🍁Daffodils:အပိုင်း(၃)အိပ်နေတဲ့မင်းကဇန်နဝါရီကိုတောင်ပူစေတဲ့အစွမ်းရှိတယ်...
"ဒီဆေးရုံရဲ့အကြီးဆုံးဆရာဝန်ကိုခေါ်ပေး"
အမျိုးသမီးကြီးတစ်ဉီးရဲ့မာန်ပါပါအသံကိုကြားလိုက်ရလို့နွေဉီးခြေလှမ်းတွေလှမ်းနေရာကနေ တုံ့ခနဲဖြစ်သွားရတယ်။
ကိုထက်ဆီလာရင်း အရေးပေါ်ဌာနရောက်နေတယ်ဆိုလို့လိုက်လာခဲ့တာ...ပိုက်ဆံအတော်အသင့်ရှိဟန်တူတဲ့လူနာရှင်အမျိုးသမီးကြီးကလူနာကို ကိုထက်စမ်းသပ်တာလဲလက်မခံ မေးမြန်းတာကိုလဲလက်မခံဘဲ အကြီးဆုံးဆရာဝန်ကိုပဲအတင်းအကျပ်ခေါ်ခိုင်းနေတော့တယ်။နွေဉီး အခြေအနေကိုအကဲခတ်ကြည့်ရသလောက် လူနာကလဲ တစ်မိနစ်ဆိုတစ်မိနစ်ဆိုသလောက် အရေးကြီးနေတာမို့...
"ကျွန်တော်ကဒီဆေးရုံက ခွဲစိတ်အထူးကုပါ အဒေါ်...ဘာကိစ္စများရှိလို့ပါလဲခင်ဗျ"
လူနာရှင်ကနွေဉီးပြောစကားကိုမယုံသလိုမျက်စောင်းထိုးလိုက်ပြီးအကြီးဆုံးဆရာဝန်ကိုခေါ်ပေးလို့ချည်းဆက်ပြောနေတယ်။လူနာရှင်မသိတာက ခုချိန်မှာ အရေးကြီးတာက အကြီးဆုံးဆရာဝန်မဟုတ်ပဲ လူနာကိုစမ်းသပ်ခွင့်ပေးဖို့ပဲ။
နွေဉီး လူနာအတွက် စိတ်ပူပြီး လူနာရှင်ကိုစိတ်ပျက်တာကြောင့် သက်ပြင်းချမိတော့မိုးပင်လယ်ကဝင်ပြောတယ်။
"အဒေါ်ခင်ဗျ ဒီက ဒေါက်တာက ကျွန်တော်တို့ရဲ့ ဆာဂျင်ခင်ဗျ..ဆာဂျစ်ကယ် ဝါဒ် မှာတော့ ဒီဆရာဝန်ကရာထူးအကြီးဆုံးပဲခင်ဗျ..အန်တီယုံကြည်လို့ရပါတယ်"
ပြောပေမယ့်လဲ အချည်းအနှီးပါပဲ...လူနာရှင်အန်တီကြီးက ပိုတောင်ဒေါသထွက်သလိုဖြစ်သွားသေးတယ်။
"ငါက အကြီးဆုံးဆရာဝန်ကိုခေါ်ခိုင်းနေတာ ဘာလဲဆာဂျင်...ခေါ်သာပေးစမ်းပါ...ငါ့သမီးသာသေသွားရင်ငါအကုန်လုံးကိုဒီတိုင်းမထားဘူးနော်"
ရှင်းကာမှ ပွဲတွေပိုကြမ်းကုန်ပြီ။မိုးပင်လယ်ရဲ့မျက်နှာအီလည်လည်ဖြစ်သွားတာမြင်တော့ နွေဉီးစိတ်ရှုပ်တဲ့ကြားကရယ်ချင်သွားရသေးတယ်။
မိုးပင်လယ်ကို မျက်ရိပ်မျက်ခြေပြပြီး နွေဉီးချောင်းဟန့်လိုက်ကာ...
