သောကမီးလျှံ

Oleh Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း Lebih Banyak

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၁)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၆)

1.8K 392 25
Oleh Ling____

UNICODE

အချိန်ကား ည (၇)နာရီဝန်းကျင်။
'ညသန်းခေါင်ယံ' အချိန်သို့ရောက်ရန် (၅) နာရီခန့်အလို။

အောက်တိုဘာလ၏ဆောင်းဦးအလယ်ကာလသည်ကား နေ့တာတိုလာသည့်အလျောက် အပြင်ဘက်တွင် လမ်းမီးတိုင်များကိုထွန်းထားပြီးဖြစ်ကြသည်။ လေထုထဲရှိစိုထိုင်းဆမှာလည်း တဖြည်းဖြည်းသိပ်သည်းများပြားလာပြီး အဖြူရောင်မြူခိုးထူထူတို့က ချိယွမ်းချောက်နက်ကြီးတစ်ခုလုံးကိုဝါးမျိုလွှမ်းခြုံထားလျက်ရှိ၏။ ထူထပ်သောမြူခိုးများအတွင်း ​ကြိုးစားပမ်းစားဖြင့် မှိန်ဖျော့ဖျော့ထွန်းလင်းနေကြရှာသည့် လူလုပ်လမ်းမီးရောင်လေးများကိုကြည့်ရသည်မှာ မှိတ်တုတ်မှိတ်တုတ်ပျံသန်းနေသောပိုးစုန်းကြူးငယ်လေးများသဖွယ်။

အကယ်၍သေသေချာချာသတိထားကြည့်မည်ဆိုပါက ချိယွမ်းနယ်မြေတစ်ခုလုံးသည်ကား ထူးထူးခြားခြားတိတ်ဆိတ်ငြိမ်သက်လျက်ရှိနေသည်ကိုတွေ့ရပေလိမ့်မည်။ အသံတစ်ချက်တလေကိုသော်မှမကြားရ။ ပုံမှန်အချိန်တွင်ဆူဆူညံညံအသံပြုတတ်ကြသော ဆောင်းဦးအင်းဆက်ပိုးကောင်များသည်ပင် အသံတစ်ချက်မှမထွက်ရဲဘဲ ရွှံ့နွံများအတွင်းပုန်းအောင်းလျက်သာရှိနေကြ၏။

"ဒါရိုက်တာရှောင်း....ကျွန်တော်တို့အချက်အလက်တွေတော့ရလာပြီ....ဒါပေမယ့် သိပ်အသုံးမဝင်လောက်ဘူးလို့​ထင်တာပဲ"

"ဘာဖြစ်လို့လဲ?"

"ဒီလိုပါ...ဆရာပြောတဲ့အခြေအနေတွေက သိပ်ပြီးယေဘုယျဆန်နေတယ်။ နှစ်စဥ်နှစ်တိုင်း ပုံမှန်မဟုတ်တဲ့သေဆုံးမှုတွေက တစ်နိုင်ငံလုံးမှာ သန်းနဲ့ချီပြီးရှိတာ။ အဲဒီထဲက နှစ်သိန်း သုံးသိန်းလောက်က ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အမှုတွေပဲ။ ယုံအန်းတစ်မြို့တည်းမှာပဲ နှစ်တိုင်း ပိုင်ရှင်မရှိ၊ ဘယ်သူဘယ်ဝါမှန်းလည်းမသိတဲ့အလောင်းတွေက အယောက်တစ်ထောင်လောက်ရှိတယ်။ အဲဒီ 'အသက်တစ်ထောင်ယဇ်ပူဇော်ပွဲ' ဆိုတာကလည်း တကယ်တမ်း အဲဒီလူအရေအတွက်အတိုင်း အတိအကျလုပ်မယ်ဆိုရင်​တောင်မှ နေရာဒေသအသီးသီးမှာဖြန့်ကျက်ပြီးလုပ်တာမျိုး​ဆိုရင် စာရင်းအင်းဒေတာတွေကနေ ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုရှာဖွေဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါတောင် ပျောက်နေတဲ့လူတွေကိုထည့်မတွက်ထားသေးဘူး။ တကယ်လို့ လူသတ်သမားက ဒီလိုလူသတ်မှုတွေကို လူမသိသူမသိလျှို့ဝှက်ပြီးလုပ်တာဆိုရင် အလောင်းကိုတစ်လလောက်ဖွက်ထားဖို့ဆိုတာကလည်း သိပ်ပြီးခက်ခဲတဲ့ကိစ္စတော့မဟုတ်ဘူး။ ရဲဌာနက သိတောင်သိဦးမှာမဟုတ်ဘူး။"

အခြေအနေတွေက အရေးကြီးသောအချိန်ရောက်ရှိနေပြီဖြစ်သည်။ ရွှမ်းကျီးကဲ့သို့ အမြင်စူးရှထက်မြက်သည့်လူငယ်လေးတစ်ယောက်က လျှို့ဝှက်နက်နဲသောရှေးဟောင်းဂမ္ဘီရအစီအရင်များအ​ကြောင်းကို မည်ကဲ့သို့သိရှိနေရသလဲဆိုသည့်မေးခွန်းကိုမေးရန် ရှောင်းကျန်းတွင်လည်း အချိန်မရှိတော့ပါချေ။ သူက ဖုန်းလိုင်းတစ်ဖက်က ရွှမ်းကျီးကိုပြန်လှည့်မေးလိုက်သည်။

"အဲဒီယဇ်ပူဇော်ပွဲက နေရာဒေသကန့်သတ်ထားတာမျိုးတွေရောရှိလား?"

"မရှိဘူး" ရွှမ်းကျီး၏အသံမှာ ပြတ်တောင်းပြတ်တောင်းဖြစ်လို့လာနေသည်။ သူ့ဘက်တွင် ခပ်ကြမ်းကြမ်းလေပြင်းတစ်ချက်ဖြတ်တိုက်သွားသည့်နှယ်။ ပြင်းထန်သောလေစီးကြောင်းများက ဖုန်းလက်ခံခွက်ကို တဂျစ်ဂျစ်ဖြတ်သန်းတိုက်ခတ်သွားပြီးနောက် ရွှမ်းကျီး၏စကားသံနှင့်အတူ ဖုန်းလိုင်းကပါ ပြတ်တောင်းပြတ်​တောင်းဖြစ်လာတော့သည်။

"ယဇ်ပူဇော်ပွဲစာချုပ်ရှိတယ်ဆိုရင်ပဲရပြီ....
ယဇ်ပူဇော်ပွဲစာချုပ်ထဲမှာသေသေချာချာ.....ရေးထားလို့ကတော့.....တစ်နိုင်ငံလုံးမပြောနဲ့......မင်း တောင်ဝင်ရိုးစွန်းမှာ လူသတ်မယ်ဆိုရင်​တောင်မှပဲ....အကျုံးဝင်တယ်.....ဗီဇာမလိုဘူး....အကြွေးဝယ်ကတ်နဲ့ရှင်းလိုက်သလိုမျိုးပဲ....ဒါပေမယ့်....."

'ဒါပေမယ့်' ဆိုသည့် နောက်မှစကားကိုတော့ ဆက်မကြားရတော့ပါချေ။ ဖုန်းလိုင်းပြတ်တောက်သွားလေပြီ။

ရှောင်းကျန်းမှာ ဖုန်းစပီကာကိုဖွင့်ထားသောကြောင့် ရွှမ်းကျီး၏အဖြေက အရာရှိလူကြီးများအကြား ဂယက်ပေါင်းသောင်းခြောက်ထောင်ထသွားစေတော့သည်။

"ဒါဆို တစ်ကမ္ဘာလုံးမှာဖြစ်နိုင်တယ်လို့ပြောချင်တာလား။ ဒါရိုက်တာရှောင်း ဒါကတော့လုံးဝမဖြစ်နိုင်ဘူး။ ကောက်ရိုးပုံထဲ အပ်ရှာနေရသလိုဖြစ်နေလိမ့်မယ်!"

ပြည်သူများနှင့်ထိတွေ့ဆက်ဆံရလေ့ရှိသော ထောက်ပံ့ပို့​ဆောင်ရေးဌာနက ပထမဦးဆုံး ထ၍ကန့်ကွက်လာသည်။

"ဖိုင်တွေကိုဆွဲထုတ်ဖို့ သက်သေအထောက်အထားနဲ့ ခွင့်ပြုချက်လိုအပ်တာကိုအသာထားဦး။ ရဲဌာနအနေနဲ့ကလည်း သူတို့ဘက်မှာ လျှို့ဝှက်ထိန်းသိမ်းထားရမယ့်အကြောင်းအရာတွေရှိနေနိုင်သေးတာပဲ...ဒီလုပ်ဖော်ကိုင်ဖက်တစ်ယောက်တည်းရဲ့ တစ်ဖက်သတ်စကားကိုပဲနားထောင်တာကတော့....."

"ဒါရိုက်တာရှောင်း..."

စီမံခန့်ခွဲရေးဌာနက အုတ်အော်သောင်းတင်းဖြစ်နေသောအခြေအနေကို မီးလောင်ရာလေပင့်လုပ်ရန် ရောက်ချလာပြန်သည်။

"အကြီးအကဲဟွမ်က ဖုန်းဆက်လာတယ်။ ဘာတွေဖြစ်နေတာလဲတဲ့။ ဆရာ့ကို သူ့ဆီသတင်းပို့ဖို့ ဖုန်းပြန်ခေါ်ခိုင်းလိုက်တယ်"

ချိယွမ်းဒေသ၏အခြေအနေမှာ လူအများ၏ ယုံကြည်လက်ခံမှုကိုမရသည့်အပြင် ပြောင်ပြောင်တင်းတင်းကိုပင် အပြစ်ပြောခြင်းကိုခံနေရရှာသည်။ ဆက်သွယ်ရေးတာဝန်ခံတစ်ဦးက အစီရင်ခံစာတစ်စောင်နှင့်အတူရောက်ရှိလာပြန်၏။

"ဒါရိုက်တာရှောင်း....ချိယွမ်းရဲ့ရှေ့တန်းတာဝန်ခံက ပြောတယ်။ ချိယွမ်းချောက်ကြီးထဲမှာ ရှာမတွေ့သေးတဲ့ သန္ဓေပြောင်းသစ်ပင်သုံးပင်လောက်ကျန်သေးတယ်တဲ့။ သူက ဆရာ့ဆီကအတည်ပြုဆုံးဖြတ်ချက်ကိုမေးနေတယ်။ အဲဒီမကောင်းဆိုးဝါးသစ်ပင်တွေကို ဒီအတိုင်းပဲထားခဲ့ပြီး သူတို့ပြန်တက်လာခဲ့ရမလားတဲ့။ ပြီးတော့ ပျက်စီးဆုံးရှုံးမှုတွေအတွက်ရော ဘယ်လိုလုပ်ပေးမှာလဲတဲ့?"

တစ်ဖက်မှလည်း ဌာနချုပ်ရှိ ကွင်းဆင်းလုံခြုံရေးဌာနက ကြားဝင်ကာ တာဝန်ယူရန်တွန်းအားပေးလာပြန်သည်။

"ဒါရိုက်တာရှောင်း....ချိယွမ်းဒေသကို စစ်ကူလွှတ်ပေးဖို့ဆိုတာ သိပ်တော့မလွယ်ဘူးနဲ့တူတယ်။ ဒေသဆိုင်ရာအရာရှိတွေက ဌာနချုပ်မှာရှိတဲ့ ကွင်းဆင်းလုံခြုံရေးဌာနရဲ့ ခွင့်ပြုမိန့်တံဆိပ်တုံးရှိမှ လှုပ်ရှားလို့ရမှာ။ ဒီလိုလုပ်...မင်း လုံခြုံရေးဌာနက ဒါရိုက်တာစုန့်ကို အရင်ဖုန်းဆက်ကြည့်ပါလား? အိုင်းယား....ဒါရိုက်တာစုန့်က အခု နှစ်ကုန်ပိုင်းအားလပ်ရက်ခွင့်ရက်ရှည်ယူထားတယ်မဟုတ်ဘူးလား?"

ယဇ်ပူဇော်ပွဲဆိုင်ရာသဘောတရားများကို ပြောကြားခဲ့သူ ရှေးဟောင်းမှတ်တမ်းများထိန်းသိမ်းရေး သုတေသနပညာရှင်မှာ ပြောင်းလဲလာသောလေထုတွင်းအခြေအနေကိုရိပ်စားမိလာသည့်အလျောက် အလျင်အမြန်ပင် မျက်နှာအမူအရာကပြောင်းလဲသွားတော့သည်။

"အဲဒါက....ဒါရိုက်တာရှောင်း....ဟို 'ပူဆွေးယဇ်ပူဇော်ပွဲ'တို့ 'မိစ္ဆာ' တို့ဆိုတဲ့အကြောင်းအရာတွေက တကယ်တော့ သက်သေအထောက်အထားမရှိ၊ အခြေအမြစ်မရှိတဲ့ ယုံတမ်းစကားတွေပါပဲ....အမြဲတမ်းလည်း အငြင်းပွားစရာတွေဖြစ်ခဲ့တာပေါ့။ ကျွန်တော်တို့ ရှေးဟောင်းမှတ်တမ်းထိန်းသိမ်းရေးဌာနအနေနဲ့က ရှေးဟောင်းစာပေတွေကိုထိန်းသိမ်းရုံထိန်းသိမ်းထားတာဖြစ်ပြီး အချက်အလက်တွေ မှန်၊ မမှန်ဆိုတာကိုတော့ အာမမခံနိုင်ပါဘူး။ ဒီတော့ တကယ်တမ်းအလုပ်လုပ်တဲ့နေရာမှာ အဲဒါတွေကို အခြေခံပြီး မျက်စိစုံမှိတ်မလုပ်သင့်ဘူးလို့ထင်တယ်....ဆရာ သေချာစဥ်းစားပါ....သေချာစဥ်းစားပြီးမှလုပ်ပါ"

အခြေအနေများကိုကြည့်ရသည်မှာ သူရဲကောင်းတို့စုဝေးပွဲကြီးကျင်းပနေသလို။ ဆူညံပွက်လောရိုက်နေသောအသံများက ရှောင်းကျန်း၏နားတဝိုက်တွင် ကျွက်ကျွက်ညံလျက်ရှိကာ အနေအထားက ရုတ်ချည်းပင် ရုတ်ရုတ်သဲသဲဖြစ်လို့လာတော့သည်။ သူသွားမည့်လမ်းကိုအနှောင့်အယှက်ပေးချင်သူများသာရှိကြပြီး သူနှင့်ပူးပေါင်းဆောင်ရွက်ပေးလိုသူတော့မရှိကြ။

ရှောင်းကျန်းခမျာ သူနှင့်မဟာမိတ်ဖွဲ့မည့်သူတစ်ယောက်မှမရှိဘဲ လုံးလုံးလျားလျားကို အများနှင့်တစ်ယောက်ဖြစ်သွားသော ဘဝမျိုးသို့ မည်သို့မည်ပုံရောက်ရှိသွားရသလဲဆိုတာကို သူကိုယ်တိုင်လည်း ပြောမပြတတ်တော့ပါချေ။ အကြောင်းရင်းက ဘာကြောင့်ပါလဲ။ ပြောရလျှင် ဇာတ်လမ်းက နည်းနည်းတော့ရှည်သည်__ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးရုံး၏ ဌာနမှူးဟောင်းမှာ နွေရာသီမတိုင်ခင်ကတည်းက ပင်စင်ယူသွားခဲ့ပြီး သူ့နေရာတွင်ရောက်ရှိလာသော အကြီးအကဲဟွမ်မှာ ပြင်ပမှငှားရမ်းထားသူတစ်ဦးဖြစ်ရုံသာမက သာမန်လူတစ်ယောက်လည်းဖြစ်နေပြန်သည်။

အံ့မခန်းထူးခြားစွမ်းရည်ပိုင်ရှင်များကိုကြီးကြပ်ကွပ်ကဲရမည့် ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာန၏အကြီးအကဲက သာမန်လူတစ်ယောက်ဖြစ်နေသည်တဲ့လား။ ဒါက လုံးဝကို အဓိပ္ပါယ်မရှိတဲ့ကိစ္စပဲမဟုတ်ဘူးလား?

နောက်ကွယ်၌ ထိမ်ချန်ထားသောလျှို့ဝှက်အကြံအစည်များရှိမနေဟု မည်သူမှမယုံကြည်ကြပါချေ။ ယခုအခါ ရုံးချုပ်ကိုခေါင်းဆောင်အသစ်ရောက်ရှိလာသည်မှာ အချိန်သုံးလခန့်ရှိလာပြီဖြစ်သည့်တိုင် ဘဝင်လေဟပ်နေသည့် ထူးခြားစွမ်းရည်ပိုင်ရှင်များမှာ သူ့လက်အောက်တွင်အလုပ်လုပ်ရန်မဆိုထားဘိ၊ သူ့ကိုခေါင်းဆောင်အဖြစ်တောင် လက်မခံကြသေးပါချေ။ ထိုအခြေအနေကိုဖာထေးရန် ဌာနချုပ်က 'ပင်မစေလွှတ်ရေးဌာန' ဟူသည့်ဌာနသစ်တစ်ခုကိုဖွဲ့စည်းပေးခဲ့သည်။ ထိုဌာနရှိအဖွဲ့ဝင်များနေရာတွင် ရှေ့တန်းကွင်းဆင်းဝန်ထမ်းဟောင်းများကို ရွေးချယ်ခန့်အပ်ထားကာ ၎င်းတို့မှာ သာမန်ခေါင်းဆောင်သစ်နှင့် ထူးခြားစွမ်းရည်ပိုင်ရှင်တို့အကြား ဆက်သွယ်ရေးပေါင်းကူးတံတားသဖွယ် လုပ်​ဆောင်ပေးကြရရှာသည်။

ပင်မစေလွှတ်ရေးဌာနရှိ ခေါင်းဆောင်ဖြစ်သူ၏ အထူးအခွင့်အရေးတစ်ရပ်သည်ကား ၎င်းမှာ အခြားသောဌာနများထက် ရာထူးတစ်ဝက်ခန့်ပိုမြင့်ပြီး အရေးပေါ်အခြေအနေများတွင် အခြားလုပ်ငန်းဌာနများကို ယာယီကျော်လွန်ကာ အရင်းအမြစ်များကိုပူးပေါင်းအသုံးပြုနိုင်ပြီး တိုက်ရိုက်အမိန့်ပေးနိုင်သော အခွင့်အာဏာရှိ၏။ ရလဒ်ကတော့ ပင်မစေလွှတ်ရေးဌာနသစ်၏ ခေါင်းဆောင်ဖြစ်သူ ရှောင်းကျန်းမှာ ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာနအတွင်း၌ 'လူတစ်ယောက်၏ လက်အောက်တွင်ရှိပြီး လူထောင်ပေါင်းများစွာ၏အထက်တွင်ရှိသူ' တစ်ယောက်ဖြစ်လာရလေတော့သည်။

ရှောင်းကျန်းမှာ မူလက ကွင်းဆင်းထိပ်တန်းအဖွဲ့သုံးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည့် 'မိုးကြိုးသွား' အဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ ၎င်းမှာ အန္တရာယ်ရှိသည့်မည်သည့်နေရာကိုမဆိုသွားခဲ့ဖူးသည်။ သူရရှိထားခဲ့သမျှအရာအားလုံးမှာ လုပ်ငန်းခွင်အတွင်း စွမ်းစွမ်းတမံလုပ်ဆောင်ချက်များမှရရှိလာခဲ့သောအောင်မြင်မှုများဖြစ်ပြီး ထိုအချိန်က လူအများ၏ အသိအမှတ်ပြုလေးစားခြင်းကိုခံခဲ့ရသည်။ ပတ်ဝန်းကျင်နှင့် သိပ်ပြီးသဟဇာတမဖြစ်သော သူ၏ဂျစ်ကန်ကန်အပြုအမူတို့ကိုပင် သူရဲကောင်းတို့၏စစ်မှန်သောအသွင်အပြင်ဟူ၍ အဓိပ္ပါယ်ပြောင်းလဲကောက်ယူသွားကြတာမျိုးတောင်ရှိခဲ့သည်။

သို့သော် အကြီးအကဲဟွမ်ရောက်လာသည့်အချိန်မှစ၍ သူ၏ရာထူးမှာ တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်သူစစ်သူကြီးတစ်ဦးအဖြစ်မှ *အရှေ့ခြံစောင့်အဖြစ်သို့ ရောက်ရှိသွားရရှာတော့သည်။

*အရှေ့ခြံဝင်းဆိုသည်မှာ မင်မင်းဆက်ခေတ်က မိန်းမစိုးများစီမံသော လျှို့ဝှက်ရဲအဖွဲ့အစည်းဖြစ်သည်။ (ထိုအချိန်က အခြားသောအရာရှိများမှာ မိန်းမစိုးများကိုအသုံးမဝင်သည့်လူများအဖြစ်သာသတ်မှတ်ထားတတ်ကြသည်)

သို့ဖြစ်ရာ ဤသို့ဤနှယ် တစ်ညတာအတွင်းမှာပင် ရှောင်းကျန်းမှာ အထူးတပ်ဖွဲ့များမှလွဲ၍ ကွင်းဆင်းလုံခြုံရေးဌာနတစ်ခုလုံး၏ ရန်သူတော်ကြီးလုံးလုံးဖြစ်သွားခဲ့ရရှာသည်။

