ကြိုးစားတာကို မရပ်သရွေ့
ဘယ်တော့မှ ရှုံးနိမ့်မည် မဟုတ်။
မိုက်ခ် ဒစ်ကဒ် ပြောခဲ့သည့် စကား တစ်ခွန်း ဖြစ်သည်။
ကိုယ် လုပ်သည့် ကိစ္စတိုင်းတွင် အကျိုး သက်ရောက်မှုအတွက် အစွန်း နှစ်ဖက် ဆိုသော ရလဒ် နှစ်မျိုး ရှိလေသည်။ အဆိုး ရှိပါက အကောင်း ရှိမည်။ ကျရှုံးမှု ရှိပါက အောင်မြင်မှု ရှိမည်။ ဘယ်သောအခါမှ တည်ငြိမ်သည့် ရလဒ် တစ်ခုနှင့် အချိန် အကြာကြီး ရပ်တည်၍ မနေနိုင်။ ထို့ကြောင့် မုန်တိုင်း ပြီးပါက လေပြည် လာမည် ဟူသော ဆိုရိုးစကား ထွက်ပေါ်လာခဲ့ခြင်းပဲ ဖြစ်သည်။
အရေးကြီးသည့် အခန်းကဏ္ဍက
ကြိုးစားမှုကို ရပ်တန့် မပစ်ဖို့ပဲ ဖြစ်သည်။
"ကျွန်တော်တို့ရဲ့ သွေးသားလေး သေသွားပြီ"
ဖန်ပြွန်သန္ဓေ စမ်းသပ်မှု ကျရှုံးသည့် သတင်းဆိုးဟာ ဝေယံ့အတွက် နက်ရှိုင်းသည့် နာကျင်မှုများကို ဖြစ်စေခဲ့သည်။ ထိုစိတ်ဒဏ်ရာနှင့် နာမကျန်း ဖြစ်ကာ အိပ်ရာထဲ ဗုန်းဗုန်းလဲခဲ့ရသည်။
သို့သော် ကြေကွဲဖွယ်ရာ ထိခိုက် ဆုံးရှုံးမှုများက တစ်ကြိမ်နှင့် မပြီးခဲ့။ အမွေ ဆက်ခံသူ မရ ရအောင် မွေးမည် ဟူသော နေသူရိန်မင်းခန့်၏ ပြတ်သားစွာ ချမှတ်ထားသည့် ခိုင်မာသော ဆုံးဖြတ်ချက်ကြောင့် ဖန်ပြွန်သန္ဓေ စမ်းသပ်မှုကို ထပ်ပြီး လုပ်ဆောင်ခဲ့သည်။
သိပ္ပံပညာ ဆိုတာ အမှားများနှင့် တည်ဆောက်ထားခြင်းပဲ ဖြစ်သည်။ ထိုအမှားများက အောင်မြင်မှု လမ်းစပေါ် ဖြည်းဖြည်းချင်း ဆွဲခေါ်သွားနိုင်သည်။ သို့ရာတွင် ပထမဆုံး တီထွင် စမ်းသပ်မှုအတွက် ရဲရင့်သည့် စွန့်စားမှုများကို လုပ်ဆောင်ဖို့တော့ လိုအပ်သည်။
ငယ်ငယ်က သင်ကြားခဲ့ရသော လျှပ်စစ် မီးလုံး တီထွင်သူ သောမတ် အက်ဒီဆင်ဟာ လျှပ်စစ် မီးလုံးလေးကို ထုတ်လုပ်နိုင်ဖို့ စမ်းသပ်မှုပေါင်း တစ်ထောင်ခန့်ကို လုပ်ဆောင်ခဲ့ရသည်။ သို့သော် မအောင်မြင်သည့် နည်းလမ်းများက နောက်ဆုံးမှာ သူ လိုချင်သည့် ရလဒ် တစ်ခုကို ဖြစ်တည်စေခဲ့သည်။
ယခု ဖန်ပြွန်သန္ဓေ မွေးဖွားဖို့အတွက်ရော စမ်းသပ်မှုပေါင်း ဘယ်နှကြိမ်လောက် လုပ်ဆောင်ရမလဲ။
မလွယ်ကူသည့် စိန်ခေါ်မှု တစ်ခု။
အရင်းအနှီးကပါ ကြီးမားလွန်းသည်။
