မိသားစု ဆရာဝန် ဒေါက်တာ ခမ်ဂျီ၏ ညွှန်းဆိုမှုဖြင့် " နွေဦး တစ်ထောင် " သားဖွား ဆေးရုံသို့ သူတို့ ရောက်သွားသော အချိန်တွင် မနက် ကိုး နာရီ လေးဆယ့် ငါး မိနစ်ပဲ ရှိသေးသည်။
ဝေယံ လက်ကို ဆွဲလျက် ဆေးရုံ အဝင် ကောင်တာမှ သူနာပြုမလေး တစ်ယောက်ဆီ နေသူရိန်မင်းခန့် ချက်ချင်း လျှောက်သွားလိုက်သည်။
"တစ်ဆိတ်လောက် . ."
"ဟိုက် . . ၊ ဘာများ ကူညီရမလဲရှင့်"
"ဒေါက်တာ ဟန်နာရီကိုနဲ့ တွေ့ချင်လို့ပါ"
"ကြိုတင် ချိန်းဆိုထားပြီးသားလား"
"ဟုတ်ပါတယ်"
"လူကြီးမင်းရဲ့ နာမည်လေး တစ်ချက်လောက် ပြောပါရှင့်"
"အဲလက်စ် ဗစ်တာပါ"
သူနာပြုမလေးက ကောင်တာမှ ကွန်ပျူတာကို နှိပ်လျက် အချက်အလက် တချို့ကို စစ်ဆေးသည်။ အားလုံး ကြည့်ရှုပြီးသော် ပြုံးလျက် လမ်းညွှန်ပေးသည်။
"ဟိုက် . . ၊ စင်္ကြံလမ်းအတိုင်း လျှောက်သွားပါ၊ ညာဘက် ပထမဆုံး အခန်းက ဒေါက်တာ ဟန်နာရီကိုရဲ့ ရုံးခန်းပါပဲ၊ ဧည့်သည် မရှိဘူး၊ ဝင်သွားလို့ ရတယ်"
"ကျေးဇူးတင်ပါတယ်"
နေသူရိန်မင်းခန့် သူနာပြုမလေးကို ကျေးဇူးတင် စကား ဆိုလိုက်သည်။ သူ၏ ကျေးဇူးတင်မှုကို သူနာပြုမလေးက ခါး အနည်းငယ် ကိုင်းလျက် ဦးညွှတ်ကာ တုံ့ပြန်၏။
"ဟိုက်"
"ယံ သွားရအောင် . ."
နေသူရိန်မင်းခန့် ဦးဆောင်၍ ဒေါက်တာ ဟန်နာရီကို၏ ရုံးခန်း ရှိရာသို့ လျှောက်သွားလိုက်သည်။ သူတို့ နှစ်ယောက်၏ ဖိနပ်သံမှာ ကွန်ကရစ် ကြမ်းပြင်တွင် တတောက်တောက် မြည်နေသည်။ စင်္ကြံအတိုင်း သွားရာ လမ်းတစ်လျှောက်တွင် ကိုယ်ဝန်ဆောင် မိခင်နှင့် လူနာရှင် အချို့ကို ဖြတ်ကျော်ခဲ့ရသည်။ အားလုံးက မိန်းမသားများပဲ ဖြစ်သည်။ ဤဆေးရုံတွင် ယောကျာ်းသား ဟူ၍ သူတို့ နှစ်ဦးပဲ ရှိမည် ထင်သည်။
ဟန်နာရီကို ဟု စာလုံး ချိတ်ဆွဲထားသော ရုံးခန်း ရှေ့တွင် နေသူရိန်မင်းခန့် ရပ်လိုက်သည်။ တံခါး မခေါက်ခင် ဝေယံ့ကို လှည့်ကြည့်တော့ ဝေယံက စိတ်လှုပ်ရှားနေပုံ ရ၏။ ဆုပ်ကိုင်ထားသော နေသူရိန်မင်းခန့် လက်ချောင်းများပါ အပူဓာတ်တို့ ကူးကာ ချွေးစေးများ စိုနေ၏။
"ကျွန်တော် ရှိတယ်၊ စိတ်မပူနဲ့နော်"
နေသူရိန်မင်းခန့် တိုးတိုးလေး အားပေးလိုက်သည်။ ဝေယံက ပြုံးလျက် စိတ်သက်သာရာရစွာ ခေါင်းညိတ်သည်။ သူ ဝေယံ ပါးပြင်ကို ဖွဖွ ပွတ်သပ်ပြီးနောက် တံခါး ခေါက်လိုက်သည်။
"ဝင်ခဲ့ပါ"
အထဲမှ အမျိုးသမီး တစ်ယောက် အသံ ထွက်လာသည်။
ရင့်ကျက်ပြီး နွေးထွေး စိတ်ရှည်သော လေသံမျိုး ဖြစ်သည်။
တံခါး ဖွင့်ပြီး အခန်းထဲသို့ ဝင်သွားသည့်အခါ ဒေါက်တာ ဟန်နာရီကို ဖြစ်ဟန် တူသော အမျိုးသမီးက ရုံးစားပွဲမှာ ထိုင်လျက် ကွန်ပျူတာမှာ အာရုံ နစ်ဝင်နေတာ မြင်ရသည်။
