ညနေခင်းရဲ့ဆည်းဆာရောင်လွှမ်းနေတဲ့ ကောင်းကင်ပြင်အောက်မှာ မျက်စိတစ်ဆုံး ကြည့်မကုန်နိုင်တဲ့ပန်းခင်းကြီးကို ငေးကြည့်နေတဲ့ လူရွယ်တစ်ယောက်။
တိုက်ခတ်နေတဲ့ဆောင်းလေအေးကြောင့် ထိုလူငယ်ဝတ်ဆင်ထားတဲ့ ကုတ်အရှည်အနားစတို့က လေထဲမှာတဖျတ်ဖျတ် လွင့်ခါနေလျက်။ ဒီအတိုင်းလေးပဲ ရပ်နေတာကိုပင် လူအများရဲ့အမြင်မှာ ထိုလူသားက ပြည့်စုံတယ်ဆိုတာထက် သာလွန်နေသည်။
အရှေ့တိုင်းနဲ့ အနောက်တိုင်းအလှနှစ်ခု ပေါင်းစပ်ထားတဲ့ ထိုလူရွယ်က အများအမြင်မှာ တော်တော်လေးကို ဆွဲဆောင်မှုရှိနေသည်။ ခြောက်ပေကျော်ရှည်တဲ့ အရပ်အမောင်းက လူတိုင်းမျက်စိကျရတဲ့ သူ့ရဲ့အားသာချက်။
ထူထဲနက်မှောင်တဲ့ မျက်ခုံးထူထူအောက်က အညိုရောင်မျက်ဝန်းတွေက ကြည့်မိသူတိုင်း ထပ်ခါထပ်ခါ ကျရှုံးသွားစေတဲ့ မာယာညွှတ်ကွင်းတစ်ခု။ ဒါပေမဲ့လည်း အမြဲလိုလိုတပ်ထားလေ့ရှိတဲ့ နေကာမျက်မှန်ကြောင့် လူအနည်းစုကသာ ထိုပျော်ဝင်ငြိတွယ်စရာကောင်းတဲ့ မျက်ဝန်းညိုကို တွေ့ဖူးကြသည်။
ဖြောင့်တန်းနေတဲ့နှာတံကို အဆုံးသတ်မှာ ပံ့ပိုးပေးထားတာက ခပ်ချွန်ချွန်နှာထိပ်လေး။ အမြဲလိုလို တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းက ပြီးပြည့်စုံတဲ့မျက်နှာရဲ့ အဓိကသော့ချက်ပဲဖြစ်သည်။ မည်းနက်နေတဲ့ ဆံပင်တွေက ဂုတ်အထိပင်ရှည်လို့နေသည်။ အောက်အဖျားတို့ကတော့ သဘာဝအတိုင်း လှိုင်းတွန့်ပုံစံ အနည်းငယ်ကောက်နေလျက်။
ရှေ့ဆံပင်တို့က အလယ်မကျတကျခွဲထားပြီး နဖူးပြင်ဘေးတစ်ဖက်တစ်ချက်စီမှာ ကပိုကရိုကျနေသည်။ ဆံပင်တစ်ဝက်ကို စည်းကာထုံးထားပြီး တစ်ဝက်ကိုချထားတဲ့ ထိုလူငယ်က ကောင်းကင်ဘုံက နတ်ဘုရားတို့ အချိန်ယူထုဆစ်ပြီး ဖန်ဆင်းထားတဲ့ နတ်သားလေးတစ်ပါးအလား။
ဒီလောက်ကောင်းခြင်းအဖြာဖြာ ပြည့်စုံနေတဲ့ ထိုလူငယ်က ဘယ်သူများပါလိမ့်။
သူကတော့ နိုင်ငံရဲ့ထိပ်တန်းသူဌေးတစ်ဦးဖြစ်တဲ့ ဦးမင်းကြွယ်တိုးရဲ့ တစ်ဦးတည်းသောသား သတိုးရှန်ခိုက်။
