အခန်းက လေအေးပေးစက် တပ်ထားတာကြောင့် သာမန်ထက် အေးမြ ချမ်းစိမ့်နေသည်။
သို့သော် ကုလားထိုင်ပေါ် ထိုင်လျက် လက် နှစ်ဖက်ကို ဆုပ်ခြေထားသော ဝေယံ၏ လက်ဖဝါးများတွင် ချွေးစေးများ ပြန်နေခဲ့သည်။ ဝေယံ စိတ်လှုပ်ရှားစွာ နှုတ်ခမ်းကို တင်းတင်း ဖိကိုက်ထားမိသည်။ စောင့်ရသည့် အချိန်တွေ ကြာနေပြီ ဆိုတာ မေ့ထားဖို့ အာရုံ လွှဲသည့်အနေနှင့် ရုံး စားပွဲပေါ်မှ ရေခရားကို ဆွဲယူလိုက်မိသည်။
"ယံ ရေ သောက်ချင်လို့လား"
နေသူရိန်မင်းခန့် ဆေးအညွှန်း စာရွက်များကို အလေးအနက် ဖတ်နေရာမှ စောင်းငဲ့ ကြည့်လျက် မေးလာသည်။
"အင်း . . ၊ နည်းနည်း"
ထို့နောက် ထိုင်ခုံမှ ချက်ချင်း ထကာ ရေခရားကို ကောက်ကိုင်လိုက်သည်။ ညာဘက် လက်ဖြင့် ဖန်ခရားကို ကိုင်ပြီး ကျန်လက် တစ်ဖက်က ဖန်ခွက်လွတ်ကို ယူကာ ရေလောင်း ထည့်ပေးသော နေမင်းကြီး၏ ပုံစံက ချစ်ရသူအတွက်ဆို အသေးစိတ် အရာကလေးတွေက အစ ဂရုစိုက်ပေးတတ်သည့် ခင်ပွန်း တစ်ယောက်၏ ဟန်ပန်ကို ထင်ဟပ်စေသည်။
ခရားထဲမှ ကျဆင်းလာသည့် ကြည်လင်သော ရေထု၏ စီးဆင်းမှုကို ဖောက်ထွင်းပြီး နေသူရိန်မင်းခန့် မျက်နှာကို ဝေယံ ငေးကြည့်နေမိသည်။ နေမင်းကြီး၏ နှစ်လိုဖွယ် ကောင်းသော မျက်နှာက ဝေယံ ခံစားနေရသည့် စိုးရိမ်စိတ်များကို တဒင်္ဂ ငြိမ်းအေးစေတာတော့ အမှန်။
"ရေခဲ မထည့်ဘူးနော်"
"အွန်း"
ဝေယံ ခေါင်းညိတ်ရင်း ကမ်းပေးလာသည့် ဖန်ခွက်ကို ယူလိုက်သည်။ ရေခဲရည်၏ ကျဉ်စိမ့်သော အအေးဓာတ်ကို မကြိုက်လှတာမို့ ရိုးရိုး ရေကိုသာ သူ သောက်မြဲ ဖြစ်သည်။
"ဖြည်းဖြည်း သောက် . ."
နေသူရိန်မင်းခန့် ဝေယံ နှုတ်ခမ်းပေါ် တင်နေသော ရေစက်များကို လက်မဖြင့် ဖွဖွကလေး ဖိသုတ်ပေးသည်။ သောက်ပြီးသွားသည့် ဖန်ခွက်လွတ်ကို စားပွဲပေါ်သို့ ပြန်ထားချိန်မှာတော့ သူတို့ စောင့်မျှော်နေခဲ့သည့် လူ တစ်ဦး အခန်းတွင်းသို့ တံခါး ဖွင့်လျက် ဝင်လာခဲ့သည်။
ဒေါက်တာ ဟန်နာရီကိုပဲ ဖြစ်သည်။
"စုမိမစဲန်း၊ စောင့်ရတာ တော်တော် ကြာသွားတယ် ထင်တယ်နော်"
"ဖြစ်တတ်ပါတယ်၊ ပြဿနာ မရှိပါဘူးဗျ"
ဒေါက်တာက သူတို့ နှစ်ယောက်ကို တစ်ချက် အလေးထားသလို ခေါင်းညိတ်ပြပြီး ရုံးစားပွဲမှ ထိုင်ခုံတွင် ထိုင်သည်။ ထို့နောက် သူမ ကိုင်လာသည့် စာရွက်များကို ကမ်းပေးသည်။
"ဒါက သွေးစစ်ချက် အဖြေတွေပဲ"
ဝေယံ စာရွက်များကို ယူကာ တစ်ချက် ဖတ်ကြည့်လိုက်သည်။ ဆေးပညာ အသုံးအနှုန်းများ ဖြစ်တာကြောင့် လုံးစေ့ပတ်စေ့ နားမလည်လှ။ စာရွက်ဖြူပေါ်တွင် အသေးစိတ် အချက်အလက်များနှင့် သွေးများ၏ ရလဒ်ကို ကိန်းဂဏန်းတို့ဖြင့် ဖော်ပြထားသည်။ ကလေး မွေးဖွားဖို့အတွက် လွန်ခဲ့သည့် တစ် နာရီက သူတို့ နှစ်ဦးဆီမှ ဖောက်ထုတ်သွားသော သွေးဆဲလ်များ၏ စစ်ဆေးမှု ရလဒ်ပဲ ဖြစ်သည်။
"စစ်ဆေးချက်အရဆို လူနာ ယံက သွေး အားနည်းနေတယ်၊ အဲ့ဒါကြောင့် သားဆီက သွေးကို ထုတ်ယူဖို့ အဆင်မပြေဘူး"
ဝေယံ သွေးစစ်ချက် စာရွက်ကို ဘေးမဖယ်ဘဲ ဆက်ကိုင်ထားသည်။ သို့သော် စာလုံးတွေကို မမြင်တော့။ အတွေးလွန် စိတ်ကို မျိုချနေရတာကြောင့် ဖြစ်သည်။
"ခန္ဓာကိုယ်ကနေ သွေးနီဥတွေကို အလွန်အကျွံ ထုတ်ယူတဲ့အခါ သွေးထဲမှာ အောက်စီဂျင် ပမာဏ လျော့ကျသွားတယ်၊ ဒါဆို ခေါင်း မူးတာ၊ အစာအိမ် နာတာ၊ မူးဝေတာ၊ သွေး အားနည်းတာ . . စတဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာတယ်၊ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ သွေးဆဲလ်တွေကို အစားထိုးဖို့ ပရိုတိန်းဓာတ်တွေ ထုတ်လွှတ် မပေးမချင်း . . သားက လူမမာ တစ်ယောက်လို ဖြစ်နေလိမ့်မယ် "
"ဒါဆို ကျွန်တော့်ဆီက သွေးကို မယူတော့ဘူးပေါ့"
"ဟုတ်တယ်"
ဟန်နာရီကို၏ ဆုံးဖြတ်ချက်က ပြတ်သားလွန်းသည်။
"ကလေး ယူဖို့အတွက်ကျရော . ."
