1968.11.3,
ဒီနေ့နှင်းမြူတွေကျပြီးအရမ်းချမ်းတယ်။
ပြီးတော့ကိုကိုလေးက အခက်အခဲတွေကိုသူတစ်ယောက်တည်းဖြေရှင်းပြီးတော့ သခင်မလေးနဲ့စေ့စပ်ဖို့ကိုတရားဝင်ငြင်းလိုက်တယ်။
ငါအရမ်းပျော်နေတာကိုများကိုကိုလေးသိရင်ယုတ်ညံသူရယ်လို့များအပြစ်တင်မလား။
............................................
ကွန်းခိုရာနှင့်မှိုင်းသုရှင်တို့၏ဆက်ဆံရေးသည် ဒီရက်တွေအတောအတွင်း အရမ်းအဆင်ပြေခဲ့ကြသည်။ တစ်ယောက်စိတ်ကိုတစ်ယောက်နားလည်ပြီး အတွင်းသိအဆင်းသိဟုပြောရလောက်အောင်ကိုရင်းနှီးခဲ့ကြလေသည်။
ကွန်းခိုရာ ရင်တွေအရမ်းခုန်နေရသည်။ အကြောင်းမှာကိုကိုလေးကသူကျောင်းဆက်တက်ဖို့ရာတွင်ကူညီမည်ဟုပြောလာရုံပင်မက စာများကိုလည်းရှင်းပြမည်ဟုပြောလာသောကြောင့်ဖြစ်သည်။ သူ့အတွက်ကတော့ ကိုကိုလေးနှင့်အခုလိုနှီးနှီးကပ်ကပ်နေခွင့်ရတာလေးနှင့်ပင်အလွန်ရင်ခုန်စိတ်လှုပ်ရှားရသည်။
" လုံးငယ်လေး..မနက်ဖြန်ကိုကိုလေးနဲ့မြို့ထဲသွားပြီးကျောင်းတက်ဖို့လိုအပ်တာတွေဝယ်ရအောင် "
" ရပါတယ်သခင်လေးရဲ့ ကျွန်တော့်ဘာသာပဲသွားဝယ်လိုက်ပါ့မယ် "
" ကိုယ့်စကားကိုနားမထောင်ရင် ကျောင်းတက်ခိုင်းဖို့အစီအစဉ်ကိုရုပ်သိမ်းလိုက်မှာနော် "
သူ့ကိုကလေးတစ်ယောက်လိုသဘောထားပြီးခြိမ်းခြောက်နေတဲ့ကိုကိုလေးကိုကြည့်ပြီး ကွန်းခိုရာတစ်ယောက်ပြုံးလိုက်မိသည်။ ပြီးတော့အလိုလိုက်ချင်သောလူကြီးတစ်ယောက်၏ဟန်ပန်ဖြင့်...
" ဟုတ်ပါပြီဗျာ...ကိုကိုလေးသဘောပါဗျ "
သူ့ကိုတောင်ပြန်စနောက်ရဲနေပြီဖြစ်တဲ့ ကောင်လေးကိုကြည့်ရင်းမှိုင်းသုရှင်မျက်ခုံးကိုပင့်ပြီးပြုံးလိုက်မိသည်။ ဒီရက်တွေအတောအတွင်းမှာသူနှင့်မိဘနှစ်ပါးကြားကဆက်ဆံရေးသည်တော်တော်လေးကိုဆိုးရွားသည်ဟုပြောလို့ရသည်။ အလုပ်ကိစ္စအခက်အခဲတွေအပြင် မှိုင်းဧကရီကိုစေ့စပ်ဖို့ကိစ္စနှင့်ပတ်သတ်ပြီးသူနှင့် မိဘတွေကြားထဲတွင်သဘောထားကွဲလွဲမှုကြီးကြီးမားမားဖြစ်ပေါ်ခဲ့သည်။ သူကအနောက်နိုင်ငံမှာကြီးပြင်းခဲ့သူပီပီလွတ်လပ်မှုကိုတန်ဖိုးထားသည်။
သူ့အနေနဲ့မိမိမချစ်မနှစ်သက်သူကို အခက်အခဲလေးတစ်ခုအတွက် တစ်ဘဝစာလုံးလက်တွဲသွားဖို့မဖြစ်နိုင်ပေ။ ထို့ကြောင့်မှိုင်းဧကရီ၏ပိုင်ဆိုင်မှုတွေအစားနိုင်ငံခြားတွင်ခင်မင်ရင်းနှီးခဲ့သောသူငယ်ချင်းအချို့နှင့်ပူးပေါင်းပြီးကုမ္ပဏီရှိရှယ်ရာပြဿနာကိုထိန်းချုပ်လိုက်သည်။ မယ်တော်တို့ကတော့ မိမိတို့ကိုယ်ကိုတော်ဝင်သွေးတွေဟုသတ်မှတ်ထားသည့်အပြင်ရှေးရိုးလည်းအနည်းငယ်ဆန်သဖြင့် အနောက်နိုင်ငံကလူဖြူတွေရဲ့အကူအညီကိုယူရတာရှက်ဖွယ်ကောင်းသည်ဟုဆိုကာပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။