သိပ်မကြာခင်ကမှ နိုင်ငံရပ်ခြားကနေ ပြည်တော်ပြန်လာသူ။ ဆယ်ကျော်သက်အရွယ်ကတည်းက မြန်မာနိုင်ငံကနေ ထွက်သွားခဲ့ပြီး အခုအသက်နှစ်ဆယ့်သုံးနှစ်ပြည့်ပြီးမှ ဒီနိုင်ငံမှာ ပြန်ပြီးခြေချဖြစ်သည်။ ဒါကလည်း သူ့ဒယ်ဒီရဲ့ ဒုတိယအကြိမ်မြောက် မင်္ဂလာပွဲကြောင့်။
မြန်မာနိုင်ငံသားဖြစ်တဲ့ သူ့ဒယ်ဒီက အနောက်တိုင်းသူဖြစ်တဲ့ သူ့မာမီနဲ့ ဖူးစာပါခဲ့ပေမယ့် အိမ်ထောင်ရေးကတော့ စလယ်ဝင်ဖင်မမည်းခင်ကပဲ ကွဲခဲ့ကြသည်။ ပေါင်းစည်းခြင်း အထိမ်းအမှတ်အဖြစ် သူတစ်ယောက်တော့ အဖတ်တင်ခဲ့သည်ပေါ့။
ကလေးဘဝထဲက အရာရာပြည့်စုံနေတဲ့သူက မရနိုင်တဲ့ မိဘမေတ္တာကိုတော့ ထူထွေပြီးတောင့်တမနေခဲ့ပါ။ သူ့မိဘနှစ်ပါးလုံးက ချစ်ခြင်းမေတ္တာကလွဲရင် သူ့ကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးထားခဲ့သည်။
ဒယ်ဒီနဲ့ကွာရှင်းပြီး နေရပ်ကိုပြန်သွားတဲ့မာမီ့နောက်ကို ပါသွားခဲ့ရသော်လည်း ဒယ်ဒီက အလုပ်ခရီးထွက်တိုင်း သူ့ဆီရောက်,ရောက်လာတတ်သည်။ မြန်မာနိုင်ငံကို အလည်ပြန်လာစေချင်ကြောင်း အမြဲပြောတတ်ပေမယ့် သူကတော့ တစ်ခါမှ မပြန်ခဲ့။ ခုတော့ သူပြန်ရောက်လာခဲ့ရပြီ။
များပြားလွန်းတဲ့ ဒယ်ဒီ့ရဲ့အချစ်ရေးသတင်းတွေကို သူ အမြဲကြားနေရပေမယ့်လည်း အချိန်တန်ရင် ဒယ်ဒီ့ရဲ့ဉပဒေအရ အရေးယူဖြေရှင်းရပါလိမ့်မယ် ဆိုတဲ့ကြေညာချက်အပြီးမှာ ထိုသတင်းတွေက မြူမှုန်တစ်စလိုပဲ တိမ်မြုပ်ပျောက်ကွယ်သွားစမြဲ။ ရယ်တော့လည်း ရယ်ရသား။ သူ့ဒယ်ဒီလို တရားဉပဒေကို လက်တစ်လုံးကြား လှည့်စားနေသူက ဉပဒေကို အခြေပြုပြောပြီး လုပ်ကွက်လေးတွေပြသွားတာကြောင့်။
ဒီတစ်ခါမှာတော့ ထူးဆန်းလွန်စွာပဲ ဒယ်ဒီကသူ့ရဲ့အိမ်ထောင်အသစ်ကို အသိုင်းအဝိုင်းကြားမှာ တရားဝင်ချပြလာခဲ့သည်။ ဒီသတင်းက သူ့ကိုနည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သားဖြစ်တဲ့သူ့ကိုတောင် ကြိုတင်အသိပေးခြင်းမရှိပဲ စိတ်ထင်ရာကိုလုပ်သွားတဲ့ဒယ်ဒီနဲ့ ကိုယ့်အဖေအရွယ် ယောကျာ်းတစ်ယောက်ကို ကြည်ကြည်ဖြူဖြူ လက်ခံပေါင်းသင်းတဲ့ သူ့ရဲ့အသစ်စက်စက်မေမေလေးတို့ရဲ့ အချစ်ခရီးလမ်းကို လေ့လာဖို့ သူပြန်လာခဲ့ခြင်းဖြစ်သည်။