"ဒီလိုပါခင်ဗျ...ကျွန်တော်က ခွဲစိတ်ဌာနကခွဲစိတ်ဆရာဝန်ပါခင်ဗျ...ခုဆေးရုံအုပ်ကြီးကသူ့နေရာမှာ မရှိလို့ပါခင်ဗျ..ကျွန်တော်တို့ကို စမ်းသပ်ခွင့်လေးပေးပါလားခင်ဗျာ"
"မရှိရင်စောင့်မယ်"
လူနာရှင်ရဲ့စကားကိုကြားတော့ နောက်ကွယ်ကမိုးပင်လယ်နဲ့ကိုထက်ကခေါင်းခါပြတယ်။မစောင့်စေချင်ဘူးဆိုတဲ့သဘော...
"အဒေါ်ခင်ဗျ...လူနာအတွက်စိုးရိမ်ရင် ခုချက်ချင်းစမ်းသပ်ကုသတာကိုလုပ်မှရမယ်ဗျ!နို့မို့ဆို ကလေးရော အမေရောအတွက်စိုးရိမ်ရလို့"
နွေဉီးရဲ့ဆတ်တောက်တောက်အသံကြားတော့မှ အမျိုးသမီးကြီးကတစ်ထစ်လျှော့လိုက်ပြီး...
"ငါကြားထားတာ ခွဲစိတ်ဆရာဝန် ကအမျိုးသမီးဆိုလားလို့"
"သြော်...ဆရာမကြီးတင်တင်နွယ်က ပြောင်းသွားပြီခင်ဗျ"
"အဲ့ဒါဆိုဆေးရုံမှာ အမျိုးသမီးဆရာဝန်မရှိဘူးလား"
"လောလောဆယ်တော့ မရှိသေးဘူးဗျ"
နွေဉီးစကားအဆုံးမှာတော့ အမျိုးသမီးကြီး၏စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်က မျက်နှာမှာ အထင်းသားပေါ်လာတယ်။သူလဲနားလည်ပါတယ် အချို့တွေကအမျိုးသမီးအချင်းချင်းပဲဆွေးနွေးချင်ကြတာ။အခုလဲတစ်စုံတစ်ခုကိုလဲပြောရခက်နေပုံဖြင့်လက်ချင်းပွတ်နေတာကြောင့်နွေဉီးပွင့်ပွင့်လင်းလင်းမေးဖို့တွေးလိုက်ပြီး အမျိုးသမီးကြီးကိုနားနေခန်းကိုခေါ်လာခဲ့လိုက်တယ်။
"ကဲ အဒေါ် ခုကျွန်တော်တို့၂ယောက်ပဲရှိတော့တယ် ...ဖြစ်တဲ့အကြောင်းအရာကိုပြောပြပါ...အဒေါ်ခုလိုတွေဝေနေရင် လူနာအတွက် အန္တရာယ်ရှိလာနိုင်တယ်"
အမျိုးသမီးကြီးက တံတွေးကိုတစ်ချက်မြိုချပြီးလူနာရဲ့Historyကိုပြောပြလာတယ်။
___________________
ဆေးရုံတွေရဲ့ထုံးစံအရ ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်တဲ့ Caseတွေကို OG Wardကပဲကိုင်ကြတာဖြစ်ပေမယ့် သူတို့ဆေးရုံမှာကမရှိတာမို့သူတို့ကိုယ်တိုင်ဝင်ကြရမှာ..တကယ်တော့ သားဖွားမီးယပ်လေးတစ်ယောက်လောက်ဖြစ်ဖြစ်ရှိရင်ကောင်းမှာ...ဒါပေမယ့်လဲဝေးလံတဲ့ဒေသကိုလာချင်တဲ့လူကလဲ ရှားတော့ OG လဲသူတို့ ခွဲစိတ်လဲ သူတို့ပဲ...အတွေ့အကြုံကတော့ပြောစရာမလိုအောင်ရတာ။
