ကျောင်းမှပြန်ရောက်ပြီး ၁နာရီခန့်အကြာ။
တိတိကျကျပြောရလျှင် ညနေ ၅နာရီခန့်။
ခွန်မြဲဟိန်တစ်ယောက် သူ့အခန်းလေးထဲတွင် ကျောင်းသင်ခန်းစာများကို လုပ်နေသည်။
သူတစ်ယောက်တည်း လုပ်နေခြင်းတော့မဟုတ်ပါ။
မိခင်ဖြစ်သူထက်ပင် အချိန်တော်တော်များများ
အတူရှိနေတတ်သည့် ခိုင်ခံ့မောင်နှင့်အတူ
စာလုပ်နေကြခြင်း ဖြစ်သည်။
ခွန်မြဲဟိန်သည် သူ၏စာကျက်စားပွဲတွင်
ကျောင်းမှပေးလိုက်သည့်သင်္ချာအိမ်စာများကို
တွက်နေခိုက် ခိုင်ခံ့မောင်ကမူ ခွန်မြဲ၏ ကုတင်ပေါ်တွင် လှဲကာ ဟိုသည်လူးလှိမ့်နေသည်။
တစ်အိမ်လုံးတွင် ခွန်မြဲဟိန် နှင့် ခိုင်ခံ့မောင်တို့နှစ်ယောက်သာရှိနေသည်။
ခွန်မြဲဟိန်မိခင်၏ အလုပ်ဆင်းချိန်သည်
ခါတိုင်းထက် နောက်ကျနေတတ်သည်။
သို့သော် ခွန်မြဲဟိန်သည် သူ၏ ညစာကို လက်ဖက်ထမင်းနှင့်ဖြစ်စေ၊ခေါက်ဆွဲထုပ်နှင့် ဖြစ်စေ
ဖြစ်သလိုဖြေရှင်းမြဲဖြစ်သည်။
ထိုအရာကို သိသွားသော ခိုင်ခံ့မောင်က
သူ့အိမ်မှ ဟင်းများအား ချိုင့်ဖြင့်ယူလာပြီး
ခွန်မြဲနှင့် ညစာ အတူလာစားတတ်သည်မို့
ခွန်မြဲအဖို့ ပူစရာမလိုတော့ပေ။
ခိုင်ခံ့မောင်နှင့်တွေ့ဆုံခဲ့ခြင်းသည် ခွန်မြဲဟိန်အဖို့အစ်ကိုတစ်ယောက်အစားရလိုက်သလို၊
ဖေဖေ့ကိုယ်စား တစ်ယောက်ယောက်ကိုပို့ပေးလိုက်သလို ခံစားရစေသည်။
မေမေကလည်း အခုတလော
အိမ်ပြန်နောက်ကျလာသည်။
အိမ်ထောင့်တာဝန်ရော၊စားဝတ်နေရေးအတွက်ပါရှာဖွေပေးနေရသည့် မေမေသည် အလွန်တရာ
ပင်ပမ်းလိမ့်မည်ကို ခွန်မြဲ ရိပ်စားမိပါသည်။
စာရေးလက်စ လက်သွယ်သွယ်တို့
တုန့်ခနဲရပ်တန့်သွားသည့်အခါ ခိုင်ခံ့မောင်သည်
ခွန်မြဲဟိန်၏မျက်နှာကို စေ့စေ့ကြည့်လိုက်မိသည်။
ဘာဖြစ်လို့များလဲ။
သူ့အဖေကို သတိရနေတာလား။
"ဒီညနေအပြင်သွားကြမလား"
သူ ခွန်မြဲဟိန် ၏ ငေးငိုင်နေသော အသွင်ပြင်ကို
အလိုမကျ၍ ခိုင်ခံ့မောင် ခပ်ကျယ်ကျယ်လေး မေးလိုက်မိသည်။
"အမ်...မသွားချင်တော့ပါဘူး။"
ခပ်ငိုင်ငိုင်လေးထွက်လာသော အသံကြောင့် ခိုင်ခံ့ မျက်ခုံးများအား အနည်းငယ်တွန့်ချိုးမိသည်။
"ငါ့အိမ်သွားကြမလား။
သွင်လေးက မင်းကို မေးနေတယ်"
ခိုင်ခံ့စကားဆုံးတော့ ခွန်မြဲ က ခပ်လေးလေး ခေါင်းညိတ်ပြသည်။
ဒီကောင် စိတ်နဲ့ကိုယ်နဲ့ မကပ်တာ ကို ခိုင်ခံ့သိပါသည်။
အကြောင်းရေရေရာရာမသိပေမယ့် သူ့သူငယ်ချင်း၏စိတ်ကို လေးပင်စေသည့် အရာမှန်သမျှကို ခိုင်ခံ့မောင်းထုတ်ပစ်ချင်သည်။
"မင်းလည်း ရေချိုးပြီးပြီဆိုတော့
ဒီအတိုင်းလိုက်ခဲ့ရုံပဲ။သွားစို့..."