" အစ်ကိုလေး ခိုင်းထားတဲ့ကိစ္စ အောင်မြင်လာတယ်လို့ သတင်းပို့လာပါတယ် "
ခိုက် ပြည်တော်ပြန်လာထဲက အတူခေါ်လာခဲ့တဲ့ သူ့ရဲ့လက်ရွေးစင်တပည့်တွေထဲက တစ်ယောက်ဖြစ်တဲ့ မိုးထိဘွားက သူ့အနားကပ်ပြီး ပြောလာသည်။ တကယ်တော့ ခိုက်ကလည်း ခပ်ညံ့ညံ့လူစားထဲကတော့မဟုတ်။
အနက်ရောင်လောကထဲမှာ ကျင်လည်နေတဲ့ ထိပ်တန်းဂိုဏ်းခေါင်းဆောင်တစ်ယောက်။ ဒါပေမဲ့ သူက လက်နက်ရောင်းဝယ်ရေးနဲ့ ဘိန်းမှောင်ခိုနှစ်မျိုးတည်းသာ လုပ်သည်။ လူကုန်ကူးခြင်းနဲ့ အခြားသော ဒုစရိုက်လုပ်ငန်းများကိုတော့ သူရှောင်သည်။ အခုတော့ မေမေလေးနဲ့ ပတ်သက်ပြီး သူမလုပ်ဖူးသေးတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပြီဖြစ်သည်။
" ပြန်မယ် "
" ဘယ်ကိုပြန်မှာလဲ အစ်ကိုလေး "
" စံအိမ်ကိုပြန်မယ် မက်စ်တို့ကိုလည်း စံအိမ်ကိုလာခိုင်းလိုက် "
တောင်ထိပ်ကနေ ပြန်ဆင်းလာပြီး ကားရှိရာကို ဦးတည်လျှောက်လာလိုက်သည်။ မိုးထိဘွားက ကားနောက်ခန်းတံခါးကို အဆင်သင့်ဖွင့်ထားပေးပြီး သူ ကားထဲဝင်ပြီးသည်နှင့် မောင်းသူနေရာမှာ အမြန်နေရာယူလိုက်ပြီး မောင်းထွက်သွားတော့သည်။ ညနေဆည်းဆာနဲ့အပြိုင် လှပနေတဲ့ဘိန်းပန်းတွေကတော့ နောက်မှာကျန်ရစ်နေခဲ့တော့သည်။
သူ စံအိမ်ပြန်ရောက်တော့ ညမှောင်လို့နေပြီ။ ဒီအိမ်မှာ သူ ကလေးဘဝတုန်းက မိသားစုအငွေ့အသက်လေးတွေ ရှိခဲ့ဖူးသည်။ သူနဲ့မာမီမရှိတော့သည်တိုင် ဒယ်ဒီကတော့ ဒီအိမ်မှာပဲ ဆက်လက်နေထိုင်ခဲ့သည်။ အပြင်အဆင်၊ ဖွဲ့စည်းတည်ဆောက်ပုံတွေ ပြောင်းလဲသွားသည့်တိုင် မြန်မာနိုင်ငံမှာ ဒီအိမ်လေးက ဒယ်ဒီပြီးရင် သူအရင်းနှီးဆုံးအရာပဲဖြစ်သည်။
ဒယ်ဒီနဲ့ ဇနီးအသစ်စက်စက်လေးက ဟန်းနီးမွန်းထွက်နေကြပြီး ဒယ်ဒီ့ရဲ့အလုပ်သမားတွေကိုလည်း ဒယ်ဒီပြန်လာမှသာ အလုပ်ဆင်းဖို့မှာထားတာကြောင့် အခုလောလောဆယ်တော့ စံအိမ်မှာ အိမ်ကြီးသခင်ဖြစ်တဲ့ သူနဲ့ သူ့လူများသာရှိသည်။
" ဂိုဏ်း.. အစ်ကိုလေး ပြန်လာပါပြီလား "
အသားမကျသေးတဲ့ အခေါ်အဝေါ်တစ်ခုကို အမြန်ထိန်းခေါ်လိုက်ရင်း မက်စ်က ခိုက်အနားရောက်လာသည်။ ခိုက်က ခေါင်းအသာဆတ်ပြရင်း အပေါ်ထပ်ကို လှမ်းကြည့်လိုက်တော့ မက်စ်က အလိုက်တသိပဲ ထပ်ပြောလာသည်။