"သန္ဓေသားကို စမ်းသပ် ဖန်ပြွန်ထဲမှာ ကြီးထွားအောင် သုတေသီတွေ မလုပ်နိုင်ဘူး ဖြစ်နေတယ်၊ ဒီစမ်းသပ်မှုက ဆရာမတို့ ဆေးပညာ လောကအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ရပ်ပဲ၊ လိုအပ်တဲ့ နည်းပညာတွေ ဆက်လုပ်နိုင်ဖို့ အနောက် နိုင်ငံက အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ထားတယ်"
"ကျွန်တော်တို့ဘက်က ကူညီနိုင်တာများ မရှိဘူးလား"
ဒေါက်တာ ဟန်နာရီကို သက်ပြင်းချလျက် ခေါင်း ယမ်းခဲ့သည်။
"မရှိဘူး၊ သားတို့ တတ်နိုင်တာ စောင့်ကြည့်ရုံပဲ"
စမ်းသပ်မှုက ဒုတိယအကြိမ် ထပ်ပြီး ကျရှုံးပြန်သည်။
စမ်းသပ်မှု တစ်ခါတစ်ခါ ကျဆုံးတိုင်း နင့်သီးသော နာကျင်မှု များစွာကို သူတို့ ခံစားရသည်။ မိဘတိုင်းအတွက် သားသမီး ဆုံးရှုံးရသော ခံစားချက်က ဘယ်လို အရာနှင့်မှ ဖြေဆည်၍ မရနိုင်။ ပူလောင် ပြင်းပြသော ဝေဒနာကို ရူးမတတ် ခံစားရလေသည်။ ထိုနာကျင်မှုများကြောင့်ပဲ အမွေ ဆက်ဆံသူ မွေးဖွားမည့် ကိစ္စကို ဝေယံ့ဘက်မှ စပြီး လက်လျှော့ချင် စိတ် ဖြစ်လာခဲ့သည်။
"ဒါလင် . . ၊ ဒါတွေကို ဒီမှာပဲ ရပ်လိုက်ပါတော့လား"
ဝေယံ မျက်ရည်များဖြင့် တောင်းဆိုလာခဲ့သည်။
"ဒီအထိတောင် ရောက်လာခဲ့ပြီးပြီလေ၊ နည်းနည်းလောက်ပဲ သည်းခံလိုက်ပါ့လား၊ ဒါတွေက နာကျင်ရရင်တောင် ကျွန်တော့်အတွက် သည်းခံထားပေးပါ၊ နော် . . ယံ"
နေသူရိန်မင်းခန့် စကားကြောင့် သူ ပြန်ပြီး မျိုသိပ်ခဲ့ရသည်။ အကယ်၍ ဆက်ပြီး နာကျင်ရမည် ဆိုတောင် ဒီနာကျင်မှုတွေက နေမင်းကြီး၏ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက်ပဲ ဖြစ်တာမို့ သူ ခံစားလိုက်ဖို့ ထိုက်တန်ပါသည်။ ရင်ထဲမှာ မီးတောက်နေသည့် ဒဏ်ရာ၏ ပူလောင်မှုကို လျစ်လျူရှုကာ ဝေယံ ဆက်ပြီး သည်းခံထားလိုက်မိသည်။
စိတ်မကောင်းစွာ စမ်းသပ်မှုက တတိယအကြိမ် ထပ်ပြီး ကျရှုံးခဲ့သည်။ သို့ရာတွင် အောင်မြင်မှု ပန်းတိုင်အတွက် ခြေ တစ်လှမ်း နီးလာလေသည်။
"မိခင် အကူအညီ မပါဘဲ သန္ဓေသား ကြီးထွား ရှင်သန်နိုင်မယ့် နည်းပညာကို ဆရာမတို့ ရှာဖွေနိုင်ဖို့ တော်တော်လေး နီးစပ်နေပြီ၊ သန္ဓေသားအတွက် လိုအပ်မယ့် အာဟာရ ဓာတ်စာတွေကို ဓာတ်ခွဲခန်းတွေမှာ သုတေသီတွေ ဖန်တီးပြီး စမ်းသပ် ဖန်ပြွန်ထဲ ထိုးသွင်းဖို့ လုပ်ဆောင်နေပြီ၊ တကယ်လို့ ဒီနည်းလမ်းသာ အလုပ် ဖြစ်ခဲ့မယ်ဆိုရင် သားတို့ ရင်သွေးလေး အသက်ရှင်နိုင်လိမ့်မယ်"
