🍁Daffodils:အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
ဘသိန်းရဲ့ဆေးရုံစာအုပ်ကိုကိုင်ရင်း ဆေးရုံရောက်တော့နွေဦး တွေ့ချင်တဲ့လူကိုအရင်သွားရှာတယ်။
"ဒေါက်တာခေမီ့ကိုတွေ့မိလား"
နွေဦးရဲ့ အလောတကြီးပုံကို မမြင်ဖူးသလိုပုံမျိုးနဲ့ နပ်စ်မလေးက တခဏလောက်ကြောင်ကြည့်နေပြီးခါမှ ခွဲခန်းဘက်ကို လက်ညိုးညွှန်ပြီး...
"ဒေါက်တာခေမီ ခွဲခန်းဝင်နေတယ် ဆရာ..ဆရာဘာအရေးကြီးကိစ္စရှိ...."
"မရှိပါဘူး..ကျေးဇူးပဲ"
နွေဦးကိုယ့်စိတ်ကို ကိုယ်ငြိမ်အောင်ထိန်းထားပြီး နာ့စ်ရှေ့ကနေ ထွက်လာခဲ့တယ်။ဆေးရုံမှာ ရာထူးကြီးတစ်ယောက်ဖြစ်တဲ့ နွေဦးက စိတ်လိုက်မာန်ပါ တွေဖြစ်လို့မရဘူး။အဆင်မပြေဘူး..သူ့အတွက်ရော ခေမီ့အတွက်ရော..ဆေးရုံအတွက်ရောပေါ့။ရောဂါ အမည်တပ်တာက မှားယွင်းတတ်တာမျိုးဆိုတော့ နွေဦး အနေနဲ့ ကိုယ်ရေးကိုယ်တာခံစားချက်နဲ့သွားရောထွေးပြီး ပြဿနာကိုကြီးအောင်လုပ်ပစ်တာမျိုး မဖြစ်စေချင်ဘူး။
ရုံးခန်းရောက်တော့ လူနာChartမှာ ရေးနေတဲ့မိုးပင်လယ်က မော့ကြည့်ပြီးပြုံးပြလာတော့ သူ့စိတ်ထဲမှာ နည်းနည်းလေးတော့ အေးချမ်းသွားသလိုဖြစ်သွားရတယ်။ဒါပေမဲ့ နွေဦး ပြန်ပြုံးပြမိလား မပြုံးပြမိဘူးလားတောင် ကိုယ့်ကိုကိုယ် သတိမထားမိတော့ပဲ ဒီနေ့ရဲ့ ခွဲစိတ်စာရင်းကိုပဲကြည့်ချင်နေတယ်။ခွဲစိတ်စာရင်းကိုကြည့်ပြီး ခေမီဘယ်အချိန်အားမလဲဆိုတာပဲသိချင်နေတယ်။
လူတွေကစိတ်လှုပ်ရှားနေရင် အရမ်းသိသာတယ်။ဘယ်လိုပဲဖုံးဖိဖုံးဖိ သူတို့ရဲ့ အကြည့်တစ်ချက် လှုပ်ရှားမှုတစ်ခုနဲ့တင် ပေါ်နိုင်တာပဲ။ခုလဲနွေဦးရဲ့ အတင်းဖုံးဖိထားတဲ့ တည်ငြိမ်မှုက နွေဦး စားပွဲပေါ်မှာရှုပ်ယှက်ခတ်လောက်တဲ့ထိ ရှာနေမိတဲ့ နေ့စဥ်ခွဲစိတ်စာရင်းက မျက်စိရှေ့တည့်တည့်ရောက်နေတာတောင်မမြင်နိုင်ဘူး ဖြစ်နေတဲ့ နေရာမှာပေါ်တာပဲ။
နွေဦးရဲ့ ယောက်ယက်ခတ်နေတဲ့ လက်ကို နွေးထွေးတဲ့ လက်ကြီးကြီးသွယ်သွယ်က လာပြီးအုပ်ကိုင်လိုက်ပြီး...
