"အင်းဟင်း အကို ဟင်း..."
နောင်တစ်ယောက်အဖျားတက်ကာ တခုခုကိုရေရွတ်နေသည်။
"နောင် နောင်ဘာဖြစ်လို့လဲဟင်.."
"ဟင် အကို.."
သူရှေ့မှာထိုင်ကာ သူ့ကိုစိုးရိမ်စိတ်တွေနဲ့ကြည့်နေတဲ့အကို့ကိုတွေ့ရတော့ သူဝမ်းသာသွားသည်။ သူလှဲနေရာကနေ ချက်ချင်းကောက်ထလိုက်ပြီး အကိုနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်သည်။
"ကျွန်တော်တောင်းပန်ပါတယ် အကို..
ကျွန်တော့်ကိုထားမသွားပါနဲ့..."
"နောင် ငိုနေတာလား...
မငိုပါနဲ့နောင်ရယ်.."
"ကျွန်တော့်ကိုထားမသွားဘူးမဟုတ်ဘူးလားဟင်...
အကို ကျွန်တော့်ကိုဖြေပေးပါ..."
"ကိုယ်နောင့်ကိုထားမသွားပါဘူး..."
"ကျေးဇူး ကျေးဇူးတင်ပါတယ်အကို.."
နောင် ဝမ်းသာအားရနဲ့ပြေးဖက်လိုက်တော့ လက်ထဲပါလာသည်က အကို့ရင်ခွင်မဟုတ်ဘဲ ဗလာသက်သက်သာ။
"အကို ကျွန်တော့်ကိုမနောက်ပါနဲ့...
ကျွန်တော့်ကိုထားမသွားပါနဲ့အကို ကျွန်တော်တောင်းပန်ပါတယ်.."
အရင်လိုဖက်ထားလို့ရတဲ့ခန္ဓာကိုယ်လေးလည်း သူ့ဘေးမှာမရှိတော့။
"အင်းဟင်း အကို အကို ဟင်း.."
"နောင်နောင် ဟေ့ကောင် နောင်နောင်.."
တကိုယ်လုံးချွေးတွေဖြင့်စိုရွှဲနေတဲ့နောင့်ကို ကျော်ဇောလှုပ်နှိုးလိုက်သည်။
"ချွေးတွေနဲ့ကွာ ဘယ်လိုဖြစ်ရတာလဲ?...
ဟာ ကိုယ်တွေကလည်းပူကျစ်နေတာပဲ...
မင်းအဆင်ပြေရဲ့လား.."
ကျော်ဇောနှိုးလိုက်တော့ နောင်အခုမှနိုးလာသည့်အလား ဘာမှမပြောဘဲ ခေါင်းကိုအောက်စိုက်ထားသည်။
"ကျစ် ဒီလိုနေလို့လည်းဘာမှထူးလာမှာမှမဟုတ်တာကွာ...
ထ မျက်နှာသစ်...
ငါ နီလာ့ကိုဆန်ပြုတ်လာပို့ခိုင်းလိုက်မယ်.."
"ငါမသောက်ချင်ဘူး.."
ပြောပြီး အိပ်ယာပေါ်ပြန်လှဲသွားတဲ့နောင့်ကိုကြည့်ပြီး ကျော်ဇောခေါင်းသာခါလိုက်သည်။
"မင်းကိုရှင်းသန့်ကိုလွမ်းတယ်ဆိုလည်းလိုက်သွားလေကွာ...
မင်းခေါ်ရင် သူပြန်လိုက်လာမှာပါ.."
"ငါ့ကိုသူ့အကြောင်းလာမပြောနဲ့..."
"မပြောလို့ရမလား မင်းအခုလိုဖြစ်နေတဲ့အကြောင်းအရင်းက သူ့ကြောင့်ပဲကို.."
ကျော်ဇောပြောလိုက်တော့ နောင်ကဘာမှပြန်မပြောပေ။ ရုပ်ကလည်း ညှင်းသိုးသိုးနဲ့ အပြင်မထွက်တာလည်း ၂ရက်လောက်ရှိပြီ။ ဘယ်လိုနေထိုင်နေလည်းတော့မသိ မီးဖိုဆောင်ထဲမှာလည်း စားသောက်ထားတာ ရှုပ်ပွနေတာပဲ။
"မင်းဒီလိုလုပ်နေလို့မရဘူးလေကွာ...
