သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၃၆)

1.1K 303 13
By Ling____

ထိုအချိန်၌ နတ်ဆရာမျိုးနွယ်စုဂူသင်္ချိုင်းမှာ ဘေးပတ်ဝန်းကျင်မှ လက်ဆွဲမီးအိမ်များ၏မီးအလင်းရောင်များကြောင့် ထိန်ထိန်ညီးထွန်းလင်းတောက်ပနေလျက်ရှိသည်။ တောင်ကြောတစ်လျှောက်မှာကား မစ်သရေးလ်ကျည်ဆန်များလက်ချက်ဖြင့် ထက်ပိုင်းပြတ်ကာပြိုကျပျက်စီးသွားကြပြီဖြစ်သလို လူများကိုလှည့်စားရန်အတွက်ပြုလုပ်ထားသော အတုအယောင်ပေါင်းမြက်သစ်ပင်များမှာလည်း မီးလောင်ကျွမ်းပြာကျလုမတတ်ဖြစ်သွားရှာလေသည်။ ယဇ်ပလ္လင်အတွင်းရှိရေအိုင်ငယ်လေးအတွင်းမှ တရှိန်ထိုးပန်းထွက်လာကြသော ရေများသည်ကား မြေနိမ့်ရာသို့အလုံးအရင်းဖြင့် စီးဆင်းသွားကြပြီးနောက် ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာခဲ့သော မြေကြီးပေါ်ရှိချိုင့်ခွက်များအတွင်းသို့စီးဝင်သွားကြကာ ယာယီ 'ရေအိုင်' ငယ်လေးများဖြစ်ပေါ်သွားကြလေတော့သည်။

နောက်ဆုံးတွင်တော့ အထူးတပ်ဖွဲ့များသည်ကား အထူးတပ်ဖွဲ့များဆိုသည့်အတိုင်းပင်ဖြစ်သည်။ ရှောင်းကျန်းက ထိပ်သီးတပ်ဖွဲ့တစ်ခုဖြစ်သော 'မိုးကြိုးမုန်တိုင်း' တပ်ဖွဲ့အတွင်းမှ ရေအမျိုးအစားထူးခြားစွမ်းရည်ပိုင်ရှင် ခြောက်ယောက်ကိုတိုက်ရိုက်စေလွှတ်ခဲ့လေသည်။ ထိုလူများမှာ ရဟတ်ယာဉ်သုံးစင်းခွဲလိုက်ကာ နတ်ဆရာဂူသင်္ချိုင်းအပေါ်မှဝိုင်းပတ်ပျံသန်းနေလျက် မြေကြီးထက်မှ ရေများကို 'ဆွဲယူ' လိုက်ကြလေသည်။ အဆိုပါရေများမှာ အဝတ်စတစ်လွှာကဲ့သို့နှယ် ကောင်းကင်ယံထက်ဆီသို့ 'ဆွဲယူ' ခြင်းခံလိုက်ရရှာသည်။

မြေပြင်ပေါ်တွင်ရှိနေသော ကွင်းဆင်းဝန်ထမ်းများမှာလည်း အုပ်စုပေါင်းများစွာခွဲလိုက်ပြီး 'ရေကန့်လန့်ကာ' ၏အနားနှစ်ဖက်တစ်လျှောက် စေ့စေ့စပ်စပ်ရှာဖွေစစ်ဆေးမှုများပြုလုပ်ကြလေတော့သည်။

ရှောင်းကျန်းက အလျင်အမြန်ပင် အနီးအနားရှိစီရင်စုများနှင့်မြို့ကြီးများတွင်ရှိနေသော ကွင်းဆင်းဝန်ထမ်းများကို ရသလောက်လိုက်လံစုဆောင်းလိုက်သည်။ ၎င်းတို့အနက်မှ တချို့တဝက်သည်ကား ယွဲ့သယ်ဘိုးဘိုး၏တပည့်သားမြေးများနောက်သို့လိုက်သွားကြပြီး တချို့တဝက်ကတော့ နတ်ဆရာဂူသင်္ချိုင်းအတွင်းကျန်နေရစ်ခဲ့ကြကာ ဒေသတစ်ခုလုံးကိုပိတ်ဆို့ထားလိုက်ကြသည်။ သုံးချွမ်းဒေသမှာ ဒေသခံပြည်သူများနှင့်ခရီးသွားဧည့်သည်အမြောက်အမြားရှိသောနေရာတစ်ခုဖြစ်သည့်အတွက် ၎င်းတို့သည်ကား ထိုဒေသအတွင်း ရှာဖွေမှုများကိုအလျင်အမြန်ဆောင်ရွက်ကာ နတ်ဆရာများ၏ အန္တရာယ်ရှိသောအကြွင်းအကျန်ပစ္စည်းများကို အမြန်ဆုံးရှင်းလင်းဖယ်ရှားပစ်ရမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဤနေရာသို့လူများဝင်ရောက်လာပါက အန္တရာယ်တစ်စုံတစ်ရာကျန်ရစ်နေခဲ့ခြင်းမဖြစ်ရလေအောင် သေချာစွာရှင်းလင်းဆောင်ရွက်ထားရမည်ဖြစ်သည်။ အရေးကြီးဆုံးအရာကတော့ မြေငလျင်လှုပ်ခတ်ပြီးနောက် ရေအောက်ထဲသို့နစ်မြုပ်သွားသော ကြေးနီရောင်ခေါင်းတလားကို သူတို့အမြန်ဆုံးရှာတွေ့မှဖြစ်မည်။

ထိုအရာသည်ကား ပူဆွေးယဇ်ပူဇော်ပွဲကြောင့်နိုးထလာခဲ့သော မိစ္ဆာတစ်ကောင်ဖြစ်ပြီး ယခင်တစ်ခေါက်တုန်းက မိစ္ဆာထက်ပင် ပို၍ဆိုးသွမ်းကြမ်းကြုတ်လှသူဖြစ်ပြီး သူတို့၏စိတ်အခြေအနေမှာလည်း မတည်မငြိမ်ဖြစ်နေပေလိမ့်မည်။ ဤကိစ္စကို သေသေချာချာစဉ်းစားကြည့်လိုက်မည်ဆိုပါက ကြက်သီးတဖြန်းဖြန်းထသွားနိုင်လောက်အောင်ပင်ကြောက်စရာကောင်းလွန်းလှပေ၏။

ပထမဆုံးအနေဖြင့် ပူဆွေးယဇ်ပူဇော်ပွဲသည်ကား နေ့စဉ်နှင့်အမျှတွေ့မြင်ကြုံကြိုက်နေရသောအရာတစ်ခုမဟုတ်။ DCO ရှိ ထိပ်တန်းလျှို့ဝှက်ချက်ဖိုင်တွဲများ၌ပင် ထိုအကြောင်းကို စကားလုံးနှစ်လုံးသုံးလုံးလောက်သာရေးသားထားတာဖြစ်ပြီး ဒေါက်တာဝမ်တောင်မှ ထိုအကြောင်းကိုများများစားစားသိမထားပါချေ။ ဒါဖြင့် အရွယ်ရောက်ပြီးလူကြီးတစ်ယောက်ဖြစ်လာသောအခါမှသာလျှင် မိမိ၏ထူးခြားစွမ်းရည်များကိုသတိထားမိသွားသော ပိချွင်းရှန်း၊ လမ်းဘေးက အုတ်ကြားမြက်ပေါက်ကလေကချေကောင်နှင့် အုတ်ဂူဖောက်သမားများသာဖြစ်ကြသော မုတ်ဆိတ်နှင့်လူနှင့် ကျိချင်းချန်တို့သုံးဦးသည်ကား ဤကိစ္စကို မည်သည့်နေရာမှသိရှိကာ ပါဝင်ပတ်သက်သွားကြပါသနည်း။

'နတ်ဆရာမျိုးနွယ်စု' ဟုခေါ်သောလူများပင်ဖြစ်စေ၊ ချိယွမ်းမှထွက်ပေါ်လာသော ထိုလူပင်ဖြစ်စေ သူတို့အားလုံးသည်ကား အလွန်တရာအန္တရာယ်ရှိသောလူများဖြစ်ကြသည့်အပြင် လျှို့ဝှက်နက်နဲသောနောက်ကြောင်းရာဇဝင်ကိုယ်စီရှိကြသူများဖြစ်သည်။ အကယ်၍ ပူဆွေးယဇ်ပူဇော်ပွဲအား နောက်ကွယ်မှကြိုးကိုင်ခြယ်လှယ်နေသူတစ်ဦးသာရှိမည်ဆိုပါက ထိုပုဂ္ဂိုလ်သည်ကား သေချာပေါက်ကို ရှေးဟောင်းသုတေသနဘာသာရပ်တွင် ဒေါက်တာဘွဲ့ရသင့်သူတစ်ဦးဖြစ်လေသည်__ဒီမိစ္ဆာတွေကို ဘယ်နေရာမှာမြှုပ်ထားသလဲဆိုတာကို သူဘယ်လိုလုပ်ပြီးသိနေရတာလဲ?

ယခုလတ်တလော၌ သေရေးရှင်ရေးတမျှအရေးကြီးသောအချက်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့များသည်ကား ရွှမ်းကျီးညွှန်းဆိုခဲ့သော ခေါင်းတလားတည်ရှိနေသည့် တည်နေရာအနီးအနားတဝိုက်ကိုခန့်မှန်းတွက်ဆပြီးရှာဖွေခဲ့စေကာမူ ရှောင်းကျန်းနှင့်သူ့လူများမှာ ထိုနေရာတဝိုက်ကို (၈)ပတ်လောက်ပတ်ပြီးသွားသော်ငြား ကြေးစတစ်စနှင့်တူသောအရာကိုပင်မတွေ့ခဲ့ရပါချေ!

"မင်း သေချာလား?"

ရှောင်းကျန်းက ဖုန်းကိုလက်ထဲ၌ကိုင်ထားရင်း အပျက်အစီးပုံများနှင့်အရိုးဖြူများကြားထဲမှ တစ်လှမ်းပြီးတစ်လှမ်းလျှောက်လှမ်းလာနေရင်းမေးလိုက်သည်။

"အခု ငါ ကျောက်သားယဇ်ပလ္လင်ရှိတဲ့နားမှာရောက်နေတယ်၊ ကျောက်သားတွေပေါ်မှာ ယဇ်စာသားအကြွင်းအကျန်အစအနတွေရှိနေသေးတယ်ဆိုပေမယ့် ခေါင်းတလားရော ဘယ်မလဲ?"

ရွှမ်းကျီးက စီးကရက်တစ်လိပ်ကို ပါးစပ်ထဲတွင်ခဲထားရင်း နီကိုတင်း၏အကူအညီဖြင့် သူ့ကိုယ်သူအတင်းကာရော တည်ငြိမ်အောင်ကြိုးစားအားထုတ်လိုက်သည်။ သူ၏နားထဲတွင်ရှိနေသော သွေးခဲအနာဖေးဖတ်လေးကြောင့် နားများပင်အလွန်အမင်းယားကျိကျိဖြစ်လာရသည်။ ခေါင်းကိုထိခိုက်သွားသည့်အရှိန်က ကောင်းကောင်းမပျောက်သေးသည့်အတွက် ဖုန်းထဲရှိ ရှောင်းကျန်း၏အသံမှာ သူ့အတွက် နီးလာလိုက်ဝေးသွားလိုက်ဖြစ်လို့နေတော့သည်။ သူ၏တုံ့ပြန်မှုမှာလည်း စည်းချက်တစ်ဝက်စာမျှလေးလံနောက်ကျနေ၏။

".....ဟုတ်လောက်ပါတယ်....မင်း ဘာဖြစ်လို့ နောက်ထပ်သေသေချာချာရှာမကြည့်ရတာလဲ?"

ရှောင်းကျန်းတစ်ယောက် အသက်ရှူကြပ်သွား၏။

"ငါတို့နှစ်ယောက်မှာ တကယ်ပဲ ဘယ်သူက ကွင်းဆင်းဝန်ထမ်းလဲ? ဘယ်သူက ထောက်ပံ့ပို့ဆောင်ရေးဝန်ထမ်းလဲ?"

ရွှမ်းကျီးက မြူနှင်းအလားဖြူဖွေးနေသော စီးကရက်မီးခိုးငွေ့တစ်လိပ်ကို မှုတ်ထုတ်လိုက်ပြီးသော် အနှီထူးဆန်းသောဖုန်းထဲသို့ စိတ်မပါလက်မပါဖြင့်ပြန်လည်ဖြေကြားလိုက်သည်။

"ဘယ်သူလဲ မင်းပြောကြည့်လေ?"

"ဒါရိုက်တာရှောင်း!"

ရုတ်တရက် သူနှင့်ခပ်လှမ်းလှမ်းအကွာအဝေးတွင်ရှိသော ကွင်းဆင်းဝန်ထမ်းတစ်ဦးက လက်ထဲတွင် ဆလိုက်မီးတစ်ခုကို ကိုင်မြှောက်ထားရင်း ပြောလာသည်။

"ဒီကိုလာကြည့်ပါဦး!"

ထိုပစ္စည်းမှာ DCO ရှိ ကွင်းဆင်းဝန်ထမ်းများကိုထောက်ပံ့ပေးအပ်ထားသော 'ဆလိုက်မီး ၄.၀' ဖြစ်သည်။ အိမ်တွင်းသုံးလက်နှိပ်ဓာတ်မီးတစ်လုံး၏အရွယ်အစားခန့်ရှိပြီး ခပ်မှိန်မှိန်ဖျော့ဖျော့အဖြူရောင်အလင်းတန်းများကိုထုတ်လွှတ်ပေးနိုင်သည်။ အကယ်၍ အလင်းတန်းများသည်ကား မူမမှန်စွမ်းအင်တစ်မျိုးမျိုးကိုတွေ့ရှိပါက အဖြူရောင်မှအနီရောင်သို့ပြောင်းလဲသွားကြမည်ဖြစ်သည်။ ထိုပစ္စည်းမှာ အလွန်တရာအာရုံခံစားနိုင်စွမ်းအားကောင်းသောအရာဖြစ်ပြီး မြေမျက်နှာပြင်အောက် မီတာ (၁၀၀) အနက်တွင်ရှိနေသည့် သန္ဓေပြောင်းအပင်ငယ်တစ်ပင်ကိုတောင် ရှာဖွေတွေ့ရှိနိုင်စွမ်းရှိသည်ဟူ၍ပင်ပြောဆိုကြသည်။

ရှောင်းကျန်းက သူ့ခေါင်းကိုမော့ကြည့်လိုက်သောအခါမှာတော့ မြောက်မြားလှစွာသော ဆလိုက်မီးပေါင်းများစွာသည်ကား ဟာလာဟင်းလင်းဖြစ်နေသောမြေကွက်လပ်တစ်ကွက်ပေါ်သို့ တစုတစည်းတည်းထိုးနေကြသည်ကိုတွေ့လိုက်ရသည်။ အဖြူရောင်အလင်းတန်းများအောက်ဝယ် မြေပြင်ပေါ်ရှိ လေးထောင့်ပုံသဏ္ဌာန်မြေကွက်လပ်တစ်နေရာမှာ ရုတ်ချည်းပင် သွေးနီရောင်ပြောင်းလဲသွားလေသည်။ ထိုအရွယ်အစားအတိုင်းအတာကိုကြည့်လိုက်ရုံဖြင့် ခေါင်းတလားတစ်လုံး၏အရွယ်အစားနှင့်ကွက်တိပင်ဖြစ်သည်။

"ဒါက ခေါင်းတလားဆီက ကျန်ခဲ့တဲ့အရာလား?"

ဆလိုက်မီးကိုကိုင်ထားသော ကွင်းဆင်းဝန်ထမ်းက အနားသို့တိုးကပ်လာသည်။

"ဒါပေမဲ့ ဒါရိုက်တာ ဒါက အဓိပ္ပာယ်မရှိဘူးလေ!"