"နွေဦး!ဘာရှာနေတာလဲ"
နွေဦး မော့မကြည့်ဘဲ မေးလိုက်တယ်..."ဒီနေ့ခွဲစိတ်စာရင်း...ခင်ဗျားတွေ့မိလား"
"အင်းတွေ့မိတယ်..အဲ့တာက နွေဦးလက်အောက်မှာပဲလေ..အဲ့တာကိုနွေဦး ကိုင်လိုက်အခြားဟာတွေနဲ့ဖုံးပစ်လိုက်လုပ်နေတာ"
"သြော်..ဟုတ်လား..ကျေးဇူးပဲ..ခင်ဗျားသာမပြောရင် ကျွန်တော်ဒီနေ့အဖို့ရှာလို့တောင်တွေ့မှာမဟုတ်ဘူး"
နွေဦး လေပူကို"ဟူး" ခနဲမှုတ်ထုတ်ပြီး ထိုင်ခုံမှာ ခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်။
"နွေဦး..ဘာဖြစ်နေတာလဲ.."
မိုးပင်လယ်က နူးနူးညံ့ညံ့လေးမေးလာတယ်။မိုးပင်လယ်နဲ့ပတ်သတ်ပြီး နွေဦးရဲ့ အကြီးမားဆုံးအားနည်းချက်ကတော့ မိုးပင်လယ်ကစကားကိုနူးနူးညံ့ညံ့နဲ့တိုးတိုးဖွဖွလေးပြောလာရင် သူလုံးဝခံနိုင်ရည်မရှိဘူး။မိုးပင်လယ်ကသူ့ကိုအဲ့လိုအသံနဲ့မေးရင် သေးသေးမွှားမွှားကိစ္စလေးကနေစပြီး သူ့ရဲ့အုတ်ဂူထဲထိသယ်သွားရမဲ့ လျို့ဝှက်ချက်တွေအထိ ပြောပြချင်တဲ့စိတ်ဖြစ်လာတယ်။ပုံမှန်ဆို နွေဦးက မေးခွန်းတိုင်းကိုလိုက်ဖြေနေတတ်တဲ့ စရိုက်မရှိဘူး။သူ့မေမေကိုတောင်မှပဲ...ခုတော့ မိုးပင်လယ်က ချွင်းချက်ပေါ့...
မိုးပင်လယ်ကို သူဘယ်တုန်းက အဲ့လောက်ထိသဘောကျသွားရတာတုန်း!
ခုလဲ နွေဦးရဲ့အားနည်းချက်လိုဖြစ်နေတဲ့ အသံလေးနဲ့မေးလာတော့ သူဖြေရဦးမယ်။သိပ်တော့မပြောပြလိုက်ပါဘူး...ဘသိန်းအိမ်ကိုသွားတာကနေစပြီး အဲ့အိမ်မှာဘသိန်းကြောင့်သူဘယ်လောက်လန့်ခဲ့ရတာက အလယ် နောက်ဆုံးခေမီ့ကိုဒေါသထွက်ပြီး ဆောက်တည်ရာမရ ဆေးရုံရောက်လာတာအဆုံး ပြောပြလိုက်တယ်။
နွေဦးရဲ့စကားဆုံးတော့မိုးပင်လယ်က နှစ်သိမ့်သလို ခပ်ဖွဖွလေးပြုံးပြီး ရေနွေးတစ်ခွက်ကိုသွားထည့်ယူလာပြီးနွေဦးလက်ထဲ ထည့်လာပေးတယ်။
"နွေဦးလက်တွေအေးနေတယ်..ရေနွေးခွက်ကိုကိုင်ထား..ကိုယ်က ကိုင်ပေးထားလို့ရပေမဲ့..ဆေးရုံမှာမို့လို့"
"ခင်ဗျားလက်တွေကပိုနွေးတာကို"
နွေဦးစကားအဆုံးမှာတော့ မိုးပင်လယ်က သူ့ထိုင်ခုံကို နွေဦး ထိုင်ခုံနဲ့ အနီးဆုံးထိဆွဲယူပြီး ထိုင်လိုက်ကာ နွေဦး လက်တွေကို သူ့လက်တွေကြားထည့်ထားလိုက်တယ်။တကယ်လုပ်မယ်လို့ မထင်တဲ့ နွေဦးက လန့်ဖြန့်သွားရပြီး ခေါင်းတွေ တောင်လှည့်မြာက်လှည့်ဖြစ်ကုန်တယ်။
"ဟေ့လူ..ခင်ဗျား...ကျွန်တော်ပြောတိုင်းလုပ်ရလား"
"အင်း...လုပ်ရမှာပေါ့..နွေဦးက ကိုယ့်ကောင်လေးလေ..ကိုယ့်ကောင်လေးလိုချင်တာထက် ဘယ်သူကအရေးပါလို့လဲ"
နွေဦးစိတ်ထဲမှာ ချိုမြိန်မှုတွေနဲ့ ပြည့်နှက်သွားပြီး နှုတ်ခမ်းတွေပါကွေးညွှတ်ကုန်တယ်။ချိုမြိန်မှုလေးတွေက ကောင်းပေမဲ့ အချိန်မှန်နေရာမှန် မဟုတ်တာကတော့ ရင်နာစရာပဲ..ဆေးရုံမှာသာမဟုတ်ရင် မိုးပင်လယ်ကို သူ့အနားကိုဆွဲယူပြီးမွှေးမွှေးပေးမိမှာပဲ။ခုတော့ မိုးပင်လယ်ရဲ့ ရင်ဘက်ကို ပြန်တွန်းလိုက်ပြီး...