ကလေး ယူဖို့ မဖြစ်နိုင်တော့ဘူး ဆိုသည့် သတ်မှတ်ချက်က ဝေယံ့ စိတ်ကို ဂနာမငြိမ် ဖြစ်စေသည်။ သူ ချက်ချင်း စိုးရိမ် ပူပန်သွားသည်။ ဒေါက်တာက ဤအဖြစ်အပျက်မျိုးကို မကြာခဏ ကြုံဖူးသည့် မျက်နှာထားဖြင့် ဝေယံ့ကို ကြည့်နေသည်။
"ကလေး ယူဖို့ကို သွေး အားနည်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်လျှော့လိုက်ရတော့မှာလား၊ ဟင့်အင်း . . ၊ အဲ့ဒီလိုတော့ မဖြစ်ရဘူး၊ လူမမာ ဖြစ်မယ်ဆိုလည်း ဖြစ်ပါစေ၊ ကျွန်တော့်ဆီက သွေးကိုတော့ ယူပါ . . ဒေါက်တာ"
"ယံ စိတ်ထိန်းပါ၊ ဘာမှမဖြစ်စေရဘူး၊ ကျွန်တော် ရှိတယ်လေ"
စိတ်လှုပ်ရှားမှုကြောင့် အေးစက် တုန်ယင်လာသည့် ဝေယံ၏ လက်ချောင်းများကို နေသူရိန်မင်းခန့် ထိန်းချုပ် ဆွဲယူကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ နူးညံ့ နွေးထွေးသည့် ရင်ခွင်ကို ရုတ်တရက် ပါး အပ်မိလိုက်သည့်အခါ ဝေယံ့မှာ ရှိနေသော ပူပန် သောကတွေ ချက်ချင်း ဆုတ်ယုတ်ကုန်သည်။
"ဘာမှမဖြစ်ဘူးနော်၊ ကလေးကို တခြား နည်းလမ်းနဲ့ သေချာပေါက် မွေးလို့ ရဦးမှာပါ၊ အတွေး မလွန်နဲ့ . . ယံ"
ကြင်နာသော စကား အောက် ဝေယံ၏ အတွေးလွန် စိတ်က ပင်လယ်လှိုင်း တိုက်စားခံလိုက်ရသည့် ကမ်းခြေမှ သဲအိမ်လေး တစ်အိမ်လို ဘုတ်ခနဲ ပြိုကျသွားသည်။ သူ နေသူရိန်မင်းခန့် ရင်ခွင်ထဲ မလှုပ်မယှက် ငြိမ်နေမိသည်။
"အဟမ်း . ."
ခပ်အမ်းအမ်း ဖြစ်နေသည့် အကြည့်နှင့် သူတို့ကို စိုက်ကြည့်နေသော ဒေါက်တာ ဟန်နာရီကို၏ မျက်လုံးများကို သတိထားမိချိန်မှာတော့ ဝေယံ အရှက်သည်းစွာ နေမင်းကြီး ရင်ခွင်ထဲမှ မြန်မြန်ဆန်ဆန် ထွက်လိုက်မိသည်။
ဝေယံ မျက်နှာကို လက်ဖြင့် တစ်ချက် သပ်လိုက်သည်။
"စိတ် ငြိမ်သွားပြီလား"
"ဟိုက်"
"တော်သေးတာပေါ့၊ မဟုတ်ရင် ဆရာမက သားကို စိတ်ငြိမ်ဆေး ထိုးပေးတော့မလို့ . . ၊ အားကျစရာ ကောင်းတာက သားမှာ Benzodiazepines ထက် စွမ်းတဲ့ လူသား စိတ်ငြိမ်ဆေး ရှိနေတာပဲ"
ဝေယံ ရယ်ရခက် ငိုရခက် မျက်နှာထားမျိုးနှင့် မဝံ့မရဲ ပြုံးလိုက်မိသည်။ ဒေါက်တာက သဘောကျသလို ခပ်သဲ့သဲ့ ရယ်၏။
"စတာပါ ကလေးရယ်"
ထို့နောက် ရယ်မောခြင်းကို ထိန်းကာ ခပ်နောက်နောက် အပြုအမူကို ပြင်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း အားကိုးချင်စရာ ကောင်းသည့် ဆရာဝန် တစ်ယောက် အသွင် ပြန်ဖြစ်သွားသည်။
"ဆရာမတို့ ဆေးရုံက လူနာရဲ့ ကျန်းမာရေးကို ပထမ ဦးစားပေးပဲ၊ သားဆီက သွေးကို မယူဘူး ဆိုတာက . . သားရဲ့ ကျန်းမာရေးကို ထိခိုက်သွားနိုင်လို့လေ၊ ဒါပေမယ့် ဒီဆုံးဖြတ်ချက်က ကလေး ယူဖို့ လက်လျှော့ရမယ်လို့ မဆိုလိုဘူးကွယ့်၊ IVG နည်းပညာ ဆိုတာ သွေးဆဲလ်မှတင် မဟုတ်ဘူး၊ အရေပြား ဆဲလ်နဲ့ပါ ကလေး ယူလို့ ရတယ်"
ထိုစကားကို ကြားမှ ဝေယံ အသက်ရှူချောင်သွားတော့သည်။ ဒေါက်တာ စကားကို ဆုံးအောင် နားမထောင်မိတာ သူ မှားတာပဲ။
"ဒီတော့ သားဆီက အရေပြား ဆဲလ်ကို ယူမယ်"