ခိုင်ခံ့မောင်က ပြောပြောဆိုဆိုဖြင့် ကုတင်ပေါ်မှထ၍ ခွန်မြဲ တွက်နေသော သင်္ချာစာအုပ်ကို ပိတ်လိုက်သည်။
သူ ကျေးဇူးတင်သော မျက်လုံးအစုံဖြင့် ခိုင်ခံ့အား မော့ကြည့်လိုက်မိပါသည်။
_🍀_🍀_🍀_
"ဟာ...ကိုကို ခွန်လေးလာတယ်။
ရေ့ရေ့..ကိုကိုခွန်လေးပါလာတယ်"
လှေကားမှနေ၍အိမ်ပေါ်သို့ခြေချလိုက်သည်နှင့်
ဧည့်ခန်းတွင် ဆော့ကစားနေသည့် သွင်ဆုနှောင်လေးက လုံးလုံးလုံးလုံးနှင့် ပြေးကာ ခွန်မြဲ တို့ကိုဆီးကြိုလာသည်။
အမှန်က သူနှင့် သွင်လေးစတွေ့သည့်နေတွင် ခိုင်ခံ့မောင်က "အငယ်မ...ဒါ ကိုကို့ ခွန်လေး"
ဟုမိတ်ဆက်ပေးခဲ့ခြင်းကြောင့် သွင်လေးက သူ့အစ်ကို ခေါ်သည့်အတိုင်း ကိုကိုခွန်လေးဟု
လိုက်ခေါ်ခြင်းဖြစ်သည်။
ထိုသို့လိုက်ခေါ်ခြင်းကြောင့် ညီမကို အမြဲအလိုလိုက်ခဲ့သည့် ခိုင်ခံ့မောင်သည် သွင်ဆုနှောင် အား မကြည်ကြည့်ကြည့်ကာ မခေါ်ရန် တားမြစ်ခဲ့သည်။
သို့သော် ပြောမရသည့်အဆုံးတွင် သွင်ဆုနှောင်၏ ဘာဘီ ကာတွန်းခွေများအား ခိုင်ခံ့မောင် ဝှက်ထားလိုက်သည်။
သွင်လေးက အမေ့ကိုပြန်တိုင်သည်မို့ ခိုင်ခံ့ တော်တော်လေးအဆူခံလိုက်ရသေးသည်။
သို့သော်မဖြုံ။ခွန်လေးအား သူ့ညီမရန်မှ ကာကွယ်ရေးသည် သူ့အရေးဖြစ်သည်။
သူ့ကိုနိုင်စားသလောက် ခွန်မြဲကို နိုင်စား၍ မဖြစ်။
ထိုကောင်မလေးသည် သူအလျှော့ပေးတိုင်းရောင့်တတ်သည်ဖြစ်ရာ အခြားကိစ္စများတွင် အလျှော့ပေးရသလောက် ခွန်လေးနှင့်ပတ်သက်လာလျှင် သူနှင့် သူညီမသည်လည်း ရန်သူပင်ဖြစ်သည်။
"အမယ်...သူက ငါနဲ့လိုက်လာတာ။
နင့်ဆီလာတာ မဟုတ်ဘူး"
ခိုင်ခံ့မောင် စကားကိုကြားသည့်အခါ ခွန်မြဲဟိန်၏ လက်ကိုကိုင်ထားသော သွင်ဆုနှောင်က လျှာထုတ်ကာ
"ကိုကိုခွန်လေးက သမီးကို သတိရလို့လာတာ။
ဟုတ်တယ်မလား ကိုကိုခွန်လေး" ဟု ခွန်မြဲဟိန်ကို မေးသည်။
စကားတတ်လှသော သွင်ဆုနှောင် ၏ ပါးဖောင်းဖောင်းလေးအား ခွန်မြဲ မနာအောင် ဆွဲညှစ်ကာ ပြုံးပြလိုက်သည်။
"ဟီး...သမီးနဲ့ဆော့ပေးနော် ကိုကိုခွန်လေး"
"မဆော့ပါဘူး။ခွန်လေးက ငါနဲ့နေမှာ"
သွင်ဆုနှောင်၏ စကားကိုဖြတ်ပြောလိုက်သည်က ကလေးနှင့်အပြိုင် ကလေးဆိုးလုပ်နေသော ခိုင်ခံ့မောင်။
"မင်းကလည်းကွာ။ကလေးကို..."