"ဆေးရုံမှာလေဗျာ.."
"ဟုတ်ပါပြီ..ဒါပေမဲ့ နွေဦးသာ လိုချင်ရင် ကိုယ့်ရင်ခွင်ကိုလဲ ငှားပေးလို့ရတယ်နော်..ပိုနွေးတယ်"
"ဟုတ်ပါပြီဗျာ.."
မိုးပင်လယ်က စဥ်းစားသလိုခဏငြိမ်နေပြီးမှ..
"ခေမီ့ကိုရှာပြီး နွေဦးဘာပြောမယ်စဥ်းစားထားလဲ"
"တကယ်တော့ ကျွန်တော် ခေါင်းတွေပူထူပြီးဆေးရုံရောက်လာတာ...တကယ်လို့ခေမီနဲ့သာတန်းတွေ့ရင် ကျွန်တော်ပရော်ဖက်ရှင်နယ်မဆန်တာတွေလုပ်မိမယ်ထင်တယ်...ဆရာဝန်ဆိုတာ ကိုယ့်စိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီး ကိုယ်ရေးကိုယ်တာနဲ့အလုပ်ခွဲထားရတာမျိုးလေ...ခုတော့ကျွန်တော် တော်တော်လေးကိုစိတ်ငြိမ်သွားပြီမို့လို့ သူနဲ့စကားကောင်းကောင်းပြောပြီးဆွေးနွေးနိုင်မှာပါ...ဒါပေမဲ့ ခေမီက စကားပြောတာ မပြေပြစ်ရင် ကျွန်တော်လဲဒေါသထိန်းစရာမလိုအောင် ညနေကျမှ သူ့အိမ်သွားပြောမယ်"
"ဟင်...အိမ်ထိတောင်သွားပြောမှာလား"
"အင်း...အိမ်ထိသွားပြောတာကလဲ ခေမီကရောဂါအမည်တပ်တာ မှားသွားမျိုးဆို သူအရှက်ကွဲမှာစိုးလို့"
မိုးပင်လယ် က နှုတ်ခမ်းကိုမဲ့တဲ့တဲ့လေးလုပ်ကာကုလားထိုင်နောက်ကျောကိုမှီချလိုက်ပြီး..
"အင်း..အင်းဟုတ်ပါပြီ...အချစ်ဦးဆိုတော့လဲ အဲ့လောက်တော့ဂရုစိုက်ပေးရမှာပေါ့"
"ပေါက်ကရတွေ...မဟုတ်တာတွေမပြောစမ်းပါနဲ့"
"မဟုတ်ဘူးလား...ဘာကိုဂရုစိုက်လို့အိမ်ထိတောင်သွားပြောမှာလဲ..ဒီတိုင်းဆေးရုံမှာပြောလဲရနေသားနဲ့ကို"
"ကျွန်တော်သူ့ကိုဂရုစိုက်တယ်...ဒါပေမဲ့သူ့ကိုကျွန်တော်နှစ်တွေအများကြီးကြိုက်ခဲ့လို့မဟုတ်ပါဘူး..ကျွန်တော်တို့နှစ်တွေအများကြီးသူငယ်ချင်းဖြစ်ခဲ့ကြတာ..ခုချိန်မှာသူနဲ့ဘယ်လိုဆက်ဆံရေးဖြစ်နေပါစေ သူ့ရဲ့သိက္ခာအတွက်ကျွန်တော်ကာကွယ်ပေးချင်တယ်"
"ကိုယ့်ကောင်လေးက အရမ်းကိုစိတ်ကောင်းရှိတာပဲ..ဒီတိုင်းကြည့်ရင်တော့လုံးဝကိုမထင်ရဘူး...ဂွစာလိုလိုဘာလိုလိုနဲ့"
"ဟုတ်တယ်...အဲ့ဂွစာကခင်ဗျားတွဲနေတဲ့လူပဲ..စိတ်တောင်မကောင်းဘူး"
မိုးပင်လယ် သဘောတကျနဲ့ တစ်သိမ့်သိမ့်ရယ်ရင်း..."ဟုတ်တယ်...နွေဦးက ကိုယ့်လူပဲ...အဲ့ဒါကြောင့် ကိုယ့်ရှေ့မှာတခြားလူကိုဂရုစိုက်နေတာမျိုးတော့မကြိုက်ပါဘူး"
"ကျွန်တော် လူနာတွေကိုလဲဂရုမစိုက်ရတော့ဘူးလား"
မိုးပင်လယ်က နှာခေါင်းရှုံ့လိုက်ပြီး..