ဒေါက်တာ ဟန်နာရီကိုမှ သတင်းကောင်းကို ဝမ်းပန်းတသာ အသိပေးလာခဲ့သည်။
"တကယ်လား ဒေါက်တာ"
သူမ ပြုံးလျက် ခေါင်းညိတ်ခဲ့သည်။
"ဒီတစ်ခါတော့ ဆရာမတို့ကို ယုံကြည်ထားလိုက်ပါ"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ တကယ်ကို ကျေးဇူး အများကြီး တင်ပါတယ်"
နေသူရိန်မင်းခန့် ရင်ထဲမှ လာသည့် လှိုက်လှဲသော ပျော်ရွှင်မှုဖြင့် ဒေါက်တာ ဟန်နာရီကို၏ လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ကျေးဇူးတင် စကား ပြောဖြစ်ခဲ့သည်။ ဝေယံက ခပ်ဖျော့ဖျော့သာ ပြုံးနေခဲ့သည်။
ခြံထဲမှ Wisteria သစ်ပင်ကြီး၌ ပန်းနွယ်ပန်းခက်များ ဖွေးဖွေးဖြူအောင် ဝေဆာသော နွေနေ့ တစ်နေ့တွင် သူတို့ နှစ်ဦးဆီသို့ သတင်းကောင်း တစ်ခု ရောက်လာခဲ့သည်။
"ဖန်ပြွန်သန္ဓေ စမ်းသပ်မှု အောင်မြင်တယ်၊ ရင်သွေးလေး ဆက်ပြီး အသက်ရှင်နိုင်ပြီ"
ဒေါက်တာမှ ဖုန်းဖြင့် အသိပေးလာခဲ့သည်။
"တကယ်ပဲလား ဒေါက်တာ၊ ဒီသတင်းက အမှန်ပဲလား၊ ကျွန်တော် အိပ်မက် မက်နေတာများလား"
နေသူရိန်မင်းခန့် ဖုန်းကို ကိုင်ထားလျက်နှင့်ပဲ အံ့သြ ဝမ်းသာမှုကြောင့် မျက်ဝန်းအိမ်မှာ မျက်ရည်များ ဝေ့လာခဲ့သည်။
"တကယ်ပေါ့၊ သားတို့ ကြည့်နိုင်အောင် သန္ဓေသားရဲ့ ကြီးထွားမှုနှုန်းကို မှတ်တမ်း တင်ထားတဲ့ ဓာတ်ပုံလေးတွေ ပို့ပေးလိုက်မယ်နော်၊ အိမ် လိပ်စာလေး တစ်ချက်လောက် ပြောပါဦး"
"ဟုတ်ကဲ့"
ဖုန်း ချပြီးနောက်တွင် ဝမ်းသာစရာ ကောင်းသည့် ထိုသတင်းကို ဝေယံ့ထံ နေသူရိန်မင်းခန့် ချက်ချင်း ပြောပြခဲ့သည်။ ဒီတစ်ခါလည်း ဝေယံ ငိုခဲ့သည်။ သို့ရာတွင် ပျော်ရွှင်မှုကြောင့် ကျဆင်းလာခဲ့သည့် မျက်ရည်များပဲ ဖြစ်သည်။ နေသူရိန်မင်းခန့် ရယ်မောရင်း ဝေယံ့ ကိုယ်လေးကို ချီယူကာ ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်သည်။ နေမင်းကြီးကို ဖက်ထားရင်းနှင့်ပဲ မျက်ရည်များကြားမှ ဝေယံ ဝမ်းပန်းတသာ ပြုံးရယ်ခဲ့သည်။
တစ်နှစ်နှင့် နှစ်လ အချိန် ယူကာ ကြိုးစားခဲ့ပြီးနောက် စမ်းသပ်မှု လေးကြိမ်မြောက်မှာပဲ သန္ဓေသား ကြီးထွား ရှင်သန်နိုင်မည့် နည်းလမ်းကို ဆရာဝန်များနှင့် သုတေသီတို့ ပူးပေါင်းကာ အောင်မြင်စွာ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ထိုအရာတွေသည် ဇွဲ မလျော့ဘဲ အကြိမ်ကြိမ် အခါခါ ကြိုးပမ်းခဲ့ခြင်း၏ အသီးအပွင့်များပဲ ဖြစ်သည်။
