ညဥ့်နက်နက်၏ အမှောင်သည် ခမ်းနား ထည်ဝါသော လဝန်းခြမ်း အကူအညီဖြင့် မှောင်မိုက်ခြင်း မရှိ။ ပတ်ဝန်းကျင် တစ်ခွင် မှိန်မှိန်ပါးပါး လင်းဖြာနေခဲ့သည်။
ဟိုး . . မိုးယံ အထက်မှာ ရှိနေတာက ငွေသော်တာ။ သူမက ကြယ်အပေါင်း ခြံရံလျက် ကမ္ဘာမြေအား လှမ်းငုံ့ကြည့်ကာ ကျိုတို စံအိမ်တစ်ခွင် ငွေဖြူအသွင် ရောင်စဉ်တို့ကို လှလှပပ ပက်ဖြန်းပေးထားသည်။
သော်တာ လမင်း၏ အလင်းဓာတ်က ခြံ ရှေ့မှ ဆာကူရာပင်များထံ၊ အုတ်လှေကား အနီးမှ ပန်းချုံပင်ကလေးများထံ၊ နောက်ဘက် စည်းရိုး အခြေမှ Hydrangea ပန်းဥယျာဉ် စိုက်ခင်းကလေးထံ ကျရောက်လို့ အေးအေးချမ်းချမ်း အပူအပင် မရှိ မှေးတင် နားခိုနေခဲ့သည်။
ည ဆယ် နာရီမှာတော့ ငွေသော်တာ လမင်း၏ ရောင်စဉ်က အိပ်ခန်း အပြင်သို့ ရောက်ရှိလာခဲ့သည်။ လရောင်ဟာ မှန်ပြတင်းမှ ဖြတ်၍ အိပ်စက်ရာ ခုတင်ထက် အလင်းဖြာသည်။ ထို့နောက် ဖြူဖြူနုနု ကောင်ကလေး၏ မျက်ဝန်းများထဲ အတားအဆီး မရှိ ခုန်ဆင်းလာတော့၏။
"ယံ့မျက်လုံးတွေကို ကြည့်လိုက်တဲ့အခါတိုင်း ကျွန်တော်တို့ နှစ်ယောက် အတူ ရှိနေမယ့် အနာဂတ် ခရီးကို မြင်နေရတယ်"
လရောင်များ ပြည့်လွှမ်းနေသည့် ဝေယံ၏ မျက်လုံးများကို ငေးစိုက်ကြည့်ရင်း နေသူရိန်မင်းခန့် ပြောလိုက်ခြင်း ဖြစ်သည်။
သူတို့ နှစ်ယောက်စလုံး ခုတင်ပေါ် လဲလျောင်းလျက် ရှိသည်။ သို့သော် ဝေယံ ဦးခေါင်းက နေသူရိန်မင်းခန့် ညာဘက် လက်မောင်းပေါ်မှာ။ ပိုးသားလို နူးညံ့ အိစင်းသော ဝေယံ၏ ဆံစများကို နေသူရိန်မင်းခန့်က လက်ချောင်းတို့ဖြင့် ရစ်နှောင် ဆော့ကစားလျက် ရှိသည်။ ထိုမျှမက ဖြူဥ သွယ်လျသော ပေါင်တံများကိုပါ ခိုင်မာ တောင့်တင်းသော ခြေထောက်များဖြင့် လှုပ်မရအောင် ချုပ်နှောင် ပွေ့ဖက်ထား၏။
"သိပ် ချစ်တာပဲ၊ ယံရော ကျွန်တော့်ကို မချစ်ဘူးလား"
နေသူရိန်မင်းခန့် မေးတော့ ငြင်းဆန်ဖို့ အကြောင်းပြချက်တို့ မရှိစွာ ခေါင်းကို တွင်တွင် ညိတ်သည်။ ဆံသားတို့ လှုပ်ခတ်သွားတိုင်း နူးညံ့ သင်းပျံ့သော မွှေးရနံ့က နှာဖျားအထိ လာရောက် ကျီစားသည်။ နေသူရိန်မင်းခန့် မနေနိုင်လွန်းစွာ ဆံစများ နားခိုနေသည့် ဝေယံ၏ နဖူးထက်သို့ နှုတ်ခမ်းများ ဖိကပ်ပြီး ကြင်နာစွာ နမ်းရှိုက်လိုက်သည်။
"နှုတ်ကနေ ပြောမှပေါ့ . . ယံရာ"
ဝေယံ ညင်သာစွာ ပြုံးသည်။
"ငါ မင်းကို ချစ်တယ်လို့ မပြောလည်း ဘယ်လောက် ချစ်မှန်း မင်း အသိဆုံး မဟုတ်လား၊ ချစ်တယ် ဆိုတာ ငါ့အတွက် မလုံလောက်ဘူးလေ"
စိတ်၏ ခံစားမှုကို နှုတ်မှ ဖော်ပြလိုက်ပါက သေးငယ်သွားမည်ကို ဝေယံ စိုးရိမ်နေမိသည်။ ဘာကြောင့်ဆို ချစ်သည် ဆိုသော စကားလုံး နှစ်လုံးတည်းဖြင့် နေသူရိန်မင်းခန့်အပေါ် ထားရှိသော ချစ်ခြင်းတရားများကို ဖော်ပြ ညွှန်းဆိုဖို့ အနည်းငယ်မှ မလုံလောက်ပါလေ။
"အာ . . ယံကတော့လေ၊ ကျွန်တော် မချစ်ဘဲ မနေနိုင်အောင် သိပ် လုပ်တာပဲ"
ဒီတစ်ခါတော့ နေသူရိန်မင်းခန့် ပစ်မှတ်က နှုတ်ခမ်းများ။
စတော်ဘယ်ရီ တစ်လုံးလို နီရဲ ချိုမြပြီး အရသာ ရှိနေမည့် ဖောင်းကြွကြွ နှုတ်ခမ်းလွှာထံ အနီးဆုံး တိုးကပ်လိုက်သည်။
"နေပါဦး၊ ခဏလေး . . အွန်း"
ဝေယံ နှုတ်ခမ်းများ ရုတ်ခြည်း ထွေးငုံခံလိုက်ရသည်။ ပန်းပွင့်လွှာလေး တစ်ပွင့် မသိမသာ လွင့်ကြွေသွားသလို။ သို့သော် နေသူရိန်မင်းခန့်၏ ယုယသော နမ်းရှိုက်မှုက ချောကလက် ရောသည့် တိမ်တိုက်သား တစ်ခုထဲသို့ နစ်မြှုပ်သွားသလို ဝေယံ့ကို ယစ်မူးသွားစေသည်။
ပူနွေး ယုယသော အထိ။
ပြင်းထန် လှိုက်မောသော အသိ။
နူးညံ့ ကြင်နာသော အသွေးအသား။
လှပ နက်ရှိုင်းလွန်းသော အနမ်း တစ်ခု။
ရပ်တန့်လို့ မရတော့သော နှုတ်ခမ်းလွှာများ။
စက္ကန့်ပိုင်းအတွင်းမှာ နေသူရိန်မင်းခန့် လက်များက အင်္ကျီ အတွင်းသို့ လျှိုဝင်လာခဲ့သည်။ ချည်သား အင်္ကျီမှ ကြယ်သီးများကို ဆွဲဖြုတ်ချိန် ဝေယံ အသက် အောင့်ထားမိသည်။ မထင်မှတ်စွာ လည်တိုင်ပေါ် တိုးကပ်လာသော နှုတ်ခမ်းများက ပူပူနွေးနွေး။ ပုလဲ မိုးစက်ဥများလို စိုစွတ် နွေးဖျလွန်းသည်။