အချို့လူများက ၎င်းမှာ မိမိ၏ရည်မှန်းချက်မှလွဲ၍ တခြားဘာမှမမြင်တော့ဘဲ အထွတ်အထိပ်သို့ရောက်ရန်အတွက် အရှက်မရှိဘဲ သာမန်လူတစ်ယောက်၏ လက်ပါးစေလုပ်ဖို့ရန်ပင် ဝန်မလေးသူတစ်ယောက်အဖြစ်ပြောဆိုကြသည်။ အခြားလူများကတော့ ၎င်းမှာ အားလုံး၏အထက်တွင်ရှိနေသူတစ်ဦးကဲ့သို့ သူ့နှာခေါင်းကိုကောင်းကင်ပေါ်သို့ မော့ထားပြီး အောက်ကလူများကိုအထင်သေးသည့်မျက်လုံးများဖြင့်ကြည့်နေသည့်ပုံစံက အတော်လေးရွံစရာကောင်းလှသည်ဟုပြောဆိုဝေဖန်ကြ၏။

သို့သော်အဆုံးတွင်တော့ သူတို့အားလုံးသည်ကား အရွယ်ရောက်ပြီးသားလူများဖြစ်ကြသည်လေ။ သူ့နောက်ကွယ်တွင် တီးတိုးတီးတိုးသဖန်းပိုးလုပ်နေသလောက် ပြဿနာတစ်စုံတစ်ရာပေါ်မလာသေးသရွေ့ကတော့ အားလုံးက အပေါ်ယံတွင်ယဥ်ကျေးသောအပြုအမူမျိုးကိုသာ ဟန်​ဆောင်ပန်ဆောင်ထိန်းသိမ်းထားကြ၏။ ပြဿနာပေါ်လာသောအချိန်သည်ကား အ​ပီအပြင်တွယ်ရန်အကောင်းဆုံးအခွင့််အရေးဖြစ်၏။ ၎င်းတို့မှာ အနံ့ခံနေသောတိရစ္ဆာန်များသဖွယ်တစ်ယောက်တစ်ပေါက်ဝိုင်းဝန်းပြောဆိုကြပြီး 'အများ၏စွန့်ပစ်ခြင်းကိုခံရသော သစ္စာဖောက်' ဟူသည့်စကားလုံးများကို သူ့မျက်နှာထက်တွင်တံဆိပ်ရိုက်နှိပ်နိုင်ရန် အလုအယက်ကြိုးစားနေကြသလိုပင်။

သို့သော် ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာလေ၏။ ထိုအချိန်မှာပင် ဖုန်းထဲမှ 'ကလစ်' ဟူသည့်မြည်သံနှင့်အတူ 'ဖုန်းမအားသေးပါ' ဟူသောအသံကိုကြားလိုက်ရသည်။ ရွှမ်းကျီး၏ ဖုန်းလိုင်းမှာ ရုတ်တရက်ပြတ်တောက်သွားလေပြီ။

ရွှမ်းကျီးရောက်ရှိနေသော ဆေးရုံစင်္ကြံလမ်းမှာ ရေခဲသေတ္တာကြီးတစ်လုံးသဖွယ်ပြောင်းလဲသွားသလို။ သူ့ဖုန်းလေးမှာ အပူချိန်လျော့ကျလာသည့်ဒဏ်ကိုမခံနိုင်​တော့သည့်အဆုံး၌ စကားပြောနေရင်းတန်းလန်းမှာပင် ဖုန်းမျက်နှာပြင်က အမှောင်အတိကျသွားရှာတော့သည်။

"ပြောလို့ပြီးပြီလား?"

ရှန့်လင်ယွမ်းမှာ အဆိုပါ စကားပြောသေတ္တာကလေးကို အလွန်အမင်းစိတ်ဝင်တစားကြည့်ရှုနေ၏။

ရွှမ်းကျီးက စကားကိုဗလုံးဗထွေးနှင့် တမင်တကာ မြန်မြန်သွက်သွက်ပြောဆိုနေခြင်းကြောင့် ၎င်းမှာ သူပြောသမျှကို တစ်ခွန်းတလေမှ နားမလည်ရှာသည့်တိုင်အောင် စိတ်ဝင်တစားနားထောင်နေဆဲပင်ဖြစ်၏။ ဆူညံသံများရပ်တန့်သွားသောအခါမှ သူက မေးလာသည်။

"ဘာလုပ်ရမလဲဆိုတာကို တိုင်ပင်လို့ပြီးပြီလား?"

ယနေ့ခေတ်သိပ္ပံနည်းပညာ၏မျက်နှာကိုအိုးမဲသုတ်လို့မဖြစ်။ ရွှမ်းကျီးခမျာ စိတ်ထဲတွင်အသားကုန်ကျိန်ဆဲနေသော်လည်း အပြင်ပန်းတွင်တော့ ဘာမှမဖြစ်သလိုဟန်ဆောင်လိုက်ရင်း ဖုန်းကိုသူ့ကုတ်အင်္ကျီအိတ်ကပ်အတွင်းသို့ပြန်ဝင်သွားစေလိုက်သည်။ အနည်းဆုံးတော့ သူ့ကိုယ်ငွေ့နဲ့ပဲဖြစ်ဖြစ် ဖုန်းရဲ့သက်တမ်းကိုဆွဲဆန့်ထားလို့ရလိုရငြားပေါ့။ ခန်းမတစ်လျှောက်ရှိ တံခါးများနှင့်ပြတင်းပေါက်များကတော့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့ကြေမွလို့နေပြီဖြစ်သည်။ အထပ်တစ်ထပ်တွင် ဖွင့်လျက်သားရှိနေသော တီဗီတစ်လုံးမှထွက်ပေါ်လာသည့်အသံများက စင်္ကြံလမ်းတစ်လျှောက် ပဲ့တင်ထပ်ကာပျံ့လွင့်နေ၏။ ညနေခင်းသတင်းကြေညာမှု၏အဆုံးသတ်အပိုင်းကိုထုတ်လွှင့်နေခြင်းဖြစ်သည်။ သည်အတိုင်းဆိုပါက လက်ရှိအချိန်မှာ အနည်းဆုံးတော့ ည ၇နာရီခွဲဝန်းကျင်ခန့်ရှိလိမ့်မည်။

ဆေးရုံအတွင်းမှလူများကို လူနာတင်ကားများနှင့် ယာဥ်များပေါ်သို့ ခပ်သွက်သွက်ရွှေ့ပြောင်းနေကြ၏။ အဆောက်အအုံအပြင်ဘက်၌ လူအုပ်များနှင့်စကားသံများဖြင့် ဆူညံပွက်လောရိုက်နေသလောက် ဤအထပ်တွင်​တော့ အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ သက်ရှိဟူ၍ မတိုးသာမဆုတ်သာအနေအထားတွင်ရှိနေသည့် ရွှမ်းကျီးနှင့် မိစ္ဆာအရှင်သခင်တို့နှစ်ဦးတည်းသာကျန်ရှိတော့သည်။ ရွှမ်းကျီးက ပြတင်းပေါက်နားသို့ကပ်ကာ မျက်လုံးထောင့်စွန်းမှတဆင့် အောက်ထပ်ကို မသိမသာခိုးကြည့်လိုက်၏။ ရွှေ့ပြောင်းဖို့ခက်ခဲနေသော ဆေးရုံတက်လူနာတချို့ကျန်ရှိနေသေးသည်။ ကွင်းဆင်းလုပ်သားများက မည်မျှပင်ကျွမ်းကျင်ထက်မြက်သူများဖြစ်နေပါစေ၊ သူတို့ကိုရွှေ့ပြောင်းရန်အချိန်တစ်ခုတော့ကြာဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် တတ်နိုင်သလောက် အချိန်ဆွဲထားရန်ကြိုးစားရမည်ဖြစ်သည်။

သူက မျက်​တောင်တစ်ချက်ခတ်ကာမျက်တောင်မွေးများတွင်ကပ်ငြိတင်ကျန်နေသောရေခဲမှုန်များကို ခါချလိုက်၏။ သူ့ခေါင်းအတွင်းမှ ဂီယာများကိုလည်ပတ်စေလိုက်ပြီးသကာလ ဖြည်းဖြည်းချင်းဖျစ်ညှစ်ပြုံးပြလိုက်သည်။

"ဒီက....အဟမ်း.....လူကြီးမင်းခင်ဗျာ...ခင်ဗျားကြည့်....အခုက ညသန်းခေါင်ရောက်ဖို့အချိန်အကြာကြီးလိုသေးတယ်....ခင်ဗျားလည်း အခုလေးတင်မှရောက်လာတာဆို​တော့ အလျင်စလို သွားစရာလာစရာမရှိသေးဘူးမလား? ဒီလိုဆိုမှတော့ ကျွန်​တော်တို့ အပျင်းပြေ စကားနည်းနည်းပါးပါးပြောကြရင်မကောင်းဘူးလား?"

တစ်ချိန်တည်းမှာပင် ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာနချုပ်အတွင်း၌ ရှောင်းကျန်းခမျာ လူပေါင်းများစွာ၏အဝိုင်းခံထားရပြီး မျက်လုံးပေါင်းသောင်းခြောက်​ထောင်က သူကျဆုံးမည့်အ​ခြေအနေကိုစောင့်ဆိုင်းနေကြ၏။ ၎င်းမှာ ဒေါသကိုမျက်နှာပေါ်တွင်ဖော်မပြတတ်သူဖြစ်လေရာ ဒေါသထွက်လာလေလေ သူ့မျက်နှာမှာ ပို၍ဖြူလျော်လာလေလေဖြစ်လာပြီး နှုတ်ခမ်းများမှာလည်း မျဥ်းတန်းလေးတစ်ကြောင်းသဖွယ် တင်းတင်းစေ့ပိတ်ထားလျက်ရှိတော့သည်။

"ဟို...ဒါရိုက်တာရှောင်း...."

စီမံရေးရာဌာနမှဝန်ထမ်းလေးက ဖုန်းကို မရဲတရဲကိုင်ထား၏။ "အကြီးအကဲဟွမ်က...."

ရှောင်းကျန်းကခေါင်းထောင်လာကာ သူ့ကိုလှည့်ကြည့်လာသည်။ စီမံရေးရာဝန်ထမ်းလေးမှာ အဆိုပါမျက်လုံးများထဲတွင် ​လျှပ်စီးလက်သွားသလိုအရိပ်အယောင်မျိုးတွေ့လိုက်ရ၏။ ၎င်းမှာ အထိတ်တလန့်ဖြစ်သွားရှာပြီး သူ့လက်ထဲမှ ဖုန်းကိုလွှတ်ချလိုက်မိလေ​တော့သည်။

ဘေးနားရှိ စေ့စေ့စပ်စပ်စိုက်ကြည့်နေကြသောအကြည့်များအောက်တွင် ရှောင်းကျန်းက ဖုန်းကိုလှမ်းဖမ်းလိုက်ကာ အသံချဲ့ခလုတ်ကိုဖွင့်လိုက်သည်။ သူက စိတ်ကိုစုစည်းကာဖုန်းဖြေလိုက်သည်။

"အကြီးအကဲ....ကျွန်တော် ရှောင်းကျန်းပါ။ ကျွန်တော့်ရဲ့ ၁၂နှစ်ကျော်လောက် ရှေ့တန်းမှာကွင်းဆင်းဝန်ထမ်းလုပ်လာခဲ့တဲ့အတွေ့အကြုံတွေအရ ဒီကိစ္စက တော်တော်လေးကို အရေးကြီးတဲ့အရေးပေါ်အခြေအနေတစ်ရပ်လို့ထင်မြင်ယူဆမိပါတယ်။ တကယ်လို့ ကျွန်တော့်ကိုယုံကြည်တယ်ဆိုရင် လုပ်ပိုင်ခွင့်အပြည့်အဝလွှဲပေးလို့ရမလား။ ကိစ္စတွေပြီးသွားတာနဲ့ ကျွန်တော် ဆရာ့ဆီကိုချက်ချင်းအစီရင်ခံစာတင်ပါ့မယ်။ တစ်ခုခုအမှားအယွင်းရှိလာခဲ့ရင်လည်း ကျွန်​တော်အရာအားလုံးကို အပြည့်အဝတာဝန်ယူပါ့မယ်"

အကြီးအကဲဖြစ်သူက တိတ်ဆိတ်သွားသလို ကျန်သည့်လူများအားလုံးကလည်း တိတ်ဆိတ်သွား၏။ မကြာသေးမီကမှ ဆူညံပွက်လောရိုက်နေခဲ့သော ပင်မစေလွှတ်ရေးဌာနသည်ကား လုံးဝဥဿုံတိတ်ဆိတ်ငြိမ်သက်လို့သွားလေသည်။

ရုတ်တရက် ဖုန်းမြည်သံတစ်သံထွက်ပေါ်လာသဖြင့် ဝန်ထမ်းတစ်ယောက်က အပြေးအလွှားဖုန်းသွားကိုင်လိုက်၏။ အခန်းတွင်းရှိ တိတ်ဆိတ်နေသောလေထုအခြေအနေကြောင့် ၎င်းမှာ အလိုအလျောက်ပင် အသံကိုနှိမ့်ကာဖြေကြားလိုက်သည်။

"ပင်မစေလွှတ်ရေးဌာနကပါ.....ကျေးဇူးပြုပြီးပြောပါ....ဘာ.....အင်း....ကောင်းပါပြီ....ကျွန်တော်ပြန်ပြောလိုက်ပါ့မယ်..."

ဝန်ထမ်းလေးကဖုန်းချလိုက်ပြီးပြောလာ၏။

"ချိယွမ်းက ထပ်ဆက်လာတာပါ။ သူတို့ပြောတာက ချိယွမ်းမှာ အ​ခြေအနေပြောင်းလဲမှုတွေဖြစ်နေတယ်တဲ့။ ချိယွမ်းဆေးရုံမှာရှိတဲ့ ကွင်းဆင်းအဖွဲ့ရဲ့အရေးပေါ်သတင်းပေးပို့ချက်အရတော့ ချိယွမ်းမှာရှိတဲ့ သဘာဝလွန်စွမ်းအင်တွေထွက်ပေါ်လာတဲ့ မူလနေရာက ချိယွမ်းဆေးရုံကလို့ပြောတယ်။ ဒေသခံဝန်ထမ်းတွေက တပ်ကူအမြန်လွှတ်ပေးဖို့တောင်းဆိုနေကြတယ်....ပြီးတော့ ဒါရိုက်တာရှောင်းဆီကနေ နောက်တစ်ဆင့်ဆက်လုပ်ရမယ့် ညွှန်ကြားချက်ကိုစောင့်နေကြတယ်"

"ဒါပေမယ့် တပ်ကူလွှတ်ဖို့အတွက်က လုံခြုံရေးဌာနက ဒါရိုက်တာစုန့်ရဲ့....."

"မလိုတော့ပါဘူး....တပ်ကူက ဒီမှာရောက်နေပြီပဲမဟုတ်ဘူးလား?"

တံခါးဝဆီမှ ပေါ့ပေါ့ပါးပါးလေသံတစ်သံထွက်ပေါ်လာသည်။ အသံပိုင်ရှင်သည်ကား မီးခိုးရင့်ရောင်ယူနီဖောင်းကိုဝတ်ဆင်ထားပြီးအလွန်ဆုံးမှ အသက်နှစ်ဆယ်လောက်သာရှိဦးမည်ဖြစ်သော ထောင်ထောင်မောင်းမောင်း လူငယ်လေးတစ်ဦးဖြစ်သည်။ သူ့အင်္ကျီကော်လံပေါ်တွင်တော့ 'လေနတ်ဘုရား' ဟူသည့်စာလုံးကိုပန်းထိုးထား၏။ အားကစားနည်းပြဆရာတစ်ယောက်အလား စံချိန်ယူနာရီတစ်လုံးကိုလည်း လည်ပင်းတွင်ချိတ်ဆွဲလို့ထား၏။ နီစွေးစွေးနှုတ်ခမ်းတစ်စုံနှင့် ဖြူဖွေးဖွေးသွားများကိုပိုင်ဆိုင်ထားသောကြောင့် နုရွယ်ပျိုမျစ်သော ကလေးတစ်ယောက်မျက်နှာအသွင်အပြင်မျိုးပေါက်နေသည့်ထိုသူက မိမိအား စူးစိုက်ကြည့်နေသောလူများကိုတွေ့လိုက်ရသောအခါ သွားပေါ်သည်အထိပြုံးပြလိုက်၏။ ထို့နောက် သူက ခြေဆောင့်ရပ်လိုက်ပြီး ပြောလာသည်။

"ကျွန်တော်က 'အထူးတပ်ဖွဲ့တစ်' 'လေနတ်ဘုရားအဖွဲ့'က 'ကျန်းကျောင်း'ပါ။ လူကြီးမင်းတို့အားလုံးပဲ မင်္ဂလာညနေခင်းပါ။ ကျွန်တော်တို့ဘော့စ်...မဟုတ်ဘူး....ကျွန်တော်တို့ဆရာက အခုအပြင်မှာရောက်နေလို့ပါ။ ဒါပေမယ့် ချိယွမ်းက အကူအညီလိုအပ်နေတယ်ဆိုတဲ့သတင်းကိုကြားလို့ ဒါရိုက်တာရှောင်းကို လုပ်ပိုင်ခွင့်လွှဲပေးတဲ့အကြောင်း ကျွန်တော်တို့ဆီကို ဖက်စ်ပို့လိုက်ပါတယ်။ ချိယွမ်းရဲ့အနီးဆုံးမှာရှိတဲ့ လေနတ်ဘုရားတပ်ဖွဲ့ဟာလည်း အခုလမ်းမှာရောက်နေပြီဆိုတဲ့အကြောင်း ကျွန်တော့်ကိုသတင်းပို့ခိုင်းလိုက်ပါတယ်"

ဤသည်မှာ ရှောင်းကျန်း၏ 'မိခင်အိမ်' ဖြစ်ပေသည်။ ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာန
တွင် 'လေနတ်ဘုရား' 'မိုးကြိုးသွား' 'မိုးသက်မုန်တိုင်း' ဟူ၍ အထူးတပ်ဖွဲ့သုံးဖွဲ့ရှိ၏။အတိုကောက်အားဖြင့် 'လေ-မိုးကြိုး-မိုး' ဟုခေါ်ကြသည်။ ၎င်းတို့မှာ ဌာနချုပ်၏ ကွင်းဆင်းလုံခြုံရေးဌာနလက်အောက်တွင်အတူတကွရှိကြသည်မှန်သော်လည်း အမှန်စင်စစ်တွင်မူ အမည်ခံမျှသာဖြစ်ပြီး လုံးလုံးလျားလျားကို အမှီအခိုကင်းသောတပ်ဖွဲ့များဖြစ်သည်။

၎င်းတို့အနက် 'လေနတ်ဘုရား'တပ်ဖွဲ့သည်ကား အမြင့်ဆုံးနေရာတွင်ရှိသည်။

နယ်မြေဒေသများအတွင်း ကိုင်တွယ်ဖြေရှင်းရန်ခက်ခဲသော ထူးခြားစွမ်းအင်ဖြစ်စဥ်များ ရုတ်တရက်ပေါ်ပေါက်လာသည့်အခါတိုင်း လေနတ်ဘုရားတပ်ဖွဲ့ကို တာဝန်ပေးလေ့ရှိသည်။ အဆိုပါအထူးတပ်ဖွဲ့သည်ကား အတော်လေးကိုစွယ်စုံရသူများဖြစ်ကာ တစ်နှစ်ပတ်လုံးလိုလို တစ်နိုင်ငံလုံးအနှံ့ ခရီးထွက်နေလေ့ရှိကြသည်။ သို့ဖြစ်ရာ ၎င်းတို့ထံတွင် 'ရှေ့တန်းရောက် စစ်သူကြီးက အုပ်ချုပ်သူ၏ အမိန့်ဟူသမျှကို နာခံစရာမလို' ဟူသောသဘောထားမျိုး မဆိုစလောက်ရှိကြပေသည်။ အကယ်၍ အရေးပေါ်အခြေအနေနှင့်တွေ့ကြုံလာရပါက အဖွဲ့ခေါင်းဆောင်နှင့်အထက်မှလူများသည်ကား သူတို့အကြီးအကဲ၏ အကြံဉာဏ်ကိုကျော်လွန်ကာ လွတ်လပ်စွာလှုပ်ရှားနိုင်သည့်အခွင့်အာဏာရှိကြသည်။

ရှောင်းကျန်းမှာ သူ့ညီနောင်တပ်ဖွဲ့က ဤကဲ့သို့ သူ့ဘက်၌ ပြောင်ပြောင်တင်းတင်း
ရပ်တည်ပေးလာသည့်အဖြစ်ကို မည်သို့မှမယုံကြည်နိုင်သေးပါချေ။ သူက ပါးစပ်ကိုဟလိုက်စေကာမူ ရုတ်တရက်ဘာပြောရမှန်းမသိတော့ပေ။

ကျန်းကျောင်းက အထဲသို့ဝင်လာပြီးနောက် အခန်းတွင်းရှိလူအားလုံး၏အမူအရာများကို ပြုံး၍အကဲခတ်ကြည့်ရှုလိုက်၏။ သူက ပုံနှိပ်ထားသောစာရွက်စာတမ်းတစ်ထပ်ကြီးကို ရှောင်းကျန်းလက်ထဲသို့ထိုးပေးလိုက်ပြီးနောက် ခြေလှမ်းဝက်ခန့်နောက်ပြန်ဆုတ်ကာ အလေးပြုလိုက်၏။

"ဒါရိုက်တာရှောင်း....ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကပြောတယ်....ခင်ဗျားက 'လေ- မိုးကြိုး-မိုး' အဖွဲ့ကလာတဲ့လူတဲ့။ တခြားလူတွေက ခင်ဗျားနဲ့မပူးပေါင်းကြဘူးဆိုရင်​တောင်မှ ကျွန်တော်တို့က​တော့ နောက်မှာချန်နေလို့ဘယ်ဖြစ်ပါ့မလဲဗျာ။ အမိန့်ကိုစောင့်ဆိုင်းနေပါတယ်!"