ခုလူနာကမတော်တဆ ကိုယ်ဝန်ရသွားပြီးကိုယ်ဝန်ရင့်မှ ကိုယ်ဝန်ကိုနှိပ်ချ ဖျက်ချတာမို့ငယ်ငယ်ရွယ်ရွယ်နဲ့သားအိမ်မှာပြဿနာတက်ပုံရတယ်။ပြဿနာလေးတက်ရုံနဲ့မရရင်တော့ထုတ်ပစ်မှရတော့မယ်။နွေဉီးအကြောက်ဆုံးကိစ္စထဲမှာ ကိုယ်ဝန်ဖျက်ချတာပါတယ်။တစ်ခါတစ်လေမှာ ပြန်ကြားရတဲ့ ကိုယ်ဝန်ဖျက်ချနည်းတွေက သူလိုယောက်ျားကြီးတောင် ကြက်သီးတစ်ဖြန်းဖြန်းထစရာကောင်းလှတယ်။
သံတုတ်မှာသပွတ်အူကြမ်းကြမ်းခြောက်ခြောက်ကိုတပ်ပြီး သားအိမ်ထဲထည့်မွှေတယ်...ထီးရိုးလိုမျိုးဟာကိုထည့်ပြီးမွှေတယ်။အပေါ်ကနေဖိချတယ်...ခြေထောက်နဲ့တက်နင်းတယ်...ကြောက်စရာကောင်းတဲ့အရာမှန်သမျှနဲ့ လူမဆန်ဆုံးလုပ်ကြတယ်။ခံရတဲ့လူမှာလဲ သေလုမတတ်ပဲ...သွေးကြောတွေအကုန်ထိကုန်ပြီး သားအိမ်ကိုပိုးဝင်ရင် ...အကယ်၍လက်လွန်ပြီး သားအိမ်ကွဲရင် သားအိမ်ကို အပြီးထုတ်ပစ်ဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိဘူး။
ကျန်းမာရေးဗဟုသုတ မရှိ ပတ်ဝန်းကျင်မှာ သိက္ခာကျမှာကြောက်နဲ့ တစ်ဇွတ်ထိုးလုပ်သမျှတွေက နောက်တစ်ခါကိုယ့်ရင်သွေးကိုထပ်မံမွေးမထုတ်နိုင်တော့တဲ့အထိ ကိုယ့်အသက်အန္တရာယ်ရောက်လုတဲ့အထိဖြစ်တော့တာ။အချို့ကကျ အဲ့လိုတွေလုပ်ပြီး ကြိတ်ခံတယ်...ဆရာဝန်တွေ ဆူမှာပြောမှာစိုးလို့ ဆေးရုံဆေးခန်းဆို မပြကြဘူး။
တကယ့်ကိုတလွဲဆံပင်ကောင်းတဲ့ကိစ္စပါပဲ...အဲ့လိုကြိတ်ခံရင်းနဲ့သေသွားတဲ့လူလဲရေတောင်မရေတွက်နိုင်ဘူး။သူတို့ဟာက အသက်သေမှာကျမကြောက်ဘဲ ဆရာဝန်ဆူမှာကြောက်နေကြတာ...တကယ်တော့ အသက်ထက်တန်ဖိုးထားစရာဘာများရှိလို့လဲ။
အဲ့လိုမျိုးတြွေဖစ်ရင် အမှိုက်ကစ ပြသာဒ် မီးလောင်သလိုပဲမို့ အကာအကွယ်တွေ သားဆက်ခြားဆေးတွေသုံးခိုင်းတော့လဲ ခုပြော ပြီးမေ့ပဲ...
နွေဉီး သီရေတာထဲဝင်တော့ မိုးပင်လယ်က မြို့မီးကို အားမရလို့မီးစက်နှိုးထားတာမို့ သီရေတာတစ်ခုလုံး ဖြူဖွေးလင်းချင်းနေတယ်။မိုးပင်လယ်က ခွဲခန်းဝတ်စုံတောင်လဲထားပြီးပြီ။
နွေဉီးဘေစင်မှာလက်ကိုဆပ်ပြာများများနဲ့ရေတစ်ဗွမ်းဗွမ်းဆေးပြီးတော့ မိုးပင်လယ် ကခွဲခန်းဝတ်စုံကိုအဆင်သင့်ကိုင်ကာစောင့်နေပြီး ဝတ်ပေးတယ်။ဝတ်စုံနောက်က ကြိုးကိုပါ ကိုယ်တိုင်စည်းပေးနေတာမို့...
"ဘာလို့ ခင်ဗျားကိုယ်တိုင်လုပ်ပေးနေတာလဲ"
"နာ့စ်တွေမအားလို့"
နွေဉီး ကြည့်လိုက်တော့__နာ့စ်၂ယောက်လုံးအားနေတာပဲကို...
