ကြင်ရာတော် ချန်အန်း The Rich...

De miokimidori

307K 37.6K 3.6K

Author(s) - Five Cloud (五朵云) Year - 2017 Status in COO - 80 Chapters (Completed) Associated Names - 富贵长安 Engl... Mais

အကယ်၍သာ....
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အခန်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
For Unicode
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၈)

အပိုင်း (၃၇)

1.4K 251 78
De miokimidori

အပိုင်း (၃၇)

"ဝမ်ဖေးက ဘယ်လိုပြောလိုက်တာလဲ...တခါတည်း 'မလာဘူး'လို့ ပြောလိုက်တာလား..."

နန်ရှီးသည် အိပ်ရာထက်တွင် လဲလျောင်းနေရင်းမှ မေးလိုက်သည်။ အပေါ်ယံကြည့်ရယုံဖြင့် သူမ ဘယ်နေရာတွင် ဒဏ်ရာရ၍ နေထိုင်မကောင်းဖြစ်နေသည်၊ မသက်သာသေးသည်အား ခန့်မှန်းဆုံးဖြတ်ရန် ခက်ခဲလှသည်။ သို့စေကာမူ သူမ၏မျက်နှာအရောင်အသွေးကတော့ အတန်ငယ်ဖြူဖျော့နေလေသည်။

"မမလေး...ဝမ်ဖေးက သူ့ခြံဝန်းထဲမှာ လုပ်စရာကိစ္စလေးတွေရှိနေသေးလို့လို့ပဲ ပြောလိုက်ပါတယ်...အချိန်ရတဲ့အခါကျမှ မမလေးကို လာကြည့်တော့မယ်လို့ ပြောလိုက်ပါသေးတယ်..."

သူမခစားနေရသည့်သခင်၏ မျက်နှာအမူအရာ အသေးစိတ်ကိုကြည့်ခြင်းဖြင့် ဤအိမ်တော်ကြီး၏အရှင်သခင်သည် ဝမ်ဖေးသာဖြစ်သည်ဟု အစေခံမိန်းကလေး နားလည်လိုက်သည်။ သို့သော် လက်ရှိ သူမအနေဖြင့်ပြောရမည်ဆိုလျှင် ယခု သူမ၏အရှေ့တွင်ရှိနေသောသူသည်သာ သူမ၏အရှင်သခင်အစစ်ဖြစ်သည်။

"မမလေး...ကျွန်မကတော့လေ ဝမ်ဖေးမှာ ဘာလုပ်စရာမှ မရှိဘူးထင်တာပဲ...သူက ဒီအတိုင်း မမလေးကို လာမတွေ့ချင်လို့ပဲနေမှာ...ဝမ်ဖေး အဲ့လိုဖြစ်နေတာ သေချာပေါက် ဝမ်ရယ်က မမလေးကို ဒီလို အရေးပေး၊ ဂရုစိုက်နေလို့ပဲနေမှာ...အဲ့ဒါမို့လို့ မမလေးကို သူ့စိတ်ထဲမှာ ဒေါသတွေထွက်၊ မနာလိုတွေဖြစ်ပြီး ဆင်ခြေတွေပေး၊ဘာပေးနဲ့ လာမတွေ့နိုင်တာနေမှာပေါ့..."

သေချာ စဉ်းစားဆုံးဖြတ်ကြည့်ပြီးနောက်မှသာ အစေခံမိန်းကလေးသည် ထိုစကားမျိုးပြောလာခြင်းဖြစ်သည်။ စကားဆုံးသွားသည့်တိုင် သူမ၏မမလေးထံတွင် ဒေါသထွက်၊လက်မခံသည့်ဟန်မတွေ့ရသဖြင့် သူမသည် ပို၍ရဲတင်းလာကာ ဆက်ပြောလာလေသည်။

"မမလေး...မမလေးက အခုမှ ဒီအိမ်တော်ကို ရောက်လာလို့ မသိသေးတာ...ဝမ်ရယ့်မှာ လက်ထပ်ထားတဲ့ ဇနီးရော၊ ကိုယ်လုပ်တော်တွေသာရှိနေတာ....တကယ်တမ်းကျတော့ ဝမ်ရယ့်အနောက်ဆောင်က မိန်းမတွေထဲမှာ ဝမ်ရယ့်စိတ်ကို ဖမ်းစားနိုင်တဲ့သူဆိုတာ အခုထိကို ဘယ်တယောက်မှ မရှိသေးဘူး..."

"အဲ့ဒီ နန်းတော်ကနေ ပို့ထားတယ်ဆိုတဲ့ အိပ်ဖန်စောင့်နှစ်ယောက်ဆိုတာကလည်း...ရောက်နေတာဖြင့် ဘယ်နှနှစ်ရှိနေပြီလဲ...ခုထိ ဝမ်ရယ်ကို တခါ ခစားဖူးလို့လား...ပြီးတော့...ဟိုတလောကမှ လောလောလတ်လတ် လက်ထပ်ထားတဲ့ စီ့ဖေးနှစ်ယောက် ရှိသေးတယ်...အမလေး...ဝမ်ရယ်က အခုထိ သူတို့ရဲ့မင်္ဂလာခန်းကို မဝင်ရသေးဘူးတဲ့...ဝမ်ဖေးကျတော့လား......ဝမ်ရယ်က အဲ့ဒီဝမ်ဖေးရဲ့နေရာမှာ အချိန်ဖြုန်းတာ အိပ်တာ များပေမယ့်လည်းလေ...ဟောဒီအစေခံကြားတာကတော့...ဝမ်ရယ်က အဲ့မှာ ဒီအတိုင်း အိပ်ယုံပဲအိပ်တာတဲ့...ဝမ်ဖေးနဲ့ ဘာဆိုဘာမှ ဖြစ်တာ မရှိဘူးတဲ့..."
   
ရှန်ဝမ်အိမ်တော်တွင် ရှိသမျှလူအားလုံးသည် သူတို့ ရှန်ဝမ်အိမ်တော်၏ အနောက်ဆောင်မှသူများအပေါ် အေးစက်စွာဆက်ဆံသည့်ကိစ္စနှင့်ပတ်သက်၍ ကျင့်သားအတော်ရနေပြီဟုပင် ဆို၍ရနေပြီဖြစ်သည်။ လက်ရှိအနေအထားကိုပြောရလျှင်မူ သူတို့သည် 'မမလေး'ဟူသော တယောက်သောသူကိုသာ အာရုံစိုက်ကာ အလေးပေးဆက်ဆံရန် တိုင်ပင်ထားကြသလိုပင်။ ထို'မမလေး နန်ရှီး'၏ထွက်ပေါ်လာမှုအပေါ် သူတို့အားလုံး မထင်မှတ်အံ့အားသင့်ကြသကဲ့သို့ တချိန်တည်းလိုပင် နန်ရှီးအပေါ်တွင် သူတို့သည် သံသယစိတ်နှင့် မကျေချမ်းမှုတို့ အနည်းအများတော့ ထားရှိကြသည်သာ။ သို့စေကာမူ သူမအပေါ်တွင် သေချာ ဂရုစိုက်ကာ ခစားပြုစုသွားကြရမည်ဆိုသောကိစ္စမှာ သူတို့အတွက် သိသာလှသည့်ကိစ္စပင်ဖြစ်သည်။

"ဟောဒီ ကောင်မလေးကတော့လေ...ငါ နင့်ကို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ မမေးရပါဘူးကွယ်...နင် ငါ့ကို ဒီကိစ္စတွေ လာပြောတော့ရော ငါ ဘာလုပ်လို့ရမှာလဲ...ငါက ဒီအတိုင်းပဲ ရုတ်တရက် နေမကောင်းသလို ခံစားမိလာလို့ပါ...ဝမ်ဖေးက ခုလို ရောက်မလာတော့...ငါ့အတွက် အိမ်တော်အပြင်ကနေ သမားတော်ပင့်ပေးဖို့ ဘယ်သူ့ကိုများ သွားအကြောင်းကြားပေးရဦးမှာလဲ..."

နန်ရှီး၏ မျက်နှာအရောင်အသွေးသည် အမှန်ပင် ဖြူဖျော့ဖျော့အနေအထားပင်။ သို့သော် သူမမှ ယခုကဲ့သို့ မနှေးမမြန် တည်ငြိမ်စွာ စကားပြောလာချိန်တွင်တော့...အမှန်တကယ် နေထိုင်မကောင်း ဝေဒနာခံစားနေရသည့် လူမမာပုံစံတော့ မပေါ်လှပေ။

အစေခံမလေးကတော့ အစကတည်းကပင် သူမ၏သခင်ရှေ့တွင် စွမ်းဆောင်ရည်ပြသရန် ကြံစည်စီစဉ်ထားခဲ့တာဖြစ်သည်။ ယခုကဲ့သို့ သူမ၏သခင်ထံမှ အရိပ်အခြည်အားမြင်ရချိန်တွင်တော့ သူမအတွက် အခွင့်အရေးရလာပြီဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။ ထို့နောက် သူမသည် အိပ်ရာထက်မှနန်ရှီးအား အားပေးစကား၊ အာမခံစကားအနည်းငယ်ပြောပြီးသည်နှင့် ချက်ချင်း အခန်းအတွင်းမှ အလျင်စလိုဟန်ဖြင့် ပြေးထွက်လာတော့သည်။