အမှန်ပင်။ အဓိပ္ပာယ်မရှိတာတော့အမှန်ပင်ဖြစ်သည်။ 'ဆလိုက်မီး' များကို မူမမှန်သောစွမ်းအင်များကိုရှာဖွေရန်အတွက်အသုံးပြုတာဖြစ်သည်။ ကြေးနီရောင်ခေါင်းတလားမှာ မီးလုံးကြီးတစ်လုံးပင်ဖြစ်နေပါစေဦးတော့၊ ဤကဲ့သို့အချိန်အကြာကြီးနေရာမှဖယ်ရှားခံရပြီးသည့်နောက်ပိုင်းတွင် အေးစက်သွားလောက်ပြီဖြစ်သည်။ သူတို့အများဆုံးရှာတွေ့နိုင်သည့်အရာမှာ စွမ်းအင်အကြွင်းအကျန်များသာဖြစ်သင့်သည်လေ၊ ဘယ်လိုဖြစ်ပြီး ဤကဲ့သို့သောအရောင်မျိုးထွက်နေပါမည်နည်း? ထို့အပြင် ဤမျှလောက်အရွယ်အစားကြီးမားလှသော ကြေးနီရောင်ခေါင်းတလားကြီးမှာ ရေအားကြောင့်လွင့်ထွက်သွားသည်ဖြစ်စေ၊ တစ်စုံတစ်ယောက်ကတွန်းထုတ်ယူသွားသည်ဖြစ်စေ ခြေရာလက်ရာသော်လည်းကောင်း၊ စွတ်ကြောင်းရာအချို့သော်လည်းကောင်းထင်ကျန်နေမည်သာဖြစ်သည်။ ယခုပုံစံမှာတော့ အလွန်တရာကိုရှင်းလင်းကာ သေသပ်ပိရိနေ၏။

"သတိထား... မြေကြီးပေါ်မှာ တစ်ခုခုရှိနေနိုင်တယ်"

ရှောင်းကျန်းမှာ သူ့စကားမဆုံးသေးခင်မှာပင် တောင်ထိပ်ပေါ်ရှိ ညှို့မှိုင်းအုပ်ဆိုင်းနေသော တိမ်စိုင်တိမ်လွှာများမှာ လေပြင်းများကြောင့် အဝေးသို့လွင့်စင်သွားလေသည်။ မှိန်ဖျော့ဖျော့ သော်တာလရောင်ခြည်က လှစ်ဟသွားသောတိမ်စိုင်တိမ်လွှာများအကြားမှ တိုးထွက်ထွန်းလင်းလာကာ မြေကြီးထက်ရှိ ခေါင်းတလားအရာပေါ်သို့ အတိမ်းအစောင်းမရှိကျရောက်သွားလေတော့သည်။ ဓာတ်ပြုမှုတစ်မျိုးမျိုးဖြစ်ပေါ်သွားသည့်အလား အဖြူရောင်မြူနှင်းတစ်လွှာက ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်မှလွင့်ပျံထွက်ပေါ်လာလေသည်။ ကွင်းဆင်းဝန်ထမ်းများမှာ အနောက်ဘက်သို့ နှစ်မီတာခန့် တညီတညာတည်းဆုတ်ခွာသွားကြလေတော့သည်။

အစောပိုင်းတွင်မူ ထိုအဖြူရောင်မြူနှင်းငွေ့များသည်ကား စတိတ်စင်ပေါ်တွင်အသုံးပြုလေ့ရှိသော ရေခဲခြောက်အငွေ့များကဲ့သို့ပင်ဖြစ်သည်။ များမကြာမီမှာပင် ထိုအတွင်းသို့ ရေခိုးရေငွေ့များထည့်ဝင်ပေါင်းစပ်လိုက်သောအခါ ထိုအငွေ့များ၏ သိပ်သည်းဆမှာ ပို၍စေးပျစ်ထူထဲသွားလေသည်။ တဒင်္ဂမျှ လေထုအတွင်း ရစ်ဝဲလှည့်သိုင်းနေပြီးနောက်မှာတော့ အဖြူရောင်မြူနှင်းများသည်ကား လူများနှင့်အရာဝတ္ထုများအဖြစ် ပုံသဏ္ဌာန်ပြောင်းလဲသွားကြလေသည်။

သုံးဖက်မြင်ရုပ်လုံးကြွ သဲပန်းချီကားများကဲ့သို့ပင်။

အဖြူရောင်မြူခိုးများမှာ စုစည်းသိပ်သည်းသွားပြီး မြေကြီးပေါ်တွင်ရှိနေသော ခေါင်းတလား၏အရာနှင့် တစ်ထပ်တည်းတူညီသော ခေါင်းတလားတစ်လုံးအဖြစ်ပုံပေါ်လို့လာသည်။ ထို့နောက် များမကြာမီမှာပင် ပို၍များပြားသောအဖြူရောင်မြူနှင်းများသည်ကား 'ခေါင်းတလား' ဘေးပတ်ပတ်လည်သို့စုစည်းလာကြပြီး လူတစ်ယောက်၏အသွင်သဏ္ဌာန်မျိုးအဖြစ်ပြောင်းလဲသွားလေတော့သည်။

"ဒါက ဘယ်လို ရေအမျိုးအစားထူးခြားစွမ်းရည်ကြီးလဲ?....ပြီးတော့ အသံလည်းထွက်တတ်သေးတာလား?"

"သူတို့ ဘာတွေပြောနေကြတာလဲ? ဒါရိုက်တာရွှမ်းပြောပြဖူးတဲ့ နတ်ဆရာဘာသာစကားတွေလား?"

"ရှူး....."

အဖြူရောင်မြူခိုးငွေ့များအလယ်တွင်ရှိနေသည့် လူပုံသဏ္ဌာန်တစ်ခုသည်ကား ခေါင်းတလားပတ်ပတ်လည်၌ လှည့်ပတ်သွားလာနေသည်။ ရေလှိုင်းသံများနှင့် အလွန်တရာနူးညံ့တိုးဖျော့သော တေးညည်းသံတစ်သံနှင့်အတူ အပ်ချောင်းထိပ်ဖျားတမျှတိုးဖျော့လွန်းလှသော တတောက်တောက်ခေါက်သံများက ခေါင်းတလား၏လေးဘက်လေးတန်နံရံများပေါ်ဝယ် ထွက်ပေါ်လာကြသည်။

ဒေါက်...ဒေါက်.....

အဖြူရောင်မြူခိုးများဖြင့်ပြုုလုပ်ထားသော ခေါင်းတလားအတွင်းမှ အရည်များစတင်စိမ့်ထွက်လို့လာသည်။ ထိုအရည်များမှာ ရူပဗေဒသဘောတရားကိုဆန့်ကျင်လျစ်လျူရှုကာ ဘေးပတ်ပတ်လည်တွင်ရှိနေသောရေများအတွင်းသို့ ရောနှောပျော်ဝင်၍မသွားပါချေ။ ထိုအစား ခေါင်းတလားအတွင်း၌ရှိသော ပူဆွေးယဇ်ပူဇော်ပွဲမှ ယဇ်စာသားများ၏ကောက်ကြောင်းပုံသဏ္ဌာန်များအတိုင်းပြောင်းလဲသွားကြသည်။ တစ်ချိန်တည်းမှာပင် တေးညည်းသံများနှင့် ခေါင်းတလားပေါ်သို့ တတောက်တောက်ခေါက်သံများသည်ကား ပို၍မြန်ဆန်လာနေသည်။ ကြေးနီရောင်ခေါင်းတလားဆီမှ အသံတစ်ချက်ထွက်ပေါ်လာတိုင်း ခေါင်းတလားအတွင်းရှိ ပူဆွေးယဇ်ပူဇော်ပွဲယဇ်စာသားများမှာလည်း အတိုင်းအတာတစ်ခုအထိ ပို၍ထင်ရှားပြတ်သားလာကြသည်။ ၎င်းတို့သည်ကား လုံးလုံးလျားလျားကိုထိုးထွက်ပေါ်ပေါက်လာပြီးသည့်နောက်တွင်မူ ထိုယဇ်စာသားများမှာ စတင်လှုပ်ရှားလာကြလေသည်။ ၎င်းစာသားများမှာ လေးဖက်လေးတန်နံရံထက်မှသည် ခေါင်းတလားအောက်ခြေဆီသို့ 'ကူးခတ်' သွားလာကြပြီးနောက် ခေါင်းတလားထဲရှိ အားလော့ကျင်း၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝှေ့ဝင်ရောက်သွားလေတော့သည်။

ဒေါက်....

အားလော့ကျင်း၏လက်ဖဝါးပေါ်၌ရိုက်သွင်းထားသော သံမှိုတစ်ချောင်းက အပေါ်သို့ခုန်တက်လာပြီး သူ၏လက်ချောင်းများမှာလည်း ထိုအရှိန်နှင့်အတူ ပြင်းပြင်းထန်ထန်တုန်ခါလှုပ်ယမ်းသွားလေသည်။

ခေါင်းတလားဘေးဘက်တွင်လှည့်ပတ်လျှောက်သွားနေသော လူပုံသဏ္ဌာန်က သူ့လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး အားလော့ကျင်း၏နဖူးပြင်ကိုပွတ်သပ်ပေးလိုက်သည်။ ဘာမှန်းမသိသော ရှေးဟောင်းဘာသာစကားတစ်မျိုးက ရေလှိုင်းသံများနှင့်အတူ ရောနှောပျံ့လွင့်လို့လာသည်။ ထူထပ်သိပ်သည်းသောမြူခိုးငွေ့များအကြား၌ ရစ်သိုင်းဝေ့သီနေသော အနှီစကားသံသည်ကား တဖြည်းဖြည်းပို၍လေသံမြင့်မားလာသလို ပို၍လည်းစူးရှလာသည်။ ထိုစကားထဲတွင်ပါဝင်သောအကြောင်းအရာများကို ရေရေရာရာမသိရစေကာမူ အနှီစကားသံထဲတွင် အလွန်တရာကြီးမားများပြားသောအမျက်ဒေါသမာန်ဟုန်တို့ကို ထမ်းပိုးသယ်ဆောင်ထားသည့်နှယ်။

ဒေါက်__အားလော့ကျင်း၏ခြေထောက်ရိုးပေါ်တွင်ရှိသော သံမှိုတစ်ချောင်းမှာလည်း အပေါ်သို့ကြွတက်လာသည်။

ချက်ချင်းဆိုသလိုပင် သွားကျိန်းစရာကောင်းလှသော တကျွိကျွိမြည်သံများက ခေါင်းတလားအတွင်းမှထွက်ပေါ်လာတော့သည်။ အားလော့ကျင်း၏မျက်ခုံးနှစ်ဖက်ကြား၌ရှိသော သံမှိုတစ်ချောင်းမှာလည်း သွေးယဇ်စာသားများလက်ချက်ဖြင့် အပေါ်ဘက်သို့ ဖြည်းဖြည်းချင်းတွန်းကန်ထွက်လာ၏။

လေပူစီဖောင်းအမြှုပ်များဖြင့်ပြုလုပ်ထားသော 'လူ' က ကိုယ်ကိုငုံ့ကိုင်းလိုက်ပြီး အားလော့ကျင်း၏နားအနားသို့ကပ်ကာ စကားတစ်ခွန်းကို တစ်လုံးချင်းစီ ပီပီသသပြောကြားလိုက်သည်။

ပူဆွေးယဇ်ပူဇော်ပွဲယဇ်စာသားများသည်ကား သွေးများကဲ့သို့နှယ် အားလော့ကျင်းကိုယ်ပေါ်မှ လွင့်စင်ပျောက်ကွယ်သွားကြသည်။ မျက်နှာဖုံးတခြမ်းကိုတပ်ဆင်ထားသောလူတစ်ယောက်သည်ကား ခေါင်းတလားအတွင်းမှ ဖြည်းဖြည်းချင်းထထိုင်လာပြီး ကြေးနီရောင်ခေါင်းတလားမှာ နေရာတွင်ပင် တစစီပျက်စီးကြေမွသွားလေတော့သည်။

DCO မှ ကွင်းဆင်းဝန်ထမ်းများမှာ အံ့ဩထိတ်လန့်သွားကြသည်__ခေါင်းတလားမှာ ဤသို့ဤနှယ်ပျောက်ကွယ်သွားခဲ့တာပဲဖြစ်သည်။ မြေပြင်ပေါ်တွင် ခြေရာလက်ရာနည်းနည်းလေးတောင်မှ ကျန်ရစ်ခဲ့ခြင်းမရှိတာကလည်း မထူးဆန်းတော့ပါချေ!

ချက်ချင်းဆိုသလိုပင် အဖြူရောင်မြူခိုးငွေ့များအလယ်တွင်ရှိနေသည့် အားလော့ကျင်းမှာ ခေါင်းမော့လာကာ နတ်ဆရာဂူသင်္ချိုင်းရှိရာအရပ်မျက်နှာဆီသို့ မှန်းမျှော်ကြည့်ရှုလိုက်သယောင်။ ရုတ်တရက် ၎င်းသည်ကား ကောင်းကင်ယံထက်သို့မော့ကာ ဆွဲဆွဲငင်ငင်အော်ဟစ်မြည်တမ်းငိုကြွေးဟန်ပြုလိုက်စေကာမူ မည်သည့်အသံမှထွက်ပေါ်လာခြင်းမရှိပါချေ။ ထို့နောက်တွင်တော့ ၎င်းမှာ အပေါ်သို့တရှိန်ထိုးပျံတက်သွားလေသည်။

ကွင်းဆင်းဝန်ထမ်းများသည်ကား အလိုအလျောက်ပင် အရပ်မျက်နှာအသီးသီးသို့လူစုကွဲသွားကာ ရှောင်ဖယ်လိုက်ကြသည်။ အားလော့ကျင်း၏အဖြူရောင်အရိပ်သဏ္ဌာန်မှာ ရေမျက်နှာပြင်ပေါ်သို့ရောက်ရှိလာပြီးနောက်တွင်မူ__တုံးချွမ်းမြို့တွင်းဆီသို့ ဦးတည်ပျံသန်းသွားလေတော့သည်!

တစ်ချိန်တည်းမှာပင် လေထုထဲတွင်ရစ်သိုင်းလှည့်ပတ်နေသော အဖြူရောင်မြူခိုးငွေ့များက မြေပြင်ပေါ်သို့ပြန်လည်သက်ဆင်းလာသည်။ အချိန်တခဏမျှကြာသည်အထိ မြေပြင်ပေါ်တွင်မွှေနှောက်လှည့်ပတ်လှုပ်ရှားနေပြီးကာမှ မိစ္ဆာကိုဆင့်ခေါ်ခဲ့သော သံသယတရားခံ၏အသွင်သဏ္ဌာန်အဖြစ်ပြန်လည်ပြောင်းလဲသွားပြန်သည်။ အနှီအဖြူရောင်ပုံရိပ်က ကြေးနီရောင်ခေါင်းတလားဘေးတွင် သက်တောင့်သက်သာအနေအထားဖြင့် မတ်တပ်ရပ်လိုက်သည်။ ၎င်းသည်ကား သူ့ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကိုပိုက်ယှက်ထားလိုက်ပြီး ကွင်းဆင်းဝန်ထမ်းများအား မျက်လုံးချင်းတေ့တေ့ဆိုင်ဆိုင်ကြည့်ရှုနေကာ တစ်စုံတစ်ခုကိုစောင့်ဆိုင်းနေသည့်နှယ်။

ရှောင်းကျန်းက အလျင်အမြန်ပင်‌ နောက်လှည့်ကာပြောလိုက်သည်။

"ခုနတုန်းကဟာတွေကို မှတ်တမ်းယူထားတဲ့လူရှိလား? ငါ့ကိုပေး!"

သူက ရိုက်ကူးထားသမျှဗီဒီယိုများထဲမှ အကြည်လင်အပြတ်သားဆုံးဗီဒီယိုတစ်ခုကိုရွေးချယ်လိုက်ကာ ရွှမ်းကျီးနှင့် ဌာနချုပ်တွင်ရှိနေသော ဒါရိုက်တာဝမ်ထံသို့ပေးပို့လိုက်သည်။

ဒါရိုက်တာဝမ်မှာ ဌာနချုပ်တွင် ညွှန်ကြားချက်များကိုစောင့်ဆိုင်းနေချိန်ဖြစ်သည်။ ၎င်းမှာ ထိုဗီဒီယိုကိုလက်ခံရရှိပြီးသည့်နောက် ချက်ချင်းပင် ဖုန်းပြန်ဆက်လာသည်။

"အဲဒါကို 'အရိပ်ဖမ်းနည်းပညာ' လို့ခေါ်တယ်"

ဒေါက်တာဝမ်က သူ၏အားနည်းချိနဲ့နေသောလေသံဖြင့် လေးတိလေးကန်ပြောလာသည်။

"အဲဒါက ရှေးခေတ်လူသားတွေအသုံးပြုကြတဲ့ သူခိုးရန်ကိုကာကွယ်တဲ့နည်းလမ်းတစ်မျိုးပဲ၊ အိုင်း...ရှေးခေတ်က အများပြည်သူလုံခြုံရေးစနစ်တွေဟာ....."

