Unicode
အခန်း(၃) - Double Return
ရေခဲကျောက်တုန်းကသူ့လက်နောက်ဘက်ကိုထိုးခွဲသွားတာကြောင့်ရှန်ကျစ်ရှန်းသည်အသက်ကိုပြင်းပြင်းရှုမိပြီးညည်းညူမိသည်။
ဒါပေမဲ့လည်းဒီကံမကောင်းတဲ့လူငယ်လေးကဒီလောက်ဒဏ်ရာပြင်းပြင်းရနေတာကိုသေချာပေါက်နောက်ဒဏ်ရာတစ်ခုကိုခံစားနိုင်မှာမဟုတ်တာကြောင့်သူ့အတွက်ကကိစ္စတော့မရှိပါဘူး
သူကရန်ကျင်းကိုထထိုင်နိုင်စေရန်ကူညီလိုက်ပြီးနှုတ်ခမ်းကိုကိုက်၍သူ့လက်ပေါ်ကဒဏ်ရာမှသွေးများအားခါချလိုက်သည်။ရန်ကျင်းကိုမကူညီနိုင်ခင်မှာကိုယ့်လက်ကိုဒဏ်ရာရအောင်လုပ်မိတဲ့အပေါ်ကိုလည်းမနေနိုင်စွာသက်ပြင်းချမိသည်။
ဒါပေမဲ့သူ့ကိုယ်သူဂရုမစိုက်နိုင်သေးဘူး..လူငယ်လေးကလှုပ်ရှားတာအရမ်းများသွားပြီးသူ့ကျောကုန်းကအရိုးပေါ်သည်အထိနက်တဲ့ဒဏ်ရာကိုပြန်ခွဲလိုက်သလိုဖြစ်သွားတာကြောင့်ရလဒ်အရတော့နီရဲတဲ့သွေးတွေစိမ့်ထွက်လာရခြင်းပဲ
"မလှုပ်နဲ့...ဟေး,မင်းဒဏ်ရာပြန်ပွင့်လာပြန်ပြီ!"
ရန်ကျင်းရဲ့စိတ်အခြေအနေကမတည်မငြိမ်ဖြစ်နေသည်။သူကရှန်ကျစ်ရှန်းအားသတိထားစောင့်ကြည့်နေမိပြီးသူ့မျက်လုံးများကတော့အေးစက်သည့်မုန်းတီးမှုများနဲ့ပြင်းထန်ရက်စက်နေသည်။
ဒါကထူးဆန်းတယ်
ရန်ကျင်းဒေါသထွက်သွားမှာကိုစိုးရိမ်တာကြောင့်သူအလောတကြီးနဲ့ရန်ကျင်းအားတွေ့ရန်အပြေးရောက်လာခြင်းသာဖြစ်သည်။
ဇာတ်ကြောင်းထဲကအခုချိန်အကြောင်းအရာအရဆိုရင်ရန်ကျင်းကပုံမှန်သာမာန်လူတစ်ယောက်ပဲဖြစ်နေရမှာ။ဘယ်လိုဖြစ်လို့ဒီလောက်ထိနက်နက်ရှိုင်းရှိုင်းအမုန်းတရားတွေရှိနေရတာလဲ?
ထိုစိတ်မကောင်းစရာအတွေးတွေစိတ်ထဲဝင်လာသည့်အခါရှန်ကျစ်ရှန်းကသူ့ကိုတွန်းဖို့ရုန်းကန်နေသည့်လူငယ်လေးကိုလက်တစ်ဖက်ဖြင့်ဖက်လိုက်ပြီး,နောက်လက်တစ်ဖက်ဖြင့်ကျောက်စိမ်းပုလင်းကိုဖွင့်လိုက်သည်။ထို့နောက်ဆေးများအားလူငယ်လေးပါးစပ်ထဲလောင်းထည့်ပေးလိုက်၏။
အဆုံးမှာတော့ရန်ကျင်းကဒဏ်ရာပြင်းထန်စွာရထားပြီးသွေးအတော်လေးဆုံးရှုံးထားတဲ့သူဖြစ်သည်။ဒါ့အပြင်သူကအချိန်အတော်ကြာသည်အထိအေးခဲနေခဲ့ရတာကြောင့်ရုန်းထွက်နိုင်မယ့်အင်အားအလုံအလောက်မရှိပေ။ရလဒ်အရတော့ဆေးလုံးများနဲ့ဆေးရည်တစ်ချို့ကိုအတင်းအကြပ်မျိုချလိုက်ရသည်။
သူတို့ကပါးစပ်ထဲကနေအရည်ပျော်သွားသည်နှင့်လည်ချောင်းတစ်လျှောက်ကိုနွေးထွေးမှုများစီးဆင်းသွားပြီးထိုနွေးထွေးမှုကသူ့ရင်ဘက်နဲ့ခြေလက်များဆီသို့ပါပျံ့နှံ့သွားသည်။သူကအေးခဲသွားပြီးနောက်သူ့ရုန်းကန်မှုများရပ်တန့်သွားသည်။
ရန်ကျင်းရှေ့ကထိုလူကအနည်းငယ်မှုန်ဝါးနေသည်။သူ့အသွင်အပြင်ကတော့သဘောကောင်းတဲ့သူတစ်ယောက်လိုပင်။ဒါပေမဲ့ဒါကပုံရိပ်ယောင်တစ်ခုပဲဆိုတာရန်ကျင်းသိထားသည်။ဒီလူကပြာဖြစ်သွားရင်တောင်သူ့အသက်ရှုသံကိုသူအသိအမှတ်ပြုနိုင်ဦးမှာပဲ!