ရှောင်းချင်းယန့်သည် ဒဏ်ရာရထားသည်ဟူသော အကြောင်းပြချက်ဖြင့် ယခုတလော မနက်ခင်း နန်းတွင်းညီလာခံ တက်ရောက်ခြင်းမရှိပေ။ အပြင်ဘက်မှ ဆူညံငြင်းခုံသံများ ကြားရချိန်တွင် သူ၏အရှေ့တွင်ရှိနေသော ပစ္စည်းများအား သိမ်းဆည်းလိုက်ကာ ဘေးတွင်စောင့်နေသော ကျူးချွမ်အား ဘာပြဿနာဖြစ်နေသည်ကို သွားကြည့်ခိုင်းလိုက်သည်။

ကျူးချွမ် အပြင်ထွက်လာ၍ ဘာစကားမှ မဟရသေး...အစေခံမလေးသည် ကယ်တင်ရှင်အား တွေ့လိုက်ရသကဲ့သို့ ချက်ချင်းပင် ကျူးချွမ်၏ရှေ့တွင် ဒူးထောက်လိုက်သည်။
   
"အိမ်တော်ထိန်း ကျူး...ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို အထဲဝင်ပြီး ဝမ်ရယ်နဲ့တွေ့ခွင့်ပြုပါ...မမလေး နန်ရှီးခမျာ ရုတ်တရက် နေမကောင်းဖြစ်လာလို့ ဝမ်ဖေးကို သွားရှာပါတယ်...ဒါပေမယ့် ဝမ်ဖေးနဲ့တွေ့ခွင့်မရခဲ့ပါဘူး...မမလေးက အခုဆိုရင် အရမ်းကို နာကျင်ခံစားနေရတာပါ...မြန်မြန်လေး သွားကြည့်ပေးပါလို့ ဝမ်ရယ့်ကို တောင်းပန်ပါရစေ..."

ထိုအစေခံမလေး ဒူးထောက်လိုက်သည့်အချိန်တုန်းက သူမ၏မျက်နှာသည် ပကတိ အကောင်းပင်။ သို့သော် သူမ စကားပြောပြီး၍ မျက်နှာ ပြန်လည်မော့လာသည့်အချိန်တွင်တော့ မျက်နှာတပြင်လုံး မျက်ရည်တို့ဖြင့် စိုရွဲကာနေလေပြီဖြစ်သည်။

ကျူးချွမ်သည် အစကတော့ အကူအညီပေးရန်ပင်။ သို့သော် အစေခံမလေး၏ထိုပုံစံအား မြင်လိုက်ချိန်တွင် ရုတ်တရက် ကူညီပေးချင်စိတ်ကုန်ဆုံးသွားသလိုပင်။ သူ၏ဖခင်မှ သူ့အား ပြောပြခဲ့ဖူးသည့် ခြောက်လပိုင်း၏ကောင်းကင်ထက်ပင် မျက်နှာအပြောင်းအလဲမြန်ကြသည့်သူပင် ဖြစ်သည်။ ထိုသို့သောလူမျိုးသည် အပြောတမျိုး အလုပ်တမျိုးဟူသော လူစားမျိုးပင်။ အမြဲတစေ မျက်နှာနှစ်ဖက်နှင့် လူကို လှည့်စားဒုက္ခပေး၊ အကောက်ကြံရန် အကြံအစည်များစွာရှိသောလူများ ဖြစ်သည်။ ထိုသူတို့နှင့် ဆက်ဆံရာတွင် အထူးသတိထားရန် လိုအပ်ပေသည်။

"ရပြီ ရပြီ...ဘာကိစ္စ ငိုနေရတာလဲ...ဒီအိမ်တော်မှာ အရှင်သခင်က နှစ်ပါးပဲရှိတာ...ဝမ်ရယ်ရော ဝမ်ဖေးရောက အကောင်းကြီးပဲရှိနေတာကို...မင်းက ဘယ်သူ့အတွက် လာငိုနေရတာတုန်း..."

ကျူးချွမ်၏မျက်နှာထက်တွင် စိတ်မရှည်မှုတချို့တို့က ပေါ်လွင်နေသည်။ သို့စေကာမူ သူ၏စိတ်ထဲတွင်တော့ စိတ်ပူစိုးရိမ်နေရသည်။ ဝမ်ရယ့်ကြည့်ရသည်မှာ ထိုနန်ရှီးဟုခေါ်သောမိန်းကလေးအပေါ်တွင် အတော် ဂရုစိုက်၊ စိတ်ဝင်စားနေသည့်ပုံပင်။ မတော်လို့များ...တော်ကြာနေ ဒီကိစ္စနှင့်ပတ်သက်ပြီး ဝမ်ဖေးအပေါ်မှာ ဒေါသပုံထ၊ အပြစ်သွားတင်ပါက ဝမ်ဖေးခမျာ ဘယ်လိုလုပ်ပြီး ပြန်ဖြေရှင်းနိုင်ပါ့မလဲ...။

"မိန်းကလေး နန် နေလို့မကောင်းဘူးဆိုရင်လည်း...မင်း ဘာလို့ သမားတော် သွားမပင့်တာလဲ...ဝမ်ရယ့်ဆီ ဒီလိုပြေးလာပြီးပြောတာ ဘာလုပ်ဖို့လဲ...ဝမ်ရယ်က အထဲမှာ အရေးကြီးတဲ့ကိစ္စတွေ လုပ်နေရတာ မင်း နားမလည်ဘူးလား...ဝမ်ရယ်ရဲ့အရေးကိစ္စတွေ နှောင့်နှေးကုန်ရင် ဘယ်သူက လာတာဝန်ယူပေးမှာလဲ...ဘယ်သူမှ တာဝန်ခံနိုင်မှာ မဟုတ်ဘူး...အခု မင်း အရင်ပြန်ပြီး မိန်းကလေး နန်ကို ဂရုစိုက်ပေးလိုက်...ငါ လူလွှတ်ပြီး သမားတော်ပင့်ခိုင်းလိုက်မယ်...ခဏနေရင် သမားတော် ရောက်လာလိမ့်မယ်..."
  
ကျူးချွမ်သည် အိမ်တော်ထိန်းကျူး၏ တဦးတည်းသောသား ဖြစ်သည်။ အိမ်တော်ထိန်းကျူး ဆိုသည်မှာလည်း ရှောင်းချင်းယန့်၏မယ်တော်ဘက်မှ ပို့ပေးထားသည့်လူဖြစ်ပေသည်။ သို့ရာ ကျူးချွမ်သည် ရှောင်းချင်းယန့်၏နောက်သို့ စတင်ခစားလိုက်ပါသည့်အချိန်မှစ၍ သူသည် ရှောင်းချင်းယန့်အား မျက်နှာလို မျက်နှာရလုပ်လိုသူ၊ ချည်းကပ်လိုသူများ၏ မဖြစ်မနေ ချည်းကပ် မျက်နှာလုပ်ရမည့်သူ၊ ပစ်မှတ်တခု ဖြစ်လာခဲ့သည်။

သူကိုယ်တိုင်ကမူ မည်သူ့ကိုမှ မျက်နှာချိုသွေး၊ ဟန်ဆောင်မျက်နှာလုပ်စရာမလိုသည့် ကျူးချွမ်တွင် သူ ကြိုက်နှစ်သက်ရာအား လွတ်လပ်စွာ ရွေးချယ်ခွင့်၊ လုပ်ပိုင်ခွင့် ရှိသည်။ သို့ကြောင့် သူ၏သခင်ဖြစ်သူမှာ အနှီနန်ရှီးဟူသောသူအပေါ်တွင် ပုံမှန်နှင့်မတူခြားနားစွာ ဆက်ဆံနေပါသော်လည်း ကျူးချွမ်သည်တော့ ထိုနန်ရှီးအား ယခုထိ သဘောကျခြင်း၊ အမြင်ကြည်ခြင်းမရှိပေ။ သူ၏စိတ်ထဲတွင် ထိုအမျိုးသမီးသည် ပြဿနာတစုံတရာရှိသူ ဖြစ်သည်ဟု အမြဲ အာရုံရနေသလိုပင်။ သူမ၏ မူလဇစ်ဖြစ်သာမက ဝမ်ရယ်နှင့် မတော်တဆ တွေ့ဆုံသည်ဟူသော ထိုတွေ့ဆုံမှုများကပင် သံသယဝင်စရာများလှပေသည်။

ထိုကိစ္စများသာမကသေး...။ ကျူးချွမ် တကယ့် တကယ်ကို မြင်ပြင်းကတ်လှသည့်ကိစ္စမှာ နန်ရှီးသည် သူမ၏လက်ရှိအခြေအနေအား သူမ၏ 'ဟန်ဆောင်လိမ်ညာမှုများ'အပေါ်တွင် မှီကိုးတည်ဆောက်ထားခြင်းပင်။ သူမ၏ဒဏ်ရာမှာ သာမန်လိမ့်ကျ၍ရသော ပွန်းပဲ့ဒဏ်ရာမျှသာဖြစ်သည်မှာ သိသာလွန်းလှသည့်အပြင် သမားတော်ကိုယ်တိုင်ပင်လျှင် ပြဿနာကြီးကြီးမားမားမရှိ၊ စိတ်ပူစရာ လုံးဝ မရှိကြောင်း ပြောသွားခဲ့သော်ငြား။ ယခုကဲ့သို့ ရက်အတော်ပင်ကြာသွားခဲ့သည့်တိုင်...သူမထံတွင် ဘယ်သို့သောအကြောင်းများကြောင့် ယခုလို နေထိုင်မကောင်းဖြစ်ရ၊ ဒဏ်ရာကပြန်ထနေရပါသနည်း။ ထို့အပြင် ယခုကဲ့သို့ အော်ကြီးဟစ်ကျယ်၊ ရေးကြီးတခွင်လုပ်ကာ ဝမ်ရယ်အား လာရှာရသေးသည်မှာ သူမသည် တမင်ပင် ပြဿနာဖြစ်အောင်လုပ်နေပါသည်ဆိုသည့်အကြောင်းမှာ အသိအသာကြီးပင် မဟုတ်ပါလား။

