သောကမီးလျှံ

By Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း More

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၃၄)

1.1K 292 29
By Ling____

ရှန့်လင်ယွမ်းသည်ကား ခေတ္တခဏကြာသောအခါမှသာလျှင် ဤနေရာသည်ကား *‘အရက်ဆိုင်’ ဟုခေါ်သော်ငြား အရက်တစ်မျိုးတည်းကိုပဲအထူးတလည်ရောင်းချနေတာမျိုးမဟုတ်ကြောင်းသဘောပေါက်နားလည်သွားလေသည်။

[T/N

*(酒)ဆိုတာက (အရက်)၊ (店) ဆိုတာက (ဆိုင်) တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် ‘အရက်ဆိုင်’ လို့အဓိပ္ပာယ်ရပေမယ့် တကယ်တမ်းက ‘ဟိုတယ်’ လို့ဆိုလိုတာပါ။ ရှန့်လင်ယွမ်းက (酒店)ဆိုတဲ့စကားလုံးနှစ်လုံးကို ပေါင်းစဉ်းစားလိုက်တဲ့အတွက် အရက်ဆိုင်လို့ထင်သွားတာပါ။]

သူတို့ရောက်လာချိန်မှာ ညသန်းခေါင်ယံကိုပင်အတော်လေးကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သို့သော် သုံးချွမ်းတွင် ညမထွက်ရအမိန့်မျိုးထုတ်မထားသည့်အတွက် ဟိုတယ်ဧည့်ခန်းမဆောင်အတွင်းတွင် ခရီးပန်းလာသော ခရီးသွားဧည့်သည်တော်များဖြင့် ပျားပန်းခတ်မျှရှုပ်ယှက်ခတ်စည်ကားလို့နေမြဲပင်ဖြစ်သည်။

၎င်းမှာ ပထမဆုံးအနေဖြင့် သူ့အနားမှဖြတ်လျှောက်သွားသော အုန်းအုန်းကျွက်ကျွက်ညံအောင်စကားစမြည်ပြောဆိုနေသည့် အသက်ကြီးကြီးအမျိုးသမီးများကိုတွေ့မြင်လိုက်ရသည်။ သူတို့တစ်ဦးချင်းစီတိုင်းမှာ အသက် (၆၀) ခန့်ရှိပြီဖြစ်သည်။ သို့သော်ငြား သူတို့အားလုံး၏အပြုအမူများမှာ လုံးဝကို ‘သင့်မြတ်လျော်ကန်မှု’မရှိလှပါချေ။ အသက်ကြီးသောအမျိုးသားများသည်ကား ဘီးလုံးများပါသောသေတ္တာများကိုတွန်းရွှေ့နေကြရပြီး အနှီအမျိုးသမီးကြီးများမှာတော့ တစ်ယောက်နှင့်တစ်ယောက်ပုံစံချင်းပြိုင်နေသည့်နှယ် အရောင်အသွေးစုံလင်သောခေါင်းစည်းပုဝါများကိုဆင်မြန်းထားကြသည်။ အဝေးမှကြည့်လျှင် ၎င်းတို့မှာ အထီးနှင့်အမ ပြောင်းပြန်ဖြစ်နေသော ငှက်တစ်အုပ်နှင့်ပင်တူညီလို့နေသည်။ လက်ထဲတွင် ‘သေတ္တာ’လေးတစ်လုံးကိုကိုင်ထားသော အဒေါ်ကြီးတစ်ယောက်သည်ကား ဘေးဘယ်ညာသို့ တခဏမျှဟိုကြည့်သည်ကြည့်လုပ်နေရင်းက ခပ်လှမ်းလှမ်းတွင်ရှိနေသော လူအုပ်ကြားထဲမှသိသာထင်ရှားစွာကွဲထွက်နေသည့် ရှန့်လင်ယွမ်းကိုမြင်တွေ့သွားလေတော့သည်။ သူမ၏မျက်လုံးများက ရုတ်တရက်အရောင်လက်သွားပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် သူ့ထံသို့တရှိန်ထိုးလျှောက်လှမ်းလို့လာသည်။

“မောင်ရင်လေး….အဒေါ်တို့ကို ဓာတ်ပုံလေးတစ်ပုံလောက်ရိုက်ပေးလို့ရမလား…..”

ရွှမ်းကျီးမှာ အခုလေးတင်မှ သူ့လုပ်ဖော်ကိုင်ဖက်ဆီမှ အခန်းကတ်ကိုယူလာခဲ့ပြီးဖြစ်သည်။ အနှီအဒေါ်ကြီးထံမှ စူးရှရှစကားသံကိုကြားလိုက်ရချိန်၌ ၎င်းမှာ ဘောင်းဘီထဲသို့ဆီးထွက်ကျလုမတတ်ပင်ဖြစ်သွားရှာပြီး လူသားဧကရာဇ်ဖြစ်သူအား ပေါ့ပေါ့တန်တန်သဘောထားရဲသော သတ္တိကောင်းလှသည့် ထိုအ‌ဒေါ်ကြီးထံသို့ ကမန်းကတန်းအပြေးသွားကာ ကြားဖြတ်ပြောလိုက်လေသည်။

“ကျွန်တော် ရိုက်ပေးပါ့မယ်…ကျွန်တော်ရိုက်ပေးပါ့မယ်…..ကျွန်တော့်သူငယ်ချင်းက ဓာတ်ပုံကောင်းကောင်းမရိုက်တတ်လို့ပါ….သူရိုက်လိုက်ရင် အမြဲတမ်း ကိုယ်တစ်ပိုင်းပြတ်နေတဲ့ပုံတွေပဲထွက်လာတတ်လို့လေ”

ရှန့်လင်ယွမ်းမှာ သူတို့နှစ်ယောက် ဘာတွေပြောနေသလဲဆိုတာကို တစ်ခွန်းမှနားမလည်ပါချေ။ သို့ဖြစ်ရာ သူက ဘေးတစ်ဖက်သို့လှည့်ကာ သူတို့အားလမ်းဖယ်ပေးလိုက်သည်။ ၎င်းမှာ အရပ်လေးမျက်နှာရှိ လူသံဆူညံသံများအားလုံးကို သည်းခံနေလျက်ပင် ဒစ်ဂျစ်တယ်ကင်မရာလေးပေါ်ရှိ LCD မျက်နှာပြင်ကိုလှမ်းကြည့်လိုက်သည်။ လက်မအနည်းငယ်သာအရွယ်အစားရှိသော အနှီ ‘ဝိညာဉ်ကိရိယာ’လေးပေါ်တွင် အလွန်တရာကြည်လင်ပြတ်သားသော လူပုံရိပ်များထင်ဟပ်လာတော့သည်။ ‘ကလစ်’ ဟူသောအသံတစ်ချက်နှင့်အတူ ပုံရိပ်များမှာ မျက်နှာပြင်ပေါ်တွင်စွဲမြဲစွာကပ်ထင်သွားလေသည်။ မည်သို့သော ဝိညာဉ်ဖမ်းကိရိယာလေးမှန်းမသိသည့်အတွက် ၎င်းမှာ မသိလိုက်မသိဘာသာဖြင့်ပင် အနောက်သို့ခြေတစ်လှမ်းဆုတ်မိသွား၏။ ထိုပစ္စည်းလေးကိုသေချာမကြည့်လိုက်ရသေးမှာပင် ပိန်ပါးသွယ်လျသောမိန်းမပျိုလေးတစ်ဦးသည်ကား သူ့အနားမှ အလောတကြီးဖြတ်သန်းသွားလေသည်။

ထိုမိန်းကလေးသည်ကား သူမ၏အရပ်အမြင့်တစ်ဝက်လောက်ရှိသော ခရီးဆောင်အိတ်တစ်လုံးကိုဆွဲကာ လက်ထဲရှိလက်ကိုင်ဖုန်းလေးထဲသို့စကားပြောဆိုနေသည်။

“ဟုတ်ကဲ့….ကျွန်မ အခုအလုပ်ခရီးတစ်ခုသွားနေလို့ပါ….ယုံအန်းကိုရောက်တော့မှာပါ….ညဘက်လေယာဉ်နဲ့လာတာပါ….ကျေးဇူးပြုပြီး စိတ်မပူပါနဲ့….ကျွန်မလေယာဉ်ပေါ်မတက်ခင် နောက်ဆုံးအစီရင်ခံစာအသစ်ကို ပို့ပေးလိုက်ပါ့မယ်”

ရှန့်လင်ယွမ်း၏အာရုံမှာ ဒစ်ဂျစ်တယ်ကင်မရာအပေါ်မှသည် သူမလက်ထဲတွင်ကိုင်ထားသောတလိမ့်လိမ့်ရွေ့နေသည့်ခရီးဆောင်လက်ဆွဲသေတ္တာလေးအပေါ်သို့ပြောင်းလဲရောက်ရှိသွားလေတော့သည်။ သူမ၏ဘေးနားတွင် အပေါင်းအဖော် အစောင့်အကြပ်များလည်းမပါပါချေ။ သူမမှာတစ်ယောက်တည်းသာဖြစ်သလို အနားတွင်ရှိသောလူများမှာလည်း သူမကိုနည်းနည်းလေးတောင်ဂရုမထားကြပါချေ။ မည်သူကမှ သူမ၏ခရီးဆောင်လက်ဆွဲသေတ္တာလေးကိုကူညီ၍သယ်ဆောင်ပေးမည့်သူမရှိ။ သုံးချွမ်းနှင့်ယုံအန်းသည်ကား အနည်းဆုံးမိုင်ထောင်ပေါင်များစွာကွာဝေးသောနေရာဒေသနှစ်ခုဖြစ်သည်လေ။ သံချပ်ကာဝတ် ထိပ်တန်းမြင်းစစ်သည်တော်တပ်ဖွဲ့ငယ်လေးတစ်ဖွဲ့သည်ပင် အနှီညသန်းခေါင်ယံအချိန်၌ခရီးသွားလာရမည်ဆိုပါက အတော်လေးကိုသတိဝီရိယရှိရှိဖြင့် နိုးကြားတက်ကြွစွာသွားလာရမည်ဖြစ်သည်။ ညကြီးသန်းခေါင်အချိန်၌ မိန်းကလေးတစ်ယောက်တည်း သည်လိုခရီးသွားတာမျိုးက အတော်လေးအန္တရာယ်များတယ်မဟုတ်ဘူးလား?

ရှန့်လင်ယွမ်းမှာ မနေနိုင်မထိုင်ဖြစ်ကာ သံသယစိတ်များတဖွားဖွားပေါ်ပေါက်လို့လာသည်။

ဒီသေမျိုးမိန်းကလေးက တကယ်တော့ တွေ့ရခဲမြင်ရခဲတဲ့ အဆင့်မြင့်ဆရာတစ်ဆူများလား?

“ဘာဆရာတစ်ဆူလဲ? ကြည့်လိုက်တာနဲ့ အဆင့်နိမ့်တဲ့ကုမ္ပဏီဝန်ထမ်းတစ်ယောက်မှန်းသိသာနေတာပဲကို”

ရွှမ်းကျီးသည်ကား အဒေါ်ကြီးများကိုကူညီပေးပြီးသွားသည့်နောက် ရှန့်လင်ယွမ်း၏စိုးရိမ်ပူပန်မှုများကို ‘ကြား’လိုက်ရသောအခါဝယ် သူ့အကြည့်များအတိုင်းလိုက်၍ကြည့်ရှုလိုက်လေသည်။

အလုပ်မှအနားယူပြီးသွားသော အတွေ့အကြုံရှိကုမ္ပဏီဝန်ထမ်းဟောင်းတစ်ယောက်၏လေသံမျိုးဖြင့် သူကပြောလိုက်သည်။

“အလုပ်ခရီးကိုတစ်ယောက်တည်းပဲသွားရတယ်…လာကြိုပေးမယ့်လူလည်းတစ်ယောက်မှမရှိဘူး….၂၄/၇ အလုပ်လုပ်ရတဲ့အပြင် ညဘက်မှာပါခရီးထွက်ရသေးတယ်၊ ညလေယာဉ်တွေက ဈေးသက်သာတယ်လေ…ဪ…ညလေယာဉ်ဆိုတာ ညဉ့်နက်သန်းခေါင်အချိန်မှထွက်တဲ့လေယာဉ်တွေကိုပြောတာ__လေယာဉ်ဆိုတာကို လူကြီးမင်းသိတယ်မဟုတ်လား? ကျွန်တော်တို့ ဒီကိုလာတုန်းက စီးလာတဲ့ဟာလေ”

အေးစိမ့်သောညဉ့်လေပြည်လေညင်းတို့ကြား၌ အနှီမိန်းမပျိုလေးမှာ  ဟိုတယ်အပေါက်ဝ၌ အတုန်တုန်အယင်ယင်ဖြင့် ရပ်နေရှာပြီး သူမ၏ပုံစံကိုကြည့်ရသည်မှာလည်း သဘာဝလွန်ထူးခြားစွမ်းရည်များရှိနေပုံမရပါချေ။ ခေတ္တခဏကြာသော် အဝါရောင်ကားတစ်စီးဆိုက်ရောက်လာသည်။ သူမက လက်ကိုဝှေ့ယမ်းကာ တားလိုက်ပြီးသော် စကားတစ်ခွန်းမှမပြောသလို ဘာကိုမှလည်းဂရုမစိုက်ဘဲ ကားပေါ်သို့စွေ့ခနဲတက်သွားလေတော့သည်။

သေမျိုးလောကကြီး၏သက်ဝင်တက်ကြွလှုပ်ရှားမှုများဖြင့် မှိုင်းတိုက်ခံလိုက်ရပြီးသည့်နောက်တွင်တော့ အနှီမိစ္ဆာအိုကြီး၏သွေးဆာမှုများနှင့် ရန်လိုစိတ်များက အတန်ငယ်လျော့ပါးသွားပြီဖြစ်ကြောင်းကို ရွှမ်းကျီးတစ်ယောက်ရုတ်တရက်သဘောပေါက်သွားလေသည်။ ၎င်းသည်ကား သူ၏ကိုယ်ပိုင်နယ်မြေဒေသသို့ပြန်လည်ရောက်ရှိသွားသော သားရိုင်းတိရစ္ဆာန်တစ်ကောင်အလား၊ သူ၏လက်သည်းများနှင့်အစွယ်များကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသည့် အပြောင်းအလဲမြန်သောစိတ်ခံစားချက်များကိုဖိနှိပ်ထိန်းချုပ်ထားလိုက်သလို သူ၏ကာကွယ်စောင့်ရှောက်မှုအရိပ်အာဝါသအောက်တွင်ရှိနေကြသည့် နွယ်မြက်သစ်ပင်များကိုပါ ရှောင်ကွင်းသွားလာနေသောသားရိုင်းတစ်ကောင်အဖြစ်ပြောင်းလဲသွားလေတော့သည်။ သို့ဖြစ်ရာ အနှီအဒေါ်ကြီးသည်ကား အကြောက်အလန့်လုံးဝမရှိဘဲ သူ့ထံသို့ တန်းတန်းမတ်မတ်သွားရောက်အကူအညီတောင်းရဲတာကလည်း ထူးတော့မထူးဆန်းလှပါချေ။

ထိုအခါမှသာလျှင် ‘လူသားဧကရာဇ်’ထံမှ စစ်မှန်သောခံစားချက်အနည်းငယ်ကို
ရွှမ်းကျီးတစ်ယောက်နားလည်ခံစားလိုက်ရလေသည်။

“အဝါရောင်ကားကို ‘အငှားယာဉ်’လို့ခေါ်တယ်”

ရွှမ်းကျီးမှာ မနေနိုင်မထိုင်နိုင်ဖြစ်စွာပင် ပေါက်ပေါက်ဖောက်ကာရှင်းပြလိုက်သည်။

“ယာဉ်မောင်းဆိုတဲ့လူက__မြင်းလှည်းမောင်းသမားနဲ့အတူတူပဲ၊ လူတွေကိုသူတို့သွားချင်တဲ့နေရာကိုခေါ်သွားပေးပြီး ခရီးအကွာအဝေးပေါ်မူတည်ပြီးအခကြေးငွေယူကြတာပေါ့။ ကျွန်တော်အခါအခွင့်ကြုံရင် လူကြီးမင်းကိုတစ်ခါလောက်အငှားယာဉ်နဲ့ခေါ်သွားပေးဦးမယ်….ပိရှ ဒီဘက်ကြွပါ….ဟိုတယ်အိပ်ခန်းဆီကို ကျွန်တော်မျိုးလမ်းပြခေါ်ဆောင်သွားပေးပါ့မယ်”

ရှန့်လင်ယွမ်းက သိချင်စိတ်ဖြင့်မေးမြန်းလိုက်သည်။

“သူ မကြောက်ဘူးလား?.....အဲဒီကောင်မလေးကလေ?”

“ကြောက်လည်း အသက်ရှင်နေထိုင်ဖို့အတွက် လုပ်ရဦးမှာပဲလေ၊ ဒါပေမဲ့ တုံးချွမ်းရဲ့ ပြည်သူ့လုံခြုံရေးစနစ်က နာမည်ကြီးပါတယ်ဗျ၊ ညဘက်လေယာဉ်စီးရတဲ့ မကောင်းတဲ့အချက်က အလုပ်အလွန်အကျွံလုပ်ရလို့ ကိုယ်အလေးချိန်တက်လာတာကလွဲရင် တခြားအန္တရာယ်မရှိပါဘူး”

ရှန့်လင်ယွမ်းမှာ အသံတိတ်ချီးကျုးကာ အံ့ဩဆွံ့အစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။ “ကောင်းလိုက်တာ”

သူက ထပ်မေးလာပြန်သည်။

“အခုက ဘယ်မင်းဆက်နဲ့ဘယ်မျိုးဆက်ကိုရောက်နေပြီလဲ? အုပ်ချုပ်စိုးစံနေတဲ့သူကရော ဘယ်သူလဲ?”

“ဒီမှာ ဘာမင်းဆက်မှမရှိတော့ဘူး….ဘုရင်တွေ ဧကရာဇ်တွေဆိုတာလည်း ရာထူးကနေအနားယူသွားပြီး အလုပ်အကိုင်ပြောင်းသွားကြပြီ…ဟေး!”