ဆေးလေးဘာလေးသောက်ပြီးမှအိပ်ပေါ့...
မင်းနေကောင်းမှ မင်းသားကိုသွားတွေ့လို့ရမှာလေ..."
ကျော်ဇောပြောလိုက်တော့ နောင်ကုန်းထလာသည်။ ပြီးသည်နှင့် မျက်နှာသွားသစ်နေတာကို ကျော်ဇောတွေ့ရသည်။ ကျော်ဇောလည်း စောင်တွေကိုခေါက်ပေးလိုက်ပြီး နီလာ့ဆီဖုန်းဆက်လိုက်သည်။
ခဏကြာတော့ နီလာရောက်လာသည်။ နောင်ကလည်း အဝတ်အစားတွေလဲပြီး မီးဖိုဆောင်ကထမင်းစားပွဲမှာထိုင်နေသည်။
"နင့်ရုပ်ကလည်းဟယ် မြင်ချင်စရာကိုမရှိဘူး..."
အရင်က နီလာ ထိုသို့ပြောလျှင် နောင်ပြန်ပြန်ပြောတတ်ပေမယ့် အခုချိန်မှာတော့ နောင်ဘာမှပြန်မပြော။
"ကိုယ့်ကိုယ်ကို ကလေးအဖေဖြစ်နေပြီဆိုတာရောသိသေးရဲ့လား...
သားက နင့်သားဆိုတာမြင်တဲ့သူတိုင်းသိတယ်...
နှာခေါင်းတို့မျက်ခုံးတွေက နင့်အတိုင်းပဲ...
လိုချင်တာမရရင်လည်း မျက်နှာကြီးကစူပုတ်နေတာ တကယ့် နင်မှနင်နဲ့တစ်ပုံစံတည်းပဲ..."
"ဘယ်သူ့ကဘာပြောနေလို့လဲ?..."
"နင်သိတယ်ဆိုလည်း ကျွန်တော့်သားပါဆိုပြီးဘာလို့၂ယောက်လုံးကိုမဆွဲထားတာလဲ?.."
"နင် သူပြောခဲ့တာတွေကိုမကြားဘူးလား...
ငါ့ဆီကထွက်သွားချင်လို့ သူငါ့စကားတွေကိုမှတ်ထားတာပေါ့.."
"အဲ့တာကတော့ ငါဆိုရင်လည်းမှတ်ထားမှာပဲလေ...
နင့်ကလေးဟုတ်ရဲ့လားလို့သွားမေးမှတော့ အဲ့အချိန်ကတည်းကထွက်မသွားတာကံကောင်း...
နင်ဟာလေ အပြောကိုမတတ်ဘူး.."
နီလာပြောတာလည်း မှန်နေတာကြောင့် နောင်ဘာမှပြန်မပြောပေ။
"ငါအဲ့နေ့ကတည်းကမေးချင်ခဲ့တာ...
မင်းကဘာလို့ ကိုရှင်းသန့်ရှေ့မှာအဲ့လိုသွားမေးရတာလဲ?...
'ကျွန်တော့်ကလေးဟုတ်ရဲ့လား´ ဆိုပြီးတော့...
တကယ်ပဲ မင်း နေထူးနဲ့ကိုရှင်းသန့်ကိုအထင်လွဲနေတာလား.."
"ဟူး......."
နောင်သက်ပြင်းသာချလိုက်သည်။
"ငါအဲ့အချိန်က ဒီအတိုင်းပဲပြောလိုက်တာ...
မင်းစဉ်းစားကြည့်လေ ငါကမချစ်ပါဘူးပြောပြီး သူနဲ့အတူနေပြီးကလေးပါရတယ်ဆိုတော့ ဘယ်လောက်ထိရှက်စရာကောင်းလိုက်သလဲ?...
ငါ့ကိုယ်ငါရှက်လွန်းလို့ပြောမိပြောရာပြောလိုက်တာ...
အဲ့တာကို သူကကွာပါမယ်ပြောတော့ ငါဒေါသမထွက်ဘဲနေမလား.."
"မဆီလျော်လိုက်တာ နောင်နောင်ရာ...
အဓိကက မင်းရဲ့ပါးစပ်ပဲ...
