🍁Daffodils:အပိုင်း(၂၀)မေမေကကိုယ်တို့ကိုလက်ခံပေးမယ်တဲ့
မိုးပင်လယ်ကတော့နွေဉီးကို ဆွဲဆောင်တော့မယ်လို့ပြောပြီးကတည်းက နည်းမျိုးစုံကိုထုတ်သုံးဖို့ကြံစည်နေတော့တာပါပဲ။သူ့နည်းတွေက သာမာန်လူတွေနဲ့မတူဘူးလို့လဲ ပြောလို့ရသလို တူတယ်လို့လဲပြောလို့ရတယ်။မတူတာကသူလိုက်နေတာက ငယ်ငယ်ရွယ်ရွယ် ကလေးမလေး မဟုတ်ဘဲ အသက်သုံးဆယ်အရွယ်ယောင်္ကျားတစ်ယောက်ဖြစ်နေပြီး တူတဲ့အချက်ကတော့ ဆယ်ကျော်သက်ကောင်လေးတွေကောင်မလေးကိုလိုက်သလို ရှိသမျှနည်း အကုန်ထုတ်သုံးပြီးသူ့ကိုလိုက်နေတာပါ။
ဆယ်တန်းကျောင်းသားတွေရည်းစားစာခိုးပေးသလို နွေဉီးဂျုတီကုတ်ထဲမှာရည်းစားစာအတိုလေးတွေ ခိုးပြီးထည့်တာမျိုး...ညအိပ်ခါနီး မက်ဆေ့ခ်ျကိုသတိတရပို့တာမျိုး...ချစ်ကြောင်းကြိုက်ကြောင်းကို နှစ်ကိုယ်ကြား မကြားတကြားစောင်းမြောင်းပြောတာမျိုး၊အတန်းထဲကကြိုက်နေတဲ့သူကိုခိုးခိုးကြည့်သလို ရုံးခန်းထဲမှာ ခိုးကြည့်တာမျိုးတွေပေါ့။နွေဉီးစိတ်ထဲမှာတော့ တစ်ခါတစ်ခါရယ်ချင်စိတ်ဖြစ်လာတတ်ပေမဲ့အပတ်တကုတ်ကြိုးစားနေတာမြင်တော့လဲတစ်သိမ့်သိမ့်နဲ့ကြည်နူးရပြန်တယ်။
ဒီပုံအတိုင်းဆို သိပ်မကြာခင်မှာပဲ နွေဉီး သူနဲ့ တွဲရမဲ့ပုံပေါ်နေတယ်။အခြားအကြောင်းတော့မဟုတ်ဘူး သူ့ကိုမိုးပင်လယ်လိုက်နေတယ်ဆိုတာကို သူတို့ဌာနတစ်ခုလုံးကသိနေပြီဖြစ်ပြီး မကြာခင်မှာဆေးရုံတစ်ခုလုံးအပြင် မဲဘာန်းတစ်မြို့လုံးတောင်သိတော့မလားမသိဘူး။ခေမီကတော့ အံတကြိတ်ကြိတ် မျက်စောင်းတခဲခဲပဲ..ဒါပေမဲ့ သူလဲ မတတ်နိုင်တဲ့ကိစ္စပဲလေ။
အဲ့လိုမျိုးတွေကြောင့်သူကတိုးတိုးတိတ်တိတ် Lowkeyလေးနဲ့ပဲ တွဲကြည့်ချင်သေးတာ။အခုလိုဆိုတော့အဲ့ကိစ္စကအဆင်ပြေမနေဘူး...တကယ်ဆိုရင် မိုးပင်လယ်ဆီက နွေဉီးလိုချင်တာကတစ်ခုထဲရယ်။သူ့အမေကို ပွင့်ပွင့်လင်းလင်းပြောပြီး သူလိုချင်တဲ့ ဘဝတစ်ခုကိုအေးအေးဆေးဆေး ယူစေချင်တာပဲ။မိုးပင်လယ်ရဲ့ လက်တွဲဖော်ကသူမဖြစ်နိုင်ဘူးဆိုရင်တောင် မိုးပင်လယ်ရဲ့ အသက်ရှင်ရမဲ့ သက်တမ်းတစ်လျှောက်လုံးကို သူ့အမေရဲ့ ထိန်းချုပ်မှုအောက်မှာတော့အသက်ရှုမဝတဲ့ဘဝမျိုးနဲ့မနေစေချင်ဘူး။အဲ့ဒါကတကယ့်နွေဉီးစိတ်ရင်းပဲ။
