🍁Daffodils:အပိုင်း(၁၃)အစမ်းသပ်ခံကြွက်လေး
နှာခေါင်းထဲကိုတိုးဝင်လာတဲ့ရနံ့ကြောင့်နွေဦး နိုးလာခဲ့တယ်။အနံ့ကလတ်ဆက်ပြီး သွားရည်ယိုစရာပဲ။
ဘယ်အိမ်ကဘာတွေချက်နေပါလိမ့်..နေပါဦး အနံ့ကနီးလိုက်တာ..ငါ့အိမ်ကများလား။
နွေဦး အိပ်ယာကအသဲအသန်ထကာ ကိုယ်တိုင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်အောက်ထပ်နဲ့နီးလေ အနံ့ကနီးလာလေ...နွေဦးမီးဖိုချောင်ကို လှမ်းကြည့်လိုက်တော့ တလှုပ်လှုပ်နဲ့အလုပ်ရှုပ်နေတဲ့မိုးပင်လယ် ကိုတွေ့ရတယ်။မြင်နေကျပုဆိုးနဲ့ရှပ်အင်္ကျီ မဟုတ်ဘဲ တီရှပ်အပွ နဲ့ဘက်စကတ်ဘော ဘောင်းဘီကိုဝတ်ထားပြီး အပေါ်ကလဲအေပရွန်ဝတ်ထားသေးတယ်။
စတိုင်ကလဲထုတ်လိုက်တာ!မအေးဘူးလားမသိဘူး!
နွေဦးကြည့်နေတုန်းမှာပဲ မိုးပင်လယ်ကလှည့်ကြည့်ပြီး တစ်ဆက်တည်း ပြုံးပြကာ..
"မောနင်း...နိုးလာပြီလား.."
"အင်း...ခင်ဗျားဘာလုပ်နေတာလဲ"
"ကိုယ်တို့မနက်စာလေ...ခဏနေရတော့မယ် မျက်နှာသစ်ပြီးပြီလား"
"ဟင့်အင်း.."
"သွားသစ်လေ...မျက်နှာသစ်ပြီးတာနဲ့မနက်စာအဆင်သင့်ဖြစ်ပြီ"
နွေဦးခေါင်းလေးညိတ်ရင်း မျက်နှာသစ်ဖို့တွေးပြီးပြန်အလှည့်..
"ခဏ!!နွေဦး..ခြေထောက်သက်သာလား ...လျှောက်နိုင်လား...မျက်နှာသစ်ဖို့ ကိုယ်ရေနွေးစပ်ပေးရဦးမလား"
မိုးပင်လယ်ရဲ့ဆက်တိုက်ထွက်လာတဲ့ မေးခွန်းတွေကိုကြားတော့နွေဦး ခဏကြောင်အအဖြစ်သွားရတယ်။
သူကခြေထောက်လေးပဲထိမိတာပါ...ဘာလို့ကလေးတစ်ယောက်လိုဆက်ဆံခံနေရတာလဲ??
နွေဦးမျက်တောင်တစ်ချက်နှစ်ချက်လောက်ခပ်ပြီး ..."ရပါတယ်ဗျာ..ကျွန်တော်ကလေးမဟုတ်ဘူး..အကုန်လိုက်ဂရုစိုက်မနေနဲ့.."
မိုးပင်လယ်က မချိုမချဥ်ပြုံးလိုက်ရင်း..."နွေဦးမို့ ဂရုစိုက်ပေးတာပါ..အဟင်း.."
မိုးပင်လယ်ရဲ့နောက်ဆက်တွဲရယ်သံကြီးကြောင့် နွေဦးအနေရခက်သွားရပြန်တယ်။သူချက်ချင်းပဲ ငြင်းလိုက်တယ်။
"မလိုပါဘူး..ခင်ဗျားသာ မချမ်းဘူးလား"
"မချမ်းဘူး မီးဖိုနားကပ်နေတော့ ..ဘာလဲ နွေဦးက ကိုယ့်ကိုစိုးရိမ်လို့လား"
"မဟုတ်ပါဘူး..."
နွေဦးရဲ့ပျာပျာသလဲြငင်းသံကြောင့် မိုးပင်လယ် မရယ်ပဲမနေနိုင်တော့ဘူး။အားရပါးရရယ်လိုက်ပြီးမှ...