" အပေါ်ထပ်က အစ်ကိုလေးအခန်းထဲမှာပါ အခုထိတော့ သတိမရသေးပါဘူး "
" အင်း ..ငါ ရှာခိုင်းထားတာပါလား "
" ဟုတ်.. ပါပါတယ်.. ဒီမှာပါ အစ်ကိုလေး "
ကမ်းပေးလာတဲ့ ဓာတ်ခွဲခန်းသုံး ဖန်ပြွန်အသေးစားလေးကို ယူပြီး ခိုက် အပေါ်ထပ်ကိုဦးတည်လိုက်သည်။ အပေါ်တက်နေရင်းကနေ တစ်ခုခုကို သတိရသွားပြီး မိုးထိဘွားနဲ့ မက်စ်ကို သူ လှည့်ပြောလာသည်။
" မင်းတို့အကုန်လုံး ဒီညစံအိမ်နဲ့ ဝေးဝေးမှာနေ ငါ မခေါ်မချင်း ပြန်မလာနဲ့ "
ခိုက် အပေါ်ထပ်က အခန်းတံခါးကို ဖွင့်လိုက်တော့ သူ့ကုတင်ကျယ်ကြီးထက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့လူသားတစ်ဦး။ တစ်နည်းပြောရရင် သူ့မေမေလေးရဲ့ တစ်ချိန်က ရည်းစားဟောင်း။ အင်း ရည်းစားဟောင်းပဲဆိုပါတော့။ ခိုက်အဖေနဲ့ မယူခင်အချိန်ထိ တွဲခဲ့တာဆိုတော့ ရည်းစားဟောင်းပဲပေါ့။
ဒီလူက အိပ်ပျော်နေတယ်ဆိုတာ မေ့ဆေးအရှိန်မပြယ်သေးတာလို့ ပြောရင်ပိုမှန်မလားပဲ။ ခိုက် အတွက် လူတစ်ယောက်ရဲ့ နောက်ကြောင်းကို စုံစမ်းတဲ့အလုပ်က ပဲကြီးလှော်အခွံခွာ စားတာထက်ပင် ပိုလွယ်ကူတာကြောင့် မေမေလေးရဲ့နောက်ကြောင်း စုံစမ်းဖို့ဆို ထမင်းစားရေသောက်တာကမှ ပိုခက်ဦးမည်။ သူသိလာတဲ့အထဲမှာ မေမေလေးက ဒီလူနဲ့အချိန်အကြာကြီး တွဲခဲ့တယ်ဆိုတဲ့ အချက်က သူ့ကိုမျက်စိကျစေသည်။
ကုတင်ထက်မှာ အိပ်ပျော်နေတဲ့လူအနားကို ခိုက် တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။ လူတွေက အိပ်ပျော်နေတဲ့အချိန်မှာတော့ တကယ်ကိုပဲ အပူအပင်ကင်းလွန်းသည်။ မဖြူပဲဝါဝင်းတဲ့အသားအရေရှိတဲ့ ဒီလူက အကြည့်ခံတဲ့အမျိုးအစားထဲမှာ ပါသည်။
မှိတ်ထားတဲ့မျက်ဝန်းထက်က မျက်တောင်ရှည်တွေက ကမာခွံလေးသဖွယ် ကော့ညွတ်ပြီးဖြာကျနေသည်။ မျက်ခုံးတန်းတို့က ခိုက်လိုထူထဲမနေပဲ စင်ရော်တောင်ပုံသဏ္ဌာန်မျိုး ဖြစ်နေသည်။ နှာတံကလည်း ခိုက်လို ချွန်မနေ။ နှာထိပ်လုံးလုံးထက်က မှဲ့နက်လေးက ထင်းလို့နေသည်။ နှုတ်ခမ်းပါးလေးက နီရဲပြီးရွန်းစိုလို့နေသည်။ ဆောင်းရာသီရဲ့ အအေးဓာတ်က ဒီလူရဲ့နှုတ်ခမ်းနီရဲလေးကိုတော့ ခြောက်သွေ့အောင် မလုပ်နိုင်ဘူးထင်သည်။