"ဒါရိုက်တာ....လိုရင်းကိုပြောပါ"

"ဪ....ဒီ 'အရိပ်ဖမ်းနည်းပညာ' ဆိုတာက ပစ္စည်းတစ်ခုခုပေါ်မှာ အရင်ကြိုတင်ပြီး 'အမှတ်အသား' လုပ်ထားတာမျိုးပဲ၊ အချိန်ခဏလောက်ကြာပြီးရင် အဲဒီအမှတ်အသားဘေးနားမှာဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို 'အရိပ်ဖမ်းနည်းပညာ' နဲ့ မှတ်တမ်းယူထားလို့ရတယ်လေ၊ .....မင်းတို့ ခုနက တွေ့လိုက်တဲ့ဟာလိုပေါ့...အဲဒါက ဘာပါလိမ့်....ဟိုပစ္စည်းလေ.....အိုး....စောင့်ကြည့်ကင်မရာတစ်လုံးနဲ့တူတယ်...ဒါပေမဲ့လည်း ရှေးဟောင်းနည်းပညာဆိုတော့ ကင်မရာတွေလိုတော့ လူတွေရဲ့မျက်နှာကိုရှင်းရှင်းလင်းလင်းရိုက်ယူမထားနိုင်ဘူးပေါ့လေ၊ ပြီးတော့ စွမ်းအင်ကုန်သွားရင်လည်း ပျောက်ကွယ်သွားတာပဲ။ ဒီနည်းလမ်းကိုသုံးတဲ့လူက အတိုင်းအတာတစ်ခုထိတော့ အရည်အချင်းမြင့်မားတဲ့သူပဲဖြစ်ရမယ်။ ဒါက ထူးခြားစွမ်းရည်ရှိတဲ့လူတိုင်းတောင် အသုံးပြုနိုင်တာမဟုတ်ဘူး။ ထပ်ပြောရရင် ဒီနေ့ခေတ်တယ်လီဖုန်းတွေတိုင်းတောင် ဗီဒီယိုရိုက်နိုင်တာမဟုတ်ဘူးလေ၊ အခုခေတ်မှာ အဲဒီအကြောင်းကို သိနေသေးတဲ့လူကလည်း များများစားစားမရှိဘူး...."

ဒါရိုက်တာရှောင်းသည်ကား ချစ်လှစွာသော အဘိုးအိုကြီးဒေါက်တာဝမ်၏ လိုရင်းကိုမရောက်ဘဲ ရှည်လျားထွေပြားလှသော သုတေသနစာတမ်းအရှည်ကြီးကို နားထောင်နေရင်း သူ့နဖူးပေါ်ရှိသွေးကြောများပင် ထောင်ထလာတော့သည်။

သူက ဒေါက်တာဝမ်ကို နောက်တစ်ကြိမ်ကြားဖြတ်မပြောလိုက်ရသေးခင်မှာပင် အဖြူရောင်မြူခိုးငွေ့များ၏အနားစွန်းများမှာ ရုတ်တရက်ပြန့်ကားသွားကာ တောင်တစ်ဝက်လောက်ကိုခြုံလွှမ်းရစ်သိုင်းသွား၏။ ထို့နောက်မှာတော့ ထိုမြူခိုးငွေ့များ၏ဘေးပတ်ပတ်လည်၌ စတင်၍ဆူဆူညံညံရုတ်ရုတ်သဲသဲဖြစ်လာသည်။ အဖြူရောင်မြူခိုးများအတွင်း၌ ရဟတ်ယာဉ်များနှင့် ကရိန်းဝန်ချီစက်များ၏ပုံရိပ်များထွက်ပေါ်လာကြပြီး ထို့နောက်တွင် လူတစ်အုပ်စုပြီး တစ်အုပ်စုထွက်ပေါ်လာကြလေသည်။

"ဒါရိုက်တာ"

ကွင်းဆင်းဝန်ထမ်းတစ်ယောက်က ခပ်တိုးတိုးပြောလာသည်။

"အဲဒီလူတွေက ကျွန်တော်တို့နဲ့တူသလိုပဲနော်....အဲဒါက ကျွန်တော်တို့ ဒီနေရာကို ပထမဆုံးရောက်လာတုန်းက ပုံစံအတိုင်းပဲ"

"ခဏလေး....ကျွန်တော်တို့ ဒီနေရာကို ရှင်းလင်းရေးတွေလုပ်နေတုန်းက ....ဒီ...ဒီ...."

အခြားသောကွင်းဆင်းဝန်ထမ်းတစ်ယောက်က လက်ပိုက်ရင်းမတ်တပ်ရပ်နေဆဲဖြစ်သော အဖြူရောင်ပုံရိပ်ကိုလက်ညှိုးထိုးကာ ကြောက်လန့်တကြားပြောလိုက်သည်။

"ဒီ လူမဟုတ်သရဲမဟုတ်တဲ့ကောင်က.....ဘေးကနေ ကျွန်တော်တို့ကိုရပ်ကြည့်နေတာလား? ဒါပေမဲ့ ဘာဖြစ်လို့ အချက်ပေးသံက မမြည်ရတာလဲ!"

ကွင်းဆင်းဝန်ထမ်းများအားလုံးမှာ တညီတညာတည်း ကျောရိုးတစ်လျှောက်စိမ့်ခနဲဖြစ်သွားပြီး သူတို့၏နောက်ကျောပြင်များမှာ တောင့်မတ်သွားရှာတော့သည်။ ထိုအခိုက်မှာပင် အခင်းဖြစ်ရာနေရာတွင်ရှိနေသော ကွင်းဆင်းဝန်ထမ်းတစ်ဦးနှင့်တူသည့် ပုံရိပ်သဏ္ဌာန်တစ်ခုက အားလော့ကျင်းကို နိုးထစေခဲ့သော အဆိုပါအဖြူရောင်ပုံရိပ်ဆီသို့ မသိလိုက်မသိဘာသာဖြင့် လျှောက်လှမ်းသွားနေသည်။ အဖြူရောင်ပုံရိပ်မှာ ဖျတ်ခနဲလက်သွားပြီး အနှီကွင်းဆင်းဝန်ထမ်း၏ခန္ဓာကိုယ်အတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားလေတော့သည်။ ပုံရိပ်နှစ်ခုအဖြစ်ကနေ တစ်ခုတည်းဖြစ်သွားတာဖြစ်သည်!

"ခဏလေး...ဒါက ဘာအဓိပ္ပာယ်ကြီးလဲ?"

ရှောင်းကျန်းက ဖြည်းဖြည်းချင်းနောက်လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာမှာ စိမ်းဖန့်ဖန့်ဖြစ်လို့နေပြီး သူ့နောက်က လုပ်ဖော်ကိုင်ဖက်များကို အကဲခတ်ကြည့်ရှုလိုက်၏။

"ဒါက ဘာအဓိပ္ပာယ်လည်းဆိုတော့ ပူဆွေးယဇ်ပူဇော်ပွဲကိုဆင့်ခေါ်ပြီး ဒီအရှုပ်ထုပ်ပြဿနာတွေကို ဖန်တီးခဲ့တဲ့ အဓိကလက်သည်တရားခံက ငါတို့လူတွေထဲက တစ်ယောက်ဆီကိုဝင်ပူးသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ!"

ရွှမ်းကျီးသည်ကား ရှောင်းကျန်းထံမှ တိုက်ရိုက်ရိုက်ကူးပေးပို့လာသော ဗီဒီယိုကို ဒေါက်တာဝမ်နှင့်အတူ မြင်တွေ့နေရတာဖြစ်သည်။ ထိုဗီဒီယိုကိုကြည့်ရှုပြီးသည့်နောက်မှာတော့ သူက စီးကရက်ဖင်စီခံကို ဘေးနားရှိအမှိုက်ပုံးထဲသို့ သာမန်ကာလျှံကာ ပစ်ထည့်လိုက်သည်။ ထူးဆန်းသောလှောင်ရိပ်စွက်နေသည့်အပြုံးတစ်ခုက သူ့မျက်နှာထက်တွင်ထင်ဟပ်လာပြီး သူ့ကိုယ်သူပြောလိုက်သည်။

"ငါ ထင်သားပဲ"

မိမိမှာ ဘယ်လိုဖြစ်ပြီး ရှန့်လင်ယွမ်း၏လှည့်စားမှုကို ဤမျှလောက်အချိန်အကြာကြီးခံလိုက်ရပါသနည်း? ပိရှမှာ အားလော့ကျင်း၏ခန္ဓာကိုယ်အား 'အတော်လေးကိုမခွဲနိုင်မခွာရက်' ဖြစ်နေကာ ဖျက်ဆီးပစ်ဖို့တွန့်ဆုတ်တွေဝေနေသည်ဟုအထင်မှားမိသည်အထိပင်။

ချီးပဲ၊ ပိရှဆိုတဲ့ အဘိုးကြီးက ဘယ်တုန်းကများ ဆုံးရှုံးပြီးသား အရာတွေပေါ်မှာ မခွဲနိုင်မခွာရက်ဖြစ်ပြီး သံယောဇဉ်တွယ်နေတာမျိုးရှိခဲ့လို့လဲ?

နတ်ဆရာမျိုးနွယ်စုသည်ကား ခြောက်ခမ်းတိမ်ကောသွားသော ရေအလျဉ်ကဲ့သို့ပင်။ သေဆုံးပြီးသားလူများကိုလည်း ပြန်လည်အသက်သွင်းလို့မရတော့။ ဤသို့ဆိုလျှင် သူက ဘာဖြစ်လို့များ ရုပ်အလောင်းကို ဟန်ဆောင်ပန်ဆောင်နဲ့ ထိန်းသိမ်းကာကွယ်ပေးနေရဦးမှာတဲ့လဲ? အဲဒီမိစ္ဆာအိုကြီးဆီမှာ သာမန်လူသားတွေလိုမျိုး သံယောဇဉ်နှောင်ကြိုးတွေ အတွယ်အတာတွေ ဘယ်တုန်းကများရှိခဲ့လို့လဲ? သေချာသည်ကတော့ အားလော့ကျင်း၏ရုပ်အလောင်းအား ဖျက်ဆီးပစ်ရန် 'ချိတုံချတုံ' ဖြစ်နေခဲ့သော ရှန့်လင်ယွမ်းကိုကြည့်ကာ ပူဆွေးယဇ်ပူဇော်ပွဲကို နောက်ကွယ်မှကြိုးကိုင်ဆင့်ခေါ်သူသည်ကား မအောင့်နိုင်မအီးနိုင်စွာဖြင့် သူတို့ ထိုနေရာမှထွက်သွားပြီးသည့်နောက်ပိုင်းတွင် နောက်ထပ်လှုပ်ရှားမှုတစ်ခုကို ပြုုလုပ်လာလိမ့်မည်ဆိုတာကို ရှန့်လင်ယွမ်းတစ်ယောက် ကြိုတင်တွက်ဆထားပြီးဖြစ်ပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် မည်သူကများ နတ်ဆရာမျိုးနွယ်စု၏စွမ်းအားများကို ပိုင်ဆိုင်ရရှိနိုင်မည့်အခွင့်အရေးအား လက်လွှတ်အဆုံးရှုံးခံနိုင်ပါမည်နည်း?

ညဉ့်သန်းခေါင်ယံလေပြင်လေညင်းတစ်သုတ်မှာ မွှေးကြိုင်ချိုအီသော ပန်းရနံ့များကိုသယ်ဆောင်လျက် ခပ်သော့သော့ဖြတ်တိုက်သွားကြသည်__အလွန်တရာချိုမွှေးသင်းပျံ့လွန်းသော ရနံ့များထဲတွင် ခပ်ဖျော့ဖျော့ညှီစို့စို့ရနံ့များပင်ရောစွက်နေသယောင်။

"ခေါင်းတလားကိုမှီထားပြီး သွေးအန်တယ်? ငါ အစတုန်းက အဲဒီအတွေ့အကြုံရှိတဲ့ မိစ္ဆာအိုကြီးက ဝမ်းနည်းနေပါလားဆိုပြီး တွေးလိုက်သေးတာ...တောက်...ငါ ဘယ်လိုဖြစ်ပြီး အဲဒီလိုများတွေးလိုက်မိပါလိမ့်?"

သွေးအန်ခြင်းသည်ပင် ခေါင်းတလားအတွင်း၌ ကလိမ်ကကျစ်လုပ်ထားမည့် သူ့အကြံအစည်များကို နှောင့်နှေးကြန့်ကြာစေနိုင်ခဲ့ခြင်းမရှိပါချေ။

ရွှမ်းကျီးက အနားတွင်ရှိနေသည့် ဒေသခံကွင်းဆင်းဝန်ထမ်းကောင်လေး၏ အင်္ကျီအိတ်ကပ်အတွင်းသို့ သူ့လက်ကိုထိုးထည့်လိုက်ပြီးနောက် ထိုကောင်လေး၏ဖုန်းကို သူ့ရှေ့၌ လှုပ်ယမ်းပြကာပြောလိုက်သည်။

"ဒါလေးကို ငါ့ကို ခဏငှားလိုက်.."

"ဘာဖြစ်လို့....."

အနှီဝန်ထမ်းကောင်လေး၏စကားမဆုံးခင်မှာပင် ရွှမ်းကျီးက နောက်ထပ်စီးကရက်တစ်လိပ်ကို ဆွဲထုတ်ယူလိုက်သည်။ လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ သူ့လက်ချောင်းထိပ်မှ မီးစတစ်စ လှစ်ခနဲထွက်ပေါ်လာသည်။ သူက မျက်လုံးများကိုမှေးကျဉ်းကာ စီးကရက်ကိုမီးညှိလိုက်ပြီးသော် ထိုကောင်လေး၏မျက်နှာတည့်တည့်သို့ အဖြူရောင်စီးကရက်လိပ်တစ်ငွေ့ကိုမှုတ်ထုတ်လိုက်လေသည်။ အနှီဝန်ထမ်းကောင်လေးခမျာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ စွန်တစ်စင်းအလား ပေါ့ပါးသွားသလိုခံစားလိုက်ရပြီးနောက် ဟိုတယ်ဧည့်ခန်းမဆောင်အတွင်းသို့ စုပ်ယူဆွဲသွင်းခံလိုက်ရရှာတော့သည်။

"အဲဒီနေရာမှာ ပုန်းနေဦး၊ ဘာကိစ္စမှမရှိရင် ထွက်မလာနဲ့"

ဝန်ထမ်းကောင်လေးခမျာ အံ့ဩထိတ်လန့်နေခိုက်မှာပင် ရွှမ်းကျီးသည်ကား သူ့မျက်စိရှေ့မှောက်၌ လှစ်ခနဲပျောက်ကွယ်သွားလေတော့သည်။

ရွှမ်းကျီးက ဟိုတယ်ခြောက်လွှာတွင်ရှိသည့် ဟင်းလင်းပြင် နက္ခတ်တာရာကြည့်မျှော်စင်ထက်ဆီသို့ခုန်တက်သွားလိုက်သည်__သူနှင့် မလှမ်းမကမ်းအကွာ၌ ခုံးကျော်တံတားတစ်စင်းရှိနေသည်။ တံတားပေါ်ရှိ လမ်းမီးတိုင်တစ်တိုင်ထက်တွင်မူ စွန်တစ်စင်းတမျှ ပါးလျဖျော့တော့သည့်ပုံရိပ်တစ်ခုရှိနေသည်။ သူ့အကြည့်များက မထင်မှတ်ဘဲ ရွှမ်းကျီး၏အကြည့်များနှင့် တတန်းတည်းဖြစ်သွားသည်__ထိုလူသည်ကား ရှည်လျားသောဆံနွယ်များကိုပိုင်ဆိုင်ထားပြီး ရှည်လျားသောဝတ်ရုံတစ်ထည်ကိုဝတ်ဆင်ထားသည်။ သူ့ပုံရိပ်မှာ စက္ကူတစ်ရွက်ပမာ ပိန်ပါးသွယ်လျလှသည်။ သူ၏နူးညံ့သော မျက်ခုံးနှစ်ဖက်ကြားတွင် ကြောက်စရာကောင်းသော သွေးအခေါင်းပေါက်တစ်ခုရှိနေ၏။

အားလော့ကျင်း၊ နောက်ကွယ်က လက်မည်းကြီး၏ ငါးစာတစ်ခုအဖြစ်အသုံးချခံရသောသူ

"ဒါပေမဲ့ သူ့မျက်လုံးထဲမှာ ဘယ်သူကများ ငါးစာဟုတ်မနေလို့လဲ?"