"ဟုတ်ပါပြီ..သွားတော့လေနွေဦး..ကိုယ်မနက်စာစားဖို့စောင့်နေမယ်"
နွေဦးခေါင်းညိတ်ပြပြီးထွက်လာခဲ့တယ်။ထွက်သာလာခဲ့ရတယ်နွေဦးစိတ်ထဲအူကြောင်ကြောင်ကြီးဖြစ်နေပြီး သူ့ကိုယ်သူလဲအိမ်ထောင်ကျပြီးခါစ လူတစ်ယောက်လိုခံစားနေရတယ်။ဘယ်လိုမျိုးလဲဆိုတော့..မင်္ဂလာဆောင်ပြီးခါစအသစ်စက်စက်ယောင်္ကျားက သူ့မိန်းမလေးနိုးလာတော့တစ်ခုမကျန်အကုန်လိုက်ဂရုစိုက်နေသလိုမျိုးပေါ့။
ဟ!ပေါက်ကရတွေ!
တွေးရုံနဲ့တင်နွေဦးမျက်နှာရံှု့မဲ့သွားပြီး ကြက်သီးတွေတောင်ထလာသလိုပဲ။ဘာလို့ သူ့မိန်းမလေးလို့ သူတွေးလိုက်မိတာလဲ..နွေဦး ခေါင်းကိုခပ်ကြမ်းကြမ်းခါထုတ်လိုက်ပြီး အေးစက်စက်ရေနဲ့မျက်နှာကိုသစ်ချလိုက်တော့ တစ်ကိုယ်လုံးကျင်ခနဲအေးသွားပြီးလန်းဆန်းသွားတယ်။
ထမင်းစားပွဲကိုရောက်တော့ မိုးပင်လယ်ကအကုန်ခူးခပ်ပြီး အသင့်စောင့်နေတယ်။နွေဦးကိုမြင်တော့ နှစ်လိုဖွယ်ပြုံးပြပြီး...
"နွေဦး စွန်တန် ဟင်းချိုသောက်တယ်မလား"
"အင်း...နေပါဦး ဒါတွေအကုန်ခင်ဗျားတစ်ယောက်တည်းချက်ထားတာလား"
"အင်း ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ"
နွေဦးပါးစပ်အဝိုင်းသားနဲ့အံ့ြသယူရတော့တယ်။မနက်စာကိုပြင်ဆင်ထားတာ လူနှစ်ယောက်စာအတွက်ဆိုများလွန်းတယ်။အစိမ်းကြော်၊ကြက်ကုန်းဘောင်၊ချိုချဥ်ကြော်နဲ့ဟင်းချို..ပြီးတော့ဟင်းတွေကိုအုပ်ထားတဲ့တရုတ်နံနံပင်အနံ့ကလဲသင်းပျံ့နေသေးတော့နွေဦး ဗိုက်တောင်ပိုဆာလာတယ်။နွေဦးထိုင်ခုံကိုဆွဲယူကာထိုင်လိုက်ပြီး မိုးပင်လယ်ကို လိှုက်လိှုက်လှဲလှဲကို ချီးကျူးစကားပြောလိုက်တယ်။
"ဝိုး..ခင်ဗျားက ဒီလိုလဲရတာပဲလား..တော်လိုက်တာ"
"ဟင်းချက်တာကိုပြောတာလား...ကိုယ်ကချက်စားနေကျမို့ပါ..မေမေကအလုပ်တစ်ဖက်နဲ့အမြဲချက်မကြွေးနိုင်ဘူးလေ..ကိုယ်အမြဲကိုယ့်ဘာသာချက်စားတယ်"
"သြော်...ဒါနဲ့ ဒီလောက်အများကြီးဘာလို့ချက်တာလဲ စားမဲ့လူက၂ယောက်ထဲကို"
"နွေဦးအများကြီးစားရအောင်လေ..ကိုယ်ညတုန်းထဲက မီးဖိုထဲကြည့်လိုက်တာ အသင့်စားခေါက်ဆွဲကလွဲပြီးဘာမှကိုမတွေ့ဘူး..အဲ့ဒါနဲ့ ညတွင်းချင်းဘသိန်းအိမ်ကိုသွားပြီး အသီးအရွက်လေးများရှိလားသွားမေးတော့အသီးအရွက်အပြင် အသားတွေပါပေးလိုက်လို့ မနက်စောစောထချက်လိုက်တာ"
"သြော်..."