သူကရန်ကျင်းရဲ့ဆရာကောင်းကြီးလေ!သူ့ဝိဉာဏ်မြစ်ကိုခွဲဖြတ်ထုတ်ခဲ့တဲ့ဆရာကောင်းကြီး!
ရန်ကျင်းကအံကိုကြိတ်လိုက်ပြီးသူ့မုန်းတီးမှုများကိုဖိချထားလိုက်သည်။
မဟုတ်ဘူး
သူ့အားနည်းချက်တွေကိုနည်းနည်းလေးတောင်ပြလို့မရဘူး
ဒီအချိန်မှာရှန်ကျစ်ရှန်းကသူ့ထက်အများကြီးသန်မာတယ်..အကယ်၍သူသာသူ့ကိုဒေါသထွက်အောင်လုပ်လိုက်မိရင်ညှင်းပန်းနှိပ်စက်မှုတွေကပိုပြီးစောစောလာလိမ့်မယ်ဆိုတာသေချာတယ်
ရန်ကျင်းသည်တစ်ဖက်လူမမြင်နိုင်သည့်နှင်းထဲမှသူ့လက်တစ်ဖက်အားလက်ဖဝါးမှာလက်သည်းရာတွေထင်ကျန်သွားသည်အထိကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။သူကအသက်ကိုပြင်းပြင်းရှုလိုက်ပြီးခေါင်းကိုအနည်းငယ်နှိမ့်လိုက်ကာသူ့မုန်းတီးမှုကိုဖိနှိပ်ရင်းအက်ရှရှနဲ့ပြောလိုက်သည်။
"ဆရာ"
သူ့ဝိဉာဏ်မြစ်ပျက်စီးသွားတဲ့မှတ်ဉာဏ်တွေကသူ့တစ်ကိုယ်လုံးကိုနာကျင်မှုနဲ့တုန်ယင်စေတယ်။သူကအေးစက်စက်အသက်ရှုမှုတစ်ခုနဲ့အတူသူ့ကိုယ်သူအကြိမ်ကြိမ်ပြန်သတိပေးနေရလေရဲ့
သူအသက်ရှင်နေတယ်
သူပြန်ရှင်သန်လာပြီ
ရှန်ကျစ်ရှန်းကသူ့ဝိဉာဏ်မြစ်ကိုတစ်ပိုင်းဆီတစ်ပိုင်းဆီဖြတ်ပြီးနောက်မှာသူ....ပြန်လည်မွေးဖွားလာပြီ
သူဒီမြင်ကွင်းကိုလည်းရင်းနှီးနေတယ်...သိုလှောင်ဓားစံအိမ်ရဲ့ဖြစ်ရပ်ဖြစ်ပြီးနောက်မှာသူကြိမ်ဒဏ်သုံးချက်ရပြီးဒီ'တွေးတောဆင်ခြင်တောင်စွန်း'ကိုပို့ခံလိုက်ရတာ...တစ်လလုံးတွေးတောဆင်ခြင်ပြီးတော့သူ့ဝိဉာဏ်မြစ်ကအေးခဲသွားရတယ်...ရှန်ကျစ်ရှန်းသူ့ကိုတောင်ပေါ်ကဆင်းဖို့ခွင့်မပြုခင်မှာသေလုနီးပါးတောင်ဖြစ်ခဲ့ရတာ
တောင်ပေါ်ကဆင်းလာရပြီးတော့သူနောက်ဆုံးတော့အသက်ရှုနိုင်ပြီလို့တွေးခဲ့ပေမယ့်လည်းရှန်ကျစ်ရှန်းကသူ့ရှေ့မှာရပ်လာပြီးသူ့ဝိဉာဏ်မြစ်ကိုဘာမှဂရုမစိုက်သလိုနဲ့ခွဲဖြတ်ပစ်လိုက်မယ်လို့ဘယ်သူကထင်ခဲ့မိမှာလဲ?