ရွှမ်းကျီးက သက်ပြင်းတစ်ချက်မသိမသာချလိုက်သည်__အားလော့ကျင်းမှာ သံမှိုရိုက်သွင်းခံရပြီး နောက်တစ်ကြိမ် ခေါင်းတလားအတွင်းသို့ ပြန်ထည့်ခံလိုက်ရသောအခါတွင် သူ့နှလုံးအိမ်ထဲရှိအမုန်းတရားအာဃာတများသည်ကား ကျိန်းသေပေါက်ကို အဆုံးစွန်သို့ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။ ၎င်းမှာ သူတို့နောက်သို့ သေချာပေါက်ကိုလိုက်လာမည်ဖြစ်သည်။

နောက်ကွယ်မှနေ၍ ပူဆွေးယဇ်ပူဇော်ပွဲကိုဆင့်ခေါ်ကျင်းပခဲ့သူသည်ကား DCO ၏ကွင်းဆင်းဝန်ထမ်းများကြားထဲတွင်ရောနှောနေမည့်သူဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ်ပါက ထူးခြားဖြစ်စဉ်ထိန်းချုပ်ရေးဌာန၏အတွင်းပိုင်းလုပ်ထုံးလုပ်နည်းများကို ဤမျှအထိလက်ပွန်းတတီးရင်းနှီးကျွမ်းဝင်နေမည်မဟုတ်ပါချေ။

သံသယတရားခံသည်ကား သူတို့အုပ်စုမှာ သုံးချွမ်းသို့ပြန်ရောက်သွားပြီး တပ်ဖွဲ့ကိုအသစ်ပြန်လည်ဖွဲ့စည်းချိန်၌ သတိလက်လွတ်ဖြစ်သွားနိုင်တာကို သိရှိထားလေသည်။

ရွှမ်းကျီးသည်ကား မီးလျှံငှက်၏ လီမီးလျှံကို သယ်ဆောင်ထားသူတစ်ယောက်ဖြစ်သောကြောင့် မကောင်းဆိုးဝါးမိစ္ဆာဓာတ်များအားလုံးကို တွန်းကန်နှင်လွှတ်နိုင်စွမ်းရှိသူဖြစ်သည်။ ညနက်သန်းခေါင်အချိန်၌ လမ်းတစ်ဖက်တွင် မတ်တပ်ရပ်နေသည့် သူ့ပုံစံမှာ ပိုးဖလံပေါင်းများစွာကို အလွန်အမင်းဆွဲဆောင်နေသော ကြီးမားသော မီးပုံကြီးတစ်ပုံနှင့်အလားသဏ္ဌာန်တူနေသည့်အတွက် သေရာမှပြန်ရှင်လာသော အားလော့ကျင်း၏အာရုံစူးစိုက်မှုကိုလည်း (၁၀၀) ရာခိုင်နှုန်း ရရှိသွားလေတော့သည်။

ဤနည်းအားဖြင့် ရှန့်လင်ယွမ်းမှာလည်း ပူဆွေးယဇ်ပူဇော်ပွဲကိုဆင့်ခေါ်သူနှင့် လွတ်လွတ်ကျွတ်ကျွတ်စာရင်းရှင်းနိုင်မည်ဖြစ်သလို တစ်ဖက်တွင်လည်း ရွှမ်းကျီးက လူ့လောကကြီးတစ်ခုလုံးအား ဘေးအန္တရာယ်သင့်စေတော့မည့် အားလော့ကျင်းကို အချိန်တခဏမျှ ယာယီထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။

"ဒီလောက်ခက်ခဲပြီး ဂုဏ်ယူစရာကောင်းတဲ့တာဝန်မျိုးကို ငါ့ကိုပေးခဲ့တယ်ပေါ့လေ၊ ရတယ်လေ ငါ့ကို သိပ်ပြီးအထင်ကြီးနေတယ်ပေါ့"

ရွှမ်းကျီးက ခါးသက်စွာရယ်မောလိုက်သည်။ ၎င်းမှာ နောက်ဆုံးမှာတော့ 'ရွေးချယ်စရာနည်းလမ်းများကုန်ခမ်းခြင်း' ဟူသည့်စကား၏အနက်အဓိပ္ပာယ်ကိုနားလည်သဘောပေါက်သွားပြီဖြစ်သည်။

သူက စီးကရက်ပြာမှုန့်များကို လက်ဖြင့်တစ်ချက်တောက်ထုတ်လိုက်ပြီး အဝေးတွင်ရှိနေသော အားလော့ကျင်းကိုကြည့်ကာ *လက်နှစ်ဖက်ကို ဘေးသို့ဆန့်ပြလိုက်သည်။ သူက စကားကိုတမင်တကာအော်ကြီးဟစ်ကျယ်မပြောလိုက်စေကာမူ သူ့အသံမှာ ဆူညံလှုပ်ရှားနေသော လူ့ဘုံလောကကြီးကိုဖြတ်သန်းကာ ကျယ်ပြောသောလမ်းမကြီးများနှင့်လူနေရပ်ကွက်များတစ်လျှောက် စုစည်းကျစ်လျစ်စွာဖြင့်ဖြတ်သန်းသွားလေသည်။ ခေါင်းတလားထဲရှိ လူသား-မိစ္ဆာနှင့်မျက်နှာချင်းဆိုင်၍စကားပြောနေသည့်နှယ်။

(*လက်ကိုဘေးသို့ဆန့်ပြလိုက်သည်__ဒီလိုပုံမျိုးကိုပြောချင်တာပါ။ ဒါကိုပုံပေါ်အောင်မရေးတတ်လို့ :33)

"ကျွန်တော် ရှင်းရှင်းလင်းလင်းပြောပြီးပြီနော်....မျိုးနွယ်စုခေါင်းဆောင်၊ ကျွန်တော်က တကယ်ပဲ သန်းလီဆိုတဲ့လူမဟုတ်ပါဘူးလို့၊ ဒီလို collagen ဓာတ်တွေပြည့်ဝနေတဲ့ ကျွန်တော့်မျက်နှာလေးကိုတစ်ချက်လောက်ကြည့်လိုက်စမ်းပါဦး၊ သူ့လို အိုမင်းရှုံ့တွနေတဲ့မျက်ခွက်မျိုးပေါက်နေလို့လားလို့?"

ရှန့်လင်ယွမ်း၏ရှေးခေတ်ဘာသာစကားအတိုင်း တုပပြောဆိုလိုက်သော သူ၏စကားသံက စံချိန်မမီတာကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ အားလော့ကျင်းမှာ သူ့စကားကိုနားမလည်သလို တုတ်တုတ်မျှပင်မလှုပ်သွားပါချေ။ သူ့ကိုသာ အေးတိအေးစက်ဖြင့် စူးစိုက်စွဲမြဲစွာကြည့်ရှုနေ၏။

သုံးချွမ်းနတ်ဆရာစာအုပ်နှင့်ပတ်သက်သော ဝါးပုရပိုက်အကြွင်းအကျန်များထဲတွင် ရေးသားထားသည်ကား လိုအင်ဆန္ဒတစ်ခုကြောင့် မိစ္ဆာလမ်းစဉ်သို့ဝင်ရောက်သွားခဲ့သော လူတစ်ယောက်သည်ကား သူတို့၏အခွံအတွင်း၌ရှိနေကျဖြစ်သော နဂိုမူလက လူတစ်ယောက်နှင့် လားလားမျှမတူညီတော့ပါချေ။ ၎င်းသည်ကား ထို 'အလိုဆန္ဒ' ၏တိုက်တွန်းခိုင်းစေခြင်းကိုခံရသော လမ်းလျှောက်နေသည့်အလောင်းကောင်တစ်ကောင်သာဖြစ်နေပေလိမ့်မည်။

ပြန်ကြည့်လိုက်မည်ဆိုပါက ဤသည်ကား အားလော့ကျင်းအကြောင်းကိုရေးသားထားတာဖြစ်ကောင်းဖြစ်နိုင်သည်။

အမည်မသိစာရေးဆရာသည်ကား နတ်ဆရာမျိုးနွယ်စု၏သမိုင်းကြောင်းကို အစမှအဆုံးတိုင် အူမချေးခါးမကျန်သိရှိနေသော ခေတ်ကာလမှ လူတစ်ယောက်ဖြစ်နိုင်သည်။ ဘာကြောင့်များ ထိုအကြောင်းကို နောက်မျိုးဆက်တွေအထိ လက်ဆင့်မကမ်းနိုင်ခဲ့ရသလဲဆိုတာကို မသိပါချေ__ဖြစ်နိုင်ချေရှိတာကတော့ သူများတကာအပေါ် အနိုင်ကျင့်ဗိုလ်ကျတတ်သော လူထူးလူဆန်းဖြစ်သည့် ဧကရာဇ်ဝူ၏တားမြစ်ပိတ်ပင်ခြင်းကိုခံလိုက်ရတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

အားလော့ကျင်းတွင် မှတ်ဉာဏ်များရှိနေသည်က သိသာထင်ရှားလှသည်။ သဘောတရားကျကျပြောရပါလျှင် သူ၏အသိစိတ်ထဲတွင် လူသားဆန်သောစိတ်ဓာတ်မျိုး တစ်ပိုင်းတစ်စလောက်တော့ဖြင့်ကျန်ရှိနေသေးသင့်တာဖြစ်သည်။ ၎င်းမှာ မိစ္ဆာအဖြစ်ပြောင်းလဲသွားပြီးနောက်ပိုင်းမှသာ သူ၏တွေးခေါ်ပုံတွေးခေါ်နည်းတို့သည်ကား သာမန်အသိဉာဏ်လမ်းကြောင်းမှသွေဖယ်သွားခဲ့တာဖြစ်သည်။

၎င်းမှာ စည်းမျဉ်းဥပဒေများကိုလိုက်နာကျင့်သုံးလိမ့်မည်ဟူ၍တော့ ရွှမ်းကျီးတစ်ယောက်မမျှော်လင့်ထားပါချေ။ သူ၏ပုံပျက်ပန်းပျက်ဖြစ်နေသော ဦးနှောက်ထဲတွင် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနည်းနည်းပါးပါးလေးကျန်ရှိနေသေးရန်သာ မျှော်လင့်တာဖြစ်သည်။ သို့မှသာ အနည်းဆုံးတော့အကျိုးသင့်အကြောင်းသင့်ပြောပြလာသော သူ့စကားတစ်ခွန်းနှစ်ခွန်းကို နားဝင်နိုင်မည်ဖြစ်သည်။

"ဒါပေမဲ့ ခင်ဗျားက ကျွန်တော်နဲ့အတူတူ 'လူလိမ်လူညာ ရှန့်ရှောင်းကိုဆန့်ကျင်မယ့် မဟာမိတ်' အဖွဲ့ကိုဖွဲ့စည်းမယ်ဆိုရင်တော့ ကျွန်တော်က အမြဲတမ်းလက်ကမ်းကြိုဆိုနေလျက်ပါနော်"

ရွှမ်းကျီးက ပြောသည်။

"ကျွန်တော်တို့နှစ်ယောက်စလုံးက သားကောင်ဖြစ်ခဲ့ရတဲ့သူတွေချည်းပဲမဟုတ်လား? တစ်ယောက်နဲ့တစ်ယောက် ပြောစရာစကားတွေလည်း အများကြီးရှိကြမှာပဲလေ...."

"မီးလျှံငှက်"

ထိုအခိုက် အားလော့ကျင်းက လူသားမျိုးနွယ်စု၏ရှေးဟောင်းဘာသာစကားကိုအသုံးပြုကာ စကားကိုတစ်လုံးချင်းစီအသံထွက်ပီသမှန်ကန်စွာပြောဆိုလိုက်သည်။ သူ၏စကားသံမှာ ရေအလျဉ်တမျှအေးစက်သော ညဉ့်အခါသမယကိုထိုးခွင်းဖြတ်သန်းကာ လမ်းမကြီးများပေါ်မှ ပျံသန်းလာ၏။

ရွှမ်းကျီးမှာ တုံ့ဆိုင်းသွားသည်။

"ဟင်?"

"မင်းကိုယ်ပေါ်မှာရှိတဲ့ဟာက သူ့မှာရှိတာနဲ့အတူတူပဲ...မီးလျှံငှက်မျိုးနွယ်စုရဲ့....."

မျက်နှာဖုံးတစ်ဝက်တပ်ဆင်ထားသောမိစ္ဆာက သူ့စကားသံမဆုံးသေးခင်မှာ ရွှမ်းကျီး၏မြင်ကွင်းအတွင်းမှ ရုတ်တရက်ပျောက်ကွယ်သွားလေတော့သည်။ နောက်တခဏအကြာတွင်မူ လုလင်ပျိုလေးတစ်ယောက်၏ ကြောက်စရာကောင်းလှသောစကားသံက ရွှမ်းကျီး၏နားဝ၌ ပေါက်ကွဲထွက်ပေါ်လို့လာသည်။

"ဆိုးဝါးတဲ့ အနံ့အသက်မျိုးပဲ"

9.8.21

Thanks for votes and cmt 🐍🐤

🔥🔥🔥🔥🔥🔥🔥

Zawgyi

ထိုအခ်ိန္၌ နတ္ဆရာမ်ိဳးႏြယ္စုဂူသခၤ်ိဳင္းမွာ ေဘးပတ္ဝန္းက်င္မွ လက္ဆြဲမီးအိမ္မ်ား၏မီးအလင္းေရာင္မ်ားေၾကာင့္ ထိန္ထိန္ညီးထြန္းလင္းေတာက္ပေနလ်က္ရွိသည္။ ေတာင္ေၾကာတစ္ေလွ်ာက္မွာကား မစ္သေရးလ္က်ည္ဆန္မ်ားလက္ခ်က္ျဖင့္ ထက္ပိုင္းျပတ္ကာၿပိဳက်ပ်က္စီးသြားၾကၿပီျဖစ္သလို လူမ်ားကိုလွည့္စားရန္အတြက္ျပဳလုပ္ထားေသာ အတုအေယာင္ေပါင္းျမက္သစ္ပင္မ်ားမွာလည္း မီးေလာင္ကြၽမ္းျပာက်လဳမတတ္ျဖစ္သြားရွာေလသည္။ ယဇ္ပလႅင္အတြင္းရွိေရအိုင္ငယ္ေလးအတြင္းမွ တရွိန္ထိုးပန္းထြက္လာၾကေသာ ေရမ်ားသည္ကား ေျမနိမ့္ရာသို႔အလုံးအရင္းျဖင့္ စီးဆင္းသြားၾကၿပီးေနာက္ ေပါက္ကြဲမႈေၾကာင့္ျဖစ္ေပၚလာခဲ့ေသာ ေျမႀကီးေပၚရွိခ်ိဳင့္ခြက္မ်ားအတြင္းသို႔စီးဝင္သြားၾကကာ ယာယီ 'ေရအိုင္' ငယ္ေလးမ်ားျဖစ္ေပၚသြားၾကေလေတာ့သည္။

ေနာက္ဆုံးတြင္ေတာ့ အထူးတပ္ဖြဲ႕မ်ားသည္ကား အထူးတပ္ဖြဲ႕မ်ားဆိုသည့္အတိုင္းပင္ျဖစ္သည္။ ေရွာင္းက်န္းက ထိပ္သီးတပ္ဖြဲ႕တစ္ခုျဖစ္ေသာ 'မိုးႀကိဳးမုန္တိုင္း' တပ္ဖြဲ႕အတြင္းမွ ေရအမ်ိဳးအစားထူးျခားစြမ္းရည္ပိုင္ရွင္ ေျခာက္ေယာက္ကိုတိုက္ရိုက္ေစလႊတ္ခဲ့ေလသည္။ ထိုလူမ်ားမွာ ရဟတ္ယာဥ္သုံးစင္းခြဲလိုက္ကာ နတ္ဆရာဂူသခၤ်ိဳင္းအေပၚမွဝိုင္းပတ္ပ်ံသန္းေနလ်က္ ေျမႀကီးထက္မွ ေရမ်ားကို 'ဆြဲယူ' လိုက္ၾကေလသည္။ အဆိုပါေရမ်ားမွာ အဝတ္စတစ္လႊာကဲ့သို႔ႏွယ္ ေကာင္းကင္ယံထက္ဆီသို႔ 'ဆြဲယူ' ျခင္းခံလိုက္ရရွာသည္။

ေျမျပင္ေပၚတြင္ရွိေနေသာ ကြင္းဆင္းဝန္ထမ္းမ်ားမွာလည္း အုပ္စုေပါင္းမ်ားစြာခြဲလိုက္ၿပီး 'ေရကန႔္လန႔္ကာ' ၏အနားႏွစ္ဖက္တစ္ေလွ်ာက္ ေစ့ေစ့စပ္စပ္ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ၾကေလေတာ့သည္။

