🍁Daffodils:အပိုင်း(၁၇)ဖုံးကွယ်ထားတဲ့အလွှာ
မျက်နှာပေါ်တိုက်ရိုက်လာကျနေတဲ့ နေရောင်စူးစူးကြောင့် နွေဦး မျက်လုံးပေါ် လက်ဖဝါးနဲ့ကာလိုက်ပြီး နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၈နာရီ...
သောက်ကျိုးနည်း!!
နွေဦး ကျိန်ဆဲရင်း ဖြုန်းခနဲထထိုင်လိုက်တော့ ကိုက်ခဲနေတဲ့ခေါင်းကြောင့် မျက်နှာရှုံ့မဲ့သွားရတယ်။မျက်ခုံး၂ခုကို ထိဆက်လုနီးပါးကုတ်ပြီး လက်မနဲ့ လက်ညိုးသုံးကာ ဖိနှိပ်လိုက်တော့ ဝေဒနာနည်းနည်းလျော့ပါးသွားသလိုရှိပေမဲ့ ခဏတာသာ...သူအရက်နာကျနေပြီ။
အရက်နာကျနေရက်နဲ့ သူဆေးရုံဘယ်လိုသွားရပါ့မလဲ..သူကဌာနမှာ ရာထူးအကြီးဆုံးလူတစ်ယောက်မို့ မသွားလို့လဲမဖြစ်သေးဘူးဆိုတဲ့အတွေးနဲ့ ကုန်းရုန်းထရတယ်။ဘေးမှာတော့ဘယ်အချိန်က လာခိုးအိပ်နေလဲမသိတဲ့ဖိုးဝါက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတုန်း။ဖိုးဝါရဲ့ပါးဖောင်းဖောင်းလေးကို သူ့နှာခေါင်းနစ်ဝင်တဲ့အထိ မွှေးကြူရင်း ခေါင်းလေးကိုအသာပွတ်တော့ အပျင်းမလေးက အပျင်းတစ်ချက်ဆန့်ကာတစ်ဖက်ကိုလှည့်ပြီးပြန်အိပ်သွားတယ်။
"သမီးလေးပဲ ဇိမ်ကျနေလိုက်!"
ဖိုးဝါလေးကို သူ မလိုတမာပြောပြီးကုတင်ပေါ်ကဆင်းတော့ အရင်ဆုံးလုပ်မိတာကမှန်ကြည့်တာ။တော်သေးတယ်...ဆိုးဆိုးဝါးဝါး ရုပ်ပေါက်မနေလို့။မိုးပင်လယ် ထည့်ပေးတဲ့ ပထမတစ်ခွက်တုန်းက သူ အဆင်ပြေနေသေးတယ်။နောက်တစ်ခွက်သောက်လိုက်ပြီးနောက်ပိုင်း သူဘာဆို ဘာမှမမှတ်မိတော့ဘူး။မူးမူးနဲ့ပေါက်ကရတွေမလုပ်မိဖို့ပဲဆုတောင်းရမယ်။မဟုတ်ရင် သူ့ရဲ့ဆာဂျင်ဆိုတဲ့ဂုဏ်သိက္ခာက သူ့ကို 'ဘိုင့်ဘိုင်' လုပ်သွားတော့မှာ။
ခုတောင် ဟိုလူက သိပ်လေးစားချင်တာမဟုတ်ဘူး..ဒါပေမဲ့ သူ့ကို ခုံပေါ်မှာ တင်ပစ်မထားပဲ အခန်းထဲထိခေါ်လာပေးတာပဲကျေးဇူးတင်ရမယ်။
ဟင်!!ဒါငါ့ဘာသာငါတက်လာတာလဲဖြစ်နိုင်တာပဲလေ...သူတောင် ၂ခွက်ထဲနဲ့ အဆင်မပြေတာ မိုးပင်လယ် ဆိုထတောင်ထနိုင်ပါ့မလား။
နွေဦး ကိုက်နေတဲ့ခေါင်းကိုနှိပ်နယ်ရင်း ဆင်းလာတော့ မီးဖိုချောင်ထဲမှာ သူနဲ့မတူစွာ ပေါ့ပါးလန်းဆန်းနေတဲ့ မိုးပင်လယ်ကို တွေ့လိုက်ရလို့ စိတ်ထဲမှာဇဝေဇဝါတောင်ဖြစ်သွားရတယ်။
ဘယ်လိုဖြစ်တာလဲ...သောက်နိုင်စွမ်းမြင့်လို့လား။ကြည့်ပါဦး!
