Short Stories by Diana

By diana_mellet58

5K 285 46

ရေးဖူးသမျှ Short Story လေးတွေ စုတင်သွားမှာပါ ။ အချိန်ရရင် ဝင်ဖတ်ပေးသွားကြပါဦးလို့ ။ hee <3 🦋🦋🦋 ေရးဖူးသမွ်... More

You Are My Magical Dream [Unicode]
You Are My Magical Dream [Zawgyi]
The Red String of Fate [Unicode]
The Red String of Fate [Zawgyi]
About Us [Unicode]
About Us [Zawgyi]
My Love Who Will Never Return Back To Me (The one that got away) [Zawgyi]
The only home in this world [Unicode]
The only home in this world [Zawgyi]
Reason [Unicode]
Reason [Zawgyi]
God's Blessing [Unicode]
God's Blessing [Zawgyi]
Recording With Blood [Unicode]
Recording With Blood [Zawgyi]
Closest Stranger [Unicode]
Closest Stranger [Zawgyi]
အက်ကွဲရာများ [Unicode]
အက္ကြဲရာမ်ား [Zawgyi]
Do you love me? [Unicode]
Do you love me? [Zawgyi]
Untitled [Unicode]
Untitled [Zawgyi]
Black & White (Unicode)
Black & White (Zawgyi)
Also The Clouds Love
Untitled
Ballerina

My Love Who Will Never Return Back To Me (The one that got away) [Unicode]

143 11 0
By diana_mellet58

[ My Love Who Will Never Return Back To Me (The one that got away) by Diana ]

"မိုးရာသီရဲ့ နေ့တစ်နေ့ပေါ့။ ငါတစ်စုံတစ်ယောက်ကိုငါ့ဘေးနားကမောင်းထုတ်ခဲ့တယ်။ မျှော်လင့်ထားခဲ့သလိုပါပဲ။ အဲ့တစ်စုံတစ်ယောက်နဲ့အတူငါ့နှလုံးသားပါ ပါသွားခဲ့တယ်။ ဘယ်သောအခါမှရှာမတွေ့နိုင်တော့သောပေါ့... ။"

:: First Time We Met

နီယွန်ဟာလူမလာတဲ့လမ်းပေါ်က မီးတိုင်တစ်ချောင်းပဲ။ တိတိကျကျပြောရရင် ဂုန်းကျော်တံတားဘေးနားလေးက။ နောက်ထပ်နှစ်နာရီလောက်လျှောက်မှ လူတွေနေတဲ့တိုက်ခန်းတွေဆီရောက်နိုင်မယ်။ မြို့အပြင်ဘက်ရောက်နေလို့ ဖြတ်သွား၊ဖြတ်လာဆိုတာလည်း မရှိသလောက်ပဲ။ ဒါကြောင့် နီယွန့်ရဲ့အလင်းရောင်က တောက်ပမှုမရှိတော့တာတောင် ဘယ်သူမှမီးလုံးလဲပေးဖို့ကို စိတ်မ၀င်စားကြဘူး။

နီယွန်ဟာ မီးတိုင်တစ်ချောင်းပဲ။ သူ့အလင်းရောင်က တောက်ပမှုမရှိတော့ရင်တောင် သူကသူပေးနိုင်တဲ့အလင်းကို ပေးချင်နေတုန်းပဲ။ သက်ရှိဆိုလို့ ပိုးမွှားတွေလောက်ပဲရှိတဲ့လမ်းပေါ်မှာ သူကအမှောင်၀ငျလာတိုင်း တတ်နိုင်သလောက် အလင်းပေးနေတုန်းပဲ။ ဒါကိုသူ့တာ၀န်လို့ ယူဆထားတာမို့။

တစ်နေ့နေ၀င်ခါနီးလောက်မှာ ရွေ့လျားနိုင်တဲ့လေးထောင့်တုံးကြီးတစ်တုံးက သူ့ရှေ့မှာလာရပ်တယ်။ ပြီးတော့အမွှေးဖြူဖြူတွေနဲ့ ခပ်လုံးလုံးကြောင်တစ်ကောင်ကို အဲ့အရာ၀တ္ထုပေါ် က မိန်းမတစ်ယောက်ကချထားခဲ့တယ်။ အဲ့ဒါကို ဘယ်လိုခေါ်တာ အော်... ကား။ မမြင်ရတာကြာပြီမို့ နီယွန်အခေါ်အဝေါ်တွေတောင် မေ့ချင်ချင်ဖြစ်နေပြီ။

တစ်ချိန်ကတော့ ဒီနေရာကလည်း စည်ကားခဲ့ဖူးပါတယ်။ ဒီကနေ ဆယ်မိနစ်လျှောက်စာလောက်က တိုက်ခန်းဟောင်းတွေက အရင်ကလူတွေနေခဲ့ကြတာပဲလေ။ ဂုန်းကျော်တံတားလေးဆီ လာဆော့ကြတဲ့ကလေးတွေ၊ လမ်းလျှောက်ထွက်ကြတဲ့စုံတွဲတွေကို နီယွန်ခဏခဏတွေ့ဖူးတယ်။ နောက်ပိုင်းတော့ တိုက်ခန်းတွဲတွေဆီက တိုက်တစ်တိုက်ပြိုကျလို့ဖြစ်မယ်။ အစိုးရကအကုန်လုံးကို ပြောင်းရွှေ့ပေးလိုက်တယ်။ အဲ့ထဲကတိတ်ဆိတ်သွားခဲ့တာပဲ။ တိတ်ဆိတ်တာ၊မတိတ်ဆိတ်တာကလည်း နီယွန့်အတွက်သိပ်အရေးမပါခဲ့ပါဘူး။ နီယွန်က လှုပ်ရှားနေသမျှကို ငေးကြည့်နေခဲ့ရုံပဲ။ ဘယ်သူနဲ့မှ ရင်းနှီးမှုယူတာမျိုးမရှိခဲ့တာမို့ သတိရစရာလည်းမရှိပါဘူး။ ဆယ်နှစ်လောက်တောင် ကြာခဲ့ပြီထင်ပါတယ်။

လူတွေပြောင်းသွားပြီး နောက်ပိုင်းလည်း သူဒီလိုမြင်ကွင်းမျိုးကို ခဏခဏမြင်ဖူးတယ်။ ဒါသခင်(ပိုင်ရှင်)တွေက သူတို့ကြောင်တွေကို လာပစ်တာပဲ။ ပြီးရင်အဲ့ကြောင်တွေက ကားနောက်ကို ပြေးလိုက်လိမ့်မယ်။ သူတို့ပိုင်ရှင်တွေက စိတ်မခိုင်ဘဲ ပြန်ခေါ်သွားတာလည်းရှိသလို၊ ကားနောက်ပြေးလိုက်ရင်း တစ်နေရာရာ ရောက်သွားတာလည်းရှိတတ်တယ်။ ဒီနေရာကိုတော့ ဘယ်တော့မှ ပြန်မလာကြဘူး။ ကြောင်တွေက သူတို့စွန့်ပစ်ခံရတဲ့နေရာကို သိပ်မုန်းကြတယ်။ အဲ့ဒါကြောင့်လူတွေက စွန့်ပစ်ပြီးတဲ့ကြောင်တွေကို ပြန်ရှာတွေ့ဖို့ ခက်ခဲတာပေါ့။ သူတို့ကသခင်ကို ချစ်နေသေးရင်တောင် စွန့်ပစ်ခံခဲ့ရတဲ့နေရာမှာ ဘယ်တော့မှမနေတတ်ကြဘူး။ ဒါကြောင့်သခင်တွေအနေနဲ့ ကြိုးစားအားထုတ်မှုမရှိရင် ပြန်ရှာမတွေ့နိုင်ဘူး။

ဒါမြင်နေကြမို့ နီယွန့်အတွက် မထူးဆန်းဘူး။ ထူးဆန်းတာက အဲ့ကြောင်ဖြူလုံး။ သူကကားနောက်ကို လုံး၀ပြေးလိုက်မသွားဘူး။ အော်လည်းမအော်ဘူး။ သူ့ကိုချထားခဲ့တဲ့နေရာမှာဘဲ ငြိမ်ငြိမ်လေးထိုင်နေတယ်။

တဖြည်းဖြည်း နေ၀င်လာပြီး ကောင်းကင်တစ်ခုလုံးကို ညကအမှောင်ချလိုက်တယ်။ နီယွန်အဲ့ကြောင်ကို ငေးကြည့်နေမိတုန်းပဲ။ အဲ့ကြောင်ဖြူလုံးက စရောက်ထဲကအတိုင်း တစ်စက်မှမလှုပ်ဘဲ ထိုင်နေတယ်။ နီယွန့်စိတ်ထဲ တော်တော်ထူးဆန်းနေတယ်။ ဒီကောင်ပြန်လာခေါ်တာကို ထိုင်စောင့်နေတာများလားလို့ သူတွေးမိတယ်။

"ဟေး!"
"...."

"ဟေး!"
"အမ်.. ဟင်!"

နှစ်ခါမြောက်ခေါ်သံမှာမှ နီယွန်အသိ၀င်လာတယ်။ သူ့ကိုကြောင်ဖြူလုံးကခေါ်နေတယ်။

"ငါ့အတွက်မီးဖွင့်ပေးလို့ရမလား"
"...."
"ငါအမှောင်ကြောက်တတ်လို့ပါ"

နီယွန်ကသူ့ကိုကြောင်ဖြူလုံးဘက်က စကားစပြောတာမယုံနိုင်လို့ ကြောင်ကြည့်နေမိတာကို မဖွင့်ပေးချင်ဘူးထင်သွားလို့ဖြစ်မယ်။ အကြောင်းပြချက်ကိုပါ အသံတိုးတိုးနဲ့ ထပ်ပေးနေတယ်။ ဒီဝါဂွမ်းလုံးက နီယွန်စကားပြောလို့ရတာကို သိနေတာလား။

"အင်း ရပါတယ် တောင်းပန်ပါတယ် ငါအစောကမကြားလိုက်လို့ မဖွင့်ပေးချင်လို့မဟုတ်ပါဘူး"

"ကျေးဇူး"
ကြောင်ဖြူလုံးက သူ့ကိုပြန်ပြောတယ်။ နီယွန်ကသူတစ်ခုခုထပ်ပြောလာလိမ့်မယ်လို့ထင်နေပေမယ့် သူ့ဆီကဘာစကားမှထပ်ထွက်မလာတော့ဘူး။ စောနကအတိုင်း ဆက်ထိုင်နေတယ်။ သူ့အကြောင်းရင်မဖွင့်ချင်ရင်တောင် နီယွန်ဘာလို့စကားပြောနိုင်တာလဲမေးမယ်ထင်ခဲ့တာ။ ဒါပေမယ့်အဲ့ကြောင်ဖြူလုံးက ဘာမှမပြောသလို ဘာမှလည်းမမေးခဲ့ဘူး။

နီယွန်တင်မကသက်မဲ့လို့လူတွေသတ်မှတ်ထားတဲ့ အရာတွေကလည်းသက်ရှိပါပဲ။ စကားပြောနိုင်တယ်။ ခံစားနိုင်တယ်။ မလိုအပ်လို့ မလုပ်ကြရုံပဲ။ ပြီးတော့သူတို့အနေနဲ့ ပိုပြီးထိန်းချုပ်နိုင်တယ်။ စကားမပြောရလို့ပျင်းပြီး သေတော့မယ်ဆိုတာမျိုးလည်းမရှိဘူး။ ခံစားချင်ရင်ထိတွေ့နေမှန်း ခံစားလို့ရတယ်။ ဒါပေမယ့် အထိအတွေ့တိုင်းမှာ နာလို့၊ယားလို့နဲ့ မခံမရပ်နိုင်အောင်ဘယ်တော့မှမခံစားရတာမို့ အော်ဟစ်နေစရာလည်းမလိုဘူး။ အထီးကျန်တယ်ဆိုတာလည်းမရှိလို့ ဘယ်သူနဲ့မှလည်းမရင်းနှီးချင်ဘူး။ သူတို့လည်းသက်ရှိပါပဲ။ ပိုမာကျောရုံလေးပဲရှိတာ။ မလိုအပ်တာမို့ ငြိမ်သက်ရင်းငြိမ်သက်ရင်းနဲ့ သူတို့ကို ခံစားချက်မရှိတဲ့သက်မဲ့တွေလို့ ထင်သွားကြတာအပေါ် သူတို့အနေနဲ့ အထွေအထူး ရှင်းပြစရာလည်းမလိုဘူး။ စားသောက်စရာမလိုသလို၊ ရှင်းလေကြိုက်လေဖြစ်ကြတာမို့လို့။

အဆင်မပြေကြောင်း ရင်လာဖွင့်တဲ့သူတွေရှိခဲ့ပေမယ့် စကားပြောနေတဲ့လူကိုယ်တိုင်ကလည်း သူတို့တုန့်ပြန်နိုင်မှန်းမသိသလို၊ သူတို့ကလည်းတုန့်ပြန်ဖို့ရာပျင်းရိလွန်းနေတတ်တယ်။ သူ့ဆီမှာတော့ လွန်ခဲ့တဲ့ဆယ်နှစ်ပြောင်းရွှေ့ကုန်ကြထဲက ရင်ဖွင့်တဲ့သူမရှိတော့တာပါပဲ။ နီယွန်ကတော့ကြိုက်တယ်။ နားပူသက်သာပြီး စိတ်မရှုပ်ရတော့ဘူးပေါ့။

ဒါပေမယ့်နီယွန်ဟာ ထူးဆန်းစွာပဲ ဒီကြောင်ဘောလုံးလေးကိုတော့စိတ်၀ငျစားတယ်။ သူရင်ဖွင့်တာကိုလည်းနားထောင်ပြီး နှစ်သိမ့်ပေးချင်တယ်။ နီယွန်ကအစထဲက ဒီလိုဖြူဖြူလုံးလုံး အမွှေးပွကောင်လေးတွေကို ချစ်တတ်တယ်။ ဒီကောင်လေးဟာ ထူးဆန်းလို့ပိုပြီးစိတ်၀ငျစားမိတယ်။ အမေးအမြန်းလည်းမထူဘဲ နီယွန့်အကြောင်းလည်းသူ့ဘာသာသိတာမို့ ရှင်းပြစရာလည်း မလိုလောက်ဘူး။ ဒါကြောင့်မောတော့မှာလည်းမဟုတ်ဘူး။

နီယွန်သူနဲ့ ရင်းနှီးချင်တယ်။

:: Starting A Friendship

မီးဖွင့်ပေးတဲ့တာ၀န်ကိုတောင် မေ့တဲ့အထိနီယွန့်ကိုသူလွှမ်းမိုးနိုင်ခဲ့တာ။ အခုဖွင့်ပြီးတဲ့အချိန်မှာလည်း အတွေးထဲသူ့အကြောင်းတွေချည်းပဲ။

နီယွန်က နေ၀င်ပြီးမှောင်လာတာနဲ့ ဘယ်သူရှိရှိ၊မရှိရှိ အလင်းရောင်ပေးနေကြပဲ။ ဒီနေ့သူ့အကြောင်းအတွေးလွန်ပြီး မေ့သွားခဲ့တာ။ ကြောင်ဖြူလုံးက ထူးဆန်းတာတွေသိပ်များတယ်။ နီယွန်သူ့ဘ၀မှာ အမှောင်ကြောက်တဲ့ကြောင်ကို တစ်ခါမှမမြင်ခဲ့ဖူးဘူး။ ဒါပထမဆုံးပဲ။ ဒီဖြူလုံးကောင်သူ့ကိုစကားလှမ်းပြောတာကိုပြန်စဉ်းစားမိတော့ သူကြည့်နေတာကိုလည်းသိနေခဲ့လားဆိုတဲ့ အတွေးကိုတွေးမိသွားတယ်။ ရုတ်တရက်သူခိုးလူမိသလို ခံစားလိုက်ရတဲ့နီယွန်ဟာ ရှက်ရွံ့မှုကြောင့်မျက်နှာတွေ ရဲပလောင်းခက်သွားသလို ခံစားရတယ်။ မသိဘူးထင်ပြီးလုပ်ချင်ရာလုပ်နေခဲ့တာ။