နက်နက်ရှိုင်းရှိုင်းနာကျင်ရင်းသူသတိလစ်သွားခဲ့ပြီးသူနောက်တစ်ခေါက်သတိရလာတော့ရန့်ရှန်ကသူ့ကိုအဓိပ္ပါယ်ပြည့်ဝစွာငုံ့ကြည့်နေပြီးအပြုံးသေးတစ်ခုနဲ့ပြောလာတာကသူ့ကို'တွေးတောဆင်ခြင်တောင်စွန်း'ကိုပို့ဖို့ဆရာကမှာထားတယ်တဲ့...
သူတောင်ပေါ်အသေအကျေပြန်တက်ပြီးနောက်မှသာသူကပြန်လည်မွေးဖွားလာခဲ့တယ်ဆိုတဲ့ဖြစ်ရပ်မှန်ကိုနောက်ဆုံးလက်ခံနိုင်သွားခဲ့တယ်...ဒါပေမဲ့ဘာဖြစ်လို့ဒီအချိန်မှာရှန်ကျစ်ရှန်းကပေါ်လာရတာလဲ?!!
တစ်ခုခုဖြစ်သွားလို့များရှန်ကျစ်ရှန်းကသူ့စိတ်ကိုပြောင်းလိုက်ပြီးဖြစ်လာတော့မယ့်အနာဂတ်ကစောစောဖြစ်လာမှာများလား?
သူ့ရဲ့ပါးလွှာပြီးအားနည်းနေတဲ့ခန္တာကိုယ်ကိုတင်းမာစွာကိုင်ဆွဲထားရင်းဖြင့်ရန်ကျင်းရဲ့မျက်လုံးများကကျောက်စိမ်းပုလင်းပေါ်ကရှန်ကျစ်ရှန်းရဲ့လက်ကိုစိုက်ကြည့်နေမိသည်။ထိုလက်များကသွယ်လျပြီးနူးညံ့ချောမွေ့ကာဖြူဖွေးသည့်လက်သည်းထိပ်လေးများကကြည့်ရတာနူးညံ့လွန်းသည့်ကျောက်စိမ်းလေးလိုပင်ဒီနေရာကညစ်ပတ်လှတဲ့နှင်းများကြားထဲမှာထင်းထွက်နေသည်။
သူ့ရဲ့ကျယ်လွန်းတဲ့အင်္ကျီလက်အားမလွတ်မလပ်ဖြစ်ခြင်းမှကာကွယ်နိုင်ရန်ဖြစ်မည်ရှန်ကျစ်ရှန်းကသူ့လက်ကိုမလိုက်ပြီးလှုပ်ခါလိုက်တာကြောင့်အင်္ကျီလက်ကသူ့တံတောင်ဆစ်ထိလျောကျသွားပြီးဖြူဖွေးနူးညံ့လှသည့်လက်ကောက်ဝတ်ပေါ်လာခဲ့သည်။သလင်းရောင်ကျောက်စိမ်းပုတီးသုံးလေးလုံးပါသည့်လက်ကောက်တစ်ခုကိုလည်းသူ့လက်ကောက်ဝတ်မှာဝတ်ဆင်ထားသည်။
အဲ့ဒါကသူ့အားပိုပြီးမြင့်မြတ်တော်ဝင်သွားစေ၏။
ဒါပေမဲ့အဲ့ဒီလက်တွေကသွေးတွေစွန်းနေခဲ့တာကိုရန်ကျင်းမှတ်မိတယ်
ရက်စက်ပြီးကြမ်းကြုတ်တယ်
ရန်ကျင်းဘာတွေစဉ်းစားနေလဲဆိုတာကိုရှန်ကျစ်ရှန်းကတော့လုံးဝကိုမသိပေ။သူကလူငယ်လေးပိုပြီးရုန်းကန်နေရင်သူ့ဒဏ်ရာတွေပိုပြီးဆိုးဝါးသွားမှာကိုသာစိုးရိမ်နေမိသည်။သူ့ရဲ့ဒဏ်ရာရထားတဲ့လက်နဲ့ပဲရန်ကျင်းကိုတင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီးတစ်ခြားလက်တစ်ဖက်ကသေးငယ်သည့်ကျောက်စိမ်းပုလင်းလေးအားဘေးကိုချကာတစ်ခြားဆေးတွေဆက်ရှာနေလိုက်သည်။
ဝိဉာဏ်ဖြည့်တင်းဆေးကအချိန်တိုအတွင်းမှာဝိဉာဏ်စွမ်းအားများစွာကိုပြန်လည်ဖြည့်တင်းပေးနိုင်သည်။ထိုအရာကအဖိုးတန်လှပြီးအထူးသဖြင့်ရှန်ကျစ်ရှန်းရဲ့အိမ်ထဲမှာရှာတွေ့ခဲ့သည့်ထိပ်တန်းအဆင့်ဆေးလည်းဖြစ်သည်။
