🍁Daffodils:အပိုင်း(၁)တံစက်မြိတ်အောက်ကလူနှစ်ယောက်
လေအဝေ့မှာ မိုးနံ့ခပ်ပါးပါးနဲ့အတူဆေးရုံပိုးသတ်ဆေးနံ့ပါတစ်ခါတည်းလိုက်ပါလာတယ်။လူနာChartမှာရေးမှတ်နေရင်းဘောပင်ခဏချပြီးဆေးရုံသံဇကာပေါက်ကနေအပြင်ကိုလှမ်းကြည့်မိတော့ မိုးကခပ်အုံ့အုံ့. . .
ဘာရယ်မဟုတ်အပြင်ကိုဆက်ငေးနေမိနေတုန်းမှာပဲ . .နားထဲကိုစကားသံတွေကတိုးဝင်လာတယ်။
"ကွဲန်..ကျောန် က ရှစ်ခနန်းကောန်းအယ်နာ.."
(ဉီးလေး..ကြောင်ကချစ်စရာကောင်းတယ်နော်)
"အင်း ဒါပေမဲ့..ကြာဖူးလေးကပိုချစ်ဖို့ကောင်းတာပေါ့"
"ဟုတ်ဝါး"
(ဟုတ်လား)
ကြာဖူးလေးရဲ့အမေးကို 'ဒါပေါ့ကွ' လို့ဖြေပြီး ဆံပင်ဖောင်းဖောင်းလေးတွေကိုလက်နဲ့ဆွဲဖွလိုက်ကာ သွားစွယ်တွေဖွေးခနဲပေါ်အောင် လှည့်ရယ်ပြသူကို ကြည့်ပြီး နွေဉီး ခေါင်းကိုအသာရမ်းလိုက်မိတယ်။ ပြီးတော့သက်ပြင်းချကာ ရေးလက်စကိုဆက်ရေးဖို့ပဲအာရုံစိုက်လိုက်တယ်။
အတန်ကြာတဲ့အထိကြာဖူးနှင့်စကားလက်ဆုံကျနေသံကြားနေရတယ်။ကြာဖူးလေးက စကားပြောရင်အင်းလေးဒေသိယစကားတွေထည့်ထည့်ပြောတတ်တယ်။ကြာဖူးလေးရဲ့အဖိုးက ဆေးရုံစောင့်ကြီး ဖြစ်ပြီးအမေ အဖေတွေကတော့ ကုန်စိမ်းရောင်းကြတယ်။အဲ့ဒါကြောင့် ကြာဖူးလေးကအဖိုးနဲ့အတူဆေးရုံလိုက်လာပြီးနေ့လည်ဘက်ဆို ကြာဖူးလေးက ဆေးရုံမှာဆရာဝန် ဆရာမတွေနဲ့လှည့်ပြီးစကားလိုက်ပြောတတ်တယ်။
နွေဉီးလဲရောက်ခါစတော့ ကြာဖူးပြောသမျှနားမလည်ဘူး...၁နှစ်ခွဲလောက်ကြာတဲ့အချိန်ကျမှနည်းနည်းရိပ်ဖမ်းသံဖမ်းနားလည်လာတာ။အဲ့ဒါကြောင့်...သေချာလဲနားမလည်ပဲ စကားလက်ဆုံကျနေတဲ့လူကိုကြည့်ပြီးနွေဉီး အမှန်တကယ်ကိုအံ့သြမိတယ်။
ဒါပေမဲ့လဲ အံ့သြစရာတော့သိပ်မကောင်းပြန်ဘူး။အဲ့လူကလူတကာနဲ့ဖော်ဖော်ရွေရွေ ဆက်ဆံတတ်ပြီး နွေဉီးနဲ့တော့ကွာတယ်။သူကတော့ ဘယ်သူနဲ့မှလဲရင်းနှီးလိုစိတ်လဲမရှိတဲ့အပြင်ရင်းနှီးမိမှာကိုတောင်ကြောက်နေမိသေးတာ။
Chart မှာ ရေးနေရင်းက တွေးမိတွေးရာတွေရောက်နေတုန်း ဘေးမှာ လာရပ်တဲ့ ဂျူတီကုတ်အဖြူကို မြင်မှ နွေဉီး အသိပြန်ဝင်လာတယ်။မော့ကြည့်လိုက်တော့ ကုတ်မှာတပ်ထားတဲ့ Name cardက နာမည်ကို အရင်မြင်ရတယ်။
Dr.Moe Pinlal Pyar...