မင်းကပြောချင်ရာကိုစွတ်ပြောတာ သူများအတွက်စိတ်ထိခိုက်စရာဖြစ်လားမဖြစ်လားမင်းမတွေးဘူး မင်းပြောချင်ရာကိုစွတ်ပြော...
ငါထင်တယ် မင်းနေထူးပခုံးပေါ်မှာအိပ်ပျော်နေတဲ့ကိုရှင်းသန့်ကိုမြင်ခဲ့လို သဝန်တိုစိတ်နဲ့မင်းပြောလိုက်တာမဟုတ်လား.."
နောင်ဘာမှပြန်မပြော။ ကျော်ဇောပြောတာလည်း မှန်သလိုတော့ရှိသည်။ အဲ့နေ့ကပြောပြီး ရာရှင်းသန့်ကိုသူအားနာပြီး တညလုံးလည်းစကားမပြောခဲ့။ သူဘာကြောင့် အခုလိုဖြစ်နေတာလည်းဆိုတာ သူ့ကိုယ်သူလည်းမသိတော့။
"မင်း ကိုရှင်းသန့်ကိုချစ်နေပြီ.."
"ဘာ!.."
သူ့စိတ်တွေကိုသိသည့်အလား ကျော်ဇောကပြောလာသည်။ နောင်လည်း ကျော်ဇောရဲ့အပြောကြောင့် ကျော်ဇောကိုလှည့်ကြည့်လာသည်။
"ဟုတ်တယ် မင်းကိုရှင်းသန့်ကိုချစ်နေပြီ...
မင်းမချစ်ယောင်ဆောင်နေတာ..."
".........."
"ကိုရှင်းသန့်က နင့်မျက်နှာတစ်မ္ဘာထင်ပြီးလာနေရသူပါ...
မင်းစဉ်းစားကြည့် သူ့မိဘတွေပြန်ခေါ်တာတောင်မလိုက်ဘဲ မင်းနဲ့အတူနေတာ...
မင်းရဲ့ပြောပုံဆိုပုံတွေနဲ့ ဘယ်သူမှမင်းနဲ့အကြာကြီးနေနိုင်မှာမဟုတ်ဘူး...
ဒါပေမယ့် ကိုရှင်းသန့်ကတော့ မင်းအနားမှာနေချင်ရုံလေးနဲ့ပဲ သူမင်းပြောသမျှဆိုသမျှကိုခံခဲ့တာ..."
ကျော်ဇောပြောတော့ နောင်မျက်ရည်တွေဝဲပြီး ခေါင်းကိုအောက်စိုက်ထားသည်။
"ဟုတ်တယ်ဟ ငါနင့်အိမ်လာတိုင်းနင့်အကြောင်းတွေကိုမေးတတ်တယ်...
နင်က စာတော်တယ် ရုပ်လေးကလည်းချောတော့ တက္ကသိုလ်တက်တုန်းကKingဖြစ်ခဲ့တာလို့ပြောလိုက်တော့ သူဘာမေးတယ်မှတ်လဲ?..
နောင်က အဲ့တုန်းကရည်းစားထားခဲ့မှာပေါ့နော် တဲ့...
ငါကလည်း သိချင်ရင် သူ့ကိုသွားမေးပါလားပြောလိုက်တော့ မမေးရဲဘူးဆိုပြီး ခေါင်းကိုအသေခါတာ ပြီးတော့ သူမေးတာကိုနင့်ကိုပြန်မပြောပါနဲ့...
နောင်စိတ်ဆိုးမှာစိုးလို့တဲ့လေ...
သူအဲ့လိုပြောတော့ ငါအရမ်းသနားတယ်..
သူ့ခမျာ သူမေးချင်တာတွေရှိရင်တောင် နင်သူ့ကိုစိတ်ဆိုးသွားမှာကိုကြောက်ပြီး မြိုသိပ်နေတာ...
နင်သူ့နေရာကနေခံစားကြည့်စမ်း..."
"တော်ပါတော့ဟာ...
ငါ့ကို သူ့အကြောင်းဆက်မပြောပါနဲ့တော့..."
နောင် ထိုင်နေရာကနေအမြန်ထသွားပြီး အခန်းထဲကိုဝင်သွားသည်။ တံခါးကိုလည်းဂျက်ချထားလေသည်။ ခဏကြာတော့ အခန်းထဲက နောင်ရဲ့ငိုသံကို နီလာနဲ့ကျော်ဇောကြားရလေသည်။
"ငါတော့၂ယောက်လုံးကိုမကြည့်ရက်တော့ဘူးဟာ..."