ဘယ်လိုမှတောင်အရက်သောက်ထားတဲ့ပုံရှိမနေဘူး။မျက်လုံးတွေကလဲ တောက်တောက်ပပနဲ့ပုံမှန်လိုပဲ..သူ့လိုလဲနီစပ်စပ်ဖြစ်မနေဘူး။
ကျစ်!!အရှက်ကွဲချက်ပဲကွာ...
နွေဦးကိုမြင်တော့ မိုးပင်လယ်က နှစ်လိုဖွယ်ရာပြုံးပြလာပြီး...
"မောနင်း နွေဦး...ခေါင်းကိုက်နေတာလား"
နွေဦး နှိပ်ရင်းတန်းလန်းနဲ့ပဲ ခေါင်းညိမ့်ပြလိုက်တယ်။မိုးပင်လယ်က စိတ်မကောင်းသလိုတစ်ချက်ကြည့်ပြီး ..ခေါက်ဆွဲပြုတ်ပန်းကန်ကို ရှေ့သို့တိုးပေးကာ..
"ကိုယ်ခေါက်ဆွဲပြုတ်လေးလုပ်ထားတယ်...စားပြီး ဆေးသောက်လိုက်ဦး...ဒီနေ့ ဆေးရုံသွားနိုင်ပါ့မလား..မသွားရင်မသွားပါနဲ့လား ကိုယ်တို့..."
နွေဦး စကားစကို အတင်းဖြတ်လိုက်ပြီး..
"ဟိုးထားဟိုးထား...ဒီလောက်လေးနဲ့ဆေးရုံမသွားနိုင်ဖြစ်စရာမရှိပါဘူး...ခေါင်းကိုက်တာလဲခဏပဲပျောက်သွားမှာ"
"ရပါ့မလား"
စိတ်ပူသလို မေးလာတဲ့မိုးပင်လယ်ကို ခေါင်းညိတ်ပြလိုက်ပြီး...
"ရတယ်..ဒါနဲ့ ခင်ဗျားကအကောင်းအတိုင်းကြီးပါလား"
"အင်း...ကိုယ်ကအကောင်းအတိုင်းပဲလေ"
"ဘာမှမဖြစ်ဘူးလား...ကျွန်တော်ကိုက မသောက်နိုင်တာလဲပါမှာပေါ့"
နွေဦးကပြောရင်းခေါက်ဆွဲကို ရွှတ်ခနဲ နှုတ်ခမ်းကိုချွန်ကာစုတ်စားလိုက်တယ်။မိုးပင်လယ် အကြည့်မခွာ နိုင်ဖြစ်နေတုန်းမှာပင်..သူ့ကိုတူကြီးဖြင့်ထိုးရင်း..
"ခင်ဗျား ဝိုင်ကလဲ ပြင်းလိုက်တာနော်..ကျွန်တော်က အဲ့လောက်ထင်မထားလို့ အရမ်းသောက်ချလိုက်တာ"
မိုးပင်လယ်မလုံမလဲ ခေါင်းညိတ်ကာ...
"အင်းဟုတ်တယ် ကိုယ်လဲ အဲ့လောက်ထင်မထားဘူး"
"ခင်ဗျားတော်တော်ခံနိုင်ရည်ရှိတာပဲ"
"ကိုယ်လဲဒီလောက်ကြီးခံနိုင်ရည်မရှိပါဘူး.."
"ဟင်!!ရှိတာပေါ့ ခင်ဗျားအခုအကောင်းအတိုင်းပဲလေ"
"ကောင်းမှာပေါ့ ကိုယ်မှ ဘာမှမသောက်တာကို.."
"ဟမ်!!ခင်ဗျားကျမသောက်ပဲ ကျွန်တော့်ကိုချည်း ထည့်ပေးနေတာလား"
"မဟုတ်ဘူး ကိုယ်ထည့်ပေးလိုက်တာတစ်ခွက်ထဲ...နောက်တစ်ခွက်က နွေဦးကိုယ်တိုင် ကိုယ့်ခွက်ကိုဆွဲယူသွားတာ"
"ဟမ်!!!"