ကျူးချွမ်ထံမှ ထိုသို့သော ထင်မှတ်မထားသည့် တုံပြန်မှုအား ရလာလိမ့်မည်ဟု တွေးမထားမိသော အစေခံမိန်းကလေးသည် အံ့အားသင့်ဆွံ့အသွားခဲ့သည်။ ဝမ်ရယ်ကတောင် သူမတို့မမလေးကို ဘယ်လောက်တောင် ဂရုစိုက် ကြင်နာပေးလိုက်သလဲ...။ ဒါကို ဒီကျူးချွမ်က ကျားသစ်အသည်းများ စားထားလို့ သတ္တိကောင်းနေတာလား...။ သူမကို ဒီလိုအချိုးမျိုးနဲ့ မချေမငံဆက်ဆံရဲတယ်...။

"ဝမ်ရယ်...ဝမ်ရယ်...မမလေးနန်ရှီးကို မြန်မြန်သွားကြည့်ပေးပါလို့ ဝမ်ရယ့်ကို တောင်းပန်ပါတယ်...ဝမ်ရယ်..ဝမ်ရယ် အမြန်ထွက်လာခဲ့ပေးပါ..."

"ဘာတွေဖြစ်နေကြတာလဲ...”

ရှောင်းချင်းယန့်သည် စိတ်မရှည်သောမျက်နှာဖြင့် အပြင်ထွက်လာခဲ့သည်။ ဤအစေခံမလေးသည် သတ္တိအတော်ကောင်းလိမ့်မည်ဟု ကျူးချွမ် ထင်မထားမိခဲ့ပေ။ သူ၏စကားကိုပင် လျစ်လျူရှု၊ ဂရုမစိုက်သည်အထိ ရဲတင်းလှပေသည်။ တဖန် ပြန်လည် ဒူးထောက်နေပြန်သော ထိုအစေခံမလေးအား စူးစူးရဲရဲ စိုက်ကြည့်ပြီးနောက် သူ၏သခင် ဝမ်ရယ်အား အခြေအနေကို အမြန် ရှင်းပြလျှောက်တင်လိုက်သည်။

"ဝမ်ရယ်...ဒီကောင်မလေး ပြောတာတော့ မိန်းကလေး နန်က နေမကောင်းဖြစ်နေပါတယ်တဲ့...ကျွန်တော်မျိုး သူ့ကို အရင်ပြန်ပြီး မိန်းကလေး နန်ကို စောင့်ရှောက်ခိုင်းထားပါတယ်...ကျွန်တော်မျိုး လူလွှတ်ပြီးတော့ သမားတော်လည်း ပင့်ခိုင်းထားပြီးပါပြီ...ဒါပေမယ့် ဒီကောင်မလေးက ကျွန်တော်မျိုးရဲ့စကားကို နားမထောင်ဘဲ ပြန်စရာရှိတာကို မပြန်တဲ့အပြင်... အကြောင်းအရင်းမရှိ ဒီမှာလာပြီး ဒူးထောက်ငိုယိုတာတွေ လာလုပ်နေတာပါ..."

သူတို့၏သခင်သည် ထိုကဲ့သို့ ရဲတင်းကာ ထင်ရာစိုင်းတတ်သည့် အစေခံမျိုးအား ဘယ်သောအခါမှ သဘောကျခြင်း မရှိပေ။ ကျူးချွမ်ကတော့ လက်မခံနိုင်ပေ။ ဒီလို ဘာမဟုတ်တဲ့အဆင့်ပဲရှိတဲ့ အစေခံမလေးတယောက်အတွက်နဲ့ ဝမ်ရယ်မှ သူ့အား ဆူပူကြိမ်းမောင်းဦးမှာလား...။
 
“နန်ရှီး နေမကောင်းဘူး...အဲ့ဒါကို ဘာလို့ ငါ့ကို စောစော မပြောကြတာလဲ...ဒီမှာ လာဒူးထောက်လို့ ဘာလုပ်လို့ရမှာလဲ...ငါ့ကို အမြန် အဲ့ကို ခေါ်သွားစမ်း..."

"ဟုတ်..ဟုတ်ကဲ့...ဝမ်ရယ် အမြန်လေး ကျွန်တော်မျိုးမနဲ့ သွားကြရအောင်..."

မမလေးက ဝမ်ရယ်ရဲ့ရင်ထဲမှာ အရေးပါတဲ့သူဆိုတာ သူ သိသားပဲ...။ အစေခံမလေး၏ရင်ထဲတွင် ပျော်ရွှင်စိတ်လှုပ်ရှားမှုတို့က ထိန်းချုပ်၍ပင် မရနိုင်တော့သလိုပင်။ မမလေးသာ နောက်ပိုင်း ချစ်မြတ်နိုးခံ၊ နေရာရလာပါက...သူမသည်လည်း ရှန်ဝမ်အိမ်တော်တွင် သာယာလှပသည့်နေ့ရက်များအား ဖြတ်သန်းသွားယုံပင် မဟုတ်ပါလား...။

ကျူးချွမ်သည် ဝမ်ရယ်မှ သူ့အား တချက်ကလေးပင် ဂရုမစိုက်ဘဲ ထိုအစေခံမလေး၏နောက်သို့ လိုက်သွားလိမ့်မည်ဟု ထင်မထားမိခဲ့။ စောစောက အစေခံမလေးပြောသွားသည့်စကားများအား စဉ်းစားကြည့်မိသည်နှင့် သူသည် ဝမ်ဖေး၏ပင်မခြံဝန်းရှိရာသို့ အချိန်ဆွဲမနေတော့ဘဲ အပြေးနှင်တော့သည်။

ရှောင်းချင်းယန့် အလျင်စလိုဖြင့် နန်ရှီး၏ အဆောင်သို့ ရောက်သွားချိန်တွင် နန်ရှီးသည် အိပ်ရာထက်မှ ထရန်ပြင်နေသည်နှင့် အချိန်ကိုက်ပင် ဖြစ်သည်။ သူသည် လျင်မြန်သောခြေလှမ်းများဖြင့် နန်ရှီးရှိရာသို့သွားကာ လူကို အိပ်ရာထက်တွင် ပြန်လည်လှဲလျောင်းနိုင်ရန် ဖေးမပေးလိုက်သည်။ ရှောင်းချင်းယန့်၏ မျက်နှာထားမှာ သိပ်မသာယာလှသော်လည်း နန်ရှီးအား စကားပြောစဉ်တော့ သူ၏လေသံတွင် ဒေါသ၏အရိပ်အယောင်ဟူ၍ တစွန်းတစမပေါ်သည့်အပြင် လေသံပြင်းပြင်းဖြင့်ဆိုရန်ပင် မဆိုရက်နိုင်သကဲ့သို့ပင်။

"နေလို့ မကောင်းဘူးဆို...လိုအပ်တာရှိရင် အစေခံတွေကိုပဲ လုပ်ခိုင်းလိုက်လေ...ဘာကိစ္စ ကိုယ်တိုင် ထလုပ်ရတာလဲ..."

"ဝမ်ရယ်...ကျွန်မ အိပ်ရာထဲပဲ နေနေရတာ တော်တော်ကြာပြီလေ...တချိန်လုံး အိပ်ရာထဲ ဒီတိုင်း လှဲနေလို့ရှိရင် အကောင်းတိုင်းရှိနေတဲ့သူတောင် ချူချာသွားချင်လောက်တယ်လေ...ဒါကြောင့်မိုလို့ အထိုင်အထလေး လုပ်မလားလို့ပါ...ကျွန်မက အစကတည်းက သာမန်တောသူမပါ...ကျွန်မရဲ့ခန္ဓာကိုယ်က အဲ့လောက်ကြီး နုနုနွဲ့နွဲ့နေဖို့ မထိုက်တန်လှပါဘူး..."
  
"ဟုတ်ပါပြီ...ခုနက မင်းအဆောင်ကအစေခံပြောတာတော့ မင်း နေလို့မကောင်းဘူးဆို...ဘယ်နား နေလို့မကောင်းတာလဲ..."