သူတို့စကားပြောနေခိုက်မှာပင် သူတို့ကိုလာရောက်ကြိုဆိုပေးသော ဒေသခံ DCO ဝန်ထမ်းတစ်ဦးသည်ကား အထုပ်ပေါင်းမြောက်မြားစွာကိုဆွဲကာ သူတို့ရှိရာသို့လျှောက်လှမ်းလာနေသည်။ သူတို့အုပ်စုမှာ ‘လေယာဉ်ပျက်ကျသည့်အထဲမှ အသက်ရှင်ကျန်ရစ်ခဲ့သူများ’ ကဲ့သို့နှယ် နွံအိုင်ထဲတွင်လည်း ရှစ်ပတ်လောက် ဒလိမ့်ကောက်ကွေးလူးလိမ့်ခဲ့ရသူများဖြစ်သည့်အတွက် မည်သူတစ်ဦးတစ်ယောက်သော်မှ လူရုပ်ပေါက်မနေတော့ပါချေ။ သူတို့ကိုလာကြိုပြီး နေရာထိုင်ခင်းစီစဉ်ပေးသောဝန်ထမ်းသည်ကား အတော်လေးကိုစေ့စပ်သေချာမှုရှိသူဖြစ်သည်။ သူတို့အတွက် လဲလှယ်ဝတ်ဆင်ရန်အဝတ်အစားများနှင့်နေ့စဉ်သုံးပစ္စည်းများကိုယူလာပေးရုံသာမက
၂၄ နာရီဖွင့်သောစတိုးဆိုင်မှပင် အသင့်စားပစ္စည်းများကိုပါဆယ်ယူလာခဲ့ပေးလေသည်။

ဝန်ထမ်းကောင်လေးက ပြောလာသည်။

“ဒီဟာတွေက ကျွန်တော်တို့ မနှစ်က အားကစားပြိုင်ပွဲလုပ်တုန်းက ဝယ်ထားခဲ့တဲ့အထဲက ပိုနေတဲ့ဝတ်စုံတွေပါ၊ အားလုံးကအသစ်တွေပါပဲ၊ ဘယ်သူမှမဝတ်ရသေးပါဘူး၊ ဆရာတို့လို ဌာနချုပ်ကလာတဲ့ အကြီးအကဲတွေအတွက် ပိုကောင်းတာမျိုးကိုဝယ်ပေးသင့်ပါတယ်၊ ဒါပေမဲ့ ဆရာတို့ရဲ့ခန္ဓာကိုယ်အချိုးအစားကိုမသိတော့ တော်ကြာအဝတ်အစားတွေက မတော်မှာစိုးလို့ပါ။ ဒါတွေအားလုံးကတော့ အားကစားဝတ်စုံတွေပါပဲ၊ ဒါကြောင့် ဆိုဒ်အကြီးအသေးပြဿနာမျိုးတွေတော့ရှိမှာမဟုတ်ပါဘူး။ ဆရာတို့ စိတ်မရှိပါနဲ့ဗျာ”

“အားနာပါတယ်ဗျာ….အားနာပါတယ်၊ ကျွန်တော်တို့ကြောင့် ခင်ဗျားတို့လည်း အလုပ်ရှုပ်သွားပြီ…ပင်ပန်းသွားရပြီ၊ ညနက်သန်းခေါင်အချိန်ရောက်နေတာတောင် အလုပ်မဆင်းရသေးဘဲ ကျွန်တော်တို့နောက်ကိုလိုက်လာပေးရတယ်”

ရွှမ်းကျီးက သူ့ကိုလှိုက်လှိုက်လှဲလှဲကျေးဇူးတင်လိုက်ပြီးနောက် ကြောင်အမ်းအမ်းဖြစ်နေသော ရှန့်လင်ယွမ်းကိုခေါ်ကာ အပေါ်ထပ်သို့တက်သွားလိုက်လေတော့သည်။

ရှန့်လင်ယွမ်းသည်ကား ရွှမ်းကျီး၏ဦးနှောက်အတွင်းမှနေ၍ ပြောင်းလဲသွားသောခေတ်ကာလများ၊ ရှုပ်ထွေးပွေလီလှသော ယနေ့ခေတ်လူမှုအသိုင်းအဝိုင်း၏စံနှုန်းများနှင့် သူတစ်ကြိမ်တစ်ခါမှမကြားဖူးခဲ့သော ကမ္ဘာ့မြေပုံများကိုမြင်တွေ့ခဲ့ရလေရာ ၎င်းမှာ ကြည့်ရှု၍ပင်မဝနိုင်အောင်ဖြစ်ခဲ့ရလေသည်။

ရွှမ်းကျီးက ကိုကာကိုလာဘူးတစ်ဝက်လောက်ကို တစ်ကျိုက်တည်းမော့ချလိုက်ပြီး ကျေနပ်အားရဟန်ဖြင့်သက်ပြင်းတစ်ချက်ချကာပြောလာသည်။

“ကျွန်တော် အေးခဲပြီး စားစရာသောက်စရာမရှိ ငတ်ပြတ်နေတဲ့အချိန်တုန်းက ကျွန်တော့်လိုလမ်းဘေးခွေးတစ်ကောင်ရဲ့အသက်ကို အဲဒီချစ်ဖို့ကောင်းတဲ့လုပ်ဖော်ကိုင်ဖက်တွေကပဲကယ်တင်ပေးခဲ့တာလေ__ပိရှ…ဒါကိုသောက်ကြည့်မလား?”

ရှန့်လင်ယွမ်းခမျာ တုံ့ပြန်ချိန်မရလိုက်ခင်မှာပင် ကိုလာတစ်ဘူးအား သူ့လက်ထဲသို့အတင်းထိုးထည့်ပေးခြင်းခံလိုက်ရရှာသည်။ ၎င်းမှာ ပူစီဖောင်းများပလုံစီထနေသော အနက်ရောင်ရေဘူးတစ်ဘူးကို တည်ငြိမ်လေးနက်စွာစူးစိုက်ကြည့်ရှုနေမိလေသည်။

ပိရှသည်ကား ဆူညံပွက်လောရိုက်နေသော ကမ္ဘာလောကကြီးပေါ်သို့ သက်ဆင်းရောက်ရှိလာပြီးနောက် *‘ဝဖြိုးစေသောပျော်ရွှင်မှုအရည်’ကို ပထမဆုံးအကြိမ်အဖြစ် တစ်ငုံသောက်သုံးခဲ့ရပြီးနောက်တွင်မူ နောက်တစ်ကြိမ် ထို့ထက်ပို၍မြင့်မားနိုင်တော့မည်မဟုတ်သော လူနေမှုအဆင့်အတန်းတစ်ခုတွင် အခြေကျသွားသလိုခံစားလိုက်ရလေတော့သည်။

(*ကိုကာကိုလာအချိုရည်ကိုကိုယ်စားပြုသုံးနှုန်းတဲ့ တရုတ်အင်တာနက်ဗန်းစကားတစ်မျိုးပါ)

“လူကြီးမင်းက ကျွန်တော့်ရဲ့ဓားဝိညာဉ်ဆိုပြီး သူများတွေကို ကျွန်တော်ပြောထားတာမို့လို့ ပိရှက ဒီတစ်ညတော့ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချထားပြီး ကျွန်တော်နဲ့အတူလိုက်အိပ်ပေးမှဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ နောက်မှဆက်ပြောကြတာပေါ့”

ရွှမ်းကျီးက သူ့ကို (၃၁) ထပ်သို့ခေါ်ဆောင်သွား၏။

ဟိုတယ်၏ပုံစံသည်ကား မကြာသေးခင်ကမှချမ်းသာလာသော သူဋ္ဌေးသားလက်သစ်တစ်ယောက်၏ ကာရာအိုကေခန်းမဆောင်တစ်ခုနှင့်တူနေပြီး အပြင်အဆင်က တောဆန်နေသည့်တိုင် ပရိဘောဂပစ္စည်းများမှာတော့ အတော်လေးပြည့်စုံကောင်းမွန်လှသည်။ စင်္ကြံလျှောက်လှမ်းတစ်လျှောက်လုံးကိုလည်း သပ်ရပ်သန့်ရှင်းနေအောင်လှည်းကျင်းထားပြီး လေထုအတွင်းပျံ့လွင့်နေသော ပန်းရနံ့များမှာလည်းမပြင်းလွန်းမပျော့လွန်းဘဲ အနေတော်ပင်ဖြစ်သည်။ သူတို့ဓာတ်လှေကားထဲမှထွက်လာသည်နှင့် ‘နှင်းထုများကိုအံတုကာပွင့်လန်းနေသော အေးစက်စက်ပန်းပွင့်လေး’ ဟူသည့်ပန်းချီကားချပ်ကို မျက်စိရှေ့တွင်တန်းတန်းမတ်မတ်မြင်တွေ့လိုက်ရလေသည်။ သူတို့၏ဦးခေါင်းပေါ်တွင်မူ မျက်စိကျိန်းလောက်ဖွယ် မီးဆိုင်းကြီးတစ်ခုကိုချိတ်ဆွဲထားသည်။ ရှန့််လင်ယွမ်းတစ်ယောက် အသံကိုစုပ်ယူနိုင်သောကော်ဇောပေါ်မှ သတိထား၍လျှောက်လှမ်းနေစဉ်မှာပင် သူ့စိတ်ထဲ၌တွေးနေသည့်စကားများကို ရွှမ်းကျီးကြားလိုက်ရသည်။

“ပိုင်ရှင်ဖြစ်သူက ဒီနေရာကို သေသေချာချာထိန်းသိမ်းစောင့်ရှောက်ထားတာပဲ…ပြောစရာရှိတာဆိုလို့…ဒီတစ်ဆင့်ခံရပ်နားစခန်းမှာရှိတဲ့ အခန်းတွေက တစ်ခန်းနဲ့တစ်ခန်းအတော်နီးကပ်နေတာလေးတစ်ခုပဲ” 

ဟိုတယ်အခန်းများသည်ကား အတိုင်းအတာတစ်ခုအထိအသံလုံသောအခန်းများပင်ဖြစ်သည်။ ရှန့်လင်ယွမ်း၏အကြားစွမ်းရည်ကြောင့် ၎င်းမှာ ဓာတ်လှေကားအတွင်းမှထွက်မလာရသေးခင်မှာပင် အနီးနားတွင်ရှိသောအခန်းများထဲမှ ဆူညံပွက်လောရိုက်နေသံများကိုကြားနေရပြီဖြစ်သည်။

အခန်းတစ်ခန်းအတွင်း၌ မဟာပထဝီမြေကြီးကိုတုန်ဟီးသွားစေနိုင်သော ဟောက်သံများထွက်ပေါ်လို့နေသည်။ ထိုသူမှာ အသက်ရှူရာ၌အခက်အခဲရှိနေပုံရပြီး တစ်ခါတရံ စက္ကန့်များစွာတိုင်အောင် အသက်ရှူရပ်တန့်သွားတတ်သည်။ မသိလျှင် အချိန်မရွေးအသက်ရှူရပ်ကာသေဆုံးသွားတော့မည့်အလား။

နောက်တစ်ခန်းတွင်မူ လူတစ်စုသည်ကား ဘာမှန်းမသိသောကစားနည်းတစ်မျိုးကိုကစားနေကြပြီး ရယ်လိုက်မောလိုက်ဖြင့် ဆူညံပွက်လောရိုက်နေကြ၏။ မိုးလင်းခါနီးအချိန်သို့ရောက်လာတော့မည့်တိုင်အောင် ၎င်းတို့မှာအိပ်ရာဝင်ချင်သည့်ပုံမပေါ်သေးပေ။

ထို့နောက် သူ၏ညာဘက်ခြမ်းတွင်ရှိသောအခန်းတစ်ခန်းထဲတွင်မူ နောက်မီးလင်းနေသောစုံတွဲတစ်တွဲမှာ ပျားပန်းခတ်မျှအလုပ်များလျက်ရှိနေသည်။ ၎င်းတို့သည်ကား တစ်ဖက်တွင်လုပ်စရာရှိသောကိစ္စများကိုလုပ်ကိုင်နေသလို တစ်ဖက်တွင်လည်းအတောမသတ်နိုင်အောင်စကားများနေကြပြန်သည်။ ပိရှမှာ အများသုံးဘာသာစကားကို သင်ယူလေ့လာနေဆဲဖြစ်သည့်အတွက် သူ၏နားထောင်မှုစွမ်းရည်မှာ သာမန်အဆင့်မျှသာရှိနေသေးသည်။ သူတို့ဘာတွေပြောနေကြသလဲဆိုသည်ကို သူအတိအကျနားမလည်သော်ငြား ကြားရသလောက်ကိုခန့်မှန်းသုံးသပ်ကြည့်လိုက်ပုံအရတော့ ထိုသူနှစ်ယောက်မှာ သူတို့၏ပထမအိမ်ထောင်ဖက်ကိုအဆိပ်ခတ်သတ်ရန်ဆွေးနွေးတိုင်ပင်နေသည့်ပုံပင်။

သူနှင့်အာရုံခံစားမှုနှင့်စိတ်အာရုံချင်းတစ်ပိုင်းတစဆက်နွှယ်နေသော ရွှမ်းကျီးမှာ အဆိုပါ ‘တိုက်ရိုက်ထုတ်လွှင့်မှုများ’ ကိုမကြားချင်လည်းကြားနေရရှာသည်။ အခန်းတံခါးကိုဖွင့်ရန် အခန်းကတ်ကိုပွတ်ဆွဲလိုက်သော သူ၏လက်တစ်ဖက်သည်ပင် ကတုန်ကယင်ဖြစ်သွားရှာ၏။

“ပိရှ…ဒီဘက်ကိုမြန်မြန်လေးလျှောက်လာခဲ့ပါ!”

ဘာလို့ဒီလောက်တောင်စပ်စုနေရတာလဲ? သူများအကြောင်းကို ခိုးနားထောင်နေရင်း နားထဲမှာ အနာစိမ်းပေါက်လာမှာ မကြောက်ဘူးလား?

ယခင်ဘဝတုန်းက သူ၏အလုပ်အကိုင်ကြောင့်လားမသိ၊ ရှန့်လင်ယွမ်းသည်ကား မည်သည့်အရာများကိုမြင်တွေ့လိုက်ရသည်ပင်ဖြစ်စေ သူ၏တည်ငြိမ်အေးဆေးသောအမူအရာမှာ ဘယ်သောအခါမှပျက်ယွင်းသွားသည်မရှိ။ သူ့မျက်နှာမှာလေးနက်တည်ကြည်နေဆဲဖြစ်သလို ထိတ်လန့်အံ့ဩနေသောအရိပ်အယောင်တစွန်းတစမှ ထွက်ပေါ်လာခြင်းမရှိပါချေ။ အကယ်၍ သူတို့နှစ်ယောက်ကြားတွင်ချိတ်ဆက်ထားသော ‘Bluetooth’ ဆက်သွယ်မှုကြောင့်သာမဟုတ်ပါက ရွှမ်းကျီးခမျာ အရူးလုပ်ခံလိုက်ရသလိုတောင်ခံစားလိုက်ရပေလိမ့်မည်။

အနှီပိရှ၏ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင်ကျင့်သုံးနေထိုင်နိုင်စွမ်းသည်ကား အတော်လေးကိုပါးစပ်အဟောင်းသားဖြစ်လောက်စရာပင်ဖြစ်သည်။ အခန်းတွင်းသို့ဝင်လာပြီးသည့်နောက်တွင် ၎င်းမှာ တည်ငြိမ်အေးဆေးစွာပင် အခန်းထဲရှိအရာဝတ္ထုတစ်ခုချင်းစီတိုင်းကို လိုက်လံထိတွေ့လို့နေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် အရာဝတ္ထုတစ်ခုချင်းစီတိုင်း၏အသုံးပြုပုံကို ခန့်မှန်းတွက်ဆနေပြန်သည်။

၎င်းသည်ကား အချို့သောအရာများမှလွဲ၍ ပစ္စည်း (၁၀) မျိုးတွင် (၈) မျိုး (၉) မျိုးလောက်ကို အမှန်တကယ်ပင် မှန်ကန်စွာခန့်မှန်းနိုင်လေသည်__

“ဒါက ဆပ်ပြာတုံး…လက်ဆေးဖို့အတွက်သုံးတာ….အချိုတည်းစရာမဟုတ်ဘူး”

“နံရံပေါ်က မီးအိမ်တွေက….ဘာမှမဟုတ်ပါဘူး….သူတို့ကအတော်လေးဘေးကင်းစိတ်ချရပါတယ်…အိမ်တိုင်းအိမ်တိုင်းမှာ ဒါမျိုးတွေပဲသုံးကြတာ၊ ဒါက မိုးကြိုးလျှပ်စီးအစီအရင်လိုမျိုးမဟုတ်ဘူး…ရှောင်းကျန်းရဲ့မန္တန်တွေလိုမျိုးလဲမဟုတ်ဘူး၊ များသောအားဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ဖြန့်ဖြူးပေးလာတဲ့လျှပ်စစ်ဓာတ်နဲ့လုပ်ထားတာ”

“ဒါက အဲကွန်းက လေထွက်တဲ့အပေါက်….အဲဒါကိုပိတ်ထားစရာမလိုဘူး…ဘယ်သူမှ လေထဲမှာအဆိပ်လာမခတ်ဘူး”

“ဒီပိုက်ခေါင်းထဲကထွက်လာတဲ့ရေက သောက်လို့မရဘူး….မသန့်ဘူး”

ရှန့်လင်ယွမ်းမှာ ပိုက်ခေါင်းထဲမှကျဆင်းလာသောရေများကို လက်ခုပ်ဖြင့်ခံလိုက်ရင်းက သူ့လက်ချောင်းများကြားထဲမှအောက်သို့စိမ့်ထွက်ကျဆင်းသွားသော ကြည်လင်အေးမြသည့်ရေများကို အံ့အားသင့်စွာငေးကြည့်နေလျက် စိတ်ထဲ၌တွေးလိုက်သည်။ ဒီလိုရေမျိုးက မသန့်ရှင်းဘူးဆိုရင် ဘယ်လိုရေကမှသန့်ရှင်းတယ်လို့ပြောလို့ရမှာလဲ?....အနည်းဆုံးတော့ ဒီရေထဲမှာ ဆေးအရသာမျိုးရှိမနေဘူးလေ။

ရွှမ်းကျီး : “လူကြီးမင်း ဒါက ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုအချိုရည်ကို စော်ကားနေတာမဟုတ်ဘူးလား?”

သူကပြောရင်းဆိုရင်းမှာပင် နောက်ထပ် ကြက်ကြော်ထုပ်တစ်ထုပ်ကိုဖွင့်ဖောက်လိုက်သည်။ စူးရှပြင်းထန်သောမွှေးရနံ့တစ်မျိုးက အခန်းတွင်းသို့အတားအဆီးမဲ့စွာတိုးဝင်ပျံ့နှံ့လာ၏။ ရှန့်လင်ယွမ်းသည်ကား အစာငမ်းသူတစ်ယောက်မဟုတ်စေကာမူ သူ၏အာရုံမှာ ယနေ့ခေတ်အသင့်စားအစားအသောက်များပေါ်သို့စူးစိုက်ကျရောက်သွားရှာဆဲဖြစ်သည်။

၎င်းမှာ ဓားထဲတွင်ရှိနေစဉ်အခါက ရွှမ်းကျီးတစ်ယောက် သူ့အိမ်၌ထမင်းချက်ပြုတ်စားသောက်ပုံကိုမြင်တွေ့ရချိန်၌ အနှီကောင်လေးမှာ စဉ်းစားတွေးတောကြည့်လို့တောင်မရသည်အထိ ထမင်းတစ်လုပ်ကိုအတော်လေးအကုန်ကျခံစွာပြင်ဆင်စားသောက်တတ်သည်ဟုထင်မှတ်ခဲ့ဖူး၏။ ထိုအချိန်၌ သူတွေးလိုက်မိသည်မှာ အနှီမိစ္ဆာကောင်လေးသည်ကား ရှားပါးသောမွေးရာပါဝိညာဉ်သတ္တဝါတစ်ကောင်ဖြစ်သည့်အပြင် တမူထူးခြားသောစွမ်းရည်များကိုလည်းပိုင်ဆိုင်ထားသူဖြစ်သည့်အလျောက် ပုံမှန်အားဖြင့် သူ၏နေထိုင်မှုပုံစံသည်ကား တစ်မျိုးတစ်ဖုံ ‘ကိန်းကြီးခန်းကြီး’ နိုင်လွန်းသည်ဟုထင်ခဲ့တာဖြစ်သည်။ အခုချိန်မှသာလျှင် အဆိုပါ ‘အသုံးအဖြုန်းကြီးပြီးလက်ဖွာသော’ အကျင့်စရိုက်များသည်ကား ဤနေရာရှိလူများအတွက်တော့ မထူးဆန်းသောအရာတစ်ခုသာဖြစ်ကြောင်း သူခပ်ရေးရေးသဘောပေါက်သွားလေတော့သည်။

ဆီများဖြင့်ပြည့်ဝနေသောအသားတုံးများမှာ စနစ်တကျမရှိဘဲ ဖြစ်သလိုစုပုံထား၏။ အနားတွင် တူများ၊ ပန်းကန်ခွက်ယောက်များလည်းမရှိပါချေ။ အသားတုံးများကို ရောင်စုံအရေပြားလွှာတစ်လွှာဖြင့်ထုပ်ပိုးထားပြီး ရွှမ်းကျီးက ထိုအရာကိုဆုတ်ဖြဲလိုက်ကာ ဘေးသို့ပစ်ချထားလိုက်သည်။

ရှန့်လင်ယွမ်းသည်ကား သေသေချာချာအနီးကပ်ကြည့်ရှုလိုက်သောအခါဝယ် ထို ‘အရေပြားလွှာ’ ပေါ်တွင် စာလုံးများရေးသားထားသည်ကို တအံ့တဩတွေ့မြင်လိုက်ရလေသည်!