သေစမ်း!
နွေဦးရှက်လွန်းလို့သူ့မျက်နှာကို ခေါက်ဆွဲပြုတ်ထဲသာထည့်ထားချင်တော့တယ်။ဘယ်လိုတောင် အရက်ငတ်နေတဲ့ အရက်သမားဆန်မိရတာလဲ။
"ခင်ဗျား မတားဘူးလား"
"သြော်...တားမယ်လုပ်တော့ အကုန်မော့ချလိုက်ပြီလေ အဲ့ဒါနဲ့ပဲ ၂ယောက်လုံး မူးနေရင်အဆင်မပြေလို့ ကိုယ်မသောက်ဖြစ်လိုက်တာ"
နွေဦး ကိုက်နေတဲ့ခေါင်းတွေ ပိုတောင်ကိုက်လာသလိုပဲ။အသက်ရှင်လာတဲ့တစ်လျှောက်လုံးမှာ ဒီလိုအရှက်ကွဲရတာမျိုးရှိသေးတာပဲ။ဘာအရှက်ကွဲစရာတွေထပ်လုပ်ထားသေးလဲလေ...နွေဦးတွေးရင်းတွေးရင်းခေါင်းတွေပိုကိုက်လာတယ်။
အရမ်းစိတ်ညစ်သွားပုံပေါက်နေတဲ့သူ့ပုံကိုကြည့်ပြီးမိုးပင်လယ်က လေသံအေးအေးနဲ့နှစ်သိမ့်တယ်။
"ဘာမှပူမနေနဲ့နော်..မနေ့ကနွေဦး ဘာအမှားမှလုပ်မထားဘူး"
နွေဦးက ဝမ်းသာအားရဖျတ်ခနဲမော့ကြည့်ကာ သက်ပြင်းချပြီး...
"တကယ်လား!!ဟူးတော်သေးတာပေါ့..ပေါက်ကရတွေလုပ်မိသေးလားတွေးနေရတာခေါင်းတွေတောင်ပိုကိုက်သွားတယ်"
လက်သွယ်သွယ်လေးတွေနဲ့ နားထင်ကို နှိပ်နေတဲ့ နွေဦးကသူ့မျက်စိထဲမှာတော့ တကယ့်ကို ချစ်စရာလေးပါပဲ။မိုးပင်လယ် မျက်နှာချင်းဆိုင်ထိုင်နေရာကနေထပြီး နွေဦး အနောက်ကိုရောက်အောင် သွားလိုက်တယ်။နှိပ်နေတဲ့နွေဦးလက်တွေကို သူဖမ်းဆုပ်လိုက်ကာအောက်ကိုအသာလေးချပေးလိုက်ပြီးနွေဦးရဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ်ကို သူ့ရင်ခွင်ထဲထည့်ကာ နားထင်နဲ့မျက်ခုံးရိုးတစ်လျှောက်တရွရွနှိပ်နယ်ပေးလိုက်တယ်။
အစပိုင်းနွေဦးက ရုန်းမယ်လုပ်ပေမယ့် မရုန်းတော့ဘဲ အတောင့်လိုက် အနေအထားနဲ့ပဲ သူနှိပ်ပေးတာကိုခံနေတယ်။
နွေဦးရဲ့နားရွက်လေးကလဲ ပန်းရောင်လေးကနေအနီရောင်ကိုပြောင်းလာနေတာကိုသူတွေ့နေရတယ်။နွေဦး ရှက်နေပြီ...
မိုးပင်လယ် နှိပ်နေရင်း ဂုတ်လေးပေါ် လက်ကိုတင်လိုက်တော့ နွေဦးက ခန္ဓာကိုယ်ကိုလှည့်ကာရှက်အမ်းအမ်း မျက်နှာလေးနဲ့ခေါင်းကို ဘယ်ညာချိုးချပြီး...