ကြိုးစား အားထုတ်မှုသည် အပြော လွယ်သလောက် လုပ်ဖို့ ခက်ခဲသည်။ အများစုက ပန်းတိုင် မရောက်ခင် လမ်းလယ်မှာပဲ လက်လျှော့သွားကြသည်။ ထိုအထဲတွင် နေသူရိန်မင်းခန့် မပါဝင်။ သူသည် ရောက်အောင် သွားမည် ဟု ရည်မှန်းထားသော ပန်းတိုင်ကို မဖြစ် ဖြစ်သည့် နည်းဖြင့် ရောက်အောင် သွားတတ်သူ ဖြစ်သည်။
"သားသားက ဘယ်သူနဲ့ တူတာလဲ"
"သေချာပေါက် ကျွန်တော်နဲ့ တူတာပေါ့"
"မဟုတ်ပါဘူး၊ သားသားက ငါနဲ့ တူတာပါ၊ ဒီလို ချစ်စရာ ကောင်းတဲ့ ပုံစံလေးက ငါ့မှာပဲ ရှိတာလေ"
"ဒါပေမယ့် သားက ချစ်စရာကောင်းတဲ့အပြင် ချောပါ ချောသေးတယ်၊ ချောတာကတော့ ကျွန်တော်နဲ့ တူတာနော်"
"ဟွန်း . . ၊ မဟုတ်ဘဲနဲ့"
နေသူရိန်မင်းခန့် ရင်ခွင်ထဲ ဝေယံ ခေါင်း မှီထားရာမှ မကျေနပ်စွာ နှုတ်ခမ်း စူလိုက်သည်။ သူတို့နှစ်ဦး ဧည့်ခန်းမှ ဆိုဖာပေါ် လဲလျောင်းလျက် ရှိသည်။ ဝေယံက နေမင်းကြီး ရင်ခွင်ထဲမှာ။ လက်ထဲတွင် ဒေါက်တာ ဟန်နာရီကို ပို့ထားပေးသော ရင်သွေးလေး၏ ဓာတ်ပုံများကို ကိုင်ထားလျက် ရှိသည်။
"ဟုတ်ပါတယ်၊ ကြည့်ပါ့လား . . ၊ သားရဲ့ မျက်လုံးတွေက ကျွန်တော်နဲ့ ဆင်တာလေ"
"ဒီပါးဖောင်းဖောင်းလေးတွေကရော . . ၊ သေချာပေါက် ငါနဲ့ တူတာ မဟုတ်ဘူးလား"
"ယံ့မှာ ပါးဖောင်းဖောင်းလေးတွေ ရှိတာလား၊ ဘယ်မှာလဲ၊ ကျွန်တော့်ကို ပြပါဦး"
"ဒီမှာလေ . ."
ဝေယံ လဲအိပ်ရာမှ ချက်ချင်း ထထိုင်ကာ ပန်းနုရောင် သန်းနေသည့် ပါးကလေးကို ဖောင်းကားသွားအောင် နှုတ်ခမ်းကို ခပ်တင်းတင်း စူပစ်လိုက်သည်။ ပုံစံက ငါးပူတင်းလေး တစ်ကောင် ဟန်ထုတ်နေသလို ချစ်စဖွယ်။ ပါးမို့မို့ကို စူအစ်သွားအောင် မျက်လုံးကို မှိတ်၊ နှုတ်ခမ်းကို ဇွတ်အတင်း စူပြနေသော ဝေယံ့ ပုံစံက ပီဘိ ကလေးငယ်လေး တစ်ယောက်လို အသည်းယားစရာ။ နေသူရိန်မင်းခန့် သဘောကျစွာ စိုက်ကြည့်နေရင်းမှ အူယားလာသည်။
"ဟုတ်ပါ့၊ ယံ့မှာ ပါးဖောင်းဖောင်းလေးတွေ ရှိတာပဲ၊ ကျွန်တော် သေချာ မြင်ရအောင် ဒီနားကို လာတိုးပြပါ့လား၊ ဟင်"