သူအသက်ရှင်နေထိုင်လာခဲ့ရသောခေတ်ကာလတွင် စာရွက်ဟူသောပစ္စည်းမျိုးမရှိသေးပါချေ။ စကားလုံးများကို ဝါးပုရပိုက်များနှင့်ကျောက်သားကျောက်တိုင်များပေါ်၌ ရေးထွင်းရခြင်းသည်ပင် အတော်လေးကိုလေးစားဂုဏ်ယူစရာကောင်းသောလုပ်ရပ်တစ်ခုဖြစ်လေသည်။ သစ်ရွက်များပေါ်၌စာရေးသားတတ်ကြသော နတ်ဆရာများသည်ပင် သူတို့၏မှတ်တမ်းမှတ်ရာများကိုရေးသားထားကြသော အဆိုပါသစ်ရွက်များကို အဖိုးတန်ရတနာပစ္စည်းများသဖွယ်သဘောထားကြတာဖြစ်သည်။ သို့ပေသိ ဤလူများကမူ ထိုအရာများအား ပိုလျှံသောအဆီများကိုသုတ်ပစ်နိုင်သည့် အစားအသောက်ထုပ်ပိုးသောအရာအဖြစ်အသုံးပြုနေကြတာပဲ!

ရှန့်လင်ယွမ်းမှာ သူ့ပါးစပ်ကိုဖွင့်ဟပြီး မှတ်ချက်မပြုရသေးခင်မှာပင် မျက်မှောင်ကြုတ်ကာ စိတ်ထဲ၌တွေးတောလိုက်သည်။

“တခြားနေရာမှာ အသုံးအဖြုန်းကြီးပြီးလက်ဖွာတာကတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ ဒါကတော့ အတော့်ကိုသင့်လျော်မှုမရှိတဲ့လုပ်ရပ်ပဲ”
  
ရွှမ်းကျီး : “…..”

“ကျွန်တော်တို့ဆီက ဆီသုတ်စက္ကူတွေပေါ်မှာ စာလုံးတွေရေးသားထားရုံတင်မကဘူး…ဟိုဟာတွေကိုသုတ်ရတဲ့ အိမ်သာသုံးစက္ကူတွေပေါ်မှာလည်း စာလုံးတွေရေးထားတာမျိုးရှိတာပဲ။ ဒီပစ္စည်းတွေအားလုံးက အမြောက်အမြားထုတ်လုပ်လို့ရတဲ့ပစ္စည်းတွေပဲ…ဇိမ်ခံပစ္စည်းမျိုးမဟုတ်ဘူး၊ နောက်မှပဲ ကျွန်တော်အားလုံးကို အသေးစိတ်ရှင်းပြပါ့မယ်”

ရွှမ်းကျီးခမျာ အစောကြီးကတည်းက ဗိုက်ဆာလွန်းသဖြင့် ရင်ဘတ်နှင့်ကျောပြင်ကပ်နေပြီဖြစ်သည်။

“ဒါနဲ့ ပိရှရော ဗိုက်မဆာဘူးလားဗျ?”

ရှန့်လင်ယွမ်းသည်ကား ဆေးဝါးရနံ့များရနေသော အနှီ ‘ပျော်ရွှင်မှုအချိုရည်’ အကြောင်းကိုစဉ်းစားလိုက်မိပြီးနောက် မိမိကိုယ်ကိုအခက်တွေ့အောင်မလုပ်ရန်ဆုံးဖြတ်လိုက်၏။ သူက အေးဆေးတည်ငြိမ်စွာပင် ခေါင်းကိုခါယမ်းပြလာသည်။

“အာ…ကျေးဇူးတင်ပါတယ်၊ ငါက ဥပုသ်စောင့်ထားလို့ပါ…မစားတော့ပါဘူး…ဒါပေမဲ့ မင်းက….”

အနှီမိစ္ဆာလေးသည်ကား အတောင်ပံလည်းရှိသလို ပျံလည်းပျံသန်းတတ်သူဖြစ်သည်။ ၎င်းမှာ သေချာပေါက်ကို အတောင်ပါသောမျိုးနွယ်စုတစ်စုမှဆင်းသက်ပေါက်ဖွားလာသူတစ်ဦးဖြစ်နိုင်သည်လေ။ သူက ဒီလိုဟာတွေကိုစားနေတာက….

ရွှမ်းကျီးသည်ကား ‘မိမိ၏မျိုးနွယ်စုကိုထိခိုက်နာကျင်စေသောလုပ်ရပ်’ အပေါ်၌ နည်းနည်းလေးမှပင် နောင်တရနေဟန်မရှိဘဲ ကြက်တောင်ပံကို တစ်ဝက်တိတိ ကိုက်လိုက်ရင်း နူးညံ့ပျော့ပျောင်းခြင်းမရှိသောစကားလုံးများဖြင့်မေးမြန်းလိုက်သည်။

“အာ? ဒါတွေကိုစားတော့ ဘာဖြစ်လို့လဲဗျ?”

အဆိုပါအဝါရောင်အရေပြားလွှာများကို မည်ကဲ့သို့ကြွတ်ရွနေအောင်ပြုလုပ်ထားသည်မသိ၊ သူ ကိုက်ဝါးနေချိန်တိုင်းတွင် ထွက်ပေါ်လာသည့် တဂျွတ်ဂျွတ်မြည်သံများကြောင့် ရှန့်လင်ယွမ်း၏နားထဲတွင် ကြွက်များဝင်၍ဆူညံပွက်လောရိုက်နေသည့်အလား ခံစားလိုက်ရလေတော့သည်။

“…..ဘာမှမဖြစ်ပါဘူး”

လူတစ်ယောက်အစာစားနေတာကို စူးစိုက်ကြည့်ရှုနေခြင်းမှာ မသင့်တော်သောအပြုအမူဖြစ်သည်ဟုတွေးတောလိုက်ပြီးနောက်တွင်မူ ပိရှသည်ကား အကြည့်လွှဲလိုက်ကာ အနီးပတ်ဝန်းကျင်ရှိမြင်ကွင်းများကိုသာစူးစမ်းလေ့လာကြည့်ရှုလိုက်လေသည်။

အခန်းမှာသေးငယ်လှပြီး ‘စံချိန်မီအခန်း’တစ်ခန်းဖြစ်သည်။ အခန်းထဲသို့ဝင်လာလျှင်ဝင်လာချင်းမှာပင် နှင်းတမျှဆွတ်ဆွတ်ဖြူဖွေးနေသော တစ်ယောက်အိပ်ကုတင်နှစ်လုံးကိုတွေ့ရမည်ဖြစ်သည်။ မွေ့ယာများမှာ နူးညံ့ပျော့ပျောင်းလှပြီး ခြုံစောင်နှင့်ခေါင်းအုံးများမှာလည်း သန့်ရှင်းစင်ကြယ်လှပေသည်။ ရှန့်လင်ယွမ်း၏စံနှုန်းများအတိုင်း သုံးသပ်အကဲဖြတ်ကြည့်မည်ဆိုပါက ထိုအခန်းမှာ လုံးဝကိုစုတ်တီးစုတ်ပဲ့ဖြစ်နေတာမျိုးတော့မဟုတ်ပါချေ။ သို့ပေသိ ကုတင်ပေါ်၌ ခန်းဆီးလိုက်ကာလေးတစ်ခုတလေတောင် တပ်မထားသည်ကတော့ အတော့်ကိုအမြော်အမြင်နည်းပါးရာကျလွန်းသည်။

ကြမ်းပြင်ကိုထိစပ်နေသောမှန်ပြတင်းများမှာတော့ အသေပိတ်ထားတာဖြစ်ပြီး ခန်းဆီးလိုက်ကာများကိုမူ ဘေးတစ်ဖက်သို့ဆွဲသိမ်းထားသည်။ ဤအထပ်သည်ကား (၃၁) ထပ်မြောက်အထပ်ဖြစ်သည်။ ပြတင်းပေါက်နား၌ မတ်တပ်ရပ်ကြည့်လိုက်မည်ဆိုပါက အဝေးတစ်နေရာတွင်ရှိနေကြသော ထောင်သောင်းမကသော တိုက်တာအိမ်ရာများဆီမှ မှိတ်တုတ်မှိတ်တုတ်လင်းနေသောမီးအလင်းရောင်များကိုတွေ့မြင်နိုင်ပေသည်။ ချိယွမ်းရှိမြို့ငယ်လေးနှင့်မတူသည့်အချက်မှာ သုံးချွမ်း၏ညအခါသမယသည်ကား နီယွန်မီးရောင်များဖြင့်ပြည့်နှက်လို့နေကာ ကောင်းကင်ထက်ရှိကြယ်တာရာအစုအဖွဲ့များသည်ပင် အရောင်မှိန်ဖျော့သွားရသယောင်။ မြို့မှာ တောင်ကိုအမှီပြုကာဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး မြေပြင်တစ်လျှောက်တည်ဆောက်ထားသော အထပ်မြင့်အဆောက်အဦးပေါင်းများစွာတို့မှာလည်း ရင်သတ်ရှုမောစရာကောင်းလောက်အောင် ခန့်ညားတင့်တယ်လှပလျက်ရှိနေကြသည်။ လူသွားလမ်းမကြီးများနှင့်ခုံးကျော်တံတားများမှာလည်း တစ်ခုနှင့်တစ်ခုရောထွေးယှက်ဖြာနေလျက်ရှိကာ လမ်းတစ်လျှောက်လုံးတွင်အစီအရီထွန်းလင်းနေကြသော မိုးထိအောင်မြင့်မားလှသည့်လမ်းမီးတိုင်များကြောင့် လမ်းများ၏ကောက်ကြောင်းပုံရိပ်မှာပေါ်လွင်ထင်ရှားလာလေသည်။ ထိုမြင်ကွင်းကိုမြင်ရသူအဖို့ ခေါင်းများပင်မူးနောက်သွားနိုင်၏။

ညဉ့်အတော်နက်နေပြီဖြစ်သလို မြူနှင်းများလည်းသည်းထန်စွာကျဆင်းလို့နေသည်။ ကားလမ်းများမှာ လမ်းမပိတ်တော့သည့်တိုင် လမ်းမများပေါ်တွင်တော့ လမ်သွားလမ်းလာများဖြင့်ပြည့်နှက်နေဆဲဖြစ်သည်။

ဟိုတယ်အောက်ထပ်တွင် ပြဇာတ်ရုံတစ်ရုံရှိသည်။ ပြဇာတ် သို့မဟုတ် ဖျော်ဖြေပွဲတစ်ပွဲရှိပုံရပြီး ညဉ့်အတော်နက်ချိန်မှပင် ပွဲပြီးဆုံးသွားသည့်အတွက် ဇာတ်ရုံအတွင်းမှ လူအုပ်ကြီးများအလုံးအရင်းဖြင့်ထွက်လာကြလေသည်။ လမ်းဘေးဝဲယာတစ်လျှောက်တွင် မီးအလင်းရောင်ထွက်သောဆိုင်းဘုတ်များကိုဝှေ့ယမ်းကိုင်ဆောင်ထားကြသော မိန်းကလေးများဖြင့်ပြည့်နှက်သွား၏။ အနှီသုံးယောက်တစ်စု ငါးယောက်တစ်စုဖြင့်ထွက်လာသော မိန်းကလေးများသည်ကား ပျော်ရွှင်မြူးတူးစွာခုန်ပေါက်နေကြလေသည်။

ရှန့်လင်ယွမ်းမှာ မနေနိုင်မထိုင်နိုင်ဖြစ်စွာပင် ပြတင်းပေါက်နားသို့တိုးကပ်သွားလိုက်ပြီး နီယွန်မီးရောင်အောက်ရှိလူအုပ်ကြီးကို စူးစိုက်ကြည့်ရှုနေလိုက်သည်။

၎င်းမှာ ပြတင်းပေါက်အပြင်ဘက်သို့ကြည့်နေချိန်တွင် ရွှမ်းကျီးသည်ကား သူ၏နောက်ကျောပုံရိပ်လေးကိုကြည့်ရှုလို့နေသည်။ ထိုခဏ၌ ရှန့်လင်ယွမ်း၏တည်ငြိမ်အေးချမ်းနေသောအသိစိတ်အာရုံထဲတွင် ပထမဆုံးအကြိမ်အဖြစ် အပြုသဘောဆောင်သောခံစားချက်များပေါက်ဖွားလာကြောင်း ရွှမ်းကျီးသုံးသပ်ခွဲခြားလိုက်နိုင်သည်။

သို့သော် ထိုခံစားချက်များကို ပျော်ရွှင်မှုဟူ၍ ဘာသာပြန်ဆိုလို့ရချင်မှရပေလိမ့်မည်။ လျှပ်တပြက်အတွင်းမှာပင် အဆက်မပြတ်ပေါ်ထွက်လာပြီး အဆက်မပြတ်အတင်းအဓမ္မဖိနှိပ်ထိန်းချုပ်ခံထားရသော မှောင်မည်းသောဆူညံသံများသည်ကား မြေအောက်ရေစီးကြောင်းများအလား တခဏအကြာ၌ ပျောက်ကွယ်သွားလေတော့သည်။ သူက စိတ်ထဲတွင် မချိတင်ကဲဖြစ်စွာဖြင့် သက်ပြင်းတစ်ချက်ချကာမေးလိုက်သည်။

“သုံးချွမ်းမှာ လူဦးရေဘယ်လောက်ရှိလဲ?”

“သုံးချွမ်းမှာလား?”

ရွှမ်းကျီးက အာလူးကြော်တစ်ချောင်းကိုပါးစပ်ထဲတွင် ကိုက်ထားရင်း တခဏမျှစဉ်းစားလိုက်သည်။

“သေချာမသိဘူး၊ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ အနည်းဆုံး သိန်းနဲ့သန်းနဲ့ချီပြီးရှိမှာပေါ့”

ရှန့်လင်ယွမ်းတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ သူ့စိတ်ထဲ၌ဖြစ်ပေါ်လာသော စိတ်ရှုပ်ထွေးမှုများကို ရွှမ်းကျီးသည်လည်းခံစားလိုက်ရသည်။ လူသားဧကရာဇ် ပိရှသည်ကား ဤမျှလောက်များပြားသောပမာဏကို စိတ်ကူးဖြင့်တောင်ပုံဖော်နိုင်စွမ်းမရှိလောက်သည်အထိ သူ၏သင်္ချာစွမ်းရည်မှာ အကန့်အသတ်ရှိနေတာဖြစ်ပေလိမ့်မည်။

ထိုကဲ့သို့ တွေ့ရခဲသောစိတ်ရှုပ်ထွေးသွားသည့်အမူအရာမျိုးသည်ကား နောက်ဆုံးတွင်တော့ သေမျိုးလူသားတစ်ယောက်၏အရိပ်အသက်မျိုးကို ခပ်ရေးရေးထင်ဟပ်လာစေသည်__ နိုင်ငံအသီးသီးရှိ ဒဏ္ဍာရီပုံပြင်များထဲတွင် အမြဲလိုလိုပါဝင်နေသည့် ထူးခြားသောဇာတ်အိမ်ဇာတ်ကွက်တစ်မျိုးရှိသည်။ သေမျိုးလောကကြီး၏သက်ဝင်တက်ကြွမှုများမှာ မြေအောက်တိုင်းပြည်တွင်နေထိုင်ကြသော တစ္ဆေသရဲနှင့်မကောင်းဆိုးဝါးမိစ္ဆာကောင်များအတွက် စွဲမက်စရာကောင်းသောဆွဲဆောင်မှုတစ်ခုဖြစ်လေသည်။ အချို့သောမိစ္ဆာများသည်ကား လူ့လောကကြီးထဲသို့ပြန်သွားပြီး လူသားတို့၏အစားအသောက်များကိုအရသာမြည်းစမ်းကြည့်ချင်ရုံလောက်ဖြင့် တစ်ယောက်နှင့်တစ်ယောက်သတ်ကြဖြတ်ကြပြီး ဆိုးသွမ်းကောက်ကျစ်သောလုပ်ရပ်များကိုတောင်ပြုလုပ်တတ်ကြသည်တဲ့လေ။

ဒဏ္ဍာရီပုံပြင်များထဲရှိ မကောင်းဆိုးဝါး သရဲတစ္ဆေများ၏အလိုဆန္ဒသည်ကား အမှန်တကယ်တော့ လူသားတို့၏အလိုဆန္ဒများသာဖြစ်ကြသည်။ သို့သော် ရှန့်လင်ယွမ်းထံတွင်မူ မည်သည့်အလိုဆန္ဒမှရှိမနေပါချေ။

ရှေးခေတ်လူသားတစ်ယောက်အနေဖြင့် တစ်ကြိမ်တစ်ခါမှမတွေ့ဖူးခဲ့သော စိတ်ကူးဖြင့်တောင်မှန်းဆလို့မရနိုင်သည့် အရောင်များ၊  အသံများကို သူတွေ့မြင်ခဲ့ရသော်လည်း ထိုအရာများအပေါ်တွင်တဝဲလည်လည်တိမ်းညွှတ်ရစ်တွယ်စိတ်များမဖြစ်ပေါ်ခဲ့ပေ။ တစ်ကြိမ်တစ်ခါမှမရှူရှိုက်ဖူးသောမွှေးရနံ့များကိုရှူရှိုက်ခဲ့ရသော်လည်း ထိုအရာများအားလိုချင်တပ်မက်မှုမျိုးမရှိခဲ့။ ၎င်းသည်ကား မဟာချီတိုင်းပြည်ကြီး မည်ကဲ့သို့ဆိတ်သုဉ်းပျောက်ကွယ်သွားရသလဲဆိုသည့်အကြောင်းနှင့် သူ၏နောက်မျိုးဆက်များအကြောင်းတို့ကိုတောင်မှ မေးမြန်းခြင်းမပြုခဲ့ပေ။ ၎င်းသည်ကား သက်ရှိကမ္ဘာလောကကြီးအပေါ်တွင် မည်သည့်သံယောဇဉ်မှမရှိတော့သူတစ်ဦးကဲ့သို့ ရွှမ်းကျီးခံစားလိုက်ရသည်။

သို့သော်….လူသား-မိစ္ဆာဟူသည်ကား အလိုဆန္ဒတို့ကြောင့်ဖြစ်တည်ပေါ်ပေါက်လာရတာဖြစ်သည်လေ။ အလိုဆန္ဒမရှိ၊ ရစ်ပတ်နှောင်တွယ်စရာသံယောဇဉ်မရှိဘဲနှင့်တော့ မိစ္ဆာတစ်ကောင်ဖြစ်လာမည်မဟုတ်ပေ။

သူက တကယ်ပဲ ဘာကို ဆန္ဒရှိနေတာလဲ?