သူ့ကိုလည်းမှိုင်းဧကရီနှင့်အမြန်ဆုံးစေ့စပ်ရန်ဖိအားပေးခဲ့ကြသည်။အိမ်မှာဖြစ်စေ ကုမ္ပဏီမှာဖြစ်စေ တွေ့လိုက်သည့်လူတိုင်းကသူ့ကိုဆန့်ကျင်ကြသည်။ သူ့အနေနှင့်စိတ်ဖိစီးရသောနေ့ရက်များတွင့် လုံးငယ်တစ်ယောက်ကသာသူ့စိတ်ကိုသက်သာရာရစေသည်။ ထိုကောင်လေးသည် သူ၏အလုပ်ကိစ္စများကိုနားမလည်သော်ငြား အားပေးခဲ့သည်။ သူ၏ငြီးငွေ့ဖွယ်ရာနေ့ရက်များကိုထိုကောင်လေးရှိလို့သာတောင့်ခံနိုင်ခြင်းဖြစ်သည်။
သဘာဝကျစွာပင် အခက်အခဲတွေအဆုံးမှာတော့ ထိုကောင်လေးနှင့်မှိုင်းသုရှင်တို့သည် ရင်းနှီးသည်ဆိုသောအဆင့်ထက်ကိုကျော်လွန်ခဲ့ကြသည်။
အခုတလောထိုကောင်လေးနှင့်ပတ်သတ်၍မှိုင်းသုရှင်ခေါင်းခဲနေရသောကိစ္စတစ်ခုရှိလေသည်။ ထိုကိစ္စကတော့ သူ၏လူပျိုဘဝညစ်ညမ်းအိမ်မက်များတွင်ထိုကောင်လေးကတစ်ပိုင်းတစ်စနေရာယူထားသောကြောင့်ဖြစ်လေသည်။ ထိုကောင်လေး၏နှုတ်ခမ်းဖူးဖူးလေးကိုစိုက်ကြည့်မိတိုင်းမှိုင်းသုရှင်ခမျာရေငတ်သလိုခံစားရပြီးထိုကောင်လေး၏မျက်လုံးနက်နက်လေးတွေကိုစိုက်ကြည့်မိတိုင်းရင်ခုန်သံကိုကကပြောင်းကပြန်။ ထိုကောင်လေးတို့ထိသွားသောနေရာတို့ကပူရှိန်းစွာကျန်နေခဲ့ပြီး ထိုကောင်လေးကိုမျက်စိအောက်ကအပျောက်မခံချင်လောက်အောင်မြတ်နိုးမိလာသည်။
ထိုမျှအထိပြဿနာမဟုတ်သေး။ သူ့ခံစားချက်ကိုသူရှင်းလင်းစွာသိသည်။သူထိုကောင်လေးကိုချစ်မိနေခြင်းပင်ဖြစ်သည်။ အနောက်နိုင်ငံတွင်ကြီးပြင်းခဲ့သောသူ့အတွက် လိင်တူချစ်နှစ်သက်သောကိစ္စသည်အထူးအဆန်းမဟုတ်ပေ။ ပြဿနာကတော့ထိုကောင်လေးကိုဝန်ခံဖို့ရာစိုးရွံ့နေရခြင်းဖြစ်သည်။ သူ့ကိုထိုကောင်လေးရွံမုန်းသွားမှာစိုးရိမ်သည်။ဖြူဖြူစင်စင်မေတ္တာပေးခဲ့သည့်ကောင်လေးအပေါ်အခွင့်အရေးယူတယ်လို့အထင်လွဲသွားမှာစိုးရိမ်သည်။ တစ်နေ့ထက်တစ်နေ့တိုးလာသောသူ့ခံစားချက်များကိုချုပ်ထိန်းရတာဟာအင်မတန်ခက်သောခေါင်းကိုက်စရာကိစ္စပင်မဟုတ်ပါလား။
" ကိုကိုလေး.. အဲ့ဒါဆိုညလည်းမှောင်ပြီမို့လို့ ကျွန်တော်ပြန်တော့မယ်နော် "
" အင်းအင်း...သတိထားပြန်နော်လုံးငယ် မီးအိမ်ယူသွားဖို့မမေ့နဲ့ညအိပ်ရင်နွေးနွေးထွေးထွေးဝတ်အိပ်နော် ဒီနှစ်ဆောင်းကအချမ်းပိုတယ်ကွ.. မနက်ဖြန်ကျရင်မြို့ထဲသွားဖို့ ပြင်ဆင်ထားနော် "
သူကစိတ်ပူစွာမှာကြားလာတော့ မြတ်နိုးရသူလေးကသူ့ရဲ့ဘယ်ဖက်ပါးကပါးချိုင့်လေးကိုခွက်နေအောင်ပြုံးပြပြီး....
