🍁Daffodils:အပိုင်း(၁၂)ကိုယ်နွေဦးကိုသဘောကျတယ်
နွေဦးအောက်ထပ်ကိုပြန်ဆင်းလာချိန်မှာခေမီတို့ကပြန်ဖို့နှုတ်တောင်ဆက်နေကြပြီ။ကြမ်းပြင်ကိုရောက်ဖို့လှေကား၂ထစ်လောက်ရောက်မှ မိုးပင်လယ်ကနွေဦးကိုမြင်ပြီး ထိုင်နေရာကနေအပြေးအလွှားလာကူတွဲတယ်။ခေမီကတော့ နွေဦးကိုယောက်ျားတန်မဲ့ နုရန်ကော ဆိုတဲ့အကြည့်နဲ့ကြည့်ပြီးမျက်စိလွှဲတယ်။
ခေမီ မနာလိုမရှုစိမ့်ဖြစ်နေတာကိုနွေဦးမြင်တော့စိတ်ထဲမှာကြိတ်ပျော်မိတာအမှန်ပဲ။သူ့ Crushဟောင်းကိုလဲ မနာလိုဖြစ်ရတဲ့ခံစားချက်လေးကိုပေးသိချင်တယ်။ခေမီကသာမနာလိုဖြစ်နေတာ မိုးပင်လယ်ကတော့ 'နွေဦးကိုတွဲရရေးသည်သာအဓိက' ဆိုသလိုမျိုးနဲ့လာတွဲနေတယ်။
နွေဦး သူငယ်ချင်းအရင်းကြီးဖြစ်တာကတစ်ကြောင်းတစ်ဖက်သတ်ကြိုက်ခဲ့ဖူးတဲ့လူဖြစ်နေတာကတစ်ကြောင်းနဲ့ ခေမီ့ကိုစိတ်အနှောက်အယှက် မပေးချင်တော့တာကြောင့်ကူဖို့ကမ်းလာတဲ့မိုးပင်လယ်ရဲ့လက်ကိုနွေဦး တွန်းလိုက်တယ်။
"ရတယ် ကိုယ့်ဟာကိုယ်ဆင်းလို့ရတယ်"
နွေဦးပြောပြီးပြီးချင်းနောက်ထပ်လှေကားထစ်တစ်ခုကိုခြေဖနှောင့်နဲ့ဆင်းလိုက်ချိန်မှာတော့ ခြေချော်ပြီးဘေးတစ်စောင်းကြီးလဲကျတော့တယ်။နွေဦးစိတ်ထဲမှာ "သွားပြီ" လို့တွေးမိတဲ့အချိန် သူ့ခါးကိုသန်မာတဲ့လက်တစ်ဖက်က ဝင်ထိန်းပေးထားတာမို့ ကြမ်းပြင်ပေါ်လဲကျမသွားပေမဲ့ မမျှော်လင့်ပါပဲ မိုးပင်လယ်ရဲ့ကျယ်ပြန့်တဲ့ရင်ခွင်ထဲကိုတော့အထိန်းအကွပ်မရှိကျဆင်းသွားရတော့တယ်။
နွေဦးပျာပျာသလဲ ပြန်ရုန်းထဖို့ကြိုးစားပေမဲ့လဲ ခြေထောက်ကဟန်ချက်ပျက်သွားတာမို့ သူရုန်းလေလေ ပိုလုံးလားထွေးလားဖြစ်လေ ဖြစ်နေတော့တယ်။ဒါကြောင့်မို့ သူမတက်သာတော့ပဲစိတ်ကိုဒုံးဒုံးချပြီးမိုးပင်လယ်ကူညီတာကိုပဲ ငြိမ်နေလိုက်တော့တယ်။ငြိမ်မနေရင်လဲသူတို့နှစ်ယောက်ပုံကRomantic Comedyရုပ်ရှင် ပြကွက်လိုဖြစ်နေတော့မှာ။
မိုးပင်လယ်က သူခုံပေါ်ရောက်တဲ့အထိ ဂရုတစိုက်ပို့ပေးပြီး ဧည့်သည်တွေကို ခြံဝထိလိုက်ပို့ပေးမယ်ဆိုပြီးထွက်သွားတယ်။နွေဦး ခေါင်းကိုမြန်မြန်ညိတ်ပြလိုက်ကာဖုန်းကိုကောက်ကိုင်ပြီးစိတ်ဝင်စားချင်ယောင်ဆောင်နေလိုက်တယ်။အစကတော့ ခေမီမခံချိမခံသာဖြစ်အောင်လုပ်ချင်တာတစ်ခုပဲစိတ်ထဲရှိခဲ့ပေမယ့် ခုတော့ သူကဖန်စလေးစူးတာကို မပြီးနိုင်မစီးနိုင် နာကျင်နေတဲ့နုနုရွရွ ကောင်အနေနဲ့ကိုယ့်ကိုယ်ကိုခံစားနေရတယ်။
နွေဦးလက်ထဲကဖုန်းကိုပစ်ချပစ်လိုက်ပြီး စိတ်ညစ်ညစ်နဲ့ဆံပင်တွေကိုဆွဲဖွပစ်လိုက်မိပြန်တယ်။
____________________
"ကိုမိုးပင်လယ်...ခေမီတို့စကားခဏပြောရအောင်"
ကိုကျော်ဇင်ထွဋ်ကိုသူနှုတ်ဆက်စကားပြောလိုက် ပြီး ခေမီ့ကိုမေးဆတ်ကာ..