နီယွန်တစ်ယောက်ထဲ အတွေးပေါင်းစုံတွေးပြီးနောက်မှာတော့ သူကြောင်ဖြူလုံးကို စကားပြောချင်လာတယ်။

"ဟေး"
ဖြူလုံးကောင်ကလှမ်းကြည့်တယ်။

"ငါ့နာမည်ကနီယွန်ပါ"
"အင်း"

အဲ့တစ်ခွန်းဘဲပြောပြီး ခေါင်းပြန်လှည့်သွားတယ်။
မိတ်ဆက်တာကို 'အင်း' လို့ဘဲတုန့်ပြန်လာတဲ့ကြောင်ဖြူလုံးက လူမှုရေးညံ့တယ်လို့ နီယွန်တွေးလိုက်မိတယ်။ ဒါပေမယ့်သူမြန်မြန်အဲ့အတွေးကို ခေါင်းထဲကထုတ်လိုက်ပါတယ်။

'သူပင်ပန်းနေမှာ စွန့်ပစ်ခံထားရတာကိုယုံကြည်နိုင်ဦးမှာတောင်မဟုတ်ဘူး ငါနှစ်သိမ့်ပေးချင်လိုက်တာ'
နီယွန်အဲ့လိုပြန်ပြောင်းတွေးမိသွားတယ်။

ဒါပေမယ့် နီယွန်ဘယ်သူနဲ့မှ စကားမပြောဖြစ်တာဆယ်နှစ်လား၊နှစ်နှစ်ဆယ်လား၊ ဒါမှမဟုတ်နှစ်သုံးဆယ်လားတောင်မသိတော့ဘူး။ သူငယ်ချင်းတွေနဲ့ခွဲပြီး အိမ်မပြောင်းချင်လို့ ညဘက်ကြီးသူ့နားမှာလာထိုင်ငိုနေတဲ့ကောင်ငယ်လေးတစ်ယောက်ကိုတော့ နှစ်သိမ့်ပေးဖူးတယ်။ တက်မတတ်၊ချက်မတတ်အော်ငိုနေတဲ့ကောင်လေးကို နည်းနည်းသနားမိသလိုခံစားရလို့နှစ်သိမ့်ပေးခဲ့တာ။ တစ်ညထဲပါပဲ။ နောက်နေ့အဲ့ကောင်လေးက အိမ်ပြောင်းသွားတယ်။

မိဘတွေအလုပ်ကြောင့်ပြောင်းရွှေ့ရတာဆိုလား? အာရုံထဲလည်းသေချာမရှိတာမို့ ဘယ်တုန်းကမှန်းတောင် နီယွန်မမှတ်မိတော့ဘူး။ တော်တော်ကြာနေတာတော့ အသေအချာပဲ။ အဲ့ကောင်လေးပြီးတော့ တစ်ခြားသူတွေအကုန်ကို မသိချင်ယောင်ဆောင်ခဲ့တာအခုထိပဲ။ အဲ့ကောင်လေးဆိုတာတောင် မှတ်ဉာဏ်ထဲ ဝိုးတိုးဝါးတားရယ်။ နီယွန်ဟာအသက်ကြီးလာတာနဲ့အမျှ အပျင်းရောဂါပိုကြီးလာတာအမှန်ပါပဲ။ ပြီးတော့ သူတို့ကိုယ်သူတို့သက်ရှိတွေလို့သတ်မှတ်ထားတဲ့သတ္တဝါတွေအကုန်လုံးဟာ ခံစားချက်ပေါင်းစုံနဲ့စိတ်ရှုပ်ဖို့ကောင်းတယ်လို့ နီယွန်ထင်တာကြောင့်လည်းပါတယ်။ ခံစားချက်ဆိုတဲ့အရာတွေနဲ့အကျွမ်းတဝင်မရှိခဲ့တာ တော်တော်ကြာနေခဲ့ပြီမို့ သူဘယ်လိုနှစ်သိမ့်ရမလဲတောင်မသိတော့ဘူး။ အဲ့တော့သူစိတ်ထဲ ရှိရာပြောလိုက်တယ်။

"မင်းနာမည်ကရော?"
"အင်း ငါ့နာမည်ကဆမ်... "

"မဟုတ်ဘူး ထားလိုက်တော့ အဲ့ဒါငါ့သခင်ငါ့ကိုပေးခဲ့တဲ့နာမည်ပဲ သူကအခုငါ့ကိုစွန့်ပစ်သွားပြီ ငါအဲ့နာမည်ကိုဆက်မသုံးတော့ဘူး"

ကြောင်ဖြူလုံးကအနိမ့်အမြင့်၊အတက်အကျမရှိတဲ့အသံနဲ့ပြောတယ်။ နီယွန်အခုထိနှစ်သိမ့်ဖို့ စကားလုံးကောင်းကောင်းရှာမတွေ့သေးဘူး။

"ဒါဆိုငါမင်းကိုဘယ်လိုခေါ်ရမလဲ"
"ငါလည်းမသိဘူး"
ကြောင်ဖြူလုံးကထိုင်နေရာကနေ နီယွန့်ဘေးမှာလှဲချလိုက်တယ်။ အချိန်အကြာကြီးရင်းနှီးခဲ့တဲ့သူတွေလို သက်သောင့်သက်သာပုံစံနဲ့။ သူ့ခြေထောက်လေးတွေ၊လက်လေးတွေကိုနီယွန်နဲ့ထိထားတယ်။ နီယွန်အဲ့အမွှေးဖြူဖြူတွေရဲ့အထိအတွေ့ကိုသဘောကျတာမို့လို့ အထိအတွေ့အာရုံကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ထားပြီး ခံစားဖြစ်တယ်။ သူအသက်ရှိနေမှန်းသိရက်နဲ့ ခွင့်မတောင်းဘဲမဆင်မခြင်ထိတာကိုလည်း အပြစ်မဆိုမိတော့ဘူး။ ဒီကြောင်ဖြူလုံးလေးသူ့ကိုရင်းနှီးဟန်ပြတာကို သူသဘောကျတယ်။

"မင်းငါ့ကိုကူစဉ်းစားပေးမလား"
ကြောင်ဖြူလုံးဆီက အဲ့စကားကိုကြားရတော့နီယွန်၀မျးသာသှားတယျ။ ဒါကြောင်ဖြူလုံးကသူနဲ့တကယ်ရင်းနှီးချင်လာတဲ့သဘောမလား။

နီယွန်ဒီဖြူလုံးကောင်လေးကို စတွေ့ထဲကစဉ်းစားမိတာက သူ့ရဲ့ဖွေးစွတ်နေတဲ့အမွှေးတွေက နှင်းတွေနဲ့တူလိုက်တာလို့ပဲ။ သူ မထိတွေ့ကြည့်ခဲ့ရပေမယ့် အိစက်နေမယ်လို့ အလိုလိုခံစားမိခဲ့တယ်။ အခုလိုထိတွေ့ထားတော့ သူ့အတွေးမှန်တယ်ဆိုတာနီယွန်သိလိုက်ရတယ်။

"ယူကိဆိုရင်ရောဘယ်လိုလဲ?"
"အနက်အဓိပ်ပါယျက 'နှင်း' လို့မလား"

"အင်း ဟုတ်တယ် မင်းဘယ်လိုသိလဲ"
"ငါ့အရင်သခင်ကနာမည်တွေရဲ့အနက်အဓိပ်ပါယျတွေရှာရတာကိုသဘောကျတယ် သူရှာပြီးတိုင်းငါ့ကိုအမြဲဖတ်ပြတတ်တယ်"

"သြော်... "

သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားတယ်။ ခဏနေတော့ကြောင်ဖြူလုံးကတိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်တယ်။

သူကလှည့်ကြည့်ပြီးပြောတယ်။
"အင်းနီယွန် ငါအဲ့နာမည်လေးကိုသဘောကျတယ်"

နီယွန်ပျော်သွားတယ်။ သူတစ်ယောက်ထဲဖြစ်နေတာကြာလွန်းပြီမို့လို့၊ ပြီးတော့သူကိုယ်တိုင်ကလည်းတစ်ယောက်ထဲနေရတာသဘောကျတာမို့လို့ အထီးကျန်တယ်ဆိုတာကို ဘာမှန်းတောင်မသိတော့ပေမယ့် ဒီလိုမျိုးသူ့အနားမှာတစ်ယောက်ယောက်ရှိနေပြီး အသိအမှတ်ပြုခံရတဲ့ခံစားချက်ကို သူသဘောကျမိမှန်းတော့ ပထမဆုံးအကြိမ်သူသိလိုက်တယ်။ ပြီးတော့သူသဘောကျတယ်။ ဒီကြောင်ဖြူဖြူလုံးလုံးလေးကိုရောပေါ့။

"ယူကိ မင်းဘာလို့... "
နီယွန်ဆုံးအောင်မမေးနိုင်ဘဲ ရပ်လိုက်မိတယ်။ သူဒီအကောင်လုံးလေးကို နာကျင်သွားစေမိမှာကြောက်တယ်။

"ဘာလဲ ငါဘာလို့ပြေးလိုက်မသွားတာလဲလို့မေးမလို့လား"
နီယွန်အံ့သြသွားတယ်။ ယူကိကသူ့အတွေးတွေကို သိနေတယ်။

"အင်း"
အခုချိန်မှာဘယ်စကားက အသင့်တော်ဆုံးလဲဆိုတာကို နီယွန်မသိဘူး။ အဲ့ဒါကြောင့်သူအဲ့တစ်လုံးပဲပြန်ဖြေဖြစ်တယ်။

"ငါဘယ်တော့မှမလုပ်ဘူး"
"ဟင်?"

"ငါ့ကိုမလိုချင်လို့စွန့်ပစ်သွားတဲ့သူနောက်ကိုဘယ်တော့မှလိုက်ပြီးတွယ်ကပ်နေမှာမဟုတ်ဘူးလို့ မလိုလားတော့တဲ့အရိပ်အယောင်ပြရင်တောင်ငါကထွက်သွားဖို့လုပ်တာ"

နီယွန်ပြောစရာစကားတွေ ပျောက်ဆုံးသွားသလို ထပ်ခံစားရပြန်တယ်။ ဒီဖြူလုံးကောင်လေးက တော်တော်ထူးဆန်းတယ်။ တစ်ခြားကြောင်တွေနဲ့ လုံး၀မတူဘူး။ ကြောင်တွေက သူတို့သခင်တွေကို အရမ်းတွယ်တာကြတာကို။

"အင်း မင်းမှန်ပါတယ်ယူကိ"
နီယွန့်အဖြေကို ယူကိကသဘောကျသွားသလိုပြုံးတယ်။

အဲ့နေ့ညက နီယွန့်ရဲ့အလင်းရောင်အောက်မှာ ယူကိကအေးအေးချမ်းချမ်းအိပ်နေခဲ့တယ်။ သူတကယ်ပဲအိပ်ပျော်နေခဲ့သလားတော့ နီယွန်မသိနိုင်ခဲ့ပါဘူး။

:: I Don't Know When It Is Started But I've Already Fallen In Love Deeply

ယူကိနီယွန့်ဆီရောက်နေခဲ့တာ လေးလကျော်ခဲ့ပြီ။ နွေဦးမှာနီယွန့်ဆီ ယူကိရောက်လာခဲ့တယ်။ အခုတော့နွေကုန်လို့ဆောင်းလယ်တောင် ရောက်လာခဲ့ပြီ။ ဘယ်သူ့ကိုမှသံယောဇဉ်မထားခဲ့တဲ့နီယွန်ဟာ တစ်စုံတစ်ယောက်အပေါ်ကိုထားမိတဲ့အချိန်မှာလည်း တော်တော်လေးကိုလေးနက်ခဲ့ပါတယ်။ နီယွန် ယူကိ့ကိုသိပ်ချစ်တယ်။

ဒီနေ့ညမှာတော့ နှင်းတွေဖွေးနေအောင် ကျနေတယ်။ သူရဲ့ဖြူလုံးကောင်လေး ချမ်းနေမှန်းနီယွန်သိတယ်။ ယူကိကနီယွန့်ကို သူ့ရဲ့ကျောနဲ့ထိလို့ အတတ်နိုင်ဆုံးကွေးပြီးအိပ်နေတယ်။ ယူကိ့မှာစရောက်လာထဲက အဲ့အကျင့်လေးရှိတယ်။ နီယွန့်ကိုထိထားပြီးမှအိပ်တတ်တာလေး... ။

နီယွန့်အနေနဲ့ သူ့အလင်းကိုအတတ်နိုင်ဆုံး ထပ်တိုးပေးတာကလွဲရင် ဘာမှမလုပ်ပေးနိုင်ဘူး။ အလင်းရောင်ကနေ အနွေးဓာတ်ကို ယူကိနည်းနည်းဖြစ်ဖြစ်ရစေဖို့ မျှော်လင့်ရတယ်။ မိုးရာသီရောက်လာရင် သူဘယ်လိုများလုပ်ရပါ့မလိမ့်။ နီယွန်သူ့ကိုယ်သူအသုံးမကျသလို ပထမဆုံးအကြိမ်ခံစားလိုက်ရတယ်။ သူ့အကောင်လုံးလေးအတွက် ဘာမှလုပ်မပေးနိုင်ဘူး။

"တောင်းပန်ပါတယ်ယူကိ"
"ဘာလို့တောင်းပန်တာလဲနီယွန်?"
ယူကိက နားမလည်သလိုမေးတယ်။ နီယွန်ထင်တဲ့အတိုင်း ယူကိအိပ်မပျော်သေးဘူးပဲ။ အေးတာကြောင့်အိပ်မရတာဖြစ်မယ်။

"ငါမင်းအတွက်ဘာမှမလုပ်ပေးနိုင်ဘူးလေ မင်းအတွက်အစာလည်းကူမရှာပေးနိုင်ဘူး မင်းကိုပွေ့ဖက်လည်းမပေးနိုင်ဘူး အခုမင်းအေးနေတဲ့အချိန်မှာတောင်အနွေးဓာတ်မပေးနိုင်ဘူး ငါကတော်တော်ကိုအသုံးမကျတာပဲ"

နီယွန့်ရဲ့စကားကို ယူကိကဘာမှမတုန့်ပြန်ဘူး။ မိနစ်ပိုင်းလောက်အကြာမှာမှ ယူကိကပြန်ပြောတယ်။

"နီယွန် အခုမင်းဆီကအလင်းရောင်တွေကလေ ငါ့ကိုပွေ့ဖက်ပေးထားသလိုပဲသိလား လက်ဆုပ်လက်ကိုင်ပြလို့မရရင်တောင်နွေးထွေးမှုကိုခံစားမိနေတယ်"

"မင်းကအသုံးမကျတာဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမယ့် အဲ့ဒါကငါ့အတွက်တော့မမှန်ဘူး မင်းကငါ့အတွက်မရှိမဖြစ်ပဲ အသုံး၀င်တယ်၊မ၀င်ဘူးဆိုတာထက်ကိုပိုတယ်"

"ဒီလောက် နှင်းလောက်က ငါ့အတွက်ဘာမှမဖြစ်ပါဘူး ငါ့နာမည်ရဲ့အနက်အဓိပ်ပါယျက'နှင်း'ဆိုတာကိုမင်းမေ့နေပြီလား ဟင်နီယွန်? ဟားဟား"

အဲ့စကားအဆုံးမှာ ယူကိကနှင်းတွေကြားထဲ တိုးဝင်အိပ်လိုက်တယ်။ သူသာအနွေးဓာတ်ကိုလိုချင်တယ်ဆို သူသွားလို့ရတဲ့နေရာတွေအများကြီးပါပဲ။ သူကအဲ့အစားနီယွန့်ရဲ့နွေးထွေးမှုကိုပဲပိုလိုချင်တယ်။ သူနီယွန့်ကိုပဲရွေးချယ်ခဲ့တယ်။