နွေဦး ထမင်းစားနေရင်းပဲခေါင်းညိတ်လိုက်တယ်။နားထောင်နေပေမဲ့ အစားကတော့မပျက်စေရဘူး။အမှန်အတိုင်းဝန်ခံရရင် နွေဦး ထမင်းကောင်းကောင်းမစားရတာတော်တော်လေးကြာနေပြီ။အစကတော့ဘသိ်န်းကချက်ပေးပေမယ့် နောက်ပိုင်း လူကြီးကိုအားနာတာမို့ကိုယ့်ဟာကိုယ်ကြုံသလိုပဲဖြေရှင်းလာခဲ့တာ။
မိုးပင်လယ်ရဲ့ဟင်းချက်လက်ရာက ချီးကျူးမယ်ဆို ကောင်းတဲ့အထဲမှာပါတယ်။အစပ်အဟပ်တည့်ပြီးအရမ်းကိုစားလို့ကောင်းနေတာမို့မိုးပင်လယ်ကိုသူ့အိမ်မပြန်ခိုင်းပဲ သူနဲ့ပဲနေခိုင်းရင်ကောင်းမလားလို့တောင်တွေးမိတဲ့အထိပဲ။
မိုးပင်လယ်ကတော့ နွေဦးအားရပါးရစားနေတာကိုခပ်ပြုံးပြုံးကြည့်ပြီး..
"စားလို့ကောင်းလား..."
"အင်း..အဟွန်း..ကောင်းတယ်..ကျွန်တော်မဲဘာန်းရောက်ထဲကစားခဲ့သမျှထဲမှာ ဒီထမင်းဝိုင်းအကောင်းဆုံးပဲ"
"အဲ့ဒါဆို ကိုယ်အမြဲချက်ကြွေးမယ်လေ"
"တကယ်လား!!."
အစားကောင်းမက်တဲ့နွေဦး ဝမ်းသာအားရမေးပြီးချက်ချင်းခေါင်းခါလိုက်ကာ...
"ဒါလဲမဖြစ်သေးပါဘူး..ခင်ဗျားလဲအားတာမှမဟုတ်ပဲကို..ပြီးတော့အိမ်ပြင်ပြီးရင် ပြန်မှာမလား..ကျွန်တော်ပါးစပ်ပျက်ပြီးကျန်ခဲ့လိမ့်မယ်"
"အိမ်ပြင်တာကကြာဦးမှာပေါ့..ကိုယ်ဒီအိမ်မှာနေနေသရွေ့ချက်ကျွေးပါမယ်..ဟုတ်ပြီလား..ခေါက်ဆွဲထုပ်တွေချည်းစားပြီး နွေဦးHI-SOဖြစ်မယ်"
"HI-SOလား!အင်း..HI-SOကဖြစ်တောင်နေပြီလားမသိပါဘူး"
"အဲ့တာကြောင့် ချက်ကြွေးမယ်..ဟုတ်ပြီလား"
မိုးပင်လယ်က ပန်းကန်ထဲမှာ ကျန်တဲ့ထမင်းကို ဇွန်း ခက်ရင်းနဲ့သေသေသပ်သပ်သိမ်းပြီး ပါးစပ်ထဲကိုထည့်လိုက်တယ်။မိုးပင်လယ်လို တည်ငြိမ်ပြီးချောမောတဲ့လူကိုခေမီသဘောကျတာလဲခေမီ့အပြစ်တော့မဟုတ်။ဒါဆိုမိုးပင်လယ်ကရော ခေမီ့ကိုသဘောကျလား...ရုတ်ချည်းဆိုသလို နွေဦး ရင်ထဲမှာသိချင်စိတ်တွေပြည့်နှက်လာတယ်။သူတံတွေးတစ်ချက်မျိုချလိုက်ပြီး ...
"ကိုမိုးပင်လယ်..."
နွေဦးခေါ်လိုက်တော့ မျက်ဝန်းညိုတို့က ထမင်းပန်းကန်ကို အာရုံစိုက်နေရာကနေ နွေဦးမျက်ဝန်းတို့ကို တည့်တည့်စိုက်ကြည့်လာကာ ပြုံးပြီးမေးဆတ်ပြတယ်။နွေဦး ဆက်မေးသင့်မမေးသင့်ကို စဥ်းစားရင်း နားထင်ကိုလက်ညိုးနဲ့ကုတ်တော့..မိုးပင်လယ်က နွေဦးလက်ကို လှမ်းဖမ်းဆွဲပြီး..
"ဘာပြောမလို့လဲ ..ပြောလေ"
"ဟို...ထားလိုက်ပါတော့ဗျာ..အရမ်းစပ်စုရာကျနေပြီ"
မိုးပင်လယ်က ပြုံးပြီးသက်ပြင်းချကာ..