" ဟုတ်ပါပြီကိုကိုလေးရယ်..ကျွန်တော်ကလေးမဟုတ်တော့ပါဘူးဗျ ...သွားပြီနော်..ကိုကိုလေးလည်းစောစောအိပ်နော် မျက်တွင်းတွေညိုနေရင်အဖိုအိုလေးနဲ့တူတယ်ဗျ "
" ဘာပြောတယ်...ဒီကောင်လေး..."
သူပြောချင်တာပြောပြီးသည်နှင့်လှစ်ခနဲနေအောင်ပြေးထွက်သွားသောလူလည်လေးရဲ့ကျောပြင်သေးသေးလေးပျောက်ကွယ်သွားတာကိုငေးကြည့်ရင်း မှိုင်းသုရှင်လည်းသွားစွယ်ဖွေးဖွေးလေးတွေပေါ်အောင်ရယ်မိသည်။
ကွန်းခိုရာ စံအိမ်ကြီး၏အပြင်ကိုရောက်မှပြေးနေတာကိုရပ်ပြီးမိမိ၏လက်ဝဲဘက်ကရင်ဘတ်နေရာကိုကိုင်ပြီးခပ်ဖွဖွရေရွတ်မိသည်။
" ကိုကိုလေးရယ်.. ဒီလိုသာဂရုစိုက်ပြနေရင် ကြာလာရင်ခက်ကုန်တော့မှာပဲဗျာ "
သူ့အပြောနှင့်ဆန့်ကျင်စွာဘဲ ဘယ်ဖက်ပါးကပါးချိုင့်လေးကတော့ခွက်ဝင်လို့။
.......................................
" သခင်မလေးဘယ်လိုဆက်လုပ်မှာပါလဲ "
ဆွေငယ်၏အမေးကိုမဖြေပဲ မှိုင်းဧကရီ၏မျက်လုံးတို့ကသူမ၏အခန်းမှလှမ်းမြင်နေရသော ကွန်းခိုရာ၏ပုံရိပ်ကိုသာစူးစူးရဲရဲစိုက်ကြည့်နေသည်။ စံအိမ်၏ရှေ့တွင်ရင်ဘတ်ပေါ်ကိုလက်ဖဝါးတင်၍ပြုံးနေသော ကွန်းခိုရာ၏ပုံရိပ်ကမှိုင်းဧကရီ၏အမုန်းကိုလောင်စာဖြည့်ပေးနေသလိုပင်။
' ရွံစရာကောင်းတဲ့အခြောက်ကောင် '
(A/N_ဇာတ်လမ်းသဘာဝအရသုံးနှုန်းထားခြင်းဖြစ်ပါသည်။မည်သူတစ်ဉီးတစ်ယောက်ကိုမျှစော်ကားလိုရန်မရည်ရွယ်ပါ။ကြိုတင်၍တောင်းပန်အပ်ပါသည်။)
စိတ်ထဲမှာတီးတိုးကျိန်ဆဲလိုက်ပြီး မုန်းတီးမှုတို့ကထိန်းမရသိမ်းမရ။ မှိုင်းသုရှင်ကလူကြီးစုံရာရှေ့တွင်သူမနှင့်စေ့စပ်ဖို့ကိုငြင်းပြီးနောက်ပိုင်းမှိုင်းဧကရီတစ်ယောက်ရှက်လွန်းလို့ အခန်းထဲမှအခန်းအပြင်သို့ပင်မထွက်သော်လည်း ဆွေငယ်သယ်လာသောအတင်းအဖျင်းတို့ကသူမ၏စိတ်ကိုလောင်မြိုက်စေသည်။