ေရွာင္းက်န္းက အလ်င္အျမန္ပင္ အနီးအနားရွိစီရင္စုမ်ားႏွင့္ၿမိဳ႕ႀကီးမ်ားတြင္ရွိေနေသာ ကြင္းဆင္းဝန္ထမ္းမ်ားကို ရသေလာက္လိုက္လံစုေဆာင္းလိုက္သည္။ ၎တို႔အနက္မွ တခ်ိဳ႕တဝက္သည္ကား ယြဲ႕သယ္ဘိုးဘိုး၏တပည့္သားေျမးမ်ားေနာက္သို႔လိုက္သြားၾကၿပီး တခ်ိဳ႕တဝက္ကေတာ့ နတ္ဆရာဂူသခၤ်ိဳင္းအတြင္းက်န္ေနရစ္ခဲ့ၾကကာ ေဒသတစ္ခုလုံးကိုပိတ္ဆို႔ထားလိုက္ၾကသည္။ တုံးခြၽမ္းေဒသမွာ ေဒသခံျပည္သူမ်ားႏွင့္ခရီးသြားဧည့္သည္အေျမာက္အျမားရွိေသာေနရာတစ္ခုျဖစ္သည့္အတြက္ ၎တို႔သည္ကား ထိုေဒသအတြင္း ရွာေဖြမႈမ်ားကိုအလ်င္အျမန္ေဆာင္႐ြက္ကာ နတ္ဆရာမ်ား၏ အႏၲရာယ္ရွိေသာအႂကြင္းအက်န္ပစၥည္းမ်ားကို အျမန္ဆုံးရွင္းလင္းဖယ္ရွားပစ္ရမည္ျဖစ္သည္။ ေနာက္ပိုင္းတြင္ ဤေနရာသို႔လူမ်ားဝင္ေရာက္လာပါက အႏၲရာယ္တစ္စုံတစ္ရာက်န္ရစ္ေနခဲ့ျခင္းမျဖစ္ရေလေအာင္ ေသခ်ာစြာရွင္းလင္းေဆာင္႐ြက္ထားရမည္ျဖစ္သည္။ အေရးႀကီးဆုံးအရာကေတာ့ ေျမငလ်င္လႈပ္ခတ္ၿပီးေနာက္ ေရေအာက္ထဲသို႔နစ္ျမဳပ္သြားေသာ ေၾကးနီေရာင္ေခါင္းတလားကို သူတို႔အျမန္ဆုံးရွာေတြ႕မွျဖစ္မည္။

ထိုအရာသည္ကား ပူေဆြးယဇ္ပူေဇာ္ပြဲေၾကာင့္နိုးထလာခဲ့ေသာ မိစာၦတစ္ေကာင္ျဖစ္ၿပီး ယခင္တစ္ေခါက္တုန္းက မိစာၦထက္ပင္ ပို၍ဆိုးသြမ္းၾကမ္းၾကဳတ္လွသူျဖစ္ၿပီး သူတို႔၏စိတ္အေျခအေနမွာလည္း မတည္မၿငိမ္ျဖစ္ေနေပလိမ့္မည္။ ဤကိစၥကို ေသေသခ်ာခ်ာစဥ္းစားၾကည့္လိုက္မည္ဆိုပါက ၾကက္သီးတျဖန္းျဖန္းထသြားနိုင္ေလာက္ေအာင္ပင္ေၾကာက္စရာေကာင္းလြန္းလွေပ၏။

ပထမဆုံးအေနျဖင့္ ပူေဆြးယဇ္ပူေဇာ္ပြဲသည္ကား ေန႕စဥ္ႏွင့္အမွ်ေတြ႕ျမင္ႀကဳံႀကိဳက္ေနရေသာအရာတစ္ခုမဟုတ္။ DCO ရွိ ထိပ္တန္းလွ်ို႔ဝွက္ခ်က္ဖိုင္တြဲမ်ား၌ပင္ ထိုအေၾကာင္းကို စကားလုံးႏွစ္လုံးသုံးလုံးေလာက္သာေရးသားထားတာျဖစ္ၿပီး ေဒါက္တာဝမ္ေတာင္မွ ထိုအေၾကာင္းကိုမ်ားမ်ားစားစားသိမထားပါေခ်။ ဒါျဖင့္ အ႐ြယ္ေရာက္ၿပီးလူႀကီးတစ္ေယာက္ျဖစ္လာေသာအခါမွသာလွ်င္ မိမိ၏ထူးျခားစြမ္းရည္မ်ားကိုသတိထားမိသြားေသာ ပိခြၽင္းရွန္း၊ လမ္းေဘးက အုတ္ၾကားျမက္ေပါက္ကေလကေခ်ေကာင္ႏွင့္ အုတ္ဂူေဖာက္သမားမ်ားသာျဖစ္ၾကေသာ မုတ္ဆိတ္ႏွင့္လူႏွင့္ က်ိခ်င္းခ်န္တို႔သုံးဦးသည္ကား ဤကိစၥကို မည္သည့္ေနရာမွသိရွိကာ ပါဝင္ပတ္သက္သြားၾကပါသနည္း။

'နတ္ဆရာမ်ိဳးႏြယ္စု' ဟုေခၚေသာလူမ်ားပင္ျဖစ္ေစ၊ ခ်ိယြမ္းမွထြက္ေပၚလာေသာ ထိုလူပင္ျဖစ္ေစ သူတို႔အားလုံးသည္ကား အလြန္တရာအႏၲရာယ္ရွိေသာလူမ်ားျဖစ္ၾကသည့္အျပင္ လွ်ို႔ဝွက္နက္နဲေသာေနာက္ေၾကာင္းရာဇဝင္ကိုယ္စီရွိၾကသူမ်ားျဖစ္သည္။ အကယ္၍ ပူေဆြးယဇ္ပူေဇာ္ပြဲအား ေနာက္ကြယ္မွႀကိဳးကိုင္ျခယ္လွယ္ေနသူတစ္ဦးသာရွိမည္ဆိုပါက ထိုပုဂၢိဳလ္သည္ကား ေသခ်ာေပါက္ကို ေရွးေဟာင္းသုေတသနဘာသာရပ္တြင္ ေဒါက္တာဘြဲ႕ရသင့္သူတစ္ဦးျဖစ္ေလသည္__ဒီမိစာၦေတြကို ဘယ္ေနရာမွာျမႇုပ္ထားသလဲဆိုတာကို သူဘယ္လိုလုပ္ၿပီးသိေနရတာလဲ?

ယခုလတ္တေလာ၌ ေသေရးရွင္ေရးတမွ်အေရးႀကီးေသာအခ်က္မွာ စုံစမ္းစစ္ေဆးေရးအဖြဲ႕မ်ားသည္ကား ႐ႊမ္းက်ီးၫႊန္းဆိုခဲ့ေသာ ေခါင္းတလားတည္ရွိေနသည့္ တည္ေနရာအနီးအနားတဝိုက္ကိုခန႔္မွန္းတြက္ဆၿပီးရွာေဖြခဲ့ေစကာမူ ေရွာင္းက်န္းႏွင့္သူ႕လူမ်ားမွာ ထိုေနရာတဝိုက္ကို (၈)ပတ္ေလာက္ပတ္ၿပီးသြားေသာ္ျငား ေၾကးစတစ္စႏွင့္တူေသာအရာကိုပင္မေတြ႕ခဲ့ရပါေခ်!

"မင္း ေသခ်ာလား?"

ေရွာင္းက်န္းက ဖုန္းကိုလက္ထဲ၌ကိုင္ထားရင္း အပ်က္အစီးပုံမ်ားႏွင့္အရိုးျဖဴမ်ားၾကားထဲမွ တစ္လွမ္းၿပီးတစ္လွမ္းေလွ်ာက္လွမ္းလာေနရင္းေမးလိုက္သည္။

"အခု ငါ ေက်ာက္သားယဇ္ပလႅင္ရွိတဲ့နားမွာေရာက္ေနတယ္၊ ေက်ာက္သားေတြေပၚမွာ ယဇ္စာသားအႂကြင္းအက်န္အစအနေတြရွိေနေသးတယ္ဆိုေပမယ့္ ေခါင္းတလားေရာ ဘယ္မလဲ?"

႐ႊမ္းက်ီးက စီးကရက္တစ္လိပ္ကို ပါးစပ္ထဲတြင္ခဲထားရင္း နီကိုတင္း၏အကူအညီျဖင့္ သူ႕ကိုယ္သူအတင္းကာေရာ တည္ၿငိမ္ေအာင္ႀကိဳးစားအားထုတ္လိုက္သည္။ သူ၏နားထဲတြင္ရွိေနေသာ ေသြးခဲအနာေဖးဖတ္ေလးေၾကာင့္ နားမ်ားပင္အလြန္အမင္းယားက်ိက်ိျဖစ္လာရသည္။ ေခါင္းကိုထိခိုက္သြားသည့္အရွိန္က ေကာင္းေကာင္းမေပ်ာက္ေသးသည့္အတြက္ ဖုန္းထဲရွိ ေရွာင္းက်န္း၏အသံမွာ သူ႕အတြက္ နီးလာလိုက္ေဝးသြားလိုက္ျဖစ္လို႔ေနေတာ့သည္။ သူ၏တုံ႕ျပန္မႈမွာလည္း စည္းခ်က္တစ္ဝက္စာမွ်ေလးလံေနာက္က်ေန၏။

".....ဟုတ္ေလာက္ပါတယ္....မင္း ဘာျဖစ္လို႔ ေနာက္ထပ္ေသေသခ်ာခ်ာရွာမၾကည့္ရတာလဲ?"

ေရွာင္းက်န္းတစ္ေယာက္ အသက္ရႉၾကပ္သြား၏။

"ငါတို႔ႏွစ္ေယာက္မွာ တကယ္ပဲ ဘယ္သူက ကြင္းဆင္းဝန္ထမ္းလဲ? ဘယ္သူက ေထာက္ပံ့ပို႔ေဆာင္ေရးဝန္ထမ္းလဲ?"

႐ႊမ္းက်ီးက ျမဴႏွင္းအလားျဖဴေဖြးေနေသာ စီးကရက္မီးခိုးေငြ႕တစ္လိပ္ကို မႈတ္ထုတ္လိုက္ၿပီးေသာ္ အႏွီထူးဆန္းေသာဖုန္းထဲသို႔ စိတ္မပါလက္မပါျဖင့္ျပန္လည္ေျဖၾကားလိုက္သည္။

"ဘယ္သူလဲ မင္းေျပာၾကည့္ေလ?"

"ဒါရိုက္တာေရွာင္း!"

႐ုတ္တရက္ သူႏွင့္ခပ္လွမ္းလွမ္းအကြာအေဝးတြင္ရွိေသာ ကြင္းဆင္းဝန္ထမ္းတစ္ဦးက လက္ထဲတြင္ ဆလိုက္မီးတစ္ခုကို ကိုင္ျမႇောက္ထားရင္း ေျပာလာသည္။

"ဒီကိုလာၾကည့္ပါဦး!"

ထိုပစၥည္းမွာ DCO ရွိ ကြင္းဆင္းဝန္ထမ္းမ်ားကိုေထာက္ပံ့ေပးအပ္ထားေသာ 'ဆလိုက္မီး ၄.၀' ျဖစ္သည္။ အိမ္တြင္းသုံးလက္ႏွိပ္ဓာတ္မီးတစ္လုံး၏အ႐ြယ္အစားခန႔္ရွိၿပီး ခပ္မွိန္မွိန္ေဖ်ာ့ေဖ်ာ့အျဖဴေရာင္အလင္းတန္းမ်ားကိုထုတ္လႊတ္ေပးနိုင္သည္။ အကယ္၍ အလင္းတန္းမ်ားသည္ကား မူမမွန္စြမ္းအင္တစ္မ်ိဳးမ်ိဳးကိုေတြ႕ရွိပါက အျဖဴေရာင္မွအနီေရာင္သို႔ေျပာင္းလဲသြားၾကမည္ျဖစ္သည္။ ထိုပစၥည္းမွာ အလြန္တရာအာ႐ုံခံစားနိုင္စြမ္းအားေကာင္းေသာအရာျဖစ္ၿပီး ေျမမ်က္ႏွာျပင္ေအာက္ မီတာ (၁၀၀) အနက္တြင္ရွိေနသည့္ သေႏၶေျပာင္းအပင္ငယ္တစ္ပင္ကိုေတာင္ ရွာေဖြေတြ႕ရွိနိုင္စြမ္းရွိသည္ဟူ၍ပင္ေျပာဆိုၾကသည္။

ေရွာင္းက်န္းက သူ႕ေခါင္းကိုေမာ့ၾကည့္လိုက္ေသာအခါမွာေတာ့ ေျမာက္ျမားလွစြာေသာ ဆလိုက္မီးေပါင္းမ်ားစြာသည္ကား ဟာလာဟင္းလင္းျဖစ္ေနေသာေျမကြက္လပ္တစ္ကြက္ေပၚသို႔ တစုတစည္းတည္းထိုးေနၾကသည္ကိုေတြ႕လိုက္ရသည္။ အျဖဴေရာင္အလင္းတန္းမ်ားေအာက္ဝယ္ ေျမျပင္ေပၚရွိ ေလးေထာင့္ပုံသဏၭာန္ေျမကြက္လပ္တစ္ေနရာမွာ ႐ုတ္ခ်ည္းပင္ ေသြးနီေရာင္ေျပာင္းလဲသြားေလသည္။ ထိုအ႐ြယ္အစားအတိုင္းအတာကိုၾကည့္လိုက္႐ုံျဖင့္ ေခါင္းတလားတစ္လုံး၏အ႐ြယ္အစားႏွင့္ကြက္တိပင္ျဖစ္သည္။

"ဒါက ေခါင္းတလားဆီက က်န္ခဲ့တဲ့အရာလား?"

ဆလိုက္မီးကိုကိုင္ထားေသာ ကြင္းဆင္းဝန္ထမ္းက အနားသို႔တိုးကပ္လာသည္။

"ဒါေပမဲ့ ဒါရိုက္တာ ဒါက အဓိပၸာယ္မရွိဘူးေလ!"

အမွန္ပင္။ အဓိပၸာယ္မရွိတာေတာ့အမွန္ပင္ျဖစ္သည္။ 'ဆလိုက္မီး' မ်ားကို မူမမွန္ေသာစြမ္းအင္မ်ားကိုရွာေဖြရန္အတြက္အသုံးျပဳတာျဖစ္သည္။ ေၾကးနီေရာင္ေခါင္းတလားမွာ မီးလုံးႀကီးတစ္လုံးပင္ျဖစ္ေနပါေစဦးေတာ့၊ ဤကဲ့သို႔အခ်ိန္အၾကာႀကီးေနရာမွဖယ္ရွားခံရၿပီးသည့္ေနာက္ပိုင္းတြင္ ေအးစက္သြားေလာက္ၿပီျဖစ္သည္။ သူတို႔အမ်ားဆုံးရွာေတြ႕နိုင္သည့္အရာမွာ စြမ္းအင္အႂကြင္းအက်န္မ်ားသာျဖစ္သင့္သည္ေလ၊ ဘယ္လိုျဖစ္ၿပီး ဤကဲ့သို႔ေသာအေရာင္မ်ိဳးထြက္ေနပါမည္နည္း? ထို႔အျပင္ ဤမွ်ေလာက္အ႐ြယ္အစားႀကီးမားလွေသာ ေၾကးနီေရာင္ေခါင္းတလားႀကီးမွာ ေရအားေၾကာင့္လြင့္ထြက္သြားသည္ျဖစ္ေစ၊ တစ္စုံတစ္ေယာက္ကတြန္းထုတ္ယူသြားသည္ျဖစ္ေစ ေျခရာလက္ရာေသာ္လည္းေကာင္း၊ စြတ္ေၾကာင္းရာအခ်ိဳ႕ေသာ္လည္းေကာင္းထင္က်န္ေနမည္သာျဖစ္သည္။ ယခုပုံစံမွာေတာ့ အလြန္တရာကိုရွင္းလင္းကာ ေသသပ္ပိရိေန၏။

"သတိထား... ေျမႀကီးေပၚမွာ တစ္ခုခုရွိေနနိုင္တယ္"