အင်း...လူကနာမည်နဲ့တော့လိုက်ပါတယ်...အဲ့လူက နေရောင်ခြည်အောက်က ပြာလဲ့တောက်ပနေတဲ့ပင်လယ်တစ်ခုလိုပဲ တက်ကြွပီးနွေးထွေးဖော်ရွေတဲ့ပုံပေါ်တယ်။
နွေဉီးဘောပင်ကိုလက်ကချပြီး မော့မေးလိုက်တယ်။
"ဘာကိစ္စရှိလို့လဲ ဆရာ"
"ဘာမှမရှိပါဘူးဗျ..ကျွန်တော်က ဆရာအိပ်ငိုက်နေတယ်ထင်လို့...နှိုးမလို့လာတာ"
"သြော်...ကြာဖူး ပြန်သွားပြီလား"
"ဟုတ်ကဲ့ ခုနကပဲ ဖအို(အဖိုး)လာခေါ်သွားတယ်"
သူဒေသိယစကားညှပ်သုံးသွားတာကိုကြားလိုက်တော့ နွေဉီးပြုံးလိုက်မိတာကို မြင်ပြီး မိုးပင်လယ် ငေးခနဲဖြစ်သွားရတယ်။ဒေါက်တာနွေဉီး ကပြုံးတယ်ဆိုတာရှားပါးတဲ့ဖြစ်ရပ်ဖြစ်တာမို့လေ...နွေဉီးပြုံးလိုက်တော့ နဂိုကမှခပ်ကွေးကွေးလေးဖြစ်နေတဲ့မျက်ခုံးမည်းမည်းလေးကပိုကွေးသွားပြီး အပြုံးသေးသေးလေးကိုအားဖြည့်ပေးလိုက်သလိုပဲ။
"ကျွန်တော် ဖအို လို့ သုံးလိုက်လို့ ပြုံးလိုက်တာလား"
နွေဉီးဘာမှမပြောဘဲ နေတော့ မိုးပင်လယ်က မျက်နှာချင်းဆိုင်ကထိုင်ခုံကိုဆွဲယူထိုင်ပြီး ရှက်တက်တက်ပုံနဲ့လည်ပင်းကိုပွတ်တယ်။
"ကြာဖူးလေးကဗျာ ဒီတိုင်းပြောလဲရသားဟာကို ဒေသိယစကားတွေထည့်ထည့်ပြောတယ်...ကျွန်တော်ကလဲ ကလေးဆိုချစ်တတ်တော့ မြင်ရင်စကားကမပြောဘဲမနေနိုင်ဘူး...ဒါပေမဲ့နားလဲမလည်ဘူး"
"ခင်ဗျားကိုက စကားများတာပါဗျာ...ကလေးမှမဟုတ်ဘူး လူကြီးတွေနဲ့လဲများပါတယ်"
"ဟားဟား ဟုတ်ပါတယ်ဗျာ...ဒါပေမဲ့ ကျွန်တော်ကကြောင်တွေခွေးတွေနဲ့တော့မပြောဘူးဗျ"
နွေဉီးကို တည့်တည့်ဉီးတည်တဲ့စကား...ဘာဖြစ်လို့လဲဆိုတော့ကြောင်တွေခွေးတွေနဲ့စကားပြောတတ်တာ ဒီဆေးရုံတစ်ခုလုံးရော ဒီမဲဘာန်း မြို့ တစ်မြို့လုံးရောမှာ နွေဉီးတစ်ယောက်ပဲရှိမယ်ထင်တယ်။
"သူတို့တွေက ပြန်မပြောတတ်ပေမဲ့ ချစ်ခြင်းမေတ္တာကိုနားလည်တယ်ဗျ...လူတွေက နားမလည်တတ်ကြဘူး"
နွေဉီး ပြောပြီးပြီးချင်း Chart ကိုကိုင်ပြီး ထရပ်လိုက်တယ်။မိုးပင်လယ်ကတော့ ထိုင်ရပ်ကနေသူ့ကိုကြည့်နေတုန်း...