ဖုန်းထဲတွင်အသံတိတ်နေခဲ့သော အကြီးအကဲဟွမ်ဆီမှ စကားသံပြန်ထွက်ပေါ်လာသည်။

"ချိယွမ်းမှာဖြစ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက် ငါ့ကိုယ်စား ရှောင်ရှောင်းကို အခွင့်အာဏာအပြည့်အဝလွှဲပေးလိုက်တယ်"

ရှောင်းကျန်းက အံကိုကြိတ်လိုက်ကာ ကျန်းကျောင်းကို နားလည်ပြီဆိုသောအဓိပ္ပါယ်ဖြင့်တစ်ချက်ကြည့်လိုက်သည်။ သို့သော် ၎င်းမှာ နောက်ထပ်တစ်စက္ကန့်လောက်ပင် အချိန်မဖြုန်းရဲပါချေ။

"ပြန်လည်ပြုပြင်ရေးဌာနက ရွှမ်းကျီးနဲ့ဆက်သွယ်လို့ရမယ့်နည်းလမ်းကိုရှာ။ သူ အခုရှေ့တန်းမှာရောက်နေတယ်။ ခုနလေးတင် သူနဲ့စကား​ပြောနေတုန်း ဖုန်းလိုင်းပြတ်သွားတာ"

ထိုအခိုက် ရှေ့တန်းတွင်ရောက်နေသော ရွှမ်းကျီးကတော့ မိစ္ဆာအရှင်သခင်နှင့် စကားစမြည်ပြောရန်ကြိုးပမ်းနေရှာ၏။

"ကျွန်တော်ထင်တာက​တော့ ခင်ဗျားလို ပူဆွေးယဇ်ပူဇော်ပွဲမျိုးနဲ့မှဆင့်ခေါ်လို့ရတဲ့ ထူးခြားဆန်းပြားတဲ့မိစ္ဆာမျိုးက....သြော်....'ထူးခြားဆန်းပြား' တယ်
ဆိုတာ ကြီးကျယ်ခမ်းနားပြီး အံ့ချီးဖွယ်ဖြစ်တာကိုပြောတာ....ကြီး....ကြီးမြတ်တဲ့ ဘိုး​ဘေးဘီဘင်အနွယ်တော်မျိုးရိုးကဆင်းသက်လာတာမျိုးလိုပေါ့..."

ရွှမ်းကျီးမှာ မိစ္ဆာအရှင်သခင်၏ သံနေသံထားနှင့်လေယူလေသိမ်းအတိုင်း တုပ​ပြောဆိုရန်ကြိုးစားလိုက်စေကာမူ ကံမကောင်းအကြောင်းမလှစွာပင် အနှီရှေးဟောင်းဒေသိယစကားများမှာ နိုင်ငံခြားဘာသာစကားများနှင့်တူလှပေ၏။ ၎င်းမှာ နားတော့နားလည်သော်လည်း ကောင်းကောင်းပြန်မပြောတတ်ပေ။ ရှန့်လင်ယွမ်းကဲ့သို့ သူတစ်ပါး၏ သံနေသံထားအတိုင်း တထပ်တည်းတူအောင်လိုက်ပြောနိုင်သည့် ပါရမီထူးလည်းရှိမနေသည့်အတွက် သူ့စကားလုံးများမှာ လုံးဝကို ကပေါက်တိကပေါက်ချာဖြစ်လို့နေတော့သည်။

ရှန့်လင်ယွမ်းမှာ သံကြိုးများဖြင့်အတုပ်ခံထားရသည့်တိုင် သူ့ပုံစံမှာ အတော်လေးကို သက်တောင့်သက်သက်သာရှိနေသလို။ သူ၏အပြုံးများက ပိုမိုနက်ရှိုင်းလာပြီး စကားတစ်ခွန်းမှမပြောဘဲ သူ့မျက်စိရှေ့တွင် အမျိုးမျိုးအဖုံဖုံသရုပ်​ဆောင်ပြနေသည့် အနှီမျက်နှာများလှသော မိစ္ဆာလေးကိုသာလျှင် စောင့်ကြည့်နေလေ၏။

ရွှမ်းကျီးကလည်း အတော်လေးကိုအရေထူသူဖြစ်သည်။ သူ၏လေယူလေသိမ်းမှာ အိုးနင်းခွက်နင်းဖြစ်နေသည့်တိုင် လက်မလျှော့သေးဘဲ မျက်နှာပြောင်ပြောင်နှင့်ပင် တောင်ပြောမြောက်ပြောလျှောက်ပြောနေပြန်၏။

"ကျွန်တော်တို့ရဲ့ လက်ရှိစျေးကွက်စီးပွားရေးခေတ်ကာလမှာ ပြဿနာတစ်ခုကိုဖြေရှင်းနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ တစ်ခါလောက်အဆင်မပြေတာနဲ့ပဲ အောက်လမ်းအစီအရင်မျိုးတွေအထိသုံးတတ်တဲ့လူမျိုးဟာ တကယ်တော့ စောက်ရူး.....အဟမ်း....မိုက်မဲတဲ့သူတွေပဲ။ အဲဒီလိုလူမျိုးက ဆင့်ခေါ်တိုင်းရောက်လာပေးရအောင်က....ခင်ဗျားရဲ့ အဆင့်အတန်း... ခင်ဗျားရဲ့ဂုဏ်သိက္ခာကိုချသလိုဖြစ်မနေဘူးလား?"

"ပူဆွေးယဇ်ပူဇော်ပွဲဆိုတာ ကောင်းကင်နဲ့မြေကြီးကိုဆက်သွယ်ပေးတဲ့ ပညာရပ်တစ်ခုပဲ။ ငါက အဲဒီလူကြောင့် နိုးထလာရတယ်ဆိုတော့ သူနဲ့ငါကြားမှာ ဆက်သွယ်မှုတစ်ခုခုရှိနေတာဖြစ်နိုင်တယ်။ မဟုတ်ရင် သူ့ရဲ့သွေးတွေက ငါ့ရဲ့အခေါင်းထဲကိုစီးဝင်လာမှာမဟုတ်ဘူး"

ရှန့်လင်ယွမ်းက တည်တည်ငြိမ်ငြိမ်ပင်ပြန်
ပြောလိုက်သည်။ "ပြီးတော့ ဂုဏ်သိက္ခာရှိရှိ၊ မရှိရှိ အဲဒီအရာတွေက အရင်ဘဝတုန်းကပြီးပြီးသားကိစ္စတွေပဲ။ ငါ မေ့သွားတာကြာလှပေါ့"

"ဒါလည်းဟုတ်တာပဲ"

ရွှမ်းကျီးမှာ စကားပြောလက်ပေါက်ကတ်သောဖောက်သည်များနှင့်ပြောဆိုဆက်ဆံနေကြဖြစ်လေရာ သူက တစ်စက္ကန့်မျှရပ်နားလိုက်ပြီးသော် ခပ်တည်တည်နှင့်ပင် မြှောက်ပင့်ချီးကျူးပြောဆိုလိုက်၏။

"တကယ်တော့ သာမန်လူတွေက ခင်ဗျားကိုသတ်မှတ်ပေးထားတဲ့ အဆင့်အတန်းတွေကို မှတ်မိတာ မမှတ်မိတာက သိပ်ပြီးတော့လည်းအရေးမကြီးပါဘူး။ ဒါပေမယ့်လည်း တစ်ဖက်ကကြည့်ရင် ခင်ဗျားရဲ့စကားပြောပုံဆိုပုံနဲ့အပြုအမူတွေက အရမ်းကြီးသိသာနေတာပဲမဟုတ်ဘူးလား။ ကျွန်တော်က မျက်စိကန်းနေတာမှမဟုတ်တာ"

"သြော်.....ဒီလိုအပြုအမူမျိုးကိုပြောတာလား?"

ရှန့်လင်ယွမ်းက ရုတ်တရက် အရှေ့သို့ငုံ့ကိုင်းလိုက်သောအခါ သူ့ကိုတုပ်နှောင်ထားသောသံချိန်းကြိုးများကလည်း ရုတ်တရက်တင်းတင်းကြပ်ကြပ်ဖြစ်သွားလျက် တချွင်ချွင်တချွမ်ချွမ်မြည်သံများထွက်ပေါ်လာ​တော့သည်။ အနက်ရောင်ယဇ်စာသားများက သူ၏အင်္ကျီကော်လံအတွင်းမှ တိုးထွက်လာကာ လည်ပင်းနှင့်မျက်နှာပြင်တစ်လျှောက်ပျံ့နှံ့သွားကြလျက် သူ၏ဖြူဖတ်ဖြူလျော်ဖြစ်နေသောအသားအရည်နှင့် သိသိသာသာကိုကွဲပြားခြားနားလို့နေတော့သည်။ အစောတုန်းက ချောမောကြည့်ကောင်းသောမျက်နှာမှာ ရုတ်ချည်းဆိုသလို အန္တရာယ်အငွေ့အသက်များဖြင့်လွှမ်းခြုံလို့လာ၏။

ထိုအခိုက် ရှောင်းကျန်းဆီမှဖုန်းဝင်လာသဖြင့်ပြေးထွက်သွားသော လော်ချွေ့ချွေ့က အချိန်ကိုက်ပြန်ရောက်ချလာသည်။ သူ့ခမျာ ရှိသမျှသတ္တိတို့ကိုစုစည်းကာ လှေကားပေါ်သို့ပြေးတက်လာခဲ့သော်လည်း အဆိုပါမြင်ကွင်းကို အဝေးမှလှမ်းမြင်လိုက်ရသောအခါမှာတော့ ခြေထောက်နှစ်ဖက်လုံးက ဂျယ်လီတစ်တုံးလိုပျော့ခွေကာ ချက်ချင်းပင် ဒူးများညွတ်ကျသွားရှာတော့သည်။

ရှန့်လင်ယွမ်းက သူ့ကိုတစ်ချက်မှပင်လှည့်၍မကြည့်ဘဲ လက်ကိုသာ အမှုမဲ့အမှတ်မဲ့ဝှေ့ယမ်းပြလိုက်၏။

"ထလို့ရပြီ__ပူဆွေးယဇ်ပူဇော်ပွဲက ငါ့ကို လူ့ဘုံလောကဆီပြန်ခေါ်လာပေးခဲ့တာဆိုတော့ ငါ့အပေါ်မှာ ကန့်သတ်ထိန်းချုပ်ထားတာတချို့လည်းရှိတယ်။ ငါက အခုမှ နေ့အလင်းရောင်ကိုခက်ခက်ခဲခဲပြန်မြင်တွေ့ခွင့်ရတာ...ဘာဖြစ်လို့ ကိုယ့်ဒုက္ခကိုယ်ရှာရမှာတဲ့လဲ။ သေမျိုးတစ်ယောက်ရဲ့ဆန္ဒတစ်ခုလေးပဲဥစ္စာ။ ပြီးတော့ အဲဒါကိုဖြည့်ဆည်းပေးရတာကလည်း ငါ့အတွက် ဘာမှအပန်းမကြီးတဲ့အလုပ်ပဲ"

ရွှမ်းကျီး၏မျက်လုံးထောင့်စွန်းများမှာ တွန့်ခနဲဖြစ်သွားလေတော့သည်။

ရှန့်လင်ယွမ်းက ခပ်ဟဟရယ်လိုက်ကာ ညင်သာစွာပြောလာသည်။

"*ရွှီးအချိန် တစ်ဝက်တောင် ကျော်သွားပြီနော်"

*ရွှီးအချိန်ဆိုသည်မှာ နေ့တစ်နေ့၏ (၁၁) ကြိမ်မြောက်အချိန်ကာလတစ်ခုဖြစ်ပြီး တစ်ချိန်လျှင် မိနစ်ပေါင်း (၁၂၀) ခန့်ကြာမြင့်သည်။ (ည ၇နာရီ မှ ၁၁ နာရီအတွင်းအချိန်ကိုပြောတာပါ)

"လင်...လင်...လင်..."

လော်ချွေ့ချွေ့မှာ အတော်​လေးကိုကြောက်ဒူးတုန်နေပြီဖြစ်သောကြောင့် စကားကိုဆုံးအောင်မပြောနိုင်တော့ဘဲ *ခေါင်းလောင်းမြည်သံများသာထွက်ပေါ်လို့လာသည်။ သူတို့နှစ်ယောက်ကြားက ၂၆ မီတာခန့်ရှိသောအကွာအဝေးကို နီးသထက်နီးကပ်လာစေရန် အတတ်နိုင်ဆုံးကြိုးစားရှာသော်လည်း နောက်ဆုံး၌ အကြံကောင်းရသွားကာ ဖုန်းကိုကြမ်းပြင်ပေါ်တွင်ချလိုက်ပြီး ရွှမ်းကျီး၏ ခြေထောက်နားအထိရောက်အောင် အစွမ်းကုန်တွန်းပို့ပေးလိုက်လေတော့သည်။

"ဒါ....ဒါ...ဒါ....ဒါရိုက်တာရွှမ်း! ကျွန်တော်ဒီမှာဆက်နေရင်လည်း ဆရာ့ကို ဒုက္ခပေးရုံကလွဲပြီး ဘာမှအကူအညီရမှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် အမိန့်အတိုင်း နောက်ပြန်ဆုတ်သွားတော့မယ်နော်!"

*လင် လင် လင် (铃铃铃) ဆိုတာ ခေါင်းလောင်းမြည်သံကို ကိုယ်စားပြုတဲ့ မြည်သံစွဲအလင်္ကါပါ။ လော်ချွေ့ချွေ့ပြောချင်တဲ့စကားလုံးက ခေါင်းဆောင်/ဘော့စ်လို့အဓိပ္ပါယ်ရတဲ့ (领导/လင်တောင်) ဆိုတဲ့စကားလုံးပါ။ ပြောရရင် သံတူကြောင်းကွဲစကားလုံးသဘောမျိုးသုံးထားတာပါ။

အနှီသတ္တိခဲက သူပြောချင်ရာပြောပြီးသည်နှင့်လှည့်ပြန်ပြေးရန်ပြင်လိုက်သော်ငြား သူ့ခြေကျင်းဝတ်ကိုလာရောက်ရစ်ပတ်သွားသော သံကြိုးတစ်ချောင်းကြောင့် မြေကြီးပေါ်သို့ မှောက်လျက်လဲကျသွားရရှာသည်။

"ခဏနေဦး...."

လော်ချွေ့ချွေ့မှာ မျက်ရည်လည်ရွှဲဖြစ်လို့နေလေပြီ။

"ခေါင်းဆောင်ရယ်....ကျွန်ကျွန်ကျွန်ကျွန်တော်တို့အပင်အမျိုးအစားတွေက မီးလောင်လွယ်တာမို့ ရှေ့တန်းကိုသွားဖို့မဖြစ်နိုင်ပါဘူး....ကျွန်ကျွန်ကျွန်ကျွန်တော့်ကို ဒီအတိုင်း လေလည်သလိုမျိုး လွှတ်ပေးလို့မရဘူးလား...ကျေးဇူးပြုပြီး !"

"ဘာတွေဖြစ်နေတာလဲ? ငါက မင်းကိုအာဇာနည်သူရဲကောင်းများဖြစ်သွားပြီလားလို့ထင်နေတာ.....ဖုန်းက ခဲပြီးပျက်သွားတာလား? ကောင်းတယ်.....မင်းပြန်လာရင် ဖုန်းအသစ်တွေ ငါ ပုံးလိုက်ဝယ်ပေးမယ်!"

ရှောင်းကျန်းက တစ်ဖက်တွင် ရွှမ်းကျီးကိုဖုန်းထဲမှကြိမ်းမောင်းနေရင်း တစ်ဖက်ကလည်း အစည်းအဝေးခန်းမထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် တရှိန်ထိုးဝင်သွားတော့သည်။

"ဒါရိုက်တာရှောင်း....ဒေသဆိုင်ရာခေါင်း​ဆောင်တွေအကုန်လုံး အသီးသီးနေရာယူထားပြီးပါပြီ"

ရှောင်းကျန်းကခေါင်းညိတ်ပြလိုက်ကာ ရွှမ်းကျီးကိုပြန်ပြောလိုက်သည်။

"မင်းမြင်သမျှ ယဇ်စာချုပ်ကစာသားတွေကို ဓာတ်ပုံရိုက်ပို့လိုက်။ ပြည့်စုံလေ ကောင်းလေပဲ။ ငါတို့မှာရှိတဲ့အချက်အလက်တွေနဲ့ တိုက်ပြီးစစ်ဆေးကြည့်လိုက်မယ်။ တကယ်လို့များ ယဇ်ပူဇော်ပွဲအစစ်ဆိုရင် ယဇ်ကောင်တွေရဲ့ကိုယ်ပေါ်မှာလည်း စာချုပ်လိုမျိုးရေးထားတာရှိမှာပဲ...စာပို့ဖို့အတွက် စာအိတ်ပေါ်မှာတံဆိပ်ခေါင်းနဲ့စာပို့ခကပ်ရသလိုပဲပေါ့....ဟုတ်ပြီလား?"

"တော်သားပဲ!" လော်ချွေ့ချွေ့မှာ တကယ်တမ်းတွင် ဖုန်းကို ရွှမ်းကျီးအနားသို့ရောက်အောင်မပို့ပေးနိုင်ခဲ့သောကြောင့် ၎င်းမှာ တစ်ဖက်က ဖုန်းလက်ခံသူကိုအော်ပြောနေရရှာသည်။

"လော်ချွေ့ချွေ့....မင်း ကိုယ့်ရာထူးကိုစွန့်လွှတ်ပြီး ကိုယ့်အသက်ကိုမကယ်တင်ရသေးခင် အနည်းဆုံးတော့ အသုံးဝင်တဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ပေးသွားခဲ့ပါလား ! နံရံပေါ်က စာသားတွေကို ဓာတ်ပုံရိုက်ပြီး ရှောင်းကျန်းဆီကိုပို့လိုက်__လောင်ရှောင်း....ငါ ပြောတာကိုနားထောင်။ ဒီမိစ္ဆာဆင့်ခေါ်တဲ့အစီအရင်က တစ်ခါပဲသုံးလို့ရတယ်၊ ရေရှည်သုံးလို့မရဘူး"

ရှန့်လင်ယွမ်းက 'တစ်ခါသုံး' နှင့် 'ရေရှည်မဟုတ်' ဆိုသည့်စကားလုံးများကိုနားလည်သွားပြီး မျက်လုံးများကိုအနည်းငယ်မှေးကျဥ်းလိုက်၏__ဒီမိစ္ဆာကောင်လေးက ငါ့ဆီကနေ အချက်အလက်တွေကို မလိမ့်တပတ်နှိုက်ယူသွားရဲတာပဲ.....အတင့်ရဲလိုက်တာ!

ရွှမ်းကျီးက လည်ပင်းကျိုးလုမတတ် အမြန်နှုန်းဖြင့်ပြောနေ၏။

"အောက်လမ်းအစီအရင်ဆိုတာ တကယ့်ကို အောက်လမ်းအစီအရင်ဆိုတဲ့အတိုင်းပဲ။ အဲဒီနည်းလမ်းကိုသုံးတဲ့လူတွေဟာ ဘယ်​တော့မှအဆုံးသတ်မကောင်းနိုင်ဘူး။ အခုလို မိစ္ဆာကို​ ကြိုးစားပမ်းစားဆင့်ခေါ်ပြီး သူတို့ကိုယ်စား အလုပ်တစ်ခုလုပ်ပေးခိုင်းတာက ကျွန်တော့်ရဲ့အတွေ့အကြုံအရပြောရရင်​တော့ ဆယ်ခုမှာကိုးခုလောက်က လက်စားချေပေးဖို့ပဲ။ ကြည့်ရသလောက်​တော့ သူတို့ရဲ့နောက်​​​ဆုံးအားကိုးရာအနေနဲ့လုပ်မိလုပ်ရာလုပ်လိုက်တာအပြင် သူတို့ကအထီးကျန်ပြီးအင်အားလည်းမရှိတဲ့ပုံပဲ။ ပူဆွေးယဇ်ပူဇော်ပွဲဆိုတာမျိုးက လမ်းဘေးကမျက်လှည့်ပြပွဲသာသာမဟုတ်ဘူး။ လုံခြုံရေးဌာနက ထိပ်တန်းတပ်ဖွဲ့ဝင်တွေတောင်ကြားဖူးချင်မှကြားဖူးမှာ။ ဒီလူက ဒါကို ကောင်းကောင်းအသုံးပြုနိုင်ရုံတင်မကဘူး ရက်သုံးဆယ်အတွင်းမှာ လူအယောက်တစ်ထောင်ကို ခြေရာလက်ရာမကျန်အောင်သတ်ပစ်နိုင်သေးတယ်။ သူတို့က ဒီလောက်​တောင်အစွမ်းအစရှိနေမှတော့ တစ်ခါတည်းတန်းပြီးသတ်ပစ်လို့ရရဲ့သားနဲ့ ဘာဖြစ်လို့ဝေ့လည်ကြောင်ပတ်လုပ်နေရတာလဲ? သူတို့ရဲ့တကယ့်ပစ်မှတ်က ဘာလဲ?"