"ပြောလေ ဘာပြောမှာလဲ ဇူဇူး"
သူ့စကားကိုကြားတော့ ခေမီကသဲ့သဲ့လေးပြုံးရင်း..
"အစ်ကို့ဆီက အဲ့လိုအခေါ်မခံရတာတောင်ကြာပြီ...ခေမီတို့ရင်းနှီးကြတာကိုဘာလို့လျို့ဝှက်ထားချင်ရတာလဲ"
မိုးပင်လယ် ပြုံးလိုက်ရင်း..
"လိျု့ဝှက်ထားတာတော့မဟုတ်ပါဘူး..ဒါပေမဲ့တကူးတကလဲထုတ်ပြောနေစရာမှမလိုတာ"
"အင်းလေ ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့.."
"ဇူဇူးပြောမှာကဘာလဲ..ကိုယ် နွေဦးဆီပြန်သွားရဦးမယ်"
"အန်တီနဲ့ဖုန်းပြောပြီးပြီလား"
"အခုတလောတောင်မပြောဖြစ်ဘူး..ဘာဖြစ်လို့လဲ"
"ခေမီတို့ကိစ္စကိုမြန်မြန်စီစဥ်ချင်နေပြီဆိုတဲ့အကြောင်းပါပဲ..."
"သြော်...ဒါပဲလား"
"အင်း..အဲ့ဒါပဲ"
မိုးပင်လယ်ကမထူးဆန်းသလိုပြောတော့ခေမီ့မျက်နှာနည်းနည်းပျက်သွားတယ်။သူ့အပေါ်ခေမီ စိတ်ဝင်စားနေမှန်းကို သူလဲယောင်္ကျားလေးပီပီသိပေမယ့်လဲခေမီ့ကိုသူမှမချစ်တာ။မချစ်ဘဲလက်ထပ်တဲ့သူ့မိဘတွေလိုအမှားမျိုးကို သူဘယ်တော့မှထပ်လုပ်မှာမဟုတ်ဘူး။
ဒါကြောင်မို့လဲဘာမှစကားမကျွံမိစေဖို့ပြောလာသမျှကိုခေါင်းညိမ့်ပြီးနားပဲထောင်နေလိုက်တယ်။ခေမီနဲ့သူ့ကို မေမေက လက်ထပ်စေချင်တာ ကြာနေပြီ။သူကတတ်နိုင်သမျှ သိုင်းကွက်အစုံထုတ်သုံးပြီး ရှောင်နေခဲ့ပေမယ့် နောက်ဆုံးတော့ ဒီလိုနေ့မျိုးရောက်လာပြီပဲ...သူရှိနေတဲ့နေရာကိုခေမီရောက်လာမယ်လို့ထင်မထားတာတော့အမှန်ပဲ။
ပြီးတော့နွေဦးရှေ့မှာ လဲခေမီ့ကို မသိချင်ယောင်ဆောင်နေတာပဲကောင်းမယ်။နွေဦးနဲ့ခေမီ့ ကိစ္စကသူနဲ့မဆိုင်ပေမယ့်နွေဦးကိုသူအားနာတယ်။
အခြေအနေက တိတ်ဆိတ်သွားပြန်တယ်။ပြောစရာစကားမရှိတော့ပေမယ့်ခေမီက သူ့ရှေ့မှာရပ်နေတုန်းပဲ။ခေမီက သူ့ရှေ့ကိုအနီးကပ်တိုးလာပြီး သူလက်ကိုကိုင်လိုက်ကာ..