နေသူရိန်မင်းခန့် ဦးခေါင်းကို လက် ထောက်လျက် ကိုယ် တစ်ခြမ်းစောင်း အနေအထားဖြင့် လဲအိပ်နေရာမှ ရင်ဘတ် အနားက နေရာလွတ်ကို လက်ဖြင့် ခပ်သာသာ ပုတ်ပြလိုက်သည်။ ထိုစကားကို ဝေယံ အယုံလွယ်ကာ အနားသို့ တိုးကပ်လာချိန်မှာတော့ သူ ကြံရွယ်ထားသည့်အတိုင်း ပန်းနုရောင် ပါးဖောင်းဖောင်းလေး ခွက်ဝင်သွားအောင်အထိ ရွှတ်ခနဲ နမ်းပစ်လိုက်တော့သည်။
"ဝွန်း . . ၊ ဘာလုပ်တာလဲလို့"
နမ်းခံလိုက်ရသည့် ပါးပြင်ကလေးကို ဝေယံ လက်ဖြင့် အုပ်ကိုင်ပြီး မကျေမနပ် ရန်လုပ်တော့သည်။
"နမ်းတာ၊ နမ်းတာလေ"
နေသူရိန်မင်းခန့် ရွှင်ရွှင်နောက်နောက် ဖြေရင်း တွန့်ကျိုးနေသည့် ဝေယံ၏ မျက်ခုံးများကို ပြေလျော့သွားအောင် လက်ညှိုးဖြင့် အသာ ထောက်လိုက်သည်။
"ဘာလဲ၊ မိန်းမက ဒီယောကျာ်းကို မကြည်ဖြူတာလား"
"ဘာတွေ လာပြောနေတာလဲ၊ ရှက်စရာကောင်းအောင် . . ၊ ဘာမှန်းလဲ မသိဘူး"
ထပြေးဖို့ ကြံနေသည့် ဝေယံ့ကို နေသူရိန်မင်းခန့် လက်မောင်းမှ ဆွဲကာ ဆိုဖာပေါ် ဗြုန်းခနဲ လဲချပစ်လိုက်သည်။ ထို့နောက် ရုန်းမရအောင် အပေါ်မှ သူ၏ ခန္ဓာကိုယ်ဖြင့် ဖိထားလိုက်သည်။ ခြေထောက်များကိုပါ လှုပ်မရအောင် လိမ်ယှက် ချုပ်နှောင်ထားလိုက်သည်။ ကြယ်စုံည တစ်ညလို ရွှန်းလဲ့နေသော ဝေယံ၏ မျက်ဝန်းများထဲတွင် အံ့သြရိပ်များ ရှိနေသည်။
"ဒါလင် . ."
တစ်ခုခု ပြောချင်နေသည့် နှုတ်ခမ်းလေးကို နေသူရိန်မင်းခန့် လက်ညှိုးဖြင့် ကန့်လန့်ဖြတ် တင်ကာ ပိတ်ဆို့ တားမြစ်လိုက်သည်။
"မှန်း . . ၊ သားက ယံနဲ့ တူတာလို့ ပြောတယ်နော်၊ တူလား မတူလား . . တစ်ခါလောက် စစ်ကြည့်ရအောင်"
နေသူရိန်မင်းခန့် စကားကြောင့် ဘယ်လို စစ်ဆေးမှုတွေများ ပြုလုပ်မှာလဲ ဟု ဝေယံ စဉ်းစားနေချိန် နေသူရိန်မင်းခန့်က နှုတ်ခမ်းများဖြင့် ဆံနွယ်တို့ကို စပြီး နမ်းရှိုက်လာသည်။
"အင်း . . ၊ တူတာပဲ"
ထို့နောက် နဖူး၊ မျက်လုံး၊ နှာဖျား၊ နှုတ်ခမ်းဖူး၊ ပါးမို့မို့နှင့် မေးဖျား။ တစ်ဆက်တည်းမှာပဲ ခြေဦးတည့်ရာ နယ်မြေ ချဲ့ထွင်နေသော နှုတ်ခမ်းများက လည်တိုင်ဆီသို့ သက်ဆင်းလာသည်။
"အွန်း . ."
ဝေယံ အသံ ထွက်ပြီး ညည်းမိသွားတာမို့ နှုတ်ခမ်းကို ကိုက်ထားမိသည်။ နေသူရိန်မင်းခန့်က ကမ္ဘာမြေအား အပိုင်စား ရသွားသည့် မျက်နှာမျိုးဖြင့် မချိုမချဉ် ပြုံးနေသည်။
"ဒါလည်း တူတယ်၊ ဒါလည်း တူတာပဲ၊ ဒါရော . ."