ဟိုးအရင်ထဲကကွန်းခိုရာ၏အကြည့်များကိုသူမသတိထားမိသည်။ မှိုင်းသုရှင်ကိုငေးကြည့်နေတတ်သောကွန်းခိုရာ၏မျက်ဝန်းတို့မှအချစ်ရိပ်တွေကထိန်းမရအောင်ပင်သိသာလွန်းလှသည်။ မြွမြွေချေင်းမလို့ခြေမြင်သည်ဟုပြောရမလား သူမသည်ကွန်းခိုရာကိုငယ်ငယ်လေးထဲကမုန်းတီးရသည်။ အခုဆိုရင်ပိုတောင်ဆိုးသေး။ သူမကိုဆိုလျှင်မလွှဲသာမရှောင်သာသဘောမျိုးဖြင့်ဆက်ဆံခဲ့သောကိုကိုသည် ကွန်းခိုရာကိုဆိုလျှင်အလိုလိုက်အရေးပေးကာအမြတ်တနိုးဆက်ဆံတတ်သည်လေ။ စိတ်တော့မကောင်းပေမယ့်သူမမပိုင်ရသေညအရာကို ထိုအစေခံကောင်လည်းမပိုင်ဆိုင်ရ။
" သက်သေအပြည့်အဝရအောင်စောင့်ကြည့်ထား ငြင်းမရတဲ့သက်သေမျိုးရတာနဲ့ အဲ့ဒီအစေခံကောင်ကိုဒီစံအိမ်ကြီးကတင်မဟုတ်ဘူးဒီလောကကြီးထဲကပါဆွဲထုတ်ပစ်မယ် "
" ဟုတ်ကဲ့ပါ... သခင်မလေးရဲ့စိတ်သာချ...အဲ့လိုအလုပ်မျိုးဆိုတာဆွေငယ်အကျွမ်းဆုံးပဲလေ "
သူမပြောနေသောအစေခံကောင်လေးကတော့ သူ့ကိုကိုလေးရဲ့စကားကိုနားထောင်ကာ နွေးနွေးထွေးထွေးဝတ်ဆင်ပြီး မနက်ဖြန်ကိုကြိုတင်စိတ်ကူးယဉ်ကာ အိပ်ပျော်အောင်ကြိုးစားနေလေသည်။
...........................................
" လုံးလုံး...လုံးလုံး "
" ဗျာ...ဘဘကြီး "
ကွန်းခိုရာကိုကိုလေးနှင့်မြို့ထဲသွားရန်ပြင်ဆင်နေရာမှဉီးစောကြည်ဖြူ၏ခေါ်သံကြားသဖြင့် ဉီးစောကြည်ဖြူ့အခန်းထဲသို့သွားလိုက်သည်။ အခန်းထဲရောက်တော့နေမကောင်းဖြစ်နေပုံရသောဉီးစောကြည်ဖြူကိုတွေ့လိုက်ရ၍ ကွန်းခိုရာစိတ်ပူသွားမိသည်။
" ဘဘကြီးနေမကောင်းဘူးလားဟင်.. သားဘာလုပ်ပေးရမလဲဟင်နင်းပေးရမလား.. သခင်မကြီးတို့ဆီမှာခွင့်တောင်းပြီးဆရာဝန်သွားပင့်လိုက်ရမလားဟင် "
" ရပါတယ်ကွယ်နည်းနည်းအအေးမိသွားရုံပါကွယ် အခိုးပွင့်ဆေးလေးစားပြီးအိပ်လိုက်ရင်ကောင်းသွားမှာပါ...အခုကသားကိုဘဘကြီးခိုင်းစရာရှိလို့ခေါ်လိုက်တာပါ "
" ဘာခိုင်းမလို့လဲဟင်ဘဘကြီး "
" အထွေအထူးမဟုတ်ပါဘူးကွယ် စံအိမ်ကြီးဆီသွားပြီးဘဘကြီးအတွက်ခွင့်တိုင်ပေးပါကွယ် "
" ဟုတ်ကဲ့ပါဘဘကြီး သားဘဘကြီးစားဖို့ဆန်ပြုတ်လေးပြုတ်ပြီးမှသွားလိုက်မယ်နော် "
" အေး..အေးအဲ့ဒါဆိုလည်းဘဘကြီးအိပ်လိုက်ဉီးမယ် "
" ဟုတ်ကဲ့ "
ဘဘကြီးအခန်းထဲကထွက်လာသည်နှင့်ကွန်းခိုရာမီးဖိုတစ်ဖိုပျိုးလိုက်ပြီး ဆန်ပြုတ်လေးအရင်ပြုတ်လိုက်သည်။ ဆန်ပြုတ်အိုးလေးကျက်ပြီဆိုမှ စံအိမ်ကြီးဆီသို့သွားလိုက်သည်။ နောက်မှကိုကိုလေးထံသွားရမည်လေ။