ဒေါက်တာ ဟန်နာရီကိုက ဖိုင်ထဲတွင် တစ်စုံတစ်ခု ရေးမှတ်လိုက်သည်။ ဖောင်တိန်ကို အိတ်ကပ်တွင် ပြန်ချိတ်ပြီးနောက် နေသူရိန်မင်းခန့်ကို လက်ဟန်ပြ၍ ချစ်စနိုး အကြည့်ဖြင့် ကြည့်သည်။
"ဒီက လူသား စိတ်ငြိမ်ဆေးလေးဆီကတော့ သွေးဆဲလ်ကို ယူမယ်၊ ဒီဆုံးဖြတ်ချက်ကို သားတို့ သဘောတူရဲ့လား"
ဝေယံ ရယ်ချင်စိတ်ဖြင့် သဘောတူလိုက်မိသည်။
"ဟိုက်"
လူသား စိတ်ငြိမ်ဆေး တဲ့လား။ ဝေယံ သဘောကျစွာ တစ်ချက် ပြုံးလိုက်မိသည်။ နေသူရိန်မင်းခန့်ကို မော့ကြည့်တော့ ထိုနာမည်ကို သိပ်ပြီး အာရုံထားပုံ မရ။
"ဟုတ်ကဲ့၊ သဘောတူပါတယ်"
"ကောင်းပြီ၊ နှစ်ယောက်စလုံးက သဘောတူတယ် ဆိုတော့ ဒီဖိုင်မှာ လက်မှတ် ထိုးပေးပါ"
နေသူရိန်မင်းခန့် လက်ခံလိုက်သည့် ဖိုင်ကို ဝေယံ လှမ်းကြည့်မိသည်။ ဖိုင်က နက်ပြာရောင်။ အပေါ်တွင် သံချိတ် တစ်ခုဖြင့် စာရွက်ဖြူ တစ်ရွက်ကို ဖိညှပ်ထားသည်။ သူတို့ လက်မှတ် ထိုးရမည့် စာရွက်ပဲ ဖြစ်သည်။ သို့သော် စာရွက်က ပြောင်။ ဘယ်လို စာလုံးမျိုးကိုမှ စာစီ မထား။ ဝေယံ နားလည်ရ ခက်သွားသည်။
"ဒါက . . IVG နည်းပညာကို သုံးပြီး ကလေး ယူတဲ့အခါ . . တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့ရင် . . ဆရာမတို့ နွေဦး တစ်ထောင် ဆေးရုံကို တရား မစွဲပါဘူး ဆိုတဲ့ ဝန်ခံ စာချုပ်ပဲ၊ စာရွက်လွတ် တစ်ရွက် ဖြစ်နေတာကတော့ သားတို့ လက်မှတ် ထိုးပြီးမှ ဆရာမတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို စာရွက်ပေါ်မှာ ပုံနှိပ်မှာမလို့လေ"
ဒေါက်တာ ဟန်နာရီကိုက ရိုးသား ဖြူစင်သူ ဖြစ်တာမို့ စာချုပ်၏ လျှို့ဝှက်ချက်များကို ဘွင်းဘွင်းရှင်းရှင်း ထုတ်ပြောလာသည်။
"ဒီစာချုပ်ပါ အချက်အလက်တွေကြောင့်ပဲ မလွဲမသွေ တရား ရင်ဆိုင်ရတဲ့အခါ သားတို့ဘက်က သေချာပေါက် ရှုံးနိမ့်လိမ့်မယ်၊ မတရားဘူးလို့ သားတို့ ထင်ရင်တော့ . . စာချုပ်မှာ လက်မှတ် မထိုးဘဲ ဆရာမတို့ ဆေးရုံနဲ့ လုပ်မယ့် စမ်းသပ် မွေးဖွားမှုကို ချက်ချင်း ဖျက်သိမ်းလိုက်လို့ ရတယ်နော်၊ ဒါ . . ဆရာမဘက်က တတ်နိုင်သလောက်ပဲ၊ ဒီထက်ပိုပြီး ကူညီလို့ မရတာတော့ ခွင့်လွှတ် . ."
စာချုပ်၏ ကန့်သတ်ချက်ကြောင့် ဝေယံ တွေဝေသွားမိသည်။ အစတည်းက အတွေးလွန်တတ် သူ ဖြစ်တာကြောင့် စိုးရိမ် ကြောင့်ကြမှုများက အချိန်ကောင်းကို အငိုက်ဖမ်းကာ ဦးနှောက်ထဲသို့ တသီတတန်းကြီး တိုးဝင်လာပြန်သည်။
အကယ်၍ . . .
စမ်းသပ် မွေးဖွားမှု ကျဆုံးခဲ့ပါက . . ။
စာချုပ်ပါ အချက်အလက်များ
တစ်ဖက်စောင်းနင်း နိုင်နေခဲ့ပါက . . ။
တရား ရင်ဆိုင်မှုမှာ သူတို့ ရှုံးနိမ့်သွားခဲ့ပါက . . ။
ဘာတွေလုပ်ရမလဲ။
ဘယ်လိုလုပ်ရမလဲ။
သူ သေချာ မသိတော့။
သို့သော် နေသူရိန်မင်းခန့်က ဆုံးဖြတ်ချက် ခိုင်မာ၏။ ဝေယံ တွေဝေနေဆဲမှာပဲ နှစ်ခါတောင် မစဉ်းစား။ စာရွက်ပြောင်ပေါ် လက်မှတ်ကို ခပ်မြန်မြန် ထိုးပေးလိုက်သည်။ ဝေယံ အံ့သြသွားရသည်။
"ဒါလင် . ."