ေရွာင္းက်န္းမွာ သူ႕စကားမဆုံးေသးခင္မွာပင္ ေတာင္ထိပ္ေပၚရွိ ညွို႔မွိုင္းအုပ္ဆိုင္းေနေသာ တိမ္စိုင္တိမ္လႊာမ်ားမွာ ေလျပင္းမ်ားေၾကာင့္ အေဝးသို႔လြင့္စင္သြားေလသည္။ မွိန္ေဖ်ာ့ေဖ်ာ့ ေသာ္တာလေရာင္ျခည္က လွစ္ဟသြားေသာတိမ္စိုင္တိမ္လႊာမ်ားအၾကားမွ တိုးထြက္ထြန္းလင္းလာကာ ေျမႀကီးထက္ရွိ ေခါင္းတလားအရာေပၚသို႔ အတိမ္းအေစာင္းမရွိက်ေရာက္သြားေလေတာ့သည္။ ဓာတ္ျပဳမႈတစ္မ်ိဳးမ်ိဳးျဖစ္ေပၚသြားသည့္အလား အျဖဴေရာင္ျမဴႏွင္းတစ္လႊာက ခ်က္ခ်င္းဆိုသလိုပင္ ေျမျပင္ေပၚမွလြင့္ပ်ံထြက္ေပၚလာေလသည္။ ကြင္းဆင္းဝန္ထမ္းမ်ားမွာ အေနာက္ဘက္သို႔ ႏွစ္မီတာခန႔္ တညီတညာတည္းဆုတ္ခြာသြားၾကေလေတာ့သည္။

အေစာပိုင္းတြင္မူ ထိုအျဖဴေရာင္ျမဴႏွင္းေငြ႕မ်ားသည္ကား စတိတ္စင္ေပၚတြင္အသုံးျပဳေလ့ရွိေသာ ေရခဲေျခာက္အေငြ႕မ်ားကဲ့သို႔ပင္ျဖစ္သည္။ မ်ားမၾကာမီမွာပင္ ထိုအတြင္းသို႔ ေရခိုးေရေငြ႕မ်ားထည့္ဝင္ေပါင္းစပ္လိုက္ေသာအခါ ထိုအေငြ႕မ်ား၏ သိပ္သည္းဆမွာ ပို၍ေစးပ်စ္ထူထဲသြားေလသည္။ တဒဂၤမွ် ေလထုအတြင္း ရစ္ဝဲလွည့္သိုင္းေနၿပီးေနာက္မွာေတာ့ အျဖဴေရာင္ျမဴႏွင္းမ်ားသည္ကား လူမ်ားႏွင့္အရာဝတၳဳမ်ားအျဖစ္ ပုံသဏၭာန္ေျပာင္းလဲသြားၾကေလသည္။

သုံးဖက္ျမင္႐ုပ္လုံးႂကြ သဲပန္းခ်ီကားမ်ားကဲ့သို႔ပင္။

အျဖဴေရာင္ျမဴခိုးမ်ားမွာ စုစည္းသိပ္သည္းသြားၿပီး ေျမႀကီးေပၚတြင္ရွိေနေသာ ေခါင္းတလား၏အရာႏွင့္ တစ္ထပ္တည္းတူညီေသာ ေခါင္းတလားတစ္လုံးအျဖစ္ပုံေပၚလို႔လာသည္။ ထို႔ေနာက္ မ်ားမၾကာမီမွာပင္ ပို၍မ်ားျပားေသာအျဖဴေရာင္ျမဴႏွင္းမ်ားသည္ကား 'ေခါင္းတလား' ေဘးပတ္ပတ္လည္သို႔စုစည္းလာၾကၿပီး လူတစ္ေယာက္၏အသြင္သဏၭာန္မ်ိဳးအျဖစ္ေျပာင္းလဲသြားေလေတာ့သည္။

"ဒါက ဘယ္လို ေရအမ်ိဳးအစားထူးျခားစြမ္းရည္ႀကီးလဲ?....ၿပီးေတာ့ အသံလည္းထြက္တတ္ေသးတာလား?"

"သူတို႔ ဘာေတြေျပာေနၾကတာလဲ? ဒါရိုက္တာ႐ႊမ္းေျပာျပဖူးတဲ့ နတ္ဆရာဘာသာစကားေတြလား?"

"ရႉး....."

အျဖဴေရာင္ျမဴခိုးေငြ႕မ်ားအလယ္တြင္ရွိေနသည့္ လူပုံသဏၭာန္တစ္ခုသည္ကား ေခါင္းတလားပတ္ပတ္လည္၌ လွည့္ပတ္သြားလာေနသည္။ ေရလွိုင္းသံမ်ားႏွင့္ အလြန္တရာႏူးညံ့တိုးေဖ်ာ့ေသာ ေတးညည္းသံတစ္သံႏွင့္အတူ အပ္ေခ်ာင္းထိပ္ဖ်ားတမွ်တိုးေဖ်ာ့လြန္းလွေသာ တေတာက္ေတာက္ေခါက္သံမ်ားက ေခါင္းတလား၏ေလးဘက္ေလးတန္နံရံမ်ားေပၚဝယ္ ထြက္ေပၚလာၾကသည္။

ေဒါက္...ေဒါက္.....

အျဖဴေရာင္ျမဴခိုးမ်ားျဖင့္ျပဳုလုပ္ထားေသာ ေခါင္းတလားအတြင္းမွ အရည္မ်ားစတင္စိမ့္ထြက္လို႔လာသည္။ ထိုအရည္မ်ားမွာ ႐ူပေဗဒသေဘာတရားကိုဆန႔္က်င္လ်စ္လ်ဴရႈကာ ေဘးပတ္ပတ္လည္တြင္ရွိေနေသာေရမ်ားအတြင္းသို႔ ေရာေႏွာေပ်ာ္ဝင္၍မသြားပါေခ်။ ထိုအစား ေခါင္းတလားအတြင္း၌ရွိေသာ ပူေဆြးယဇ္ပူေဇာ္ပြဲမွ ယဇ္စာသားမ်ား၏ေကာက္ေၾကာင္းပုံသဏၭာန္မ်ားအတိုင္းေျပာင္းလဲသြားၾကသည္။ တစ္ခ်ိန္တည္းမွာပင္ ေတးညည္းသံမ်ားႏွင့္ ေခါင္းတလားေပၚသို႔ တေတာက္ေတာက္ေခါက္သံမ်ားသည္ကား ပို၍ျမန္ဆန္လာေနသည္။ ေၾကးနီေရာင္ေခါင္းတလားဆီမွ အသံတစ္ခ်က္ထြက္ေပၚလာတိုင္း ေခါင္းတလားအတြင္းရွိ ပူေဆြးယဇ္ပူေဇာ္ပြဲယဇ္စာသားမ်ားမွာလည္း အတိုင္းအတာတစ္ခုအထိ ပို၍ထင္ရွားျပတ္သားလာၾကသည္။ ၎တို႔သည္ကား လုံးလုံးလ်ားလ်ားကိုထိုးထြက္ေပၚေပါက္လာၿပီးသည့္ေနာက္တြင္မူ ထိုယဇ္စာသားမ်ားမွာ စတင္လႈပ္ရွားလာၾကေလသည္။ ၎စာသားမ်ားမွာ ေလးဖက္ေလးတန္နံရံထက္မွသည္ ေခါင္းတလားေအာက္ေျခဆီသို႔ 'ကူးခတ္' သြားလာၾကၿပီးေနာက္ ေခါင္းတလားထဲရွိ အားေလာ့က်င္း၏ခႏၶာကိုယ္အတြင္းသို႔ တိုးေဝွ႕ဝင္ေရာက္သြားေလေတာ့သည္။

ေဒါက္....

အားေလာ့က်င္း၏လက္ဖဝါးေပၚ၌ရိုက္သြင္းထားေသာ သံမွိုတစ္ေခ်ာင္းက အေပၚသို႔ခုန္တက္လာၿပီး သူ၏လက္ေခ်ာင္းမ်ားမွာလည္း ထိုအရွိန္ႏွင့္အတူ ျပင္းျပင္းထန္ထန္တုန္ခါလႈပ္ယမ္းသြားေလသည္။

ေခါင္းတလားေဘးဘက္တြင္လွည့္ပတ္ေလွ်ာက္သြားေနေသာ လူပုံသဏၭာန္က သူ႕လက္တစ္ဖက္ကိုဆန႔္ထုတ္လိုက္ၿပီး အားေလာ့က်င္း၏နဖူးျပင္ကိုပြတ္သပ္ေပးလိုက္သည္။ ဘာမွန္းမသိေသာ ေရွးေဟာင္းဘာသာစကားတစ္မ်ိဳးက ေရလွိုင္းသံမ်ားႏွင့္အတူ ေရာေႏွာပ်ံ့လြင့္လို႔လာသည္။ ထူထပ္သိပ္သည္းေသာျမဴခိုးေငြ႕မ်ားအၾကား၌ ရစ္သိုင္းေဝ့သီေနေသာ အႏွီစကားသံသည္ကား တျဖည္းျဖည္းပို၍ေလသံျမင့္မားလာသလို ပို၍လည္းစူးရွလာသည္။ ထိုစကားထဲတြင္ပါဝင္ေသာအေၾကာင္းအရာမ်ားကို ေရေရရာရာမသိရေစကာမူ အႏွီစကားသံထဲတြင္ အလြန္တရာႀကီးမားမ်ားျပားေသာအမ်က္ေဒါသမာန္ဟုန္တို႔ကို ထမ္းပိုးသယ္ေဆာင္ထားသည့္ႏွယ္။

ေဒါက္__အားေလာ့က်င္း၏ေျခေထာက္ရိုးေပၚတြင္ရွိေသာ သံမွိုတစ္ေခ်ာင္းမွာလည္း အေပၚသို႔ႂကြတက္လာသည္။

ခ်က္ခ်င္းဆိုသလိုပင္ သြားက်ိန္းစရာေကာင္းလွေသာ တကြၽိကြၽိျမည္သံမ်ားက ေခါင္းတလားအတြင္းမွထြက္ေပၚလာေတာ့သည္။ အားေလာ့က်င္း၏မ်က္ခုံးႏွစ္ဖက္ၾကား၌ရွိေသာ သံမွိုတစ္ေခ်ာင္းမွာလည္း ေသြးယဇ္စာသားမ်ားလက္ခ်က္ျဖင့္ အေပၚဘက္သို႔ ျဖည္းျဖည္းခ်င္းတြန္းကန္ထြက္လာ၏။

ေလပူစီေဖာင္းအျမႇုပ္မ်ားျဖင့္ျပဳလုပ္ထားေသာ 'လူ' က ကိုယ္ကိုငုံ႕ကိုင္းလိုက္ၿပီး အားေလာ့က်င္း၏နားအနားသို႔ကပ္ကာ စကားတစ္ခြန္းကို တစ္လုံးခ်င္းစီ ပီပီသသေျပာၾကားလိုက္သည္။

ပူေဆြးယဇ္ပူေဇာ္ပြဲယဇ္စာသားမ်ားသည္ကား ေသြးမ်ားကဲ့သို႔ႏွယ္ အားေလာ့က်င္းကိုယ္ေပၚမွ လြင့္စင္ေပ်ာက္ကြယ္သြားၾကသည္။ မ်က္ႏွာဖုံးတျခမ္းကိုတပ္ဆင္ထားေသာလူတစ္ေယာက္သည္ကား ေခါင္းတလားအတြင္းမွ ျဖည္းျဖည္းခ်င္းထထိုင္လာၿပီး ေၾကးနီေရာင္ေခါင္းတလားမွာ ေနရာတြင္ပင္ တစစီပ်က္စီးေၾကမြသြားေလေတာ့သည္။

DCO မွ ကြင္းဆင္းဝန္ထမ္းမ်ားမွာ အံ့ဩထိတ္လန႔္သြားၾကသည္__ေခါင္းတလားမွာ ဤသို႔ဤႏွယ္ေပ်ာက္ကြယ္သြားခဲ့တာပဲျဖစ္သည္။ ေျမျပင္ေပၚတြင္ ေျခရာလက္ရာနည္းနည္းေလးေတာင္မွ က်န္ရစ္ခဲ့ျခင္းမရွိတာကလည္း မထူးဆန္းေတာ့ပါေခ်!

ခ်က္ခ်င္းဆိုသလိုပင္ အျဖဴေရာင္ျမဴခိုးေငြ႕မ်ားအလယ္တြင္ရွိေနသည့္ အားေလာ့က်င္းမွာ ေခါင္းေမာ့လာကာ နတ္ဆရာဂူသခၤ်ိဳင္းရွိရာအရပ္မ်က္ႏွာဆီသို႔ မွန္းေမွ်ာ္ၾကည့္ရႈလိုက္သေယာင္။ ႐ုတ္တရက္ ၎သည္ကား ေကာင္းကင္ယံထက္သို႔ေမာ့ကာ ဆြဲဆြဲငင္ငင္ေအာ္ဟစ္ျမည္တမ္းငိုေႂကြးဟန္ျပဳလိုက္ေစကာမူ မည္သည့္အသံမွထြက္ေပၚလာျခင္းမရွိပါေခ်။ ထို႔ေနာက္တြင္ေတာ့ ၎မွာ အေပၚသို႔တရွိန္ထိုးပ်ံတက္သြားေလသည္။

ကြင္းဆင္းဝန္ထမ္းမ်ားသည္ကား အလိုအေလ်ာက္ပင္ အရပ္မ်က္ႏွာအသီးသီးသို႔လူစုကြဲသြားကာ ေရွာင္ဖယ္လိုက္ၾကသည္။ အားေလာ့က်င္း၏အျဖဴေရာင္အရိပ္သဏၭာန္မွာ ေရမ်က္ႏွာျပင္ေပၚသို႔ေရာက္ရွိလာၿပီးေနာက္တြင္မူ__တုံးခြၽမ္းၿမိဳ႕တြင္းဆီသို႔ ဦးတည္ပ်ံသန္းသြားေလေတာ့သည္!

တစ္ခ်ိန္တည္းမွာပင္ ေလထုထဲတြင္ရစ္သိုင္းလွည့္ပတ္ေနေသာ အျဖဴေရာင္ျမဴခိုးေငြ႕မ်ားက ေျမျပင္ေပၚသို႔ျပန္လည္သက္ဆင္းလာသည္။ အခ်ိန္တခဏမွ်ၾကာသည္အထိ ေျမျပင္ေပၚတြင္ေမႊေႏွာက္လွည့္ပတ္လႈပ္ရွားေနၿပီးကာမွ မိစာၦကိုဆင့္ေခၚခဲ့ေသာ သံသယတရားခံ၏အသြင္သဏၭာန္အျဖစ္ျပန္လည္ေျပာင္းလဲသြားျပန္သည္။ အႏွီအျဖဴေရာင္ပုံရိပ္က ေၾကးနီေရာင္ေခါင္းတလားေဘးတြင္ သက္ေတာင့္သက္သာအေနအထားျဖင့္ မတ္တပ္ရပ္လိုက္သည္။ ၎သည္ကား သူ႕ရင္ဘတ္ေရွ႕တြင္ လက္ႏွစ္ဖက္ကိုပိုက္ယွက္ထားလိုက္ၿပီး ကြင္းဆင္းဝန္ထမ္းမ်ားအား မ်က္လုံးခ်င္းေတ့ေတ့ဆိုင္ဆိုင္ၾကည့္ရႈေနကာ တစ္စုံတစ္ခုကိုေစာင့္ဆိုင္းေနသည့္ႏွယ္။

ေရွာင္းက်န္းက အလ်င္အျမန္ပင္‌ ေနာက္လွည့္ကာေျပာလိုက္သည္။

"ခုနတုန္းကဟာေတြကို မွတ္တမ္းယူထားတဲ့လူရွိလား? ငါ့ကိုေပး!"

သူက ရိုက္ကူးထားသမွ်ဗီဒီယိုမ်ားထဲမွ အၾကည္လင္အျပတ္သားဆုံးဗီဒီယိုတစ္ခုကိုေ႐ြးခ်ယ္လိုက္ကာ ႐ႊမ္းက်ီးႏွင့္ ဌာနခ်ဳပ္တြင္ရွိေနေသာ ဒါရိုက္တာဝမ္ထံသို႔ေပးပို႔လိုက္သည္။

ဒါရိုက္တာဝမ္မွာ ဌာနခ်ဳပ္တြင္ ၫႊန္ၾကားခ်က္မ်ားကိုေစာင့္ဆိုင္းေနခ်ိန္ျဖစ္သည္။ ၎မွာ ထိုဗီဒီယိုကိုလက္ခံရရွိၿပီးသည့္ေနာက္ ခ်က္ခ်င္းပင္ ဖုန္းျပန္ဆက္လာသည္။

"အဲဒါကို 'အရိပ္ဖမ္းနည္းပညာ' လို႔ေခၚတယ္"

ေဒါက္တာဝမ္က သူ၏အားနည္းခ်ိနဲ႕ေနေသာေလသံျဖင့္ ေလးတိေလးကန္ေျပာလာသည္။

"အဲဒါက ေရွးေခတ္လူသားေတြအသုံးျပဳၾကတဲ့ သူခိုးရန္ကိုကာကြယ္တဲ့နည္းလမ္းတစ္မ်ိဳးပဲ၊ အိုင္း...ေရွးေခတ္က အမ်ားျပည္သူလုံၿခဳံေရးစနစ္ေတြဟာ....."