သို့သော်သူမမျှော်လင့်ထားတာတစ်ခုက သူစံအိမ်ကြီးဆီသွားပြီးသိပ်မကြာခင်မှာပဲမှိုင်းသုရှင်တစ်ယောက် သူတို့အိမ်လေးဆီသိုရောက်လာခဲ့ခြင်းပင်။
" လုံးငယ်ရေ...လုံးငယ် "
မှိုင်းသုရှင်ကွန်းခိုရာနေသောနေရာလေးကိုရောက်ဖူးချင်၍ အစေခံအချို့ကိုမေးပြီးလာခဲ့သော်လည်းအိမ်လေးထဲမှာတော့ ကွန်းခိုရာကိုမမြင်ရချေ။ သူအပြင်ကနေလှမ်းခေါ်ပြီးခဏကြာတော့မှ ဉီးစောကြည်ဖြူထွက်လာပြီးတံခါးလာဖွင့်ပေးသည်။အိမ်ထဲဝက်ဖို့ဖိတ်ခေါ်ကာ ထိုင်ခုံတစ်ခုတွင်ထိုင်စေပြီးမှ..
" သခင်လေးကျွန်တော်တို့ဆီကိုဘာအလိုရှိလို့များရောက်လာတာလဲဗျ "
ဉီးစောကြည်ဖြူကလေးလေးစားစားနှင့်မေးလာတော့ မှိုင်းသုရှင်အနည်းငယ်နေရခက်သွားသည်။
" ဒီနေ့လုံးငယ်နဲ့မြို့ထဲသွားဖို့ပြောထားလို့လာခေါ်တာပါ "
" ဪ..ဟုတ်ကဲ့...လုံးလုံးကကျွန်တော့်သိပ်နေမကောင်းလို့သခင်မကြီးဆီခွင့်တိုင်လွှတ်လိုက်တာဗျ...သိပ်တော့မကြာပါဘူး ခဏနေပြန်လာတော့မှာပါ "
" အဲ့ဒါဆိုကျွန်တော်ဒီကပဲစောင့်လိုက်တော့မယ် ဉီးစောနေမကောင်းရင်သွားပြီးအနားယူလိုက်ပါ ကျွန်တော့်ကိုလုံးငယ့်အခန်းကိုပြပေး ဒီကောင်လေးဘယ်လောကိသပ်ရပ်တုန်းကြုံတုန်းဝင်စပ်စုချင်လို့ပါ "
ထိုအခါဉီးစောကြည်ဖြူကအခန်းတစ်ခုကိုညွှန်ပြပြီး အနားယူရန်သူ့အခန်းဆီသိုပြန်သွားလေသည်။
မှိုင်းသုရှင် ကွန်းခိုရာ့အခန်းထဲသို့ဝင်ဝင်ချင်းလတ်ဆတ်သောဧကရာဇ်ပန်းနံ့သင်းသင်းလေးကိုရလိုက်သည်။ လိုက်ရှာကြည့်တော့ ပြတင်းပေါက်သေးသေးလေးအနားကခုံပုလေးပေါ်တွင်ဧကရာဇ်ပန်းတို့ကိုဖန်ခွက်လေးဖြင့်အပြည့်အသိပ်ထိုးထားလေသည်။ ပြီးတော့စာအုပ်လေးတစ်အုပ်။ စာအုပ်လေးပေါ်တွင် ချစ်သောဟုအမည်တပ်ထားသဖြင့်မှိုင်းသုရှင်သိချင်သွားပြီးယူ၍ဖတ်ကြည့်မိတော့ ရေးထားငေါစာများကိုမြင်ပြီးမျက်လုံးတို့ပြူးကျယ်သွားရကာ နှလုံးသွေးတို့တဒိတ်ဒိတ်တိုးသွားရသည်။စာအုပ်လေး၏ပထမစာမျက်နှာပေါ်တွင်လက်ရေးဝိုင်းဝိုင်းတို့ဖြင့်ရေးထားသည်က...