ခွန်မြဲက သူ့ဘေးရှိ ခိုင်ခံ့ကို ဟန့်လိုက်တော့ သူ့ထက် ခေါင်းတစ်လုံးအရပ်ရှည်သော ကလေးဗိုလ်က မျက်စောင်းထိုးပြီး စူပုတ်ပုတ်မျက်နှာထားဖြင့်ပြန်ကြည့်သည်။
"ကိုကိုတို့သုံးယောက်
အတူတူဆော့ရအောင်နော် သွင်လေး"
ခွန်မြဲဟိန်၏ စကားဆုံးတော့ ခိုင်ခံ့မောင်က
ညီမဖြစ်သူအား လျှာထုတ်ပြသည်။
သို့သော် လွယ်လွယ်နှင့် သေးသေးတင်ခံ
သည့်အထဲတွင် သွင်ဆုနှောင်မပါ။
"ရတယ်လေ မိသားစုလုပ်တမ်းစကားမယ်။
ကိုကြီးက အဖေလုပ်။
သမီးနဲ့ ကိုကိုခွန်လေးက မောင်နှမလုပ်မယ်။"
သူငယ်တန်းအရွယ် သွင်ဆုနှောင်၏ စကားကြောင့် ခိုင်ခံ့မောင်၏ မျက်နှာကြီး မှုန်ကုပ်သွားပြီး ခွန်မြဲဟိန်ကတော့ ကျိတ်၍ ခွီခနဲ ရယ်သည်။
"အောင်မာ...ခွန်လေးနဲ့ငါက ၃လပဲကွာတာ။
သားအဖလုပ်စရာလား။
လုပ်ချင်းလုပ် နင်က ငါတို့ ကလေးလုပ်"
ခိုင်ခံ့မောင်က ညီမဖြစ်သူအား ပက်ခနဲပြန်ပြောလိုက်တော့ ခွန်မြဲဟိန်က တံတောင်နှင့် တွတ်သည်။
"ကလေးကိုဘာတွေလျှောက်ပြောနေတာလဲကွ"
ခွန်မြဲဟိန်က ခပ်တိုးတိုး ဟန့်တားရင်းပြောသဖြင့်
ခိုင်ခံ့မောင်က မျက်မှောင်ကြုံ့ကာ ကြည့်လာသည်။
"ဘာလို့ လုပ်ရမှာလဲ။
လုပ်ပါဘူး။ကိုကိုခွန်လေးက သမီးအတွက်"
"ခွန်လေးက ငါ့ဟာ။
ဘာလို့ နင့်အတွက်ဖြစ်ရမှာလဲ။ငါအရင်တွေ့တာ။"
သူ့ကိုအမြဲအလိုလိုက်တတ်သည့် အစ်ကိုဖြစ်သူ၏ ပထမဆုံးအကြိမ် အလျှော့မပေးသည့် စကားကြောင့် သွင်ဆုနှောင် အော်ငိုပါတော့သည်။
"ဗြဲ...ကိုကိုခွန်လေးက သမီးဟာပါဆို။"
သွင်လေး၏အော်ငိုသံကြောင့် မီးဖိုချောင်ရှိ
မေမေက ထွက်လာပြီး သွင်လေးကို ချော့သည်။
"ခိုင်ခံ့မောင်ရယ်...နင်ကလည်း
ကြီးကောင်ကြီးမားနဲ့ ကလေးကို စပြန်ပြီလား။"
"သြော်...မေ့သမီးရေ။မငိုရဘူးလေ။"
မေမေက သွင်လေး၏ မျက်ရည်များကို ခပ်ဖွဖွသုတ်ပေးရင်း ခိုင်ခံ့ကို အပြစ်တင်လာသည်။
"မေမေ့သမီးကလေ။လူကလက်တောက်လောက်လေးနဲ့။စကားပြောတာက..."