နီယွန်သိပ်ပျော်သွားတယ်။ သူ့ဘ၀မှာသူ့ကိုတစ်ယောက်ယောက်က လိုအပ်ကြောင်းပြောခဲ့ပြီ။ လုပ်ပေးသမျှချီးကျူးခံရတာမရှိခဲ့တာမို့ သူအေးစက်လာခဲ့ပေမယ့် အခုတော့သူ့နှလုံးသားက အရမ်းပျော်ရွှင်ပြီးနွေးထွေးနေသလို ခံစားရတယ်။

သူယူကိကိုလှမ်းကြည့်လိုက်တယ်။ နှင်းတွေကြားထဲ ခြေဆန့်လက်ဆန့်၀င်အိပ်နေတဲ့ သူ့ရဲ့ကြောင်ငပျင်းလေးက သိပ်ချစ်ဖို့ကောင်းတယ်။ ဂရုတစိုက်ရေချိုးပေးမယ့်သူ မရှိတာတောင်စတွေ့တုန်းကလို ဖြူဖွေးစွတ်နေတုန်းပဲ။ သူတောင်မသိလိုက်ခင်မှာပဲ နီယွန်စကားတစ်ခွန်းကိုပြောမိသွားတယ်။

"ငါမင်းကိုချစ်တယ်ယူကိ"
ယူကိကအိပ်နေတယ်။ ဘာတုန့်ပြန်မှုမှ မပေးခဲ့ဘူး။ သူ မကြားလိုက်တာဖြစ်နိုင်သလို၊မကြားချင်ခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

:: Saying, I Love You

ဒီနေ့ယူကိကောင်းကောင်း မအိပ်ဘူး။ လူးလှိမ့်နေတယ်။ ခဏနေတော့ထထိုင်လိုက်ပြီး ရေထဲမှာအရိပ်ထင်နေတဲ့လကို တံတားလက်တန်းတွေကြားက ငေးကြည့်နေတယ်။ လရောင်က ယူကိရဲ့အမွှေးဖြူဖြူတွေပေါ် ဖြာကျနေတဲ့မြင်ကွင်းက အရမ်းလှတယ်။ ဒီနေ့က လပြည့်ညပဲ။

ယူကိကရေပြင်ပေါ်က နေရဲ့အရိပ် ၊ လရဲ့ထင်ဟပ်မှုကိုငေးကြည့်နေပြီး၊ နီယွန်ကတော့ခါတိုင်းလိုပဲ ယူကိကို ငေးကြည့်နေတယ်။ ရုတ်တရက်ယူကိက စကားစပြောလိုက်တယ်။

"နီယွန် ငါတစ်ယောက်ယောက်ကိုထပ်ပြီးငါ့ရဲ့ပိုင်ရှင်အဖြစ်မသတ်မှတ်ချင်တော့ဘူး"
ယူကိကနီယွန့်ကို မကြည့်ဘဲပြောတယ်။ သူရဲ့အကြည့်တွေက လရောင်ကြောင့် တလက်လက်တောက်နေတဲ့ရေပြင်မှာရှိနေတုန်းပဲ။

"ဟင်?"
နီယွန်ကယူကိပြောတာကိုနားမလည်သလိုအသံပြုတယ်။

"ငါတို့တစ်ယောက်ယောက်ကိုပိုင်ရှင်အဖြစ်သတ်မှတ်တယ်ဆိုတာတစ်ယောက်ယောက်ကိုသံယောဇဉ်တွယ်တာ၊ချစ်တာဆိုတဲ့သဘောပဲလေ ပြီးတော့ငါတို့ကအဲ့တစ်ယောက်ယောက်ရဲ့ပိုင်ဆိုင်မှုဖြစ်သွားတာ ငါအဲ့လိုထပ်မဖြစ်ချင်တော့ဘူး ငါပင်ပန်းနေပြီ "

နီယွန် ခေါင်းငြိမ့်လိုက်တယ်။ သူကယူကိရဲ့ပိုင်ရှင်(သခင်)ဘယ်တုန်းကမှ မဖြစ်ချင်ဖူးဘူးလေ။ သူကနီယွန်နဲ့ ဒီလိုအမြဲအတူရှိသွားချင်တာ။

"အင်း ရတယ် မင်းမလုပ်ချင်တာဘာမှမလုပ်နဲ့ယူကိ ငါမင်းဘက်မှာအမြဲရှိတယ်"

နီယွန်ကသူ့ကိုယူကိတိုင်ပင်နေတာမှတ်လို့ ထောက်ခံသလိုအဖြေပေးလိုက်တယ်။ တကယ်တမ်းဘာမှလုပ်ပေးနိုင်တာမရှိပေမယ့် 'ငါမင်းဘက်မှာရှိတယ်'ဆိုတဲ့စကားကိုပြောခဲ့တယ်။ လုပ်ပေးနိုင်ရင်ဘာမဆိုလုပ်ပေးမှာပေမယ့် တတ်နိုင်တာမရှိတဲ့အခါ စိတ်လုံခြုံမှုလေးဖြစ်ဖြစ်ပေးနိုင်ဖို့ကိုပဲ နီယွန့်အနေနဲ့မျှော်လင့်ရတယ်။

"ငါ့ကိုနားလည်ပေးလို့ကျေးဇူးပါနီယွန် ပြီးတော့... "
"အင်း"
ယူကိရဲ့ပြောရခက်နေပုံကြောင့်နီယွန်ကစကားထောက်ပေးလိုက်တယ်။

"ငါလည်း မင်းကိုချစ်တယ်နီယွန်"
နီယွန့်ရင်ထဲမှာနွေးထွေးသွားတယ်။ သူယူကိပြောခဲ့တဲ့စကားတွေက ဘာအဓိပ်ပါယျလဲဆိုတာကို သေချာဆက်စပ်ပြီး မတွေးခဲ့ဘူး။ သူ သူ့ရဲ့ကြောင်ဖြူလုံးလေးဆီကချစ်တယ်လို့ကြားရတာကို အရမ်းသဘောကျတာပဲသိတယ်။

ဘေးနားမှာအမြဲရှိနေချင်တဲ့ဆန္ဒပဲရှိတာမို့ ချစ်တယ်ဆိုတာကအဓိပ်ပါယျတွေအများကြီးရှိတယ်ဆိုတာကိုလည်း နီယွန်မတွေးခဲ့မိဘူး။ လိုရာဆွဲတွေးတာလည်းမဟုတ်ဘဲ ဒီတိုင်းယူကိကသူ့ကိုချစ်တယ်လို့ပဲမှတ်ယူခဲ့တာ။ ယူကိကသူ့ဘေးနားကဘယ်တော့မှထွက်သွားမှာမဟုတ်ဘူးလို့ယုံကြည်ခဲ့တာ။ သူ့ဘေးနားမှာရှိနေတဲ့ယူကိရယ်၊ယူကိရဲ့ချစ်တယ်ဆိုတဲ့စကားရယ် သူ့အတွက်ဒါဆိုလုံလောက်ပြီလို့နီယွန်တွေးခဲ့တာ။

"ငါလည်းမင်းကိုချစ်တယ်ယူကိ မင်းချစ်တာထက်အများကြီးပိုပြီး..."
"အင်း ငါယုံပါတယ် ငါခံစားမိပါတယ်နီယွန်ရာ"

:: Giving Up ON You

ဒီနေ့တော့ ယူကိမနက်ထဲက ဘယ်မှမသွားဘူး။ သူနီယွန့်ဘေးမှာ လှဲပြီးလှိမ့်နေတယ်။ သူ့ကိုကြည့်ရတာသိုးမွှေးလုံးဖြူလေးလိမ့်နေသလိုပဲ။ နီယွန်ယူကိ့ကိုကြည့်ရတာ အရမ်းသဘောကျနေပေမယ့် သူ့အကောင်လုံးလေး အခုအစာသွားမရှာရင် တစ်နေကုန်ဗိုက်ဆာနေမှာစိုးတယ်။ တကယ်တမ်းသူသာလုပ်နိုင်ရင် သူ့ကြောင်ဖြူလုံးလေးကို အမြဲအေးအေးဆေးဆေးနေခိုင်းပြီး သူကိုယ်တိုင်အစာထွက်ရှာပေးချင်ပါတယ်။ ဒါသူ့ဘ၀မှာပထမဆုံးအကြိမ်မပြည့်နိုင်မှန်းသိတဲ့ဆုကိုတောင်းမိခြင်းပဲ။

"ယူကိ... ယူကိ..."
"အင်းနီယွန်"
ယူကိကအရမ်းပျင်းရိနေတဲ့ပုံနဲ့ သူ့ရဲ့ခြေတွေ၊လက်တွေကို ဆန့်ရင်းပြန်ထူးတယ်။ အသံလေးကလည်းလိုအပ်တာထက် ပိုနူးညံ့ပြီးတိုးနေတယ်။ အဲ့ပုံလေးကတအားချစ်ဖို့ကောင်းလွန်းလို့ နီယွန့်အသည်းကိုပုရွက်ဆိတ်အနီကောင်တွေ စုပြုံကိုက်နေသလိုခံစားရတယ်။

~ဒါယူကိသူ့ကိုချွဲနေတာပဲ~
~သူဘာပြောမယ်မှန်းသိလို့~

'ကဲ ဒီလိုအမူအယာလုပ်ပြရုံနဲ့စိတ်ပျော့လို့မဖြစ်ဘူးနီယွန်ရေ'လို့ သူ့ကိုယ်သူပြန်သတိပေးလိုက်တယ်။

"ယူကိ မင်းအစာသွားရှာသင့်နေပြီ"
"ဟင့်အင်းနီယွန် မင်းတောင်ဘာမှမစားဘဲနေသေးတာပဲ ငါလည်းတစ်ရက်လောက်မစားလို့ဘာမှမဖြစ်ပါဘူး"
နီယွန့်ရဲ့ယူကိဟာအဲ့လိုလည်းဂျစ်တိုက်ပြီးဂျီကျတတ်ပါသေးတယ်။

"မတူဘူးလေယူကိရယ် ငါကမဆာတတ်ဘူး မစားလည်းဘာမှမဖြစ်ဘူး ဒါပေမယ့်မင်းကတော့ငါ့လိုမဟုတ်ဘူးလေ "

နီယွန်ဟာလည်း ယူကိသူ့ကိုရစ်နေမှန်းသိရက်နဲ့ စိတ်ရှည်ရှည်ရှင်းရှာပါတယ်။ ယူကိက နီယွန့်ရဲ့ဓာတ်ပြားဟောင်းကြီးကို မကြားချင်တော့တဲ့ပုံနဲ့ နီယွန့်ကိုကျောပေးပြီး သူ့နားနှစ်ဖက်ကို လက်သေးသေးလေးတွေနဲ့ အုပ်လိုက်တယ်။

ဒါယူကိ ဒီလိုအပျင်းပိုတဲ့နေ့တွေမှာ နီယွန်ပြောနေကြစကားတွေပဲ။ သူအလွတ်တောင်ရနေပြီ။

"ယူကိ!"
နီယွန်အပြင်ပန်းမှာသာ သူ့အသံကိုမာလိုက်ပေမယ့် စိတ်ထဲမှာတော့အဲ့အကောင်ပေါက်လေးကို အသည်းယားလွန်းလို့သေတော့မလိုခံစားနေရတယ်။

"အင်းပါ အင်းပါနီယွန်ရာ ငါခဏနေရင်သွားပါ့မယ် ခဏလေးပါ"
ယူကိက သူ့မိုးပြာရောင်မျက်ဝန်းရွဲကြီးတွေနဲ့ နီယွန့်ကိုလှမ်းကြည့်ပြီးပြောတယ်။ ယူကိ့မျက်လုံးတွေက သိပ်လှတယ်။ သလင်းကျောက်တွေလိုလို့တင်စားရမလား။ ဖန်ဘောလုံးတွေလိုလို့တင်စားရမလားတော့နီယွန်မသိဘူး။ ဒါပေမယ့် သိပ်လှတာတော့နီယွန်သိတယ်။

"ဟုတ်ပါပြီ"
နီယွန်အစကတောင် သူ့စိတ်ကိုမနည်းတင်းထားရတာ။ အဲ့မျက်ဝန်းရွဲကြီးတွေရဲ့ ဗို့အားကိုခံနိုင်ရိုးလား။

ယူကိကသဘောကျသလိုရယ်ပြီး အပျင်းကြောနောက်တစ်ကြိမ်ထပ်ဆန့်လိုက်တယ်။ ပြီးတော့ ထပြီးထွက်သွားတယ်။

"ငါသွားပြီနီယွန်"
"အင်း ဂရုစိုက်ဦး!"
မျက်စိတစ်မှိတ်အတွင်း ခပ်ဝေးဝေးကိုရောက်သွားတဲ့ယူကိကို နီယွန်အော်ပြောလိုက်တယ်။ ယူကိက ဘာမှပြန်မပြောဘဲ လက်တစ်ဖက်ပဲ ထောင်ပြသွားခဲ့တယ်။

:: I Am Talking With You When I Am With You And I Am Thinking About You When I Am Not With You

ယူကိထွက်သွားတော့ နီယွန့်အတွေးတွေက ဟိုဟိုဒီဒီရောက်သွားခဲ့တယ်။ ယူကိ သူ့ဆီရောက်လာတာ ငါးလရှိပြီ။ နောက်တစ်လလောက်နေရင် မိုးရာသီရောက်ပြီဖြစ်တယ်။ နီယွန်ပိုပိုပြီး စိတ်ပူလာတယ်။ သူလုပ်ပေးနိုင်တာ တစ်ခုခုများရှိမလားလို့ အသည်းအသန် စဉ်းစားကြည့်တယ်။ ဒါပေမယ့် အခုထိသူလုပ်ပေးနိုင်တာ ဘာမှမတွေ့သေးဘူး။ ဗလာမှာဗလာကိုပဲ ပြန်ရှာတွေ့တယ်။ သူစိတ်ဓာတ်ကျသလို ခံစားနေရတယ်။ ယူကိက သူ့ကိုမရှိမဖြစ်လိုအပ်တယ်လို့ပြောနေပေမယ့် သူကတော့အသုံးမကျဘူးလို့ခံစားရတယ်။ အဲ့ခံစားချက်ကြီးက သိပ်ဆိုးတယ်။

တဖြည်းဖြည်းနဲ့ ညနေစောင်းလာတယ်။ ယူကိပြန်လာတာတောင် နီယွန်မသိလိုက်တဲ့အထိ အတွေးတွေလွန်နေခဲ့တယ်။ နီယွန်ဆိုတာအဲ့လိုပါပဲ။ ယူကိနဲ့အတူရှိနေတဲ့အချိန်မှာ ယူကိနဲ့စကားပြောပြီး၊ ယူကိနဲ့အတူမရှိတဲ့အချိန်မှာ ယူကိ့အကြောင်းကိုတွေးတယ်။ နီယွန့်ရဲ့တစ်နေ့တာက ယူကိနဲ့ပဲပြည့်နှက်နေတယ်။

"နီယွန်"
ယူကိပြန်ရောက်နေတာနေမ၀င်ခင်ထဲက။ အခုတော်တော်လေးမှောင်နေပြီ။ နီယွန်ကမီးမဖွင့်သေးဘူး။ ယူကိကနီယွန်မနက်ကကိစ္စကြောင့် သူ့ကိုစိတ်ဆိုးနေတယ်လို့ ထင်ပြီးတိုးတိုးလေးခေါ်တယ်။ ပြန်ရောက်ထဲက သူတစ်ချိန်လုံးစကားစမပြောဘဲ ငြိမ်ငြိမ်လေးရပ်နေခဲ့တာ။ အခုမှောင်လာလို့သာ။