"အဟမ်း!ရပြီ..ကျွန်တော်သက်သာသွားပြီ...Wow!!.ခင်ဗျားကတော့ ဘက်စုံကိုတော်နေတော့တာပဲ..ခေါက်ဆွဲလဲစားလို့ကောင်းတယ်..ကျေးဇူးတင်တယ်..ကျွန်တော်သွားပြီ"
ရှက်ရှက်နဲ့ပြောချင်ရာတွေပြောပြီး နွေဦး ထွက်သွားတော့ မိုးပင်လယ် ခပ်ဖွဖွရယ်ရင်းကျန်ခဲ့ရတယ်။ဒီလိုချစ်ဖို့ကောင်းတဲ့နွေဦးကို သူဘယ်လိုလုပ်ခွဲနိုင်မှာတဲ့လဲ။မိုးပင်လယ် အဲ့အတွေးကြောင့်ပဲစိတ်ထဲမှာ မကြည်မလင်ဖြစ်ရပြန်တယ်။
ဆေးရုံရောက်တော့ ဆေးရုံအုပ်ကခေါ်တယ်ဆိုတာကြောင့်နွေဦးအပြေးအလွှားသွားရပြန်တယ်။အကြောင်းအရာကတော့ ထွေထွေထူးထူးမဟုတ်ပေမဲ့ ဝမ်းသာစရာပါပဲ။နွေဦးတို့ ခွဲစိတ်ဆောင်နဲ့ အရေးပေါ် လူနာကုသခန်းကိုတိုးချဲ့ပေးမယ့်အလှုရှင်ရှိတာမို့တိုးချဲ့မယ်ဆိုတဲ့ အကြောင်းကိုခေါ်ပြောတာ။
ဆေးရုံအုပ်ကြီးက နွေဦးရဲ့အလုပ်ကြိုးစားမှုနဲ့စေတနာထားမှုကြောင့် မဲဘာန်းဆေးရုံလေး တိုးတက်လာရကြောင်းချီးမွမ်းနေသေးလို့သူရှက်ကိုးရှက်ကန်းနဲ့ နားထောင်ရင်း...
"ကျွန်တော်တစ်ယောက်ထဲကြောင့်တော့မဟုတ်ပါဘူး...ဆေးရုံတစ်ခုလုံးကြောင့်ပါ"
ဆရာကြီးက ကျေနပ်စွာခေါင်းညိတ်ပြီး...
"ဟုတ်ပါတယ်...ဒါပေမဲ့ နွေဦးက ကိုယ်ပိုင်အချိန်တောင်မထားပဲ လူနာတွေကို အချိန်ပေးခဲ့တာလေကွာ "
မဲဘာန်းကိုနွေဦးရောက်စက လုံးဝကိုအသဲကွဲသမားဖြစ်နေပြီး ကိုယ့်ကိုကိုယ် ပြန်တည်ဆောက်ဖို့အတွက် အလုပ်အပြည့်ပေးပြီးခွဲစိတ်စာရင်းကို အပြည့်ဆွဲကာနားချိန်သတ်သတ်မှတ်မှတ်တောင်မထားပဲ ခွဲစိတ်ပေးဖြစ်ခဲ့တယ်။ဟိုပုံးအထိသွားဖို့အဆင်မပြေတဲ့ လူနာများတာမို့သူခွဲစိတ်ခန်းထဲကနေ မထွက်တန်းတောင်ခွဲစိတ်ခဲ့ဖူးတယ်။
သူ့ဝေဒနာနဲ့စိတ်လေမှုကို အလုပ်ထဲမှာနှစ်ပြီးကုစားခဲ့ရာ ပထမဝေဒနာမပျောက်ခင်မှာပဲ နွေဦး အပျင်းဖျားပြီး အိပ်ယာထဲလဲတော့တယ်။အဲ့အချိန်တုန်းကသူ့မှာ အကူဆိုလို့ကိုကျော်ဇင်ထွဋ်တစ်ယောက်ပဲရှိတာ မှတ်မိသေးတယ်။အရက်မဖြတ်ရသေးတာမို့ မူးရီမူးရီနဲ့ ခွဲခန်းထဲ မဝင်စေချင်တဲ့နွေဦးနဲ့ အရက်နဲ့လက်ထပ်ထားတဲ့ကိုကျော်ဇင်ထွဋ်တို့ အဆင်မပြေတာလဲ အထူးအဆန်းတော့မဟုတ်။ဒါပေမယ့်လဲ ကိုကျော်ဇင်ထွဋ်ရှိလို့သာတော်သေးတယ်လို့ပြောရမှာပါပဲ။
အခုအကုန်အဆင်ပြေသွားတော့ဘယ်လိုပဲဖြစ်ဖြစ် သူ့အသဲကွဲရတာတန်ပါတယ်လို့တွေးရမလိုတောင်ဖြစ်နေတယ်။တိုးတက်လာတော့မယ့် မဲဘာန်း ကိုကြည့်ပြီးသူလဲစိတ်ချမ်းသာရတယ်။
နွေဦး အခန်းထဲကထွက်ခါနီးမှ အလှုရှင်ကိုမေးဖို့သတိရပြီး လှည့်မေးလိုက်တယ်။
"ဆရာကြီး အလှုရှင်ကဘယ်သူလဲ"
"မသိဘူးကွ သူတို့ကCompany နာမည်ပဲပြောတာ...Blue Seaတဲ့..သူတို့ကနောက်ပိုင်းဒီဘက်မှာ Resortတွေ ဆောက်ဖို့အစီအစဥ်လဲရှိထားလို့လာ ဆောက်ရမဲ့အတူတူဆေးရုံကို အရင်ဆောက်တယ်ပြောတယ်ကွ.."