နွေဉီး ဆေးရုံကပြန်ရောက်ရောက်ချင်း မေမေနဲ့ Vedio callပြောဖြစ်တယ်။မေမေနဲ့ရိုးရိုး ဖုန်းကိုတော့သိပ်မကြာမကြာပြောလေ့ရှိပေမဲ့ နွေဉီး စိတ်ထဲမှာ ကြည်လင်နေတဲ့ အခံရှိနေတာမို့ Vedio callခေါ်ဖြစ်လိုက်တယ်။
သူ့အမေကတော့ အမြဲလှနေတာပဲ...သားအမိချင်းမို့နွေဉီးပြောတာမဟုတ်ပေမဲ့ နွေဉီး ရဲ့ ချောမောခန့်ငြားမှု၉၀ ရာခိုင်နှုန်းလောက်က မေမေ့ဆီက ရလာတာလို့ပြောလို့ရတယ်။မေမေကတော့သူ မခေါ်စဖူး Vedio callခေါ်တာမို့ ဝမ်းသာအားရနဲ့မျက်နှာလေးပြုံးရွှင်နေတော့တယ်။ပြုံးနေတဲ့မေမေ့ကိုကြည့်ကာသူစိတ်မကောင်းဖြစ်မိသွားပြီး မကြာခဏ ဒီလိုခေါ်ဖို့ တွေးမိလိုက်တယ်။
"မေမေ ရေချိုးပြီးခါစလား..သနပ်ခါးတွေနဲ့ ငါ့မေမေကတော့လှနေရောပဲ..ဒါကြောင့် ဉီးမိုးက စိတ်မချနိုင်ဖြစ်နေသေးတာဖြစ်မယ်"
သူ့မေမေကရှက်ကိုးရှက်ကန်းနဲ့ ရယ်ပြီး 'ဟဲ့ကောင်လေး'လို့ဟန့်တယ်။
"သားစားပြီးပြီလား"
"စားဖို့နေနေသာသာ ခုမှဂျုတီထွက်လာတာမေမေ"
"သြော်..ရာသီဥတုရော အခြေအနေ"
"ဒီလိုပါပဲ အေးစိမ့်စိမ့်လေးပေါ့ ကျွန်တော်တို့ကတော့နေသားကျနေပါပြီ.."
"နေသားကျပေမဲ့ ကိုယ့်ကိုကိုယ်ဂရုစိုက်နော်နွေဉီး...သားမှာက ဂရုစိုက်ပေးမဲ့လူကရှိသေးတာမဟုတ်ဘူး..ကိုယ့်ကိုကိုယ်ပဲဂရုစိုက်ရမှာ..ထမင်းဟင်းရော ချက်စားဖြစ်လား..ခေါက်ဆွဲတွေချည်းစားမနေနဲ့"
မေမေ့ရဲ့ ဓါတ်ပြားဟောင်းကိုမရိုးနိုင်အောင်နားထောင်ရင်း နွေဉီးသတိရမိတာ မိုးပင်လယ်ပါပဲ။ဂရုစိုက်ပေးမဲ့လူကတော့ရှိနေပြီလို့ စိတ်ထဲမှာတွေးမိတော့ အတွေးကနွေဉီး နှုတ်ခမ်းတွေနဲ့ မျက်ဝန်းတွေထိပါကူးစက်ကုန်တယ်။မေမေက မျက်လုံးဝိုင်းသွားပြီး..
"ဟယ်...သားလေး ဂရုစိုက်ပေးမဲ့သူတွေ့ထားပြီလား..ရှိနေပြီလား"
နွေဉီး အဖြေရခက်စွာ နဲ့ ရယ်ပဲရယ်နေတော့ မေမေကလဲ ရယ်ပြီး သူသိချင်တာကိုပဲနည်းမျိုးစုံနဲ့လှည့်ပတ်မေးနေတော့တယ်။အဲ့အချိန်မှာပဲ မိုးပင်လယ် အိမ်ပြန်လာတယ်။နွေဉီး ဖုန်းကို စားပွဲပေါ်မှာထောင်ထားလိုက်ပြီး မိုးပင်လယ်ကိုပြုံးပြလိုက်တော့ သူ့ဆီတန်းလာကာ ထုံးစံအတိုင်းဘေးမှာဝင်ထိုင်လိုက်ပြီး ...