နေမင်းကြီး လက်ချောင်းများက ဝေယံ ဝတ်ထားသည့် ရှပ်အင်္ကျီ၏ ကြယ်သီးများဆီသို့ ရွေ့လာသည်။
"ဒါလင် မလုပ်နဲ့နော်"
ဝေယံ မျက်လုံး ပြူးလျက် ဆက်မလုပ်ဖို့ တားမြစ်မိသည်။ သူတို့ ရောက်နေတာက ဧည့်ခန်းမှာ။ ကိုယ်ပိုင် အိပ်ခန်းလို လုံခြုံမှု မရှိ။ ထိုမျှမက သမီးဖြစ်သူ၏ အမြင်လည်း ရှိသေးသည်။ သူတို့ နှစ်ယောက်ကို ဒီပုံစံအတိုင်း နန်းယုဝေ မြင်သွားပါက ဘယ်လိုမှ ကောင်းစရာ အကြောင်း မရှိ။ အနည်းငယ်မှ မသင့်တော်။ နေသူရိန်မင်းခန့်အနေနှင့် ထိုအရာတွေကို နားလည်ထားဖို့ လိုအပ်သည်။
"မလုပ်နဲ့နော် . . ရိန်"
အင်္ကျီပေါ်မှ နေမင်းကြီး၏ လက်ချောင်းများ ချက်ချင်း ဖယ်သွားသည်။ စိတ်ချလို့ ရပြီ ဟု ဝေယံ တစ်ခဏ တွေးမိလိုက်ချိန်မှာပဲ နေသူရိန်မင်းခန့် လက်များက သူ ဝတ်ထားသည့် ရှပ်အင်္ကျီကို အောက်ဖျားမှ ဆွဲလှန်လိုက်သည်။ တစ်ချိန်တည်းမှာပဲ ဦးခေါင်းက အင်္ကျီ အတွင်းထဲသို့ ဖျတ်ခနဲ တိုးဝင်လာ၏။
"အာ . . ရိန်"
ဝမ်းဗိုက်တစ်လျှောက် ပွတ်တိုက်သွားသော နှုတ်ခမ်းသား၏ ရွေ့လျားမှုကြောင့် ဝေယံ ကြက်သီး ဖြန်းခနဲ ထသွားသည်။ ထိုအချိန် နှုတ်ခမ်းများဖြင့် ရင်ဘတ်များကို ထပ်နမ်းလာသည်။ အသာအယာ ဖြစ်သည်။ နွေးထွေးသော ဖမ်းစားမှု အောက်မှာ ဝေယံ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
"ဟင့် . . ၊ အင့် ယားတယ်"
နေသူရိန်မင်းခန့် နှုတ်ခမ်းများက ဝေယံ၏ ရင်ဘတ်မှ အောက်ဖျားသို့ ဖြည်းဖြည်းချင်း လျှောဆင်းလာသည်။ ဝမ်းဗိုက်။ ထို့နောက် ခါး တစ်ဝိုက်။ ဝေယံ ရုန်းထွက်ဖို့ပင် ခွန်အား မရှိတော့။ တိတ်တိတ်လေး နေလျက် နေမင်းကြီး ချုပ်ကိုင်သမျှ ငြိမ်ခံပေးနေရသည်။
"ယားတယ်လို့ . . ၊ တော်တော့၊ ရပ်တော့နော်"
နှုတ်ခမ်းများ၏ ရွေ့လျားမှုက ဗြုန်းခနဲ ရပ်တန့်သွားသည်။ နေသူရိန်မင်းခန့် ဝေယံ အင်္ကျီထဲမှ ခေါင်း ထွက်လာသည်။
"ဒီလောက်ဆို စစ်ဆေးတာ လုံလောက်ပြီ မဟုတ်လား"
သူ မေးတော့ အဖြေ မပေး။ ပြုံးရုံသာ ပြုံးနေသည်။ အပြုံးက မုန်းစရာ ကောင်းသည့် အပြုံး။
"မလုံလောက်သေးဘူး"
နေသူရိန်မင်းခန့် ဝေယံ့ ကိုယ်လေးကို စွေ့ခနဲ ချီယူကာ ပခုံးပေါ် ထမ်းတင်လိုက်သည်။
"အိပ်ခန်းထဲ သွားရအောင် ဘေဘီလေး"