အသက်ရှူသံများ ပြင်းထန်လာချိန် နေသူရိန်မင်းခန့် လက်ချောင်းများက အပေါ် နယ်မြေသို့ တဖြည်းဖြည်း ကျူးကျော်လာခဲ့သည်။ လည်တိုင်မှ တစ်ဆင့် နှုတ်ခမ်းများကို မသိမသာ ရွေ့လာပြီးနောက် ပြင်းပြင်းထန်ထန် နမ်းရှိုက် ထွေးငုံလိုက်သည့်အခါမှာတော့ ဝေယံ အသက်ရှူဖို့ တစ်ခဏ မေ့လျော့သွားသည်။
"အ . . နာတယ်"
သူ ရုန်းထွက်ဖို့ ကြိုးစားကြည့်သည်။
"မကိုက်ပါနဲ့ . . ဟင့် ဟင့်"
သို့ပေမယ့် မရ။
အထိအတွေ့ တစ်ခုချင်းဆီက ဝေယံ့ကို ရုန်းမထွက်နိုင်အောင် ဖမ်းချုပ် ဆွဲဆောင်ထားသည်။ သို့ရာတွင် မျက်လုံးများကို မဖွင့်ရဲ။ ရှက်ရွံ့လွန်းတာကြောင့် နေသူရိန်မင်းခန့် မျက်နှာကို မကြည့်ရဲ။ လက်ညှိုးကို ဖိကိုက်ရင်း အသံ မထွက်အောင် ထိန်းချုပ်ထားမိသည်။ သို့ရာတွင် မှောင်ရိပ်ထဲမှ နေသူရိန်မင်းခန့် မျက်နှာက အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။
"ယံ . . ကျွန်တော့်ကို ခွင့်ပြုမယ် မဟုတ်လား"
ဝေယံ ခေါင်း မညိတ်မိ။
နေသူရိန်မင်းခန့် ပြုံးသည်။
အဓိပ္ပါယ် ပါလှသော လျှို့ဝှက်သည့် အပြုံး တစ်ခုပဲ ဖြစ်သည်။
ထို့နောက် နက်ရှိုင်း နွေးထွေးသော အနမ်းများဖြင့် စပြီး သွေးဆောင် ဖြားယောင်းလာသည်။ ဆံနွယ်၊ နဖူး၊ မျက်ခွံ၊ နှာဖျားထိပ်၊ ပါးမို့မို့၊ မေးစေ့ စသဖြင့် တစ်ဆင့်ချင်း တစ်ချင့်ချင်း ယုယုယယ နမ်းရှိုက် ကျီစယ်သည်။ အေးဆေး စိတ်ရှည်သော အနမ်းပွင့်များသာ ဖြစ်သည်။ ထို့နောက် လည်တိုင်ကို စုပ်ယူ ဖိကိုက်သည်။ ရင်ညွှန့်ရိုးများကို နှုတ်ခမ်းများဖြင့် ဖွဖွထွေးထွေး ဖိစုပ် နမ်းယူသည်။
နှုတ်ခမ်းတို့ထံ တစ်ခေါက် ပြန်လည် ဆိုက်ကပ်ချိန်မှာတော့ ဝေယံ မငြင်းဆန်နိုင်တော့။ နေသူရိန်မင်းခန့် လည်ကုပ်ပေါ် လက်ချောင်းတို့ တင်ကာ ဆွဲယူ ပွေ့ဖက်ပြီး နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်မိတော့သည်။ အသက်ရှူသံတို့ ရပ်တန့်စေသည်အထိ ဖြစ်သည်။
နှလုံးခုန်သံတို့ ပြင်းထန်လာသည့်အခါ သွေးခုန်နှုန်းများ ထိုးဆောင့်လာသည်။ ခန္ဓာကိုယ်၏ အလိုအလျောက် ခိုင်းစေမှုဖြင့် ရပ်တန့်နေနှင့်ပြီးသား အသက်ရှူသံတို့ ပြန်ပြီး ထွက်ပေါ်လာချိန်မှာတော့ ခန္ဓာကိုယ် နှစ်ခုက မီးခဲ တစ်ခုအလား ပူလောင်နေပြီ ဖြစ်သည်။ သို့ရာတွင် နှစ်ဦးသား၏ နမ်းရှိုက်မှုက ဆုံးခန်း မတိုင်သေး။
ထိုအချိန် ချောက်ခနဲ ပွင့်ဟလာသည့် အခန်း တံခါး။
ဝါလဲ့လဲ့ မီးရောင်နှင့် အတူ တစ်စုံတစ်ရာသော အရိပ်သဏ္ဌာန် တစ်ခုက အိပ်ခန်း ကြမ်းပြင် အတွင်းသို့ လျင်လျင်မြန်မြန် ကျရောက်လာခဲ့သည်။
"ဖေဖေ . ."
ရုတ်တရက် ထွက်ပေါ်လာသည့် သမီးဖြစ်သူ ခေါ်သံကြောင့် ဝေယံ အသိစိတ် ဝင်လာခဲ့သည်။ ထို့နောက် ယောင်ယမ်းကာ နေသူရိန်မင်းခန့်ကို ဆောင့်တွန်းလိုက်မိသည်။ သူ၏ တွန်းထုတ်မှုက နေသူရိန်မင်းခန့်ကို ခုတင် အောက်သို့ လွင့်ထွက်သွားစေကာ ခန္ဓာကိုယ်အား အနည်းငယ် လိမ့်သွားစေ၏။
လိမ့်သွားပြီးနောက် နာသွားသည့် ခေါင်းကို ဖိကိုင်ရင်း နေသူရိန်မင်းခန့် မတ်တတ် ထရပ်လာသည်။
"ယုဝေ . . တစ်ပါးသူရဲ့ အိပ်ခန်းကို ဝင်ရင် တံခါး ခေါက်ရမယ် ဆိုတာ မသင်ထားဘူးလား"
စကားသံမှာ ဒေါသ အနည်းငယ် ရောစွတ်နေသည်။ ပြောပြီးသည့်အခါ ခုတင်ရင်းမှာ ရှိနေသည့် စောင်ကို အားဖြင့် ဆွဲယူပြီး ဝေယံ ကိုယ်ပေါ်သို့ လုံလုံခြုံခြုံ လွှမ်းခြုံပေးလိုက်သည်။
"ဖေဖေ . . ၊ ဒီည ဖေဖေတို့နဲ့ အတူ အိပ်လို့ ရမလား၊ သမီး အိပ်မက်ဆိုးတွေ မက်နေလို့"
နန်းယုမှာ ဖခင်ဖြစ်သူ၏ ဆူပူမှုကို ဂရုမစိုက်။ အဖြူရောင် ကြောင်ရုပ်ကလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ရင်း ဝေယံ့ကို တိုးတိုးဖျဖျ တောင်းဆိုသည်။ ဝေယံ အခက်တွေ့သွားတော့၏။
"အဲ့ဒါက . ."