တမင် ရည်ရွယ်သည်လား၊ သတိမထားမိ၍ပဲလား မသိ။ လူကို အိပ်ရာထဲပြန်လှဲရန် ကူညီပေးပြီးသည့်တိုင် နန်ရှီး၏လက်အား ဆုတ်ကိုင်ထားသည့် ရှောင်းချင်းယန့်၏လက်သည် ယခုထိတိုင် ထိုအတိုင်းပင်။ ပြန်လွှတ်မပေးသေးပေ။ နန်ရှီးအား ဂရုစိုက်ကြင်နာသည့်စကားများပြောပြီးသွားသော်လည်း ဆုတ်ကိုင်ထားသည့်ထိုလက်မှာ ပို၍ပင်အားထည့်ကာ ဖျစ်ညှစ်လိုက်သေးသည်။

နန်ရှီးမှ အဖြေပြန်ပေးဖို့ နှုတ်ဟရန်ပြန်ဆဲ...သူမ၏အစေခံမလေးမှ အရင် ခြေတလှမ်းဦးစွာ ဝင်ပြောလာသည်။

"ဝမ်ရယ်ကို လျှောက်တင်အပ်ပါတယ်...စောစောက မမလေး နေလို့မကောင်းဖြစ်နေချိန်တုန်းက ဝမ်ရယ် အိမ်တော်မှာရှိနေမှန်း မမလေး မသိခဲ့ပါဘူး...ပြီးတော့ ဝမ်ရယ့်ကို မမလေးက အနှောင့်အယှက်မပေးရဲပြန်ပါဘူး...အဲ့ဒါနဲ့ပဲ မမလေးက ကျွန်တော်မျိုးမကို ဝမ်ဖေးဆီကို သွားခိုင်းခဲ့ပါတယ်...အစကတော့ ဝမ်ဖေးကို ဒီကိုလာကြည့်ုခိုင်းပြီး သမားတော် ပင့်ပေးပါလို့ အကူအညီတောင်းမလို့ပါပဲ...ဒါပေမယ့် မထင်မှတ်ဘဲ ဝမ်ဖေးက သူ့ခြံဝန်းထဲမှာ လုပ်စရာရှိသေးတယ်ဆိုပြီး...ဒီကို တချက်လေးတောင် လာမကြည့်ဘဲ ငြင်းလွှတ်လိုက်ပါတယ်...ပြီးတော့ တခြားလူလွှတ်ပြီး အခြေအနေတောင် လာမမေးခိုင်းပါဘူး..."

"နင် ဘာတွေလျှောက်ပြောနေတာလဲ...စောစောကကိစ္စက ကျွန်မက ဒီအတိုင်းပဲ ဝမ်ဖေးကို ဒီကို ဖိတ်ခေါ်ခိုင်းချင်တာပါ...ဒီအတိုင်း ဝမ်ဖေးကို ရှင်းပြစရာကိစ္စလေးတချို့ရှိနေလို့ပါ...နောက်မှ သေချာ ပြန်စဉ်းစားကြည့်တော့မှပဲ အဲ့ဒါက မသင့်တော်ဘူးဆိုတာ သဘောပေါက်သွားတယ်...ကျွန်မက ဘယ်လိုလုပ်ပြီး ဝမ်ဖေးကို ကိုယ်တိုင် ကျွန်မဆီ အရင်လာခိုင်းလို့ဖြစ်ပါ့မလား...ကျွန်မကသွားပြီး ဝမ်ဖေးကို အခစားဝင်တာကမှ ပိုဖြစ်သင့်တာပါ...နင်..ဒီကောင်မလေးကတော့လေ...ဘာမှမသိရင်လည်း စကားတွေ အပိုလျှောက်မပြောစမ်းနဲ့..."

နန်ရှီး၏စကားတို့က အနည်းငယ် အလျင်စလိုနိုင်လှသည်။ သူမသည် ရှောင်းချင်းယန့်အား အကြောင်းအရာတခုခုအား အသည်းအသန် ရှင်းပြချင်နေသကဲ့သို့ပင်။ သို့သော် သူမ၏စကားတို့သည် ရှောင်းချင်းယန့်အား ပို၍ပင် စိတ်တိုလာစေခဲ့သည့်အလား သူ၏မျက်နှာထားသည် ပို၍သာ တင်းမာလာခဲ့သည်။

"ဘာကို ရှင်းပြမှာလဲ...မင်း သူနဲ့ ဘာမှကို ရှင်းပြနေစရာမလိုဘူး...သူက ဝမ်ဖေးဆိုတာ မှန်ပေမယ့်...ဟောဒီအိမ်တော်က ပန်ဝမ်ရဲ့အိမ်တော်ပဲ...ပန်ဝမ်ရှိနေသရွေ့ ဒီအိမ်တော်မှာ သူ ဘာကိုမှ စီစဉ်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး...မင်း စိတ်အေးအေးထားပြီး ကောင်းကောင်း အနားယူပါ...နောက်ကိုလည်း နှုတ်ဆက်ဂါဝရသွားပြုရမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိတ်ပူမနေနဲ့တော့...ငါ သခင်တယောက်အနေနဲ့ မင်းကို ဒီအိမ်တော်ထဲမှာရှိသမျှ နှုတ်ဆက်အရိုအသေပေးရမယ့်ကိစ္စတွေကနေ ကင်းလွတ်ခွင့်ပေးလိုက်တယ်..."

ဖြည်းဖြည်းချင်း ထရပ်လိုက်ရင်း ရှောင်းချင်းယန့်သည် အခန်းထဲအား တချက်ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဘေးတွင်စောင့်ဆိုင်းနေသည့် အစေခံအား တချက်ပြန်ကြည့်ကာ တဖန် စကားဆက်ဆိုလာသည်။

"ဒီမှာ ခိုင်းစရာလူ ဒီလောက်တောင် နည်းလှပါလား...ငါ ခဏနေရင် လူတွေရွေးပြီး မင်းဆီကို ပို့လိုက်မယ်...မင်း ဘာပဲလိုလို သူတို့ကို စိတ်ကြိုက်အမိန့်ပေးလိုရတယ်...ပြီးတော့ မင်းအနားမှာလည်း အချိန်မရွေး ခေါ်ခိုင်းလို့ရမယ့်သူ ထားထား..."

"ကျေးဇူးတင်ပါတယ် ဝမ်ရယ်...ဒါပေမယ့် မလိုအပ်ပါဘူး...ကျွန်မက ဘယ်လိုလုပ်ပြီး ဝမ်ရယ့်ကိုယ်မှာ ဒီလောက် ဒုက္ခပေးလို့ဖြစ်မှာလဲ..."

နန်ရှီးမှ ငြင်းပယ်လိုက်သည်။ သို့သော် ထိုသည်ကပင် ရှောင်းချင်းယန့်အား နောက်ဆုတ်မသွားစေခဲ့သည့်အပြင် ပို၍ပင် ရှေ့တိုးလာစေခဲ့သည်သာ။ ထို့နောက် သူသည် ဘေးနားတွင်ရှိနေသော အစေခံအား အမိန့်ပေးလိုက်သည်။

"မင်း အိမ်တော်မှာ အလုပ်လုပ်နေတာ ကြာလှပြီမဟုတ်လား...မင်းသခင် နေကောင်းသွားတဲ့အချိန်ကျရင်...ဟိုဟိုဒီဒီ သူ့ကိုအဖော်ပြုပြီး လမ်းလျှောက်ထွက်ပေးလိုက်...ဒါမှ သူ မြန်မြန်ကျန်းမာလာမှာ..."

"ဟုတ်ကဲ့ပါ ဝမ်ရယ်...ကျွန်တော်မျိုးမ နားလည်ပါပြီ..."

သူမ၏မျက်နှာထက်တွင် ပျော်ရွှင်မှုတို့က ဖုံးမရ ဖိမရပင်။ အစေခံမလေး၏စိတ်ထဲတွင် ယနေ့အဖို့ သူမ လောင်းကြေးထပ်သည်မှာ မှန်သွားပြီဟု တွေးနေတော့သည်။

"ကဲ...မင်း ကောင်းကောင်း အနားယူလိုက်ပါဦး...ငါ ဝမ်ဖေးဆီကို သွားလိုက်ဦးမယ်..."

"ဂရုစိုက်ပြီးသွားပါ ဝမ်ရယ်..."

သူမတို့နှစ်ဦးစလုံး သိနေသည်လေ။ ရှောင်းချင်းယန့် ဝမ်ဖေးဆီသို့ သွားသည်ဆိုသည်မှာ သေချာပေါက် ကောင်းသောရည်ရွယ်ချက်ဖြင့် မဟုတ်ဘူးဆိုသည်အား.....။

"မမလေး...ဝမ်ရယ်ကလေ မမလေးကို တကယ်ကြီး သဘောကျမြတ်နိုးနေပြီ...သိလား..."

ရှောင်းချင်းယန့်ထွက်သွားသည်နှင့်...အစေခံမလေးသည် တမျက်နှာလုံး ပြုံးပန်းဝေဆာကာ အိပ်ရာဘေးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အချိန်ဆိုင်းမနေဘဲ စိတ်အားတက်ကြွစွာဖြင့် မြှောက်ပင့်စကား၊ ဂုဏ်ပြုစကားများပြောကာ မျက်နှာလုပ်လေတော့သည်။ ဝမ်ရယ့်ထံတွင် ယခုထိ အမွေဆက်ခံမည့်သူ မရှိသေးပေ။ ဝမ်ရယ်မှ မမလေးအား ဤမျှလောက် သဘောကျနေမှတော့...သေချာပေါက် အနှေးနှင့်အမြန်ပင် မမလေးသည် ဝမ်ရယ်အတွက် သားဦးလေး မွေးဖွားပေးနိုင်တော့မည် မဟုတ်ပါလား...။ ထိုအချိန်သာရောက်ပါက မမလေးသည် တောက်ပလင်းလက်နေသည့်အနာဂတ်နှင့် ပြည့်စုံကြွယ်ဝသည့် ဘဝကို ပိုင်ဆိုင်တော့မည်မှာ အသေအချာပင်။

"ဟုတ်သားပဲ...ငါ အခုထိ နင့်နာမည်ကို မသိရသေးပါလား..."