ရွှမ်းကျီး၏စိတ်ထဲတွင် စူးစမ်းအစ်အောက်လိုသော အတွေးပိစိလေးများဝင်လာသည့်တိုင် ရှန့်လင်ယွမ်းကတော့ အမှုမထားဘဲ လုံးလုံးလျားလျားကိုမကြားချင်ယောင်သာဆောင်နေလိုက်သည်။

သို့ဖြစ်ရာ မနေနိုင်မထိုင်ဖြစ်လာသော ရွှမ်းကျီးကပင် ထုတ်မေးလိုက်ရလေသည်။

“ပိရှ…လူကြီးမင်း အသက်ရှိစဉ်အချိန်တုန်းက…အဟမ်း…ဒီလိုမေးရတာ မယဉ်မကျေးဖြစ်သွားနိုင်တယ်ဆိုပေမယ့်လည်း ကျွန်တော်ပြောတာကို နားတော့နားလည်ပေးပါ__လူကြီးမင်းဆီမှာ မဖြည့်ဆည်းရသေးတဲ့ အလိုဆန္ဒတွေ ဘာတွေများမရှိဘူးလား? ကျွန်တော့်ကိုပြောပြပေးမယ်ဆိုရင် ကျွန်တော် ကူညီကောင်းကူညီပေးနိုင်မှာပါ”

ရှန့်လင်ယွမ်းက ပြုံးကာပြောလိုက်သည်။

“ဘယ်တုန်းကမှ မရှိခဲ့ဘူး”

“ဒါဖြင့် နောက်ပိုင်း ဘာဆက်လုပ်ဖို့စိတ်ကူးထားလဲ? အင်း…လူကြီးမင်း ဘယ်နေရာတွေကိုသွားကြည့်ချင်လဲ? ရှေးဟောင်းနန်းမြို့တော်လား ဒါမှမဟုတ် တော်ဝင်နန်းဆောင်ကိုလား__ဒါနဲ့ စကားမစပ် လူကြီးမင်းစံမြန်းနေထိုင်တော်မူခဲ့တဲ့ နန်းတော်ရာက နာမည်ဘယ်လိုခေါ်တာလဲ?”

“သုလင်နန်းတော်”

ရှန့်လင်ယွမ်းက တိုးဖျော့စွာပြောလိုက်သည်။

“သုလင်နန်းတော်က သာမန်ကျောက်တုံးကျောက်ခဲတွေနဲ့ အုတ်ကျိုးအပိုင်းအစတွေနဲ့ပဲတည်ဆောက်ထားခဲ့တာ၊ နှစ်ထောင်ပေါင်းများစွာကြာသွားပြီးတဲ့နောက်မှာတော့ အားလုံးလည်း တစစီပြိုကျပျက်စီးသွားမှာပဲ။ မင်းတို့အခုတွေ့မြင်နေရတဲ့အရာတွေက နောက်ပိုင်းမျိုးဆက်တွေက ပြန်လည်ပြုပြင်ဆောက်လုပ်ထားတဲ့လက်ရာတွေပဲ။ မြွေပါကတိုးကောင်ရဲ့ကိုယ်ပေါ်ကို ခွေးမြီးတက်စွပ်ထားသလိုပေါ့။ သာမန်ကာလျှံကာပဲကြည့်ရုံလောက်ဆိုရင်တော့ကောင်းပါတယ်၊ ဒါပေမဲ့ အဲဒီအတိုင်း အရမ်းကြီးတော့အတည်ပေါက်ကြီးမှတ်မနေနဲ့ပေါ့”

ရွှမ်းကျီး: “….ဪ”

၎င်းမှာ အတော်လေးကို ‘ဖြူစင်ရိုးအ’ သူတစ်ယောက်ဖြစ်သည့်အလျောက် ရှေးခေတ်လူသားတစ်ယောက်၏အသိပညာပေးခြင်းကိုခံယူလိုက်ရလေတော့သည်။

ရှန့်လင်ယွမ်း “မစိုးရိမ်ပါနဲ့…ငါက ပူဆွေးယဇ်ပူဇော်ပွဲကိုအသုံးချပြီး ငါအိပ်စက်အနားယူနေတာကို အနှောင့်အယှက်လာပေးတဲ့ ကောင်ကိုရှာချင်ရုံသက်သက်ပါပဲ။ သူ့ကိုရှာတွေ့သွားတာနဲ့ ငါရဲ့ဂူသင်္ချိုင်းဆီ အေးအေးချမ်းချမ်းပြန်သွားမှာပါ။ ဒီသေမျိုးလောကကြီးထဲမှာ အချိန်အကြာကြီးဆက်နေဖို့လည်း စိတ်ကူးမရှိပါဘူး”

ရွှမ်းကျီး၏ အစ်အောက်မေးလိုသည့်ရည်ရွယ်ချက်မှာအတိုင်းသားပေါ်ပေါက်သွားရသည့်တိုင် ၎င်းမှာ ကသိကအောက်မဖြစ်သွားဘဲ ဘာမှမဖြစ်သည့်နှယ် ပြုံးကာပြောလိုက်သည်။

“ကျွန်တော်သိပါပြီ၊ ဒါဆိုလည်း ပိရှ အရင်ဆုံးရေသွားချိုးလိုက်ပါလား? ကျွန်တော်တို့နှစ်ယောက်ရဲ့ သောက်ကျိုးနည်းအနေအထားကြီးကုန်ဆုံးမသွားသေးခင် ရေပိုက်ခေါင်းကို ဘယ်လိုဖွင့်ရမလဲဆိုတာကို ကျွန်တော်ပြောပြပေးမယ်လေ__လဲရမယ့် အင်္ကျီတွေကိုတော့ ဟိုဘက်ကအထုပ်ထဲမှာထည့်ထားတယ်”

"ရေပိုက်ခေါင်းက ဒီမှာ၊ ဒီနေရာကနေ ရေထွက်တာ၊ အပိတ်အဖွင့်က ဒီမှာ၊ အနီရောင်ဘက်ကိုလှည့်လိုက်ရင် ရေပူထွက်လာမယ်၊ ဟိုဘက်ကိုလှည့်လိုက်ရင်တော့ ရေအေးထွက်လာလိမ့်မယ်….ဒီဘူးလေးတွေက ဆပ်ပြာရည်တွေနဲ့ခေါင်းလျှော်ရည်တွေပဲ။ ဘူးလေးတွေရဲ့ပုံစံက သိပ်မကွာဘူး၊ အထဲကအရည်တွေကလည်း သိပ်မကွာပါဘူး။ ကြိုက်တဲ့ဟာတစ်ခုကိုယူပြီးလက်ထဲမှာပွတ်လိုက်၊ ပြီးတာနဲ့ပြောင်သွားတဲ့အထိရေဆေးချလိုက်ရုံပဲ….” 

ရွှမ်းကျီးက ရေချိုးခန်းအတွင်းမှ ပစ္စည်းများ၏အသုံးပြုပုံပြုနည်းများကို ရှန့်လင်ယွမ်းအား သင်ကြားပြသပေးနေသည်။ ရှန့်လင်ယွမ်းသည်ကား ရွှမ်းကျီး၏ဦးနှောက်ထဲတွင် ထိုပစ္စည်းများအားမည်ကဲ့သို့အသုံးပြုကြသလဲဆိုတာကို ‘တွေ့မြင်’ ခဲ့ဖူးပြီးဖြစ်လေရာ အပိုစကားများများစားစားပြောစရာမလိုအပ်ပါချေ။ သို့သော် ယနေ့ခေတ်အသုံးအဆောင်ပစ္စည်းအသစ်အဆန်းများက အလွန်တရာမှများပြားလွန်းလှပေရာ နှစ်ထောင်ပေါင်းများစွာကြာမြင့်ပြီးနောက်တွင်မူ သူအသက်ရှိစဉ်အခါက အသုံးပြုခဲ့သောပစ္စည်းများနှင့် လုံးဝဥဿုံဇောက်ထိုးမိုးမျှော်ကွာခြားသွားပြီဖြစ်သည်။ ပိရှ၏ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင်ကျင့်သုံးနိုင်စွမ်းသည်ကား အံ့ဩစရာကောင်းလောက်အောင်ထူးခြားပြောင်မြောက်လှသည့်တိုင် ၎င်းမှာ တစ်ကြိမ်တည်းနှင့် သတင်းအချက်အလက်အများကြီးကိုသင်ယူမှတ်သားနိုင်ရန်အတွက်မူ ခက်ခက်ခဲခဲကြိုးစားအားထုတ်နေရရှာ၏။ သူ၏အကြည့်များက ရွှမ်းကျီး၏လက်ချောင်းများနောက်၌ စက္ကန့်အနည်းငယ်မျှ အမြဲတစေနောက်ကျကျန်နေခဲ့ရှာပြီး သူ့မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသောအမူအရာတို့ထင်ဟပ်နေတော့သည်။  

သူ့ထံတွင်ရှိနေသောမျက်ဝန်းတစ်စုံမှာ ကျောက်စိမ်းအလား တလက်လက်တောက်ပလျက်ရှိကာ မိုးသက်မုန်တိုင်းများ၏တိုက်စားမှုဒဏ်ကို မည်သည့်အခါကမှ မခံစားခဲ့ရသည့်နှယ်။ အကောင်းအဆိုးကိုနားမလည်ရှာသော ကလေးငယ်တစ်ယောက်၏အပြစ်ကင်းဖြူစင်သောမျက်ဝန်းများကဲ့သို့ပမာ။

အဆိုပါမျက်ဝန်းတစ်စုံနှင့်ရင်ဆိုင်လိုက်ရချိန်ဝယ် ရွှမ်းကျီး၏လေသံမှာ မသိလိုက်မသိဘာသာဖြင့် နူးညံ့ပျော့ပျောင်းသွားလေတော့သည်။ ထိုအရာများသည်ကား အန္တရာယ်ရှိသောအရာများဖြစ်ကြောင်းကို သဘောပေါက်လိုက်သည့်နှယ်။

“တကယ်တော့ အရမ်းကြီးလည်းမရှုပ်ပါဘူး။ အဲဒီပစ္စည်းတွေကို နှစ်ခါလောက်အသုံးပြုပြီးရင် ကျင့်သားရသွားမှာပါ…..တစ်ခုခုမေးစရာရှိရင် ကျွန်တော့်ကိုလှမ်းခေါ်လိုက်လေ”

“အင်း”

ရှန့်လင်ယွမ်းက ဘာမှမဖြစ်သလိုဟန်ဆောင်လိုက်ရင်း သူ့အကြည့်များကို ခေါင်းလျှော်ရည်ဘူးများထံမှခွာလိုက်သည်။ သူက ခေါင်းတညိတ်ညိတ်ဖြင့်ပြန်ပြောလိုက်သည်။

“လိမ္မာလိုက်တဲ့ကောင်လေး”

“ကောင်းပြီလေ”

ရွှမ်းကျီးက မနာလိုအူတိုစိတ်ဖြင့် စိတ်ထဲတွင်မနေနိုင်မထိုင်နိုင်ဖြစ်ကာတွေးတောလိုက်လေသည်။

“သေပြီးလို့ တစ္ဆေသရဲပဲဖြစ်ဖြစ် နတ်ဘုရားပဲဖြစ်ဖြစ် ဘယ်သူကဂရုစိုက်လို့လဲ? ဘာပဲဖြစ်ဖြစ် သူ့ဘဝတစ်လျှောက်လုံး လူသားဧကရာဇ်အဖြစ်နေထိုင်လာခဲ့ပြီးတာတောင်မှ *မျက်နှာအကြီးဆုံးဖြစ်နေတုန်းပဲ”

(*မျက်နှာကြီးတယ်ဆိုတဲ့အဓိပ္ပာယ်က ‘ရှက်ဖို့ကောင်းတယ်၊ လူအများရှေ့မှာအရှက်တကွဲအကျိုးနည်းဖြစ်ရတယ်’ လို့ဆိုလိုတာပါ)

ထိုအတွေးများက သူ့စိတ်ထဲ၌ဖြစ်ပေါ်လာလျှင်လာချင်းမှာပင် ၎င်းမှာ လူသားဧကရာဇ်၏အပြုံးမမည်သောအပြုံးမျက်ဝန်းများနှင့်အကြည့်ချင်းဆုံသွားရှာလေတော့သည်။

ရွှမ်းကျီး၏ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားရှာပြီး အဆင့်တစ် အန္တရာယ်အချက်ပေးသံများက သူ့ဦးနှောက်ထဲ၌ထွက်ပေါ်လို့လာတော့သည်။ သူ ဘာတစ်ခုမှမတုံ့ပြန်လိုက်ရသေးခင်မှာပင် သူ့နားထဲတွင် တဝီဝီမြည်သံများထွက်ပေါ်လာသည်။ ပါးလျသောအနက်ရောင်မြူခိုးများက သူ့ခြေထောက်အောက်မှလွင့်ပျံ့တက်လာကာ သူ့တစ်ကိုယ်လုံးကိုခြုံလွှမ်းရစ်ပတ်သွားလေတော့သည်။ ရွှမ်းကျီး၏အတွေးများမှာ ရုတ်တရက်အလွန်တရာနှေးကွေးလေးလံသွား၏။ သူ့ဦးနှောက်မှာ အခြားသူများစိတ်ကြိုက်လှန်လှောဖတ်ရှုလို့ရသော ဖွင့်ထားသည့်စာအုပ်တစ်အုပ်လို။

သူနှင့်စိတ်ချင်းဆက်သွယ်ထားသည့် ရှန့်လင်ယွမ်း၏စိတ်အတွင်းမှ စကားလုံးတစ်လုံးတလေကိုသော်မှ မကြားရတော့ပါချေ__တစ်ဖက်လူသည်ကား ဘာမှန်းမသိသောနည်းလမ်းတစ်မျိုးမျိုးကိုသုံးကာ သူ့ကိုတစ်ဖက်သတ်ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။ ခုနလေးတင် သူ ရှန့်လင်ယွမ်းထံမှကြားခဲ့ရသောစကားသံများနှင့်အသေးအမွှားအတွေးစများသည်ကား တစ်ဖက်လူက သူ့အားစိတ်ရှုပ်ထွေးသွားအောင်လုပ်ထားသော အပေါ်ယံဟန်ဆောင်လှည့်ဖြားမှုများသာဖြစ်လို့နေသည်!

ရှန့်လင်ယွမ်းက အေးအေးလူလူပင်ပြောလာသည်။

“မိစ္ဆာလေး…မင်းက ဒီအသက်အရွယ်ပဲရောက်နေပြီ အခုချိန်ထိ ထစ်ခနဲဆို ဗိုက်ဆာနေတတ်တုန်းလား? မင်းတို့လိုမွေးရာပါဝိညာဉ်သတ္တဝါကောင်တွေက ငယ်ငယ်လေးကတည်းက ‘ဥပုသ်စောင့်’ တတ်ကြတာမဟုတ်ဘူးလား? မင်းက တကယ်ပဲ ဘာကောင်လေးများလဲ?”

အဆိုပါစကားများသည်ကား ပစ်မှတ်ကိုတိတိကျကျချိန်ရွယ်ထားသည့် မြဲမြံတည်ငြိမ်ပြီး အကြင်နာတရားကင်းမဲ့သောချိတ်ကောက်တစ်ခုလို။ ရွှမ်းကျီးခမျာ ထိုစကားများကိုကြားလိုက်ရသည့်တခဏမှာပင် အံ့ဩတကြီးဖြင့် သတိလက်လွတ်ဖြစ်သွားရှာပြီး ထိုသူ၏လှုံ့ဆော်မှုကြောင့် သူ၏မရေမတွက်နိုင်သောမှတ်ဉာဏ်ပေါင်းမြောက်မြားစွာတို့သည်ကား ပြန်လည်ထွက်ပေါ်လာတော့သည်__

4.8.21

🔥🔥🔥🔥🔥🔥

Zawgyi

ရွန႔္လင္ယြမ္းသည္ကား ေခတၱခဏၾကာေသာအခါမွသာလွ်င္ ဤေနရာသည္ကား *‘အရက္ဆိုင္’ ဟုေခၚေသာ္ျငား အရက္တစ္မ်ိဳးတည္းကိုပဲအထူးတလည္ေရာင္းခ်ေနတာမ်ိဳးမဟုတ္ေၾကာင္းသေဘာေပါက္နားလည္သြားေလသည္။

[T/N

*(酒)ဆိုတာက (အရက္)၊ (店) ဆိုတာက (ဆိုင္) တိုက္ရိုက္ဘာသာျပန္မယ္ဆိုရင္ ‘အရက္ဆိုင္’ လို႔အဓိပၸာယ္ရေပမယ့္ တကယ္တမ္းက ‘ဟိုတယ္’ လို႔ဆိုလိုတာပါ။ ရွန႔္လင္ယြမ္းက (酒店)ဆိုတဲ့စကားလုံးႏွစ္လုံးကို ေပါင္းစဥ္းစားလိုက္တဲ့အတြက္ အရက္ဆိုင္လို႔ထင္သြားတာပါ။]

သူတို႔ေရာက္လာခ်ိန္မွာ ညသန္းေခါင္ယံကိုပင္အေတာ္ေလးေက်ာ္လြန္သြားခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ တုံးခြၽမ္းတြင္ ညမထြက္ရအမိန႔္မ်ိဳးထုတ္မထားသည့္အတြက္ ဟိုတယ္ဧည့္ခန္းမေဆာင္အတြင္းတြင္ ခရီးပန္းလာေသာ ခရီးသြားဧည့္သည္ေတာ္မ်ားျဖင့္ ပ်ားပန္းခတ္မွ်ရႈပ္ယွက္ခတ္စည္ကားလို႔ေနၿမဲပင္ျဖစ္သည္။

၎မွာ ပထမဆုံးအေနျဖင့္ သူ႕အနားမွျဖတ္ေလွ်ာက္သြားေသာ အုန္းအုန္းကြၽက္ကြၽက္ညံေအာင္စကားစျမည္ေျပာဆိုေနသည့္ အသက္ႀကီးႀကီးအမ်ိဳးသမီးမ်ားကိုေတြ႕ျမင္လိုက္ရသည္။ သူတို႔တစ္ဦးခ်င္းစီတိုင္းမွာ အသက္ (၆၀) ခန႔္ရွိၿပီျဖစ္သည္။ သို႔ေသာ္ျငား သူတို႔အားလုံး၏အျပဳအမူမ်ားမွာ လုံးဝကို ‘သင့္ျမတ္ေလ်ာ္ကန္မႈ’မရွိလွပါေခ်။ အသက္ႀကီးေသာအမ်ိဳးသားမ်ားသည္ကား ဘီးလုံးမ်ားပါေသာေသတၱာမ်ားကိုတြန္းေ႐ႊ႕ေနၾကရၿပီး အႏွီအမ်ိဳးသမီးႀကီးမ်ားမွာေတာ့ တစ္ေယာက္ႏွင့္တစ္ေယာက္ပုံစံခ်င္းၿပိဳင္ေနသည့္ႏွယ္ အေရာင္အေသြးစုံလင္ေသာေခါင္းစည္းပုဝါမ်ားကိုဆင္ျမန္းထားၾကသည္။ အေဝးမွၾကည့္လွ်င္ ၎တို႔မွာ အထီးႏွင့္အမ ေျပာင္းျပန္ျဖစ္ေနေသာ ငွက္တစ္အုပ္ႏွင့္ပင္တူညီလို႔ေနသည္။ လက္ထဲတြင္ ‘ေသတၱာ’ေလးတစ္လုံးကိုကိုင္ထားေသာ အေဒၚႀကီးတစ္ေယာက္သည္ကား ေဘးဘယ္ညာသို႔ တခဏမွ်ဟိုၾကည့္သည္ၾကည့္လုပ္ေနရင္းက ခပ္လွမ္းလွမ္းတြင္ရွိေနေသာ လူအုပ္ၾကားထဲမွသိသာထင္ရွားစြာကြဲထြက္ေနသည့္ ရွန႔္လင္ယြမ္းကိုျမင္ေတြ႕သြားေလေတာ့သည္။ သူမ၏မ်က္လုံးမ်ားက ႐ုတ္တရက္အေရာင္လက္သြားၿပီးေနာက္ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ သူ႕ထံသို႔တရွိန္ထိုးေလွ်ာက္လွမ္းလို႔လာသည္။

“ေမာင္ရင္ေလး….အေဒၚတို႔ကို ဓာတ္ပုံေလးတစ္ပုံေလာက္ရိုက္ေပးလို႔ရမလား…..”