နားနေခန်းပေါက်ဝရောက်မှ နွေဉီး ပြန်လှည့်လိုက်ကာမိုးပင်လယ်ကို Chart ကိုထောင်ပြပြီး...
"ဆာဂျင် Round မလို့လေ ...A.Sက မလိုက်တော့ဘူးလား"
"ဟာ..ဆောရီး ဆရာ..လာပြီ"
ခြေလှမ်းကျဲနဲ့ထွက်သွားတဲ့ဆာဂျင်နွေဉီးဧရာနောက်ကို သူ့လက်ထောက်ဖြစ်တဲ့ မိုးပင်လယ် အပြေးတပိုင်းလိုက်ရတော့တယ်။နို့မို့ဆိုမလွယ်ဘူး... သူ့ရဲ့ ဆာဂျင်လေးက လူကငယ်ပေမဲ့ စိတ်ကကြီးသေးတာ။ဒါတောင် မိုးပင်လယ်က နွေဉီးထက် ၂နှစ်ကြီးနေလို့..
"ဘယ်လိုနေသေးလဲ ဗျ..ဉီးစိုင်းထွန်း ...နေသာရဲ့လား"
"နေသာပါတယ် ဆရာလေးရယ်..ကျေးဇူးတင်ပါတယ်"
ဒေါက်တာနွေဉီး လူနာတစ်ဉီးချင်းစီကို စကားပြော စမ်းသပ် လိုအပ်တာတွေညွှန်ကြားနေတာကိုကြည့်ပြီး သူတွေးနေမိတယ်။နွေဉီးရဲ့စကားပြောဟန် လေယူလေသိမ်းက အခြားဆရာဝန်တွေလို ပျော့ပျော့ပျောင်းပျောင်းတော့မဟုတ်ဘူး.. ဒါပေမဲ့လဲ ပညာဂုဏ်မောက်ပြီးလဲ မာထန်နေတာမျိုးလဲမဟုတ်ပြန်ဘူး။
လေသံမှန်မှန်ကိုမှ တည်တည်တင်းတင်းနဲ့ပြောစရာရှိတာအပိုအလိုမရှိပြောတတ်ပြီးအရယ်အပြုံးကလဲနည်းလိုက်သေးတယ်။
လူနာနဲ့စကားနေရင်းတောင်မရယ်မပြုံးတာ ဆရာဝန်အချင်းချင်းစကားပြောရင်တော့ ပိုဆိုးသေး..လိုအပ်မှစကားပြောတာ။အဲ့လိုမျိုးဒေါက်တာနွေဉီးက သူ့ခံစားချက်နဲ့ပတ်သတ်တဲ့စကားကိုသူ့ကိုပြောသွားတာမို့ အံ့သြမဆုံးဖြစ်နေရတယ်။
"ဒေါက်တာမိုးပင်လယ်ပြာ...ဉီးစပ်မိုင်ဖက Appendex(အူအတက်)ခွဲထားတော့ သေချာစောင့်ကြည့်ပေးထားပါဉီး"
"........."
"ဒေါက်တာမိုးပင်လယ်ပြာ!...အဟမ်း!ဒေါက်တာမိုးပင်လယ်ပြာ!"