ခြုံငုံပြီးပြောရရင်တော့ ဒီလူကတော်တော်လေးလှပါသည်။ ယောကျာ်းတစ်ယောက်အတွက် မအပ်စပ်အသုံးအနှုန်းဆိုပေမယ့် ဒီလူကယောကျာ်းချင်းကို ပြစ်မှားချင်လောက်အောင် လှလွန်းနေသည်မို့။ ဒါပေမဲ့လည်း အလှအပက ငွေနဲ့တွေ့တဲ့အချိန်မှာ အမှုန်အမွှားလေး ဖြစ်ခဲ့ရတာပဲမလား။ဘယ်လောက်ပဲချောနေပါစေ ပိုက်ဆံမရှိတော့လည်း နောက်ဆုံးမှာ အသည်းကွဲကျန်ခဲ့ရတာပဲလေ။
ခိုက် ကြည့်နေချိန်မှာပဲ မေ့ဆေးအရှိန်ပြယ်ပြီး ထိုလူကအနည်းငယ် လူးလွန့်လာသည်။ ခိုက် ကုတင်ဘေးမှာထားထားတဲ့ ဆိုဖာခုံရှည်မှာ ဝင်ထိုင်ရင်း သူ သတိအလုံးစုံပြန်ကပ်မယ့်အချိန်ကို ထိုင်စောင့်နေလိုက်သည်။ သိပ်မကြာခင်မှာပဲ ထိုလူက သတိပြန်ရလာခဲ့သည်။
" မင်္ဂလာပါ ဒေါက်တာရှား ဒုတိယအကြိမ် ပြန်ဆုံခွင့်ရတာ ဝမ်းသာပါတယ် "
" မင်း ငါ .. ငါက ဘယ်လိုဖြစ်ပြီး ဒါ.. ဒါက ဘယ်နေရာလဲ "
ရှား အခုချိန်ထိ ခေါင်းမကြည်သေး။ အရှေ့မှာထိုင်နေတဲ့လူက လွန်ခဲ့တဲ့တစ်လလောက်က ဝမ်းဗိုက်မှာ အပေါ်ယံပြတ်ရှဒဏ်ရာကြောင့် သူထိုင်တဲ့ဆေးခန်းကို ရောက်လာဖူးသည်။ အလုပ်လုပ်ရင်း မတော်တဆဖြစ်တာလို့ ပြောပေးမယ့် ဓားဒဏ်ရာမှန်း ရှားသိပါသည်။ ချုပ်ဖို့ထိမလိုအပ်တာကြောင့် ဒဏ်ရာကိုဆေးထည့် ပတ်တီးစည်းပေးလိုက်ပြီး နောက်သုံးရက်နေရင် ပြန်လာခဲ့ဖို့ပြောလိုက်ပေမယ့် ရောက်မလာခဲ့။ အခုကျမှ သူရှေ့ဘယ်လိုဖြစ်ပြီး ပြန်ပေါ်လာရသလဲ။
ရှား မှတ်မိသလောက်တော့ ရှား ဆေးရုံကဂျူတီထွက်ပြီး အိမ်ပြန်နေခဲ့တာပင်။ အိမ်မရောက်ခင် လမ်းသွယ်လေးထဲမှာ ရှားနာမည်ခေါ်သံကြားလို့ လှည့်ကြည့်လိုက်မိသည်။ အဲ့ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်သွားလဲ ရှား မသိတော့။ ရှား နိုးလာတော့ ဒီကုတင်ပေါ်ရောက်လို့နေပြီ။
" မေးခွန်းတွေက များလိုက်တာ ဒေါက်တာရာ ကိုယ် တစ်ခုချင်းစီ ဖြေပေးမယ်နော် "
ခိုက် ပြောလိုက်တော့ သူက ကုတင်ထက်လှဲနေရာကနေ ကုတင်အစွန်းကို ခြေထောက်နှစ်ဖက်ချပြီး ထထိုင်လာသည်။ မျက်ဝန်းတွေက ခိုက် ကို စူးစိုက်ပြီးကြည့်နေသည်။ မဟုတ်တာပြောရဲ ပြောကြည့်ဆိုတဲ့ပုံစံမျိုးနဲ့။ သူ့ပုံစံက အခုရန်လိုနေတဲ့ ခွေးပေါက်လေးနဲ့ တူနေတယ်ဆိုတာ သိရောသိရဲ့လားမသိ။
" ပထမဆုံးအနေနဲ့ ပြောချင်တာက ကိုယ့်နာမည်က သတိုးရှန်ခိုက် "
" မင်းနာမည်ကို ငါ မသိချင်ဘူး "
ပက်ခနဲပြန်ပြောလာတဲ့စကားကြောင့် ခိုက် နှုတ်ခမ်းစွန်းတို့ ကော့ညွတ်သွားရသည်။
" အိုကေ.. သိချင်နေတဲ့ ဒုတိယတစ်ခုကို ဆက်ပြောမယ်နော် ဒါက ဘယ်နေရာလဲဆိုတော့ ကိုယ့်အိမ်... ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲဆိုတော့ ဒေါက်တာကို ကိုယ်ခိုးလာတာ.."
" ဘာ!!!! "
" အာ ဆောရီး.. ပိုပြီးတိတိကျကျ ပြောရရင် ဒေါက်တာ့ကို ကိုယ် ခိုးခိုင်းလာတာ "
ရှား အံ့ဩလွန်းလို့ပြောစရာများပင် ရှာမတွေ့တော့။ ဗိုက်ကဒဏ်ရာက ဦးနှောက်ထဲထိ ပိုးရောက်သွားတာများလား။ အဓိပ္ပါယ်မရှိတဲ့စကားတွေကို လက်လွတ်စပါယ်ပြောနေလိုက်တာ။ သာမန်အသိဉာဏ်မျိုးနဲ့တော့မဖြစ်နိုင်။ ရူးနေတဲ့လူမှပဲ ဒီလိုလုပ်ရပ်မျိုးကို လုပ်လိမ့်မည်။ ဒါပေမဲ့ ရှားအရှေ့မှာထိုင်နေတဲ့လူကတော့ ပုံမှန်လူကောင်းအတိုင်းပင်။
" မင်း ဘာပြောနေတာလဲတော့ ငါ မသိဘူး သိလည်းမသိချင်ဘူး ငါ့ကို အိမ်ပြန်ပို့ပေးပါ "
" ကောင်းပြီ ဒေါက်တာ အိမ်ပြန်ချင်တယ်ဆို ရွေးချယ်မှုတစ်ခုလုပ်ရမယ် "
" ဘာလဲ "
ရှား မေးလိုက်တော့ သတိုးရှန်ခိုက်ဆိုတဲ့လူက ဆိုဖာကနေထသွားပြီး နံရံထောင့်ကမီးခံသေတ္တာဆီ လျှောက်သွားသည်။ နံပါတ်တစ်ချို့နှိပ်ပြီးချိန်မှာတော့ မီးခံသေတ္တာကပွင့်လာသည်။ သူများအတွင်းရေးမို့ ရှား မျက်နှာတစ်ဖက် လွှဲထားလိုက်သည်။ သိပ်မကြာခင်မှာပဲ သူက ပြန်ရောက်လာပြီး ရှားကို စာချုပ်နှစ်ခု ပေးလာသည်။
" ဒါက ဘာလဲ "
" ဖတ်ကြည့်လေ တစ်ခုက လက်ထပ်စာချုပ်.. တစ်ခုက အမွေစားအမွေခံစာချုပ်.. ဒေါက်တာရွေးရမှာက ဒေါက်တာ ကိုယ်နဲ့ လက်ထပ်မလား ဒါမှမဟုတ် ကိုယ် မွေး.စား.တာကို လက်ခံမလား "