"Blue Sea!!အဲ့ဒါ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းတို့...ကုန်တိုက်တို့ရဲ့Group nameမလား"
"ဟုတ်လောက်မယ်ထင်တယ်...ထားလိုက်ပါ သူတို့ဘာဖြစ်ဖြစ် ငါတို့ဆေးရုံအတွက်ဝမ်းသာစရာပဲမလား"
"ဟုတ်ကဲ့...ကျွန်တော့်ကို ခွင့်ပြုပါဦး"
"အေးအေး.."
_____________________
နွေဦး ဆေးရုံကော်ရစ်ဒါတစ်လျှောက်လမ်းလျှောက်ရင်း မဲဘာန်းကိုသူရောက်စအချိန်နဲ့ခုအချိန်ကွာခြားချက်ကိုပြန်တွေးပြီးပြုံးမိတယ်။အသဲကွဲနေတယ်ဆိုတဲ့အေကြာင်းပြချက်နဲ့ဘယ်သူ့ကိုမှလဲ တရင်းတနှီးမဆက်ဆံပဲ ခပ်တန်းတန်းဆက်ဆံခဲ့လိုက်သေးတယ်။တွေးကြည့်ရင် သူတကယ်ကို ကလေးဆန်ခဲ့တယ်ဆိုပေမဲ့ တကယ်လဲ လူတွေနဲ့သိကျွမ်းရင်းနှီးရမှာစိတ်ပျက်သလိုဖြစ်သွားတာလဲပါတယ်။
ဒါပေမယ့်မိုးပင်လယ်ရောက်လာပြီး လပိုင်းအတွင်းမှာတင်အေးစက်စက်နွေဦးကနေနွေးထွေးတဲ့နွေဦးပြန်ဖြစ်လာခဲ့တယ်။လောကမှာကိုယ်ကချည်းပဲဂရုစိုက်တာမျိုးမဟုတ်ပဲ ကိုယ်ကလဲဂရုစိုက်ခံလို့ရတဲ့အကြောင်းကို မိုးပင်လယ်ကသူ့ကို မသိမသာလေးဂရုစိုက်ပေးရင်းသင်ကြားပေးသွားတယ်။မိုးပင်လယ်ကြောင့်သာမဟုတ်ရင်သူအတိတ်မှာပဲပိတ်မိနေပြီး ဘာမဟုတ်တာလေးနဲ့ သူ့ရဲ့ပျော်ရွှင်တဲ့အနာဂတ်ကို အဆုံးရှုံးခံမိတော့မလို့ပဲ...