သူ တိုးတိတ်စွာ ခေါ်တော့ တည်ငြိမ်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လာသည်။ ထို့နောက် စကား တစ်ခွန်းကို ခပ်တိုးတိုး ဆို၏။
"ဒီအထိတောင် ရောက်လာခဲ့ပြီးပြီလေ"
နေသူရိန်မင်းခန့် စကားသည် ဝေယံ၏ ခံစားချက်ကို နားလည်သလို ရှိသည်။ သို့သော် ကလေး ယူဖို့ စိတ်အား ထက်သန်မှုက ပို များနေပုံ ရသည်။ နေမင်းကြီး မျက်နှာမှာ ခံစားမှု တစ်မျိုးကို ဝေယံ မြင်ရသည်။ ဝေယံ၏ အိပ်မက်ကို ဖြည့်ဆည်း ပေးချင်သည့် ဆန္ဒ။
သူ ထပ်ပြီး အံ့သြရပြန်သည်။
"ကျွန်တော့်ကို ယုံပြီး ပုံအပ်လိုက်လို့ မရဘူးလား"
လေးနက်စွာ တောင်းဆိုသော နေသူရိန်မင်းခန့် စကားသံလေး အဆုံးမှာ ဝေယံ စာရွက်ပေါ်သို့ လိုလိုလားလား လက်မှတ် ထိုးပေးလိုက်မိတော့သည်။
"အိုကေ၊ ဒါဆို လုပ်ငန်း စကြတာပေါ့"
ဒေါက်တာ ဟန်နာရီကိုက သူတို့ လက်မှတ် ထိုးပေးထားသည့် ဖိုင်ကို ယူကာ သော့ ခတ်ထားသည့် အံဆွဲထဲ သိမ်းလိုက်သည်။ ထို့နောက် ရုံးခန်း တံခါးဝကို တစ်ချက် ကြည့်သည်။
"အပြင်မှာ ဘယ်သူ ရှိလဲ"
အပြင်မှ စကားပြောသံနှင့် လမ်းလျှောက်သံ အချို့ ကြားလိုက်ရသည်။ အသင့် စောင့်ဆိုင်းနေပြီးမှ လှမ်းလျှောက်လာသည့် ခြေလှမ်းများပဲ ဖြစ်သည်။ ဘာကြောင့်ဆို ခြေလှမ်းများမှာ အလျင်မလိုဘဲ တည်ငြိမ် ညင်သာနေတာကြောင့် ဖြစ်သည်။ ထို့နောက် အခန်းတွင်းသို့ ပန်းနုရောင် တူညီဝတ်စုံနှင့် သူနာပြုမလေး နှစ်ယောက် ဝင်လာခဲ့သည်။
"ဒီလူနာတွေကို သက်ဆိုင်ရာ ဋ္ဌာနကို ခေါ်သွားလိုက်"
"ဟိုက်"
"သားက ဆရာမ နောက် လိုက်ခဲ့ . ."
ဒေါက်တာ ဟန်နာရီကိုက နေသူရိန်မင်းခန့်ကို တစ်နေရာသို့ ခေါ်သည်။ သွေးဆဲလ် ထုတ်ယူခြင်းနှင့် အရေပြား ဆဲလ် ထုတ်ယူခြင်းက မတူညီသည့် လုပ်ငန်းစဉ် နှစ်ခု ဖြစ်တာကြောင့် ဋ္ဌာနများ ကွဲကုန်တာပဲ ဖြစ်သည်။ ဒေါက်တာက ရုံးခန်း တံခါးကို ဖွင့်ဖို့ လက်ကိုင်ကို ကိုင်ပြီး နေသူရိန်မင်းခန့် ရှိရာကို လှည့်ကြည့်ရင်း လိုက်ခဲ့ဖို့ လက် ဟန်ပြသည်။
"လာခဲ့ . ."
နေသူရိန်မင်းခန့် ထိုင်ရာမှ ထကာ ခေါ်ရာသို့ မသွားသေးဘဲ ဝေယံ့ကို တစ်ချက် ငေးကြည့်သည်။ စိုးရိမ်သည့် မျက်ဝန်းလေးတွေ . . ။ ဝေယံ ကြင်နာစွာ ပြုံးရင်း စိတ်ချဖို့ ခေါင်းညိတ်ပြလိုက်သည်။
"နောက်က လိုက်ခဲ့ပေးပါနော်"
"ဟိုက်"
ဝေယံ သူနာပြုမလေး ခေါ်ရာ နောက်သို့ လိုက်ရင်း ဓာတ်ခွဲခန်း တစ်ခုကို ရောက်တော့ တစ် နာရီ ဆယ် မိနစ်ပင် ရှိနေပြီ။ ယခုမှပဲ ဗိုက်ထဲက အသံ မြည်နေရသည့် အကြောင်းမှန်ကို သူ သိသွားတော့သည်။ ဝေယံ နေ့လယ်စာ မစားရသေး။ ဗိုက်ဆာလှပြီ ဖြစ်သည်။ သို့သော် ထမင်း စားနေဖို့ အချိန် မရ။
ဓာတ်ခွဲခန်း ဝင်ပေါက်တွင် သုတေသန ပညာရှင် ဖြစ်ဟန် တူသော ဆရာဝန် တစ်ယောက်က ဝေယံ့ကို အသင့် စောင့်ကြိုနေခဲ့တာကြောင့် ဖြစ်သည်။ သူနာပြုမလေးက ဓာတ်ခွဲခန်းသို့ လိုက်ပို့ပေးပြီးတာနှင့် တာဝန် ပြီးမြောက်သွားသလို နေရာမှ ချက်ချင်း ထွက်ခွာသွားသည်။