"အင်? အင်းယူကိ? "
နီယွန်ကစိတ်နဲ့လူနဲ့မကပ်သလိုပဲ။ ကြောင်စီစီပြန်ထူးတယ်။

ပြီးမှအသိ၀င်သွားတဲ့ပုံနဲ့ ...
"ယူကိ ပြန်တောင်ရောက်နေပြီလား အာ ဆောရီး မှောင်တောင်နေပြီပဲ ငါနည်းနည်းစိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်သွားလို့ တောင်းပန်ပါတယ်"

နီယွန်ကမီးကိုချက်ချင်းဖွင့်ပေးပြီး တောင်းပန်နေတယ်။ ယူကိစိတ်ထဲတော်တော်လေးမနှစ်မြို့သလိုခံစားရတယ်။

"နီယွန်မင်းဘာတွေအတွေးများနေတာလဲ"
"...."
ယူကိအသံကမာနေတယ်။ နီယွန့်ဆီကစကားပြန် မလာပြန်ဘူး။

"နီယွန်!"
နီယွန်ထပ်ပြီးအာရုံတွေလွင့်နေပြန်ပြီ။ ယူကိမေးသံကိုမကြားဘဲ ကျယ်ကျယ်ခေါ်လိုက်မှ ပြန်ထူးလာတယ်။

"ဟင်? အင်း ဘာမှမဟုတ်ပါဘူးယူကိရာ ဒီအတိုင်းပဲ"
ကြည့်... အခုထိတောင်နီယွန့်အာရုံကသူ့ဆီမှာမရှိသေးဘူး။ ယူကိစိတ်ဆိုးလာတယ်။ သူက နီယွန်သူ့ကိုစိတ်ဆိုးနေတယ်မှတ်တာပေမယ့် တကယ်ကမဟုတ်ဘူးပဲ။ နီယွန့်အာရုံကိုက သူ့ဆီမှာမရှိတာ။

"နီယွန် မင်းကငါ့အပိုင်ပဲနော်"
ယူကိကဒေါသသံနဲ့ပြောတယ်။ ပိုင်စိုးပိုင်နင်းစကားဖြစ်နေတာတောင် နီယွန်ကတော့မနှစ်မြို့မှုကိုမခံစားရဘူး။ အဲ့အစား သူ့နှလုံးသားကတဆတ်ဆတ်တုန်နေသလို နီယွန်ခံစားရတယ်။ သူသဘောကျတယ်။

နီယွန်ခပ်ဖွဖွလေး ပြုံးလိုက်တယ်။
"အင်း ဟုတ်ပါတယ် ငါကမင်းအပိုင်ပါယူကိရယ်"

"ဒါပေမယ့်လေ ငါကမင်းအတွက်ဘာမှအသုံးမ၀င်သလိုခံစားရတယ် ငါ... ငါကဘာမှမဟုတ်သလိုပဲ"
နီယွန်ပြုံးနေတုန်းပဲ။ ဒါပေမယ့် နီယွန့်အပြုံးကငိုနေတာထက်တောင် ပိုနာကျင်နေသလို... ။ မြင်ရတဲ့သူကိုခံစားရခက်စေတယ်။

"နီယွန်ငါ့ကိုကြည့်"
ယူကိအသံကပြတ်သားနေတယ်။ ပထမတစ်ကြိမ်နီယွန်ပြောလာတုန်းက အဲ့လောက်ထိဆိုးနေလိမ့်မယ်လို့ မထင်ခဲ့လို့ယူကိကနည်းနည်းပဲရှင်းပြခဲ့တာ။ အခုယူကိသိသွားတာက နီယွန်အတွေးများတာကတော်တော်ဆိုးရွားပြီး သူ့အတွေးနဲ့သူ့ကိုယ်သူလှောင်ပိတ်ရင်းစိတ်ဒုက္ခပေးနေတယ်ဆိုတာကိုပါပဲ။ ဒါပေမယ့် နီယွန်စိတ်လွင့်နေတာဟာတစ်ခြားကြောင့်မဟုတ်ဘဲ သူ့ကြောင့်ဆိုတာသိရတော့ ယူကိနည်းနည်းကျေနပ်သွားသလိုခံစားရတယ်။ ယူကိသေချာပြောပြဖို့ ပြင်လိုက်တယ်။

"မင်းကငါ့အတွက်အများကြီးအသုံး၀င်တယ်နီယွန် ဒီငါးလအတွင်းငါနာကျင်နေတဲ့အချိန်တိုင်းမှာမင်းငါ့ဘေးနားမှာရှိနေပေးခဲ့တယ် ငါ့ကိုနှစ်သိမ့်ပေးခဲ့တယ် ငါ့အပေါ်နွေးထွေးပေးခဲ့တယ် အမှောင်ကို'ဆိုက်ကို'လိုကြောက်တဲ့ငါ့ကိုအမြဲအလင်းပေးခဲ့တယ် "

"ငါကအမှောင်ကြောက်တယ်ဆိုပြီးတစ်ခုခုဆိုအမှောင်ထဲပြေး၀င်ပုန်းတတ်တဲ့ကောင်မျိုးပဲ ငါကအမှောင်ကိုကြောက်တယ်ဆိုတာထက်အမှောင်ထဲကမထွက်ချင်တော့မယ့်ငါ့ကိုယ်ငါပိုကြောက်တာ"

"မင်းကငါ့ရဲ့ Soul Mate ပဲနီယွန် မင်းကငါ့ဘ၀မှာပထမဆုံးအကြိမ်မိသားစု၀င်လိုသဘောထားမိတဲ့အထိတန်ဖိုးထားရတဲ့သူမျိုးပဲ"

နီယွန်ဟာယူကိပြောတဲ့စကားတွေကိုနားထောင်ရင်း ရင်ထဲနွေးထွေးသွားခဲ့တယ်။ ယူကိသူ့ကိုအဲ့လောက်ခင်တွယ်နေခဲ့မယ်လို့ နီယွန်မထင်ခဲ့ဘူး။

ယူကိရဲ့မိသားစု၀င်ဆိုတဲ့နေရာက သူယူကိကိုဘယ်တော့မှ မပိုင်ဆိုင်နိုင်တော့မှာမှန်းကိုတော့ နီယွန်မသိခဲ့ပါဘူး။

"ကျေးဇူးပါယူကိ ပြီးတော့... "
"အင်း"
ယူကိကနီယွန့်ကိုစကားထောက်ပေးတယ်။

"ငါမင်းကိုချစ်တယ်"

ယူကိဟာလည်းမဆိုင်းမတွ ချက်ချင်းပြန်ပြောလာခဲ့ပါတယ်။

"ငါလည်းမင်းကိုချစ်ပါတယ်နီယွန်"

:: Distance And Lying To Myself

ဒီနေ့မနက်က နေသာနေခဲ့တယ်။ ယူကိကလည်းစောစောထွက်သွားတယ်။ ဒါပေမယ့် အခုမိုးတွေရွာနေတာ သည်းသည်းမည်းမည်းပဲ။ နီယွန်ယူကိကိုစိတ်ပူနေတယ်။ အချိန်အခါမဟုတ်ဘဲရွာတဲ့မိုးကို တိတ်တဆိတ်ကျိန်ဆဲနေရင်း မကြာခင်မိုးရာသီရောက်တော့မှာကို တွေးမိသွားပြန်တယ်။ ယူကိက သူ့ဟာသာအဆင်ပြေအောင်လုပ်နိုင်တယ်လို့ အထပ်ထပ်ပြောပြီးပြီပေမယ့် နီယွန်စိတ်ပူနေတုန်းပဲ။

ယူကိပြန်လာတဲ့အချိန်မှာ မိုးရေစိုမနေခဲ့ဘူး။ ယူကိကိုကြည့်ရတာတစ်ခုခုကို စိတ်အနှောင့်အယှက်ဖြစ်နေသလိုပဲ။ ယူကိဘာမှပြောချင်ပုံမပေါ်တာမို့ နီယွန်ကလည်းဘာမှမမေးခဲ့ဘူး။ ဒါပေမယ့် အဲ့နေ့နောက်ပိုင်းမှာတော့ ယူကိတော်တော်နဲ့ပြန်မလာဘူး။ ခါတိုင်းထက်နောက်ကျနေတယ်။ ပြန်လာရင်လည်း စကားကောင်းကောင်းမပြောဘဲ တန်းအိပ်တော့တာပဲ။ အရင်ကတစ်နေကုန်ဖြစ်ခဲ့သမျှကို စီကာပတ်ကုံးပြန်ပြောပြတတ်တဲ့ယူကိကအခုတလောတိတ်ဆိတ်နေတယ်။

နီယွန်က ယူကိကိုစိတ်ပူတယ်။ အစာသွားရှာတဲ့နေရာမှာ ပြဿနာတစ်ခုခုများတွေ့နေသလားပေါ့။ နီယွန်ဒီနေ့တော့ ယူကိကိုထုတ်မေးဖို့စဉ်းစားထားတယ်။

"ယူကိ"
အိပ်ဖို့ပြင်နေတဲ့ယူကိကို နီယွန်ကကြားတယ်ဆိုရုံလောက်လေး ခပ်တိုးတိုးခေါ်လိုက်တယ်။ ပုံမှန်ဆို 'အင်း' လို့ထူးတတ်ပေမယ့် အခုတော့ယူကိကမော့ကြည့်ရုံမော့ကြည့်တယ်။ နီယွန်ကယူကိနဲ့ပတ်သက်ရင် အဲ့လိုအသေးအမွှားလေးကအစမှတ်မိနေတတ်တဲ့သူပဲ။

"တစ်ခုခုများဖြစ်နေလို့လားဟင်ယူကိ? မင်းတအားတိတ်ဆိတ်နေလို့"

"ဟင့်အင်း မဟုတ်ပါဘူး ဒီတိုင်းငါပင်ပန်းနေလို့နီယွန် မိုးကမကြာခင်ရောက်တော့မှာဆိုတော့မိုးခိုဖို့နေရာတစ်နေရာရှာဖို့လည်းငါ့အတွက်လိုနေလို့ပါ ငါနည်းနည်းပင်ပန်းနေတယ် မင်းကိုဂရုမစိုက်မိသလိုဖြစ်သွားရင်တောင်းပန်ပါတယ်"

"မဟုတ်တာ ရပါတယ် နားလိုက်ဦးနော်ယူကိ"

ယူကိကခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုပေးလာခဲ့တာမို့ နီယွန်ဘာမှဆက်မမေးတော့ဘဲ တကယ်ပင်ပန်းနေပုံပေါ်တဲ့ယူကိကောင်းကောင်းအိပ်နိုင်ဖို့ တိတ်ဆိတ်ပေးလိုက်တယ်။ ဒါပေမယ့် အဲ့ဒါကယူကိရဲ့တကယ့်ပြဿနာမဟုတ်ဘူးလို့ နီယွန်ထင်နေမိတုန်းပဲ။

"ငါ့ကိုအိပ်မက်ထဲထည့်မက်နော်ယူကိ ဟီး"
နီယွန်ကပြောနေကြအတိုင်း ခပ်နောက်နောက်ပြောလိုက်ပေမယ့် အရင်လိုယူကိဆီက 'ဟုတ်ပါပြီအရူးလေးရာ' လို့ရယ်ရင်းပြန်ပြောတဲ့တုန့်ပြန်သံကို မကြားရတော့ဘူး။ အရမ်းပင်ပန်းနေလို့ချက်ချင်းအိပ်ပျော်သွားတာများလားလို့ နီယွန်ဖြည့်တွေးကြည့်ပေမယ့် ယူကိတကယ်ပြောင်းလဲနေတယ်လို့ နီယွန်ခံစားရတယ်။

"ချစ်တယ် ယူကိ"
နီယွန်ကသူတို့စကားပြောပြီးလို့ နှုတ်ဆက်တိုင်းပြောနေကြစကားကိုပြောလိုက်ပေမယ့် ဒီတစ်ခါလည်းပဲ ယူကိ့ဆီကတုန့်ပြန်စကားရောက်မလာခဲ့ပါဘူး။

အဲ့အစားအိပ်ပျော်နေတဲ့ယူကိကိုပဲ နီယွန်တွေ့လိုက်ရတယ်။ ဒုတိယအကြိမ်အနေနဲ့ ယူကိတကယ်အိပ်ပျော်နေလား၊မပျော်နေလားကို နီယွန်မခန့်မှန်းနိုင်ခဲ့ပါဘူး။

ယူကိပြောင်းလဲနေတယ်ဆိုတဲ့အတွေးကို နီယွန်ခေါင်းထဲက ထုတ်လိုက်ပြီး တကယ်ပင်ပန်းလို့အိပ်ပျော်သွားတာနေမှာပါလို့ပဲမှတ်ယူလိုက်တယ်။ သူ့ရဲ့ကြောင်ဖြူလုံးလေးကို နီယွန်သံသယမ၀င်ရက်ဘူး။

နီယွန်ဟာယူကိ့ကိုအပြည့်အ၀ယုံကြည်ပေးခဲ့ပါတယ်။ ပြောင်းလဲနေတယ်ဆိုတာကိုခံစားမိရက်နဲ့၊လိမ်နေတယ်ဆိုတာကိုခံစားမိရက်နဲ့ စိတ်ရော၊ကိုယ်ပါမျက်စိစုံမှိတ်လို့ယုံကြည်ပေးခဲ့ပါတယ်။

ဘယ်တုန်းကစခဲ့မှန်းမသိပေမယ့် နီယွန်ကိုယ့်ကိုယ်ကို လိမ်ညာတတ်လာတယ်။ အမှန်တရားကိုသိနေရက်နဲ့မဟုတ်ဘူးဆိုပြီး အတင်းသတ်မှတ်ပစ်လိုက်တာမျိုးပေါ့။
. . .
နီယွန် သူနဲ့ယူကိကြားမှာ တဖြည်းဖြည်းပိုအလှမ်းဝေးလာသလို ခံစားရတယ်။ ယူကိသူ့ဘေးနားမှာရှိနေပေမယ့်မရှိသလိုမျိုး၊ယူကိနဲ့ဝေးနေသလိုမျိုး နီယွန်ခံစားနေရတယ်။ ဒါပေမယ့် နီယွန်ခပ်များများမတွေးခဲ့ဘူး။ သူ့ရဲ့ဖြူလုံးကောင်လေးမှာ စိတ်ညစ်စရာတစ်ခုခုရှိနေပြီး သူ့ကိုလည်းမပြောပြချင်လို့,လို့ပဲတွေးလိုက်တယ်။ နည်းနည်းစိတ်သက်သာရာရသွားရင် ပြောလာလိမ့်မယ်ပေါ့။

အတွေးများပြီး အမြဲစိတ်ပူတတ်တဲ့နီယွန့်ကိုယူကိက အများကြီးမတွေးဘဲစိတ်အေးအေးနေဖို့ အကြိမ်ကြိမ်ပြောထားတဲ့အတွက် နီယွန်သူ့စိတ်ကိုအေးအေးထားဖို့အမြဲကြိုးစားတယ်။

'နီယွန်မင်းယူကိ့ကိုယုံရမယ်။ ဟင့်အင်း ယုံရမှာမဟုတ်ဘူး။ ငါယူကိကိုယုံပါတယ်။'
နီယွန်ဟာအမြဲလိုလိုအဲ့လိုတွေးနေခဲ့တယ်။ ဒါပေမယ့် ယူကိဟာတော့တစ်နေ့တစ်ခြား ပိုပိုပြီးတိတ်ဆိတ်လာပါတယ်။

:: Nightmare

အခုရက်ပိုင်းမိုးစကျလာတယ်။ နီယွန်ဟာမီးတိုင်တစ်ချောင်းဖြစ်တဲ့အတွက် အလင်းပေးရုံအပြင် ယူကိအတွက်တစ်စုံတစ်ရာတတ်နိုင်တာမရှိပါဘူး။ ယူကိအနေနဲ့ကလည်း ကြောင်တစ်ကောင်ဖြစ်တဲ့အတွက် နီယွန်နဲ့မိုးရေထဲမှာနေဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး။