နွေဦး ခွဲစိတ်ဌာနကို အပြန်လမ်းမှာတော့ထွေကုဆောင်ကိုရောက်နေတဲ့ မိုးပင်လယ်ကိုတွေ့တယ်။ လူနာကလေးနဲ့စကားပြောနေတဲ့ မိုးပင်လယ်ကို နွေဦး ခပ်လှမ်းလှမ်းကနေရပ်ကြည့်နေလိုက်မိတယ်။မိုးပင်လယ်ကို ဆေးရုံကလုပ်ဖော်ကိုင်ဖက်တွေက အကြည်ဓာတ်လေးလို့နောက်လေ့ရှိတယ်။ပြုံးရင် နှုတ်ခမ်းကစပြီးမျက်လုံး ထဲအထိအပြုံးရောက်အောင်ပြုံးတတ်တဲ့ မိုးပင်လယ်ကို ကလေးတွေကလဲချစ်ကြတယ်။
အခုလဲကြည့်! ကလေးထိုင်နေတဲ့ ခုံအောက်မှာ ဒူးထောက်ပြီး စုံ စွမ် စိ ဆော့ပေးနေတယ်။ကလေးကစုံစွမ်စိလို့အော်ပြီးလည်ပင်းနောက်မှာဖွက်ထားတဲ့လက်ကို ရှေ့ထုတ်လိုက်တယ်။မိုးပင်လယ်ကရှေ့ထုတ်လာတဲ့လက်လေးကိုဖမ်းထားတော့ ကလေးကတစ်ခစ်ခစ်ရယ်တယ်။
နေပါဦး!!ရုတ်တရက် ဒီလိုမြင်ကွင်းမျိုး သူမြင်ဖူးသလို နွေဦးခံစားလာရတယ်။မိုးပင်လယ်က ကလေးရဲ့လက်ကို ကိုင်ပြီးသဘောတကျရယ်တာကိုတွေ့တော့ နွေဦး ဦးနှောက်လိှုင်းတွေမှာ ပရိုဂျက်တာနဲ့ထိုးပြသလို ပုံရိပ်တွေ မှတ်ဉာဏ်တွေ စီစီရီရီပြန်ပေါ်လာတော့တယ်။
ပြန်ပေါ်လာတဲ့မှတ်ဉာဏ်ထဲမှာလဲသူ့လက်ကို မိုးပင်လယ်ကကိုင်ပြီး အခုလိုမျိုးသဘောတကျရယ်နေခဲ့တာပဲ။နေဦး!သူကရော...သူကဘာလုပ်နေခဲ့တာလဲ။
["ခင်ဗျားက ဘာလို့ ဒီကိုရောက်နေတာလဲ..ပြီးတော့ အောက်ကြီးမှာ.. ဟင်!!ဒူးလဲထောက်ထားသေးတယ်...ဟား ...ဘာလဲကွာ..လက်ထပ်ခွင့်တောင်းမလို့လား..ခိွ!!"]
["ဟွန့်!ကြိုက်လားမကြိုက်လားတောင် ဖွင့်မပြောရသေးဘဲ ဘာလက်ထပ်ခွင့်လဲ..ခင်ဗျားကိုယ့်ကိုကိုယ်ဘာထင်နေတာလဲ..နွေဦးဧရာ တို့က ဘယ်တော့မှ အဲ့လိုအဖြစ်မခံဘူး.."}
ဘုရား...ဘုရား...နွေဦး ပါးစပ်ကနေ ဘုရားတောင် 'တ' ယူရလောက်တဲ့အထိ လန့်သွားရတယ်။သူဘာတွေလျှောက်ပြောနေတာလဲ...ရှက်ဖို့ကောင်းလိုက်တာနော်။မိုးပင်လယ် တော့သူ့ကိုဘယ်လိုထင်သွားပြီလဲမသိဘူး။
အာ...ဘယ်လိုထင်ထင်ကွာ မူးနေတာပဲကို ...မမှတ်မိလက်စနဲ့ ဆက်မမှတ်မိချင်ယောင်နေလိုက်မယ်!!
နွေဦး ကိုယ့်အတွေးနဲ့ကိုယ် ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချပြီး မိုးပင်လယ်ဘေးကနေဖြတ်အသွားမှာ မိုးပင်လယ်က ဖျတ်ခနဲထလာပြီးနွေဦးရှေ့မှာ ပိတ်ရပ်လိုက်တယ်။ပြီးတော့နွေဦးမျက်နှာကိုသေချာစိုက်ကြည့်ပြီး နွေးထွေးနေတဲ့သူ့လက်နဲ့ နဖူးကို အသာလေးဖိလိုက်ရင်း...
"ခေါင်းကိုက်သက်သာသွားပြီလား...မျက်နှာကနီနေတော့ဖျားနေတယ်မှတ်လို့ကိုယ်ပူစမ်းလိုက်တာ"
နွေဦး လက်ကို အသာဖယ်ချလိုက်ပြီး..
"သက်သာသွားပြီ..."