မိုးပင်လယ်ကတော့အေးဆေးပဲ ခွဲစိတ်ခုံရဲ့တစ်ဖက် နွေဉီးနဲ့မျက်နှာချင်းဆိုင်တွင်ရပ်ပြီးအသင့်ဖြစ်နေပြီ။ မိုးပင်လယ် Mask အောက်ကနေပြုံးပြနေတာကို ပေါ်နေတဲ့မျက်လုံးတွေရဲ့ ရွှင်ပျမှုကြောင့်သိနိုင်တယ်။
နွေဉီးစိတ်ထဲကသိကအောက်ဖြစ်သွားရတယ်။လူနာ အခြေအနေမကောင်းတာကို ဘာတွေပြုံးနေတာလဲ !!
နွေဉီး လူနာကိုကြည့်လိုက်တော့ အခြေအနေကသိပ်မကောင်း...
"လူနာကဖြူလှချည်လား..."
ခုတင်ထက်က လူနာကအသက်ကိုပြင်းပြင်းရှုနေတယ်။တစ်ကိုယ်လုံးသွေးမရှိသလို ဖြူဖျော့ပြာနောက်နေပြီး ချွေးတွေရွှဲနေပေမဲ့ နှုတ်ခမ်းတွေကတော့ ခြောက်သွေ့ဖြူဖျော့နေတာမို့အရည်ဓာတ်ခန်းခြောက်တဲ့လက္ခဏာဖြစ်တယ်။သွေးဆုတ်ဖြူဖပ်နေတဲ့အပြင် အဖျားကတက်နေပြီးသွေးပေါင်ကကျနေတာမို့သွေးသွင်းထားရသေးတယ်။သွေးပေါင်ကျရင်ခွဲစိတ်လို့အဆင်မပြေတဲ့အပြင် သွေးဆိပ်ပျံ့တာကိုကာကွယ်ဖို့အတွက်ပဋိဇီဝဆေးတွေလဲသွင်းထားရတယ်။
နွေဉီးက လူနာအခြေအနေကိုမြင်မြင်ချင်းလျင်မြန်စွာအကဲခတ်(Rapid Initial Assessment)လိုက်ပြီး စိတ်ထဲမှာပဲမှတ်ချက်ပေးလိုက်မိတယ်။Uterine Rupture(သားအိမ်ကွဲခြင်း)။
သူကစိတ်ထဲကမှတ်ချက်ပေးရုံဆိုပေမဲ့ မိုးပင်လယ်ကတော့ နှုတ်ကနေထုတ်ပြီး..."ဒီပုံစံအတိုင်းဆိုသားအိမ်ကွဲပြီထင်တယ်...ကလေးအခြေအနေကောင်းပါ့မလား"
မိုးပင်လယ်ရဲ့ကလေးအပေါ်စိုးရိမ်နေတဲ့စကားသံထွက်လာတယ်။နွေဉီး မျက်လွှာပင့်ကြည့်လိုက်တော့ ပထမရွှင်ပျနေတဲ့ မျက်ဝန်းတို့က စိုးရိမ်စိတ်တို့စိုးမိုးနေတယ်။နွေဉီးကတော့ အရာရာကို စိတ်တအားနှစ်မပစ်ဖို့ ကိုယ့်ကိုကိုယ်အမြဲ သတိပေးထားရတယ်။စိတ်နှစ်ပစ်တက်လွန်းရင် ခံစားရတာကလဲ ကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်။
ဆရာဝန်ဘဝကအရာရာကို စိတ်နှစ်ထားလို့မရ ...On the table (ခွဲစိတ်ခုံတွင်သေဆုံးခြင်း)က အချိန်အမရွေးဖြစ်နိုင်တယ်လေ။လူနာသွေးပေါင်တက်လာချိန်မှာတော့ ခွဲစိတ်မှု စတင်ခဲ့တယ်။
"ခွဲစိတ်ဓါး"
နွေဉီး နပ်စ် ဖြူနှင်းဖွေး ကမ်းပေးသောဓါးကို ဗိုက်ပေါ်တင်ကာခွဲစိတ်မှုကိုစလိုက်ပြီးဗိုက်ကိုဖွင့်လိုက်တာနဲ့ထွက်လာတဲ့အနံ့မှာ လုံးဝမကောင်း...သူတို့ခန့်မှန်းမိသလို သားအိမ်ကွဲခြင်းပင်။
တစ်ခါတလေမှာတော့လောကကြီးက အံ့သြစရာကောင်းလွန်းတယ်။ဘယ်လိုပဲဖျက်ဆီးခံရပါစေ အသက်ရှင်ဖို့ကံပါလာတဲ့ကလေးက ကျောက်တောင်မှာကပ်ပေါက်တဲ့ အပင်လေးလို ရှင်သန်နေသေးတယ်။အားနည်းတဲ့အသက်ရှုနှုန်လေးနဲ့ကလေးလေးထွက်လာတဲ့အခါမှာတော့ မိုးပင်လယ်ရဲ့မျက်လုံး အရောင်တွေကတောက်ပလာပြီး...