"အိုး နွေဦးရယ်..ပြောသာပြောလိုက်ပါကွာ..ဖြေမဲ့သူကတောင် ဖြေချင်နေပြီ..ကိုယ်ကစကားအစခံရပြီးရင်သိလိုက်ရမှ..လုပ်ပါဘာပြောမလို့လဲ"
"ကျစ်..ခင်ဗျားမေးလို့နော်"
"အိုးဟိုး..ဟုတ်ပါပြီ..ဘာတဲ့လဲ"
"ဟို ခင်ဗျားနဲ့ ခေမီက အရင်ထဲကသိတယ်မလား"
သူ့စကားဆုံးတော့ မိုးပင်လယ်ရဲ့မျက်လုံးတွေက စက္ကန့်ပိုင်းလောက် မတည်မငြိမ်လှုပ်ရှားသွားပြီး ချက်ချင်းပဲရယ်ချလိုက်တယ်။
"မေးမယ်ဆိုတာဒါလား"
"အင်းလေ..ဟုတ်တယ်မလား အရင်ကတည်းကဒီမဲဘာန်းကိုမရောက်ခင်ထဲကသိနေကြတာမလား"
နွေဦးရဲ့စိတ်အားထက်သန်စွာမေးမှုကို မိုးပင်လယ်က စားပွဲပေါ်တံတောင်နဲ့ထောက်ကာထိုလက်ပေါ်မေးတင်ပြီး..
"အင်း..သိတယ်လဲဟုတ်တယ် မသိဘူးလဲပြောလို့ရတယ်...အလုပ်သင်တုန်းက ခဏအတူတူတွဲလုပ်ဖူးတယ် အဲ့ဒါလောက်ပါပဲ"
"သြော်...အဲ့လိုလား"
"အင်း..ဘာထပ်သိချင်သေးလဲ ပြောကိုယ့်လျို့ဝှက်ချက်ကလွဲလို့ဖြေနိုင်သမျှအကုန်ဖြေပေးမယ်"
နွေဦးကနှုတ်ခမ်းကိုမဆိုစလောက်လေးမဲ့ပြီးမျက်လုံးတို့ကိုမှေးကျဥ်းကာ...
"ခင်ဗျားလိျု့ဝှက်ချက်ကိုမှသိချင်တယ်ဆိုရင်ရော"
မိုးပင်လယ်က မျက်ခုံးကိုပင့်ကာ ဆွဲဆောင်မှုရှိစွာပြုံးပြီး..
"ကိုယ့်လျို့ဝှက်ချက်ကို တစ်နေ့တော့မင်းကိုပြောပြမှာပါ...မင်းနားထောင်ဖို့အဆင်သင့်ဖြစ်ပြီဆို ကိုယ်ပြောပြမှာ"
"ဟင်!!ခင်ဗျားလျို့ဝှက်ချက်က ကျွန်တော်နဲ့ဆိုင်နေလို့လား"
နွေဦး အူကြောင်ကြောင်လေးပြန်မေးတော့ မိုးပင်လယ်ကဟက်ဟက်ပက်ပက်ရယ်တယ်။
"ကဲ ကိုယ့်လျို့ဝှက်ချက်ကိုထားတော့..ကုန်ပြီလားသိချင်တာ"
"ဟင့်အင်း တစ်ခုကျန်သေးတယ်..."
"ကဲ မေးစေဗျာ"
"ခေမီကခင်ဗျားကိုကြိုက်နေတာသိလား..သိတယ်ဆိုခင်ဗျားဘက်ကရော"
မိုးပင်လယ် ကခေါင်းညိတ်တယ်။နွေဦးအူကြောင်ကြောင်ဖြစ်သွားရပြန်တယ်။သူ့ကိုကြိုက်နေမှန်းလဲသိရဲ့သားနဲ့ ဟိုနေ့က ပြောတဲ့ သူကစမ်းသပ်ခံမဟုတ်ဘူးဆိုတာဘာလဲ။ခေမီသဝန်တိုမယ်ဆိုရင်တောင် သူ့ကိုတိုတာပဲကို...တကယ်တမ်း စမ်းသပ်ခံကြွက်လေးဖြစ်သွားတာ နွေဦးပဲမဟုတ်ဘူးလား။
"သိတယ်..သိတယ်ဆို ဘာလို့..."
မိုးပင်လယ်ကအနေရခက်သလို လည်ပင်းကိုပွတ်ရင်း...