တောင်စွန်းပေါ်ကိုရန်ကျင်းတက်လာတုန်းကအေးခဲလွန်းတဲ့ဒဏ်ကိုတွန်းလှန်နိုင်ဖို့ဝိဉာဏ်စွမ်းအားတွေအများကြီးသုံးခဲ့ရမှာပဲအခုတော့သူ့ကိုယ်သူတောင်အေးခဲမှုကနေမကာကွယ်နိုင်တော့ဘူးဖြစ်နေရှာတယ်..သူ့ခန္တာကိုယ်ကအေးခဲတောင့်တင်းနေပေမယ့်ဝိဉာဏ်ဖြည့်တင်းဆေးကတော့အလုပ်လုပ်လောက်ပါတယ်...
"ကြည့်ဦး!စားလိုက်"
ဝိဉာဏ်ဖြည့်တင်းဆေးပါဝင်နေသည့်ကျောက်စိမ်းပုလင်းလေးကိုနောက်ဆုံးမှာရှာတွေ့သွားတာကြောင့်ရှန်ကျစ်ရှန်းကပုလင်းတစ်ခုလုံးကိုလူငယ်လေးရဲ့လက်ထဲထည့်ပေးလိုက်သည်။ထို့နောက်သူ့ဒဏ်ရာကိုနှင်းများထိမိခြင်းမှကာကွယ်နိုင်ရန်ဘေးမှလည်ဝပုလင်းကြီးတစ်လုံးကိုယူလိုက်ပြီးဘေးမှာကာရံထားလိုက်ပြန်သည်။
ရန်ကျင်းကကျောက်စိမ်းပုလင်းအားတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားဆဲပဲဆိုတာကိုမြင်တော့လူငယ်လေးရဲ့နှုတ်ခမ်းမှ'ဆရာ'ဆိုတဲ့အသံတိုးတိုးကြားလိုက်ရသည်ကိုသတိရသွားသည်။သူသည်မထိန်းချုပ်နိုင်စွာဖြင့်သူ့နှဖူးကိုလက်ဖဝါးဖြင့်အုပ်မိတော့သည်။
အဲ့ဒီတော့ရန်ကျင်းကသူ့ကိုမှတ်မိတာပေါ့...သူ့တုန့်ပြန်မှုကဒီလောက်ပြင်းထန်နေတာအံ့အားသင့်စရာတော့မဟုတ်ဘူး
သူကခဏလောက်ညည်းတွားနေမိပြီးမှစိတ်ပူပန်မှုများကိုလုံးဝစွန့်ပစ်လိုက်သည်။ရန်ကျင်းကသူ့ကိုဘယ်လိုအသိအမှတ်ပြုမိသွားမှန်းသူမသိပေမယ့်ဒီလိုတွေ့ပြီးနေပြီဆိုမှတော့သူ့ကိုယ်သူလည်းဖုံးကွယ်ထားစရာမလိုအပ်တော့ဘူးလေ။
ဆယ်ကျော်သက်လေးကသူ့ကိုဖြူကောင်လေးလိုစိုက်ကြည့်ပြီးသူ့ကိုယ်သူကာကွယ်ရန်အဆူးများဖြန့်ကားထားသလိုပင်။
ရှန်ကျစ်ရှန်းကစိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီးကြင်နာတတ်တဲ့အမူအယာနဲ့လူငယ်လေးလက်ထဲကကျောက်စိမ်းပုလင်းလေးကိုလက်ညှိုးထိုးပြလိုက်သည်။
"ဝိဉာဏ်ဖြည့်တင်းဆေး"
ထို့နောက်မြေပြင်မှာပျံ့ကျဲနေတဲ့ပုလင်းများအားဆက်ပြီးလက်ညှိုးထိုးပြသည်။
"အအေးဒဏ်ဖယ်ရှားဆေး၊သွေးလေလည်ပတ်ဆေး၊အသားတက်ပေါင်ဒါ...နည်းနည်းလောက်ပဲဖြစ်ဖြစ်,ငါမင်းဒဏ်ရာကိုကုပေးမယ်"
ရန်ကျင်းကတော့မလှုပ်ရှားသေးပေ။သူ့လက်ထဲကကျောက်စိမ်းပုလင်းငယ်ကိုသာတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍အကြိမ်ကြိမ်သည်းခံနေသည်။နောက်ဆုံးတော့သူ့ပါးစပ်ကိုဖွင့်ပြီးတင်းကြပ်စွာပြောလာသည်။
"ဒီတပည့်ကိုစွန့်ပစ်ဖို့ဆရာကိုယ်တိုင်လာခဲ့တာလား?"