"မရဘူး"
နေသူရိန်မင်းခန့်၏ တားမြစ်သံ။
နန်းယု ချက်ချင်း နှုတ်ခမ်း စူသွားတော့သည်။
"ဘာဖြစ်လို့လဲ"
"မရဘူးဆို မရဘူးပေါ့၊ မေးခွန်းတွေ မေးမနေဘဲ အခုချက်ချင်း အခန်းကို ပြန်လိုက်တော့ . ."
"အား . . ရဘူး ရဘူး၊ ဖေဖေနဲ့ အိပ်မှာ၊ အိပ်မှာလို့"
နန်းယု ပေကပ်ကပ် ငြင်းသည်။
နေသူရိန်မင်းခန့် ပိုပြီး စိတ်တိုသွားသည်။
"ဒီကလေးမ . . ၊ ပြောရတာ တော်တော် လက်ပေါက်ကတ်ပါ့လား . . ဟမ်"
နန်းယုဝေဆီသို့ လျင်မြန် ကြမ်းတမ်းသည့် အရှိန်ဖြင့် နေသူရိန်မင်းခန့် ရောက်ချသွားသည်။ ထို့နောက် သမီးဖြစ်သူကို ကုပ်မှ ဆွဲမလိုက်၏။ နန်းယုမှာ ဖခင်ဖြစ်သူ လက်ထဲ ယက်ကန်ယက်ကန်ဖြင့်။
"ပါးစပ်နဲ့ ပြောနေတုန်း လိမ္မာလိုက်တော့၊ အခုချက်ချင်း အခန်းကို သွားမယ်"
နေသူရိန်မင်းခန့် ဆွဲခေါ်ရာသို့ ကြက်ပေါက်၊ ဌက်ပေါက်လေး တစ်ကောင်လို သူမ စွေ့ခနဲ ပါသွားတော့၏။ ဝေယံက စိတ်ညစ်စွာ သက်ပြင်းချရင်း အခန်းတွင်းမှာ ကျန်နေခဲ့သည်။
နေသူရိန်မင်းခန့် သမီးဖြစ်သူကို ချီမရင်း အခန်း တံခါးကို တွန်းကာ စင်္ကြံလမ်းအတိုင်း နန်းယုဝေ၏ အိပ်ခန်းဆီသို့ လျှောက်လာခဲ့သည်။
ပတ်ဝန်းကျင်တွင် အမှောင်ထု စိုးမိုးနေသည်။ သို့သော် လမင်းနှင့် လျှပ်စစ်မီး၏ အလင်းဖြင့် စံအိမ်က ငွေဖြူရောင် လင်းလက်ကာ ဝင်းထိန် တောက်ပလျက် ရှိသည်။ အနောက်ဘက် မိုးကုပ်စက်ဝိုင်း အစွန်မှာ အစက်အပြောက်ကလေးများ၏ အလင်းရောင်ကို မြင်ရသည်။ ကြယ်တာရာများပဲ ဖြစ်သည်။
ကောင်းကင်က အောက်အဖျားမှာ နက်ပြာရောင် ဖျော့ဖျော့ ဖြစ်နေသည်။ ကြယ်တာရာ အပေါင်းက ရောင်စုံ မီးပွင့်လေးများ အသွင် လင်းလဲ့ မှုန်ရီလို့ လောကကြီး၏ ညချမ်း အလှကို အစွမ်းကုန် မွမ်းမံ ခြယ်သပေးထားသည်။
"ညက မလှဘူးလား . . ယုဝေ"
နေသူရိန်မင်းခန့် နန်းယုကို သူမ ခုတင်ပေါ်သို့ ချပေးလိုက်သည်။
"ဟုတ်ကဲ့၊ လှပါတယ်"
"ဒီလောက် ကြည်နူးစရာကောင်းတဲ့ ညမှာ အိပ်မက်ဆိုး မက်တာ တော်တော် အတင့်ရဲတဲ့ လုပ်ရပ်ပဲနော်"
"ဟင် . . ၊ ဟုတ်လား"
"ဟုတ်တာပေါ့၊ အဲ့ဒါကြောင့် အပြစ် ပေးရမယ်၊ ဘယ်လို အပြစ် ပေးရင် ကောင်းမလဲ"
နေသူရိန်မင်းခန့် လက်ပိုက်ကာ ညာဘက် တံတောင်ဆစ်ချိုးကို ဘယ်ဘက် လက်ချောင်းများဖြင့် ခေါက်လျက် တစ်စုံတစ်ရာသော အတွေး အာရုံထဲ နစ်မျောလိုက်သည်။ ထို့နောက် အတွေး တစ်ခု ဖျတ်ခနဲ လင်းသွားပုံဖြင့် သမီးဖြစ်သူကို စူးစိုက် ကြည့်သည်။
"ဘယ်လို အပြစ် ပေးခံချင်လဲ ယုဝေ"
နန်းယု အံ့သြသွား၏။
"အပြစ်၊ အွန်း . ."
အပြစ် ခံရဖို့ ကိုယ်တိုင် ပြစ်ဒဏ် ချမှတ်တာက နန်းယုဝေ ဘဝမှာ ပထမဆုံး အကြိမ် ဖြစ်သည်။ ထို့ပြင် ပြစ်ဒဏ် ချမှတ်မည့် လူက အပြစ် ရှိသူကို ဘယ်လို အပြစ် ပေးခံချင်လဲ ဟူ၍ မေးခွန်း ထုတ်သော အခြေအနေမျိုးကို တစ်ကြိမ်တစ်ခါမှပင် သူမ မကြုံဖူးခဲ့။
နည်းနည်းတော့ ဆန်းကြယ်၏။
ဖခင်ဖြစ်သူကို ကြည့်တော့ အနည်းငယ် ထူးဆန်းသော မျက်နှာထားနှင့် ဖြစ်သည်။ ထိုအခါမှ နန်းယု သဘောပေါက်သွားတော့သည်။ ဖခင်က သူမကို စနောက် ကျီစယ်နေခြင်းသာ ဖြစ်၏။
"ဖေဖေနဲ့ အတူ အိပ်ဖို့ ခွင့်ပြုတဲ့ အပြစ် . . ၊ အဲ့ဒီပြစ်ဒဏ်ကို လိုချင်တယ်"
"အံမယ် . . ၊ လူလည်မလေးပါ့လား"
နေသူရိန်မင်းခန့် နန်းယု၏ ကုပ်ဝဲဆံပင်လေးကို ဆွဲဖွလိုက်သည်။
"ပေးမယ် မဟုတ်လား . . နော်နော်၊ ပေးပါနော်"
"မရဘူး၊ ဒါတော့ မရဘူး"
"ဒိုးရှိတဲ့ . ."