"အစ်ကို..ခေမီ့ကိုပွင့်ပွင့်လင်းလင်းပြော လို့ရတယ်နော်..အစ်ကို့မှာသဘောကျတဲ့သူရှိနေတာလား"
"ရှိတယ်...ရှိနေပေမယ့်..."
မိုးပင်လယ် စကားကိုရပ်ထားလိုက်ကာ ခေမီကိုင်ထားတဲ့လက်ကိုအသာအယာဖယ်ထုတ်လိုက်ရင်း ပြုံးလိုက်တယ်။
"ရှိနေပေမယ့် ကိုယ်ကပဲသဘောကျနေတုန်းပါ..."
မိုးပင်လယ်ရဲ့နှုတ်ခမ်းထက်ကအပြုံးကိုကြည့်ပြီးခေမီ အံကြိတ်မိတယ်။ဒီမိုးပင်လယ်ဆိုတဲ့လူကိုတစ်ဖက်သတ်အနေအထားနဲ့ ထားထားတာဘယ်နတ်ဘုရားလဲ...
ခေမီအပြုံးတုတစ်ခုကိုအလျင်အမြန်ချိတ်ဆွဲရင်း..
"တစ်ဖက်သတ်ပဲလား အစ်ကိုက..အဟင်း..အစ်ကိုကတစ်ဖက်သတ်ကြိုက်ရတဲ့အချိန်လဲရှိလာတာပဲနော်"
"ဟားဟား...အင်းကိုယ်လဲအံ့ြသနေတာ "
မိုးပင်လယ်ကပြောနေရင်းအိမ်ဘက်ကိုလှည့်ကြည့်ကာခေါင်းငုံ့ပြီးပြုံးတယ်။မိုးပင်လယ်ရဲ့အမူအရာနဲ့ နူးညံ့တဲ့အပြုံးက ငတုံးဆိုရင်တောင် သူတစ်ဖက်သက်ကြိုက်နေပါတယ်ဆိုတဲ့လူက အိမ်ထဲကနွေဦးမှန်းတန်းသိမှာပဲ...အခုခေမီလဲရင်နာနာနဲ့ပဲသိလိုက်ရပြီ။
ငယ်ငယ်ကတည်းကနွေဦးဧရာကို မနာလိုဖြစ်လာခဲ့ရတဲ့ခေမီ့ စိတ်ခံစားချက်ကအခုချိန်မှာ အမြင့်ဆုံးပဲ...သူငယ်ငယ်လေးတည်းကနွေဦးကိုတစ်ဖက်သတ်ကြိတ်ပြိုင်လာခဲ့တာ။ခုလဲ ရှုံးတော့မလိုလိုခံစားချက်တွေရနေပြန်ပြီ။
ဒါပေမဲ့ကံကောင်းချင်တော့ဘယ်သူမှမသိထားတဲ့ဝှက်ဖဲတစ်ချပ်က သူ့လက်ထဲမှာရှိနေတယ်။
နောက်ဆုံးတော့ခေမီက ပွင့်လင်းလက်စနဲ့ ဆက်ပွင့်လင်းဖို့ဆုံးဖြတ်လိုက်တယ်။
"အစ်ကို သဘောကျနေတာ နွေဦးကိုလား"
မိုးပင်လယ်ကတည်တည်ငြိမ်ငြိမ်ပဲခေါင်းညိမ့်တယ်။
"အင်း...ကိုယ်နွေဦးကိုသဘောကျတယ်."
ခေမီခေါင်းတစ်ခါခါဖြစ်သွားရတယ်။ဒီအခြေအနေကိုကြိုတွက်ထားပေမဲ့..မိုးပင်လယ်ကဒီလောက်တဲ့တိုးကြီးဖြေလိမ့်မယ်လို့မျှော်လင့်မထားဘူး။
"ဒါပေမဲ့အစ်ကိုက..ဟို...မိန်းကလေးတွေပဲကြိုက်တာမဟုတ်ဘူးလား"
မိုးပင်လယ်က ရှက်ရယ်ရယ်ရင်း..