"နွေဉီး ညစာစားပြီးပြီလား"
မိုးပင်လယ်က နွေဉီး Vedio callပြောနေတာကို မသိဘူး..နွေဉီးကလဲ တစ်ဖက်ကမေမေ့ကို အသံမထွက်နဲ့ဆိုပြီး အရိပ်အခြည်ပြထားလိုက်တယ်။
"မစားရသေးဘူး..ကျွန်တော်ရေတောင်မချိုးရသေးဘူး"
"ဟင်...အဲ့ဒါဆိုဆေးရုံကပြန်သွားကတည်းက ဘာလုပ်နေတာလဲ...ရာသီဥတုက မူမမှန်ရတဲ့အထဲ အအေးပတ်မယ်လေ..ထချိုးတော့ ကိုယ် ညစာပြင်ထားလိုက်မယ်"
ပြောရင်းဆိုရင်း နွေဉီး လက်မောင်းကိုဆွဲမနေလို့ အသာရယ်ရင်း လက်ကိုဖယ်ထုတ်ကာ...
"ခင်ဗျား အရင်ချိုးနှင့်..ကျွန်တော်ချိုးလို့မရသေးဘူး"
"ဘာဖြစ်လို့ မရသေးတာလဲ.."
နွေဉီး ပြုံးစိစိနဲ့ စားပွဲပေါ်ထောင်ထားတဲ့ ဖုန်းကိုမေးဆတ်ပြလိုက်တော့ မိုးပင်လယ် မျက်လုံးပြူးသွားပြီး...
"ဖုန်းပြောနေတာလား"
"အင်း"
"ဘယ်တုန်းထဲကလဲ"
"ခင်ဗျားပြန်မလာခင်ထဲက!"
မိုးပင်လယ် မတ်တပ်ကြီးရပ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားပေမဲ့နွေဉီးက ပြုံးစိစိရုပ်နဲ့ပဲ သူ့အမေနဲ့မိတ်ဆက်ပေးလိုက်သေးတယ်။
"မေမေ သူက မိုးပင်လယ်ပြာတဲ့ ..ကျွန်တော့်AS"
မိုးပင်လယ်ရဲ့ အီလည်လည် အနေရခက်နေတဲ့ရုပ်ကို နွေဉီး အရမ်းသဘောကျပြီး ရယ်ချင်နေပေမဲ့ ဆက်ပြီးမိတ်ဆက်ပေးလိုက်တယ်။
"ကိုမိုးပင်လယ်...ကျွန်တော့်မေမေ!"
မိုးပင်လယ်က အတောင့်လိုက်ကြီးရပ်နေမိရာမှနွေဉီးဘေးမှာ ပြန်ဝင်ထိုင်လိုက်ပြီး..
"တွေ့ရတာဝမ်းသာပါတယ် အန်တီ...ကျွန်တော် ဖုန်းပြောနေမှန်းမသိလိုက်ဘူး"
မေမေက ရယ်ကာမောကာနဲ့ပြန်ပြောတယ်..
"ရပါတယ် သားရဲ့ "
"ဟုတ် အဲ့ဒါဆို အန်တီ ကျွန်တော့်ကိုခွင့်ပြုပါဉီး"
"အေးအေးသားသွားသွား"
မိုးပင်လယ် ထွက်သွားမှ နွေဉီး ဟက်ဟက်ပက်ပက်အသံထွက်ရယ်ရရင်း..."ထွက်ပြေးသွားပြီမေမေ.."
မေမေက ရယ်ချင်ပက်ကျိနဲ့မျက်စောင်းထိုးပြီး...