ယခုတော့ ဝေယံ ကံကြမ္မာက မျက်စိ ရှေ့မှ ဝတ်ရုံဖြူနှင့် ဆရာဝန်၏ လက်ထဲတွင်သာ ရှိတော့သည်။
"မင်းက . . အမ်း"
ဒေါက်တာက ဖိုင်ထဲမှ ဝေယံ၏ ကိုယ်ရေး အချက်အလက်များကို စစ်ရင်း နာမည် နေရာသို့ ရောက်သည့်အခါ မျက်မှောင်ကြုတ်သွားသည်။ ဝေယံ၏ အမည်အရင်းက မြန်မာ နာမည် တစ်ခု ဖြစ်နေတာကြောင့် ဂျပန် လူမျိုး တစ်ယောက်အတွက် ပီပီသသ ခေါ်ဆိုဖို့ ခက်ခဲနိုင်သည်။ သူ ချက်ချင်း ထောက်ပေးလိုက်သည်။
"Yang ဆိုပြီး ခေါ်လို့ ရပါတယ်"
"ဂျပန် လူမျိုး မဟုတ်ဘူးဘဲ"
"ဟုတ်ကဲ့"
"ကောင်းပြီ"
ဆရာဝန်က ယောကျာ်း တစ်ယောက် ဖြစ်သည်။ ထို့ပြင် ဒေါက်တာ ဟန်နာရီကိုလို ဖော်ရွေမှု မရှိ။ မျက်နှာထား မာမာဖြင့် သွေးစုပ်ဖုတ်ကောင် တစ်ယောက်လို အေးစက်လှသည်။
တစ်ယောက်ယောက်ကများ ဒီကမ္ဘာပေါ်မှာ သွေးစုပ်ဖုတ်ကောင်တွေ တကယ် ရှိပါသည် ဟု ပြောလာခဲ့ပါက ဝေယံ ယုံမိမည် ဖြစ်သည်။ ဘာကြောင့်ဆို မျက်စိ ရှေ့တွင် ရပ်နေသော ဤဆရာဝန်၏ ဖြစ်တည်မှု တစ်ခုနှင့်တင် ယုံကြည်လိုက်ဖို့ အကြောင်းပြချက် ခိုင်လုံတာကြောင့် ဖြစ်သည်။ ထိုမျှလောက်ပင် ဤဆရာဝန်ဟာ အေးစက် မာကျောလှ၏။
"မစ္စတာ ယံ . . ၊ ကျွန်တော့် အနောက်က လိုက်ခဲ့ပါ"
ဆရာဝန်၏ ရင်ဘတ် အိတ်ကပ်မှ နာမည်ကို အမှတ်တမဲ့ လှမ်းကြည့်တော့ ဒက်ခု ဟု ရေးထိုးထားတာ မြင်ရသည်။ ဒက်ခု ဟူသည် ဂျပန် ဘာသာစကားအရ အမှောင် ဟု အဓိပ္ပါယ် ရသည်။ နာမည်အတိုင်း လူပါ အမှောင်ဆန်နေခြင်းကတော့ အံ့သြစရာ မဟုတ်တော့။
"ဒီမှာ ထိုင်"
ဒေါက်တာ ဒက်ခုက ဝေယံ့ကို အခန်း တစ်ခန်းသို့ ခေါ်သွားသည်။ ဝေယံ ထိုင်ခုံမှာ ထိုင်ကာ အခန်းကို အကဲခတ်ကြည့်မိသည်။
အခန်းက ရုံးခန်း ပုံစံ မဟုတ်။ စမ်းသပ်ခန်း တစ်ခု ဖြစ်သည်။ အခန်း နံရံကို ထွင်းဖောက် မြင်နိုင်သည့် မှန်နံရံများဖြင့် ကာရံထားပြီး အတွင်း၊ အပြင်မှ လှုပ်ရှားမှု အားလုံးကို အတားအဆီး မရှိ ကြည့်ရှုနိုင်သည်။ ဘေးပတ်ဝန်းကျင်ရှိ စမ်းသပ်ခန်း အသီးသီးမှ သုတေသန ပညာရှင်များ၏ စမ်းသပ် စစ်ဆေးမှုများကိုပါ ဝေယံ လေ့လာမိလိုက်သေးသည်။
"ပါးစပ် ဟ"
ရုတ်တရက် ပြောလာသည့် ဒေါက်တာ၏ ခိုင်းစေမှုကြောင့် ဝေယံ ခဏ ကြောင်သွားသည်။ ဒေါက်တာက စိတ်မရှည်ပုံဖြင့် ဂျူတီကုတ်မှ ရှည်ထွက်နေသည့် အင်္ကျီ လက်များကို ပင့်တင်လိုက်သည်။
"မင်းဆီက ဒီအန်အေ ယူမယ်"
"အာ . . ၊ ဟိုက်"
ထိုအခါမှ ဝေယံ ပါးစပ် ဟပေးလိုက်မိသည်။ ဒေါက်တာက လက်အိတ် စွပ်ကာ အဖြူရောင် ဂွမ်းတံကလေးဖြင့် ဝေယံ့ဆီမှ မျိုးရိုးဗီဇများကို ယူဆောင်သည်။ တစ်ချက် တစ်ချက် အာခေါင်ကို လာထိသော ဂွမ်းတံ၏ နူးညံ့မှုကိုပင် အတိုင်းသား ခံစားရသည်။
"ရပြီ"
မျိုးရိုးဗီဇများ စုပ်ယူထားသော ဂွမ်းတံကလေးကို ဒေါက်တာက ပလတ်စတစ် ဘူးရှည်ထဲ ထည့်သိမ်းလိုက်သည်။ ဘူးလေးက နှစ်လက်မလောက် ရှည်သည်။ ထို့နောက် ခပ်လှမ်းလှမ်းမှ ဆေးပစ္စည်း ကိရိယာများ ထားသော စင်ဆီသို့ လျှောက်သွားသည်။