"ကလေးကို ရအောင်ယူကြမယ်ဗျာနော် ဆာဂျင်...သားအိမ်ကတော့ထုတ်မှရတော့မယ်..ရိနေပြီ"
မိုးပင်လယ်စကားကြောင့် နပ်စ် ဖြူနှင်းဖွေးရော.နန့်ကြူကြူမွှေး ရော မေ့ဆေးကူနေတဲ့ဆေးရုံအုပ်ဆရာကြီး ဉီးသန့်စင်မင်းကပါရယ်တော့တယ်။နွေဉီးလဲ ရယ်သံကြောင့် ဘာရယ်မဟုတ် ဖြန်းခနဲမျက်နှာပူသွားရတယ်။သေချာပေါက်နီသွားတဲ့မျက်နှာကိုဖုံးထားပေးတဲ့Maskကိုတောင်ကျေးဇူးတင်ရမလိုပဲ..
"မိုးပင်လယ်..မင်းနှယ်ကွာဘယ်နှယ့် နွေဉီးသွားပြီး ကလေးယူဖို့ပြောနေတယ်..ပြောချင်းပြောမင့် ရည်းစားလေးပြောမှပေါ့"
ဆရာကြီးက သဘောကောင်း ခေတ်မီပြီး နည်းနည်းလဲအစအနောက်သန်သေးတယ်။ဆရာကြီးစကားကိုထောက်ခံတာက ကူနေတဲ့ သူနာပြုနှစ်ယောက်..
"အေးလေ...ဆရာဆီးနော် ဟင်းဟင်း"
နပ်စ်မလေး၂ယောက်ရဲ့အသဲယားပြီးရယ်သံ...ဒီကြားထဲမိုးပင်လယ်ကရယ်ကျဲကျဲနဲ့...
"ရည်းစားမရှိပါဘူးဗျာ" ဆိုတဲ့စကားကိုလဲ နွေဉီးကိုကြည့်ပြီးပြောလာသေးတယ်။
ဟန့်!သူနဲ့ဘာဆိုင်လဲနော်!!
လူနာအခြေအနေလေး ကောင်းလာတာကိုတွေ့တော့ခွဲခန်းထဲမှာစကားသံတွေလဲ မြိုင်လာတယ်။နွေဉီးကတော့ အမေဖြစ်သူကိုခဏထားပြီးကလေးကိုထုတ်ယူကာ ခြေထောက်နှစ်ဖက်မှဆွဲကာခေါင်းကိုအောက်စိုက်ပြီး နာသွားအောင်ခြေဖဝါးလေးကိုပုတ်ပေးလိုက်တယ်။ပုတ်ပေးပြီးမှအဲ့ပုံစံအတိုင်းနဲ့ နောက်ကျောကိုပွတ်ပေးလိုက်တော့ ပုံမှန်အသက်ရှုပြီး ငိုသံလေးထွက်လာတယ်။
အမေဖြစ်သူကို မိုးပင်လယ်ကိုအပ်ခဲ့ပြီးကလေးကိုတော့
ချက်ချင်းတစ်ဖက်ခန်းဆီကိုခေါ်သွားကာအသက်ရှုအားပေးတဲ့ဆေး၊ပဋိဇီဝဆေး၊အသက်ကယ်ဆေး၊ဂလူးကို့စ်တို့ကိုချက်ကြိုးသွေးပြန်ကြောထဲကတစ်ဆင့်ဖြေးဖြေးချင်းထည့်ပေးလိုက်မှ ကလေးကပြာနေရာကနေပန်းရောင်လေးသန်းလာပြီးအခြေအနေကောင်းလာတယ်။
မိုးပင်လယ်တော့အမေရော ကလေးရော အခြေအနေကောင်းရင် သူနဲ့သက်ဆိုင်တဲ့လူလိုပျော်မဆုံးဖြစ်နေဉီးမှာကို နွေဉီးမြင်ယောင်မိတယ်။
ကလေးကိုနွေးနွေးထွေးထွေးထုတ်ပိုးပြီး ခွဲခန်းထဲပြန်သွားကာ...