"စမ်းသပ်ခံမဟုတ်ဘူးဆိုတာလား..."
"အင်း..တကယ်တမ်းကြွက်လေးဖြစ်သွားတာ ကျွန်တော်လို့ခံစားနေရတယ်"
"ဟားဟား မဟုတ်ရပါဘူး နွေဦးရယ်...မင်းအဲ့တုန်းက တကယ်ပဲကိုယ့်ကိုအသုံးချခဲ့တာပဲလေ မဟုတ်ဘူးလား"
"အသုံးချခဲ့တာတော့ကျွန်တော်ဝန်ခံပါတယ် ဒါပေမဲ့ ခေမီကကျွန်တော့်ကိုသဝန်တိုတာမဟုတ်မှန်းကျွန်တော်သိပြီးသား..သူကခင်ဗျားကိုသဝန်တိုနေတာမှန်းသိလို့ တမင်လုပ်လိုက်တာ...ခင်ဗျားကမှ အကုန်သိရဲ့သားနဲ့ တမင်.."
နွေဦးကစကားကိုဆက်မပြောတော့ဘဲ ရပ်လိုက်ကာ ရေသောက်ပြီးစားပွဲကနေထလိုက်တယ်။သူ့စိတ်ထဲမှာတော့ ရှက်စိတ်တွေ ပြည့်နှက်နေတယ်။မိုးပင်လယ်က သူ့ကိုတမင်အရူးလုပ်လိုက်တာပဲမလား...သူကမှ သက်ဆိုင်သူနှစ်ယောက်အချစ်စမ်းဖို့ အစမ်းသပ်ခံကြွက်လေးဖြစ်သွားတာပဲ။
မိုးပင်လယ် ရုတ်တရက်စကားစကိုဖြတ်ချလိုက်တဲ့နွေဦးပုံစံကြောင့် တစ်ခုခုဖြစ်သွားပြီဆိုတာခန့်မှန်းမိလိုက်တယ်။အမြဲ စိတ်နောက်ကိုယ်ပါတဲ့ မိုးပင်လယ်အတွက် နွေဦး လက်ကို ဖျတ်ခနဲလှမ်းဆွဲလိုက်တာ ခက်ခဲတာတော့မဟုတ်။ဒါပေမယ့် သူ့လက်ကို ချက်ချင်းခါထုတ်လိုက်တဲ့နွေဦးလက်ကို သူထပ်ဖမ်းဆွဲဖို့ကိုတော့တွန့်ဆုတ်နေမိတယ်။
နွေဦးသူ့အပေါ် စိတ်ဆိုးသွားမှာ သူမလိုချင်ဘူး...ပြီးတော့သူ့ကိုဒီလိုမျိုးတရင်းတနှီးစကားပြောလာဖို့ဆိုတာ လွယ်ကူတာမှမဟုတ်တာ...ဒါကြောင့်မို့နွေဦး ဘာကိုအမြင်မကြည်ဖြစ်သွားလဲဆိုတာ သူသိရမှ ဖြစ်မယ်။
"နွေဦး...ဘာဖြစ်သွားတာလဲ..ကိုယ့်ကိုစိတ်ဆိုးသွားတာလား"
နွေဦးဘာမှပြန်မဖြေဘဲ တိတ်တိတ်ဆိတ်ဆိတ်လေးရပ်နေမိတယ်။တကယ်တော့ သူလုံးလုံးလျားလျားစိတ်ဆိုးနေတာတော့မဟုတ်ဘူး..ရှက်နေတာကပိုများနေတာ။ခေမီ့ကိုနှစ်ပေါင်းများစွာ ကြိုက်ခဲ့ပြီးအငြင်းခံရလို့ ဝေးဝေးလံလံထွက်ပြေးလာတဲ့သူ့ဆီကိုမှမိုးပင်လယ်နဲ့ခေမီကဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသေးတယ်။
ဘယ်လိုဖြစ်လို့ သူ့ကျမှ ဒီလိုတွေလာကြုံနေရတာလဲ...
ရိုးရိုးအငြင်းခံရတာတောင်မှ ရှက်ဖို့ကောင်းနေတာ..သူ့ကိုြငင်းလိုက်တဲ့ ခေမီကြိုက်နေတဲ့မိုးပင်လယ်က ခေမီ သဝန်တိုမတိုသိချင်လို့အသုံးချတာကခံလိုက်ရသေးတယ်။လောလောဆယ်တော့ မိုးပင်လယ်က သူ့မေးခွန်းကိုမဖြေမချင်း နွေဦး နားကနေခွာမဲ့ပုံပေါ်မနေဘူး။
နွေဦးစိတ်ကိုတင်းထားလိုက်ပြီး မိုးပင်လယ်ဘက်ကိုလှည့်ကာ..