"မင်းကတော့တကယ့်ဂွစာပဲ...ကိုယ်ကြိုက်တယ်"
နွေဦးအကဲပိုလွန်းတဲ့ မိုးပင်လယ်ကို နိုင်အောင်မပြောနိုင်တော့တာေကြာင့် မျက်ဆံပဲလည်ပြပြီး မတတ်နိုင်တော့ဘူးဆိုတဲ့အကြောင်းပြလိုက်တော့ မိုးပင်လယ်က သူ့နှာခေါင်းကို မနေနိုင်မထိုင်နိုင်ဆွဲညှစ်ပြီး ထိုင်ရာကနေထရင်း..."ကိုယ် လူနာတွေဆီသွားဦးမယ်"
"အိုခေ...သြော်...ကိုမိုးပင်လယ်.."
ထွက်သွားခါနီး မိုးပင်လယ်ကသေချာ ရပ်လိုက်ပြီး..
"အင်း"
"ကျေးဇူးတင်ပါတယ်..ကျွန်တော်ခုနက ရှုးရှုးရှဲရှဲတွေဖြစ်နေတာ..ခင်ဗျားကြောင့်စိတ်ပြန်ငြိမ်သွားတာ"
နွေဦး စကားကတော့ရိုးရိုးလေးပဲ..ဒါပေမဲ့ သူ့ကြောင့်စိတ်ငြိမ်သွားရတယ် ဆိုတာက အရမ်းကို ..အရမ်းကိုချစ်စရာကောင်းလွန်းလို့သူ့ရင်ကိုတောင်တလှပ်လှပ်နဲ့ခုန်လာစေတယ်။
မိုးပင်လယ် မျက်နှာမှာ အပြုံးကြီးက ဖုံးမရဖိမရပေါ်လာပြီး...
"အိုး..ရင်ထဲကိုထိသွားတာပဲနွေဦးရာ..ဒီအခန်းထဲက မထွက်ဘဲ မင်းဘေးမှာပဲနေချင်အောင်မလုပ်ပါနဲ့လား"
"အပိုတွေလုပ်ပြီ...ခင်ဗျား"
"တကယ်ပြောတာ...ကိုယ်တကယ်အခု နွေဦးနားမှာပဲကပ်ပြီးနေချင်နေပြီ"
"ကျစ်!ဒေါက်တာမိုးပင်လယ်ပြာ ခင်ဗျ..လူနာဆီသွားပါတော့ခင်ဗျ"
"ဟုတ်ကဲ့ပါ ဆာဂျင်ခင်ဗျ..ကျွန်တော့်ကိုခွင့်ပြုပါဦး"
နွေဦးခေါင်းညိတ်ပြလိုက်တော့ မိုးပင်လယ်ပြုံးပြုံး ပြုံးပြုံးနဲ့ထွက်သွားတယ်။နွေဦးအောက်နှုတ်ခမ်းကို အသာအယာဖိကိုက်ပြီး ညနေကျခေမီနဲ့တွေ့ရင် ဘာတွေပြောရမလဲဆိုတာစဥ်းစားနေမိတယ်။
_____________________
ညနေ နွေဦး ခွဲခန်းက ထွက်လာတော့ ၆နာရီတောင်ထိုးတော့မယ်။ခေမီကအိမ်ပြန်ရောက်နေရောပေါ့။