"ကလေးအခြေအနေကောင်းတယ်..လူကြီးရော"
"လူကြီးလဲအိုခေတယ် ဆာဂျင်"
ဝမ်းသာအားရဖြစ်နေတဲ့မိုးပင်လယ်အသံကဆာတက်နေတယ်။ကျန်သုံးယောက်ကတော့ အစောပိုင်းက သူတို့စကားကိုသူတို့တွေးရင်းရယ်ချင်နေဟန်နဲ့...လုပ်စရာအလုပ်ကတော့မပျက်စေရ။
နွေဉီး Mask အောက်ကနေ ခပ်သဲ့သဲ့ပြုံးမိရင်း ...
"ကဲ ကိုမိုးပင်လယ်..ဆက်ပိတ်လိုက်တော့ဗျာ..ရတယ်မဟုတ်လား..သေချာလဲဂရုစိုက်နော်အပျော်လွန်ပြီး ပစ္စည်းတွေလဲ ထည့်ပိတ်မိဉီးမယ်"
မိုးပင်လယ်ရဲ့အပျော်တွေကနွေဉီးဆီကိုကူးစက်လာခဲ့ပြီး ခပ်မြူးမြူးနှုတ်ဆက်မိတော့ မိုးပင်လယ်က မျက်ခုံးများပင့်ကာအံ့သြပြီးကြည့်နေသေးတယ်။ပြီးခါမှ..."အိုခေ ဆာဂျင်"
နွေဉီးလဲ ခွဲခန်းထဲကလူတွေကိုနှုတ်ဆက်ကာ နားနေခန်းကိုကူးလာခဲ့ပြီးပက်လက်ကုလားထိုင်ပေါ်မှာ ခဏလှဲလိုက်တော့ ပင်ပန်းနေတဲ့ ကိုယ်စိတ်နှစ်ပါးလုံးက သူတို့သဘောနဲ့သူတို့အနားယူလိုက်ကြတာမို့ဘာမှမသိတော့ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့တယ်။
မိုးပင်လယ် နားနေခန်းထဲဝင်လာတော့ ညနေသုံးနာရီထိုးလုပြီ။ဇန်နဝါရီလရဲ့ သုံးနာရီကမှောင်စပျိုးနေပြီ။ဒါ့အပြင်အိပ်နေသူက အနွေးထည်ထူထူထဲထဲ ဝတ်မထားဘဲ ပက်လက်ကုလားထိုင်ပေါ်ရသလောက်ကွေးအိပ်နေတာမို့ သူပြုံးမိတယ်။
နွေဉီးပင်ပန်းမယ်ဆိုလဲပင်ပန်းလောက်တယ်။ခုတလောသီရေတာထဲဝင်ရတာနေ့စဉ်ရက်ဆက်ဖြစ်နေတာ။လောလောဆယ်မှာလဲခွဲစိတ်ဆရာဝန်ဆိုလို့ သူရယ်နွေဉီးရယ် ၂ယောက်ပဲရှိတယ်။ဒေါက်တာကျော်ဇင်ထွဋ် ကလဲ အရက်ဖြတ်နေတာမို့ခွင့်ယူထားတယ်။
နွေဉီး အိပ်နေတာက နှစ်နှစ်ခြိုက်ခြိုက်...အိပ်နေတော့လဲ မျက်နှာတည်တည်ကြီးမရှိတော့တာမို့အပြစ်ကင်းစင်တဲ့ ကလေးလေးလိုပဲလို့မိုးပင်လယ်ထင်မိတယ်။မျက်ခုံးကွေးကွေးလေးကလဲမည်းနက်နေပြီး ယောင်္ကျားလေးတန်မဲ့ မျက်တောင်ကော့ကော့လေးကမျက်ခွံဖောင်းဖောင်းလေးကိုပိုချစ်ဖို့ကောင်းနေစေတယ်။နှာခေါင်းလုံးလုံးလေးနဲ့နှုတ်ခမ်းထူထူလေးကလဲပြုံးယောင်ယောင်လေး...