ရုန်းကန်ချိန်ပင် မရလိုက်။ နေသူရိန်မင်းခန့် ခေါ်ရာ နောက်သို့ ဝေယံ မိန့်မိန့်ကြီး ပါသွားရသည်။ နေမင်းကြီးနှင့် အလှလေး ထွက်သွားတာနှင့် ဧည့်ခန်းက တိတ်ဆိတ်၍ ကျန်ခဲ့သည်။ ဆိုဖာတွင် သန္ဓေသားလေး၏ ဓာတ်ပုံများ ပြန့်ကျဲ၍ နေလေသည်။
နန်းယု ထမင်းစားခန်းတွင် မုန့် စားနေရာမှ ထွက်လာကာ ဧည့်ခန်း ဆိုဖာဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ဆိုဖာပေါ်မှ ဓာတ်ပုံများကို စိတ်လှုပ်ရှားစွာ ကောက်ယူလိုက်သည်။ ဓာတ်ပုံထဲမှ မောင်ဖြစ်သူ သန္ဓေသားလေးကို မြင်လိုက်ရချိန်မှာတော့ နန်းယု မျက်နှာက ချက်ချင်း ပျက်ယွင်းသွားသည်။ မျှော်လင့်ချက်တွေ ပျက်စီးသွားသည့် မျက်နှာမျိုး ဖြစ်သည်။
ဓာတ်ပုံက မှုန်ဝါးဝါးဖြင့် မဲမဲသဲသဲသာ။ သန္ဓေသားကို သေချာ မမြင်ရ။ ထိုမျှမက သန္ဓေသားလေးသည် ကလေး တစ်ယောက် အသွင် ပီပီသသ မဖြစ်သေး။ ဆဲလ်လုံးလေး တစ်လုံး အဖြစ်သာ ရှိနေသေးသည်။ သူမ နားမလည် ဖြစ်သွားသည်။
ဖေဖေနှင့် ဖေဖေကြီးက ဒီဓာတ်ပုံကို ကြည့်ပြီး သူနှင့် တူသည်၊ ငါနှင့် တူသည် ဟူ၍ ဘယ်လိုများ ငြင်းခုံကြပါလိမ့်။
နန်းယု ဓာတ်ပုံကို ကိုင်တာ မျက်လုံး ပြူးကြည့်သည်။ မျက်လုံး မှေးကြည့်သည်။ ခေါင်းကို ဘယ်ညာ ယိမ်းလျက် ငဲ့စောင်းကြည့်သည်။ မျက်နှာ အနား တိုး၍ ကပ်ပြီး ကြည့်သည်။ လက် ဆန့်ထုတ်ပြီး ဝေးရာမှ ကြည့်သည်။ သန္ဓေသားလေးဆီမှ ဖေဖေကြီးနှင့် တူသော မျက်လုံး၊ ဖေဖေနှင့် တူသော ပါးဖောင်းဖောင်းကို အနည်းငယ်မှ မတွေ့ရ။ ထိုသေးငယ်သော အစိတ်အပိုင်းများပင် ထားလေစွ။ ကြီးမားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်သော ခြေလက် အင်္ဂါများပင် ရင်သွေးလေးထံတွင် မရှိသေး။
နန်းယု စိတ်ပျက်စွာ သက်ပြင်း ချမိသွားသည်။
သားရူး ရူးသည့် ဒီအဖေ နှစ်ယောက်နှင့်တော့ ခက်တော့တာပဲ။
တစ်ခုသော ဆောင်းဦး၏ ကျောင်း ပိတ်ရက်တွင် နန်းယုတို့ မိသားစု သုံးယောက် မကြာခင် မွေးဖွားလာတော့မည့် မောင်လေးအတွက် အခန်း တစ်ခန်း ပြင်ဆင်ပေး ဖြစ်သည်။
အိပ်ခန်းက လင်းထိန် တောက်ပလို့ တစ်ခန်းလုံး အဖြူရောင်။ အခန်း အဝင် ခေါင်းရင်း နံရံမှာ အရုပ်စင် ခပ်မြင့်မြင့် တစ်လုံး ရှိသည်။ နေမင်းကြီး၏ စီစဉ်မှု ဖြစ်သည်။ စင်ပေါ်တွင် ခေတ်ပေါ် စက်ရုပ်များ၊ မွေးပွ အရုပ်ကလေးများနှင့် သေးကွေးသော အရုပ်ပိစိလေးများကို သူ့အထပ်နှင့် သူ စီရီစွာ နေရာချထားသည်။