"အင်း ငါလည်းအတူတူပါပဲ...
ငါတို့လုပ်တာ သူတို့ကောင်းဖို့အတွက်ပဲဟာ..."
နီလာကိုဖက်ကာ ကျော်ဇောလည်းပြောလိုက်သည်။
မကြာခင် ငါတို့ဖြစ်စေချင်သလို ဖြစ်လာတော့မှာပါ....
____________________________
"နောင်နောင် နောင်နောင် ငါအခုဘယ်ကပြန်လာတယ်ထင်လဲ?.."
"နင်ဘာသာနင် ဘယ်ကပြန်လာလာငါနဲ့ဘာဆိုင်လို့လဲ?.."
"နင်ကတော့လေ ပြောပုံကိုက..
လာစမ်းပါဟာ နင့်ကိုပြစရာရှိလို့.."
နီလာ သူ့ကိုလှည့်မကြည့်ဘဲ လျှော်ပြီးသာပုဆိုးတွေကိုလှန်းနေတဲ့နောင်နောင့်ကို လက်ကနေဆွဲပြီး ကွပ်ပျစ်မှာထိုင်စေလိုက်သည်။
"ဘာတုန်း နီလာရာ..
ငါ အဝတ်တွေလှန်းစရာရှိသေးတယ်.."
"နောက်မှလှန်း နင့်ကိုပြစရာရှိလို့..
ဒီမှာ ဘယ်သူ့ပုံတွေလဲကြည့်စမ်း.."ယ
နီလာက သူ့ဖုန်းကိုဖွင့်လိုက်တော့ screenပေါ်မှာပေါ်လာတဲ့ကလေးပုံလေးတွေကြောင့် နောင်ဖုန်းကိုယူပြီးသေချာကြည့်လိုက်သည်။
"သား သားပုံတွေပဲ.."
"အေး ငါတို့ဒီနေ့ကိုရှင်းသန့်တို့ဆီသွားကြတာ..
အဲ့တာနဲ့နင်ကြည့်လို့ရအောင် သားပုံတွေရိုက်လာတာ..
ကြည့်စမ်း ဖွေးဖွေးတုတ်တုတ်ကြီး.."
နီလာအပြောကို ထောက်ခံသလိုခေါင်းညိတ်ပြသည်။ မျက်လုံးများကလည်း screenထက်က သားပုံတွေဆီမှာပင်။
"တပတ်ပဲရှိသေးတယ် သားကပြုံးတတ်နေပြီလား.."
"အေးဟ သူ့မျက်နှာလေးကိုကအဲ့လိုလေး...
ကိုရှင်းသန့်လိုပဲ အပြစ်ကင်းစင်တယ်..."
နီလာအပြောကြောင့် နောင်ပြုံးနေသည်။ တစ်ပုံချင်းစီကြည့်ပြီးနောက် နောက်ဆုံးရောက်တော့ သားကိုချီပြီးပြုံးနေတဲ့ရှင်းသန့်ကိုပါတွေ့ရသည်။
စိတ်ချမ်းသာနေလို့ထင်တယ် ပြုံးနေတယ်ဆိုတော့...
နောင် ဖုန်းကိုနီလာ့ဆီပြန်ပေးလိုက်သည်။
"နင်ချော့လိုက်ရင် ကိုရှင်းသန့်စိတ်ပြေမှာပါ.."
"ချော့စရာလား သူ့အသိစိတ်ဓာတ်နဲ့သူပြန်လာခဲ့ပေါ့...
သူ့ကိုဘယ်သူကမှအိမ်ပေါ်ကနှင်ချခဲ့တာမှမဟုတ်တာ...
သူ့ဘာသာပြန်လာပေါ့.."
"နောင်နောင်ရာ ငါနင့်ကိုအဲ့လောက်ထိပြောရလက်ပေါက်ကပ်လိမ့်မယ်လို့မထင်ထားခဲ့ဘူး..