ရှောင်းကျန်းက ရုတ်တရက် သူ့မျက်လုံးများကိုမှေးကျဥ်းလိုက်၏။

"သေသေချာချာလုံခြုံရေးယူထားတဲ့အရေးကြီးပုဂ္ဂိုလ်တွေလား? ဒါမှမဟုတ် သွားထိလို့မရတဲ့စွမ်းအားတစ်မျိုးမျိုးကြောင့်လား?"

အကယ်၍သာ ပူဆွေးယဇ်ပူဇော်ပွဲကိုပြုလုပ်နိုင်စွမ်းရှိသူဆိုပါက သူတို့ကိုယ်တိုင်က ထူးခြားစွမ်းရည်ပိုင်ရှင်ဖြစ်နေ၍သော်လည်းကောင်း သို့မဟုတ် ထူးခြားစွမ်းရည်ပိုင်ရှင်များနှင့် လေးနက်သောဆက်ဆံရေးမျိုးရှိပြီး 'ထူးခြားစွမ်းရည်ထိန်းချုပ်ရေးဌာန၏ တရားဥပဒေ' ကိုကောင်းကောင်းနားလည်ထားသူပင်ဖြစ်ပေလိမ့်မည်။ အကယ်၍ ထိုသူမှာ ယုတ်မာရက်စက်သော အင်အားရှိလူသားများနှင့် ယှဥ်ပြိုင်တိုက်ခိုက်နေရရှာသော အင်အားမဲ့သူတစ်ဦးဖြစ်နေသည်ဆိုဦးတော့၊ သက်ဆိုင်ရာကိုအကြောင်းကြားစာတင်လို့ရသည်ပဲလေ။ သို့သော် မတင်ခဲ့။ သို့ဖြစ်ရာ သူတို့၏ အကြောင်းကိစ္စသည်ကား တရားဝင်အထောက်အပံ့ရနိုင်မည့်ကိစ္စမဟုတ်မှန်းသိထားသောကြောင့်သာဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ပူဆွေးယဇ်ပူဇော်ပွဲကို ဆင့်ခေါ်သူမှာ ဥပဒေမှထွက်ပြေးတိမ်းရှောင်နေသောထူးခြားစွမ်းရည်ရှိသူတစ်ဦး.....သို့မဟုတ်....

သူတို့နှစ်ယောက်စလုံး တခဏမျှငြိမ်သက်သွားကြပြီးနောက် တစ်ချိန်တည်း သံပြိုင်ပြောလိုက်ကြ၏။

ရှောင်းကျန်း: "သူတို့ရဲ့ပစ်မှတ်က ငါတို့နဲ့ပတ်သက်နေလောက်တယ်"

ရွှမ်းကျီး: "ပူဆွေးယဇ်ပူဇော်ပွဲရဲ့ ပစ်မှတ်က ခင်ဗျားရဲ့ ထူးခြားစွမ်းရည်ထိန်းချုပ်ရေးဌာနဖြစ်နိုင်တယ်"

ရှောင်းကျန်း: "ငါ တစ်ယောက်ယောက်ကို အရင်နှစ်တွေတုန်းက မှတ်တမ်းတွေကို သွားရှာပြီး စစ်ဆေးခိုင်းလိုက်မယ်"

ရွှမ်းကျီး: "မိစ္ဆာအရှင်သခင်က အခု ဒီမှာရောက်နေပြီး ဒီနေ့က ပူဆွေးယဇ်ပူဇော်ပွဲရဲ့ နောက်ဆုံးနေ့ဆိုတော့ ဆင့်ခေါ်သူက သေချာပေါက် ဒီအနီးအနားမှာပဲရှိရမယ်။ ချိယွမ်းချောက်နက်ကြီးနားမှာရှိတဲ့ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုစစ်ဆေးကြည့်လိုက် "

ချိယွမ်းချောက်နက်ကြီးနှင့်အနီးတဝိုက်တွင် စောင့်ကြည့်ကင်မရာနှင့်လွတ်ကင်းသည့်နေရာဟူ၍မရှိ။

ချိယွမ်းချောက်နက်ကြီးသည်ကား ထူးခြားသောနေရာဒေသတစ်ခုဖြစ်သည့်အပြင် လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည်များပေါများလှသော​ကြောင့် ထူးခြားဖြစ်စဥ်ထိန်းချုပ်ရေးဌာနမှာ ထိုနေရာနှင့်ပတ်သက်၍ အမြဲတစေ သတိဝီရိယကြီးစွာထား၍လုပ်ကိုင်ဆောင်ရွက်လေ့ရှိသည်။ ဒေသတွင်းရဲဌာနများနှင့်ပူးပေါင်းလက်တွဲကာ ဒေသတွင်းဟိုတယ်များနှင့်ခရီးသွားယာဥ်များကို ခရီးသွားဘုတ်အဖွဲ့၏စီမံခန့်ခွဲမှုအောက်တွင် တစုတစည်းတည်းထားရှိစေခဲ့သည်။ ထိုဒေသသို့ဝင်ရောက်လာသောခရီးသွားဧည့်သည်တိုင်းမှာ ID ကဒ်ဖြင့်သာ လက်မှတ်ဝယ်ရသည့်အတွက် မှတ်တမ်းများကိုပြန်လှန်စစ်ဆေးရန်များစွာလွယ်ကူသွားစေသည်။

ည ၈:၃၀ အချိန်လောက်တွင် ချိယွမ်းဒေသခံဝန်ထမ်းများက ဟိုတယ်များအားလုံးကို မြန်မြန်ဆန်ဆန်သွားရောက်ရှာဖွေခဲ့ပြီးနောက် လွန်ခဲ့သောခြောက်လအတွင်း မှတ်တမ်းတင်ထားသော ခရီးသွားများ၏သတင်းအချက်အလက်များကို ဖြစ်စဥ်မှတ်တမ်းများနှင့် အပြန်အလှန်သုံးသပ်ကိုးကားရန် ဌာနချုပ်သို့ပေးပို့လိုက်သည်။

ည ၉နာရီ ၁၅မိနစ်အချိန်တွင် လော်ချွေ့ချွေ့ယူလာခဲ့သောဖုန်းမှာလည်း ဖုန်းအားကုန်သွားခဲ့ပြီး ရွှမ်းကျီးမှာ ဌာနချုပ်နှင့်အဆက်အသွယ်ထပ်မံပြတ်တောက်သွားရပြန်သည်။ ဆေးရုံတစ်ခုလုံးသည်ကား ဆိုးဆိုးဝါးဝါးကိုတိတ်ဆိတ်ငြိမ်ကျသွားသည်။ ရွှမ်းကျီးမှာ တဖြည်းဖြည်း ကမောက်ကမဖြစ်ကာဟောဟဲလိုက်လာသော သူ၏အသက်ရှူသံတို့နှင့်အတူ ရေခိုးရေငွေ့များက ရေခဲများအဖြစ် ပြောင်းလဲသွားနေသည့်အသံများကိုလည်း ကြားနေရသည်။ သူ အောက်သို့ငုံ့ကြည့်လိုက်သောအခါ သူ့ပုခုံးနှစ်ဖက်မှာ ဆက်လက်တောင့်မခံနိုင်တော့သည့်အလား မသိမသာယိမ်းထိုးနေသည်ကိုတွေ့လိုက်ရ၏။ ထို့နောက်တွင်​တော့ တိတ်ဆိတ်နေသည့်ခန်းမတစ်လျှောက်၌ ခြေသံများပဲ့တင်ထပ်လွင့်ပျံလို့လာသည်။ ရွှမ်းကျီးမှာ တောင့်ခဲနေပြီဖြစ်ပြီး မူလအ​နေအထားအတိုင်း ဆက်လက်တောင့်ခံထားနေရရှာသည်။

"ဘော့စ်....အဟွတ်...အဟွတ်...."

သူ့ဆီသို့ပြေးတက်လာသူမှာ 'လူကြောက်​ရောဂါ' ရှိသည့်မိန်းကလေး ဖျင်ချန့်ရူဖြစ်သည်။

အေးစက်မှုန်မှိုင်းသော စိုထိုင်းမှုတို့က ဆေးရုံအပြင်ဘက်သို့လျှံကျလာတော့မယောင်။ အဆိုပါစိုထိုင်းဓာတ်တို့ကို အဝေးတစ်နေရာမှ တစ်ရှိုက်လောက်ရှူရှိုက်မိရုံမျှပင် လည်ချောင်းမှ အဆုတ်ထိ ဓားမြောင်တစ်ချောင်း​ဖြင့်ဆွဲခြစ်လိုက်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရ​ပေမည်။ ဖျင်ချန့်ရူမှာ ရွှမ်းကျီးနှင့််ဆယ်မီတာခန့်အကွာအဝေးတွင်ရှိနေသေးသော်လည်း အသက်ရှူကြပ်လာပြီး ရှေ့သို့ဆက်မတိုးလာနိုင်တော့ပါချေ__သူမတွင် မည်သည့်ထူးခြားစွမ်းရည်မျိုးရှိသလဲဆိုတာကိုတော့မသိ၊ ယခုလို အဆုတ်ခံနိုင်ရည်အားမျိုးနှင့်တော့ တိုက်နိုင်ခိုက်နိုင်စွမ်းရှိမည်မဟုတ်သည့်အပြင် မဖြစ်မနေလုပ်ဆောင်ရသည့် ကျောင်းတွင်းကျန်းမာရေးစစ်ဆေးမှုများကို မည်ကဲ့သို့ဖြတ်ကျော်လာနိုင်ခဲ့သလဲဆိုတာကိုတောင် သံသယဝင်စရာပင်။

မိစ္ဆာကိုချုပ်နှောင်ထားသော သံချိန်းကြိုးများပေါ်ရှိ မီး​တောက်များမှာလည်း ငြိမ်းလုနီးပါးဖြစ်နေပြီး အချို့မှာ အအေးဒဏ်ကြောင့် လုံးဝကိုချုပ်ငြိမ်းသွားရှာပြီဖြစ်သည်။ သို့သော် တစ်ချက်တစ်ချက်တော့ မီးပြန်တောက်လာသေး၏။ ကြိုးစတစ်ဖက်တွင်ရှိနေသည့် ရွှမ်းကျီးက နောက်ဆုံးလက်ကျန်ဆန္ဒလေးဖြင့် ကြိုးကိုဆက်လက်ဆုပ်ကိုင်ထားပြီးလက်လွှတ်ပေးရန်ငြင်းဆန်နေဆဲဖြစ်သည်။
မိစ္ဆာအရှင်သခင်မှာ ညသန်းခေါင်ယံအချိန်သို့ရောက်ရန် အေးအေးလူလူစောင့်ဆိုင်းနေပြီး အဆုံးမရှိသောစိတ်ရှည်မှုမျိုးဖြင့် သူ့မျက်စိရှေ့က မိစ္ဆာလေးနှင့်အဖော်ပြုကစားပေးနေသည့်နှယ်။

သူတို့ရှိနေသော စင်္ကြံလမ်းတစ်လျှောက်လုံးသည်ကား ရေခဲလှိုဏ်ဂူတစ်ခုအလား အေးခဲလုနီးပါးဖြစ်လို့နေသည်။ ဖျင်ချန့်ရူ၏မျက်လုံးထဲတွင် ရေခဲအလွှာပါးတစ်လွှာဖုံးလွှမ်းခံထားရပြီး မလှုပ်မ​​ယှက်မတ်တပ်ရပ်နေသည့် ရွှမ်းကျီး၏ပုံစံမှာ ရေခဲရုပ်တုတစ်ခုနှင့်ပင်ဆင်တူနေရှာ၏။ သူမက အော်ဟစ်ငိုယိုလျက်ပြောလာသည်။

"အဟင့်....သူ...သူတို့က ဖိုရမ်မှာ ပို့စ်တစ်ခုကိုတွေ့လိုက်တယ်တဲ့...ဒါပေမယ့် ပို့စ်တင်ပြီး ခဏအကြာမှာပဲ ဖျက်ခံလိုက်ရတယ်။ ဒါရိုက်တာရွှမ်း....တစ်ခုခုပြောပါဦး ....ကျွန်မကြောက်လာပြီ...."

"ဘာလို့ ကိုယ့်ဒုက္ခကိုယ်ရှာနေရတာလဲ?" ရှန့်လင်ယွမ်းက ရွှမ်းကျီးကို စိတ်ပျက်လက်ပျက်ပြောလိုက်သည်။

"မင်းကို​ကြည့်ရတာ အသက်ဘယ်လောက်မှမရှိသေးတဲ့ပုံပဲ။ အကယ်၍ မင်းသာ ဘာမဟုတ်တဲ့ သာမန်အသေးအမွှားမိစ္ဆာလေးသာဆိုရင် ဒီအခြေအနေမျိုးမှာ မင်းရဲ့စိတ်စွမ်းအင်ဝိညာဥ်တွေက နိုးထလာစရာအကြောင်းမရှိနိုင်ဘူး။ မင်းက အပြည့်အဝအသွင်မပြောင်းလဲသွားသေးတဲ့အတွက် မင်းရဲ့အသွင်သဏ္ဌာန်အစစ်အမှန်ကို တစ်ချက်တည်းနဲ့ကြည့်လို့မရဘူးဖြစ်နေတယ်။ ငါ ခန့်မှန်းကြည့်ရမယ်ဆိုရင်တော့ မင်းက ထူးခြားတဲ့ မွေးရာပါဝိညာဥ်လူသားတစ်ယောက်ပဲဖြစ်ရမယ်။ မိစ္ဆာမျိုးနွယ်စုတွေအချင်းချင်းကြားထဲမှာ ပဋိပက္ခတွေဖြစ်မလာခင်ကတည်းက မွေးရာပါဝိညာဥ်လူသားတွေဟာ မျိုးသုဥ်းပျောက်ကွယ်လုနီးနီးဖြစ်နေတာ။ တစ်ယောက်ဆိုလည်းတစ်ယောက် အဖိုးတန်တာပဲ။ မင်း အခုနေ
သေသွားမယ်ဆိုရင် တကယ်နှမြောစရာကောင်းတယ်။ စကားနားထောင်။ သွားတော့"

ရွှမ်းကျီးက ထုံကျဥ်နေသောနှုတ်ခမ်းထောင့်စွန်းများကို အတင်းအဓမ္မလှုပ်ရှားလိုက်ပြီး အပြုံးတုတစ်ခုကိုဖန်တီးကာ စကားတစ်ခွန်းကိုဖျစ်ညှစ်ပြောလာ၏။

"ဆက်ပြော"

ဖျင်ချန့်ရူ: "......."

ရွှမ်းကျီးက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ရှူလိုက်ပြီး စကားကိုတစ်လုံးချင်းစီပြောလိုက်သည်။

"အော်....မနေနဲ့....ငါ...အသက်....ရှင်နေသေးတယ်......ဘာ....ပို့စ်လဲ....ဖတ်ပြ..."

ဖျင်ချန့်ရူမှာ တရှုံ့ရှုံ့ငိုကြွေးနေလျက်ပင် စာကိုဖတ်ပြလိုက်ရှာသည်။

"အား....ကယ်ကြပါဦး : ကျွန်မသားက ကျွန်မသားမဟုတ်တော့ဘူး"

22.1.21

🔥🔥🔥🔥🔥🔥🔥

ZAWGYI

အခ်ိန္ကား ည (၇)နာရီဝန္းက်င္။
'ညသန္းေခါင္ယံ' အခ်ိန္သို႔ေရာက္ရန္ (၅) နာရီခန့္အလို။

ေအာက္တိုဘာလ၏ေဆာင္းဦးအလယ္ကာလသည္ကား ေန႕တာတိုလာသည့္အေလ်ာက္ အျပင္ဘက္တြင္ လမ္းမီးတိုင္မ်ားကိုထြန္းထားၿပီးျဖစ္ၾကသည္။ ေလထုထဲရွိစိုထိုင္းဆမွာလည္း တျဖည္းျဖည္းသိပ္သည္းမ်ားျပားလာၿပီး အျဖဴေရာင္ျမဴခိုးထူထူတို႔က ခ်ိယြမ္းေခ်ာက္နက္ႀကီးတစ္ခုလုံးကိုဝါးမ်ိဳလႊမ္းၿခဳံထားလ်က္ရွိ၏။ ထူထပ္ေသာျမဴခိုးမ်ားအတြင္း ​ႀကိဳးစားပမ္းစားျဖင့္ မွိန္ေဖ်ာ့ေဖ်ာ့ထြန္းလင္းေနၾကရွာသည့္ လူလုပ္လမ္းမီးေရာင္ေလးမ်ားကိုၾကည့္ရသည္မွာ မွိတ္တုတ္မွိတ္တုတ္ပ်ံသန္းေနေသာပိုးစုန္းၾကဴးငယ္ေလးမ်ားသဖြယ္။

အကယ္၍ေသေသခ်ာခ်ာသတိထားၾကည့္မည္ဆိုပါက ခ်ိယြမ္းနယ္ေျမတစ္ခုလုံးသည္ကား ထူးထူးျခားျခားတိတ္ဆိတ္ၿငိမ္သက္လ်က္ရွိေနသည္ကိုေတြ႕ရေပလိမ့္မည္။ အသံတစ္ခ်က္တေလကိုေသာ္မွမၾကားရ။ ပုံမွန္အခ်ိန္တြင္ဆူဆူညံညံအသံျပဳတတ္ၾကေသာ ေဆာင္းဦးအင္းဆက္ပိုးေကာင္မ်ားသည္ပင္ အသံတစ္ခ်က္မွမထြက္ရဲဘဲ ႐ႊံ႕ႏြံမ်ားအတြင္းပုန္းေအာင္းလ်က္သာရွိေနၾက၏။

"ဒါရိုက္တာေရွာင္း....ကြၽန္ေတာ္တို႔အခ်က္အလက္ေတြေတာ့ရလာၿပီ....ဒါေပမယ့္ သိပ္အသုံးမဝင္ေလာက္ဘူးလို႔​ထင္တာပဲ"

"ဘာျဖစ္လို႔လဲ?"

"ဒီလိုပါ...ဆရာေျပာတဲ့အေျခအေနေတြက သိပ္ၿပီးေယဘုယ်ဆန္ေနတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ပုံမွန္မဟုတ္တဲ့ေသဆုံးမႈေတြက တစ္နိုင္ငံလုံးမွာ သန္းနဲ႕ခ်ီၿပီးရွိတာ။ အဲဒီထဲက ႏွစ္သိန္း သုံးသိန္းေလာက္က ကိုယ့္ကိုယ္ကိုယ္သတ္ေသတဲ့အမႈေတြပဲ။ ယုံအန္းတစ္ၿမိဳ႕တည္းမွာပဲ ႏွစ္တိုင္း ပိုင္ရွင္မရွိ၊ ဘယ္သူဘယ္ဝါမွန္းလည္းမသိတဲ့အေလာင္းေတြက အေယာက္တစ္ေထာင္ေလာက္ရွိတယ္။ အဲဒီ 'အသက္တစ္ေထာင္ယဇ္ပူေဇာ္ပြဲ' ဆိုတာကလည္း တကယ္တမ္း အဲဒီလူအေရအတြက္အတိုင္း အတိအက်လဳပ္မယ္ဆိုရင္​ေတာင္မွ ေနရာေဒသအသီးသီးမွာျဖန့္က်က္ၿပီးလုပ္တာမ်ိဳး​ဆိုရင္ စာရင္းအင္းေဒတာေတြကေန ပုံမွန္မဟုတ္တဲ့ျဖစ္ရပ္ေတြကိုရွာေဖြဖို႔ဆိုတာမျဖစ္နိုင္ဘူး။ ဒါေတာင္ ေပ်ာက္ေနတဲ့လူေတြကိုထည့္မတြက္ထားေသးဘူး။ တကယ္လို႔ လူသတ္သမားက ဒီလိုလူသတ္မႈေတြကို လူမသိသူမသိလွ်ို႔ဝွက္ၿပီးလုပ္တာဆိုရင္ အေလာင္းကိုတစ္လေလာက္ဖြက္ထားဖို႔ဆိုတာကလည္း သိပ္ၿပီးခက္ခဲတဲ့ကိစၥေတာ့မဟုတ္ဘူး။ ရဲဌာနက သိေတာင္သိဦးမွာမဟုတ္ဘူး။"

အေျခအေနေတြက အေရးႀကီးေသာအခ်ိန္ေရာက္ရွိေနၿပီျဖစ္သည္။ ႐ႊမ္းက်ီးကဲ့သို႔ အျမင္စူးရွထက္ျမက္သည့္လူငယ္ေလးတစ္ေယာက္က လွ်ို႔ဝွက္နက္နဲေသာေရွးေဟာင္းဂမၻီရအစီအရင္မ်ားအ​ေၾကာင္းကို မည္ကဲ့သို႔သိရွိေနရသလဲဆိုသည့္ေမးခြန္းကိုေမးရန္ ေရွာင္းက်န္းတြင္လည္း အခ်ိန္မရွိေတာ့ပါေခ်။ သူက ဖုန္းလိုင္းတစ္ဖက္က ႐ႊမ္းက်ီးကိုျပန္လွည့္ေမးလိုက္သည္။

"အဲဒီယဇ္ပူေဇာ္ပြဲက ေနရာေဒသကန့္သတ္ထားတာမ်ိဳးေတြေရာရွိလား?"