အရင်ကလိုဆိုနီယွန့်အနေနဲ့ ယူကိကိုမိုးလုံမယ့်နေရာတစ်နေရာဆီသွားဖို့ မဆိုင်းမတွတိုက်တွန်းလိုက်မှာပေမယ့် အခုတော့နီယွန်တုန့်ဆိုင်းနေမိတယ်။ တစ်နေ့တစ်ခြားပိုတိတ်ဆိတ်လာပြီး သူနဲ့ပိုအလှမ်းဝေး လာတဲ့ယူကိဟာအခုအချိန်မှာထွက်သွားရင် ဘယ်တော့မှပြန်မလာတော့မှာကိုသူကြောက်တယ်။ ဒါဟာနီယွန့်အတွက်အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ဘယ်တော့မှမကြုံတွေ့ချင်သောပေါ့။
. . .
ဒီရက်ပိုင်းမိုးဖွားလေးတွေကျတာပိုပိုများလာတယ်။ နောက်လေး၊ငါးရက်နေရင် သည်းထန်လာတော့မှာအသေအချာပါပဲ။ နီယွန်ကဘာမှမပြောသေးသလို၊ယူကိကလည်းထွက်သွားမယ့် အရိပ်အယောင်မပြသေးဘူး။ ဒါပေမယ့်ယူကိသာသွားမယ်ဆို သူ့ကိုနှုတ်ဆက်ပြီးချက်ချင်းထွက်သွားနိုင်မှန်း နီယွန်သိတယ်။ ယူကိမှာဘာမှ,မှပြင်ဆင်စရာမရှိတာ။ အင်း... တကယ်တော့နှုတ်ဆက်စကားတောင်မလိုဘဲ ယူကိထွက်သွားနိုင်ပါတယ်။ အကယ်၍ သွားချင်တယ်ဆိုရင်ပေါ့။

အစကတော့ သူ့မှာလည်းယူကိပဲရှိသလို၊ယူကိမှာလည်းသူပဲရှိပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အပြန်အလှန်နားလည်ပေးနိုင်လို့ အတွဲညီခဲ့ကြတာမို့ သူတို့ဘယ်တော့မှမဝေးဘူးလို့ နီယွန်တွေးခဲ့တယ်။ ယူကိသူ့ဆီကထွက်သွားစရာအကြောင်းလည်းမရှိဘူးလို့ပေါ့။ သူဟာယူကိအတွက်အရေးပါတဲ့သူတစ်ယောက်လို့လည်း နီယွန်ထင်ခဲ့တယ်။ ဒါပေမယ့်အခုတော့နီယွန့်ဆီမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းနည်းလေးတောင် ရှိမနေတော့ပါဘူး။

ယူကိကိုယ်တိုင်ဘယ်တုန်းကမှ အတည်မပြုပေးခဲ့တဲ့အရာတွေကို နီယွန်ကိုယ့်ဘာသာယုံကြည်လိုက်ဖို့ သတ္တိမရှိတော့ဘူး။ ယူကိဘာမှမပြောဘဲ သူ့ဆီကရုတ်တရက်ထွက်ခွာသွားမှာ နီယွန်ကြောက်နေတယ်။ အစာသွားရှာရင်းပုံမှန်အချိန်တွေထက် အပြန်နောက်ကျလာတတ်တဲ့ယူကိကို နီယွန်နေ့တိုင်းရင်တထိတ်ထိတ်နဲ့စောင့်ဆိုင်းနေရတယ်။
ဘာမှန်းမသိပေမယ့် ယူကိပြောင်းလဲနေတာကို နီယွန်ရိပ်မိခဲ့တာကြာပြီ။ ဒါပေမယ့် သူယူကိကိုထုတ်မေးဖို့သတ္တိမရှိဘူး။ ယူကိပြောလာမယ့်စကားတွေကို နားမထောင်ရဲဘူး။ အခုချိန်ထိ ယူကိမိုးသည်းလာရင် ပြောင်းဖို့နေရာတစ်ခုခုရှာနေရလို့ စိတ်ရှုပ်နေတာနေမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုဖြေသိမ့်နေခဲ့တယ်။ ဒီအချိန်အတောအတွင်းမှာ နီယွန်ယူကိအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာဟာ အတိုင်းမသိကြီးမားနေခဲ့ပါပြီ။

:: Yuki's Decision

ဒီနေ့တော့ယူကိပုံမှန်အချိန်ထက်စောပြီး ပြန်ရောက်လာခဲ့တယ်။ အရင်လိုတစ်နေ့တာအကြောင်းတွေကိုလည်း ပြောပြပြီး နီယွန့်ကိုခဏခဏလှမ်းကြည့်နေခဲ့တယ်။ တဖြည်းဖြည်းနေဝင်လာပြီး ကောင်းကင်ကြီးတစ်ခုလုံးကို အမှောင်ထုကကြီးစိုးသွားတယ်။ ယူကိအရင်လိုပြန်ဖြစ်နေပေမယ့်နီယွန်မပျော်နိုင်ဘူး။ နီယွန်မကောင်းတာတစ်ခုခုကိုခံစားမိနေတယ်။

ယူကိဟာတံတားလက်ရန်းတွေကိုမျက်နှာမူပြီး ရေပြင်ကိုစိုက်ကြည့်နေတယ်။ တစ်ခုခုကိုပြောဖို့အားယူနေတဲ့ပုံမျိုးနဲ့။ ကြည့်ရတာနီယွန်ထပ်ပြီးရှောင်ပုန်းလို့မရတော့တဲ့ပုံပါပဲ။

"နီယွန်"
ယူကိ့ရဲ့ခေါ်သံကိုနီယွန်ကြားလိုက်ရတယ်။ ထုတ်ပြောနိုင်ဖို့ခက်ခဲခဲ့တဲ့ပုံပေါ်ပေမယ့် ပြောလာတဲ့အချိန်မှာတော့ တစ်ခုခုကိုဆုံးဖြတ်ချက်ချထားပြီးသလို အသံကပြတ်သားနေတယ်။ ယူကိကိုခါတိုင်းလို 'အင်း ပြောလေယူကိ' လို့နီယွန်ချက်ချင်းစကားပြန် မပေးနိုင်ခဲ့ပါဘူး။ စွံ့အနေသလိုနီယွန်ခံစားရတယ်။

"အင်းယူကိ မကြာခင်မိုးသည်းလာတော့မှာ မင်းနေဖို့နေရာရှာတာအဆင်ပြေရဲ့လား အဆင်ပြေရင်ပြောင်းလိုက်တော့လေယူကိရ မိုးစဲတဲ့နေ့တွေတော့ငါ့ကိုလာတွေ့မယ်မလား"

ယူကိစကားစရမခက်အောင် နီယွန်အားယူပြီးပြောလိုက်တယ်။

"မိုးတွင်းပြီးမှငါတို့တူတူပြန်နေ..."
"နီယွန် ငါတောင်းပန်ပါတယ်"

ယူကိရဲ့ဆုံးဖြတ်ချက်ကိုရိပ်မိနေတာမို့ နည်းနည်းများတွေဝေစေနိုင်မလားဆိုတဲ့အတွေးနဲ့ နီယွန်စကားတွေမရပ်တန်းပြောတယ်။ ဒါပေမယ့် စကားမဆုံးခင်မှာပဲ ယူကိရဲ့ဖြတ်ချခြင်းကိုခံလိုက်ရတယ်။ 'တူတူပြန်နေကြတာပေါ့'ဆိုတဲ့စကားကို ဆုံးအောင်အပြောမခံဘဲ ဖြတ်ချလိုက်တယ်ဆိုထဲက ယူကိဆုံးဖြတ်ချက်ဟာ နီယွန်'မဟုတ်ပါစေနဲ့'လို့အထပ်ထပ်အခါခါ ဆုတောင်းနေခဲ့တဲ့အရာဆိုတာ သေချာသလောက်ပါပဲ။

နီယွန်တိတ်ဆိတ်သွားရတယ်။ 'မင်းမှားတာမရှိဘဲတောင်းပန်တဲ့အကျင့်ကိုပြင်စမ်းပါယူကိရာ'လို့တောင်ပြောဖို့အင်အားမရှိတော့ပါဘူး။ တားဖို့လည်းမစဥ်းစားတော့ဘူး။ အခုနီယွန်လုပ်နိုင်တာက ယူကိစိတ်အေးအေးနဲ့ထွက်သွားနိုင်ဖို့ကိုပါပဲ။

ယူကိဟာနောင်တရသလို၊မှားနေသလို ခံစားရရင်တောင် စိတ်မကောင်းဖြစ်ပြီးအားနာတဲ့ခံစားချက်ကို အဆုံးထိဆွဲယူသွားပြီး သူ့ဆုံးဖြတ်ချက်အတိုင်း ရအောင်လုပ်တဲ့သူဆိုတာ နီယွန်အသိဆုံး။ နောင်တရကြောင်း၊အားနာပြီးပင်ပန်းရကြောင်း ယူကိပြောပြဖူးတဲ့အရာတွေမှာ တစ်ချို့ကပြင်ဆင်ဖို့အခွင့်အရေးရှိသေးတာမို့ ပြင်ဆင်ဖို့ကိုနီယွန်ကတိုက်တွန်းပေမယ့် ဘယ်တုန်းကမှယူကိမပြင်ဆင်ခဲ့ဘူး။ တဖွဖွပြောပြီးနားချရင်တောင် 'တစ်ဖက်သားကအချိန်တွေကြာသွားရင်အဆင်ပြေသွားမှာပါ၊ ငါကတော့ဒီအားနာပြီးအမှားရှိတဲ့ခံစားချက်ကို တစ်သက်လုံးသယ်ဆောင်သွားမှာ'လို့ခေါင်းမာမာနဲ့ငြင်းတတ်တာ။

တစ်ဖက်သားကိုအားနာပေမယ့် နီယွန်ချစ်တာယူကိမို့လို့ 'မပြင်ဆင်ချင်ရင်မေ့လိုက်ပါ၊သူတို့လည်းအဆင်ပြေသွားမှာ'လို့ နီယွန်အတ္တကြီးကြီးနဲ့ပြောခဲ့ဖူးတယ်။ 'မင်းအနေနဲ့တစ်သက်လုံးစိတ်ရှုပ်ခံစရာမလိုပါဘူး'လို့နှစ်သိမ့်ပေးဖူးတယ်။ ဒါကိုလည်းယူကိကလက်မခံခဲ့ပါဘူး။ ယူကိဟာစိတ်ပျော့တယ်လို့ထင်ရပေမယ့် တကယ်ကဘယ်လောက်ခေါင်းမာလဲဆိုတာ နီယွန်ကောင်းကောင်းသိတယ်။

"နီယွန် ငါထွက်သွားရတော့မယ်"
"အင်း ငါနားလည်ပါတယ်"
နီယွန်ဆွဲထားဖို့မကြိုးစားတော့ဘဲ ယူကိအားနာတယ်၊အပြစ်ရှိတယ်လို့မခံစားရဘဲ သူ့ဆီကထွက်သွားနိုင်ဖို့ကို အတတ်နိုင်ဆုံးကြိုးစားပေးနေတယ်။

"ပြီးတော့ ငါပြန်လာဖြစ်တော့မှာမဟုတ်ဘူး"
"အင်း... "
"ငါ့ကိုဒီလထဲမှာအစာအမြဲကျွေးနေတဲ့မိန်းကလေးတစ်ယောက်ရှိတယ် စတွေ့တဲ့အဲ့နေ့ကမိုးရွာနေခဲ့တာလေ ငါဘာလုပ်ရမှန်းမသိဖြစ်နေတုန်းသူကငါ့ကိုကောက်ပွေ့ပြီးပြေးတာပဲ ပြီးတော့ငါ့ကိုအစာကျွေးတယ်"

လွန်ခဲ့တဲ့၁၅ရက်လောက်ကယူကိစပြီး တိတ်ဆိတ်သွားတဲ့နေ့ကိုနီယွန်တွေးမိတယ်။ အဲ့နေ့ကအချိန်အခါမဟုတ်မိုးရွာလို့ နီယွန်စိတ်ပူနေခဲ့တာ။

"နောက်ပိုင်းလည်းငါသူနဲ့အမြဲတွေ့တယ် တဖြည်းဖြည်းငါနဲ့သူရင်းနှီးလာတယ် စကားပြန်တောင်မပေးနိုင်တဲ့ငါ့ကိုသူကသူ့အကြောင်းတွေရင်ဖွင့်တယ် စည်းကမ်းတင်းကြပ်လွန်းတဲ့သူ့မိဘတွေကြောင့်ပင်ပန်းတယ်လို့ပြောတယ် ခပ်ဝေးဝေးကိုငေးကြည့်ရင်းသူ့အကြောင်းတွေပြောတိုင်းငါနဲ့တူတူဆော့တဲ့အချိန်မှာတလက်လက်တောက်ပနေတတ်တဲ့သူ့မျက်ဝန်းတွေကထိုင်းမှိုင်းနေတာကိုငါတွေ့ရတယ်"

"...."

"သူကငါနဲ့တူတူရှိနေရတဲ့အချိန်တွေဆိုပျော်ရွှင်ရတယ်လို့ပြောတယ် ငါသူ့ဆီကပြန်လာတိုင်းဗလာဖြစ်သွားတတ်တဲ့သူ့မျက်ဝန်းတွေကိုငါမုန်းတယ် သူပျော်နေတာကိုပဲငါမြင်ချင်တယ်"

"အင်းယူကိ.. "

"ငါကသူ့အတွက်နည်းနည်းအကူအညီရပုံပေါ်တာမို့ငါသူ့ရဲ့စိတ်ထွက်ပေါက်ဖြစ်ပေးချင်တယ်"

အဲ့မိန်းကလေးအကြောင်းပြောနေတဲ့အချိန်မှာ ယူကိမျက်လုံးတွေက သာမာန်အချိန်ထက်တောက်ပနေတာကို နီယွန်မြင်ရတယ်။ ယူကိဟာတစ်ယောက်ယောက်ကို သူ့ရဲ့ပိုင်ရှင်အဖြစ်ထပ်သတ်မှတ်ဖို့ အဆင်သင့်ဖြစ်နေပုံပါပဲ။

'အင်း ငါ့အတွက်လည်းအဲ့လောက်ဆိုရပါပြီယူကိ ငါ့အတွက်လည်းမင်းပျော်နေဖို့ပဲလိုတာပါ'
နီယွန်အဲ့စကားတွေကိုစိတ်ထဲကနေပဲပြောလိုက်တယ်။ ယူကိကဆက်ပြောတယ်။

"သူငါ့ခေါင်းကိုပွတ်ပေးရင်ငါသဘောကျတယ် ငါသူ့ကိုထိတွေ့နေရရင်ပျော်တယ် ငါသူ့ကိုမြင်ရင်အမြဲပွတ်သီးပွတ်သပ်လုပ်ချင်နေတော့တာပဲ"

"ပြီးတော့ အဓိက,ကငါသူ့ကိုချစ်တယ်နီယွန် ငါသူ့ကိုငါ့ရဲ့နောက်ဆုံးပိုင်ရှင်အဖြစ်သတ်မှတ်ချင်တယ်"

နီယွန်ဟာယူကိရဲ့ 'ငါမင်းကိုချစ်တယ်'ဆိုတဲ့စကားကနေ 'ငါသူ့ကိုချစ်တယ်'ဆိုတဲ့စကားအထိ နားထောင်ပေးခဲ့ရတယ်။ ယူကိအဲ့အချိန်တုန်းကပြောခဲ့တဲ့စကားတွေကို နီယွန်အခုမှဆက်စပ်တွေးမိလာတယ်။

'ပိုင်ရှင်အသစ်မလိုချင်တော့ဘူး၊
ငါလည်းမင်းကိုချစ်ပါတယ်၊
မိသားစုဝင်တစ်ယောက်... '

"ယူကိ"
"အင်းနီယွန် ပြောလေ"
"မင်းငါ့ကိုလည်းချစ်တယ်လို့ပြောခဲ့တယ်လေ အဲ့ဒါကဘယ်လိုချစ်တာလဲ?"