ဝေယံ စားပွဲပေါ်မှာ ရှိသော ပစ္စည်းများကို လေ့လာနေမိသည်။ စားပွဲက အတော်လေး ရှည်သည်။ ဖန်ပုလင်းရှည်များ ထည့်ထားသော အထိန်း တစ်ခု ရှိသည်။ ဖန်ပုလင်းများနှင့် အတူ ဖန်ခွက်များပါ စုထည့်ထားသည်။ အဏုကြည့် မှန်ပြောင်း ကိရိယာ သုံးခု ရှိသည်။ အရောင်က အဖြူနှင့် အနက် စပ်သော အမျိုးအစား ဖြစ်သည်။ ခန္ဓာကိုယ်တွင်းမှ ဗီဇလက္ခဏာများကို စစ်ဆေးသည့် ကိရိယာ တစ်ခု ရှိသည်။ ဘယ်လို ခေါ်မှန်းတော့ ဝေယံ မသိ။ ပုံစံက လေးထောင့်လိုလို၊ အဝိုင်းလိုလို။ သေတ္တာ တစ်ခုနှင့်တော့ ဆင်တူသည်။
ဆေးမှတ်တမ်း ဖိုင်တွဲ တစ်ခု ရှိသည်။ ခွဲစိတ်ခန်းသုံး ပစ္စည်းများ ထည့်ထားသည့် လေးထောင့်ဘူး တစ်ခု ရှိသည်။ ကွန်ပျူတာ ငါးလုံး ရှိသည်။ အားလုံးက ဖွင့်ရက်သား။ ဖန်သားပြင်ပေါ်တွင် သုတေသန စာတန်း အချက်အလက်များကို ဖော်ပြထားသည်။ တချို့က ဓာတုဗေဒလို ပုံသေနည်းတွေ ဖြစ်သည်။ ဝေယံ သိပ်ပြီး နားမလည်။ စားပွဲထက်မှ နံရံကပ် စင်ပေါ်တွင် ဆေးပုလင်း များစွာကို စီရီစွာ နေရာ ချထားသည်။ အားလုံးက သူ့အကန့်နှင့် သူ။ အမျိုးအစားပေါင်း ငါးဆယ် ကျော်မည်။ ဆေးထိုးအပ်များက အောက်ဆုံးက အကန့်မှာ။
ဒေါက်တာ ဒက်ခုက အောက်ဆုံးထပ်မှ ဆေးထိုးအပ် တစ်ချောင်းကို ယူလိုက်သည်။ ထို့နောက် အိတ်ထဲမှ ဆေးထိုးအပ်ကို ဖောက်ကာ ထိပ်၌ အပ် တစ်ခု တပ်ဆင်သည်။ စင်ပေါ်မှ ဆေးပုလင်းများကို ရွေးနေချိန်မှာတော့ ဝေယံ လက်ဖျားများ အေးစက်လာခဲ့သည်။
"ဆေးထိုးခံရမှာ ကြောက်လား"
"ဟင့်အင်း၊ မကြောက်ပါဘူး"
"ကောင်းတယ်"
ဒေါက်တာက ဆေးပုလင်းထဲမှ အရည်များကို ဆေးထိုးအပ်ဖြင့် စုပ်ယူနေသည်။ သုံးပုံ တစ်ပုံ စုပ်ယူပြီးနောက် အပ်ထိပ်ကလေးကို လက်ညှိုးဖြင့် အသာလေး တစ်ချက် တောက်လိုက်သည်။ ဆေးထိုးအပ်မှ ဆေးရည်စက်ကလေးများ လေထုထဲသို့ လွင့်စင်သွားပုံက အနည်းငယ်တော့ ကျောချမ်းစရာ ကောင်း၏။
ဘယ်လောက်ပဲ မကြောက်စေဦးတော့။ ယခုအချိန်တွင် ခန္ဓာကိုယ် အတွင်းသို့ တိုးဝင်လာမည့် ချွန်မြသော အပ်၏ ထိုးစိုက်မှု ဒဏ်ကို အံကြိတ်ခံဖို့ လုံလောက်သည့် ခံနိုင်ရည် အားတို့ ရှိဦးမည် မထင်။
သူနှင့် ပတ်သက်ပြီး အသေးစိတ် အရာကလေးတွေက အစ စိုးရိမ်မကင်း ဖြစ်ကာ အမြဲလိုလို ဂရုစိုက် ပေးတတ်သော နေမင်းကြီးကို ဤအချိန်၌ ဝေယံ သတိရမိသည်။ နေသူရိန်မင်းခန့်သာ ရှိနေပါက ဘယ်လောက်တောင် အားတက်ရမလဲ။ ယခုတော့ သူသည် သူစိမ်းများ အလယ်တွင် ရောက်နေသော ကလေးသူငယ်လေး တစ်ယောက်လို အလိုလို အားငယ်နေမိသည်။
"အင်္ကျီ ချွတ်ထား . . ၊ ပခုံး ရှေ့ ရင်ဘတ် အထက်ပိုင်းကို ဆေးထိုးမယ်"
ဝေယံ ရှပ်အင်္ကျီမှ ကြယ်သီးများကို ချွတ်ကာ ညာဘက် ပခုံး တစ်ဖက်ကို ဆေးထိုးလို့ ရအောင်အထိ လစ်ဟာပေးလိုက်သည်။ ဒေါက်တာက ပိုးသတ်သည့် အနေနှင့် အရက်ပျံ တချို့ကို ဂွမ်းစဖြင့် ယူကာ ဆေးထိုးမည့် နေရာကို ခပ်ဆဆ ပွတ်သပ်သည်။ နှာခေါင်းထဲသို့ တိုးဝင်လာသည့် အရက်ပျံ အနံ့နှင့် အတူ ရင်ဘတ်ပေါ်မှ အေးစက်စက် အထိအတွေ့ ခံစားမိသည်။
"နာမယ်နော်၊ ကြိတ်ခံ . ."