"ဒါရိုက္တာ....လိုရင္းကိုေျပာပါ"

"ဪ....ဒီ 'အရိပ္ဖမ္းနည္းပညာ' ဆိုတာက ပစၥည္းတစ္ခုခုေပၚမွာ အရင္ႀကိဳတင္ၿပီး 'အမွတ္အသား' လုပ္ထားတာမ်ိဳးပဲ၊ အခ်ိန္ခဏေလာက္ၾကာၿပီးရင္ အဲဒီအမွတ္အသားေဘးနားမွာျဖစ္ပ်က္ခဲ့သမွ် အျဖစ္အပ်က္ေတြကို 'အရိပ္ဖမ္းနည္းပညာ' နဲ႕ မွတ္တမ္းယူထားလို႔ရတယ္ေလ၊ .....မင္းတို႔ ခုနက ေတြ႕လိုက္တဲ့ဟာလိုေပါ့...အဲဒါက ဘာပါလိမ့္....ဟိုပစၥည္းေလ.....အိုး....ေစာင့္ၾကည့္ကင္မရာတစ္လုံးနဲ႕တူတယ္...ဒါေပမဲ့လည္း ေရွးေဟာင္းနည္းပညာဆိုေတာ့ ကင္မရာေတြလိုေတာ့ လူေတြရဲ႕မ်က္ႏွာကိုရွင္းရွင္းလင္းလင္းရိုက္ယူမထားနိုင္ဘူးေပါ့ေလ၊ ၿပီးေတာ့ စြမ္းအင္ကုန္သြားရင္လည္း ေပ်ာက္ကြယ္သြားတာပဲ။ ဒီနည္းလမ္းကိုသုံးတဲ့လူက အတိုင္းအတာတစ္ခုထိေတာ့ အရည္အခ်င္းျမင့္မားတဲ့သူပဲျဖစ္ရမယ္။ ဒါက ထူးျခားစြမ္းရည္ရွိတဲ့လူတိုင္းေတာင္ အသုံးျပဳနိုင္တာမဟုတ္ဘူး။ ထပ္ေျပာရရင္ ဒီေန႕ေခတ္တယ္လီဖုန္းေတြတိုင္းေတာင္ ဗီဒီယိုရိုက္နိုင္တာမဟုတ္ဘူးေလ၊ အခုေခတ္မွာ အဲဒီအေၾကာင္းကို သိေနေသးတဲ့လူကလည္း မ်ားမ်ားစားစားမရွိဘူး...."

ဒါရိုက္တာေရွာင္းသည္ကား ခ်စ္လွစြာေသာ အဘိုးအိုႀကီးေဒါက္တာဝမ္၏ လိုရင္းကိုမေရာက္ဘဲ ရွည္လ်ားေထြျပားလွေသာ သုေတသနစာတမ္းအရွည္ႀကီးကို နားေထာင္ေနရင္း သူ႕နဖူးေပၚရွိေသြးေၾကာမ်ားပင္ ေထာင္ထလာေတာ့သည္။

သူက ေဒါက္တာဝမ္ကို ေနာက္တစ္ႀကိမ္ၾကားျဖတ္မေျပာလိုက္ရေသးခင္မွာပင္ အျဖဴေရာင္ျမဴခိုးေငြ႕မ်ား၏အနားစြန္းမ်ားမွာ ႐ုတ္တရက္ျပန႔္ကားသြားကာ ေတာင္တစ္ဝက္ေလာက္ကိုၿခဳံလႊမ္းရစ္သိုင္းသြား၏။ ထို႔ေနာက္မွာေတာ့ ထိုျမဴခိုးေငြ႕မ်ား၏ေဘးပတ္ပတ္လည္၌ စတင္၍ဆူဆူညံညံ႐ုတ္႐ုတ္သဲသဲျဖစ္လာသည္။ အျဖဴေရာင္ျမဴခိုးမ်ားအတြင္း၌ ရဟတ္ယာဥ္မ်ားႏွင့္ ကရိန္းဝန္ခ်ီစက္မ်ား၏ပုံရိပ္မ်ားထြက္ေပၚလာၾကၿပီး ထို႔ေနာက္တြင္ လူတစ္အုပ္စုၿပီး တစ္အုပ္စုထြက္ေပၚလာၾကေလသည္။

"ဒါရိုက္တာ"

ကြင္းဆင္းဝန္ထမ္းတစ္ေယာက္က ခပ္တိုးတိုးေျပာလာသည္။

"အဲဒီလူေတြက ကြၽန္ေတာ္တို႔နဲ႕တူသလိုပဲေနာ္....အဲဒါက ကြၽန္ေတာ္တို႔ ဒီေနရာကို ပထမဆုံးေရာက္လာတုန္းက ပုံစံအတိုင္းပဲ"

"ခဏေလး....ကြၽန္ေတာ္တို႔ ဒီေနရာကို ရွင္းလင္းေရးေတြလုပ္ေနတုန္းက ....ဒီ...ဒီ...."

အျခားေသာကြင္းဆင္းဝန္ထမ္းတစ္ေယာက္က လက္ပိုက္ရင္းမတ္တပ္ရပ္ေနဆဲျဖစ္ေသာ အျဖဴေရာင္ပုံရိပ္ကိုလက္ညွိုးထိုးကာ ေၾကာက္လန႔္တၾကားေျပာလိုက္သည္။

"ဒီ လူမဟုတ္သရဲမဟုတ္တဲ့ေကာင္က.....ေဘးကေန ကြၽန္ေတာ္တို႔ကိုရပ္ၾကည့္ေနတာလား? ဒါေပမဲ့ ဘာျဖစ္လို႔ အခ်က္ေပးသံက မျမည္ရတာလဲ!"

ကြင္းဆင္းဝန္ထမ္းမ်ားအားလုံးမွာ တညီတညာတည္း ေက်ာရိုးတစ္ေလွ်ာက္စိမ့္ခနဲျဖစ္သြားၿပီး သူတို႔၏ေနာက္ေက်ာျပင္မ်ားမွာ ေတာင့္မတ္သြားရွာေတာ့သည္။ ထိုအခိုက္မွာပင္ အခင္းျဖစ္ရာေနရာတြင္ရွိေနေသာ ကြင္းဆင္းဝန္ထမ္းတစ္ဦးႏွင့္တူသည့္ ပုံရိပ္သဏၭာန္တစ္ခုက အားေလာ့က်င္းကို နိုးထေစခဲ့ေသာ အဆိုပါအျဖဴေရာင္ပုံရိပ္ဆီသို႔ မသိလိုက္မသိဘာသာျဖင့္ ေလွ်ာက္လွမ္းသြားေနသည္။ အျဖဴေရာင္ပုံရိပ္မွာ ဖ်တ္ခနဲလက္သြားၿပီး အႏွီကြင္းဆင္းဝန္ထမ္း၏ခႏၶာကိုယ္အတြင္းသို႔ နစ္ျမဳပ္ဝင္ေရာက္သြားေလေတာ့သည္။ ပုံရိပ္ႏွစ္ခုအျဖစ္ကေန တစ္ခုတည္းျဖစ္သြားတာျဖစ္သည္!

"ခဏေလး...ဒါက ဘာအဓိပၸာယ္ႀကီးလဲ?"

ေရွာင္းက်န္းက ျဖည္းျဖည္းခ်င္းေနာက္လွည့္ၾကည့္လိုက္သည္။ သူ၏မ်က္ႏွာမွာ စိမ္းဖန႔္ဖန႔္ျဖစ္လို႔ေနၿပီး သူ႕ေနာက္က လုပ္ေဖာ္ကိုင္ဖက္မ်ားကို အကဲခတ္ၾကည့္ရႈလိုက္၏။

"ဒါက ဘာအဓိပၸာယ္လည္းဆိုေတာ့ ပူေဆြးယဇ္ပူေဇာ္ပြဲကိုဆင့္ေခၚၿပီး ဒီအရႈပ္ထုပ္ျပႆနာေတြကို ဖန္တီးခဲ့တဲ့ အဓိကလက္သည္တရားခံက ငါတို႔လူေတြထဲက တစ္ေယာက္ဆီကိုဝင္ပူးသြားၿပီဆိုတဲ့ အဓိပၸာယ္ပဲ!"

႐ႊမ္းက်ီးသည္ကား ေရွာင္းက်န္းထံမွ တိုက္ရိုက္ရိုက္ကူးေပးပို႔လာေသာ ဗီဒီယိုကို ေဒါက္တာဝမ္ႏွင့္အတူ ျမင္ေတြ႕ေနရတာျဖစ္သည္။ ထိုဗီဒီယိုကိုၾကည့္ရႈၿပီးသည့္ေနာက္မွာေတာ့ သူက စီးကရက္ဖင္စီခံကို ေဘးနားရွိအမွိုက္ပုံးထဲသို႔ သာမန္ကာလွ်ံကာ ပစ္ထည့္လိုက္သည္။ ထူးဆန္းေသာေလွာင္ရိပ္စြက္ေနသည့္အၿပဳံးတစ္ခုက သူ႕မ်က္ႏွာထက္တြင္ထင္ဟပ္လာၿပီး သူ႕ကိုယ္သူေျပာလိုက္သည္။

"ငါ ထင္သားပဲ"

မိမိမွာ ဘယ္လိုျဖစ္ၿပီး ရွန႔္လင္ယြမ္း၏လွည့္စားမႈကို ဤမွ်ေလာက္အခ်ိန္အၾကာႀကီးခံလိုက္ရပါသနည္း? ပိရွမွာ အားေလာ့က်င္း၏ခႏၶာကိုယ္အား 'အေတာ္ေလးကိုမခြဲနိုင္မခြာရက္' ျဖစ္ေနကာ ဖ်က္ဆီးပစ္ဖို႔တြန႔္ဆုတ္ေတြေဝေနသည္ဟုအထင္မွားမိသည္အထိပင္။

ခ်ီးပဲ၊ ပိရွဆိုတဲ့ အဘိုးႀကီးက ဘယ္တုန္းကမ်ား ဆုံးရႈံးၿပီးသား အရာေတြေပၚမွာ မခြဲနိုင္မခြာရက္ျဖစ္ၿပီး သံေယာဇဥ္တြယ္ေနတာမ်ိဳးရွိခဲ့လို႔လဲ?

နတ္ဆရာမ်ိဳးႏြယ္စုသည္ကား ေျခာက္ခမ္းတိမ္ေကာသြားေသာ ေရအလ်ဥ္ကဲ့သို႔ပင္။ ေသဆုံးၿပီးသားလူမ်ားကိုလည္း ျပန္လည္အသက္သြင္းလို႔မရေတာ့။ ဤသို႔ဆိုလွ်င္ သူက ဘာျဖစ္လို႔မ်ား ႐ုပ္အေလာင္းကို ဟန္ေဆာင္ပန္ေဆာင္နဲ႕ ထိန္းသိမ္းကာကြယ္ေပးေနရဦးမွာတဲ့လဲ? အဲဒီမိစာၦအိုႀကီးဆီမွာ သာမန္လူသားေတြလိုမ်ိဳး သံေယာဇဥ္ေႏွာင္ႀကိဳးေတြ အတြယ္အတာေတြ ဘယ္တုန္းကမ်ားရွိခဲ့လို႔လဲ? ေသခ်ာသည္ကေတာ့ အားေလာ့က်င္း၏႐ုပ္အေလာင္းအား ဖ်က္ဆီးပစ္ရန္ 'ခ်ိတုံခ်တဳံ' ျဖစ္ေနခဲ့ေသာ ရွန႔္လင္ယြမ္းကိုၾကည့္ကာ ပူေဆြးယဇ္ပူေဇာ္ပြဲကို ေနာက္ကြယ္မွႀကိဳးကိုင္ဆင့္ေခၚသူသည္ကား မေအာင့္နိုင္မအီးနိုင္စြာျဖင့္ သူတို႔ ထိုေနရာမွထြက္သြားၿပီးသည့္ေနာက္ပိုင္းတြင္ ေနာက္ထပ္လႈပ္ရွားမႈတစ္ခုကို ျပဳုလုပ္လာလိမ့္မည္ဆိုတာကို ရွန႔္လင္ယြမ္းတစ္ေယာက္ ႀကိဳတင္တြက္ဆထားၿပီးျဖစ္ေပလိမ့္မည္။

ဘာပဲျဖစ္ျဖစ္ မည္သူကမ်ား နတ္ဆရာမ်ိဳးႏြယ္စု၏စြမ္းအားမ်ားကို ပိုင္ဆိုင္ရရွိနိုင္မည့္အခြင့္အေရးအား လက္လႊတ္အဆုံးရႈံးခံနိုင္ပါမည္နည္း?

ညဉ့္သန္းေခါင္ယံေလျပင္ေလညင္းတစ္သုတ္မွာ ေမႊးႀကိဳင္ခ်ိဳအီေသာ ပန္းရနံ႕မ်ားကိုသယ္ေဆာင္လ်က္ ခပ္ေသာ့ေသာ့ျဖတ္တိုက္သြားၾကသည္__အလြန္တရာခ်ိဳေမႊးသင္းပ်ံ့လြန္းေသာ ရနံ႕မ်ားထဲတြင္ ခပ္ေဖ်ာ့ေဖ်ာ့ညွီစို႔စို႔ရနံ႕မ်ားပင္ေရာစြက္ေနသေယာင္။

"ေခါင္းတလားကိုမွီၿပီး ေသြးအန္တယ္? ငါ အစတုန္းက အဲဒီအေတြ႕အႀကဳံရွိတဲ့ မိစာၦအိုႀကီးက ဝမ္းနည္းေနပါလားဆိုၿပီး ေတြးလိုက္ေသးတာ...ေတာက္...ငါ ဘယ္လိုျဖစ္ၿပီး အဲဒီလိုမ်ားေတြးလိုက္မိပါလိမ့္?"

ေသြးအန္ျခင္းသည္ပင္ ေခါင္းတလားအတြင္း၌ ကလိမ္ကက်စ္လုပ္ထားမည့္ သူ႕အႀကံအစည္မ်ားကို ေႏွာင့္ေႏွးၾကန႔္ၾကာေစနိုင္ခဲ့ျခင္းမရွိပါေခ်။

႐ႊမ္းက်ီးက အနားတြင္ရွိေနသည့္ ေဒသခံကြင္းဆင္းဝန္ထမ္းေကာင္ေလး၏ အကၤ်ီအိတ္ကပ္အတြင္းသို႔ သူ႕လက္ကိုထိုးထည့္လိုက္ၿပီးေနာက္ ထိုေကာင္ေလး၏ဖုန္းကို သူ႕ေရွ႕၌ လႈပ္ယမ္းျပကာေျပာလိုက္သည္။

"ဒါေလးကို ငါ့ကို ခဏငွားလိုက္.."

"ဘာျဖစ္လို႔....."