႐ႊမ္းက်ီးမွာ အခုေလးတင္မွ သူ႕လုပ္ေဖာ္ကိုင္ဖက္ဆီမွ အခန္းကတ္ကိုယူလာခဲ့ၿပီးျဖစ္သည္။ အႏွီအေဒၚႀကီးထံမွ စူးရွရွစကားသံကိုၾကားလိုက္ရခ်ိန္၌ ၎မွာ ေဘာင္းဘီထဲသို႔ဆီးထြက္က်လဳမတတ္ပင္ျဖစ္သြားရွာၿပီး လူသားဧကရာဇ္ျဖစ္သူအား ေပါ့ေပါ့တန္တန္သေဘာထားရဲေသာ သတၱိေကာင္းလွသည့္ ထိုအ‌ေဒၚႀကီးထံသို႔ ကမန္းကတန္းအေျပးသြားကာ ၾကားျဖတ္ေျပာလိုက္ေလသည္။

“ကြၽန္ေတာ္ ရိုက္ေပးပါ့မယ္…ကြၽန္ေတာ္ရိုက္ေပးပါ့မယ္…..ကြၽန္ေတာ့္သူငယ္ခ်င္းက ဓာတ္ပုံေကာင္းေကာင္းမရိုက္တတ္လို႔ပါ….သူရိုက္လိုက္ရင္ အၿမဲတမ္း ကိုယ္တစ္ပိုင္းျပတ္ေနတဲ့ပုံေတြပဲထြက္လာတတ္လို႔ေလ”

ရွန႔္လင္ယြမ္းမွာ သူတို႔ႏွစ္ေယာက္ ဘာေတြေျပာေနသလဲဆိုတာကို တစ္ခြန္းမွနားမလည္ပါေခ်။ သို႔ျဖစ္ရာ သူက ေဘးတစ္ဖက္သို႔လွည့္ကာ သူတို႔အားလမ္းဖယ္ေပးလိုက္သည္။ ၎မွာ အရပ္ေလးမ်က္ႏွာရွိ လူသံဆူညံသံမ်ားအားလုံးကို သည္းခံေနလ်က္ပင္ ဒစ္ဂ်စ္တယ္ကင္မရာေလးေပၚရွိ LCD မ်က္ႏွာျပင္ကိုလွမ္းၾကည့္လိုက္သည္။ လက္မအနည္းငယ္သာအ႐ြယ္အစားရွိေသာ အႏွီ ‘ဝိညာဥ္ကိရိယာ’ေလးေပၚတြင္ အလြန္တရာၾကည္လင္ျပတ္သားေသာ လူပုံရိပ္မ်ားထင္ဟပ္လာေတာ့သည္။ ‘ကလစ္’ ဟူေသာအသံတစ္ခ်က္ႏွင့္အတူ ပုံရိပ္မ်ားမွာ မ်က္ႏွာျပင္ေပၚတြင္စြဲၿမဲစြာကပ္ထင္သြားေလသည္။ မည္သို႔ေသာ ဝိညာဥ္ဖမ္းကိရိယာေလးမွန္းမသိသည့္အတြက္ ၎မွာ မသိလိုက္မသိဘာသာျဖင့္ပင္ အေနာက္သို႔ေျခတစ္လွမ္းဆုတ္မိသြား၏။ ထိုပစၥည္းေလးကိုေသခ်ာမၾကည့္လိုက္ရေသးမွာပင္ ပိန္ပါးသြယ္လ်ေသာမိန္းမပ်ိဳေလးတစ္ဦးသည္ကား သူ႕အနားမွ အေလာတႀကီးျဖတ္သန္းသြားေလသည္။

ထိုမိန္းကေလးသည္ကား သူမ၏အရပ္အျမင့္တစ္ဝက္ေလာက္ရွိေသာ ခရီးေဆာင္အိတ္တစ္လုံးကိုဆြဲကာ လက္ထဲရွိလက္ကိုင္ဖုန္းေလးထဲသို႔စကားေျပာဆိုေနသည္။

“ဟုတ္ကဲ့….ကြၽန္မ အခုအလုပ္ခရီးတစ္ခုသြားေနလို႔ပါ….ယုံအန္းကိုေရာက္ေတာ့မွာပါ….ညဘက္ေလယာဥ္နဲ႕လာတာပါ….ေက်းဇူးျပဳၿပီး စိတ္မပူပါနဲ႕….ကြၽန္မေလယာဥ္ေပၚမတက္ခင္ ေနာက္ဆုံးအစီရင္ခံစာအသစ္ကို ပို႔ေပးလိုက္ပါ့မယ္”

ရွန႔္လင္ယြမ္း၏အာ႐ုံမွာ ဒစ္ဂ်စ္တယ္ကင္မရာအေပၚမွသည္ သူမလက္ထဲတြင္ကိုင္ထားေသာတလိမ့္လိမ့္ေ႐ြ႕ေနသည့္ခရီးေဆာင္လက္ဆြဲေသတၱာေလးအေပၚသို႔ေျပာင္းလဲေရာက္ရွိသြားေလေတာ့သည္။ သူမ၏ေဘးနားတြင္ အေပါင္းအေဖာ္ အေစာင့္အၾကပ္မ်ားလည္းမပါပါေခ်။ သူမမွာတစ္ေယာက္တည္းသာျဖစ္သလို အနားတြင္ရွိေသာလူမ်ားမွာလည္း သူမကိုနည္းနည္းေလးေတာင္ဂ႐ုမထားၾကပါေခ်။ မည္သူကမွ သူမ၏ခရီးေဆာင္လက္ဆြဲေသတၱာေလးကိုကူညီ၍သယ္ေဆာင္ေပးမည့္သူမရွိ။ တုံးခြၽမ္းႏွင့္ယုံအန္းသည္ကား အနည္းဆုံးမိုင္ေထာင္ေပါင္မ်ားစြာကြာေဝးေသာေနရာေဒသႏွစ္ခုျဖစ္သည္ေလ။ သံခ်ပ္ကာဝတ္ ထိပ္တန္းျမင္းစစ္သည္ေတာ္တပ္ဖြဲ႕ငယ္ေလးတစ္ဖြဲ႕သည္ပင္ အႏွီညသန္းေခါင္ယံအခ်ိန္၌ခရီးသြားလာရမည္ဆိုပါက အေတာ္ေလးကိုသတိဝီရိယရွိရွိျဖင့္ နိုးၾကားတက္ႂကြစြာသြားလာရမည္ျဖစ္သည္။ ညႀကီးသန္းေခါင္အခ်ိန္၌ မိန္းကေလးတစ္ေယာက္တည္း သည္လိုခရီးသြားတာမ်ိဳးက အေတာ္ေလးအႏၲရာယ္မ်ားတယ္မဟုတ္ဘူးလား?

ရွန႔္လင္ယြမ္းမွာ မေနနိုင္မထိုင္ျဖစ္ကာ သံသယစိတ္မ်ားတဖြားဖြားေပၚေပါက္လို႔လာသည္။

ဒီေသမ်ိဳးမိန္းကေလးက တကယ္ေတာ့ ေတြ႕ရခဲျမင္ရခဲတဲ့ အဆင့္ျမင့္ဆရာတစ္ဆူမ်ားလား?

“ဘာဆရာတစ္ဆူလဲ? ၾကည့္လိုက္တာနဲ႕ အဆင့္နိမ့္တဲ့ကုမၸဏီဝန္ထမ္းတစ္ေယာက္မွန္းသိသာေနတာပဲကို”

႐ႊမ္းက်ီးသည္ကား အေဒၚႀကီးမ်ားကိုကူညီေပးၿပီးသြားသည့္ေနာက္ ရွန႔္လင္ယြမ္း၏စိုးရိမ္ပူပန္မႈမ်ားကို ‘ၾကား’လိုက္ရေသာအခါဝယ္ သူ႕အၾကည့္မ်ားအတိုင္းလိုက္၍ၾကည့္ရႈလိုက္ေလသည္။

အလုပ္မွအနားယူၿပီးသြားေသာ အေတြ႕အႀကဳံရွိကုမၸဏီဝန္ထမ္းေဟာင္းတစ္ေယာက္၏ေလသံမ်ိဳးျဖင့္ သူကေျပာလိုက္သည္။

“အလုပ္ခရီးကိုတစ္ေယာက္တည္းပဲသြားရတယ္…လာႀကိဳေပးမယ့္လူလည္းတစ္ေယာက္မွမရွိဘူး….၂၄/၇ အလုပ္လုပ္ရတဲ့အျပင္ ညဘက္မွာပါခရီးထြက္ရေသးတယ္၊ ညေလယာဥ္ေတြက ေဈးသက္သာတယ္ေလ…ဪ…ညေလယာဥ္ဆိုတာ ညဉ့္နက္သန္းေခါင္အခ်ိန္မွထြက္တဲ့ေလယာဥ္ေတြကိုေျပာတာ__ေလယာဥ္ဆိုတာကို လူႀကီးမင္းသိတယ္မဟုတ္လား? ကြၽန္ေတာ္တို႔ ဒီကိုလာတုန္းက စီးလာတဲ့ဟာေလ”

ေအးစိမ့္ေသာညဉ့္ေလျပည္ေလညင္းတို႔ၾကား၌ အႏွီမိန္းမပ်ိဳေလးမွာ  ဟိုတယ္အေပါက္ဝ၌ အတုန္တုန္အယင္ယင္ျဖင့္ ရပ္ေနရွာၿပီး သူမ၏ပုံစံကိုၾကည့္ရသည္မွာလည္း သဘာဝလြန္ထူးျခားစြမ္းရည္မ်ားရွိေနပုံမရပါေခ်။ ေခတၱခဏၾကာေသာ္ အဝါေရာင္ကားတစ္စီးဆိုက္ေရာက္လာသည္။ သူမက လက္ကိုေဝွ႕ယမ္းကာ တားလိုက္ၿပီးေသာ္ စကားတစ္ခြန္းမွမေျပာသလို ဘာကိုမွလည္းဂ႐ုမစိုက္ဘဲ ကားေပၚသို႔ေစြ႕ခနဲတက္သြားေလေတာ့သည္။

ေသမ်ိဳးေလာကႀကီး၏သက္ဝင္တက္ႂကြလႈပ္ရွားမႈမ်ားျဖင့္ မွိုင္းတိုက္ခံလိုက္ရၿပီးသည့္ေနာက္တြင္ေတာ့ အႏွီမိစာၦအိုႀကီး၏ေသြးဆာမႈမ်ားႏွင့္ ရန္လိုစိတ္မ်ားက အတန္ငယ္ေလ်ာ့ပါးသြားၿပီျဖစ္ေၾကာင္းကို ႐ႊမ္းက်ီးတစ္ေယာက္႐ုတ္တရက္သေဘာေပါက္သြားေလသည္။ ၎သည္ကား သူ၏ကိုယ္ပိုင္နယ္ေျမေဒသသို႔ျပန္လည္ေရာက္ရွိသြားေသာ သားရိုင္းတိရစာၦန္တစ္ေကာင္အလား၊ သူ၏လက္သည္းမ်ားႏွင့္အစြယ္မ်ားကိုျပန္လည္႐ုတ္သိမ္းလိုက္ၿပီး က်ိဳးေၾကာင္းဆီေလ်ာ္မႈမရွိသည့္ အေျပာင္းအလဲျမန္ေသာစိတ္ခံစားခ်က္မ်ားကိုဖိႏွိပ္ထိန္းခ်ဳပ္ထားလိုက္သလို သူ၏ကာကြယ္ေစာင့္ေရွာက္မႈအရိပ္အာဝါသေအာက္တြင္ရွိေနၾကသည့္ ႏြယ္ျမက္သစ္ပင္မ်ားကိုပါ ေရွာင္ကြင္းသြားလာေနေသာသားရိုင္းတစ္ေကာင္အျဖစ္ေျပာင္းလဲသြားေလေတာ့သည္။ သို႔ျဖစ္ရာ အႏွီအေဒၚႀကီးသည္ကား အေၾကာက္အလန႔္လုံးဝမရွိဘဲ သူ႕ထံသို႔ တန္းတန္းမတ္မတ္သြားေရာက္အကူအညီေတာင္းရဲတာကလည္း ထူးေတာ့မထူးဆန္းလွပါေခ်။

ထိုအခါမွသာလွ်င္ ‘လူသားဧကရာဇ္’ထံမွ စစ္မွန္ေသာခံစားခ်က္အနည္းငယ္ကို
႐ႊမ္းက်ီးတစ္ေယာက္နားလည္ခံစားလိုက္ရေလသည္။

“အဝါေရာင္ကားကို ‘အငွားယာဥ္’လို႔ေခၚတယ္”

႐ႊမ္းက်ီးမွာ မေနနိုင္မထိုင္နိုင္ျဖစ္စြာပင္ ေပါက္ေပါက္ေဖာက္ကာရွင္းျပလိုက္သည္။

“ယာဥ္ေမာင္းဆိုတဲ့လူက__ျမင္းလွည္းေမာင္းသမားနဲ႕အတူတူပဲ၊ လူေတြကိုသူတို႔သြားခ်င္တဲ့ေနရာကိုေခၚသြားေပးၿပီး ခရီးအကြာအေဝးေပၚမူတည္ၿပီးအခေၾကးေငြယူၾကတာေပါ့။ ကြၽန္ေတာ္အခါအခြင့္ႀကဳံရင္ လူႀကီးမင္းကိုတစ္ခါေလာက္အငွားယာဥ္နဲ႕ေခၚသြားေပးဦးမယ္….ပိရွ ဒီဘက္ႂကြပါ….ဟိုတယ္အိပ္ခန္းဆီကို ကြၽန္ေတာ္မ်ိဳးလမ္းျပေခၚေဆာင္သြားေပးပါ့မယ္”

ရွန႔္လင္ယြမ္းက သိခ်င္စိတ္ျဖင့္ေမးျမန္းလိုက္သည္။

“သူ မေၾကာက္ဘူးလား?.....အဲဒီေကာင္မေလးကေလ?”

“ေၾကာက္လည္း အသက္ရွင္ေနထိုင္ဖို႔အတြက္ လုပ္ရဦးမွာပဲေလ၊ ဒါေပမဲ့ တုံးခြၽမ္းရဲ႕ ျပည္သူ႕လုံၿခဳံေရးစနစ္က နာမည္ႀကီးပါတယ္ဗ်၊ ညဘက္ေလယာဥ္စီးရတဲ့ မေကာင္းတဲ့အခ်က္က အလုပ္အလြန္အကြၽံလုပ္ရလို႔ ကိုယ္အေလးခ်ိန္တက္လာတာကလြဲရင္ တျခားအႏၲရာယ္မရွိပါဘူး”

ရွန႔္လင္ယြမ္းမွာ အသံတိတ္ခ်ီးက်ဳးကာ အံ့ဩဆြံ႕အစြာျဖင့္ သက္ျပင္းတစ္ခ်က္ခ်လိဳက္မိေလသည္။ “ေကာင္းလိုက္တာ”

သူက ထပ္ေမးလာျပန္သည္။

“အခုက ဘယ္မင္းဆက္နဲ႕ဘယ္မ်ိဳးဆက္ကိုေရာက္ေနၿပီလဲ? အုပ္ခ်ဳပ္စိုးစံေနတဲ့သူကေရာ ဘယ္သူလဲ?”

“ဒီမွာ ဘာမင္းဆက္မွမရွိေတာ့ဘူး….ဘုရင္ေတြ ဧကရာဇ္ေတြဆိုတာလည္း ရာထူးကေနအနားယူသြားၿပီး အလုပ္အကိုင္ေျပာင္းသြားၾကၿပီ…ေဟး!”

သူတို႔စကားေျပာေနခိုက္မွာပင္ သူတို႔ကိုလာေရာက္ႀကိဳဆိုေပးေသာ ေဒသခံ DCO ဝန္ထမ္းတစ္ဦးသည္ကား အထုပ္ေပါင္းေျမာက္ျမားစြာကိုဆြဲကာ သူတို႔ရွိရာသို႔ေလွ်ာက္လွမ္းလာေနသည္။ သူတို႔အုပ္စုမွာ ‘ေလယာဥ္ပ်က္က်သည့္အထဲမွ အသက္ရွင္က်န္ရစ္ခဲ့သူမ်ား’ ကဲ့သို႔ႏွယ္ ႏြံအိုင္ထဲတြင္လည္း ရွစ္ပတ္ေလာက္ ဒလိမ့္ေကာက္ေကြးလူးလိမ့္ခဲ့ရသူမ်ားျဖစ္သည့္အတြက္ မည္သူတစ္ဦးတစ္ေယာက္ေသာ္မွ လူ႐ုပ္ေပါက္မေနေတာ့ပါေခ်။ သူတို႔ကိုလာႀကိဳၿပီး ေနရာထိုင္ခင္းစီစဥ္ေပးေသာဝန္ထမ္းသည္ကား အေတာ္ေလးကိုေစ့စပ္ေသခ်ာမႈရွိသူျဖစ္သည္။ သူတို႔အတြက္ လဲလွယ္ဝတ္ဆင္ရန္အဝတ္အစားမ်ားႏွင့္ေန႕စဥ္သုံးပစၥည္းမ်ားကိုယူလာေပး႐ုံသာမက
၂၄ နာရီဖြင့္ေသာစတိုးဆိုင္မွပင္ အသင့္စားပစၥည္းမ်ားကိုပါဆယ္ယူလာခဲ့ေပးေလသည္။

ဝန္ထမ္းေကာင္ေလးက ေျပာလာသည္။

“ဒီဟာေတြက ကြၽန္ေတာ္တို႔ မႏွစ္က အားကစားၿပိဳင္ပြဲလုပ္တုန္းက ဝယ္ထားခဲ့တဲ့အထဲက ပိုေနတဲ့ဝတ္စုံေတြပါ၊ အားလုံးကအသစ္ေတြပါပဲ၊ ဘယ္သူမွမဝတ္ရေသးပါဘူး၊ ဆရာတို႔လို ဌာနခ်ဳပ္ကလာတဲ့ အႀကီးအကဲေတြအတြက္ ပိုေကာင္းတာမ်ိဳးကိုဝယ္ေပးသင့္ပါတယ္၊ ဒါေပမဲ့ ဆရာတို႔ရဲ႕ခႏၶာကိုယ္အခ်ိဳးအစားကိုမသိေတာ့ ေတာ္ၾကာအဝတ္အစားေတြက မေတာ္မွာစိုးလို႔ပါ။ ဒါေတြအားလုံးကေတာ့ အားကစားဝတ္စုံေတြပါပဲ၊ ဒါေၾကာင့္ ဆိုဒ္အႀကီးအေသးျပႆနာမ်ိဳးေတြေတာ့ရွိမွာမဟုတ္ပါဘူး။ ဆရာတို႔ စိတ္မရွိပါနဲ႕ဗ်ာ”

“အားနာပါတယ္ဗ်ာ….အားနာပါတယ္၊ ကြၽန္ေတာ္တို႔ေၾကာင့္ ခင္ဗ်ားတို႔လည္း အလုပ္ရႈပ္သြားၿပီ…ပင္ပန္းသြားရၿပီ၊ ညနက္သန္းေခါင္အခ်ိန္ေရာက္ေနတာေတာင္ အလုပ္မဆင္းရေသးဘဲ ကြၽန္ေတာ္တို႔ေနာက္ကိုလိုက္လာေပးရတယ္”

႐ႊမ္းက်ီးက သူ႕ကိုလွိုက္လွိုက္လွဲလွဲေက်းဇူးတင္လိုက္ၿပီးေနာက္ ေၾကာင္အမ္းအမ္းျဖစ္ေနေသာ ရွန႔္လင္ယြမ္းကိုေခၚကာ အေပၚထပ္သို႔တက္သြားလိုက္ေလေတာ့သည္။

ရွန႔္လင္ယြမ္းသည္ကား ႐ႊမ္းက်ီး၏ဦးေႏွာက္အတြင္းမွေန၍ ေျပာင္းလဲသြားေသာေခတ္ကာလမ်ား၊ ရႈပ္ေထြးေပြလီလွေသာ ယေန႕ေခတ္လူမႈအသိုင္းအဝိုင္း၏စံႏႈန္းမ်ားႏွင့္ သူတစ္ႀကိမ္တစ္ခါမွမၾကားဖူးခဲ့ေသာ ကမာၻ႔ေျမပုံမ်ားကိုျမင္ေတြ႕ခဲ့ရေလရာ ၎မွာ ၾကည့္ရႈ၍ပင္မဝနိုင္ေအာင္ျဖစ္ခဲ့ရေလသည္။

႐ႊမ္းက်ီးက ကိုကာကိုလာဘူးတစ္ဝက္ေလာက္ကို တစ္က်ိဳက္တည္းေမာ့ခ်လိဳက္ၿပီး ေက်နပ္အားရဟန္ျဖင့္သက္ျပင္းတစ္ခ်က္ခ်ကာေျပာလာသည္။

“ကြၽန္ေတာ္ ေအးခဲၿပီး စားစရာေသာက္စရာမရွိ ငတ္ျပတ္ေနတဲ့အခ်ိန္တုန္းက ကြၽန္ေတာ့္လိုလမ္းေဘးေခြးတစ္ေကာင္ရဲ႕အသက္ကို အဲဒီခ်စ္ဖို႔ေကာင္းတဲ့လုပ္ေဖာ္ကိုင္ဖက္ေတြကပဲကယ္တင္ေပးခဲ့တာေလ__ပိရွ…ဒါကိုေသာက္ၾကည့္မလား?”