ဝေယံ မျက်လုံးများ မှိတ်ထားမိသည်။ သို့သော် ထင်သလောက် မနာ။ စက္ကန့်ပိုင်း အတွင်းမှာပဲ ဆေးထိုးခြင်း ပြီးဆုံးသွားသည်။ သက်ပြင်း ချလိုက်ဖို့ စိတ်ကူးနေချိန်မှာပဲ ရုတ်တရက် မြင်လိုက်ရသည့် ဒေါက်တာ လက်ထဲမှ ခွဲစိတ်ဓားကြောင့် ဝေယံ မျက်လုံးများ ပြူးကျယ်သွားရသည်။
"မလန့်ပါနဲ့ . . ၊ ငါ မင်းကို ထုံဆေး ပေးထားတယ်၊ မနာပါဘူး၊ နာရင်လည်း ဘာဖြစ်လဲ၊ ကြိတ်ခံပေါ့ . . ၊ မင်းဆီက အရေပြား ဆဲလ်လေး တစ်လက်မလောက်ပဲ လိုအပ်တာပါ"
ပြဿနာ အစစ်က ယခုမှ စလေသည်။
အရေပြား ဆဲလ်ကို ထုတ်ယူဖို့ လူသား ခန္ဓာကိုယ်မှ ခွဲစိတ်ဓားဖြင့် အစိမ်းသက်သက် လှီးယူခြင်းကို ဝေယံ ဘယ်တုန်းကမှ မတွေးမိခဲ့။
ရဲတင်းလွန်းသည်။
ရက်စက်လွန်းသည်။
သူ ထင်ထားတာနှင့် ဖြစ်လာတာတွေ တခြားစီ ဖြစ်နေပြီ။
ဝေယံ အသက်ကို အောင့်ထားမိသည်။
ဖြစ်နိုင်ပါက ယခုပင် စမ်းသပ်ခန်းထဲမှ ထွက်ပြေးချင်နေပြီ ဖြစ်သည်။ သို့သော် ကိုယ်၏ သွေးသားရင်းချာ ဖြစ်သော ရင်သွေးငယ် တစ်ယောက်ကို မွေးဖွားပေးချင်သည့် စိတ်ဆန္ဒကြောင့် အရဲစွန့်လျက် အောင့်အီး သည်းခံနေမိသည်။
"ငြိမ်ငြိမ် နေနော်"
ခွဲစိတ်ဓားကို ရင်ဘတ်ပေါ်သို့ ယာလာသည်။ ဝေယံ မကြည့်ရဲတာမို့ အာရုံ လွဲသည့်အနေနှင့် ဒေါက်တာ ဒက်ခု၏ ဂျူတီကုတ် ရင်ဘတ် အိတ်ကပ်ထဲမှ ထိုးစိုက်ထားသော ဖောင်တိန် ရောင်စုံများကိုသာ မျက်တောင် မခတ်တမ်း စိုက်ကြည့်နေမိသည်။ အပြာ၊ အနက်၊ အနီ၊ အစိမ်း၊ နက်ပြာ။ ထို့နောက် ဆရာဝန် ကတ်ပြား တစ်ခု။
"ပြည့်စုံတယ်"
ဒေါက်တာ ဒက်ခုက ကျွမ်းကျင် အဆင့် ဖြစ်သည်။ ဝေယံ မသိလိုက်ခင်မှာဘဲ အရေပြား လှီးထုတ်ခြင်း ပြီးစီးသွားသည်။ လှီးယူထားသော အရေပြားကို စက်ဝိုင်းပုံ ဖန်ပြားထဲ ထည့်ကာ ခပ်လှမ်းလှမ်းမှ အနက်ရောင် သေတ္တာထဲသို့ သိမ်းဆည်းလိုက်သည်။
"မင်းက ထင်ထားတာထက် သတ္တိ ရှိသားပဲ"
သွေး ထွက်နေသော ရင်ဘတ်ကို ဆေး ထည့်ပေးရင်း ချီးကျူးသလို ပြောလာသည့် ဒေါက်တာ စကားကြောင့် ဝေယံ မျက်လုံး လှန်ကြည့်မိသည်။
စမ်းသပ်ခန်း ( နှစ် ) ထဲမှ အသက် သုံးဆယ် အရွယ် ဆရာဝန် အမျိုးသား တစ်ယောက် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးကို ဆွဲချွတ်၍ ထွက်လာသည်။ မျက်နှာဖုံးကို ချွတ်လိုက်တော့မှ ထိုအမျိုးသားက ဝေယံ ထင်ထားတာထက် အတော်လေး အသက် ငယ်သေးကြောင်း သိလိုက်ရသည်။ အသက် နှစ်ဆယ် ကျော်လောက် ရှိမလား။ သို့မဟုတ် နုနယ်လွန်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထားခြင်းလား။
သေချာ မပြောတတ်။
ထိုဆရာဝန်က မျက်နှာဖုံးကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ပြီးနောက် သူတို့ ရှိရာ စမ်းသပ်ခန်း ( တစ် ) သို့ လျှောက်လာသည်။ ဝေယံ့ကို အပြုံးဖြင့် တစ်ချက် ကြည့်ကာ မှန်တံခါးကို တွန်းဖွင့်လိုက်သည်။
"Senpai . . ၊ နေ့လယ်စာ စားပြီးပြီလား"
သူက အခန်းထဲသို့ ဝင်မလာ။
တံခါးဝမှာပဲ ရပ်လျက် ဒေါက်တာ ဒက်ခုကို လှမ်းမေးသည်။
"ပြီးပြီ"
"နေ့လယ်စာက ဘာတဲ့လဲ"
"အမဲအူ . ."
ဒေါက်တာ ဒက်ခုက ဂွမ်းစများကို ဆေး တို့နေရင်းမှ လှည့်မကြည့်စတမ်း ဖြေသည်။ ဒေါက်တာ အဖြေကို ကြားတော့ ဂျူနီယာ ဆရာဝန်၏ မျက်နှာက လက်ဖြင့် အားရပါးရ လုံးခြေခံလိုက်ရသည့် စက္ကူစုတ် တစ်ရွက်လို ရှုံ့တွန့်သွားသည်။
"ကျွန်တော် အခုမှ တိရစ္ဆာန် တစ်ကောင်ရဲ့ ဗိုက်ကို ဖွင့်လာတာနော်"
"အဲ့ဒီတော့ ဘာဖြစ်လဲ၊ ငါ့ကိစ္စမှ မဟုတ်တာ၊ မင်း မကြိုက်ရင် ငါ့လို သက်သတ်လွတ် စားလိုက်လေ"
"အွန်း . . ၊ ရက်စက်လိုက်တာ"
ဂျူနီယာ ဆရာဝန်က အပြင်သို့ ထွက်ရန် ပြင်သည်။ ထိုခဏမှာပဲ ဒေါက်တာ ဒက်ခုက အသံ တစ်ခုဖြင့် တားလိုက်သည်။
"ငါ့အခန်းမှာ ပီဇာ တစ်ချပ်တော့ ရှိတယ်"
ဆရာဝန်လေး မျက်နှာ ချက်ချင်း ပြုံးရွှင်သွား၏။
"ဝါး . . ၊ ကျွန်တော့်အတွက် ဝယ်ထားတာလား"
"ငါ မကုန်လို့ ချန်ထားတာ"
"ဟွန်း . ."