မိုးပင်လယ်ကမျက်မှောင်ကြုံ့ပြီးသေချာစဥ်းစားတယ်။နွေဦးတစ်မျက်နှာလုံးကိုစေ့စေ့စပ်စပ်ကြည့်နေပြီး မျက်လုံးကတစ်နေရာအရောက်မှာတော့ ရပ်တန့်သွားကာ အလုံးစုံသဘောပေါက်သွားသလို သဘောတကျပြုံးကာပြောလိုက်တယ်။
"ဖျားနေတာမဟုတ်ဘူး...နွေဦးကရှက်နေတာပဲ"
နွေဦးအနေရခက်သွားကာ ပြန်ချေပစကားမဆိုနိုင်ခင်မှာပဲ မိုးပင်လယ်က ဂျူတီကုတ်အိပ်ထဲထည့်ထားတဲ့လက်ကို ထုတ်ပြီးနွေဦးရဲ့နားရွက်ကို ဖွဖွလေးလာကိုင်တယ်။
"နားရွက်လေးတွေနီနေတယ်လေ ..အဲ့ဒါနွေဦးရှက်နေတယ်ဆိုတဲ့သဘောပေါ့.."
နွေဦး သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်ခနဲမြောက်တက်သွားသလို ခံစားလိုက်ရတယ်။လက်ဖဝါးမှာချွေးစေးတွေထွက်လာတာကိုဖုံးကွယ်ဖို့ ဂျုတီကုတ်အိတ်ထဲကိုနွေဦးလက်ထည့်လိုက်မိတယ်။မိုးပင်လယ်ရဲ့ကြည်လင်တောက်ပပြီးနက်ရှိုင်းတဲ့ မျက်ဝန်းအကြည့်တွေကနွေဦးရဲ့မျက်ဝန်းအတွင်းကနေတစ်ဆင့်ဟိုးအနက်ရှိုင်းဆုံးအထိမြင်ရအောင် ကြိုးစားနေသလိုပါပဲ။နွေဦးအနေရခက်စွာ နဲ့မျက်လွှာချမိမလို ြဖစ်သွားချိန်မှာပဲ ခေမီ့ရဲ့စူးရှတဲ့အေးတိအေးစက်အသံကိုကြားလိုက်ရတယ်။
"အဲ့ဒါဘာလုပ်နေကြတာလဲ"
ခေမီကသူတို့ဘေးကို အလျင်အမြန်ရောက်လာပြီး မိုးပင်လယ်ရဲ့လက်ကိုလဲ နွေဦးနားရွက်ကနေ ဖယ်ချလိုက်တယ်။
နွေဦးလှည့်ကြည့်တော့ ခေမီကသူ့ကိုမလိုလားတဲ့မျက်လုံးအကြည့်နဲ့စူးစိုက်ကြည့်နေတယ်။အဲ့အကြည့်ကိုနွေဦး တုံ့ပြန်မှုတစ်စုံတစ်ရာ မလုပ်ရသေးခင်မှာပဲ မိုးပင်လယ်က သူ့လက်ကိုကိုင်ထားတဲ့ခေမီ့လက်ကိုအားနဲ့ခါချလိုက်ကာ လက်ဖဝါးနှစ်ခုကို ပွတ်ပြီးဖုန်ခါသလိုခါလိုက်တယ်။အဲ့နောက်လက်ကိုအိတ်ထဲအကျအနပြန်ထည့်ပြီး အလိုမကျသလိုမျက်ခုံးကိုအတွန့်ချိုးရင်းခေမီ့ကိုအသာမေးဆတ်ပြကာ...
"ဒေါက်တာခေမီဇူးဇန် ဘာကိစ္စရှိလို့လဲ"
မိုးပင်လယ်ရဲ့အနည်းငယ်အေးစက်မာကျောနေတဲ့အသံကြောင့်နွေဦးအံ့ြသသွားရတယ်။အဲ့ဒါအပြင်မိုးပင်လယ်လူတစ်ယောက်အပေါ် မလေးမစား ဆက်ဆံတာကို သူပထမဦးဆုံးမြင်ဖူးတာဖြစ်ပြီး မိုးပင်လယ်မှာဖုံးကွယ်ထားတဲ့အလွှာတွေဘယ်လောက်များနေလဲလို့ ပထမဆုံးအတွေးဝင်မိသွားခဲ့တယ်။
__________