"ဒါပေမယ့်ကိုယ်ယောင်္ကျားလေးတွေကိုမကြိုက်ဘူးလို့တစ်ခါမှမပြောဖူးဘူးလေ...ဒါပေမဲ့သေချာတာတော့ နွေဦးကိုပဲကိုယ်သဘောကျတာပါ"
မိုးပင်လယ်ကတော့အစကနေအဆုံးအထိတည်တည်ငြိမ်ငြိမ်နဲ့ဖြေနေတော့တာပါပဲ။ခေမီကတော့သန်းခေါင်ထက်ညဥ့်မနက်တော့ဘူးဆိုတဲ့အတွေးနဲ့...
"ခေမီတို့ကိစ္စကရော...ဘယ်လိုဖြစ်လာမှာလဲ"
မိုးပင်လယ်ကခေမီ့ခေါင်းကို လက်ဖဝါးနဲ့
ဖိလိုက်ရင်း...
"အင်း..ကိုယ်စဥ်းစားပါဦးမယ်..ဘာပဲဖြစ်ဖြစ်ကိုယ် ဇူဇူးကိုမထိခိုက်စေရဘူး..ဟုတ်ပြီလား..ခုတော့ပြန်တော့လေ မှောင်နေပြီ"
"ဟုတ်အစ်ကို"
မိုးပင်လယ်ကို နှုတ်ဆက်ပြီးခေမီထွက်လာခဲ့တယ်။
မိုးပင်လယ်ကိုကျောခိုင်းလိုက်တာနဲ့ခေမီ့မျက်နှာကချိုမြိန်တဲ့အပြုံးကပျောက်ကွယ်သွားပြီး နွေဦးရှိရာ အိမ်ဘက်ကိုလှည့်ပြီးမုန်းတီးစွာအံကြိတ်လိုက်တယ်။
နွေဦးကဒီတစ်ခါလဲသူ့ထက်သာသွားပြန်ပြီလား။အမြဲကံကောင်းနေလိုက်တာ...ဒါပေမဲ့ ဒီတစ်ခါတော့မတူတော့ဘူး။ဒီတစ်ခါနွေဦးဧရာရဲ့ကံကောင်းခြင်း ကံမကောင်းခြင်းကို ဆုံးဖြတ်ပေးမှာကသူဖြစ်နေပြီ။သူက နွေဦးကံကောင်းတာကိုထပ်ကြည့်မနေနိုင်တော့ဘူး။
ပြီးတော့.....
"နင့်ကိုငါ အားနာနေမှာမဟုတ်ဘူး"
__________________
နွေဦး ထိုင်ခုံပေါ်မှာထိုင်ကျန်နေခဲ့ရင်း တွန့်လိမ်နေပြီ။သူ့စိတ်ထဲမှာလဲ ခံစားချက်မျိုးစုံ ဖြစ်နေတယ်။မိုးပင်လယ်လိုက်ပို့တဲ့နေရာက သူ့ထိုင်ခုံကနေပြီး လည်ပင်းလေး နည်းနည်းဆန့်လိုက်ရုံနဲ့လှမ်းမြင်နိုင်ပေမဲ့ သူလှမ်းမကြည့်မိဘူး။အာရုံလွှဲတဲ့အနေနဲ့ ဖုန်းကိုကြည့်နေရပေမဲ့ သူ့စိတ်ကဖုန်းထဲမှာလုံးဝရှိမနေဘူး။သူ့စိတ်က 'ဧည့်သည်တွေကိုလိုက်ပို့လိုက်ဦးမယ်'လို့ပြောပြီးထွက်သွားတဲ့ အချိန်တော်တော်ကြာတဲ့အထိ ပြန်ဝင်မလာသေးတဲ့ မိုးပင်လယ် ဆီကိုပဲထူးထူးဆန်းဆန်းရောက်နေတယ်။
ဒီလောက်အချိန်ကြာတဲ့အထိ မိုးပင်လယ် ဘာလုပ်နေလဲဆိုတာသူသိချင်တယ်။ပြီးတော့နောက်ထပ် အဓိကအချက်က သူ အရမ်းဗိုက်ဆာနေပြီ။
နွေဦး ရဲ့ဆွဲဆန့်ထားတဲ့စိတ်ကနောက်ထပ်တစ်ကြိမ်ပြန်တိုဖို့အချိန်ရောက်လာချိန်မှာတော့မိုးပင်လယ်က အိမ်ထဲကိုပြန်ဝင်လာပြီဖြစ်တယ်။
"ပြန်ဝင်လာသေးတယ်နော်..ခင်ဗျား"
နွေဦးဗိုက်ထဲမှာ ပိုးကောင်ပေါင်းတစ်သန်းလောက်ကဝိုင်းကိုက်နေသလိုဖြစ်နေတာမို့မိုးပင်လယ်ကိုမြင်မြင်ချင်းပဲ ဖုန်းကိုပစ်ချပြီးဘုတောမိတော့တယ်။
သူ့စကားသံကြားတော့ မိုးပင်လယ်မျက်နှာကဝင်းခနဲဖြစ်သွားပြီး...