ဒီကောင်မလေးက ရှေ့လျောက် သူမနောက်လိုက်မယ့်သူ မဟုတ်လား...။ ဒါ သူ့လူယုံလို့ သတ်မှတ်လို့ရပြီမဟုတ်လား...။

"မမလေး...အခု ကျွန်တော်မျိုးမရဲ့အရှင်သခင်က မမလေးပါ...ကျွန်တော်မျိုးမရဲ့အရင်နာမည်က ဒီအတိုင်း ပြီးစလွယ်ပေးထားတာပါ...မမလေးက သခင်ဖြစ်သွားမှတော့ မမလေးပဲ ကျွန်တော်မျိုးမကို နာမည်အသစ် ချီးမြှင့်ပေးပါ..."

သခင်မှ ကျေးကျွန်များအား နာမည်မှည့်ခေါ်ခြင်းသည် ထုံးတမ်းစဉ်လာပင်ဖြစ်သည်။ အရင် ကိုယ်ပိုင်နာမည်ရှိပြီးသားသောကျေးကျွန်များသည် သခင်အသစ်ပြောင်းသွားပါက...ထိုသခင်အသစ်သည် ကျေးကျွန်များ၏နာမည်အား အသစ် ပြန်လည်ပြောင်းပေးကြတတ်သည်။ ထိုသည်မှာ အဆိုပါကျေးကျွန်များ၏ ဖြစ်တည်မှုအခြေအနေ ပြောင်းလဲသွားမှုအား ဖော်ပြခြင်းဖြစ်သကဲ့သို့ ယခင်သခင်နှင့် ပတ်သက်မှု မရှိတော့ကြောင်းအား ပြသခြင်းလည်း ဖြစ်သည်။

"ငါကြည့်ရတာတော့ နင်က လည်လည်ဝယ်ဝယ်ရှိသားပဲ...အဲ့တော့ နင့်ကို 'ပိုင်လင်း'လို့ ခေါ်မယ်လေ..."

နန်ရှီးကတော့ ထိုသို့သာ တွေးလိုက်သည်။ သူမ ထိုအစေခံမလေးအား ယခုလို နာမည်အသစ်ပေးလိုက်ပြီဖြစ်၍ သူမသည် ရှေ့လျောက် နန်ရှီး၏လူ သတ်သတ်မှတ်မှတ်ဖြစ်သွားပြီဖြစ်သည်။

"ဒီနာမည်လေးက နားထောင်လို့ အရမ်းကောင်းတာပဲ...ကျွန်တော်မျိုးမ အရမ်းသဘောကျပါတယ်...အခုလို နာမည်ချီးမြှင့်ပေးလို့ မမလေးကို ကျေးဇူးတင်ပါတယ်..."

.....

"ရှင် ဘာပြောလိုက်တယ်...အဲ့ဒီတယောက်က ဘာလို့ ဒီလောက်တောင် မုန်းစရာကောင်းလိုက်တာလဲ..."

ချွန်းယ်ီသည် သူမ၏သခင်လေးနှင့် အဆောင်ပြန်ရောက်သည်မှာ မကြာသေး။ သခင်လေး ရေချိုးရန်အတွက် ချိုးရေပြင်ပေးရန် တယောက်ယောက်အား ခေါ်ခိုင်းမည်ဟုကြံနေချိန်...ဘယ်ကမှန်းမသိ ကျူးချွမ်တယောက် သုတ်သီးသုတ်ပျာရောက်ချလာပြီး သူမအား ဘေးသို့ဆွဲခေါ်သွားသည်။ ပြီးနောက် သူမအား ထိုသို့ ယုတ္တိမတန် စိတ်ပင်မကူးထားသည့်ကိစ္စအား သတင်းပေးလာလေသည်။

"ဝမ်ရယ်က အဲ့ဒီနန်ရှီးမိန်းကလေးရဲ့နေရာကို သွားနှင့်နေပြီ...တကယ်လို့ ကိစ္စတွေသာ ဒီအတိုင်းသာဆိုရင် ဝမ်ရယ်တော့ ဒေါသထွက်နေလောက်ပြီ...မင်း မြန်မြန် ဝမ်ဖေးဆီသွားပြီး ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားထားဖို့ သွားလျှောက်ချေ..."

"အင်း သိပြီ...ကျေးဇူးပဲနော်..."

"ဟိုလေ....ချွန်းယွီ...ဟာ...ထားလိုက်ပါတော့...ငါ နောက်တခါကျတော့မှပဲ မင်းကို လာရှာတော့မယ်...မင်း မြန်မြန် ဝမ်ဖေးကိုသာ သွားရှာတော့..."

အစကတော့ သူ ချွန်းယွီအား ဝမ်ဖေးမှ သူမအတွက် အိမ်ထောင်ဖက်ရှာပေးနေပြီလားဟု မေးမလို့ပင်။ သို့သော် လက်ရှိအခြေအနေတွင် သူသာ ထိုမေးခွန်းအားမေးမိလိုက်ပါက သေချာပေါက် ချွန်းယွီမှ သူ့အား ဆူတော့ပေမည်။ နောက်တခေါက်မှသာ မေးပါတော့မည်လေ။

"သိပါတယ်...ရှင်လည်း မြန်မြန် သွားတော့...ဝမ်ရယ့်ဆီသွားပြီး ငါတို့ဝမ်ဖေးအတွက် ကောင်းကြောင်းဘာညာလေးတွေ သွားပြောပေးထားဦးနော်..."

မကြာသေးခင်က အပြန်လမ်းတွင် ထိုအစေခံမလေးနှင့်တွေ့စဉ် သူမ၏စကားတို့အား ချွန်းယွီသည် ဘာမှ ထူးထူးထွေထွေ စိတ်ထဲထားမနေပေ။ သို့စေကာမူ ထိုထုံရှင်းအဆောင်မှလူသည် တကယ်ကြီး ဝမ်ရယ်ရှေ့သို့ရောက်အောင်သွား၍ တိုင်တန်းပြောဆိုလိမ့်မည်ဟုတော့ သူမ လုံးဝမတွေးထားမိခဲ့ပေ။ အဲ့ဒီနန်ရှီးဆိုတဲ့မိန်းမက ဘယ်လိုလုပ် ဒီလောက်တောင် စိတ်ဓာတ်အောက်တန်းကျရတာလဲ...။

အခန်းထဲသို့ အမြန်သွား၍ သူမ၏သခင်လေးအား ထိုကိစ္စအကြောင်း သတင်းပို့ပြီးသည့်တိုင် ချွန်းယွီတယောက် စိတ်ပူစိုးရိမ်နေဆဲဖြစ်သည်။ သို့သော် ထင်မှတ်ထားသည်နှင့်ခြားနားစွာ သူမ၏စကားဆုံးသွားသည့်တိုင် နားထောင်နေသည့်သခင်လေးမှာ ထိုကိစ္စသည် သူနှင့် ဘာမှမဆိုင်သည့်အလားပင်။

"ဘာကြောက်စရာရှိလို့လဲ...ဝမ်ရယ်က တရားနည်းလမ်းမကျ ဆုံးဖြတ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး...နောက်ပြီး ဒီကိစ္စမှာ ငါတို့အမှား မရှိဘူး..."

ရှီချန်အန်းကတော့ ကြောက်စိတ်လုံးဝမရှိပေ။ နန်ရှီးနှင့် သီးသန့် အဆက်အသွယ်မလုပ်၊ တွေ့ရှိခြင်းမပြုရန် သူ့အား တားမြစ်ထားသူမှာ အခြားသူမဟုတ်။ ရှောင်းချင်းယန့် ကိုယ်တိုင်ပင် ဖြစ်သည်။ ထို့ကြောင့် ရှောင်းချင်းယန့်မှ ယခုကိစ္စနှင့်ပတ်သက်ပြီး သူ့အပေါ်တွင် ဒေါသထွက်စရာအကြောင်းမရှိနိုင်ပေ။

"မင်း ဘာမှတွေးကြောက်မနေနဲ့...မြန်မြန်သာသွားပြီး ရေချိုးဖို့သာ ပြင်ပေးစမ်းပါ...စောစောကတည်းက တကိုယ်လုံး ချွေးတွေသံတွေနဲ့မို့လို့...အခု နေလို့ထိုင်လို့ကိုမကောင်းဘူး..."

ရှီချန်အန်းကတော့ ဘာမှစိတ်ထဲထားမနေပေ။ သို့သော် သူ မထင်ထားမိခဲ့သည်မှာ ရှောင်းချင်းယန့်သည် မျက်စိတမှိတ်အတွင်း ချက်ချင်း ရောက်ချလာခဲ့ခြင်းပင်။ ထို့အပြင် ဒေါသတကြီး လာပေါက်ကွဲနေခြင်းပင်။

"မင်းက အခုစပြီး ဝမ်ဖေးရဲ့အာဏာတွေ စပြနေပြီပေါ့လေ ဟုတ်လား..."

".......ကျွန်တော်မျိုး မလုပ်ရဲပါဘူး..."

ရှောင်းချင်းယန့်...ဒါက ဘာဖြစ်နေပြန်တာလဲ...။ ဘာအကြောင်းမှမရှိဘဲနဲ့ ဘာလို့ ဒေါသလာထွက်နေရတာလဲ...။ ရှီချန်အန်းသည် ရေချိုးပြီး အဝတ်အစားလဲရန်ပြင်နေချိန်တွင် အပြင်တွင်စောင့်နေသော အစေခံမလေးမှ ရေးကြီးသုတ်ပျာ ဝင်လာခဲ့ပြီး ဝမ်ရယ် ရောက်နေပြီဖြစ်ပြီး ကြည့်ရသည်မှာလည်း အလွန်ဒေါသထွက်နေသည့်ပုံရှိသည်ဟု သတင်းလာပို့လေသည်။

"ဝမ်ရယ် တကယ်လို့ ဒေါသထွက်နေတယ်ဆိုလည်း...ကျွန်တော့်ကို ဘာအကြောင်းကြောင့်ဆိုတာလေး ပြောပြပေးလို့ရမလား..."