ရွန႔္လင္ယြမ္းခမ်ာ တုံ႕ျပန္ခ်ိန္မရလိုက္ခင္မွာပင္ ကိုလာတစ္ဘူးအား သူ႕လက္ထဲသို႔အတင္းထိုးထည့္ေပးျခင္းခံလိုက္ရရွာသည္။ ၎မွာ ပူစီေဖာင္းမ်ားပလုံစီထေနေသာ အနက္ေရာင္ေရဘူးတစ္ဘူးကို တည္ၿငိမ္ေလးနက္စြာစူးစိုက္ၾကည့္ရႈေနမိေလသည္။

ပိရွသည္ကား ဆူညံပြက္ေလာရိုက္ေနေသာ ကမာၻေလာကႀကီးေပၚသို႔ သက္ဆင္းေရာက္ရွိလာၿပီးေနာက္ *‘ဝၿဖိဳးေစေသာေပ်ာ္႐ႊင္မႈအရည္’ကို ပထမဆုံးအႀကိမ္အျဖစ္ တစ္ငုံေသာက္သုံးခဲ့ရၿပီးေနာက္တြင္မူ ေနာက္တစ္ႀကိမ္ ထို႔ထက္ပို၍ျမင့္မားနိုင္ေတာ့မည္မဟုတ္ေသာ လူေနမႈအဆင့္အတန္းတစ္ခုတြင္ အေျခက်သြားသလိုခံစားလိုက္ရေလေတာ့သည္။

(*ကိုကာကိုလာအခ်ိဳရည္ကိုကိုယ္စားျပဳသုံးႏႈန္းတဲ့ တ႐ုတ္အင္တာနက္ဗန္းစကားတစ္မ်ိဳးပါ)

“လူႀကီးမင္းက ကြၽန္ေတာ့္ရဲ႕ဓားဝိညာဥ္ဆိုၿပီး သူမ်ားေတြကို ကြၽန္ေတာ္ေျပာထားတာမို႔လို႔ ပိရွက ဒီတစ္ညေတာ့ ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်ထားၿပီး ကြၽန္ေတာ္နဲ႕အတူလိုက္အိပ္ေပးမွျဖစ္ပါလိမ့္မယ္။ က်န္တဲ့ကိစၥေတြကိုေတာ့ ေနာက္မွဆက္ေျပာၾကတာေပါ့”

႐ႊမ္းက်ီးက သူ႕ကို (၃၁) ထပ္သို႔ေခၚေဆာင္သြား၏။

ဟိုတယ္၏ပုံစံသည္ကား မၾကာေသးခင္ကမွခ်မ္းသာလာေသာ သူ႒ေးသားလက္သစ္တစ္ေယာက္၏ ကာရာအိုေကခန္းမေဆာင္တစ္ခုႏွင့္တူေနၿပီး အျပင္အဆင္က ေတာဆန္ေနသည့္တိုင္ ပရိေဘာဂပစၥည္းမ်ားမွာေတာ့ အေတာ္ေလးျပည့္စုံေကာင္းမြန္လွသည္။ စၾကၤံေလွ်ာက္လွမ္းတစ္ေလွ်ာက္လုံးကိုလည္း သပ္ရပ္သန႔္ရွင္းေနေအာင္လွည္းက်င္းထားၿပီး ေလထုအတြင္းပ်ံ့လြင့္ေနေသာ ပန္းရနံ႕မ်ားမွာလည္းမျပင္းလြန္းမေပ်ာ့လြန္းဘဲ အေနေတာ္ပင္ျဖစ္သည္။ သူတို႔ဓာတ္ေလွကားထဲမွထြက္လာသည္ႏွင့္ ‘ႏွင္းထုမ်ားကိုအံတုကာပြင့္လန္းေနေသာ ေအးစက္စက္ပန္းပြင့္ေလး’ ဟူသည့္ပန္းခ်ီကားခ်ပ္ကို မ်က္စိေရွ႕တြင္တန္းတန္းမတ္မတ္ျမင္ေတြ႕လိုက္ရေလသည္။ သူတို႔၏ဦးေခါင္းေပၚတြင္မူ မ်က္စိက်ိန္းေလာက္ဖြယ္ မီးဆိုင္းႀကီးတစ္ခုကိုခ်ိတ္ဆြဲထားသည္။ ရွန့္္လင္ယြမ္းတစ္ေယာက္ အသံကိုစုပ္ယူနိုင္ေသာေကာ္ေဇာေပၚမွ သတိထား၍ေလွ်ာက္လွမ္းေနစဥ္မွာပင္ သူ႕စိတ္ထဲ၌ေတြးေနသည့္စကားမ်ားကို ႐ႊမ္းက်ီးၾကားလိုက္ရသည္။

“ပိုင္ရွင္ျဖစ္သူက ဒီေနရာကို ေသေသခ်ာခ်ာထိန္းသိမ္းေစာင့္ေရွာက္ထားတာပဲ…ေျပာစရာရွိတာဆိုလို႔…ဒီတစ္ဆင့္ခံရပ္နားစခန္းမွာရွိတဲ့ အခန္းေတြက တစ္ခန္းနဲ႕တစ္ခန္းအေတာ္နီးကပ္ေနတာေလးတစ္ခုပဲ” 

ဟိုတယ္အခန္းမ်ားသည္ကား အတိုင္းအတာတစ္ခုအထိအသံလုံေသာအခန္းမ်ားပင္ျဖစ္သည္။ ရွန႔္လင္ယြမ္း၏အၾကားစြမ္းရည္ေၾကာင့္ ၎မွာ ဓာတ္ေလွကားအတြင္းမွထြက္မလာရေသးခင္မွာပင္ အနီးနားတြင္ရွိေသာအခန္းမ်ားထဲမွ ဆူညံပြက္ေလာရိုက္ေနသံမ်ားကိုၾကားေနရၿပီျဖစ္သည္။

အခန္းတစ္ခန္းအတြင္း၌ မဟာပထဝီေျမႀကီးကိုတုန္ဟီးသြားေစနိုင္ေသာ ေဟာက္သံမ်ားထြက္ေပၚလို႔ေနသည္။ ထိုသူမွာ အသက္ရႉရာ၌အခက္အခဲရွိေနပုံရၿပီး တစ္ခါတရံ စကၠန႔္မ်ားစြာတိုင္ေအာင္ အသက္ရႉရပ္တန႔္သြားတတ္သည္။ မသိလွ်င္ အခ်ိန္မေ႐ြးအသက္ရႉရပ္ကာေသဆုံးသြားေတာ့မည့္အလား။

ေနာက္တစ္ခန္းတြင္မူ လူတစ္စုသည္ကား ဘာမွန္းမသိေသာကစားနည္းတစ္မ်ိဳးကိုကစားေနၾကၿပီး ရယ္လိုက္ေမာလိုက္ျဖင့္ ဆူညံပြက္ေလာရိုက္ေနၾက၏။ မိုးလင္းခါနီးအခ်ိန္သို႔ေရာက္လာေတာ့မည့္တိုင္ေအာင္ ၎တို႔မွာအိပ္ရာဝင္ခ်င္သည့္ပုံမေပၚေသးေပ။

ထို႔ေနာက္ သူ၏ညာဘက္ျခမ္းတြင္ရွိေသာအခန္းတစ္ခန္းထဲတြင္မူ ေနာက္မီးလင္းေနေသာစုံတြဲတစ္တြဲမွာ ပ်ားပန္းခတ္မွ်အလုပ္မ်ားလ်က္ရွိေနသည္။ ၎တို႔သည္ကား တစ္ဖက္တြင္လုပ္စရာရွိေသာကိစၥမ်ားကိုလုပ္ကိုင္ေနသလို တစ္ဖက္တြင္လည္းအေတာမသတ္နိုင္ေအာင္စကားမ်ားေနၾကျပန္သည္။ ပိရွမွာ အမ်ားသုံးဘာသာစကားကို သင္ယူေလ့လာေနဆဲျဖစ္သည့္အတြက္ သူ၏နားေထာင္မႈစြမ္းရည္မွာ သာမန္အဆင့္မွ်သာရွိေနေသးသည္။ သူတို႔ဘာေတြေျပာေနၾကသလဲဆိုသည္ကို သူအတိအက်နားမလည္ေသာ္ျငား ၾကားရသေလာက္ကိုခန႔္မွန္းသုံးသပ္ၾကည့္လိုက္ပုံအရေတာ့ ထိုသူႏွစ္ေယာက္မွာ သူတို႔၏ပထမအိမ္ေထာင္ဖက္ကိုအဆိပ္ခတ္သတ္ရန္ေဆြးေႏြးတိုင္ပင္ေနသည့္ပုံပင္။

သူႏွင့္အာ႐ုံခံစားမႈႏွင့္စိတ္အာ႐ုံခ်င္းတစ္ပိုင္းတစဆက္ႏႊယ္ေနေသာ ႐ႊမ္းက်ီးမွာ အဆိုပါ ‘တိုက္ရိုက္ထုတ္လႊင့္မႈမ်ား’ ကိုမၾကားခ်င္လည္းၾကားေနရရွာသည္။ အခန္းတံခါးကိုဖြင့္ရန္ အခန္းကတ္ကိုပြတ္ဆြဲလိုက္ေသာ သူ၏လက္တစ္ဖက္သည္ပင္ ကတုန္ကယင္ျဖစ္သြားရွာ၏။

“ပိရွ…ဒီဘက္ကိုျမန္ျမန္ေလးေလွ်ာက္လာခဲ့ပါ!”

ဘာလို႔ဒီေလာက္ေတာင္စပ္စုေနရတာလဲ? သူမ်ားအေၾကာင္းကို ခိုးနားေထာင္ေနရင္း နားထဲမွာ အနာစိမ္းေပါက္လာမွာ မေၾကာက္ဘူးလား?

ယခင္ဘဝတုန္းက သူ၏အလုပ္အကိုင္ေၾကာင့္လားမသိ၊ ရွန႔္လင္ယြမ္းသည္ကား မည္သည့္အရာမ်ားကိုျမင္ေတြ႕လိုက္ရသည္ပင္ျဖစ္ေစ သူ၏တည္ၿငိမ္ေအးေဆးေသာအမူအရာမွာ ဘယ္ေသာအခါမွပ်က္ယြင္းသြားသည္မရွိ။ သူ႕မ်က္ႏွာမွာေလးနက္တည္ၾကည္ေနဆဲျဖစ္သလို ထိတ္လန႔္အံ့ဩေနေသာအရိပ္အေယာင္တစြန္းတစမွ ထြက္ေပၚလာျခင္းမရွိပါေခ်။ အကယ္၍ သူတို႔ႏွစ္ေယာက္ၾကားတြင္ခ်ိတ္ဆက္ထားေသာ ‘Bluetooth’ ဆက္သြယ္မႈေၾကာင့္သာမဟုတ္ပါက ႐ႊမ္းက်ီးခမ်ာ အ႐ူးလုပ္ခံလိုက္ရသလိုေတာင္ခံစားလိုက္ရေပလိမ့္မည္။

အႏွီပိရွ၏ ပတ္ဝန္းက်င္ႏွင့္လိုက္ေလ်ာညီေထြျဖစ္ေအာင္က်င့္သုံးေနထိုင္နိုင္စြမ္းသည္ကား အေတာ္ေလးကိုပါးစပ္အေဟာင္းသားျဖစ္ေလာက္စရာပင္ျဖစ္သည္။ အခန္းတြင္းသို႔ဝင္လာၿပီးသည့္ေနာက္တြင္ ၎မွာ တည္ၿငိမ္ေအးေဆးစြာပင္ အခန္းထဲရွိအရာဝတၳဳတစ္ခုခ်င္းစီတိုင္းကို လိုက္လံထိေတြ႕လို႔ေနသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပင္ အရာဝတၳဳတစ္ခုခ်င္းစီတိုင္း၏အသုံးျပဳပုံကို ခန႔္မွန္းတြက္ဆေနျပန္သည္။

၎သည္ကား အခ်ိဳ႕ေသာအရာမ်ားမွလြဲ၍ ပစၥည္း (၁၀) မ်ိဳးတြင္ (၈) မ်ိဳး (၉) မ်ိဳးေလာက္ကို အမွန္တကယ္ပင္ မွန္ကန္စြာခန႔္မွန္းနိုင္ေလသည္__

“ဒါက ဆပ္ျပာတုံး…လက္ေဆးဖို႔အတြက္သုံးတာ….အခ်ိဳတည္းစရာမဟုတ္ဘူး”

“နံရံေပၚက မီးအိမ္ေတြက….ဘာမွမဟုတ္ပါဘူး….သူတို႔ကအေတာ္ေလးေဘးကင္းစိတ္ခ်ရပါတယ္…အိမ္တိုင္းအိမ္တိုင္းမွာ ဒါမ်ိဳးေတြပဲသုံးၾကတာ၊ ဒါက မိုးႀကိဳးလွ်ပ္စီးအစီအရင္လိုမ်ိဳးမဟုတ္ဘူး…ေရွာင္းက်န္းရဲ႕မႏၲန္ေတြလိုမ်ိဳးလဲမဟုတ္ဘူး၊ မ်ားေသာအားျဖင့္ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံကေန ျဖန႔္ျဖဴးေပးလာတဲ့လွ်ပ္စစ္ဓာတ္နဲ႕လုပ္ထားတာ”

“ဒါက အဲကြန္းက ေလထြက္တဲ့အေပါက္….အဲဒါကိုပိတ္ထားစရာမလိုဘူး…ဘယ္သူမွ ေလထဲမွာအဆိပ္လာမခတ္ဘူး”

“ဒီပိုက္ေခါင္းထဲကထြက္လာတဲ့ေရက ေသာက္လို႔မရဘူး….မသန႔္ဘူး”

ရွန႔္လင္ယြမ္းမွာ ပိုက္ေခါင္းထဲမွက်ဆင္းလာေသာေရမ်ားကို လက္ခုပ္ျဖင့္ခံလိုက္ရင္းက သူ႕လက္ေခ်ာင္းမ်ားၾကားထဲမွေအာက္သို႔စိမ့္ထြက္က်ဆင္းသြားေသာ ၾကည္လင္ေအးျမသည့္ေရမ်ားကို အံ့အားသင့္စြာေငးၾကည့္ေနလ်က္ စိတ္ထဲ၌ေတြးလိုက္သည္။ ဒီလိုေရမ်ိဳးက မသန႔္ရွင္းဘူးဆိုရင္ ဘယ္လိုေရကမွသန႔္ရွင္းတယ္လို႔ေျပာလို႔ရမွာလဲ?....အနည္းဆုံးေတာ့ ဒီေရထဲမွာ ေဆးအရသာမ်ိဳးရွိမေနဘူးေလ။

႐ႊမ္းက်ီး : “လူႀကီးမင္း ဒါက ကြၽန္ေတာ္တို႔ရဲ႕ေပ်ာ္႐ႊင္မႈအခ်ိဳရည္ကို ေစာ္ကားေနတာမဟုတ္ဘူးလား?”

သူကေျပာရင္းဆိုရင္းမွာပင္ ေနာက္ထပ္ ၾကက္ေၾကာ္ထုပ္တစ္ထုပ္ကိုဖြင့္ေဖာက္လိုက္သည္။ စူးရွျပင္းထန္ေသာေမႊးရနံ႕တစ္မ်ိဳးက အခန္းတြင္းသို႔အတားအဆီးမဲ့စြာတိုးဝင္ပ်ံ့ႏွံ႕လာ၏။ ရွန႔္လင္ယြမ္းသည္ကား အစာငမ္းသူတစ္ေယာက္မဟုတ္ေစကာမူ သူ၏အာ႐ုံမွာ ယေန႕ေခတ္အသင့္စားအစားအေသာက္မ်ားေပၚသို႔စူးစိုက္က်ေရာက္သြားရွာဆဲျဖစ္သည္။

၎မွာ ဓားထဲတြင္ရွိေနစဥ္အခါက ႐ႊမ္းက်ီးတစ္ေယာက္ သူ႕အိမ္၌ထမင္းခ်က္ျပဳတ္စားေသာက္ပုံကိုျမင္ေတြ႕ရခ်ိန္၌ အႏွီေကာင္ေလးမွာ စဥ္းစားေတြးေတာၾကည့္လို႔ေတာင္မရသည္အထိ ထမင္းတစ္လုပ္ကိုအေတာ္ေလးအကုန္က်ခံစြာျပင္ဆင္စားေသာက္တတ္သည္ဟုထင္မွတ္ခဲ့ဖူး၏။ ထိုအခ်ိန္၌ သူေတြးလိုက္မိသည္မွာ အႏွီမိစာၦေကာင္ေလးသည္ကား ရွားပါးေသာေမြးရာပါဝိညာဥ္သတၱဝါတစ္ေကာင္ျဖစ္သည့္အျပင္ တမူထူးျခားေသာစြမ္းရည္မ်ားကိုလည္းပိုင္ဆိုင္ထားသူျဖစ္သည့္အေလ်ာက္ ပုံမွန္အားျဖင့္ သူ၏ေနထိုင္မႈပုံစံသည္ကား တစ္မ်ိဳးတစ္ဖုံ ‘ကိန္းႀကီးခန္းႀကီး’ နိုင္လြန္းသည္ဟုထင္ခဲ့တာျဖစ္သည္။ အခုခ်ိန္မွသာလွ်င္ အဆိုပါ ‘အသုံးအျဖဳန္းႀကီးၿပီးလက္ဖြာေသာ’ အက်င့္စရိုက္မ်ားသည္ကား ဤေနရာရွိလူမ်ားအတြက္ေတာ့ မထူးဆန္းေသာအရာတစ္ခုသာျဖစ္ေၾကာင္း သူခပ္ေရးေရးသေဘာေပါက္သြားေလေတာ့သည္။

ဆီမ်ားျဖင့္ျပည့္ဝေနေသာအသားတုံးမ်ားမွာ စနစ္တက်မရွိဘဲ ျဖစ္သလိုစုပုံထား၏။ အနားတြင္ တူမ်ား၊ ပန္းကန္ခြက္ေယာက္မ်ားလည္းမရွိပါေခ်။ အသားတုံးမ်ားကို ေရာင္စုံအေရျပားလႊာတစ္လႊာျဖင့္ထုပ္ပိုးထားၿပီး ႐ႊမ္းက်ီးက ထိုအရာကိုဆုတ္ၿဖဲလိုက္ကာ ေဘးသို႔ပစ္ခ်ထားလိုက္သည္။

ရွန႔္လင္ယြမ္းသည္ကား ေသေသခ်ာခ်ာအနီးကပ္ၾကည့္ရႈလိုက္ေသာအခါဝယ္ ထို ‘အေရျပားလႊာ’ ေပၚတြင္ စာလုံးမ်ားေရးသားထားသည္ကို တအံ့တဩေတြ႕ျမင္လိုက္ရေလသည္!