နီယွန်သူ့အသံမှာခံစားချက်တွေမပါအောင် အတတ်နိုင်ဆုံးထိန်းပြီးမေးလိုက်တယ်။ တုန်ခါမနေဖို့နီယွန်မျှော်လင့်ရတာပဲ။

"အင်း ငါမင်းကိုချစ်တယ်လေနီယွန် မင်းကငါ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်ပါပဲ မင်းကိုငါကမိသားစုဝင်တစ်ယောက်လိုချစ်တာ မင်းကငါ့ရဲ့စိတ်တူကိုယ်တူ၊ငါဘယ်သူ့ကိုမှမပြောနိုင်ခဲ့တာတွေကိုရင်ဖွင့်မိတဲ့အထိယုံကြည်ရတဲ့သူ၊ငါ့ရဲ့ Soul Mate၊လူချင်းဝေးနေတာတောင်စိတ်ချင်းနီးနေကြမယ့်အကောင်းဆုံးမိတ်ဆွေတစ်ယောက်"

"မင်းကငါ့အတွက်အဲ့လိုဖြစ်တည်မှုမျိုးပဲနီယွန် ငါမင်းကိုအဲ့ဒီ့လိုချစ်တယ်"

ဒါပါပဲ။ ယူကိပြောလိုက်တာဟာ နီယွန်လုံးဝမကြားချင်ခဲ့တဲ့အမှန်တရားတစ်ခုပါပဲ။

'မင်းကငါ့ရဲ့တစ်ဦးတည်းသောမိသားစုဝင်ပါပဲ'
'ငါ့ဘဝမှာမိသားစုလို့သတ်မှတ်ဖူးတာမင်းတစ်ယောက်ပဲရှိတယ်'
'ငါမင်းကိုချစ်တယ်နီယွန်'
'မင်းကငါ့ရဲ့ Soul Mate ပဲ'

နီယွန်အမြဲကြည်နူးခဲ့ရတဲ့အဲ့စကားတွေဟာ ဝေးကွာခြင်းရဲ့အစနဲ့အဆုံးဖြစ်နေလိမ့်မယ်လို့ နီယွန်ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။ ချစ်တဲ့သူရှိလာရင် မိသားစုဝင်တွေကို ထားခဲ့ကြတာသဘာဝပါပဲ။
ချစ်ရသူနဲ့မိတ်ဆွေကိုယှဥ်တဲ့အခါ မိတ်ဆွေတွေကကျန်ခဲ့ရတာသဘာဝပါပဲ။ အခုနီယွန်ကျန်ရစ်နေခဲ့ရတော့မှာ။

ချစ်တယ်လို့အပြန်အလှန်ပြောခဲ့ကြပေမယ့် ကိုယ်ကြိုက်သလိုယူဆလိုက်ကြတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်တွေဟာ အများကြီးကွဲပြားနေခဲ့ကြပါတယ်။

ယူကိရဲ့အယူအဆအရဆိုရင်အသေအချာပါပဲ။ ယူကိဟာနီယွန်ရော၊နီယွန့်နှလုံးသားရဲ့ပိုင်ရှင်ရောဖြစ်ခဲ့ပါတယ်။ ယူကိဟာနီယွန်သူ့ကိုချစ်သလို ဘယ်တုန်းကမှနီယွန့်ကိုမချစ်ခဲ့ဖူးသလို၊ နီယွန်ဟာလည်းယူကိသူ့ကိုသဘောထားသလို ဘယ်တုန်းကမှယူကိကိုသဘောမထားခဲ့ပါဘူး။ ချစ်သူ(ပိုင်ရှင်)ထက်လေးနက်တဲ့ Soul Mate(ဝိဉာဥ်ဖက်)လို့သဘောထားတာမို့ ယူကိကသူ့ကိုပိုင်ရှင်အဖြစ် ဘယ်တုန်းကမှမသတ်မှတ်ခဲ့တာလို့ နီယွန်ထင်ခဲ့ပေမယ့် တကယ်ကမဟုတ်ခဲ့ဘူး။

"အင်း... အခုငါမေးအလှည့်"
"မင်းလည်းငါ့ကိုချစ်တယ်လို့အမြဲပြောခဲ့တာပဲနီယွန် မင်းရောငါ့ကိုဘယ်လိုချစ်တာလဲ?"
ယူကိအမေးကိုဘယ်လိုပြန်ဖြေရမလဲဆိုတာနီယွန်အသိဆုံးပါ။ စိတ်ထဲရှိတိုင်းပြောလို့ရတဲ့အရာတွေမဟုတ်မှန်းနီယွန်ကောင်းကောင်းသိတာပေါ့။ သင့်လျော်ရာ၊သင့်လျော်ရာပေါ့။

"အင်း ငါ့အတွက်လည်းမင်းကတစ်ဦးတည်းသောမိသားစုဝင်တစ်ယောက်ပါပဲ"

"အခုတော့ငါ့ထက်အရင်စွံသွားတဲ့အကျင့်ပုတ်သူငယ်ချင်းပေါ့ ဟား"
နီယွန်ဟာရယ်ရင်း၊မောရင်းအသင့်လျော်ဆုံးအဖြေကို ပြန်ပေးခဲ့တယ်။ သူ့မျက်ဝန်းထောင့်က မျက်ရည်စတွေကိုလည်း ယူကိကမြင်အောင်ကြည့်ချင်ခဲ့ပုံမရပါဘူး။

"ဒါပေမယ့်..."
"...."
"ငါတို့နှစ်ယောက်ဆက်ဆံပြောဆိုနေကြတဲ့ပုံတွေကမိသားစုတွေနဲ့မတူဘူးနော်ယူကိ"
"မတူလို့ဘဲခက်နေတာပေါ့နီယွန်ရာ"

"ဘာလို့လဲ? လွန်ခဲ့တဲ့နှစ်ပတ်လောက်ထဲကမင်းပြောင်းလဲသွားခဲ့တာ အဲ့လိုအနေအထားကအဆင်မပြေလို့လား?"
"အင်း... ငါတို့ပြောဆိုဆက်ဆံပုံကစကြ၊နောက်ကြရင်းဖြစ်သွားတာဆိုပေမယ့်မင်းငါ့ကိုမိသားစု၊သူငယ်ချင်းတစ်ယောက်လိုသဘောမထားမှာငါစိုးရိမ်နေခဲ့တာ ငါထွက်သွားတဲ့အချိန်မှာမင်းကိုမနာကျင်စေချင်လို့လေ ပြီးတော့ငါတစ်စုံတစ်ယောက်ကိုချစ်မိသွားပြီလို့ပြောရင်မင်းကိုနာကျင်စေမိမှာစိုးတာ အဲ့ဒါကြောင့်မို့"

"...."

"အခုတော့ငါ့ကိုယ်ငါအထင်ကြီးခဲ့မိတဲ့ပုံပါပဲ နီယွန်ကငါ့ကိုအဲ့လိုမချစ်ပါဘူး ဟား"
ယူကိကပြောပြီးရှက်ရယ်,ရယ်တယ်။

"အင်း"
နီယွန့်ထောက်ခံသံဟာဝိုးတိုးဝါးတား။

. . .
နီယွန်ယူကိကိုစစတွေ့ချင်းထဲကရိပ်မိခဲ့ပါတယ်။ ဘာကိုမှသံယောဇဥ်ကြီးကြီးမထားတတ်မှန်း။ ယူကိဟာပိုင်ရှင်ကပစ်ထားခဲ့တာတောင် မျက်တောင်တစ်ချက်မခတ်တဲ့ကြောင်တစ်ကောင်။ နီယွန်မနာကျင်ချင်ရင်ယူကိနဲ့မပတ်သက်ရမယ်မှန်းသိခဲ့ပါတယ်။ ဒါပေမယ့် ဒီချစ်ဖို့ကောင်းတဲ့ကြောင်ဖြူလုံးလေးကို အထီးမကျန်စေချင်ခဲ့ဘူး။ ယူကိသူ့အကြောင်းတွေပြောပြတာကိုနားထောင်ရင်းနဲ့ နီယွန်ယူကိအကြောင်းကိုပိုပိုသိလာခဲ့တယ်။ အစွဲအလမ်းမရှိတာ၊တစ်ခုခုကိုထားသွားဖို့လွယ်ကူတာ၊ ဒါတွေအကုန်လုံးကိုနီယွန်ခံစားမိခဲ့တယ်။ ယူကိသူ့ဆီကလည်းထွက်သွားနိုင်တယ်ဆိုတာကိုပါသိရှိနားလည်ခဲ့တယ်။ ဒါကြောင့်ယူကိကိုမတွယ်ငြိဘဲ သူ့ဆီကထွက်မသွားခင်အချိန်အတောအတွင်းမှာ'သူနဲ့ပတ်သတ်မိတဲ့လူတွေအကုန်စိတ်ဆင်းရဲရတယ်'ဆိုတဲ့ယူကိရဲ့အတွေးကိုဖျောက်ပေးဖို့ပဲကြိုးစားခဲ့တာ။

ဒါပေမယ့် ယူကိရဲ့ဂရုစိုက်ပေးမှုတွေ၊အဖော်ပြုပေးမှုတွေမှာ နီယွန်ကိုယ့်ဘာသာတောင်မသိလိုက်ဘဲယူကိ့အပေါ်မှီခိုမိလာတယ်။ ယူကိကိုအမှောင်ထဲကဆွဲထုတ်ပေးဖို့ ကြိုးစားခဲ့တဲ့နီယွန်ဟာ အထီးကျန်မှုတွေထဲက ယူကိရဲ့ဆွဲထုတ်ပေးခြင်းကိုခံလိုက်ရတယ်။ အတည်တကျတစ်ယောက်ယောက်ဆီမှာ နေရတာသဘောကျပုံမရတဲ့ယူကိကို သူ့အနားမှာအမြဲနေဖို့မျှော်လင့်မိလာတယ်။ ထာဝရဆိုတာကိုမျှော်လင့်မိလာတယ်။

အဆိုးဆုံးကတော့ယူကိကိုချစ်မိသွားခဲ့တယ်။

အစထဲကနီယွန်ဟာယူကိကိုနားလည်ပေးနိုင်ခဲ့တယ်။ အဲ့ဒါကြောင့်ပဲချစ်ခဲ့မိတာပေါ့။ ယူကိမပေးခဲ့တဲ့ကတိတွေကိုယုံကြည်မိလာတယ်။ အမြဲအတူတူဆိုတာမျိုးတွေ။

ဘယ်တော့မှမနာကျင်ချင်ခဲ့တဲ့နီယွန်ဟာ ကိုယ့်ဘာသာတည်ဆောက်ထားတဲ့ မျှော်လင့်ချက်တွေနဲ့ယုံကြည်မှုတွေကြောင့် မခံမရပ်နိုင်အောင်နာကျင်နေရတယ်။ ဒါပေမယ့် ယူကိကိုထုတ်ပြဖို့တော့နီယွန့်မှာအစီအစဥ်မရှိပါဘူး။

နီယွန်အဖြစ်ချင်ဆုံးအရာကတစ်ခုထဲ။ ယူကိအပြစ်ရှိတဲ့စိတ်၊အားနာတဲ့စိတ်နဲ့မရှင်သန်ရဖို့။ ယူကိကိုမချစ်မိတဲ့နီယွန်သာဆို 'မင်းငါ့ကိုလာတွေ့ဦးပေါ့ကွာ'ဘာညာနဲ့ပြောမိလောက်တယ်။ အခုချိန်မှာတော့ နီယွန်မပြောဖြစ်တော့ဘူး။ သူယူကိကိုအဲ့လိုခဏလေးအကြိမ်ရေများများတွေ့နေရတဲ့အခါ၊ ယူကိသူ့ရဲ့တစ်စုံတစ်ယောက်အကြောင်းပြောပြရင်းပြုံးရယ်နေတာတွေကိုမြင်ရပါများလာတဲ့အခါ၊ နီယွန်သူ့ခံစားချက်တွေကိုပေါက်ကွဲမိလိမ့်မယ်။ ယူကိ့ကိုသူ့ဆီပြန်လာဖို့တောင်းပန်မိမယ်။ အကုန်လုံးသိသွားတဲ့အခါ ယူကိဟာသူ့ကြောင့်ထပ်ပြီးအပြစ်ရှိသလို ခံစားရလိမ့်မယ်။

ဆုံးဖြတ်ချက်ကို ဘယ်တော့မှမပြင်တတ်တဲ့ယူကိဟာ ပထမဆုံးအနေနဲ့ပြင်ပြီး သူ့ဆီပြန်လာမယ်ဆိုရင်တောင် နီယွန်လက်ခံနိုင်မှာမဟုတ်ပါဘူး။ မဖြစ်နိုင်ပေမယ့်လို့ပေါ့။ နီယွန်ဟာယူကိ့ကိုသူချစ်တဲ့သူနဲ့နေဖို့ကိုပဲတိုက်တွန်းမှာပါ။ အစထဲကနီယွန့်ရည်ရွယ်ချက်ဟာ ယူကိပျော်ရွှင်ဖို့ပဲမို့။ စိတ်နှစ်ခွနဲ့သူ့ကြောင့် ယူကိကိုစိတ်မဆင်းရဲစေချင်ဘူး။

နီယွန်အတွေးတွေထဲက ရုန်းထွက်နိုင်တဲ့အချိန်မှာတော့ ယူကိဟာအိပ်ပျော်နေခဲ့ပါပြီ။ အရင်ကအမြဲခေါင်းဖြစ်ဖြစ်၊ခြေထောက်ဖြစ်ဖြစ်၊ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို သူနဲ့ထိပြီးမှအိပ်တတ်တဲ့ယူကိဟာ အခုတော့ခပ်ဝေးဝေးမှာအိပ်နေခဲ့တယ်။ ဒီလိုပုံပြောင်းအိပ်နေတာ နှစ်ပတ်လောက်ရှိနေပြီဆိုပေမယ့် အခုအကြောင်းအရင်းကိုသိရတဲ့အခါမှာမှ နီယွန့်နှလုံးသားဟာ ပိုပြီးနာကျင်လာတယ်။

သူ့ကိုထိနေမှကောင်းကောင်းအိပ်ပျော်တယ်လို့ ပြောခဲ့တဲ့ယူကိဟာ သူ့နားကိုတောင်ကပ်ချင်တော့ပုံမရတဲ့အခါ ဘယ်သူ့မှမရှိတဲ့လမ်းပေါ်မှာအလင်းပေးရင်း သူ့တာဝန်သူကျေပွန်အောင်လုပ်တတ်တဲ့၊ဘယ်တော့မှသူ့ကိုယ်သူအသုံးမဝင်ဘူးလို့ မခံစားရတဲ့နီယွန်ဟာ ပထမဆုံးအကြိမ်သူ့ကိုယ်သူတန်ဖိုးမဲ့သလို ခံစားလာရတယ်။ သိမ်ငယ်လာမိတယ်။ အိပ်ပျော်နေတဲ့ယူကိကိုငေးကြည့်ရင်း ပထမဆုံးအကြိမ်အနေနဲ့ တစ်ခါမှမမြင်ဖူးတဲ့လူတစ်ယောက်ကို မုန်းတီးမိလာတယ်။

မနေ့ညကထိအိပ်ပျော်နေတဲ့ယူကိကို နီယွန်ပြုံးပြီးငေးကြည့်နေခဲ့သေးတယ်။ ဒါပေမယ့်ဒီနေ့ယူကိပြောတဲ့စကားတွေအရ ဒီအခွင့်အရေးဟာ သိပ်ကြာကြာရတော့မယ့်ပုံမပေါ်ပါဘူး။ မကြာခင်မှာပဲ ယူကိဟာသူ့ဆီကထွက်သွားလိမ့်မယ်။ ပြီးတော့ ဘယ်တော့မှလည်းပြန်လာတော့မှာမဟုတ်ပါဘူး။

လပြည့်ညရဲ့အလင်းရောင်ဟာ ယူကိ့အမွှေးဖြူဖြူတွေနဲ့ ဂုန်းကျော်တံတားလေးအောက်က ရေပေါ်မှာဖြာကျနေတယ်။ နီယွန့်ရဲ့ဝါကျန့်ကျန့်မီးရောင်လေးရောပေါ့။ လမင်းကြီးရယ်၊အလင်းရောင်ကြောင့်တလက်လက်တောက်နေတဲ့ရေပြင်ရယ်၊ပြီးတော့ယူကိရယ်၊ယူကိ့ကိုငေးကြည့်နေတဲ့နီယွန်ရယ်၊ ဒါတွေအားလုံးအရင်ကအတိုင်းပါပဲ။ လှပပြီး ပြီးပြည့်စုံတဲ့ညတစ်ညပေါ့။ ချွင်းချက်အနေနဲ့ ဒါတွေဟာမကြာခင်ပျောက်ဆုံးသွားတော့မှာမှန်း သိနေတဲ့နီယွန်ရဲ့ဝမ်းနည်းမှုတွေပဲပိုနေခဲ့တာပါ။

:: Far Away Form Me

ညကဘာမှကန့်ကွက်ပုံမပြခဲ့တဲ့နီယွန်ကြောင့် ယူကိဟာဒီနေ့မနက်တော့ နည်းနည်းတက်ကြွနေသယောင်။ ဒါနီယွန့်အမြင်ပါ။ တကယ်တော့ယူကိရဲ့စိတ်ကို နီယွန်ခန့်မှန်းလို့မရခဲ့တာအတော်ကြာပါပြီ။

အခုချိန်မှာတော့ နီယွန့်မှာခန့်မှန်းချင်စိတ်တောင်မရှိတော့ပါဘူး။ အခုချိန်မှာဒီကြောင်ဖြူလုံးလေးဟာ ဆူးတွေရံထားသလိုသူနဲ့ပတ်သက်သမျှဟာ နီယွန့်နှလုံးသားကိုဒဏ်ရာနက်နက်ပေးပြီး နာကျင်စေနေပါတယ်။ ထွက်သွားဖို့ဆုံးဖြတ်ထားပြီးတဲ့ယူကိဆီက နီယွန်ဟာဘာလုံခြုံနွေးထွေးမှုမှ မခံစားရတော့ပါဘူး။ ကျန်နေခဲ့ရမယ်ဆိုတဲ့အသိကပဲ ခေါင်းထဲမှာစိုးမိုးပြီး နာကျင်အေးစက်နေစေတယ်။ မသွားပါနဲ့လို့တားဆီးချင်စိတ်ကို ထိန်းချုပ်ထားရတာကလည်း နီယွန့်ကိုပိုပင်ပန်းစေတယ်။

"ယူကိ ဘယ်တော့သွားမှာလဲ?"
စောစောထနေပေမယ့် အရင်လိုထွက်သွားပြီး အစာမရှာသေးတဲ့ယူကိကို နီယွန်မေးလိုက်တယ်။

"အင်း... သူကအိမ်ကလူကြီးတွေကိုကြောက်ရတော့ငါ့ကိုမွေးလို့အဆင်ပြေပါ့မလားမသိဘူး"

"မပြေရင်ငါ့အတွက်မီးဆက်ထွန်းပေးမယ်မလားနီယွန်?"
ပြုံးပြီးပြောနေတဲ့ယူကိဟာ သူ့ကိုအဲ့မိန်းကလေးကမဖြစ်၊ဖြစ်တဲ့နည်းနဲ့ရအောင်မွေးမယ်ဆိုတာကို သေချာသိနေတဲ့ပုံပါပဲ။ ယုံကြည်မှုအပြည့်နဲ့။

'ဘာကြောင့်များငါ့ကိုမျှော်လင့်မိအောင်လုပ်နေသေးသလဲယူကိရာ။ ငါ့ကိုထပ်ပြီးအရူးဖြစ်အောင်မလုပ်ပါနဲ့တော့။'

"သွား! ငါ့ကိုထားခဲ့တဲ့ကောင် ဘယ်တော့မှမထွန်းပေးဘူး အမှောင်ထဲမှာပဲနေ"
နီယွန်ဟာအများကြီးတွေးနေခဲ့ပေမယ့် အဲ့စကားကိုပဲရယ်ရယ်မောမောနဲ့စသလိုပြောခဲ့ပါတယ်။

ရေပြင်ကိုငေးကြည့်နေတဲ့ယူကိဟာနီယွန့်စကားအဆုံး ညစ်ကျယ်ကျယ်အပြုံးနဲ့နီယွန့်ကိုလှည့်ကြည့်လာခဲ့တယ်။ ပြီးတော့စောနကလူယုတ်မာအပြုံးပြုံးတာသူမဟုတ်သလို ဖန်သလင်းလိုမျက်လုံးကြည်ကြည်တွေနဲ့ နီယွန့်ကိုသနားဖို့ကောင်းအောင်ကြည့်လာတယ်။

"အဟင့် ငါ့ကိုလုပ်ရက်တယ်ပေါ့ မေမေရေ နီယွန်ကြီးကယူကိ့လေးကိုမချစ်တော့ဘူးတဲ့ အီးဟီး"

ပြောချင်ရာပြောပြီးတော့ယူကိဟာ နီယွန့်ကိုမျက်လုံးထောင့်ကပ်ပြီး အကဲခတ်သလိုကြည့်တယ်။ ခဏကြောင်သွားတဲ့နီယွန်ဟာ ထရယ်မိပါတော့တယ်။ ယူကိရဲ့ဒီလိုအမူအရာလေးတွေကိုမမြင်ခဲ့ရတာ ဘယ်လောက်တောင်ကြာနေပြီလဲ။

နီယွန့်ပြောစကားနားမထောင်လို့ နီယွန်စိတ်ဆိုးပြီးသူ့ကိုစကားပြန်မပြောတဲ့အခါတိုင်း အဲ့လိုပုံစံနဲ့လူလည်ကျတတ်တဲ့ နီယွန့်ရဲ့လူဆိုးလေး။ နီယွန်ဟာယူကိ့ကိုမျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်။ နှုတ်ခမ်းတွေကတော့ပြုံးနေတုန်းပဲ။ စကားပြန်မရတဲ့အခါ ယူကိကဘယ်လိုထင်သွားလဲမသိ။ ရုတ်တရက်ထပြောတယ်။

"ဆောရီးနီယွန် ငါဒီနေ့ဘယ်လိုရွနေမှန်းမသိဘူး အမှန်တော့ဒီနေ့နေမကောင်းချင်သလိုဖြစ်နေတာ"
အပြုံးအရယ်တွေပျောက်သွားပြီး ခပ်ငိုင်ငိုင်ပြောတဲ့ယူကိကြောင့် နီယွန်နောင်တရသွားတယ်။ သူ့စိတ်ကိုသူထိန်းခဲ့သင့်တာ။ အခုတော့ယူကိကိုစိတ်မကောင်းဖြစ်စေမိပြီ။ အမှန်တော့ယူကိနေမကောင်းဘူးဆိုတာ နီယွန်စိတ်ပူပြီးစိတ်ဆိုးပြေသွားအောင် သပ်သပ်ပြောတာမှန်းနီယွန်သိပါတယ်။

ဒါပေမယ့်လည်းချော့မိတာပါပဲ။ 'ချစ်တဲ့သူကရှုံးရတာပါပဲယူကိရယ်။'

"ဘာတွေတောင်းပန်နေတာလဲ နီယွန်ကမင်းကိုအမြဲချစ်ပါတယ်ယူကိရာ"
အဲ့လိုပြောလိုက်မှယူကိ့အပြုံးတွေကိုနီယွန်ပြန်ရခဲ့တယ်။

"အင်း ငါလည်းမင်းကိုချစ်တယ်နီယွန်"
ဒီရက်ပိုင်းတွေမှာနီယွန်နေ့တိုင်းအဆက်မပြတ်ပြောနေခဲ့ပေမယ့် ယူကိဆီကပြန်မကြားခဲ့ရတဲ့စကားဟာ အခုချိန်မှာမှပြန်ထွက်လာခဲ့တယ်။ ယူကိဟာတစ်ခြားတစ်ယောက်ကိုချစ်နေမိပြီမို့ နီယွန့်ရဲ့ဘာမှန်းမသိတဲ့ 'ချစ်တယ်'ဆိုတဲ့စကားကို မတုန့်ပြန်ချင်ခဲ့ပုံပေါ်တယ်။ အခုနီယွန်ကမိသားစုလိုသဘောထားတယ်ပြောတော့ ယူကိဟာစိတ်အေးလက်အေးပစ်ယုံလိုက်ပြီး နီယွန့်ကိုချစ်ကြောင်းပေါ့ပေါ့ပါးပါးပြန်ပြောလာခဲ့ပါတယ်။

ယူကိနည်းနည်းလေးတောင်မရိပ်မိခဲ့ဘူးလား။ ထုတ်မပြောခဲ့ပေမယ့် နီယွန့်အနေနဲ့ သူ့ရဲ့ခံစားချက်တွေ၊အပြုအမူတွေကို ဘယ်တော့မှလျှို့ဝှက်ထားတာ၊ထိန်းသိမ်းထားတာမျိုး မရှိခဲ့ဖူးဘူး။ သိသာပါတယ်။ ကြည့်ရတာယူကိဟာဘယ်လောက်ရိပ်မိမိ စိတ်သက်သာရာရဖို့ နီယွန့်ပြောတာကအမှန်လို့ သတ်မှတ်လိုက်ပုံပါပဲ။

"ငါဒီနေ့သူ့ကိုမေးကြည့်လိုက်မယ်"
"အင်းယူကိ အဆင်ပြေပါစေ"
ယူကိကနီယွန့်ကိုကြည့်နေရာက ရေပြင်ကိုအကြည့်လွှဲလိုက်တယ်။ နီယွန့်အကြည့်တွေကအစထဲကရေပြင်မှာပဲ။ ယူကိရှိနေလျက်နဲ့ တစ်ခြားကိုငေးကြည့်ဖြစ်တာ ဒါနီယွန့်အတွက်ပထမဆုံးအကြိမ်ပဲ။

အမြဲစကားတပြောပြာရှိနေကြတဲ့နီယွန်နဲ့ယူကိအတွက် အခုလိုအခြေအနေက နှစ်ယောက်လုံးကို နေရခက်စေတာတော့အမှန်ပါပဲ။ ဒါပေမယ့် ဘာစကားစပြောရမှန်းလည်း နှစ်ယောက်လုံးမသိကြဘူး။

"ဒါဆိုငါအစာသွားရှာလိုက်ဦးမယ်နီယွန်"
ယူကိကနေရခက်တဲ့အခြေအနေထဲကရုန်းထွက်ဖို့လုပ်တယ်။

"အင်း ကောင်းကောင်းသွားယူကိ ဂရုစိုက်ဦး"
နီယွန်ကလည်းအလိုက်သင့်ပါပဲ။

"ဟုတ်ပါပြီ"
ယူကိဆီကကျပျောက်နေတဲ့စကားတွေ၊အပြုအမူတွေပြန်ပေါ်လာတယ်။ ဒါပေမယ့်နီယွန်မပျော်နိုင်ပါဘူး။ သူဟာမကြာခင်မှာ ဒီစကားတွေနဲ့အပြုအမူတွေရဲ့ပိုင်ရှင်ကို တစ်ခြားတစ်ယောက်လက်ထဲ အပြီးအပိုင်ထည့်ပေးလိုက်ရတော့မယ်ဆိုတာ နီယွန်သိနေခဲ့တယ်လေ။

:: His Happiness Is Also My Smiles

"နီယွန်! နီယွန်!"
ယူကိရဲ့အသံဟာ နီယွန်ယူကိကိုမမြင်ရခင်ထဲက နီယွန့်နားထဲကိုရောက်နေခဲ့ပြီ။ တစ်ခုခုများဖြစ်လို့လား လို့နီယွန်ချက်ချင်းစိတ်ပူမိသွားပေမယ့် သူ့စိတ်ကိုသူပြန်ထိန်းလိုက်တယ်။ ယူကိအသံကပျော်နေတဲ့အသံဆိုတာကို နီယွန်ခံစားမိလိုက်တာမို့။ တော်တော်လေးမိုးချုပ်နေပြီမို့ ယူကိပြန်မလာတော့ဘူးလို့တောင် နီယွန်ထင်နေခဲ့တာ။

"အင်း အင်း ဖြည်းဖြည်းလာလို့ရပါတယ်ယူကိရယ် ငါထွက်မပြေးပါဘူး"
ဟောဟဲစိုက်အောင်မောလာတဲ့ယူကိကိုကြည့်ရင်း နီယွန်ပြောလိုက်တယ်။ သူ့ကြောင်ဘောလုံးလေးဟာ စိတ်မြန်လက်မြန်ရှိပုံကတော့... ။

"ငါ့ကိုသူမွေးလို့အဆင်ပြေပုံပဲ ဒီနေ့ငါသူ့အိမ်လိုက်သွားတာလုံးဝပြန်ခိုင်းမယ့်အရိပ်အယောင်မပြဘူး မိုးချုပ်နေလို့ငါပြန်လာတာ"
ယူကိဟာ တော်တော်ပျော်နေပုံပါပဲ။ မောနေတဲ့ကြားကအသက်မရှူဘဲ တလျက်ဆက်ပြောနေတယ်။ နှလုံးသားကဘယ်လောက်နာကျင်၊နာကျင် အခုလိုယူကိပျော်နေပုံတွေ့ရတော့ နီယွန်လည်းပြုံးမိပါတယ်။ တစ်ချို့ချစ်ခြင်းတွေကအဲ့လိုပါပဲ။ အသိစိတ်ပါမဲ့စေတယ်။

"အင်း အင်း ကောင်းတာပေါ့ယူကိရ ငါမင်းအတွက်ဝမ်းသာပါတယ်"

"ဒါနဲ့ဘယ်နေ့သွားမယ်လို့စဥ်းစားထားလဲ"
"အင်း... အဲ့ဒါကိုနီယွန်ဆုံးဖြတ်ပေး နီယွန်သွားခိုင်းတဲ့နေ့သွားမယ်"

သူ့ရဲ့ကြောင်ဖြူလုံးလေးဟာ နီယွန်ထွက်သွားခိုင်းလို့သွားရတဲ့ပုံဖြစ်အောင် ဘာလို့ပြောနေတာလဲ။ ယူကိရည်ရွယ်ပြီးပြောတာမဟုတ်မှန်း နီယွန်သိပေမယ့်အခုချိန်မှာနီယွန့်စိတ်က အရမ်းထိရှလွယ်နေတယ်။ သူ့ရဲ့ကြောင်ဖြူလုံးလေးကို အပြစ်မတင်ချင်ပေမယ့်စိတ်က crossing ဖြစ်တာတွေကိုပဲတွေးမိနေတယ်။

'ငါ့သဘောအတိုင်းဆိုဘယ်တော့မှမထွက်သွားစေချင်ဘူးယူကိရယ်။'

"နောက်နှစ်ရက်လောက်နေပါဦးယူကိရ သောကြာနေ့မှသွားလေနော်"
နီယွန်ဟာ ရွဲ့ခြင်း၊ခနဲ့ခြင်းမရှိ ရိုးရှင်းစွာပဲပြန်ဖြေခဲ့တယ်။

"ဟုတ်ပါပြီဗျာ နီယွန့်သဘောအတိုင်းပါဗျား"

ယူကိဟာခါတိုင်းလိုပဲ နီယွန်နဲ့ဟိုရောက်ဒီရောက်စကားတွေပြောရင်းလအိပ်ပျော်သွားခဲ့တယ်။ သူ့ရဲ့တစ်စုံတစ်ယောက်အကြောင်းကလည်းမပါမဖြစ်ပေါ့။ ပြီးတော့ ယူကိ့ရဲ့ခြေထောက်တိုတို၊လက်တိုတိုလေးတွေဟာ နီယွန့်ကိုထိထားတယ်။

"ကျေးဇူးတင်ပါတယ်ယူကိ ထွက်မသွားခင်လေးမှာအရင်ကယူကိအဖြစ်ပြန်လာပေးခဲ့လို့ ငါအများကြီးသတိရနေခဲ့တာ"
နီယွန်ကခပ်တိုးတိုးပြောတယ်။

နီယွန်အခုချိန်မှာတော့ရေပြင်ကိုစိုက်ကြည့်ဖို့စိတ်ကူးမရှိခဲ့ပါဘူး။ ယူကိကိုပဲငေးကြည့်နေခဲ့တယ်။ ဒီအခွင့်အရေးဟာမကြာခင်အခိုးအငွေ့လို ပျောက်ကွယ်သွားတော့မှာကို နီယွန်သိရှိနားလည်နေခဲ့ပါတယ်။

:: Never Returns Back To Me

ကံကြမ္မာဟာနီယွန့်ကိုမျက်နှာသာပေးချင်ပုံမရပါဘူး။ ဒီနေ့မနက်စောစောမိုးဖွားလေးတွေကျလာခဲ့တယ်။ ကောင်းကင်ကြီးကလည်းမည်းမှောင်နေတယ်။ ဒါမကြာခင်မိုးသည်းတော့မယ့်လက္ခဏာပါပဲ။ ယူကိဟာစကားတည်စွာနဲ့ပဲထွက်မသွားခဲ့ပါဘူး။ ဆက်အိပ်ဖို့လည်းအဆင်မပြေတော့တာမို့ နီယွန့်ဘေးနားမှာရပ်နေခဲ့တယ်။

နီယွန်ကဘယ်လိုကြည့်နေနိုင်မှာလဲ။ မိုးစက်သေးသေးလေးကတောင် ယူကိကိုအများကြီးထိခိုက်စေနိုင်မှန်း နီယွန်သိတယ်လေ။ မကြာခင်မိုးကသည်းကြီးမည်းကြီးရွာတော့မယ်။ အနီးအနားမှာမိုးခိုစရာနဲ့တူတာဆိုလို့ သစ်ပင်တစ်ပင်တောင်မရှိဘူး။

"ယူကိသွားတော့"
"ဟင့်အင်း ဒါငါတို့သတ်မှတ်ထားတဲ့ရက်မဟုတ်သေးဘူးလေနီယွန်"

"မရဘူးယူကိ သွားတော့ မကြာခင်မိုးကသည်းလာတော့မှာ"
နီယွန်ဟာ စိုးရိမ်စွာတိုက်တွန်းနေပေမယ့် ယူကိကတော့မကြားချင်ယောင်ဆောင်ပြီး ဆက်ထိုင်နေခဲ့တယ်။

"ငါတောင်းပန်ပါတယ်ယူကိရယ် သွားပါတော့ အခုမြန်မြန်သွားရင်တောင်မိုးလွတ်ဖို့မသေချာဘူး ငါ့ကိုသေမတတ်ကာကွယ်ချင်နေပေမယ့်ဘာမှမလုပ်ပေးနိုင်လို့ရပ်ကြည့်နေရတဲ့ဘဝရောက်အောင်မလုပ်ပါနဲ့ ကျေးဇူးပြုပြီးငါ့ကိုသနားရင်သွားပါတော့"

နီယွန်စိတ်ပူလွန်းလို့ အသံတွေတောင်တုန်ခါနေတယ်။ ငိုသံတွေနဲ့ရောနှောနေလောက်တယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ့်ဆီကထွက်သွားဖို့မျက်ရည်စက်လက်နဲ့ အသနားခံရတာ ဘယ်လောက်နာကျင်စရာကောင်းလဲဆိုတာ နီယွန်ပဲသိလိမ့်မယ်။

ငိုသံတွေပါနေတဲ့နီယွန့်ကို ယူကိကအံ့သြသလိုကြည့်တယ်။ ဟုတ်တယ်လေ။ နီယွန်ဆိုတာအမြဲပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပဲ။ ယူကိရှေ့မှာနီယွန်တစ်ခါမှမငိုခဲ့ဖူးဘူး။ အမြဲပြုံးနေပြီး၊စိတ်ရှည်ရှည်နဲ့နှစ်သိမ့်ပေးတတ်ပြီး... ။ နီယွန်ကယူကိ့အတွက်အဲ့လိုဖြစ်တည်မှုမျိုး။

အမှန်တကယ်ကို နီယွန့်အတွက်လည်းဘဝမှာ ပထမဆုံးငိုဖူးခြင်းပါပဲ။ ယူကိဟာဘာမှသိပ်လုပ်စရာမလိုဘဲ နီယွန့်ရဲ့ပထမဆုံးအရာတော်တော်များများကို လွယ်လွယ်ကူကူရယူနိုင်တယ်။ ဒါဟာ နီယွန့်အပေါ်ယူကိရဲ့လွှမ်းမိုးနိုင်စွမ်းပါပဲ။ အခုလည်းမလှုပ်မယှက်အပြုအမူတစ်ခုနဲ့တင် နီယွန်ယူကိရှေ့မှာငိုနေခဲ့ပြီ။

"ဟုတ်ပြီ ဟုတ်ပြီနီယွန် မငိုပါနဲ့ ငါအခုသွားပါ့မယ် ညနေဖြစ်ဖြစ်၊ မနက်ဖြန်ဖြစ်ဖြစ်မိုးတိတ်သွားရင်ငါပြန်လာခဲ့မယ်နော် မငိုနဲ့တော့ နော်..."
ယူကိကပြာပြာသလဲပြန်ပြောတယ်။

"အင်း မြန်မြန်သွားတော့ယူကိ အစစအရာရာဂရုစိုက်ဦး"
အဲ့လိုနဲ့ယူကိဟာနီယွန့်မျက်စိရှေ့က တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တယ်။

အဲ့နေ့ဟာ နီယွန့်အနေနဲ့ယူကိကို နောက်ဆုံးအကြိမ်တွေ့ရတဲ့နေ့ဆိုတာကိုသာ နီယွန်သိခဲ့ရင် 'ငါမင်းကိုအရမ်းချစ်တယ်' ဆိုတဲ့စကားကို နှုတ်ဆက်စကားထဲမှာ သေချာပေါက်ထည့်ပြောခဲ့မှာပါ။

အဲ့နေ့ကတစ်နေကုန်မိုးတွေရွာနေခဲ့ပြီး နောက်နေ့မှာလည်းထိုနည်းတူပါပဲ။ အခုချိန်မိုးတိတ်ရင်တောင် ယူကိပြန်လာလို့အဆင်မပြေမှန်းနီယွန်သိပါတယ်။ ကျောက်စီထားတဲ့လမ်းတစ်လျှောက် မိုးရေတွေဟာနေရာအနှံ့ပျံ့ကျဲနေတယ်။ ယူကိဘယ်လိုများနေပါ့မလဲ။

ဒါပေမယ့် မိုးတိမ်မည်းတွေနဲ့ မနက်ခင်းတောင်မှောင်နေတဲ့လမ်းပေါ်မှာ နီယွန်ဟာမီးကိုအဆက်မပြတ်လင်းထင်းနေစေခဲ့တယ်။ အသိစိတ်ကယူကိဘယ်လိုမှ ပြန်လာလို့မဖြစ်ဘူးဆိုတာကိုသိနေပေမယ့် မသိစိတ်ကမျှော်နေမိကြောင်းဒီမီးရောင်တွေဟာသက်သေပါပဲ။ နီယွန့်ရဲ့ယူကိဟာအမှောင်ကိုသိပ်ကြောက်တဲ့ဝါဂွန်းလုံးလေး။

မိုးဟာနှစ်ရက်ဆက်တိုက်သည်းထန်စွာရွာနေခဲ့ပါတယ်။ ဒီနေ့ဟာယူကိထွက်သွားဖို့ နီယွန်သတ်မှတ်ပေးထားတဲ့နေ့။ နောက်ပြီးတော့နီယွန့်ဘဝထဲယူကိရောက်လာခဲ့တာခြောက်လတိတိပြည့်တဲ့နေ့။ ယူကိမှတ်မိပါ့မလားတော့နီယွန်မသိဘူး။

မိုးကညနေစောင်းချိန်မှာတိတ်သွားခဲ့တယ်။ ဘုရားသခင်ကနီယွန့်ကို ငဲ့ကြည့်ပေးသေးပုံပါပဲ။ နီယွန်ယူကိကိုမျှော်နေမိတယ်။ နောက်ဆုံးအနေနဲ့လာနှုတ်ဆက်စေချင်တယ်။

နီယွန်စောင့်ရင်းစောင့်ရင်းညဉ့်နက်လာခဲ့တယ်။ ဒါပေမယ့်ယူကိဟာရောက်မလာခဲ့ပါဘူး။ ယူကိဖျားများနေပြီလားလို့နီယွန်တွေးမိတယ်။ မိုးမိသွားသေးလားမသိတာမို့။ ဒါပေမယ့်နီယွန်စိတ်ပူရုံအပြင်ဘာမှတတ်နိုင်တာမရှိ။ ဒီလိုဘဝကြီးကိုသူမုန်းမိတယ်။

"ငါလည်းပိုင်ဆိုင်ချင်ခဲ့ပါတယ်ယူကိရယ်။
ဒါပေမယ့်ထွေးပွေ့ဖို့တောင်မတတ်နိုင်တဲ့အခါ ထွက်သွားချင်ကြောင်းဆန္ဒပြုလာတော့ ကျောခိုင်းခြင်းတွေကိုကြည်ဖြူလိုက်ရတာပါပဲ။ ငါမင်းကိုချစ်တယ်။ မင်းငါ့ကိုဘယ်တုန်းကမှမချစ်ခဲ့တဲ့အချစ်မျိုးနဲ့။"

Final Part :: Year After Year

နီယွန်ဟာအမှောင်ဝင်လာတိုင်းမီးဖွင့်ပေးနေတုန်းပဲ။ အရင်ကတော့တာဝန်အရဆိုတဲ့စိတ်နဲ့။ ယူကိရောက်လာတော့ယူကိအတွက်ဆိုတဲ့စိတ်နဲ့။ အခုတော့ယူကိကိုမျှော်နေရင်းနဲ့။

လမင်းကြီးရယ်၊တလက်လက်တောက်ပနေတဲ့ရေပြင်ရယ်၊တိတ်ဆိတ်တဲ့ညတစ်ညပေါ့။ ဒါတွေဟာတစ်ခုမှမပြောင်းလဲဘူး။ နီယွန့်ဘဝထဲယူကိရောက်မလာခင်အချိန်ကအတိုင်းပဲ။

အထီးကျန်မှုဆိုတာကိုနီယွန်မရင်းနှီးဘူး။ တစ်ယောက်ထဲအဆင်ပြေသလိုရှင်သန်လာတဲ့နီယွန်ဟာဘယ်တုန်းကမှ အထီးကျန်တယ်လို့မခံစားခဲ့ဖူးဘူး။ ယူကိသူ့ဘဝထဲကိုဝင်မလာခင်အထိပေါ့။

အခုတော့နီယွန်ဟာတော်တော်လေးအထီးကျန်နေသယောင်။ သူ့မှာယူကိမရှိတော့ဘူး။

နောက်ဆုံးအကြိမ်ချစ်တယ်လို့မပြောခဲ့ရတာနောင်တရတယ်။ ပြီးတော့... အင်း... ဒါအကုန်ပါပဲ။

ယူကိကသူထွက်သွားချင်ရင်တောင်ဆွဲထားပါလို့ပြောခဲ့တုန်းကနီယွန်လက်ခံခဲ့တယ်။ ဒါပေမယ့်လက်တွေ့မှာတော့မတားဆီးခဲ့ပါဘူး။ တားဆီးခြင်းဆိုတာ နှစ်ဦးနှစ်ဖက်လုံးအတူတူရှိနေချင်တဲ့အချိန်မှာမှ ကြည်နူးစရာကောင်းမှန်းနီယွန်သိပါတယ်။ ယုတ်စွအဆုံးတစ်ခါတစ်ရံလာတွေ့ဖို့ကိုတောင် နီယွန်မတောင်းဆိုခဲ့ဘူး။ ဒါပေမယ့်မသိစိတ်ကရော၊သိစိတ်ကပါ ယူကိကိုစောင့်ဆိုင်းနေခဲ့ပါတယ်။

ယူကိအဆင်မပြေတဲ့အခါရင်လာဖွင့်စေချင်တယ်။ အရင်လိုပဲပေါ့။ နှစ်သိမ့်ပေးမယ်။ နားထောင်ပေးမယ်။ ပြီးရင်ပြန်သွားလို့ရပါတယ်။ ဆွဲထားဖို့စိတ်ကူးနီယွန့်မှာမရှိပါဘူး။ ယူကိပျော်နေဖို့သာအဓိကမို့လို့။

တစ်ခါတစ်လေကြရင်လည်း အဲ့မိန်းကလေးနဲ့အဆင်မပြေဖြစ်ပြီး သူ့ဆီပြန်လာစေချင်တယ်။ နီယွန့်မှာလည်းအတ္တရှိတာပါပဲ။ သေချာတာကတော့ နီယွန်အဲ့လိုမကောင်းတဲ့အတွေးတွေကို မြန်မြန်မောင်းထုတ်ပစ်ပါတယ်။ ယူကိအတွက်မကောင်းတာမို့။

ထပ်ဆုံဖြစ်ခဲ့ကြရင် "ချစ်တယ်" လို့တော့သေချာပေါက်ပြောမယ်လို့ နီယွန်တွေးထားတယ်။ ယူကိဘယျလိုအဓိပ်ပါယျသတျမှတျ၊သတျမှတျကိစ်စမရှိပါဘူး။ နီယွန့်အနေနဲ့တစ်ခေါက်လောက်ပြောချင်သေးတယ်။

နီယွန်ဟာယူကိ့ကိုအမြဲစောင့်မျှော်နေခဲ့ပါတယ်။ မှိတ်တုပ်၊မှိတ်တုပ်ပဲအလင်းရောင်ကျန်တဲ့အချိန်ထိ တတ်နိုင်သမျှအလင်းပေးရင်းပေါ့။ ယူကိရောက်လာခဲ့ရင်မကြောက်ရအောင်။

ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းပြောပြဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ နီယွန်ဟာအမြဲတမ်းစောင့်နေခဲ့တယ်။ သူဘာအလင်းရောင်မှထပ်မပေးနိုင်တော့တဲ့အချိန်အထိ။

ဒါပေမယ့် ယူကိဟာဘယ်တော့မှပြန်မလာခဲ့ပါဘူး.... ။ ။

- END -



Continue Reading

You'll Also Like

479K 26.5K 68
စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်သာဖြစ်သည်
149K 7.3K 38
ရိပ်မှာ တွယ်တာစရာဆို လို့ မောင်နဲ့ သားလေးပဲ ရှိတာ ပါ မောင်ရယ်
349K 32.2K 31
Zawgyi Title - ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာပြန်ထားတာပါ။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာ...
457K 26.9K 41
"ဒီလူသားဟာနွယ့်ကိုချစ်ဖို့​မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ​ဟောဒီကနွယ်ကလည်း ​သော်တာပြည့်ဖြိုးဆိုတဲ့လူသား​လေးဆီမှာအချစ်ခံဖို့​မွေးဖွားလာတာပါရှင့်"