"မဆိုးပါဘူး..ဘာကိုစိတ်ဆိုးရမှာလဲ"
"အဲ့ဒါဆိုဘာဖြစ်သွားတာလဲ...ကိုယ်တောင်းပန်ပါတယ်..အဲ့တုန်းက တမင်လွန်လွန်ကျူးကျူးတွေလုပ်မိသွားတယ်..ဒါပေမဲ့ခေမီ ကိုယ့်ကိုသဝန်တိုအောင်ဆိုပြီးလုပ်လိုက်တော့မဟုတ်ပါဘူး...အဲ့ဒါတော့ယုံပေးပါ...အဲ့တုန်းက ကိုယ်သဝန်တိုလို့လုပ်လိုက်တာတော့ ဟုတ်တယ်...ဒါပေမဲ့ ခေမီ့ကိုတော့မဟုတ်ဘူး"
မိုးပင်လယ်စကားအဆုံးမှာ ကြမ်းပြင်ကိုစိုက်ကြည့်နေတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေက သူ့ကိုအံ့သြတကြီးနဲ့စိုက်ကြည့်လာတယ်။မိုးပင်လယ်လဲ နွေဦးမျက်လုံးတွေကို စိတ်လှုပ်ရှားစွာပြန်စိုက်ကြည့်မိရင်း သူ့ဆိုလိုရင်းကိုနွေဦး သဘောပေါက်ဖို့ဆုတောင်းနေမိတယ်။
ဒါပေမဲ့ နွေဦးမျက်နှာမှာက ဘာအရိပ်အယောင်မှပေါ်မလာဘူး။မဟုတ်မှလွဲရော...
နွေဦးက သူပြောတာကို သဘောမပေါက်လောက်တဲ့အထိတော့ တုံးမနေလောက်ဘူးမလား။သူ့အတွေးမဆုံးခင်မှာပဲ နွေဦးက ရုတ်တရက်မျက်မှောင်ကျုံ့လိုက်ကာ စားပွဲပေါ်က မဆေးရသေးတဲ့ပန်းကန်တွေကိုလက်ညိုးထိုးလိုက်ပြီး...
"ခင်ဗျားဘာတွေပြောနေပြန်တာလဲ..ကျွန်တော့်ကိုတောင်းပန်တဲ့အနေနဲ့ ခင်ဗျားပဲသန့်ရှင်းရေးလုပ်လိုက်တော့."
"ဟင်!"
နွေဦးစကားအဆုံးမှာမိုးပင်လယ်က အံ့ြသသလို မျက်ခုံးပင့်သွားပေမဲ့ သူ့မျက်ဝန်းထဲမှာတော့ ရယ်မြူးရိပ်တွေနဲ့ပြည့်လာပြီး...
"အိုခေ ရတယ် ဒါဆို မင်းနဲ့ကိုယ့် ကြားမှာစိတ်ဆိုးတာမရှိတော့ဘူးနော်"
"အင်း...ကျွန်တော်ဆေးရုံသွားဖို့ပြင်တော့မယ်"
"ကောင်းပါပြီဗျာ"
နွေဦး အပေါ်ထပ် သူ့အခန်းထဲရောက်ကာမှ စိတ်ငြိမ်အောင်အသက်ကိုဝအောင်ရှုလိုက်ပြီး ကုတင်ပေါ်မှာထိုင်လိုက်တယ်။မိုးပင်လယ်ရှေ့မှာမျက်နှာပေါ်ကခံစားချက်တွေကို ဖုံးကွယ်ထားရတာတော်တော်မလွယ်ဘူး။သူ့စိတ်ထဲမှာ မိုးပင်လယ်က သူ့ကိုအီစီကလီလုပ်နေသလိုခံစားနေရပြီး သူကလဲ အဲ့လိုအချိန်တိုင်း ရင်ခုန်နေမိတယ်။
သူရူးများသွားပြီလားမသိဘူး...ရည်းစားမထားတာကြာရင် အဲ့လိုဖြစ်တတ်တာများလား။နွေဦး ကြံရာမရဖြစ်စွာ လေကိုမှုတ်ထုတ်လိုက်မိတယ်။
"ဟူး!..."
_______________