မျက်နှာအစိတ်အပိုင်းတွေကသူ့ဟာနဲ့သူ ချစ်ဖို့ကောင်းနေတော့တာမို့လူကြီးနဲ့တူအောင်ဆံပင်ကိုလှန်တင်ထားတာတောင်မှ ချစ်ဖို့ကောင်းတာကလျော့မသွားဘူးလို့ သူထင်တယ်။
'ဒီလိုချစ်ဖို့ကောင်းတဲ့မျက်နှာကိုတောင် ဘယ်သူကမျက်နှာသေဖြစ်အောင် လုပ်လိုက်တာလဲ မသိဘူးလို့' လဲမိုးပင်လယ်မနေနိုင်မထိုင်နိုင်တွေးမိသေးတယ်။
နွေဉီးကတော့ သူတွေးနေတာတွေဘာမှမသိရှာဘူး။ အိပ်နေရင်းချမ်းလာတာမို့မျက်မှောင်လေးကျုံ့ လက်ကိုပိုတင်းအောင်ပိုက်လိုက်ပြီး မီးဖိုပေါ်ကပုစွန်ဖြစ်ခါနီးထိထပ်ကွေးတယ်။မိုးပင်လယ် နားနေခန်းမှာခြုံပေးစရာစောင်လိုက်ရှာကြည့်တော့ တစ်ထည်မှကိုမတွေ့ ။ချမ်းနေတဲ့ နွေဉီးကိုကြည့်ပြီး မိုးပင်လယ်မှာပျာယာခတ်နေရတယ်။
နောက်ဆုံးတော့ ဝတ်ထားတဲ့ဆွယ်တာကိုချွတ်ပြီး နွေဉီးကိုခြုံပေးလိုက်တော့မှသူ့ရဲ့ပျာယာခတ်တဲ့လုပ်ငန်းစဉ်ရပ်သွားတော့တယ်။ခြုံပေးရင်းအနီးကပ်ကြည့်လိုက်မှ ဖြူတဲ့ ပါးပြင်လေးနဲ့နှာခေါင်းလုံးလေးမှာ အအေးဒဏ်ကြောင့် ပန်းရောင်ပြေးနေတယ်။နှုတ်ခမ်းလေးတွေကစတော်ဘယ်ရီသီးလိုနီမြန်းနေတာကိုကြည့်ရင်း မိုးပင်လယ်တံတွေးတောင်မြိုချမိမလိုဖြစ်သွားပြီးရုတ်ချည်းဆိုသလို အခန်းတွင်းအပူချိန်ကတိုးလာသလိုလို။
စိတ်လွတ်ကိုယ်လွတ်နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့နွေဉီးက သူ့ကိုမသောက်ပဲ မူးထွေသွားစေတာမို့မိုးပင်လယ်ခါးကိုပြန်မတ်ကာခေါင်းကိုရမ်းလိုက်တယ်။ပြီးတော့ဂျူတီကုတ်ကိုဆွဲယူဝတ်ကာ မိုးပင်လယ်တစ်ချိုးတည်းထွက်လာခဲ့လိုက်တယ်။အခုဆိုရင်ချမ်းအေးလှတဲ့ဇန်နဝါရီရဲ့အအေးဒဏ်ကိုတောင်ပူတယ်လို့သူခံစားနေရတာမို့လက်ဖဝါးနဲ့မျက်နှာရှေ့ကို ယပ်ခပ်ရင်း...
"ဝှူး ပူလိုက်တာ...လူနာဆီသွားဉီးမှပဲ"
____________