"နွေဉီးနော် သူများကိုသွားနောက်နေသေးတယ်"
နွေဉီးရယ်ပဲရယ်နေလိုက်တယ်...မိုးပင်လယ်ရဲ့ ဖြစ်သွားတဲ့ မျက်နှာအမူအရာနဲ့ ကိုယ်ဟန်အနေအထားက တကယ်ကို ချစ်ဖို့ကောင်းတယ်လို့သူထင်တယ်။
နွေဉီး အဲ့လိုလုပ်လိုက်တာလဲ အကြောင်းတရားရှိပါတယ်..အကယ်၍ သူနဲ့မိုးပင်လယ်တွဲဖြစ်ခဲ့ရင် ဘယ်လိုပဲဖြစ်ဖြစ် မိဘတွေကသိမှာပဲလေ။အဲ့အခါကျမှ မျက်နှာပူပူနဲ့ပြောပြမယ့်အစားအခုထဲက ပေးသိထားလိုက်တာကောင်းမယ်လို့နွေဉီးတွေးမိတယ်။
အရိပ်ပြရင်အကောင်တင်မက မြင်တတ်တဲ့သူ့မေမေ သဘောပေါက်သွားမယ်လို့ သူထင်တာလဲပါတာပေါ့။သူ့ပါးစပ်ကဖွင့်မပြောရဘဲ သဘောပေါက်သွားတာမျိုးဆို သူ့အတွက်လဲကောင်းတယ်..သူ့မိဘတွေလဲ တအားမျက်နှာပူနေစရာမလိုတော့ဘူးပေါ့။
ကဲ!!!ဘယ်လောက်တော်လဲ..နွေဉီးကိုယ့်ကိုကိုယ် အလေးပြုချင်စိတ်တောင်ပေါက်သွားတယ်။
"ကဲမေမေ ကျွန်တော့်ကို စိတ်ပူမနေတော့နဲ့ ..ဂရုစိုက်ပေးမဲ့လူရှိနေပြီတွေ့လား"
မေမေကတော့ ရုတ်တရက်ဆွံ့အသွားပေမဲ့လို့ စိတ်ညစ်စရာဘာမှပြောမလာပါဘူး။ခပ်ပြုံးပြုံးမျက်နှာထားနဲ့ပဲ ဆူသလိုပြောတယ်။
"ခွေးကောင်လေး!မအေကို ရည်းစားနဲ့မိတ်ဆက်ပေးတာလား"
"အိုး..ရည်းစားမဟုတ်သေးပါဘူးမေမေကလဲ"
"ရည်းစားမဟုတ်သေးလဲ ဖြစ်လာတော့မယ်သဘောမို့လို့ မေမေသိအောင်တမင် သူနဲ့ဖုန်းပြောခိုင်းတာမလား"
နွေဉီး ဘာမြှပန်မပြောပဲ ပြုံးရုံပြုံးနေလိုက်တော့ မေမေကအသံငြိမ်ငြိမ်လေးနဲ့ဆက်ပြောလာတယ်...
"နွေဉီး...သားသေချာလို့လား..မေမေကတော့ သားရဲ့အတွေးနဲ့ဘဝ ကို ဘာမှဝင်မစွက်ဖက်ချင်ပေမဲ့လို့..တကယ်မသေချာရင် ရှေ့ဆက်မတိုးဖို့ပဲပြောချင်တယ်။သားခံစားချက်ကိုသားအသိဆုံးပဲဖြစ်မှာဆိုပေမဲ့သေချာစဉ်းစားပြီးမှဆုံးဖြတ်ဖို့မေမေအကြံပေးချင်တယ်။
သားထည့်တွက်ရမှာ သားတို့၂ယောက်တင်မဟုတ်ဘူး။ပတ်ဝန်းကျင်ကိုပါထည့်စဉ်းစားရမှာ..ဖြစ်လာမဲ့ အကောင်းအဆိုးတွေအကုန်လက်ခံနိုင်မယ်ဆိုမှ ရှေ့ဆက်တိုးပေါ့...မေမေကတော့ သားကမေမေ့သားလေးဖြစ်နေတဲ့အတွက် သားဆုံးဖြတ်ချက်ကိုလဲလေးစားပြီး လက်ခံပေးမှာပါ..ဟုတ်ပြီလား"
နွေဉီးရုတ်တရက်ကြီး နှာခေါင်းရင်းမှာစူးခနဲဖြစ်သွားရတယ်။သူမေမေ့ရဲ့ နားလည်ပေးနိုင်မှုကြောင့် သူငိုတောင်ငိုချင်လာသလိုပဲ။
"ဟုတ်ကျေးဇူးပါမေမေ ကျွန်တော်သေချာစဉ်းစားမှာပါ"
"ဟုတ်ပါပြီ..ကဲအဲ့ဒါဆိုမေမေဖုန်းချဉီးမယ်"
"ဟုတ်!"
အခြေအနေတွေကတော့မထင်မှတ်ပဲပြောင်းပြန်တြွေဖစ်ကုန်တယ်။မိုးပင်လယ် ရဲ့အမေကို မိုးပင်လယ်ကဘာမှမပြောပြရသေးခင်မှာပဲ နွေဉီးကတော့ လူအကောင်လိုက်ကြီးနဲ့တောင်မိတ်ဆက်ပေးပြီးသွားပြီ။ကောင်းနေရောပဲ!!!