အသည်းမာလိုက်တာ"
နီလာဘယ်လိုပဲပြောပြော နောင်နောင်ကတော့ လှန်းစရာကျန်သေးတဲ့အဝတ်အစားတွေကို ထုတ်လှန်းနေသည်။
"နင်ဘယ်လောက်ထိတောင့်ခံနိုင်မလဲဆိုတာ ငါစောင့်ကြည့်နေမယ်.."
နောင်တို့တောင့်ခံနိုင်လဲ၁ရက်သာကြာသည်။ နောက်နေ့ညနေရောက်တော့ နောင်တို့မနေနိုင်စွာ နန္ဒရဲ့ခြံနားကိုသွားချောင်းလေသည်။
နန္ဒတို့ခြံရှေ့မှာ ကုက္ကိုလ်ပင်ကြီးရှိတာကြောင့် နောင်အကွယ်ကနေချောင်းကြည့်လိုက်သည်။ သားကိုမြှူနေတဲ့ရှင်းသန့်ကိုတွေ့လိုက်ရတော့ နောင်ပြုံးလိုက်သည်။ ဝရံတာထွက်ပြီး သားဖ၂ယောက်လေညှင်းခံနေကြသည်ထင်ပါရဲ့။
နောင့်အပြုံးတွေကြာရှည်မခံပါ။ ရှင်းသန့်အနားမှာဝင်ထိုင်လာတဲ့နန္ဒကိုတွေ့လိုက်ရတော့ နောင်မျက်နှာပျက်သွားသည်။ သားကိုရှင်းသန့်နဲ့အတူပြုံးပြီးမြှူနေတာတွေ့ရတော့ နောင် စိတ်ထဲမကျေမနပ်ဖြစ်မိသည်။ မသိရင်သူတို့ကမိသားစုတွေကျနေတာပဲ။
ခဏကြာတော့ နန္ဒကသားကိုပွေ့ချီလိုက်တာကိုတွေ့ရတာကြောင့် နောင် သစ်ပင်ကိုလက်သီးနဲ့ထိုးလိုက်သည်။
"သူ့သားသမီးကျနေတာပဲ...
ရာရှင်းသန့်ကလည်း ဘာလို့အချီခံရတာလဲ?.."
နောင်တစ်ယောက်တည်းပြောနေပြီး ဆက်ကြည့်နေလိုက်သည်။ နန္ဒလက်ပေါ်ရောက်သွားတော့ သားကထငိုတော့သည်။
"ကောင်းတယ် ချီချင်အုံး...
အဲ့လူကိုယ်ပေါ်မှာ ရှူးပေါက်ချလိုက်သား.."
နောင့်ဆုတောင်းပဲပြည့်သွားတာလားမသိ သားကဟိုလူ့အပေါ်မှာရှူးပေါက်ချလိုက်သည်ထင် ဟိုလူပုဆိုးခါနေသည်ကိုတွေ့ရသည်။
"ကောင်းတယ်..."
နောင်ဝမ်းသာနေတုန်းရှိသေး နန္ဒကလှည့်အကြည့်နဲ့ဆုံသွားလေသည်။ သူ့ကိုလည်းတွေ့ရော သေချာစိုက်ကြည့်ပြီး ရှင်းသန့်နဲ့သားကိုအထဲတွန်းပို့နေတာကို တွေ့ရသည်။
"လူယုတ်မာ..."
နောင် တွေ့သမျှခဲလုံးများကိုကန်ထုတ်ပြီး အိမ်ကိုသာပြန်လာခဲ့ရသည်။ မဖြစ်တော့ဘူး သူ ရာရှင်းသန့်တို့သားဖကို သွားပြန်ခေါ်မှဖြစ်မယ်။ ရာရှင်းသန့်ကို ဟိုလူ့ဘေးမှာထားရတာ သူစိတ်မချဘူး။
~~~~~~~~~~~~~~~~~
နောက်နေ့မနက်ရောက်တော့ နောင်သားနဲ့ရာရှင်းသန့်ကိုသွားပြန်ခေါ်ရန် ရေမိုးချိုးပြီး အဝတ်အစားကိုသေသေသပ်သပ်ဝတ်ထားလေသည်။ ဆံပင်ကိုသေသေသပ်သပ်ဖီးပြီး ဆိုင်ကယ်သော့ကိုယူကာ နောင်တံခါးကိုသေချာပြန်ပိတ်လိုက်သည်။
ဒီအိမ်လေးက အခုတော့တိတ်ဆိတ်နေပေမယ့် ခဏနေရင်တော့...