1968.6.15,
ဒီနေ့မိုးရွာတယ်။
ဒီနေ့ကထူးခြားတဲ့နေ့တစ်နေ့ပဲ ငါ့ဘဝမှာမတော်တဆမှုတစ်ခုကနေ အချစ်ကိုရှာတွေ့လိမ့်မယ်လို့ဘယ်တုန်းကမှထင်မထားဘူး။
ငါ့အသက်ကိုကယ်ခဲ့တဲ့သူကိုမြင်မြင်ချင်းချစ်မိသွားခဲ့တယ်လို့ပြောရင်ယုံမှာလား။
ဒါပေမယ့်....
ပထမဆုံးအချစ်လေးကမစတင်ခင်မှာပဲပြီးဆုံးသွားပြီ။
ငါချစ်မိသွားတဲ့လူကဒုတိယသခင်လေးတဲ့လား။
' မှိုင်းသုရှင်'တဲ့နာမည်စီးလိုက်တာ
ငါ့ဘဝတစ်ခုလုံးကိုပိုင်စိုးသွားစေမယ့်အတိတ်နမိတ်ပဲထင်ပါတယ်။
မှိုင်းသုရှင်ဆွံအသွားရသည်။ အမှန်တော့ဒီစာအုပ်လေးက လုံးငယ်တစ်ယောက်သူ့ကိုချစ်ကြောင်းရင်ဖွင့်သောဒိုင်ယာရီလေးပင်ဖြစ်နေသည်။ နောက်တစ်ရွက်ထပ်လှန်ကြည့်တော့...
1968.7.15,
ဒီနေ့ နေသာတယ်။
သခင်လေးစန္ဒယားတီးတာကိုသွားချောင်းကြည့်တယ်။
သိပ်တော်တဲ့သခင်လေးပါပဲ အရမ်းနားထောင်လို့ကောင်းတယ်။
ပြီတော့ ဒီနေ့ကသခင်လေးကိုမြင်မြင်ချင်းချစ်ခဲ့တာ တစ်လပြည့်တဲ့နေ့။
မှိုင်းသုရှင်တစ်ယောင်ဝမ်းသာဝမ်းနည်းခံစားချက်များရောပြွမ်းသွားရသည်။ ဒီသာအုပ်လေးကပြောသောသကားများအရဆိုလုံးငယ်လေးကသူ့ကိုအရင်စချစ်နေခဲ့တာပေါ့။နောက်တစ်မျက်နှာတွင်တော့ကဗျာလေးတစ်ပုဒ်ကိုရေးသားထားသည်ကိုတွေ့လိုက်ရသည်။
{ကျွန်တော်ကရူးမိုက်တဲ့ပင်လယ်ပါ
မမှီနိုင်တဲ့လမင်းကိုမှ
ညတိုင်းမျှော်ငေးမိတဲ့ပင်လယ်....
အမြင့်ကိုအစွမ်းကုန်တက်တာတောင်
လမင်းကိုထိတွေ့ခွင့်မရနိုင်တဲ့
နိမ့်ကျတဲ့ပင်လယ်.....
ရင်ကွဲလုနီးပါးအော်ဟစ်သော်လည်း
လမင်းဆီသို့ချစ်ကြောင်းသဝဏ်လွှာ
မဆက်သနိုင်တဲ့ပင်လယ်.....
ထိုသို့သောပင်လယ်သည်
ကျွန်တော်ဟုအမည်ရလေသည်။ }
1968.8.21,
ဒီနေ့မိုးရွာတယ်
သခင်လေးနဲ့အတူစာကြည့်ခန်းမှာပဲအချိန်ကုန်ဖြစ်တယ်
သခင်လေးက ပထမသခင်လေးကို ကိုကိုကြီးလို့ခေါ်တာကိုကြားပြီး သူ့ကိုလည်းကိုကိုလေးလို့ခေါ်ရမယ်တဲ့
ရင်ထဲကနေပြီးမြတ်နိုးစွာခေါ်မိတယ် ကိုကိုလေးလို့....