နွေဉီး ရေချိုးပြီးလို့ အောက်ထပ်ကထမင်းစားပွဲကိုရောက်တော့မိုးပင်လယ်ရှိမနေဘူး...စားဖို့အကုန်ခူးခပ်ထားပြီး လူကဘယ်ရောက်နေလဲ မသိရဘူး။ဆေးရုံကရုတ်တရက်ခေါ်လို့လားဆိုပြီး ဆေးရုံကိုဖုန်းဆက်ကြည့်တော့လဲ ဆေးရုံမှာလဲမရှိဘူး။မေမေနဲ့မိတ်ဆက်ပေးလိုက်လို့များထွက်ပြေးသွားလား..နွေဉီး စိတ်အချဉ်ပေါက်ပေါက်နဲ့ ပေါက်ကရတွေလျှောက်တွေးနေတုန်းမှာပဲ မိုးပင်လယ်က မှိုတင်မကဘူး ရောကြော်စရာ ကန်စွန်းရွက်စည်းပါအလကားရလာတဲ့ ပုံနဲ့ အိမ်ထဲပြန်ဝင်လာတယ်။
နွေဉီးလဲစောင့်နေရတာကြောင့် ဒေါသက ထွက်ချင်ချင်ဖြစ်နေတဲ့အပြင် မိုးပင်လယ်ရဲ့နှလုံးပီတိဂွမ်းဆီထိနေတဲ့မျက်နှာထားကြောင့် တမင်ရန်စောင်လိုက်တယ်။
"ခင်ဗျားက ဘယ်တွေလျှောက်သွားနေတာလဲ"
"ကိုယ်အပြင်မှာဖုန်းသွားပြောနေတာ"
"ဖုန်းက အိမ်ထဲမှာပြောလဲရနေတာကို"
"ကဲထားပါ...ကိုယ်အခုဘယ်သူနဲ့ဖုန်းပြောလာတယ်ထင်လဲ"
"ဘယ်သူနဲ့လဲ ရည်းစားဟောင်းလား"
"ဘယ်ကသာ..."
"သြော် စေ့စပ်ထားတဲ့ခေမီနဲ့လား"
"ပေါက်ကရတွေ နွေဉီးရာ"
"ခင်ဗျားပြောလိုက်လေဗျာ!!"
"ကိုယ့်မေမေနဲ့...."
"သြော်..."
"မေမေက ကိုယ်တို့ကိုလက်ခံပေးမယ်တဲ့.."
နွေဉီးခေါင်းတဆတ်ဆတ်ညိတ်နေရင်း ထမင်းကိုပါးစပ်ထဲထည့်လိုက်ကာ...
"ဟုတ်လား!ကောင်းတာပေါ့...ဟမ်!လက်ခံလိုက်တယ်"
"အင်း!"
"အဲ့တော့ အပေးအယူကဘာတဲ့လဲ..."
"ထူးဆန်းတယ်..ဘာအပေးအယူမှပြောမသွားဘူး..ကိုယ့်ကိုမေမေကတကယ်စိတ်ချမ်းသာစေချင်တယ်ထင်တယ်..ခေမီနဲ့ကိစ္စကိုလဲ သူဖြေရှင်းပေးမယ်တဲ့"
နွေဉီး စိတ်ထဲမှာ ဖြစ်နိုင်ပါ့မလားလို့ပဲတွေးနေမိတယ်။ဆရာဝန်အလုပ်ကိုတောင် နှစ်အကန့်အသတ်နဲ့ လုပ်ခိုင်းတဲ့ သူက ဒါကိုလက်ခံပေးတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ပြီးတော့ စေ့စပ်မယ်ဆိုပြီးပြောထားတဲ့ မိန်းကလေးရှိနေတာတောင် လက်ခံပေးလိုက်တယ်တဲ့လား။
"ဖြစ်နိုင်ပါ့မလား..ခင်ဗျားအမေလက်ခံတာက မြန်လိုက်တာ"
မိုးပင်လယ်က ဟွန်းခနဲပြုံးပြီး...