ဘာကြောင့်လဲ ဟု သူမ မေးသည်။
"သမီးက အရွယ် ရောက်နေပြီ မဟုတ်လား၊ တစ်ယောက်တည်း အိပ်မှပေါ့၊ နောက်ပြီး ဖေဖေက ဖေကြီး အပိုင်၊ ဖေဖေ့ကို ဖေကြီးက လွဲပြီး ဘယ်သူနဲ့မှ အတူ အိပ်ခွင့်မပေးဘူး"
"ဟွန်း . . ၊ ဖေဖေကြီးက တအားပဲ"
နန်းယု စိတ်ညစ်သွားသည်။
"ဒါပေမယ့် အခုလို အချိန်မျိုးမှာ ဖေကြီးက သမီးအတွက် သီချင်း တစ်ပုဒ်လောက်တော့ ဆိုပြပေးနိုင်တယ်"
"သီချင်းလား"
"ဟုတ်တယ်၊ သမီးက အိပ်မက်ဆိုး မက်နေတာ မဟုတ်လား၊ အခုလို အေးချမ်းတဲ့ ညချမ်းမှာ သမီး အိပ်ပျော်အောင် ဖေကြီးက သီချင်း ဆိုပြပြီး ချော့သိပ်ပေးမယ်၊ ဘယ်လိုလဲ သဘောတူလား"
"ဟိုက် . . ၊ သဘောတူတယ်"
နန်းယု လက်ခုပ်လက်ဝါး တီးလျက် ချက်ချင်း သဘောတူလိုက်သည်။ ယခုလို ရှားရှားပါးပါး အခွင့်အရေးမျိုးက ရယူဖို့ အလွန် ခဲယဉ်းလွန်း၏။ သူမသာ လက်မခံပါက သိပ်ကို နှမြောစရာ ကောင်းသွားလိမ့်မည်။ သဘောကောင်းတုန်း အမိအရ ဖမ်းဆုပ်ထားသင့်သည် မဟုတ်လား။
နေသူရိန်မင်းခန့် ဂီတာ တစ်လက်ကို ယူဆောင်လာချိန် နန်းယုဝေက ခုတင်ပေါ် လဲအိပ်လျက် အသင့် အနေအထားဖြင့် ရှိနေခဲ့သည်။ သူမ ဘေးနားတွင် အရုပ်ကလေးများကို သေသေသပ်သပ် စီတန်း နေရာ ချထားသေးသည်။ ဒီနေ့အတွက် ပွဲကြည့် ပရိသတ်က အနည်းငယ်တော့ များ၏။
ဂီတာကြိုးတို့ကို သေချာစွာ ညှိယူပြီးနောက် ခပ်တိုးတိုး သံစဉ် တစ်ခုကို နေသူရိန်မင်းခန့် စပြီး တီးခတ်လိုက်သည်။ တိုးတိုးညင်းညင်း၊ ပိုင်ပိုင်နိုင်နိုင် ဖြစ်သည်။ ဂီတာသံ အရှိန် ရလာသည့်အခါ စွဲမက်ဖွယ် ကောင်းသော သီချင်းသံက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။
"ကလေးလေး အိပ်ပျော်နေပြီ . . ၊ Baby Have A Nice Dream . ."
နေသူရိန်မင်းခန့်၏ သီချင်းသံက သာယာ ယစ်မူးဖွယ် ကောင်းလွန်း၏။ တနင်္ဂနွေနေ့တိုင်း မြည်တတ်သော ခေါင်းလောင်းသံ တစ်ခုလို ငြိမ့်ညောင်း နားဝင်ချိုလှ၏။ ထိုမျှမက စည်းချက် ကျနေသည့် ဂီတာသံနှင့်ပါ တစ်သားတည်း လိုက်ဖက်ညီစွာ ထပ်တူကျလျက် ရှိသည်။
"အဆင်မပြေတဲ့ အရာတွေ အကုန်လုံး မေ့ . . ၊ မျက်လုံးလေး မှိတ်ဖို့ ကြိုးစားကြည့်လိုက် . . ကလေးလေး၊ ဒီကမ္ဘာ မြေပြင်ဟာ ငြိမ်သက်လို့ . . ၊ ကလေးလေး အိပ်ဖို့ အားလုံး တိတ်ဆိတ်လို့"
နန်းယု အံ့သြစွာ မိန်းမောမိသွားသည်။ အဆိုရှင် တစ်ယောက်လို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သည့် ဖခင်ဖြစ်သူ၏ သီချင်းသံက နားထောင်လို့ ကောင်းလွန်းနေတာမို့ သူမ မယုံကြည်နိုင်။ တစ်ဆက်တည်းမှာပဲ လျင်လျင်မြန်မြန် ပြီးဆုံးသွားမှာကို စိုးရိမ်နေမိသည်။
နေသူရိန်မင်းခန့်၏ သီချင်း ဆိုသံက မရိုးနိုင်လောက်အောင် ထပ်ခါထပ်ခါ နားဆင်ချင်မိသည့် သီချင်းသံ တစ်ခုပဲ ဖြစ်သည်။
"လေညင်းလေးက ချော့သိပ်ရင်း . . ၊ ကြယ်ပွင့်လေးများက နင့် ဘေးနား ခစားကာ၊ လမင်းကြီးက ငုံ့ကြည့်ပြီး . . ၊ ငါ့ကိုယ်စား နင့်ရဲ့ ပါးလေးကို အနမ်းလေးတွေ ပေး . ."
စေ့ရုံသာ စေ့ထားသော ပြတင်းတံခါး အပြင်ဘက်တွင် ငွေသော်တာ လမင်းကြီးက သာယာ ဝင်းပလျက် ရှိသည်။ ခမ်းနား အေးမြသော သူမ အလင်းရောင်က ခန်းဆီး လိုက်ကာစကို ဖြတ်ကျော်ကာ နန်းယုဝေ၏ ပါးပြင်ကလေးများပေါ် မှေးတင် အိပ်စက်လျက် ရှိသည်။
"ကလေးလေး အိပ်ပျော်နေပြီ၊ အိပ်မက်ဆိုးတွေ မနှောင့်ယှက်ဖို့အတွက် ကာကွယ်ထားမယ်၊ Baby Have A Nice Dream . . ၊ နောက်တစ်နေ့ မနက်မှာ ပျော်ရွှင်စရာတွေ ဖန်တီးရဦးမယ်"
ကလေးငယ်၏ မျက်လုံးများ မှေးစင်းလာပြီ ဖြစ်သည်။ မျက်တောင်တို့က အဖျားကလေးများ ဖြာဆင်းလို့ မျက်ဝန်းအိမ်ကို လှလှပပ အုပ်မိုးပေးထားသည်။ သူမ ပါးပြင်ကလေးများက သော်တာလ၏ နမ်းရှိုက်မှုကြောင့် နို့နှစ်ရောင် သန်းချင်နေသည်။
"ကလေးလေးရယ် Good Night Good Night . . ၊ ကလေးလေးရယ် . . Good Night Good Night"
နန်းယု အိမ်မောကျသွားပြီ ဖြစ်သည်။ ပြင်ဆင် ခြယ်သမှု ရာခိုင်နှုန်း အောက်ထစ် ရှိနေတာတောင် သူမ၏ အိပ်ရာဝင်စ အပြုအမူလေးက နုနယ်စွာဖြင့် လှချင်တိုင်း လှနေတော့သည်။
"ကလေးလေးရယ် Good Night Good Night . . ၊ ကလေးလေးရယ် . . Good Night Good Night"
သီချင်း ဆုံးသွားသည့်အခါ တီးခတ်လက်စ သံစဉ်မှာ ဖြည်းဖြည်းချင်း ရပ်နားသွားသည်။ အခန်းတွင်းမှာ စွဲမက်ဖွယ် ကောင်းလွန်းသည့် သီချင်းသံ တစ်ခု တိတ်ဆိတ် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လပြည့်ဝင်းလို ဝင်းပသည့် ဂီတာကို နံရံမှာ ထောင်ပြီးနောက် ထိုင်ရာမှာ နေသူရိန်မင်းခန့် ထရပ်လိုက်သည်။ ခုတင်ပေါ် သူ ငုံ့ကြည့်လိုက်သည့်အခါ နန်းယုမှာ အိပ်မက် တိုင်းပြည်ထဲသို့ ပျော်ပျော်ပါးပါး ခြေဆန့်လို့ နေလေပြီ။ သူမ နှုတ်ခမ်းများက ရံဖန်ရံခါ ကွေးညွှတ်သွားသေး၏။
အမြဲတမ်း ပြဿနာ တစ်ခု မဟုတ် တစ်ခု ရှာဖွေတတ်သော ဒီကောင်မလေးက အိပ်မောကျနေတော့လည်း ချစ်စဖွယ် ကောင်းလွန်းသည်။
သူ မချစ်ဘဲ မနေနိုင်ပါ။
"အိုယာစုမိ . ."
