကျွေးရမလား…. ဒါမှမဟုတ် ကိုယ့်နှုတ်ခမ်းနဲ့….”
“ ဒီ… ဒီအတိုင်းပဲ ခွံ့လိုက်ပါတော့ ”
မနက်စာစား ဆေးသောက်ပြီးတော့ ခိုက် က သူ့ကိုပြန်နားဖို့ ပြောလာတာကြောင့်
“ ငါ ..ဆေးရုံသွားရမယ်… ခွင့်မတိုင်ပဲ ပျက်ရင်ဌာနမှူးက ပြောလိမ့်မယ်.. ပြီးတော့ ကြည့်ရမယ့်လူနာတွေ ရှိသေးတယ် ”
“ အဲ့ကိစ္စတွေ ခေါင်းထဲမထည့်ထားနဲ့ … ဒေါက်တာကိုယ်တိုင်ကမှ နေမကောင်းတာကို လူနာတွေ ဘယ်လိုကြည့်မလဲ .. ဘာမှမတွေးပဲ ပြန်အိပ်လိုက် ”
ရှားလည်း ဘာမှဆက်မပြောတော့ပဲ ငြိမ်နေလိုက်ရင်း ခဏကြာတော့ ဆေးအရှိန်ကြောင့် ပြန်အိပ်ပျော်သွားသည်။ သူ ကောင်းကောင်းနားဖို့လိုနေပြီလေ။ အိပ်မောကျသွားတဲ့ရှားကို စောင်သေချာခြုံပေးလိုက်ပြီး ကိုယ်ငွေ့နွေးနွေးလေးရှိနေတဲ့ နဖူးလေးကို တတိယအကြိမ်မြောက် ဖွဖွလေးနမ်းလိုက်သည်။
“ ဝေဒနာတွေ မြန်မြန်သက်သာ ပျောက်ကင်းပါစေ … မောင့်ရှား ”
>>>>>>>>>>
ခိုက်အောက်ထပ်ပြန်ဆင်းလာတော့ မိုးထိဘွားနဲ့ မက်စ်က ဧည့်ခန်းထဲမှာ စောင့်နေသည်။ ခိုက် ဧည့်ခန်းထဲမှာ ဝင်ထိုင်ပြီး မိုးထိဘွားကို ပြောလိုက်သည်။
“ သူ အလုပ်လုပ်နေတဲ့ ဆေးရုံက ဘယ်သူ့အပိုင်လဲ … အဲ့ဒီဆေးရုံမှာ ဘာတွေလိုအပ်လဲ စုံစမ်းထားလိုက် … ပြီးတော့ သူ့ဌာနမှူးအိမ်ကိုသွားပြီး ရေလောင်းထားလိုက် …”
“ ဟုတ်ကဲ့.. အစ်ကိုလေး ”
မိုးထိဘွားက ခပ်မြန်မြန်ပဲ အဖြေပေးပြီး ထွက်သွားသည်။
“ မက်စ်… မင်းက ဆေးရုံနဲ့နီးတဲ့နေရာမှာ condo ဖြစ်ဖြစ်.. villa ဖြစ်ဖြစ်..ရှာထားလိုက်.. ဒီရက်ပိုင်းထဲမှာ အဆင်သင့်နေလို့ရအောင် လုပ်ထား.. ပြီးတော့ ကားအသစ်တစ်စီး လိုချင်တယ် .. ဒယ်ဒီက ငါ့ကို shadow လိုက်ဖို့ ချန်ထားခဲ့တဲ့လူတွေရှိတယ်… အဲ့ကောင်တွေကို နည်းနည်းဆုံးမလိုက်... ခြေလွန်လက်လွန်တော့ မဖြစ်စေနဲ့.. ”
“ ဟုတ်ကဲ့… အစ်ကိုလေး.. ”
ထွက်သွားဖို့ပြင်နေတဲ့ မက်စ်ကို ခိုက် ပြန်ခေါ်ပြီး ထပ်ပြောလိုက်သည်။
“ ငါ အခုခိုင်းလိုက်တဲ့ကိစ္စတွေကို မင်းရယ် မင်းကိုယ်စောင့်နတ်ရယ်ပဲ သိပါစေ… အထူးသဖြင့် ဒယ်ဒီမသိစေနဲ့ .. သိသွားခဲ့ရင် မင်း ....”
ခိုက် လည်ပင်းကို လက်ညှိုးနဲ့ ကန့်လန်ဖြတ်ပုံစံ လုပ်ပြလိုက်သည်။ သူတို့ကျင်လည်နေတဲ့ လောကမှာ နှုတ်လုံဖို့နဲ့ သစ္စာရှိဖို့က အဓိကပဲမို့ လျှို့ဝှက်ထားတဲ့ ကိစ္စတွေ ပေါက်ကြားသွားခဲ့ရင် ထိုလူအတွက် ဒုတိယအခွင့်အရေးဆိုတာ ဘယ်တော့မှမရှိ။
“ ဟုတ်ကဲ့… အစ်ကိုလေး စိတ်ချပါ.. ”
အကုန်လုံးထွက်သွားတော့ ဧည့်ခန်းထဲမှာ ခိုက် တစ်ယောက်သာ ကျန်ခဲ့သည်။ TV စင်ဘေးနားက ဒယ်ဒီ့ဓာတ်ပုံကို လှမ်းကြည့်လိုက်ပြီး ခိုက် တိုးတိုးလေး ရေရွတ်လိုက်သည်။
ဒယ်ဒီက ကိုယ့်ကို သိပ်လျှော့တွက်လွန်းတာပဲ ..အဟက်
>>>>>>>>>>
Tbc…..
1xonly
(21/8/29)