မဟုတ်မှလွဲရော...တကယ်ပဲ နန်ရှီးရဲ့ဟိုကိစ္စကြောင့်များလား...။ မဖြစ်နိုင်လောက်ပါဘူး...။

"နန်ရှီး နေမကောင်းဘူး...မင်းကို သမားတော်ပင့်ခိုင်းမလို့ခေါ်တာ မင်း ဘာလို့ သူ့ဆီ မသွားတာလဲ..."

“….…”

ရှီချန်အန်းသည် ကိစ္စတွေက ဘယ်ကဘယ်လိုဖြစ်၍ ရှောင်းချင်းယန့်၏နားထဲရောက်သွားချိန်တွင် ဤသို့လမ်းကြောင်းပြောင်းသွားရသည်အား တကယ်ပင် မသိပေ။ နန်ရှီးရဲ့အဆောင်ကအစေခံနှင့် သူ လမ်းမှာ အမှတ်မထင်ဆုံတယ်။ ပြီးတော့ သူက ပြောစရာကိစ္စရှိလို့ နန်ရှီးရဲ့အဆောင်ကို သွားပါလို့ သူ့ကို ပြောတယ်။ ဒါပဲ မဟုတ်လား...။ ဒါပေမယ့် သူက ဘာကိစ္စရယ်လို့တော့ မပြောခဲ့ဘူးလေ...။

"ဝမ်ရယ်...ဘာပဲပြောပြော ချန်အန်းက ယောက်ျားတယောက်ပါ...တယောက်ထဲသွားပြီး မိန်းကလေး နန်ရှီးနဲ့ တွေ့ဖို့က ဘယ်လိုမှ မသင့်တော်ပါဘူး...ပြီးတော့ အဲ့ဒီအချိန်တုန်းက အဲ့ဒီအစေခံမလေးကလည်း မိန်းကလေးနန်ရှီး နေမကောင်းဖြစ်နေတယ်လို့ တခွန်းမှ ပြောမသွားခဲ့ပါဘူး...ကျွန်တော့ကို ဒီအတိုင်းပဲ သွားဖို့သက်သက်ပဲ ပြောသွားတာပါ...ကျွန်တော်လည်း အဲ့ဒီအချိန်တုန်းက မြင်းစီးပြီးပြန်လာတာဆိုတော့ တကိုယ်လုံး ချွေးတွေစိုနေတာမို့လို့ အမြန်ပြန်ပြီး ရေချိုးဖို့ကိုပဲ တချိန်လုံး အာရုံစိုက်နေမိပါတယ်...ဒါကြောင့်မိုလို့ ဘာကိစ္စဆိုတာ သေချာမမေးလိုက်ပါဘူး...ဝမ်ရယ် အရင် စိတ်အေးအေးထားပါ..."

ရှီချန်အန်း တကယ်ပင် တရားမမျှတသလို ခံစားရသည်။ တချိန်တည်းမှာပင် ထိုနန်ရှီးဟုခေါ်သောအမျိုးသမီးနှင့်ပတ်သက်ပြီး သူ့စိတ်ထဲ သံသယဝင်မိသည်။ ကြည့်ရသည်မှာ သူ ထင်ထားသည်က မမှားလောက်ပေ။ ထိုအမျိုးသမီးသည် ထင်သလို မရိုးရှင်းသည့်အပြင် အပေါ်ယံမြင်ရသလောက် ရိုးအပြီးကြင်နာတတ်သည့်သူမျိုး လုံးဝ မဟုတ်ပေ။

"ဟွန့်...တကိုယ်တည်း သွားတွေ့လို့ မသင့်တော်ဘူး ဟုတ်လား...မင်းဘေးနားမှာ ဒီလောက်အစေခံတွေ ပေါများနေတာ...ပြီးတော့ နန်ရှီးရဲ့နေရာမှာလည်း လူတွေရှိပါသေးတယ်...ဘယ်လိုဖြစ်ပြီး တကိုယ်တည်း သွားတွေ့တာဖြစ်ရမှာလဲ...မင်း ဆင်ခြေတွေ ဒီလောက်တောင် ပေးတတ်နေရင်လည်း...ကဲ ပန်ဝမ်ကို ဆင်ခြေကောင်းကောင်းလေး ပေးစမ်းပါဦး..."

"ဝမ်ရယ်...အစေခံအိုကြီး ဝမ်ရယ့်ကို ဂါဝရပြု အရိုအသေပေးပါတယ်..."

အခြေအနေမကောင်းသည်ကိုတွေ့သည်နှင့် ချွန်းယွီသည် အသာလေးခိုးထွက်သွားကာ ဖန်းမောမော့အား သွားခေါ်လာခဲ့ခြင်းပင်။ သခင်လေးက သူတို့ဘက်မှာ ဘာအမှားမှ မရှိဘူးလို့ပြောထားတယ်မဟုတ်လား...။ ဒါဆို ဝမ်ရယ် ဒီကိုလာပြီး ဒေါသထွက်နေတာကမှ မသင့်တော်တာ မဟုတ်လား...။ ဒါက သိသိသာသာကြီးကို ဘက်လိုက်နေတာလေ...။ ဖန်းမောမော့လည်း ရှိနေမယ်။ ဘောင်ကျော်လို့မရတဲ့ စည်းမျဉ်းဥပဒေတွေလည်း ရှိနေတယ်။ ဝမ်ရယ်လည်း ဒါဆို ဘယ်လိုမှ သူတို့သခင်လေးကို မတော်မတရားလုပ်ချင်ရင်တောင် ပေါ်တင်လုပ်လို့မရတော့ဘူး...။

ဖန်းမောမော့ ရောက်လာသည်နှင့် ဝမ်ရယ်မှ ဝမ်ဖေးအပေါ် ဒေါသထွက်ပြောဆိုနေသည်အား တန်းတွေ့လိုက်ရသည်။ သိပ်မကြာသေးခင်ရက်ပိုင်းက မိန်းကလေးတယောက် အိမ်တော်ထဲရောက်လာခဲ့သည်။ ဝမ်ရယ်သည်လည်း သူမအပေါ်တွင် အလွန်အရေးပေး အာရုံထားနေသည်။ ထိုသတင်းများအား သူမ အစောကတည်းက ကြားထားပြီးသားဖြစ်သည်။ ယောက်ျားတယောက်မှ ထိုကိစ္စများအပေါ်တွင် ဘယ်လိုအတွေးမျိုးရှိနေနိုင်သည်အား ဖန်းမောမော့ နားလည်ပါသည်။ သို့သော် ဤအခြေအနေမျိုး၌ သာမန်မိသားစု၊ သာမန်အိမ်အဆင့်မျိုးပင်လျှင် လိုက်နာရမည့် စည်းကမ်း၊ ချမှတ်ထားသည့် ဥပဒေစည်းမျဉ်းများမှ သွေဖယ်သွား၍မရပေ။ အပြင်တွင်ရှိသော ထိုအငယ်အနှောင်းသည် မည်မျှပင် အိမ်ထောင်ဦးစီး၏ ချစ်မြတ်နိုးခံရ၍ အရေးပေးခံနေရစေကာမူ သူသည် တရားဝင်ဇနီးမယား၏ရှေ့တွင် မည်သည့်အကြောင်းနှင့်မှ ထောင်လွှားမောက်မာခွင့် မရှိချေ။ ထပ်၍ပြောရမည်ဆိုလျှင် ဤနေရာသည် မင်းသားကြီးအဆင့်အိမ်တော်ဖြစ်သည်။ ဤအိမ်တော်တွင် ဝမ်ဖေးသည် ရာထူးအဆင့်အတန်း၊ ဝါစဉ်ကြီးငယ်အရ ရိုသေလေးစားရမည့်၊ ဂုဏ်သိက္ခာကြီးမားလှသည့်သူ ဖြစ်သည်။ ယခုထိတိုင် ရာထူးအဆင့်အတန်း၊ အမည်သတ်မှတ်ချက်ပင် မရှိသေးသည့် မိန်းကလေးတယောက်သည် ဘယ်လိုနည်းနှင့်မှ ဝမ်ဖေးအား ပခုံးချင်းယှဉ် ယှဉ်ပြိုင်ခွင့် မရှိပေ။

"ဝမ်ရယ်...ဒီနေ့ကိစ္စက အစကတည်းက အဲ့ဒီအမျိုးသမီးဘက်က အရင် စည်းကျော်ခဲ့တာပါ...ဝမ်ရယ် ဘယ်လိုလုပ်ပြီး ဝမ်ဖေးကို ဆူပူအပြစ်တင်နေရတာပါလဲ...ဝမ်ရယ်...တကယ်လို့ ဝမ်ရယ်သာ အဲ့ဒီအမျိုးသမီးကို အနားမှာထားဖို့ အတွေးရှိတယ်ဆိုရင်...အခုကတည်းက သူ့ကို အိမ်တော်ရဲ့ ချမှတ်ထားတဲ့ လိုက်နာရမယ့် စည်းကမ်းဥပဒေတွေကို ကောင်းကောင်း သင်ပေးထားသင့်နေပါပြီ...မဟုတ်ပါက လက်အောက်ငယ်သားတွေ အခုလို စည်းကမ်းလျော့ရဲမလိုက်နာမှုတွေကြောင့် နောင်အခါ ဝမ်ဖေး အိမ်တော်ရှိငယ်သားတွေကို စည်းကမ်းထိန်းသိမ်းတဲ့အခါ အခက်တွေ့ပါလိမ့်မယ်..."