ခိုင်ခံ့မောင် စောဒကတက်နေတုန်း ခွန်မြဲက သူ့ပုခုံးကို ဆုပ်ကိုင်လိုက်တော့ ပြောလက်စစကားများအားရပ်လိုက်ရသည်။
"သွင်လေးမငိုနဲ့တော့နော်။ကိုကို သွင်လေးဖို့ ချောကလက်ဝယ်လာတယ်။
တိတ်ရင် ကျွေးမယ်နော်။"
မိခင်ဖြစ်သူချော့မော့သော်လည်း မရမကအော်ငိုနေသော သွင်ဆုနှောင်ကလေးသည် ခွန်မြဲဟိန်၏ စကားတစ်ခွန်းနှင့်ပင် အငိုတိတ်သွားသည်။
"အန်တီ ဟင်းချက်နေတာမလား။
ကျွန်တော် သွင်လေးကို ချော့လိုက်ပါ့မယ်"
သွင်လေးထိုင်နေသောဘေးသို့ တိုးကာ သွင်လေးကို ပေါင်ပေါ်ပွေ့တင်လိုက်ရင်း ခွန်မြဲဟိန် ပြောလိုက်သည်။
"အေးပါ သားရေ။
သားလည်း ညစာစားပြီးမှပြန်နော်။"
အန်တီခိုင့်စကားကို ခွန်မြဲ
တလေးတစားခေါင်းညိတ်လိုက်ပါသည်။
ခိုင်ခံ့မောင်ကတော့ ညီမဖြစ်သူအား ပြန်မချော့ဘဲကြမ်းပြင်ပေါ်တွင်ထိုင်နေသော ခွန်မြဲ ပေါင်ပေါ်ရှိ
သွင်လေးကိုသာ စောင်းကြည့်နေသည်။
"ကိုကြီးက ကိုကိုခွန်လေးပေါင်ပေါ်မှာ
ထိုင်လို့မရဘူး မှတ်လား။"
မျက်ရည်များကြောင့် လိမ်းထားသော သနပ်ခါးများပျက်ကာ ပြောင်ရှင်းနေသည့် မျက်နှာလေးနှင့် သွင်လေးက ခိုင်ခံ့မောင်အား လျှာထုတ်ကာ စနေသည်။
"ကျစ်...ငါထုလိုက်ရ"
"ကိုကိုး ခွန်လေး..."
ခိုင်ခံ့မောင်က လက်ရွယ်ရုံရှိသေး
သွင်လေးက ခွန်မြဲဟိန်၏ ရင်ခွင်ထဲသို့ ခေါင်းဝှက်လိုက်သည်။
"ကလေးကို မလုပ်နဲ့တော့ကွာ"
ခွန်မြဲဟိန်၏ တားမြစ်သံကြောင့် ခိုင်ခံ့မောင်စူပုတ်၍ ကြမ်းပြင်ပေါ်၌သာ လှဲချလိုက်တော့သည်။
_🍀_🍀_🍀_
ညစာစားချိန်တွင်ဖြစ်သည်။
လူကြီးသူမများကိုအရင်ဦးချ၍စားရမည်ဟူသော မေမေ့စကားအား ပြန်ကြားယောင်မိ၍ ခွန်မြဲဟိန်သည် ခိုင်ခံ့ ကြီးကြီး၏ ထမင်းပန်းကန်တွင်းသို့ အသားတစ်ဖက် ဦးချကာ ထည့်ပေးလိုက်သည်။
ထို့နောက် အန်တီခိုင့်ပန်းကန်ထဲသို့လည်း အသားတစ်ဖက်ထည့်လိုက်သည်။
ခွန်မြဲဟိန်၏ အပြုအမူကြောင့် လူကြီးနှစ်ယောက်ပြုံး၍ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
"မောင်မြင့်မြဲနဲ့ နုနုက သားလေးကို သေသေချာချာပျိုးထောင်ထားတာပဲ။"
ကျောင်းအုပ်ဆရာမကြီး ဖြစ်သည့် ခိုင်ခံ့ ကြီးကြီး၏ စကားကြောင့် ခွန်မြဲ ပြုံးလိုက်မိသည်။
ဖေဖေ့ကိုလည်း သတိရသွားသည်။
"ခိုင်ခံ့ရေ...နင် ခွန်မြဲလေးလောက် အလိုက်သိပါဦး"
အန်တီခိုင့် စကားကြောင့် ခိုင်ခံ့က ခွန်မြဲ ကိုစောင်းငဲ့ကြည့်ပြီး
"ငါလည်း မင်းထက်အကြီးလေ။ငါ့ကိုလည်းဦးချ"
ဟုဆိုလာသည်။
"ဦးချစရာလား။
၃လပဲကြီးတာ ကိုယ့်ဘာကိုယ်ထည့်စားစမ်းပါ"
သို့သော်လည်း သူ၏ပန်းကန်ထဲသို့ အသီးအရွက်ကြော်များထည့်ပေးလာသော ခွန်မြဲဟိန်ကြောင့် ခိုင်ခံ့ အသံထွက်အောင် အားရပါးရရယ်လိုက်မိသည်။
______________________________________