ထိုင်ခုံမှာ သူတို့ ထိုင်လိုက်သည့်တိုင်အောင် သူမ မော့မကြည့်သေး။ အနက်ရောင် ဖောင်တိန်ဖြင့် မှတ်တမ်း စာအုပ်ထဲသို့ ကွန်ပျူတာဆီမှ အကြောင်းအရာ တချို့ကို မှတ်ယူနေသည်။ ထို့နောက် စာအုပ် ပိတ်ကာ ဖောင်တိန်ကို ဂျူတီကုတ် ရင်ဘတ်တွင် ထိုးတွယ်လိုက်သည်။ ဖောင်တိန် ရောင်စုံများ ထိုးချိတ်ထားသော အိတ်ကပ်ကလေး၏ အပေါ်ထောင့်တွင် ဟန်နာရီကို ဟူသော နာမည်ကို ဂျပန် စာလုံးများဖြင့် ရေးထိုးထားသည်။ ပန်းနုရောင် စာလုံးများပဲ ဖြစ်သည်။
"ဒေါက်တာ ဟန်နာရီကိုလား"
"ဟုတ်ပါတယ်၊ ဘာကိစ္စများလဲ"
ဆရာဝန်ဖြစ်သူ ဟန်နာရီကို၏ မျက်လုံးများက တောက်ပကာ အရောင် လက်နေသည်။ အသက် ဘယ်လောက် ရှိနိုင်မလဲ နေသူရိန်မင်းခန့် မခန့်မှန်းတတ်။ သုံးဆယ် ကျော်၊ သုံးဆယ့် ငါး နီးပါးလောက် ရှိမလား။ ထို့ထက်လည်း ပိုကောင်း ပိုနိုင်သည်။
"ကျွန်တော်က အဲလက်စ် ဗစ်တာပါ၊ ဒေါက်တာ ခမ်ဂျီ လွှတ်လိုက်တဲ့ သူပါ"
"ဟော . . Senpai လွှတ်လိုက်တဲ့ သူကို . . ၊ ဆရာမက သားတို့ကို စောင့်နေတာ မှန်ပေမယ့် . . Senpai လွှတ်လိုက်တဲ့ ဧည့်သည်က ကျောင်းသားလေးတွေ ဖြစ်နေမယ် မထင်ထားခဲ့ဘူး၊ အားနာလိုက်တာနော် . . ၊ မလာခင် ဖုန်း ကြိုဆက်မှပေါ့၊ အခုတော့ စောင့်စေမိပြီ၊ သားတို့ စောစော လာမယ်မှန်း သိရင် ဆရာမ လာကြိုမှာပေါ့၊ Senpai က သားတို့ကို ဂရုစိုက်ပေးဖို့ အများကြီး အကူအညီ တောင်းထားတာလေ"
ရှည်လျား နက်မှောင်သော ဆံနွယ်များကို ဖြန့်ချထားပြီး ခင်မင် ရင်းနှီးချင်စရာ ကောင်းသည့် အပြုံးကို ပြုံးထားသော သူမက ထင်ထားတာထက် နုနယ်လွန်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထား သူ ဖြစ်သည်။ သူမ ပြုံးလိုက်သည့်အခါ ဣန္ဒေကြီးသော ဟန်ပန်များ နေရာတွင် ချစ်စဖွယ် ကောာင်းသော ဟန်ပန်များ ထင်ဟပ်လာသည်။ နေသူရိန်မင်းခန့် ထင်ထားသလောက် သူမ အသက်ကြီးပုံ မရ။
"ပြဿနာ မရှိပါဘူး၊ ရပါတယ်ဗျ"
ထိုခဏမှာပဲ တံခါး ခေါက်သံ ကြားလိုက်ရသည်။ တံခါးကို တွန်းဖွင့်ကာ အခန်းတွင်းသို့ ဝင်လာသော လူမှာ သူနာပြု တစ်ယောက်ပဲ ဖြစ်သည်။ သူနာပြုက နေသူရိန်မင်းခန့်နှင့် ဝေယံတို့ ထိုင်နေရာ ဘေးမှ ဖြတ်ကျော်ကာ ဒေါက်တာ ဟန်နာရီကို အနားသို့ သွားသည်။
ထို့နောက် လက်ထဲမှ ဖိုင်ကို ပြကာ စကား တိုးတိုး ကပ်ပြောသည်။ ဒေါက်တာက သူနာပြု ပြောသမျှကို ခေါင်း တညိတ်ညိတ်ဖြင့် လေးနက်စွာ နားထောင်နေသည်။ သူတို့ ပြောသမျှ အကြောင်းအရာ အားလုံးကို နေသူရိန်မင်းခန့် ကြားရသော်လည်း ဆေးပညာ အသုံးအနှုန်းများ ဖြစ်တာကြောင့် အနည်းငယ်မှ နားမလည်မိ။
ဝေယံ အာရုံက ဒေါက်တာ ဟန်နာရီကိုထံတွင် မရှိ။ ရုံးခန်းကိုသာ စေ့စေ့စပ်စပ် အကဲခတ်နေသည်။ အခန်းက ဆေး အဖြူ သုတ်ထားပြီး တစ်ခန်းလုံး လင်းထိန် သေသပ်နေသည်။ သားဖွား ပညာနှင့် သက်ဆိုင်သော ဆေးပစ္စည်းများ၊ ကိရိယာများ အားလုံးကို အခန်းတွင်း၌ စနစ်တကျ ထားရှိထားသည်။ ဖုန် တစ်စက် မရှိ၊ အမှိုက် တစ်စ မရှိသော ရုံးခန်းက ပိုင်ရှင်အတိုင်း နှစ်လိုဖွယ် ကောင်းသည်။
"ဟုတ်ပြီ၊ ဒီလူနာကို တွဲဖက် ဒေါက်တာဆီ လွှဲပေးလိုက်ပါ"
"ဟိုက် . ."