"ခင်ဗျားက အစေခံတယောက်အပြင် ဘာမှမပိုဘူး...ပန်ဝမ် အစက မယ်တော်ရဲ့မျက်နှာကြောင့် ခင်ဗျားကို မျက်နှာသာပေးထားတာ...ဒါကို ခင်ဗျားက ရောင့်တက်ပြီး ပန်ဝမ်ကို လာဆုံးမရဲလောက်ကို သတ္တိတွေကောင်းနေတယ်ပေါ့ ဟုတ်လား...ခင်ဗျားကို ခင်ဗျား ဘယ်သူများထင်နေတာလဲ..."

သာမန်အချိန်များတွင် ရှောင်းချင်းယန့်သည် ဖန်းမောမော့အား မျက်နှာသာပေးကာ လေးစားစွာ ပြောဆိုဆက်ဆံလေ့ရှိသည်။ သို့သော် ယခုတော့ သူသည် ဖန်းမောမော့အပေါ်တွင် မည်သည့်လေးစားမှုမှမထား၊ မျက်နှာထောက်ထားခြင်းပင် မရှိတော့ပေ။ အားလုံး သိလိုက်ကြပြီဖြစ်သည်။ ယနေ့ ဝမ်ရယ် အမှန်တကယ် ဒေါသထွက်နေတာပဲဖြစ်သည်။

"ဟောဒီအစေခံအိုကြီး ဒီအိမ်တော်ကို ရောက်လာရတာက အမိန့်တော်အရ အိမ်တော်မှရှိသမျှ ဘယ်သူ့ကိုမဆို ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကို သင်ကြားပေးဖို့ပဲ ဖြစ်ပါတယ်..."

ရှောင်းချင်းယန့်၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်သာ ရှိသည်။ သူ၏ဆန့်ကျင်ဖက် ဖန်းမောမော့သည်တော့ ရိုကျိုးနှိမ့်ချခြင်း မရှိသလို ထောင်လွှားစည်းကျော်ခြင်းလည်း မရှိပေ။ ဖြစ်နေသည့်အခြေအနေတွင် ကြောက်ရွံ့တုန်လှုပ်သည့်ပုံ တချက်လေးမှ မပြသည့်အပြင် သူမ ပြောလိုက်သည့်စကားတို့အား ရှောင်းချင်းယန့်သည် ပြန်လည်ချေပခြင်းငှါ မစွမ်းသာပေ။

ရှောင်းချင်းယန့်သည် 'သခင်'။ မှန်ပေသည်။ သို့သော် သူသည် ဤရှန်ဝမ်အိမ်တော်၏ အရှင်သခင်မျှသာ ဖြစ်သည်။ ထို့အပြင် ဖန်းမောမော့ ရှန်ဝမ်အိမ်တော်သို့ စည်းမျဉ်းစည်းကမ်း သင်ကြားပြသရန်လာသည်မှာ ဤလောကရေမြေ့အရှင်၏ အမိန့်တော်ကြောင့်ပင်။

ရှောင်းချင်းယန့်သည် အခုထိတိုင် အတွင်းခန်းထဲသို့ ဝင်လာခြင်းမရှိပေ။ ဧည့်ခန်းဆောင်တွင် သူတို့အပြင် အခန်းစောင့်အစေခံမလေးတဦး ရှိနေသေးသည်။ ဖန်းမောမော့နှင့် ဆက်လက်ငြင်းခုံရန် စိတ်ကူးမရှိတော့သည်မို့ ရှောင်းချင်းယန့်သည် ရှီချန်အန်းအား လှည့်ကြည့်လိုက်ပြီး စကားတလုံးချင်းစီ သေချာမိန့်လိုက်သည်။

"ဝမ်ဖေးက အပြောနဲ့အလုပ် မညီ ထင်ရာလုပ်တဲ့အပြင် ပန်ဝမ်ကိုပါ ထိပ်တိုက်တွေ့ဆန့်ကျင်တယ်...ဝမ်ဖေးကို အပြင်ထွက်ခွင့် ၁၀ရက် ပိတ်တယ်...ပန်ဝမ်ရဲ့အမိန့်မပါဘဲ ဘယ်သူမှ ဝမ်ဖေးနဲ့ တွေ့ခွင့်မရှိဘူး..."

"ဟုတ်ကဲ့ပါ ဝမ်ရယ်..."

ရှီချန်အန်း၏ တိုးညင်းလှသော တုံ့ပြန်သံမှလွဲလျှင် ဧည့်ခန်းမဆောင်အတွင်းရှိ မည်သူထံကမှ အသံထွက်မလာခဲ့ပေ။ ဝမ်ရယ်သည် ဝမ်ဖေးအပေါ်တွင် ဤကဲ့သို့ ဒေါသတကြီးတုံ့ပြန်ဆုံးဖြတ်လာလိမ့်မည်ဟု သူတို့ ဘယ်သူကမှ ထင်မထားခဲ့သောကြောင့်ပင်။

ရှောင်းချင်းယန့် ထွက်သွားပြီးနောက် ချွန်းယွီသည် သူမ၏သခင်လေးဘေးသို့ လျှောက်သွားလိုက်သည်။ မျက်ရည်များစီးကျလာသည့်တိုင် သခင်လေး၏ရှေ့တွင် သူမ မငိုရဲပေ။ ထို့အတူ သူမ၏သခင်လေးအား ဘယ်လိုနှစ်သိမ့်ပေးရမည်ကိုလည်း သူမ မသိတော့ပေ။ ဒီအတိုင်းသာ နံဘေးတွင် မတ်တပ်ရပ်နေရင်း အသံတိတ် မျက်ရည်ကျနေယုံအပြင် သူမ ဘာမှမလုပ်ပေးနိုင်ပေ။

"မောမော့...ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်..."

တကယ်လို့ ဖန်းမောမော့သာ ရှိမနေခဲ့လျှင် ရှောင်းချင်းယန့်၏ဒေါသသည် ထို့ထက်ပင် ပိုသွားနိုင်သည် မဟုတ်ပါလား...။ ထို့အပြင် သူ့ကိုပေးသည့်အပြစ်ဒဏ်သည်လည်း ပိုကြီးသွားနိုင်သေးပေသည်။

ဝမ်ဖေး အပြစ်ပေးခံရ၍ အပြင်ထွက်ခွင့်အပိတ်ခံရသည့်သတင်းသည် အချိန်တိုအတွင်း အိမ်တော်တခုလုံး သတင်းပြန့်သွားလေသည်။

မင်ယွိသည် ရှေ့ရက်အစောပိုင်းကမှ သူမ၏မိဘအိမ်မှ ပြန်ရောက်လာခဲ့တာဖြစ်သည်။ ပြန်ရောက်ချိန်တွင်လည်း သူမ၏ခြံဝန်းထဲတွင်သာ တံခါးပိတ်နေပြီး ရက်အတော်ကြာပင် အပြင်ထွက်လာခြင်း မရှိပေ။ ယနေ့ ရှီချန်အန်း အပြစ်ပေးခံရသည့်သတင်းကြားချိန်တွင်တော့ သူမသည် နောက်ဆုံးတော့ အနည်းငယ် စိတ်ဖြေနိုင်ခဲ့ပြီဖြစ်သည်။ သို့နှင့် သူမသည် သူမ၏အစေခံအားခေါ်ကာ ချင်ရှင်း၏ခြံဝန်းသို့ ထွက်လာခဲ့လိုက်သည်။

"သူ့မှာလည်း ဒီလိုနေ့မျိုး ရောက်လာသေးတယ်ပေါ့...ခံရတာ နည်းတောင်နည်းသေးတယ်..."

ချင်ရှင်း ခြံဝန်းပြောင်းသွားပြီးသည့်နောက်တွင် မင်ယွိသည် အမှန်တကယ်တော့ အနည်းငယ် နေသားမကျဖြစ်မိသည်။ သူမသည် ဘယ်လိုပဲ ချင်ရှင်းအား သဘောမတွေ့သည်ဆိုဦးတော့...ဤအိမ်တော်တွင် သူမနှင့် စကားပြောဖော်ဆို၍ ချင်ရှင်းတယောက်သာ ရှိလေသည်။

“ညီမလေးမှာ ဘာဝမ်းသာစရာများ ရှိလို့ပါလိမ့်...”

"နင်ကလည်း သိသိကြီးနဲ့ကို တမင်မေးနေတာမဟုတ်လား...ငါတို့ အိမ်တော်ဝင်ကတည်းက အဲ့ဒီရှီချန်အန်းက ငါတို့ကို ဘယ်လောက်တောင် ဒုက္ခတွေပေးလိုက်သလဲ...သူ ဒီနေ့ ဒီလိုဖြစ်တာ နည်းတောင်နည်းနေသေးတယ်...ငါ ပြောမယ်...ဒါက သူ့အတွက် သက်သာလွန်းတယ်နော်...ဝမ်ရယ်က ဘာလို့ သူ့ကို ကြိမ်ဒဏ်တွေပါ မပေးရတာလဲမသိဘူး..."