အႏွီဝန္ထမ္းေကာင္ေလး၏စကားမဆုံးခင္မွာပင္ ႐ႊမ္းက်ီးက ေနာက္ထပ္စီးကရက္တစ္လိပ္ကို ဆြဲထုတ္ယူလိုက္သည္။ လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ေသာအခါ သူ႕လက္ေခ်ာင္းထိပ္မွ မီးစတစ္စ လွစ္ခနဲထြက္ေပၚလာသည္။ သူက မ်က္လုံးမ်ားကိုေမွးက်ဥ္းကာ စီးကရက္ကိုမီးညွိလိုက္ၿပီးေသာ္ ထိုေကာင္ေလး၏မ်က္ႏွာတည့္တည့္သို႔ အျဖဴေရာင္စီးကရက္လိပ္တစ္ေငြ႕ကိုမႈတ္ထုတ္လိုက္ေလသည္။ အႏွီဝန္ထမ္းေကာင္ေလးခမ်ာ သူ႕ခႏၶာကိုယ္တစ္ခုလုံးမွာ စြန္တစ္စင္းအလား ေပါ့ပါးသြားသလိုခံစားလိုက္ရၿပီးေနာက္ ဟိုတယ္ဧည့္ခန္းမေဆာင္အတြင္းသို႔ စုပ္ယူဆြဲသြင္းခံလိုက္ရရွာေတာ့သည္။

"အဲဒီေနရာမွာ ပုန္းေနဦး၊ ဘာကိစၥမွမရွိရင္ ထြက္မလာနဲ႕"

ဝန္ထမ္းေကာင္ေလးခမ်ာ အံ့ဩထိတ္လန႔္ေနခိုက္မွာပင္ ႐ႊမ္းက်ီးသည္ကား သူ႕မ်က္စိေရွ႕ေမွာက္၌ လွစ္ခနဲေပ်ာက္ကြယ္သြားေလေတာ့သည္။

႐ႊမ္းက်ီးက ဟိုတယ္ေျခာက္လႊာတြင္ရွိသည့္ ဟင္းလင္းျပင္ နကၡတ္တာရာၾကည့္ေမွ်ာ္စင္ထက္ဆီသို႔ခုန္တက္သြားလိုက္သည္__သူႏွင့္ မလွမ္းမကမ္းအကြာ၌ ခုံးေက်ာ္တံတားတစ္စင္းရွိေနသည္။ တံတားေပၚရွိ လမ္းမီးတိုင္တစ္တိုင္ထက္တြင္မူ စြန္တစ္စင္းတမွ် ပါးလ်ေဖ်ာ့ေတာ့သည့္ပုံရိပ္တစ္ခုရွိေနသည္။ သူ႕အၾကည့္မ်ားက မထင္မွတ္ဘဲ ႐ႊမ္းက်ီး၏အၾကည့္မ်ားႏွင့္ တတန္းတည္းျဖစ္သြားသည္__ထိုလူသည္ကား ရွည္လ်ားေသာဆံႏြယ္မ်ားကိုပိုင္ဆိုင္ထားၿပီး ရွည္လ်ားေသာဝတ္႐ုံတစ္ထည္ကိုဝတ္ဆင္ထားသည္။ သူ႕ပုံရိပ္မွာ စကၠဴတစ္႐ြက္ပမာ ပိန္ပါးသြယ္လ်လွသည္။ သူ၏ႏူးညံ့ေသာ မ်က္ခုံးႏွစ္ဖက္ၾကားတြင္ ေၾကာက္စရာေကာင္းေသာ ေသြးအေခါင္းေပါက္တစ္ခုရွိေန၏။

အားေလာ့က်င္း၊ ေနာက္ကြယ္က လက္မည္းႀကီး၏ ငါးစာတစ္ခုအျဖစ္အသုံးခ်ခံရေသာသူ

"ဒါေပမဲ့ သူ႕မ်က္လုံးထဲမွာ ဘယ္သူကမ်ား ငါးစာဟုတ္မေနလို႔လဲ?"

႐ႊမ္းက်ီးက သက္ျပင္းတစ္ခ်က္မသိမသာခ်လိဳက္သည္__အားေလာ့က်င္းမွာ သံမွိုရိုက္သြင္းခံရၿပီး ေနာက္တစ္ႀကိမ္ ေခါင္းတလားအတြင္းသို႔ ျပန္ထည့္ခံလိုက္ရေသာအခါတြင္ သူ႕ႏွလုံးအိမ္ထဲရွိအမုန္းတရားအာဃာတမ်ားသည္ကား က်ိန္းေသေပါက္ကို အဆုံးစြန္သို႔ေရာက္ရွိသြားလိမ့္မည္ျဖစ္သည္။ ၎မွာ သူတို႔ေနာက္သို႔ ေသခ်ာေပါက္ကိုလိုက္လာမည္ျဖစ္သည္။

ေနာက္ကြယ္မွေန၍ ပူေဆြးယဇ္ပူေဇာ္ပြဲကိုဆင့္ေခၚက်င္းပခဲ့သူသည္ကား DCO ၏ကြင္းဆင္းဝန္ထမ္းမ်ားၾကားထဲတြင္ေရာေႏွာေနမည့္သူျဖစ္ေကာင္းျဖစ္နိုင္သည္။ သို႔မဟုတ္ပါက ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာန၏အတြင္းပိုင္းလုပ္ထုံးလုပ္နည္းမ်ားကို ဤမွ်အထိလက္ပြန္းတတီးရင္းႏွီးကြၽမ္းဝင္ေနမည္မဟုတ္ပါေခ်။

သံသယတရားခံသည္ကား သူတို႔အုပ္စုမွာ တုံးခြၽမ္းသို႔ျပန္ေရာက္သြားၿပီး တပ္ဖြဲ႕ကိုအသစ္ျပန္လည္ဖြဲ႕စည္းခ်ိန္၌ သတိလက္လြတ္ျဖစ္သြားနိုင္တာကို သိရွိထားေလသည္။

႐ႊမ္းက်ီးသည္ကား မီးလွ်ံငွက္၏ လီမီးလွ်ံကို သယ္ေဆာင္ထားသူတစ္ေယာက္ျဖစ္ေသာေၾကာင့္ မေကာင္းဆိုးဝါးမိစာၦဓာတ္မ်ားအားလုံးကို တြန္းကန္ႏွင္လႊတ္နိုင္စြမ္းရွိသူျဖစ္သည္။ ညနက္သန္းေခါင္အခ်ိန္၌ လမ္းတစ္ဖက္တြင္ မတ္တပ္ရပ္ေနသည့္ သူ႕ပုံစံမွာ ပိုးဖလံေပါင္းမ်ားစြာကို အလြန္အမင္းဆြဲေဆာင္ေနေသာ ႀကီးမားေသာ မီးပုံႀကီးတစ္ပုံႏွင့္အလားသဏၭာန္တူေနသည့္အတြက္ ေသရာမွျပန္ရွင္လာေသာ အားေလာ့က်င္း၏အာ႐ုံစူးစိုက္မႈကိုလည္း (၁၀၀) ရာခိုင္ႏႈန္း ရရွိသြားေလေတာ့သည္။

ဤနည္းအားျဖင့္ ရွန႔္လင္ယြမ္းမွာလည္း ပူေဆြးယဇ္ပူေဇာ္ပြဲကိုဆင့္ေခၚသူႏွင့္ လြတ္လြတ္ကြၽတ္ကြၽတ္စာရင္းရွင္းနိုင္မည္ျဖစ္သလို တစ္ဖက္တြင္လည္း ႐ႊမ္းက်ီးက လူ႕ေလာကႀကီးတစ္ခုလုံးအား ေဘးအႏၲရာယ္သင့္ေစေတာ့မည့္ အားေလာ့က်င္းကို အခ်ိန္တခဏမွ် ယာယီထိန္းခ်ဳပ္ထားနိုင္မည္ျဖစ္သည္။

"ဒီေလာက္ခက္ခဲၿပီး ဂုဏ္ယူစရာေကာင္းတဲ့တာဝန္မ်ိဳးကို ငါ့ကိုေပးခဲ့တယ္ေပါ့ေလ၊ ရတယ္ေလ ငါ့ကို သိပ္ၿပီးအထင္ႀကီးေနတယ္ေပါ့"

႐ႊမ္းက်ီးက ခါးသက္စြာရယ္ေမာလိုက္သည္။ ၎မွာ ေနာက္ဆုံးမွာေတာ့ 'ေ႐ြးခ်ယ္စရာနည္းလမ္းမ်ားကုန္ခမ္းျခင္း' ဟူသည့္စကား၏အနက္အဓိပၸာယ္ကိုနားလည္သေဘာေပါက္သြားၿပီျဖစ္သည္။

သူက စီးကရက္ျပာမႈန႔္မ်ားကို လက္ျဖင့္တစ္ခ်က္ေတာက္ထုတ္လိုက္ၿပီး အေဝးတြင္ရွိေနေသာ အားေလာ့က်င္းကိုၾကည့္ကာ *လက္ႏွစ္ဖက္ကို ေဘးသို႔ဆန႔္ျပလိုက္သည္။ သူက စကားကိုတမင္တကာေအာ္ႀကီးဟစ္က်ယ္မေျပာလိုက္ေစကာမူ သူ႕အသံမွာ ဆူညံလႈပ္ရွားေနေသာ လူ႕ဘုံေလာကႀကီးကိုျဖတ္သန္းကာ က်ယ္ေျပာေသာလမ္းမႀကီးမ်ားႏွင့္လူေနရပ္ကြက္မ်ားတစ္ေလွ်ာက္ စုစည္းက်စ္လ်စ္စြာျဖင့္ျဖတ္သန္းသြားေလသည္။ ေခါင္းတလားထဲရွိ လူသား-မိစာၦႏွင့္မ်က္ႏွာခ်င္းဆိုင္၍စကားေျပာေနသည့္ႏွယ္။

*လက္ကိုေဘးသို႔ဆန့္ျပလိုက္သည္__ဒီလိုပုံမ်ိဳးကိုေျပာခ်င္တာပါ။ ဒါကိုပုံေပၚေအာင္မေရးတတ္လို႔ :33

"ကြၽန္ေတာ္ ရွင္းရွင္းလင္းလင္းေျပာၿပီးၿပီေနာ္....မ်ိဳးႏြယ္စုေခါင္းေဆာင္၊ ကြၽန္ေတာ္က တကယ္ပဲ သန္းလီဆိုတဲ့လူမဟုတ္ပါဘူးလို႔၊ ဒီလို collagen ဓာတ္ေတြျပည့္ဝေနတဲ့ ကြၽန္ေတာ့္မ်က္ႏွာေလးကိုတစ္ခ်က္ေလာက္ၾကည့္လိုက္စမ္းပါဦး၊ သူ႕လို အိုမင္းရႈံ႕တြေနတဲ့မ်က္ခြက္မ်ိဳးေပါက္ေနလို႔လားလို႔?"

ရွန႔္လင္ယြမ္း၏ေရွးေခတ္ဘာသာစကားအတိုင္း တုပေျပာဆိုလိုက္ေသာ သူ၏စကားသံက စံခ်ိန္မမီတာေၾကာင့္ျဖစ္ေကာင္းျဖစ္နိုင္သည္။ အားေလာ့က်င္းမွာ သူ႕စကားကိုနားမလည္သလို တုတ္တုတ္မွ်ပင္မလႈပ္သြားပါေခ်။ သူ႕ကိုသာ ေအးတိေအးစက္ျဖင့္ စူးစိုက္စြဲၿမဲစြာၾကည့္ရႈေန၏။

တုံးခြၽမ္းနတ္ဆရာစာအုပ္ႏွင့္ပတ္သက္ေသာ ဝါးပုရပိုက္အႂကြင္းအက်န္မ်ားထဲတြင္ ေရးသားထားသည္ကား လိုအင္ဆႏၵတစ္ခုေၾကာင့္ မိစာၦလမ္းစဥ္သို႔ဝင္ေရာက္သြားခဲ့ေသာ လူတစ္ေယာက္သည္ကား သူတို႔၏အခြံအတြင္း၌ရွိေနက်ျဖစ္ေသာ နဂိုမူလက လူတစ္ေယာက္ႏွင့္ လားလားမွ်မတူညီေတာ့ပါေခ်။ ၎သည္ကား ထို 'အလိုဆႏၵ' ၏တိုက္တြန္းခိုင္းေစျခင္းကိုခံရေသာ လမ္းေလွ်ာက္ေနသည့္အေလာင္းေကာင္တစ္ေကာင္သာျဖစ္ေနေပလိမ့္မည္။

ျပန္ၾကည့္လိုက္မည္ဆိုပါက ဤသည္ကား အားေလာ့က်င္းအေၾကာင္းကိုေရးသားထားတာျဖစ္ေကာင္းျဖစ္နိုင္သည္။

အမည္မသိစာေရးဆရာသည္ကား နတ္ဆရာမ်ိဳးႏြယ္စု၏သမိုင္းေၾကာင္းကို အစမွအဆုံးတိုင္ အူမေခ်းခါးမက်န္သိရွိေနေသာ ေခတ္ကာလမွ လူတစ္ေယာက္ျဖစ္နိုင္သည္။ ဘာေၾကာင့္မ်ား ထိုအေၾကာင္းကို ေနာက္မ်ိဳးဆက္ေတြအထိ လက္ဆင့္မကမ္းနိုင္ခဲ့ရသလဲဆိုတာကို မသိပါေခ်__ျဖစ္နိုင္ေခ်ရွိတာကေတာ့ သူမ်ားတကာအေပၚ အနိုင္က်င့္ဗိုလ္က်တတ္ေသာ လူထူးလူဆန္းျဖစ္သည့္ ဧကရာဇ္ဝူ၏တားျမစ္ပိတ္ပင္ျခင္းကိုခံလိုက္ရတာလည္း ျဖစ္ေကာင္းျဖစ္နိုင္သည္။

အားေလာ့က်င္းတြင္ မွတ္ဉာဏ္မ်ားရွိေနသည္က သိသာထင္ရွားလွသည္။ သေဘာတရားက်က်ေျပာရပါလွ်င္ သူ၏အသိစိတ္ထဲတြင္ လူသားဆန္ေသာစိတ္ဓာတ္မ်ိဳး တစ္ပိုင္းတစ္စေလာက္ေတာ့ျဖင့္က်န္ရွိေနေသးသင့္တာျဖစ္သည္။ ၎မွာ မိစာၦအျဖစ္ေျပာင္းလဲသြားၿပီးေနာက္ပိုင္းမွသာ သူ၏ေတြးေခၚပုံေတြးေခၚနည္းတို႔သည္ကား သာမန္အသိဉာဏ္လမ္းေၾကာင္းမွေသြဖယ္သြားခဲ့တာျဖစ္သည္။

၎မွာ စည္းမ်ဥ္းဥပေဒမ်ားကိုလိုက္နာက်င့္သုံးလိမ့္မည္ဟူ၍ေတာ့ ႐ႊမ္းက်ီးတစ္ေယာက္မေမွ်ာ္လင့္ထားပါေခ်။ သူ၏ပုံပ်က္ပန္းပ်က္ျဖစ္ေနေသာ ဦးေႏွာက္ထဲတြင္ က်ိဳးေၾကာင္းဆင္ျခင္နိုင္စြမ္းနည္းနည္းပါးပါးေလးက်န္ရွိေနေသးရန္သာ ေမွ်ာ္လင့္တာျဖစ္သည္။ သို႔မွသာ အနည္းဆုံးေတာ့အက်ိဳးသင့္အေၾကာင္းသင့္ေျပာျပလာေသာ သူ႕စကားတစ္ခြန္းႏွစ္ခြန္းကို နားဝင္နိုင္မည္ျဖစ္သည္။

"ဒါေပမဲ့ ခင္ဗ်ားက ကြၽန္ေတာ္နဲ႕အတူတူ 'လူလိမ္လူညာ ရွန႔္ေရွာင္းကိုဆန႔္က်င္မယ့္ မဟာမိတ္' အဖြဲ႕ကိုဖြဲ႕စည္းမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္က အၿမဲတမ္းလက္ကမ္းႀကိဳဆိုေနလ်က္ပါေနာ္"

႐ႊမ္းက်ီးက ေျပာသည္။

"ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံးက သားေကာင္ျဖစ္ခဲ့ရတဲ့သူေတြခ်ည္းပဲမဟုတ္လား? တစ္ေယာက္နဲ႕တစ္ေယာက္ ေျပာစရာစကားေတြလည္း အမ်ားႀကီးရွိၾကမွာပဲေလ...."

"မီးလွ်ံငွက္"

ထိုအခိုက္ အားေလာ့က်င္းက လူသားမ်ိဳးႏြယ္စု၏ေရွးေဟာင္းဘာသာစကားကိုအသုံးျပဳကာ စကားကိုတစ္လုံးခ်င္းစီအသံထြက္ပီသမွန္ကန္စြာေျပာဆိုလိုက္သည္။ သူ၏စကားသံမွာ ေရအလ်ဥ္တမွ်ေအးစက္ေသာ ညဉ့္အခါသမယကိုထိုးခြင္းျဖတ္သန္းကာ လမ္းမႀကီးမ်ားေပၚမွ ပ်ံသန္းလာ၏။

႐ႊမ္းက်ီးမွာ တုံ႕ဆိုင္းသြားသည္။

"ဟင္?"

"မင္းကိုယ္ေပၚမွာရွိတဲ့ဟာက သူ႕မွာရွိတာနဲ႕အတူတူပဲ...မီးလွ်ံငွက္မ်ိဳးႏြယ္စုရဲ႕....."

မ်က္ႏွာဖုံးတစ္ဝက္တပ္ဆင္ထားေသာမိစာၦက သူ႕စကားသံမဆုံးေသးခင္မွာ ႐ႊမ္းက်ီး၏ျမင္ကြင္းအတြင္းမွ ႐ုတ္တရက္ေပ်ာက္ကြယ္သြားေလေတာ့သည္။ ေနာက္တခဏအၾကာတြင္မူ လုလင္ပ်ိဳေလးတစ္ေယာက္၏ ေၾကာက္စရာေကာင္းလွေသာစကားသံက ႐ႊမ္းက်ီး၏နားဝ၌ ေပါက္ကြဲထြက္ေပၚလို႔လာသည္။

"ဆိုးဝါးတဲ့ အနံ႕အသက္မ်ိဳးပဲ"

9.8.21

Thanks for votes and cmt 🐍🐤

Continue Reading

You'll Also Like

3M 234K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
3.5M 532K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
2.8M 395K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...