မျက်မှောင်ကြုတ်လျက် အပြင်သို့ ပြန်ထွက်သွားသော ဆရာဝန်လေး၏ ခြေလှမ်းများက သာမန်ထက် သွက်နေသည်။ ဒေါက်တာ ဒက်ခုကတော့ မချိုမချဉ်သာ ပြုံးနေ၏။
ဖိနပ်သံ ဝေးသွားသည်။
တစ်နေရာရာမှ စက်ပစ္စည်း လည်ပတ်သံကို ကြားရသည်။
"ပီဇာက သက်သတ်လွတ် ရောင်းတာလား"
ဝေယံ မျိုသိပ်ထားရင်းမှ တကယ်ကို သိလိုစိတ်ဖြင့် မေးလိုက်မိသည်။
ဘာကြောင့်ဆို သက်သတ်လွတ် စားသည့် ဒေါက်တာ ဒက်ခုအတွက်ဆို ပီဇာက ဟင်းသီးဟင်းရွက်တွေချည်း ပါနေမှ ရမည်။ ဂျပန်မှ ဆိုင်တွေက ပီဇာကို သီးသန့် ခွဲပြီး ရောင်းတတ်တာလား။ သူ တကယ် သိချင်သည်။ ဝေယံလည်း ပင်လယ်စာနှင့် ဓာတ်မတည့်တာမို့ နောက်ဆို အသားများအစား သက်သတ်လွတ်သာ ဝယ်စားနိုင်မည် ဖြစ်သည်။
သို့သော် ဒေါက်တာက ဝေယံ မေးခွန်းကို စိတ်ရှုပ်ပုံဖြင့် လျစ်လျူရှုသည်။ လုပ်လက်စ အလုပ်များကို ပိပိရိရိ လုပ်ရင်း အစောပိုင်းမှ ခွဲစိတ်ဓားဖြင့် လှီးယူထားသည့် ရင်ဘတ်ပေါ်သို့ အနာကပ် ပလာစတာ ခပ်ကြီးကြီး တစ်ခုသာ ကပ်ပေးလိုက်သည်။
"ပြန်လို့ ရပြီ"
ဝေယံ ဖြုတ်ထားသည့် ကြယ်သီးများကို ပြန်တပ်လိုက်သည်။ အင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်ပြီးနောက် ထိုင်ရာမှ ထရပ်မိသည်။
"လိုက်မပို့တော့ဘူး၊ လမ်း သိတယ်မလား၊ မသိလည်း ကြုံတဲ့ သူသာ မေးလိုက် . ."
ဝေယံ ဓာတ်ခွဲခန်းမှ ထွက်လာတော့ နေ့လယ် နှစ် နာရီပင် ရှိနေပြီ။ ဆေးရုံမှ ကောင်တာတွင် ဒေါက်တာ ဟန်နာရီကိုနှင့် မတ်တတ်ရပ်လျက် စကားပြောနေသော နေသူရိန်မင်းခန့်ကို လှမ်းမြင်ရသည်။
"သားရဲ့ တောင်းဆိုချက်အရဆို ကလေးကို ယောကျာ်းလေးပဲ ယူမှာနော်"
"ဟုတ်ကဲ့"
"သားတို့က ကျန်းမာတဲ့ လူငယ်လေးတွေ ဖြစ်တာမို့ ဒီတောင်းဆိုချက်က ဖြည့်ဆည်းပေးဖို့ လွယ်ကူပါတယ်"
ဒေါက်တာ ဟန်နာရီကိုက နေသူရိန်မင်းခန့်ထက် ခြောက် လက်မလောက် နိမ့်သည်။ ကောင်တာမှ သူနာပြုမလေးများက ဒေါက်တာထက် ပိုလို့တောင် အရပ် ပုသေး၏။ ထိုနေရာတွင် နေသူရိန်မင်းခန့်က မြက်ခင်းပြင် အလယ်တွင် ထီးထီးကြီး ရှိနေသော မိုးမခ သစ်ပင်ကြီး တစ်ပင်နှင့် ဆင်တူနေသည်။
"ဒါလင်"
ဝေယံ လှမ်းခေါ်လိုက်သည်။
နေသူရိန်မင်းခန့် လှည့်ကြည့်လာသည်။
"ယံ"
သူ့ကို မြင်တော့ လက် နှစ်ဖက်ကို ဆန့်ထုတ်ရင်း ဝမ်းသာအားရ ကြိုဆိုသည်။ ဝေယံ အပြေးသွားကာ နေသူရိန်မင်းခန့် ရင်ခွင်ထဲ ခိုဝင်လိုက်မိသည်။ ရင်ခွင်ထဲသို့ နားခိုလိုက်ချိန်မှာပဲ အစောပိုင်းက ခံစားခဲ့ရသော စိတ်အားငယ်ခြင်းကြောင့် ကုန်ဆုံးခဲ့ရသည့် ခွန်အားတွေ လျင်လျင်မြန်မြန် ပြည့်တင်းလာခဲ့သည်။
"စိတ်ပူနေတာ . ."
နေသူရိန်မင်းခန့် ဝေယံ့ကို ထွေးဖက်ထားရင်းမှ ဆံနွယ်များကို ခပ်ဖွဖွ နမ်းရှိုက်လာသည်။ ဘေးနားမှာ လူတွေ ရှိနေပါရက်နှင့် ထိုလူတို့၏ ဖြစ်တည်မှုများ မှုန်ဝါးကုန်သည်။ ဝေယံ၏ အမြင်အာရုံတွင် နေသူရိန်မင်းခန့် တစ်ယောက်တည်းသာ စိုးမိုးနေတော့သည်။
ကြင်နာမှုကြောင့်လား။
နွေးထွေးမှုကြောင့်လား။
သေချာ မပြောပြတတ်ပေမယ့် ဝေယံ သိနေသည်။
ဤလူသားသည် သူ တစ်ဦးတည်းကိုသာ ခမ်းနား အေးချမ်းသော မေတ္တာရိပ်တွေ ပေးစွမ်းနိုင်သည့် မိုးမခပင်လို ဖြစ်တည်မှုမျိုးနှင့် မြတ်နိုးဖွယ်ရာ လက်တွဲဖော် တစ်ဦး ဖြစ်မှန်း သူ သိလို့ နေလေသည်။
ဝေယံ နေမင်းကြီး၏ ရင်ခွင်မှာ
မျက်နှာ အပ်ထားရင်းမှ ကျေနပ်စွာ ပြုံးမိသွားသည်။
~•~ S U N ~•~
19 / July / 2021
4 : 47 PM