ဒီလူဘာလဲဟ!...သူ့ကိုစိုက်ကြည့်ပြီး ခေါ်တာလဲမကြား။ကြာတော့နွေဉီးစိတ်ကတိုချင်လာပြီ။သူ့ရဲ့တစ်စထက်တစ်စ တင်းလာတဲ့မျက်နှာထားကိုရိပ်မိတဲ့ နာ့စ်နန့်ကြူကြူမွှေးက ဒေါက်ကမိုးပင်လယ်ရဲ့လက်ကိုလှုပ်ပြီးခေါ်လိုက်ရတယ်။
"ဆရာဆီး"
"ဗျာ...မကြူ"
"ဒေါက်တာ့ကို ဆာဂျင် ခေါ်နေတာကြာပြီ"
"ဗျာ ဟုတ်လား .."
နာ့စ်မလေးက အဆူခံရတော့မှာပဲ ဆိုတဲ့ ရုပ်နဲ့ခေါင်းညိတ်ပြတယ်။သူရင်တုန်တုန်နဲ့လှည့်ကြည့်လိုက်တော့ ဒေါက်တာနွေဉီးကဘာအပြစ်တင်စကားမှမပြောလာပေမဲ့ မျက်နှာတင်းတင်းကနေတော့အသံ မာဆတ်ဆတ်နဲ့အမှာစကားတွေထွက်လာတယ်။
"Appendexခွဲထားတဲ့ လူနာကို သေချာ ဂရုစိုက်ပေးဖို့ မှာမလို့ ဒေါက်တာမိုးပင်လယ်...ခင်ဗျား ဒီညဂျူတီမလား"
"ဟုတ်ကဲ့ဆရာ.."
"အလုပ်ကိုနည်းနည်းလောက်အာရုံစိုက်ပေးပါဗျာ"
"ဟုတ်ကဲ့...ကျွန်တော်တောင်းပန်ပါတယ်"
ိုတောင်းပန်စကားကိုဆုံးအောင်တောင်နားမထောင်ဘဲ သက်ပြင်းကို 'ဟင်း' ခနဲနေအောင်ချပြီးထွက်သွားတဲ့ဒေါက်တာနွေဉီးရဲ့ကျောပြင်ကိုသာ မိုးပင်လယ်ရပ်ကြည့်ကျန်ခဲ့ရတော့တယ်။
ဒါလေးကိုများစိတ်တိုနေလိုက်တာ...ငါမင်းထက်အသက်ကြီးတယ်သိရဲ့လား..နွေဉီးဧရာရဲ့....
နွေဉီး ဆေးရုံကနေ အိမ်ကိုပြန်မယ်လုပ်တော့ ညနေငါးနာရီတောင်ခွဲခါနီးနေပြီ။မိုးကလဲတစ်ဖြောက်ဖြောက်နဲ့...နေကတော့မဝင်သေးပဲ တိမ်ထူထူကြားထဲက အလင်းရောင်ပေးနေသေးတယ်။ဆေးရုံရှေ့တံစက်မြိတ်အောက်မှာ နွေဉီး ရပ်နေရင်း မိုးစက်တွေ လမ်းပေါ်ကျနေတာကို ကြည့်နေမိတယ်။မဲဘာန်းမြို့ရဲ့ရာသီဥတုက မှန်းလို့မရဘူး။ခုမိုးရွာချင်ရွာ ခုနေကျဲကျဲတောက်ပူချင်ပူတတ်တာမျိုး။ဒါပေမဲ့ အခုတလောမိုးရွာတာကကြဲနေတာမို့ထီးလဲယူမလာမိ...
"မိုးကစွေမဲ့ပုံပဲ..."
တစ်ဖြည်းဖြည်းနဲ့ပိုပြီးအုံ့ဆိုင်းလာတဲ့ ကောင်းကင်ကိုကြည့်ပြီးနွေဉီးစိတ်ညစ်ညစ်နဲ့တွေးမိတယ်။မဲဘာန်းမိုးကရွာမိရင်မတိတ်တော့ပဲစွေနေတတ်တယ်။မိုးရေထဲပဲပြေးသွားရမလားစဉ်းစားပြီး ခြေလှမ်းအရွေ့မှာသူ့နောက်ပါးကနေ ပြေးလာတဲ့ခြေသံတစ်ဖျက်ဖျက်သံကိုကြားလိုက်ရပြီး လက်မောင်းကိုလှမ်းဆွဲလိုက်သူ ကမိုးပင်လယ်ပြာ...