သူအသက္ရွင္ေနထိုင္လာခဲ့ရေသာေခတ္ကာလတြင္ စာ႐ြက္ဟူေသာပစၥည္းမ်ိဳးမရွိေသးပါေခ်။ စကားလုံးမ်ားကို ဝါးပုရပိုက္မ်ားႏွင့္ေက်ာက္သားေက်ာက္တိုင္မ်ားေပၚ၌ ေရးထြင္းရျခင္းသည္ပင္ အေတာ္ေလးကိုေလးစားဂုဏ္ယူစရာေကာင္းေသာလုပ္ရပ္တစ္ခုျဖစ္ေလသည္။ သစ္႐ြက္မ်ားေပၚ၌စာေရးသားတတ္ၾကေသာ နတ္ဆရာမ်ားသည္ပင္ သူတို႔၏မွတ္တမ္းမွတ္ရာမ်ားကိုေရးသားထားၾကေသာ အဆိုပါသစ္႐ြက္မ်ားကို အဖိုးတန္ရတနာပစၥည္းမ်ားသဖြယ္သေဘာထားၾကတာျဖစ္သည္။ သို႔ေပသိ ဤလူမ်ားကမူ ထိုအရာမ်ားအား ပိုလွ်ံေသာအဆီမ်ားကိုသုတ္ပစ္နိုင္သည့္ အစားအေသာက္ထုပ္ပိုးေသာအရာအျဖစ္အသုံးျပဳေနၾကတာပဲ!

ရွန႔္လင္ယြမ္းမွာ သူ႕ပါးစပ္ကိုဖြင့္ဟၿပီး မွတ္ခ်က္မျပဳရေသးခင္မွာပင္ မ်က္ေမွာင္ၾကဳတ္ကာ စိတ္ထဲ၌ေတြးေတာလိုက္သည္။

“တျခားေနရာမွာ အသုံးအျဖဳန္းႀကီးၿပီးလက္ဖြာတာကေတာ့ ထားလိုက္ပါေတာ့။ ဒါေပမဲ့ ဒါကေတာ့ အေတာ့္ကိုသင့္ေလ်ာ္မႈမရွိတဲ့လုပ္ရပ္ပဲ”
  
႐ႊမ္းက်ီး : “…..”

“ကြၽန္ေတာ္တို႔ဆီက ဆီသုတ္စကၠဴေတြေပၚမွာ စာလုံးေတြေရးသားထား႐ုံတင္မကဘူး…ဟိုဟာေတြကိုသုတ္ရတဲ့ အိမ္သာသုံးစကၠဴေတြေပၚမွာလည္း စာလုံးေတြေရးထားတာမ်ိဳးရွိတာပဲ။ ဒီပစၥည္းေတြအားလုံးက အေျမာက္အျမားထုတ္လုပ္လို႔ရတဲ့ပစၥည္းေတြပဲ…ဇိမ္ခံပစၥည္းမ်ိဳးမဟုတ္ဘူး၊ ေနာက္မွပဲ ကြၽန္ေတာ္အားလုံးကို အေသးစိတ္ရွင္းျပပါ့မယ္”

႐ႊမ္းက်ီးခမ်ာ အေစာႀကီးကတည္းက ဗိုက္ဆာလြန္းသျဖင့္ ရင္ဘတ္ႏွင့္ေက်ာျပင္ကပ္ေနၿပီျဖစ္သည္။

“ဒါနဲ႕ ပိရွေရာ ဗိုက္မဆာဘူးလားဗ်?”

ရွန႔္လင္ယြမ္းသည္ကား ေဆးဝါးရနံ႕မ်ားရေနေသာ အႏွီ ‘ေပ်ာ္႐ႊင္မႈအခ်ိဳရည္’ အေၾကာင္းကိုစဥ္းစားလိုက္မိၿပီးေနာက္ မိမိကိုယ္ကိုအခက္ေတြ႕ေအာင္မလုပ္ရန္ဆုံးျဖတ္လိုက္၏။ သူက ေအးေဆးတည္ၿငိမ္စြာပင္ ေခါင္းကိုခါယမ္းျပလာသည္။

“အာ…ေက်းဇူးတင္ပါတယ္၊ ငါက ဥပုသ္ေစာင့္ထားလို႔ပါ…မစားေတာ့ပါဘူး…ဒါေပမဲ့ မင္းက….”

အႏွီမိစာၦေလးသည္ကား အေတာင္ပံလည္းရွိသလို ပ်ံလည္းပ်ံသန္းတတ္သူျဖစ္သည္။ ၎မွာ ေသခ်ာေပါက္ကို အေတာင္ပါေသာမ်ိဳးႏြယ္စုတစ္စုမွဆင္းသက္ေပါက္ဖြားလာသူတစ္ဦးျဖစ္နိုင္သည္ေလ။ သူက ဒီလိုဟာေတြကိုစားေနတာက….

႐ႊမ္းက်ီးသည္ကား ‘မိမိ၏မ်ိဳးႏြယ္စုကိုထိခိုက္နာက်င္ေစေသာလုပ္ရပ္’ အေပၚ၌ နည္းနည္းေလးမွပင္ ေနာင္တရေနဟန္မရွိဘဲ ၾကက္ေတာင္ပံကို တစ္ဝက္တိတိ ကိုက္လိုက္ရင္း ႏူးညံ့ေပ်ာ့ေပ်ာင္းျခင္းမရွိေသာစကားလုံးမ်ားျဖင့္ေမးျမန္းလိုက္သည္။

“အာ? ဒါေတြကိုစားေတာ့ ဘာျဖစ္လို႔လဲဗ်?”

အဆိုပါအဝါေရာင္အေရျပားလႊာမ်ားကို မည္ကဲ့သို႔ႂကြတ္႐ြေနေအာင္ျပဳလုပ္ထားသည္မသိ၊ သူ ကိုက္ဝါးေနခ်ိန္တိုင္းတြင္ ထြက္ေပၚလာသည့္ တဂြၽတ္ဂြၽတ္ျမည္သံမ်ားေၾကာင့္ ရွန႔္လင္ယြမ္း၏နားထဲတြင္ ႂကြက္မ်ားဝင္၍ဆူညံပြက္ေလာရိုက္ေနသည့္အလား ခံစားလိုက္ရေလေတာ့သည္။

“…..ဘာမွမျဖစ္ပါဘူး”

လူတစ္ေယာက္အစာစားေနတာကို စူးစိုက္ၾကည့္ရႈေနျခင္းမွာ မသင့္ေတာ္ေသာအျပဳအမူျဖစ္သည္ဟုေတြးေတာလိုက္ၿပီးေနာက္တြင္မူ ပိရွသည္ကား အၾကည့္လႊဲလိုက္ကာ အနီးပတ္ဝန္းက်င္ရွိျမင္ကြင္းမ်ားကိုသာစူးစမ္းေလ့လာၾကည့္ရႈလိုက္ေလသည္။

အခန္းမွာေသးငယ္လွၿပီး ‘စံခ်ိန္မီအခန္း’တစ္ခန္းျဖစ္သည္။ အခန္းထဲသို႔ဝင္လာလွ်င္ဝင္လာခ်င္းမွာပင္ ႏွင္းတမွ်ဆြတ္ဆြတ္ျဖဴေဖြးေနေသာ တစ္ေယာက္အိပ္ကုတင္ႏွစ္လုံးကိုေတြ႕ရမည္ျဖစ္သည္။ ေမြ႕ယာမ်ားမွာ ႏူးညံ့ေပ်ာ့ေပ်ာင္းလွၿပီး ၿခဳံေစာင္ႏွင့္ေခါင္းအုံးမ်ားမွာလည္း သန႔္ရွင္းစင္ၾကယ္လွေပသည္။ ရွန႔္လင္ယြမ္း၏စံႏႈန္းမ်ားအတိုင္း သုံးသပ္အကဲျဖတ္ၾကည့္မည္ဆိုပါက ထိုအခန္းမွာ လုံးဝကိုစုတ္တီးစုတ္ပဲ့ျဖစ္ေနတာမ်ိဳးေတာ့မဟုတ္ပါေခ်။ သို႔ေပသိ ကုတင္ေပၚ၌ ခန္းဆီးလိုက္ကာေလးတစ္ခုတေလေတာင္ တပ္မထားသည္ကေတာ့ အေတာ့္ကိုအေျမာ္အျမင္နည္းပါးရာက်လြန္းသည္။

ၾကမ္းျပင္ကိုထိစပ္ေနေသာမွန္ျပတင္းမ်ားမွာေတာ့ အေသပိတ္ထားတာျဖစ္ၿပီး ခန္းဆီးလိုက္ကာမ်ားကိုမူ ေဘးတစ္ဖက္သို႔ဆြဲသိမ္းထားသည္။ ဤအထပ္သည္ကား (၃၁) ထပ္ေျမာက္အထပ္ျဖစ္သည္။ ျပတင္းေပါက္နား၌ မတ္တပ္ရပ္ၾကည့္လိုက္မည္ဆိုပါက အေဝးတစ္ေနရာတြင္ရွိေနၾကေသာ ေထာင္ေသာင္းမကေသာ တိုက္တာအိမ္ရာမ်ားဆီမွ မွိတ္တုတ္မွိတ္တုတ္လင္းေနေသာမီးအလင္းေရာင္မ်ားကိုေတြ႕ျမင္နိုင္ေပသည္။ ခ်ိယြမ္းရွိၿမိဳ႕ငယ္ေလးႏွင့္မတူသည့္အခ်က္မွာ တုံးခြၽမ္း၏ညအခါသမယသည္ကား နီယြန္မီးေရာင္မ်ားျဖင့္ျပည့္ႏွက္လို႔ေနကာ ေကာင္းကင္ထက္ရွိၾကယ္တာရာအစုအဖြဲ႕မ်ားသည္ပင္ အေရာင္မွိန္ေဖ်ာ့သြားရသေယာင္။ ၿမိဳ႕မွာ ေတာင္ကိုအမွီျပဳကာဖြဲ႕စည္းတည္ေဆာက္ထားျခင္းျဖစ္ၿပီး ေျမျပင္တစ္ေလွ်ာက္တည္ေဆာက္ထားေသာ အထပ္ျမင့္အေဆာက္အဦးေပါင္းမ်ားစြာတို႔မွာလည္း ရင္သတ္ရႈေမာစရာေကာင္းေလာက္ေအာင္ ခန႔္ညားတင့္တယ္လွပလ်က္ရွိေနၾကသည္။ လူသြားလမ္းမႀကီးမ်ားႏွင့္ခုံးေက်ာ္တံတားမ်ားမွာလည္း တစ္ခုႏွင့္တစ္ခုေရာေထြးယွက္ျဖာေနလ်က္ရွိကာ လမ္းတစ္ေလွ်ာက္လုံးတြင္အစီအရီထြန္းလင္းေနၾကေသာ မိုးထိေအာင္ျမင့္မားလွသည့္လမ္းမီးတိုင္မ်ားေၾကာင့္ လမ္းမ်ား၏ေကာက္ေၾကာင္းပုံရိပ္မွာေပၚလြင္ထင္ရွားလာေလသည္။ ထိုျမင္ကြင္းကိုျမင္ရသူအဖို႔ ေခါင္းမ်ားပင္မူးေနာက္သြားနိုင္၏။

ညဉ့္အေတာ္နက္ေနၿပီျဖစ္သလို ျမဴႏွင္းမ်ားလည္းသည္းထန္စြာက်ဆင္းလို႔ေနသည္။ ကားလမ္းမ်ားမွာ လမ္းမပိတ္ေတာ့သည့္တိုင္ လမ္းမမ်ားေပၚတြင္ေတာ့ လမ္သြားလမ္းလာမ်ားျဖင့္ျပည့္ႏွက္ေနဆဲျဖစ္သည္။

ဟိုတယ္ေအာက္ထပ္တြင္ ျပဇာတ္႐ုံတစ္႐ုံရွိသည္။ ျပဇာတ္ သို႔မဟုတ္ ေဖ်ာ္ေျဖပြဲတစ္ပြဲရွိပုံရၿပီး ညဉ့္အေတာ္နက္ခ်ိန္မွပင္ ပြဲၿပီးဆုံးသြားသည့္အတြက္ ဇာတ္႐ုံအတြင္းမွ လူအုပ္ႀကီးမ်ားအလုံးအရင္းျဖင့္ထြက္လာၾကေလသည္။ လမ္းေဘးဝဲယာတစ္ေလွ်ာက္တြင္ မီးအလင္းေရာင္ထြက္ေသာဆိုင္းဘုတ္မ်ားကိုေဝွ႕ယမ္းကိုင္ေဆာင္ထားၾကေသာ မိန္းကေလးမ်ားျဖင့္ျပည့္ႏွက္သြား၏။ အႏွီသုံးေယာက္တစ္စု ငါးေယာက္တစ္စုျဖင့္ထြက္လာေသာ မိန္းကေလးမ်ားသည္ကား ေပ်ာ္႐ႊင္ျမဴးတူးစြာခုန္ေပါက္ေနၾကေလသည္။

ရွန႔္လင္ယြမ္းမွာ မေနနိုင္မထိုင္နိုင္ျဖစ္စြာပင္ ျပတင္းေပါက္နားသို႔တိုးကပ္သြားလိုက္ၿပီး နီယြန္မီးေရာင္ေအာက္ရွိလူအုပ္ႀကီးကို စူးစိုက္ၾကည့္ရႈေနလိုက္သည္။

၎မွာ ျပတင္းေပါက္အျပင္ဘက္သို႔ၾကည့္ေနခ်ိန္တြင္ ႐ႊမ္းက်ီးသည္ကား သူ၏ေနာက္ေက်ာပုံရိပ္ေလးကိုၾကည့္ရႈလို႔ေနသည္။ ထိုခဏ၌ ရွန႔္လင္ယြမ္း၏တည္ၿငိမ္ေအးခ်မ္းေနေသာအသိစိတ္အာ႐ုံထဲတြင္ ပထမဆုံးအႀကိမ္အျဖစ္ အျပဳသေဘာေဆာင္ေသာခံစားခ်က္မ်ားေပါက္ဖြားလာေၾကာင္း ႐ႊမ္းက်ီးသုံးသပ္ခြဲျခားလိုက္နိုင္သည္။

သို႔ေသာ္ ထိုခံစားခ်က္မ်ားကို ေပ်ာ္႐ႊင္မႈဟူ၍ ဘာသာျပန္ဆိုလို႔ရခ်င္မွရေပလိမ့္မည္။ လွ်ပ္တျပက္အတြင္းမွာပင္ အဆက္မျပတ္ေပၚထြက္လာၿပီး အဆက္မျပတ္အတင္းအဓမၼဖိႏွိပ္ထိန္းခ်ဳပ္ခံထားရေသာ ေမွာင္မည္းေသာဆူညံသံမ်ားသည္ကား ေျမေအာက္ေရစီးေၾကာင္းမ်ားအလား တခဏအၾကာ၌ ေပ်ာက္ကြယ္သြားေလေတာ့သည္။ သူက စိတ္ထဲတြင္ မခ်ိတင္ကဲျဖစ္စြာျဖင့္ သက္ျပင္းတစ္ခ်က္ခ်ကာေမးလိုက္သည္။

“တုံးခြၽမ္းမွာ တကယ္တမ္း လူဦးေရဘယ္ေလာက္ရွိလဲ?”

“တုံးခြၽမ္းမွာလား?”

႐ႊမ္းက်ီးက အာလူးေၾကာ္တစ္ေခ်ာင္းကိုပါးစပ္ထဲတြင္ ကိုက္ထားရင္း တခဏမွ်စဥ္းစားလိုက္သည္။

“ေသခ်ာမသိဘူး၊ ဒါေပမဲ့ ကြၽန္ေတာ္ထင္တာကေတာ့ အနည္းဆုံး သိန္းနဲ႕သန္းနဲ႕ခ်ီၿပီးရွိေလာက္တယ္”

ရွန႔္လင္ယြမ္းတစ္ေယာက္ ေၾကာင္အမ္းအမ္းျဖစ္သြားသည္။ သူ႕စိတ္ထဲ၌ျဖစ္ေပၚလာေသာ စိတ္ရႈပ္ေထြးမႈမ်ားကို ႐ႊမ္းက်ီးသည္လည္းခံစားလိုက္ရသည္။ လူသားဧကရာဇ္ ပိရွသည္ကား ဤမွ်ေလာက္မ်ားျပားေသာပမာဏကို စိတ္ကူးျဖင့္ေတာင္ပုံေဖာ္နိုင္စြမ္းမရွိေလာက္သည္အထိ သူ၏သခၤ်ာစြမ္းရည္မွာ အကန႔္အသတ္ရွိေနတာျဖစ္ေပလိမ့္မည္။

ထိုကဲ့သို႔ ေတြ႕ရခဲေသာစိတ္ရႈပ္ေထြးသြားသည့္အမူအရာမ်ိဳးသည္ကား ေနာက္ဆုံးတြင္ေတာ့ ေသမ်ိဳးလူသားတစ္ေယာက္၏အရိပ္အသက္မ်ိဳးကို ခပ္ေရးေရးထင္ဟပ္လာေစသည္__ နိုင္ငံအသီးသီးရွိ ဒ႑ာရီပုံျပင္မ်ားထဲတြင္ အၿမဲလိုလိုပါဝင္ေနသည့္ ထူးျခားေသာဇာတ္အိမ္ဇာတ္ကြက္တစ္မ်ိဳးရွိသည္။ ေသမ်ိဳးေလာကႀကီး၏သက္ဝင္တက္ႂကြမႈမ်ားမွာ ေျမေအာက္တိုင္းျပည္တြင္ေနထိုင္ၾကေသာ တေစၦသရဲႏွင့္မေကာင္းဆိုးဝါးမိစာၦေကာင္မ်ားအတြက္ စြဲမက္စရာေကာင္းေသာဆြဲေဆာင္မႈတစ္ခုျဖစ္ေလသည္။ အခ်ိဳ႕ေသာမိစာၦမ်ားသည္ကား လူ႕ေလာကႀကီးထဲသို႔ျပန္သြားၿပီး လူသားတို႔၏အစားအေသာက္မ်ားကိုအရသာျမည္းစမ္းၾကည့္ခ်င္႐ုံေလာက္ျဖင့္ တစ္ေယာက္ႏွင့္တစ္ေယာက္သတ္ၾကျဖတ္ၾကၿပီး ဆိုးသြမ္းေကာက္က်စ္ေသာလုပ္ရပ္မ်ားကိုေတာင္ျပဳလုပ္တတ္ၾကသည္တဲ့ေလ။

ဒ႑ာရီပုံျပင္မ်ားထဲရွိ မေကာင္းဆိုးဝါး သရဲတေစၦမ်ား၏အလိုဆႏၵသည္ကား အမွန္တကယ္ေတာ့ လူသားတို႔၏အလိုဆႏၵမ်ားသာျဖစ္ၾကသည္။ သို႔ေသာ္ ရွန႔္လင္ယြမ္းထံတြင္မူ မည္သည့္အလိုဆႏၵမွရွိမေနပါေခ်။

ေရွးေခတ္လူသားတစ္ေယာက္အေနျဖင့္ တစ္ႀကိမ္တစ္ခါမွမေတြ႕ဖူးခဲ့ေသာ စိတ္ကူးျဖင့္ေတာင္မွန္းဆလို႔မရနိုင္သည့္ အေရာင္မ်ား၊  အသံမ်ားကို သူေတြ႕ျမင္ခဲ့ရေသာ္လည္း ထိုအရာမ်ားအေပၚတြင္တဝဲလည္လည္တိမ္းၫႊတ္ရစ္တြယ္စိတ္မ်ားမျဖစ္ေပၚခဲ့ေပ။ တစ္ႀကိမ္တစ္ခါမွမရႉရွိုက္ဖူးေသာေမႊးရနံ႕မ်ားကိုရႉရွိုက္ခဲ့ရေသာ္လည္း ထိုအရာမ်ားအားလိုခ်င္တပ္မက္မႈမ်ိဳးမရွိခဲ့။ ၎သည္ကား မဟာခ်ီတိုင္းျပည္ႀကီး မည္ကဲ့သို႔ဆိတ္သုဥ္းေပ်ာက္ကြယ္သြားရသလဲဆိုသည့္အေၾကာင္းႏွင့္ သူ၏ေနာက္မ်ိဳးဆက္မ်ားအေၾကာင္းတို႔ကိုေတာင္မွ ေမးျမန္းျခင္းမျပဳခဲ့ေပ။ ၎သည္ကား သက္ရွိကမာၻေလာကႀကီးအေပၚတြင္ မည္သည့္သံေယာဇဥ္မွမရွိေတာ့သူတစ္ဦးကဲ့သို႔ ႐ႊမ္းက်ီးခံစားလိုက္ရသည္။

သို႔ေသာ္….လူသား-မိစာၦဟူသည္ကား အလိုဆႏၵတို႔ေၾကာင့္ျဖစ္တည္ေပၚေပါက္လာရတာျဖစ္သည္ေလ။ အလိုဆႏၵမရွိ၊ ရစ္ပတ္ေႏွာင္တြယ္စရာသံေယာဇဥ္မရွိဘဲႏွင့္ေတာ့ မိစာၦတစ္ေကာင္ျဖစ္လာမည္မဟုတ္ေပ။

သူက တကယ္ပဲ ဘာကို ဆႏၵရွိေနတာလဲ?