ခေမီ့ အိမ်ရှေ့ကိုရောက်တော့ သူချက်ချင်း တန်းမဝင်သေးဘဲ ခြံတံခါးဝမှာ ရပ်နေမိသေးတယ်။သူနဲ့ခေမီ ဘယ်တုန်းကများ ဒီလိုခက်ခဲတဲ့ဆက်ဆံရေးကို ရောက်သွားရတာလဲ။သူ့မှာ သူငယ်ချင်းဆိုတာက အရမ်းရှားတယ်...အတန်းဖော် ကျောင်းသွားဖော် တွေရှိပေမဲ့ သူငယ်ချင်းဆိုတာက ပို Levelမြင့်တဲ့အဆင့်လို့ သတ်မှတ်ထားတဲ့ နွေဦးမှာ ခေမီက ရှားရှားပါးပါးသူငယ်ချင်းပဲ။
ပြောမနာဆိုမနာ သွေးသားရင်းချာတွေလို ရင်းနှီးဖူးတဲ့ဆက်ဆံရေးက အခုဆို သူစိမ်းတွေထက်တောင် အေးစက်နေသေးတယ်။အဲ့လိုဆက်ဆံရေးကို ဖျက်ဆီးခဲ့မိတာက သူလား..ဒါမှမဟုတ် သူ့ကို အတွေးများစေပြီး သူ့အချစ်တွေကို ပျက်ရယ်ပြုခဲ့တဲ့ခေမီလား...သူလဲတကယ်ကိုမတွေးတတ်တော့ဘူး။ခုတော့ သူတို့နှစ်ယောက်က သူစိမ်းထက် စိမ်းနေတဲ့ဆက်ဆံရေးပဲ။
အတွေးတွေကိုရပ်ပြီးနွေဦးသက်ပြင်းချရင်းခြံထဲဝင်လိုက်တယ်။ခေါင်းလျော်ပြီးစ ဆံပင်ကိုတဘတ်နဲ့ပတ်ပြီး ထွက်လာတဲ့ခေမီနဲ့ အိမ်တံခါးဝကိုရောက်လာတဲ့နွေဦးနဲ့ တန်းတွေ့လို့ အကြီးအကျယ်အော်ခေါ်စရာမလိုလိုက်ဘူး။
အဆင်သင့်တာပေါ့..
သူ့ကိုမြင်တော့ ခေမီ မျက်မှောင်ကြုံ့သွားပြီး ...
"နွေဦး!!"
ခေမီက မျက်နှာတည်တည်နဲ့ တံခါးကိုမဖွင့်ချင်ဖွင့်ချင်လာဖွင့်တယ်။သူ့ပုံစံက မသိရင် နွေဦးကပဲ သူ့ကိုမတော်မတရား ကြံမဲ့ပုံနဲ့...တော်ပါ!!
"နင်ဒီချိန်ကြီး ဘာလာလုပ်တာလဲ"
"နင့်ကိုမေးစရာရှိလို့"
"ဘာလဲ!"
အိမ်ပိုင်ရှင်က ထိုင်ပါဘာညာခေါ်မနေလို့ နွေဦးကိုယ့်အသိစိတ်နဲ့ကိုယ်ပဲထိုင်ခုံမှာထိုင်ရင်းသိချင်တာကိုမေးလိုက်တယ်။
"နင် OPDမှာ ဘသိန်းကိုကြည့်ပေးလိုက်တယ်မလား"
ခေမီက မျက်လုံးက စူးခနဲဖြစ်သွားပြီးမှတစ်ချက်ပြုံးလိုက်ကာ..
"ငါက OPD Caseတွေပါ အကုန်လိုက်မှတ်ပြီး နင့်ကိုပြောပြနေရမှာလား"
"မဟုတ်ဘူး...နင် ဘသိန်းကိုကြည့်ပေးလိုက်ပြီး ဘာလို့ တိကျတဲ့ဆေးကုသမှုမပေးလဲဆိုတာကိုသိချင်တာ"
"ငါမမှတ်မိဘူး"
နွေဦး ဆေးရုံစာအုပ်ကို စားပွဲခုံပေါ် ပစ်ချပေးလိုက်ပြီး..