သူမ အိမ်ပြန်သွားသည့်နေ့တုန်းက သူမ၏မိခင်အား ရှန်ဝမ်အိမ်တော်တွင် သူမ ဘယ်လိုခါးသီးသည့်ဒုက္ခတွေ ခံစားရကာ အနိုင်ကျင့်ခံရကြောင်း ပြောပြတော့...သူမ၏မိခင်သည် မည်သည့်ခံစားချက်၊အမူအယာမှ မပြပေ။ ထို့အပြင် သူမအား လိမ်လိမ်မာမာနေပြီး ပြဿနာမရှာရန်ပင် ပြောလိုက်သေးသည်။ သူမ စိတ်အတိုရဆုံးမှာ သူမ၏မိခင်သည် သူမအား ရှေ့လျောက် ဖြစ်နိုင်ပါက အိမ်ပြန်မလာပါရန်အထိပင် ပြောလိုက်ခြင်းပင်။ ယခု သူမသည် ရှန်ဝမ်အိမ်တော်၏လူဖြစ်သွားပြီဖြစ်သဖြင့် မိဘအိမ်အပေါ် လူအများ သံသယဝင်မည့်ကိစ္စမျိုး ရှောင်ရှားသင့်သည်ဟူသော အကြောင်းပြချက်ဖြင့်ဖြစ်သည်။

သူမ၏မိခင်၏စကားများ နားထောင်ပြီးချိန်တွင် မင်ယွိသည်လည်း နောက်ဆုံးတော့ အကြောင်းကိစ္စတချို့အား စဉ်းစားနားလည်မိသည်သာ။ သို့သော် သူမသည်လည်း ဤမှရှေ့လျောက် ချင်ရှင်းနှင့်တူညီစွာ ကျောထောက်နောက်ခံမရှိတော့သည့် ခိုကိုးရာမဲ့သူတဦးဖြစ်သွားပြီဟူသည့်အမှန်တရားအား သူမ ဘယ်လိုမှ လက်မခံနိုင်သေးပေ။
   
သူမနှင့် ချင်ရှင်းသည် ဘယ်တုန်းကမှ မတူညီခဲ့ပေ။ သူမသည် တရားဝင်ဇနီးသည်မှမွေးဖွားလာသည့် တိသမီးဖြစ်ပြီး မိဘနှစ်ပါး၏ ဖူးဖူးမှုတ်အလိုလိုက်။ ချစ်မြတ်နိုးခံကာ ကြီးပြင်းလာသူဖြစ်သည်။ သူတို့က ဘယ်လိုလုပ်ပြီး သူမကို အကြင်နာမဲ့စွာ စွန့်ပစ်ရက်နိုင်ကြမှာလဲ...။
   
ရှီချန်အန်း၏ဒုက္ခများက မင်ယွိအား အနည်းနှင့်အများတော့ စိတ်ပျော်ရွှင်စေခဲ့သည်။ သို့သော် သူမ၏ဘဝအကြောင်း စဉ်းစားမိချိန်တွင်တော့ စိတ်ပျက်အားငယ်မှုတို့မှ မရှောင်လွဲနိုင်ပေ။ ချင်ရှင်းသည် မင်ယွိ၏မျက်နှာအမူအရာ ညို့မှိုင်းသွားသည်အား ကြည့်ရင်း မင်ယွိ ယခုတခေါက် အိမ်ပြန်သွားခဲ့ခြင်းသည် သူမသည်သာ အပစ်ပယ်ခံလိုက်ရသည့်ရလာဒ်သာရလာခဲ့မှန်း မှန်းဆမိလိုက်သည်။ ဒါပေမယ့် ယခုအချိန်တွင်တော့ ချင်ရှင်းသည် မိမိ၏အနာဂတ်ကိုသာ စိတ်မအေးဖြစ်နေမိသည်။

"ညီမလေး ဒီကိုလာတာ ဒီစကားတွေပြောဖို့ဆိုရင်တော့...ညီမလေး ပြန်လိုက်ပါဦး...မမမှာ ကိစ္စလေးရှိလို့ အပြင်ထွက်စရာရှိတယ်...ဒါကြောင့် ညီမလေးကို ပြန်လိုက်မပို့တော့ဘူးနော်..."

မင်ယွိတယောက် ဘယ်လိုအတွေးတွေနှင့် ဘာကို ဝမ်းသာနေသည်ကို ချင်ရှင်း စဉ်းစား၍ပင်မရ။

သူမကတော့ ဘာမှတွေးမနေချင်တော့။ ဝမ်ရယ်က ဘာအကြောင်းအပြစ်မှမရှိဘဲ ဝမ်ဖေးကို အပြစ်ပေးသည်တဲ့လား...။ ဝမ်ရယ်သာ တကယ်ပဲ တခြားမိန်းမတယောက်အတွက်နှင့် ဝမ်ဖေးအား အပြစ်ပေးခဲ့သည်ဆိုပါက ထိုကိစ္စသည် သူမတို့အတွက် ဘယ်လိုမှ ကောင်းသည့်ကိစ္စမဟုတ်ပေ။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက သူမအနေဖြင့် ဝမ်ရယ် အမြဲတစေ သဘောကျနှစ်သက်သည့်သူမှာ ဝမ်ဖေးတယောက်တည်းသာ ဖြစ်စေချင်မိသည်။ ဝမ်ဖေးသည် အမျိုးသားတဦးဖြစ်သည်။ မည်မျှပင် ချစ်မြတ်နိုးခံရ၊ အရေးပေးခံရသည့်တိုင် ဘာများဆက်ဖြစ်နိုင်သေးပါသလဲ။ လူတယောက်၏ ပျိုမျစ်နုငယ်မှုဆိုသည်မှာ နှစ်ကာလအပိုင်းအခြား အနည်းငယ်မျှသာ ဖြစ်သည်။ ယခု ဝမ်ဖေးသည် ငယ်ရွယ်သေးသည့်အပြင် ရုပ်ရည်မှာလည်း ချောမောတင့်တယ်သေးသည်။ ထို့ကြောင့် ဝမ်ရယ် စိတ်ဆန္ဒရှိသည်ဆိုသည်မှာ သဘောကျသည်သာ။ သို့သော် နှစ်အနည်းငယ်ကြာသွားလျှင်တော့...ဝမ်ဖေး၏ခန္ဓာကိုယ်သည် ဖွံ့ဖြိုးပြောင်းလဲသွားမည်ဖြစ်ပြီး ယောက်ျားတယောက်၏အသွင် ပိုမိုပေါ်ပေါက်ကာ ပြောင်းလဲသွားမည်ဖြစ်သည်။ ဝမ်ရယ်သည်လည်း အရင်ကလောက် သဘောကျကျေနပ်တော့မည်မဟုတ်ပေ။ ထိုသည့်အပြင် ဝမ်ဖေးသည် အမျိုးသားတဦးဖြစ်သည်ဟူသောအချက်ကြောင့်...လက်ရှိတွင် သူသည် မည်မျှပင် ချစ်မြတ်နိုးခံရပါစေဦးတော့ သားယောက်ျားဟူသည့်မျိုးဆက်အား မမွေးပေးနိုင်ပေ။ သို့အတွက် သူသည် သူမ၏အနာဂတ်လမ်းခရီးတွင် ဆူးငြောင့်တခုဖြစ်လာစရာအကြောင်း မရှိပေ။

သို့သော် သူ့နေရာတွင် မိန်းမတယောက်ဆိုပါက...။ မိန်းမတယောက်သာ ဝမ်ရယ်၏နှလုံးသားထဲ ဝင်ရောက်နိုင်ပါက သူမတို့၏အနာဂတ်သည် ဘယ်နည်းနှင့်မျှ မဖြောင့်ဖြူးနိုင်တော့ပေ။

ဝမ်ရယ်မှ သူမတို့အား သဘောကျမလာခဲ့သည့်တိုင် နှစ်အနည်းငယ်ကြာသွားလျှင်တော့ မျိုးဆက်အတွက်သက်သက်ပင် သူမတို့၏အဆောင်သို့ ကြွမြန်းလာရမည်သာ။ သို့သော်...ယခုပင်လျှင် ဝမ်ရယ် သဘောကျနှစ်သက်သည့်အမျိုးသမီးရှိနှင့်နေပြီဆိုပါက...သူမတို့က ဘာများအသုံးကျပါဦးမည်နည်း...။

XXXXX

T/N: Hi, everyone! How have you been?
Hope & wish everything goes well in your life!
Whew, English translator said this is the longest chapter in the whole novel & thank God I could FINALLY finished it!!!
ကဲ အခုကစပြီး dramaတွေ စပြီနော်။ နောက်အပိုင်းတွေ သွေးတက်ဖို့ ချန်ကြဦးနော်။😁
....
အဓိကပြောချင်တာလေးကတော့ အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါ။ ကျန်းမာမှ ကိုယ်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ ဆက်လုပ်လို့ရမှာနော်။ ကိုယ် ဘာတွေပဲဖြစ်ချင်ဖြစ်ချင် မကျန်းမာရင် လုပ်ရတာ ထင်သလောက် မလွယ်ပါဘူး။
အားလည်းတင်းထားကြပါ။
ချန်အန်းလေး ပြီးအောင်ဖတ်ဖို့ ကျန်သေးတယ်နော်။
ချန်အန်းလေးကလည်း ရှေ့လျောက် အရင်ကလိုမကြာနိုင်(လောက်)တော့ပါဘူး။😁
So, please stay strong & healthy!
We can do it & everything will be fine!

Well, see you next chapter!
Sweet dream!

MiokiMidori

Continue lendo

Você também vai gostar

797K 66.2K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
1.6M 69.2K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.4M 48.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd