🍁Daffodils:အပိုင်း(၁၅)မတရားသဖြင့်ခုန်နေတဲ့နှလုံးသား
အိမ်အပြန်လမ်းတစ်လျှောက်လုံးမှာခေမီကမိုးပင်လယ်နားကနေတစ်ဖဝါးမှမခွာပဲလိုက်လာတယ်။မိုးပင်လယ်အိမ်တံခါးဖွင့်ဖို့ကိုတောင်မှလွယ်အိတ်ကြီးလိုဘေးကနေကပ်လျက်ကြီးလိုက်နေတာမို့နွေဦးမှာ အသဲယားလွန်းလို့မျက်နှာလွှဲနေရတယ်။
အိမ်တံခါးဖွင့်ပြီးချိန်မှာတော့ရပ်နေတဲ့နှစ်ယောက်လုံးကိုတိုက်ချပြီး နွေဦး အိမ်ထဲကိုဝင်လိုက်တယ်။ ရေကရားထဲကနေဖန်ခွက်ထဲကို ရေထည့်နေတုန်းမှာပဲ မိုးပင်လယ်ကသုတ်သီးသုတ်ပြာနဲ့အနားရောက်လာပြီး...
"နွေဦး ကိုယ်တောင်းပန်တယ်နော်.."
နွေဦး ရေခွက်ကိုလက်တစ်ဖက်နဲ့ကိုင်ပြီး ကိုယ်ကို မိုးပင်လယ်ဘက်ကိုလှည့်ကာ ...
"ဘာကိုတောင်းပန်တာလဲ"
မိုးပင်လယ်ကအပြောရခက်သလို လည်ပင်းကို လက်နဲ့ပွတ်ရင်း...
"ဟို• • •"
မိုးပင်လယ်စကားတောင်မစရသေးခင်နွေဦးလက်ထဲကရေခွက်က ဆွဲယူခံလိုက်ရပြီးခေမီ့လက်ထဲရောက်သွားတယ်။
"ကျေးဇူး နွေဦး...ငါရေဆာနေတာ"
အေး!ငါရောပဲ!
"ထပ်ယူဦးမလား"
"တော်ပြီ"
ခေမီက နွေဦးကို လက်ခါပြပြီး စားပွဲခုံပေါ်တံတောင်နဲ့ထောက်ကာ လက်ဖဝါးပေါ်မေးတင်ရင်း ချိုသာတဲ့အသံလေးနဲ့ပြောတယ်။
"ကိုမိုးပင်လယ်..ခေမီ့ကိုဘာချက်ကြွေးမှာလဲ"
မိုးပင်လယ်လှည့်ကြည့်လာတာကိုနွေဦး သိပေမယ့်လဲ ပြန်လှည့်မကြည့်ပဲ ရေသောက်ဖို့ကိုပဲ အာရုံထားလိုက်တယ်။ဒါပေမယ့်လဲမိုးပင်လယ်ကစားပွဲပေါ်တင်ထားတဲ့ သူ့လက်တစ်ဖက်ကို အုပ်မိုးဆုပ်ကိုင်လိုက်ပြီး...နူးနူးညံ့ညံ့လေးမေးတယ်။
"နွေဦး..ဘာထပ်စားချင်သေးလဲ..မနက်ကဟင်းတွေကတော့ကျန်သေးတယ်"
ရုတ်တရက်ကြီးဆိုတော့ နွေဦးအလစ်ငိုက်ခံလိုက်ရပြီး တစ်ကိုယ်လုံး တုန်ခနဲဖြစ်သွားကာ ရေသီးမလိုတောင်ဖြစ်သွားရတယ်။နှာခေါင်းထဲရောက်သွားတဲ့အချို့ရေတွေပြန်ထွက်ဖို့အတွက်ချောင်းဟန့်လိုက်ရင်း..."အဟမ်း..ဟမ်း..ရတယ်...ဘာမှထပ်ချက်မနေနဲ့တော့"
မိုးပင်လယ်ကခေါင်းညိတ်ပြီး ထမင်းစားပွဲပြင်တယ်။ထမင်းစားနေတဲ့အတောအတွင်းမှာလဲ မိုးပင်လယ်ရဲ့ ခွံ့မကျွေးရုံတမယ် ဂရုစိုက်မှုတွေနဲ့ ခေမီရဲ့ကြုံရင်ကြုံသလို ထိုးနေတဲ့မျက်စောင်းတွေကြားမှာ နွေဦးထမင်းကောင်းကောင်းတောင်မစားရဘူး။
.နွေဦးပန်းကန်ထဲမှာလဲ မိုးပင်လယ်ထည့်ပေးနေတဲ့ဟင်းတွေနဲ့ထမင်းတောင်မမြင်ရတော့ဘူး။ခေမီ့မျက်စောင်းဒဏ်ကိုလဲ သူမခံနိုင်တော့ဘူး။ဒီတိုင်းသာဆက်နေရင် သူပြာအဖြစ်ကိုပြောင်းသွားတော့မှာ။မိုးပင်လယ်ရဲ့ အနားကို နွေဦးကပ်လိုက်ပြီး...
"ကျွန်တော့ကို ဟင်းတွေထည့်ပေးနေတာရပ်ပါတော့..ခေမီကခင်ဗျားဖိတ်လာတဲ့ဧည့်သည်နော်..သူ့ကိုအားနာဦး"
မိုးပင်လယ်က ခေါင်းညိတ်ပြီးခေမီ့ပန်းကန်ထဲကိုကြက်ကုန်းဘောင်တစ်ဇွန်းခပ်ထည့်ပေးကာ..
"များများစားနော်ခေမီ..."
"ဟုတ်.."
ခေမီကရွှင်ရွှင်ပျပျလေးခေါင်းညိတ်တယ်။နွေဦးကတော့စိတ်ညစ်ညစ်နဲ့ခေမီ့ကိုကြည့်နေမိတယ်။သူသာခေမီ့နေရာမှာဆို ထမင်းတောင်ဆက်စားနိုင်မယ်မထင်ဘူး။ခေမီလဲခုလောက်ဆို သူ့ကိုကိုယ်ချင်းစာတတ်လောက်ပြီထင်တယ်။တစ်ဖက်သတ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။
_____________
ဒီနေ့နွေဦးရော မိုးပင်လယ်ပါ ဂျုတီမရှိဘူး။မိုးပင်လယ်ကအိမ်ရှင်းဦးမယ်ဆိုပြီး ကြက်မွှေးတစ်ချောင်းနဲ့တံမြတ်စည်းကိုင်ပြီး အလုပ်ရှုပ်နေတယ်။စိတ်ပါလက်ပါ အိမ်ရှင်းနေတဲ့ မိုးပင်လယ်ကိုနွေဦးကြည့်နေရင်းမထင်မှတ်ဘဲသူကြားခဲ့တဲ့ကိစ္စကို ပြန်တွေးမိတယ်။
အဲ့နေ့ကနွေဦး နိုက်ဂျုတီကျတဲ့နေ့...
ရေမိုးချိုးပြီး ဆေးရုံမြန်မြန်ပြန်သွားရမယ်ဆိုတဲ့အတွေးနဲ့နွေဦး အိမ်ပြန်လာချိန်မှာအိမ်တစ်ခုလုံးက မည်းမှောင်လို့ရှိနေတယ်။မိုးပင်လယ်ဆေးရုံမှာမရှိတာကသေချာတယ်။အိမ်တံခါးကလဲပွင့်နေသေးတာမို့ နွေဦးစိုးရိမ်စိတ်နဲ့ အိမ်အောက်ထပ်တစ်ခုလုံးကို လိုက်ကြည့်ပေမဲ့လဲ မိုးပင်လယ်ရဲ့အရိပ်အယောင်တောင်မတွေ့။
အိမ်ပေါ်ထပ်တက်ကြည့်ဖို့လှေကားအလယ်လောက်အရောက်မှာတော့ မိုးပင်လယ်ရဲ့အသံကိုကြားလိုက်ရတယ်။မိုးပင်လယ်ကအိမ်နောက်ဖက်ဝရန်ဒါမှာဖုန်းပြောနေပြီး တစ်စုံတစ်ယောက်ကို တောင်းပန်ခွင့်တောင်းနေပုံပေါ်တယ်။
နွေဦးသိချင်စိတ်နဲ့အသံမထွက်အောင်တက်သွားလိုက်ပြီး ခပ်လှမ်းလှမ်းအကွယ်တစ်ခုမှာရပ်နားထောင်မိတယ်။သေချာတာကတော့နွေဦးဘဝမှာပထမဦးဆုံးသူများဖုန်းပြောတာကိုခိုးနားထောင်မိခြင်းပဲ...မိုးပင်လယ်ကတော့ သက်ပြင်းကိုတိုးလျစွာချရင်း တစ်ဖက်လူပြောသမျှကို နားထောင်နေတယ်။
"မေမေ ကျွန်တော်ပြောတာကို နားထောင်ပေးပါဦး."
"•••••••"
"ကျွန်တော့်ကို အချိန်လေးနည်းနည်းပဲထပ်ပေးပါ..."
"••••••••"
"ကျွန်တော်ဒီအလုပ်ကိုဘယ်လောက်သဘောကျလဲမေမေလဲသိတယ်မလား...ဘာဖြစ်လို့ကျွန်တော့်ကို အဆုံးထိလုပ်ခွင့်မပေးရတာလဲ"
ပြောနေရင်းနဲ့ မိုးပင်လယ်ရဲ့စကားသံကမာကျောလာပြီး အဆုံးသတ်မှာတော့ နာကျင်ဟန်နဲ့တုန်ရီနေတယ်။မိုးပင်လယ်က သက်ပြင်းကိုလေးလေးပင်ပင်ချလိုက်ရင်း ...
"ကျွန်တော့်ကို အချိန်၂နှစ်ပဲထပ်ပေးပါ...ဒါနောက်ဆုံးတောင်းဆိုခြင်းပါ..သဘောကျတဲ့အလုပ်ကိုအပြီးစွန့်လွှတ်ဖို့ အဲ့လောက်အချိန်တော့ကျွန်တော့်မှာလိုတယ်"
"•••••••••"
"ဟုတ်ကဲ့.."
မိုးပင်လယ်စိတ်ပျက်လက်ပျက်နဲ့ ဖုန်းကိုချလိုက်ပြီး ဘောင်းဘီအိတ်ထဲထည့်လိုက်တယ်။ဝရန်ဒါလက်ရန်းပေါ်တင်ထားတဲ့ လက်ကြားထဲက စီးကရက်ကို မီးညှိဖို့ နှုတ်ခါးဖျားမှာအသာလေးတင်လိုက်တယ်။မီးခြစ်မရှိဘူး...မီးခြစ်ယူဖို့ အိမ်ထဲပြန်အလှည့်မှာ...
"နွေဦး..."
မိုးပင်လယ်ကရုတ်တရက်လန့်သွားသလိုရှိပေမယ့်လဲ အိန္ဒြေအမြန်ဆယ်ကာ စီးကရက်ကို နှုတ်ခမ်းဖျားကယူပြီးလက်ကြားထဲမှာညှပ်ရက်သားနဲ့ နွေဦးရှေ့ကိုလှမ်းလာတယ်။နွေဦးလဲ မိုးပင်လယ် ဒီဘက်လှည့်လာဦးမယ်မထင်တာမို့ သူခိုးလူမိသလိုဖြစ်သွားကာ ကြောင်တောင်တောင်နဲ့အတောင့်လိုက်ကြီး ရပ်နေမိတယ်။
မိုးပင်လယ်က တောင့်တောင့်ကြီးလျှောက်လာရင်းမေးတယ်။
"နွေဦး..ဘယ်တုန်းကပြန်ရောက်တာလဲ"
"ခင်ဗျား ဆေးလိ်ပ်သောက်တယ်လား"
လူနှစ်ယောက်ဆီကနေမေးခွန်းတစ်ခုစီတစ်ပြိုင်ထဲထွက်လာပေမယ့်အဖြေကတော့ ဘယ်သူ့ဆီကမှထွက်မလာ။တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေမိပြီးအတန်ကြာမှ မိုးပင်လယ်က လက်ကြားထဲက စီးကရက်ကို ထက်ပိုင်းချိုးချလိုက်ပြီး...
"ကိုယ်မသောက်တော့ပါဘူး..အရင်တုန်းကသောက်ခဲ့ဘူးတော့တစ်ခါတစ်လေ စိတ်ညစ်တဲ့အချိန်ဆို လက်ကြားထဲ ထည့်ထားမိတာ"
"ဒါပေမဲ့ ခင်ဗျား သောက်မလို့ ပါးစပ်နဲ့တောင်ကိုက်ပြီး မီးညှိတော့မလို့လေ"
"သြော်..ဟုတ်ပါတယ်နွေဦးရယ် ကိုယ်အဲ့လိုလုပ်ပါတယ်...ဒါပေမဲ့ ကိုယ်သာအမှန်တကယ် ဆေးလိပ်သောက်ချင်ရင် မီးခြစ်ကိုအဆင်သင့်ဆောင်ထားမှာပေါ့...ခုကတစ်ကယ်စိတ်ညစ်လို့စိတ်ပြေလက်ပျောက်လက်ကြားညှပ်မိရုံလေးပါ"
မိုးပင်လယ်ရဲ့ဖြေရှင်းချက်ကသဘာဝကျနေတာမို့နွေဦးထပ်မပြောဖို့ဆုံးဖြတ်လိုက်တယ်။စိတ်ညစ်နေတဲ့သူကိုလဲထပ်ပြီး ဖိအားမပေးချင်တာမို့ နွေဦးခေါင်းညိတ်လိုက်ပြီး...
"မသောက်ရင်ပြီးတာပဲလေ...ခင်ဗျားလဲဆရာဝန်ဆိုတော့ဒီလိုမိုက်ရူးရဲဆန်တာမျိုးတော့မလုပ်လောက်ပါဘူးဟုတ်တယ်မလား.."
"အင်း ကိုယ်မသောက်ပါဘူး..မသောက်ဖြစ်တာကြာပြီ..နွေဦးဒီညနိုက်ဂျူတီမလား..ကိုယ်အဆာပြေမုန့်လုပ်ပြီးထည့်ပေးလိုက်မယ်"
မိုးပင်လယ်က စကားစဖြတ်ကာ အိမ်အောက်ထပ်ကိုဆင်းရန် သူ့ဘေးက ဖြတ်အသွား မိုးပင်လယ် လက်ကိုလှမ်းဆွဲလိုက်တော့ အံ့ြသနေတဲ့မျက်လုံးတွေနဲ့ သူ့ကိုငဲ့ကြည့်လာတယ်။အမြဲကြည်လင်တောက်ပနေတတ်တဲ့ မျက်ဝန်းညိုတွေက စိတ်ပင်ပန်းမှုကြောင့် ညိုးနွမ်းနေသလိုဖြစ်နေတယ်။ထိုမျက်ဝန်းများကို နွေဦး စိုက်ကြည့်လိုက်ရင်း...
"ခင်ဗျားစိတ်ပင်ပန်းစရာတွေရှိရင်ကျွန်တော့်ကိုပြောပြလို့ရတယ်နော်..ကျွန်တော်နားထောင်ပေးဖို့ အဆင်သင့်ရှိတယ်...ဆေးလိပ်ကိုတော့သွားသောက်ပြီး ကိုယ့်ကိုကိုယ်ဒုက္ခမပေးပါနဲ့ ခင်ဗျားကိုကျွန်တော် အကြာကြီး မြင်နေချင်သေးတယ်"
နွေဦးစကားကြောင့် မိုးပင်လယ်ရဲ့မျက်ဝန်းတွေကပြန်လည်တောက်ပလာပြီး နှုတ်ခမ်းမှာလဲနွေဦးသဘောကျရတဲ့ အပြုံးချိုချိုတို့ပြန်ပေါ်လာတယ်။မိုးပင်လယ်ကသူ့ကို ကျန်တဲ့လက်တစ်ဖက်နဲ့ပြန်ဖက်လိုက်ပြီး သူ့ပုခုံးပေါ်တွင်မေးစေ့တင်က တိုးလျလိှုက်လှဲသောအသံနဲ့...
"အရမ်းကျေးဇူးတင်တာပဲနွေဦး...ကိုယ်တစ်ကယ် မထင်ထားဘူးမင်းကိုယ့်ဘက်မှရှိနေပေးလို့ကျေးဇူးပါပဲ"
နွေဦးရုန်းဖို့ကန်ဖို့ အားမရှိသလို ..မဟုတ်ဘူး..အားမထုတ်ချင်တာဆိုပိုမှန်မယ်ထင်တယ်။မိုးပင်လယ် ပွေ့ဖက်လာတာကိုသူမရုန်းထွက်ချင်ဘူး။သူတွဲလောင်းချထားတဲ့လက်ကို အသာမြှောက်ပြီးမိုးပင်လယ်ရဲ့ကျောပြင်ကို ဖွဖွလေး ပွတ်ပေးပြီး နှစ်သိမ့်ပေးမိတယ်။
.မိုးပင်လယ်ရဲ့စိတ်ပျက်အားလျော့နေတဲ့ ပုံရိပ်ကို သူမမြင်ချင်ဘူး။အမြဲပြုံးနေတတ်တဲ့နှုတ်ခမ်းနဲ့ တောက်ပနေတဲ့ မျက်ဝန်းညိုတွေ ပျောက်သွားမှာသူမကြိုက်ဘူး။မိုးပင်လယ် စိတ်သက်သာရာရဖို့ သူ့ကိုတစ်ညလုံးဖက်ထားမယ်ဆိုရင်တောင် သူ ရပ်ပေးနေမိမယ်ထင်တယ်။
နောက်ထပ်သူမကြိုက်တာတစ်ခုနွေဦးထပ်သိလိုက်ရတာကတော့..သူ့ရဲ့အခုခုန်နေတဲ့ရင်ခုန်သံတွေကိုမကြိုက်ဘူး။
မတရားသဖြင့်ခုန်နေတဲ့သူ့နှလုံးသားက နွေဦး ပါးစပ်ဟလိုက်ရင်တောင်ခုန်ထွက်သွားမလားထင်နေမိတယ်။
နွေဦး မျက်ဝန်းတွေကိုမှိတ်ချလိုက်ကာ သူ့ရင်ဘက်နဲ့ ကပ်နေတဲ့ မိုးပင်လယ်ရဲ့ရင်ဘက်ထဲကနှလုံးခုန်သံကို မှန်းဆနားထောင်နေမိရင်း သူ့ဦးနှောက်တွေပဲထုံကျင်လာတာကိုသူသိတော့တယ်။
__________