"မမှတ်မိရင် ပြန်ဖတ်ကြည့်...နင်သေချာရေးထားတဲ့လူနာHistoryကို...ပြီးတော့နင် အဲ့ဒါကိုဘယ်လိုရောဂါအမည်တပ်မလဲငါ့ကိုပြော"
ခေမီစိတ်မရှည်သလိုရုပ်နဲ့ အစအဆုံးပြန်ဖတ်ပြီး..
"အစာအိမ်တစ်ခုခုဖြစ်နိုင်ချေရှိလို့ ငါဒီမှာဆေးရေးထား.."
"အစာအိမ် ဘာဖြစ်နိုင်ချေရှိတာလဲ...ခေမီ နင်ရှင်းအောင်ပြော"
နွေဦး စိတ်မရှည်တော့ပဲ လေသံမာမာနဲ့ စကားဖြတ်ပြောလိုက်တယ်။ခေမီက မမှုသလို နှုတ်ခမ်းကိုမဲ့ပြီး..
"ငါမသိဘူး"
"ဘာ"
နွေဦး အံ့ြသလွန်းလို့ 'ဘာ'ဆိုတာကိုတောင် လေသံနဲ့ပဲမေးနိုင်တော့တယ်။
"နင်မသိဘူး!!ဟုတ်လား..."
ခေမီက နှုတ်ခမ်းကိုမဲ့ကာ ကျစ်ခနဲစုတ်သတ်ပြီး ဒူးကိုချိတ်ထိုင်လိုက်ရင်း..."နွေဦး...နင်ဘာတွေအဲ့လောက်အသဲအသန်ဖြစ်နေတာလဲ..အဲ့လူနာနဲ့ နင်နဲ့ဘာတော်လို့လဲ..."
"ဘာ!!"
"မသိဘူးလေ!အမျိုးတော်လို့အဲ့လောက်ထိဂရုစိုက်နေတာလားလို့ငါသိချင်လို့ပါ"
"အမျိုးတော်မှ ဆွေမျိုးမှ ဂရုစိုက်ရမှာလား!"
ခေမီက ပုခုံးတွန့်ပြီး နှုတ်ခမ်းကိုမဲ့ကာ..
"အင်း..အဲ့လိုလားလို့!ဘာမှမဆိုင်တဲ့လူတစ်ယောက်ကိုဘာလို့အဲ့လောက်ထိခေါင်းထဲထည့်နေတာလဲနွေဦး"
"ဆရာဝန်တွေမှာ ဘာမှမဆိုင်တဲ့လူဆိုတာမရှိဘူး..လူနာတိုင်းကငါတို့နဲ့ဆိုင်တယ်"
"ဒါပေမဲ့ ငါတို့လူတိုင်းကိုလိုက်ကယ်လို့မှမရဘဲ..ဟုတ်တယ်မလား.."
"လူနာတိုင်းကိုကယ်လို့မရပေမဲ့ ကယ်လို့ရတဲ့လူနာတွေရှိတယ်လေ...ခေမီ နင်ဘယ်လိုစိတ်နဲ့ဆရာဝန်ဖြစ်လာတာလဲ"
"• • •"
"ခုဘသိန်းက အစာအိမ်ရောင်တဲ့လက္ခဏာတွေအပြင်အစာအိမ်ကင်ဆာဖြစ်နိုင်ချေရှိတယ်..မဟုတ်ဘူး ဖြစ်ဖို့ရာခိုင်နှုန်းကတော်တော်များတယ်..နင်အဲ့နေ့ စမ်းသပ်ထဲက သိလိုက်တယ်မလား"
"အေး!ငါသိလိုက်တယ်ဆိုရင်ရော..နင့်မှာ တိတိကျကျစမ်းသပ်ဖို့ဘာရှိလဲ..နင်လုပ်နိုင်မှအလွန်ဆုံး အာထရာစောင်း ရိုက်ရုံလောက်ပဲလေ..အစာအိမ်ကင်ဆာဟုတ်လားမဟုတ်လားကို သေချာသိရဖို့က အစာအိမ် မှန်ပြောင်းကြည့်မှရမှာ..နင့်မှာရှိလား"
"ဟ!ငါ့မှာမရှိလဲ ရှိတဲ့နေရာသွားကုလို့ရတယ်လေ..ဆေးရုံမှာပစ္စည်းမရှိဘူးဆိုတာနဲ့ ရောဂါဖြစ်တဲ့ လူတွေအကုန်လုံးကို အိမ်ပြန်လွှတ်တော့မလို့လား"
"• • •"
"အေးငါတို့မှာ ပစ္စည်းမရှိဘူးပဲထားဒါပေမဲ့ နင်ရောဂါလက္ခဏာတွေ့ရင် လူနာဘာလုပ်ရမယ်ဆရာဝန်နဲ့ဘယ်လိုဆွေးနွေးရမယ်ဆိုတာကို နင်လမ်းညွှန်ရမှာလေ"
"အေး!ငါကလမ်းညွှန်ပါပြီတဲ့ ကုစရာရောရှိလို့လားလို့"
ခေမီက နွေဦးကိုခပ်လှောင်လှောင်အပြုံးနဲ့ မေးလာတယ်။ခေမီ့ပုံစံက သူ့အပြစ်ဆိုတာ လုံးဝမရှိတဲ့ပုံမျိုးပဲ...