စင်၏ ဘေးကပ်လျက်တွင် သစ်သား မြင်းရုပ်ဖြူဖြူနှင့် တိုက်ကားနီနီက ပိုင်ရှင်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသည့်အလား အရောင်အဆင်းတို့ သစ်လွင် တောက်ပလို့ ခမ်းခမ်းနားနား ဝင့်ကြွားနေလေသည်။
အဖြူနှင့် ပန်းနုရောင် ကလေး ပုခက်လေးကို အခန်း အလယ်တွင် လှလှပပ ထားရှိပေးသည်။ ချစ်စဖွယ် ကြယ်ရုပ်ကလေးများနှင့် ဝေလငါး အရုပ်ကလေးများကို ကြိုးဖြူဖြူတို့ဖြင့် သီကုံးလို့ ပုခက် အမိုးတွင် ချိတ်ဆွဲပေးထားသည်။ တချွင်ချွင် မြည်တတ်သော အရုပ်ကလေးတွေက ရင်သွေးလေးကို သားချော့တေးသဖွယ် ချော့သိပ်ပေးနိုင်မှာ သေချာသည်။
ငွေဖြူရောင် အပွင့် ဒီဇိုင်းနှင့် ကြာပန်းဖြူတို့ ပါရှိသော ခန်းဆီး လိုက်ကာတွေက အိအိမွမွနှင့် ထိရတာ နူးညံ့လှသည်။ အခန်းထောင့်က ဗီရိုထဲတွင် ကလေး အဝတ်အစားများနှင့် အသုံးအဆောင် ပစ္စည်းတို့ကို ကြိုတင် ဝယ်ယူပြီး အပြည့် ဖြည့်ထားသည်။ ဖိနပ် သေးသေးလေးတွေကိုပင် ဝေယံ လက်ထဲ ထည့်ကြည့်ရင်း သဘောကျနေခဲ့သည်။
လှပသည့် ပန်းချီလက်ရာ တချို့က နို့နှစ်ရောင် အခန်း နံရံထက်၌ . . ။ လိပ်ပြာတွေ ပြည့်နှက်နေသည့် တောအုပ်ကလေးတွေ။ ရေ တသွင်သွင် စီးဆင်းနေသည့် ရေတံခွန်တွေ။ နတ်မြင်းပျံများ ကခုန် ပျော်မြူးဟန်နှင့် ခုနှစ်ရောင်စဉ်ခြယ် သက်တံ့ကြီးများ။ မောင်ဖြစ်သူအတွက် နန်းယု ကိုယ်တိုင် အပင်ပန်းခံပြီး ကဗျာဆန်စွာ ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
အခန်း အပြည့် ရောင်စုံ ဖော့အခင်းများ ခင်းပေးထားသော ကြမ်းပြင်တွင် ပုတိုတို သစ်သား ထိုင်ခုံလေး နှစ်လုံးကို ဘေးချင်း ယှဉ်၍ ထားပြီး အလယ်မှာ စားပွဲ နိမ့်နိမ့် တစ်လုံးကို ချပေးထားသည်။ စားပွဲပေါ်တွင် ပုံပြင် စာအုပ်များနှင့် ရုပ်ပြ စာအုပ်တို့ကို သပ်ရပ်စွာ စီရီထားသည်။ စားပွဲ အောက်ထပ် အံဆွဲမှာ ပုံဆွဲ စာအုပ်များနှင့် ရောင်စုံ ခဲတံများ အကန့်လိုက် ထည့်ပေးထားသည်။
ထိုစားပွဲပုလေးတွင် ရင်သွေးလေး ထိုင်ပြီး ရုပ်ပုံကလေးတွေ ရေးခြစ်နေမည့် ပုံစံလေးကို မြင်ယောင်ကြည့်ရုံနှင့်တင် နှလုံးအိမ်၌ ကြည်နူးစိတ်တို့ ဖြာဝေရသည်။
ဒီလောက်ဆို အခန်း၏ ပြင်ဆင်မှုက လုံလောက်ပြီ။
ဒီလောက်ဆို
နေမင်းကြီးနှင့် အလှလေးတို့၏
မြတ်နိုးဖွယ် ရင်သွေးငယ်လေး ကမ္ဘာမြေထဲ
အပြီးတိုင် အခြေချဖို့ အဆင်သင့် ဖြစ်ပြီ ထင်ပါသည်။
~•~ S U N ~•~
14 / August / 2021
5 : 25 PM