ထိုစကားကိုပြောပြီးသည်နှင့်ခေါင်းကိုမော့ပြီးရှန်ကျစ်ရှန်းကိုငေးကြည့်နေသည်။ဆယ့်ငါးနှစ်သားလေးကနာတာရှည်အာဟာရချို့တဲ့မှုကိုခံစားခဲ့ရတာကြောင့်ပါးပြင်များကဆိုးဆိုးဝါးဝါးချိုင့်နေရသည်။သူ့အသက်အရွယ်နဲ့သူ့တည်ငြိမ်မှုကရှန်ကျစ်ရှန်းအားအထူးတလှယ်စိတ်သောကရောက်သွားစေသည်။
ရှန်ကျစ်ရှန်းကသူ့ကိုခဏလောက်ပြန်စိုက်ကြည့်နေပြီးမှသူ့နှလုံးသားကစိတ်လှုပ်ရှားများနဲ့တုန်ယင်နေရင်းတစ်ဖက်လူရဲ့ခေါင်းကိုပွတ်ပေးချင်စိတ်အားဖိနှိပ်လိုက်ရသည်။အဆုံးမှာတော့သူ'ဟင့်အင်း'ဆိုတဲ့စကားတစ်ခွန်းသာပြောနိုင်တော့၏။
သူကရှန်ကျစ်ရှန်းရဲ့ရုတ်တရက်ပြောင်းလဲသွားမှုကသံသယတွေနှိုးဆွသွားမှာမဖြစ်စေချင်တာကြောင့်သူ့စကားလုံးများကိုဂရုတစိုက်စဉ်းစားလိုက်သည်။ဒါပေမဲ့လည်းသူရန်ကျင်းအားသူ့အပေါ်ရန်ငြိုးမထားစေချင်ပေ။လူငယ်လေးကအရမ်းနာကျင်နေရတာကြောင့်သူမခံစားနိုင်တော့ပဲနောက်စကားလုံးအနည်းငယ်ထပ်ပြောလိုက်မိသည်။
"ဒီနေ့လည်တုန်းကဆရာအရမ်းကိုစိတ်မထိန်းချုပ်နိုင်ဖြစ်သွားခဲ့မိတယ်"
ရန်ကျင်းကကျောက်စိမ်းပုလင်းလေးကိုကိုင်ထားဆဲပဲဆိုတာကိုမြင်တော့သူကရိုးရှင်းစွာပြန်ယူလိုက်ပြီးပုလင်းအဖုံးအားဖွင့်ကာဆေးအနည်းငယ်ထုတ်ယူလိုက်ပြီးနောက်တစ်ဖက်လူရဲ့ပါးစပ်ထဲထည့်ပေးလိုက်၏။
ဂူကအတော်လေးကျဉ်းမြောင်းလှတာကြောင့်ရှန်ကျစ်ရှန်းအားရှောင်ရှားရန်အတော်လေးခက်ခဲလှသည်။ဒါ့အပြင်ရန်ကျင်းသည်လည်းအင်အားမကျန်ရှိတော့ပေ။သူကရှန်ကျစ်ရှန်းဆီကနေအတင်းအကြပ်လုပ်ယူခံနေရပြီးမျက်မှောင်ကျုံကာနှုတ်ခမ်းကိုသာကိုက်ထားရင်းဖြင့်ပင်ညင်သာသိမ်မွေ့သည့်ဝိဉာဏ်အားများကဖြေးညှင်းစွာစီးဆင်းသွားကာသူ့ရဲ့ခြောက်သွေ့နေတဲ့ဝိဉာဏ်မြစ်ကိုစိုစွတ်စေပြီးကြိမ်ဒဏ်ကြောင့်ဖြစ်ပေါ်နေသည့်အေးခဲမှုနှင့်နာကျင်မှုအားအနည်းငယ်လျော့ကျသွားစေသည်။
ရှန်ကျစ်ရှန်းကခပ်ဖွဖွပြုံး၍နူးညံ့စွာပြောလိုက်သည်။
"ဒီကိုလာ,ဒဏ်ရာကိုကြည့်ရအောင်"
......