"မရွိဘူး" ႐ႊမ္းက်ီး၏အသံမွာ ျပတ္ေတာင္းျပတ္ေတာင္းျဖစ္လို႔လာေနသည္။ သူ႕ဘက္တြင္ ခပ္ၾကမ္းၾကမ္းေလျပင္းတစ္ခ်က္ျဖတ္တိုက္သြားသည့္ႏွယ္။ ျပင္းထန္ေသာေလစီးေၾကာင္းမ်ားက ဖုန္းလက္ခံခြက္ကို တဂ်စ္ဂ်စ္ျဖတ္သန္းတိုက္ခတ္သြားၿပီးေနာက္ ႐ႊမ္းက်ီး၏စကားသံႏွင့္အတူ ဖုန္းလိုင္းကပါ ျပတ္ေတာင္းျပတ္​ေတာင္းျဖစ္လာေတာ့သည္။

"ယဇ္ပူေဇာ္ပြဲစာခ်ဳပ္ရွိတယ္ဆိုရင္ပဲရၿပီ....
ယဇ္ပူေဇာ္ပြဲစာခ်ဳပ္ထဲမွာေသေသခ်ာခ်ာ.....ေရးထားလို႔ကေတာ့.....တစ္နိုင္ငံလုံးမေျပာနဲ႕......မင္း ေတာင္ဝင္ရိုးစြန္းမွာ လူသတ္မယ္ဆိုရင္​ေတာင္မွပဲ....အက်ဳံးဝင္တယ္.....ဗီဇာမလိုဘူး....အေႂကြးဝယ္ကတ္နဲ႕ရွင္းလိုက္သလိုမ်ိဳးပဲ....ဒါေပမယ့္....."

'ဒါေပမယ့္' ဆိုသည့္ ေနာက္မွစကားကိုေတာ့ ဆက္မၾကားရေတာ့ပါေခ်။ ဖုန္းလိုင္းျပတ္ေတာက္သြားေလၿပီ။

ေရွာင္းက်န္းမွာ ဖုန္းစပီကာကိုဖြင့္ထားေသာေၾကာင့္ ႐ႊမ္းက်ီး၏အေျဖက အရာရွိလူႀကီးမ်ားအၾကား ဂယက္ေပါင္းေသာင္းေျခာက္ေထာင္ထသြားေစေတာ့သည္။

"ဒါဆို တစ္ကမာၻလုံးမွာျဖစ္နိုင္တယ္လို႔ေျပာခ်င္တာလား။ ဒါရိုက္တာေရွာင္း ဒါကေတာ့လုံးဝမျဖစ္နိုင္ဘူး။ ေကာက္ရိုးပုံထဲ အပ္ရွာေနရသလိုျဖစ္ေနလိမ့္မယ္!"

ျပည္သူမ်ားႏွင့္ထိေတြ႕ဆက္ဆံရေလ့ရွိေသာ ေထာက္ပံ့ပို႔​ေဆာင္ေရးဌာနက ပထမဦးဆုံး ထ၍ကန့္ကြက္လာသည္။

"ဖိုင္ေတြကိုဆြဲထုတ္ဖို႔ သက္ေသအေထာက္အထားနဲ႕ ခြင့္ျပဳခ်က္လိုအပ္တာကိုအသာထားဦး။ ရဲဌာနအေနနဲ႕ကလည္း သူတို႔ဘက္မွာ လွ်ို႔ဝွက္ထိန္းသိမ္းထားရမယ့္အေၾကာင္းအရာေတြရွိေနနိုင္ေသးတာပဲ...ဒီလုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္တည္းရဲ႕ တစ္ဖက္သတ္စကားကိုပဲနားေထာင္တာကေတာ့....."

"ဒါရိုက္တာေရွာင္း..."

စီမံခန့္ခြဲေရးဌာနက အုတ္ေအာ္ေသာင္းတင္းျဖစ္ေနေသာအေျခအေနကို မီးေလာင္ရာေလပင့္လုပ္ရန္ ေရာက္ခ်လာျပန္သည္။

"အႀကီးအကဲဟြမ္က ဖုန္းဆက္လာတယ္။ ဘာေတြျဖစ္ေနတာလဲတဲ့။ ဆရာ့ကို သူ႕ဆီသတင္းပို႔ဖို႔ ဖုန္းျပန္ေခၚခိုင္းလိုက္တယ္"

ခ်ိယြမ္းေဒသ၏အေျခအေနမွာ လူအမ်ား၏ ယုံၾကည္လက္ခံမႈကိုမရသည့္အျပင္ ေျပာင္ေျပာင္တင္းတင္းကိုပင္ အျပစ္ေျပာျခင္းကိုခံေနရရွာသည္။ ဆက္သြယ္ေရးတာဝန္ခံတစ္ဦးက အစီရင္ခံစာတစ္ေစာင္ႏွင့္အတူေရာက္ရွိလာျပန္၏။

"ဒါရိုက္တာေရွာင္း....ခ်ိယြမ္းရဲ႕ေရွ႕တန္းတာဝန္ခံက ေျပာတယ္။ ခ်ိယြမ္းေခ်ာက္ႀကီးထဲမွာ ရွာမေတြ႕ေသးတဲ့ သေႏၶေျပာင္းသစ္ပင္သုံးပင္ေလာက္က်န္ေသးတယ္တဲ့။ သူက ဆရာ့ဆီကအတည္ျပဳဆုံးျဖတ္ခ်က္ကိုေမးေနတယ္။ အဲဒီမေကာင္းဆိုးဝါးသစ္ပင္ေတြကို ဒီအတိုင္းပဲထားခဲ့ၿပီး သူတို႔ျပန္တက္လာခဲ့ရမလားတဲ့။ ၿပီးေတာ့ ပ်က္စီးဆုံးရႈံးမႈေတြအတြက္ေရာ ဘယ္လိုလုပ္ေပးမွာလဲတဲ့?"

တစ္ဖက္မွလည္း ဌာနခ်ဳပ္ရွိ ကြင္းဆင္းလုံၿခဳံေရးဌာနက ၾကားဝင္ကာ တာဝန္ယူရန္တြန္းအားေပးလာျပန္သည္။

"ဒါရိုက္တာေရွာင္း....ခ်ိယြမ္းေဒသကို စစ္ကူလႊတ္ေပးဖို႔ဆိုတာ သိပ္ေတာ့မလြယ္ဘူးနဲ႕တူတယ္။ ေဒသဆိုင္ရာအရာရွိေတြက ဌာနခ်ဳပ္မွာရွိတဲ့ ကြင္းဆင္းလုံၿခဳံေရးဌာနရဲ႕ ခြင့္ျပဳမိန့္တံဆိပ္တုံးရွိမွ လႈပ္ရွားလို႔ရမွာ။ ဒီလိုလုပ္...မင္း လုံၿခဳံေရးဌာနက ဒါရိုက္တာစုန့္ကို အရင္ဖုန္းဆက္ၾကည့္ပါလား? အိုင္းယား....ဒါရိုက္တာစုန့္က အခု ႏွစ္ကုန္ပိုင္းအားလပ္ရက္ခြင့္ရက္ရွည္ယူထားတယ္မဟုတ္ဘူးလား?"

ယဇ္ပူေဇာ္ပြဲဆိုင္ရာသေဘာတရားမ်ားကို ေျပာၾကားခဲ့သူ ေရွးေဟာင္းမွတ္တမ္းမ်ားထိန္းသိမ္းေရး သုေတသနပညာရွင္မွာ ေျပာင္းလဲလာေသာေလထုတြင္းအေျခအေနကိုရိပ္စားမိလာသည့္အေလ်ာက္ အလ်င္အျမန္ပင္ မ်က္ႏွာအမူအရာကေျပာင္းလဲသြားေတာ့သည္။

"အဲဒါက....ဒါရိုက္တာေရွာင္း....ဟို 'ပူေဆြးယဇ္ပူေဇာ္ပြဲ'တို႔ 'မိစာၦ' တို႔ဆိုတဲ့အေၾကာင္းအရာေတြက တကယ္ေတာ့ သက္ေသအေထာက္အထားမရွိ၊ အေျခအျမစ္မရွိတဲ့ ယုံတမ္းစကားေတြပါပဲ....အၿမဲတမ္းလည္း အျငင္းပြားစရာေတြျဖစ္ခဲ့တာေပါ့။ ကြၽန္ေတာ္တို႔ ေရွးေဟာင္းမွတ္တမ္းထိန္းသိမ္းေရးဌာနအေနနဲ႕က ေရွးေဟာင္းစာေပေတြကိုထိန္းသိမ္း႐ုံထိန္းသိမ္းထားတာျဖစ္ၿပီး အခ်က္အလက္ေတြ မွန္၊ မမွန္ဆိုတာကိုေတာ့ အာမမခံနိုင္ပါဘူး။ ဒီေတာ့ တကယ္တမ္းအလုပ္လုပ္တဲ့ေနရာမွာ အဲဒါေတြကို အေျခခံၿပီး မ်က္စိစုံမွိတ္မလုပ္သင့္ဘူးလို႔ထင္တယ္....ဆရာ ေသခ်ာစဥ္းစားပါ....ေသခ်ာစဥ္းစားၿပီးမွလုပ္ပါ"

အေျခအေနမ်ားကိုၾကည့္ရသည္မွာ သူရဲေကာင္းတို႔စုေဝးပြဲႀကီးက်င္းပေနသလို။ ဆူညံပြက္ေလာရိုက္ေနေသာအသံမ်ားက ေရွာင္းက်န္း၏နားတဝိုက္တြင္ ကြၽက္ကြၽက္ညံလ်က္ရွိကာ အေနအထားက ႐ုတ္ခ်ည္းပင္ ႐ုတ္႐ုတ္သဲသဲျဖစ္လို႔လာေတာ့သည္။ သူသြားမည့္လမ္းကိုအေႏွာင့္အယွက္ေပးခ်င္သူမ်ားသာရွိၾကၿပီး သူႏွင့္ပူးေပါင္းေဆာင္႐ြက္ေပးလိုသူေတာ့မရွိၾက။

ေရွာင္းက်န္းခမ်ာ သူႏွင့္မဟာမိတ္ဖြဲ႕မည့္သူတစ္ေယာက္မွမရွိဘဲ လုံးလုံးလ်ားလ်ားကို အမ်ားႏွင့္တစ္ေယာက္ျဖစ္သြားေသာ ဘဝမ်ိဳးသို႔ မည္သို႔မည္ပုံေရာက္ရွိသြားရသလဲဆိုတာကို သူကိုယ္တိုင္လည္း ေျပာမျပတတ္ေတာ့ပါေခ်။ အေၾကာင္းရင္းက ဘာေၾကာင့္ပါလဲ။ ေျပာရလွ်င္ ဇာတ္လမ္းက နည္းနည္းေတာ့ရွည္သည္__ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရး႐ုံး၏ ဌာနမႉးေဟာင္းမွာ ေႏြရာသီမတိုင္ခင္ကတည္းက ပင္စင္ယူသြားခဲ့ၿပီး သူ႕ေနရာတြင္ေရာက္ရွိလာေသာ အႀကီးအကဲဟြမ္မွာ ျပင္ပမွငွားရမ္းထားသူတစ္ဦးျဖစ္႐ုံသာမက သာမန္လူတစ္ေယာက္လည္းျဖစ္ေနျပန္သည္။

အံ့မခန္းထူးျခားစြမ္းရည္ပိုင္ရွင္မ်ားကိုႀကီးၾကပ္ကြပ္ကဲရမည့္ ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာန၏အႀကီးအကဲက သာမန္လူတစ္ေယာက္ျဖစ္ေနသည္တဲ့လား။ ဒါက လုံးဝကို အဓိပၸါယ္မရွိတဲ့ကိစၥပဲမဟုတ္ဘူးလား?

ေနာက္ကြယ္၌ ထိမ္ခ်န္ထားေသာလွ်ို႔ဝွက္အႀကံအစည္မ်ားရွိမေနဟု မည္သူမွမယုံၾကည္ၾကပါေခ်။ ယခုအခါ ႐ုံးခ်ဳပ္ကိုေခါင္းေဆာင္အသစ္ေရာက္ရွိလာသည္မွာ အခ်ိန္သုံးလခန့္ရွိလာၿပီျဖစ္သည့္တိုင္ ဘဝင္ေလဟပ္ေနသည့္ ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားမွာ သူ႕လက္ေအာက္တြင္အလုပ္လုပ္ရန္မဆိုထားဘိ၊ သူ႕ကိုေခါင္းေဆာင္အျဖစ္ေတာင္ လက္မခံၾကေသးပါေခ်။ ထိုအေျခအေနကိုဖာေထးရန္ ဌာနခ်ဳပ္က 'ပင္မေစလႊတ္ေရးဌာန' ဟူသည့္ဌာနသစ္တစ္ခုကိုဖြဲ႕စည္းေပးခဲ့သည္။ ထိုဌာနရွိအဖြဲ႕ဝင္မ်ားေနရာတြင္ ေရွ႕တန္းကြင္းဆင္းဝန္ထမ္းေဟာင္းမ်ားကို ေ႐ြးခ်ယ္ခန့္အပ္ထားကာ ၎တို႔မွာ သာမန္ေခါင္းေဆာင္သစ္ႏွင့္ ထူးျခားစြမ္းရည္ပိုင္ရွင္တို႔အၾကား ဆက္သြယ္ေရးေပါင္းကူးတံတားသဖြယ္ လုပ္​ေဆာင္ေပးၾကရရွာသည္။

ပင္မေစလႊတ္ေရးဌာနရွိ ေခါင္းေဆာင္ျဖစ္သူ၏ အထူးအခြင့္အေရးတစ္ရပ္သည္ကား ၎မွာ အျခားေသာဌာနမ်ားထက္ ရာထူးတစ္ဝက္ခန့္ပိုျမင့္ၿပီး အေရးေပၚအေျခအေနမ်ားတြင္ အျခားလုပ္ငန္းဌာနမ်ားကို ယာယီေက်ာ္လြန္ကာ အရင္းအျမစ္မ်ားကိုပူးေပါင္းအသုံးျပဳနိုင္ၿပီး တိုက္ရိုက္အမိန့္ေပးနိုင္ေသာ အခြင့္အာဏာရွိ၏။ ရလဒ္ကေတာ့ ပင္မေစလႊတ္ေရးဌာနသစ္၏ ေခါင္းေဆာင္ျဖစ္သူ ေရွာင္းက်န္းမွာ ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာနအတြင္း၌ 'လူတစ္ေယာက္၏ လက္ေအာက္တြင္ရွိၿပီး လူေထာင္ေပါင္းမ်ားစြာ၏အထက္တြင္ရွိသူ' တစ္ေယာက္ျဖစ္လာရေလေတာ့သည္။

ေရွာင္းက်န္းမွာ မူလက ကြင္းဆင္းထိပ္တန္းအဖြဲ႕သုံးဖြဲ႕ထဲမွ တစ္ဖြဲ႕ျဖစ္သည့္ 'မိုးႀကိဳးသြား' အဖြဲ႕၏ အဖြဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့သည္။ ၎မွာ အႏၲရာယ္ရွိသည့္မည္သည့္ေနရာကိုမဆိုသြားခဲ့ဖူးသည္။ သူရရွိထားခဲ့သမွ်အရာအားလုံးမွာ လုပ္ငန္းခြင္အတြင္း စြမ္းစြမ္းတမံလုပ္ေဆာင္ခ်က္မ်ားမွရရွိလာခဲ့ေသာေအာင္ျမင္မႈမ်ားျဖစ္ၿပီး ထိုအခ်ိန္က လူအမ်ား၏ အသိအမွတ္ျပဳေလးစားျခင္းကိုခံခဲ့ရသည္။ ပတ္ဝန္းက်င္ႏွင့္ သိပ္ၿပီးသဟဇာတမျဖစ္ေသာ သူ၏ဂ်စ္ကန္ကန္အျပဳအမူတို႔ကိုပင္ သူရဲေကာင္းတို႔၏စစ္မွန္ေသာအသြင္အျပင္ဟူ၍ အဓိပၸါယ္ေျပာင္းလဲေကာက္ယူသြားၾကတာမ်ိဳးေတာင္ရွိခဲ့သည္။

သို႔ေသာ္ အႀကီးအကဲဟြမ္ေရာက္လာသည့္အခ်ိန္မွစ၍ သူ၏ရာထူးမွာ တိုင္းျပည္ကိုကာကြယ္ေစာင့္ေရွာက္သူစစ္သူႀကီးတစ္ဦးအျဖစ္မွ *အေရွ႕ၿခံေစာင့္အျဖစ္သို႔ ေရာက္ရွိသြားရရွာေတာ့သည္။

*အေရွ႕ၿခံဝင္းဆိုသည္မွာ မင္မင္းဆက္ေခတ္က မိန္းမစိုးမ်ားစီမံေသာ လွ်ို႔ဝွက္ရဲအဖြဲ႕အစည္းျဖစ္သည္။ (ထိုအခ်ိန္က အျခားေသာအရာရွိမ်ားမွာ မိန္းမစိုးမ်ားကိုအသုံးမဝင္သည့္လူမ်ားအျဖစ္သာသတ္မွတ္ထားတတ္ၾကသည္)

သို႔ျဖစ္ရာ ဤသို႔ဤႏွယ္ တစ္ညတာအတြင္းမွာပင္ ေရွာင္းက်န္းမွာ အထူးတပ္ဖြဲ႕မ်ားမွလြဲ၍ ကြင္းဆင္းလုံၿခဳံေရးဌာနတစ္ခုလုံး၏ ရန္သူေတာ္ႀကီးလုံးလုံးျဖစ္သြားခဲ့ရရွာသည္။

အခ်ိဳ႕လူမ်ားက ၎မွာ မိမိ၏ရည္မွန္းခ်က္မွလြဲ၍ တျခားဘာမွမျမင္ေတာ့ဘဲ အထြတ္အထိပ္သို႔ေရာက္ရန္အတြက္ အရွက္မရွိဘဲ သာမန္လူတစ္ေယာက္၏ လက္ပါးေစလုပ္ဖို႔ရန္ပင္ ဝန္မေလးသူတစ္ေယာက္အျဖစ္ေျပာဆိုၾကသည္။ အျခားလူမ်ားကေတာ့ ၎မွာ အားလုံး၏အထက္တြင္ရွိေနသူတစ္ဦးကဲ့သို႔ သူ႕ႏွာေခါင္းကိုေကာင္းကင္ေပၚသို႔ ေမာ့ထားၿပီး ေအာက္ကလူမ်ားကိုအထင္ေသးသည့္မ်က္လုံးမ်ားျဖင့္ၾကည့္ေနသည့္ပုံစံက အေတာ္ေလး႐ြံစရာေကာင္းလွသည္ဟုေျပာဆိုေဝဖန္ၾက၏။

သို႔ေသာ္အဆုံးတြင္ေတာ့ သူတို႔အားလုံးသည္ကား အ႐ြယ္ေရာက္ၿပီးသားလူမ်ားျဖစ္ၾကသည္ေလ။ သူ႕ေနာက္ကြယ္တြင္ တီးတိုးတီးတိုးသဖန္းပိုးလုပ္ေနသေလာက္ ျပႆနာတစ္စုံတစ္ရာေပၚမလာေသးသေ႐ြ႕ကေတာ့ အားလုံးက အေပၚယံတြင္ယဥ္ေက်းေသာအျပဳအမူမ်ိဳးကိုသာ ဟန္​ေဆာင္ပန္ေဆာင္ထိန္းသိမ္းထားၾက၏။ ျပႆနာေပၚလာေသာအခ်ိန္သည္ကား အ​ပီအျပင္တြယ္ရန္အေကာင္းဆုံးအခြင့္္အေရးျဖစ္၏။ ၎တို႔မွာ အနံ႕ခံေနေသာတိရစာၦန္မ်ားသဖြယ္တစ္ေယာက္တစ္ေပါက္ဝိုင္းဝန္းေျပာဆိုၾကၿပီး 'အမ်ား၏စြန့္ပစ္ျခင္းကိုခံရေသာ သစၥာေဖာက္' ဟူသည့္စကားလုံးမ်ားကို သူ႕မ်က္ႏွာထက္တြင္တံဆိပ္ရိုက္ႏွိပ္နိုင္ရန္ အလုအယက္ႀကိဳးစားေနၾကသလိုပင္။

သို႔ေသာ္ ကံဆိုးမ,သြားရာ မိုးလိုက္လို႔႐ြာေလ၏။ ထိုအခ်ိန္မွာပင္ ဖုန္းထဲမွ 'ကလစ္' ဟူသည့္ျမည္သံႏွင့္အတူ 'ဖုန္းမအားေသးပါ' ဟူေသာအသံကိုၾကားလိုက္ရသည္။ ႐ႊမ္းက်ီး၏ ဖုန္းလိုင္းမွာ ႐ုတ္တရက္ျပတ္ေတာက္သြားေလၿပီ။

႐ႊမ္းက်ီးေရာက္ရွိေနေသာ ေဆး႐ုံစၾကၤံလမ္းမွာ ေရခဲေသတၱာႀကီးတစ္လုံးသဖြယ္ေျပာင္းလဲသြားသလို။ သူ႕ဖုန္းေလးမွာ အပူခ်ိန္ေလ်ာ့က်လာသည့္ဒဏ္ကိုမခံနိုင္​ေတာ့သည့္အဆုံး၌ စကားေျပာေနရင္းတန္းလန္းမွာပင္ ဖုန္းမ်က္ႏွာျပင္က အေမွာင္အတိက်သြားရွာေတာ့သည္။

"ေျပာလို႔ၿပီးၿပီလား?"

ရွန့္လင္ယြမ္းမွာ အဆိုပါ စကားေျပာေသတၱာကေလးကို အလြန္အမင္းစိတ္ဝင္တစားၾကည့္ရႈေန၏။

႐ႊမ္းက်ီးက စကားကိုဗလုံးဗေထြးႏွင့္ တမင္တကာ ျမန္ျမန္သြက္သြက္ေျပာဆိုေနျခင္းေၾကာင့္ ၎မွာ သူေျပာသမွ်ကို တစ္ခြန္းတေလမွ နားမလည္ရွာသည့္တိုင္ေအာင္ စိတ္ဝင္တစားနားေထာင္ေနဆဲပင္ျဖစ္၏။ ဆူညံသံမ်ားရပ္တန့္သြားေသာအခါမွ သူက ေမးလာသည္။

"ဘာလုပ္ရမလဲဆိုတာကို တိုင္ပင္လို႔ၿပီးၿပီလား?"

ယေန႕ေခတ္သိပၸံနည္းပညာ၏မ်က္ႏွာကိုအိုးမဲသုတ္လို႔မျဖစ္။ ႐ႊမ္းက်ီးခမ်ာ စိတ္ထဲတြင္အသားကုန္က်ိန္ဆဲေနေသာ္လည္း အျပင္ပန္းတြင္ေတာ့ ဘာမွမျဖစ္သလိုဟန္ေဆာင္လိုက္ရင္း ဖုန္းကိုသူ႕ကုတ္အကၤ်ီအိတ္ကပ္အတြင္းသို႔ျပန္ဝင္သြားေစလိုက္သည္။ အနည္းဆုံးေတာ့ သူ႕ကိုယ္ေငြ႕နဲ႕ပဲျဖစ္ျဖစ္ ဖုန္းရဲ႕သက္တမ္းကိုဆြဲဆန့္ထားလို႔ရလိုရျငားေပါ့။ ခန္းမတစ္ေလွ်ာက္ရွိ တံခါးမ်ားႏွင့္ျပတင္းေပါက္မ်ားကေတာ့ အစိတ္စိတ္အမႊာမႊာက်ိဳးပဲ့ေၾကမြလို႔ေနၿပီျဖစ္သည္။ အထပ္တစ္ထပ္တြင္ ဖြင့္လ်က္သားရွိေနေသာ တီဗီတစ္လုံးမွထြက္ေပၚလာသည့္အသံမ်ားက စၾကၤံလမ္းတစ္ေလွ်ာက္ ပဲ့တင္ထပ္ကာပ်ံ့လြင့္ေန၏။ ညေနခင္းသတင္းေၾကညာမႈ၏အဆုံးသတ္အပိုင္းကိုထုတ္လႊင့္ေနျခင္းျဖစ္သည္။ သည္အတိုင္းဆိုပါက လက္ရွိအခ်ိန္မွာ အနည္းဆုံးေတာ့ ည ၇နာရီခြဲဝန္းက်င္ခန့္ရွိလိမ့္မည္။

ေဆး႐ုံအတြင္းမွလူမ်ားကို လူနာတင္ကားမ်ားႏွင့္ ယာဥ္မ်ားေပၚသို႔ ခပ္သြက္သြက္ေ႐ႊ႕ေျပာင္းေနၾက၏။ အေဆာက္အအုံအျပင္ဘက္၌ လူအုပ္မ်ားႏွင့္စကားသံမ်ားျဖင့္ ဆူညံပြက္ေလာရိုက္ေနသေလာက္ ဤအထပ္တြင္​ေတာ့ အပ္က်သံပင္ၾကားရေလာက္သည္အထိ တိတ္ဆိတ္ၿငိမ္သက္လို႔ေနသည္။ သက္ရွိဟူ၍ မတိုးသာမဆုတ္သာအေနအထားတြင္ရွိေနသည့္ ႐ႊမ္းက်ီးႏွင့္ မိစာၦအရွင္သခင္တို႔ႏွစ္ဦးတည္းသာက်န္ရွိေတာ့သည္။ ႐ႊမ္းက်ီးက ျပတင္းေပါက္နားသို႔ကပ္ကာ မ်က္လုံးေထာင့္စြန္းမွတဆင့္ ေအာက္ထပ္ကို မသိမသာခိုးၾကည့္လိုက္၏။ ေ႐ႊ႕ေျပာင္းဖို႔ခက္ခဲေနေသာ ေဆး႐ုံတက္လူနာတခ်ိဳ႕က်န္ရွိေနေသးသည္။ ကြင္းဆင္းလုပ္သားမ်ားက မည္မွ်ပင္ကြၽမ္းက်င္ထက္ျမက္သူမ်ားျဖစ္ေနပါေစ၊ သူတို႔ကိုေ႐ႊ႕ေျပာင္းရန္အခ်ိန္တစ္ခုေတာ့ၾကာဦးမည္ျဖစ္သည္။ သို႔ျဖစ္ရာ သူ႕အေနျဖင့္ တတ္နိုင္သေလာက္ အခ်ိန္ဆြဲထားရန္ႀကိဳးစားရမည္ျဖစ္သည္။

သူက မ်က္​ေတာင္တစ္ခ်က္ခတ္ကာမ်က္ေတာင္ေမြးမ်ားတြင္ကပ္ၿငိတင္က်န္ေနေသာေရခဲမႈန္မ်ားကို ခါခ်လိဳက္၏။ သူ႕ေခါင္းအတြင္းမွ ဂီယာမ်ားကိုလည္ပတ္ေစလိုက္ၿပီးသကာလ ျဖည္းျဖည္းခ်င္းဖ်စ္ညွစ္ၿပဳံးျပလိုက္သည္။

"ဒီက....အဟမ္း.....လူႀကီးမင္းခင္ဗ်ာ...ခင္ဗ်ားၾကည့္....အခုက ညသန္းေခါင္ေရာက္ဖို႔အခ်ိန္အၾကာႀကီးလိုေသးတယ္....ခင္ဗ်ားလည္း အခုေလးတင္မွေရာက္လာတာဆို​ေတာ့ အလ်င္စလို သြားစရာလာစရာမရွိေသးဘူးမလား? ဒီလိုဆိုမွေတာ့ ကြၽန္​ေတာ္တို႔ အပ်င္းေျပ စကားနည္းနည္းပါးပါးေျပာၾကရင္မေကာင္းဘူးလား?"

တစ္ခ်ိန္တည္းမွာပင္ ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာနခ်ဳပ္အတြင္း၌ ေရွာင္းက်န္းခမ်ာ လူေပါင္းမ်ားစြာ၏အဝိုင္းခံထားရၿပီး မ်က္လုံးေပါင္းေသာင္းေျခာက္​ေထာင္က သူက်ဆဳံးမည့္အ​ေျခအေနကိုေစာင့္ဆိုင္းေနၾက၏။ ၎မွာ ေဒါသကိုမ်က္ႏွာေပၚတြင္ေဖာ္မျပတတ္သူျဖစ္ေလရာ ေဒါသထြက္လာေလေလ သူ႕မ်က္ႏွာမွာ ပို၍ျဖဴေလ်ာ္လာေလေလျဖစ္လာၿပီး ႏႈတ္ခမ္းမ်ားမွာလည္း မ်ဥ္းတန္းေလးတစ္ေၾကာင္းသဖြယ္ တင္းတင္းေစ့ပိတ္ထားလ်က္ရွိေတာ့သည္။

"ဟို...ဒါရိုက္တာေရွာင္း...."

စီမံေရးရာဌာနမွဝန္ထမ္းေလးက ဖုန္းကို မရဲတရဲကိုင္ထား၏။ "အႀကီးအကဲဟြမ္က...."

ေရွာင္းက်န္းကေခါင္းေထာင္လာကာ သူ႕ကိုလွည့္ၾကည့္လာသည္။ စီမံေရးရာဝန္ထမ္းေလးမွာ အဆိုပါမ်က္လုံးမ်ားထဲတြင္ ​လွ်ပ္စီးလက္သြားသလိုအရိပ္အေယာင္မ်ိဳးေတြ႕လိုက္ရ၏။ ၎မွာ အထိတ္တလန့္ျဖစ္သြားရွာၿပီး သူ႕လက္ထဲမွ ဖုန္းကိုလႊတ္ခ်လိဳက္မိေလ​ေတာ့သည္။

ေဘးနားရွိ ေစ့ေစ့စပ္စပ္စိုက္ၾကည့္ေနၾကေသာအၾကည့္မ်ားေအာက္တြင္ ေရွာင္းက်န္းက ဖုန္းကိုလွမ္းဖမ္းလိုက္ကာ အသံခ်ဲ့ခလုတ္ကိုဖြင့္လိုက္သည္။ သူက စိတ္ကိုစုစည္းကာဖုန္းေျဖလိုက္သည္။

"အႀကီးအကဲ....ကြၽန္ေတာ္ ေရွာင္းက်န္းပါ။ ကြၽန္ေတာ့္ရဲ႕ ၁၂ႏွစ္ေက်ာ္ေလာက္ ေရွ႕တန္းမွာကြင္းဆင္းဝန္ထမ္းလုပ္လာခဲ့တဲ့အေတြ႕အႀကဳံေတြအရ ဒီကိစၥက ေတာ္ေတာ္ေလးကို အေရးႀကီးတဲ့အေရးေပၚအေျခအေနတစ္ရပ္လို႔ထင္ျမင္ယူဆမိပါတယ္။ တကယ္လို႔ ကြၽန္ေတာ့္ကိုယုံၾကည္တယ္ဆိုရင္ လုပ္ပိုင္ခြင့္အျပည့္အဝလႊဲေပးလို႔ရမလား။ ကိစၥေတြၿပီးသြားတာနဲ႕ ကြၽန္ေတာ္ ဆရာ့ဆီကိုခ်က္ခ်င္းအစီရင္ခံစာတင္ပါ့မယ္။ တစ္ခုခုအမွားအယြင္းရွိလာခဲ့ရင္လည္း ကြၽန္​ေတာ္အရာအားလုံးကို အျပည့္အဝတာဝန္ယူပါ့မယ္"

အႀကီးအကဲျဖစ္သူက တိတ္ဆိတ္သြားသလို က်န္သည့္လူမ်ားအားလုံးကလည္း တိတ္ဆိတ္သြား၏။ မၾကာေသးမီကမွ ဆူညံပြက္ေလာရိုက္ေနခဲ့ေသာ ပင္မေစလႊတ္ေရးဌာနသည္ကား လုံးဝဥႆုံတိတ္ဆိတ္ၿငိမ္သက္လို႔သြားေလသည္။

႐ုတ္တရက္ ဖုန္းျမည္သံတစ္သံထြက္ေပၚလာသျဖင့္ ဝန္ထမ္းတစ္ေယာက္က အေျပးအလႊားဖုန္းသြားကိုင္လိုက္၏။ အခန္းတြင္းရွိ တိတ္ဆိတ္ေနေသာေလထုအေျခအေနေၾကာင့္ ၎မွာ အလိုအေလ်ာက္ပင္ အသံကိုႏွိမ့္ကာေျဖၾကားလိုက္သည္။

"ပင္မေစလႊတ္ေရးဌာနကပါ.....ေက်းဇူးျပဳၿပီးေျပာပါ....ဘာ.....အင္း....ေကာင္းပါၿပီ....ကြၽန္ေတာ္ျပန္ေျပာလိုက္ပါ့မယ္..."

ဝန္ထမ္းေလးကဖုန္းခ်လိဳက္ၿပီးေျပာလာ၏။

"ခ်ိယြမ္းက ထပ္ဆက္လာတာပါ။ သူတို႔ေျပာတာက ခ်ိယြမ္းမွာ အ​ေျခအေနေျပာင္းလဲမႈေတြျဖစ္ေနတယ္တဲ့။ ခ်ိယြမ္းေဆး႐ုံမွာရွိတဲ့ ကြင္းဆင္းအဖြဲ႕ရဲ႕အေရးေပၚသတင္းေပးပို႔ခ်က္အရေတာ့ ခ်ိယြမ္းမွာရွိတဲ့ သဘာဝလြန္စြမ္းအင္ေတြထြက္ေပၚလာတဲ့ မူလေနရာက ခ်ိယြမ္းေဆး႐ုံကလို႔ေျပာတယ္။ ေဒသခံဝန္ထမ္းေတြက တပ္ကူအျမန္လႊတ္ေပးဖို႔ေတာင္းဆိုေနၾကတယ္....ၿပီးေတာ့ ဒါရိုက္တာေရွာင္းဆီကေန ေနာက္တစ္ဆင့္ဆက္လုပ္ရမယ့္ ၫႊန္ၾကားခ်က္ကိုေစာင့္ေနၾကတယ္"

"ဒါေပမယ့္ တပ္ကူလႊတ္ဖို႔အတြက္က လုံၿခဳံေရးဌာနက ဒါရိုက္တာစုန့္ရဲ႕....."

"မလိုေတာ့ပါဘူး....တပ္ကူက ဒီမွာေရာက္ေနၿပီပဲမဟုတ္ဘူးလား?"

တံခါးဝဆီမွ ေပါ့ေပါ့ပါးပါးေလသံတစ္သံထြက္ေပၚလာသည္။ အသံပိုင္ရွင္သည္ကား မီးခိုးရင့္ေရာင္ယူနီေဖာင္းကိုဝတ္ဆင္ထားၿပီးအလြန္ဆုံးမွ အသက္ႏွစ္ဆယ္ေလာက္သာရွိဦးမည္ျဖစ္ေသာ ေထာင္ေထာင္ေမာင္းေမာင္း လူငယ္ေလးတစ္ဦးျဖစ္သည္။ သူ႕အကၤ်ီေကာ္လံေပၚတြင္ေတာ့ 'ေလနတ္ဘုရား' ဟူသည့္စာလုံးကိုပန္းထိုးထား၏။ အားကစားနည္းျပဆရာတစ္ေယာက္အလား စံခ်ိန္ယူနာရီတစ္လုံးကိုလည္း လည္ပင္းတြင္ခ်ိတ္ဆြဲလို႔ထား၏။ နီေစြးေစြးႏႈတ္ခမ္းတစ္စုံႏွင့္ ျဖဴေဖြးေဖြးသြားမ်ားကိုပိုင္ဆိုင္ထားေသာေၾကာင့္ ႏု႐ြယ္ပ်ိဳမ်စ္ေသာ ကေလးတစ္ေယာက္မ်က္ႏွာအသြင္အျပင္မ်ိဳးေပါက္ေနသည့္ထိုသူက မိမိအား စူးစိုက္ၾကည့္ေနေသာလူမ်ားကိုေတြ႕လိုက္ရေသာအခါ သြားေပၚသည္အထိၿပဳံးျပလိုက္၏။ ထို႔ေနာက္ သူက ေျခေဆာင့္ရပ္လိုက္ၿပီး ေျပာလာသည္။

"ကြၽန္ေတာ္က 'အထူးတပ္ဖြဲ႕တစ္' 'ေလနတ္ဘုရားအဖြဲ႕'က 'က်န္းေက်ာင္း'ပါ။ လူႀကီးမင္းတို႔အားလုံးပဲ မဂၤလာညေနခင္းပါ။ ကြၽန္ေတာ္တို႔ေဘာ့စ္...မဟုတ္ဘူး....ကြၽန္ေတာ္တို႔ဆရာက အခုအျပင္မွာေရာက္ေနလို႔ပါ။ ဒါေပမယ့္ ခ်ိယြမ္းက အကူအညီလိုအပ္ေနတယ္ဆိုတဲ့သတင္းကိုၾကားလို႔ ဒါရိုက္တာေရွာင္းကို လုပ္ပိုင္ခြင့္လႊဲေပးတဲ့အေၾကာင္း ကြၽန္ေတာ္တို႔ဆီကို ဖက္စ္ပို႔လိုက္ပါတယ္။ ခ်ိယြမ္းရဲ႕အနီးဆုံးမွာရွိတဲ့ ေလနတ္ဘုရားတပ္ဖြဲ႕ဟာလည္း အခုလမ္းမွာေရာက္ေနၿပီဆိုတဲ့အေၾကာင္း ကြၽန္ေတာ့္ကိုသတင္းပို႔ခိုင္းလိုက္ပါတယ္"

ဤသည္မွာ ေရွာင္းက်န္း၏ 'မိခင္အိမ္' ျဖစ္ေပသည္။ ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာနတြင္ 'ေလနတ္ဘုရား' 'မိုးႀကိဳးသြား' 'မိုးသက္မုန္တိုင္း' ဟူ၍ အထူးတပ္ဖြဲ႕သုံးဖြဲ႕ရွိ၏။အတိုေကာက္အားျဖင့္ 'ေလ-မိုးႀကိဳး-မိုး' ဟုေခၚၾကသည္။ ၎တို႔မွာ ဌာနခ်ဳပ္၏ ကြင္းဆင္းလုံၿခဳံေရးဌာနလက္ေအာက္တြင္အတူတကြရွိၾကသည္မွန္ေသာ္လည္း အမွန္စင္စစ္တြင္မူ အမည္ခံမွ်သာျဖစ္ၿပီး လုံးလုံးလ်ားလ်ားကို အမွီအခိုကင္းေသာတပ္ဖြဲ႕မ်ားျဖစ္သည္။

၎တို႔အနက္ 'ေလနတ္ဘုရား'တပ္ဖြဲ႕သည္ကား အျမင့္ဆုံးေနရာတြင္ရွိသည္။

နယ္ေျမေဒသမ်ားအတြင္း ကိုင္တြယ္ေျဖရွင္းရန္ခက္ခဲေသာ ထူးျခားစြမ္းအင္ျဖစ္စဥ္မ်ား ႐ုတ္တရက္ေပၚေပါက္လာသည့္အခါတိုင္း ေလနတ္ဘုရားတပ္ဖြဲ႕ကို တာဝန္ေပးေလ့ရွိသည္။ အဆိုပါအထူးတပ္ဖြဲ႕သည္ကား အေတာ္ေလးကိုစြယ္စုံရသူမ်ားျဖစ္ကာ တစ္ႏွစ္ပတ္လုံးလိုလို တစ္နိုင္ငံလုံးအႏွံ႕ ခရီးထြက္ေနေလ့ရွိၾကသည္။ သို႔ျဖစ္ရာ ၎တို႔ထံတြင္ 'ေရွ႕တန္းေရာက္ စစ္သူႀကီးက အုပ္ခ်ဳပ္သူ၏ အမိန့္ဟူသမွ်ကို နာခံစရာမလို' ဟူေသာသေဘာထားမ်ိဳး မဆိုစေလာက္ရွိၾကေပသည္။ အကယ္၍ အေရးေပၚအေျခအေနႏွင့္ေတြ႕ႀကဳံလာရပါက အဖြဲ႕ေခါင္းေဆာင္ႏွင့္အထက္မွလူမ်ားသည္ကား သူတို႔အႀကီးအကဲ၏ အႀကံဉာဏ္ကိုေက်ာ္လြန္ကာ လြတ္လပ္စြာလႈပ္ရွားနိုင္သည့္အခြင့္အာဏာရွိၾကသည္။

ေရွာင္းက်န္းမွာ သူ႕ညီေနာင္တပ္ဖြဲ႕က ဤကဲ့သို႔ သူ႕ဘက္၌ ေျပာင္ေျပာင္တင္းတင္း ရပ္တည္ေပးလာသည့္အျဖစ္ကို မည္သို႔မွမယုံၾကည္နိုင္ေသးပါေခ်။ သူက ပါးစပ္ကိုဟလိုက္ေစကာမူ ႐ုတ္တရက္ဘာေျပာရမွန္းမသိေတာ့ေပ။

က်န္းေက်ာင္းက အထဲသို႔ဝင္လာၿပီးေနာက္ အခန္းတြင္းရွိလူအားလုံး၏အမူအရာမ်ားကို ၿပဳံး၍အကဲခတ္ၾကည့္ရႈလိုက္၏။ သူက ပုံႏွိပ္ထားေသာစာ႐ြက္စာတမ္းတစ္ထပ္ႀကီးကို ေရွာင္းက်န္းလက္ထဲသို႔ထိုးေပးလိုက္ၿပီးေနာက္ ေျခလွမ္းဝက္ခန့္ေနာက္ျပန္ဆုတ္ကာ အေလးျပဳလိုက္၏။

"ဒါရိုက္တာေရွာင္း....ကြၽန္ေတာ္တို႔ရဲ႕ေခါင္းေဆာင္ကေျပာတယ္....ခင္ဗ်ားက 'ေလ- မိုးႀကိဳး-မိုး' အဖြဲ႕ကလာတဲ့လူတဲ့။ တျခားလူေတြက ခင္ဗ်ားနဲ႕မပူးေပါင္းၾကဘူးဆိုရင္​ေတာင္မွ ကြၽန္ေတာ္တို႔က​ေတာ့ ေနာက္မွာခ်န္ေနလို႔ဘယ္ျဖစ္ပါ့မလဲဗ်ာ။ အမိန့္ကိုေစာင့္ဆိုင္းေနပါတယ္!"

ဖုန္းထဲတြင္အသံတိတ္ေနခဲ့ေသာ အႀကီးအကဲဟြမ္ဆီမွ စကားသံျပန္ထြက္ေပၚလာသည္။

"ခ်ိယြမ္းမွာျဖစ္ေနတဲ့ျပႆနာေတြကိုေျဖရွင္းဖို႔အတြက္ ငါ့ကိုယ္စား ေရွာင္ေရွာင္းကို အခြင့္အာဏာအျပည့္အဝလႊဲေပးလိုက္တယ္"

ေရွာင္းက်န္းက အံကိုႀကိတ္လိုက္ကာ က်န္းေက်ာင္းကို နားလည္ၿပီဆိုေသာအဓိပၸါယ္ျဖင့္တစ္ခ်က္ၾကည့္လိုက္သည္။ သို႔ေသာ္ ၎မွာ ေနာက္ထပ္တစ္စကၠန့္ေလာက္ပင္ အခ်ိန္မျဖဳန္းရဲပါေခ်။

"ျပန္လည္ျပဳျပင္ေရးဌာနက ႐ႊမ္းက်ီးနဲ႕ဆက္သြယ္လို႔ရမယ့္နည္းလမ္းကိုရွာ။ သူ အခုေရွ႕တန္းမွာေရာက္ေနတယ္။ ခုနေလးတင္ သူနဲ႕စကား​ေျပာေနတုန္း ဖုန္းလိုင္းျပတ္သြားတာ"

ထိုအခိုက္ ေရွ႕တန္းတြင္ေရာက္ေနေသာ ႐ႊမ္းက်ီးကေတာ့ မိစာၦအရွင္သခင္ႏွင့္ စကားစျမည္ေျပာရန္ႀကိဳးပမ္းေနရွာ၏။

"ကြၽန္ေတာ္ထင္တာက​ေတာ့ ခင္ဗ်ားလို ပူေဆြးယဇ္ပူေဇာ္ပြဲမ်ိဳးနဲ႕မွဆင့္ေခၚလို႔ရတဲ့ ထူးျခားဆန္းျပားတဲ့မိစာၦမ်ိဳးက....ေၾသာ္....'ထူးျခားဆန္းျပား' တယ္ဆိုတာ ႀကီးက်ယ္ခမ္းနားၿပီး အံ့ခ်ီးဖြယ္ျဖစ္တာကိုေျပာတာ....ႀကီး....ႀကီးျမတ္တဲ့ ဘိုး​ေဘးဘီဘင္အႏြယ္ေတာ္မ်ိဳးရိုးကဆင္းသက္လာတာမ်ိဳးလိုေပါ့..."

႐ႊမ္းက်ီးမွာ မိစာၦအရွင္သခင္၏ သံေနသံထားႏွင့္ေလယူေလသိမ္းအတိုင္း တုပ​ေျပာဆိုရန္ႀကိဳးစားလိုက္ေစကာမူ ကံမေကာင္းအေၾကာင္းမလွစြာပင္ အႏွီေရွးေဟာင္းေဒသိယစကားမ်ားမွာ နိုင္ငံျခားဘာသာစကားမ်ားႏွင့္တူလွေပ၏။ ၎မွာ နားေတာ့နားလည္ေသာ္လည္း ေကာင္းေကာင္းျပန္မေျပာတတ္ေပ။ ရွန့္လင္ယြမ္းကဲ့သို႔ သူတစ္ပါး၏ သံေနသံထားအတိုင္း တထပ္တည္းတူေအာင္လိုက္ေျပာနိုင္သည့္ ပါရမီထူးလည္းရွိမေနသည့္အတြက္ သူ႕စကားလုံးမ်ားမွာ လုံးဝကို ကေပါက္တိကေပါက္ခ်ာျဖစ္လို႔ေနေတာ့သည္။

ရွန့္လင္ယြမ္းမွာ သံႀကိဳးမ်ားျဖင့္အတုပ္ခံထားရသည့္တိုင္ သူ႕ပုံစံမွာ အေတာ္ေလးကို သက္ေတာင့္သက္သက္သာရွိေနသလို။ သူ၏အၿပဳံးမ်ားက ပိုမိုနက္ရွိုင္းလာၿပီး စကားတစ္ခြန္းမွမေျပာဘဲ သူ႕မ်က္စိေရွ႕တြင္ အမ်ိဳးမ်ိဳးအဖုံဖုံသ႐ုပ္​ေဆာင္ျပေနသည့္ အႏွီမ်က္ႏွာမ်ားလွေသာ မိစာၦေလးကိုသာလွ်င္ ေစာင့္ၾကည့္ေနေလ၏။

႐ႊမ္းက်ီးကလည္း အေတာ္ေလးကိုအေရထူသူျဖစ္သည္။ သူ၏ေလယူေလသိမ္းမွာ အိုးနင္းခြက္နင္းျဖစ္ေနသည့္တိုင္ လက္မေလွ်ာ့ေသးဘဲ မ်က္ႏွာေျပာင္ေျပာင္ႏွင့္ပင္ ေတာင္ေျပာေျမာက္ေျပာေလွ်ာက္ေျပာေနျပန္၏။

"ကြၽန္ေတာ္တို႔ရဲ႕ လက္ရွိေစ်းကြက္စီးပြားေရးေခတ္ကာလမွာ ျပႆနာတစ္ခုကိုေျဖရွင္းနိုင္တဲ့နည္းလမ္းေတြအမ်ားႀကီးရွိပါတယ္။ တစ္ခါေလာက္အဆင္မေျပတာနဲ႕ပဲ ေအာက္လမ္းအစီအရင္မ်ိဳးေတြအထိသုံးတတ္တဲ့လူမ်ိဳးဟာ တကယ္ေတာ့ ေစာက္႐ူး.....အဟမ္း....မိုက္မဲတဲ့သူေတြပဲ။ အဲဒီလိုလူမ်ိဳးက ဆင့္ေခၚတိုင္းေရာက္လာေပးရေအာင္က....ခင္ဗ်ားရဲ႕ အဆင့္အတန္း... ခင္ဗ်ားရဲ႕ဂုဏ္သိကၡာကိုခ်သလိုျဖစ္မေနဘူးလား?"

"ပူေဆြးယဇ္ပူေဇာ္ပြဲဆိုတာ ေကာင္းကင္နဲ႕ေျမႀကီးကိုဆက္သြယ္ေပးတဲ့ ပညာရပ္တစ္ခုပဲ။ ငါက အဲဒီလူေၾကာင့္ နိုးထလာရတယ္ဆိုေတာ့ သူနဲ႕ငါၾကားမွာ ဆက္သြယ္မႈတစ္ခုခုရွိေနတာျဖစ္နိုင္တယ္။ မဟုတ္ရင္ သူ႕ရဲ႕ေသြးေတြက ငါ့ရဲ႕အေခါင္းထဲကိုစီးဝင္လာမွာမဟုတ္ဘူး"

ရွန့္လင္ယြမ္းက တည္တည္ၿငိမ္ၿငိမ္ပင္ျပန္
ေျပာလိုက္သည္။ "ၿပီးေတာ့ ဂုဏ္သိကၡာရွိရွိ၊ မရွိရွိ အဲဒီအရာေတြက အရင္ဘဝတုန္းကၿပီးၿပီးသားကိစၥေတြပဲ။ ငါ ေမ့သြားတာၾကာလွေပါ့"

"ဒါလည္းဟုတ္တာပဲ"

႐ႊမ္းက်ီးမွာ စကားေျပာလက္ေပါက္ကတ္ေသာေဖာက္သည္မ်ားႏွင့္ေျပာဆိုဆက္ဆံေနၾကျဖစ္ေလရာ သူက တစ္စကၠန့္မွ်ရပ္နားလိုက္ၿပီးေသာ္ ခပ္တည္တည္ႏွင့္ပင္ ျမႇောက္ပင့္ခ်ီးက်ဴးေျပာဆိုလိုက္၏။

"တကယ္ေတာ့ သာမန္လူေတြက ခင္ဗ်ားကိုသတ္မွတ္ေပးထားတဲ့ အဆင့္အတန္းေတြကို မွတ္မိတာ မမွတ္မိတာက သိပ္ၿပီးေတာ့လည္းအေရးမႀကီးပါဘူး။ ဒါေပမယ့္လည္း တစ္ဖက္ကၾကည့္ရင္ ခင္ဗ်ားရဲ႕စကားေျပာပုံဆိုပုံနဲ႕အျပဳအမူေတြက အရမ္းႀကီးသိသာေနတာပဲမဟုတ္ဘူးလား။ ကြၽန္ေတာ္က မ်က္စိကန္းေနတာမွမဟုတ္တာ"

"ေၾသာ္.....ဒီလိုအျပဳအမူမ်ိဳးကိုေျပာတာလား?"

ရွန့္လင္ယြမ္းက ႐ုတ္တရက္ အေရွ႕သို႔ငုံ႕ကိုင္းလိုက္ေသာအခါ သူ႕ကိုတုပ္ေႏွာင္ထားေသာသံခ်ိန္းႀကိဳးမ်ားကလည္း ႐ုတ္တရက္တင္းတင္းၾကပ္ၾကပ္ျဖစ္သြားလ်က္ တခြၽင္ခြၽင္တခြၽမ္ခြၽမ္ျမည္သံမ်ားထြက္ေပၚလာ​ေတာ့သည္။ အနက္ေရာင္ယဇ္စာသားမ်ားက သူ၏အကၤ်ီေကာ္လံအတြင္းမွ တိုးထြက္လာကာ လည္ပင္းႏွင့္မ်က္ႏွာျပင္တစ္ေလွ်ာက္ပ်ံ့ႏွံ႕သြားၾကလ်က္ သူ၏ျဖဴဖတ္ျဖဴေလ်ာ္ျဖစ္ေနေသာအသားအရည္ႏွင့္ သိသိသာသာကိုကြဲျပားျခားနားလို႔ေနေတာ့သည္။ အေစာတုန္းက ေခ်ာေမာၾကည့္ေကာင္းေသာမ်က္ႏွာမွာ ႐ုတ္ခ်ည္းဆိုသလို အႏၲရာယ္အေငြ႕အသက္မ်ားျဖင့္လႊမ္းၿခဳံလို႔လာ၏။

ထိုအခိုက္ ေရွာင္းက်န္းဆီမွဖုန္းဝင္လာသျဖင့္ေျပးထြက္သြားေသာ ေလာ္ေခြၽ႕ေခြၽ႕က အခ်ိန္ကိုက္ျပန္ေရာက္ခ်လာသည္။ သူ႕ခမ်ာ ရွိသမွ်သတၱိတို႔ကိုစုစည္းကာ ေလွကားေပၚသို႔ေျပးတက္လာခဲ့ေသာ္လည္း အဆိုပါျမင္ကြင္းကို အေဝးမွလွမ္းျမင္လိုက္ရေသာအခါမွာေတာ့ ေျခေထာက္ႏွစ္ဖက္လုံးက ဂ်ယ္လီတစ္တုံးလိုေပ်ာ့ေခြကာ ခ်က္ခ်င္းပင္ ဒူးမ်ားၫြတ္က်သြားရွာေတာ့သည္။

ရွန့္လင္ယြမ္းက သူ႕ကိုတစ္ခ်က္မွပင္လွည့္၍မၾကည့္ဘဲ လက္ကိုသာ အမႈမဲ့အမွတ္မဲ့ေဝွ႕ယမ္းျပလိုက္၏။

"ထလို႔ရၿပီ__ပူေဆြးယဇ္ပူေဇာ္ပြဲက ငါ့ကို လူ႕ဘုံေလာကဆီျပန္ေခၚလာေပးခဲ့တာဆိုေတာ့ ငါ့အေပၚမွာ ကန့္သတ္ထိန္းခ်ဳပ္ထားတာတခ်ိဳ႕လည္းရွိတယ္။ ငါက အခုမွ ေန႕အလင္းေရာင္ကိုခက္ခက္ခဲခဲျပန္ျမင္ေတြ႕ခြင့္ရတာ...ဘာျဖစ္လို႔ ကိုယ့္ဒုကၡကိုယ္ရွာရမွာတဲ့လဲ။ ေသမ်ိဳးတစ္ေယာက္ရဲ႕ဆႏၵတစ္ခုေလးပဲဥစၥာ။ ၿပီးေတာ့ အဲဒါကိုျဖည့္ဆည္းေပးရတာကလည္း ငါ့အတြက္ ဘာမွအပန္းမႀကီးတဲ့အလုပ္ပဲ"

႐ႊမ္းက်ီး၏မ်က္လုံးေထာင့္စြန္းမ်ားမွာ တြန့္ခနဲျဖစ္သြားေလေတာ့သည္။

ရွန႔္လင္ယြမ္းက ခပ္ဟဟရယ္လိုက္ကာ ညင္သာစြာေျပာလာသည္။

"*႐ႊီးအခ်ိန္ တစ္ဝက္ေတာင္ ေက်ာ္သြားၿပီေနာ္"

*႐ႊီးအခ်ိန္ဆိုသည္မွာ ေန႕တစ္ေန႕၏ (၁၁) ႀကိမ္ေျမာက္အခ်ိန္ကာလတစ္ခုျဖစ္ၿပီး တစ္ခ်ိန္လွ်င္ မိနစ္ေပါင္း (၁၂၀) ခန့္ၾကာျမင့္သည္။ (ည ၇နာရီ မွ ၁၁ နာရီအတြင္းအခ်ိန္ကိုေျပာတာပါ)

"လင္...လင္...လင္..."

ေလာ္ေခြၽ႕ေခြၽ႕မွာ အေတာ္​ေလးကိုေၾကာက္ဒူးတုန္ေနၿပီျဖစ္ေသာေၾကာင့္ စကားကိုဆုံးေအာင္မေျပာနိုင္ေတာ့ဘဲ *ေခါင္းေလာင္းျမည္သံမ်ားသာထြက္ေပၚလို႔လာသည္။ သူတို႔ႏွစ္ေယာက္ၾကားက ၂၆ မီတာခန့္ရွိေသာအကြာအေဝးကို နီးသထက္နီးကပ္လာေစရန္ အတတ္နိုင္ဆုံးႀကိဳးစားရွာေသာ္လည္း ေနာက္ဆုံး၌ အႀကံေကာင္းရသြားကာ ဖုန္းကိုၾကမ္းျပင္ေပၚတြင္ခ်လိဳက္ၿပီး ႐ႊမ္းက်ီး၏ ေျခေထာက္နားအထိေရာက္ေအာင္ အစြမ္းကုန္တြန္းပို႔ေပးလိုက္ေလေတာ့သည္။

"ဒါ....ဒါ...ဒါ....ဒါရိုက္တာ႐ႊမ္း! ကြၽန္ေတာ္ဒီမွာဆက္ေနရင္လည္း ဆရာ့ကို ဒုကၡေပး႐ုံကလြဲၿပီး ဘာမွအကူအညီရမွာမဟုတ္ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္ အမိန့္အတိုင္း ေနာက္ျပန္ဆုတ္သြားေတာ့မယ္ေနာ္!"

*လင္ လင္ လင္ (铃铃铃) ဆိုတာ ေခါင္းေလာင္းျမည္သံကို ကိုယ္စားျပဳတဲ့ ျမည္သံစြဲအလကၤါပါ။ ေလာ္ေခြၽ႕ေခြၽ႕ေျပာခ်င္တဲ့စကားလုံးက ေခါင္းေဆာင္/ေဘာ့စ္လို႔အဓိပၸါယ္ရတဲ့ (领导/လင္ေတာင္) ဆိုတဲ့စကားလုံးပါ။ ေျပာရရင္ သံတူေၾကာင္းကြဲစကားလုံးသေဘာမ်ိဳးသုံးထားတာပါ။

အႏွီသတၱိခဲက သူေျပာခ်င္ရာေျပာၿပီးသည္ႏွင့္လွည့္ျပန္ေျပးရန္ျပင္လိုက္ေသာ္ျငား သူ႕ေျခက်င္းဝတ္ကိုလာေရာက္ရစ္ပတ္သြားေသာ သံႀကိဳးတစ္ေခ်ာင္းေၾကာင့္ ေျမႀကီးေပၚသို႔ ေမွာက္လ်က္လဲက်သြားရရွာသည္။

"ခဏေနဦး...."

ေလာ္ေခြၽ႕ေခြၽ႕မွာ မ်က္ရည္လည္႐ႊဲျဖစ္လို႔ေနေလၿပီ။

"ေခါင္းေဆာင္ရယ္....ကြၽန္ကြၽန္ကြၽန္ကြၽန္ေတာ္တို႔အပင္အမ်ိဳးအစားေတြက မီးေလာင္လြယ္တာမို႔ ေရွ႕တန္းကိုသြားဖို႔မျဖစ္နိုင္ပါဘူး....ကြၽန္ကြၽန္ကြၽန္ကြၽန္ေတာ့္ကို ဒီအတိုင္း ေလလည္သလိုမ်ိဳး လႊတ္ေပးလို႔မရဘူးလား...ေက်းဇူးျပဳၿပီး !"

"ဘာေတြျဖစ္ေနတာလဲ? ငါက မင္းကိုအာဇာနည္သူရဲေကာင္းမ်ားျဖစ္သြားၿပီလားလို႔ထင္ေနတာ.....ဖုန္းက ခဲၿပီးပ်က္သြားတာလား? ေကာင္းတယ္.....မင္းျပန္လာရင္ ဖုန္းအသစ္ေတြ ငါ ပုံးလိုက္ဝယ္ေပးမယ္!"

ေရွာင္းက်န္းက တစ္ဖက္တြင္ ႐ႊမ္းက်ီးကိုဖုန္းထဲမွႀကိမ္းေမာင္းေနရင္း တစ္ဖက္ကလည္း အစည္းအေဝးခန္းမထဲသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ တရွိန္ထိုးဝင္သြားေတာ့သည္။

"ဒါရိုက္တာေရွာင္း....ေဒသဆိုင္ရာေခါင္း​ေဆာင္ေတြအကုန္လုံး အသီးသီးေနရာယူထားၿပီးပါၿပီ"

ေရွာင္းက်န္းကေခါင္းညိတ္ျပလိုက္ကာ ႐ႊမ္းက်ီးကိုျပန္ေျပာလိုက္သည္။

"မင္းျမင္သမွ် ယဇ္စာခ်ဳပ္ကစာသားေတြကို ဓာတ္ပုံရိုက္ပို႔လိုက္။ ျပည့္စုံေလ ေကာင္းေလပဲ။ ငါတို႔မွာရွိတဲ့အခ်က္အလက္ေတြနဲ႕ တိုက္ၿပီးစစ္ေဆးၾကည့္လိုက္မယ္။ တကယ္လို႔မ်ား ယဇ္ပူေဇာ္ပြဲအစစ္ဆိုရင္ ယဇ္ေကာင္ေတြရဲ႕ကိုယ္ေပၚမွာလည္း စာခ်ဳပ္လိုမ်ိဳးေရးထားတာရွိမွာပဲ...စာပို႔ဖို႔အတြက္ စာအိတ္ေပၚမွာတံဆိပ္ေခါင္းနဲ႕စာပို႔ခကပ္ရသလိုပဲေပါ့....ဟုတ္ၿပီလား?"

"ေတာ္သားပဲ!" ေလာ္ေခြၽ႕ေခြၽ႕မွာ တကယ္တမ္းတြင္ ဖုန္းကို ႐ႊမ္းက်ီးအနားသို႔ေရာက္ေအာင္မပို႔ေပးနိုင္ခဲ့ေသာေၾကာင့္ ၎မွာ တစ္ဖက္က ဖုန္းလက္ခံသူကိုေအာ္ေျပာေနရရွာသည္။

"ေလာ္ေခြၽ႕ေခြၽ႕....မင္း ကိုယ့္ရာထူးကိုစြန႔္လႊတ္ၿပီး ကိုယ့္အသက္ကိုမကယ္တင္ရေသးခင္ အနည္းဆုံးေတာ့ အသုံးဝင္တဲ့လူတစ္ေယာက္ျဖစ္ေအာင္လုပ္ေပးသြားခဲ့ပါလား ! နံရံေပၚက စာသားေတြကို ဓာတ္ပုံရိုက္ၿပီး ေရွာင္းက်န္းဆီကိုပို႔လိုက္__ေလာင္ေရွာင္း....ငါ ေျပာတာကိုနားေထာင္။ ဒီမိစာၦဆင့္ေခၚတဲ့အစီအရင္က တစ္ခါပဲသုံးလို႔ရတယ္၊ ေရရွည္သုံးလို႔မရဘူး"

ရွန့္လင္ယြမ္းက 'တစ္ခါသုံး' ႏွင့္ 'ေရရွည္မဟုတ္' ဆိုသည့္စကားလုံးမ်ားကိုနားလည္သြားၿပီး မ်က္လုံးမ်ားကိုအနည္းငယ္ေမွးက်ဥ္းလိုက္၏__ဒီမိစာၦေကာင္ေလးက ငါ့ဆီကေန အခ်က္အလက္ေတြကို မလိမ့္တပတ္ႏွိုက္ယူသြားရဲတာပဲ.....အတင့္ရဲလိုက္တာ!

႐ႊမ္းက်ီးက လည္ပင္းက်ိဳးလုမတတ္ အျမန္ႏႈန္းျဖင့္ေျပာေန၏။

"ေအာက္လမ္းအစီအရင္ဆိုတာ တကယ့္ကို ေအာက္လမ္းအစီအရင္ဆိုတဲ့အတိုင္းပဲ။ အဲဒီနည္းလမ္းကိုသုံးတဲ့လူေတြဟာ ဘယ္​ေတာ့မွအဆုံးသတ္မေကာင္းနိုင္ဘူး။ အခုလို မိစာၦကို​ ႀကိဳးစားပမ္းစားဆင့္ေခၚၿပီး သူတို႔ကိုယ္စား အလုပ္တစ္ခုလုပ္ေပးခိုင္းတာက ကြၽန္ေတာ့္ရဲ႕အေတြ႕အႀကဳံအရေျပာရရင္​ေတာ့ ဆယ္ခုမွာကိုးခုေလာက္က လက္စားေခ်ေပးဖို႔ပဲ။ ၾကည့္ရသေလာက္​ေတာ့ သူတို႔ရဲ႕ေနာက္​​​ဆုံးအားကိုးရာအေနနဲ႕လုပ္မိလုပ္ရာလုပ္လိုက္တာအျပင္ သူတို႔ကအထီးက်န္ၿပီးအင္အားလည္းမရွိတဲ့ပုံပဲ။ ပူေဆြးယဇ္ပူေဇာ္ပြဲဆိုတာမ်ိဳးက လမ္းေဘးကမ်က္လွည့္ျပပြဲသာသာမဟုတ္ဘူး။ လုံၿခဳံေရးဌာနက ထိပ္တန္းတပ္ဖြဲ႕ဝင္ေတြေတာင္ၾကားဖူးခ်င္မွၾကားဖူးမွာ။ ဒီလူက ဒါကို ေကာင္းေကာင္းအသုံးျပဳနိုင္႐ုံတင္မကဘူး ရက္သုံးဆယ္အတြင္းမွာ လူအေယာက္တစ္ေထာင္ကို ေျခရာလက္ရာမက်န္ေအာင္သတ္ပစ္နိုင္ေသးတယ္။ သူတို႔က ဒီေလာက္​ေတာင္အစြမ္းအစရွိေနမွေတာ့ တစ္ခါတည္းတန္းၿပီးသတ္ပစ္လို႔ရရဲ႕သားနဲ႕ ဘာျဖစ္လို႔ေဝ့လည္ေၾကာင္ပတ္လုပ္ေနရတာလဲ? သူတို႔ရဲ႕တကယ့္ပစ္မွတ္က ဘာလဲ?"

ေရွာင္းက်န္းက ႐ုတ္တရက္ သူ႕မ်က္လုံးမ်ားကိုေမွးက်ဥ္းလိုက္၏။

"ေသေသခ်ာခ်ာလုံၿခဳံေရးယူထားတဲ့အေရးႀကီးပုဂၢိဳလ္ေတြလား? ဒါမွမဟုတ္ သြားထိလို႔မရတဲ့စြမ္းအားတစ္မ်ိဳးမ်ိဳးေၾကာင့္လား?"

အကယ္၍သာ ပူေဆြးယဇ္ပူေဇာ္ပြဲကိုျပဳလုပ္နိုင္စြမ္းရွိသူဆိုပါက သူတို႔ကိုယ္တိုင္က ထူးျခားစြမ္းရည္ပိုင္ရွင္ျဖစ္ေန၍ေသာ္လည္းေကာင္း သို႔မဟုတ္ ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားႏွင့္ ေလးနက္ေသာဆက္ဆံေရးမ်ိဳးရွိၿပီး 'ထူးျခားစြမ္းရည္ထိန္းခ်ဳပ္ေရးဌာန၏ တရားဥပေဒ' ကိုေကာင္းေကာင္းနားလည္ထားသူပင္ျဖစ္ေပလိမ့္မည္။ အကယ္၍ ထိုသူမွာ ယုတ္မာရက္စက္ေသာ အင္အားရွိလူသားမ်ားႏွင့္ ယွဥ္ၿပိဳင္တိုက္ခိုက္ေနရရွာေသာ အင္အားမဲ့သူတစ္ဦးျဖစ္ေနသည္ဆိုဦးေတာ့၊ သက္ဆိုင္ရာကိုအေၾကာင္းၾကားစာတင္လို႔ရသည္ပဲေလ။ သို႔ေသာ္ မတင္ခဲ့။ သို႔ျဖစ္ရာ သူတို႔၏ အေၾကာင္းကိစၥသည္ကား တရားဝင္အေထာက္အပံ့ရနိုင္မည့္ကိစၥမဟုတ္မွန္းသိထားေသာေၾကာင့္သာျဖစ္ေပလိမ့္မည္။

ထို႔ေၾကာင့္ ပူေဆြးယဇ္ပူေဇာ္ပြဲကို ဆင့္ေခၚသူမွာ ဥပေဒမွထြက္ေျပးတိမ္းေရွာင္ေနေသာထူးျခားစြမ္းရည္ရွိသူတစ္ဦး.....သို႔မဟုတ္....

သူတို႔ႏွစ္ေယာက္စလုံး တခဏမွ်ၿငိမ္သက္သြားၾကၿပီးေနာက္ တစ္ခ်ိန္တည္း သံၿပိဳင္ေျပာလိုက္ၾက၏။

ေရွာင္းက်န္း: "သူတို႔ရဲ႕ပစ္မွတ္က ငါတို႔နဲ႕ပတ္သက္ေနေလာက္တယ္"

႐ႊမ္းက်ီး: "ပူေဆြးယဇ္ပူေဇာ္ပြဲရဲ႕ ပစ္မွတ္က ခင္ဗ်ားရဲ႕ ထူးျခားစြမ္းရည္ထိန္းခ်ဳပ္ေရးဌာနျဖစ္နိုင္တယ္"

ေရွာင္းက်န္း: "ငါ တစ္ေယာက္ေယာက္ကို အရင္ႏွစ္ေတြတုန္းက မွတ္တမ္းေတြကို သြားရွာၿပီး စစ္ေဆးခိုင္းလိုက္မယ္"

႐ႊမ္းက်ီး: "မိစာၦအရွင္သခင္က အခု ဒီမွာေရာက္ေနၿပီး ဒီေန႕က ပူေဆြးယဇ္ပူေဇာ္ပြဲရဲ႕ ေနာက္ဆုံးေန႕ဆိုေတာ့ ဆင့္ေခၚသူက ေသခ်ာေပါက္ ဒီအနီးအနားမွာပဲရွိရမယ္။ ခ်ိယြမ္းေခ်ာက္နက္ႀကီးနားမွာရွိတဲ့ ေစာင့္ၾကည့္ကင္မရာမွတ္တမ္းေတြကိုစစ္ေဆးၾကည့္လိုက္ "

ခ်ိယြမ္းေခ်ာက္နက္ႀကီးႏွင့္အနီးတဝိုက္တြင္ ေစာင့္ၾကည့္ကင္မရာႏွင့္လြတ္ကင္းသည့္ေနရာဟူ၍မရွိ။

ခ်ိယြမ္းေခ်ာက္နက္ႀကီးသည္ကား ထူးျခားေသာေနရာေဒသတစ္ခုျဖစ္သည့္အျပင္ လာေရာက္လည္ပတ္သူ ခရီးသြားဧည့္သည္မ်ားေပါမ်ားလွေသာ​ေၾကာင့္ ထူးျခားျဖစ္စဥ္ထိန္းခ်ဳပ္ေရးဌာနမွာ ထိုေနရာႏွင့္ပတ္သက္၍ အၿမဲတေစ သတိဝီရိယႀကီးစြာထား၍လုပ္ကိုင္ေဆာင္႐ြက္ေလ့ရွိသည္။ ေဒသတြင္းရဲဌာနမ်ားႏွင့္ပူးေပါင္းလက္တြဲကာ ေဒသတြင္းဟိုတယ္မ်ားႏွင့္ခရီးသြားယာဥ္မ်ားကို ခရီးသြားဘုတ္အဖြဲ႕၏စီမံခန့္ခြဲမႈေအာက္တြင္ တစုတစည္းတည္းထားရွိေစခဲ့သည္။ ထိုေဒသသို႔ဝင္ေရာက္လာေသာခရီးသြားဧည့္သည္တိုင္းမွာ ID ကဒ္ျဖင့္သာ လက္မွတ္ဝယ္ရသည့္အတြက္ မွတ္တမ္းမ်ားကိုျပန္လွန္စစ္ေဆးရန္မ်ားစြာလြယ္ကူသြားေစသည္။

ည ၈:၃၀ အခ်ိန္ေလာက္တြင္ ခ်ိယြမ္းေဒသခံဝန္ထမ္းမ်ားက ဟိုတယ္မ်ားအားလုံးကို ျမန္ျမန္ဆန္ဆန္သြားေရာက္ရွာေဖြခဲ့ၿပီးေနာက္ လြန္ခဲ့ေသာေျခာက္လအတြင္း မွတ္တမ္းတင္ထားေသာ ခရီးသြားမ်ား၏သတင္းအခ်က္အလက္မ်ားကို ျဖစ္စဥ္မွတ္တမ္းမ်ားႏွင့္ အျပန္အလွန္သုံးသပ္ကိုးကားရန္ ဌာနခ်ဳပ္သို႔ေပးပို႔လိုက္သည္။

ည ၉နာရီ ၁၅မိနစ္အခ်ိန္တြင္ ေလာ္ေခြၽ႕ေခြၽ႕ယူလာခဲ့ေသာဖုန္းမွာလည္း ဖုန္းအားကုန္သြားခဲ့ၿပီး ႐ႊမ္းက်ီးမွာ ဌာနခ်ဳပ္ႏွင့္အဆက္အသြယ္ထပ္မံျပတ္ေတာက္သြားရျပန္သည္။ ေဆး႐ုံတစ္ခုလုံးသည္ကား ဆိုးဆိုးဝါးဝါးကိုတိတ္ဆိတ္ၿငိမ္က်သြားသည္။ ႐ႊမ္းက်ီးမွာ တျဖည္းျဖည္း ကေမာက္ကမျဖစ္ကာေဟာဟဲလိုက္လာေသာ သူ၏အသက္ရႉသံတို႔ႏွင့္အတူ ေရခိုးေရေငြ႕မ်ားက ေရခဲမ်ားအျဖစ္ ေျပာင္းလဲသြားေနသည့္အသံမ်ားကိုလည္း ၾကားေနရသည္။ သူ ေအာက္သို႔ငုံ႕ၾကည့္လိုက္ေသာအခါ သူ႕ပုခုံးႏွစ္ဖက္မွာ ဆက္လက္ေတာင့္မခံနိုင္ေတာ့သည့္အလား မသိမသာယိမ္းထိုးေနသည္ကိုေတြ႕လိုက္ရ၏။ ထို႔ေနာက္တြင္​ေတာ့ တိတ္ဆိတ္ေနသည့္ခန္းမတစ္ေလွ်ာက္၌ ေျခသံမ်ားပဲ့တင္ထပ္လြင့္ပ်ံလို႔လာသည္။ ႐ႊမ္းက်ီးမွာ ေတာင့္ခဲေနၿပီျဖစ္ၿပီး မူလအ​ေနအထားအတိုင္း ဆက္လက္ေတာင့္ခံထားေနရရွာသည္။

"ေဘာ့စ္....အဟြတ္...အဟြတ္...."

သူ႕ဆီသို႔ေျပးတက္လာသူမွာ 'လူေၾကာက္​ေရာဂါ' ရွိသည့္မိန္းကေလး ဖ်င္ခ်န့္႐ူျဖစ္သည္။

ေအးစက္မႈန္မွိုင္းေသာ စိုထိုင္းမႈတို႔က ေဆး႐ုံအျပင္ဘက္သို႔လွ်ံက်လာေတာ့မေယာင္။ အဆိုပါစိုထိုင္းဓာတ္တို႔ကို အေဝးတစ္ေနရာမွ တစ္ရွိုက္ေလာက္ရႉရွိုက္မိ႐ုံမွ်ပင္ လည္ေခ်ာင္းမွ အဆုတ္ထိ ဓားေျမာင္တစ္ေခ်ာင္း​ျဖင့္ဆြဲျခစ္လိုက္ခံလိုက္ရသကဲ့သို႔ခံစားလိုက္ရ​ေပမည္။ ဖ်င္ခ်န့္႐ူမွာ ႐ႊမ္းက်ီးႏွင့္္ဆယ္မီတာခန့္အကြာအေဝးတြင္ရွိေနေသးေသာ္လည္း အသက္ရႉၾကပ္လာၿပီး ေရွ႕သို႔ဆက္မတိုးလာနိုင္ေတာ့ပါေခ်__သူမတြင္ မည္သည့္ထူးျခားစြမ္းရည္မ်ိဳးရွိသလဲဆိုတာကိုေတာ့မသိ၊ ယခုလို အဆုတ္ခံနိုင္ရည္အားမ်ိဳးႏွင့္ေတာ့ တိုက္နိုင္ခိုက္နိုင္စြမ္းရွိမည္မဟုတ္သည့္အျပင္ မျဖစ္မေနလုပ္ေဆာင္ရသည့္ ေက်ာင္းတြင္းက်န္းမာေရးစစ္ေဆးမႈမ်ားကို မည္ကဲ့သို႔ျဖတ္ေက်ာ္လာနိုင္ခဲ့သလဲဆိုတာကိုေတာင္ သံသယဝင္စရာပင္။

မိစာၦကိုခ်ဳပ္ေႏွာင္ထားေသာ သံခ်ိန္းႀကိဳးမ်ားေပၚရွိ မီး​ေတာက္မ်ားမွာလည္း ၿငိမ္းလုနီးပါးျဖစ္ေနၿပီး အခ်ိဳ႕မွာ အေအးဒဏ္ေၾကာင့္ လုံးဝကိုခ်ဳပ္ၿငိမ္းသြားရွာၿပီျဖစ္သည္။ သို႔ေသာ္ တစ္ခ်က္တစ္ခ်က္ေတာ့ မီးျပန္ေတာက္လာေသး၏။ ႀကိဳးစတစ္ဖက္တြင္ရွိေနသည့္ ႐ႊမ္းက်ီးက ေနာက္ဆုံးလက္က်န္ဆႏၵေလးျဖင့္ ႀကိဳးကိုဆက္လက္ဆုပ္ကိုင္ထားၿပီးလက္လႊတ္ေပးရန္ျငင္းဆန္ေနဆဲျဖစ္သည္။
မိစာၦအရွင္သခင္မွာ ညသန္းေခါင္ယံအခ်ိန္သို႔ေရာက္ရန္ ေအးေအးလူလူေစာင့္ဆိုင္းေနၿပီး အဆုံးမရွိေသာစိတ္ရွည္မႈမ်ိဳးျဖင့္ သူ႕မ်က္စိေရွ႕က မိစာၦေလးႏွင့္အေဖာ္ျပဳကစားေပးေနသည့္ႏွယ္။

သူတို႔ရွိေနေသာ စၾကၤံလမ္းတစ္ေလွ်ာက္လုံးသည္ကား ေရခဲလွိုဏ္ဂူတစ္ခုအလား ေအးခဲလုနီးပါးျဖစ္လို႔ေနသည္။ ဖ်င္ခ်န့္႐ူ၏မ်က္လုံးထဲတြင္ ေရခဲအလႊာပါးတစ္လႊာဖုံးလႊမ္းခံထားရၿပီး မလႈပ္မ​​ယွက္မတ္တပ္ရပ္ေနသည့္ ႐ႊမ္းက်ီး၏ပုံစံမွာ ေရခဲ႐ုပ္တုတစ္ခုႏွင့္ပင္ဆင္တူေနရွာ၏။ သူမက ေအာ္ဟစ္ငိုယိုလ်က္ေျပာလာသည္။

"အဟင့္....သူ...သူတို႔က ဖိုရမ္မွာ ပို႔စ္တစ္ခုကိုေတြ႕လိုက္တယ္တဲ့...ဒါေပမယ့္ ပို႔စ္တင္ၿပီး ခဏအၾကာမွာပဲ ဖ်က္ခံလိုက္ရတယ္။ ဒါရိုက္တာ႐ႊမ္း....တစ္ခုခုေျပာပါဦး ....ကြၽန္မေၾကာက္လာၿပီ...."

"ဘာလို႔ ကိုယ့္ဒုကၡကိုယ္ရွာေနရတာလဲ?" ရွန့္လင္ယြမ္းက ႐ႊမ္းက်ီးကို စိတ္ပ်က္လက္ပ်က္ေျပာလိုက္သည္။

"မင္းကို​ၾကည့္ရတာ အသက္ဘယ္ေလာက္မွမရွိေသးတဲ့ပုံပဲ။ အကယ္၍ မင္းသာ ဘာမဟုတ္တဲ့ သာမန္အေသးအမႊားမိစာၦေလးသာဆိုရင္ ဒီအေျခအေနမ်ိဳးမွာ မင္းရဲ႕စိတ္စြမ္းအင္ဝိညာဥ္ေတြက နိုးထလာစရာအေၾကာင္းမရွိနိုင္ဘူး။ မင္းက အျပည့္အဝအသြင္မေျပာင္းလဲသြားေသးတဲ့အတြက္ မင္းရဲ႕အသြင္သဏၭာန္အစစ္အမွန္ကို တစ္ခ်က္တည္းနဲ႕ၾကည့္လို႔မရဘူးျဖစ္ေနတယ္။ ငါ ခန့္မွန္းၾကည့္ရမယ္ဆိုရင္ေတာ့ မင္းက ထူးျခားတဲ့ ေမြးရာပါဝိညာဥ္လူသားတစ္ေယာက္ပဲျဖစ္ရမယ္။ မိစာၦမ်ိဳးႏြယ္စုေတြအခ်င္းခ်င္းၾကားထဲမွာ ပဋိပကၡေတြျဖစ္မလာခင္ကတည္းက ေမြးရာပါဝိညာဥ္လူသားေတြဟာ မ်ိဳးသုဥ္းေပ်ာက္ကြယ္လုနီးနီးျဖစ္ေနတာ။ တစ္ေယာက္ဆိုလည္းတစ္ေယာက္ အဖိုးတန္တာပဲ။ မင္း အခုေန ေသသြားမယ္ဆိုရင္ တကယ္ႏွေျမာစရာေကာင္းတယ္။ စကားနားေထာင္။ သြားေတာ့"

႐ႊမ္းက်ီးက ထုံက်ဥ္ေနေသာႏႈတ္ခမ္းေထာင့္စြန္းမ်ားကို အတင္းအဓမၼလႈပ္ရွားလိုက္ၿပီး အၿပဳံးတုတစ္ခုကိုဖန္တီးကာ စကားတစ္ခြန္းကိုဖ်စ္ညွစ္ေျပာလာ၏။

"ဆက္ေျပာ"

ဖ်င္ခ်န့္႐ူ: "......."

႐ႊမ္းက်ီးက အသက္ျပင္းျပင္းတစ္ခ်က္ရွိုက္ရႉလိုက္ၿပီး စကားကိုတစ္လုံးခ်င္းစီေျပာလိုက္သည္။

"ေအာ္....မေနနဲ႕....ငါ...အသက္....ရွင္ေနေသးတယ္......ဘာ....ပို႔စ္လဲ....ဖတ္ျပ..."

ဖ်င္ခ်န့္႐ူမွာ တရႈံ႕ရႈံ႕ငိုေႂကြးေနလ်က္ပင္ စာကိုဖတ္ျပလိုက္ရွာသည္။

"အား....ကယ္ၾကပါဦး : ကြၽန္မသားက ကြၽန္မသားမဟုတ္ေတာ့ဘူး"

22.1.21

🔥🔥🔥🔥🔥🔥🔥🔥🔥

Lanjutkan Membaca

Kamu Akan Menyukai Ini

198K 22.9K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
708K 109K 161
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှိဘူးထင်လို့ပါ၊ ပြန်ထားတဲ့လူရှိတယ်ဆိုရင်...
1M 125K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...