နောင် ကိုယ့်အတွေးနဲ့ကိုယ်ပျော်နေသည်။
"နောင်နောင် အဲ့တာဘယ်လဲ?.."
"သြော် ကျော်ဇော...
မင်းလာတာနဲ့အတော်ပဲ မင်းအားရင်ငါ့အိမ်ခဏစောင့်ပေးပါလား...
ငါသွားစရာလေးရှိနေလို့.."
"မင်းကဘယ်သွားမလို့လဲ?.."
"ငါ ငါရာရှင်းသန့်တို့သားဖကိုသွားပြန်ခေါ်မလို့...
ငါရာရှင်းသန့်ကိုတောင်းပန်ပြီးတော့ပဲဖြစ်ဖြစ် ငါရအောင်ပြန်ခေါ်လာခဲ့မယ်..."
"ငါ အခုလာတာလည်း အဲ့တာပြောမလို့..
ကိုရှင်းသန့်တို့မရှိတော့ဘူး.."
"မရှိရအောင် သူတို့ကဘယ်သွားလို့လဲ?.."
"မနက်ကပဲ ကိုရှင်းသန့်မိဘတွေသူ့သားနဲ့သူ့မြေးကိုလာခေါ်သွားတယ်တဲ့.."
"ဘာ!.."
နောင် ကိုင်ထားတဲ့ဆိုင်ကယ်သော့ပင် အောက်ကိုကျသွားလေသည်။
"ဟုတ်တယ် မနက်ကငါတို့လင်မယားဆီသွားဝယ်ပြီးဝင်တော့ ဒေါက်တာနန္ဒကိုယ်တိုင်ပြောလိုက်တာ.."
"သူ သူကမင်းတို့ကိုနောက်လိုက်တာနေမှာပါ.."
တံခါးဝမှာထိုင်ချလိုက်ကာ နောင်ပြောလိုက်သည်။
"မင်းကို ငါတို့အစောကတည်းကပြောသားပဲ...
သွားခေါ်ပါဆိုတာကို အခုမင်းအချိန်ဆွဲနေတာနဲ့ပါသွားပြီ..
ကိုနန္ဒကထပ်ပြောလိုက်သေးတယ် အခုပြန်လိုက်ခေါ်တာက ကိုရှင်းသန့်ကိုအိမ်ထောင်ချပေးမလို့လို့လည်းပြောတယ်...."
"ဘာ! အဲ့လိုလုပ်လို့ရလား...
ရာရှင်းသန့်ကရောပြန်လိုက်သွားတယ်လား..
ဘာလို့လဲ ဘာလို့လဲကွာ..."
နောင် အိမ်နံရံကို လက်သီးနဲ့ထိုးလိုက်သည်။
"မင်းစိတ်ကိုလျှော့ပါကွာ..."
"ရာရှင်းသန့် ငါ့ကိုထားသွားပြီ...
ငါ့ကိုထားသွားပြီ..."
"မဟုတ်လောက်ပါဘူးကွာ...
ကိုရှင်းသန့်က မင်းကိုဒီလောက်ချစ်တာကို.."
နံရံကိုလက်သီးနဲ့ထိုးနေတဲ့နောင့်ကိုယ်ကို ဖမ်းချုပ်ထားလိုက်ပြီး ကျော်ဇောဖက်ပေးထားလိုက်သည်။
"ငါ့မှာ ဘယ်သူမှမရှိတော့ဘူးကွာ...
ဘယ်သူမှမရှိတော့ဘူး...
နောင်မနှင်ထုတ်မချင်းမသွားပါဘူးဆို အခုဘာလို့လဲ?.."
ငိုပြီး တစ်လုံးချင်းစီပြောနေတဲ့ နောင့်ကိုကြည့်ပြီး ကျော်ဇောပခုံးကိုသာပုတ်ပေးနိုင်သည်။ သူဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာ သူလည်းမသိတော့ဘူး.....
_______________________________________________________
နောင်ပဲလိုက်သွားမလား🤔
ရှင်းသန့်ပဲပြန်လာမလား🤔 ဆိုတာ နောက်အပိုင်းမျှော်😉
မနက်ဖြန်တင်စေချင်လား?
17.7.2021
💙Chel💙