ကောင်းမွန်သည့် ည တစ်ည ဖြစ်ပါစေ။
နေသူရိန်မင်းခန့် သမီးဖြစ်သူ၏ ဆံနွယ်များကို ကြင်ကြင်နာနာ သပ်တင်ကာ နဖူးထက် အနမ်းပွင့် တစ်ခု သက်ရောက်လိုက်သည်။
အိပ်ခန်း တံခါးကို ပိတ်ပြီးနောက် အပြင်သို့ နေသူရိန်မင်းခန့် ထွက်လာခဲ့သည်။ လည်ချောင်းထဲမှာ အနည်းငယ် ခြောက်ကပ်နေ၏။ သူ ရေသောက်မှ ဖြစ်မည်။ ခြေလှမ်းများကို အိပ်ခန်းဆီ လှမ်းနေရာမှ သွေဖည်ပြီး စင်္ကြံလမ်းအတိုင်း အောက်ထပ်သို့ နေသူရိန်မင်းခန့် လျင်မြန်စွာ ဆင်းလာခဲ့သည်။
သူ လှေကားမှ ဆင်းလာစဉ် အိမ် အောက်ထပ်က မီးလင်းနေဆဲ။ အာကာဟိန်းထက် မအိပ်သေးတာများလား။ သို့ရာတွင် လူသူသံ မကြားရ။ ပကတိ ငြိမ်သက် တိတ်ဆိတ်လျက် ရှိ၏။ သူ နင်းထားသော လှေကား ကြမ်းခင်းသာ ခြေသံ တရှပ်ရှပ် မြည်နေခဲ့သည်။ နေသူရိန်မင်းခန့် အောက်ထပ်သို့ ဆင်းလာလိုက်သည်။
လှေကားရင်း၏ အောက်အစပ် လက်ယာဘက်တွင် အခန်း တစ်ခန်း ရှိသည်။ အာကာဟိန်းထက်၏ အခန်း ဖြစ်သည်။ အာကာဟိန်းထက် အထဲမှာ ရှိနေမလား။ တံခါးမှာ ပိတ်လျက်သား ဖြစ်သည်။ နေသူရိန်မင်းခန့် ထိုနေရာမှ ဆက်လျှောက်ပြီး ထောင့်ချိုးကို ကွေ့လိုက်သည့်အခါ မီးဖိုခန်းနှင့် တစ်ဆက်တည်း ဖြစ်သော ထမင်းစားခန်းသို့ ရောက်သည်။
အဲ့ဒီမှာ အာကာဟိန်းထက် ရှိနေခဲ့သည်။ ထမင်းစားပွဲမှာ တစ်ကိုယ်တည်း ထိုင်လျက် ဝိုင် သောက်နေတာပဲ ဖြစ်သည်။
စားပွဲပေါ်တွင် ဝိုင်ပုလင်း၊ ဖန်ခွက်များနှင့် အမြည်း ပန်းကန်များကို တွေ့ရသည်။ အမြည်းက ကျောက်ပုစွန်နှင့် အသား ထုတ်ထားသည့် ကဏန်းဟင်းပဲ ဖြစ်သည်။ အသားမွမွလေးများမှာ ဖြူဖြူဥဥဖြင့် ပန်းနုရောင် သန်းနေတော့သည်။ ကီဝီနှင့် မက်မွန်တို့ကို ခပ်ပါးပါး လှီးကာ အချိုပွဲ ပန်းကန်အဖြစ် ထားရှိထား၏။
နေသူရိန်မင်းခန့် ရေခဲသေတ္တာဆီ တိုက်ရိုက် လျှောက်သွားကာ စက်ထဲမှ ရေသန့်ကို ဖန်ခွက်ဖြင့် ခံယူပြီး မော့သောက်လိုက်သည်။ အာကာဟိန်းထက်မှာ သူ့ကို မြင်တော့ အဓိပ္ပါယ် ပါသည့် မျက်လုံးဖြင့် တစ်ချက်သာ ဝေ့ကြည့်ပြီး မေးငေါ့ပြသည်။ အတူ သောက်ဖို့ ဖိတ်ခေါ်ခြင်း ဖြစ်သည်။
"မအိပ်သေးဘူးလား"
နေသူရိန်မင်းခန့် စကား စလိုက်သည်။
"စောစော မအိပ်တတ်ဘူး"
"အင်းလေ၊ တစ်ကိုယ်တည်းသမား ဆိုတော့လည်း ညနက်မှ အိပ်ရာဝင်တာ မဆန်းပါဘူး"
အာကာဟိန်းထက် ခပ်မဲ့မဲ့ ရယ်သည်။
"စကားမစပ် . . လွန်ခဲ့တဲ့ နှစ်တွေက ရှောပင်းမော်လ်မှာ ငါ ပြောခဲ့တဲ့ စကား တစ်ခွန်းကို မှတ်မိသေးလား"
ဝိုင် ဖန်ခွက်ကို လက်ချောင်းများဖြင့် အာကာဟိန်းထက် တောက်ထုတ်ပြီး နေသူရိန်မင်းခန့်ဆီသို့ ပို့ဆောင်လိုက်သည်။ ဖန်ခွက်က စားပွဲ မျက်နှာပြင်အား ပွတ်တိုက် ဖြတ်သန်းကာ လျင်မြန်သော အရှိန်ဖြင့် မျက်စိ ရှေ့သို့ ပြေးကပ်လာသည်။
နေသူရိန်မင်းခန့် ဝေ့ဝဲ လည်ပတ်နေသော ထိုဖန်ခွက်ကို အောက် မကျမီ အမြန် ပင့်ထိန်းလိုက်သည်။ လက်ညှိုး တစ်ချောင်းတည်းဖြင့် ဖြစ်သည်။ သို့ရာတွင် ခွက်နှုတ်ခမ်းဝပေါ် လက်ညှိုး ထိလိုက်တာနှင့် ထိန်းမရအောင် လှုပ်ခတ်နေသော ဖန်ခွက်ဝိုင်းမှာ ချက်ချင်း ငြိမ်ကျသွားတော့သည်။
"ဘယ်လို စကားမျိုး ဖြစ်မလဲ၊ ပြောကြည့်စမ်းပါ"
"ငါ့ကို FA လို့ ထပ်ပြီး နှိမ်နေဦးမယ် ဆိုရင် . . မင်း ဘဝမှာ နောင်တ ကြီးကြီး ရသွားအောင် လုပ်ပစ်မယ် ဆိုတဲ့ စကား တစ်ခွန်းပေါ့၊ အဲ့ဒီတုန်းက မင်းမှာ သမီး မရှိခဲ့ဘူးလေ၊ အခုတော့ . ."