"လိုအပ်ရင် အထူး ကြပ်မတ်ဆောင်ကို ရွှေ့ထားလိုက်"
"ဟိုက် . . ၊ နားလည်ပါပြီ၊ ခွင့်ပြုပါဦး"
သူနာပြုမလေး အခန်း တံခါး ပြန်ပိတ်လျက် အပြင်သို့ ထွက်သွားသည်။ ကွန်ကရစ် ကြမ်းပြင်ပေါ် နင်းသွားသော သူမ ဖိနပ်သံကို တစ်စွန်းတစ်စ ကြားရသလို ရှိသည်။ ဖိနပ်သံ ဖြည်းဖြည်းချင်း ဝေးသွားသည်။ တစ်နေရာရာမှ တီးတိုး စကားပြောသံကို ကြားရသည်။
"လာရင်း ကိစ္စကို ပြောပါဦး"
နေသူရိန်မင်းခန့် အာရုံက ဒေါက်တာ ဟန်နာရီကိုဆီ ချက်ချင်း ပြန်ရောက်သွားသည်။
"လာရင်း ကိစ္စက ကလေး ယူဖို့ပါ"
"ကလေး ယူဖို့ . ."
ဒေါက်တာ ဟန်နာရီကို မျက်ခုံး ပင့်သွားကာ အနည်းငယ် အံ့သြသော မျက်လုံးဖြင့် သူတို့ နှစ်ယောက်ကို စိုက်ကြည့်သည်။ ယောကျာ်းလေးများ ဖြစ်နေခြင်းထက် ငယ်ရွယ်လွန်းသော ကောင်ကလေးများ ဖြစ်နေတာကြောင့် အံ့သြသွားသော အပြုအမူမျိုး ဖြစ်သည်။ သို့ရာတွင် ဆရာဝန် ပီပီ မြန်မြန်ဆန်ဆန် သဘောပေါက်ပုံဖြင့် ပြုံးလိုက်သည်။
"ဖန်ပြွန်သန္ဓေ နည်းပညာနဲ့ ကလေး ယူဖို့ မဟုတ်လား"
"ဟုတ်ပါတယ်"
"ဖန်ပြွန်သန္ဓေမှာ နည်းပညာ လေးခု ရှိတယ်၊ သားတို့က ဘယ်နည်းပညာနဲ့ ကလေး ယူချင်တာလဲ"
"IVG နဲ့ပါ"
"သြော် . . In-Vitro Gametogenesis (IVG) ပေါ့"
နေသူရိန်မင်းခန့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီ . . ၊ ဒီနည်းပညာ အကြောင်း သားတို့ကို အသေးစိတ် ရှင်းပြပေးမယ်နော်၊ In-Vitro ဆိုတာ ဖန်ပြွန် အတွင်း၌ ဆိုတဲ့ အဓိပ္ပါယ် ရတယ်၊ ပိုပြီး အတွင်းကျကျ ပြောရရင် ဖန်ပြွန် အတွင်းမှာ အသက်ရှင်တဲ့ သတ္တဝါပေါ့၊ Gametogenesis ကတော့ ဆဲလ် ကွဲပွားခြင်း . . ၊ အားလုံး ခြုံငုံလိုက်ရင် . . ဖန်ပြွန် အတွင်း၌ ဆဲလ် ကွဲပွားခြင်း ဆိုပြီး ခေါ်ဆိုနိုင်တယ်၊ ဆဲလ် ကွဲပွားခြင်း ဆိုတဲ့အတိုင်း . . ဒီနည်းပညာက ကလေး ယူမယ့် ဖခင်ဆီက အရေပြားဆဲလ်၊ ဒါမှမဟုတ် သွေးဆဲလ်ကို ထုတ်ယူပြီး . . Pluripotent ပင်မဆဲလ် (iPSCs) လို့ ခေါ်တဲ့ အထူးဆဲလ် အမျိုးအစားကို ပြန်ပြီး တည်ဆောက်ပေးတယ်၊ ဒီ iPSCs တွေကို မျိုးရိုးဗီဇ သန္ဓေသားလောင်း ဆဲလ်အဖြစ် ပရိုဂရမ် ပြန်သွင်းပြီး . . နောက်ဆုံးမှာ ကိုယ်ဝန်ဆောင်မယ့် မိခင်ရဲ့ သားအိမ်လမ်းကြောင်း အတွင်း ထည့်သွင်းပေးတယ်"
ဒေါက်တာ ဟန်နာရီကို အသံက ခပ်တိုးတိုးမို့ နေသူရိန်မင်းခန့် အနည်းငယ် အာရုံစိုက်ပြီး နားထောင်ရသည်။
"IVG နည်းပညာက မျိုးဥနဲ့ သုက်ပိုးကို လုံးဝ မလိုအပ်ဘူး၊ သွေး ဆုံးသွားတဲ့ အမျိုးသမီးတွေ . . ၊ မစွမ်းဆောင်နိုင်လို့ ပန်း သေနေတဲ့ အမျိုးသားတွေ . . ၊ သားတို့လို လိင်တူ စုံတွဲတွေအတွက် ဒီနည်းပညာက တော်တော်လေး သင့်တော်တယ်၊ IVG နည်းပညာက ကလေး ယူဖို့အတွက်တင် မဟုတ်ဘူး၊ ဆေးကုသမှု . . ၊ အစားထိုး ခွဲစိတ် ကုသမှုတွေမှာလည်း သိပ်ကို အရေးပါတယ်၊ ဒီနည်းပညာနဲ့ ကျောက်ကပ် ဆဲလ်၊ ကြွက်သား တစ်ရှူးဆဲလ်၊ မျိုးဥ . . ၊ သုက်ပိုး ဆဲလ်တွေကို ဖန်တီးနိုင်တယ်၊ ဖန်ပြွန်သန္ဓေ နည်းပညာ လေးခုထဲမှာဆို In-Vitro Gametogenesis (IVG) နည်းပညာက အောင်မြင်မှု အများဆုံးပဲ"
ဘွင်းဘွင်းရှင်းရှင်း ပြောပြနေသော ဒေါက်တာ ဟန်နာရီကို၏ စကားများက ဝေယံ့ကို မျက်နှာ ပူစေသည်။ ဝေယံ သူ ဝတ်ထားသော အင်္ကျီမှ ကြိုးစကလေးများကို ပြန်ဖြေလိုက် ပြန်ချည်လိုက် ဆော့ကစားနေမိသည်။ ငုံ့နေသော မျက်နှာက မော့မလာတော့။
နေသူရိန်မင်းကတော့ ဝေယံနှင့် မတူ။ ဒေါက်တာ ရှင်းပြသမျှကို စေ့စေ့စပ်စပ် နားထောင်သည်။ မရှင်းပါက ပြန်ပြောပြခိုင်းသည်။ ကျော်သွားပါက ပြန်မေးသည်။ ဒီလို ပုံစံမျိုးဖြင့် သိသင့် သိထိုက်သမျှနှင့် သိလိုသမျှ အရာရာကို သေသေချာချာ နားထောင်သည်။ ပို ကောင်းတာက ဒေါက်တာ ဟန်နာရီသည် စိတ်ရှည် သည်းခံကာ သဘောကောင်းလှသော ဆရာဝန် တစ်ယောက်ပဲ ဖြစ်သည်။
"မဟုတ်တောင် သားတို့က လူငယ်လေးတွေ ဖြစ်တာကြောင့် သေချာပေါက် အမှားအယွင်း မရှိ ကလေး ယူနိုင်ပါလိမ့်မယ်"
အားလုံး ရှင်းပြပြီးသည့်အခါ ဒေါက်တာက တစ်စုံတစ်ရာကို ရှာဖွေပုံဖြင့် အခန်း တစ်ဝိုက် ဝေ့ဝဲ ကြည့်လိုက်သည်။
"စကားမစပ် . . သားတို့ ကလေးကို ကိုယ်ဝန် ဆောင်ပေးမယ့် မိခင်ကရော ဘယ်မှာလဲ"
မေးခွန်း အဆုံး ဝေယံနှင့် နေသူရိန်မင်းခန့် မရည်ရွယ်ပါဘဲ တစ်ယောက် မျက်နှာ တစ်ယောက် ငေးကြည့်မိသွားသည်။ ဒေါက်တာက အဖြေကို စောင့်နေဟန်ဖြင့် သူတို့ နှစ်ယောက်အား တစ်လှည့်စီ ကြည့်သည်။
"ကျွန်တော် ပြောဖို့ မေ့နေတာ၊ ကိုယ်ဝန် ဆောင်ပေးမယ့် မိန်းကလေးက မရှိဘူးဗျ"
"ဟေ . ."
"ကလေးကို ဖန်ပြွန်ထဲမှာပဲ သန္ဓေ တည်ပြီး သဘာဝလွန် သိပ္ပံ နည်းပညာ အကူအညီနဲ့ မွေးဖွားဖို့ စဉ်းစားထားတာ"
"ဟာ . ."
ဒေါက်တာ ဟန်နာရီကို အံ့သြဟန်ဖြင့် ပျာယာခတ်သွားသည်။
"အခု သန္ဓေသားကို Test Tube ထဲမှာပဲ ထားဖို့ ပြောနေတာလား၊ ဒါဆို သန္ဓေသားက မဖွံ့ဖြိုးနိုင်ဘူးလေ၊ ဒီနည်းလမ်းက သိပ္ပံ နယ်ပယ်နဲ့ပဲ သက်ဆိုင်တယ်၊ သားတို့ ဆရာမကို လာနောက်နေကြတာလား . . ၊ ဒုက္ခပါပဲ"
စိတ် မောသွားဟန် ရှိသော ဒေါက်တာ အသံကြောင့် ဝေယံပါ ပျာယာခတ်သွားသည်။ သို့သော် ဒေါက်တာ၏ ပျာသလဲလဲ ဖြစ်မှုက အံ့သြ တုန်လှုပ်သည့် အပူ။ သူကတော့ စိုးရိမ် လှိုက်မောသည့် အပူ။
ဒေါက်တာ ဟန်နာရီကို၏ အထင်လွဲမှုကို ဘယ်လို ဖြေရှင်းရမလဲ ဝေယံ မတွေးတတ်။ သူမ အတွေးနှင့် သူတို့ ဆန္ဒ အနည်းငယ် သွေဖည်သွား၍ နားလည်မှု လွဲသွားခြင်းသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြချင်သည်။ သို့ရာတွင် ရှင်းပြဖို့ စကားလုံးတို့ စာစီ၍ မရ။ ဖမ်းဆုပ်လို့ မရအောင်အထိ စိတ်လှုပ်ရှားနေမိသည်။
ဒီအခြေအနေကို
တစ်စုံတစ်ယောက်ကပဲ
ထိန်းချုပ်ပေးလိုက်ပါတော့လား။
"မဟုတ်ဘူး၊ ဒီလို မဟုတ်ဘူးဗျ . ."
ဝေယံ ဆန္ဒ ပြည့်သွားသည်။
နေသူရိန်မင်းခန့် တည်ငြိမ်စွာ ဝင်ပြောလာခဲ့သည်။
"ကျွန်တော်တို့ ဖြစ်ချင်တာက ဒေါက်တာ ထင်ထားတာထက် နည်းနည်းတော့ . . ၊ အင်း . . အများကြီး ကွဲပြားပါလိမ့်မယ်"
နေမင်းကြီး၏ သြဇာက အင်အား ကြီးမားလွန်းသည်။ စကားဝိုင်း၏ အာရုံစိုက်မှုကို တစ်ခဏချင်းမှာပဲ လွှမ်းမိုးနိုင်လိုက်သည်။ ဒေါက်တာ ဟန်နာရီကို အကြည့်က နေသူရိန်မင်းခန့်ဆီ ချက်ချင်း ရောက်သွားတော့သည်။
"အမှန်တော့ မွေးလာမယ့် ကလေးကို ကျွန်တော်တို့ နှစ်ယောက်ရဲ့ သွေးသား စစ်စစ်ပဲ ဖြစ်စေချင်တဲ့ အတ္တပါ၊ ဒေါက်တာ ပြောသလို IVG နည်းပညာနဲ့ မွေးမယ်ဆို . . ကျွန်တော်တို့ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ သွေးဆဲလ်ကိုပဲ လိုအပ်တော့မှာ မဟုတ်လား၊ ဒါဆို မွေးလာမယ့် ကလေးရဲ့ ဖခင်ဟာ ဒီကမ္ဘာမှာ တစ်ယောက်တည်းပဲ ဖြစ်သွားလိမ့်မယ်၊ ဒီလို အဖြစ်မျိုးတော့ ကျွန်တော် လက်မခံနိုင်ဘူး"
ဝေယံ အသက်ရှူ ချောင်သွားသည်။ နေသူရိန်မင်းခန့် ပြောသော စကားများက သူ ပြောချင်သည့် စကားလုံးတွေပဲ ဖြစ်သည်။
ဒီကိစ္စကို နေမင်းကြီးထံ ပုံအပ်ထားမှ ကောင်းလိမ့်မည်။
"ဆရာမ နားလည်ပြီ၊ သားတို့ နှစ်ယောက်စလုံးက မွေးလာမယ့် ကလေးလေးအတွက် အဖေအရင်း ဖြစ်ချင်တဲ့ ဆန္ဒ ရှိကြတာ . . ၊ ဟုတ်တယ်ဟုတ် . . ၊ ဒါက လွယ်ပါတယ်၊ သားတို့ နှစ်ယောက်စလုံးဆီက သွေးဆဲလ်ကို ယူမယ်၊ ပြီးရင် သန္ဓေသားလောင်း ဆဲလ်အဖြစ် ဖန်တီးပြီး အဋ္ဌား ကိုယ်ဝန်ဆောင် မိန်းကလေးထဲ ထည့်ပေးမယ်"
"ဒီလို ဆိုရင်တောင် ကျွန်တော် လက်မခံနိုင်သေးဘူး"
"အယ် . . ၊ မွေးလာမယ့် ကလေးက သားတို့ နှစ်ယောက်စလုံးရဲ့ သွေးသား ဖြစ်လာမှာလေ"
"ဟုတ်ပါတယ်၊ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ သွေးသားပါ၊ ဒါပေမယ့် အဋ္ဌား ကိုယ်ဝန်ဆောင် မိန်းမရဲ့ ဗိုက်ထဲမှာ ကိုးလလောက် နေခဲ့ရတဲ့အတွက် အဲ့ဒီမိန်းမရဲ့ သွင်ပြင်စရိုက်၊ အမူအကျင့်၊ ဗီဇလက္ခဏာ၊ နေထိုင် စားသောက်ပုံ . . ဒါတွေ သွားတူနေနိုင်တယ်၊ ဒီကိစ္စက ကျွန်တော်တို့ မိသားစုအတွက် မျိုးရိုးဗီဇ အပိုင်းမှာ သွားပြီး ပြဿနာ တက်နိုင်တယ်၊ နောက် အမွေ ဆက်ခံမှု . ."
"အို . . ခက်လိုက်တာနော်"
ဒေါက်တာ ဟန်နာရီကိုက သူမ ဆံပင်ကို နောက်လှန် သပ်လျက် စိတ်ကျဉ်းကျပ်စွာ ညည်းညူသည်။
"ဆရာမ တာဝန် ယူလာခဲ့တဲ့ လူနာရှင်တွေထဲမှာ သားတို့က လက်ပေါက် အကတ်ဆုံးပဲ၊ ဒါကို သိလား"
နေသူရိန်မင်းခန့် သဘောကျသလို ခပ်ဟဟ တစ်ချက် ရယ်လိုက်သည်။
"ဒေါက်တာသာ အာမခံပေးမယ် ဆိုရင်တော့ . . အဋ္ဌား ကိုယ်ဝန်ဆောင်နဲ့ မွေးဖို့ ကျွန်တော် သဘောတူပေးပါ့မယ်"
လက်ခံဟန်ဖြင့် ပြောလိုက်သော နေသူရိန်မင်းခန့် စကားကြောင့် ဝေယံ မျက်ခုံး ပင့်သွားသည်။ ဒေါက်တာ ဟန်နာရီကို၏ မျက်လုံးများက အဖြေ မရှိသော ပုစ္ဆာ တစ်ပုဒ်အား ဖြေရှင်းလိုက်နိုင်ပုံဖြင့် ချက်ချင်း အရောင် လက်သွားသည်။
"တစ်ခု ရှိတာက . . အာမခံပေးရက်နဲ့ ကလေးရဲ့ Personality မှာ ပြဿနာ တက်ခဲ့မယ် ဆိုရင်တော့ တရား ရင်ဆိုင်ဖို့ ပြင်ဆင်ထားတာ ကောင်းလိမ့်မယ်"
ဒေါက်တာ မျက်လုံး ပြူးသွားသည်။ ဝေယံပါ ကြားထဲက အားနာမိသွားသည်။ ကိုယ့်ရင်သွေးကို တာဝန်ယူ မွေးဖွားပေးမည့် ဆရာဝန်ကို ဒီလို ဆက်ဆံတာတော့ မသင့်တော်ပါဘူးလေ။ သူ တားမှ ဖြစ်မည်။
"ဒါလင် . ."
သို့သော် ဝေယံ၏ တားမြစ်မှုကို နေသူရိန်မင်းခန့်က အဖက်မလုပ်။ လက်ဖဝါးကို ဖွဖွ ပုတ်လျက် တိတ်တိတ်နေဖို့ အပြုံးနှင့်သာ အချက်ပြသည်။ သူ မဖီဆန်ရဲပါ။ ငြိမ်လိုက်ရပါသည်။
"ဟင်း . . တရားစွဲ ခံရရင်တော့ ဆေးရုံ နာမည် ထိခိုက်နိုင်တယ်နော်၊ နောက်ပိုင်း ဆေးကုဖို့ပါ အခက်အခဲ ဖြစ်နိုင်တယ်၊ ဘယ်လိုလဲ . . ဒေါက်တာ၊ အာမခံပေးချင်လား၊ ကျွန်တော့်ဘက်ကတော့ အတင်း မတောင်းဆိုပါဘူး၊ အားနာတတ်တယ်လေ"
အားနာတတ်သည် ဆိုသော စကားကြောင့် စိတ်ညစ်နေသည့် ကြားမှ ဝေယံ ရယ်ချင်သွားသည်။ တစ်ချိန်လုံး ခြိမ်းခြောက်လာပြီးမှ အားနာသည် ဟူသော စကားနှင့် ဖြူစင်မှု ပိစိလေးကို ရအောင် ပြသွားသေးသည်။ ဒီလိုတော့ ဘယ်ရမလဲ။ ဆင်သေကို ဆိတ် သားရေနှင့် ဖုံးကွယ်လို့ မရနိုင်ဘဲ။
နေသူရိန်မင်းခန့် စကားများက နည်းနည်းတော့ လွန်သည်။ ဒေါက်တာ ဟန်နာရီကို စိတ်မဆိုးဖို့သာ ဝေယံ ဆုတောင်းမိသည်။
"ကောင်းပြီ . . ကောင်းပြီ၊ သားတို့ တောင်းဆိုသလို Test Tube နဲ့ မွေးဖို့ စီစဉ်ပေးမယ်"
"တကယ်လားဗျ၊ ဒါဆိုရင်တော့ အတိုင်းမသိပဲပေါ့"
နေသူရိန်မင်းခန့် ပေါ့ပါးစွာ ပြုံးရယ်လိုက်သည်။ ထိုအချိန်မှ နေသူရိန်မင်းခန့်၏ ရည်ရွယ်ချက်ကို ဝေယံ ခန့်မှန်းမိသွားသည်။
တော်တော် လည်သည့် ယောကျာ်းရယ် ဟု မပြောရ။
လူတွေ၏ စိတ်ထား အစစ်အမှန်ကို အကဲခတ်နိုင်စွမ်းနှင့် အကဲစမ်းနိုင်စွမ်းမှာတော့ နေမင်းကြီးက ပါရမီ ထူးလွန်းသည်။ ဒါကလည်း ဦးနေမင်းခန့်နှင့် တူတာကြောင့်ပဲ ဖြစ်ရမည်။
"ကောင်ကလေး . . စကားကတော့ တော်တော် တတ်တယ်နော်၊ ဆရာမကို ဘေးကျပ်နံကျပ် အခြေအနေထဲ ရောက်အောင် တွန်းပို့လိုက်တာ . . ၊ မလွယ်ဘူး တကယ်"
"အခြေအနေအရပါ၊ ဒီအတွက်တော့ အားနာပါတယ်"
"အို . . ၊ ထားပါ . . ထားပါ၊ ကိစ္စ မရှိပါဘူး"
ဒေါက်တာက စိတ်မဆိုးဘဲ ပြုံးပြုံးရွှင်ရွှင် ခွင့်လွှတ်၏။ သူတို့ စကားဝိုင်းက ပုံမှန်အတိုင်း ဖော်ဖော်ရွေရွေ ပြန်ဖြစ်သွားသည်။ ဘုရားသိကြား မလို့ သဘော မနှော ကောင်းပြီး စိတ်ရှည် သည်းခံတတ်သည့် ဆရာဝန်နှင့် လာဆုံတာပဲ။ သူတို့ ကံကောင်းလွန်းသည်။ သို့ရာတွင် ကံကြမ္မာကတော့ သူတို့ဘက် မပါသေး။
"သားတို့ကို စိတ်မကောင်းစရာ တစ်ခုတော့ ကြိုပြောရလိမ့်မယ်၊ Test Tube နည်းပညာက လူသားတွေဆီမှာ တရားဝင် ခွင့်ပြုမထားသေးဘူး၊ ဓာတ်ခွဲခန်းမှာပဲ တိရစ္ဆာန်လေးတွေနဲ့ စမ်းသပ် တီထွင်နေတဲ့ အဆင့်ပဲ ရှိသေးတာ၊ ဒါကြောင့် ဒီနည်းပညာနဲ့ ကလေး ယူမယ့် အစီအစဉ်က အောင်မြင်ဖို့ ရာခိုင်နှုန်း အတော်လေး နည်းလိမ့်မယ်"
မထင်မှတ်ထားသော စကားကြောင့် ဝေယံ ဝမ်းနည်းသွားသည်။
နေသူရိန်မင်းခန့်ကို လှမ်းကြည့်တော့ ပြုံးသာ ပြုံးနေသည်။
"သားတို့ သိပ်ပြီး မျှော်လင့်မထားတာ ကောင်းမယ်၊ တစ်ခါတလေမှာ သားတို့ အရမ်း မျှော်လင့်ထားတဲ့ အရာတွေက ဖြစ်မလာဘဲ . . နည်းနည်းလောက်ပဲ မျှော်လင့်ထားတဲ့ အရာတွေကပဲ ဖြစ်လာတတ်လို့လေ"
"ဒီသဘောတရားကို ကျွန်တော် နားလည်ပါတယ်၊ မဟုတ်တောင် သိပ္ပံပညာ ဆိုတာ အမှားတွေနဲ့ တည်ဆောက်ထားတာ မဟုတ်လား၊ ဒါပေမယ့် အဲ့ဒါက အသုံးဝင်တဲ့ အမှားပဲလေ၊ သူတို့က အမှန်ဆီ သွားဖို့ လမ်းပြပေးနိုင်တယ်"
"သိပ် ကောင်းတဲ့ စကားပဲ၊ ဘယ်သူ ပြောခဲ့တာများလဲ"
"ဂျူးလ်(စ်) ဗန်း(န်) . . ၊ ပြင်သစ် ဝတ္ထုရေး ဆရာပါ၊ Around the World in Eighty Days က ဂျူးလ်(စ်) ဗန်း(န်) လက်ရာလေ"
ဝေယံ ယခုမှ သတိထားမိတော့သည်။
နေမင်းကြီးက စိတ်ခံစားမှု အပိုင်း၌ အတော်လေး ထိန်းချုပ်နိုင် သူ ဖြစ်သည်။ မထင်မှတ်စွာ ပြင်ပ ဗဟုသုတများကိုပါ ကျွမ်းကျင် နှံ့စပ်လှသည်။ အိမ်တွင်တော့ ဒီလို အတတ်ပညာများအား ထုတ်သုံးသော အလေ့အကျင့်မျိုးကိုဖြင့် များများစားစား မကြုံဖူးလှ။ ကလေးဆန်စွာ နေထိုင်ရင်း ချစ်ဖို့ တစ်ခုတည်းသာ သိသော ခင်ပွန်း တစ်ယောက်ပဲ ဖြစ်သည်။
မဟုတ်မှလွဲရော ထိုကျွမ်းကျွင်မှုတွေကို ဝေယံ့အတွက်နှင့်များ နှိမ့်ချထားသည်လား။ မဟုတ်ဘူး ဟူ၍ ဘယ်သူကများ ငြင်းဆန်နိုင်မည်လဲ။ ငယ်ငယ်ကတည်းက အရေးပါလှသည့် အဆင့် တစ် ဟူသော နေရာကိုပါ လွယ်လွယ်ကူကူ စွန့်လွှတ်ပေးနိုင် သူ မဟုတ်လား။
ဝေယံ အားကိုး တွယ်တာစွာ နေသူရိန်မင်းခန့်ကို ငေးကြည့်နေမိတော့သည်။
"မဟုတ်တောင် ဒေါက်တာကို ကျွန်တော် ယုံကြည်ပြီးသားပါ၊ ကျွန်တော်တို့ရဲ့ ရင်သွေးကို ဒေါက်တာ မွေးပေးနိုင်ပါတယ်"
"ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်၊ Test Tube နဲ့ စမ်းသပ် မွေးဖွားဖို့ . . အထက်ကို စာ တင်ပေးလိုက်မယ်၊ အထက်က ခွင့်ပြုချက် ကျတာနဲ့ လိုအပ်တဲ့ ဆေးစစ်မှုတွေ စပြီး လုပ်ကြတာပေါ့"
"ဟုတ်ကဲ့ဗျ"
"စာ ကျလာတာနဲ့ ချက်ချင်း ဆက်သွယ်လိုက်မယ်၊ ဒီတစ်ပတ်ထဲ ထပ်ပြီး . . ဆုံကြတာပေါ့"
ဆွေးနွေးမှု ပြီး၍ ဆေးရုံ လှေကားမှ သူတို့ ဆင်းလာတော့ နေ့လယ် တစ်ဆယ့်တစ် နာရီပင် ထိုးနေပြီ။ ကားဆီသို့ လျှောက်လာရင်း ပြုံးရယ်စွာ စကားပြောနေသော နေသူရိန်မင်းခန့် ဟန်ပန်မှာ တကယ့်ကိုမှ ပေါ့ပါး ကြည်နူးဟန် ရှိသည်။ ထိုခဏမှာပဲ မထင်မှတ်ထားသော အရာ တစ်ခုကို ဝေယံ ရုတ်ခြည်း လုပ်ဆောင်လိုက်သည်။ ခြေဖျား ထောက်ကာ နေသူရိန်မင်းခန့် ညာဘက် ပါးပြင်ကို လှမ်းနမ်းလိုက်တာပဲ ဖြစ်သည်။
အောက်ထပ် လှေကားထစ်သို့ ဆင်းနေရာမှ နေသူရိန်မင်းခန့် ချက်ချင်း လှည့်ကြည့်လာသည်။ နမ်းလိုက်မိခြင်းအတွက်တော့ ဝေယံ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အံ့သြမိသည်။
"ဒီကမ္ဘာမှာ ငါ အချစ်ဆုံးက ဘယ်သူလဲလို့ မင်း မေးဖူးတယ်မလား"
နေသူရိန်မင်းခန့်က ဝေယံထက် လေး လက်မလောက် မြင့်သည်။ သို့ရာတွင် အောက်တစ်ထပ် နိမ့်သည့် လှေကားမှာ ရပ်နေတာမို့ အရပ်ချင်း သိပ် မကွာသလို ထင်ရသည်။
"အဲ့ဒါ မင်းပဲ . . ၊ ရိန်"
နေသူရိန်မင်းခန့် ဘာစကားမှ မဆိုဘဲ ဝေယံ့ကို မြဲမြဲမြံမြံ စိုက်ကြည့်နေခဲ့သည်။ နေမင်းကြီး၏ အကြည့်ဒဏ်ကို မခံနိုင်စွာ ဝေယံ ပါးပြင်များ ပူလောင်လာတော့သည်။ သို့ရာတွင် နှလုံးသား၏ ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါရင်း ဆံစ အနည်းငယ် ညွှတ်ခွေကျနေသော နေသူရိန်မင်းခန့် နဖူးထက်သို့ အနမ်း တစ်ပွင့် ယုယုယယ တံဆိပ် ကပ်လိုက်မိသည်။
"ငါ့အနားမှာ အမြဲ ရှိနေပေးတဲ့အတွက် ကျေးဇူးတင်တယ်နော်"
နေသူရိန်မင်းခန့် ဝေယံ့ကို ရင်ခွင် အတွင်းသို့ ကြင်နာစွာ ဆွဲယူ ပွေ့ဖက်လိုက်သည်။ နေမင်းကြီး ရင်ခွင်မှာ မျက်နှာ အပ်လိုက်သည့်အခါ နှစ်ကိုယ်ကြား ကြားရုံ စကား တစ်ခွန်းကို တိုးတိုးဖွဖွ ကပ်ပြောလာခဲ့သည်။ ထိုစကားက ဝေယံ၏ ပါး နှစ်ဖက်ကို မီးတောက်များသဖွယ် ပူပြင်း နီမြန်းသွားစေသည်။
ရှက်ရွံ့စွာသာ ရင်ခွင်နန်းထက်
မျက်နှာ မဖော်တမ်း ပုန်းကွယ်နေမိတော့သည်။
~•~ S U N ~•~
21 / June / 2021
6 : 30 PM