"ရော့...ထီးယူသွားလေ ဒေါက်တာ မိုးရေထဲပြေးတော့မလို့လား"
နွေဉီး ထီးကိုမယူသေးပဲ ထီးကိုကမ်းပေးနေရင်း ဒူးကွေးကာဒူးပေါ်လက်ထောက်ရင်းမောနေသူကို သေချာကြည့်မိတယ်။ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်ထားပြီး ပုဆိုးကိုခြေသလုံးဝက် တိုတိုဝတ်ထားတယ်။ပြေးလာလို့ဖြစ်မှာ အသားညိုညိုစိုစိုက ချွေးတွေကြောင့် ပိုစိုသလိုဖြစ်နေတယ်။
"ယူလေ...မိုးရေထဲပြေးတော့မှာကြိုသိလို့ ခဏကျောဆန့်မဲ့ဆဲဆဲထထွက်ပြီး ပြေးလာပေးတာ"
နွေဉီး မျက်မှောင်ဆတ်ခနဲကြုံ့လိုက်ပြီး...
"ဘယ်သူကယူလာခိုင်းလို့လဲ"
မိုးပင်လယ် ဘာပြောရမလဲမသိဖြစ်သွားရင်း...
"အမ်!!ဘယ်သူမှမဟုတ်ပါဘူး...ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ပါ"
မိုးပင်လယ်ရဲ့ အူတူတူရုပ်ကို ကြည့်ပြီးနွေဉီးခေါင်းရမ်းလိုက်မိတယ်။ပြီးတော့ ကမ်းထားတဲ့လက်ထဲကထီးကိုဆွဲယူလိုက်ပြီး ဖွင့်ဆောင်းကာမိုးရေကြားထဲတိုးဝင်လိုက်တော့တယ်။
"ဘယ်သူကတကူးတကယူလာခိုင်းလို့လဲ...ငါကဒီတိုင်းမိုးရေထဲ လမ်းလျှောက်သွားမလို့ကို"
နွေဉီး မကျေမနပ်နဲ့ တစ်ယောက်ထဲစကားပြောရင်းခြေလှမ်းတွေကိုအရှိန်မြင့်လိုက်တယ်။မိုးလေကသုတ်ရင် ချမ်းတယ်...နောက်ကို မသိမသာလှည့်ကြည့်တော့ မိုးပင်လယ်ပြာ ကသူ့ကိုနားမလည်သလိုခေါင်းစောင်းပြီးခါးထောက်ကြည့်နေတာကိုတွေ့ရတော့ သူ့နှုတ်ခမ်းတွေကမနေနိုင်ပဲကော့ညွှတ်သွားရတယ်။
ပြီးတော့တစ်ဆက်တည်းမှာပဲ စိုးရိမ်တဲ့စိတ်လေးနည်းနည်းပါဝင်လာတယ်။
'မြန်မြန်ပြန်မဝင်ဘူး...မချမ်းဘူးလား မသိဘူး!'
ဘာကြောင့်လဲမသိပေမဲ့ အဲ့လူကသူ့ကိုခဏခဏပြုံးမိစေတယ်။
ရပ်ကျန်ခဲ့တဲ့ မိုးပင်လယ် ကတော့ အံ့သြမှုတစ်သိန်းနဲ့ကျန်ခဲ့တော့တယ်။စေတနာနဲ့ ထီးယူလာပေးတာကိုတောင်ကျေးဇူးမတင်တဲ့အပြင်မကျေမနပ်နဲ့ပြောလိုက်သေးတယ်။
"အမြဲတမ်း အဲ့လိုပဲ"
မကျေမနပ်နဲ့ပြောရင်းမိုးပင်လယ် ဆေးရုံထဲပြန်ဝင်လာခဲ့တယ်။
"အား ကုတ်ထပ်ဝတ်ထားဉီးမှ မိုးလေကအေးတယ်ဟ"