"မြန်တာမမြန်တာ ကိုယ်စိတ်မဝင်စားပါဘူး..အဓိကက မေမေလက်ခံဖို့ပဲလေ..မြန်တော့ပိုမကောင်းဘူးလား"
နွေဉီးဘာမြှပန်မပြောပဲ ထမင်းပဲငုံ့စားနေလိုက်တယ်။မိုးပင်လယ် ဘယ်အကြောင်းကိုဉီးတည်ပြီးပြောတော့မလဲဆိုတာသူသိနေပြီလေ။
မေမေလက်ခံလိုက်ပြီလို့သူပြောလိုက်ကတည်းက ခေါင်းကိုပြန်မဖော်တော့ပဲ ထမင်းချည်း ငုံ့စားနေတဲ့ ခေါင်းလုံးလုံးလေးနဲ့ တီရှပ်လည်ပင်းအဝိုင်းကနေပေါ်နေတဲ့ဂုတ်ဖြူဖြူလေးကို သူအရမ်းအသဲယားနေပြီ။ဖြစ်နိုင်ရင် အဲ့ဂုတ်လေးပေါ်မှာ သွားရာအကွင်းလိုက်ကြီးဖြစ်သွားတဲ့အထိကိုက်ဆွဲပစ်ပြီး နာလို့သူ့ကိုရန်ပြန်လုပ်မဲ့ ခေါင်းလုံးလုံးလေးနဲ့လူကိုတော့ သူ့ရင်ခွင်ထဲမှာ ဆွဲကပ်ထားပစ်ချင်တယ်။ခုတော့ အဲ့စိတ်တွေကိုခဏချိုးနှိမ်ပြီး ဂွစာလေး သူ့ကိုလက်ခံလာအောင် ကြိုးစားအားထုတ်ရဉီးမယ်။
နွေဉီးရဲ့မေးစေ့ကို မိုးပင်လယ် ဖွဖွလေး ကိုင်ပြီးမျက်နှာကို မော့စေလိုက်တယ်။စိတ်လှုပ်ရှားနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေက သူ့ကိုအနေရခက်စွာကြည့်ပြီး ချက်ချင်းဆိုသလိုပဲမျက်မှောင်ပြန်ကျုတ်ကာ သူ့လက်ကိုပုတ်ထုတ်လိုက်တယ်။
"ပြောစရာရှိရင် ပြောလေဗျာ...သူများထမင်းစားတာကိုမနှောက်ယှက်နဲ့"
မိုးပင်လယ် အသံထွက်တဲ့အထိကိုရယ်မိတော့တယ်။ပါးစပ်ကသာ အသံမာမာကြီးထွက်လာတာ နွေဉီးနားရွက်က သစ္စာဖောက်ပြီး နီရဲနေပြီမို့လို့ ရှက်နေတာမှန်း မိုးပင်လယ်သိတယ်။
မိုးပင်လယ် စားပွဲပေါ်တင်ထားတဲ့ နွေဉီးလက်ကို သူ့လက်နှစ်ဖက်ထဲမှာ ထည့်ကာဆုပ်ကိုင်လိုက်ကာနွေဉီး ရဲ့တောက်ပဝိုင်းစက်နေတဲ့ မျက်ဝန်းတွေကိုနင့်နင့်နဲနဲကြည့်ရင်း...
"နွေဉီး...ကိုယ့်ချစ်သူဖြစ်ပေးနော်..."
မိုးပင်လယ်ရဲ့အသံတိုးဖွဖွလေးက နွေဉီးရဲ့ နားစည်ကိုအရှိန်ပြင်းပြင်းနဲ့လာရိုက်ခတ်ရုံတင်မကဘူး နှလုံးသားအထိပါ တုန်လှုပ်သွားစေတယ်။နွေဉီး ထိုင်နေရင်းနဲ့တောင် လေပေါ်မျောနေတဲ့အတိုင်းပဲ။သေချာတာတော့ သူ့နှလုံးသားကြီးဟာ မိုးပင်လယ်ဆီ အရှိန်ပြင်းပြင်းနဲ့ကို မျောသွားတာပါပဲ။
မျှော်လင့်တကြီးစောင့်နေတဲ့ မိုးပင်လယ်ကိုနွေဉီး ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး....ကျန်တဲ့လက်တစ်ဖက်နဲ့ မိုးပင်လယ်ရဲ့လက်တွေကိုအုပ်မိုးကိုင်လိုက်ရင်း...
"အင်း...ကျွန်တော်တို့တွဲကြမယ်"
ဘယ်လိုပဲဖြစ်ဖြစ် သူတို့၂ယောက်ချစ်သူတြွေဖစ်သွားကြပြီ။တွဲဖြစ်သွားကြပြီ။ဝမ်းသာပျော်ရွှင်မှုတွေနဲ့တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိကြပြီး အတန်ကြာတဲ့အထိမျက်လုံးမလွှဲဖြစ်ကြဘူး။တွဲထားတဲ့လက်တွေကိုလဲ မဖြုတ်မိကြဘူး...ပိုပြီးတောင်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကြမိတယ်။
__________________