မွေးနဲ့စားကိုတစ်လုံးချင်း ပြောသွားတဲ့လူကြောင့် ရှား ဒေါသထွက်လွန်းပြီး သေသွားနိုင်သည်။ ဒီအရူးက ရိုးရိုးအရူးမဟုတ်ပဲ တဏှာရူးဖြစ်နေတာပဲ။ ဒီလိုလူမှန်းကြိုသိခဲ့ရင် ဒဏ်ရာလာပြကတည်းက အနာကျက်ဆေးအစား ပန်းသေဆေး သူထိုးလိုက်ခဲ့ဖို့ကောင်းသည်။ အဲ့ဒါမှ လူထုတစ်ရပ်လုံးအတွက် အန္တရာယ်တစ်ခု သက်သာသွားမှာ။ ဒီလိုလူနဲ့ ဆက်ပြောနေလည်း ဘာမှအကျိုးထူးလာမှာ မဟုတ်လို့ ရှား ထိုလူကို တွန်းထုတ်ပြီးအားကုန်သုံးကား ထွက်ပြေးလာသည်။
ဝုန်း!!! ဒုန်း!!! အင့်!!!
အဖြစ်အပျက်တွေက မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖြစ်သွားခဲ့သည်။ ခိုက် ကို တွန်းထုတ်ပြီး ထွက်ပြေးသွားတဲ့ ခွေးဆိုးလေးကို အခန်းပြင်မထွက်ရသေးခင်မှာ ဖမ်းမိသွားသည်။ တံခါးကိုလော့ခ်ချလိုက်ပြီး သူ့ကို ဒူးအောက်ကနေပွေ့ချီတင်ကာ ပခုံးပေါ်ထမ်းလာခဲ့သည်။ ပြီးတော့ ကုတင်ပေါ်ပြန်ပစ်ချလိုက်တော့ အရုပ်လေးတစ်ရုပ်လိုပဲ ပစ်စလက်ခတ်ပြုတ်ကျသွားတော့သည်။
တစ်ခါတစ်လေတော့ လူတွေက နူးနူးညံ့ညံ့ဆက်ဆံပေးဖို့ မထိုက်တန်ဘူး။ ဉပမာပေးရရင် ဒေါက်တာဥတုရှားမြတ်လို လူမျိုး။
ခိုက် ကုတင်ပေါ်ပက်လက်လေး ပြုတ်ကျသွားတဲ့ ရှားအပေါ်ကို ဒူးတစ်ဖက်တစ်ချက်စီထောက်ထားပြီး ခွလိုက်သည်။ လက်တို့ကလည်း ရှားရဲ့ခေါင်းတစ်ဖက်စီမှာ ရှားလက်နှစ်ဖက်ကို ဖိထားရင်း နေရာယူလျက်။ ခန္ဓာကိုယ်ကို တဖြည်းဖြည်းနှိမ့်ချလာရင်း ရှားရဲ့ဝင်လေထွက်လေကို ခံစားလို့ရတဲ့အထိ အနီးဆုံးတိုးကပ်လာတော့ ရှားက မျက်နှာကိုတစ်ဖက်လှည့်သွားသည်။ တစ်စောင်းမြင်နေရတဲ့ ရှားရဲ့နားဖျားလေးနားကို တိုးကပ်သွားရင်း
" ဒေါက်တာကို နောက်ထပ်ရွေးစရာတစ်ခု ထပ်ပေးမယ် "
ပြောလိုက်တော့ မျက်နှာပြန်လှည့်လာတဲ့အခိုက်မှာ နှာထိပ်ဖျားတို့က စက္ကန့်ဝက်လောက် ပွတ်တိုက်မိသွားသည်။ ရှားက ချက်ချင်းပြန်လှည့်သွားပြီး
" ဘာရွေးရမှာလဲ "
" ဒေါက်တာ.. ကိုယ့်ကို အခုလက်ထပ်မလား နောက်မှ လက်ထပ်မလား "
>>>>>>>>>>
Tbc..
1xonly
(21/8/26)