"နင့်ရဲ့ လူနာအပေါ်စိတ်ပါဝင်စားမှု မရှိတာကိုဆေးရုံမှာပစ္စည်းမစုံလို့ ဆိုတဲ့ပုံစံမျိုးလာမလုပ်နဲ့"
ခေမီက လန့်သွားသလို ပုံမျိုးနဲ့ ရင်ဘက်ကိုဖိလိုက်ရင်း...
"အဟန့်!!ဟုတ်ပါပြီ.."
"ခေမီဇူးဇန်..ငါ့အပေါ်နင်အဲ့လောက်ထိ မထိလေးစားမလုပ်နဲ့..ငါခုcaseကို နင့်သိက္ခာထောက်ပြီးအိမ်မှာပြောတာ ဒီတစ်ခါနောက်ဆုံးပဲ..နောက်တစ်ခါအဲ့လိုဖြစ်လာရင် နင့်ရဲ့အထက်လူကြီးတစ်ယောက်အနေနဲ့ငါဒီတိုင်းမနေဘူး"
"လူတိုင်း အမှားလုပ်တတ်တာပဲနွေဦး...ဒါလဲငါမှားသွားတာပဲလေ"
"လူတိုင်းအမှားလုပ်တတ်တယ်..ဒါပေမဲ့ နင်ကအဖြေမှန်သိရဲ့သားနဲ့ တမင်မှားထားတာ...ငါတကယ်ကိုနင်ဘယ်လိုစိတ်နဲ့ဆရာဝန်ဖြစ်လာလဲဆိုတာ နားမလည်ဘူး"
ခေမီက ဟန့် ခနဲပြုံးကာနွေဦးနဲ့နီးအောင် တမင်ရှေ့ကိုတိုးလာပြီး..."ငါဘယ်လိုစိတ်နဲ့ဆရာဝန်ဖြစ်လာလဲသိချင်လား!"
"• • •"
"နင်ကဆရာဝန်လုပ်လို့လေ!!နင်ကစာရေးဆရာလုပ်ရင် ငါစာရေးဆရာလိုက်လုပ်မှာ..နင်အင်ဂျင်နီယာဆို ငါလဲအင်ဂျင်နီယာပဲ"
နွေဦး မျက်မှောင်ကြုတ်နဲ့သာ ခေမီကိုကြည့်နေမိတယ်...ခေမီက လှလှပပလေးပြုံးရင်း...
"နွေဦး!နင်ကငါ့သူငယ်ချင်းမဟုတ်ဘူး...ငါတစ်သက်လုံးပြိုင်သွားရမဲ့ ငါ့ပြိုင်ဘက်..နင့်ကိုငါသူငယ်ချင်းလို့တစ်ခါမှ သဘောမထားဖူးဘူး"
နွေဦးဘာစကားမှမပြောနိုင်တော့ပဲသူ့ရှေ့မှာထိုင်နေတဲ့ခေမီ့ကိုတစ်ခါမှမမြင်ဖူးသလို စိုက်ကြည့်နေမိတယ်။သူမမြင်နိုင်မသိနိုင်တဲ့ လူ့စိတ်သဘောထားတွေ ဘယ်လောက်တောင်ရှိနေဦးမှာလဲ။နွေဦး အဲ့လိုအရာတွေမှာ မကျွမ်းကျင်သလို အကျွမ်းတဝင်လဲမရှိဘူး...ညံ့တယ်။လောကကြီးကအဲ့လိုပဲလား။
_____________________