"ကိုယ်ပြန်ဝင်လာတာကိုမျှော်နေတာလား"
"အင်းလေ..."
မိုးပင်လယ်လမ်းလျှောက်နေရတာတောင်လွင့်နေသလိုခံစားချက်မျိုးဖြစ်သွားသလိုပဲ။သူသဘောကျသလိုဖြစ်နေတဲ့ကောင်လေးက သူ့ကိုမျှော်နေတယ်ဆိုတာကဘယ်လောက်ပျော်ဖို့ကောင်းတဲ့ဖြစ်ရပ်လဲ။ဒါပေမဲ့ နွေဦးဆက်ပြောလိုက်တဲ့စကားကတော့သူ့ရဲ့ရင်ခုန်စရာခံစားချက်လေးတွေကို ဖျက်ဆီးပစ်လိုက်တယ်။
"စောင့်နေတာပေါ့ ကျွန်တော် အရမ်းဗိုက်ဆာနေပြီ.."
"သြော် ..ဗိုက်ဆာလို့လား"
"အင်းပေါ့..."
အီလည်လည်ကြီးဖြစ်သွားပေမယ့် ပြောရင်းဆိုရင်း နဲ့ပဲ မိုးပင်လယ်ချိုင့်တွေဖွင့်ကာ ထမင်းစားရန်ပြင်ဆင်ပေးလိုက်တယ်။ထမင်းပန်းကန် တွေချကာ ထမင်းခူးထည့်ပေးပြီး....
"သြော်..နွေဦးရယ်...ဆာရင်ဖွင့်စားနှင့်ပါလား"
"ခင်ဗျားအတွက်လာပို့ထားတဲ့ထမင်းချိုင့်လေဗျာ..ပိုင်ရှင်မရှိဘဲမစားချင်ဘူး"
"စားလို့ရတယ်..ကိုယ့်ဟာကမင်းဟာပဲပေါ့."
သူ နွေဦးမျက်ဝန်းထဲကိုတည့်တည့်စိုက်ကြည့်ပြီးပြောလိုက်တော့ ပါးလေးနဲ့နားရွက်လေးတွေရဲခနဲဖြစ်သွားကာခေါင်းငုံ့ချလိုက်တယ်။ပြီးတော့ ထမင်းပန်းကန်ထဲကကြက်သားကိုခက်ရင်းနဲ့ထိုးရင်းမျက်မှောင်ကုတ်ပြီး နှုတ်ခမ်းတလှုပ်လှုပ်နဲ့ ပွစိပွစိပြောတယ်။
"ဘာကိုယ့်ဟာက မင်းဟာလဲ...ခင်ဗျားဟာကခင်ဗျားဟာပဲပေါ့...ဘာတွေလာပြောနေမှန်းမသိဘူး"
မိုးပင်လယ်ဘာမှပြန်မပြောတော့ပဲ နားရွက်နီနီလေးကိုအသဲယားယားနဲ့ကြည့်ပြီး ပြုံးနေမိတယ်။သူအခုချိန်မှာအလုပ်ချင်ဆုံးကတော့ နွေဦးရဲ့နားရွက်လေးကို ကိုက်စားပစ်လိုက်ချင်တာပဲ။တစ်နေ့နေ့မှာတော့စားခွင့်ရနိုင်ဖို့သူတကယ်ကိုမျှော်လင့်မိတယ်။
_________