ဒဏ်ရာကိုကုသပေးပြီးနောက်တစ်ဖက်လူကအာရုံမစိုက်နိုင်ခင်မှာပင်ရှန်ကျစ်ရှန်းကဆေးများကိုချန်ရစ်ထားခဲ့ပြီးတောင်ပေါ်ကဂရုတစိုက်ပြန်ဆင်းသွားသည်။
မူလကတော့လူငယ်လေးကိုပါသူနဲ့အတူခေါ်သွားရန်ကြံစည်ထားခဲ့ပေမယ့်အဲ့ဒါကသူ့ရဲ့အတိတ်က'ရှန်ကျစ်ရှန်း'နဲ့အတော်လေးကွဲပြားနေမှာကိုသတိပြုမိလိုက်သည်။သူ့ကိုယ်သူရုတ်တရက်ကြီးသိသိသာသာပြောင်းလဲပစ်လိုက်ဖို့ရည်ရွယ်ချက်မရှိပေ။
ပထမအကြောင်းပြချက်ကရန်ကျင်းရဲ့သဘောထားကြောင့်ဖြစ်သည်။သူကသူ့ရဲ့နှလုံးသားအေးစက်တဲ့ဆရာကိုကြောက်နေသည်။အကယ်၍ရှန်ကျစ်ရှန်းသာသူ့အပြုအမူတွေကိုအစောတလျင်ပြောင်းလဲလိုက်ရင်အဲ့ဒါကရန်ကျင်းကိုပိုပြီးသံသယဝင်တာတွေမယုံသင်္ကာဖြစ်တာတွေဖြစ်လာစေလိမ့်မည်။
ဒုတိယအကြောင်းပြချက်ကတော့...
ရှန်ကျစ်ရှန်းကလက်ကိုမြှောက်ပြီးသူ့မျက်ခုံးကိုပွတ်လိုက်ကာသူ့အမူအယာကတော့တဖြေးဖြေးတည်ငြိမ်သွားသည်။
အရံဇာတ်ကောင်ဖြစ်လာရတာက....စာအုပ်ထဲမှာရေးထားသလောက်မရိုးရှင်းဘူးပဲ
..................................
Translator's Note
သိပ်မရှင်းတဲ့သူတွေကိုပြောပြချင်လို့ပါ ရန်ကျင်းကအတိတ်ဘဝတုန်းကရှန်ကျစ်ရှန်းကိုသတ်ပြီးသူ့ကိုယ်သူသတ်သေသွားခဲ့တယ်ဆိုပေမယ့်သူပြန်လည်မွေးဖွားလာတဲ့အချိန်မှာတော့သူ့ဝိဉာဏ်မြစ်ဖြတ်စီးခံရတဲ့အထိကိုပဲမှတ်မိပါတော့တယ်။သူဂိုဏ်းတစ်ခုကိုဖြိုခွင်းလိုက်တာတွေသူ့ဆရာကိုသတ်ခဲ့တာတွေနဲ့သူသတ်သေသွားခဲ့ရတာတွေကိုမမှတ်မိပါဘူး။ဇာတ်လမ်းကမြှုပ်ကွက်လေးတွေရှိတာမို့လို့တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာပါလိမ့်မယ်နော်။
..................................
Next Episode
ဖဲကြိုး
..................................
Zawgyi
အခန်း(၃) - Double Return
ဒါကထူးဆန်းတယ်
မဟုတ်ဘူး
"ဆရာ"
သူအသက်ရှင်နေတယ်
သူပြန်ရှင်သန်လာပြီ
"ကြည့်ဦး!စားလိုက်"
"ဝိဉာဏ်ဖြည့်တင်းဆေး"
......
..................................
Translator's Note
..................................
Next Episode
ဖဲကြိုး
::::::...........................::::::