အာကာဟိန်းထက် စကားကို ဆက်မပြောတော့။ ချက်ချင်း ရပ်ပစ်လိုက်သည်။ သို့ရာတွင် နေသူရိန်မင်းခန့်က လွယ်လွယ် သဘောပေါက်သည်။ ဖန်ခွက်ထဲသို့ ဝိုင်များ လောင်းထည့်နေသော လက်ချောင်းများက လှုပ်ရှားမှုတို့ ရုတ်ခြည်း ရပ်တန့်သွားပြီး ဝိုင်ပုလင်းကို ထမင်းစားပွဲပေါ် ဒုန်းခနဲ ဆောင့်ချလိုက်တာကြောင့် ဖြစ်သည်။
"ငါ့သမီးကို လက်ဖျားနဲ့တောင် မထိနဲ့"
"မင်း ရှေ့မှာတော့ ဘယ်ထိမလဲ"
"ဒါဖြင့် ငါ့နောက်ကွယ်မှာ ထိမယ် ဆိုတဲ့ သဘောလား၊ ဒါ . . ရာဇဝတ်မှု မြောက်တယ်နော်"
အာကာဟိန်းထက် ဝိုင်ခွက်ကို ဟန်ပါပါ ပင့်ယူကာ အေးဆေးစွာ တစ်ငုံ သောက်ယူပြီးနောက် တည်ငြိမ်စွာ ပြုံးလိုက်သည်။
"အသက် ကွာဟမှု ဆိုတာ ကိန်းဂဏန်းသက်သက်ပါပဲ"
"ဟုတ်တာပေါ့၊ ထောင်ကလည်း အခန်း တစ်ခန်းပဲလေ"
တကယ်တော့ နန်းယုဝေကို အာကာဟိန်းထက် စိတ်မဝင်စား။ တူမ တစ်ယောက်ထက် မပို။ နေသူရိန်မင်းခန့်ကို စိတ်တိုအောင် လုပ်ဖို့ သူမကို အသုံးချနေတာပဲ ဖြစ်သည်။
"တော်တော့ . . ၊ ငါ့ကို ဆွနေတာ ရပ်လိုက်တော့၊ ဒီစကားဝိုင်းမှာ ငါ့သမီး အကြောင်း ထည့်မပြောနဲ့၊ မတန်ဘူး"
"ကောင်းပြီ"
"တစ်ခုတော့ ပြောလိုက်မယ်၊ မင်း ငါ့ကို အနိုင်ပိုင်းချင်ရင် ကိုယ်တိုင် ဖြစ်တည်နေတဲ့ အားနည်းချက်ကိုပဲ ထိုးနှက် . . ၊ ဥပမာ မင်းဆီက ဘယ်တော့ စားရမလဲ ဆိုတာမျိုးပေါ့"
ထိုစကားက အာကာဟိန်းထက်ကို အနည်းငယ် စိတ်တိုသွားစေဟန် ရှိသည်။ တစ်ကိုယ်တည်း နေချင်သူကို ဘယ်တော့လောက် လက်ထပ်မလဲ ဟု မေးတာက ဆံပင် မရှိသည့် လူအား ခေါင်းဖြီး လက်ဆောင် ပေးတာနှင့် ဆင်တူသည်။ ဒါ . . သက်သက် စော်ကားတာပဲ ဖြစ်သည်။
"ဒါဖြင့် မင်းရဲ့ အသုဘ မုန့်ဟင်းခါးရော . . ဘယ်တော့လောက် စားရမှာလဲ"
"မင်း . ."
နေသူရိန်မင်းခန့် ဒေါသ ထောင်းခနဲ ဖြစ်သွားသည်။ အာကာဟိန်းထက် လည်ပင်း ကော်လံစကို ဆွဲပြီး မျက်နှာကို လက်သီးဖြင့် ထထိုးလိုက်ဖို့ ဆုံးဖြတ်မိသည်။ သို့ရာတွင် နေသူရိန်မင်းခန့် ထိုသို့ မလုပ်ရသေးမီ အသံ တစ်ခုက ရုတ်တရက် တားမြစ်လိုက်၏။
"ဟေး . . ဆူလိုက်တာ"
ဝေယံ၏ အသံ။
အခန်းမှာ မနေဘဲ အောက်ထပ်သို့ ဆင်းလာခြင်း ဖြစ်သည်။
"ညနက်နေပြီလေ၊ တိုးတိုးသက်သာ ပြောမှပေါ့၊ တော်ကြာ ပတ်ဝန်းကျင်က တိုင်လို့ ရဲတွေ ရောက်လာဦးမယ်"
ဂျပန် လူမျိုးတို့က တိတ်ဆိတ်မှုကို မြတ်နိုးသူများ ဖြစ်သည်။ အများသူဌာ အိပ်စက် အနားယူသည့် ယခုလို အချိန်မျိုးမှာ ဆူဆူညံညံ လုပ်တာက သည်းမခံနိုင်စရာ ဖြစ်၏။ ပတ်ဝန်းကျင်ကို အားနာစရာ ကောင်းလှပါသည်။ သို့သော် ဂျပန် လူမျိုးတို့နှင့် ပတ်သက်ပြီး ကောင်းမွန်သည့် အရာ တစ်ခု ရှိပါသေးသည်။ ထိုအရာက ဂျပန် လူမျိုး အများစုဟာ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး သည်းခံ လျစ်လျူရှုနိုင်တာပဲ ဖြစ်သည်။
ထိုသို့ မဟုတ်ပါကလည်း သိပ်ပြီး စိတ်ပူစရာ မလိုလှ။
ဘာကြောင့်ဆို ကျိုတို စံအိမ်ကြီးက အတော်လေး ကျယ်ဝန်း၏။ ဘေးဘီမှာ သစ်ပင် ပန်းမန်၊ စည်းရိုးမှာ ပန်းခြံ ဥယျာဉ်တို့ကို ကာရံ စိုက်ပျိုး ပြုစုထားသည်။ တိုက်အိမ်ကြီးကပါ ခြံ အလယ်တွင် ခမ်းခမ်းနားနား တည်ရှိတာမို့ တော်ရုံ ဆူညံသံမျိုးကို ကြားရမည် မထင်မိ။
ဝေယံ ထိုင်ခုံမှာ ထိုင်လိုက်သည်။
လက်ယာဘက် စားပွဲထိပ်၌ နေသူရိန်မင်းခန့် ရှိသည်။ ဆန့်ကျင်ရာ အရပ်၌ အာကာဟိန်းထက်ကို မြင်ရသည်။ နှစ်ယောက်သားက စကား မများတော့။ ကိုယ်စီ ဝိုင်ခွက်များ ကိုင်ပြီး ငြိမ်သက် တိတ်ဆိတ်လို့ အေးအေးလူလူ ဝိုင် ထိုင်သောက်လျက် ရှိသည်။ ဒီလိုဆိုတော့လည်း အစောပိုင်းက ရန်ဖြစ်ခဲ့တာ သူတို့ မဟုတ်သည့်အတိုင်း။
"ညနက်နေပြီကို သောက်တယ် ဆိုတော့ စိတ်ညစ်စရာ တစ်ခုခုများ ရှိလို့လား ဟိန်းထက်"
"စိတ်ညစ်စရာတွေက ကိုယ့်စိတ်ကို ညစ်ထွေးအောင် မလုပ်နိုင်ပါဘူး၊ ကိုယ် အဆင်ပြေပါတယ်"
"ယံက မသိလို့ပါ၊ တကယ်တော့ အာကာဟိန်းထက်က အထီးကျန်နေတာ"
အာကာဟိန်းထက်၏ စူးရှသော အကြည့်က နေသူရိန်မင်းခန့်ဆီသို့ ဒိုင်းခနဲ လွင့်စဉ်လာသည်။ သို့ရာတွင် နေသူရိန်မင်းခန့်က ဂရုမစိုက်။ မသိသလိုသာ နေ၏။
ကြည့်ရတာ . . . ။
တစ်ပါးသူ စိတ်ညစ်အောင်
နှိပ်ကွပ် ဖဲ့ရွဲ့တာမျိုး မလုပ်ဘဲ
အိပ်ပျော်၊ စားမဝင်နိုင်ဘူး ထင်ပါသည်။
"ဟိန်းထက် . . တကယ်လို့ မအိပ်ချင်သေးဘူးဆို ငါတို့နဲ့ စကားပြောမလား ဟင်၊ အဲ့ဒီလို လုပ်ဖို့ ဆန္ဒ ရှိရဲ့လား"
နေသူရိန်မင်းခန့် စကားကို ဝေယံက တကယ် ထင်သွားပုံ ရသည်။ သို့သော် သူ သဘောတူလိုက်ပါသည်။
"ကိုယ် ဆန္ဒ ရှိပါတယ်"
ည ဆယ် နာရီ နောက်ပိုင်းမှ စတင်ခဲ့သော စကားဝိုင်းက သန်းခေါင်ယံ တိုင်သည်အထိ တော်တော်နှင့် မပြီး။
စားပွဲပေါ်မှာ ဘရန်ဒီ ပုလင်းတို့ ထိုးထိုးထောင်ထောင်။ ဝိုင် တစ်မျိုးတည်းကို အချိန် အကြာကြီး သောက်လာခဲ့တာကြောင့် ဝိုင်နီအစား ဘရန်ဒီ အရက်ကို ပြောင်းလဲ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ အာကာဟိန်းထက် မျက်စိ ရှေ့မှ ဖန်ဇလုံထဲတွင် စက်လုံး ပုံစံ ရေခဲတုံးများ ပြည့်နှက်လျက် ရှိသည်။ ဖန်ဇလုံမှာ အေးလွန်းသည့် အရှိန်ဖြင့် ကိုယ်ထည် ပတ်ပတ်လည်၌ ရေစက် ရေမှုန်ကလေးများ ကပ်တွယ်လျက် ရှိသည်။
"ယံ ဘယ်လိုလဲ၊ မူးပြီလား၊ အိပ်ချင်ရင် ပြောနော်"
"မမူးပါဘူး . . ၊ မူးဘူး"
နေသူရိန်မင်းခန့်၏ ခပ်သဲ့သဲ့ ရယ်သံကို ကြားရသည်။ ဝေယံက နေသူရိန်မင်းခန့် ရင်ခွင်ထဲမှာ။ ပခုံးပေါ် ခေါင်း မှီရင်း မျက်လုံးများက မှေးစင်းလျက် ရှိသည်။ ပါးမို့မို့ကဖြင့် အရက် အရှိန်ကြောင့် အနည်းငယ် နီမြန်းလျက်။ ထို့ပြင် ပန်းကန်ထဲမှ ကဏန်း အသားစများကို ခက်ရင်း ထိုးကော်ပြီး နေသူရိန်မင်းခန့်ကို ခွံ့ကျွေးနေသည်။
"ကိုယ့်မာမီက ဒီလို ချစ်ကြည်နူးတာတွေကို ကြည့်ဖို့အတွက် ကိုယ့်ကို ခက်ခက်ခဲခဲ မွေးပြီး ပျိုးထောင်ပေးခဲ့တာ မဟုတ်ဘူးနော်"
အာကာဟိန်းထက် ပြောတော့ ကိုင်ထားသည့် ခက်ရင်းကို ဝေယံ ပစ်ချပြီး ကိုယ်ကို အနည်းငယ် ကိုင်းလျက် အနားသို့ တိုးကပ်လာသည်။
"အော . . အဲ့ဒီလို ဖြစ်သွားတာလား၊ ဆောတီး"
မျက်လုံးတို့ မှိတ်သွားသည်အထိ ဝေယံ ပြုံးရယ်လိုက်သည်။ မျက်တောင်ရှည်တွေက ဖြာဆင်းလို့ ကြောင်ဖြူလေး တစ်ကောင်လို ဖြစ်နေသည်။ ထို့နောက် လျှာကို တစ်ချက် သပ်ပြီး နှုတ်ခမ်း စိုစိုအိအိကို ဖိကိုက်လိုက်သေး၏။
"တကယ်ဆို ငါတို့ပဲ ချစ်ကြည်နူးမနေဘဲ၊ သူငယ်ချင်းလေးကို လက်တွဲဖော် တစ်ယောက်လောက် ရှာပေးထားရမှာ . . နော့"
"ကိုယ့်အတွက် ဘဝ လက်တွဲဖော် မလိုပါဘူး၊ မိန်းကလေး တစ်ယောက်ရဲ့ ဘဝကို တာဝန်ယူဖို့ ဆိုတာ သိပ်ကို ခက်ခဲလွန်းတယ် မဟုတ်လား၊ သူများ အိမ်က အဖိုးတန် သမီးလေးကို ယူပြီး ကိုယ် မနှိပ်စက်ချင်ဘူးလေ"
"ဒါဆို . . နေသူရိန်မင်းခန့်ကိုရော ဘယ်လို သဘောရလဲ"
ထိုအမေးက အာကာဟိန်းထက်နှင့် နေသူရိန်မင်းခန့်ကို အံ့သြ ကြောင်အသွားစေသည်။ နှစ်ဦးသား မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားတော့သည်။
"ယောကျာ်းတွေကို ကိုယ် စိတ်မဝင်စားဘူးလေ . . ဝေယံ"
"အိုကွယ် . . ငါက ရိုးရိုးသားသား မေးရုံပါ"
ထိုအချိန်မှ သက်ပြင်း ဟင်းခနဲ ချလိုက်မိသည်။
"ဘာလို့ မေးတာလဲ"
"ဒီလိုပဲ၊ မင်း အမြင်ကို သိချင်မိလို့ . ."
"နေသူရိန်မင်းခန့် အကြောင်း သိပ်တော့ ကိုယ် မပြောချင်ဘူး"
အာကာဟိန်းထက် ပြောတော့ မျက်နှာချင်းဆိုင်မှ နေသူရိန်မင်းခန့်က မလိုသော အကြည့်ဖြင့် ခေါင်း ထောင်ကြည့်သည်။ မျက်မှောင်ကြုတ်နေပုံက ပယ်ပယ်နယ်နယ် ဆေးထိုး ခံရတော့မည်ကို ကြိုသိနေသလိုလို။
"ဒီကောင်က မနက်ဆို ကြက်ဖလို အိပ်ရာ ထတယ်၊ ပင်ကွင်းလို ရေချိုးတယ်၊ ပြီးရင် မျောက်ဝံလို မနက်စာ စားတယ်၊ ကျောင်းကို မြင်းလို ကဆုန်ပေါက် သွားပြီး တစ်နေ့လုံး ကိုလာ ဝက်ဝံလို အပျင်းကြီးတယ်၊ ပြန်လာတော့လည်း ကျားသစ်လို ကိုယ့်ကို ရန်ရှာပြီး ခွေးလို ဟောင်တယ်၊ နောက်တော့ . . မင်းဆီမှာ ယုန်လို အပြစ် ကင်းချင်ယောင် ဆောင်ပြီး ကြောင်လို ချွဲတယ်၊ ညတိုင်း ဝံပုလွေလို ပုံစံနဲ့ မင်းကို စားဖို့ ကြံတယ်၊ ကဲ . . ဘာကောင်းတာ ရှိသေးလဲ"
"နားထောင်ရတာ တိရစ္ဆာန် ဥယျာဉ်ထဲ ရောက်သွားသလိုပဲ"
ဝေယံက စားပွဲပေါ် မေးတင်ရင်း ဟက်ဟက်ပက်ပက် ရယ်သည်။ မျက်လုံးများက ယခင်လို မှိတ်ထားဆဲ။ ကြောင်ပေါက်လေး တစ်ကောင်လို ဖြူဖြူနုနု ချစ်စရာ ကောင်းလွန်း၏။
"ဟက် . . ပါးစပ်က ထွက်သမျှသာ ပေါက်ကရတွေ ဖြစ်နေတယ် ထင်တာ၊ ဒီလို စကားများတော့လည်း အတော် မုန်းစရာကောင်းသား၊ ဒီကမ္ဘာမှာ ပါးစပ် ပါပြီး မလိုတဲ့ စကားတွေ ပြောတဲ့ လူတွေကို အမုန်းဆုံးပဲ၊ မျိုစရာ ရှိတာ မျိုပြီး . . အပေါက် ပိတ်နေတာ မဟုတ်ဘူး၊ ပါးစပ် ဆိုတာ စားဖို့ မဟုတ်ဘူးလား၊ ဘာလို့ လေပေါနေသေးလဲ"
နေသူရိန်မင်းခန့်က စကားတတ်သူ ပီပီ အာကာဟိန်းထက်ကို ဖဲ့၏။ သို့ရာတွင် နေသူရိန်မင်းခန့် စကားများက အုတ်နံရံကို ကြက်ဥဖြင့် ပေါက်သလို အာကာဟိန်းထက်အပေါ် အနည်းငယ်မှ အရာမထင်။
"ပါးစပ် ဆိုတာ စားဖို့ပဲလို့ ထင်တယ်ပေါ့၊ ဒါဆို မင်းရော သေမယ့် အတူတူ ဘာလို့ အသက်ရှင်နေသေးလဲ"
"ဘာကြောင့်ဆို ငါက သေဖို့ အရမ်း ချောလွန်းနေတယ်လေ"
အာကာဟိန်းထက် စိတ်ပျက်လက်ပျက် ခေါင်း ယမ်းသည်။
ဝေယံက ထမင်းစားပွဲပေါ် မှောက်အိပ်နေဆဲ။ မိနစ်ပိုင်းလောက် ကြာတော့မှ စိတ်ညစ်ပုံဖြင့် ကုန်းရုန်း ထလာသည်။ မျက်လုံးများက မပွင့်တပွင့်။ မျက်နှာထားက အနည်းငယ် စူပုပ်နေသည်။ ဂျီကျချင်သည့် ဟန်ပန်။ ထို့နောက် စားပွဲပြင်ကို လက် နှစ်ဖက်ဖြင့် ဝုန်းခနဲ ထုရိုက်လိုက်သည်။ ဖန်ခွက်ထဲမှ ဘရန်ဒီ အရက်များပင် ဘောင်ဘင်ခတ်သွားတော့သည်။
"ဘာဖြစ်လို့လဲ ယံ၊ တစ်ခုခု လိုချင်လို့လား"
နေသူရိန်မင်းခန့် အလိုလိုက်စွာ မေးလာသည်။
မှုန်ဝါးနေသည့် မျက်ဝန်းအိမ်ထဲ နေသူရိန်မင်းခန့်ကို မြင်လိုက်ရသည့်အခါ ဝေယံ ချက်ချင်း ပြုံးရွှင်သွားတော့သည်။ သကြားလုံး စားချင်နေသည့် ကလေးငယ် လက်ထဲသို့ သကြားလုံး အဆုပ်လိုက်ကြီး ရောက်ချလာသလို ကျေနပ် ပျော်ရွှင်သွားသည့် အပျော်မျိုး ဖြစ်သည်။ ဝေယံ နေသူရိန်မင်းခန့် လည်ကုပ်ကို လက်မောင်းဖြင့် ချိတ်ကာ ခိုစီးလိုက်သည်။
"ကိုယ့်ခင်ပွန်းကို မုဒိမ်းကျင့်ရင် ဘယ်ဥပဒေနဲ့ ငြိစွန်းမလဲ သိချင်လိုက်တာ"
နေသူရိန်မင်းခန့် တုန်လှုပ် ကြောင်အသွားသည်။ အာကာဟိန်းထက်က အကြောင်း သိတာမို့ ဘေးထွက်နေသည်။
သေချာပါသည်။
ဝေယံ မူးနေပြီပဲ ဖြစ်သည်။
ထို့နောက် နေသူရိန်မင်းခန့် အတွေး ဖျတ်ခနဲ လင်းသွားသည်။
မှောင်မိုက်သည့် အတွေး တစ်ခုပဲ ဖြစ်သည်။
ပါးပြင်ကို ပွတ်သပ်နေသည့် ဝေယံ၏ လက်ချောင်းများကို ညာဘက် လက်ဖြင့် ဆွဲယူ ဖြုတ်ချပြီး လူချင်း နီးကပ်သွားအောင် ရင်ခွင်ထဲသို့ ကြင်ကြင်နာနာ ဆွဲသွင်းလိုက်သည်။
"သိရမှာပေါ့ . . ဘေဘီ၊ သိရမှာပေါ့"
အာကာဟိန်းထက် မျက်နှာ လွှဲလျက် လက်ခါပြသည်။ ဝေယံ့ကို ယခု ချက်ချင်း ခေါ်သွားဖို့ တိုက်တွန်းသည့် အပြုအမူ ဖြစ်သည်။
"ယံ . . အိပ်ရာထဲ သွားရအောင်လား"
"ဝွန်း . . လမ်းလျှောက်ချင်ဘူး၊ လိပ်ပြာလေးလို ပျံသွားမှာ . . ၊ လိပ်ပြာလေးလို ဝီဝီ ဆိုပြီး . . ဒီလိုမျိုး ပျံသွားမှာ . . ၊ သိလား . . ၊ သိလားရို့"
"သိပါတယ်၊ သိပါတယ်ဗျာ"
နေသူရိန်မင်းခန့် ဝေယံ့ကို ပွေ့ချီပြီး ထမင်းစားခန်းမှ ထွက်လာလိုက်သည်။ ဝေယံက နေသူရိန်မင်းခန့် ရင်ခွင်ထဲ၌။ သို့ရာတွင် ငြိမ်ငြိမ် မနေ။ လှုပ်စိလှုပ်စိဖြင့် ပါးစပ်မှ တဝီဝီ အော်နေခဲ့သည်။
သေချာပါသည်။
ဝေယံ၏ . . .
စိတ်ကူး အိပ်မက်ထဲ၌
လိပ်ပြာတွေ ထောင်သောင်းမက
အများကြီး၊ အများကြီး ရှိနေခဲ့လိမ့်မည်။
~•~ S U N ~•~
23 / April / 2021
4 : 56 PM