သခင်လေးအနားမှာအမြဲရှိခွင့်ရလို့ အရမ်းပျော်တာပဲ.......
လုံးငယ်ရဲ့ခံစားချက်တြွေမင်ရပြီးမှိုင်းသုရှင်၏နှလုံးသားတို့နာကျင်လာရသည်။ လုံးငယ်လေးဘယ်လောက်တောင်နာကျင်နေခဲ့မရလဲ။ သူ့နှလုံးသားသေးသေးလေးနှင့် ဘယ်လောက်များကြိတ်မှိတ်ခံစားခဲ့ရလဲ။သူနောက်တစ်ရွက်ကိုလှန်မည်ပြုလိုက်စဉ်တွင်.l..
! ခွမ်း.....!
တစ်ခုခုကျကွဲသံကြောင့်မှိုင်းသုရှင်လှည့်ကြည့်မိတော့ အခန်းတံခါးဝတွင်ရပ်နေသောကွန်းခိုရာနှင့် ကြမ်းပြင်ပေါ်တွင်ပြားခတ်နေသောပန်းအိုးအကွဲများကိုတွေ့လိုက်ရသည်။
" လုံးငယ်လေး "
သူ့ဆီမှခေါ်သံကြားသည်နှင့် လုံးငယ်တစ်ယောက်အနောက်ကိုလှည့်၍ထွက်ပြေးသွားသဖြင့် လက်ထဲကစာအုပ်လေးကိုကပြာကယာချခဲ့ကာပြေးလိုက်မိတော့သည်။
တောစပ်နားကရေကန်လေးအနီးသို့ရောက်မှပြေးထွက်သွားသူကိုမှီ၍လက်ကိုလှမ်းဆွဲလိုက်တော့ မြတ်နိုးရသူကရုန်းပြီးတောင်းပန်စကားတို့ကိုသာအထပ်ထပ်ပြောလာခဲ့လေတော့ မှိုင်းသုရှင်ရင်ကွဲရပြန်သည်။ ရှိုက်ငိုနေသောခန္ဓာကိုယ်လေးကိုသူ့ရင်ခွင်ထဲသို့ဆွဲယူလိုက်ပြီး ကျောပြင်ငယ်လေးကိုခပ်ဖွဖွလေးပုတ်ကာ...
" မပြေးပါနဲ့တော့လုံးငယ်ရယ် ကိုယ်မင်းကိုမမုန်းသလို ရွံလည်းမရွံပါဘူး။ အဲ့ဒီ့အစားတစ်လက်စတည်းကိုယ့်ခံစားချက်တွေကိုဝန်ခံပါရစေ...ကိုယ်လည်းမင်းကိုချစ်တယ်လုံးငယ်လေး မြတ်နိုးတယ် လုံးငယ်လေးကိုအခုချက်ချင်းယုံကြည်ဖို့မပြောပါဘူး ကိုယ်တဖြည်းဖြည်းနဲ့သက်သေပြသွားပါ့မယ်။ပြီးတော့ဒီအချိန်ထိစောင့်ခိုင်းခဲ့မိတာကိုယ်ကိုခွင့်လွှတ်ပါ..ကိုယ်သတ္တိနည်းခဲ့လို့လုံးငယ်လေးကိုနာကျင်စေခဲ့မိပြီ.."
သူ့စကားအဆုံးမှာတော့ရင်ခွင်ထဲကအကောင်ပေါက်ကမယုံသလိုလေးခေါင်းထောင်ကြည့်လာသည်။ မျက်ရည်များဖြင့်စိုလူးနေသောမျက်နှာလေးကိုခပ်ဖွဖွနမ်းပြီး ကိုယ်လုံးနွေးနွေးလေးကိုခပ်တင်းတင်းထွေးပွေ့လိုက်သော သူ၏လက်သေးသေးလေးများဖြင့်သူ့ကျောပြင်ကိုပြန်လည်သိုင်းဖက်လာသောအကောင်ပေါက်လေးကြောင့်တစ်လောကလုံး ပန်းတွေပွင့်သွားသလိုပင်။ လေဖြူးဖြူးလေးအတိုက်မှာ ဝေ့ဝဲလာသောဧကရာဇ်ပန်းတို့ကသူတို့နှစ်ယောက်၏ အချစ်ဝန်ခံချက်တွင်အသိသက်သေများအဖြစ်ပါဝင်ပေးနေသယောင်ပေ။
25.7.2021
red chrysanthemum