႐ႊမ္းက်ီး၏စိတ္ထဲတြင္ စူးစမ္းအစ္ေအာက္လိုေသာ အေတြးပိစိေလးမ်ားဝင္လာသည့္တိုင္ ရွန႔္လင္ယြမ္းကေတာ့ အမႈမထားဘဲ လုံးလုံးလ်ားလ်ားကိုမၾကားခ်င္ေယာင္သာေဆာင္ေနလိုက္သည္။

သို႔ျဖစ္ရာ မေနနိုင္မထိုင္ျဖစ္လာေသာ ႐ႊမ္းက်ီးကပင္ ထုတ္ေမးလိုက္ရေလသည္။

“ပိရွ…လူႀကီးမင္း အသက္ရွိစဥ္အခ်ိန္တုန္းက…အဟမ္း…ဒီလိုေမးရတာ မယဥ္မေက်းျဖစ္သြားနိုင္တယ္ဆိုေပမယ့္လည္း ကြၽန္ေတာ္ေျပာတာကို နားေတာ့နားလည္ေပးပါ__လူႀကီးမင္းဆီမွာ မျဖည့္ဆည္းရေသးတဲ့ အလိုဆႏၵေတြ ဘာေတြမ်ားမရွိဘူးလား? ကြၽန္ေတာ့္ကိုေျပာျပေပးမယ္ဆိုရင္ ကြၽန္ေတာ္ ကူညီေကာင္းကူညီေပးနိုင္မွာပါ”

ရွန႔္လင္ယြမ္းက ၿပဳံးကာေျပာလိုက္သည္။

“ဘယ္တုန္းကမွ မရွိခဲ့ဘူး”

“ဒါျဖင့္ ေနာက္ပိုင္း ဘာဆက္လုပ္ဖို႔စိတ္ကူးထားလဲ? အင္း…လူႀကီးမင္း ဘယ္ေနရာေတြကိုသြားၾကည့္ခ်င္လဲ? ေရွးေဟာင္းနန္းၿမိဳ႕ေတာ္လား ဒါမွမဟုတ္ ေတာ္ဝင္နန္းေဆာင္ကိုလား__ဒါနဲ႕ စကားမစပ္ လူႀကီးမင္းစံျမန္းေနထိုင္ေတာ္မူခဲ့တဲ့ နန္းေတာ္ရာက နာမည္ဘယ္လိုေခၚတာလဲ?”

“သုလင္နန္းေတာ္”

ရွန႔္လင္ယြမ္းက တိုးေဖ်ာ့စြာေျပာလိုက္သည္။

“သုလင္နန္းေတာ္က သာမန္ေက်ာက္တုံးေက်ာက္ခဲေတြနဲ႕ အုတ္က်ိဳးအပိုင္းအစေတြနဲ႕ပဲတည္ေဆာက္ထားခဲ့တာ၊ ႏွစ္ေထာင္ေပါင္းမ်ားစြာၾကာသြားၿပီးတဲ့ေနာက္မွာေတာ့ အားလုံးလည္း တစစီၿပိဳက်ပ်က္စီးသြားမွာပဲ။ မင္းတို႔အခုေတြ႕ျမင္ေနရတဲ့အရာေတြက ေနာက္ပိုင္းမ်ိဳးဆက္ေတြက ျပန္လည္ျပဳျပင္ေဆာက္လုပ္ထားတဲ့လက္ရာေတြပဲ။ ေႁမြပါကတိုးေကာင္ရဲ႕ကိုယ္ေပၚကို ေခြးၿမီးတက္စြပ္ထားသလိုေပါ့။ သာမန္ကာလွ်ံကာပဲၾကည့္႐ုံေလာက္ဆိုရင္ေတာ့ေကာင္းပါတယ္၊ ဒါေပမဲ့ အဲဒီအတိုင္း အရမ္းႀကီးေတာ့အတည္ေပါက္ႀကီးမွတ္မေနနဲ႕ေပါ့”

႐ႊမ္းက်ီး: “….ဪ”

၎မွာ အေတာ္ေလးကို ‘ျဖဴစင္ရိုးအ’ သူတစ္ေယာက္ျဖစ္သည့္အေလ်ာက္ ေရွးေခတ္လူသားတစ္ေယာက္၏အသိပညာေပးျခင္းကိုခံယူလိုက္ရေလေတာ့သည္။

ရွန႔္လင္ယြမ္း “မစိုးရိမ္ပါနဲ႕…ငါက ပူေဆြးယဇ္ပူေဇာ္ပြဲကိုအသုံးခ်ၿပီး ငါအိပ္စက္အနားယူေနတာကို အေႏွာင့္အယွက္လာေပးတဲ့ ေကာင္ကိုရွာခ်င္႐ုံသက္သက္ပါပဲ။ သူ႕ကိုရွာေတြ႕သြားတာနဲ႕ ငါရဲ႕ဂူသခၤ်ိဳင္းဆီ ေအးေအးခ်မ္းခ်မ္းျပန္သြားမွာပါ။ ဒီေသမ်ိဳးေလာကႀကီးထဲမွာ အခ်ိန္အၾကာႀကီးဆက္ေနဖို႔လည္း စိတ္ကူးမရွိပါဘူး”

႐ႊမ္းက်ီး၏ အစ္ေအာက္ေမးလိုသည့္ရည္႐ြယ္ခ်က္မွာအတိုင္းသားေပၚေပါက္သြားရသည့္တိုင္ ၎မွာ ကသိကေအာက္မျဖစ္သြားဘဲ ဘာမွမျဖစ္သည့္ႏွယ္ ၿပဳံးကာေျပာလိုက္သည္။

“ကြၽန္ေတာ္သိပါၿပီ၊ ဒါဆိုလည္း ပိရွ အရင္ဆုံးေရသြားခ်ိဳးလိုက္ပါလား? ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ ေသာက္က်ိဳးနည္းအေနအထားႀကီးကုန္ဆုံးမသြားေသးခင္ ေရပိုက္ေခါင္းကို ဘယ္လိုဖြင့္ရမလဲဆိုတာကို ကြၽန္ေတာ္ေျပာျပေပးမယ္ေလ__လဲရမယ့္ အကၤ်ီေတြကိုေတာ့ ဟိုဘက္ကအထုပ္ထဲမွာထည့္ထားတယ္”

"ေရပိုက္ေခါင္းက ဒီမွာ၊ ဒီေနရာကေန ေရထြက္တာ၊ အပိတ္အဖြင့္က ဒီမွာ၊ အနီေရာင္ဘက္ကိုလွည့္လိုက္ရင္ ေရပူထြက္လာမယ္၊ ဟိုဘက္ကိုလွည့္လိုက္ရင္ေတာ့ ေရေအးထြက္လာလိမ့္မယ္….ဒီဘူးေလးေတြက ဆပ္ျပာရည္ေတြနဲ႕ေခါင္းေလွ်ာ္ရည္ေတြပဲ။ ဘူးေလးေတြရဲ႕ပုံစံက သိပ္မကြာဘူး၊ အထဲကအရည္ေတြကလည္း သိပ္မကြာပါဘူး။ ႀကိဳက္တဲ့ဟာတစ္ခုကိုယူၿပီးလက္ထဲမွာပြတ္လိုက္၊ ၿပီးတာနဲ႕ေျပာင္သြားတဲ့အထိေရေဆးခ်လိဳက္႐ုံပဲ….” 

႐ႊမ္းက်ီးက ေရခ်ိဳးခန္းအတြင္းမွ ပစၥည္းမ်ား၏အသုံးျပဳပုံျပဳနည္းမ်ားကို ရွန႔္လင္ယြမ္းအား သင္ၾကားျပသေပးေနသည္။ ရွန႔္လင္ယြမ္းသည္ကား ႐ႊမ္းက်ီး၏ဦးေႏွာက္ထဲတြင္ ထိုပစၥည္းမ်ားအားမည္ကဲ့သို႔အသုံးျပဳၾကသလဲဆိုတာကို ‘ေတြ႕ျမင္’ ခဲ့ဖူးၿပီးျဖစ္ေလရာ အပိုစကားမ်ားမ်ားစားစားေျပာစရာမလိုအပ္ပါေခ်။ သို႔ေသာ္ ယေန႕ေခတ္အသုံးအေဆာင္ပစၥည္းအသစ္အဆန္းမ်ားက အလြန္တရာမွမ်ားျပားလြန္းလွေပရာ ႏွစ္ေထာင္ေပါင္းမ်ားစြာၾကာျမင့္ၿပီးေနာက္တြင္မူ သူအသက္ရွိစဥ္အခါက အသုံးျပဳခဲ့ေသာပစၥည္းမ်ားႏွင့္ လုံးဝဥႆုံေဇာက္ထိုးမိုးေမွ်ာ္ကြာျခားသြားၿပီျဖစ္သည္။ ပိရွ၏ပတ္ဝန္းက်င္ႏွင့္လိုက္ေလ်ာညီေထြျဖစ္ေအာင္က်င့္သုံးနိုင္စြမ္းသည္ကား အံ့ဩစရာေကာင္းေလာက္ေအာင္ထူးျခားေျပာင္ေျမာက္လွသည့္တိုင္ ၎မွာ တစ္ႀကိမ္တည္းႏွင့္ သတင္းအခ်က္အလက္အမ်ားႀကီးကိုသင္ယူမွတ္သားနိုင္ရန္အတြက္မူ ခက္ခက္ခဲခဲႀကိဳးစားအားထုတ္ေနရရွာ၏။ သူ၏အၾကည့္မ်ားက ႐ႊမ္းက်ီး၏လက္ေခ်ာင္းမ်ားေနာက္၌ စကၠန႔္အနည္းငယ္မွ် အၿမဲတေစေနာက္က်က်န္ေနခဲ့ရွာၿပီး သူ႕မ်က္ႏွာေပၚတြင္ စိတ္ရႈပ္ေထြးေသာအမူအရာတို႔ထင္ဟပ္ေနေတာ့သည္။  

သူ႕ထံတြင္ရွိေနေသာမ်က္ဝန္းတစ္စုံမွာ ေက်ာက္စိမ္းအလား တလက္လက္ေတာက္ပလ်က္ရွိကာ မိုးသက္မုန္တိုင္းမ်ား၏တိုက္စားမႈဒဏ္ကို မည္သည့္အခါကမွ မခံစားခဲ့ရသည့္ႏွယ္။ အေကာင္းအဆိုးကိုနားမလည္ရွာေသာ ကေလးငယ္တစ္ေယာက္၏အျပစ္ကင္းျဖဴစင္ေသာမ်က္ဝန္းမ်ားကဲ့သို႔ပမာ။

အဆိုပါမ်က္ဝန္းတစ္စုံႏွင့္ရင္ဆိုင္လိုက္ရခ်ိန္ဝယ္ ႐ႊမ္းက်ီး၏ေလသံမွာ မသိလိုက္မသိဘာသာျဖင့္ ႏူးညံ့ေပ်ာ့ေပ်ာင္းသြားေလေတာ့သည္။ ထိုအရာမ်ားသည္ကား အႏၲရာယ္ရွိေသာအရာမ်ားျဖစ္ေၾကာင္းကို သေဘာေပါက္လိုက္သည့္ႏွယ္။

“တကယ္ေတာ့ အရမ္းႀကီးလည္းမရႈပ္ပါဘူး။ အဲဒီပစၥည္းေတြကို ႏွစ္ခါေလာက္အသုံးျပဳၿပီးရင္ က်င့္သားရသြားမွာပါ…..တစ္ခုခုေမးစရာရွိရင္ ကြၽန္ေတာ့္ကိုလွမ္းေခၚလိုက္ေလ”

“အင္း”

ရွန႔္လင္ယြမ္းက ဘာမွမျဖစ္သလိုဟန္ေဆာင္လိုက္ရင္း သူ႕အၾကည့္မ်ားကို ေခါင္းေလွ်ာ္ရည္ဘူးမ်ားထံမွခြာလိုက္သည္။ သူက ေခါင္းတညိတ္ညိတ္ျဖင့္ျပန္ေျပာလိုက္သည္။

“လိမၼာလိုက္တဲ့ေကာင္ေလး”

“ေကာင္းၿပီေလ”

႐ႊမ္းက်ီးက မနာလိုအူတိုစိတ္ျဖင့္ စိတ္ထဲတြင္မေနနိုင္မထိုင္နိုင္ျဖစ္ကာေတြးေတာလိုက္ေလသည္။

“ေသၿပီးလို႔ တေစၦသရဲပဲျဖစ္ျဖစ္ နတ္ဘုရားပဲျဖစ္ျဖစ္ ဘယ္သူကဂ႐ုစိုက္လို႔လဲ? ဘာပဲျဖစ္ျဖစ္ သူ႕ဘဝတစ္ေလွ်ာက္လုံး လူသားဧကရာဇ္အျဖစ္ေနထိုင္လာခဲ့ၿပီးတာေတာင္မွ *မ်က္ႏွာအႀကီးဆုံးျဖစ္ေနတုန္းပဲ”

(*မ်က္ႏွာႀကီးတယ္ဆိုတဲ့အဓိပၸာယ္က ‘ရွက္ဖို႔ေကာင္းတယ္၊ လူအမ်ားေရွ႕မွာအရွက္တကြဲအက်ိဳးနည္းျဖစ္ရတယ္’ လို႔ဆိုလိုတာပါ)

ထိုအေတြးမ်ားက သူ႕စိတ္ထဲ၌ျဖစ္ေပၚလာလွ်င္လာခ်င္းမွာပင္ ၎မွာ လူသားဧကရာဇ္၏အၿပဳံးမမည္ေသာအၿပဳံးမ်က္ဝန္းမ်ားႏွင့္အၾကည့္ခ်င္းဆုံသြားရွာေလေတာ့သည္။

႐ႊမ္းက်ီး၏ရင္ထဲတြင္ ထိတ္ခနဲျဖစ္သြားရွာၿပီး အဆင့္တစ္ အႏၲရာယ္အခ်က္ေပးသံမ်ားက သူ႕ဦးေႏွာက္ထဲ၌ထြက္ေပၚလို႔လာေတာ့သည္။ သူ ဘာတစ္ခုမွမတုံ႕ျပန္လိုက္ရေသးခင္မွာပင္ သူ႕နားထဲတြင္ တဝီဝီျမည္သံမ်ားထြက္ေပၚလာသည္။ ပါးလ်ေသာအနက္ေရာင္ျမဴခိုးမ်ားက သူ႕ေျခေထာက္ေအာက္မွလြင့္ပ်ံ့တက္လာကာ သူ႕တစ္ကိုယ္လုံးကိုၿခဳံလႊမ္းရစ္ပတ္သြားေလေတာ့သည္။ ႐ႊမ္းက်ီး၏အေတြးမ်ားမွာ ႐ုတ္တရက္အလြန္တရာေႏွးေကြးေလးလံသြား၏။ သူ႕ဦးေႏွာက္မွာ အျခားသူမ်ားစိတ္ႀကိဳက္လွန္ေလွာဖတ္ရႈလို႔ရေသာ ဖြင့္ထားသည့္စာအုပ္တစ္အုပ္လို။

သူႏွင့္စိတ္ခ်င္းဆက္သြယ္ထားသည့္ ရွန႔္လင္ယြမ္း၏စိတ္အတြင္းမွ စကားလုံးတစ္လုံးတေလကိုေသာ္မွ မၾကားရေတာ့ပါေခ်__တစ္ဖက္လူသည္ကား ဘာမွန္းမသိေသာနည္းလမ္းတစ္မ်ိဳးမ်ိဳးကိုသုံးကာ သူ႕ကိုတစ္ဖက္သတ္ပိတ္ဆို႔ထားလိုက္ၿပီျဖစ္သည္။ ခုနေလးတင္ သူ ရွန႔္လင္ယြမ္းထံမွၾကားခဲ့ရေသာစကားသံမ်ားႏွင့္အေသးအမႊားအေတြးစမ်ားသည္ကား တစ္ဖက္လူက သူ႕အားစိတ္ရႈပ္ေထြးသြားေအာင္လုပ္ထားေသာ အေပၚယံဟန္ေဆာင္လွည့္ျဖားမႈမ်ားသာျဖစ္လို႔ေနသည္!

ရွန႔္လင္ယြမ္းက ေအးေအးလူလူပင္ေျပာလာသည္။

“မိစာၦေလး…မင္းက ဒီအသက္အ႐ြယ္ပဲေရာက္ေနၿပီ အခုခ်ိန္ထိ ထစ္ခနဲဆို ဗိုက္ဆာေနတတ္တုန္းလား? မင္းတို႔လိုေမြးရာပါဝိညာဥ္သတၱဝါေကာင္ေတြက ငယ္ငယ္ေလးကတည္းက ‘ဥပုသ္ေစာင့္’ တတ္ၾကတာမဟုတ္ဘူးလား? မင္းက တကယ္ပဲ ဘာေကာင္ေလးမ်ားလဲ?”

အဆိုပါစကားမ်ားသည္ကား ပစ္မွတ္ကိုတိတိက်က်ခ်ိန္႐ြယ္ထားသည့္ ၿမဲၿမံတည္ၿငိမ္ၿပီး အၾကင္နာတရားကင္းမဲ့ေသာခ်ိတ္ေကာက္တစ္ခုလို။ ႐ႊမ္းက်ီးခမ်ာ ထိုစကားမ်ားကိုၾကားလိုက္ရသည့္တခဏမွာပင္ အံ့ဩတႀကီးျဖင့္ သတိလက္လြတ္ျဖစ္သြားရွာၿပီး ထိုသူ၏လႈံ႕ေဆာ္မႈေၾကာင့္ သူ၏မေရမတြက္နိုင္ေသာမွတ္ဉာဏ္ေပါင္းေျမာက္ျမားစြာတို႔သည္ကား ျပန္လည္ထြက္ေပၚလာေတာ့သည္__

4.8.21

Continue Reading

You'll Also Like

726K 32K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
2.7M 72.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
215K 23.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...